သာလိကာမယ်-ချီ ရတု

From Wikisource
Jump to navigation Jump to search
"သာလိကာမယ်" ချီ ရတု
by စိန္တကျော်သူ ငဩ
အလောင်းမင်း မဏိပူရသို့ ချီစဉ်တွင် တောင်နန်းမတော်က ရေးစေသည်

သာလိကာမယ် သည်ဆီရွယ်၍ မိုးလယ်တိမ်ခြေ ပျံတည့်ချေလော့ လောင်းဧကရာ ဘုန်းပွင့်ဝါသည် သာသနာရေး ရန်ခိုက်မြှေးကို သုတ်ဆေးပယ်မည် ကသည်းပြည်သို့ အောင်စည်ရိုက်မွှန်း ကြည်းရေဝန်း၍ လေးကျွန်းထိန့်ဆူ ချီတော်မူသည် ရွှေဂူဝချက် ခြင်္သေ့ထွက်သို့ သားငှက်တောလုံး ပတ်ကုံးထိတ်လှ ပျပ်ဝပ်ရသို့ မြုိ့ပြတပ်ရံ ဆီးခံဖျက်ဖြို အောင်ပြီဆိုရှင့် အလိုတော်ရေး ဘယ်ရှိသေး၍ ပျံ့မွှေးစကြာ နေပြည်သာသို့ ပြန်လာလေသိ မြင်နိုင်ရှိခဲ့ သိရိမြုတေ ကြက်သရေစတုန်း မိုဃ်းနှယ်ချုန်းသည် ရွှေဘုန်း ပွင့်ကြူကြူကိုကား
မှာဘိမှာဖွယ် မှာခင်းဝယ်မူ မယ်သာလိကာ မှတ်နားနာလော အာကာမိုးယံ သည်ကပျံ၍ နိုင်ငံသူ့တိုက် တပ်တော်ဆိုက်က မဝိုင်မလည် တည်တည်ပပ ဆိုလျှောက်ရမည် သိကြာ့မြုိ့ပင် ခံနှင့်ချင်လည်း စက်ရှင်တော်ဘုန်း ကိုယ်တော်မှုန်းက ပျက်ပြုန်းမယိုင် ဘယ်ခံနိုင်အံ့ စွဲခိုင်စိတ်တွင် ကျွန်မတင်ရှင့် ညာခွင်ပြည်ရေး မပြီးသေးဟု ရန်ဘေးရှိဟန် မိန့်တော်ပြန်ခဲ့ မှန်မမှန်ချိ တတ်မသိ၍ သီရိနန်းမ စိတ်ဆူးလှဟု ဖေါ်ပြတင်ပြဲ့ လျှောက်ပေခဲ့လော့ မျဉ်းတဲ့ပြည်မှာ ပိုးစုံးသာကို စကြာဖြန့်မှုန်း စံရွှေဘုန်းသည် နေနှုန်း သင့်တူတူကိုကား
ဇာတိသာကျယ် နတ်ပြည်နှယ်သို့ အံ့ဖွယ်ပုံရာ မြို့တော်မှာလည်း ကျုံးတာပြီးပြေ ကြက်သရေတိ ဝေဝေဆင့်လောင်း တိုးတက်ကြောင်းနှင့် ရည်ညောင်းချွေချွတ် မင်းဒွတ္တဘောင် မင်းခေါင်စည်သူ ဇမ္ဗူသိမ်းခဲ့ နိုင်ငံချဲ့လည်း စစ်မဲ့စစ်ရှာ သည်ထိပ်ချာသို့ ရာဇဝင်ထဲ တွေ့ဘူးဘဲကို စစ်ပွဲပြုသ ပွေလောင်လှ၏ ကျွန်မစိတ်ယူ သို့ဖြစ်မူလည်း ဇမ္ဗူမက လေးကျွန်းရ၍ မိုးလမင်းထံ ကြယ်ပေါင်းရံသို့ စံသည်ကိုသာ မြင်ချင်ပါဟု သာလိကာလေ လျှောက်ခဲ့ပေတော့ သပြေကျွန်းတွင် ရန်မီးမြင်က စံတင်ရွှေဘုန်း မိုဃ်းစည်အုန်းသည် စွေချုန်း ရင့်ရူရူကိုကား