သိမ်မျိုးစုံမဟာဋီကာ/သမာနသံဝါသက အဝိပ္ပဝါသသိမ်သမုတ်ကမ္မဝါ၌(သာ) ပါ မပါ နှစ်မျိုးရှိရာ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၁၆။ သမာနသံဝါသက အဝိပ္ပဝါသသိမ်သမုတ်ကမ္မဝါ၌(သာ) ပါ မပါ နှစ်မျိုးရှိရာ−ပါမှ သင့်ကြောင်း ပြခန်း

     ဤသို့ဖတ်ရာ၌ သမာနသံဝါသကသိမ် သမုတ်ခန်း၌ နိဂုံးမှာ သမ္မတာ-နောင် သာ-ဟူသော သဗ္ဗနာမ်ပုဒ်-အချို့က မပါ။ အဝိပ္ပဝါသသိမ် သမုတ်ခန်း၌လည်း သမ္မတာ-နောင် သာ-မပါပဲ ရှိတတ်၏၊ သိမ်နုတ် ကမ္မဝါစာတို့၌ သော-ဟူ၍လည်းကောင်း၊ သာ-ဟူ၍ လည်းကောင်း ပါသောကြောင့် လည်းကောင်း၊ အက္ခရပရိဟီန ဖြစ်ရာ၌သာ အပြစ်ရှိ၍ ပိုရာ၌ အပြစ်မရှိကြောင်း သာဓကထုတ်ပြီး ရှိသောကြောင့်လည်းကောင်း ငါတို့စံကျောင်းဆက် ဆရာစဉ်ဟူသမျှ မပါလျှင်ထည့်၍ ဖတ်ရိုးပြုတော်မူကြသတည်း။ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမဆရာတော်ကြီး၏ သမာနသံဝါသကသိမ်သမုတ်ခန်း နိဂုံး၌ သာ-မပါ၊ အဝိပ္ပဝါသသိမ်သမုတ်ခန်းနိဂုံး၌မူ သာ-သဒ္ဒါ ပါသတည်း။

     ၎င်းဆရာတော်ကြီး ပြင်ဆင်အပ်သော မဟာဝါ ပါဠိတော်၌မူ သာ- သဒ္ဒါနှစ်ချက်ပင် ပါသတည်း။ သာ-ရှေးစာ၌မူ ရှေး၌မပါ။နောက်၌ပါသတည်း။ ဆိုအပ်ပြီး အကြောင်းများကြောင့် ပါသည်သာကောင်းသတည်းဟု စံကျောင်းဆက်တို့ ယူပုံကို ပြဆိုချက်တည်း။ ကမ္မဝါစာဖတ်ရာ၌ မောင်းထောင် သာသနာပိုင် ဆရာတော်လည်း အထူးထူးအပြားပြား ဖတ်ကြောင်း။ ဆရာတော် ဦးဗုဓ်နှင့် စကားများ၍ ဦးဗုဓ်တခြားပင့်သွားရကြောင်း၊ ဒုတိယမောင်းထောင် သာသနာပိုင် ဦးဉေယျလည်း အထူးထူးအပြားပြားဖတ်ကြောင်း။ ခင်မကန်ဆရာတော်က ဘုရားမြတ်စွာ အတော်မောရှာမှာပဲဟု မိန့်ကြောင်း အဆင့်ဆင့် ဆရာတော်ကြီးများ မိန့်၏။

     ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဉတ္တိ ဒုတိယကမ္မဝါစာဖြင့် ဘုရင်ခံမင်းထံမှ ဝိသုံဂါမ-ရပြီးသော ကျောက်ဆောက်မြို့ ကျွန်းရွာ မဟာဓမ္မိကာရာမကျောင်းတိုက်ကြီး အရှေ့တောင်ထောင့်အရပ် အလျား အနံ အတောင် (၂၀) စီရှိသော သာသန ဇောတိကာ ခဏ္ဍသိမ်သည် ၁၂၈၂-ခု တန်ခူးလဆန်း(၁၂ ) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် သဗ္ဗမင်္ဂလာ ဩဘာတံဆိပ် ခပ်နှိပ်ပြီးသောအသွင်၊ စည်မောင်းပတ်သာ၊ မင်္ဂလာစည်တော်ရွမ်း၍ နှစ်သိမ့်စေရာ ပြီးဆုံးသတည်း။ ထိုသို့ပြီးဆုံးသောအခါ-

     ကမ္မဝါစာပရိယာသာနေ နိမိတ္တာနံ အန္တော သီမာ ဟောတိ၊ နိမိတ္တာနိ သီမတော ဗဟိ ဟောန္တိ - ဟူသော မဟာဝါအဋ္ဌကထာ။

     ကမ္မဝါစာပရိယောသာနေ ယေဝ နိမိတ္တာနိ ဗဟိ ကတွာ ဟေဋ္ဌာပထဝီသန္ဓာရကံ ဥဒကံ ပရိယန္တံ ကတွာ သီမာ ဂတာ ဟောတိ-ဟူသော ၎င်းအဋ္ဌကထာ။

     သမာနသံဝါသကကမ္မဝါစာပရိယောသာနေယေဝ နိမိတ္တာနိ ဗဟိ ကတွာ နိမိတ္တာနံ အန္တောပမာဏေနေဝ သမာနသံဝါသကသီမာ စတုနဟုတာဓိကဒွိလက္ခယောဇနပုထုလံ မဟာပထဝိံ ဝိနိဝိဇ္ဈိတွာ ပထဝီသန္ဓာရကဥဒကံ ပရိယန္တံ ကတွာ ဂတာ။  အစရှိသော ဝိနယာလင်္ကာရဋီကာ (ပ၊ ၃၇၂။) တို့နှင့်အညီ အခေါင်းရှိသောအရပ်ကို ချန်လှပ်၍ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီရွှံမြေ ကျောက်မြေကို အကုန်နှံ့၍ သက်ဝင်ပြီး နောက် အောင်မြင်ပြီးစီးခြင်းသို့ ရောက်သတည်း။

     ထိုအခါ သီမာသမ္မုတိကံ စီမံမင်္ဂလာ ပြီးစီးသောအခါ များစွာ သောင်းသောင်း လူအပေါင်းတို့သည် ကောင်းချီးသြဘာ ထောမနာဖြင့် ကောလာဟလဖြစ်စေရန် ရည်သန်ပြီးလျင်သေနတ်အများဖောက်ခြင်း၊ ကြေးစည်ခေါင်းလောင်း ကျောက်စည် တီးခတ်ခြင်းတို့ကို နှစ်သိမ့်အားရစွာ ပြု၍ပြီးသတည်း။ ထိုနောင် ဆင်ယင် ကျင်းပအပ်သော မင်္ဂလာမဏ္ဍပ်၌ သီမာသမ္မုတိကံကို ဆောင်ရွက်သော ရဟန်းတော်ကုန်ပင့်ဖိတ်၍ သိမ်ဒါယကာ ဒါယိကာမများနှင့် တကွ၊ ရွာအနီးရှိပင့်ဖိတ်ရာပါ ဒါယကာ ဒါယိကာမတို့သည် သိမ်ရေစက်ချ အထူးထူးသော ဒါတဗ္ဗဝတ္ထုတို့ကို သရဏဂုံ ငါးပါးသီလ ယူပြီးလျှင် ကျွန်းရွာတောရ ဆရာတော်ဘုရားကြီး ရေစက်ချ၊ ဆုတောင်း၊ အမျှဝေ သက်သေထားခြင်းကို ပြုစေသတည်း။
ထိုနောင် ဗင်္ဂလားဆရာတော် ဘုရားသည် သိမ်တရားဟော၍ အပြီးသို့ရောက်သတည်း။

     ဤကား အများသော ပညာရှိတို့ နည်းနာနယ ယူကြစေရန် ရည်သန်ပြီးလျှင် ငါတို့ မဟာဇောတိကာ သိမ်သမုတ်ခန်းကို ရေးသားအပ်ပြီး စာတမ်းကျောက်စာကို ထည့်သွင်းဖော်ပြလိုက်သတည်း။
     သိမ်သမုတ်ပုံ နည်းမျိုးစုံဋီကာပြီး၏ ။