ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၅

From Wikisource
Jump to navigation Jump to search
322844ဝေဿန္တရာဇာတ်တော်ကြီး — ၅။ ဇူဇကာ ပဗ္ဗခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ ကလိင်္ဂတိုင်း ဒုန္နိဝိဋ္ဌအမည်ရှိသော ပုဏ္ဏားရွာ၌နေသော ဇူဇကာပုဏ္ဏားသည် သားမယားမရှိ။ အလှူလှည့်လည်ခံသဖြင့် အသပြာ ၁၀၀-ရ၏။ ထိုအသပြာ ၁၀၀-ကို မိမိ မဆောင်နိုင်၊ အလိုလည်း မတိုင်သေးသောကြောင့် ရွာတစ်ခုတွင် တစ်ယောက်သောပုဏ္ဏားအိမ်၌ အပ်ထား၍ တစ်ဖန် အလှူခံအံ့သောငှာ အရပ်တစ်ပါးသို့ လှည့်လည်သွားလာပြန်၏။ ထိုဇူဇကာပုဏ္ဏားသည် အလှူခံသွား၍ တစ်ပါးအရပ်၌ နှစ်,လအရှည် ကြာမြင့်လေသော် ဇူဇကာပုဏ္ဏား၏ဥစ္စာကို သိမ်းထားသောပုဏ္ဏားသည် သုံးစားနှင့်၍ ကုန်လေ၏။ နောက်မှ ဇူဇကာပုဏ္ဏားရောက်လာသဖြင့် ထိုအပ်နှံထားခဲ့သော မိမိဥစ္စာကိုတောင်းလေလျှင် ဥစ္စာထိန်းပုဏ္ဏားသည် ဇူဇကာပုဏ္ဏားအား ဥစ္စာမလျော်မပေးနိုင်သောကြောင့် အမိတ္တာပုံအမည်ရှိသော မိမိသမီးကို ပေး၏။ ဇူဇကာပုဏ္ဏားသည် အမိတ္တာပုံကိုခေါ်ယူလျက် ကလိင်္ဂတိုင်း ဒုန္နိဝိဋ္ဌပုဏ္ဏားရွာသို့ သွား၍နေလေ၏။

အမိတ္တာပုံသည်လည်း “မိမိလင်”ဟု ချစ်ခင်ကြင်နာခြင်းဖြင့် ဇူဇကာပုဏ္ဏားအား လုပ်ကျွေး၏။ အခါတစ်ပါးသောနေ့၌ ပုဏ္ဏားလုလင်ပျိုတို့သည် ဇူဇကာပုဏ္ဏားအိမ်သို့ရောက်၍ အမိတ္တာပုံ၏ အကျင့်သီတင်း ပြည့်စုံခြင်းကိုမြင်လျှင် မိမိတို့မယားထံသွား၍ “ဇူဇကာပုဏ္ဏား၏မယား အမိတ္တာပုံသည် မိမိအဆင်းအရွယ်နှင့် ပြည့်စုံလျက် သက်ကြီးရွယ်အို ထိုဇူဇကာအား အရိုအသေ လုပ်ကျွေးတုံသေး၏။ အရွယ်ချင်းမျှသော ငါတို့ကိုကား အဘယ့်ကြောင့် နင်တို့ အရိုအသေ မပြုကုန်သနည်း”ဟု မောင်းမဲဆဲရေး ခြိမ်းခြောက်ကြကုန်၏။

ထိုဒုန္နိဝိဋ္ဌရွာသူ ပုဏ္ဏေးမတို့သည် “အမိတ္တာပုံကြောင့် လင်၏အဆဲအရေးကို ငါတို့ခံရသည်။ ငါတို့ရွာမှာ အမိတ္တာပုံမနေဝံ့အောင် အရှက်ခွဲဆဲရေး၍ ထွက်ပြေးစေအံ့”ဟု ကြံပြီးသော်၊ မြစ်ဆိပ်,ရွာနား စသည်အရပ်တို့၌ စည်းဝေးကုန်လျက် ဤသို့ အရှက်ခွဲ ဆဲရေးကြကုန်၏။

“အမိငယ်။ သင်သည် အရွယ်မျှ မရောက်တတ်ပါသေးဘဲလျက် သင့်မိသင့်ဖတို့သည် ဆံမုတ်ဆိတ်ဖြူညို ထိုပုဏ္ဏားအိုနှင့် ပေးစားပလေ၏။ သင့်မိသင့်ဖတို့သည် အထောက်မတန် ရန်သူကိုကဲ့သို့ ပြုယောင်တကား။”

“သင့်ဆွေမျိုးတို့သည်လည်း သင့်ကို အိမ်မထောင်လောက် ရွယ်မရောက်သေးဘဲ မိထွေး,မိကြီး, ဦးရီး, ဆွေမျိုးတို့ငြိုငြင်၍ ဆိတ်ကွယ်ရာ သင့်မိသင့်ဖတို့နှင့်တိုင်ပင်၍ ရေသားရွတ်ယို ပုဏ္ဏားအိုနှင့် ပေးစားလိုက်ယောင်တကား။”

“အမိငယ်။ သင်သည် အရွယ်မရောက် မလောက်မလားသေးဘဲလျက် အိမ်နီးချင်းအတူနေ အဆွေခင်ပွန်း သင်တို့ရပ်သူရပ်သားတို့သည် သင့်မိဘဆွေမျိုးနှင့် ဆိတ်ကွယ်ရာတွင် မကောင်းတိုင်ပင်ကြ၍ သင့်ကိုမလို အဘယ် အငြိုးသို၍ ရွယ်အိုသက်ကြီးနှင့် ပေးစားသနည်း။ လင်အိုနှင့် နေရသောသင်သည် သေရသော်မှ ကောင်း၏။ ပေါင်းဖက်၍နေရသဖြင့် အဘယ်သို့ ကောင်းနိုင်အံ့နည်း။”

“အမိငယ်။ သင်သည် အရွယ်အဆင်း တင့်တယ်ခြင်းနှင့်ပြည့်စုံပါလျက် သမိ,သင့်ဖတို့သည် သင်ဖို့ လင်အရွယ်တန် ရှာ၍မရနိုင်သောကြောင့် ပုဏ္ဏားမည်းညို သက်ကြီးအိုနှင့် ပေးစားလေယောင်တကား။”

“သင်သည် လင်ကောင်းသားကောင်းအလို့ငှာ လဆန်း ၉-ရက်နေ့၌ ယာဂုဆွမ်းဖြင့်ပူဇော်၍၊ ထိုသင်ပူဇော်သောယာဂုဆွမ်းကို ကျီးအိုတစ်ကောင် လု၍စားလာသောကြောင့် ဦးခေါင်းဆံဖြူရောက် သင့်အဘိုးလောက်ကို မြောက်သားငယ်လင်မှတ် ထင်ရရှာလေသလော။”

“လင်ကောင်းသားကောင်းအလို့ငှာ မီးနတ်ကို သင် မပူဇော်မိလေသလော။”

“အမိငယ်။ သင်ကား အရွယ်မျှ ပြီပြီမရောက်ခင် သင့်လင်ကား အရွယ်လွန်မြောက်ပြီ၊ ရှေ့နောက်ကို မြော်တွေးသော် မြေးအဘိုး အဟန်တကား။”

“ပုဏ္ဏားမည်းညို သက်ကြီးအိုနှင့် နေရသောသင်သည် လူ့ပြည်၌ အကျင့်သီတင်းနှင့်ပြည့်စုံသော ရသေ့ရဟန်းတို့ကို ကျိန်ဆဲကဲ့ရဲ့ ပြုဖူးသောအပြစ်ဒဏ်ပင် သင့်လေသလော။”

“အမိငယ်။ လောက၌မြွေဆိပ်, ကျားဆိပ်စသည်ဖြင့် သေရခြင်းသည်လည်း ဆင်းရဲမဟုတ်သေး။ လေမြား,လှံ,ဓားဖြင့် ပစ်ခတ်ထိုးခုတ်၍ သေရခြင်းသည်လည်း ဆင်းရဲမဟုတ်သေး။ အရွယ်လွန်ပြီး သက်ကြီးအိုကို လင်လုပ်ရသောမိန်းမသည်သာ ဆင်းရဲတကာတို့ထက် လွန်၍ဆင်းရဲ၏။”

“သွေးသားယွင်းယို ထိုလင်အိုသည် ပျိုနုရွယ်ရှိ အမိအလိုရှိတိုင်း အဘယ်သို့လိုက်၍ မြူးထူးရွှင်ပျော် မွေ့လျော်နိုင်လိမ့်အံ့နည်း။ ရွယ်အိုလင်နှင့် လူမြင်သူကြား စကားဘယ့်နှယ် ပြောဆိုဝံအံ့။ သွားလည်းမကွေ နေလည်းအတူ ကလူပျော်ပါး ရွှင်ခြင်းအားလည်း အများမြင်၍ မတင့်တယ်ဖြစ်ခဲ့၏တကား။”

“လုလင်ပျို, မိန်းမငယ် အရွယ်တူချင်းဖြစ်ကြလျှင် တစ်ယောက်အလိုကို တစ်ယောက်လိုက်နိုင်လျက် ကာမဂုဏ် ၅-ပါးဖြင့် ပျော်ပါးရွှင်မြူး ယှဉ်ပူးတွဲမှီ စုံညီမွေ့စံခြင်းငှာလည်း တင့်တယ်လျောက်ပတ်၏။ သင့်လင် သက်ကြီးအိုမူကား သင်နှင့်အရွယ်မတူ ကလူယှဉ်တွဲ နွှဲမှီပျော်မြူးရမည်လည်း သွားကျိုး,ပါးရေဝင် မရယ်ခင်လျှာထွက်၍ ရှက်ဖွယ်ကြောက်ဖွယ် မတင့်တယ်ခဲ့တကား။ ထိုသို့ဖြစ်လျက် ဤလင်အိုနှင့် အတူနေ၍ အကျိုးမရှိ။ သင့်မိသင့်ဖအိမ်သို့ ပြန်လေလော့”ဟု ဆဲရေးဆိုမြည်ကြကုန်၏။

အမိတ္တာပုံလည်း ရွာသူတို့ ဆဲရေးဆိုမြည်သောစကားကို ရေခပ်သွားရန် မြစ်ဆိပ်နားတွင် မခံနိုင်အောင် ကြားရလျှင် ရေအိုးကိုရွက်၍ ငိုကြွေးလျက် အိမ်သို့သွားလေ၏။

ဇူဇကာပုဏ္ဏားသည် မိမိမယား အမိတ္တာပုံ ငိုကြွေးလျက်လာသည်ကိုမြင်လျှင် “အမယ်။ သင် အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု ဆီး၍မေး၏။

အမိတ္တာပုံသည် “အရှင်ပုဏ္ဏား။ အလိုရှိသော်လည်း ဖြစ်လိုရာဖြစ်စေ။ ယနေ့မှစ၍ အကျွန်ုပ် မြစ်ဆိပ်သို့မသွားပြီ။ သင်လူအိုကို လင်လုပ်မိချေသောကြောင့် ရွာသူတို့ ဆဲရေးဆိုမြည်တမ်းခြင်းကို ခံရ၏”ဟုဆို၏။

ထိုစကားကို ကြားလျှင် “အမယ် အမိတ္တာပုံ။ သင်သည် ငါ့အမှုကြီးငယ်ကို မပြုနှင့်။ ရေကိုလည်း မခပ်နှင့်၊ ဤအိမ်ထဲတွင်သာ ချမ်းငြိမ်းစွာနေလော့။ ငါပင် ရေခပ်ခြင်းစသည်ကို ပြုအံ့။ သင် နှလုံးမသာ မရှိနှင့်”ဟုဆို၏။

အမိတ္တာပုံသည် “ပုဏ္ဏား။ ငါတို့အမျိုးသည် လင်ကိုစေခိုင်း၍ ကျွန်ပြုသည့်အမျိုး မဟုတ်။ အကယ်၍ သင်သည် ငါ့ကို ချစ်ရိုးမှန်၍ ကျွန်ယောက်ျား,ကျွန်မိန်းမ စေစားရန် အမှုလုပ်ကျွန်ကိုမရှာဘဲ သင်သာ ငါ့ကို ကျွန်ကဲ့သို့ ရေခပ်ခြင်း, မောင်းထောင်းခြင်းစသည်ဖြင့် လုပ်ကျွေးအံ့။ သင့်အိမ်မှာ ငါ မနေပြီ။ သင်နှင့် ကွာတော့အံ့။ သင် ငါ့ကိုချစ်ခင်လျှင် ကျွန်ယောက်ျား, ကျွန်မိန်းမ အစေအပါးပြုရမည့် ကျွန်ကိုရအောင် ရှာလော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “အမယ်။ ငါ့အား တစ်စုံတစ်ခုသောအတတ်ပညာလည်း မရှိ၊ ဥစ္စာစပါးလည်း မရှိ။ ထိုသို့ ငြိုငြင်ဆင်းရဲစွာဖြစ်လျက် အဘယ်သို့ ကျွန်ယောက်ျား, ကျွန်မိန်းမ ရနိုင်အံ့နည်း။ အမယ်။ သင် အားမနာလင့်။ ငါပင် သင့်ကို လုပ်ကျွေးအံ့။ သင် မငိုကြွေလင့်။ နှလုံးမသာ မရှိလင့်”ဟုဆို၏။

ထိုစကားကိုကြားလျှင် အမိတ္တာပုံသည် “အရှင်ပုဏ္ဏား။ ဤသို့ လာလှည့်။ ငါပြောအံ့။ ငါကြားဖူးသည်ကား ဝေဿန္တရာမင်းကြီးသည် ဝင်္ကပါတောင်၌ နေ၏။ သင်သည် ဝေဿန္တရာမင်းကြီးရှိရာ ဝင်္ကပါတောင်သို့သွား၍ ကျွန်ယောက်ျား, ကျွန်မိန်းမကို တောင်းချေလော့။ သင့်အား မင်းကြီးသည် ကျွန်ကို ပေးလှူလတ္တံ့”ဟု ဆို၏။

(ဤစကားကို အမိတ္တာပုံဆိုသည်ကား ဘုရားလောင်း ပါရမီပြည့်စေခြင်းငှာ နတ်တို့လှည့်ပတ်သဖြင့် ဆိုမိသတည်း။)

အမိတ္တာပုံ၏စကားကိုကြားလျှင် ဇူဇကာပုဏ္ဏားသည် “အမယ်။ ငါကား အိုမင်းသည်ဖြစ်၍ အားမရှိပြီ။ ယခု သင်ပြောသောတောင်သည် ဝေးလှ၏။ ခရီးဝေးစွာ မသွားနိုင်ပြီ။ သင်သည် မစိုးရိမ်လင့်။ ငါပင် သင့်ကို လုပ်ကျွေးပါအံ့။ မငိုကြွေးနှင့် နှလုံးမသာ မရှိလင့်”ဟု ဆိုပြန်၏။

ထိုစကားကိုကြားလျှင် အမိတ္တာပုံသည် “အရှင်ပုဏ္ဏား။ သင်သည် စစ်မြေအရပ်သို့မျှ မသွားမထွက်သေးဘဲလျက် ရှုံးခဲ့ပြီဟုဆိုသော စစ်သူကြီးကဲ့သို့ မသွားမီကပင် “မသွားနိုင်”ဟု သင် ဆိုဘိ၏။ စင်စစ် ကျွန်ယောက်ျား, ကျွန်မိန်းမကို ရအောင်မရှာလျှင် ငါ သင့်အိမ်၌ မနေပြီ။ ထိုသို့ ငါနှင့်ကင်းသော သင့်အား ကြီးစွာသောဆင်းရဲ ရောက်လတ္တံ့။ ဤရွာ၌ နက္ခတ်သဘင် ကြိမ်သောအခါ၌လည်းကောင်း, ဥတု ၆-ပါး၏အစ၌ သဘင်ကာလ ကြိမ်သောအခါ၌လည်းကောင်း, ငါသည် ယောက်ျားတစ်ပါးနှင့်နေ၍ ပွဲသဘင်၌ တင့်တယ်စွာ ပျော်ရွှင်မြူးထူးသောငါ့ကို သင်မြင်ရသောအခါ ကြီးစွာသောဆင်းရဲခြင်း, ပူဆွေးခြင်း, ငိုမြည်တမ်းခြင်းဖြင့် နှိပ်စက်ပြန်လျှင် အသက်အရွယ်အိုမင်း၍ ကျောက်ကုန်းညွတ်ခြင်းရှိရာတွင် ထပ်၍ညွတ်ခွေ မြေနှင့်မျက်နှာ ထိလုခမန်း ရှိလိမ့်သတည်း။ သင်၏ဆံပင်သည်လည်း ဖောင်းပွင့်ကဲ့သို့ ခေါင်းလုံးကျွတ်မျှ ဆွတ်ဆွတ်ထပ်၍ ဖြူလိမ့်သတည်း”ဟု ဆို၏။

ထိုအမိတ္တာပုံ၏စကားကို ကြားလျှင် အရွယ်လွန်မြောက် ကျောက်ကုန်းညွတ်ခွေ အရေတွန့်လိပ် မုတ်ဆိတ်ဆံကြောင်ကျား သွားပဲ့,ပါးပိန် သေချိန်ရောက်လုနီး အသက်ကြီးဇူဇကာ ပုဏ္ဏားအိုသည် မယားပျိုကိုရ၍ ရာဂနှိပ်စက် နှောင့်ယှက်လေသောအလျောက် ချစ်ကြောက်အလိုလိုက် မိုက်စွာသောမောဟ ဖုံးလွှမ်းခြင်းဖြင့် မငြင်းဆန်နိုင် မိန်းမနိုင်ငံသို့လိုက်၍ “အမယ် ပုဏ္ဏေးမ။ ထိုသို့တပြီးကား သင်အလိုရှိသည်ဟူက ငါဆောင်ရွက်မည်။ မစိုးရိမ်လင့်၊ ယခု ငါသွားအံ့။ ခရီးစာ မုန့်လက်ကောက်, မုန်ကြွပ်, ပျားရည်နှင့်နယ်သော ပေါက်ပေါက်ဆုပ်, နာရီဆုပ်, မုန့်ခြောက်, ထမင်းဆုပ် မျိုးရိက္ခာတို့ကို စီရင်လော့။ အမျိုးအနွယ်တူ ဇာတ်တူအရွယ်တူဖြစ်သော သတို့သား, သတို့သမီးငယ် ၂-ယောက်ကို သင်၏အစေအပါး ကျွန်အလို့ငှာ ငါဆောင်ချေအံ့” ဟု ဆို၏။

အမိတ္တာပုံသည် ပုဏ္ဏားစကားကိုကြားလျှင် မျိုးရိက္ခာအလုံးစုံကို စီရင်ပြီးစေ၏။ ဇူဇကာပုဏ္ဏားသည် မိမိအိမ်၌ ယွင်းယိုဆွေးပျက်သည့်အရာ, မခိုင်မလုံရှိသည့် အရာများကို ကြပ်တည်းခိုင်ခံ့ လုံခြုံအောင် ချည်နှောင်ကာရံ၍ တံခါးကိုလည်း လုံခြုံစွာလုပ်ပြီးလျှင် မီးထည့်ရန်ထင်းကိုလည်း တောမှဆောင်ယူ၍ အိမ်၌ခွဲစိတ်ပုံထား၏။ အိမ်၌ ရှိသမျှသောရေအိုးတို့ကိုလည်း ရေခပ်၍ အပြည့်ထား၏။ ဤသို့ အိမ်ထောင်မှုကိစ္စ ပြည့်စုံပြီးသော် မိမိသည် ရသေ့လုပ်၍ အမိတ္တာပုံကိုလည်း “အမယ်ပုဏ္ဏေးမ။ သင်သည် ယနေ့မှစ၍ ငါပြန်၍မရောက်မီ ကာလပတ်လုံး အခါမဟုတ်သည်၌ အိမ်တွင်းမှ ပြင်သို့ မထွက်ရစ်နှင့်။ သင်၌ ကြောင့်ကြရန်မရှိပြီ။ မမေ့မလျော့ လုံ့လပြုရစ်”ဟု ဆုံးမမှာထားပြီးလျှင် ဖိနပ်စီး၍ မီးပွတ်,ရေကရားပါ ရိက္ခာအိတ်ကို ပခုံးဖြင့်လွယ်လျက် အမိတ္တာပုံကို လက်ယာရစ်လှည့်လည်ပြီးမှ မျက်ရည်ပြည့်သောမျက်စိဖြင့် ဝါးရင်းတောင်ဝှေးကိုထောက်လျက် အလွန်ဝပြော စည်ပင်လှစွာသော သိဝိတိုင်း စေတုတ္တရာပြည်သို့ ရှေးရှုသွားလေ၏။

စေတုတ္တရာပြည်သို့ ရောက်လေသော် ပြည်သူပြည်သားအစုအဝေးရှိရာသို့ ချဉ်းကပ်၍ “ပြည်သားပြည်သူတို့။ သင်တို့အရှင်မင်းကြီး ဝေဿန္တရာသည် အဘယ်အရပ်သို့ သွားလေသနည်း”ဟု မေး၏။ ရသေ့အလားဖြင့် ဝါးရင်းတောင်ဝှေးကိုထောက်၍ ကျောက်ကုန်းညွတ်ကိုင်းလျက်လာသော ထိုဇူဇကာပုဏ္ဏားအိုကို မြင်လျှင် ပြည်သားပြည်သူတို့သည်-

“ကိုယ့်ဖို့သာ တောင့်တ၍ သူတစ်ပါးအကျိုး ယုတ်လိမ့်မည့်အရာကို စာနာထောက်ထားလေ့မရှိ၊ ရသေ့အယောင်ဆောင်လျက် စဉ်းလဲစဉ်းစားပြုတတ်သော ပုဏ္ဏားအို သင်တို့အမျိုး ဖုန်းတောင်းယာစကာ ပုဏ္ဏားစဉ်းလဲတို့သည် ကိုယ်နှင့် တန်သည်,မတန်သည်၊ ရာသည်,မရာသည်ကို တွေးမြော်ထောက်ထားခြင်း မရှိ၊ ပြည်ကြီးသခင် အရှင်မင်းကို မနေဝံ့အောင် အကြိမ်ကြိမ်အဖန်ဖန် အလှူခံခြင်းဖြင့် နှိပ်စက်ဘိ၏။ ထိုသို့ သင်တို့ ပုဏ္ဏားစဉ်းလဲ အလှူခံအများ တစ်ရံမလပ် မပြတ်နှိပ်စက်လာသောကြောင့် ဤတွင်မနေဝံ့၍ သား,မယားနှင့်တကွ ဝင်္ကပါတောင်သို့ မင်းကြီးဝေဿန္တ ရာ ထွက်သွားတော်မူသဖြင့် ငါတို့ကိုးကွယ်ရာ မရှိပြီ။ ထိုသို့ ငါတို့စီးပွားအလုံး ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်ပြီးသည်ကိုမျှ အားမရနိုင်သေး။ ပုဏ္ဏားအို၊ အဘယ့်ကြောင့် ငါတို့အနီး၌ ရပ်လာပြန်သနည်း”ဟု ဆဲရေးဆိုမြည်ကြ၍ အုတ်ခဲ,လှံကန် စွဲကုန်လျက် ပုဏ္ဏားအိုကိုလိုက်၍ ခြိမ်းခြောက်ကြကုန်၏။

ထိုသို့ ပြည်သူတို့၌ မျက်နှာသာစကား မရလျှင် ဇူဇကာပုဏ္ဏားသည် ကြောက်လန့်တကြား သွားပြန်သဖြင့် ဘုရားလောင်း ပါရမီပြည့်စိမ့်သောငှာ နတ်တို့လှည့်ပတ်၍ ဝင်္ကပါတောင်သို့သွားသော ခရီးကိုပင်လျှင် အသင့်တွေ့ကြိမ်သဖြင့် “မည်သည့်အရပ်၌ မင်းကြီးဝေဿန္တ ရာသည် နေသတတ်”ဟု ကြားဖူးသောစကားကိုမှီလျက် ဝင်္ကပါတောင်သို့ရှေးရှုသွား၍ တောကြီးထဲသို့ဝင်လေ၏။

ထိုတောဝ၌ စေတမင်းသားတို့သည် ဘုရားလောင်းအား အန္တရာယ်ကိုတားမြစ်စေခြင်းငှာ အစောင့်အရှောက်ထား၍နေရသော စေတမုဆိုးသား နေရာအနီးသို့ ဇူဇကာပုဏ္ဏား ရောက်လေ၏။ စေတမုဆိုးသည်လည်း တော၌ သားဟင်းမျိုးအရှာ များစွာသောခွေးတို့ဖြင့် တောလည်လေသော် မုဆိုးခွေးတို့သည် မလှသောအဆင်းအပြင် အသွင်ယွင်းယို ပုဏ္ဏားအိုကိုမြင်လျှင် မှင်ဆံဖားဖား သွားကိုဖြဲလျက် ကိုက်ခဲအံ့ဟု လိုက်ကြကုန်၏။ ထိုအခါ ဇူဇကာပုဏ္ဏားသည် မုဆိုးခွေး ကိုက်အံ့သည်မှကြောက်၍ လမ်းကိုလွှဲဖယ်လျက် ကိုးကွယ်ရာမရအောင် တောင်မြောက်မထင် တပင်ရှားရှား ချောက်ကြားစေးချုံ စုံမြိုင်ကြီးထဲ၌ ကွဲပြတ်စုတ်ရှသောကိုယ်ဖြင့် သစ်ပင်ထက်သို့ တက်ပြေးလေ၏။ မုဆိုးခွေးတို့သည်လည်း သစ်ပင်ကို ဝန်းရံကုန်၏။ ဇူဇကာပုဏ္ဏားသည် “ငါကား အဘယ် မကောင်းသောအဖို့ ကြိမ်သည်မသိ။ ဒုန္နိဝိဋ္ဌရွာသူတို့အဆဲအရေးကို ရှေးဦးစွာခံရသည် တစ်ကြိမ်၊ အိမ်ရှင်ပုဏ္ဏေးမ ရှုတ်ချဆိုမြည်သည် တစ်တန်၊ သူ့အလိုနိုင်ငံကို သက်အိုရွယ်ကြီး ခရီးရှည်လျား မသွားထိုက်ဘဲ လိုက်နာရချေ၍ စေတုတ္တရာပြည်သားတို့ “ပုဏ္ဏားအို, ပုဏ္ဏားဆိုး”ဟု ဆဲရေးမျိုးမက ဆဲဆိုရေရွတ်လျက် ပစ်ခတ်လိုက်လံခြင်း ခံရသည်တစ်ခါ၊ ဟိမဝန္တာတောဝ၌ သွားဖြဲလျက် ကိုက်အံ့ဟုလိုက်သော ခွေးတို့၏ဘေးကြောင့် ပြေးရသည်လည်း တစ်ခါ၊ သွားရာလမ်းပျောက်၍ တောင်မြောက်မှန်းမသိ မျက်စိယောင်မှားလျက် တောင်ကြားချောက်ထဲ တဝဲလည်လည် ပြည်ရွာနှင့်မနီး တောကြီးအစုံ၌ ယခုကြုံရသောငါသည် အဘယ်မှာ ကိုးကွယ်ရာ ရှိပါအံ့နည်း”ဟု ကြံလျက် ဇာတ်ပျက်ပုဏ္ဏား မယားအလိုလိုက်၍ မိုက်လှစွာသော ဇူဇကာပုဏ္ဏားအိုသည် ထိုသစ်ပင်ထက်၌ ဤသို့ ငိုကြွေးမြည်တမ်း၏။

“ရန်ခပ်သိမ်းကို ငြိမ်းစေတတ်, အောင်စေတတ်တော်မူသည်ဖြစ်၍ ပြည်သူတကာတို့၏ဘေးမဲ့ကို ပေးတတ်သော မင်းကြီးဝေဿန္တရာသည် အဘယ်မှာရှိသည်ဟု ငါ့အား ဘယ်သူလာ၍ ညွှန်ကြားပါအံ့နည်း။”

“ဤမြေကြီးသည် ခပ်သိမ်းကုန်သောသတ္တဝါတို့၏ တည်ရာဖြစ်သကဲ့သို့၊ ထို့အတူ မင်းကြီးဝေဿန္တရာသည် ဖုန်းတောင်းယစကာတို့၏ တည်ရာဖြစ်ပေ၏။ မြေကြီးနှင့်တူသော မင်းကြီးဝေဿန္တရာ၏နေရပ်ကို အဘယ်သူ ညွှန်ကြားပါအံ့နည်း။”

“မဟာသမုဒ္ဒရာသည် မြစ်ကြီး၅-သွယ် မြစ်ငယ်အပေါင်းတို့၏ စီးဝင်ရာဖြစ်သကဲ့သို့၊ ထို့အတူ မင်းကြီးဝေဿန္တရာသည် ဖုန်းတောင်းယာစကာတို့၏လားရာ ဖြစ်၏။ မဟာသမုဒ္ဒရာနှင့်တူသော ဝေဿန္တရာ၏နေရပ်ကို အဘယ်သူ ညွှန်ကြားပါအံ့နည်း။”

“မင်းကြီးဝေဿန္တရာသည် ကောင်းစွာဆိပ်ကမ်း, ချမ်းမြေ့အေးကြည်သောရေ၊ ၅-ထွေသောကြာပန်း ဖုံးလွှမ်းပွင့်တံ ဝတ်ဆံရနံ့ မွှေးပျံ့မဆုံး နှလုံးမွေ့လျော်ဖွယ်ရှိသော အိုင်ကြီးနှင့်လည်း တူတော်မူ၏။ ခရီးပန်းသူတို့ နားဝင်ခိုမှီရာ လေးမြွှာသောခရီးဆုံ၌ ရိပ်မြုံချမ်းမြေ့ မွေ့လျော်ဖွယ်ရှိသော ညောင်ဗုဒ္ဓဟေပင်, ပညောင်ပင်, သရက်ပင်, အင်ကြင်းပင်အစရှိသော သစ်ပင်ကြီးများနှင့်လည်း တူတော်မူ၏။ ထိုသို့သဘောရှိသော မင်းကြီးဝေဿန္တရာကို အဘယ်သူ ငါ့အား ညွှန်ကြားပြလာပါအံ့နည်း။”

“ဤသို့ ငိုကြွေးလျက် တောနက်ထဲ၌ ဆင်းရဲစွာနေသောငါ့အား “ဝေဿန္တရာမင်းကြီးသည် ဤအရပ်၌ ရှိ၏”ဟု တစ်စုံတစ်ယောက်သောသူ ညွှန်ကြားလာပါသော် ကောင်းလေစွ”ဟု မြည်တမ်း၏။

ထိုဇူဇကာပုဏ္ဏား၏ မြည်တမ်းသံကို စေတမုဆိုးသား ငှက်ပစ်ခတ်မည်ဟု လာသည်အခိုက် အကြိုက်သင့်ကြားလေသော် “ဤပုဏ္ဏားကား ဝေဿန္တရာမင်း၏နေရာကို တောင့်တလျက် ငိုကြွေးမြည်တမ်း၏။ ထိုပုဏ္ဏားသည် သဘောဖြောင့်ဖြောင့်လာသည် မဟုတ်ရာ။ မင်းကြီး၏မိဖုရား မဒ္ဒီကိုသော်လည်းကောင်း, သားသမီးကိုသော်လည်းကောင်း တောင်းလို၍လာသည် ဖြစ်မည်။ စင်စစ် မင်းကြီးကိုတွေ့၍ ထိုပုဏ္ဏားတောင်းလျှင် တောင်းတိုင်းပေးချေသော် သား, မယား အလုပ်အကျွေး မရှိ၊ မင်းကြီးတစ်ယောက်တည်းသာ တောကြီးထဲ၌ နေတော်မူရသဖြင့် အန္တရာယ်ဖြစ်ရာ၏။ ငါ့ကိုလည်း မင်းကြီး၏အန္တရာယ်ကို တားမြစ်စေခြင်းငှာ စေတမင်းသားတို့က အစောင့်အရှောက်ထားပေသည်။ ထို့ကြောင့် ငါသည် ဤပုဏ္ဏားကို သတ်ပစ်အံ့”ဟုကြံ၍၊ ပုဏ္ဏားအနီးသို့ ချဉ်းကပ်ပြီးလျှင် “ဤပုဏ္ဏား၏အသက်ကို ယခုသေစေအံ့”ဟု လေးကိုတင်၍ ဆိပ်လူးမြားဖြင့် ပစ်အံ့ဟု ရွယ်လျက် ဤသို့ ခြိမ်းခြောက်၏။

“ဟဲ့၊ ပုဏ္ဏားအို။ နင်တို့အမျိုး ပုဏ္ဏားဆိုးတို့သည် ထီးရိုးနန်းရှင် ဘုရင်ဖြစ်ပြီး ဘုန်းကြီးသောမင်းတို့သာထိုက်သော မင်းသုံးစိုးသုံးဘဏ္ဍာမှန်း မသိ၊ မိမိတို့ကိုယ်နှင့် ထိုက်တန်ရုံကိုသာမခံ၊ မတန်မထိုက်သော ဆင်ဖြူရတနာ မင်းစီးဘဏ္ဍာကို မဆင်မခြင်အလှူခံခြင်းဖြင့် မင်းကြီးအားနှိပ်စက်ဘိသောကြောင့် မြို့တွင်မနေဝံ့၍ ဝင်္ကပါတောင်သို့ သား,မယားနှင့်တကွ ထွက်သွားတော်မူရသည်ကို မတန်သေး။ ဥဗျိုင်းသည် ရေထဲ၌ ငါးကိုရှာသကဲ့သို့ မင်းကြီးဝေဿန္တရာကိုရှာလျက် ယုတ်မာသောအမှုကို ပြုမည်အကြံနှင့် ဆံဖြူသွားကျိုး ကျောရိုးညွတ်ကုန်း နှလုံးပညာ မဲ့လှစွာသော သင်ပုဏ္ဏားအိုသည် ယခုဤအရပ်သို့ ရောက်လာပြန်၏။ အသွားထက်မြက် ငါ့မြားချက်တွင် သင့်အသက်ကုန်မည်ကို ယုံမှားခြင်းမရှိလင့်တော့။ ငါ့မြားသွားသည် သင့်အသွေးကို ယခု သောက်လိမ့်သတည်း။”

“ဟဲ ပုဏ္ဏား။ သင်၏ဦးခေါင်းကို တောင်းတောင်းဖြတ်ပြီးလျှင် ရင်ကိုခွဲ၍ သည်းပွတ်နှလုံး အဆုတ်ကိုထုတ်ပြီးမှ သင့်အသားဖြင့် ဗန္ဓသကုဏမည်သော တောင်စောင့်နတ်အား တင်ထားပူဇော်အံ့။”

“ဟဲ ပုဏ္ဏားအို။ သင့်နှလုံးသည်းပွတ်ကို ဖြတ်၍ သင့်အသား, အဆီ, ဦးနှောက်, အသွေးဖြင့် မီးနတ်ကို ပူဇော်အံ့။”

“ဟဲ ပုဏ္ဏား။ သင်သည် ငါ့အား တောင်စောင့်နတ်, မီးနတ်တို့ကို ပူဇော်စိမ့်မည်ဟူ၍ ရောက်လာ၏။ သင်၏အသားအသွေးဖြင့် တောင်စောင့်နတ်မင်းအား ငါ ကောင်းစွာပူဇော်ရအံ့။ သင်သည် မင်းကြီးဝေဿန္တရာ၏ သားမယားတို့မရမီ ယခုသေရမည်ကား မချွတ်ပြီ”ဟု ခြိမ်းခြောက်ဆဲရေးလျက် လေးဖြင့်ရွယ်၏။

ထိုစကားကိုကြားလျှင် ပုဏ္ဏားဇာတ်ပျက်ဖြစ်သော ဇူဇကာသည် “ငါ အတန်တန်သောဘေးကို ပြေးရှောင်၍ လွတ်ပြီးလျက် ဤမုဆိုးလေးတွင် ပြေးရာမသိ ရှိခဲ့ပြီ၊ စကားမဟုတ်သော်လည်း လုပ်၍ပြောဆိုမှ အလိုပြည့်လျက် အသက်ချမ်းသာတော့မည်”ဟု ကြံ၍၊ သေဘေးမှ ကြောက်လန့်သောကြောင့် မဟုတ်မမှန်သောစကားဖြင့် ဤသို့ ဆို၏။

“စေတမုဆိုး။ သင် အဘယ့်ကြောင့် မစူးမစမ်း မမေးမြန်းဘဲ ငါ့ကို သင် သတ်မည် ကြံဘိသနည်း။ သင့်အား ငါ့အကြောင်းကို ပြန်ဆိုအံ့။ ငါ့စကားကို နာလင့်ဦး။ လောက၌ မသတ်အပ်သောသူ မည်သည်ကား ရဟန်းပုဏ္ဏားတို့ကိုလည်း ရန်တုံ့မမူ ဖြူစင်သောသီလရှိသောကြောင့် မသတ်အပ်။ မင်းတို့စေလွှတ်သည့် တမန်ကိုလည်း ပြည်ရေးတိုင်းရေး အရှင့်အရေးကို ဆောင်ရွက်သူဖြစ်သောကြောင့် မသတ်အပ်။ ဤသို့ မသတ်ရှောင်ကြဉ်ခြင်းသည် ရှေးသူတော်ကောင်းတို့ ထုံးဟောင်းအစဉ် သဘောဖြစ်သည်။ ငါတုံသည်လည်း စေတုတ္တရာပြည်ကို အစိုးရတော်မူသော သိဉ္စည်းမင်းကြီး၏ တမန်တော်တည်း။ ငါတို့စေတုတ္တရာပြည်သူ လူအပေါင်းတို့သည် ဝေဿန္တရာမင်းကြီးအား အမျက်ပြေကြသဖြင့် တောင့်တမြော်တမ်းကြကုန်၏။ ခမည်းတော် သိဉ္စည်းမင်းကြီးသည်လည်း သားတော်ကိုဖူးမြင်လို၍၊ မယ်တော်သည်လည်း သားတော်နှင့် ကွေကွင်းသဖြင့် နေ့ညဉ့်တိုင်းငိုကြွေး၍ အသွေးအသား လျော့ပါးနွမ်းရိလျက် မျက်စိကျိန်းစပ်ခြင်းဆင်းရဲသို့ ရောက်၏။ ထိုသို့ ဖြစ်ကြသောကြောင့် ပြည်သူပြည်သား မှူးတော်မတ်တော်, ဆွေတော်မျိုးတော်အပေါင်းတို့နှင့် တိုင်ပင်၍ သိဉ္စည်းမင်းကြီးသည် သားတော်ကိုယူဆောင်စိမ့်သောငှာ ငါ့ကို စေလွှတ်လိုက်၏။ ဝေဿန္တရာမင်းကြီးနေရာကို သင်သိပါလျှင် ငါ့အား ညွှန်ကြားပါလော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် စေတမုဆိုးသည် စကားပျူငှာ လူ့လက္ခဏာ ရာ, မရာ တော်,မတော်ကို မြော်ခေါ်တွေးတောလေ့ မရှိ။ မိမိတို့တောသားအလိုက် နှစ်ခြိုက်ရာပြောလျှင် သဘောဟုတ်နိုးထင်၍၊ “မင်းကြီးဝေဿန္တရာ၏ မယ်တော်, ခမည်းတော်တို့လည်း ပူဆွေးပင်ပန်းသောကြောင့် ဤပုဏ္ဏားကို စေလွှတ်သည်ဖြစ်မည်”ဟု ယုံကြည်လျက် နှစ်သက်ဝမ်းမြောက်စွာ မိမိ၏ခွေးများကို ဖြားယောင်းချော့မော့၍ ခေါ်ပြီးလျှင် နွယ်ဖြင့်တုပ်နှောင်ထားပြီးမှ ပုဏ္ဏားကို သစ်ပင်ကဆင်းသက်စေပြီးသော် သစ်ခက်အခင်းပေါ်၌ နေစေ၍၊ “အဆွေပုဏ္ဏား။ သင်ကား မင်းကြီးဝေဿန္တရာ၏ ရန်သူမဟုတ်။ ချမ်းသာကိုဆောင်မည်လာသော အဆွေခင်ပွန်းပေတည်း။ မင်းကြီးဝေဿန္တရာ၏ အဆွေခင်ပွန်းမှန်လျှင် ချစ်မြတ်နိုးအပ်သော ငါ၏ အဆွေခင်ပွန်းသည် ဖြစ်၏။ သင့်အား ငါ၌ မြတ်နိုးအပ်သည်ဖြစ်၍ မွန်မြတ်သော ခဲဖွယ်စားဖွယ်ကို ပေးအံ့။ ဤမည်သော ခဲဖွယ်စားဖွယ်တို့ကို စားလော့။ ခရီးရိက္ခာစာလည်း ပျားရည်ဖြင့်ပြည့်သော ဤဘူးကိုလည်းကောင်း, အမဲညှင်း ကျပ်တင်ခြောက်ကိုလည်းကောင်း ဆောင်ယူလေလော့။ မင်းကြီးဝေဿန္တရာ နေတော်မူသောအရပ်ကို သင့်အား ညွှန်ကြားလိုက်အံ့”ဟုဆို၍ ဇူဇကာပုဏ္ဏားအား ခဲဖွယ်စားဖွယ်တို့ဖြင့် ကျွေးမွေးလေ၏။