သိမ်မျိုးစုံမဟာဋီကာ/ကမ္မဝါစာဒေါသ ဝိစာရဏခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၈၂။ ကမ္မဝါစာဒေါသ ဝိစာရဏခန်း

အနုဿာဝနဒေါသ ငါးပါးကား -
(၁) ဝတ္ထုအပရာမသန၊
(၂) သံဃအပရာမသန၊
(၃) ပုဂ္ဂလအပရာမသန၊
(၄) သာဝနဟာပန၊
(၅) အကာလသာဝန အားဖြင့် ငါးပါးဖြစ်သတည်း။

     ထိုငါးပါးတို့တွင် ဝတ္ထု,သံဃ,ပုဂ္ဂလ,အပရာမသနသုံးပါးတို့မှာ ဉတ္တိဒေါသ၌ ဆိုအပ်ပြီးသော နည်းအတိုင်းပင်တည်း။

     အထူးမှာ ဥပသမ္ပဒါခန်း၌ ကမ္မဝါစာ သုံးကြိမ်တွင် ဘယ်အကြိမ်မှာပင် မသုံးသပ်မိသည်ဖြစ်စေ အကုန်ကံပျက်၏။ ကမ္မဝါစာကို လုံးလုံးမရွတ်ပဲ ဉတ်ကိုပင် လေးကြိမ်တိုင် ရွတ်ဖတ်ခြင်းသည်လည်းကောင်း၊ ကမ္မဝါစာအတွင်းရှိသော အစိတ်၏အဖြစ်ဖြင့် တည်သောအက္ခရာကို လည်းကောင်း ပုဒ်ကိုလည်းကောင်း မရွတ်ဆိုခြင်းသည်လည်းကောင်း ဌာန်ကရိုဏ်း ပယတ် ဗျဉ္ဇနဗုဒ္ဓိဆယ်ပါး မပြည့်စုံပဲ ရွတ်ဆိုခြင်းဟူသော ကမ္မဝါစာကို မကောင်းသဖြင့် ရွတ်ဆိုခြင်းသည်လည်းကောင်း ကမ္မဝါစာကို ယုတ်စေခြင်း ကမ္မဝါစာ၏ ယုတ်ခြင်းဟူသော သာဝနာယဟာပနမည်၏။ ဉတ်ကို ရှေးဦးရွတ်ဖတ်ရမည်ဖြစ်လျက် ဉတ်ကို ရှေးဦးစွာ မရွတ်ဖတ်ပဲ ကမ္မဝါစာကို ရှေးဦးစွာ ရွတ်ဖတ်ခြင်းသည်လည်းကောင်း၊ ကမ္မဝါစာကို ရှေးဦးစွာရွတ်ဖတ်ပြီးနောက်မှ ဉတ်ကိုရွတ်ဖတ်ခြင်းသည်လည်းကောင်း အကာလသာဝနမည်၏။

     ဧဝံ ပန နေသံ အပရာမသနံ ဟောတိ ။ပ ။ ဉတ္တိစတုတ္ထကမ္မေ ပန ဧကံ ဉတ္တိံ ဌပေတွာ သကိမေဝ ဝါ ဒွိက္ခတ္တုံ ဝါ ကမ္မဝါစာယ အနုဿာဝနံ ကရောန္တောပိ အက္ခရံ ဝါ ပဒံ ဝါ ဆဍ္ဍေန္တောပိ ဒုရုတ္တံ ကရောန္တောပိ အနုဿာဝနံ ဟာပေတိယေဝ။ (ပရိဝါကမ္မဝဂ် အဋ္ဌကထာ၊ ၂၄၆။)

ဤသို့သော အနုဿာဝနဒေါသငါးပါးမှ လွတ်သောကံသည် အနုဿာဝနသမ္ပတ္တိမည်၏။ ဤ၌အနုဿာဝနမှာသာ အနုစ္စာရဏ ဒုရုစ္စာရဏတို့ကို ဆိုသော်လည်း ဉတ်မှာလည်း ဤနည်းအတိုင်း ယူရမည်ဟု ကျေးဇူးရှင်ဆရာတော်များ သာမညယူတော်မူ၏။ ငါတို့ကား ဉတ္တိ အပရာမသနတွင် ယင်းအနုစ္စာရဏ ဒုရုစ္စာရဏတို့ကို သွင်းသင့်မည်ထင်၏။ ယခုကာလ၌ ယင်းဒုရုစ္စာရဏကား ပွဲတိုင်းလိုပင် တွေ့ရချေ၏။
အနုဿာဝနဒေါသဋီကာ ပြီး၏ ။