သိဒ္ဓတ္ထဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၁၆- သိဒ္ဓတ္ထဗုဒ္ဓဝင်

၁၆-သိဒ္ဓတ္ထဗုဒ္ဓဝင်

     ဓမ္မဒဿီမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် ကပ်ကမ္ဘာပေါင်း (၁၇ဝ၆) တထောင့်ခုနစ်ရာ ခြောက်ကမ္ဘာ လွန်မြောက်ကာ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကိုးဆယ့်လေး ကမ္ဘာထက်၌ သိဒ္ဓတ္ထအမည်ရှိသော မြတ်စွာဘုရား တဆူတည်းသာ ပွင့်တော်မူ၏။

     ထိုသိဒ္ဓတ္ထ မြတ်စွာဘုရား၏ အကြောင်းအရာသော်ကား.. ထိုကိုးဆယ့်လေးခုမြောက် ကမ္ဘာဝယ် လူတို့ အသက်တမ်း အသင်္ချေယျတမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်တသိန်းတမ်းသို့ ရောက်သောအခါ သိဒ္ဓတ္ထမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ဆင်းသက်ကာ ဝေဘာရနေပြည်တော် ဥဒေနမင်းကြီး၏



၄၅၂

သုဖဿာ အမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ ဝီရိယအမည်ရှိသော ဥယျာဉ်၌ ဖွားမြင်တော်မူ၏။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

အလောင်းတော်မင်းသား ဖွားမြင်သောအခါ သူခပ်သိမ်းတို့ အားထုတ် ပြုလုပ်အပ်သော အမှုကြီးငယ်တို့သည်၎င်း၊ လိုလား တောင့်တအပ်သော အကျိုးတို့သည်၎င်း အောင်မြင်ပြီးစီးခြင်းသို့ ရောက်ကြသောကြောင့် အမည်မှည့်သောနေ့ဝယ် အလောင်းတော်မင်းသားကို နိမိတ်ဖတ် ပညာရှိတို့နှင့် ဆွေမျိုးအပေါင်းတို့က သိဒ္ဓတ္ထမင်းသားဟူ၍ အမည်မှည့်ကြလေကုန်သည်။

ထီးနန်း စိုးစံတော်မူခြင်း

     အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် အရွယ်သို့ရောက်သောအခါ (၁) ကောကမည်သော ရွှေနန်းဆောင်၊ (၂) သုပ္ပလမည်သော ရွှေနန်းဆောင်၊ (၃) ကောကနဒမည်သော ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သောမနဿဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၄၈၀၀၀) လေးသောင်း ရှစ်ထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၁၀၀၀၀) တသောင်းတို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး၍ သောမနဿဒေဝီ မိဖုရားကြီးမှ အနုပမအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ဝါဆိုလပြည့်နေ့၌ ရွှေထမ်းစင်ကိုစီးလျက် တောထွက်တော်မူပြီးလျှင်



၄၅၃

ဝီရိယဥယျာဉ်သို့သွား၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ကုဋေတသိန်းမျှသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။

ဘုရားဖြစ်တော်မူခြင်း

     သိဒ္ဓတ္ထမြတ်စွာဘုရား အလောင်းတော်သည် ထိုကုဋေတသိန်းသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ဆယ်လကြာအောင် ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ အသဒိသပုဏ္ဏားရွာ သုနေတ္တာအမည်ရှိသော ပုဏ္ဏေးပျိုမ လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ဆီးတောကြီးအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်းကြွတော်မူရာ လမ်းခရီးအကြား၌ ဝရုဏအမည်ရှိသော မုယောခင်း (ဂျုံခင်း)စောင့်သူ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ ဗောဓိ (မဟာလှေကား)ပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် အတောင် (၄ဝ) လေးဆယ် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင် ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူသည်။

တရားပွဲကြီး သုံးကြိမ်

     သိဒ္ဓတ္ထမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် ဗောဓိ (မဟာလှေကား)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစားဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ကြသည့် ကုဋေတသိန်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင်



၄၅၄

ရှေးနည်းအတူ မဟာဗောဓိပင်မှ (၁၈) တဆယ့်ရှစ်ယူဇနာ ဝေးကွာသည့် မိဂဒါဝုန်တောအရပ်၌ ထိုရဟန်းတို့ နေကြသည်ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူလေသည်။

     ထိုအခါ ကုဋေတသိန်းသော ရဟန်းတို့သည် သိဒ္ဓတ္ထမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးကပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် (ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း) ဝတ်ကြီးဝတ်ငယ်ကိုပြုစုကာ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့် လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို အစအဦးပြုကာ တရားနာလာရောက်ကြသူ နတ်လူတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောကြားတော်မူလေသော် ကုဋေတသိန်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သိဒ္ဓတ္ထမြတ်စွာဘုရားသည် ဘီမရထမြို့တော် ဘီမရထမင်း ပင့်ဖိတ်ချက်အရ ဘီမရထမြို့သို့ ကြွသွားပြီးလျှင် မြို့တော်၏အလယ်၌ တင့်တယ်ခမ်းနားစွာ စီမံဆောက်လုပ်၍ ထားအပ်သော မင်းကွန်း၌ သီတင်းသုံးနေတော်မူကာ ကရဝိက်ငှက်မင်း ဗြဟ္မာမင်းတို့၏ အသံနှင့်တူစွာ သာသာယာယာ နားချမ်းသာ၍ ပညာရှိတို့၏နှလုံးသို့ သက်ဝင်စေနိုင်သော အသံတော်ဖြင့် အရပ်ဆယ်မျက်နှာကို ပျံ့နှံ့စေလျက် တရားတည်းဟူသော အမြိုက်စည်ကြီးကို တီးခတ်တော်မူ၏။ ထိုအခါ ကုဋေကိုးဆယ်သော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် သိဒ္ဓတ္ထ မြတ်စွာဘုရားသည် ဖွားတော်မူရာ ဝေဘာရမြို့တော်သို့ ကြွသွားကာ ဆွေမျိုးတို့၏ အစည်းအဝေး၌ ခမည်းတော် ဥဒေနမင်းကြီး အမှူးပြုသော



၄၅၅

ဆွေတော်မျိုးတော် အပေါင်းတို့အား ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     သိဒ္ဓတ္ထမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဌမအကြိမ် နတ်တို့စံရာ တာဝတိံသာနတ်မြို့ကဲ့သို့ ရှုချင်စဖွယ် တင့်တယ်လှသော အမရမြို့တော်၌ အဂ္ဂသာဝကအလျာ ဖြစ်ကြသည့် သမ္ဗလမင်းသားနှင့် သုမိတ္တမင်းသား ညီနောင်နှစ်ဦးတို့သည် ငါတို့မြတ်စွာဘုရား လက်ထက်တော်အခါ ဝေသာလီပြည် လိစ္ဆဝီမင်းတို့ကဲ့သို့ အတူတကွ မင်းပြုကြကုန်၏။ ထိုအခါ သိဒ္ဓတ္ထမြတ်စွာဘုရားသည် ထိုမင်းနှစ်ဦးတို့၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသည်၏အဖြစ်ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပြီးလျှင် အမရမြို့၏အလယ်၌ ဆင်းသက်တော်မူလျက် တရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်းဆာဆင်အပ်သော ညီညွတ်သော အပြင်ရှိသည့် ဖဝါးတော်တို့ဖြင့် မြေအပြင်ကို ဖိနှိပ်သကဲ့သို့ အရိုအသေပြုထိုက်သော ခြေတော်ရာ (ပဒစေတီ)တို့ကိုပြ၍ အမရဥယျာဉ်သို့ ကြွသွားတော်မူကာ ကျောက်ဖျာအပြင်၌ ရွှေစင်ရုပ်တုပမာ တင့်တယ်စွာ သီတင်းသုံးနေတော်မူ၏။

     ထိုအခါ မင်းညီနောင် နှစ်ပါးတို့သည် မြတ်စွာဘုရား၏ ခြေတော်ရာ (ပဒစေတီ)တို့ကို မြင်၍ မြတ်စွာဘုရား ကြွတော်မူရာသို့ အစဉ်တစိုက် ခြေရာခံလိုက်ကြလျက် ပရိသတ် အခြံအရံနှင့်တကွ မြတ်စွာဘုရားသို့ ချဉ်းကပ်ရိုသေစွာ ရှိခိုး၍ ဝိုင်းဝန်းခြံရံကာ ထိုင်နေကြကုန်၏။ မြတ်စွာဘုရားသည် ထိုသူတို့၏ အလိုဆန္ဒ, အာသယနှင့် လိုက်လျောသော တရားဒေသနာကို



၄၅၆

ဟောတော်မူသည်ရှိသော် ပရိသတ်အခြံအရံနှင့် တကွသော ထိုမင်းညီနောင်တို့သည် တရားစကား ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွါးကြကာ အလုံးစုံပင်လျှင် ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏၊ ထိုကုဋေတရာသော ရဟန်းတို့၏ အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ပဌမ သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ ဝေဘာရမြို့ ဆွေတော်မျိုးတော်တို့၏ အစည်းအဝေးတွင် ရဟန်းပြုကြသော ကုဋေကိုးဆယ်သော ရဟန်းတို့၏ အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ သုဒဿနကျောင်းတိုက်ကြီးတွင် စည်းဝေးမိကြသော ကုဋေရှစ်ဆယ်သော ရဟန်းတို့၏အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်းတော် မင်္ဂလရသေ့ဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် သုရသေနမြို့၌ ဗေဒင်ကျမ်းရင်းနှင့်တကွ အစိတ်စိတ်သော ဝေဒကျမ်းတို့၌ ကမ်းတဖက်ရောက် တတ်မြောက်လိမ္မာသည့် မင်္ဂလအမည်ရှိသော ပုဏ္ဏားဖြစ်၍ မိမိပိုင် ကုဋေပေါင်းများစွာ အရေအတွက် ရှိသော ဥစ္စာစုကို သူဆင်းရဲ ကိုးကွယ်ရာမဲ့သူ စသည်တို့အား စွန့်ကြဲလှူဒါန်းခဲ့၍ ဝိဝေက၌ နှစ်ခြိုက်ပျော်ပိုက်သော စိတ်ရှိရကား



၄၅၇

ရှင်ရသေ့ပြုပြီးလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ သူတပါးတို့ မနှိပ်စက်နိုင်သည့် ထက်မြက်သော တန်းခိုးအာနုဘော်နှင့် ပြည့်စုံကာနေစဉ် “လောက၌ သိဒ္ဓတ္ထမြတ်စွာဘုရား ပွင့်တော်မူပြီ”ဟု သတင်းစကား ကြားသိရ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်မြတ်နိုး ရှိခိုးပြီးသောအခါ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရလျှင် အလွန်ကြည်ညိုသော စိတ်ရှိသဖြင့် မိမိ၏ တန်းခိုးအာနုဘော်ဖြင့် ဇမ္ဗူ့သပြေပင်မှ အသီးကို ဆောင်ယူခဲ့၍ သုရသေနကျောင်း၌ သီတင်းသုံး နေတော်မူစေပြီးလျှင် တပည့်သံဃာ ကုဋေကိုးဆယ် အခြံအရံရှိသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ဇမ္ဗူ့သပြေသီးတို့ဖြင့် ဆက်ကပ်ကျွေးမွေး နှစ်သိမ့်စေလေသည်။ ထိုအခါ သိဒ္ဓတ္ထမြတ်စွာဘုရားသည် လှူဒါန်းအပ်သော သပြေသီးတို့ကို ခံယူဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် “ဤမင်္ဂလရသေ့သည် ဤကမ္ဘာမှနောက် ကိုးဆယ့်လေးကမ္ဘာမြောက်၌ ဂေါတမအမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ် ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     သိဒ္ဓတ္ထမြတ်စွာဘုရား၏ ဗျာဒိတ်စကားကြားရလျှင် အလောင်းတော် မင်္ဂလရသေ့သည် အလွန်ကြည်ညိုသော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     သိဒ္ဓတ္ထမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ဝေဘာရမြို့တော်ဖြစ်၍ ခမည်းတော်မှာ ဥဒေနမင်းကြီး, မယ်တော်မှာ သုဖဿာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၁၀၀၀၀) တသောင်းဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ ကောကမည်သော ရွှေနန်းဆောင်, သုပ္ပလမည်သော ရွှေနန်းဆောင်, ကောကနာဒမည်သော ရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။



၄၅၈

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၄၈၀၀၀) လေးသောင်း ရှစ်ထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် သောမနဿဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ အနုပမမင်းသား ဖြစ်သည်။

     နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ ထမ်းစင်ယာဉ် ဖြစ်ပြီးလျှင် ဆယ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     မြတ်သော အဂ္ဂသာဝကအစုံတို့မှာ သမ္ဗလမထေရ်နှင့် သုမိတ္တမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ရေ၀တမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံတို့မှာ သီဝလာထေရီမနှင့် သုရာမာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ မဟာလှေကားပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သုပ္ပိယသူဌေးနှင့် သမုဒ္ဒသူဌေးတို့ ဖြစ်ကြ၍ မြတ်သောအလုပ်အကျွေး ဒါယိကာမတို့မှာ ရမ္မာဥပါသိကာမနှင့် သုရမ္မာဥပါသိကာမတို့ ဖြစ်ကြသည်။

     သိဒ္ဓတ္ထမြတ်စွာဘုရား၏ အရပ်တော်သည် အတောင် (၆၀) ခြောက်ဆယ်မြင့်သည်ဖြစ်၍ ပူဇော်ဖွယ်ရာ စီမံထားအပ်သော ရတနာတိုင်ကြီးသဖွယ် တသောင်းသော လောကဓာတ်တိုက်နယ်တွင် တင့်တယ်တော်မူပေ၏။

     အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော အတုမရှိ ပြိုင်ဖက်ပုဂ္ဂိုလ်ကင်း၍ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် အနှစ်တသိန်းတို့ပတ်လုံး လောက၌ တည်တော်မူ၏။

     ထိုသိဒ္ဓတ္ထ မြတ်စွာဘုရားသည် ပြန့်ပြောများပြားစွာသော ကိုယ်တော်ရောင် ဉာဏ်တော်ရောင်တို့ကို ပြတော်မူလျက်၎င်း, တပည့်သားတော်တို့ကို မဂ်ဖိုလ်တရား ကားကားစွင့်စွင့် ပွင့်စေတော်မူလျက်၎င်း, လောကီလောကုတ္တရာ နှစ်ဖြာသော



၄၅၉

သမာပတ်ဖြင့် နှစ်သက်စဖွယ် တင့်တယ်ကွန့်မြူစေလျက်၎င်း တပည့်များစွာ ရဟန္တာအရှင်မြတ်တို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူလေပြီ။

စေတီတော်

     ဤသို့လျှင် ရဟန်းမင်းမြတ် ဖြစ်တော်မူသော သိဒ္ဓတ္ထ မြတ်စွာဘုရားသည် ကဉ္စနဝေဠမြို့အနီး အနောမအမည်ရှိသော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန် စံလွန်တော်မူ၏၊ ထိုဥယျာဉ်ကြီးအတွင်း၌ပင် ရှေး ဆိုအပ်ပြီးသည့်နည်းအတိုင်း တည်ထားအပ်သည့် သိဒ္ဓတ္ထ မြတ်စွာဘုရား၏ ရတနာအတိပြီးသော စေတီတော်ကြီးမှာ လေးယူဇနာ အမြင့်ရှိလေသည်။

သိဒ္ဓတ္ထဗုဒ္ဓဝင် ပြီး၏။

**********