သမုဒ်ဧရာ-ချီ ရတု

From Wikisource
Jump to navigation Jump to search
သမုဒ်ဧရာ-ချီ ရတု
by နတ်သျှင်နောင်
မြသိတင် ဘုရားတိုင်ရတု

၁။ သမုဒ်ဧရာ၊ မြစ်ငါးဖြာမှ၊ ဆုံလှာလည်ဝိုက်၊ ရစ်၍ဆိုက်မှ[1]၊ လိုက်လိုက်ဖြိုးဖြိုး၊ ဖြန့်မိုးစကြာ၊ အဝါဟူးဟူး၊ နေထက်ထူးသား[2]၊ ပန်းဦးမဉ္ဇူ၊ ဆက်လှူသဘင်၊ မြသိတင်ဟု၊ ကျွန်းခွင်ပျံ့မွှေး၊ လေသွန်ပြေးသည်၊ ညီထွေးနောင့်နည်း၊ တမျှတည်းကို၊ သာဖြည်းပျံ့ပျူး၊ လျှောက်ပါဦးအံ့၊ အမူးအမော်၊ ညှိုးယော်ခွေပျောင်း၊ မဖြစ်တောင်းတည့်[3]၊ ရှင်နှောင်းနွဲ့ညို၊ ယုံမည်ကိုမျှ၊ သံချိုဟမြွက်၊ ရိပ်မည်ခက်ခဲ့[4]၊ ကိုးချက်နာရီ၊ နွဲ့မှီစက်ပါး[5]၊ လရထားသည်။ ။ နဂါးနီးပြန်ခဲ့တကား။

၂။ ကမုဒ်ရွှေကြာ၊ ထပ်တရာမှ[6]၊ ရောက်လာပြိုင်ဘော်၊ နှိုင်းဆသော်လည်း[7]၊ တွေးခေါ်မည်ပင်၊ လူမျိုးထင်လိမ့်၊ မြသွင်လိုလို၊ ရွှေကိုယ်ရှိမ်းရှိမ်း၊ ပြစ်ယိမ်းကင်းနေ[8]၊ သွယ်ခွေရွက်ညို့၊ ဖြူမြိတ်စို့လည်း၊ နားသို့ညွတ်ညွတ်[9]၊ မလွှတ်လောက်သေး၊ ထွန်းရိပ်ပြေးရှင့်[10]၊ မုလေးစပယ်၊ နံ့ကြွယ်ကြိုင်ဖြည်း၊ မိန့်မည်နည်းခဲ့၊ နတ်လည်းနိုးခဲ[11]၊ ခဝဲပွင့်သော်၊ ရိုက်ဆော်ကျူးဖြား[12]၊ မကြားအောင်မျှ၊ ကြာမောလှ၏၊ ပန်းရဆန်းသာ[13]၊ စိတ်မှာဖြေခက်၊ ဝါရက်ဝယ်ပင်[14]၊ စုံလျှင်ခန့်ရည်၊ လျှောက်ပါသည်ကို၊ သွန်းကြည်စံလှော်၊ နှောင်းစွန်မြော်သည်[15]။ ။ နားတော်ငြီးပြန်ခဲ့တကား။

၃။ တမုတ်ပြေဝါ၊ စိမ်းပြာညိုမြ၊ ခြယ်စုံလှသို့[16]၊ ညွန့်ပမမြန်း၊ ထွေထွေစွန်းသား[17]၊ ရေပန်းမြစ်ဆိပ်[18]၊ ပွင့်မျောရိပ်က၊ နတ်အိပ်ခဲ့သေး၊ ရင်းမာမွှေး၍၊ ငှက်ကျေးနှုန်းပုံ၊ ပျော်ချင်တုံလည်း၊ ပေါင်းရုံမျှရက်[19]၊ လင့်မည်ခက်ခဲ့၊ သည်ထက်ကြာဘိ၊ မေ့ဘွယ်ရှိ၏၊ မျက်စိစိတ်ပျံ့၊ မကြိုးဝံ့တည့်[20]၊ နူးညံ့သာချို၊ ဆိုသည်ပီပီ၊ နှင့်မညီသော်၊ ကုံးသီမြဝတ်၊ လွှတ်မလွှတ်ကို၊ ချစ်ထွတ်တင်ထား၊ သနားပါအောင်၊ လက်ဆောင်အသက်၊ နှင်းဆက်ပါချင်[21]၊ ဝါလုံးစင်သည်။ ။ လွမ်းအင်ကြီးပြန်ခဲ့တကား။

မူကွဲ[edit]

  1. ရစ်၍ဆိုက်သား [လ]
  2. နေထက်ထူးမျှ [လ]
  3. ညှိုးယော်ခွေခေါက်၊ မလျှောက်စတောင်း [ရ]
  4. ရိပ်ခြည်ခက်ခဲ့ [မ] [လ]
  5. နွှဲမှီစက်ပါး [လ]
  6. ချပ်တရာမှ [လ]
  7. သခင်သော်လည်း [မ]
  8. ပြစ်ယိမ်းနေနေ [လ]
  9. နားသို့သွယ်ညွှတ် [လ]
  10. ယွန်းရိပ်ပြေးရှင့် [လ]
  11. နတ်လည်းနိုးဆဲ [ရ] [မ]
  12. ရိုက်ဆော်မိုးသား [ရ] [မ] [လ]
  13. ပန်းလျဆန်းသာ [လ]
  14. ဝါရက်ဝယ်ဝင် [လ]
  15. နှောင်းစွန်းမျှော်သည် [လ]
  16. ချည်စုံလှသို့ [လ]
  17. တွေးတွေးစွန်းသား [မ]
  18. ရေပန်းမြစ်ထိပ် [လ]
  19. ဆောင်းရုံမျှရက် [ရ] [မ]
  20. မစဝံ့တည့် [ရ]
  21. နှင်းဆက်ချင်ချင် [လ]


မှတ်ချက်

  • မန္တလေးတက္ကသိုလ်ကျောင်း၊ သုတေသနအဖွဲ့၊ အုပ်ချုပ်သူ 'ဦးကိုလေး' (ကျောင်းအုပ်ကြီး) ပုံနှိပ်ထုတ်ဝေပြီး မောင်ချမ်းမြ (မဟာဝိဇ္ဇာ) တည်းဖြတ်သောစာစဉ် (၂)၊ နတ်သျှင်နောင်ဆို ရတုများမှ ... မြန်မာ့ကြက်သရေတိုက်ထုတ် စာအုပ်မူ ကို မူတည်ရေးသားထားပါသည်။
  • [ရ] - ရန်ကုန် ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်ထုတ် စာအုပ်မူ
  • [မ] - မန္တလေး ဟံသာဝတီပိဋကတ်တိုက်ထုတ် စာအုပ်မူ
  • [လ] - မန္တလေးမြို့၊ မြောက်ပြင်၊ လုံးတော်ကျောင်းတိုက် ပေမူ (နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ်၏ မူတည် ရတု)

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse