သိမ်မျိုးစုံမဟာဋီကာ/တောနိမိတ်ကို ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၃၉။ တောနိမိတ်ကို ပြခန်း

     တောနိမိတ် ကြားရာ၌ စတုပဉ္စရုက္ခမတ္တမ္ပိ-မှာ စတုအရ လေးပင်ဖြစ်အံ့ အနှစ်ရှိသော သစ်ပင်ချည်းလေးပင်၊ ငါးပင်ဖြစ်အံ့ အနှစ်ရှိသောသစ်ပင်လေးပင်၊ အနှစ်မရှိသောသစ်ပင် တစ်ပင်၊ ဤသို့ စတုကို အန္တောသာရေဟိ ဝါ နှင့်စပ်။ ပဉ္စကို အန္တောသာရမိဿကေဟိ ဝါ နှင့်သာစပ်။ ဤသို့ အနှစ်ရှိလေးပင်၊ အနှစ်မရှိ တစ်ပင် အားဖြင့် ငါးပင်သော်လည်းကောင်း၊ အနှစ်ရှိချည်းလေးပင်သော်လည်းကောင်း ရှိသောတောကို တောနိမိတ်ကြားကောင်း၏။ သည်အောက် ယုတ်လျှင် မကြားရ။ (ကျီဝန်မိန့်။)

     ဝဇိရဗုဒ္ဓိ ၌ကား အနှစ်ရှိ သစ်ပင်သုံးပင်၊ အနှစ်မရှိ သစ်ပင်နှစ်ပင်၊ ပေါင်းငါးပင်ရှိသောတောကို တောနိမိတ် ကြားကောင်း၏။ အနှစ်ရှိသော သစ်ပင်များသည်ကို လိုအပ်၏ဟု မိန့်ဆို၏။ ဝိမတိ ဝိနောဒနီ၊ ဝိနယာလင်္ကာရ ဋီကာတို့၌ကား စတု,ပဉ္စ ရုက္ခမတ္တမ္ပိ- ကို အနှစ်ရှိသော သစ်ပင်ကိုချည်း ယူရမည်ဟုဆို၏။ ကင်္ခါဋီကာသစ်၌ကား လေးပင်ဖြစ်ခဲ့လျှင် အနှစ်ရှိသုံးပင်၊ အနှစ်မရှိတစ်ပင်၊ ငါးပင်ဖြစ်အံ့ အနှစ်ရှိသုံးပင်၊ အနှစ်မရှိ နှစ်ပင်၊ ၎င်းကို တောနိမိတ်ကြားကောင်း၏ဟုဆို၏။ ဆိုအပ်ပြီးသောနည်းဖြင့် အဋ္ဌကထာဆရာ အာဘော်မကျရကား မသင့်သည်ချည်း မှတ်အပ်၏ဟု ငါတို့ကျေးဇူးတော်ရှင် ကျီဝန် ဆရာတော်ဘုရားကြီးသည် ငါတို့အား ၁၂၆၃-ခုနှစ်၊ ကင်္ခါပို့ချရာတွင် မိန့်တော်မူသတည်း။

     ဆိုအပ်ပြီးသော လက္ခဏာနှင့် ပြည့်စုံသော သစ်ပင်မျိုးသည် မညှိုးမနွမ်း စိမ်းစိမ်းစိုစိုရှိလျှက် အတွင်း၌ အနှစ်ရှိလတ္တံ့ ဖြစ်၍ မြေ၌ပကတိ တည်ဆဲဖြစ်မူ အစောက်လက်ရှစ်သစ်၊ လုံးပတ်သီဟိုဠ်ကညစ်ရိုး၊ ယိုးဒယားကညစ်ရိုး ပမာဏရှိပါမူ ထိုအခါကပင် တောနိမိတ် ကြားကောင်းလေပြီ။ သီဟိုဠ်ကညစ်ပုံသဏ္ဌာန်မှာ သီဟိုဠ်ကျွန်းက ပထမ ခင်မကန် ဆရာတော်ဘုရားကြီးထံ ကပ်ဆက် လိုက်သဖြင့် ထိုပုံသည် ငါတို့လက်တွင်ပင် ရှိသတည်း။ မောင်းထောင် သာသနာပိုင် ဦးဉေယျသည် ပရက္ကမကျောင်းတိုက်၌ သိမ် သမုတ်ရာ သစ်ပင်ကို ပင်စည်မှ ဖြတ်၍ ခေတ္တစိုက်ထားရာ မမေးမြန်းဘဲ သမုတ်ခဲ့ဖူးသတည်း။ နောက်မှ ထိုအကြောင်းကိုသိ၍ ပြန်၍သမုတ်ရဖူးကြောင်း ငါတို့ကျေးဇူးတော်ရှင် ကျီဝန်ဆရာတော် ဘုရားကြီး အမိန့်ရှိသည်ကို ထိုကင်္ခါသင်ကြားစဉ်ကပင် ကြားရဖူးသတည်း။ ပညာရှိ သတိဖြစ်ခဲ ဆိုသောစကား အလွန်မှန်၏။ သတိသမ္ပဇည ကြပ်ကြပ်ထား၍ ကာယကံမှု ၀စီကံမှုတို့ကို ကောင်းမွန်အောင် ပြုကြလေ။
     
     ဝနနိမိတ္တဋီကာ သမတ္တာ။