သိမ်မျိုးစုံမဟာဋီကာ/ခမတိကတ္တုရုပ် မန်လည်ဆရာတော် ဝိနိစ္ဆယ

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၆၈။ ခမတိကတ္တုရုပ် မန်လည်ဆရာတော် ဝိနိစ္ဆယ

     အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၄-မြို့ဂိုဏ်းချုပ် ငါတို့ကျေးဇူးရှင် ဆရာတော်သခင် ထိပ်ခေါင်တင် ဖြစ်တော်မူသော မန်လည်ဆရာတော်ဘုရားကြီးသည် ရူပသိဒ္ဓိ စသည်တို့၌ ရောစတေ-ကို နှစ်သက်ခြင်းအနက် ပေးလိုသည် သဒ္ဒနီတိမှာ တင့်တယ်ခြင်း အနက်လည်းပေးလိုသည်။ နှစ်သက်ခြင်းအနက်ရှိသော ရုစဓာတ်သည် တပါးသော ကတ္တားရှိသော အလိုဟူသော အညကတ္တုကအဘိလာသ တည်း။ ယင်းအလိုဟူသည်ကား နှစ်သက်ဖွယ်ရှိသည် နှစ်သက်စရာ ဖြစ်တတ်သည် ဟူလိုသတည်း။

     သမဏဿ ရောစတေ သစ္စံ-၌ သစ္စံသည် နှစ်သက်ဖွယ်နှစ်သက်စရာ ဖြစ်တတ်သည်ရှိသော်၊ သမဏကို နှစ်သက်စေ၏၊ သမဏသည် နှစ်သက်တက်သော ကတ္တားတပါးဖြစ်၏။ ယင်းနှစ်သက်စေအပ်သော သမဏဟူသော ကတ္တားတပါးသည် သမ္ပဒါန်မည်၏။ ဤသို့ပင် သိဒ္ဓန္တ စန္ဒြိကာ၊ သိဒ္ဓန္တကောမုဒိဋီကာ အာသုဗောဓဗျာကရုဏ်း စသည်တို့၌ ဆိုကုန်၏။ ဤသစ္စံဟူသော ပုဒ်သည် သုဒ္ဓကတ္တုသာဖြစ်၏။ အနက်ကား ကာရိုက်အနက် ကံအနက်နှင့်တူ၏။ တူသော်လည်းမဟုတ် သုဒ္ဓကတ္တားအနက်သာတည်း။ ဤအရာကို အလွန်သတိမူခဲကုန်၏။

     ဤအတူ ယဿာယသ္မတော ခမတိ နာဂဿ ဥပသမ္ပဒါ၊ န မေ တံ ရုစ္စတိ၊ အမှာကံ ပေတံ ခမတိ-စသည်တို့၌လည်း ခမတိ ရုစ္စတိပုဒ်တို့သည် အညကတ္တုကာဘိလာသ ကတ္တုရုပ်မျိုး ဖြစ်ကုန်၏။ ကမ္မရုပ်မဟုတ်ကုန်။ သို့ဖြစ်၍ ထိုထိုကမ္မဝါစာ ပါဠိတို့၌ (ခမ္မတိ) ဟု (မ) ဒွေး ဘော်နှင့် မရှိကုန်။ ထို့ကြောင့် ခမတိ ရုစ္စတိပုဒ်တို့ကို ကမ္မတ္ထအနက်ပေးကုန် ကြံတော်မူကုန်သော ဆရာတို့ဝါဒကို လျစ်လျူ ရှုအပ်သတည်း။ သိခဲ့၏။ ပေးအပ်သော သင်္ကန်းစသော ဝတ္ထုကို ခံသော သမဏသည်လည်းကောင်း၊ နှစ်သက်စေခြင်း ကြိယာကို ခံသော သမဏသည်လည်းကောင်း၊ သမ္ပဒါန ကာရက မည်၏ ဟူ၍ သမ္ပဒါန် လက္ခဏာကို အကျဉ်းသိလေ။

"ဝတ္ထုကြိယာ၊ ခံသည်မှာ၊ မှတ်ပါသမ္ပဒါန်၏သဘောတည်း"။

"ကံရှိဓာတ်မှာ၊ ဝတ္ထုသာ၊ ကံမဲ့ဓာတ်မှာ၊ ကြိယာ ၊နှစ်ဖြာခံခြင်း အထူးတည်း"။