သာရိပုတ္တတ္ထေရဝတ္ထု -၇

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂၇။ သာရိပုတ္တတ္ထေရဝတ္ထု
325512ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၂၇။ သာရိပုတ္တတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၂၇။ အရှင်သာရိပုတ္တရာမထေရ် ဝတ္ထု

အာသာ ယဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတ္တရာအား ပစ္စည်းတဏှာကင်းကြောင်း

အရှင်သာရိပုတ္တရာ မထေရ်သည် ငါးရာသော ရဟန်းအပေါင်းခြံရံလျက် ဇနပုဒ်၌ တစ်ခုသောကျောင်းသို့ သွားပြီးလျှင် ဝါကပ်တော်မူလေ၏။ လူတို့သည် ရှင်သာရိပုတ္တရာကို မြင်ကြလျှင် များစွာသော ဝါဆိုသင်္ကန်းကို ဝန်ခံကြလေကုန်၏။ ရှင်သာရိပုတ္တရာမထေရ်သည် ပဝါရဏာပြုပြီး၍ အလုံးစုံသော ဝါဆိုသင်္ကန်း မရောက်မီသာလျှင် မြတ်စွာဘုရား၏အထံတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် ရဟန်းတို့ကို “ပဉ္စင်းငယ်တို့ အလို့ငှာလည်းကောင်း၊ သာမဏေတို့ အလို့ငှာလည်းကောင်း လူတို့သည် ဝါဆိုသင်္ကန်းကို ဆောင်ယူလာသည်ရှိသော် ယူ၍ ပို့လိုက်ကြပါကုန်လော့၊ သို့တည်းမဟုတ် သိမ်းထား၍ သတင်းစကားကိုလည်း ပို့လိုက်ကြပါကုန်လော့”ဟူ၍ မှာထားမြွက်ကြား၍သာလျှင် မြတ်စွာဘုရား၏အထံတော်သို့ ကြွသွားတော်မူလေ၏။ ထိုအခါ ရဟန်းတို့သည် “ယခု၌ပင် ရှင်သာရိပုတ္တရာမထေရ်အား တပ်ခြင်းတဏှာသည် ရှိသေးယောင်တကား၊ ထို့ကြောင့်သာလျှင် လူတို့သည် ဝါဆိုသင်္ကန်း လှူလာသည်ရှိသော် မိမိ၏ သဒ္ဓိဝိဟာရိက တပည့်တို့အလို့ငှာ ဝါဆိုသင်္ကန်းကို ပို့လိုက်ကြပါကုန်လော့၊ သို့တည်းမဟုတ် သိမ်းထား၍ သတင်းစကားကိုမူလည်း ပို့လိုက်ကြပါကုန်လော့ဟူ၍ ရဟန်းတို့အား မှာထား မြွက်ကြားပြီးမှ မြတ်စွာဘုရား၏ အထံတော်သို့ ကြွလေဘိ၏တကား”ဟူသော စကားကိုဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သား သာရိပုတ္တရာအား တပ်ခြင်းတဏှာသည် မရှိပြီ။ “သူတို့အားလည်း ကောင်းမှုမှ မဆုတ်ယုတ်ပါစေလင့်၊ ပဉ္စင်းငယ် သာမဏေတို့အားလည်း တရားနှင့်လျော်သော လာဘ်မှ ဆုတ်ယုတ်ခြင်း မဖြစ်စေလင့်”ဟု နှလုံးသွင်း၍သာလျှင် ထိုသာရိပုတ္တရာသည် ဆိုအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၄၁၀] အာသာ ယဿ န ဝိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။
နိရာသာသံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသာ၊ တဏှာတို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကြကုန်သော။ အသ္မိံ လောကေ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်လောက၌လည်းကောင်း။ နိရာသာသံ၊ တဏှာကင်းခြင်း ရှိထသော။ ဝိသံယုတ္တံ၊ ကိလေသာတို့နှင့် မယှဉ်ထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သာရိပုတ္တရာမထေရ်ဝတ္ထုပြီး၏။