သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၇။ သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထု
324918ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ် — ၇။ သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၇။ အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏား ဝတ္ထု

ယံကိဉ္စိ ယိဋ္ဌံဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်၏ အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာပြည်တောင့်တ၍ ယဇ်ကြီးပူဇော်ခြင်း

အရှင်သာရိပုတြာမထေရ်သည် ထိုအဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသို့လည်း ချဉ်းကပ်၍ “ပုဏ္ဏား- အသို့နည်း၊ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှု ပြုဘိ၏လော”ဟု မိန့်တော်မူလေ၏။ “အရှင်ဘုရား- ပြုရပါ၏ဘုရား”ဟု လျှောက်ကြားလတ်သော် “အဘယ်ကောင်းမှုကို ပြုရသနည်း”ဟု မေးတော်မူပြန်သဖြင့် “ကြီးစွာသော ယဇ်ပူဇော်ခြင်းသို့ရောက်အောင် ပူဇော်ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ထိုမှနောက်၌ မေးစရာရှိသမျှကို မေးပြီးလျှင် ထိုပုဏ္ဏားကို မြတ်စွာဘုရား၏ အထံတော်သို့ ခေါ်ဆောင်၍ ထိုအကြောင်းကို လျှောက်ကြားပြီးမှ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤပုဏ္ဏားအား ဗြဟ္မာပြည်သို့ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း “ပုဏ္ဏား- ဤအတိုင်း ဟုတ်မှန်သလော”ဟု မေးတော်မူခြင်းကြောင့် “အိုရှင်ကြီးဂေါတမက ဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ပုဏ္ဏား- သင်သည် တစ်နှစ်ပတ်လုံး ယဇ်ကြီးပူဇော်ခြင်းကို ပူဇော်ခြင်းဖြင့် ပြိန်ဖျင်းသော သာမန်လူများအပေါင်းအား ပေးအပ်သောအလှူသည် ကြည်ညိုသောစိတ်ဖြင့် ငါ၏တပည့် အရိယာသာဝကတို့အား ရှိခိုးကုန်သောသူတို့သန္တာန်၌ဖြစ်သော ကုသိုလ်စေတနာ၏ လေးဖို့တစ်ဖို့မျှကိုလည်း မမီ,မထိုက်တန်”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၀၈] ယံကိဉ္စိ ယိဋ္ဌံဝ ဟုတံဝ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

လောကေ၊ လောက၌။ ပုညပေက္ခော၊ ကောင်းမှုကို အလိုရှိသည်ဖြစ်၍။ ယံ ကိဉ္စိ၊ အကြွင်းမရှိ အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ မင်္ဂလာပြုခြင်း စသည်အစွမ်းဖြင့် ကောင်းစွာလှူသော ယဇ်ကြီးကိုလည်းကောင်း။ ဟုတံ ဝါ၊ စီမံပြုအပ် ဧည့်သည်မြတ်အား ဆက်ကပ်သွယ်သွယ် လှူသောယဇ်ငယ်ကိုလည်းကောင်း။ ဝါ၊ ကံနှင့်အကျိုး အားကိုးကြည်ဖြူ ပြုအပ်သော အလှူကိုလည်းကောင်း။ သံဝစ္ဆရံ၊ တစ်နှစ်ပတ်လုံး။ မဟာဇနဿပိ၊ စက္ကဝါကုန် အလုံးစုံစုဆောင်း သာမန်လူအပေါင်းအားသော်လည်း။ ယဇေထ၊ လှူဒါန်းကော်ရော် ပူဇော်ငြားအံ့။ တံ သဗ္ဗမ္ပိ၊ ထိုအလုံးစုံသော ယဇ်ကြီးယဇ်သေး လှူပေးဒါန ဟူသမျှသည်လည်း။ ဥဇ္ဇုဂတေသု၊ ဖြောင့်ဖြောင့်မတ်မတ် ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့၌။ အဘိဝါဒနာ-အဘိဝါဒနာယ၊ ရှိခိုးခြင်း ကုသိုလ်စေတနာ၏။ စတုဘာဂံ၊ လေးဖို့တစ်ဖို့ကို။ န ဧတိ၊ မမီ,မထိုက်တန်။ တသ္မာ၊ ထို့ကြောင့်။ အဘိဝါဒနမေဝ၊ အရိယာပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုပုဏ္ဏားမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏားဝတ္ထုပြီး၏။