သီလဝဟတ္ထိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၇၂။ သီလဝဟတ္ထိဇာတ်

ဧကကနိပါတ်-ဝရုဏဝဂ်

၂။ သီလဝနာဂရာဇ ဇာတ်

ကျေးဇူးကို မသိတတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အကတညုဿ ပေါသဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သီလဝနာဂရာဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် ကျေးဇူးကိုမသိတတ်၊ မြတ်စွာဘုရား၏ ကျေးဇူးတော်တို့ကို မသိဟုပြောဆိုကုန်လျက် နေကြကုန်၏။ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျင် ဒေဝဒတ်သည် ကျေးဇူးကိုမသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူးကို မသိတတ်သည်သာလျှင်တည်း၊ တရံတဆစ်မျှ ငါ၏ကျေးဇူးကိုမသိတတ်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ဆင်အမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းသည် အမိဝမ်းမှဖွားသည်ရှိသော် အလုံးစုံဖြု၏။ ငွေစုနှင့်တူ၏။ ထိုဘုရားလောင်းဆင်မင်း၏ မျက်စိတို့သည်ကား ပတ္တမြားလုံးနှင့်တူကုန်သည်ဖြစ်၍ ထင်ကုန်လျက် ငါးပါးသောကြည်ခြင်းရှိကုန်သည် ဖြစ်ကုန်၏။ မျက်နှာသည်ကား နီသောကမ္ဗလာနှင့်တူ၏။ နှာမောင်းသည် နီသောရွှေဇာပေါက်ဖြင့် တန်ဆာဆင်အပ်သော ငွေပန်းဆိုင်းကဲ့သို့ ဖြစ်၏။

အခြေလေးဘက်တို့သည် ချိပ်ရည်ဖြင့်ဆိုးဘိသကဲ့သို့ ဖြစ်ကုန်၏။ ဤသို့လျှင် ဘုရားလောင်း၏ ဆယ်ပါးသောပါရမီတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ အဆင်း၏တင့်တယ်ခြင်းအစုသို့ရောက်သော ကိုယ်အဖြစ်သည်ရှိ၏။ ထိုအခါ လိမ်မာသောအဖြစ်သို့ရောက်သောဘုရားလောင်းကို အလုံးစုံသောဟိမဝန္တာ၌ ဆင်းအပေါင်းတို့သည်စည်းဝေးကုန်၍ လုပ်ကျွေးကုန်လျက် သွားကုန်၏ ဤသို့ဘုရားလောင်းသည် ရှစ်သောင်းသောဆင်အပေါင်းတို့သည် ခြံရံအပ်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌နေလျက် နောက်အဘို့၌ အပေါင်းအဖော်၌ အပြစ်ကိုမြင်၍ ကိုယ်၏ငြိမ်းခြင်းအကျိုးငှါ အပေါင်းအဖော်မှတစီးတည်းထွက်၍ တော၌ နေခြင်းကို ပြု၏။ ထိုဘုရားလောင်းဆင်မင်းအား သီလရှိသည်၏အဖြစ်ကြောင့်ကား သီလဝနာဂရာဇဟူသော အမည်သည် ဖြစ်၏။

ထိုအခါ တယောက်သော ဗာရာဏသီပြည်၌နေသော မုဆိုးသည် ဟိမဝန္တာသို့ဝင်၍ မိမိအသက်မွေးရာ ဘဏ္ဍာကိုရှာသည်ရှိသော် အရပ်မျက်နှာတို့ကို မှတ်ခြင်းငှါမတတ်နိုင်ရကားမျက်စိလည်သည်ဖြစ်၍ သေဘေးမှကြောက်သောကြောင့် လက်နှစ်ဘက်တို့ကိုမြှောက်၍ ငိုကြွေးလျက်သွား၏။ ဘုရားလောင်းဆင်မင်းသည် ထိုမုဆိုး၏ သည်းစွာငိုကြွေးသံကိုကြား၍ ဤယောက်ျားကို ဆင်းရဲမှလွတ်စေအံ့ဟု ကရုဏာသည်တိုက်တွန်းအပ်သည်ဖြစ်၍ ထိုမုဆိုး၏အထံသို့ သွား၏။ ထိုမုဆိုးသည် ဘုရားလောင်း ဆင်မင်းကိုမြင်၍ သာလျှင် ကြောက်သည်ဖြစ်၍ပြေး၏။ ဘုရားလောင်းဆင်မင်းသည် ပြေးသောမုဆိုးကိုမြင်၍ ထိုအရပ်၌ သာလျှင် ရပ်၏။ ထိုယောက်ျားသည် ရပ်သောဘုရားလောင်း ဆင်မင်းကိုမြင်၍ ရပ်၏။ ဘုရားလောင်းသည် တဖန်သွားပြန်၏။ ထိုမုဆိုးသည် တဖန်ပြေးပြန်၍ ဘုရားလောင်းဆင်မင်း ရပ်သောကာလ၌ ရပ်၍ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤဆင်မင်းသည်ငါပြေးသောကာလ၌ ရပ်၏။ ငါရပ်သောကာလ၌ လာ၏။ ဤဆင်မင်းသည် ငါ့အား အကျိုးမဲ့ကိုအလိုရှိသည်မဖြစ်ရာ။ ဤဆင်းရဲမှကား ငါ့ကို လွတ်စေလိုသည်ဖြစ်လတ္တံ့ဟု ရဲရင့်သည်ဖြစ်၍ ရပ်၏။

ဘုရားလောင်းဆင်မင်းသည် ထိုမုဆိုးသို့ကပ်၍ အိုယောက်ျား သင်သည် အဘယ့်ကြောင့် ငိုကြွေးလျက်သွားသနည်းဟု မေး၏။ အရှင်အရပ်မျက်နှာတို့ကို မှတ်ခြင်းငှါမတတ်နိုင်ရကားမျက်စိ လည်သည်ဖြစ်၍ သေဘေးမှကြောက်သဖြင့် ငိုကြွေးလျက်သွား၏ ဟု ဆို၏။ ထိုအခါ မုဆိုးကို ဘုရားလောင်းဆင်မင်းသည် မိမိ၏ နေရာအရပ်သို့ဆောင်၍ နှစ်ရက်သုံးရက် သစ်သီးကြီးငယ်တို့ဖြင့် ရောင့်ရဲစေ၍ အိုယောကျ်ား မကြောက်လင့်၊ ငါသည် သင့်ကို လူတို့လမ်းခရီးသို့ ဆောင်အံ့ဟု မိမိကျောက်ကုန်း၌ နေစေ၍ လူတို့လမ်းခရီးသို့လိုက်ပို့၏။ ထိုအခါ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောယောက်ျားသည် တစုံတယောက်သောသူသည် အကယ်၍ ငါ့ကိုမေးလတ္တံ့၊ ကြားအပ်သည် ဖြစ်ရာ၏ဟု ဘုရားလောင်း၏ ကျောက်ကုန်း၌ နေလျက်သာလျှင် သစ်ပင်နိမိတ်ကို၎င်း၊ တောနိမိတ်ကို၎င်း မှတ်လျက်သာလျှင် သွား၏။

ထိုအခါ မုဆိုးကို ဘုရားလောင်းသည် တောမှထုတ်၍ ဗာရာဏသီသို့သွားသောခရီးမ၌ထား၍ အိုယောက်ျား ဤခရီးဖြင့် သွားလော၊ ငါ၏နေရာအရပ်ကိုကား မေးသော်၎င်း၊ မမေးသော်၎င်း တစုံတယောက်သောသူအား မကြားလင့်ဟုဆို၍ ထိုမုဆိုးကိုလွှတ်လိုက်ပြီးလျှင် မိမိနေရာအရပ်သို့သာလျှင် သွား၏။ ထိုအခါ မုဆိုးသည် ဗာရာဏသီသို့သွား၍ လှည့်လည်သည်ရှိသော် ဆင်စွယ်ပွတ်သ္မားတို့၏ အရပ်လမ်းသို့ရောက်၍ ဆင်စွယ်အထူးတို့ကိုပြုကုန်သော ဆင်စွယ်ပွတ်သ္မားတို့ကိုမြင်၍ အချင်းတို့ အသက်ရှင်သောဆင်၏အစွယ်ကိုလည်း ရယူကုန်အံ့လောဟုမေး၏။ အချင်းယောက်ျား သင်သည် အသို့ဆိုသနည်း၊ အသက်ရှင်သောဆင်၏အစွယ်မည်သည်ကား သေသောဆင်၏ အစွယ်ထက်အဘိုးများစွာ ထိုက်၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ငါသည် သင်တို့ကို အသက်ရှင်သေ ဆင်၏ အစွယ်ကို ဆောင်အံ့ဟု ဆိုပြီးလျှင် ရိက္ခာကိုယူ၍ ထက်စွာသော လွှကိုယူ၍ ဘုရားလောင်း ဆင်မင်း၏ နေရာအရပ်သို့ သွား၏။

ဘုရားလောင်းသည် ထိုမုဆိုးကိုမြင်၍ အဘယ်အကျိုးငှါ လာသနည်းဟုမေး၏။ အရှင်အကျွန်ုပ်သည် ဆင်းရဲ၏။ အထီးကျန်၏။ အသက်မွေးခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ အရှင်တို့ကို ဆင်စွယ်ပိုင်းကိုတောင်းပါ၏။ အကယ်၍ ပေးကုန်ငြားအံ့၊ ထိုဆင်စွယ်ကိုယူ၍ရောင်းပြီးလျှင် ထိုအဘိုးဖြင့် အသက်မွေးပါအံ့၊ ဤသို့သော အကြောင်းကြောင့် လာ၏ဟုဆို၏။ အချင်းယောက်ျား ထိုသို့ လာခြင်းသည် ကောင်းလာခြင်းဖြစ်စေ၊ ဆင်စွယ်ဖြတ်စရာဘဏ္ဍာသည် အကယ်၍ရှိငြားအံ့၊ သင့်အား အစွယ်ကိုလှူအံ့ဟုဆို၏။ အရှင်အကျွန်ုပ်သည် လွှကိုယူ၍ လာသည်ဖြစ်၏ဟု ဆို၏။ ထိုသို့ တပြီးကား အစ္စယ်တို့ကို လွှဖြင့်ဖြတ်၍ယူပြီးလျှင် သွားလောဟု ဆို၍ ဘုရားလောင်းသည် ခြေတို့ကိုခွေ၍ ငွေတောင်ထွဋ်နှင့်တူသော ဦးကင်းကိုညွှတ်ပြီးလျှင် နွားထိုင်ထိုင်၏။ ထိုမုဆိုးသည် ငွေတောင်ထွဋ်နှင့်တူသော ဦးကင်းသို့တက်၍ နှစ်ချောင်းသော ဆင်စွယ်အဖျားကို ဖြတ်၏။ ဘုရားလောင်းသည် ထိုဖြတ်ပြီးသော ဆင်စွယ်ကို နှာမောင်းဖြင့်ယူ၍ အချင်း ယောက်ျား ငါသည် ထိုအစ္စယ်တို့ကို မချစ်မနှစ်သက်ဟူ၍ သင့်အားမပေး၊ ဤအစ္စယ်တို့ထက် အဆအရာအားဖြင့်၎င်း အဆအထောင်အားဖြင့်၎င်း အဆအသိန်းအားဖြင့်၎င်း အလုံးစုံသောတရားတို့ကို သိခြင်းငှါစွမ်းနိုင်သော သဗ္ဗညုတ ဉာဏ်တည်းဟူသောအစွယ်ကိုသာလျှင် အလွန်ချစ်၏။ ထိုငါ့အား ဤအစွယ်ဟူသောအလှူသည် သဗ္ဗညုတဉာဏ်ကိုသိခြင်း ရခြင်းအကျိုးငှာ ဖြစ်စေသောဟု သဗ္ဗညုတဉာဏ်ကို ဆုတောင်း၍ အစုံဖြစ်သောအစွယ်ကို လှူ၏။

ထိုမုဆိုးသည် ဆင်စွယ်ကိုယူ၍သွားပြီးလျှင် ရောင်း၍ ထိုအဘိုးသည်ကုန်သည်ရှိသော် တဖန် ဘုရားလောင်းအထံသို့ လာလတ်၍ အရှင်အရှင်တို့၏အစွယ်ကို ရောင်း၍ရသောအဘိုးသည် အကျွန်ုပ်အား ကြွေးမြီဆပ်၍ ပြေရုံမျှသာလျှင်ဖြစ်၏။ ကြွင်းသော အစ္စယ်တို့ကို အကျွန်ုပ်အား ပေးပါကုန်ဦးလောဟုဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၏။ ရှေးနည်းဖြင့်သာလျှင်ဖြတ်၍ ကြွင်းသောအစ္စယ်တို့ကို လှူ၏။ ထိုမုဆိုးသည် ထိုအစွယ်တို့ကိုလည်းရောင်း၍ တဖန်လာပြီးလျှင် အရှင်အကျွန်ုပ်သည် အသက်မွေးခြင်းငှါ မတတ်နိုင်၊ အစ္စယ်ရင်းတို့ကို အကျွန်ုပ်အား ပေးပါကုန်လောဟု ဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၍ ရှေးနည်းဖြင့်သာလျှင် ထိုင်၍နေ၏။ ထိုယုတ်မာစွာသော ယောက်ျားသည် ဘုရားလောင်း၏ ပန်းဆိုင်းနှင့်တူသောနှာမောင်းကိုနင်းလျက် ငွေတောင်ထွဋ်နှင့်တူသော ဦးကင်းပေါ်သို့တက်ပြီးလျှင် နှစ်ဘက်သောနှုတ်သီးစွန်းတို့ကို ဖနောင့်ဖြင့်ဖွင့်၍ အသားကိုယူပြီးလျှင် ဦးကင်းပေါ်သို့တက်၍ လွှဖြင့် အစွယ်ရင်းကို ဖြတ်၍ သွား၏။

ထိုယုတ်မာစွာသောယောက်ျားသည် ဘုရားလောင်း၏ မြင်ကောင်းရာအရပ်ကိုလွန်စဉ်၌ပင် နှစ်သိန်းလေးသောင်းအထုရှိသော တခဲနက်သောမြေကြီးသည် မြင်းမိုရ် ယုဂန္ဓိုအစရှိသော ကြီးစွာသောဝန်တို့ကို၎င်း မကောင်းသောအနံ့ရှိသော စက်ဆုပ်ရွံရှာဘွယ်ရှိသော ကျင်ကြီးကျင်ငယ်တို့ကို၎င်း ဆောင်ခြင်းငှါ စွမ်းနိုင်ငြားသော်လည်း ထိုယောက်ျားယုတ်၏ကျေးဇူးမဲ့အစုကို ဆောင်ခြင်းငှါ မတတ်နိုင်သကဲ့သို့ နှစ်ဖြာကွဲ၍ ဟင်းလင်းအပြင်ကို ပေး၏။ ထိုခဏ၌သာလျှင် အဝီစိငရဲမီးလျှံတို့သည် ထွက်လတ်ကုန်၍ ထိုအဆွေခင်ပွန်းကိုပြစ်မှားတတ်သော ယောက်ျားယုတ်ကို အမျိုး၏ဥစ္စာဖြစ်သော ကမ္ဗလာဖြင့်ရုံသကဲ့သို့ ရစ်ပတ်၍ယူ၏။ ဤသို့လျှင် ယောက်ျားယုတ်ကို မြေမျိုသောကာလ၌ ထိုတောအုပ်၌စောင့်သော ရုက္ခဇိုဝ်းနတ်သည် ကျေးဇူးကိုမသိတတ်သော အဆွေခင်ပွန်းကိုပြစ်မှားတတ်သော ယောက်ျားယုတ်ကို စကြဝတေးမင်း၏အဖြစ်ကိုပေးသော်လည်း ရောင့်ရဲစိမ့်သောငှါ မတတ်နိုင်ရာဟု တောကိုပဲ့တင်ထပ်လျက် တရားဟောလိုသည်ဖြစ်၍-

၇၂။ အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗဉ္စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အဘိရာဓယေ။

ဟူသော ဤဂါထာကို ဆို၏။

၇၂။ အကတညုဿ၊ သူ့ကျေးဇူးကိုမသိတတ်သော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ ဆီကဲ့သို့ အပေါက်ကိုသာရှုလေ့ရှိသော။ ပေါသဿ၊ ယောက်ျားအား။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေပြင်ကိုအစိုးရသော စကြဝတေးမင်းအဖြစ်ကို။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးအံ့။ နံ၊ ထိုယောက်ျားကို။ နေဝ အဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာ။

ဤသို့လျှင် ရုက္ခဇိုဝ်းနတ်သည် တောကိုပဲ့တင်ထပ်စေ၍ တရားဟော၏။ ဘုရားလောင်းသည် အသက်ထက်ဆုံးတည်၍ ကံအားလျော လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ကျေးဇူးကိုမသိတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ကျေးဇူးကို မသိတတ်သည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ အဆွေခင်ပွန်းကို ပြစ်မှားတတ်သောယောကျ်ားယုတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သီလဝဆင်မင်းဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးမသိ၊ လူတုံးတိ၊ ဝီစိရောက်ခါ မြေမျိုရှာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သီလဝနာဂရာဇာတ်သည် ပြီး၏။

*****