သိဿကောဝါဒ စကားပုံများ

From Wikisource
Jump to navigation Jump to search
သိဿကောဝါဒ စကားပုံများ
by ရွှေကျင်ဆရာတော်ဘုရားကြီး

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓေါဓမ္မောစ သံဃော၊ အဟော ဝန္ဒီယတေ မမ။

ဝန္ဒိတဗ္ဗာ-နုဘာဝေန၊ ဇီယန္တု ဝေရ-လာမကာ။

ဂုဏ်တော်အနန္တသခင် မန္တလေးမြို့ ပဋ္ဌမ ရွှေကျင်ဆရာတော်ဘုရားကြီးသည် ရွှေကျင်တိုက်ကြီး၌ သီတင်းတိုင်းသံဃာတော်တို့အား ဩဝါဒ ပေးသနားတော်မူလေ့ ရှိ၏၊ အုတ်တွင်းမြို့ ကန်ကလေးတောရဆရာတော် အရှင်ဦးသူရိန္ဒသည် သာမဏေ ငယ် အဖြစ်ဖြင့် ရွှေကျင်တိုက်ကြီး၌ နေစဉ် ထိုဩဝါဒမှ သိဿကောဝါဒ စကားပုံ များကို ထုတ်နုတ်၍ မှတ်သားထား၏။

ထို မှတ်သားထားသော ဆရာတော်သည် ညောင်လေးပင်မြို့ တောရကျောင်းတိုက် ဦးစီးဥက္ကဋ္ဌ မထေရ်အား “ငါ့ရှင်တို့ … ဤပဋ္ဌမ ရွှေကျင်ဆရာတော်ဘုရားကြီးသည် ၁၂၅၆-ခုနှစ်က ကွယ်လွန်ပြီ။ သို့သော် -- ငါ့ရှင်တို့ … လိမ္မာလျှင် ထိုရွှေကျင် ဆရာတော်ကြီးကို ကိုယ်တိုင်ဖူးမြင်ရ၊ ကိုယ်တိုင် တရားနာရသကဲ့သို့ ကုသိုလ် မင်္ဂလာ တိုးပွားနိုင်လတ္တံ့။ ဉာဏ်ရှိတိုင်း ကုသိုလ် မင်္ဂလာ တိုးပွားစေကြလော့။ ငါ့ရှင်တို့ … လိမ္မာလျှင် ထိုရွှေကျင် ဆရာဘော်ကြီး မကွယ်လွန်သေး” ဟု မိန့်မှာ၍ ထိုဩဝါဒ စကားပုံတို့ကို လွှဲအပ်ပံ့ထောက် ချီးမြှောက်တော်မူလေသည်။ ထိုကြောင့် ကိုယ်ကျိုး ရည်မှန်း ရဟန်း ရှင် လူ ဘယ်သူမဆို အလေးပြုနိုင်ကြပေလတ္တံ့။


ဦးအရိယ

ညောင်လေးပင်၊ တောရကျောင်း

အကြီးဥက္ကဋ္ဌမထေရ်။


၁။ ယစ်မသည် ဥအတွက် အသေခံသည်။

၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။

၃။ ရဟန်းသည် သီလအတွက် အသေခံသည်။

၄။ ရဟန်းများ ဆုံမိလျင် တရားစကား ပြောကြသည်။ မပြောလျှင် ဆိတ်ဆိတ် နေကြသည်။ (တရား နှလုံးသွင်းလျက် ဆိတ်ဆိတ်ဟုသိ။)

၅။ သစ်ပင် အားနည်းလျှင် လေမုန်တိုင်း တိုက်လှည်းသည်။

၆။ ရဟန်း သမာဓိနည်းလျှင် ကိလေသာ လေမုန်တိုင်း တိုက်လှည်းသည်။

၇။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်၏။ အလို မလိုက်ရာ။

၈။ ကာလကို လူမစားလျှင် လူကိုကာလစားသည်။

၉။ သည်းခံခြင်း လက်နက် ဆောင်လျှင် ဒေါသမီး မလောင်။

၁၀။ တုတ် လက်နက်ဆောင်လျှင် ခွေးဟောင်သည်။

၁၁။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်၏။

၁၂။ ဦးချိုကျိုးသောနွား- မာနလည်း ကျိုးသည်။

၁၃။ ငါသာ ငါ့ပြင် ငါမမြင်ဟု ဍရင်တဆူပြုမိမူ - ထိုသူ သူ့အောက် နေ့ချင်း ရောက်လိမ့်။

၁၄။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။

၁၅။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင်- ရန်လှောင်မိတတ်သည်။

၁၆။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို-ရန်ပိုတတ်လှသည်။

၁၇။ သလေးနှံ - အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။

၁၈။ ဂါရဝကင်းသူ ဂုဏ်သတင်းမပြု။ နွားစားငုတ်တိုနှင့် တူသည်။

၁၉။ ရဟန္တာသည် သိက္ခာကြီးသူ ပုထုဇဉ်ကိုသော်လည်း ပြားပြားဝပ် ရှိခိုးသည်။

၂၀။ သိက္ခာ ငယ်သူကို ရှိမခိုးသော်လည်း အရိုအသေ ပြုသည်။

၂၁။ သူတပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။

၂၂။ ရွှေဥဒေါင်း- အကကောင်းသော်သည်း စအိုပေါ်၍ အဆိုအမြည် ခံရသည်။

၂၃။ မျက်ကွယ်တစောင်း မဆိုနှင့်၊ မျက်မှောက်မရှုတ်ချနှင့်၊ အပြစ်တင်မစောနှင့်။

၂၄။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။

၂၅။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၆။ ဒုက္ခသည်ကို မကယ်နိုင်လျှင် မတွယ်နှင့်၊ ကိုယ်လွတ် ရှောင်ရသည်။

၂၇။ မသူတော်ကို မဟောနိုင်လျှင် မတွယ်နှင့်၊ ကိုယ်လွတ် ရှောင်ရသည်။

၂၈။ တုံးတံတား လျှောက်စဉ် အရပ်တပါး မကြည့်နှင့်၊ ချောက်သို့ ကျလိမ့်မည်။

၂၉။ သံသရာတံတား လျှောက်စဉ် သူတပါးအပြစ်မကြည့်နှင့်၊ သံသရာ-ချောက်သို့ ကျလိမ့်မည်။

၃၀။ သူဘပါးအပြစ်ကို မိမိနှလုံးအိမ်၌ ကြာကြာမစိမ်နှင့်။

၃၁။ ပြာသာဒ်သည် သံမယ်န အဖွဲ့ကောင်းမှ ခိုင်သည်။

၃၂။ ဖောင်သည် ကြိမ်ကြိုးအဖွဲ့ကောင်းမှ ခိုင်သည်။

၃၃။ အပေါင်းအသင်းသည် မေတ္တာအဖွဲ့ကောင်းမှ ခိုင်သည်။

၃၄။ ဝေသာလီ ညီညွတ်၍ အဇာတသတ် မဖျက်နိုင်၊ ဝေဿကာရပုဏ္ဏား ဂုံးတိုက်မှ ဖျက်နိုင်သည်။

၃၅။ ထောင်တန် တဆယ်၊ ရာတန် တဆယ် - ဝယ်သူကရှား ဘယ်မင်းဘုရား ဈေးဆိုင်နည်း။

၃၆။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။

၃၇။ သာသနာပြင်ပ ဆရာသည် တဘဝအတွက် လောကီပညာကို အခယူ၍ သင်ပေးသည်။

၃၈။ သာသနာတွင်း ဆရာသည် ဘဝများစွာအတွက် ပိဋကတ်ပညာကို ဆွမ်းသင်္ကန်း ပေး၍ သင်ပေးသည်။

၃၉။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကို နိုင်သည်။

၄၀။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကို နိုင်သည်။

၄၁။ ကျင့်ဝတ် မချွတ်လျှင် တပည့်ပင် ဆရာကို နိုင်သည်။

၄၂။ မြင်းနိုင်လို-ဇက်ဆွဲ၊ လှေနိုင်လို-တက်ဆွဲ၊ ဆရာနိုင်သူ- ကျင့်ဝတ်ရိုသေမြဲ။

၄၃။ ဆုံးမချင်သူ သဲလုံးအတူ များပါစေဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။

၄၄။ သာမဏေငယ် ဆုံးမသော်လည်း နားထောင်မည်ဟု ရှင်သာရိပုတြာ နှလုံး သွင်းသည်၊

၄၅။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။

၄၆။ ပန်းဘဲဆရာ အထုမခံသော သံတုံး-လက်နက်မဖြစ်။

၄၇။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး- အရုပ်မဖြစ်။

၄၈။ ဆရာကောင်း အဆုံးအမ မခံသော တပည့် - သူကောင်းမဖြစ်၊

၄၉။ အဆီခဲ - သဲရှပ် ပစ်ရခက် စားရခက်။

၅၀။ ရေနက်ရာသို့ပြေးဝင်သောငါး - ကျီးငှက်အစာ မဖြစ်။

၅၁။ အဆုံးအမသို့ ပြေးဝင်သောတပည့် − မာရ်နတ်အစာ မဖြစ်။

၅၂။ ရှေ့ဆောင်နွားလား လမ်းကောက်သွား နောက်နွား ကျားစာဖြစ်။

၅၃။ ခင်ကြီး ကြပ်ခိုးစင်တက်လျှင် ရှင်ငယ်တွေ ကျောင်းခေါင်တက်မည်။

၅၄။ နွားကျောင်းသားသည် နွား- ခြင်မကိုက်အောင် မီးခိုးတိုက်သည်။

၅၅။ ဆရာသည် တပည့် - ကိလေသာ မကိုက်အောင် တရား မီးခိုးတိုက်သည်။

၅၆။ လာဘ်သာယာလျှင် မဂ်မျိုးစေ့ပျက်၍၊ အပ်ဝင်- ပုဆိန် ထွက်သည်နှင့်တူသည်။

၅၇။ သည်းခြေရူးသည် လူတို့စွန့်သော မစင်ကိုပင် စုံမက်သည်။

၅၈။ သံသရာရူးသည် လူတို့စွန့်သော လာဘ်ကိုပင် စုံမက်သည်။

၅၉။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။

၆၀။ ပုထုဇဉ်သည် အရိယာစာကြွင်းဖြင့် မာန်တက်သည်။

(အရိယာ ပုဂ္ဂိုလ်အား ရည်စူး၍ လှူသည်ကို အရိယာ မဟုတ်ဘဲ စားသောကြောင့် ပုထုဇဉ်ကို စားကြွင်း စားဟုသိ။)

၆၁။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှင် ခြင်္သေ့မာန် တက်လျက် ကျီးချီသော အခါ ပီယတ် ပီယတ် မြည်သည်။

၆၂။ ပုထုဇဉ်သည် လာဘ်ပေါလျင် သူဌေးမာန်တက်လျက် ဖျားနာသောအခါ တအင်အင် ညည်းသည်။

၆၃။ ပိုးထိုးကောင်ဖြစ်လျက် ဆင်ပြောင်ကို စစ်ပြိုင်သည်။

၆၄။ ပုတ်သင်ဖြစ်လျက် ဝိဒေဟရာဇ်မင်းကို ဘက်ပြိုင်သည်။

၆၅။ ဂုဏ်နိမ့်သူဖြစ်လျက် ဂုဏ်မြင့်သူကို ဂုဏ်ပြိုင်သည်။

၆၆။ ရှင်သာရိပုတြာကို ငြူစူ၍ ကောကာလိက ရဟန်း ပဒုမငရဲကျသည်။

၆၇။ ရဟန္တာကိုဝန်တို၍ လောသကတိဿရဟန်း - လာဘ်ရှားသည်။

၆၈။ လာဘ်ဖြင့် ဘုရားကိုပြိုင်၍ ဒေဝဒတ် အဝီစိ ဆင်းရသည်။

၆၉။ မာနသည် ထွန်တုံးမျိုသော မြွေအတိုင်း မညွတ်ကိုင်းနိုင်။

၇၀။ လာဘ်သည် အသက်ခွင်းသော မိုဃ်းကြိုးစက်ကွင်း ဖြစ်သည်။

၇၁။ ဝါး၊ ကျူ၊ ငှက်ပျော - အသီး သတ်သည်။

၇၂။ အဿတိုရ်မြင်းမ - ကိုယ်ဝန်သတ်သည်။

၇၃။ ရဟန်းညံ့ - လာဘ်သတ်သည်။

၇၄။ လာဘ်ရလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ကပ္ပီရမည်။

၇၅။ ဆင်ဖြူတော် ရထိုက်သူ- ချည်ဖြူခင်ဖြင့် ကျိန်းကျေသည်။

၇၆။ မဂ်ဖိုလ်မျိုးစေ့ ရထိုက်သူ -လာဘ်ဖြင့် ကျိန်းကျေသည်။

၇၇။ အလမ္ပာယ်ဆရာ ဂါထာမန်းနိုင်မှ မြွေမကိုက်သည်၊

၇၈။ လာဘ်ရသူ ပဋိသင်္ခါ မန်းနိုင်မှ လာဘ်မကိုက်သည်။

၇၉။ လာဘ်အလေးပြုလျှင် မိစ္ဆာဇီဝ ဖြစ်တတ်သည်။

၈ဝ။ မိစ္ဆာဇီဝ သုံးစားလျှင် ဆေးမမှီ၊ နဂါးနှင့်စပ်သည်။

၈၁။ သမင်လိမ္မာ အစာသာစား၊ သမင်မိုက်ကား ညွှတ်ကွင်း မိသည်။

၈၂။ လာဘ်စည်းစိမ်သည် စိတ်ကူးတိုင်းမဖြစ်။ တောခရီး၌ အိပ်မက်ကောင်းတုန်း ဆင်နင်းခံရသလို။

၈၃။ အာရုံတခုခု စွဲလမ်းလျှင် ငါးမျှားချိတ်မျိုသော ငါးနှင့်တူ၏။

၈၄။ သူကန်း - မှန်အိမ်ဆောင်လျှင် ညဉ့်အခါ သူကောင်း ဝင်၍မတိုး။

၈၅။ မသူတော် - တရားသံပါလျှင် လူလယ်တွင် သူတကာ အပြစ်မမြင်။

၈၆။ နားထိုင်း စောင်းသမား - မိမိစောင်းသံ မကြားသော်လည်း တီးခ ရသည်။

၈၇။ မသူတော် ဓမ္မကထိက - မိမိတရားသံ မကြားသော်လည်း ဟောခ ရသည်။

၈၈။ တရားဟောတတ်လျက် မကျင့်တတ်လျှင် မျောက် အုန်းသီးရသည်နှင့် တူ၏။

၈၉။ မင်းစည်းစိမ်ကို မင်းသား-စိတ်ကူးသည်။ ဒွန်းစဏ္ဍား သတိပင်မရ။

၉ဝ။ ရဟန္တာအဖြစ်ကို သူတော်ကောင်း စိတ်ကူးသည်။ မသူတော် - သတိပင်မရ။

၉၁။ ကုသိုလ်ရှိ၍ ဆင်ဖြူတော်ရသူ - ဉာဏ်မရှိလျှင် မစီးရရုံ။

၉၂။ ကုသိုလ်ရှိ၍ လာဘ်ပေါသူ - ဉာဏ်မရှိလျှင် ပြိတ္တာ ဖြစ်၏။

၉၃။ ဆင်ဖြူတော် - နန်းတော်ရွှေအိမ်၌ နေသော်လည်း တော၌သာ ပျော်သည်။

၉၄။ ကိုယ်ရှင်ကိုယ်သာ ကိုယ်ဆရာ ကိုယ်သာ ကောင်းအောင် ပြုရမည်။

၉၅။ ကြာပင်အောက်ကဖား - ကြာဝတ်ဆံမစား၊ ရွှံ့စားသည်။ ပိတုန်းကား အဝေးမှ ကြာဝတ်ဆံ လာစားသည်။

၉၆။ သာသနာရိပ်တွင်းသား သာသနာ ဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။

၉၇။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် ဧစေ၏။

၉၈။ နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။

၉၉။ သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်၏။

၁၀၀။ တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။ သစ်ရွက်စိုကို မတတ်နိုင်။

၁၀၁။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။ မေတ္တာဖြန်းသူကို မတတ်နိုင်။

၁၀၂။ လက်နက်ရှိလျှင် ကျားမကိုက်။ မရှိလျှင် နွားမပင် ဝှေ့သည်။ ထိုကြောင့် လက်နက် အားကိုးကြ။

၁၀၃။ တုတ်ထားကိုင်လျှင် ခွေးဟောင်သည်။ အစာကျွေးလျှင် အမြီးနှံ့သည်။ ထိုကြောင့် တုတ်ထား အားမကိုးကြနှင့်။

၁၀၄။ စိတ်ဆိုး၍ မတော်မလျော်ပြလျှင် မြင်သူအရှက်မကွဲ။

၁၀၅။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက် မထွက်ကောင်း၊

၁၀၆။ အကောင်းသည် အရူးနှင့်ပြိုင်၍ အဝတ် မလစ်ကောင်း၊ မျက်မမြင်နှင့်ပြိုင်၍ မကန်းကောင်း၊

၁၀၇။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသ မဖြစ်ကောင်း။

၁၀၈။ ကျား ကြောက်၍ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၁၀၉။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှဉ်းသည်ကို အရေးမယူရ။

၁၁၀။ ရန်သူကို မီးခဲကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်၏။

၁၁၁။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏။

၁၁၂။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏။

၁၁၃။ မာရ်နတ်ပစ်သောလက်နက်သည် သည်းခံသော ဘုရား၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်၏။

၁၁၄။ ဒါနပြုသူကိုမှီ၍ တဆင့် ဒါနပြုလျှင် ဒါနပါရမီ ပြည့်သည်။

၁၁၅။ မသူတော်ကိုမှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။

၁၁၆။ ဒါနပြုသူနှင့် ညှဉ်းဆဲသော မသူတော်ကို အတူမေတ္တာ ပို့ရမည်။

၁၁၇။ သမုဒြာရေ - မီးကြောင့် မကျွမ်း၊

မြင့်မိုရ်တောင် - လေကြောင့်မလှုပ်၊

ကျောက်ခဲ - ရေကြောင့် မကျေ၊

သူတော်ကောင်း - မသူတော်ကြောင့် မတုန်လှုပ်။

၁၁၈။ မသူတော် အမျက်ကြောင့် သူတော်ကောင်း- ဂုဏ်ပျက်မခံ။

၁၁၉။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလို ပြည့်သည်။

၁၂၀၊ ရန်သူ ညှဉ်းဆဲခြင်းသည် မိမိ၏ရှေးကံ - ရှေးဥစ္စာပင်တည်း။

၁၂၁။ မိမိကံကြောင့် မိမိဒုက္ခတွေ့သည် - ဘယ်သူမပြု မိမိမှု။

၁၂၂။ ညဉ့်အခါ သားကိုခွေးထင်၍ သတ်သော အဘသည် သား၏ရန်သူလော။

၁၂၃။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် သေသူ၏ ရန်သူလော။

၁၂၄။ စကြာမင်း ရှေးကံကြောင့် သားကြီးရတနာ အကျိုးဆောင်သည်။

၁၂၅။ ဗိမ္မိသာရမင်း ရှေးကံကြောင့် - အဇာတသတ် အဘ သတ်သည်။

၁၂၆။ ရန်သူအစစ်သိမှ ရန်ဧမည်။

၁၂၇။ ခွေးသည် ပစ်သူကိုမကိုက်၊ ခဲကိုကိုက်၍ ရန်မဧ။

၁၂၈။ ခြင်္သေ့သည် ခဲကိုမကိုက်၊ ပစ်သူကိုကိုက်၍ ရန်ဧသည်။

၁၂၉။ မိမိ၏ ရှေးကံဆိုးကိုဖယ်၍ ရန်သူစစ် တခြားမရှာနှင့်။

၁၃၀။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏

၁၃၁။ အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးလုံး အကျိုးရှိ၏။

၁၃၂။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲနိုင်၏။

၁၃၃။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲနိုင်၏။

၁၃၄။ စေးနဲသူကို ပေးကမ်းသူ အမြဲနိုင်၏။

၁၃၅။ မုသားဆိုသူတို သစ္စာဆိုသူ အမြဲနိုင်၏။

၁၃၆။ သိကြားလက်နက်ကား မိုဃ်းကြိုး၊

ယမမင်း လက်နက်ကား မျက်စောင်း။

ဝေဿဝဏ်လက်နက်ကား အစွယ်။

မသူတော် လက်နက်ကား ဒေါသ။

သူတော်ကောင်း လက်နက်ကား ခန္တီ။

၁၃၇။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက် အမှီရလျှင် ဂဠုန်နှင့် တူ၏။ အန္တရာယ် မရှိ။

၁၃၈။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပယ်မရောက်။

၁၃၉။ ရေရှိမှ ကြာပွားသည်။ သီလရှိမှ သမာဓိများသည်။

၁၄၀။ ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။

၁၄၁။ ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင် နှင့်တူ၏။

၁၄၂။ စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့် တူ၏။

၁၄၃။ တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။

၁၄၄။ ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့် တူ၏။

၁၄၅။ ဘုန်းကြီးလျက်သီလမရှိလျှင် အနှစ်မရှိသောသစ်ပင်နှင့် တူ၏။

၁၄၆။ သီလရှိမှ ဒါနနှင့် ဘာဝနာ အကျိုးပေးသန်သည်။

၁၄၇။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။

နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။

၁၄၈။ အကုသိုလ်သည် သတ္တဝါကို အပယ်ဆွဲချ၏။သီလရှိသူကို မဆွဲချနိုင်။

၁၄၉။ ပင်လယ်ကူးလိုလျှင် သင်္ဘော လုံအောင်ဖါ။

သံသရာ ကူးလိုလျှင် သီလလုံအောင်ဖါ။

၁၅ဝ။ လောကီဥစ္စာ စောင့်လျှင် တသက်ချမ်းသာ၏။

၁၅၁။ သီလစောင့်လျှင် ဘဝအဆက်ဆက် ချမ်းသာ၏။

၁၅၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏။ ငြိမ်းလျှင် မှောင်၍ ညှော်နံ့ထွက်၏။

၁၅၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏။ ပျက်လျှင် မှောင်၍ ညှော်နံ့ ထွက်၏။

၁၅၄။ သူတော်ကောင်းနှင့် ပေါင်းသင်းမှ ပစ္စုပ္ပန် သံသရာ မြင့်မြတ်သည်။

၁၅၅။ စဉ့်ကျောက်သည် ရွှေနှင့်ရောချက်လျှင် ရွှေရောင်တောက်သည်။

၁၅၆။ မီးသွေးခဲမဲမဲသည် မီးကျီးခဲရဲမှုနှင့် ရောလျှင် မီးကျီးခဲ ရဲရဲဖြစ်သည်။

၁၅၇။ ဝက်သားသော်လည်း ဆီနိုင်နိုင် အချက်ခံရမှ အရသာ ရှိသည်၊ အချက် မခံရလျှင် ပုပ်၍ ယင်တရုန်းရုန်း။

၁၅၈။ ပတ္တမြား တွင်းထွက်မှန်သော်လည်း ကျောက်သွေးဆရာ အကာ ကုန်အောင် သွေးမှ အရောင်တောက်သည်။

၁၅၉။ ကျောက်ဆင်းတုသော်လည်း ကျောက်ဆစ်ဆရာ ထူနိုင် ဆစ်နိုင်မှ အနေကဇာ တင်ခံရသည်။

၁၆၀။ သဒ္ဓါ ပညာ ဗဟုသုတ ရှိသော်လည်း အဆုံးအမ နွံနာစွာ ခံရမှ အရသာ ရှိသည်။ ဂုဏ်ရောင်တောက်သည်။ မြတ်နိုးခံရသည်။

၁၆၁။ တောအုပ်၌ မိဘကင်းသော သားသ္မီး ကျားစာ ဖြစ်၏။

၁၆၂။ သာသနာ၌ ဩဝါဒဆရာ ကင်းသောရဟန်း - မာရ်နတ် အစာဖြစ်၏။

၁၆၃။ ပေါက်ဖတ်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။

၁၆၄။ မြေခွေးသော်လည်း ခြင်္သေ့မင်း ခစား၍ ကျားမကိုက်နိုင်။

၁၆၅။ သူကန်းသော်လည်း ခြေသံနားထောင်၍ လိုရာအရပ် ရောက်သေးသည်။

၁၆၆။ သူတော်ကောင်း ခြေမှုန့်-ကိုယ်၌ကပ်လျှင် အပယ်မကျ၊

၁၆၇။ မသူတော်၏ ဂုဏ်အလုံးစုံသည် သူတော်ကောင်း၏ ဂုဏ်တစိတ်ကိုမမှီ။

၁၆၈။ ယုတ်မာသော အလိုရှိလျှင် သူတော်ကောင်းမဟုတိ၊

သူတော်ကောင်းမဟုတ်လျှင် ပညာမရှိ၊

ပညာမရှိလျှင် ဘေးမကင်း၊ ဘေးမကင်းလျှင် မှီခိုစရာ မဟုတ်။

၁၆၉။ ပ-လွှားသူသည် ကျမ်းဂန်တတ်သော်လည်း သူတော်ကောင်းမဟုတ်။

၁၇၀။ မသူတော်သည် ဗဟုသုတများသော်လည်း ပညာရှိမဟုတ်။

၁၇၁။ ပညာမရှိသူသည် ဘုန်းကကြီးသော်လည်း ဘေးကင်းအောင် မတတ်နိုင်။

၁၇၂။ ဘေးကင်းအောင် မတတ်နိုင်သူကို ဘေးကင်းလိုသူ မမှီခိုအပ်။

၁၇၃။ မသူတော်အကျင့်သည် အများစိတ်ကို ပျက်စေ၏။ သူတော်ကောင်းကို မပျက်စေနိုင်။

၁၇၄။ သူတော်ကောင်း အကျင့်သည် အများစိတ်ကို နှစ်သက်စေ၏။ မသူတော်စိတ်ကို မနှစ်သက်စေနိုင်။

၁၇၅။ ဘုရားရှင်သည် မြင့်မိုရ်တောင်ကို သမုဒြာရေမှ ထုတ်နိုင်၏။ မသူတော်ကို ဒုစရိုက်မှမထုတ်နိုင်။

၁၇၆။ မြွေပွေးကို ဆေးဝါးမန္တရားဖြင့် တားနိုင်၏၊ မသူတော်ကို တားနိုင်သော ဆေးဝါး မန္တရားမရှိ။

၁၇၇။ ခြင်္သေ့သည် ကျားကိုနိုင်၏။ ကိုယ်တွင်း ခွေးလှေးသန်းကို မနိုင်၊

၁၇၈။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏။ ကိုယ်တွင်း အကုသိုလ်ကို မနိုင်။

၁၇၉။ မသူတော်သည် သုခကြိုက်လျက် နတ်ပြည်မတက် ဒုက္ခမုန်းလျက် ငရဲဆင်း၏။

၁၈၀။ မသူတော်သည် မိမိကို မေတ္တာရှိသော သူတော်ကောင်းကို ပြစ်မှားနိုင်၏။

၁၈၁။ သူတော်ကောင်းသည် မိမိကို မေတ္တာပျက်သော မသူတော်ကို ချစ်နိုင်၏။

၁၈၂။ မသူတော်ကား လာဘ်ရဘို့ ကြံသည်။

သူတော်ကောင်းကား တရားရဘို့ ကြံသည်။

၁၈၃။ သူတော်နှင့် မသူတော်သည် ရှေးအကြောင်းကံလည်း ဝေးသည်။ ယခု အကျင့်လည်း ဝေးသည်။ နောင်လားရာ ဂတိလည်း ဝေးသည်။

၁၈၄။ မသူတော်သည် အစားကောင်းစားလျက်၊ အိပ်ရာကောင်း အိပ်လျက် တရားကောင်းမှ လွတ်သည်။

၁၈၅။ ဘောဇဉ်အရသာ လူနာ မခံစား၊ နိဗ္ဗာန်အရသာ-မသူတော် မခံစား။

၁၈၆။ ဘုရားရှင်သည် မြင့်မိုရ်တောင်ကို ဘဝါးအောက် ရောက်စေနိုင်၏။ ပူရဏကဿပကို အနားရောက်အောင် မတတ်နိုင်။

၁၈၇။ ခြင်္သေ့မင်း ဟောက်သံကြားလျှင် စားကင်းရာသို့ အများ ပြေ။ဝင်ကြ၏။ ခွေးလှေးကြမ်းပိုးကား အိပ်ရာမှမနိုး၊

၁၈၈။ ဘုရားရှင် တရားသံကြားလျှင် နိဗ္ဗာန်သို့ အများ ပြေးဝင်ကြ၏။ မသူတော်ကား အိပ်ရာမှမနိုး။

၁၈၉။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ— ဧသည်ဖြစ်စေ၊ အဆင်းလှသည်ဖြစ်စေ၊ မလှသည် ဖြစ်စေ၊ ရွံဘွယ်သာတည်း။

၁၉၀။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်သည် ဖြစ်စေ၊ စကား လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။

၁၉၁။ မီးခဲသည် ပူသောအခါ လက်လောင်၏၊ ဧသောအခါ လက်မဲ၏။

၁၉၂၊ မသူတော်သည် ဒေါသအခါ ကြောက်စရာ၊ လောဘအခါ ရွံစရာ ဖြစ်၏၊

၁၉၃။ ရှင်မောဂ္ဂလာန်သည် မြေကို အထက်အောက် လှန်နိုင်၏။ မသူတော်အကြံကို မလှန်နိုင်။

၁၉၄။ ခွေးရူးကိုက်လျှင် ထိုသူရူး၏။ ထိုသူကိုက်လျှင် နောက်လူရူး၏ ၊

၁၉၅။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏။

၁၉၆။ မသူတော်သည် လူကောင်း အဆက်ဆက်ကို ယုတ်မာစေ၏။

၁၉၇။ ကောင်းကင်ကို ဈာန်တန်ခိုးဖြင့် နိုင်၏။

သမုဒြာကို လှေသင်္ဘောဖြင့် နိုင်၏။

အမိုက်မှောင်ကို ဆီမီးရောင်ဖြင့် နိုင်၏။

မသူတော်ကို အဘယ်ဖြင့် နိုင်မည်နည်း။

၁၉၈။ ငရဲကြီးရှစ်ထပ်ကို ကမ္ဘာဖျက်မီး ကျွမ်းစေ၏။

မြေကြီး အထုကို ကမ္ဘာဖျက်ရေ ကျေစေ၏။

မြင့်မိုရ်တောင်ကို ကမ္ဘာဖျက်လေ လွင့်စေ၏။

မသူတော်ကိုဘယ်သူဘယ်သို့ ဖြစ်စေနိုင်သနည်း။

၁၉၉။ မသူတော်ဟူသမျှသည် သံသရာ၌ မိဘဆွေမျိုး တော်စပ်ဘူးပြီ။

၂၀၀။ မသူတော်ကို အမှီပြုလျှင် မသူတော်သာ ဖြစ်သည်။ ကျား၏ သား-သမင် မဖြစ်။

၂၀၁။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင် မပြတ်။

၂၀၂။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။

၂ဝ၃။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း။

၂၀၄။ ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည်၍ ရွံဘွယ်တည်း။

၂၀၅။ စာတတ်လျက် မိမိကိုယ် မဆုံးမလျှင် ထိုစာ-ငရဲရိက္ခာတည်း။

၂၀၆။ လာဘ်ပေါလျက် သီတင်းသုံးဘော် မချီးမြှောက်လျှင် ထိုလာဘ် - ပြိတ္တာရိက္ခာ တည်း။

၂၀၇။ စစ်သူရဲသည် မင်းရိက္ခာစား၍ မင်းရန်သူကို နှိမ်သည်။ မိမိကိုယ်တွင်းရန် ကိုကား မနှိမ်နိုင်။

၂၀၈။ ရဟန်းသည် ဘုရားရိက္ခာစား၍ ကိုယ်တွင်းရန်ကို နှိမ်သည်။

၂၀၉။ လင်းတသည် ကောင်းကင်ပျံလျက် ခွေးကောင်ပုပ် မက်၍ မြေ၌ ကျော့ကွင်း မိသည်။

၂၁၀။ ငါးသည် ရေနက်ရာနေလျက် တီမက်၍ ရေတိမ်၌ ငါးမျှားချိတ်မိသည်။

၂၁၁။ ရဟန်းသည် သာသနာ၌နေလျက် လောကအာမိသ မက်၍ မာရ်နတ် လက်တွင်း၌ ညွှတ်ကွင်းမိသည်။

၂၁၂။ သရက်ပင်ငယ် အသီးကြွယ်လျှင် ကိုင်းပဲ့တတ်သည်။ ကြိုးဆွဲ၊ ခွထောက် ပြုရသည်။

၂၁၃။ ရဟန်းငယ်ငယ် ဂုဏ်ထူးကြွယ်လျှင် ကိုင်းပဲ့တတ်သည်။ သီလကြိုးဆွဲ၊ သမာဓိ ခွထောက် - ပြုရသည်။

၂၁၄။ အမြဲမရှိသော ဤကိုယ်ဖြင့် မြဲသောနိဗ္ဗာန်ကိုမလဲနိုင်ပြီလော။

ဤသို့နည်းထုံး၊ တသက်လုံး၊ လက်သုံးပြုနိုင်စေ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse