ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၁၁

From Wikisource
Jump to navigation Jump to search
322850ဝေဿန္တရာဇာတ်တော်ကြီး — ၁၁။ မဟာရာဇ ပဗ္ဗခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဇူဇကာပုဏ္ဏားသည် မင်းသားမင်းသမီးတို့ကိုယူ၍ ယူဇနာ-၆၀ အဓွန့်ရှည်သောခရီးသို့ သွားလေသည်ရှိသော် နတ်တို့သည် မင်းသား, မင်းသမီးတို့အား စောင့်ရှောက်ကုန်၏။ ဇူဇကာပုဏ္ဏားသည် မိုးချုပ်နေဝင်သောအခါရောက်တိုင်း မင်းသား,မင်းသမီးတို့ကို နွယ်ဖြင့် ချုံ၌ဖွဲ့တုပ်၍ မြေတွင်အိပ်စေလျက် မိမိမူကား သားရဲဘေးမှ ကြောက်သောကြောင့် သစ်ပင်ထက်သို့တက်၍ သစ်ခွကြား၌ အိပ်၏။ ထိုသို့အိပ်နေသောအခါ နတ်သားတစ်ယောက်သည် ဝေဿန္တရာမင်းအသွင်ဖြင့်, နတ်သမီးတစ်ယောက်သည် မဒ္ဒီဒေဝီအသွင်ဖြင့် လာလတ်၍၊ မင်းသားမင်းသမီးတို့၌ အနှောင်အဖွဲ့ကိုဖြည်ပြီးလျှင် လက်ခြေကိုဆုပ်လျက် ရေချိုးခြင်း, တန်ဆာဆင်ခြင်း နတ်၏ခဲဖွယ်ဘောဇဉ်တို့ကို စားသောက်စေခြင်း, နတ်၏အိပ်ရာ၌ အိပ်စေခြင်းတို့ဖြင့် ထိန်းယစောင့်ရှောက်၍၊ နေအရုဏ်တက်သောအခါ မင်းသားမင်းသမီးတို့၌ နှောင်ဖွဲ့မြဲ ဖွဲ့ခဲ့ပြီးမှ ကွယ်လေ၏။ ဤသို့ နေ့တိုင်း နေ့တိုင်းလျှင် နတ်သား,နတ်သမီးတို့၏ ထောက်ပံ့သင်္ဂြိုဟ်ခြင်းဖြင့် မင်းသား, မင်းသမီးတို့သည် ချမ်းသာစွာ အနာမရှိ သွားရကုန်၏။

ဇူဇကာပုဏ္ဏားသည် မိမိနေရာ ကလိင်္ဂရာဇ်တိုင်း ဒုန္နိဝိဋ္ဌရွာသို့ သွားအံ့ဟု ခရီးကိုမှတ်၍သွားလေသော် နတ်တို့လှည့်ပတ်သဖြင့် ကလိင်္ဂရာဇ်တိုင်းသို့မရောက်ဘဲ ဝင်္ကပါတောင်မှ ယူဇနာ-၆၀-ကွာသော စေတုတ္တရာပြည်သို့ ၁၅-ရက်ဖြင့် ရောက်လေ၏။

ထိုဇူဇကာပုဏ္ဏားရောက်မည့်နေ့ ညဉ့်မိုးသောက်ထ၌ သိဉ္စည်းမင်းကြီးသည် ဤသို့ အိပ်မက်မြင်၏။

“ကြီးစွာသောတရားသဘင်၌ မင်းကြီးနေစဉ် မည်းနက်စွာအဆင်းရှိသော ယောက်ျားတစ်ယောက်သည် ပဒုမ္မာကြာ ၂-ပွင့်ကို ဆောင်ယူခဲ့၍၊ မင်းကြီးအား ပေးဆက်၏။ မင်းကြီးသည် ထို ကြာ ၂-ပွင့်ကို နား၂-ဘက်၌ တစ်ပွင့်စီပန်လေသော်၊ ထိုကြာပွင့်တို့မှ ဝတ်ဆံတို့သည်ကြွေလတ်၍ မင်းကြီး၏ရင်ခွင်ပေါ်၌ ကျ၏။”

ဤသို့သော အိပ်မက်ကို မြင်သတည်း။

ထိုသို့မြင်မက်ပြီးမှ မင်းကြီးနိုးလတ်သော် နံနက်စောစောကပင်လျှင် နိမိတ်ဖတ်ပုဏ္ဏားတို့ကိုခေါ်၍ မေးတော်မူ၏။ ပုဏ္ဏားတို့သည်လည်း-

“အရှင်မင်းကြီး။ အိပ်မက်သည် ကောင်းသော အိပ်မက်တည်း။ နှစ်,လ,ရှည်စွာ ကွေကွင်းလေပြီးသော အရှင်မင်းကြီး၏ ဆွေတော်မျိုးတော် ချစ်မြတ်နိုးအပ်သောသူတို့သည် အထံတော်သို့ ရောက်သည်ဖြစ်၍ အရှင်မင်းကြီး တွေ့မြင်တော်မူရလတ္တံ့”ဟု အိပ်မက်ကို ဖတ်ကြားလျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့စကားကိုကြားလျှင် ဝမ်းမြောက်ဝမ်းသာ သိဉ္စည်းမင်းကြီးသည် တစ်လတစ်ကြိမ် သင်္ကြန်တော်ခေါ်မြဲ ဦးခေါင်းဆေးသောအခါရောက်သည်နှင့် နံနက်ကပင်လျှင် ဦးခေါင်းဆေး သင်္ကြန်တော်ခေါ်၍၊ အထူးထူးအပြားပြား မြိန်မြတ်သောဘောဇဉ်တို့ကို သုံးဆောင်ပြီးလျှင် အဝတ်တန်ဆာဝတ်ဆင်ပြီးသော် တရားစီရင်ရာ လွှတ်သဘင်၌ မှူးမတ်အပေါင်းခြံရံလျက် နေတော်မူ၏။

ထိုအခါ ဇူဇကာပုဏ္ဏားသည် စေတုတ္တရာပြည်သို့ သွားခြင်းငှာ အလိုမရှိတုံသော်လည်း နတ်တို့၏တန်ခိုးဖြင့် ဆောင်ယူခဲ့၍ မင်းကြီး၏မျက်နှာမူရာ တူရူသောခရီးသို့ ရောက်လေ၏။ သိဉ္စည်းမင်းကြီးသည် ခရီးလမ်းကို မျှော်ကြည့်လတ်သော် သူငယ် ၂-ယောက်ကိုမြင်၍ ဤသို့ ဆို၏။

“အမတ်များတို့။ ထိုမင်းလမ်းမ၌ ဦးသစ်သောရွှေစင်ကဲ့သို့ ရှုချင်ဖွယ်သောမျက်နှာဖြင့် လာလတ်သော သူငယ် ၂-ယောက်သည်ကား အလွန် အဆင်းလှ၏။ တူမျှသောအသွေးအရည်လည်း ရှိ၏။ အသူနည်း။ တစ်ယောက်သောသူငယ်ကား ငါ့မြေးတော် ဇာလီသတို့သားနှင့် တူစွာ၏။ တစ်ယောက်ကား ငါ့မြေးတော် ကဏှာဇိန်သတို့သမီးနှင့် တူစွာ၏။ ငါ့မြေးတော် ၂-ယောက်တို့သည်လည်း ရွှေဂူမှထွက်သော ခြင်္သေ့ငယ်မောင်နှမကဲ့သို့ တူမျှသောအဆင်းသဏ္ဌာန် ရှိကုန်၏။ ဤသူငယ် ၂-ယောက်တို့သည်လည်း ရွှေစင်ဦးသစ်ကဲ့သို့ ချစ်ဖွယ်သောမျက်နှာဖြင့် တူစွာသောအဆင်းသဏ္ဌာန် ရှိသည်ဖြစ်၍ ငါ့မြေးတော်များပင် ငါထင်တော်မူ၏”ဟု ချီးမွမ်းသောစကားကိုဆိုပြီးလျှင် အမတ်တစ်ယောက်ကိုခေါ်၍ “အမတ်။ သင် ယခုသွားချေ။ သူငယ် ၂-ယောက်နှင့်တကွ ပုဏ္ဏားကိုခေါ်ခဲ့”ဟု စေတော်မူလိုက်၏။

အမတ်သည် သွား၍ သူငယ် ၂-ယောက်နှင့်တကွ ပုဏ္ဏားကိုခေါ်ခဲ့သဖြင့် မင်းကြီးထံသို့ရောက်လတ်သော် မင်းကြီးသည် ပုဏ္ဏားကို ဤသို့မေး၏။

“ပုဏ္ဏားကြီး။ သင်သည် ဤသူငယ် ၂-ယောက်တို့ကို အဘယ်အရပ်မှ ယူဆောင်လာခဲ့သနည်း။ ယခု နေပြည်တော်သို့ သင်ရောက်လာပြီ။ အဘယ်မည်သောအရပ်သို့ သင် သွားလိမ့်မည်နည်း”ဟု မေး၏။

ဇူဇကာ ပုဏ္ဏားသည် “အရှင်မင်းကြီး။ အကျွန်ုပ်အား ဤသူငယ် ၂-ယောက်တို့ကို နှစ်လိုကြည်ညိုဖွယ်ရှိသော မင်းကြီးဝေဿန္တရာသည် လှူအပ်၏။ ထိုလှူသောနေ့မှ ယနေ့သည် ၁၅-ရက်ရှိပြီ”ဟုဆို၏။

ထိုစကားကိုကြားလျှင် သိဉ္စည်းမင်းကြီးသည် “ပုဏ္ဏား။ သင် ယခုဆိုသောစကားဖြင့် ငါ ယုံကြည်တော်မမူ။ ရင်၌ဖြစ်၍ ချစ်လှစွာသော သား,သမီးကိုစင်လျက် အဘယ်သူလျှင် ပေးလှူ စွန့်ပစ်နိုင်ပါအံ့နည်း။ ဤသူငယ် ၂-ယောက်ကို မည်သို့သောအကြောင်းဖြင့် ရသည်ဟု ဟုတ်တိုင်း ငါ့အားမလှည့်စားမူ၍ ဖြောင့်မှန်စွာ ယုံကြည်လောက်အောင် ပြောလော့”ဟုဆိုပြန်၏။

ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “အရှင်မင်းကြီး။ ဤမြေကြီးသည် သတ္တဝါတို့၏တည်ရာ ဖြစ်သကဲ့သို့၊ ထို့အတူ မင်းကြီးဝေဿန္တရာသည် ဖုန်းတောင်းယာစကာတို့၏တည်ရာ ဖြစ်ပေ၏။ မဟာသမုဒ္ဒရာသည် ခပ်သိမ်းသောမြစ်တို့၏ စီးဝင်ရာဖြစ်သကဲ့သို့ မင်းကြီးဝေဿန္တရာသည် ဖုန်းတောင်းယာစကာတို့၏လားရာ ဖြစ်ပေ၏။ ထိုသို့ဖြစ်သောကြောင့် မင်းကြီးဝေဿန္တရာသည် တောအရပ်၌ပင် နေတုံသော်လည်း အလှူခံရောက်လာသော အကျွန်ုပ်အား သား,သမီးကို လှူတော်မူလိုက်၏”ဟု လျှောက်၏။

ဤသို့လျှောက်သော ပုဏ္ဏားစကားကိုကြားလျှင် လွှတ်သဘင်၌ရှိကုန်သော မှူးတော်,မတ်တော် အပေါင်းတို့သည် မင်းကြီးဝေဿန္တရာအား ဤသို့ ကဲ့ရဲ့ပြစ်တင်ကြကုန်၏။

“ဤတရားသဘင်၌ရှိကုန်သော မှူးတော်မတ်တော် ပရိသတ်အပေါင်းတို့။ နာတော်မူကြကုန်လော့။ မင်းကြီးဝေဿန္တရာသည် မိမိသည် ဤပြည်တော်၌ မင်းစည်းစိမ်ဖြင့်ပင် နေရသော်လည်း ချစ်လှစွာသော သား,သမီးကို မလှူအပ် မလှူထိုက်သည်သာဖြစ်လျက်၊ ပြည်မှနှင်ထုတ်၍ တော၌နေရသော မင်းကြီးဝေဿန္တရာသည် သားသမီးကိုလှူခြင်းငှာ အဘယ်သို့သင့်ပါအံ့နည်း။”

“ပရိသတ်အပေါင်းတို့။ နာတော်မူကုန်လော့။ ပြည်စည်းစိမ်ကင်းသည်ဖြစ်၍ ဆင်းရဲပင်ပန်းစွာ တောအရပ်၌ သား,သမီးဖြင့် စိတ်နှလုံးကိုဖျော်ဖြေရသည်ဖြစ်လျက် ချစ်လှစွာသော သားသမီးတို့ကို ကျွန်ပြုစိမ့်သောငှာ ပုဏ္ဏားအား လှူလိုက်ခြင်းသည် အဘယ်သို့ တော်သင့်ပါအံ့နည်း။ အဘယ်သူသည်လျှင် ရင်၌ဖြစ်သော သား,သမီးကို လှူရိုးလှူထုံးရှိပါသနည်း။ အလှူပေးလိုလျှင် ဆင်, မြင်း, နွား, ဆိတ်, ရွှေငွေစပါး, အဝတ်တန်ဆာတို့ကိုမူကား ပေးရာ၏။ ချစ်လှစွာသော သား,သမီးတို့ကို ကျွန်အဖြစ်ဖြင့် ဆင်းရဲစိမ့်သောငှာ မလှူမပေးထိုက်တကား”ဟု ဆိုကြကုန်၏။

ထိုမှူးမတ်ပရိသတ်တို့ ကဲ့ရဲ့ပြစ်တင်ပြုသောစကားကို ဇာလီ,ကဏှာဇိန် မင်းသားမင်းသမီးတို့ကြားလေသော် အဖအား ကဲ့ရဲ့သောစကားကို သည်းမခံနိုင်သည်ဖြစ်၍ မြင်းမိုရ်တောင်ကို လေမခတ်စိမ့်သောငှာ လက်ဝါးဖြင့်ကာဘိသကဲ့သို့ ဇာလီမင်းသားသည်-

“ဘိုးတော်မင်းကြီး၊ တောအရပ်၌နေရသော အကျွန်ုပ်တို့ဖခင် ဝေဿန္တရာမင်းအား ဆင်, မြင်း, ဆိတ်, နွား, ရထား, ကျွန်ကျေးတို့ကို လှူချင်သော်လည်း အဘယ်မှာ ရအံ့နည်း”ဟု ဆို၏။

ထိုမြေးတော်တို့စကားကိုကြားလျှင် သိဉ္စည်းမင်းကြီးသည် “ငါ့မြေးတော်တို့။ သင့်ခမည်းတော်၏ သားသမီးအလှူကို ငါတို့ ချီးမွမ်းသည်သာ ဖြစ်၏။ မကဲ့ရဲ့ပါကုန်။ မြေးတော်တို့ကိုလှူသောအခါ သင်တို့ဖခင်သည် အဘယ်သို့ နှလုံးရှိပါသနည်း”ဟု ဆို၏။

ဇာလီမင်းသားသည် ထိုစကားကိုကြားလျှင် “ဘိုးတော်မင်းကြီး။ ဤပုဏ္ဏားအား အကျွန်ုပ်တို့ကို လှူသောအခါ ခမည်းတော်၏နှလုံးသည် အလွန် ပူပန်ဆင်းရဲတော်မူ၏။ ပုဏ္ဏားအား လှူပြီးသည့်နောက်၌ ပုဏ္ဏား၏ရိုက်ပုတ်ဆဲရေးခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အကျွန်ုပ်၏နှမ ကဏှာဇိန်သည် “ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို ပုဏ္ဏားသည် သားပေါက်ကျွန်မကဲ့သို့ နွယ်ဖြင့်တုပ်နှောင်လျက် ပြင်းစွာပုတ်ခတ်ဘိ၏။ ပုဏ္ဏားမည်သည် တရားကို စောင့်လေ့ရှိလျက်၊ ဤသူကား ပုဏ္ဏားမဟုတ်၊ ဘီလူး ထင်၏။ အကျွန်ုပ်တို့ကို စားအံ့သောငှာ ဆောင်ယူလာသည် မသိ။ ဤဘီလူးပုဏ္ဏားအား ခမည်းတော် အဘယ့်ကြောင့် ရှုစိမ့်ဘိသနည်း”ဟု သည်းစွာငိုကြွေးမြည်တမ်းသောအခါ၊ အကျွန်ုပ်၏ခမည်းတော် မင်းကြီးသည် ကြေးနီအဆင်းနှင့်တူသော နီသောမျက်စိရှိလျက် မျက်ရည်ပေါက်တို့သည်လည်း မရပ်မဆည်နိုင်အောင် ထွက်ယိုစီးကျလျက် အလွန်ပင်ပန်းသောနှလုံး ရှိတော်မူသည်”ဟုဆို၏။

ထိုသို့ ဇာလီမင်းသားသည် ဘိုးတော်သိဉ္စည်းမင်းကြီးအား အကြောင်းကိုလျှောက်ထားသော်လည်း ဇူဇကာပုဏ္ဏားသည် သူငယ်တို့အား မလွှတ်ဘဲနေသည်ကို မင်းကြီးမြင်၍ ဤသို့ဆို၏။

“ချစ်မြေးတို့။ သင်တို့အမိသည်လည်း အမျိုးတကာတို့၏အထွတ် ဖြစ်တော်မူသော မင်းသမီးတည်း။ သင်တို့ဖခင်သည်လည်း အမျိုးတကာတို့၏အထွတ် ဖြစ်တော်မူသော မင်းသားတည်း။ သင်တို့သည်လည်း ငါ့မြေးတည်း။ ဝင်္ကပါတောင်သို့မသွားမီ ရှေးအထက်၌ ငါတို့ကိုမြင်သည်ရှိသော် ရင်ခွင်သို့သာလျှင်တက်၍ နေကြကုန်၏။ ယခုမူကား အဘယ့်ကြောင့် ဘိုးတော်အနီးသို့မချဉ်းကပ်ဘဲ နေကြကုန်သနည်း”ဟု ဆို၏။

ထိုစကားကို ကြားလျှင် ဇာလီမင်းသားသည် “ဘိုးတော်မင်းကြီး အကျွန်ုပ်တို့၏အမိသည်လည်း မင်းသမီးတည်း။ အကျွန်ုပ်တို့၏ဖခင်သည်လည်း မင်းသားတည်း။ အကျွန်ုပ်တို့သည်လည်း ရှေးကမူကား မင်းမြေးတည်း။ ယခုကား အကျွန်ုပ်တို့သည် ဘိုးတော်မင်းကြီး၏မြေး မဟုတ်။ ပုဏ္ဏားကျွန် ဖြစ်ချေပြီ”ဟုဆို၏။

သိဉ္စည်းမင်းကြီးသည် ထိုစကားကို ကြားလျှင် “ချစ်မြေးတို့။ ဤစကားကို မဆိုပါကုန်လင့်။ ဘိုးတော်၏ နှလုံးသည် မီးဖြင့်တိုက်သကဲ့သို့ ပူလောင်လှ၏။ အလျှံပြောင်ပြောင် တောက်လောင်သောမီးကျီးစု၌ ထားဘိသကဲ့သို့ နေထိုင်၍မချမ်းသာ ပူစွာသောကိုယ် ရှိ၏။ ချစ်မြေးတို့စကားကိုကြားလျှင် အတိုင်းထက်အလွန် ပြင်းစွာသော စိုးရိမ်ခြင်း ဖြစ်ပြန်၏။ ချစ်မြေးတို့။ မစိုးရိမ်ကြလင့်။ ပုဏ္ဏားအား ဥစ္စာကိုပေး၍ မြေးတော်တို့ကို ရွေးအံ့။ ချစ်မြေးတို့။ အဘယ့်ကြောင့် ကျွန်ဖြစ်အံ့နည်း။ သင်တို့ဖခင်သည် သင်တို့ကိုလှူသောအခါ အဘယ်မျှအဖိုးဖြတ်၍ ပုဏ္ဏားအား လှူလိုက်သနည်း။ အဖိုးဖြတ်လိုက်သည်ကို ဘိုးတော်အား ဟုတ်မှန်တိုင်း ကြားလော့။ ပုဏ္ဏားအား အဖိုးပေး၍ ရွေးအံ့”ဟု ဆိုတော်မူ၏။

ထိုစကားကိုကြားလျှင် ဇာလီမင်းသားသည် ခမည်းတော် အဖိုးဖြတ်လိုက်ကြောင်းကို ဤသို့ လျှောက်၏။

“ဘိုးတော်မင်းကြီး။ အကျွန်ုပ်ကို ခမည်းတော်မင်းကြီးသည် ရွှေစင်-၁၀၀၀ အဖိုးဖြတ်၍ ဤပုဏ္ဏားအား လှူလိုက်၏။ အကျွန်ုပ်၏နှမငယ်ဖြစ်သော ကဏှာဇိန်ကို ဆင် ၁၀၀, မြင်း ၁၀၀, နွားလားဥဿဘ ၁၀၀, ရထား ၁၀၀, ကျွန်ယောက်ျား ၁၀၀, ကျွန်မိန်းမ ၁၀၀, ရွှေစင် ၁၀၀, ငွေစင် ၁၀၀၊ အယုတ်သဖြင့် ညောင်စောင်းအင်းပျဉ် ၁၀၀၊ အစရှိသော အလုံးစုံအသုံးအဆောင်ဟူသမျှ ၁၀၀-စီ အဖိုးဖြတ်၍ လှူလိုက်၏”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် သိဉ္စည်းမင်းကြီးသည် အမတ်ကြီးကိုခေါ်၍ “အမတ်ကြီး။ ယခု ငါ့မြေးတော်လျှောက်ထားသည့်အတိုင်း အရွေးဥစ္စာကို ဆောင်ယူ၍ ပုဏ္ဏားအား ပေးလော့”ဟု ဆို၏။

အမတ်ကြီးသည်လည်း မင်းကြီးဆိုတိုင်း ဆင် ၁၀၀, မြင်း ၁၀၀, နွားလားဥသဘ ၁၀၀, ရထား ၁၀၀, ကျွန်ယောကျာ်း ၁၀၀, ကျွန်မိန်းမ ၁၀၀, ရွှေစင် ၁၀၀, ငွေစင် ၁၀၀, ညောင်စောင်းအင်းပျဉ် အစရှိသော အလုံးစုံ ၁၀၀-စီသောစည်းစိမ်ဥစ္စာတို့ကို ပုဏ္ဏားအား ပေး၏။ ထိုမှတစ်ပါးလည်း ဘုံ ၇-ဆင့်ရှိသော ပြာသာဒ်ကို ပေးတော်မူလေ၏။

ထိုအခါ ဇူဇကာပုဏ္ဏားအား များစွာသော စည်းစိမ်ချမ်းသာအခြံအရံသည် ဖြစ်၏။ ဇူဇကာပုဏ္ဏားသည် မိဘဘိုးဘေးမှဆင်းသက်၍ တစ်ကြိမ်တစ်ခါမျှ ခံစားရမည်ကိုထား၍ မြင်မျှမမြင်စဘူးသော စည်းစိမ်ကိုရလျှင် ထိုအလုံးစုံသောဥစ္စာတို့ကို သိမ်းယူသိုမှီး၍ ပြာသာဒ်ထက်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို စားလျက် မြတ်သောအိပ်ရာအပြင်ဝယ် နှစ်သက်ဝမ်းမြောက်ခြင်းဖြင့် နေ၏။

ထိုသို့ ဥစ္စာစည်းစိမ်တို့ဖြင့် မြေးတော်တို့ကိုရွေးပြီးလျှင် မင်းသား,မင်းသမီးတို့ကို ဦးဆေးမင်္ဂလာပြုစေပြီးမှ ရေချိုးပြီးသော်၊ မြတ်သော အဝတ်တန်ဆာတို့ဖြင့် ဝတ်ဆင်လျက် နံ့သာပျောင်းတို့ဖြင့် လိမ်းသပ်၍၊ နဖူးပြင်တို့၌ နံ့သာပျောင်းကိုထုံစေလျက် အဆင်း,အနံ့ဂုဏ်နှင့်ပြည့်စုံသော မင်္ဂလာပန်းတို့ကို ပန်ဆင်စေပြီးသော်၊ ဇာလီမင်းသားကို ဘိုးတော်သိဉ္စည်းမင်းကြီး၏ရင်ခွင်ပေါ်၌, ကဏှာဇိန်မင်းသမီးကို ဘွားတော်ဖုဿတီဒေဝီ မိဖုရားကြီး၏ ရင်ခွင်ပေါ်၌ ထား၍၊ သိဉ္စည်းမင်းကြီးသည် မြေးတော်ဇာလီမင်းသားကို ဤသို့ ပဋိသန္ဓာရ သာရဏိယစကားဖြင့် မေးမြန်းတော်မူ၏။

“ငါ၏ချစ်မြေး ဇာလီ။ အသို့နည်း။ သင်တို့မိခင်ဖခင်တို့သည် အနာမရှိ ကျန်းမာပါ၏လော။ သစ်သီးသစ်မြစ်ရှာမှီးခြင်းဖြင့် မျှလောက်ပါ၏လော။ သစ်သီး,သစ်မြစ် ပေါများပါ၏လော။ ခြင်, မှက်, ကင်း, သန်း နည်းပါးပါ၏လော။ သားရဲတို့ဖြင့်ပြွမ်းသော တောကြီးထဲ၌ ဘေးအန္တရာယ်မရှိ လွတ်ငြိမ်းပါ၏လော”ဟု မေးတော်မူ၏။

ဇာလီမင်းသားသည်လည်း ဤသို့လျှောက်၏။ “ဘိုးတော်မင်းကြီး။ အကျွန်ုပ်တို့၏မိခင်,ဖခင်တို့သည် အနာမရှိ ကျန်းမာကြပါကုန်၏။ သစ်သီး, သစ်မြစ်တို့ဖြင့်လည်း မျှလောက်ပါကုန်၏။ သစ်သီး,သစ်မြစ်တို့သည်လည်း ရလွယ်ပါကုန်၏။ ခြင်,မှက်,ကင်း, သန်းတို့သည်လည်း နည်းပါးပါကုန်၏။ သစ်,ကျား အစရှိသော သားရဲဘေးမှလည်း လွတ်ငြိမ်းချမ်းသာပါကုန်၏။ အကျွန်ုပ်တို့မိခင်သည် နေ့တိုင်း နံနက်စောစောကပင်လျှင် နေရာကျောင်းသင်္ခမ်း၌ ပြုရာဆောင်ရာသည့်ဝတ်ကို ပြုခဲ့ပြီးလျှင်၊ တံချူ,တူးရွင်း, ခြင်းတောင်း လက်စွဲလျက် တောအရပ်၌ မျောက်ဥ, သင်းတောက်ဥ, ပိန်းဥ, သထွေးဥတို့ကိုတူး၍၊ ဆီးသီး၊ ဥသျှစ်သီး အစရှိသော သစ်သီးတို့ကို ဆွတ်ချူပြီးသော် ခြင်းတောင်းဖြင့်လွယ်လျက် ညချမ်းသောအခါမှလျှင် နေရာကျောင်းသင်္ခမ်းသို့ပြန်၍ အကျွန်ုပ်တို့အား ကျွေးမွေးပေ၏။ ထိုသို့ မိခင် တောအရပ်က ပြန်ရောက်လာ၍ ညဉ့်မိုးချုပ်မှသာလျှင် အကျွန်ုပ်တို့ သားအမိတစ်စုသည် အညီအညွတ် သစ်သီးသစ်မြစ်တို့ကို စားရကုန်၏။ နေ့အခါ၌မူကား မစားရကုန်။ အကျွန်ုပ်တို့မိခင်သည်လည်း သစ်သီး, သစ်မြစ် ဆောင်ယူရှာမှီးရဖန်များသဖြင့် ပင်ပန်းသည်ဖြစ်၍ ကြုံသောကိုယ် ရှိ၏။ ဖျော့တော့သောအဆင်း ရှိ၏။ ချမ်းသာလှစွာသော မင်းသမီးဖြစ်လျက် နေပူတံလှပ်တို့ခတ်ခြင်းကြောင့် လက်ဖြင့်ဆုပ်နယ်အပ်သော ကြာညိုပွင့်ကဲ့သို့ ညှိုးသမ်းသောကိုယ် ရှိ၏။ သစ်, ကျား, ခြင်္သေ့, အောင်း, ကြံ့, ပြောင်အစရှိသော သားရဲတို့ဖြင့်ပြွမ်းလျက် တောနက်ကြီးထဲ၌ ချုံအောက် သစ်ပင်သစ်ခက်ကြားတို့၌ လျှိုသွားရသဖြင့် သစ်ခက်ချုံနွယ်ငြိ၍ မိခင်၏ဆံပင်တို့သည်လည်း ကျွတ်ပြတ်ခြင်းကြောင့် နည်းပါးကုန်၏။ ရင်, လက်ရုံး, လက်ကတီး, လည်ကုပ်, မျက်နှာတို့၌လည်း မြေမှုန့်အလိမ်းလိမ်းကပ်ကုန်၏။ ဆံကျစ်ထုံးလျက် သစ်နက်ရေကိုဝတ်၍ မြေ၌သာလျှင် အိပ်ရ၏။ ဤသို့ ငြိုငြင်ဆင်းရဲလှစွာ အစာရှာ၍ မွေးကျွေးပေသောမိခင်အား အကျွန်ုပ် ရှိခိုးပါ၏”ဟုလျှောက်၏။

ထိုဇာလီမင်းသားသည် မိခင်၏ ဆင်းရဲသောအဖြစ်ကို ကြားပြီးလျှင်၊ မယ်တော်,ခမည်းတော်တို့ကို မြို့သို့ ခေါ်ပါမည့်အကြောင်းကို တိုက်တွန်းတောင်းပန်လိုသည်ဖြစ်၍ ဤသို့ လျှောက်ပြန်၏။

“ဘိုးတော်မင်းကြီး။ ဤလူ့ပြည်၌ လူတို့သည် မိမိတို့၏ရင်၌ဖြစ်သော သားသမီးတို့ကို ချစ်မြတ်နိုးကြကုန်၏။ ဘိုးတော်မင်းကြီးကား သားသမီးတို့ကို မချစ်မခင်ယောင်တကား”ဟု ဆို၏။

ထိုစကားကိုကြားလျှင် သိဉ္စည်းမင်းကြီးသည် နောင်တနှလုံး ယူကျုံးမရရှိ၍ ပြုမိသောအပြစ်ကို မြေးတော် ဇာလီမင်းသားအား ဤသို့ဆို၏။

“ငါ၏ချစ်မြေး ဇာလီ။ ငါ၏ရင်သွေး, ငါမြေးတော်တို့၏ဖခင်ဖြစ်သော ဝေဿန္တရာကို အပြစ်မရှိဘဲလျက် သိဝိရာဇ်ပြည်သူတို့ စကားကို လိုက်နာ၍ ပြည်မှ နှင်ထုတ်မိချေ၏။ ထိုသို့နှင်ထုတ်ခြင်းသည် အကြောင်းအရာ မသင့်သည်သာ ဖြစ်ပေ၏။ ပြည်သူတို့စကားကြောင့် ငါ၌လည်းကောင်း, ငါ့သားတော်၌လည်းကောင်း များစွာသော စီးပွားချမ်းသာတို့သည် ယုတ်လျှော့ပျက်စီးခြင်းသို့ ရောက်ချေပြီ။ ချစ်မြေးဇာလီ။ သားတော်ကို နှင်ထုတ်ခြင်း၌ အပြစ်ကို ဘိုးတော် မြင်အပ်ပြီ။ ဤပြည်တော်၌ အလုံးစုံသော မင်း၏စည်းစိမ်ကို သင်တို့ဖခင်အား ငါပေးအံ့။ သင်တို့ဖခင်သည် ရှေးကအတိုင်း မင်းအဖြစ်ဖြင့် ပြည်သူပြည်သားလူအပေါင်းတို့ကို ဆုံးမစေလော့”ဟုဆိုတော်မူ၏။

ထိုစကားကိုကြားလျှင် ဇာလီမင်းသားသည် “ဘိုးတော်မင်းကြီး၊ အကျွန်ုပ်တို့ခေါ်ကာမျှဖြင့် သိဝိရာဇ်တိုင်းကြီးသခင်ဖြစ်သော အကျွန်ုပ်တို့ခမည်းတော်သည် ဤအရပ်သို့ ကြွတော်မမူရာ။ ဘိုးတော်မင်းကြီး ကိုယ်တိုင်သွား၍ ညှိုးနွမ်းပြီးသောသစ်ပင်ကို သည်းထန်စွာသောမိုးသည် လန်းလန်းရွှင်အောင် ရွာသွန်းဘိသကဲ့သို့ သားတော်မင်းကြီးကို များစွာသောမင်းစည်းစိမ်ဖြင့် အဘိသိက်သွန်းတော်မူပါလော့”ဟု လျှောက်၏။

ထိုအခါ သိဉ္စည်းမင်းကြီးသည် စစ်သူကြီးအမတ်ကိုခေါ်၍ ဤသို့ ဆို၏။

“အမတ်စစ်သူကြီး။ ယခု သားတော်ဝေဿန္တရာကို မင်းစည်းစိမ်ဖြင့် အဘိသိက်သွန်းအံ့သောငှာ ဝင်္ကပါတောင်သို့သွားအံ့။ ဆင်, မြင်း, ရထား, ခြေသည်သူရဲ့ ပုရောဟိတ်ပုဏ္ဏားမှစ၍ အလုံးစုံသော စစ်အင်္ဂါကိုလည်းကောင်း၊ မင်းလမ်းခရီးကိုလည်းကောင်း တင့်တယ်လျောက်ပတ်အောင် စီရင်။”

“ငါ၏သားတော်နှင့် ဖွားဖက်ဖြစ်သော အမတ် ၆-သောင်းတို့ကိုလည်း အထူးထူးသော စစ်ဝတ် စစ်တန်ဆာတို့ကိုဝတ်ဆင်လျက် ငါ၏ထံသို့ စည်းဝေးကြစေ။”

“ထိုမှတစ်ပါးသော သူရဲတို့ကိုလည်း မိမိတို့နှင့်ထိုက်တန်ရာ အချို့သောသူရဲကို အဆင်းညိုသောပုဆိုး, အကျီ, မိန်ချပ်တန်ဆာတို့ကို ဝတ်ဆင်စေ။ အချို့ကို အရွှေ, အချို့ကို အနီ, အချို့ကိုအဖြူ ဝတ်ဆင်စေ။”

“နီစွာသော သင်းကျစ်, နဖူးစည်း, ဦးရစ်ခေါင်းပေါင်း ပေါင်းစေလျက် အထူးထူးသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍၊ ဟိမဝန္တာဝယ် အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းလျက် နတ်ဘီလူးတို့၏နေရာဖြစ်သော ဂန္ဓမာဒနအမည်ရှိသောတောင်သည် အထူးထူးသော နတ်ဆေးအမွှေးအထုံပင်တို့ဖြင့် အရပ် ၈-မျက်နှာ၌ နေ့ညဉ့်ပတ်လုံး တောက်ပလျက်လှိုင်သကဲ့သို့ အလုံးစုံသော မှူးမတ်စစ်သည်သူရဲတို့ဖြင့် စည်းဝေးသည်ဖြစ်၍၊ ငါ၏နေပြည်တော်သည် အရပ် ၈-မျက်နှာ၌ တောက်ပလျက် လှိုင်သည်ဖြစ်စေ။”

“ထိုမှတစ်ပါး ရွှေကြိုး,ရွှေက ဆင်လျက် မာတင်္ဂမျိုးဖြစ်သော ငါ၏ဆင်တော် ၁-သောင်း ၄-ထောင်တို့ကိုလည်း လှံမ, ချွန်းတောင်းလက်စွဲလျက် ဆင်စီးသူရဲနှင့်တကွ စည်းဝေးစေ။”

“ထိုမှတစ်ပါးလည်း အာဇာနည် သိန္ဓောမျိုးဖြစ်၍ လေ၏လျင်ခြင်းကဲ့သို့ လျင်ခြင်းရှိသော ၁-သောင်း ၄-ထောင်ကုန်သော မြင်းတို့ကို မြား,လေး လက်နက်စွဲလျက် မြင်းစီးသူရဲနှင့်တကွ အညီအညွတ် ယခုစည်းဝေးစေ။”

“ထိုမှတစ်ပါးလည်း သံဖြင့်ကွပ်အပ်သည်ဖြစ်၍ ကောင်းစွာအကွပ်ရှိလျက် လက်ရုံး, နံရံ စသည်တို့၌ ရွှေငွေစသည်တို့ဖြင့် ဆန်းကြယ်လှစွာသော ၁-သောင်း ၄-ထောင်ကုန်သောရထားတို့ကို ရထားဦး၌ တံခွန်အောင်လံစိုက်၍၊ ရထားတို့၌ ဒိုင်း,လွှား,ကာချပ် စွဲကုန်သော သူရဲ၊ တစ်ချောင်းသောသားမြီးဖျားကို မြင်လောက်ရာကနေ၍ ထိအောင်ပစ်ခြင်းငှာစွမ်းနိုင်သော ဝါဠဝေဓိ လေးသည်ကျော်တို့ကိုလည်းကောင်း စီရင်စေလျက် ယခု စည်းဝေးစေ”ဟု အလုံးစုံသော စစ်အင်္ဂါတို့ကို စီရင်စေ၏။ ထိုမှတစ်ပါးလည်း သိဉ္စည်းမင်းကြီးသည် စေတုတ္တရာပြည်မှ ဝင်္ကပါတောင်သို့တိုင်အောင် အဓွန့်ယူဇနာ ၆၀-ကွာသော ခရီးကို အကျယ် ၈-ဥသဘလောက် သုတ်သင်ညီညွတ် ရှင်းလင်းခင်းကျင်း ဆင်ယင်စိမ့်သောငှာ ဤသို့ အမတ်တို့ကို ဆိုတော်မူပြန်၏။

“အမတ်တို့။ အကြင်ခရီးဖြင့် ငါ့သားဝေဿန္တရာမင်းသည် လာလတ္တံ့။ ထိုသားတော်လာရာဖြစ်သော ခရီးကို အကျယ် ၈-ဥသဘ အတိုင်းအရှည်မျှ သစ်ပင်ချုံနွယ်တို့ကို ရှင်းလင်းသုတ်သင်၍ မညီညွတ်သော မြေတို့ကိုလည်း ညီညွတ်အောင်ညှိပြီးလျှင် ဆိုင်ရာဆိုင်ရာ မြို့ရွာ, နိဂုံးဇနပုဒ်သားတို့ကို သဲဖြူခင်းခြင်း ပန်းပေါက်ပေါက် နံ့သာပျောင်းတို့ဖြင့် ကြဲဖြန့်ခြင်း, ရာဇမတ် လက်ရန်းကာခြင်း၊ ငှက်ပျောပင်, ကြံပင်စိုက်ခြင်း၊ ပုဆိုးဖြူ စိုက်လွှားခြင်း၊ အထူးထူးအပြားပြား များစွာသော ပန်းဆိုင်း, ရတနာဆိုင်းဆွဲခြင်း အစရှိသော ခရီး၌ ပြုရာဆောင်ရာ စသည်တို့ကို မကျန်မကြွင်းရအောင် စီရင်ခင်းကျင်း၍ တန်ဆာဆင်စေ။”

“ငါ၏သားတော် လာလတ္တံ့သောခရီးအနား မြို့တံခါးတို့၌လည်း သေအိုး, အရက်အိုး အရေအတွက် ၁၀၀-စီ တည်ထားစေ။”

“ထမင်း, အဖျော်, ငါး, အမဲဟင်းလျာ, မုန့်ပေါင်း မုန့်လက်ကောက် အစရှိသော အလုံးစုံသော ခဲဖွယ်ဘောဇဉ် ဟူသမျှတို့ကို ခရီး ၂-မြှောင်၌ ဈေးဆိုင်တည်ထား ရောင်းဝယ်စားသောက်ကြစေ။”

“ပင်ပန်းစိုးရိမ်ခြင်း ပြင်းစွာရှိသော်လည်း မြင်ရကြားရသဖြင့် စိုးရိမ်ခပ်သိမ်း ငြိမ်းစေခြင်းငှာ စွမ်းနိုင်သော ပွဲသဘင်များသည်လည်းကောင်း၊ ထိုမှတစ်ပါးလည်း မျက်လှည့်သည်, ကျွမ်းသမား, တိုင်တက်, ကွင်းလျှိုး ကြိုးတန်းလျှောက်, သီချင်းဆို၍ ကတတ်သောသူ, လက်ခုပ်တီးအိုးစည်တီး, သဘင်သည်တို့ကိုလည်း အလုံးစုံသော တူရိယာဘဏ္ဍာမျိုးတို့ဖြင့် တီးမှုတ်ကခုန် မြူးထူးရွှင်လန်းစေ။”

“ရတု, ရကန်, သာချင်း, အဲအံ, တေးတျာ အသာအယာ သီတတ်ကုန်သော သူတို့ကိုလည်း သီစေ။” “ပလွေ, ခရုသင်း, ဒုံမင်း, ပတ်သာ တီးမှုတ်တတ်ကုန်သောသူတို့ကိုလည်း တီးမှုတ်စေ။”

“စည်ကြီး, မုရိုးစည်, ထက်စည်, နှဲ, ခရာ, သံလွင်, ပတ်သာတို့ဖြင့် တေးတျာခံ၍ တီးမှုတ်စေ။ စောင်းငြင်းကြိုး ၃-ချောင်းမှတ်လျက် ဂေါဋ္ဌဟုဆိုအပ်သော မိကျောင်းစောင်း, စည်းဆုပ်, ပတ်တလား, ပတ်သာတို့ဖြင့် တေးတျာအလိုက် အသံညီစွာ သာယာချိုအေးသော တီးမှုတ်မျိုးတို့ကိုလည်း တီးမှုတ်စေ”

ဤသို့ သိဉ္စည်းမင်းကြီးသည် ခရီးကို တန်ဆာဆင်စေ၏။ ဇူဇကာပုဏ္ဏားသည်ကား မိမိသည် တစ်ကြိမ်တစ်ခါမျှ မတွေ့မကြိမ်စဖူးသော စည်းစိမ်ကြီးကို တွေ့ကြိမ်ခံစားရသဖြင့် အာဟာရအတိုင်းအရှည်ကိုမသိ မွန်မြတ်သောဘောဇဉ်အာဟာရ၌ မရောင့်ရဲနိုင်သည်ဖြစ်၍ လွန်စွာစားခြင်းကြောင့် အစာမကြေနိုင် စားပိုးနှင့်၍ သေလေ၏။

သိဉ္စည်းမင်းကြီးသည် ထိုဇူဇကာပုဏ္ဏားအား ဖုတ်ကြည်းသဂြိုဟ်ခြင်းကို ပြုပြီးလျှင်၊ “ဤပြည်အတွင်း၌ ဇူဇကာပုဏ္ဏား၏ ဆွေမျိုးပေါက်ဖော် တော်စပ်သသူရှိလျှင် ပုဏ္ဏား၏ ဥစ္စာစည်းစိမ်တို့ကို သိမ်းယူလှည့်ကုန်”ဟု စေတုတ္တရာပြည်အလုံးကို စည်လည်စေ၏။ တစ်စုံတစ်ယောက်မျှ ဇူဇကာပုဏ္ဏား၏ အဆွေအမျိုးတော်စပ်သသူ မပေါ်မရှိခဲ့လျှင် အရှင်မရှိသောဥစ္စာလည်း မင်းဘဏ္ဍာထိုက်သည် ဖြစ်သောကြောင့် မင်းကြီး သိမ်းယူတော်မူပြန်၏။

သိဉ္စည်းမင်းကြီးသည် အလုံးစုံသော စစ်အင်္ဂါတို့ကိုလည်းကောင်း, ခရီးကိုလည်းကောင်း စီရင်စေပြီးသော် ဇာလီမင်းသားတို့ရောက်သည့်နေ့မှ ၇-ရက်မြောက်သောနေ့၌ ၁၂-ခေါဘိဏီ အတိုင်းအရှည်ရှိသော စစ်သည်ဗိုလ်ပါ, များစွာသော မှူးမတ်အခြံအရံဖြင့် ဇာလီမင်းသားလျှင် ခရီးလမ်းညွှန်ရှိသည်ဖြစ်၍ စေတုတ္တရာပြည်မှ ဝင်္ကပါတောင်သို့ ထွက်လေ၏။

ထိုအခါ ကလိင်္ဂရာဇ်တိုင်းသည် ဆင်ဖြူရောက်သည်မှစ၍ မိုးကောင်းသည် ဖြစ်သောကြောင့် ဝေဿန္တရာမင်းကြီး၏ ဆင်ဖြူတော်ပစ္စယကို သိဉ္စည်းမင်းကြီးအား ကလိင်္ဂရာဇ်မင်းက ပို့ဆက်လာစေသည်ဖြစ်၍ စေတုတ္တရာပြည်၌ ရှိနှင့်သတည်း။

သိဉ္စည်းမင်းကြီးသည် “ဝင်္ကပါတောင်သို့ ထွက်တော်မူမည်”ဟု ဆင်ဖြူတော်ပစ္စယကို ကကြိုးတန်ဆာ ဆင်လျှင်၊ ဆင်ဖြူတော်ပစ္စယသည် “ယခု အရှင်သခင်ဖြစ်သော ဝေဿန္တရာမင်းကြီးကို ဖူးမြင်ရအံ့တကား”ဟု အလွန်ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ ကြိုးကြာသံနှင့်တူသောအသံဖြင့် ပြင်းစွာမြည်၏။

သိဉ္စည်းမင်းကြီး ထွက်တော်မူသည်ရှိသော် အလုံးစုံသော ဆင်အာဇာနည်, အဿတိုရ်မြင်း အပေါင်းတို့၏ မြည်သောအသံ, ရထားသံတို့ဖြင့် ပဲ့တင်ထပ်လျက် အထက်ကောင်းကင်ပြင် အလုံးစုံသည် မြူဖြင့် ဖုံးလွှမ်းသည်သာ ဖြစ်လေ၏။

သိဉ္စည်းမင်းကြီးသည် များစွာသောစစ်သည်ဗိုလ်ပါ ခြံရံလျက် ခရီးအစဉ်အတိုင်း သွားလေသော် တောင်, မြောင်, ချောက်ကြားတို့မှစီးသော မြစ်တို့မှလည်းကောင်း၊ အထူးထူးသော ကြည်းပန်းရေပန်း, အထူးထူးသော သစ်သီးပင် ပန်းပင်တို့ဖြင့်လည်းကောင်း တန်ဆာဆင်အပ်လျက် သစ်ပင်ဖျား မြစ်နားအိုင်များတို့၌ အထူးထူးအပြားပြား များလှစွာသောငှက်တို့သည် မောင်နှံမကွာ တစ်ပင်ပျံကူး တစ်ပင်မြူး၍ ကျူးရင့်တွန်မြည် လည်ချင်းယှက်တင် လွန်းကြင်ငှက်တို့ဖြင့် နှလုံးညွတ်နူးဖွယ်ရှိသော ဟိမဝန္တာသို့ဝင်သွားသဖြင့် စေတုတ္တရာပြည်မှ ယူဇနာ ၆၀-ကွာသော ဝင်္ကပါတောင် ဝေဿန္တရာမင်း၏ ကျောင်းသင်္ခမ်းအနီးသို့ ရောက်လေ၏။