သိမ်မျိုးစုံမဟာဋီကာ/သိမ်နုတ် သမုတ်ရာ ၄-ပါး ၄-ပါးထက်အလွန် ကမ္မဝါ ဖတ်သင့် မဖတ်သင့်

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၅၀။ သိမ်နုတ် သမုတ်ရာ ၄-ပါး ၄-ပါးထက်အလွန် ကမ္မဝါ ဖတ်သင့် မဖတ်သင့်

     ဤသို့ ခင်းပြ အပ်ပြီးသော ပါဠိတော်သည် ဝိနည်းမဟာဝါ ပါဠိတော် ဖြစ်ကြောင်း၊ ၎င်းပါဠိတော်တွင် ပထမကား အဝိပ္ပဝါသ သိမ်နုတ်ကမ္မဝါစာ ဖြစ်ကြောင်း၊ ဒုတိယကား သမာနသံဝါသက သိမ်နုတ်
ကမ္မဝါစာ ဖြစ်ကြောင်း၊ ၎င်းသိမ်နုတ် ကမ္မဝါစာနှစ်စောင်ကို မိမိသိမ်သမုတ်လိုရာ ဌာနနှင့်တကွ သိမ်နိမိတ်တိုင်ပြင်ဘက် (၄)တောင်ထွာ (၅)တောင်ခန့် သံဃာချင်း ဟတ္ထပါသ်စပ်အောင် ဖတ်ရသည်။

     ယင်းသို့ ဖတ်သောအခါ ရဟန်းချင်း မထိပါးစေရ အယုတ်ဆုံး သင်္ကန်းစွန်းချင်းမျှ မထိစေရ၊ စကားလည်း မပြောရ၊ နိမိတ္တသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ ဟူသော သမ္ပတ္တိသုံးပါး ညီညွတ်အောင် ဖတ်ရွတ်ရမည်။

     ယင်းသို့ ကမ္မဝါစာကို ( ၃ )ပါးပြိုင်၍ ဖတ်ရာ တစ်ပါးပါးကနောက်ကျ၍သော်လည်းကောင်း၊ စာပျောက်နေ၍သော်လည်းကောင်း၊ ရပ်ပါဦး ဆိုင်းပါဦး ဆိုခြင်းများလည်း တားမြစ်ခြင်း ပဋိက္ကောသန ဖြစ်သည်ဟု ငါတို့ကျေးဇူးရှင် ဆရာတော်ကြီး (၃) ပါးတို့၏ဆရာ ဖြစ်တော်မူသော စံကျောင်းဆရာတော်ဘုရားကြီး အမိန့်တော် ရှိကြောင်း ငါတို့ဆရာတော်များ မိန့်ကြ၏။

     ကံသည် နိဂ္ဂဟကံ ပဂ္ဂဟကံ နှစ်မျိုးရှိ၏၊ စူဠဝါပါဠိတော် သမထက္ခန္ဓကလာ ဥဗ္ဗာဟိကစသော ပဂ္ဂဟကံ ဥပသမ္ပဒါပဂ္ဂဟကံ မျိုးမှာ လေးပါး ငါးပါးစသည် ကံပြုကောင်းကြောင်း၊ နိဂ္ဂဟကံ သာလျှင် လေးပါး ငါးပါးစသည် မပြုကောင်းဟု ဒုတိယ သံဃဘေဒကသိက္ခာပုဒ်အဖွင့် သာရတ္ထဒီပနီဋီကာ ဝိမတိဋီကာတို့၌ ဖွင့်၏။ ဝဇိရဗုဒ္ဓိဋီကာမှာလည်း ရဟန်းလောင်း သုံးပါးထက် အလွန် မအပ်ကြောင်း၊ သံဃာသည် သံဃာအား ကံမပြုသင့်သည့် သာဓက တယော-ဟူ၍ ဘုရားသဗ္ဗညူ ပိုင်းခြားပြီးဖြစ်၍ သုံးပါးထက်အလွန် ရဟန်းမခံကောင်း။ (အရှင်အာနန္ဒာ၊ ဝဇိရဗုဒ္ဓိ ဋီကာဆရာ၊ ရှေးဂဏ္ဌိပုဒ်ဆရာ၊ အနု​ဂဏ္ဌိပုဒ်ဆရာ၊ အန္ဓကအဋ္ဌကထာ ဆရာ ၅-ဦးတို့ ဝါဒ) ဥဗ္ဗာဟိကကံကား အပလောကနကံ ဉတ္တိဒုတိယကံ နှစ်ပါးနှင့်သက်ဆိုင်ကြောင်း သမထက္ခန္ဓက စူဠဝါ အဋ္ဌကထာ လာ၏။

     ဉတ္တိဒုတိယေ စေ, ဘိက္ခဝေ, ကမ္မေ ယာဝတိကာ ဘိက္ခူ ကမ္မပ္ပတ္တာ တေ အနာဂတာ ဟောန္တိ, ဆန္ဒာရဟာနံ ဆန္ဒော အနာဟဋော ဟောတိ, သမ္မုခီဘူတာ ပဋိက္ကောသန္တိ – ဝဂ္ဂကမ္မံ။ (ဝိနည်းမဟာဝါ ပါဠိတော် စမ္ပေယျက္ခန္ဓက၊ ၄၃၇။)

ဤသိမ်နုတ်ခန်း၌-
     ပရိသာသမ္ပတ္တိယာ ယုတ္တာ နာမ သဗ္ဗန္တိမေန ပရိစ္ဆေဒေန စတူဟိ ဘိက္ခူဟိ သန္နိပတိတွာ ယာဝတိကာ တသ္မိံ ဂါမခေတ္တေ ဗဒ္ဓသီမံ ဝါ နဒိသမုဒ္ဒဇာတဿရေ ဝါ အနောက္ကမိတွာ ဌိတာ ဘိက္ခူ, တေ သဗ္ဗေ ဟတ္ထပါသေ ဝါ ကတွာ ဆန္ဒံ ဝါ အာဟရိတွာ သမ္မတာ။

(ကင်္ခါ အဋ္ဌကထာ၊ ဂ၉။ ဝိနယသင်္ဂဟ အဋ္ဌကထာ၊ ၁၈၄။)

     တို့နှင့် အညီ လေးပါး လေးပါးထက်အလွန် ရဟန်းတို့လာရောက်ခြင်း၊ ဆန္ဒထိုက်သူတို့ ဆန္ဒကို ထိုလေးပါးထက် အလွန်ဖြစ်လျှင် ဆောင်ခြင်း၊ နှစ်တောင်ထွာ ဟတ္ထပါသ်တွင်းရှိ ရဟန်းတို့ ဤကံ မပြုကြပါနှင့်ဟူ၍လည်းကောင်း၊ ပြု၍မတော် ဟူ၍လည်းကောင်း၊ ပြုသည်ကို ငါတို့မကြိုက် ဟူ၍လည်းကောင်း၊ ငါတို့ သဘောမတူ ဟူ၍လည်းကောင်း၊ ငါတို့သဘောမကျဟူ၍လည်းကောင်း၊ ကမ္မဝါစာဖတ်ပုံကို ငါတို့သဘောမကျဟူ၍လည်းကောင်း ဤသို့ အစရှိသည်ဖြင့် ဤသို့ တားမြစ် ကဲ့ရဲ့ပြစ်တင် စကားပြောဆို၊ အများကြားအောင် မပြောစေကာမူ မိမိအနီးရှိ ရဟန်းအချင်းချင်း တိုးတိုးစကား ပြောဆိုလျှင် ကောင်းသော စိတ်ဖြင့်ပြောဆိုသည်ဖြစ်စေ၊ မကောင်းသောစိတ်ဖြင့် ပြောဆိုသည်ဖြစ်စေ ထိုကံပျက်သည်ဟု စံကျောင်း ဆရာတော်ဘုရားကြီး အမိန့်ရှိကြောင်း ငါတို့ကျေးဇူးရှင် ကျီဝန်ဆရာတော် အမိန့်ရှိသည်။ ငါတို့လည်း ငယ်စဉ်က သတိမထားမိစဖူးဟု ၎င်းဆရာတော်ကြီး အမိန့်ရှိသည်၊ သတိရှိခဲ၏။ သတိရှိကြစေ။