သမ္ဗုဒ္ဓေ ဘုရားရှိခိုးဂါထာ

From Wikisource
Jump to navigation Jump to search
သမ္ဗုဒ္ဓေ ဘုရားရှိခိုးဂါထာ
by အမည်မသိ

သမ္ဗုဒ္ဓေ အဋ္ဌဝီသဥ္စ၊ ဒွါဒသဥ္စ သဟဿကေ၊

ပဥ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ၊

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊

တေသံ ဓမ္မဥ္စ္မ သံဃဥ္စ္မ၊ အာဒရေန နမာမဟံ၊

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊

အနေကာ အန္တရာယာပိ ၀ိနဿန္တု အသေသတော။

အဋ္ဌဝီသံ– သုံးပါးဘဝ သုံးလောကတွင် ဉာဏ ရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော။ သမ္ဗုဒ္ဓေ စ– တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း။ ဒွါဒသဉ္စ သဟဿကေ– နိဗ္ဗာန်ကိန်းအောင်း စက် မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေစ– လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း။ ပဉ္စသတ သဟဿာနိ– သောင်းထိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော။ သမ္ဗုဒ္ဓေစ– နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း။ အဟံ– အကျွန်ုပ်သည်။ သိရသာ– ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ– ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။ ဂင်္ဂါဂင်္ဂါယ– ဂင်္ဂါမြစ်တွင်း၌။ ဝါဠုကာ– ရှိကြကုန်သော သဲတို့သည်။ အပ္ပကာ– နည်းကြကုန်သေး၏။ နိဗ္ဗုတာ– ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော။ ဇိနာ– နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား။ အနန္တာ– သင်္ချာဂဏန်း ရေတွက် မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။ တေ ဇိနေစ– ထိုဘုရားရှင်တို့ကိုလည်းကောင်း။ တေသံ– ထိုငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သော ဘုရားရှင်။ မရေမတွက်နိုင်သော ဘုရားရှင်တို့၏။ ဓမ္မဉ္စ– တရားတော်မြတ်ကိုလည်းကောင်း။ သံဃဉ္စ– တပည့်သား သံဃာတော်မြတ်ကိုလည်းကောင်း။ အဟံ– အကျွန်ုပ်သည်။ အာဒရေနအာဒရံ– ရိုသေစွာ။ နမာမိ– ရှိခိုးပါ၏။ နမက္ကာရာနုဘာဝေန– ဤသို့ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမကုသိုလ် စေတနာကြောင့်။ သဗ္ဗေ– ခပ်သိမ်းကုန်သော။ ဥပဒ္ဒဝေ– ဘေးရန်တို့ကို။ ဟိတွာ– ပယ်ဖျောက်၍။ အနေကာ အန္တရာယာပိ– တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း။ အသေသတော– အကြွင်းအကျန်မရှိသော အားဖြင့်။ ဝိနဿန္တု– ပျောက်ပျက်ပါစေသတည်း။

အဓိပ္ပါယ်ကား-- (၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူ ပွင့်တော်မူကြကုန်သော ဘုရားရှင်ကိုယ်တော်မြတ်တို့ကို ဘုရားတပည့်တော်သည် ရိုသေစွာ ရှိခိုးပူဇော်ပါ၏အရှင်ဘုရား။ ဂင်္ဂါ၀ါဠု သဲဆူမကပွင့် တော်မူကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်တို့ဟောကြားတော်မူသည့် တရားတော်မြတ်ကို လည်းကောင်း၊ သံဃာတော်မြတ်ကိုလည်းကောင်း၊ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊ ဤသို့ ရှိခိုးရသောကုသိုလ်စေတနာကြောင့် ဘေးဥပဒ်အန္တရာယ် ရန်အသွယ်သွယ်တို့သည် အကြွင်းအကျန်မရှိ ကင်းစင်လွင့်ပျောက်ပါစေသတည်း။

၄င်းဂါထာပါ (၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူ ဘုရားများက တို့များ ကိုးကွယ်နေတဲ့ (ဂေါတမ) မြတ်စွာဘုရား ဘုရားဖြစ်ဖို့ရန် ဆုတောင်းစဉ်က ပွင့်ခဲ့တဲ့ဘုရားများဖြစ်တယ်။ စိန္တိတံ သတ္တ သင်္ချေယျံ နဝ သင်္ချေယျ ၀ါစကံ၊ ကာယဝါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ။ ဘုရားဖြစ်ဖို့ရန်-- (၁) စိတ်ထဲက ဆုတောင်းခဲ့တာက--- (၇)သချေင်္။ (၂) နုတ်ကဖွင့်ပြီးဆုတောင်းခဲ့တာက-(၉)သချေင်္။ (၃) ကိုယ်ရောနုတ်ပါ ပါရမီဖြည့်ခဲ့တာက(၄)သင်္ချေ။ စုစုပေါင်း (၂၀)သင်္ချေ။ (က) ၇-သင်္ချေမှာ- ဗြဟ္မဒေဝ-ဘုရားမှစ၍ ပွင့်သည့် ဘုရားပေါင်းမှာ (၁)သိန်း(၂)သောင်း(၅)ထောင်။ (ခ) ၉-သချေင်္မှာ- ပေါရာဏ သကျဂေါတမ ဘုရားမှစ၍ ပွင့်သည့်ဘုရားပေါင်း-(၃)သိန်း (၈)သောင်း (၇)ထောင်။ (၇+၉=၁၆)သချေင်္အတွင်းမှာ (၅)သိန်း(၁)သောင်း(၂)ထောင်သော ဘုရားများ ပွင့်တော်မူခဲ့ကြတယ်။ (ဂ) လေးသချေင်္မှာ-တဏှင်္ကရာဘုရားမှစ၍ နာရဒဘုရားအထိ(၁၂)ဆူ၊ ကမ္ဘာ-(၁) သိန်းမှာ-ပဒုမုတ္တရ ဘုရားကစ၍ ဂေါတမဘုရားအထိ(၁၆)ဆူ၊ (၇+၉+၄=၂၀)သချေင်္နှင့် ကမ္ဘာ(၁)သိန်းမှာ ဘုရားပေါင်း (၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူဖြစ်ပါတယ်။ ထို့အပြင်-ဂင်္ဂါ၀ါဠု သဲဆူမက ပွင့်တော်မူကြသည့် ဘုရားလည်းရှိသေးသည်ဟု ဤဂါထာကား ဆိုထားပါသည်။ (သောတတ္ထကီကျမ်း) အလို။ ဤသမ္ဗုဒ္ဓေ ဂါထာသည် ဘုရားဟောဂါထာမဟုတ်သော်လည်း ရှေးဆရာအဆက်ဆက် ကျမ်းဂန်တတ် ဆရားမြတ်များ ရေးသား သီကုံးခဲ့တဲ့ ဘုရားရှိခိုးဂါထာ ဖြစ်ပါတယ်၊ (ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော) ဘုရားအဖြစ်ရခဲတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေပြီး၊ ဘုရားအပေါ် ကြည်ညိုသဒ္ဓါအားကောင်းစေရန် သီကုံးထားတဲ့ ဂါထာဖြစ်ပါတယ်။

သမ္ဗုဒ္ဓေ အကျိုး[edit]

မြတ်လှစိန္တေ သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား နိဒါန်းအားဖြင့် ကွမ်းစား သတ္တော် လျော်ဒသ သတ္တတြိန်း ဆီးလိမ်းပဉ္စ စီးတလှေမှာ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး ကိုးကြိမ်နှိုးလော့ ချုပ်မိုးညဉ့်ခါ အိပ်ရာဝင်မူ ကိုးကြိမ်ဟူ၍ ရန်သူတွေ့မြောက် ဆယ့်တစ်ခေါက်တည့် စစ်ရောက်သောခါ ရွတ်ပါကိုးကြိမ် တည်ငြိမ်သန္ဓေ မဖွားနေမူ ရေမှာကိုးခေါက် မန်း၍ သောက်က ဖွားမြောက်ခဏ ချမ်းသာရ၏၊ ခေတ္တနှောင်းသွင်း သံခြေကျင်းနှင့် အပြင်းတိုက်လှောင် တစ်ထောင်ရွတ်လေ လွတ်ထွက်ပေ၏၊ ပန်းမွှေးချေက ရွတ်လေနှစ်ခေါက် ခရီးရှောက်ရာ ခေါင်းမှာတင်စိုက် ရန်ဘေးနှိုက်လည်း မကြိုက်ကင်းပ မြူမျှမလိမ်း ကင်းလွတ်ငြိမ်း၏၊ ရှောင်တိမ်းရောဂါ ဗျာပါလည်းကင်း သောကရှင်း၍ မင်းမင်းတကား ကြည်စွာမြတ်နိုး ရေဖြည့်အိုးသို့ မညှိုးပန်းသွင် နေ့တိုင်းပင်တည်း ထွက်ဝင်ရဲရဲ လူခပဲတို့ အံအဲစလောက် ထွန်းတောက်ပဝင်း ပွင့်လင်းသာသနာ ပွားကြောင်းရှာ၍ စန္ဒာလမင်း ကောင်းကင်ချဉ်းသို့ ကောင်းခြင်း သမ္ဗုဒ္ဓေ အကျိုးတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse