သပ္ပဒါသတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၁။ သပ္ပဒါသတ္ထေရဝတ္ထု
324971ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး သဟဿဝဂ် — ၁၁။ သပ္ပဒါသတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁၁။ သပ္ပဒါသမထေရ်ဝတ္ထု

ယော စ ဝဿသတံ ဇီဝေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်သပ္ပဒါသ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြွေဆိုးမကိုက်သော ရဟန်း

သာဝတ္ထိပြည်၌ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရ၍ ရဟန်းပြုသဖြင့် ပဉ္စင်းအဖြစ်ကို ရလတ်သည်ရှိသော် တစ်ပါးသောအခါ၌ ဆန့်ကျင်ပျင်းရိလှသောကြောင့် “ငါကဲ့သို့ သဘောရှိသော အမျိုးသားအား လူဖြစ်ခြင်း လူထွက်ခြင်းမည်သည် မသင့်မလျောက်ပတ်၊ ရဟန်းအဖြစ်၌တည်၍ စုတေသေရခြင်းသည် မြတ်၏”ဟု ကြံ၍ မိမိ၏ သေခြင်းအကြောင်းကို ကြံအောက်မေ့လျက် လှည့်လည်သွားလာ၏။ ထိုအခါ တစ်နေ့သ၌ နံနက်စောစောကပင်လျှင် ဆွမ်းစားပြီးကုန်သော ရဟန်းတို့သည် ကျောင်းသို့သွားကြသဖြင့် မီးတင်းကုပ်၌ မြွေကိုမြင်ရလျှင် ထိုမြွေကို တစ်ခုသောအိုး၌ထည့်လျက် ထိုအိုးကိုပိတ်ယူ၍ ကျောင်းမှ ထွက်သွားကြလေကုန်၏။ ဆန့်ကျင်ပျင်းရိသော ရဟန်းသည်လည်း ဆွမ်းစားခြင်းကိုပြုပြီး၍ လာလတ်ရကား ထိုရဟန်းတို့ကိုမြင်လျှင် “ငါ့ရှင်တို့- ဤသည်ကား အဘယ်နည်း”ဟု မေးသဖြင့် “ငါ့ရှင်- မြွေတည်း”ဟု ဆိုသည်ရှိသော် “ဤမြွေဖြင့် အဘယ်သို့ ပြုကြကုန်အံ့နည်း”ဟု မေးပြန်လျှင် “ထိုမြွေကို လွှတ်ကုန်အံ့”ဟု ဆိုကြလေကုန်၏။

ထိုရဟန်းတို့၏စကားကို ကြားလျှင် “ဤမြွေဖြင့် မိမိကိုယ်ကို ကိုက်စေ၍ သေအံ့"ဟု အကြံအစည်ပြုသဖြင့် “ဆောင်ခဲ့ကြပါကုန်လော့၊ တပည့်တော် ထိုမြွေကို စွန့်ပစ်ပါမည်”ဟု ဆိုပြီးလျှင် ထိုရဟန်းတို့၏လက်မှ အိုးကိုယူ၍ တစ်ခုသောအရပ်၌နေလျက် ထိုမြွေကို မိမိကိုယ်ကို ကိုက်စေ၏။ မြွေသည် ကိုက်ခြင်းငှာ အလိုမရှိ၊ ထိုရဟန်းသည် အိုး၌ လက်ကိုချ၍ နှိုက်၍ ထိုမှဤမှလည်း မွှေနှောက်၏။ ကြမ်းသော အဆိပ်ရှိသော မြွေ၏ခံတွင်းကိုဖွင့်၍ လက်ချောင်းကို ထည့်သွင်း၏။ ထိုရဟန်းကို မြွေသည် မကိုက်။ ထိုရဟန်းသည် “ဤမြွေကား လျင်သော အဆိပ်ရှိသော မြွေမဟုတ်၊ အိမ်မွေ့တည်း”ဟု ထိုမြွေကိုစွန့်ပစ်၍ ကျောင်းသို့ ပြန်သွားလေ၏။ ထိုအခါ ထိုရဟန်းကို ရဟန်းတို့သည် “ငါ့ရှင်- သင်သည် မြွေကို စွန့်ပစ်ခဲ့ပြီလော”ဟု ပြောဆိုကြကုန်၏။ ထိုရဟန်းသည် “ငါ့ရှင်တို့- ဤမြွေကား မြွေဆိုး,မြွေကြမ်းမဟုတ်၊ အိမ်မြွေတည်း”ဟု ဆိုလျှင် “ငါ့ရှင်- မြွေဆိုး,မြွေကြမ်းသာလျှင် ဖြစ်၏။ ကြီးစွာသော ပါးပျဉ်းကိုပြု၍ တရှူးရှူးမြည်၏၊ ငါတို့သည် ဆင်းရဲငြိုငြင်စွာ ဖမ်းယူအပ်၏၊ အဘယ်အကြောင်းကြောင့် ဤသို့ သင်ဆိုလေဘိသနည်း”ဟု ပြောဆိုကြကုန်၏။ “ငါ့ရှင်တို့- ငါကား ထိုမြွေကို လက်ချောင်းကို ကိုက်စေသော်လည်းကောင်း၊ ခံတွင်း၌ လက်ချောင်းကို ထည့်သွင်းစေသော်လည်းကောင်း ထိုမြွေကို ကိုက်စေခြင်းငှာ မတတ်နိုင်ခဲ့လေပြီ”ဟု ဆိုလတ်သော် ထိုစကားကိုကြားလျှင် ရဟန်းတို့သည် ဆိတ်ဆိတ်နေကြလေကုန်၏။

ရဟန္တာဖြစ်တော်မူခြင်း

ထိုအခါ တစ်နေ့သ၌ ဆတ္တာသည်သည် နှစ်စင်းသုံးစင်းသော သင်တုန်းတို့ကိုယူလျက် ကျောင်းသို့သွားသဖြင့် သင်တုန်းတစ်စင်းကို မြေ၌ထား၍ သင်တုန်းတစ်စင်းဖြင့် ရဟန်းတို့၏ဆံတို့ကို ချလေ၏။ ထိုရဟန်းသည် မြေ၌ ထားအပ်သော သင်တုန်းကိုယူ၍ “ဤသင်တုန်းဖြင့် လည်ပင်းကိုဖြတ်၍ သေတော့အံ့”ဟု သစ်ပင်တစ်ခု၌ လည်ပင်းကိုမှီထားသဖြင့် သင်တုန်းသွားကို ရေမျို၌ တင်ထားပြီးလျှင် မတ်တတ်ရပ်လျက် ပဉ္စင်းဖြစ်သောအခါမှစ၍ မိမိသီလကို ဆင်ခြင်လတ်သည်ရှိသော် အညစ်အကြေးကင်းသော လပြည့်ဝန်းကဲ့သို့လည်းကောင်း၊ ကောင်းစွာသွေးအပ်သော ပတ္တမြားတုံးကဲ့သို့လည်းကောင်း အညစ်အကြေးမရှိသော သီလကို မြင်ရလေ၏။ ထိုသီလကို ကြည့်ရှုဆင်ခြင်သော ထိုရဟန်းအား ကိုယ်အလုံးကို ပျံ့နှံ့သော ဖရဏာပီတိသည် ဖြစ်လေ၏။ ထိုရဟန်းသည် နှစ်သိမ့်သောပီတိကို ဖယ်ခွာ၍ ဝိပဿနာကို ပွားစေလတ်သော် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေရကား သင်တုန်းကိုယူလျက် ကျောင်းလယ်သို့ ပြန်ဝင်လာလေ၏။

ထိုအခါ ထိုရဟန်းကို ရဟန်းတော်တို့သည် “ငါ့ရှင်- သင်ကား အဘယ်သို့သွားသနည်း”ဟု မေးကြလေကုန်၏။ “ငါ့ရှင်တို့- ဤသင်တုန်းဖြင့် ရေမျိုလည်ချောင်းကိုဖြတ်၍ သေတော့အံ့ဟူ၍ သွားပါသည်”ဟု ဆိုလေသော် “ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် မသေသနည်း”ဟု ဆိုကြကုန်၏။ “ယခုအခါ တပည့်တော်သည် လက်နက်ကိုဆောင်ခြင်းငှာ မထိုက်သောသူဖြစ်ပြီ၊ တပည့်တော်သည် ဤသင်တုန်းဖြင့် ရေမျိုကိုဖြတ်အံ့ဟု ရည်ရွယ်သော်လည်း ဉာဏ်တည်းဟူသော သင်တုန်းဖြင့် အလုံးစုံသော ကိလေသာတို့ကို ဖြတ်ခဲ့လေပြီ”ဟု ဆိုသည်ရှိသော် ရဟန်းတို့သည် “ဤရဟန်းကား မဟုတ်မမှန်သောအားဖြင့် အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟူ၍ မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

သပ္ပဒါသဟု အမည်ရပုံ

ဘုရားရှင်လည်း ထိုရဟန်းတို့၏စကားကို ကြားတော်မူလျှင် “ချစ်သားရဟန်းတို့- ရဟန္တာတို့မည်သည် မိမိလက်ဖြင့် မိမိကိုယ်ကို အသက်မှ မချကြကုန်”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဤရဟန်းကို ရဟန္တာဟူ၍ ရှင်တော်ဘုရားတို့သည် မိန့်ဆိုတော်မူကြပါ၏၊ ဤသို့ ရဟန္တာဖြစ်ကြောင်း အရဟတ္တဖိုလ်၏ ဥပနိဿယနှင့် ပြည့်စုံလျက် ဤရဟန်းသည် အဘယ့်ကြောင့် ဆန့်ကျင် ပျင်းရိလေဘိသနည်း၊ ထိုရဟန်း၏ အရဟတ္တဖိုလ် ဥပနိဿယအကြောင်းသည် အဘယ်ပါနည်း၊ အဘယ့်ကြောင့် ထိုမြွေသည် ဤရဟန်းကို မကိုက်သနည်းဘုရား”ဟု လျှောက်ကြားကြကုန်သော် “ချစ်သားရဟန်းတို့- ရှေးဦးစွာ ဤရဟန်း၏ သုံးခုမြောက်သော ကိုယ်အဖြစ်၌ ဤမြွေသည် ကျွန်ဖြစ်ခဲ့ဖူးပြီ၊ ထိုမြွေသည် မိမိသခင်၏ကိုယ်ကို ကိုက်ခြင်းငှာ မရဲဝံ့”ဟု ထိုရဟန်းနှင့်မြွေတို့၏ တစ်ခုသော အကြောင်းကို မြတ်စွာဘုရား မိန့်ကြားတော်မူလေ၏။ ထိုအခါမှစ၍ ထိုရဟန်းသည် သပ္ပဒါသ (မြွေဖြစ်သော ကျွန်ရှိသောရဟန်း) ဟူသော အမည်ရှိသည် ဖြစ်လေ၏။

အတိတ်ကံအကြောင်း

ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်၌ အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရ၍ ဖြစ်သောထိတ်လန့်ခြင်းရှိရကား ရဟန်းပြုသဖြင့် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် တစ်ပါးသောအခါ၌ မမွေ့လျော်ခြင်း ဖြစ်ပေါ်ခြင်းကြောင့် အဆွေခင်ပွန်းဖြစ်သော ရဟန်းတစ်ပါးအား ပြောကြားလေသတတ်။ ထိုအဆွေခင်ပွန်း ရဟန်းသည် ထိုရဟန်းအား မပြတ်မလပ် လူ့အဖြစ်၌ အပြစ်ကိုဟောပြောလေ၏။ ထိုစကားကိုကြားရလျှင် သာသနာတော်၌ ပျင်းရိဆန့်ကျင်သော ရဟန်းသည် သာသနာတော်၌ အလွန်မွေ့လျော်လေသည်ဖြစ်ရကား ရှေး၌ မမွေ့လျော်စဉ်အခါ အညစ်အကြေး ကပ်ငြိကုန်သော ရဟန်းပရိက္ခရာတို့ကို တစ်ခုသော ရေအိုင်ကမ်းနား၌ အညစ်အကြေးကင်းအောင် ပြုလုပ်ကာ နေလေ၏။ အဆွေခင်ပွန်းဖြစ်သော ရဟန်းသည်လည်း ထိုရဟန်း၏အထံ၌သာလျှင် ထိုင်နေလေ၏။ ထိုအခါ အဆွေခင်ပွန်းဖြစ်သော ရဟန်းကို ရဟန်းပရိက္ခရာ အညစ်အကြေး ကင်းအောင်ပြုသော ရဟန်းက “ငါ့ရှင်- ငါကား လူထွက်ဖြစ်သည်ရှိသော် ဤပရိက္ခရာတို့ကို အရှင်အား ပေးလှူခြင်းငှာ အလိုရှိခဲ့၏”ဟု ဆိုလေ၏။ ထိုအဆွေခင်ပွန်းဖြစ်သော ရဟန်းသည် “ဤရဟန်းကား ရဟန်းဖြစ်သဖြင့်လည်းကောင်း၊ လူထွက်သဖြင့်လည်းကောင်း ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ယခုအခါ ပရိက္ခရာတို့ကို ပျက်စေအံ့”ဟု ကြံလေ၏။ ထိုအဆွေခင်ပွန်းဖြစ်သော ရဟန်းသည် ထိုနေ့မှအစပြု၍ “ငါ့ရှင်- ယခုအခါ ငါ့တို့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့သည် ခွက်လက်စွဲကုန်လျက် သူတစ်ပါးအိမ်တို့၌ ဆွမ်းအလို့ငှာ လှည့်လည်ရသဖြင့် သားမယားတို့နှင့် အတူတကွ စကားပြောဟောခြင်းကို မပြုကြရကုန်”ဟု ဤသို့အစရှိသော စကားတို့ကိုဆိုလျက် လူ့အဖြစ်၏ဂုဏ်ကျေးဇူးကို ဆိုလေ၏။ ရဟန်းသည် အဆွေခင်ပွန်းဖြစ်သော ရဟန်း၏စကားကို ကြားရလျှင် တစ်ဖန် ငြီးငွေ့ ပျင်းရိပြန်သည်ဖြစ်၍ “ဤရဟန်းကား ငြီးငွေ့ပျင်းရိလှပါ၏ဟု ငါဆိုသည်ရှိသော် ရှေးဦးစွာ လူ့အဖြစ်၌ အပြစ်ကိုဟောပြောပါလျက် ယခုအခါ မပြတ် ဂုဏ်ကျေးဇူးကို ဟောပြောခဲ့လေ၏၊ အကြောင်းကား အသို့နည်း”ဟု ကြံစည်လတ်သည်ရှိသော် “ဤရဟန်းပရိက္ခရာတို့၌ လိုချင်မက်မောခြင်းကြောင့် ဟောပြော၏”ဟု သိရသဖြင့် အလိုလိုသာလျှင် မိမိ၏စိတ်ကို ပြန်လည်ဆုတ်နစ်စေလေ၏။ ဤသို့လျှင် ထိုရဟန်းသည် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ရဟန်းတစ်ပါးကို လူထွက်အောင် တိုက်တွန်းဖူးသည်အဖြစ်ကြောင့် ယခုအခါ မမွေ့လျော်ခြင်းသည် ဖြစ်လေ၏။

ရဟန္တာဖြစ်ကြောင်း ကောင်းမှု

ထိုရဟန်းသည်ပင်လျှင် ထိုအခါ အနှစ်နှစ်သောင်းတို့ပတ်လုံး အကြင်ရဟန်းတရားကို ဖြည့်ကျင့်ခဲ့ဖူး၏၊ ထိုရဟန်းတရားသည် ယခုအခါ အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယဖြစ်လေ၏ဟု ဤအကြောင်းကို ရဟန်းတို့သည် ဘုရားရှင်၏အထံတော်မှ ကြားနာရသဖြင့် ထို့ထက်အလွန် မေးလျှောက်ပြန်သည်မှာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းသည် သင်တုန်းသွားကို ရေမျိုး၌တင်ထား၍ ရပ်လျက်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပါသတတ်၊ ဤမျှလောက်ဖြင့် အရဟတ္တမဂ်သည် ဖြစ်နိုင်ပါသလောဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ “ချစ်သားရဟန်းတို့- ဖြစ်နိုင်၏၊ အားထုတ်အပ်သော လုံ့လဝီရိယရှိသော ရဟန်း၏ ခြေကိုကြွ၍ မြေ၌ထားစဉ် ခြေသည် မြေသို့မရောက်မီပင်လျှင် အရဟတ္တမဂ်သည် ဖြစ်၏။ ပျင်းရိသောပုဂ္ဂိုလ်၏ အနှစ်တစ်ရာ ကာလပတ်လုံး အသက်ရှည်ခြင်းထက် အားထုတ်အပ်သော လုံ့လရှိသောပုဂ္ဂိုလ်၏ တစ်ခဏမျှသော်လည်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၁၂] ယော စ ဝဿသတံ ဇီဝေ၊ ကုသီတော ဟီနဝီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠှံ။

ယောစ၊ အကြင်သူသည်ကား။ ကုသီတော၊ ပျင်းရိခြင်းရှိသည်။ ဟီနဝီရိယော၊ လျော့သော လုံ့လရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုပျင်းရိသောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ဝီရိယံ၊ လုံ့လကို။ ဒဠှံ၊ မြဲစွာ။ အာရဘတော၊ အားထုတ်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သပ္ပဒါသမထေရ်ဝတ္ထု ပြီး၏။