သဗ္ဗဒါဌိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၄၁။ သဗ္ဗဒါဌိဇာတ် (၂-၁၀-၁)


ဒုကနိပါတ်-သိင်္ဂါလဝဂ်

၁။ သဗ္ဗဒါဌိဇာတ်

ပထဝီဇယမန္တန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သိင်္ဂါလော မာနတ္တဒ္ဓေါ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သဗ္ဗဒါဌဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် အဇာတသတ်မင်းကို ကြည်ညိုစေ၍ ဖြစ်စေအပ်သော လာဘသက္ကာရကို ကြာမြင့်စွာတည်သည်ကို ပြုအံ့သောငှါ မစွမ်းနိုင်၊ နာဠာဂီရိဆင်ဖြင့်တိုက်သောပွဲ၌ တန်ခိုးပြာဋိဟာကို မြင်သောအခါမှစ၍ ထိုဒေဝဒတ်၏ ထိုလာဘသက္ကာရသည် ကွယ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် လာဘသက္ကာရကို ဖြစ်စေ၍ ကြာမြင့်စွာ တည်ခြင်းကိုပြုအံ့သောငှါ မစွမ်းနိုင်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းကို ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မိန့်တော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် မိမိ၌ ဖြစ်ပြီးသော လာဘသက္ကာရကို ကွယ်စေသည် မဟုတ်သေး၊ ရှေး၌လည်း ကွယ်စေဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်၍ ဗေဒင်သုံးပုံတို့၏၎င်း တဆယ့်ရှစ်ပါးသော အတတ်တို့၏၎င်း ကမ်းတဘက်သို့ရောက်၏။ ထိုပုရောဟိတ် ပုဏ္ဏားသည် ပထဝီဇယအမည်ရှိသော မန္တရားကို တတ်၏။ မြေအပြင်၌ ရန်ကိုလည်စေတတ်သောမန္တရားကို ပထဝီဇယမန္တရားဟု ဆိုအပ်၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ထိုပထဝီဇယမန္တရားကို သရဇ္ဈာယ်အံ့ဟု တခုသောအပြင်ရှိသော ကျောက်ဖျာ၌ နေ၍ သရဇ္ဈာယ်ခြင်းကို ပြု၏။

ထိုပထဝီဇယမန္တရားကို တပါးသော တည်ကြည်ခြင်းကင်းသောသူကို ကြားစိမ့်သောငှါ မတတ်ကောင်းသတတ်၊ ထို့ကြောင့် ထိုပထဝီဇယမန္တရားကို ထိုပုရောဟိတ်သည် ထိုသို့သဘောရှိသော ကာလ၌ သရဇ္ဈာယ်၏။

ထိုအခါ ပုရောဟိတ် သရဇ္ဈာယ်သောကာလ၌ တခုသော မြေခွေးသည် တခုသောတွင်း၌ ဝပ်လျက် ထိုပထဝီဇယမန္တရားကို ကြား၍ လေ့ကျက်သည်ကို ပြု၏။ ထိုမြေခွေးသည် အခြားမဲ့ဖြစ်၍ လွန်လေပြီးသော ကိုယ်၏အဖြစ်၌ ပထဝီဇယမန္တရားကို လေ့လာသော တယောက်သော ပုဏ္ဏား ဖြစ်ဘူးသတတ်၊ ဘုရားလောင်းသည် သရဇ္ဈာယ်ခြင်းကိုပြု၍ ထ၍ ငါ့အား ဤမန္တရားသည် နှုတ်တက်ပေ၏ဟု ဆို၏။ မြေခွေးသည် တွင်းမှထွက်၍ အို ပုဏ္ဏား၍ မန္တရားသည် သင့်ထက်လည်း ငါ့အားသာလျှင် နှုတ်တက်၏ဟု ဆို၍ ပြေး၏။ ဘုရားလောင်းသည် ဤမြေခွေးသည် များစွာသော အကုသိုလ်ကို ပြုလတ္တံ့၊ ဖမ်းလော့ ဖမ်းလော့ဟုဆို၍ အတန်ငယ် လိုက်၏။ မြေခွေးသည်ပြေး၍ တောသို့ဝင်လေ၏။

ထိုမြေခွေးသည် သွားလေ၍ မြေခွေးမတခုကို အတန်ငယ် ကိုယ်၌ ကိုက်၏။ သခင် အသို့နည်းဟု မေးသည်ရှိသော် သင်သည် ငါ့အား သိ၏လော မသိလောဟု မေး၏။ မြေခွေးမသည် သခင် သိပါ၏ဟု ဆို၏။ ထိုမြေခွေးသည် ပထဝီဇယ မန္တရားကို မန်း၍ များစွာကုန်သော မြေခွေးအရာတို့ကိုစေ၍ ဤအလုံးစုံလည်းဖြစ်ကုန်သော ဆင် မြင်း ခြင်္သေ့ ကျား, ဝက် သမင် အစရှိကုန်သော ခြေလေးချောင်းရှိကုန်သော သတ္တဝါတို့ကို မိမိကို ခြံရံစေ၏။ အခြံအရံပြုပြီး၍ သဗ္ဗဒါဌ အမည်ရှိသော မင်းဖြစ်၍ မြေခွေးမတခုကို မိဖုယားကြီးပြု၍ ဆင်နှစ်စီးတို့၏ ကျောက်ကုန်း၌ ခြင်္သေ့သည် စီးရ၏။ ခြင်္သေ့၏ ကျောက်ကုန်း၌ သဗ္ဗဒါဌ အမည်ရှိသော မြေခွေးမင်းသည် မြေခွေးမမိဖုယားကြီးနှင့်တကွ စီးရ၏။ အခြံအရံများသည် ဖြစ်၏။ ထိုသဗ္ဗဒါဌမြေခွေးသည် အခြံအရံများဖြင့် မာနကို ဖြစ်စေ၏။ ဗာရာဏသီမင်းအဖြစ်ကို ယူအံ့ဟု အလုံးစုံသော အခြေလေးချောင်းရှိသော သားအပေါင်းခြံရံလျက် ဗာရာဏသီပြည်၏ အနီးဖြစ်သော အရပ်သို့ ရောက်လာ၏။ ပရိသတ်တို့သည် တဆယ့်နှစ်ယူဇနာ ရှိကုန်၏။ ထိုသဗ္ဗဒါဌမြေခွေးမင်းသည် အနီး၌တည်လျက်လျှင် မင်းအဖြစ်ကိုတည်း ပေးအံ့လော၊ စစ်ကိုတည်း ထိုးအံ့လောဟု ဗာရာဏသီမင်းအား စေလိုက်၏။ ဗာရာဏသီပြည်၌ နေကုန်သောလူတို့သည် ကြောက်ရွံ့ထိတ်လန့်ကုန်သည်ဖြစ်၍ မြို့တံခါးတို့ကို ပိတ်၍ နေကုန်၏။

ဘုရားလောင်းသည် မင်းသို့ကပ်၍ မြတ်သောမင်းကြီး သဗ္ဗဒါဌမည်သောမြေခွေးနှင့် စစ်ထိုးခြင်းသည် အကျွန်ုပ်၏ ဝန်တည်း၊ အကျွန်ုပ်ကိုထား၍ ထိုသဗ္ဗဒါဌမြေခွေးနှင့်တကွ စစ်ထိုးအံ့သောငှါ စွမ်းနိုင်သောသူမည်သည် မရှိဟုဆို၍ ဘုရားလောင်းသည် မင်းကို၎င်း မြို့သူတို့ကို၎င်း နှစ်သိမ့်စေ၍ အသို့ပြု၍ သဗ္ဗဒါဌသည် မင်းအဖြစ်ကို ယူလတ္တံ့နည်းဟု ရှေးဦးစွာ ထိုသဗ္ဗဒါဌမြေခွေးကို မေးဦးအံ့ဟု ဆို၍ တံခါးပစ္စင်သို့တက်၍ အချင်း သဗ္ဗဒါဌ အသို့ပြု၍ ဤပြည်ကို ယူအံ့နည်းဟု မေး၏။ ခြင်္သေ့ကိုဟောက်စေ၍ လူများကို ခြင်္သေ့သံဖြင့် ထိတ်လန့်စေ၍ ယူအံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုအကြောင်းသည် ရှိ၏ဟု သိ၍ ပစ္စင်မှ ဆင်းသက်၍ အလုံးစုံ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်၌ နေကုန်သောလူတို့သည် နားပေါက်တို့ကို ပဲကြီး မုံညက်တို့ဖြင့် ပိတ်စေကုန် သတည်းဟု စည်လည်စေ၏။ လူများသည် စည်သံကိုကြား၍ အယုတ်သဖြင့် ကြောင်တို့ကိုအစပြု၍ အလုံးစုံသော အခြေလေးချောင်းရှိသော သားတို့၏၎င်း မိမိတို့၏၎င်း နားပေါက်တို့ကို အကြင်အခြင်းဖြင့် ဆို့ပိတ်သည်ရှိသော် သူတပါး၏အသံကို ကြားအံ့သောငှါ မတတ်ကောင်း၊ ထိုအခြင်းဖြင့် ပဲကြီးမှုံညက်ဖြင့် ပိတ်၏။

ထိုအခါ ဘုရားလောင်းသည် တဖန် ပစ္စင်သို့တက်၍ သဗ္ဗဒါဌဟု ခေါ်၏။ ပုဏ္ဏား အသို့နည်းဟု ဆိုသည်ရှိသော် ဤပြည်ကို အသို့ပြု၍ ယူအံ့နည်းဟု ဆို၏။ ခြင်္သေ့ကို ဟောက်စေ၍ လူတို့ကို ပျက်စီးစေ၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ ယူအံ့ဟု ဆိုသည်ရှိသော် ခြင်္သေ့ကို ဟောက်စေခြင်းငှါ မစွမ်း နိုင်လတ္တံ့၊ ထိုစကားသည် မှန်၏။ မြတ်သောအမျိုးနှင့် ပြည့်စုံကုန်သော တင့်တယ်စွာသော နီသော လက်ခြေရှိကုန်သော ကေသရာဇာ ခြင်္သေ့မင်းတို့သည် ထိုသို့သဘောရှိသော မြေခွေးအို၏ အာဏာကို မပြုကုန်လတ္တံ့ဟု ဆိုသည်ရှိသော် မြေခွေးသည် မာန်ဖြင့် ခိုင်မာသည်ဖြစ်၍ တပါးကုန်သော ခြင်္သေ့တို့ကို ထားဘိဦး၊ ငါသည် အကြင်ခြင်္သေ့၏ ကျောက်ကုန်း၌ နေ၏။ ထိုခြင်္သေ့ကိုပင်လျှင် ဟောက်စေဦးအံ့ဟု ဆို၏။ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ ထိုသို့ စွမ်းနိုင်တပြီးကား ဟောက်စေလောဟု ဆိုသည်ရှိသော် ထိုသဗ္ဗဒါဌ မြေခွေးသည် အကြင်ခြင်္သေ့၌ စီး၏။ ထိုခြင်္သေ့အား ဟောက်လော့ဟု ခြေဖြင့် အမှတ်ပေး၏။

ခြင်္သေ့သည် ဆင်ဦးကင်း၌ မျက်နှာကိုမော်၍ သုံးကြိမ်, တားမြစ်ခြင်းငှာ မစွမ်းနိုင်သော ခြင်္သေ့သံကို ဟောက်၏။ ဆင်တို့သည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မြေခွေးကို ခြေရင်း၌ ကျစေကုန်၍ ထိုမြေခွေး၏ ဦးခေါင်းကို ခြေဖြင့်နင်းကုန်၍ မှုန့်မှုန့်ညက်ညက်ကြေသည်ကို ပြုကုန်၏။ သဗ္ဗဒါဌမြေခွေးသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ဆင်တို့သည်လည်း ခြင်္သေ့ သံကို ကြားကုန်၍ သေဘေးမှ ကြောက်ကုန်သောကြောင့် အချင်းချင်း တိုးမိကြကုန်၍ ထိုအရပ်၌လျှင် သေခြင်းသို့ ရောက်ကုန်၏။ ခြင်္သေ့တို့ကို ထားကုန်၍ ကြွင်းကုန်သော သမင် ဝက် အစရှိကုန်သော ယုန် ကြောင် အဆုံး ရှိကုန်သော ခပ်သိမ်းကုန်သော အခြေလေးချောင်းရှိကုန်သော သားတို့သည် အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ခြင်္သေ့တို့သည် ပြေးကုန်၍ တောသို့ ဝင်ကုန်၏။ အသားစုသည် တဆယ့်နှစ်ယူဇနာရှိသည် ဖြစ်၏။

ဘုရားလောင်းသည် ပစ္စင်မှဆင်း၍ မြို့တံခါးတို့ကိုဖွင့်စေ၍ ခပ်သိမ်းကုန်သော ပြည်သူတို့ကို မိမိ၏နားတို့၌ ပဲကြီးမုံညက်တို့ကိုပယ်စေ၍ အသားဖြင့် အလိုရှိကုန်သောသူတို့သည် အသားကို ဆောင်စေကုန်သတည်းဟု မြို့၌ စည်လည်စေ၏။ လူတို့သည် အသားစိုင်ကို စားကုန်၍ ကြွင်းကုန်သော အသားတို့ကို အခြောက်လှန်းကုန်၍ အမဲညှင်းကို ပြုကုန်၏။ ထိုကာလ၌ အမဲညှင်းပြုခြင်းသည် ထင်ရှားသည် ဖြစ်၏ဟု ဆိုကုန်သတတ်၊ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍-

၁၈၂။ သိင်္ဂါလော မာနတ္ထဒ္ဓေါ စ၊ ပရိဝါရေန အတ္ထိကော။
ပါပုဏိ မဟတိံ ဘူမိံ၊ ရာဇာသိ သဗ္ဗဒါဌိနံ။

၁၈၃။ ဧဝမေဝ မနုဿေသု၊ ယော ဟောတိ ပရိဝါရဝါ။
သောဟိ တတ္ထ မဟာ ဟောတိ၊ သိင်္ဂါလော ဝိယ ဒါဌိနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၈၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ယော သိင်္ဂါလော၊ အကြင်မြေခွေးသည်။ သဗ္ဗဒါဌိနံ၊ အလုံးစုံအစွယ်ရှိကုန်သော သတ္တဝါတို့၏။ ရာဇာ၊ မင်းဖြစ်၍။ မဟတိံ ဘူမိံ၊ ကြီးမြတ်သော စည်းစိမ်ကို။ လဒ္ဓါ၊ ရသည်။ အသိ၊ ဖြစ်၏။ သော သိင်္ဂါလော၊ ထိုမြေခွေးသည်။ မာနတ္တဒ္ဓေါ စ၊ အခြံအရံကိုမှီ၍ ဖြစ်သော မာနဖြင့် ခိုင်မာသည်ဖြစ်၍။ ပရိဝါရေန၊ ရပြီးသော အခြံအရံထက် အလွန်ဖြစ်သော အခြံအရံဖြင့်။ အတ္ထိကော၊ အလိုရှိသည်ဖြစ်၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပုဏိ၊ ရောက်၏။

၁၈၃။ ဘိက္ခဝေ၊ ရဟန်းတို့။ သိင်္ဂါလော၊ မြေခွေးသည်။ ဒါဌိနံ၊ အစွယ်ရှိကုန်သော သတ္တဝါတို့ထက်။ မဟာ၊ မြတ်သည်။ ဟောတိ ဝိယ၊ ဖြစ်သကဲ့သို့။ ဝေမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ပရိဝါရဝါ၊ အခြံအရံနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ သော ဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူအပေါင်း၌။ မဟာ၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အထ-ပစ္ဆာ၊ ထို့နောင်မှ။ သော၊ ထိုသူသည်။ သိင်္ဂါလော ဝိယ၊ မြေခွေးကဲ့သို့။ ပမာဒံ၊ မေ့လျော့ခြင်းသို့။ အာပဇ္ဇိတွာ၊ ရောက်၍။ တံ ပရိဝါရံ၊ ထိုအခြံအရံကို။ နိဿာယ၊ အမှီပြု၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါဏာတိ၊ ရောက်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မြေခွေးဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ်ပုဏ္ဏား ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

မန္တန်တတ်မှု၊ အကြောင်းပြု၊ သားစု သေပျက်ပြုန်း

ရှေးဦးစွာသော သဗ္ဗဒါဌဇာတ်သည် ပြီး၏။

*****