သိမ်မျိုးစုံမဟာဋီကာ/ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်း ပြဆိုခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၉။ ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်း ပြဆိုခန်း

     ၎င်းဝိနိစ္ဆယဋီကာ စကားရပ်ဖြင့် ပါဠိအဋ္ဌကထာလာ နယ်သီးခြားပုံနှင့် အဋ္ဌကထာလာ အခွန်သီးခြားပုံကို စပ်၍ပြသတည်း။ ယင်းသို့ပြသော်လည်း နယ်သီးခြား ပြုလုပ်မှသာ ဂါမသိမ်ဖြစ်သောကြောင့် ပကတိဂါမသိမ်အတွင်း ဝိသုံဂါမရှိပုံကို ပြရာ အဋ္ဌကထာကြီး၌ အခွန်သီးကို နီတတ္ထပဓာနအားဖြင့် မပြမူ၍ နယ်သီးနယ်ခြားကိုသာ ပဓာနပြု၍ အဋ္ဌကထာဆရာတော် ပြတော်မူသတည်း။ ထို ကြောင့် အခွန်မသီးသော်လည်း နယ်သီးက တစ်ခုသော ဂါမသိမ် ဖြစ်ကြောင်းကို သိအပ်၏။ အခွန်သီးမှ နယ်သီးဖြစ်သည်။ တစ်ခုသော ဂါမသိမ်ဖြစ်သည်ဟု ပါဠိတော် အဋ္ဌကထာဋီကာတို့မှ အပြင်သို့ ထွက်သွားသော မဟာအမှားတော်ကြီးကို မယူမှားမိကြစေလင့်။ ထိုစကား မှန်၏။ ယတ္တကေ ပဒေသေ ဟူသော သံဝဏ္ဏေတဗ္ဗ အဋ္ဌကထာစကားရပ်ကို

     အယံ ဂါမော ဧတ္တကော ကရီသဘာဂေါ ဟောတူတိအာဒိနာ ပန ရာဇပဏ္ဏေသု အာရောပိတေသု ဘူမိဘောဂေသု -

     ဟု ဖွင့်တော်မူသတည်း။ ဗလိံ လဘန္တိ- ဟူသော ကံကြိယာနှစ်ပါး ထားပုံကိုထောက်လျှင် အခွန်တောင်းခံသဖြင့် အခွန်ရရာ မြေအရပ်သာ ယတ္တကေ ပဒေသေ -အရယူသင့်ငြားသော်လည်း အခွန်တောင်းခံသဖြင့် အခွန်ရရာမြေ၊ အခွန် မတောင်းခံသဖြင့် အခွန်မရရာ တစ်ဘက်ဆည်ကန်မြေ, သုသာန်မြေ စသောမြေနှစ်ပါးလုံး နှစ်ပါးလုံးပင် ယတ္တကေ ပဒေသေ - အရ တစ်ခုသော ဂါမခေတ် ဂါမသိမ်ဖြစ်ကြောင်းကို ပြတော်မူသတည်း။

     ယင်းမြေနှစ်ရပ်တို့တွင် ယေဘုယျနည်းအားဖြင့် မျက်မှောက် ဒိဋ္ဌပစ္စက္ခအားဖြင့် အားလုံးသိဖြစ်သော အခွန်မကောက်ခံသဖြင့် အခွန်မရရာ မြေအရပ်ကို ယသ္မိံ ယသ္မိံ တဠာကမာတိကာ စသော နောက် ဝါကျစကားရပ်ဖြင့် ပြတော်မူသည်။ ယင်းသို့ ဖြစ်လျှင် အဋ္ဌကထာ၌ -

     ဗလိံ လဘန္တိ အယံ ပဒေသော ဂါသီမာတွေဝ သင်္ချံ ဂစ္ဆတိဟု အခွန်ရခြင်းကို အထူးပြု၍ ဆိုသောကြောင့် အခွန်မရသဖြင့် မတောင်းခံရသော တစ်ဘက်ဆည်ကန် သုသာန် စသော မြေအရပ်သည် ဂါမသိမ်မမည်ရာပါတကား။ အဘယ်ကြောင့်ဂါမအမည် ရှိသနည်းဟု ဂါခေတ်မည်ခြင်း၏ အရင်းမူလ ပဓာန အကြောင်းရင်းကို မမြင်နိုင်သော စောဒက ပုဂ္ဂိုလ်တို့၏ စောဒနာကြောင့် ရာဇာဒီဟိအစရှိသော ဝါကျကို မိန့်ဆိုပြန်သည်။