သိမ်မျိုးစုံမဟာဋီကာ/ဝိနယဓရအင်္ဂါလက္ခဏာကို ပြဆိုခန်း

From Wikisource
Jump to navigation Jump to search
347825သိမ်မျိုးစုံမဟာဋီကာကျမ်း — ၈၆။ ဝိနယဓရအင်္ဂါလက္ခဏာကို ပြဆိုခန်းကျွန်းရွာတောရဆရာတော်

     ဥပဇ္ဈာယာစရိယ နိဿယာစရိယ ဟူသော ပရိသုပဋ္ဌာပကအင်္ဂါ၊ ဘိက္ခုနောဝါဒကာစရိယအင်္ဂါ၊ နိဿယမုစ္စက အင်္ဂါတို့တွင် ဥပဇ္ဈာယာစရိယ နိဿယာစရိယအင်္ဂါမှာ -

(က) ဥဘတောဝိဘင်းကို နှုတ်တက်ရွရွ ဝါစုဂ္ဂတ ရသည်ဖြစ်၍ ဗဟုဿုတအင်္ဂါနှင့် ပြည့်စုံခြင်း၊

(ခ) ထိုဥဘတောဝိဘင်းဖြင့် သိအပ်သော အာပတ္တိ အနာပတ္တိ လဟုက ဂရုက စသည်ကို သိခြင်းဟူသော ပညဝန္တ အင်္ဂါနှင့် ပြည့်စုံခြင်း၊

(ဂ) ဥဘတောဝိဘင်းဖြင့် သိအပ်သော အာပတ္တိဝါရကိုသိခြင်း၊

(ဃ) ဥဘတောဝိဘင်းဖြင့် သိအပ်သော အနာပတ္တိဝါရကို သိခြင်း၊

(င) ဥဘတောဝိဘင်းဖြင့် သိအပ်သော လဟုကပဉ္စအာပတ္တိဝါရကို သိခြင်း၊

(စ) ဥဘတောဝိဘင်းဖြင့် သိအပ်သော ဂရုကဒွိအာပတ္တိဝါရကို သိခြင်း၊

(ဆ) ဥဘတောဝိဘင်းဖြင့် သိအပ်သော အာပတ်မှ ထမြောက်ကြောင်း ဖြစ်သော ဒေသနာဂါမ် ဝုဋ္ဌာနဂါမ်အခြင်းအရာကိုသိခြင်း၊

(ဇ) ဥဘတောဝိဘင်းကို နှုတ်တက်ရွရွဝါစုဂ္ဂတရခြင်း၊

(ဈ) ဖြစ်လာတိုင်းသော မိစ္ဆာအယူကို ကင်းခြင်း ကင်းစေခြင်းငှာ စွမ်းနိုင်ခြင်း၊

(ည) ဖြစ်လာတိုင်းသော ယုံမှားသံသယ ဝေမတိက ကုက္ကုစ္စကို ဖျောက်ခြင်း ဖျောက်စေခြင်းငှာ စွမ်းနိုင်ခြင်း၊

(ဋ) အချင်းချင်း ရောယှက်ခြင်းကင်းသော ဝိနည်းပိဋကတ်၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊

( ဌ ) အချင်းချင်းရောယှက်ခြင်းကင်းသော အဘိဓမ္မာနာမ်ရုပ် အပိုင်းအခြား၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း၊

(ဍ) ဥဘတောဝိဘင်း၌ အကျုံးဝင်သော အာဒိဗြဟ္မစရိယက သီလသိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊

( ဎ) မဟာဝါခန္ဓက စူဠဝါခန္ဓက၌ အကျုံးဝင်သော အာဘိသမာစရိယကသီလ သိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း၊

(ဏ) ပဉ္စင်းခံသည်မှစ၍ ဆယ်နှစ်လုံးလုံး ပြည့်ခြင်း၊

     ဤအင်္ဂါ ၁၅-ပါးနှင့် ပြည်စုံသော ပုဂ္ဂိုလ်သည် ဥပဇ္ဈာယ်လုပ်ထိုက်၏။ ဥပဇ္ဈာယ်ပေးထိုက်၏။ နိဿယည်းပေးထိုက်၏။ နိဿယည်းဆရာ လုပ်ထိုက်၏။ ဝိနယဓရ ဒိသာပါမောက္ခ ဖြစ်၏။ စံကျောင်းဆရာတော် ဘုရားကြီး ဝိနည်းဓိုရ်အင်္ဂါ။ (ပရိဝါသတ္တက၊ ဒသက။)