ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၈

From Wikisource
Jump to navigation Jump to search
322847ဝေဿန္တရာဇာတ်တော်ကြီး — ၈။ ကုမာရ ပဗ္ဗခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဇူဇကာပုဏ္ဏားသည် အစ္စုတရှင်ရသေ့ ညွှန်ကြားအပ်သောခရီးဖြင့် သွားလေ၍ ၄-ထောင့်ကန်အနီးသို့ ရောက်လေသော် “ငါသည် ယခု မိုးချုပ်ပြီ။ မဒ္ဒီဒေဝီသည် တောမှ သစ်မြစ်သစ်သီးရှာ၍ ပြန်ချိန်တန်ပြီ။ မိန်းမတို့မည်သည်ကား ဝန်တိုပိတ်ပင် စဉ်းလဲတတ်၏။ သားသမီးကို မင်းကြီး ငါ့အားပေးလိုသော်လည်း မဒ္ဒီဒေဝီ ဖျက်ဆီးနှောင့်ယှက်သဖြင့် ပျက်စီးရာချေသည်။ နက်ဖြန်နံနက် မဒ္ဒီဒေဝီ တောသို့ သစ်မြစ်သစ်သီးအရှာသွား၍ မင်းကြီးတစ်ပါးတည်း ရှိသည့်ကာလမှ သူငယ် ၂-ယောက်တို့ကိုတောင်း၍ မဒ္ဒီဒေဝီမလာမီ သွားအံ့”ဟု ကြံပြီးလျှင်၊ ထို၄-ထောင့်ကန်အနီး သာနုအမည်ရှိသော တောင်ပုလုထက်သို့တက်၍ တစ်ခုသောသစ်ပင်ရင်း မြေတလင်း တော်သင့်ရာ၌ ထိုညဉ့် အိပ်လေ၏။ မဒ္ဒီဒေဝီသည် ထိုညဉ့် မိုးသောက်ယံ၌ ဤသို့သောအိပ်မက်ကို မြင်မက်၏။

“မည်းနက်ရုပ်သွင် အဆင်းဆိုးဝါးသော ယောက်ျားတစ်ယောက်သည် ဖန်ရည်စွန်းသောပုဆိုးကိုဝတ်၍ နီစွာသောပန်းကို နား၂-ဘက်၌ပန်လျက် လက်နက်ကိုင်စွဲခြင်းဖြင့် အတင်းခြိမ်းခြောက်၍ မဒ္ဒီမိဖုရား၏ အိပ်ရာသင်္ခမ်းတွင်းသို့ဝင်ပြီးသော်၊ မဒ္ဒီမိဖုရား၏ဆံကျစ်ကိုဆွဲငင်လျက် မြေ၌လဲစေပြီးလျှင် ငိုမြည်တမ်းစဉ်ပင် မဒ္ဒီမိဖုရား၏ မျက်စိ ၂-လုံးကို ထုတ်ယူပြီးသော် လက်၂-ဘက်ကိုလည်းဖြတ်ပြီးမှ ရင်ကိုခွဲ၍ နှလုံးသည်းပွတ်ကို ယူသွားလေ၏။”

ထို့သို့သောအိပ်မက်ကို မြင်ပြီးလျှင် အလန့်တကြားနိုးလတ်သော် မဒ္ဒီမိဖုရားသည် “ငါကား ယုတ်မာစွာသောအိပ်မက်ကို ယခု မြင်၏။ အကြောင်း အဘယ်သို့ဖြစ်အံ့နည်း”ဟု ကြောက်လန့်လျက်၊ “ဤအရပ်၌ အိပ်မက်နိမိတ်ဖတ်ခြင်းမည်သည် မင်းကြီးပြင် မရှိ”ဟု ကြံပြီးသော်၊ မင်းကြီးဝေဿန္တရာ၏ အိပ်ရာသင်္ခမ်းသို့သွား၍ တိုက်တံခါးရွက်ကို လက်ဖြင့်ခေါက်၏။

ဘုရားလောင်းသည် “တံခါးရွက်ကိုခေါက်သည်ကား အသူနည်း”ဟု မေးတော်မူ၏။ မဒ္ဒီသည်လည်း “အရှင်မင်းကြီး။ အကျွန်ုပ်တည်း”ဟုဆို၏။ မင်းကြီးသည် မဒ္ဒီမှန်းသိလျှင် “အဘယ် မဒ္ဒီ။ သင်နှင့် ငါသည် အထက် ရသေ့အသွင်ကို ယူဦးကပင် အချိန်မဟုတ်သည်၌ တစ်ယောက်ဆီသို့ တစ်ယောက် မလာစတမ်းဟု ကတိကဝတ်ရှိပြီးလျက် ကတိကဝတ်ကိုဖျက်၍ ယခု အခါမဟုတ်သည်၌ အဘယ့်ကြောင့် ငါ့ထံ လာသနည်း”ဟု မေး၏။

မဒ္ဒီဒေဝီသည်လည်း “အရှင်မင်းကြီး။ အကျွန်ုပ် ယခုလာခြင်းကား ကိလေသာကာမဂုဏ်ဖြင့် လာခြင်းမဟုတ်။ စင်စစ်သော်မူ အကျွန်ုပ်၌ ထိတ်လန့်ဖွယ် ယုတ်မာသောအိပ်မက်ကို မြင်မက်သောကြောင့် အကြောင်းကြားမည် လာပါသည်”ဟု ဆို၏။ ထိုစကားကိုကြားလျှင် မင်းကြီးဝေဿန္တရာသည် “အဘယ်မဒ္ဒီ ထိုသို့တပြီးကား သင်မြင်မက်သော အိပ်မက်ကို ကြားလော့”ဟုဆို၏။

မဒ္ဒီဒေဝီသည် မိမိမြင်မက်သော အိပ်မက်၏အတိုင်း အလုံးစုံကို ပြန်ကြား၏။ မင်းကြီးသည် မဒ္ဒီဒေဝီမြင်မက်သောအိပ်မက်ကိုကြား၍ အိပ်မက်သဘောကို ဆင်ခြင်လတ်သော် “ငါ့အား ဒါနပါရမီကို မချွတ်ဖြည့်ရလတ္တံ့။ နက်ဖြန် မိုးသောက်လျှင် ငါ့ထံသို့ တစ်စုံတစ်ယောက်သောအလှူခံ ရောက်လိမ့်မည်”ဟုသိပြီး၍၊ “မဒ္ဒီမိဖုရားအား ထင်တိုင်း ငါကြားချေအံ့။ ပြင်းစွာသောဆင်းရဲ ရောက်ရာသည်”ဟု အောက်မေ့တော်မူလျက်၊ “အဘယ်မဒ္ဒီ။ အိပ်မက်မည်သည်ကား ဓာတ်ချောက်ချား၍ မြင်မက်သောအရာသာ များ၏။ အိပ်မက်တိုင်းလည်း အကျိုးအပြစ်ကို ပေးသည်မဟုတ်။ သင် စိုးရိမ်ခြင်း; ထိတ်လန့်ခြင်း မရှိနှင့်၊ ချမ်းသာစွာ အိပ်ချေလော့”ဟု နှစ်သိမ့်စေလျက် လွှတ်လိုက်၏။

မဒ္ဒီဒေဝီသည် နံနက်မိုးသောက်လတ်သော် အလုံးစုံသောအမှုတို့ကို မိမိဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်၍ သူငယ် ၂-ယောက်တို့၏ နဖူး,ဦးခေါင်းတို့ကိုနမ်းလျက် “ချစ်သား, ချစ်သမီးတို့။ ငါသည် ယနေ့ညဉ့် အိပ်မက်မကောင်း မြင်သည်။ သင်တို မမေ့မလျော့ကြကုန်လင့်” ဟု သွန်သင်ပြီးလျှင်၊ မင်းကြီးအားလည်း “အရှင်မင်းကြီး။ သူငယ် ၂-ယောက်တို့ကို မမေ့မလျော့ ကြည့်ရှုတော်မူရစ်ပါ”ဟုဆို၍ သားငယ် ၂-ယောက်တို့ကို မင်းကြီးအထံတော်၌ အပ်ထားခဲ့ပြီးသော်၊ ခြင်းတောင်း, တူရွင်း, တံချူတို့ကို ယူလျက် မျက်ရည်ကိုသုတ်၍ သစ်သီးသစ်မြစ်အလို့ငှာ တောသို့ဝင်လေ၏။

ဇူဇကာ ပုဏ္ဏားသည်လည်း “ယခု မဒ္ဒီဒေဝီ တောသို့ ဝင်ချိန်တန်ပြီ"ဟု သာနုတောင်မှ ဆင်းသက်ခဲ့၍ တစ်ယောက်သွားလောက်ရုံမျှသော ခရီးဖြင့် ကျောင်းသင်္ခမ်းသို့ ရှေးရှုသွားလေ၏။

ဘုရားလောင်း ဝေဿန္တရာမင်းကြီးသည်လည်း ကျောင်းသင်္ခမ်းမှထွက်၍ တံခါးဝ၌ခင်းအပ်သော ကျောက်ပျဉ်ပေါ်၌ ရွှေဆင်းတုကဲ့သို့ ထိုင်တော်မူလျက် “ယခု အလှူခံဖုန်းတောင်းယာစကာသည် ငါ့ထံသို့ လာလတ္တံ့သတည်း”ဟု သေသောက်ကြူးတို့သည် သေအရက်ကိုမျှော်သကဲ့သို့ တစ်ယောက်သွားလောက်သော ခရီးသို့ ရှေးရှုမျှော်လျက်နေ၏။ သားတော်, သမီးတော်တို့သည်လည်း ဘုရားလောင်း၏နံပါး၌ ကစားလျက်နေကြကုန်၏။

ဘုရားလောင်းသည် ခရီးသို့ မျှော်လျက်နေစဉ် ဇူဇကာပုဏ္ဏား လာသည်ကိုမြင်လျှင် ၇-လပတ်လုံး ချ၍ထားအပ်သော အလှူထမ်းပိုးကို ယခုတစ်ဖန် ချီပြန်ရသကဲ့သို့ နှစ်လို့ဝမ်းမြောက်ခြင်းဖြစ်၍၊ ဇာလီမင်းသားကို ခေါ်ပြီးလျှင် “ချစ်သား ဇာလီ။ သင် ထ၍ကြည့်လော့။ ငါသည် ရှေး စေတုတ္တရာပြည်၌နေစဉ် အထူးထူးသော အရပ်မျက်နှာတို့မှ အလှူခံယာစကာတို့ လာလတ်ကုန်သကဲ့သို့ ယခုလည်း ပုဏ္ဏားတစ်ယောက် လာသည်ကို မြင်ရ၏။ ထိုပုဏ္ဏားကိုမြင်ရသော် ငါ့အား မြင်သည်မှစ၍၊ ချွေးယိုစီးလျက် ပူအိုက်သောသူတို့အား အေးကြည်စွာသောရေချမ်းအိုး ၁၀၀၀-ဖြင့် ထိပ်ထက်သွန်းလောင်းဘိသကဲ့သို့ နှစ်လို့ ရွှင်လန်းခြင်းသည် ငါ၏တစ်ကိုယ်လုံးကို နှံ့၍တည်၏”ဟု ဆို၏။

ဇာလီမင်းသားသည်လည်း “ခမည်းတော်မင်းကြီး။ အကျွန်ုပ်လည်း မြင်ပါ၏။ ထိုလာသောသူသည် ပုဏ္ဏားအသွင်နှင့်တူ၏။ အကျွန်ုပ်တို့ ဧည့်သည်ပေတည်း”ဟု ဆိုပြီးသော်၊ ခမည်းတော်အား ရိုသေခြင်းဖြင့် ဇာလီမင်းသားသည် ပုဏ္ဏားထံသို့သွား၍ ခရီးဦးကြိုဆိုလျက် ပုဏ္ဏား၏အဆောင်အရွက်ကို ယူအံ့သောငှာ ခွင့်ပန်၏။

ဇူဇကာပုဏ္ဏားသည် ဇာလီမင်းသားကို စိန်းစိန်းကြည့်လျက် “ဤသူငယ်ကား ဝေဿန္တရာမင်းကြီး၏ သားဖြစ်ရာသည်။ ဤသူငယ်သည် ယခုကပင်လျှင် ငါ့ကို အကျွမ်းတဝင် ရုန့်ရင်းကြမ်းတမ်းမည့်လက္ခဏာရှိ၏”ဟု ကြံ၍၊ “သင် ဖယ်လေ, သင် ဖယ်လေ”ဟု ဆိုလျက် လက်ဖြင့် တွန်းခါခြင်းကို ပြု၏။ ဇာလီမင်းသားသည် ဖယ်ရှောင်၍ “ဤပုဏ္ဏားကား အလွန် ရုန့်ရင်းကြမ်းတမ်း၏။ လက္ခဏာ အသို့နည်း”ဟု ဇူဇကာပုဏ္ဏား၏ ကိုယ်အင်္ဂါလက္ခဏာကို ကြည့်လတ်သော် ၁၈-ပါးသော ယောက်ျားယုတ်တို့၏အပြစ်ကို မြင်လေ၏။

ဇူဇကာပုဏ္ဏားသည် မင်းကြီးအနီးသို့ရောက်လေသော် ပဋိသန္ဓာရစကားဖြင့် ဤသို့ ပြောဟော၏။

“အရှင်မင်းကြီး။ အနာဆင်းရဲ ကင်းပါ၏လော။ သစ်သီးသစ်မြစ် မျှလောက်ပါ၏လော။ သစ်သီးသစ်မြစ်တို့ကို ရလွယ်ပါ၏လော။ မှက်,ခြင်,မြွေ,ကင်း,သန်း နည်းပါးပါ၏လော။ သားရဲအန္တရာယ်မရှိ ငြိမ်းချမ်းပါ၏လော”ဟု မေး၏။

ဝေဿန္တရာမင်းကြီးသည်လည်း “ပုဏ္ဏား။ ငါ့အား အနာဆင်းရဲမရှိ ကျန်းမာပါ၏။ သစ်မြစ် သစ်သီးဖြင့်လည်း မျှတစွာ၏။ သစ်မြစ် သစ်သီးတို့ကိုလည်း ရလွယ်၏။ မှက်, ခြင်, မြွေ ကင်း, သန်းသည်လည်း နည်းပါး၏။ သားရဲဘေး အန္တရာယ်တို့သည်လည်း မရှိ။ လူမနီးသော တောကြီးအရပ်၌ဖြစ်၍ စိုးရိမ်ကြောင့်ကြခြင်းနှင့် နေရသောငါတို့အား ယခု ၇-လရှိပြီ။ လူတစ်ယောက်မျှ မရောက်စဘူး။ ယခု ဥသျှစ်သီးမှည့်အဆင်းနှင့်တူသော ဝါးရင်းတောင်ဝှေးကိုစွဲလျက် မီးပွတ်,ရေကရားပါ အိတ်လွယ်၍လာသော သင်ပုဏ္ဏားကို ငါတို့ မြင်ရပေသည်။”

“ပုဏ္ဏားကြီး။ သင်၏လာခြင်းသည်ကား ကောင်းသောလာခြင်း, အပြစ်မရှိသောလာခြင်း ဖြစ်စေသတည်း။ ကျောင်းတွင်းသို့ဝင်၍ ခြေဆေးလော့။ တည်သီး, လွန်သီး, သစ်မည်စည်သီး, သရက်ဖြူသီး အစရှိသော သစ်သီးတို့ကို သုံးဆောင်လော့။ ထိုအသီးတို့သည် ပျားမွဲအရသာကဲ့သို့ ချိုသောအရသာ ရှိကုန်၏။ တောင်,မြောင်, ချောက်ကြားတို့မှ စီးသည်ဖြစ်၍ ချမ်းအေးကြည်လင်လှစွာသော မြစ်ရေသည်လည်း အိုးဖြင့်ပြည့်စေလျက် ကျောင်းသင်္ခမ်းတွင်း၌ရှိ၍ အလိုရှိလျှင် သုံးဆောင်လော့”ဟု ပဋိသန္ဓာရစကား ပြောဆိုခြင်းပြီးလျှင်၊ ဘုရားလောင်းသည် “ဤပုဏ္ဏားကား အကြောင်းမရှိဘဲလျက် ဤတောအရပ်သို့ မလာရာ။ အကြောင်းရှိသောကြောင့် လာသည်ဖြစ်မည်။ ထိုပုဏ္ဏား၏ လာခြင်းအကြောင်းကိုမေး၍ ပုဏ္ဏား၏အလိုကို လျင်မြန်စွာပြည့်စေအံ့”ဟု ကြံပြီးသော်၊

“ပုဏ္ဏားကြီး။ သင်သည် အဘယ်အကြောင်းကြောင့် ဤတောသို့ ရောက်လာသနည်း။ ငါ့အား လာခြင်း၏အကြောင်းကို သင် ကြားလော့”ဟု မေးတော်မူ၏။

ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “အရှင်မင်းကြီး၊ မြစ်ကြီး ၅-စင်း၌စီးသော ရေအလျဉ်သည် သူတစ်ပါးတို့ သောက်သုံးဆောင်၍ မကုန်ခန်းသကဲ့သို့ အရှင်မင်းကြီးသည်လည်း သဒ္ဓါတရားဖြင့် ပြည့်သည်ဖြစ်၍ ယာစကာတို့၏ မှီရာ,ကိုးကွယ်ရာ ဖြစ်သောကြောင့် အကျွန်ုပ်သည် အလှူခံအံ့သောငှာ ရောက်သတည်း။ ထိုသို့ရောက်သော အကျွန်ုပ်အား အရှင့်သားတော်, သမီးတော် ၂-ယောက်ကို ကျွန်အလို့ငှာ လှူတော်မူပါလော့”ဟု တောင်း၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ဆန့်သော လက်ဝါးပြင်၌ ဥစ္စာ ၁၀၀၀-ထုပ်ကို ထားဘိသကဲ့သို့၊ ပုဏ္ဏားစိတ်ကို နှစ်သက်စေလျက် အလုံးစုံသော တောတောင်ကို ပဲ့တင်ထပ်စေသဖြင့် “ဒဒါမိ တဝ မယှံ ပုတ္တကေ” အစရှိသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ပုဏ္ဏားကြီး။ သင့်အား ငါ၏ သားတော်,သမီးတော်တို့ကို ကျွန်အလို့ငှာ လှူ၏။ သင်သည် အစိုးတရ “အရှင်”ဟူသောအမှတ်ဖြင့် ဆောင်ယူလေလော့။ ထိုသို့တစ်မူကား ထိုသူငယ် ၂-ယောက်တို့၏ အမိဖြစ်သော မဒ္ဒီမင်းသမီးသည် ယခု မရှိသေး။ ညချမ်းသောအခါမှ သစ်သီးကြီးငယ်တို့ကိုဆောင်ရွက်၍ တောက ပြန်လာမည်ဖြစ်သည်။ ယနေ့ညဉ့် ဤတွင်အိပ်၍ နက်ဖြန်နံနက်ခါမှ တန်ဆာဆင်အပ်သော သား,သမီး ၂-ယောက်ကို ဆောင်ယူ၍ သင် သွားလော့။ ဇာလီမိခင် ရောက်အောင်ငံ့နေဦး။ သင့်အား ရိက္ခာစာအလုံအလောက်နှင့် လွှတ်လိုက်အံ့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “တိုင်းကြီးသခင် အရှင်မင်းကြီး။ ဆိုတော်မူသောစကားကို အကျွန်ုပ် မနှစ်သက်။ အဘယ့်ကြောင့်နည်းဟူမူကား မိန်းမတို့မည်သည်ကား များစွာလှည့်ပတ်တတ်သော မာယာလည်း ရှိ၏။ ယုတ်မာသောအမှုကိုသာလျှင် အပါသွေးဆောင် ဖျက်ဆီးတတ်၏။ အရှင်မင်းကြီးသည်လည်း ကံ,ကံ၏အကျိုးကို ယုံကြည်တတ်သော အလှူဒါယကာတည်း။ မိန်းမတို့မည်သည် ကောင်းမှု၏အန္တရာယ်ကိုလည်း ပြုတတ်၏။ ဖုန်းတောင်းယာစကာတို့၏ လာဘ်ကိုလည်း ဖျက်ဆီးတတ်၏။ ထိုသို့ဖြစ်သောကြောင့် ဤသားတော်သမီးတော်တို့ကို လှူရာ၌ မဒ္ဒီမိဖုရားကို မမြင်မသိစေလင့်။ ယခု မဒ္ဒီမရောက်မီပင် အကျွန်ုပ်သည် သားသမီးကို ဆောင်သွားလို၏။ သားတော် သမီးတော်တို့ကို ခေါ်တော်မူလော့”ဟုဆို၏။

ထိုစကားကိုကြားလျှင် မင်းကြီးဝေဿန္တရာသည် “ပုဏ္ဏားကြီး။ သင်သည် လင်ကို အရိုအသေ လုပ်ကျွေးတတ်သော ငါ၏မြောက်သားမိဖုရားကို မတွေ့မမြင်စေလိုသည် အကယ်၍ ဖြစ်အံ့။ ငါ၏သားတော်သမီးတော် ဇာလီ,ကဏှာဇိန် ဤမောင်နှမ ၂-ယောက်တို့ကို အဘိုးဖြစ်သော သိဉ္စည်းမင်းကြီးထံသို့ ရောက်အောင် ပို့ပါလေလော့။ သာယာစွာသောအသံဖြင့် ချစ်ဖွယ်သောစကားကို ဆိုတတ်ကုန်သော ငါ့သားတော်,သမီးတော်တို့ကို ငါ့ခမည်းတော် သိဉ္စည်းမင်းကြီး မြင်ရသည်ရှိသော် အလွန်စုံမက် နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၍ သင့်အား များစွာ ဥစ္စာပေးလတ္တံ့”ဟုဆိုတော်မူ၏။

ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “ပြည်ထဲသခင် အရှင်မင်းကြီး။ အကျွန်ုပ် လျှောက်ဦးအံ့။ နာတော်မူလော့။ သားတော် သမီးတော်တို့ကို အရှင်မင်းကြီးအမိန့်ရှိတိုင်း ဘိုးတော် သိဉ္စည်းမင်းကြီးထံ ဆောင်ယူသွားချေသော် အကျွန်ုပ် အန္တရာယ်ရောက်မည်ကို ကြောက်ပါသည်။ အကယ်၍ ဘိုးတော်ထံ ရောက်ချေအံ့။ အကျွန်ုပ်အား အမျက်ထွက်၍ မင်းကြီးသည် ရာဇဒဏ်ကြီးစွာသော်လည်း ပေးရာ၏။ ရောင်း၍မူလည်း စားရာ၏။ သတ်မူလည်း သတ်ရာ၏။ ထိုသို့ဖြစ်သော် အကျွန်ုပ်အား ဥစ္စာလည်းမရ ကျွန်လည်းဆုံး၍ ပုဏ္ဏေးမအမိတ္တာပုံ၏ ဆဲရေးဆိုမြည် ပြစ်တင်ကဲ့ရဲ့ခြင်းကို ခံရရာ၏”ဟု ဆို၏။

ထိုစကားကိုကြားလျှင် မင်းကြီးဝေဿန္တရာသည် “ပုဏ္ဏားကြီး။ သင် မစိုးရိမ်လင့်။ ငါ့ခမည်းတော် သိဉ္စည်းမင်းကြီးသည် သူတစ်ပါးအား နှိပ်စက်ခြင်းမရှိ။ မင်းကျင့်တရားနှင့်လည်း ပြည့်စုံ၏။ မြေးတော် ၂-ယောက်ကို မြင်ရသည်ရှိသော် အလွန် နှစ်သက် ဝမ်းမြောက်ခြင်းဖြစ်၍ သင့်အား များစွာဥစ္စာ ပေးအံ့သည်ကား မချွတ်တည်း”ဟုဆိုပြန်၏။

ဇူဇကာပုဏ္ဏားသည် “အရှင်မင်းကြီး။ အရှင် ယခု သွန်သင်တော်မူသောစကားကို အကျွန်ုပ် မနာမယူပြီ။ ဥစ္စာကိုလည်း အလိုမရှိ။ ဤသူငယ် ၂-ယောက်တို့ကို ဆောင်ယူ၍ ပုဏ္ဏေးမ အမိတ္တာပုံ၏ အလုပ်အကျွေးကျွန် ဖြစ်စေအံ့”ဟု ဆို၏။

ဤသို့ ဇူဇကာပုဏ္ဏား ဆိုသောစကားကို မင်းသားမင်းသမီးတို့ကြားလေသော် “ဤပုဏ္ဏားသည် အလွန်ရုန့်ရင်းကြမ်းတမ်းသော စကားကို ဆို၏”ဟု ပြင်းစွာသော ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်၍ ကျောင်းသင်္ခမ်း၏ နောက်သို့ သွားကြပြီးလျှင် ပြေးကြလေသဖြင့်၊ တစ်ခုသောချုံထဲသို့ ဝင်၍ ပုန်းကြကုန်၏။ ထိုချုံ၌ ပုန်းသည်ကိုလျက်လည်း အလွန်ကြောက်အားကြီးသောကြောင့် ဇူဇကာပုဏ္ဏား လိုက်လံရှာဖွေသကဲ့သို့ ပုဏ္ဏား၏ မျက်နှာကိုသာမြင်၍ စိတ်မလုံနိုင်သောကြောင့် ပြင်းစွာတုန်လှုပ်သောကိုယ်ဖြင့် ချုံထဲသို့ ဝင်ယောင်, ပြင်သို့ထွက်ယောင် တောင်ပြေးမြောက်ပြေး မရပ်မတည်နိုင်သဖြင့် ၄-ထောင့်ကန်သို့သွား၍ ပုဆိုးအဝတ်ကို မြဲစွာဝတ်ပြီးသော် ရေကန်ထဲသို့ဆင်းလျက် ကြာဖက်အုပ်မိုး၍ ငုပ်လျှိုးပုန်းကွယ်ကြကုန်၏။

ဇူဇကာပုဏ္ဏားသည် သူငယ်တို့ကိုမမြင်လျှင် ဤသို့ မခံ့ညားသောစကားကို ဆို၏။

“မင်းကြီး ဝေဿန္တရာ။ သင်မင်းကြီးသည် ယခု ငါ့အား သားသမီးတို့ကိုလှူပြီးလျက် စေတုတ္တရာပြည်သို့ မသွားပြီ။ ပုဏ္ဏေးမအိမ်သို့သာ သွားအံ့”ဟု ဆိုလျှင်ပင် သားသမီးတို့ကို မျက်ရိပ်မျက်စောင်း မကောင်းသော အမှတ်ပေးသဖြင့် ပြေးစေပြီး၍ အဘယ့်ကြောင့် ယခု မသိယောင်ဆောင်၍ နေဘိသနည်း။ ဤလူ့ပြည်တွင် သင်နှင့်တူ၍ လှည့်စားတတ်သူမည်သည်မရှိ ငါထင်၏”ဟု ခြိမ်းခြောက်သံစကားကို ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “ငါ့သားတော် သမီးတော်တို့ ကြောက်လန့်၍ ပြေးပုန်းသည် ဖြစ်မည်”ဟု ကြံ၍၊ “ပုဏ္ဏားကြီး။ မစိုးရိမ်လင့်။ သားငယ်, သမီးငယ်တို့ကို ငါ ခေါ်၍ပေးအံ့”ဟု ဆိုလျက် နေရာမှထပြီးသော် ကျောင်းသင်္ခမ်းနောက်သို့သွား၍၊ သူငယ်တို့သည် တောထဲချုံထဲသို့ ဝင်၍ပုန်းရာသည်ဟုမှတ်လျက် ခြေရာကိုခံ၍ရှာလေသော် ရေကန်နားသို့ရောက်သောအခါ ရေကန်ထဲသို့ ဆင်းသောခြေရာကိုမြင်လျှင် “ဤရေကန်ထဲ၌ ငါ့သားငါ့သမီးများ ပုန်းနေသည် ဖြစ်ရာသည်”ဟု သိပြီး၍၊ ရေကန်နား၌ ရပ်လျက် “ချစ်သားဇာလီ, ချစ်သားဇာလီ”ဟု ခေါ်တော်မူ၍၊

“ချစ်သား။ သင်သည် ဤသို့ လာလှည့်။ ခမည်းတော်ဒါနပါရမီကို ဖြည့်ပါရစေ။ ပုဏ္ဏား ဆဲရေးဆိုမြည် ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့်ဖြစ်သော နှလုံးပူပန်ခြင်းကို သင် သည်းခံ၍ ခမည်းတော်၏စကားကို လိုက်နာပါလော့။ သင်သည် မဟာသမုဒ္ဒရာအလယ်၌ လှိုင်းတံပိုးမနှိပ်စက်နိုင်သော သင်္ဘောဖောင်ကဲ့သို့ သံသရာ၌ နိဗ္ဗာန်သို့ကူးသော ငါ့အား ကောင်းမြတ်သောယာဉ်သည် ဖြစ်ပါစေလော့။ ခမည်းတော်သည် ဒါနပါရမီတည်းဟူသော သင်္ဘောဖြင့် သံသရာတည်းဟူသော သမုဒ္ဒရာမှ ပဋိသန္ဓေနေခြင်းကင်းသော နိဗ္ဗာန်ကမ်းသို့ ကူးပါအံ့။ ငါကူးမြောက်လျှင် သင်နှင့်တကွသော လူအပေါင်းတို့ကိုလည်း သံသရာမှ ထုတ်ဆယ် ကယ်တင်ပါအံ့”ဟု ဆို၏။

ဇာလီမင်းသားသည် ခမည်းတော်၏စကားကိုကြားလျှင် အလွန်ရိုသေမြတ်နိုးခြင်းရှိသည်ဖြစ်၍ “ပုဏ္ဏားသည် ငါ့အား ပြုလိုရာပြုစေ။ ခမည်းတော်အား တစ်ခွန်းမျှ ပြန်၍ မလျှောက်ထားအံ့”ဟု ကြံပြီးလျှင်၊ ကြာရွက်ကိုဖယ်လှန်လျက် ဦးခေါင်းကိုဖော်ပြီးသော် ရေထဲမှတက်လတ်၍ ခမည်းတော်၏ လက်ယာခြေရင်း၌ဝပ်လျက်, ခြေဖမျက်ကိုကိုင်လျက် ငိုကြွေး၏။

ထိုအခါ ဇာလီမင်းသားကို ဘုရားလောင်းသည် “ချစ်သား ဇာလီ။ သင်၏ နှမကား အဘယ်မှာရှိသနည်း”ဟု မေး၏။ ဇာလီမင်းသားသည် “ခမည်းတော်။ သတ္တဝါတို့မည်သည်ကား ဘေးရောက်သောအခါ ကိုယ့်ကိုသာ အလွတ်ကြိုးစားမြဲ”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “ငါ၏သားတော် သမီးတော်တို့ကား အချင်းချင်း ကတိကဝတ်ရှိသည် ဖြစ်ရာ၏”ဟု သိ၍၊ သမီးတော်ကို ခေါ်ပြန်၏။

“ချစ်လှစွာသော သမီးကဏှာဇိန်။ ဖခင်ထံ ဤသို့ လာလှည့်။ ခမည်းတော်၏ ဒါနပါရမီကို ချစ်သမီး ကူညီ၍ ဖြည့်ပါလော့။ ပုဏ္ဏား၏ နှိပ်စက်ခြင်း, ဆင်းရဲခြင်းကို နှလုံးမမူ၊ ပူပန်ခြင်းကိုလည်း သည်းခံ၍ ခမည်းတော်စကားကို လိုက်နာလော့”ဟု သားတော်ကို မှာသကဲ့သို့လျှင် ဆိုပြန်၏။

ကဏှာဇိန်မင်းသမီးလည်း ခမည်းတော်စကားကိုကြားလျှင် “ခမည်းတော်အား တစ်ခွန်းမျှ ပြန်၍မဆိုပြီ။ ပုဏ္ဏား ပြုလိုရာပြုစေ”ဟု ရှေးအတူ ရေကန်မှတက်ပြီးလျှင် ခမည်းတော်၏ လက်ဝဲခြေရင်း၌ဝပ်လျက် ခြေဖမျက်ကို လက်နှင့်ဖက်၍ ငိုကြွေး၏။

ထိုမင်းသားမင်းသမီးတို့ ငိုသောမျက်ရည်သည် ပဒုမ္မာကြာပွင့်အဆင်းနှင့်တူသော ဘုရားလောင်း၏ ခြေဖမိုးပေါ်၌ကျ၏။ ထိုအခါ ဘုရားလောင်း၏ မျက်ရည်သည်လည်း ရွှေအင်းပျဉ်နှင့်တူသော သားတော်သမီးတော် ၂-ယောက်တို့၏ ကျောက်ကုန်းပေါ်၌ ကျ၏။ ထိုအခါ ဘုရားလောင်းသည် သားတော်,သမီးတော်တို့ကို ထစေပြီးသော်-

“ယောက်ျားမြတ်, မိန်းမမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော သင်တို့သည် ယုတ်မာသောပုဏ္ဏား၏ကျွန် အရှည်အမြင့် မဖြစ်ရာ။ သင်တို့ မစိုးရိမ်လင့်”ဟု နှစ်သိမ့်စေပြီးလျှင်၊ “ချစ်သားဇာလီး၊ သင်သည် ခမည်းတော် အလှူပေးကြူးသောအဖြစ်ကို သိပြီးပြီမဟုတ်လော။ ခမည်းတော်၏အလိုကို အပြီးသို့ရောက်အောင် ချစ်သား ပြုလော့”ဟုဆို၍၊ နွား,ကျွဲ,ဆင်,မြင်းကို အဖိုးဖြတ်သကဲ့သို့ သားတော် သမီးတော်တို့ကိုလည်း ထိုအရပ်၌ ရပ်လျက်ပင်လျှင် ဤသို့ အဖိုးဖြတ်တော်မူ၏။

“ချစ်သား ဇာလီ။ သင်သည် အကယ်၍ တော်လှန်လိုသည် ဖြစ်အံ့။ ပုဏ္ဏားအား ရွှေစင်နိက္ခ ၁၀၀၀-ပေး၍ တော်လှန်လေ။ သင့်နှမသည်ကား မြတ်သောအဆင်းကို ဆောင်သည်ဖြစ်၍ တစ်စုံတစ်ယောက်သော ယောက်ျားသည် ပုဏ္ဏားအား ဥစ္စာပေး၍ အမျိုးဆက်လိုသည် ဟူအံ့။ ယုတ်သောအမျိုးပင် ဖြစ်စေ၊ မည်သည့်အမျိုးမဆို ကျွန်ယောက်ျား ၁၀၀, ကျွန်မိန်းမ ၁၀၀, ဆင် ၁၀၀, မြင်း ၁၀၀, နွားလားဥဿဘ ၁၀၀, ရွှေစင်နိက္ခ ၁၀၀, ငွေစင်နိက္ခ ၁၀၀၊ ဤအလုံးစုံသော ၁၀၀-စီ ပုဏ္ဏားအားပေးနိုင်လျှင် တော်လှန်သဖြင့် အမျိုး၏ ရောယှက်ခြင်းကို ပြုလေလော့” ဟုဆို၍ ဤသားတော် သမီးတော်တို့ကို အဖိုးဖြတ်တော်မူပြီးလျှင် ကျောင်းသင်္ခမ်းသို့သွား၍ ရေဖြင့်ပြည့်သော ရွှေကရားကို ကိုင်လျက် “ပုဏ္ဏား။ ဤသို့ လာလှည့်”ဟု ခေါ်တော်မူ၍-

“ဣဒံ မေ ပုညံ သဗ္ဗညုတညာဏဿ ပစ္စယော ဟောတု။”ဟု ဆုပန်တော်မူလျက် ရေစက်သွန်းချ၍ သမီးတော်တို့ကို လှူတော်မူ၏။

ထိုရေစက်သည် မြေထက်သို့ကျစဉ်ပင်လျှင် ၂-သောင်း ၄-ထောင် အထုရှိသော ဤမဟာပထဝီ မြေကြီးသည် ပဲ့တင်ထပ်လျက် ပြင်းစွာတုန်လှုပ်၏ ထိုအခါ ကြောက်မက်ဖွယ် ကြက်သီးမွေးညင်း ထခမန်းဖြစ်၍ မဟာသမုဒ္ဒရာသည်လည်း ကြီးစွာသောလှိုင်းတံပိုးတို့ဖြင့် ချောက်ချား၏။ မြင်းမိုရ်တောင်သည်လည်း ကောင်းစွာ မီးအုံးသော ကြိမ်ညွန့် ကြိမ်ညှောက်ကဲ့သို့ ဝင်္ကပါတောင်သို့ ညွတ်လျက်တည်၏။ သိကြားမင်းသည်လည်း လက်ပန်းပေါက်ခတ်၏။ ဗြဟ္မာမင်းသည်လည်း ကြီးစွာသောကောင်းချီး ပေး၏။ ခပ်သိမ်းကုန်သော နတ်တို့သည်လည်း ကောင်းချီး ပေးကြကုန်၏။ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် အုတ်အုတ်ကျက်ကျက် တစ်ခဲနက်သောအသံ ဖြစ်၏။ မြေတုန်လှုပ်သောအသံဖြင့် ကောင်းကင်ယံအလုံး ထစ်ချုံးရိုက်ကြိုး မိုးကြီးသည်းထန်စွာ ရွာ၏။ လျှပ်စစ်နွယ်တို့သည်လည်း မိုးအခါမဟုတ်ဘဲလျက် တိမ်လိပ်တိမ်တောင်ထဲမှ ယှက်သန်း၍ ပြက်ကုန်၏။ ဟိမဝန္တာတော၌နေကုန်သော ဘုမ္မစိုးနတ်, ရုက္ခစိုးနတ်, ခြင်္သေ့, ကျား, သစ် အစရှိသောသတ္တဝါတို့၏ မြူးထူးသောအသံဖြင့် ဟိမဝန္တာတောအလုံး တစ်ခဲနက် ပဲ့တင်ထပ်ကုန်၏။ (ဤကား ၅-ကြိမ်မြောက်သော မြေလှုပ်ခြင်းတည်း။)

ဤသို့ ဘုရားလောင်းသည် သားတော်သမီးတော်တို့ကို အလွန်ချစ်ခင် ကြင်နာလျက်လည်း သားသမီးထက် အဆအရာ, အဆအထောင်, အဆအသိန်းအသန်းမက အလွန်အဖိုးထိုက်လှစွာသော သဗ္ဗညုတဉာဏ်တော်ကို ချစ်မြတ်နိုးတော်မူသည်ဖြစ်၍၊ ပုဏ္ဏားအားလှူပြီးလျှင် သားတော်သမီးတော်တို့ကို ကြည့်လျက်နေတော်မူ၏။

ဇူဇကာပုဏ္ဏားသည်လည်း ချုံထဲသို့ဝင်ပြီးသော် နွယ်ကို သွားဖြင့်ကိုက်ဖြတ်၍ ယူခဲ့ပြီးလျှင် ဇာလီမင်းသား၏ လက်ယာလက်ကို ကဏှာဇိန်မင်းသမီး၏ လက်ဝဲလက်နှင့် ပူးတွဲလျက် ထိုနွယ်ဖြင့်တုပ်နှောင်ပြီးမှ နွယ်စကို လက်တစ်ဘက်ကကိုင်၍ လက်တစ်ဘက်က လှင်ကန်ဖြင့် ပုတ်ခတ်မောင်းမဲလျက် ဘုရားလောင်းမျက်မှောက်၌ပင်လျှင် သွားလေ၏။

မင်းသား,မင်းသမီး ၂-ယောက်တို့အား ပုဏ္ဏားအို လှင်ကန်ဖြင့်ရိုက်၍ ကိုယ်၌ အရေစုတ်ပြတ်သဖြင့် သွေးယိုစီးကုန်၏။ ရိုက်သောအခါ ကိုယ်တုန်လှုပ်၍ အချင်းချင်း ဘယ်အိညာအိ တိမ်းဘိတိမ်းပါး သနားစဖွယ် ဖြစ်ကုန်၏။ ထိုအခါ ဇူဇကာပုဏ္ဏားသည် မညီမညွတ်ရာကိုနင်းမိသဖြင့် ချော်၍ မူးမော်ပန်းဟိုက်သောကိုယ် အိုမစွမ်းဖြစ်သည်နှင့် ကျစ်လျစ်မဲ့ထွေ ခြေလက်မသိမ်းနိုင် ကိုင်၍ရိုက်သကဲ့သို့ မြေ၌လဲ၏။

ထိုအခါ မင်းသားမင်းသမီးတို့သည် နူးညံ့လှစွာသော မိမိတို့လက်ဖြင့် နွယ်အဖွဲ့ကိုချွတ်၍ ငိုကြွေးလျက် ခမည်းတော်ဝေဿန္တရာမင်းကြီးထံ ပြေးလာကြကုန်၏။ ခမည်းတော်အနီးသို့ ရောက်လျှင် ဇာလီမင်းသားသည် လေခတ်၍လှုပ်သော ပညောင်ရွက်ကဲ့သို့ သက်ရှိုက်ပင့်ရှူ၊ သည်းအူပြတ်မျှ တုန်လှုပ်လျက် ဘုရားလောင်း ခြေရင်း၌ရှိခိုး၍ ဤသို့လျှောက်၏။

“ဖခင်။ အကျွန်ုပ်တို့အမိသည် တောမှာရှိပါသေးလျက် အကျွန်ုပ်တို့ကို ဖခင် လှူတော်မူဘိ၏။ အကျွန်ုပ်တို့မိခင်ရောက်မှ လှူတော်မူပါလော့။ ဤပုဏ္ဏားသည် အကျွန်ုပ်တို့ကို ရောင်းလိုလည်း ရောင်းပါစေ၊ သတ်လိုလည်း သတ်ပါစေ။ ဖခင်လည်း လှူတော်မူပါလော့။ မိခင်ရောက်ရုံသာ ငံ့တော်မူပါဦး ဖခင်။”

“ဤပုဏ္ဏားအိုသည် အနံအလျား ခြားနားမသိသာအောင် ကြီးစွာသောခြေဖဝါးလည်း ရှိ၏။ ပဲ့ပဲ့ကုပ်ကုပ် ပုပ်သောခြေသည်းလက်သည်းလည်း ရှိ၏။ ပါးရေတွန့်လျှော ကျောဝမ်းတစ်ကိုယ်လုံးမှ စက်ဆုပ်ဖွယ် ထမင်းဆုပ်ဆွဲသကဲ့သို့ တွဲရရွဲကျသောအသားလည်း ရှိ၏။ အံသွားကျိုးပြတ်၍ အထက်နှုတ်ခမ်းဖျားလည်း ပါးရိုးခိုက်လုနီး ထူကြီးလျက် ရှည်၏။ ပါးစောင် ၂-ဘက်မှ ယိုထွက်သောအရည်သည် စက်ဆုပ်လိခမန်း ရှိ၏။ မကျိုးဘဲ ကျန်သေးသည့် ရှေ့သွားလည်း နှုတ်ခမ်းသားမဖုံးနိုင်အောင် ခေါ၏။ ရင်းပိန်ဖျားမောက် ကောက်သောနှာယောင်လည်း ရှိ၏။ အိုးစရည်းလောက်နီးနီး အိုင့်ကြီးသောဝမ်းလည်း ရှိ၏။ ထွန်ကိုင်း လ,ရေးကဲ့သို့ ကောက်ကွေးသော ကျောက်ကုန်းလည်း ရှိ၏။ တစ်ဘက်ကျဉ်း,ကျယ် မတင့်တယ်သောမျက်စိလည်း ရှိ၏။ ဖြူနီပြောက်ကျား ဖွားရရွားထသော မုတ်ဆိတ်ကျင်စွယ်လည်း ရှိ၏။ ဦးခေါင်း၌ ဆံပင်လည်း ဖြူနီရောခွေ၍ ရွှေသောအဆင်းလည်း ရှိ၏။ အခေါက်ထူစွာ တွန့်လိမ်သောအရေလည်း ရှိ၏။ ရင်ဘတ်, လည်ပင်း, မျက်နှာစသည်တို့၌ မှဲ့မည်းပြောက်ကျား၍ စက်ဆုပ်ဖွယ်ရှိ၏။ မွဲပြာသီမှောင် ကြောင်သောမျက်စိလည်း ရှိ၏။ ခါး, ကျောက်ကုန်း, လည်ကုပ် ဤ၃-ပါးသောအရပ်တို့၌ ရှိုင်းချိုင်း၏။ အရိုးဆက်မစပ်၍ ဆတ်ဆတ်ခါလျက် ဆာသောသွားခြင်းဖြင့် ခွင်ကောက်သောခြေလည်း ရှိ၏။ ကြီးမြင့်ကြံ့ခိုင်သောကိုယ်, ရုန့်ရင်းကြမ်းတမ်းသော အမူအရာရှိသည်ဖြစ်၍ သစ်နက်ရေပုဆိုးကိုလည်း မြဲစွာဝတ်၏။”

“ဤပုဏ္ဏားအိုသည် ထိုသို့သောသူယုတ်အင်္ဂါ ၁၈-ပါးသောလက္ခဏာ ရှိသောကြောင့် လူမဟုတ်၊ မြေဖုတ်ဘီလူးဟု အကျွန်ုပ်ထင်၏။ အလွန်ကြောက်မက်ဖွယ်လည်း ရှိ၏။”

“ဖခင်။ တစ်စုံတစ်ယောက်သောသူကို ဤပုဏ္ဏားအိုသည် လူလော, ဘီလူးလောဟု မေးငြားအံ့။ လူဖြစ်သည်ဟု မည်သူမျှ မဆိုရာ။ “လူသားစား ဘီလူးတည်း”ဟုသာ ဆိုရာ၏။ ထိုလူသားစားဘီလူးသည် အသားအသွေးကို စားသောက်လိုသောကြောင့် အကျွန်ုပ်တို့ကို တောင်းလာသည်ဖြစ်လျက် ခမည်းတော် အဘယ့်ကြောင့် ရှုစိမ့်ပါသနည်း။ ထိုဘီလူးအား မြစ်တားခြင်းငှာမဝံ့သောကြောင့် ကြည့်နေတော်မူသလော။ မိဘတို့သဘောသည် သားသမီးတို့၏ ဆင်းရဲခြင်းကိုမြင်လျှင် မိမိကိုယ်ခံရသကဲ့သို့ နာကျင်ပူဆွေးမြဲ ဖြစ်ပါလျက် ခမည်းတော်၏နှလုံးသည် သံပြား, သံပတ် ကွပ်နှောင်အပ်သော ကျောက်လုံးကဲ့သို့ ခိုင်မာတော်မူလှ၏တကား။”

“ထိုဘီလူး တုပ်နှောင်ရာရိုက်ခတ်ရာတို့မှ အရေအသားစုတ်ပြတ်၍ သွေးယိုစီးလျက် နာကျင်ဆင်းရဲစွာသော အကျွန်ုပ်၏ကိုယ်ကို မြင်တော်မူသည်ကိုမျှလည်း စိတ်၏ဆင်းရဲခြင်း မရှိ၊ မသိယောင် လျစ်လျူရှုတော်မူဘိ၏။ ထိုဘီလူးပုဏ္ဏားအိုသည် နွားကိုကဲ့သို့ အကျွန်ုပ်တို့ကို ပြင်းပြစွာ လှင်ကန်ဖြင့် အသားအရေပြတ်အောင် ရိုက်ခတ်ဘိ၏။ ထိုသို့ ဆင်းရဲကိုခံရသော်လည်း ခမည်းတော်၌ အကျိုးရှိသောကြောင့် အကျွန်ုပ် ခံပါလေအံ့။”

“နှမငယ် ကဏှာဇိန်မူကား မိဘရင်ခွင်၌သာနေလျက် ငယ်ရွယ်ညံ့နု တစ်ခုသော ပူပန်ဆင်းရဲခြင်းကိုမျှ မတွေ့မကြိမ်စဘူးသေး။ အမိနို့ မကွာဘူးသေးသော သမင်မငယ်သည် အမိအပေါင်းအဖော်မှ တစ်ကောင်တည်း ကျန်ရစ်သဖြင့် နို့စို့လိုသောငှာ အမိကိုရှာ၍ မတွေ့မမြင်သည်ရှိသော် ထိုမှဤမှပြေးလျက် ပူဆွေးမြည်တမ်းသကဲ့သို့ ကဏှာဇိန်လည်း အမိကိုမမြင်သဖြင့် ငိုကြွေးမြည်တမ်းလျက် ခြောက်ကပ်၍ သေရှာလိမ့်အံ့သတည်း။”

“ထိုသို့ဖြစ်သောကြောင့် ကဏှာဇိန်ကို လှူတော်မမူဘဲ ဤကျောင်းသင်္ခမ်း၌ချန်ထား၍ အကျွန်ုပ်ကိုသာ လှူတော်မူပါလော့”ဟု ဇာလီမင်းသားသည် ခမည်းတော်အား သနားစဖွယ် ကိုးကွယ်ရာမရ ညွတ်ခတောင်းပန်ပါသော်လည်း ဘုရားလောင်းသည် မည်သည်ကိုမျှမဆို စိတ်တော်ကိုသိမ်းဆည်းလျက် ဆိတ်ဆိတ်နေတော်မူ၏။

ထိုသို့လျှောက်ထားသော်လည်း ခမည်းတော် မတုန်မလှုပ်နေသောကြောင့် ဤသို့ ငိုကြွေးမြည်တမ်း၏။

“ပုဏ္ဏားရိုက်ခတ်ညှဉ်းဆဲသော ဆင်းရဲသည် ငါ၏ဆင်းရဲခြင်း မဟုတ်သေး။ ဤသို့သောဆင်းရဲကို သံသရာ၌ ကျင်လည်ရကုန်သော သတ္တဝါဟူသမျှပင်လျှင် ခံကြရကုန်၏။ မိခင်ကို ဖူးမြင်ထိုက်ပါလျက် မဖူးမြင်ရဘဲ ပုဏ္ဏားဆောင်ယူ၍ လိုက်ရလိမ့်သောငါ့အား အမိ,အဖကိုမမြင်ရခြင်း ဆင်းရဲသည်သာလျှင် ပုဏ္ဏားရိုက်သော ဆင်းရဲထက် လွန်ကဲလှသော ဆင်းရဲတည်း။ ငယ်ရွယ်ညံ့နုလှလျက် မိဘရင်ခွင်၌ နေမြဲသော ကဏှာဇိန်နှမငယ်ကို ပုဏ္ဏားဆောင်ယူ၍သွားသဖြင့် မမြင်ရသော ငါ့မိခင်,ဖခင်တို့သည် ရှည်စွာသောနေ့ညဉ့်ပတ်လုံး ကြင်နာပူဆွေးခြင်းဆင်းရဲ ဖြစ်ရစ်လေအံ့သည်တကား။ ငါ့မိခင်သည် သန်းခေါင်ယံ မိုးသောက်ယံအခါတိုင်း သမီးငယ်ကဏှာဇိန်ကို ကြင်နာအောက်မေ့၍ ရေခန်းသောမြစ်ကဲ့သို့ ခြောက်သွေ့ညံ့ခွေရလိမ့်တကား။”“ပုဏ္ဏားရိုက်ခတ်ညှဉ်းဆဲသော ဆင်းရဲသည် ငါ၏ဆင်းရဲခြင်း မဟုတ်သေး။ ဤသို့သောဆင်းရဲကို သံသရာ၌ ကျင်လည်ရကုန်သော သတ္တဝါဟူသမျှပင်လျှင် ခံကြရကုန်၏။ မိခင်ကို ဖူးမြင်ထိုက်ပါလျက် မဖူးမြင်ရဘဲ ပုဏ္ဏားဆောင်ယူ၍ လိုက်ရလိမ့်သောငါ့အား အမိ,အဖကိုမမြင်ရခြင်း ဆင်းရဲသည်သာလျှင် ပုဏ္ဏားရိုက်သော ဆင်းရဲထက် လွန်ကဲလှသော ဆင်းရဲတည်း။ ငယ်ရွယ်ညံ့နုလှလျက် မိဘရင်ခွင်၌ နေမြဲသော ကဏှာဇိန်နှမငယ်ကို ပုဏ္ဏားဆောင်ယူ၍သွားသဖြင့် မမြင်ရသော ငါ့မိခင်,ဖခင်တို့သည် ရှည်စွာသောနေ့ညဉ့်ပတ်လုံး ကြင်နာပူဆွေးခြင်းဆင်းရဲ ဖြစ်ရစ်လေအံ့သည်တကား။ ငါ့မိခင်သည် သန်းခေါင်ယံ မိုးသောက်ယံအခါတိုင်း သမီးငယ်ကဏှာဇိန်ကို ကြင်နာအောက်မေ့၍ ရေခန်းသောမြစ်ကဲ့သို့ ခြောက်သွေ့ညံ့ခွေရလိမ့်တကား။”

“ပညောင်, ရေဥနှဲ, ပိန္နဲ, သပြေ အထွေထွေအထူးထူး ပွင့်ဖူးသီခိုင် ဝေမြိုင်သာမော တောဥယျာဉ် အပေါင်းကိုလည်းကောင်း၊ ဤကျောင်းသင်္ခမ်းအနီး၌ ရစ်လည်၍စီးသော ဤမြစ်သည် ချမ်းကြည်အေးမြသော ရေရှိ၏။ ထိုမြစ်၌ ငါတို့မောင်နှမ မိဘသားချင်းတို့သည် အတူတကွ အစဉ်မပြတ် ကစားမြူးပျော်ကြမြဲတည်း။ ထိုကျောက်စက်ရေကြည် ရစ်လည်၍စီးသော မြစ်ငယ်တို့ကိုလည်းကောင်း၊ တောင်ထိပ်တောင်ဝှမ်း တောင်ခါးပန်း၌ ထူးဆန်းလှပတင့်တယ်သော ပန်းပွင့်တို့ကိုလည်းကောင်း မပြတ်လျှင် ငါတို့ ဆွတ်ယူသီကုံး၍ ပန်ဆင်ရကုန်၏။ ထိုပန်းတို့ကိုလည်းကောင်း, ချိုဆိမ့်သောအရသာ များစွာသော သစ်သီးကြီးငယ်တို့ကိုလည်းကောင်း ယခု ငါတို့စွန့်၍ ပုဏ္ဏားနောက်သို့ လိုက်ရအံ့တကား။”

“ငါတို့ဖခင်သည် ငါတို့မောင်နှမ ကစားပျော်ရွှင်စေခြင်းငှာ လုပ်၍ပေးအပ်သော ဤအရုပ်သည်ကား ဆင်ရုပ်တည်း။ ဤအရုပ်ကား မြင်းရုပ်တည်း။ ဤအရုပ်ကား နွားလားရုပ်တည်း။ အကြင်အရုပ်တို့ဖြင့် ငါတို့မောင်နှမ ရှေး၌ ကစားပျော်ပါးကြကုန်၏။ ထိုအရုပ်တို့ကို ယခု စွန့်၍ သွားရအံ့တကား”ဟု သနားစဖွယ်သောစကားဖြင့် ငိုမြည်တမ်း၏။

ထိုသို့ ဇာလီသတို့သား ငိုမြည်တမ်းစဉ်ပင် ဇူဇကာပုဏ္ဏားလိုက်လာ၍ “သင်တို့ အဘယ့်ကြောင့် ပြေးလေကုန်သနည်း” ဟု ဘုရားလောင်း၏ မျက်မှောက်တွင်ပင်လျှင် မောင်းမဲဆဲရေးလျက် နွယ်ဖြင့်တုပ်နှောင် ရိုက်ခတ်၍ ယူပြန်လေ၏။

ဇာလီမင်းသားသည်လည်း “ခမည်းတော်၊ အကျွန်ုပ်တို့ လိုက်ရပါလေအံ့။ မိခင်ရောက်လျှင် အကျွန်ုပ်တို့ အနာမရှိကြောင်းကို ကြားတော်မူရစ်လော့။ ခမည်းတော်သည်လည်း ကိုယ်စိတ်၏ချမ်းသာခြင်း ဖြစ်တော်မူရစ်လော့။ ဤအကျွန်ုပ်တို့ကစားသော ဆင်ရုပ်, မြင်းရုပ်, နွားလားရုပ်တို့ကိုလည်း မယ်တော် စိတ်ဝမ်းဖြေစရာ ပေးတော်မူရစ်လော့”ဟု ဆို၍ ပုဏ္ဏားနောက်သို့ လိုက်ရလေ၏။

ဘုရားလောင်းသည် ရှေ့တွင်ပင်လျှင် အငြိုးထားသောရန်သူကဲ့သို့ ပုဏ္ဏား၏ ပုတ်ခတ်ညှဉ်းဆဲခြင်းကိုခံ၍ လိုက်လေသော သားငယ်,သမီးငယ်တို့ကိုမြင်၍ အောက်မေ့ကြင်နာခြင်းဖြင့် ပြင်းစွာနှိပ်စက်ရကား နှလုံးပူပန်ခြင်းဖြစ်၍ ကေသရာဇာခြင်္သေ့ ဖမ်းမိသော အမုန်ယစ်သောဆင်ပြောင်ကဲ့သို့လည်းကောင်း၊ ရာဟုခံတွင်းသို့ဝင်သော လပြည့်ဝန်းကဲ့သို့လည်းကောင်း ပြင်းစွာတုန်လှုပ်လျက် မဆောက်တည်နိုင်သည်ဖြစ်၍ မျက်ရည်အပြည့်အိုင်လျက် ထိုင်နေရာမှထပြီးလျှင် ကျောင်းသင်္ခမ်းတွင်းသို့ဝင်၍ သနားဖွယ်သောငိုကြွေးခြင်းဖြင့် ဤသို့ငိုကြွေး၏။

“ငါ့သားငါ့သမီးတို့သည် ရေဆာမွတ်သိပ်သည်ရှိသော် အဘယ်သူသို့ကပ်၍ ငိုရှာတောင်းရှာလေအံ့နည်း။”

“မိဘနှင့်ကွေကွင်းသော ငါ့သားငါ့သမီးတို့အား နံနက်စာ ညစာ ထမင်းဘောဇဉ်တို့ကို အဘယ်သူ ပေးပါလိမ့်အံ့နည်း။”

“ငါ့သား ငါ့သမီးတို့ ရေဆာမွတ်သိပ်၍ ငိုမြည်တမ်းသည်ရှိသော် အဘယ်သူချော့မော့၍ ကျွေးမွေးပါလိမ့်အံ့နည်း။”

“လက်ခြေနူးညံ့စွာသော ငါ့သားငါ့သမီးတို့သည် ခြေကျင် ခရီးဝေး မသွားစဘူးဘဲလျက် ယူဇနာ-၆၀ ကွာဝေးသောဤခရီးကို အဘယ်သို့ သွားရှာကြလိမ့်အံ့နည်း။ ခရီးအကြား၌ မသွားနိုင် ပင်ပန်း၍ ငိုမြည်တမ်းသည်ရှိသော် အဘယ်သူလျှင် ချီပိုးပါလိမ့်နည်း။”

“ငါ့သားငါ့သမီးတို့အား အပြစ်မရှိဘဲလျက် မရှက်မကြောက် မထောက်မထား ထိုပုဏ္ဏားသည် ငါ့မျက်မှောက်တွင်ပင် ပုတ်ခတ်အားလေစွာ့တကား။ အရှက်အကြောက် အထောက်အထားနှင့်ပြည့်စုံသော သူတော်ကောင်း စင်စစ်မှန်သည်ဖြစ်အံ့။ အပြစ်မရှိသော ငါ့သားငါ့သမီးကို ထားပါဦး။ ငါ့ကျွန်၏ ကျွန်ကိုပင်ဖြစ်သော်လည်း အဘယ်သို့ ရိုက်ဖြစ်အားလိမ့်နည်း။ ဤပုဏ္ဏားမူကား တံငါတို့သည် မြှုံးဝ၌ ငါးကိုရိုက်နှက်သကဲ့သို့ ငါ့ရှေ့တွင်ပင် သမီး,သားချင်းမျှ မထောက်မစာ ကြင်နာမဲ့ဘဲ ဆဲရေးရိုက်ပုတ် ကြမ်းကြုတ်စွာ ပြုဘိ၏တကား”ဟု မြည်တမ်းလျက် သားတော်,သမီးတော်တို့၌ ချစ်သောအားဖြင့် ဤသို့ အကြံဖြစ်၏။

“ပုဏ္ဏားသည် ငါ့သား,ငါ့သမီးတို့ကို ငါ့ရှေ့တွင်ပင် ဆင်ခြင်ထောက်ထားခြင်း မရှိ၊ ရိုက်ပုတ်ဆဲရေးခြင်းကို ပြု၏။ ထိုသို့ပြုသောပုဏ္ဏားအား ငါ သည်းမခံနိုင်။ ယခုပင်လိုက်၍ ဤသန်လျက်ဖြင့် ပုဏ္ဏားကိုသတ်ပြီးလျှင် ငါ့သား ငါ့သမီးတို့ကို ယူခဲ့အံ့”ဟု အကြံဖြစ်၏။

ထိုနောက်မှ တစ်ဖန် “ဤသို့ သားသမီးကို မှီ၍ဖြစ်သောဆင်းရဲခြင်းသည် ငါကြောင့် မဟုတ်ချေတကား။ သူတစ်ပါးအားလှူပြီးမှ တစ်ဖန် စိုးရိမ်ခြင်းမည်သည် ရှေးသူတော်ကောင်းတို့ ထုံးဟောင်း မဟုတ်ချေတကား”ဟု စိတ်ကို သိမ်းဆည်းချုပ်တည်းတော်မူ၍ ဤသို့ ကိုယ်တော်ကို ဆုံးမပြန်၏။

“ဝေဿန္တရာ။ သင်သည် ရှေးဘုရားလောင်း သူတော်ကောင်းတို့ ထုံးဟောင်းကျင့်စဉ်ကိုသိပြီးသော ပညာရှိ မဟုတ်လော။ ရှေးရှေးသော ဘုရားလောင်းတို့သည်-

-ဓနပရိစ္စာဂ-ဥစ္စာစည်းစိမ်ကို စွန့်ခြင်း၊

-အင်္ဂပရိစ္စာဂ-ခြေ,လက်,မျက်စိစသော အင်္ဂါကြီးငယ်ကိုစွန့်ခြင်း၊

-ပုတ္တပရိစ္စာဂ-သားသမီးတို့ကို စွန့်ခြင်း၊

-ဘရိယပရိစ္စာဂ-မယားကို စွန့်ခြင်း၊

-ဇီဝိတပရိစ္စာဂ-အသက်ကို စွန့်ခြင်း။

“ဤစွန့်ခြင်းကြီး ၅-ပါးတို့ကိုစွန့်၍သာ သဗ္ဗညုတဉာဏ်ကို ရကြကုန်၏။ တစ်စုံတစ်ယောက်သော ဘုရားလောင်းမျှ စွန့်ခြင်းကြီး ၅-ပါးတို့ကိုမစွန့်ဘဲ သဗ္ဗညုတဉာဏ်ကို မရနိုင်။ သင်တုံသည်လည်း သဗ္ဗညုတဉာဏ်ကိုရှာသော ဘုရားလောင်းတို့တွင် တစ်ယောက်မဟုတ်လော။ ထိုသို့ဖြစ်လျက် သားသမီးကိုလှူပြီးမှ အဘယ့်ကြောင့်တစ်ဖန် စိုးရိမ်ပြန်သနည်း။ သဗ္ဗညုတဉာဏ်ကိုရှာသော သင်သည် သူတစ်ပါးအား သားသမီးကိုလှူလျှင် ထိုသူ ကျွန်ပြုလိမ့်မည်ကို အသိမဟုတ်လော။ ထိုသို့ဖြစ်လျက် လှူပြီးမှ ပုဏ္ဏားအား သတ်ပုတ်ညှဉ်းဆဲမည်ဟု သင် အဘယ့်ကြောင့်ကြံသနည်း။ ပေးပြီးမှ နောင်တရှိပြန်ခြင်းသည် သင်၌ မလျောက်ပတ်တကား”ဟု ကိုယ်ကိုကဲ့ရဲ့ ကွပ်ဆုံးမတော်မူ၍၊

“ငါ့သားငါ့သမီးတို့ကို ပုဏ္ဏားအား ငါပေးသောအခါမှစ၍ ပုဏ္ဏားသည် သတ်ပုတ်ညှဉ်းဆဲတုံသော်လည်း တစ်စုံတစ်ခုသော စိုးရိမ်ခြင်းကို ငါ၌မဖြစ်စေပြီ”ဟု မြဲမြံစွာ သတိတည်းဟူသောချည်တိုင်၌ စိုးရိမ်ခြင်းတည်းဟူသော စိတ်ဆင်ရိုင်းကို သမ္မာဝါယမတည်းဟူသော ကြိုး, ဉာဏ်တော်တည်းဟူသော လက်တော်ဖြင့် ကိုင်စွဲချည်နှောင် ဆောက်တည်ပြီးသော်၊ ကျောင်းသင်္ခမ်းတွင်းမှ ထွက်တော်မူ၍ ကျောင်းသင်္ခမ်းတံခါး ကျောက်ပျဉ်ပေါ်၌ ရွှေဆင်းတုကဲ့သို့ ငြိမ်သက်တည်ကြည်စွာ ထိုင်နေတော်မူ၏။

ဇူဇကာပုဏ္ဏားသည်လည်း ဘုရားလောင်း၏ မျက်မှောက်၌ပင်လျှင် သားငယ်,သမီးငယ်တို့ကို ရိုက်ပုတ်ဆဲရေးလျက် ဆောင်လေ၏။ ထိုအခါ ဇာလီသတို့သားသည် ဤသို့ ငိုမြည်တမ်း၏။

“ဤလူ့ပြည်၌ မွေးသည့်အဖသာရှိ၍ အမိမဲ့သောသားသည် သနားဖွယ်သော ဆင်းရဲခြင်းနှင့် မကင်းရာဟုဆိုသော စကားသည် အမှန်ဖြစ်သည်နှင့်အညီ ငါတို့သည်လည်း ယခုအမှန်ပင်လျှင် တွေ့ကြိမ်ရ၏။ ငါ့နှမကဏှာဇိန်။ လာလှည့်။ ငါတို့ မောင်နှမ သေကြကုန်အံ့။ အသက်ရှင်၍ အဘယ်အကျိုး ရှိတော့အံ့နည်း။”

“ငါတို့ခမည်းတော်မင်းကြီးသည် ဥစ္စာရမ္မက် နှိပ်စက်သည်ဖြစ်၍ ကြမ်းကြုတ်စွာသော ဘီလူးပုဏ္ဏားအား ယခု ငါတို့ကို ပေးခဲ့ကုန်ပြီ။ ထိုပုဏ္ဏားသည် တိရစ္ဆာန်, ကျွဲ, နွားကိုကဲ့သို့ ငါတို့ကို ပုတ်ခတ်ဘိ၏။ ဤငါတို့ တောအရပ်၌ သပြေပင်, ယင်းရည်းပင်, ရေဥနှဲပင်, ညောင်ကြတ်ပင်, ပိန္နဲပင်, ပညောင်ပင်, သီးပင်အစရှိသော အထူးထူးအပြားပြား အသီးအပွင့်ကို ဆောင်ပေကုန်သော သစ်ပင်တို့သည် ရှိကုန်၏။ ငါ့နှမကဏှာဇိန်။ ထိုသစ်ပင်တို့ကိုစွန့်၍ ယခု ငါတို့သွားရကုန်အံ့။ ငါတို့ ကျောင်းသင်္ခမ်းထက်ဝန်းကျင်၌ အရံကဲ့သို့ ချမ်းအေးကြည်လင်စွာသော မြစ်ရေတို့သည်လည်း ရစ်လည်၍စီးကုန်၏။ ရှေးသောအခါ ငါတို့မောင်နှမတို့သည် ဤမြစ်၌ ကစားမြူးပျော်ကြရကုန်၏။ တောင်ထိပ်,တောင်ခါးပန်းတို့၌ အထူးထူးသော ပန်းအမွှေးနံ့သာတို့ကို ဆွတ်ယူသီကုံး ပန်ဆင်ရကုန်၏။ အထူးထူးသော သစ်သီးတို့ကိုလည်း ရှေး၌ မြန်နိုးရာရာ စားကြရကုန်၏။”

“ဤအရုပ်ကား ဆင်ရုပ်, ဤအရုပ်ကား မြင်းရုပ်, ဤအရုပ်ကား နွားလားရုပ်၊ ထိုအရုပ်တို့ဖြင့် ရှေး၌ ငါတို့ ကစားကြရကုန်၏။ ထိုသို့သော ကစားဖွယ်ပျော်ဖွယ်တို့ကို စွန့်၍ ယခု ငါတို့ သွားရကုန်အံ့တကား”ဟု ငိုမြည်တမ်း၏။

ထိုသို့ မင်းသား၊ မင်းသမီးတို့ ငိုမြည်တမ်းလျက်သွားစဉ်ပင်လျှင် ဇူဇကာပုဏ္ဏားသည် မညီမညွတ်ရာကို နင်းမိသဖြင့် ချော်၍ တစ်ဖန်လဲပြန်၏။ ထိုအခါ မင်းသားမင်းသမီးတို့လက်မှ တုပ်နှောင်သောနွယ်သည်လည်း ကျွတ်လွတ်၏။ မင်းသားမင်းသမီးတို့သည် လှင်ကန်ဖြင့် ခြောက်လှန့်အပ်သောကြက်ကဲ့သို့ ပြင်းစွာတုန်လှုပ်လျက် ခမည်းတော်မင်းကြီးထံသို့ အတူတကွ ပြေးလာကြလေကုန်၏။

ဇူဇကာပုဏ္ဏားအိုလည်း လဲရာက လျင်မြန်စွာထလတ်၍ နွယ်တစ်ဘက်, လှင်ကန်တစ်ဘက်ကိုင်လျက် ကမ္ဘာဖျက်မီးလောင်သကဲ့သို့ မျက်မှောင်ကြုတ်ကြုတ်ထလျက် လိုက်လာပြန်၍ ဘုရားလောင်း ရှေ့တွင်ပင်လျှင် “နင်တို့သည် ပြေးတတ် ပုန်းတတ်လှ၏တကား”ဟု ပြင်းစွာဆဲရေးမောင်းမဲရိုက်ပုတ်လျက် လက်၂-ဘက်ကို နွယ်ဖြင့် ကြပ်တည်းအောင် ချည်နှောင်ဖွဲ့တုပ်၍ ဆောင်ပြန်လေ၏။

ထိုအခါ ကဏှာဇိန်သည် ခမည်းတော်သို့ မျက်နှာတိမ်းငဲ့ကြည့်၍ ငိုမြည်တမ်းပြန်၏။

“ဖခင်။ ဤပုဏ္ဏားသည် အကျွန်ုပ်တို့ကို မိမိသပေါက်ကျွန်ကဲ့သို့ တုပ်နှောင်ရိုက်ပုတ် ဆဲရေးခြင်းကိုပြု၏။ ဤသူအိုသည် ပုဏ္ဏားဟုတ်မည် မထင်။ ပုဏ္ဏားမည်သည်ကား တရားကို စောင့်၏။ သူတစ်ပါးတို့အားလည်း သနားတတ်ပါ၏။ ဤသူမူကား ဖခင်၊ ဘီလူးထင်၏တကား။ အကျွန်ုပ်တို့ကိုစားအံ့သောငှာ ပုဏ္ဏား အယောင်ဆောင်၍ လာသည်ထင်၏တကား။ ဘီလူးစားမည်ဆောင်သော အကျွန်ုပ်တို့ကို ဖခင် အဘယ့်ကြောင့် ရှု၍နေစိမ့်ဘိသနည်း”ဟု ငိုကြွေးမြည်တမ်းလေ၏။

ဤသို့ သတို့သမီးငယ်မြည်တမ်း၍ တုန်လှုပ်လျက်သွားလေသည်ရှိသော် ဘုရားလောင်းအား ပြင်းစွာသော ပူဆွေးစိုးရိမ်ခြင်းသည် ဖြစ်၏။ ဟဒယဝတ္ထုဟု ဆိုအပ်သော နှလုံးသားသည်လည်း ပန်းပဲဖို၌ပစ်သော သံတွေခဲကဲ့သို့ အလွန်ပူ၏။ အလွန်ပူလှစွာသော ထွက်သက်, ဝင်သက်တို့ကိုလည်း နှာခေါင်းဖြင့် မဆံ့သည်ဖြစ်၍ ခံတွင်းဖြင့် ရှိုက်ရှူတော်မူရ၏။ မျက်ရည်တို့သည်လည်း သွေးပေါက်ကဲ့သို့ဖြစ်၍ မျက်စိတော် ၂-ဘက်မှ ယိုထွက်ကုန်၏။ ဘုရားလောင်းသည် “ဤသို့သောဆင်းရဲကို ခံရသည်ကား သားသမီးတို့၌ ချစ်ခြင်းကိုမှီ၍ ငါ ခံရသတည်း။ တစ်ပါးအကြောင်းကြောင့် မဟုတ်။ လျစ်လျူရှုသော်ကား ထိုသို့မဖြစ်ရာ”ဟု အလုံးစုံသော စိုးရိမ်ခြင်းကို ပညာတော်အခွင့်အစွမ်းဖြင့် တစ်ဖန် သိမ်းဆည်းမိပြန်၍၊ စိုးရိမ်ပူဆွေးခြင်းကို ဖျောက်လျက် ပြကတေ့သောနေခြင်းဖြင့် နေတော်မူ၏။

ဝင်္ကပါတောင်တံခါးသို့ ရောက်လေသော် ကဏှာဇိန်သည် ဤသို့ ငိုမြည်တမ်းလျက် လိုက်ရလေ၏။

“ငါတို့နူးညံ့လှစွာသော ဤခြေငယ်တို့သည်လည်း ယခု ခက်တရော် ရှိကုန်ပြီ။ သွားရမည့်ခရီးသည်လည်း အလွန် ဝေးလှစွာသေး၏။ ငါတို့သည် ချမ်းသာစွာရောက်ခြင်းငှာ ခဲစွတကား။ ယခု နေသည်လည်း ဝင်လုပြီ။ ပုဏ္ဏားသည် ငါတို့ကို ပင်ပန်းစွာဆောင်ယူခဲ့၏။”

“ဘုမ္မစိုးနတ်, တောင်စောင့်နတ်, ကြာအိုင်စောင့်နတ်, မြစ်ဆိပ်စောင့်နတ်, သစ်ပင်စောင့်နတ်, မြက်ပင်စောင့်နတ်, နွယ်ပင်စောင့်နတ်, ဆေးပင်စောင့်နတ်၊ ဤနတ်မင်းအပေါင်းတို့အား အကျွန်ုပ်တို့ ပန်ကြားပါကုန်၏။ ဦးခေါင်းဖြင့်လည်း အကျွန်ုပ်တို့ ရှိခိုးပါကုန်၏။ အရှင်နတ်မင်းတို့သည် အကျွန်ုပ်တို့မိခင်အား အနာမရှိသောအဖြစ်ကို ပြောဆိုတော်မူရစ်ပါကုန်။ ယခု အကျွန်ုပ်တို့ ပုဏ္ဏားနောက်သို့ လိုက်ပါလေရအံ့။”

“အရှင်နတ်မင်းအပေါင်းတို့။ အကျွန်ုပ်တို့မိခင် မဒ္ဒီကို ဆိုရစ်ပြောရစ်တော်မူပါကုန်။ အကယ်၍ အကျွန်ုပ်တို့ထံသို့ ခြေရာခံ၍ လိုက်လာအံ့။ ဤတစ်ယောက်သွားလောက်ရုံမျှသော ခရီးသည်ကား အကျွန်ုပ်တို့နေရာ ကျောင်းသင်္ခမ်းသို့ ထုတ်ချင်းလျှိုပေါက်၏။ ဤခရီးဖြင့် မိခင်ကို လိုက်လာပါစေလော့။ ဤခရီးဖြင့် လျင်စွာ လိုက်လာသည်ရှိသော် မိခင်မဒ္ဒီသည် အကျွန်ုပ်တို့ကို လျင်စွာ တွေ့လိမ့်သတည်း။

“အို..မိခင် ရသေ့မ။ မိခင်က တော၌ သစ်သီးသစ်မြစ်တို့ကို ဆောင်၍သာ နေဘိ၏။ မိခင် တောမှပြန်သောအခါ သားသမီးမရှိ ဆိတ်ဆိတ်ညံညံဖြစ်သော ကျောင်းသင်္ခမ်းကို မိခင်မြင်ရသဖြင့် ပြင်းစွာ ဆင်းရဲရောက်လိမ့်သတည်း။”

“မိခင်ရသေ့မကား ယခုညဉ့် အချိန်လွန်အောင် ရှာမှီးသဖြင့် သစ်သီးသစ်မြစ်တို့ကို မိခင် များစွာရပြီတကား။ သစ်သီးရှာရခြင်းကြောင့် ဤကြမ်းကြုတ်စွာသော ပုဏ္ဏားသည် အကျွန်ုပ်တို့အား ညှဉ်းဆဲရိုက်ပုတ်ခြင်းကို မိခင် မမြင်ရလေတကား။ ယခု မိခင် တောမှ သစ်သီးသစ်မြစ်ရှာပြီး၍ပြန်ချိန် ညဉ့်အခါ၌ အကျွန်ုပ်တို့သည် မိခင်ကို အကယ်၍ မြင်ပါကုန်အံ့၊ မိခင်သည် ပုဏ္ဏားအား ပျားမွဲအရသာနှင့်တူသော သစ်သီးတို့ကို ပေးရလိမ့်သတည်း။ ထိုသို့ ပေးသည်ရှိသော် ချိုဆိမ့်စွာသောအသီးကို အဝစားရသော ပုဏ္ဏားသည် အကျွန်ုပ်တို့ကို ပြင်းစွာမရိုက်ပုတ်ဘဲ နေရာ၏တကား။ ယခု အကျွန်ုပ်တို့ခြေဖဝါးသည်လည်း ပေါက်ခဲ့ကုန်ပြီ။ ပုဏ္ဏားသည် ပြင်းပြစွာ ဆောင်ယူဘိ၏တကား” ဟု ဝင်္ကပါတောင်တံခါး၌ မင်းသားမင်းသမီးတို့သည် အမိကို လွမ်းဆွတ်တ,ယူ၍ ငိုကြွေးကြကုန်၏။