သာလိကေဒါရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၈၄။ သာလိကေဒါရဇာတ် (၁)


ပကိဏ္ဏကနိပါတ်

၁။ ကေဒါရဇာတ်

မိဘကို လုပ်ကျွေးခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သမ္ပန္နံ သာလိကေဒါရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေဒါရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထုသည် သုဝဏ္ဏသာမဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ အထူးကား- သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် လူတို့ကိုလုပ်ကျွေးသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ထိုလူတို့သည် သင်နှင့် အသို့တော်ကုန်သနည်းဟု မေးတော်မူ၍ အရှင်ဘုရား အကျွန်ုပ် မိဘတို့တည်းဟု နားတော် လျှောက်သည်ရှိသော် ရဟန်း ကောင်းစွ ကောင်းစွ၊ ရှေးပညာရှိတို့သည် တိရစ္ဆာန်အဖြစ်ဖြင့် ကျေးမျိုး၌ ဖြစ်ကုန်၍လည်း အိုမင်းကုန်သော မိဘတို့ကို အသိုက်၌အိပ်စေ၍ နှုတ်သီးဖြင့် အစာကိုဆောင်လျက် မွေးဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ထိုအခါ မြို့မှ အရှေ့မြောက်အရပ်၌ သာလိဒ္ဒိယမည်သော ပုဏ္ဏားရွာသည် ရှိ၏။ ထိုသာလိဒ္ဒိယ ပုဏ္ဏားရွာ၏ အရှေ့မြောက်အရပ်၌ မဂဓလယ်သည် ရှိ၏။ ထိုမဂဓလယ်၌ ကောသိယ ဂေါတ္တမည်သော သာလိဒ္ဒိယရွာနေ ပုဏ္ဏားသည် ပယ်တထောင် အတိုင်းအရှည်ရှိသော လယ်ကိုယူ၍ သလေးကိုပျိုး၏။ ကောက်ပင်ထသည်ရှိသော် စည်းစောင်ရန်းကို မြဲမြံစွာပြု၍ အချို့သောသူအား ပယ်ငါးဆယ် အတိုင်းအရှည်ရှိသော လယ်ကို၎င်း၊ အချို့သောသူအား ပယ်ခြောက်ဆယ် အတိုင်းအရှည်ရှိသော လယ်ကို၎င်း ဤသို့ ပယ်ငါးရာ အတိုင်းအရှည်ရှိသော လယ်ကို မိမိလူတို့အားလျှင် စောင့်ရှောက်စိမ့်သောငှါ ပေး၍ ကြွင်းသော ပယ်ငါးရာ အတိုင်းအရှည်ရှိသော လယ်ကို အခစားပြုလုပ်သော တယောက်သော သူရင်းငှါးအား ပေး၏။ ထိုသူရင်းငှါးသည်လည်း ထိုလယ်၌ ကုဋိကိုပြု၍ ညဉ့်နေ့ပတ်လုံး နေ၏။

လယ်၏ အရှေ့မြောက်အရပ် အဘို့တို့၌ကား တခုသော မြေနှင့်ရောသောတောင်၌ ကြီးစွာသော လက်ပံတောသည် ရှိ၏။ ထိုလက်ပံတော၌ များစွာကုန်သော ကျေးအပေါင်းတို့သည် နေကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုကျေးအပေါင်း၌ ကျေးမင်း၏ သားအဖြစ်ဖြင့် ဖြစ်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ ရောက်လတ်သော် အလွန် အဆင်းလှ၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ လှည်းပုံတောင်း ပမာဏရှိသော ကိုယ်ရှိ၏။ ထိုအခါ ဘုရားလောင်း အဖကျေးမင်းသည် အိုသောကာလ၌ ငါသည် ယခုအခါ အဝေးသို့ သွားခြင်းငှာ မတတ်နိုင်ပြီ၊ သင်ချစ်သားသည် ဤကျေးအပေါင်းကို ဆောင်လော့ဟု ဘုရားလောင်းအား ကျေးအပေါင်းကို ဆောင်နှင်း၏။ ထိုဘုရားလောင်းသည် နက်ဖြန်နေ့မှစ၍ မိဘတို့အား အစာရှာသွားစိမ့်သောငှါ မပေး၊ ကျေးအပေါင်းကို ဆောင်လျက် ဟိမဝန္တာသို့သွား၍ အလိုလိုဖြစ်သော သလေးတော၌ အလိုရှိတိုင်း သလေးကိုစား၍ လာသောကာလ၌ မိဘတို့အား လောက်အောင် အစာကိုဆောင်ခဲ့၍ မိဘတို့အား ပေး၏။

ထိုအခါ တနေ့သ၌ ကျေးတို့သည် ရှေး၌ ဤအခါ မဂဓလယ်၌ သလေးတို့သည် မှည့်ကုန်၏။ ယခုအခါ အဘယ်သို့ဖြစ်ကုန်သနည်းဟု ဘုရားလောင်းအား ကြားကုန်၏။ ထိုသို့တပြီးကား စုံစမ်းကြကုန်လော့ဟု နှစ်ခုကုန်သော ကျေးတို့ကို စေ၏။ ထိုကျေးတို့သည် သွား၍ မဂဓလယ်၌ သက်ကုန်သည်ရှိသော် ထိုအခစား စောင့်သော ယောက်ျားလယ်၌ သက်ကုန်၏။ သလေးကို စားပြီးလျှင် တခုသောသလေးနှံကိုယူခဲ့၍ လက်ပံတောသို့ သွား၍ သလေးနှံကို ဘုရားလောင်း ခြေရင်း၌ထား၍ မဂဓလယ်၌ သလေးသည် ဤသို့သဘောရှိ၏ဟု ဆိုကုန်၏။ ဘုရားလောင်းသည် နက်ဖြန်နေ့၌ ကျေးအပေါင်း ခြံရံလျက် ထိုမဂဓလယ်တောသို့ သွား၍ ထိုအခစား စောင့်သော ယောက်ျားလယ်၌ သက်၏။

ထိုသူရင်းငှါး ယောက်ျားသည်ကား သလေးကို စားကုန်သော ကျေးတို့ကိုမြင်၍ ထိုမှဤမှ ပြေးသဖြင့် မြစ်ငြားသော်လည်း မြစ်ခြင်းငှာ မတတ်နိုင်၊ ကြွင်းကုန်သော ကျေးတို့သည် အလိုရှိတိုင်း သလေးကိုစား၍ အချည်းနှီးသော နှုတ်သီးရှိသည်ဖြစ်၍လျှင် ပျံကုန်၏။ ဘုရားလောင်း ကျေးမင်းသည်ကား များစွာကုန်သော သလေးနှံတို့ကို တပေါင်းတည်းပြု၍ ကျေးအပေါင်းတို့သည် ခြံရံလျက်ဆောင်၍ မိဘတို့အား ပေး၏။ ကျေးတို့သည် နက်ဖြန်နေ့မှစ၍ ထို့အတူသာလျှင် သလေးကို စားကုန်၏။ ထိုအခါ သူရင်းငှါးယောက်ျားသည်လည်း သလေးကို စားကုန်သော ကျေးတို့ကိုမြင်၍ ထိုမှဤမှပြေးသဖြင့် မြစ်ငြားသော်လည်း မြစ်အံ့သောငှါ မတတ်နိုင်၍ ဤကျေးတို့သည် တပါးသော နှစ်ရက်သုံးရက်ပတ်လုံး ဤသို့ အကယ်၍ စားကုန်အံ့။ တစုံတခုသော ကောက်သည် မဖြစ်လတ္တံ့၊ ပုဏ္ဏားသည် သလေးကို အဘိုးဖြတ်စေ၍ ငါ့အား မြီကိုပြုလတ္တံ့၊ သွား၍ ထိုပုဏ္ဏားအား ကြားအံ့ဟု သူရင်းငှါး ယောက်ျားသည် သလေးဆုပ်နှင့်တကွ ထိုပုဏ္ဏားအားလျော်သော လက်ဆောင်ကို ယူ၍ သာလိဒ္ဒိယရွာသို့ သွား၍ ပုဏ္ဏားကိုမြင်လျှင် ရှိခိုးလျက် လက်ဆောင်ကိုပေး၍ တင့်အပ်သောအရပ်၌ တည်သည်ရှိသော် အို ယောက်ျား သလေးလယ်သည် ပြည့်စုံ၏လောဟု မေးသည်ရှိသော် ပုဏ္ဏား ပြည့်စုံ၏ဟု ဆို၍ ကျေးတို့ စားယူသော အကြောင်းကို ကြားလိုရကား-

။ သမ္ပန္နံ သာလိကေဒါရံ၊ သုဝါ ဘုဉ္ဇန္တိ ကောသိယ။
ပဋိဝေဒေမိ တေ ဗြဟ္မေ၊ န တံ ဝါရေတု မုဿဟေ။
။ ဧကော စ တတ္ထ သကုဏော၊ ယော တေသံ သဗ္ဗသုန္ဒရော။
ဘုတွာ သာလိံ ယထာကမံ၊ တုဏ္ဍေနာဒါယ ဂစ္ဆတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁။ ကောသိယ၊ ကောသိယ အနွယ်ဖြစ်သော။ ဗြဟ္မေ၊ ပုဏ္ဏား။ သာလိကေဒါရံ၊ သလေးလယ်သည်။ သမ္ပန္နံ၊ ပြည့်စုံ၏။ တံ၊ ထိုသလေးကို။ သုဝါ၊ ကျေးတို့သည်။ ဘုဉ္ဇန္တိ၊ စားကုန်၏။ အဟံ၊ ငါသည်။ တေ၊ သင့်အား။ ပဋိဝေဒေမိ၊ ကြား၏။ တံ၊ ထိုကျေးအပေါင်းကို။ ဝါရေတုံ၊ မြစ်ခြင်းငှါ။ န ဥဿဟေ၊ မစွမ်းနိုင်။

၂။ တတ္ထ၊ ထိုကျေးအပေါင်းတို့တွင်။ ဧကော၊ တခုသော။ တေသံ၊ ထိုကျေးတို့ထက်။ သဗ္ဗသုန္ဒရော၊ နီသောနှုတ်သီး, ချင်ရွေးစေ့နှင့် တူသောမျက်စိ, နီသောခြေ, နီသော လည်ရေးသုံးရစ်တို့ဖြင့် ရံအပ်သော ဥဒေါင်းကြီး ပမာဏရှိသော ကိုယ်ရှိခြင်းဟူသော အလုံးစုံသော အဘို့တို့ဖြင့် ကောင်းသော။ ယော သကုဏော၊ အကြင်ကျေးသည်။ အတ္ထိ၊ ရှိ၏။ သော သကုဏော၊ ထိုကျေးသည်။ ယထာကာမံ၊ အလိုရှိတိုင်း။ သာလိံ၊ သလေးကို။ ဘုတွာ၊ စား၍။ တုဏ္ဍေန၊ နှုတ်သီးဖြင့်။ အာဒါယ၊ ယူ၍။ ဂစ္ဆတိ၊ သွား၏။

ပုဏ္ဏားသည် ထိုလယ်စောင့်ယောက်ျား စကားကို ကြားလျှင် ကျေးမင်း၌ ချစ်ခြင်းကိုဖြစ်စေ၍ လယ်စောင့်ကို အို ယောက်ျား ကျော့ကွင်းကို ထောင်ခြင်းငှါ သိ၏လောဟု မေး၏။ သိ၏ဟု ဆို၏။ ထိုအခါ ထိုလယ်စောင့်ကို -

။ ဥဇ္ဈန္တု ဝါဠပါသာနိ၊ ယထာ ဗဇ္ဈေထ သော ဒိဇော။
ဇီဝဉ္စ နံ ဂဟေတွာန၊ အာနယေဟိ မမန္တိကေ။

ဟူသော ဤဂါထာကို ဆို၏။

၃။ ဘော ပုရိသ၊ အို ယောက်ျား။ ယထာ၊ အကြင်သို့သော အခြင်းအရာဖြင့် ထောင်သည်ရှိသော်။ သော ဒိဇော၊ ထိုငှက်ကို။ ဗဇ္ဈေထ၊ မိရာ၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ ဝါဠပါသာနိ၊ မြင်းမြီးကွင်းတို့ကို။ ဥဇ္ဈန္တု၊ ထောင်ကုန်လော့။ နံ၊ ထိုကျေးကို။ ဇီဝဉ္စ၊ အရှင်ကိုလည်း။ ဂဟေတွာန၊ ဖမ်းယူ၍။ မမန္တိကေ၊ ငါ့ အထံသို့။ အာနယေဟိ၊ ဆောင်ခဲ့လော။

ထိုစကားကိုကြား၍ လယ်စောင့်သည် သလေးကို အဘိုးဖြတ်၍ မြီကို မပြုသည်၏ အဖြစ်ကြောင့် နှစ်သက်ရကား သွားပြီးလျှင် မြင်းမြီးကျော့ကွင်းကို ကျစ်၍ ယနေ့ ဤအရပ်၌ သက်လတ္တံ့ဟု ကျေးမင်း သက်ရာအရပ်ကို မှတ်၍ နက်ဖြန်နေ့၌ စောစောကလျှင် အိုးစရည်းပမာဏရှိသော ချိုင့်ပြု၍ ကျော့ကွင်းကိုလည်း ထောင်ပြီးလျှင် ကျေးတို့လာခြင်းကို ကြည့်လျက် ကုဋီ၌ နေ၏။ ကျေးမင်းသည်လည်း ကျေးအပေါင်းခြံရံလျက် လာလတ်၍ အစာ၌ လျှပ်ပေါ်သောအကျင့် မရှိသည်၏အဖြစ်ကြောင့် ယမန်နေ့ စားသောအပိုင်းအခြား၌ ခြေကို ကျော့ကွင်းသို့ သွင်းလျက်လျှင် သက်၏။ ဘုရားအလောင်း ကျေးမင်းသည် မိမိအား လျော့ကွင်းမိသောအဖြစ်ကို သိ၍ ငါသည် ယခုလျင် မိသောမြည်သံကို အကယ်၍ မြည်အံ့၊ ငါ၏ဆွေမျိုးတို့သည် သေဘေးဖြင့် ထိတ်လန့်ကုန်သည်ဖြစ်၍ အစာကိုမယူမူ၍လျှင် ပျံကုန်လတ္တံ့၊ အကြင်မျှလောက် အစာကို ယူကုန်၏။ ထိုမျှလောက် သည်းခံဦးအံ့ဟု ကြံ၏။ ကြံပြီးလျှင် ဘုရားလောင်းသည် ထိုကျေးအပေါင်းတို့၏ မျှသည်၏ အဖြစ်ကို သိလျှင် သေဘေးဖြင့် ထိတ်လန့်သည်ဖြစ်၍ သုံးကြိမ် မိသောမြည်သံကို မြည်၏။ ထိုအခါ အလုံးစုံသော ကျေးတို့သည် ပျံကြကုန်၏။ ကျေးမင်းသည် ဤမျှအတိုင်းအရှည်ရှိကုန်သော ဆွေမျိုးတို့တွင် ပြန်၍ကြည့်သော တခုသော ဆွေမျိုးမည်သည်လည်း မရှိ၊ ငါသည် အဘယ်မကောင်းမှုကို ပြုခဲ့ဘူးသနည်းဟု မြည်တမ်းလိုရကား-

။ ဧတေ ဘုတွာ ပိဝိတွာ စ၊ ပက္ကမန္တိ ဝိဟင်္ဂမာ။
ဧကော ဗဒ္ဓေါသ္မိ ပါသေန၊ ကိံ ပါပံ ပကတံ မယာ။

ဟူသော ဤဂါထာကို ဆို၏။

၄။ ဧတေ ဝိဟင်္ဂမာ၊ ထိုငှက်တို့သည်။ ဘုတွာ စ၊ စား၍၎င်း။ ပိဝိတွာ စ၊ သောက်၍၎င်း။ ပက္ကမန္တိ၊ ဖဲကုန်၏။ ဧကော၊ တခုသော ငါ့ကို။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗဒ္ဓေါ၊ မိသည်။ အသ္မိ၊ ဖြစ်၏။ မယာ၊ ငါသည်။ ကိံ ပါပံ၊ အဘယ်မကောင်းမှုကို။ ပကတံ၊ ပြုခဲ့ဘူးသနည်း။

လယ်စောင့်သည် ကျေးမင်း၏ မိသော မြည်သံကို၎င်း ကျေးအပေါင်းတို့၏ ကောင်းကင်သို့ချီသော အသံကို၎င်း ကြား၍ အသို့နည်းဟု ကုဋိမှသက်ဖြင့် ထိုအရပ်သို့ သွားလျှင် ကျေးမင်းကိုမြင်၍ အကြင် ကျေးမင်းအားလျှင် ကျော့ကွင်းကိုထောင်၏။ ထိုကျေးမင်းကိုလျှင် မိ၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ကျေးမင်းကို ကျော့ကွင်းမှ ဖြေပြီးလျှင် ခြေနှစ်ချောင်းတို့ကို တပေါင်းတည်းဖွဲ့လျက် မြဲစွာယူ၍ သာလိဒ္ဒိယရွာသို့ သွား၍ ကျေးမင်းကို ပုဏ္ဏားအား ပေး၏။ ပုဏ္ဏားသည် အားကြီးစွာသော ချစ်ခြင်းဖြင့် ဘုရားလောင်းကို လက်နှစ်ဘက်ဖြင့် မြဲစွာကိုင်၍ ရင်ခွင်၌ နေစေပြီးလျှင် ဘုရားလောင်းနှင့်တကွ စကားပြောဟောလိုရကား-

။ ဥဒရံ နူန အညေသံ၊ သုဝ အစ္စောဒရံ တဝ။
ဘုတွာ သာလိံ ယထာကာမံ၊ တုဏ္ဍေနာဒါယ ဂစ္ဆသိ။
။ ကောဋ္ဌံ နု တတ္ထ ပူရေသိ၊ သုဝ ဝေရံ နု တေ မယာ။
ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကုဟိံ သာလိံ နိဓာဟသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၅။ သုဝ၊ အမောင်ကျေးသား။ အညေသံ၊ တပါးကုန်သော ကျေးသားတို့အား။ ဥဒရံ နူန၊ အတိုင်းအရှည်နှင့် ယှဉ်သော ဝမ်းရှိ၏ဟု ငါ အောက်မေ့၏။ တဝ၊ အမောင်ကျေး၏။ ဥဒရံ၊ ဝမ်းသည်။ အစ္စောဒရံ၊ လွန်သောဝမ်းဖြစ်ယောင်တကား။ သာလိံ၊ သလေးကို။ ယထာကာမံ၊ အလိုရှိတိုင်း။ ဘုတွာ၊ စားပြီး၍။ တုဏ္ဍေန၊ နှုတ်သီးဖြင့်။ အာဒါယ၊ ယူ၍။ ဂစ္ဆသိ၊ သွား၏။

၆။ သုဝ၊ ကျေးသား။ တတ္ထ၊ ထိုလက်ပံတော၌။ ကောဋ္ဌံ၊ ကျီကို။ ပူရေသိ နု၊ ပြည့်စေသလော။ သုဝ၊ ကျေးသား။ တေ၊ သင်သည်။ မယာ၊ ငါနှင့်။ ဝေရံ နု၊ ရန်သူ ဖြစ်သလော။ သမ္မ၊ အမောင်ကျေးသား။ ပုဋ္ဌော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော။ သာလိံ၊ သလေးကို။ ကုဟိံ၊ အဘယ်အရပ်၌။ နိဓာဟသိ၊ သိုမှီးသနည်း။

ထိုစကားကိုကြား၍ ကျေးမင်းသည် သာယာသော လူ၏ဘာသာဖြင့်-

။ န မေ ဝေရံ တယာ သဒ္ဓိံ၊ ကောဋ္ဌာ မယှံ န ဝိဇ္ဇတိ။
ဣဏံ မုဉ္စာမိဏံ ဒမ္မိ၊ သမ္ပတ္တော ကောဋသိမ္ဗလိံ။
နိဓိမ္ပိ တတ္ထ နိဒဟာမိ၊ ဧဝံ ဇာနာဟိ ကောသိယ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ့အား။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ န ဝေရံ၊ ရန်မရှိ။ မယှံ၊ ငါ့အား။ ကောဋ္ဌာ၊ ကျီသည်။ န ဝိဇ္ဇတိ၊ မရှိ။ အဟံ၊ ငါသည်။ ဣဏံ၊ မြီးဟောင်းကို။ မုဉ္စာမိ၊ ဆပ်သဖြင့် လွတ်စေ၏။ ဣဏံ၊ မြီသစ်ကို။ ဒမ္မိ၊ ပေးချ၏။ ကောဋသိမ္ဗလိံ၊ လက်ပံတောသို့။ သမ္ပတ္တော၊ ရောက်၍။ တတ္ထ၊ ထိုလက်ပံတော၌။ နိဓိမ္ပိ၊ အစဉ်လိုက်သော ဥစ္စာရွှေအိုးကိုလည်း။ နိဒဟာမိ၊ မြှုပ်၏။ ကောသိယ၊ ကောသိယ အနွယ်ဖြစ်သော ပုဏ္ဏား။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိလော့။

ထိုအခါ ကျေးမင်းကို ပုဏ္ဏားသည်-

။ ကီဒိသံ တေ ဣဏဒါနံ၊ ဣဏမောက္ခော စ ကီဒိသော။
နိဓိနိဓာန မက္ခာဟိ၊ အထ ပါသာ ပမောက္ခသိ။

ဟူသော ဤဂါထာဖြင့် မေး၏။

၈။ သုဝ၊ ကျေးသား။ တေ၊ သင်၏။ ဣဏဒါနံ၊ မြီပေးခြင်းသည်။ ကီဒိသံ၊ အဘယ်သို့ သဘောရှိသနည်း။ ဣဏ မောက္ခော စ၊ မြီဆပ်ခြင်းသည်လည်း။ ကီဒိသော၊ အဘယ်သို့ သဘောရှိသနည်း။ နိဓိနိဓာနံ၊ ဥစ္စာ ရွှေအိုးကို မြှုပ်ခြင်းသည်။ ကီဒိသံ၊ အဘယ်သို့ သဘောရှိသနည်း။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ အထ၊ ထိုသို့ ကြားသည်ရှိသော်။ ပါသာ၊ ကွင်းမှ။ ပမောက္ခသိ၊ လွတ်လတ္တံ့။

ဤသို့ ပုဏ္ဏားမေးသည်ရှိသော် ကျေးမင်းသည် ပုဏ္ဏားအား ကြားလိုရကား-

။ အဇာတပက္ခာ တရုဏာ၊ ပုတ္တကာ မယှ ကောသိယ။
တေ မံ တထာ ဘရိဿန္တိ၊ တသ္မာ တေသံ ဣဏံ ဒဒေ။
၁၀။ မာတာပိတာ စ မေ ဝုဒ္ဓါ၊ ဇိဏ္ဏကာ ဂတယောဗ္ဗနာ။
တေသံ တုဏ္ဍေန ဟာတုန၊ မုဉ္စေ ပုဗ္ဗကတံ ဣဏံ။
၁၁။ အညေပိ တတ္ထ သကုဏာ၊ ခီဏပက္ခာ သုဒုဗ္ဗလာ။
တေသံ ပုညတ္တိကော ဒမ္မိ၊ တံ နိဓိံ အာဟု ပဏ္ဍိတာ။
၁၂။ ဤဒိသံ မေ ဣဏဒါနံ၊ ဣဏမောက္ခော စ ဤဒိသော။
နိဓိနိဓာန မက္ခာမိ၊ ဧဝံ ဇာနာဟိ ကောသိယ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၉။ ကောသိယ၊ ကောသိယ အနွယ်ဖြစ်သော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မယှံ၊ ငါ့အား။ အဇာတပက္ခာ၊ မရောက်သေးသော အတောင်ရှိကုန်သော။ တရုဏာ၊ နုကုန်သော။ ပုတ္တကာ၊ သားငယ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသားငယ်တို့သည်။ မံ၊ ငါ့ကို။ တထာ၊ ထို့အတူ။ ဘရိဿန္တိ၊ မွေးတုံ့ မွေးမြူကုန်လတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ တေသံ၊ ထိုသားငယ်တို့အား။ ဣဏံ၊ မြီသစ်ကို။ ဒဒေ၊ ပေးချ၏။

၁၀။ ကောသိယ၊ ကောသိယ အနွယ်ဖြစ်သော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ၏။ မာတာပိတာ စ၊ မိဘတို့သည်လည်း။ ဝုဒ္ဓါ၊ ကြီးကုန်ပြီ။ ဇိဏ္ဏကာ၊ အိုမင်းကုန်ပြီ။ ဂတယောဗ္ဗနာ၊ လွန်သော အရွယ်ရှိကုန်ပြီ။ တေသံ၊ ထိုမိဘတို့အား။ တုဏ္ဍေန၊ နှုတ်သီးဖြင့်။ ဟာတုန၊ ဆောင်ခဲ့၍။ ပုဗ္ဗကတံ၊ ရှေး၌ပြုအပ်သော။ ဣဏံ၊ မြီဟောင်းကို။ မုဉ္စေ၊ ဆပ်သဖြင့် လွတ်စေ၏။

၁၁။ ကောသိယ၊ ကောသိယ အနွယ်ဖြစ်သော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တတ္ထ၊ ထိုလက်ပံတော၌။ အညေပိ၊ တပါးလည်း ဖြစ်ကုန်သော။ ခီဏပက္ခာ၊ ကုန်သော အတောင်ရှိကုန်သော။ သုဒုဗ္ဗလာ၊ အလွန် အားနည်းကုန်သော။ သကုဏာ၊ ငှက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုငှက်တို့အား။ ပုညတ္ထိကော၊ ကောင်းမှုဖြင့် အလိုရှိသည်ဖြစ်၍။ ဒမ္မိ၊ ပေး၏။ တံ၊ ထိုသို့ပေးခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နိဓိံ၊ အစဉ်လိုက်သော ဥစ္စာရွှေအိုးဟူ၍။ အာဟု၊ ဆိုကုန်၏။

၁၂။ ကောသိယ၊ ကောသိယအနွယ်ဖြစ်သော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ၏။ ဣဏဒါနံ၊ မြီပေးခြင်းသည်။ ဤဒိသံ၊ ဤသို့သဘောရှိ၏။ ဣဏမောက္ခော စ၊ မြီမှ လွတ်ခြင်းသည်လည်း။ ဤဒိသော၊ ဤသို့သဘောရှိ၏။ နိဓိနိဓာနံ၊ ဥစ္စာရွှေအိုးကို မြှုပ်ခြင်းသည်။ ဤဒိသံ၊ ဤသို့သဘောရှိ၏။ ဣတိ၊ ဤသို့။ အဟံ၊ ငါသည်။ အက္ခာမိ၊ ကြား၏။ ဧဝံ၊ ဤသို့ ကြားသောအတိုင်း။ တွံ၊ သင်သည်။ ဇာနာဟိ၊ သိလော့။

ပုဏ္ဏားသည် ဘုရားလောင်း၏ တရားစကားကို ကြား၍ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍-

၁၃။ ဘဒ္ဒကော ဝတာယံ ပက္ခိ၊ ဒိဇော ပရမဓမ္မိကော။
ဧကစ္စေသု မနုဿေသု၊ အယံ ဓမ္မော န ဝိဇ္ဇတိ။
၁၄။ ဘုဉ္ဇ သာလိံ ယထောကာမံ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ပုနပိ သုဝ ပဿေမု၊ ပိယံ မေ တဝ ဒဿနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃။ အယံ ပက္ခိ၊ ဤငှက်သည်။ ဘဒ္ဒကော ဝတ၊ ကောင်းစွတကား။ အယံ ဒိဇော၊ ဤငှက်သည်။ ပရမဓမ္မိကော၊ မြတ်သောတရားကို ကျင့်စွတကား။ အယံ ဓမ္မော၊ ဤ တရားသည်။ ဧကစ္စေသု၊ အချို့ကုန်သော။ မနုဿေသု၊ လူတို့၌။ န ဝိဇ္ဇတိ၊ မရှိ။

၁၄။ သုဝ၊ ကျေးသား။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ ဆွေမျိုးတို့နှင့်။ သဟ၊ တကွ။ ယထာကာမံ၊ အလိုရှိတိုင်း။ သာလိံ၊ သလေးကို။ ဘုဉ္ဇ၊ စားလော့။ သုဝ၊ ကျေးသား။ ပုနပိ၊ တဖန်လည်း။ ပဿေမု၊ မြင်ရလိုကုန်၏။ တဝ၊ သင့်အား။ မေ၊ ငါသည်။ ဒဿနံ၊ မြင်ခြင်းကို။ ပိယံ၊ ချစ်၏။

ဤသို့ ပုဏ္ဏားသည် ဘုရားလောင်းအား တောင်းပန်၍ ချစ်စွာသော သားကိုကဲ့သို့ နူးညံ့စွာသေ စိတ်ဖြင့် ကြည့်လျက် ခြေမှ အနှောင်အဖွဲ့ကို ဖြေ၍ အကြိမ်တရာချက်သောဆီဖြင့် ခြေတို့ကိုနယ်ပြီးလျှင် ရွှေအင်းပျဉ်၌ နေစေ၏။ ထိုအခါ ပုဏ္ဏားအား ကျေးမင်းသည် ပုဏ္ဏားကြီး မမေ့မလျော့သည် ဖြစ်လော့ဟုဆို၍ အဆုံးအမကို ပေးလိုရကား-

၁၅။ ဘုတ္တဉ္စ ပီတဉ္စ တဝဿ ဗျမှိ၊
ရတ္တိဉ္စ နော ကောသိယ တေ သကာသေ။
နိက္ခိတ္တဒဏ္ဍေသု ဒဒါဟိ ဒါနံ၊
ဇိဏ္ဏေ စ မာတာပိတရော ဘရဿု။

ဟူသော ဤဂါထာကို ဆို၏။

၁၅။ ကောသိယ၊ ကောသိယ အနွယ်ဖြစ်သော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တဝ၊ သင်၏။ ဗျမှိ၊ အိမ်၌။ တေ သကာသေ၊ သင့်အထံ၌။ နော၊ ငါတို့အား။ ရတ္တိဉ္စ၊ ညဉ့်၌လည်း။ ဘုတ္တဉ္စ၊ စားခြင်းသည်၎င်း။ ပီတဉ္စ၊ သောက်ခြင်းသည်၎င်း။ အဿ၊ ဖြစ်ရာ၏။ နိက္ခိတ္တဒဏ္ဍေသု၊ ချအပ်ပြီးသော လက်နက်ရှိကုန်သော ရဟန်း ပုဏ္ဏားတို့၌။ ဒါနံ၊ အလှူကို။ ဒဒါဟိ၊ လှူလော့။ ဇိဏ္ဏေ၊ အိုကုန်သော။ မာတာပိတရော စ၊ အမိအဖတို့ကိုလည်း။ ဘရဿု၊ မွေးလော့။

ထိုစကားကို ကြား၍ ပုဏ္ဏားသည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဥဒါန်းကျူးလိုရကား-

၁၆။ လက္ခီ ဝတ မေ ဥဒပါဒိ အဇ္ဇ၊
ယော ဟံ အဒဿံ ပရမံ ဒိဇာနံ။
သုဝဿ သုတွာန သုဘာသိတာနိ။
ကဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော ဤဂါထာကို ဆို၏။

၁၆။ မေ၊ ငါ့အား။ အဇ္ဇ၊ ယနေ့။ လက္ခီ၊ ဘုန်း ပညာ ကျက်သရေသည်။ ဥဒပါဒိ ဝတ၊ ဖြစ်စွာ့တကား။ ယော အဟံ၊ အကြင် ငါသည်။ ဒိဇာနံ၊ ငှက်တို့တွင်။ ပရမံ၊ မြတ်သော ငှက်မင်းကို။ အဒဿံ၊ မြင်ရ၏။ အဟံ၊ ငါသည်။ သုဝဿ၊ ကျေးသား၏။ သုဘာသိတာနံ၊ ကောင်းစွာ ဆိုအပ်သော စကားတို့ကို။ သုတွာန၊ နာရ၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကာတာမိ၊ ပြုအံ့။

ဘုရားလောင်းသည်ကား ပုဏ္ဏားသည် မိမိအား ပေးအပ်သော ပယ်တထောင် အတိုင်း အရှည်ရှိသော လယ်ကို ပယ်၍ ရှစ်ပယ်မျှကိုလျှင် ယူ၏။ ပုဏ္ဏားသည် တိုင်စိုက်၍ ဘုရားလောင်းအား လယ်ကိုအပ်နှင်းပြီးလျှင် ပန်း, နံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ကန်တော့ပြီးလျှင် အရှင်ကျေးမင်း သွားလော့၊ မျက်ရည်စွတ်သော မျက်နှာရှိကုန်သော ငိုကြွေးကုန်သော မိဘတို့ကို နှစ်သိမ့်စေလော့ဟု ဆို၍ လွှတ်လိုက်၏။ ဘုရားလောင်းသည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ သလေးနှံကိုယူ၍ သွားသဖြင့် မိဘတို့ရှေ့မှချ၍ မိခင်ဖခင်တို့ ထလော့ဟု ဆို၏။ မျက်ရည်စွတ်သော မျက်နှာရှိကုန်သော မိဘတို့သည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ထကုန်၏။ ထိုခဏ၌လျှင် ကျေးသား အပေါင်းတို့သည် စည်းဝေးကုန်၍ အရှင်ကျေးမင်း အသို့လွတ်သနည်းဟု မေးကုန်၏။ ဘုရားလောင်းသည် ကျေးသားအပေါင်းတို့အား အလုံးစုံသော အကြောင်းကို အကျယ်အားဖြင့် ပြောဆို၏။ ကောသိယ ပုဏ္ဏားသည်လည်း ကျေးမင်းအဆုံးအမကို ကြား၍ ထိုအခါမှစ၍ တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့အား ကြီးစွာသော အလှူကို ဖြစ်စေ၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၇။ သော ကောသိယော အတ္တမနော ဥဒဂ္ဂေါ၊
အန္နဉ္စ ပါနံ အဘိသံဟရိတွာ။
အန္နေန ပါနေန ပသန္နစိတ္တော၊
သန္တပ္ပယီ သမဏဗြာဟ္မဏေ စ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသိယော၊ ကောသိယအနွယ်ဖြစ်သော။ သော၊ ထိုပုဏ္ဏားသည်။ အတ္တမနော၊ နှစ်သက်သည်ဖြစ်၍။ ဥဒဂ္ဂေါ၊ ဝမ်းမြောက်သည်ဖြစ်၍။ အန္နဉ္စ၊ ထမင်းကို၎င်း။ ပါနဉ္စ၊ အဖျော်ကို၎င်း။ အဘိသံဟရိတွာ၊ စီရင်၍။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သမဏေ စ၊ ရဟန်းတို့ကို၎င်း။ ဗြာဟ္မဏေ စ၊ ပုဏ္ဏားတို့ကို၎င်း။ အန္နေန စ၊ ထမင်းဖြင့်၎င်း။ ပါနေန စ၊ အဖျော်ဖြင့်၎င်း။ သန္တပ္ပယီ၊ ရောင့်ရဲစေပြီ။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်း ဤသို့ မိဘတို့အား လုပ်ကျွေးခြင်းမည်သည် ပညာရှိတို့၏ အနွယ်တည်းဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုမိဘတို့ကို လုပ်ကျွေးသောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား- ရဟန်း ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ကျေးအပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ မြတ်သောမင်းမျိုးတို့သည် ထိုအခါ မိဘတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ဆန္နမထေရ်သည် ထိုအခါ လယ်စောင့်ယောက်ျား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျေးမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မိဘတို့အား၊ မွေးမြူငြား၊ မှတ်သား မင်္ဂလာ

ရှေးဦးစွာသော ကေဒါရဇာတ်သည် ပြီး၏။

*****