ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၀၂

From Wikisource
Jump to navigation Jump to search
ဝေဿန္တရာဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၂။ ဟိမဝန္တာ ချီးမွမ်းခန်း
322839ဝေဿန္တရာဇာတ်တော်ကြီး — ၂။ ဟိမဝန္တာ ချီးမွမ်းခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုဖုဿတီမိဖုရားသည် ၁၀-ပါးသောဆုကို တောင်းယူ၍ နတ်ပြည်မှစုတေ့ခဲ့လေလျှင် ထူးမြတ်သော အသွေးအသားဖြင့် ယောကျာ်းတကာမူးယစ်အောင် ချစ်ဖွယ်သော မိန်းမရတနာပေါ်ထွန်းရာ မဒ္ဒရာဇ်ပြည် မဒ္ဒရာဇ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်လေ၏။ ထိုမင်းသမီး ဖွားဦးစကပင်လျှင် စန္ဒကူးနံ့သာမှုန့်တို့ဖြင့် တစ်ကိုယ်လုံးလိမ်းကျံသကဲ့သို့ မွှေးကြိုင်စွာဖွားသောကြောင့် အမည်မှည့်အံ့သောနေ့၌ “ဖုဿတီ”ဟု နတ်ပြည်ကအမည်ကိုပင် မှည့်ပြန်၏။ ထိုဖုဿတီမင်းသမီးသည် ၁၆-နှစ်ရောက်လတ်သော် တစ်ယောက်မတူ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ ရှုချင်ဖွယ်သော အဆင်းအရည် ရှိ၏။

ထိုအခါ သိဝိတိုင်း စေတုတ္တရာပြည်ကိုအစိုးရသော သိဝိရာဇ်မင်းကြီး၌ “သိဉ္စည်း” အမည်ရှိသော သားတော်သည် ထီးနန်းနှင်းချိန် အရွယ်ရောက်သည်ဖြစ်၍ သိဉ္စည်းမင်းသားနှင့် ထိုက်တန်သော မင်းသမီးကိုရွေးချယ်လျှင် “မဒ္ဒရာဇ်မင်း၏သမီးတော် ဖုဿတီသည် ထိုက်လျောက်၏”ဟု များစွာသော ထိမ်းမြားခမ်းမင်္ဂလာဖြင့် ဆောင်ယူစေပြီးသော်၊ ထိမ်းမြားမင်္ဂလာပြု၍ သိဉ္စည်းမင်းသားအား ထီးနန်းကိုဆောင်နှင်းသဖြင့် ဖုဿတီမင်းသမီးအားလည်း ၁-သောင်း ၆-ထောင်သော ကိုယ်လုပ်မောင်းမအပေါင်း ခြံရံလျက် နန်းမတောင်ညာတင်ထား၍ မိဖုရားကြီးအရာကို ပေး၏။

ထိုမင်း ၂-ပါးတို့သည် သံသရာအဆက်ဆက်က မပျက်သောမေတ္တာဖြင့် မကွာအတူ ဆုယူဆုတောင်း ကောင်းမှုပြုဖော်ဖြစ်ကြ၍ ရေတွေ့သောကြာကဲ့သို့ ဝမ်းသာရွှင်လန်းလျက် ရွှေနန်းရှင်သိဉ္စည်းမင်းသည် ဖုဿတီဒေဝီ မိဖုရားကြီးအား အလွန်နှစ်လို့ မြတ်နိုးကြင်နာလေ၏။ ထိုအခါ သိကြားမင်းသည် “ငါ၏မိဖုရား ဖုဿတီသည် မည်သည့်အရပ်မှာ ဖြစ်လေသနည်း”ဟု ဆင်ခြင်လတ်သော်၊ သိဝိတိုင်း သိဉ္စည်းမင်း၏မိဖုရားကြီး ဖြစ်ပြီးသည်ကိုမြင်၍၊ “ဖုဿတီဒေဝီအား ၉-ပါးသောဆုသည် ယခု ပြည့်စုံပြီ။ သားဆုတစ်ပါးသာ မပြည့်စုံသေး။ ဖုဿတီဒေဝီအား သားဆုကို ပေးအံ့”ဟုကြံ၏။

ထိုအခါ ငါတို့ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ နတ်သား ဖြစ်သတည်း။ ထိုဘုရားလောင်း နတ်သားသည် အသက်ကုန်သဖြင့် စုတေ့ခါနီးဖြစ်၍ သိကြားမင်းသည် ဖုဿတီဒေဝီအား သားကောင်း ထိုက်တန်ရာကို ရှာကြည့်လတ်လျှင် ဘုရားလောင်းနတ်သားကို မြင်ပြီးသော်၊ ထိုနတ်သား၏ အသက်ကုန်ကြောင်းကိုသိ၍ ထိုနတ်သားထံသွားပြီးလျှင် “အချင်းနတ်သား။ သင်သည် လူ့ပြည်သို့လားခြင်းငှာ ထိုက်၏။ လူ့ပြည်တွင် သိဝိရာဇ်မင်း၏မိဖုရားကြီး ဖုဿတီဒေဝီ၏ဝမ်း၌ ပဋိသန္ဓေယူလော့”ဟု တိုက်တွန်း၏။ ဘုရားလောင်း နတ်သားမှတစ်ပါး စုတေ့ခါနီးဖြစ်ကုန်သော နတ်သားအရေအတွက် ၆-သောင်းတို့အားလည်း “ဘုရားလောင်း၏ အပေါင်းအဖော် အခြံအရံဖြစ်စေခြင်းငှာ အမတ်တို့အိမ်၌ ဖြစ်လေကုန်လော့”ဟု တိုက်တွန်း ဝန်ခံစေပြီးသော်၊ မိမိနေရာသို့ သွားလေ၏။

ဘုရားလောင်းနတ်သားသည် နတ်ပြည်မှစုတေ့ခဲ့ပြီးသော် ဖုဿတီမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ နေလေ၏။ ကြွင်းသော နတ်သား ၆-သောင်းတို့လည်း စုတေ့ကုန်သဖြင့်၊ အမတ် ၆-သောင်းတို့အိမ်၌ အသီးအသီး ဖြစ်လေကုန်၏။ ဘုရားလောင်း ပဋိသန္ဓေနေလျှင် ဖုဿတီမိဖုရားသည် အလှူပေးခြင်း၌ ပြင်းစွာနှစ်လိုလျက် မြို့တံခါး ၄-မျက်နှာ, မြို့လယ်, နန်းတော်တံခါးဝ၊ ဤ၆-ဌာနတို့၌ အလှူဇရပ် ၆-ဆောင်ဆောက်၍ နေ့တိုင်းနေ့တိုင်း ၆-သိန်း ၆-သိန်းသော ဥစ္စာတို့ကို စွန့်ကြဲလှူဒါန်းချင်သော အလိုရှိသဖြင့်၊ မိမိအလိုရှိတိုင်း မင်းကြီးအား လျှောက်ကြား၍၊ သိဉ္စည်းမင်းကြီး ကြားသိလျှင် “အကြောင်း အသို့ဖြစ်မည်နည်း”ဟု လက္ခဏာဖတ်ပုဏ္ဏားတို့ကို ခေါ်၍မေး၏။

ပုဏ္ဏားတို့လည်း “အရှင်မင်းကြီး၊ ရှင်မိဖုရားကြီးဝမ်း၌ ပေးလှူစွန့်ကြဲခြင်းဖြင့် မွေ့လျော်သောသူ ပဋိသန္ဓေယူသည် ဖြစ်မည်။ ထိုရှင်မိဖုရားကြီးဝမ်း ပဋိသန္ဓေနေသောသူသည် ပေးလှူစွန့်ကြဲခြင်းဖြင့် မရောင့်ရဲနိုင်သည် ဖြစ်လတ္တံ့”ဟု နိမိတ်ဖတ်ကြားလျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့စကားကိုကြားလျှင် သိဉ္စည်းမင်းသည် အလွန် နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ မိဖုရားကြီးအလိုရှိတိုင်း အလှူဇရပ် ၆-ဆောင် ဆောက်စေပြီးသော် နေ့တိုင်းနေ့တိုင်း ၆-သိန်း, ၆-သိန်းသော အလှူဥစ္စာတို့ကို ဖြစ်စေ၏။ ဘုရားလောင်း ပဋိသန္ဓေနေသည့်နေ့မှစ၍ သိဉ္စည်းမင်းကြီးအား အခွန်အတုတ် ပဏ္ဏာကာရလက်ဆောင်တို့သည် အတိုင်းအရှည်မရှိ ပြန့်ပွားတိုးတက်ကုန်၏။ ဘုရားလောင်းအာနုဘော်ကြောင့် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ နေကုန်သော ထီးဆောင်းမင်းအပေါင်းသည် ပဏ္ဏာလက်ဆောင်များစွာ ဆက်သလာကုန်၏။

ဖုဿတီမိဖုရားကြီးသည် များစွာသော မောင်းမ,ကိုယ်လုပ်, အခြံအရံတို့ဖြင့် ကိုယ်ဝန်ဆောင်လျက် ၁၀-လ ပြည့်လတ်သော် “မြို့ကိုလှည့်လည်၍ ရှုလိုသည်”ဟု မင်းကြီးအား လျှောက်ကြား၏။ မင်းကြီးလည်း စေတုတ္တရာပြည်အလုံးကို တန်ဆာဆင်စေ၍ မိဖုရားကြီးနှင့်တကွ မြင်းရထားစီးလျက် မြတ်သောမင်း၏ လှည့်လည်ခြင်းဖြင့် လှည့်လည်လတ်သော်၊ လှည်းကုန်သည်တို့၏ ရောင်းဝယ်ဖောက်ကား သွားလာရာဖြစ်သော ခရီးလှည်းလမ်းအလယ်သို့ ရောက်သောအခါ၌ ဖုဿတီမိဖုရားကြီးသည် သားဖွားချင်၍ မူလကမ္မဇလေ လှုပ်ခိုက်သဖြင့် ဝမ်းမှ မအီမသာ ကျင်နာခြင်းဖြစ်၍ ထိုအကြောင်းကို မင်းကြီးအား ကြားလျှောက်လျှင် မင်းကြီးလည်း ထိုခရီးလမ်းမအလယ်၌ပင် သားဖွားမင်္ဂလာ တဲနန်းဆောက်လုပ် စီရင်စေ၍ မိဖုရားကြီးသည် ထိုတဲနန်းတော်၌ သားတော်ကို ဖွားမြင်လေ၏။

ဘုရားလောင်းသည် မယ်တော်ဝမ်းမှ မြှေးသမ်းမရှိ မငြိမတင် စင်ကြယ်သန့်ရှင်းစွာ မျက်စိတော်ကိုဖွင့်လျက် ဖွားတော်မူ၏။ မယ်တော်ဝမ်းမှ ဖွားမိလျှင်ပင် လက်တော်ကိုဆန့်တန်းလျက် “မယ်တော် အကျွန်ုပ် အလှူပေးအံ့။ ဥစ္စာတစ်စိုးတစိမျှ ရှိပါ၏လော”ဟုဆို၏။ ထိုအခါ မယ်တော်သည် “ချစ်သား။ အလိုရှိတိုင်း အလှူပေးလော့”ဟု ဆန့်သောလက်အနီး၌ အသပြာ ၁၀၀၀-ထုပ်ကိုထား၏။

(၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး သဗ္ဗညုတဉာဏ်အလို့ငှာ ကိုယ်,နှုတ်,နှလုံးဖြင့် ပါရမီ ၁၀-ပါးကိုဖြည့်လျက် ဘဝများစွာ ကျင်လည်တော်မူရသော ဘုရားလောင်းသည် ဤဝေဿန္တရာဇာတ်တော်, ဥမင်္ဂဇာတ်တော်, အဆုံးစွန်သောကိုယ်တော် ဤ၃-ဖြာသောဘဝ၌သာလျှင် ဖွားဦးစက စကားပြောဟောတော်မူ၏။)

ဘုရားလောင်းကိုဖွားမြင်ပြီးသော် မင်းကြီးသည် နန်းတော်သို့ ဝင်လေ၏။ ဤသို့ ဘုရားလောင်းသည် ကုန်သည်တို့သွားရာ ခရီးအစွန်း၌ ဖွားသောကြောင့် အမည်မည့်အံ့သောနေ၌ ဘုရားလောင်းအား “ဝေဿန္တရာ” ဟူသောအမည်ကို မှည့်ကုန်၏။

(ဤ“ဝေဿန္တရာ”ဟူသော အမည်သည် အမိမျိုးမှဖြစ်သော အမည်, အဖအမျိုးမှဖြစ်သောအမည်, အကြောင်းမရှိဘဲ သာမညပညတ်အပ်သော ရုဠှီအမည် မဟုတ်။ ကုန်သည်တို့သွားရာခရီးကို လွန်မြောက်ခြင်းတည်းဟူသော အကြောင်းကိုစွဲ၍ဖြစ်သော နေမိတ္တိက အနွတ္ထ အမည်တည်း။ ထို့ကြောင့် ဘဒ္ဒလက္ခဏာ၌ လိမ္မာကုန်သော ဆရာမြတ်တို့သည် “ဝေဿံ တရတီတိ ဝေဿန္တ ရော၊ ရာဇာ”ဟု ဝိဂြိုဟ်ပြုတော်မူကုန်၏။ ယော ရာဇာ၊ အကြင်မင်းသည်။ ဝေဿံ၊ ကုန်သည်တို့သွားရာခရီးကို။ တရတိ၊ ဖွားသောအားဖြင့် လွန်မြောက်တတ်၏။ ဣတိ၊ ထိုသို့ ကုန်သည်တို့သွားရာခရီးကို လွန်မြောက်တတ်သောသတ္တိကြောင့်။ သော ရာဇာ၊ ထိုမင်းသည်။ ဝေဿန္တရော၊ ဝေဿန္တရာမည်၏။)

ထိုဝေဿန္တရာမင်းကို ဖွားမြင်သည့်နေ့၌ပင်လျှင် ကောင်းကင်သို့သွားတတ်သော ဥပေါသထဆင်မသည် ဆင်၏ကြန်အင်လက္ခဏာ မင်္ဂလာအပေါင်း အကောင်းဟူသမျှစုံလင်စွာ ငွေစင်ပြားဖြင့်ဖုံးသကဲ့သို့ ကိုယ်လုံးဖြူသော ဆင်ပေါက်ကိုဆောင်ယူခဲ့၍ မင်္ဂလာရှိသောဆင်တင်းကုပ်၌ ထားပြီးလျှင် မိမိနေရာ ဟိမဝန္တာသို့ ဆင်မပြန်သွားလေ၏။ ထိုဆင်ဖြူပေါက်ငယ်အား ဘုရားလောင်း၏ ကောင်းမြတ်သောအထောက်အပံ့ ဖြစ်လာသောကြောင့် “ပစ္စယ”ဟူသောအမည်ကို ပေး၏။

သိဉ္စည်းမင်းကြီးသည် သားတော် ဝေဿန္တရာမင်းသားအား ယုယထိန်းသိမ်းစိမ့်သောငှာ နို့ထိန်းရွေးချယ်သည်ကား အလွန်မြင့်သော မိန်းမ, အလွန်နိမ့်သော မိန်းမ, အလွန်ဖြူသော မိန်းမ, အလွန်ညိုသော မိန်းမ, နှာခေါင်းရှည်သော မိန်းမ, နှာတံပိစပ်ရှိသော မိန်းမ, ကုတ်ဟီးချောင်းဆိုးနာ စသည်စွဲသော မိန်းမ, သားမြတ်ရှည်လွန်းသော မိန်းမ, သားမြတ်တိုလွန်းသော မိန်းမ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော အပြစ်မကင်းသော မိန်းမတို့ကိုပယ်၍ နုနယ်ကျစ်လစ် အပြစ်ကင်းလွတ်သဖြင့် ကောင်းမြတ်ချိုမြိန်သော နို့ရည်နှင့်ပြည့်စုံလျက် ညံ့သက်သာယာစွာ မွေးမြူထိန်းယနိုင်သော အမျိုးသမီး ၂-ရာ့ ၄-ကျိပ်တို့ကို ရွေးချယ်ကောက်ယူ၍ နို့ထိန်းထား၏။

(ပါဠိတော်၌ “စတုသဋ္ဌိဓာတိယော” ဟုရှိသည်။ စတုသဒ္ဒါသည် ၄-ခုကို ဟော၏။ သဋ္ဌိသင်္ချာသဒ္ဒါသည် ၆၀-ကို ဟော၏။ ထိုသင်္ချာသဒ္ဒါကို မိဿက သင်္ချာနည်းအားဖြင့် ၆-ကျိပ် ၄-ယောက်ကို ပေါင်းနှော၍ မယူအပ်။ တစ်နေ့နှင့် တစ်ညဉ့်လျှင် နာရီ ၆၀၊ တစ်နာရီလျှင် ၄-ယောက်ထိန်းသဖြင့် တစ်နေ့နှင့် တစ်ညဉ့်အဖို့တွင် ၄-ယောက်စီ၊ အလှည့်ပေါင်း ၆၀-ဖြစ်သောကြောင့် ဂုဏိသင်္ချာနည်းအားဖြင့် ၆၀-ကို ၄-ခုနှင့်မြှောက်၍ ၂-ရာ့ ၄-ကျိပ်ဟု ယူအပ်၏။ တစ်နာရီကို ၄-ယောက်ထိန်းသည်တွင် တစ်ယောက်ကား ရေချိုးခြင်းဖြင့် ထိန်း၏။ တစ်ယောက်ကား နံ့သာလိမ်းခြင်း, တန်ဆာဆင်ခြင်းဖြင့် ထိန်း၏။ တစ်ယောက်ကား ယပ်လေခတ်ခြင်း, သတို့သားငယ်ကို ရွှင်မြူးစေခြင်းဖြင့် ထိန်း၏။ တစ်ယောက်ကား ချီပိုးခြင်း, နို့တိုက်ခြင်းဖြင့် ထိန်း၏။)

အမတ် ၆-သောင်းတို့၏အိမ်၌လည်း တစ်ယောက်စီ ဖွားမြင်ကြကုန်၏။ ထိုအမတ်တို့၏သား ဖွားဖက်တော် ၆-သောင်း အရေအတွက်ရှိသော သူငယ်တို့အားလည်း မိမိတို့နှင့်တန်သော အဝတ်တန်ဆာ နို့ထိန်းအစောင့်ရှောက်ကို ပေးစေ၏။ ဝေဿန္တရာမင်းသားသည် ၆-သောင်းသော ဖွားဖက်တော်တို့နှင့်တကွ များစွာသောအခြံအရံနှင့် တင့်တယ်စွာဖြစ်၏။ သိဉ္စည်းမင်းကြီးသည် သားတော် ဝေဿန္တရာမင်းသားအား အဖိုး ၁-သိန်းထိုက်သော သတို့သားတို့ဆင်ရန် တန်ဆာကို ကောင်းစွာစီရင်စေ၍ ပေး၏။

ဝေဿန္တရာမင်းသားသည် ၄-နှစ် ၅-နှစ် မြောက်သောအခါ ထိုအဖိုး ၁-သိန်းထိုက်သော လည်ရွဲတန်ဆာကိုချွတ်၍ အထိန်းတို့အား ပေး၏။ အထိန်းတော်တို့သည် မင်းသားပေးသည်ကို မယူမနေဝံ့။ ခမည်းတော်ကို ကြောက်၍လည်း ပိုင်ပိုင်မယူဝံ့သဖြင့် မိမိတို့လက်သို့ရောက်ပြီးမှ “အရှင့်သားအား အကျွန်ုပ်တို့ ဆက်ပြန်ပါအံ့”ဟု ပြန်၍ ပေးဆက်၏။ ထိုသို့ အထိန်းတော်တို့ ပြန်၍ဆက်သော်လည်း မင်းသား မယူလိုသောကြောင့် အကြောင်းကို မင်းကြီးအား ကြားလျှောက်ကုန်၏။

မင်းကြီးကြားလျှင် “သင်တို့အား ငါ့သားတော် ပေးသည်မှန်မူ “သူငယ် မလိမ္မာပေးသည်ဖြစ်၍ မပေးပိုင်သောကြောင့် မယူပိုင်ချေ”ဟု နှလုံးမရှိကြနှင့်။ ငါ့သားတော်၏ပေးခြင်းသည် ငါပေးသည်နှင့်အတူ ကောင်းသောပေးခြင်းပင် ဖြစ်စေ”ဟုဆို၏ တစ်ဖန် အသစ်ဖြစ်သော လည်ရွဲတန်ဆာကို မင်းသားအားပေး၍ ဆင်ပြန်စေ၏။ ဝေဿန္တရာမင်းသားသည်လည်း ထိုလည်ရွဲတန်ဆာကို တစ်ဖန် အထိန်းတော်တို့အား ပေးပြန်၏။ ဤသို့ သူငယ်အဖြစ်ကပင်လျှင် ဘုရားလောင်းသည် အထိန်းတော်တို့အား ၉-ကြိမ်တိုင်အောင် ပေး၏။

၈-နှစ်မြောက်သောအခါ၌ မြတ်သောရွှေနန်းပြာသာဒ်ထက်၌ ကျက်သရေရှိသော စက်မွေ့ရာပေါ်တွင်နေလျက် ဤသို့ အကြံဖြစ်၏။

“ငါသည် ယခု အပဖြစ်သောအလှူကိုသာ လှူရ၏။ ထိုအပဖြစ်သောအလှူဖြင့် ငါ၏စိတ်ကို နှစ်သက်စေခြင်းငှာ မတတ်နိုင်သေး။ အတွင်းအလှူကို လှူရသော်ကား ငါ၏စိတ်သည် နှစ်သက်ခြင်းဖြစ်အံ့။ တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ့။ ငါသည် ရင်ကိုခွဲ၍ ထိုသူအား ပေးအံ့သတည်း။ ငါ၏မျက်စိအစုံကို အကယ်၍ တောင်းအံ့။ အစုံသော မျက်စိကိုထုတ်၍ ပေးအံ့။ အကယ်၍ ကိုယ်၏အသား တောင်းအံ့။ ဓားငယ်ဖြင့် အသားကိုလှီးဖြတ်၍ ပေးအံ့။ တစ်စုံတစ်ယောက်သော သူသည် ငါ့ကို ကျွန်ပြုလုပ်လိုသည်ဟု ဆိုအံ့။ ထိုသူအား “ကျွန်လုပ်လော့”ဟု ဆို၍ ကျွန်၏အဖြစ်ဖြင့် ငါ့ကို ထိုသူအား ပေးအံ့”ဟု အကြံဖြစ်၏။

ဤသို့ အကြံဖြစ်လတ်သော် ဘုရားလောင်း၏ ပါရမီတော်ကြောင့် ၂-သိန်း ၄-သောင်း အထုရှိသော ဤမဟာပထဝီမြေကြီးသည် အမုန်ယစ်သော ဆင်ပေါက်ကဲ့သို့ သည်းစွာသောအသံကိုပြုလျက် တုန်လှုပ်၏။ ၈-သောင်း ၄-ထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်မင်းသည်လည်း မီးအုံးသောကြိမ်ညွန့်ကဲ့သို့ ပျောင်းညွတ်ခွေပျော့လျက် စေတုတ္တရာပြည်သို့ ရှေးရှုတည်လေ၏။ မြေလှုပ်သောအသံဖြင့် ကောင်းကင်ယံအလုံး ထစ်ချုန်းရိုက်ကြိုးလျက် မိုးကြီးသည်းထန်စွာ ရွာ၏။ မိုးအခါမဟုတ်ဘဲ တိမ်ပုပ်တိမ်ထပ်ကြားမှ လျှပ်စစ်နွယ်တို့သည်လည်း အသွယ်သွယ်ယှက်သန်းလျက် တက်ကုန်၏။ မဟာသမုဒ္ဒရာသည်လည်း လှိုင်းတံပိုးထသဖြင့် ချောက်ချား၏။ သိကြားမင်းသည်လည်း ရွှင်လန်းခြင်းမက ရွှင်လန်းလျက် လက်ပန်းပေါက်ခတ်၏။ ၁၅-ရွာ ဗြဟ္မာအပေါင်းတို့သည်လည်း ကောင်းချီးပေးကြကုန်၏။ လူ့ပြည်မှသည် အကနိဋ္ဌဘုံ တိုင်အောင် အုတ်အုတ်ကျက်ကျက် တစ်ခဲနက်သောအသံ ဖြစ်၏။ (ဤကား ရှေးဦးစွာသော မြေလှုပ်ခြင်းတည်း။)

ဘုရားလောင်းသည် ၁၆-နှစ်မြောက်လတ်သော် ၁၈-ပါးသောအတတ်တို့ကို အပြီးသို့ရောက်စေ၏။ ခမည်းတော်သိဉ္စည်းမင်းသည် အတတ်မျိုးအပေါင်း တတ်ပြီးလျှင် ၁၆-နှစ်အရွယ်ရောက်သော သားတော်မင်းသားအား ထီးနန်းနှင်းလိုသည်ဖြစ်၍၊ ဘုရားလောင်းမယ်တော် ဖုဿတီဒေဝီမိဖုရားနှင့် တိုင်ပင်ကြလျက် ဖုဿတီဒေဝီ မိဖုရားကြီးမောင်တော် မဒ္ဒရာဇ်မင်း၏သမီးတော်သည် အရည်အဆင်းဖြင့် မင်းယောက်ျားတို့စိတ်ကို ယိုဖိတ်ညွတ်နူး မူးယစ်အောင်လှသောကြောင့် “မဒ္ဒီမင်းသမီး” ဟု အမည်တွင်၏။ ထိုဘုရားလောင်း ဦးရီးတော်သမီး မဒ္ဒီမင်းသမီးကို ကြီးစွာသော မင်းခမ်းမင်းနားဖြင့် စေတုတ္တရာပြည်သို့ ဆောင်ယူစေ၍ သားတော် ဝေဿန္တရာမင်းသားနှင့် ထိမ်းမြားမင်္ဂလာဆောင်ပြီးလျှင်၊ ခမည်းတော် သိဉ္စည်းမင်းသည် သားတော်မင်းသားအား ထီးနန်းနှင့်တကွ တစ်ပြည်လုံးကိုနှင်း၍ မင်း၏အဖြစ်ကို အဘိသိက်မြှောက်သွန်း၏။ မဒ္ဒီမင်းသမီးအားလည်း ၁-သောင်း ၆-ထောင်သော မောင်းမအပေါင်းခြံရံလျက် မိဖုရားကြီးအရာ၌ ထား၏။

ဝေဿန္တရာမင်းကြီးသည် ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံ ဘိသိက်ခံသည်မှစ၍ နေ့တိုင်းနေ့တိုင်း ၆-သိန်း, ၆-သိန်းသော ဥစ္စာတို့ကို ထုတ်စွန့်လျက် ကြီးစွာသောအလှူကို ဖြစ်စေ၏။

အခါတစ်ပါး မဒ္ဒီဒေဝီမိဖုရားကြီးသည် ကိုယ်ဝန်ဆောင်၍ ၁၀-လမြောက်လတ်သော် သားတော်ကို ဖွားမြင်၏။ ထိုသတို့သားကို ရွှေကွန်ရက်ဖြင့် ခံကုန်၏။ ထိုရွှေကွန်ရက်ဖြင့်ခံသောကြောင့် အမည်မှည့်အံ့သောနေ့၌ “ဇာလီ”မင်းသားဟု အမည်မှည့်၏။ ဇာလီမင်းသား ခြေဖြင့်သွားနိုင်သောအခါ သမီးတော်ကို ဖွားမြင်ပြန်၏။ ထိုသမီးတော်ကို သစ်နက်ရေပုဆိုးဖြင့် ခံကုန်၏။ ထိုသစ်နက်ရေဖြင့်ခံသောကြောင့် အမည်မှည့်အံ့သောနေ့၌ “ကဏှာဇိန်”ဟု အမည်မှည့်ကုန်၏။

ဘုရားလောင်းသည် ၁-လလျှင် ၆-ကြိမ်, ၆-ကြိမ် ဆင်ဖြူတော်ပစ္စယကိုစီးလျက် အလှူဇရပ် ၆-ဆောင်တို့ကို လှည့်လည်ကြည့်ရှုတော်မူ၏။

ထိုအခါ ကလိင်္ဂရာဇ်ပြည်၌ မိုးခေါင်သည်ဖြစ်၍ မွတ်သိပ်ခြင်း ဒုဗ္ဘိက္ခန္တရကပ်ဖြစ်၍ လူတို့သည် မိမိတို့အသက်ကို ရှင်စေခြင်းငှာ တစ်ဦးကိုတစ်ဦး အနိုင်အထက် လုယက်ဖျက်ဆီးကြသဖြင့် ခိုးသားဓားပြ ထူထပ်ကုန်၏။

အလွန် ငတ်မွတ်သောဘေးဖြင့် နှိပ်စက်ကုန်သော ပြည်သူပြည်သားအပေါင်းတို့သည် မင်းကြီးနန်းတော်သို့ အညီအညွတ် စည်းဝေးကြလျက် ပြင်းစွာ မြည်တမ်းကြွေးကြော်ကြကုန်၏။ ထိုပြည်သူတို့အသံကို ကလိင်္ဂရာဇ်မင်းကြီးကြား၍ “အဘယ့်ကြောင့် ကြွေးကြော်ကြကုန်သနည်း”ဟုမေးလျှင် “ငတ်မွတ်ခြင်းဘေးရောက်၍ ကိုးကွယ်ရာ မရသောကြောင့် ကြွေးကြော်ကြကုန်သတည်း”ဟု ကြားလျှောက်၏။

ကလိင်္ဂရာဇ်မင်းသည် “သင်တို့ မစိုးရိမ်လင့်။ မမြင့်မကြာမီ မိုးကြီးရွာစေသဖြင့် ဝပြောစေအံ့”ဟုဆို၍ ပြည်သူပြည်သားတို့ကို မိမိတို့အိမ်သို့ ပြန်စေပြီးလျှင်၊ မင်းကြီးသည် မိုးရွာခြင်းအကြောင်း ကောင်းမြတ်စင်ကြယ်စွာ အင်္ဂါ ၈-ပါးနှင့် ပြည့်စုံသော ဥပုသ်သီလကို ၇-ရက်ပတ်လုံး ဆောက်တည်၏။ ထိုသို့ ဥပုသ်ဆောက်တည်သော်လည်း မိုးမရွာ၊ ခေါင်မြဲတိုင်းသာခေါင်၍ မိုးရွာခြင်းကို မဖြစ်စေနိုင်ခဲ့သော် အမတ်ပညာရှိတို့ကိုခေါ်၍ “အဘယ်အကြောင်းဖြင့် မိုးရွာခြင်းကို ဖြစ်စေနိုင်အံ့နည်း”ဟု တိုင်ပင်မေးမြန်း၏။

အမတ်ပညာရှိတို့လည်း “အရှင်မင်းကြီး။ တစ်ပါးသောအကြောင်းဖြင့် မိုးရွာစေခြင်းငှာ လုံ့လပြုပါသော်လည်း မရွာနေခဲ့သော် မိုးရွာခြင်းအကြောင်းတစ်ခုသည် ထင်၏။ အကြောင်းမူကား “ဥပေါသထဆင်ဖြူမျိုးတို့သွားရာ ခရီးရောက်တိုင်း မိုးသည်ရွာ၏”ဟု ရှေးသူတော်ကောင်းတို့ ဆိုသည့်ထုံးစံစကား ရှိပါသည်။ ဆင်ဖြူကိုဆောင်ရသော် ကောင်း၏”ဟု လျှောက်ကြ၏။

“ဥပေါသထဆင်ဖြူမျိုးသည် တန်ခိုးကြီးသည်ဖြစ်၍ ဟိမဝန္တာတော၌သာ နေရသည်ဖြစ်သောကြောင့် ဤလူ့ပြည်၌ မိုးထက်ပင် ရှားခဲ့၏။ အဘယ်မှာ ရနိုင်အံ့နည်း”ဟု မင်းကြီးဆိုလျှင်-

“အရှင်မင်းကြီး။ အခါတစ်ပါးဖြစ်မူကား အမိန့်တော်ရှိတိုင်း ဆင်ဖြူရှားသည်ပင် ဖြစ်၏။ ယခုမူကား စေတုတ္တရာပြည်၌ ဝေဿန္တရာမင်းကြီး၏ ဘုန်းတော်ကြောင့် ဆင်ဖြူရောက်လာရ၏။ ဝေဿန္တရာမင်းကြီးသည် “ဆင်ဖြူ, ထီးနန်း, ပြည်စည်းစိမ်ကို မဆိုနှင့်ဦး။ မိမိမျက်လုံး, နှလုံးသည်းပွတ်ကိုပင်သော်လည်း အလိုရှိသူတောင်းလျှင် ပေးလို၏”ဟု အလှူပေးခြင်း၌မွေ့လျော်ကြောင်းကို ၁-သောင်း ယူဇနာ ကျယ်စွာသော ဇမ္ဗူဒိပ်ကျွန်းအလုံး ကျော်စောထင်ရှား၏။ ထိုသို့ဖြစ်သောကြောင့် အလှူခံခြင်း၌ လိမ္မာရဲရင့်သော ပုရောဟိတ်ပုဏ္ဏားတို့ကို စေလွှတ်၍ ဝေဿန္တရာမင်ကြီး၏ ဆင်ဖြူတော်ကို အလှူခံ၏အဖြစ်ဖြင့် တောင်းရသော်ကောင်း၏”ဟု အမတ်တို့ လျှောက်ကုန်၏။ ကလိင်္ဂရာဇ်မင်းသည် အမတ်တို့စကားကိုကြားလျှင် “ကောင်းပြီ”ဟုဆို၍၊ ပုဏ္ဏားအပေါင်းကို စည်းဝေးစေပြီးသော် အမှုအခွင့်အရေးအရာ၌ လိမ္မာရဲရင့်သော ပုဏ္ဏား ၈-ယောက်ကို ရွေးချယ်ပြီးလျှင်၊ ထိုပုဏ္ဏား ၈-ယောက်တို့အား မျိုးရိက္ခာ, အလုပ်အကျွေး လုံလောက်အောင်ပေး၍ “သင်တို့သည် စေတုတ္တရာပြည်၌ ဝေဿန္တရာမင်းကြီး၏ ဆင်ဖြူကို အလှူခံချေ”ဟု စေလွှတ်လိုက်၏။

ပုဏ္ဏား ၈-ယောက်တို့သည် ခရီးအစဉ်ဖြင့် သွားကြလေသော် စေတုတ္တရာပြည်သို့ရောက်၍ အလှူဇရပ်၌ ထမင်းအစာစားပြီးလျှင် မြူအလိမ်းအလိမ်းကပ်သောကိုယ်ဖြင့် “မင်းကြီးသည် အလှူဇရပ်သို့ထွက်သောအခါ ဆင်ဖြူကို ခံအံ့” ဟု အရှေ့တံခါးသို့သွား၍ စောင့်နေ မျှော်လင့်ကြကုန်၏။

ဝေဿန္တရာ မင်းကြီးသည်လည်း ထိုအခါ လပြည့်နေ့ကြိမ်သည်ဖြစ်၍ “ယနေ့ အလှူဇရပ်သို့ ထွက်အံ့”ဟု မင်္ဂလာဆင်တော်ပစ္စယကို များစွာသောတန်ဆာတို့ဖြင့် တန်ဆာဆင်စေ၍ နံနက်စောစောကပင်လျှင် မိမိကိုယ်တော်ကို ရေချိုးခြင်း, နံ့သာပျောင်း အမွှေးအထုံလိမ်းခြင်း, အဝတ်တန်ဆာဆင်စေခြင်း, မြိန်မြတ်သောဘောဇဉ်ကို စားခြင်း ကိစ္စပြီးပြီးသော်၊ ဆင်ဖြူတော်ပစ္စယကိုစီးလျက် များစွာသော ဗိုလ်ပါအခြံအရံနှင့်တကွ အရှေ့တံခါးဖြင့် ထွက်တော်မူ၏။

ပုဏ္ဏား ၈-ယောက်တို့သည် မှူးမတ်ဗိုလ်ပါ, ပရိသတ် ထူထပ်လှသောကြောင့် အရှေ့တံခါး၌ အခွင့်မရလျှင် တောင်တံခါးသို့ သွားကြကုန်၍ ကုန်းမြင့်ဖြင့် မင်းကြီးမြင်လောက်ရာကနေလျက် “မင်းကြီးသည် အရှေ့အလှူဇရပ်မှ ဤတောင်တံခါးသို့ လာလတ်သောအခါ ဆင်ဖြူကို အလှူခံအံ့”ဟု မျှော်လင့်ငံ့နေကြကုန်၏။

မင်းကြီးသည်လည်း အရှေ့တံခါးဝ အလှူဇရပ်၌ ကြည့်ရှုပြီးသော် လက်ယာရစ်လည်သောအားဖြင့် တောင်တံခါးသို့ ရှေးရှုလာတော်မူ၏။ ထိုအခါ ပုဏ္ဏား ၈-ယောက်တို့သည် မင်းကြီးသို့ရှေးရှု လက်ကိုဆန့်တန်းဖြန့်ကာလျက် “မင်းကြီးဝေဿန္တရာ။ သင်မင်းကြီးအား အောင်ခြင်းမင်္ဂလာ ဖြစ်စေသတည်း”ဟု ၃-ကြိမ် ကောင်းချီးပေးကြကုန်၏။ ထိုပုဏ္ဏားတို့၏ ကောင်းချီးပေးဟန် အလှူခံ၏လက္ခဏာကို မင်းကြီးမြင်လျှင် ပုဏ္ဏားတို့နေရာသို့ ဆင်တော်နှင့်ချဉ်းကပ်၍ ဆင်ကျောက်ကုန်းပေါ်က နေတော်မူလျက် “ပရုဠှကစ္ဆာ နခလောမာ” အစရှိသောဂါထာဖြင့် မေးတော်မူ၏။

အဓိပ္ပာယ်ကား-

“နှာခေါင်းဝဖျား လက်ကတီးကြားတို့မှ ဖားလျားလိမ်တင် ပြင်သို့ထွက်သော မည်းနက်စွာအမွေး သွားချေးထူထူ ဖြူနီကြောင်ကျား နှာသီးဖျားမိုမို ကိုယ်မှာမြူလိမ်းကပ်လျက် လက်သည်းရှည်စွာထားသော ဆရာပုဏ္ဏားတို့။ ငါအလှူဇရပ်သို့ ထွက်တော်မူသည့်အခါ အဘယ်ကိုအလိုရှိ၍ လက်ယာလက်ကို ဆန့်တန်းဖြန့်ကာလျက် ကောင်းချီးပေးကြကုန်သနည်း။ သင်တို့အလိုရှိသည်ကို တောင်းကုန်လော့”ဟု ဆို၏။

ပုဏ္ဏားတို့လည်း “သိဝိရာဇ်ပြည်သူ လူအပေါင်းတို့၏ အစီးအပွားကို ဆောင်တော်မူပေသော တရားမင်းမြတ်။ အကျွန်ုပ်တို့၏ ကလိင်္ဂရာဇ်ပြည်သည် မိုးခေါင်သည်ဖြစ်၍ ငတ်မွတ်ရှားပါးလျက် ခိုးသားဓားပြ ထူထပ်လှ၏။ ထိုသို့ငတ်မွတ်ခြင်းဘေးကြောင့် အလွန်တင့်တယ်သောအစွယ်, အံ့သြဖွယ်သောကိုယ်သဏ္ဌာန်, အားအန်ရဲရင့်ခြင်းနှင့် ပြည့်စုံစွာ ရတနာမြတ်ဖြစ်သော အရှင်မင်းကြီး၏မင်္ဂလာဆင်တော်ကို အလိုရှိ၏။ လှူတော်မူကုန်လော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “ငါကား ဦးခေါင်း, မျက်စိအစရှိသော အတွင်းအလှူကို ပေးခြင်းငှာ အလိုရှိ၏။ ဤပုဏ္ဏားတို့ကား ငါ၌ အလှူမြတ်ဟု မမှတ်သေးသော အပအလှူ ဆင်ဖြူရတနာကို အလိုရှိ၏။ ထိုပုဏ္ဏားတို့အလိုကို ပြည့်စေအံ့”ဟု ကြံပြီးလျှင်၊ “ဤကျွန်းအပြင်၌ ဘုရင်တကာတို့ မစီးထိုက်။ ငါ၏ဘုန်းတော်ကြောင့် ရောက်သည်ဖြစ်၍ ချစ်မြတ်နိုးအပ်သော ဤရတနာဆင်ဖြူတော်ကို သင်တို့အား ငါလှူအံ့။ ငါ၏စိတ်တော်သည် ဖိတ်ယိုတုန်လှုပ်ခြင်း ဒွိဟမရှိ”ဟု ဆိုလျက်၊ “ဆင်ဖြူတော်၏ အလုံးစုံသော ကိုယ်အပြင်၌ တန်ဆာမဆင် လွတ်လပ်သည့်အရာတို့ ရှိလေသလော”ဟု ကျောက်ကုန်းထက်မှ ဆင်းသက်တော်မူ၍ လှည့်လည်ကြည့်ရှုလျှင် မည်သည့်အရာတွင်မျှ တန်ဆာမဆင် လွတ်လပ်သည်ကို မြင်တော်မမူသောကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် ဝတ်ပန်းရည်ရောထွေး၍ မွှေးကြိုင်လှစွာ နံ့သာရည်ဖြင့်ပြည့်သော ရွှေကရားကို ကိုင်တော်မူပြီးသော်၊ “အလှူခံပုဏ္ဏားတို့။ ဤသို့ လာလှည့်ကုန်”ဟု ပုဏ္ဏားတို့ကို အနီး၌နေစေ၍ ရွှေပန်းကုံးနှင့်တူသော ဆင်ဖြူတော်၏ နှာမောင်းကိုကိုင်တော်မူလျက် ပုဏ္ဏားတို့လက်၌ထားပြီးသော် ရွှေကရားဖြင့် ရေစက်ချ၍ တန်ဆာဆင်အပ်သော ဆင်ဖြူတော်ကို လှူတော်မူ၏။

ထိုဆင်ဖြူတော်၌ ဆင်သော တန်ဆာကား ခြေ၄-ဘက်တို့၌ ဆင်သောတန်ဆာသည် အဖိုး ၄-သိန်းထိုက်၏။ နံပါး ၂-ဘက်တို့၌ ဆင်သောတန်ဆာသည် အဖိုး ၂-သိန်းထိုက်၏။ အောက်ဝမ်းရေအပြင်၌ လွှမ်းဆင်အပ်သော ကမ္ဗလာနီသည် အဖိုး ၁-သိန်း ထိုက်၏။ ကျောက်ကုန်းအပြင်၌ ဆင်အပ်သော ပုလဲကွန်ရက်, ပတ္တမြားကွန်ရက်, ရွှေကွန်ရက်သည် အဖိုး ၃-သိန်း ထိုက်၏။ နား၂-ဘက်၌ ဆင်အပ်သောတန်ဆာသည် အဖိုး ၂-သိန်း ထိုက်၏။ ကျောက်ကုန်းထက်၌ ခင်းအပ်သောကမ္ဗလာသည် အဖိုး ၁-သိန်း ထိုက်၏။ ရေခမိုးတင်၌ ဆင်အပ်သောတန်ဆာသည် အဖိုး ၁-သိန်း ထိုက်၏။ ဦးဆောက်ပန်းကဲ့သို့ ထိပ်ပြင်၌ ၃-သွယ်ဆွဲသော တန်ဆာသည် အဖိုး ၃-သိန်း ထိုက်၏။ နားစွန်းဖျား၂-ဘက်၌ ဆင်အပ်သောတန်ဆာသည် အဖိုး ၂-သိန်း ထိုက်၏။ အစွယ် ၂-ချောင်း၌ ဆင်အပ်သောတန်ဆာသည် အဖိုး ၂-သိန်း ထိုက်၏။ နှာမောင်း၌ အတန့်တန့်ဆင်ထားသော တန်ဆာသည် အဖိုး ၁-သိန်း ထိုက်၏။ မြီးထူး၌ ဆင်အပ်သောတန်ဆာသည် အဖိုး ၁-သိန်း ထိုက်၏။ ဆင်တက်လှေကားသည် အဖိုး ၁-သိန်း ထိုက်၏။ ဆင်တော်စားခွက်သည် အဖိုး ၁-သိန်း ထိုက်၏။ ဤသို့ ဆင်ဖြူတော်ကိုထား၍၊ ဆင်ဖြူတော်၌ဆင်သော တန်ဆာအစုစုပေါင်းသည် ၂-သန်း ၂-သိန်း အဖိုးထိုက်၏။ ဆင်တက်လှေကား, ဆင်စားခွက်နှင့်သော်ကား ၂-သန်း ၄-သိန်း အဖိုးထိုက်၏။ ထီးဖြူအချက်၌ တပ်အပ်သော ပတ္တမြား, ထီးဖြူထွတ်ပတ္တမြား, ပုလဲသွယ်၌တပ်အပ်သော ပတ္တမြား, ချွန်း၌တပ်အပ်သော ပတ္တမြား၊ ဆင်၏ လည်ပင်း၌ဆွဲသော ပုလဲသွယ်, အဖျား၌တပ်အပ်သော ပတ္တမြား, ဆင်ဦးကင်း၌တပ်အပ်သော ပတ္တမြား၊ ဤ၆-လုံးသော ပတ္တမြားတို့သည်ကား အဖိုးမည်မျှ ထိုက်တန်၏ဟူ၍ မပြတ်ဆိုနိုင်။ အတိုင်းအရှည်မရှိ အဖိုးထိုက်၏။ ဆင်ဖြူတော်သည်လည်း အဖိုးအတိုင်းအရှည် မရှိ။

ဤသို့ ၂-သန်း ၄-သိန်း အဖိုးထိုက်သောတန်ဆာနှင့် အဖိုးအနဂ္ဃဖြစ်သော ပတ္တမြား ၆-လုံးနှင့် ဆင်ဖြူတော်၊ ဤ ရတနာ ၇-ပါးတို့ကို ပုဏ္ဏားတို့အား လှူတော်မူ၏။ ထိုမှတစ်ပါးလည်း ဆင်ဖြူတော် အကျွေးအမွေး အိမ်ခြေ ၅၀၀, ဆင်ချေးကျုံး, ဆင်ထိန်းနှင့်တကွ လှူတော်မူ၏။ ဤသို့ ဆင်ဖြူတော်ကို လှူသောအခါ၌လည်း ရှေးနည်းအတူလျှင် မြေကြီးပဲ့တင်ထပ်မျှ တုန်လှုပ်၏။ (ဤကား ၂-ကြိမ်မြောက်သော မြေတုန်လှုပ်ခြင်းတည်း။)

လူအပေါင်းတို့သည်လည်း သောင်းသောင်းအုတ်အော် ကြွေးကြော်သံမဆုံး တစ်ပြည်လုံး ချောက်ချားကုန်၏။

ပုဏ္ဏား ၈-ယောက်တို့သည် ဆင်ဖြူတော်ကိုရလျှင် ရွှင်လန်းဝမ်းမြောက်စွာ တက်စီး၍ လူအပေါင်းခြံရံလျက် မြို့လယ်မင်းလမ်းခရီးဖြင့် သွားလေကုန်၏။ ပြည်သားပြည်သူ လူအပေါင်းတို့သည် ပုဏ္ဏားတို့သွားရာသို့ လိုက်ကုန်သဖြင့် “လူတစ်ပါးတို့အား ထောက်ထားခြင်းမရှိ၊ မိမိတို့ကိုယ်ဖို့ကိုသာ အရတောင်းခံတတ်သော ပုဏ္ဏားစဉ်းလဲတို့။ ငါတို့အရှင်၏ယာဉ်သာ ရတနာဆင်ဖြူတော်ကို မထိုက်မတန် သင်တို့ အဘယ့်ကြောင့်စီး၍ လာကုန်သနည်း။ သင်တို့ကို “စီးတော့”ဟု ဘယ်သူ ညွှန်ဘိသနည်း။ သင်တို့ မစီးနှင့်”ဟု ဆီးတားကြကုန်၏။

ပုဏ္ဏားတို့သည် “ဤဆင်ရတနာကို မင်းတကာတို့ထက်မြတ်သော ဝေဿန္တရာမင်းကြီးသည် ထီးဖြူအခြွေအရံနှင့်တကွ လှူတော်မူသောကြောင့် ငါတို့ဥစ္စာ ဖြစ်ပြီ၊ သင်တို့ အဘယ် အရာအထူးရှိသော သူတို့နည်း။ မင်းကြီးအမိန့်တော်ကို မရဘဲလျက် ငါတို့အား မဆီးတားကြနှင့်”ဟု တွန်းဖယ်ပုတ်ခတ်၍ တောင်တံခါးမှသည် မြောက်တံခါးသို့ထွက်သဖြင့် ကလိင်္ဂရာဇ်ပြည်သို့ သွားလေကုန်၏။

ဘုရားလောင်းပါရမီကို နတ်တို့ ကူညီစောင်မလျက် မပျက်ရအောင် လှည့်ပတ်စောင့်ရှောက်ခြင်းကြောင့် ၈-ယောက်သောပုဏ္ဏားတို့ကိုမျှ ပြည်သားပြည်သူအပေါင်း မဆီးတားနိုင်ရှိခဲ့သော် ဘုရားလောင်း ဝေဿန္တရာမင်းအားသာလျှင် အမျက်ထွက်ကြကုန်လျက် ခမည်းတော်သိဉ္စည်းမင်းကြီး၏ နန်းတော်တံခါးဝ၌ စည်းဝေးကြ၍ သည်းစွာသောအသံဖြင့် မြည်တမ်း ကြွေးကြော်ကြကုန်၏။

“အရှင်မင်းကြီး။ ယခု ပြည်ပျက်စီးခဲ့ပြီ။ အရှင့်သားတော် ဝေဿန္တရာမင်းကြီးသည် မင်း၏အင်္ဂါ မင်္ဂလာမျိုးတို့ထက် လွန်မြတ်သည်ဖြစ်၍ ပြည်တိုင်းကားဖြင့် ပူဇော်ခြင်းငှာထိုက်သော အကျွန်ုပ်တို့၏ မျက်ရစ်တန်ဆာ ရတနာဆင်ဖြူတော်ကို ယာစကာ ပုဏ္ဏားတို့အား အဘယ့်ကြောင့် ပေးလှူရအံ့နည်း။”

“ဟင်းရမ့်ဖူးရထားသန်သဖွယ် အစွယ်၏ပြေပြစ်ခြင်း, အဆင်း ငွေအသွင်, ဆင်မည်းတကာတို့ မဆောင်နိုင်သောဝန်ကို အလွန်ရွက်ဆောင်နိုင်လျက်, စစ်အောင်ရာမြေအရပ်ကိုလည်း သိတတ်သော ဆင်ဖြူဆင်မြတ် ဆင်များထွတ်ကို မအပ်မရာ ယာစကာပုဏ္ဏားတို့အား မလှူထိုက်ဘဲ မထောက်မထား လှူဘိ၏တကား။”

“ပိုးချည်ညွန့်ဖြင့်ရက်အပ်သော ကမ္ဗလာဖုံးလွှမ်းလျက် ပါးစောင် ၂-ဘက်မှ မပြတ်ထွက်ယိုသောမုန်ဖြင့် တင့်တယ်စွာ ရန်သူတကာတို့ကို နှိပ်နင်းနိုင်သော ရဲစွမ်း, အထူးအဆန်းသော တန်ဆာဆင်ခြင်း, မင်းတို့သာစီးထိုက်သော ဂုဏ်သရေ၊ ငွေတောင်ထွတ်ကဲ့သို့ ဖြူဆွတ်သောအမွေးဖြင့် ပြည်ပေး၍မျှ မရထိုက်သော ဆင်ဖြူရတနာကို တန်ဆာထီးဖြူ, လူဆင်ထိန်း, ဆင်ဆေးသမားနှင့်တကွ အရှင့်သားတော် ဝေဿန္တရာမင်းသည် ထောက်ထားတွယ်တာ အားနာခြင်းမရှိ၊ မိမိအလိုအလျောက် တစ်ပြည်ကရောက်လာသော ယာစကာပုဏ္ဏားတို့အား လှူဘိ၏တကား။”

“အရှင့်သားတော် ဝေဿန္တရာမင်းကြီးသည် စင်စစ်အားဖြင့် ပေးလှူစွန့်ကြဲလိုလျှင် ထမင်း, အဖျော်, အဝတ်, ပုဆိုး, အိပ်ရာနေရာတို့ကိုသာ ပေးလှူသင့်၏။ ထိုအိပ်ရာနေရာ, အဝတ်ပုဆိုး, ထမင်း, အဖျော်တို့နှင့်သာ ရဟန်း, ပုဏ္ဏားတို့အား လျောက်ပတ်၏။ ဤဆင်ဖြူဖြင့် ပုဏ္ဏားတို့အား အဘယ်အကျိုး ရှိအံ့နည်း။ ဘုန်းကြီးသော ရွှေနန်းသခင် အရှင်မင်းတို့နှင့်သာ လျောက်ပတ်သော ဆင်ဖြူကို ပုဏ္ဏားတို့အား မထိုက်မတန်ဘဲလျက် မဟာသမ္မတမင်းမှ ဆင်းသက်တော်မူ၍ မပျက်သောနန်းရိုး မင်းမျိုးမင်းနွယ်ဖြစ်သော အရှင့်သားတော် ဝေဿန္တရာမင်းသည် အဘယ့်ကြောင့် လှူရအံ့နည်း။”

“အရှင်မင်းကြီးသည် မင်းသား,မင်းညီ, မှူးတော်မတ်တော် ပြည်သူပြည်သားတို့စကားကို မလိုက်နာသည်ဖြစ်မူ အရှင့်သားတော် ဝေဿန္တရာမင်းနှင့် အတူပင်လျှင် အရှင်မင်းကြီးလည်း ပြည်သူပြည်သားတို့လက်တွင် ထင်ရှားစွာ ယခုရောက်မည် အကျွန်ုပ်တို့ထင်ကုန်၏”ဟု လျှောက်ထားကြွေးကြော်ကြကုန်၏။

ထိုစကားကို သိဉ္စည်းမင်းကြီးကြားလျှင် “မှူးမတ် ပြည်သူအပေါင်းတို့သည် ငါ၏သားတော် ဝေဿန္တရာကို သတ်လိုသည်ထင်၏”ဟု အမှတ်ရှိ၍ ဤသို့ဆို၏။

“မင်းသားမင်းညီ, မှူးမတ်, ပြည်သူပြည်သား လူအပေါင်းတို့။ ဇနပုဒ်မြို့ရွာ တိုင်းနိုင်ငံလုံးပင် ပျက်စီးစေကာမူ သိဝိရာဇ်ပြည်သူတို့၏စကားဖြင့် အပြစ်မဲ့သော ငါ၏သားတော်ဝေဿန္တရာကို ပြည်မှ မနှင်ထုတ်သင့်။ ငါ၏ရင်ခွင်၌ ပိုက်ချီ၍မွေးသော ရင်သွေးရတနာကို ငါ၏အသက်နှင့်အမျှ ချစ်ကြင်နာ၏။ စင်စစ် ချစ်ကြင်နာသည့် ရင်သွေးရင်သားပင်ဖြစ်စေကာမူ မင်းမျိုးမင်းနွယ်ဖြစ်လျက် မင်းကျင့်တရားနှင့်အညီ မကျင့်မူကား ဆုံးမမြစ်တားရာ၏။ ဆုံးမ၍မရနိုင် စိတ်ပိုင်ကိုယ်ကို အဆိုးအသွမ်းကျင့်သော်သာ တိုင်းကားပြည်နယ်မှမူလည်း နှင်ထုတ်ထိုက်၏။ ထီးနန်းစည်းစိမ်မှမူလည်း ရှုတ်ချထိုက်၏။ ယခု ငါ၏သားတော် ဝေဿန္တရာမှာမူကား ဆုံးမ၍မနိုင် ဆိုနိုင်ခဲခက်သော သားလည်းမဟုတ်။ အမျိုးယုတ်ညံ့သောသူတို့အကျင့် မင်းနှင့်မလျောက်ပတ်သော အမှုကိုလည်း ငါ့သား မပြု။ အဏုမြူမျှငါ့သားတော်တွင် အပြစ်မရှိ။ ငါ့သားတော် ဝေဿန္တရာသည် အလှူသီတင်း မင်းတို့ကျင့်ရာ ၁၀-ဖြာသော ဓမ္မ, သင်္ဂဟ ၄-မည်, ၆-တည်သော နာယကဂုဏ်နှင့်လည်း ပြည့်စုံ၏။ ယခု ဆင်ဖြူကိုလှူသောကြောင့် နန်းစည်းစိမ်မှရှုတ်ချ၍ ပြည်မှနှင်ထုတ်လိုသံ သင်တို့ လျှောက်ကြားကြသော စကားသည် မလျောက်ပတ်။ “ပြည်မှ နှင်ထုတ်ခြင်း”ဟူသောဒဏ်သည် မမှန်မဖြောင့် မစောင့်တရား ယွင်းမှားယုတ်မာ ကြီးစွာသော အပြစ်ရှိသောသူကိုသာ စီရင်သောဒဏ် ဖြစ်သည်။”

“ဆင်ဖြူကို လှူကာမျှနှင့် နှင်ထုတ်ရမည် မဟုတ်။ အလှူ ဟူသည်ကား မင်းတို့၏အကျင့်ပင်ဖြစ်၍ ငါ့သားတော်၌ အပြစ်မရှိ။ ထိုအပြစ်မဲ့ဖြစ်ပေလျက် သင်တို့စကားကိုလိုက်နာ၍ သားတော်ကို ငါသည် သတ်ခြင်း, ပြည်မှနှင်ထုတ်ခြင်း နန်းစည်းစိမ်မှရှုတ်ချခြင်း ရာဇဒဏ်ကို ပြုမိချေအံ့။ ပြည်ထောင်ချင်းချင်း မင်းတစ်ပါးတို့သည်လည်း ကဲ့ရဲ့ရာ၏။ နောက်နောင် သားတော်အစဉ် မြေးတော် အဆက်လည်း မပျက်သောထုံးစံ ဖြစ်လေရာ၏။ နောက် မလိမ္မာလွန်းသောသူတို့လည်း “မင်းကြီးဝေဿန္တရာ အလှူပေးသောကြောင့် ခမည်းတော် ပြည်မှ နှင်ထုတ်ဖူးလေသည်။ အလှူပေးခြင်းကား မင်းကျင့်တရားမဟုတ်”ဟု ယူမှားလေရာ၏။ ငါ၌လည်း များစွာသောမကောင်းမှုသည် ပွားများရာ၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်မရှိသော ငါ၏သားတော် ဝေဿန္တရာကို သတ်ခြင်း, ပြည်မှနှင်ထုတ်ခြင်း စသည်ဖြင့် ပြစ်မှားခြင်းကို သင်တို့ အလိုမရှိသင့်ပေ”ဟု ဆို၏။

ထိုစကားကို ကြားလျှင် မှူးမတ်, ပြည်သူပြည်သားအပေါင်းတို့သည်- “အရှင်မင်းကြီး အရှင့်သားတော် ဝေဿန္တရာမင်းကြီးကို အမိန့်တော်ရှိတိုင်း အပြစ်မရှိသည်ဖြစ်သောကြောင့် တုပ်နှောင်၍ ရိုက်ခတ်ဆုံးမခြင်း, နှောင်အိမ်ထောင်တန်း ထားခြင်း, ဓားလက်နက်နှင့် ကွပ်မျက်သတ်ဖြတ်ခြင်းကို ပြုတော်မမူအပ်ပေ။ အကျွန်ုပ်တို့လည်း ထိုသို့စီရင်သည်ကို မမြင်မကြားလိုပါ။”

“ဆင်ဖြူကိုလှူခြင်းသည် မင်းတို့အကျင့် ချွတ်ယွင်းသည့်အမှု မဟုတ်သော်လည်း ဆင်ဖြူရတနာသည် အရှင်မင်းကြီးတို့အား များစွာသော ဘုန်းကျက်သရေတို့ကိုလည်း ဆောင်၏။ ပြည်ထောင်ချင်းချင်း မင်းအပေါင်းတို့တွင် အရှင်မင်းကြီး၌သာ ဆင်ဖြူရောက်သည်ဖြစ်၍ ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် တိုင်းကြီးပြည်ကြီးရှင် မင်းဟူသမျှ ကျိုးနွံပျပ်ဝပ်လျက် မြတ်သောလက်ဆောင်ပဏ္ဏာဖြင့် ဦးညွတ်ရာ ဧကရာဇ်မင်းစည်းစိမ်ကိုလည်း ဆောင်၏။ မင်းအပေါင်းတို့ ညွတ်ပျောင်းရိုသေသည်ဖြစ်၍ တိုင်းနိုင်ငံ ဇနပုဒ်တို့၌ တိုက်ဖျက်စစ်ကြီး ရန်မီးမထ ဓားပြ,သူခိုး လူဆိုး,မုဒိမ်း ကင်းငြိမ်းသဖြင့် ပွင့်လင်းသာစည်လျက် ပြည်သားပြည်သူ လူအပေါင်းတို့၏စီးပွားကို ဆောင်ပေတတ်သောကြောင့် အကျွန်ုပ်တို့ ကိုးကွယ်ရာတစ်ဆူလည်း ဖြစ်ပေ၏။”

“ထိုသို့ ပြည်သားပြည်သူတို့၏ကိုးကွယ်ရာ ဧကရာဇ်မင်း၏အင်္ဂါ ရတနာမြတ်သောဆင်ဖြူတော်ကို ပြည်သားပြည်သူတို့အား ထောက်ထားကြင်နာခြင်းမျှ မရှိ။ မိမိအလိုအလျောက် လှူလေသော အရှင့်သားတော်ကို အကျွန်ုပ်တို့ အလိုမရှိ။ ထိုမင်းသည် အရှည်ထီးနန်းစံသဖြင့် နိုင်ငံ,မြို့ရွာ တုန်လှုပ်ချောက်ချားအံ့သည် ဖြစ်သောကြောင့် မင်းမပြုစေလို။ အရှင့်သားတော်ကို ပြည်မှနှင်ထုတ်တော်မူ၍ ဝင်္ကအမည်ရှိသောတောင်၌ နေစေတော်မူလော့”ဟု လျှောက်ကြားကြကုန်၏။

သိဉ္စည်းမင်းကြီးသည် ပြည်သူပြည်သားတို့စကားကို ကြားလျှင် မိမိ၌ ဖုဿတီဒေဝီ မိဖုရားကြီးမှတစ်ပါး သင်းပင်းအဝင်အပါ အဖော်မရှိဖြစ်၍ ပြည်သူတို့စကားကို တားမြစ်ပစ်ပယ်ခြင်းငှာ မတတ်နိုင် ရှိချေသောကြောင့် “ပြည်သူတို့သည် ယခု အမျက်ထွက်ဆဲ ဖြစ်၍သာ ငါ့စကားကို မယူမနာ တင်းမာကြပ်တည်းကြသည်။ နက်ဖြန်မိုးသောက်လျှင် ပြည်သူတို့ အမျက်ပြေလတ္တံ့။ ထိုပြည်သူတို့အလိုသို့လိုက်လျက် ရက်ရှည် သွေးအံ့”ဟုကြံ၍၊

“ငါ၏မှူးမတ် ပြည်သားပြည်သူတို့။ ငါ၏သားတော်ကို ပြည်မှနှင်ထုတ်ခြင်းငှာ သင်တို့ အကယ် အလိုရှိကြအံ့။ သင်တို့အလိုကို ငါ မပယ်ပြီ။ ထိုသို့မူကား ငါ့သားဝေဿန္တရာကို ဤနေ့ညဉ့်ပတ်လုံး ကာမဂုဏ်စည်းစိမ်ဖြင့် ချမ်းသာစွာနေပါစေဦး။ နက်ဖြန်မိုးသောက်မှ သင်တို့အလိုရှိတိုင်း ပြုပါလော့”ဟု ဆို၏။

ထိုစကားကို ကြားလျှင် ပြည်သားပြည်သူတို့လည်း “အရှင်မင်းကြီး။ အမိန့်တော်ရှိတိုင်း ဤနေ့ညဉ့် နေပါစေဦးတော့”ဆို၍ မိမိတို့အိမ်သို့ ပြန်ကြလေကုန်၏။

သိဉ္စည်းမင်းကြီးသည် ထိုအကြောင်းကို သားတော် ဝေဿန္တရာမင်းအား ကြားသိစေခြင်းငှာ အမတ်တစ်ယောက်ကို ခေါ်ပြီးလျှင် ဤသို့မှာထား၍ စေလိုက်၏။

“ဤငါ၏ကိုယ်ကဲ့သို့ ယုံမှတ်အပ်သော အမတ်။ သင်သည် ငါ့သားတော် ဝေဿန္တရာမင်း၏ နန်းတော်သို့ ယခုသွား၍ လျှောက်ကြားချေ။ လျှောက်ရမည့် စကားမှာ- “အရှင်မင်းကြီး။ သိဝိတိုင်းသူ လူအပေါင်းတို့သည် အရှင်မင်းကြီးအား အမျက်ထွက်ကုန်၏။ မင်းညီ, မင်းသား, မင်းမျိုး မှူးရိုးမတ်ရိုးသား, ပုဏ္ဏား, ကုန်သည် ဆင်စီးသူရဲ မြင်းစီးသူရဲ ရထားစီးသူရဲ ခြေသည်သူရဲ အလုံးစုံသော ပြည်သားပြည်သူ လူအပေါင်းတို့သည် ဤနေ့ညဉ့်ကိုလွန်စေ၍ နက်ဖြန်မိုးသောက်လျှင် အညီအညွတ်စည်းဝေးကြလျက် ပြည်မှ အရှင်မင်းကြီးကို နှင်ထုတ်ကြလတ္တံ့။” ဤသို့ ဆိုချေ”ဟု စေလိုက်၏။

ထိုအခါ ဝေဿန္တရာမင်းကြီးသည်လည်း ဆင်ဖြူတော်ကိုလှူပြီးလျှင် ဖွားဖက်တော်အမတ် ၆-သောင်းခြံရံလျက် နန်းတော်သို့ဝင်၍ မြတ်သောထီးဖြူအောက်၌ ဝမ်းမြောက်ဝမ်းသာ ဒါနပါရမီကို မှီ၍ဖြစ်သော နှစ်သက်ခြင်းဖြင့် ရွှင်လန်းတင့်တယ် စံပယ်ပျော်ပါးလျက် နေတော်မူ၏။ ထိုသို့ ဖွားဖက်တော်အမတ် ၆-သောင်းခြံရံလျက် မြတ်သောထီးဖြူအောက်၌ စံပျော်ရွှင်လန်းလျက်နေစဉ် ခမည်းတော်မင်းကြီးက စေအပ်သော အမတ်သည် ရွှေလက်ကောက်, မြနားတောင်း, ဝတ်ကောင်းတန်ဆာ ဆင်ယင်လျက် ဝေဿန္တရာမင်းကြီးစံရာသို့ ရောက်လေ၏။

ထိုအမတ်သည် ဝေဿန္တရာမင်းကြီး၏ တင့်တယ်ခြင်းကို မြင်လျှင် အရှင်သခင်ဖြစ်၍ မနှစ်သက်အပ်သောစကားကို လျှောက်ထားရမည့်အတွက်ကြောင့် အသည်းနှလုံး ယူကျုံးမရ စိတ်ကမဆည်နိုင်အောင် မျက်ရည်အသွယ်သွယ် ယိုစီးလျက်၊ ဘုန်းကြီးသောအရှင်အား အလျင်တဆော အမှာတော်အတိုင်း မလျှောက်တည့်ဝံ့ ခံ့ညားရိုသေခြင်း မင်းဝတ်သိသဖြင့် ရှိခိုးဦးချလျက် ခွင့်တောင်းပန်ကြား လျှောက်ထားသည်ကား-

“အရှင့်ဘုန်းတော် ကျေးဇူးတော်ကို ထုတ်ဖော်ချီးမွမ်း၍မပြီး တိုင်းကြီးပြည်ကြီး ထီးဖြူဆောင်းချင်း မင်းတကာတို့၏အထွတ် ဖြစ်တော်မူသော တရားမင်းကြီး။ အကျွန်ုပ်၏ အသက်စည်းစိမ်ကို သနားတော်မူပါဘုရား။ ခမည်းတော်က စေတော်မူလျှင် အရှင်ရှိကျွန် ဖြစ်ချေသောကြောင့် အရှင်မင်းကြီးအား သူတစ်ပါး မကောင်းကြံသောအမှုကို ယခု လျှောက်ရပါမည်။ ဤအမတ်သာ မနာလိုသောအလိုက် ကုန်းတိုက်စကား လျှောက်ထားဘိသည်ဟု အယူတော်စွဲလျက် အမျက်တော်မရှိပါနှင့်။ အရှင်မင်းကြီးတို့သာ အကျွန်ုပ်တို့အား စည်းစိမ်,အသက် ပေးတတ်သောအရှင် ဖြစ်တော်မူပါသည်။ အရှင်မင်းကြီးတို့မှတစ်ပါး ကိုးကွယ်ရာမရှိသည်ကို နှလုံးတော်မြတ်ထား၍ “ဤအမတ်သည် ငါ့အား အကျိုးလိုစကား လျှောက်ထားပေသည်”ဟု အကျွန်ုပ်ကို မြတ်နိုးယုံကြည်တော်မူသဖြင့် အခွင့်သနားတော်မူပါ”ဟု လျှောက်ထား၏။

ဝေဿန္တရာမင်းကြီးသည် “အမတ်။ ငါ့အား သင်သည် ငါ့ခမည်းတော်မှာသည့်အတိုင်း ဆုတ်ဆိုင်းခြင်းမရှိ သိသာကုန်စင်အောင်လျှောက်။ ကြောက်ရွံ့ထိတ်လန့်ခြင်း သင် မရှိနှင့်”ဟု ဆို၏။ ထိုသို့ အခွင့်ရပြီးသော် အမတ်သည် သိဉ္စည်းမင်းကြီး မှာတော်မူတိုင်း အလုံးစုံသောပြည်သူတို့၏ အကြံအစည်ဖြစ်သည့် အမှုကို တစ်ခုမကျန် ကုန်စင်အောင်လျှောက်ထား၏။ အမတ်စကားကိုကြားလျှင် ဝေဿန္တရာမင်းကြီးသည် ဤသိုဆို၏။

“ငါ၏အကျိုးကိုသာ အလိုရှိသောအမတ်။ ယခု သင်လျှောက်သောကြောင့် ပြည်သားပြည်သူတို့၏အကြံကို ငါ ကြားသိရပြီ။ ငါသည် ခမည်းတော်မင်းကြီး ထီးနန်းကိုနှင်းအပ်၍ အထွတ်အမြတ်ရောက်သည်မှ ယခုတိုင် မင်းတို့ကျင့်ရာ, ဆောင်ရာသည့်တရား ယွင်းမှားတိမ်းစောင်း မကောင်းသောအကျင့်ဖြင့် ပြုကျင့်မိသည်ကို ငါ မမြင်။ ငါ၌ အဘယ်အပြစ်ရှိ၍ သိဝိတိုင်းသူ လူအပေါင်းတို့သည် အမျက်ထွက်ကုန်သဖြင့် ပြည်မှနှင်ထုတ်မည် ကြံကြသနည်း။ အဘယ်အပြစ်ကြောင့် ပြည်သူပြည်သားတို့ အမျက်ထွက်ကုန်သနည်း။ ယခု သင်သိလျှင် ထိုအပြစ်ကို ငါ့အား လျှောက်ကြားလော့”ဟုဆို၏။

အမတ်သည် “အရှင်မင်းကြီး။ မင်းသားမင်းမျိုး မှူးရိုးမတ်ရာ ပြည်သူတကာအပေါင်းတို့ မကောင်းသောအမှုနှင့် ယခုကြံသည်မှာ အရှင်မင်းကြီး၌ မင်းကျင့်တရား ယွင်းမှားတိမ်းစောင်းသောကြောင့် မဟုတ်ပါ။ တိုင်းကြီးပြည်ကြီး ထီးဆောင်းချင်းချင်း မင်းတစ်ပါးတို့၏ရန်စွယ်ကို နုတ်ပယ်ချိုးတတ် မြတ်လှသော ဆင်ဖြူရတနာကို ယာစကာပုဏ္ဏားတို့အား လှူတော်မူသောကြောင့် အမျက်ထွက်ကြကုန်သဖြင့် ပြည်မှနှင်ထုတ်မည် အကြံဖြစ်ကြသတည်း”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်း မင်းဝေဿန်သည် ဤသို့ဆို၏။

“အမှုကိုသိသာအောင် လျှောက်ထားပေတတ်သော အမတ်။ သဗ္ဗညုတဉာဏ်ကိုရှာသော ငါသည် “ဦးခေါင်း, မျက်စိ, နှလုံးသား အစရှိသော အတွင်းအလှူကိုပင်သော်လည်း အလိုရှိသောသူ တောင်းခံလာလျှင် ပေးလှူအံ့”ဟု အကြံရှိ၏။ ထိုသို့ အတွင်းအလှူကိုစင် စွန့်လှူဝံ့ရဲလျက် ဖြစ်ခြင်းပျက်ခြင်းနှင့်ဆက်ဆံသော ရွှေငွေ, ပုလဲ, ကြောင်မျက်ရွဲ အစရှိသော အင်္ဂသမဥစ္စာ၊ ဆင်, မြင်း, လူ အစရှိသော ဇင်္ဂမဥစ္စာ၊ မြို့ပြည် တိုင်းကား, ဥယျာဉ်,လယ်ယာ အစရှိသော ထာဝရဥစ္စာ၊ ဤအပဖြစ်သော ဥစ္စာမျှကို အဘယ့်ကြောင့် ငါမလှူဘဲ နေအံ့နည်း။ “ဦးခေါင်းကို အလိုရှိသည်”ဟု တောင်းလာလျှင် ငါ၏ဦးခေါင်းကို ထောင်းထောင်းဖြတ်၍ ပေးအံ့။ လက်ရုံး, မျက်လုံးကို အလိုရှိသည်ဟု တောင်းလာလျှင် လက်ရုံးကို လည်းကောင်း, မျက်လုံးကိုလည်းကောင်း ပိုင်းဖြတ်ထုတ်ယူ၍ ပေးအံ့။ အလှူပေးခြင်း၌ ငါ၏စိတ်သည် ဆံခြည်ဖျားမျှ တွန့်တိုတုန်လှုပ်ခြင်း မရှိ၊ အလွန်နှစ်သက်၍ မွေ့လျော်တော်မူ၏။ စင်စစ် သိဝိရာဇ်ပြည်သူ လူအပေါင်းတို့သည် “အလှူပေးရမည်လော”ဟု ငါ့ကို ပြည်မှ နှင်ထုတ်လိုလည်း နှင်ထုတ်စေ၊ သတ်လိုလည်း သတ်စေ၊ ဖြတ်လိုလည်း ဖြတ်စေ။ အလှူပေးခြင်းကို ငါ မကြဉ်ရှောင်”ဟု ဆိုတော်မူ၏။

ထိုစကားကိုကြားလျှင် အမတ်သည် မိမိအရှင် သိဉ္စည်းမင်းကြီးလည်း မှာတော်မမူ၊ ပြည်သူပြည်သားတို့ စကားလည်း မဟုတ်ဘဲလျက် နတ်တို့လှည့်ပတ်သဖြင့် သိဉ္စည်းမင်းကြီးမှာတော်မူဟန် စကားသံနှင့် တစ်ဖန် လျှောက်ထားပြန်၏။

“အရှင်မင်းကြီး။ ဆင်ဖြူကိုလှူသောကြောင့် “ကောန္တိ မာရ"အမည်ရှိသော မြစ်၏အနီး အာရဉ္စရ အမည်ရှိသောတောင်သည် ပြည်မှနှင်ထုတ်ကုန်သော မင်းတို့နေရာ ဖြစ်၏။ ထိုအာရဉ္စရအမည်ရှိသော တောင်သို့ရှေးရှု ကောင်းသောအလှူပေးခြင်း၌ မွေ့လျော်သောမင်းကြီးဝေဿန္တရာကို ပြည်မှ ထွက်သွားစေရမည်ဟု ပြည်သားပြည်သူအပေါင်းတို့ ဆိုကုန်သည်”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် မင်းကြီး ဝေဿန္တရာသည် “ငါ့အား ပြည်သူတို့စကားကို မကြွင်းမကျန် ဟုတ်မှန်တိုင်း လျှောက်ကြားပေသောအမတ်။ သင် လျှောက်ထားသည့်စကားအတိုင်း သင့်မြတ်လှပြီ။ ထိုကောန္တိမာရမြစ်နား အာရဉ္စရတောင်သည် အပြစ်ရှိသောမင်းတို့ကို ပြည်မှနှင်ထုတ်သည့်နေရာ ဖြစ်သည်။ ငါမူကား တစ်ပါးသောမင်းတို့ကဲ့သို့ မင်းကျင့်ပျက်သည် မဟုတ်။ ဆင်ဖြူကိုလှူသောကြောင့် ပြည်မှနှင်ထုတ်၍ အာရဉ္စရတောင်သို့ သွားစေလိုလျှင် ငါ သွားအံ့။ ထိုသို့သွားရမည်ပင်ဖြစ်သော်လည်း ၇၀၀-တို့၏ အပေါင်းဖြစ်သော အလှူကြီးကို ငါ ပေးတော်မူလိုသေးသည်။ နက်ဖြန် တစ်နေ့မျှ ပြည်သူအပေါင်းတို့ သည်းခံ၍ နေပါစေဦး။ နက်ဖြန် အလှူကြီးပေး၍ သန်ဘက်ခါ ပြည်သူတို့အလိုရှိရာသို့ ထွက်သွားပါအံ့။ တစ်နေ့နှင့် တစ်ညဉ့်အတွက်ကို သည်းခံပါစေဦး”ဟု ဆို၏။

အမတ်သည် “အရှင်မင်းကြီး။ ကောင်းပြီ။ ပြည်သူတို့ကို အရှင်မင်းကြီးမှာတော်မူတိုင်း ကြား၍ ငံ့စေဦးအံ့”ဟု ဆိုပြီးလျှင် ဝေဿန္တရာမင်းကြီး၏ နန်းတော်မှဆင်း၍ ခမည်းတော်မင်းကြီးထံ ပြန်၍သွားလေ၏။

ဘုရားလောင်း ဝေဿန္တရာမင်းကြီးသည် စစ်သူကြီးအမတ်ကို ခေါ်တော်မူ၍ “ငါ၏အမှုကို တစ်ခုမကျန် ရွက်ဆောင်သော အမတ်ကြီး၊ နက်ဖြန်မိုးသောက်လျှင် ၇၀၀-အပေါင်းဖြစ်သော အလှူကြီးကို ငါပေးတော်မူလို၏။ သင်သည် ဆင် ၇၀၀, မြင်း ၇၀၀, ရထား ၇၀၀, မိန်းမ ၇၀၀, နို့ညှစ်နွားမ ၇၀၀, ကျွန်ယောက်ျား ၇၀၀, ကျွန်မိန်းမ ၇၀၀၊ ဤ၇ ဦးကို ၇၀၀-စီ စီရင်လော့။ အထူးထူးအပြားပြား များသော ထမင်းအဖျော် အစရှိသော စားဖွယ်သောက်ဖွယ်ဟူသမျှကို တစ်ခုမကျန် အယုတ်သဖြင့် သေအရက်ကိုမျှ မလွတ်စေနှင့်။ ပြီးစီးအောင်စီရင်လော့”ဟု ဆို၏။

အမတ်တို့သည် အလှူကိုစီရင်အံ့သောငှာ နန်းတော်မှ ဆင်းသက်ကြကုန်၏။

ဝေဿန္တရာမင်းကြီးသည် တစ်ကိုယ်တော်တည်း မဒ္ဒီဒေဝီမိဖုရားကြီးနေရာ နန်းမဆောင် ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ စက်မွေ့ရာအပြင်၌ နန်းမရှင်နှင့်အတူ ထိုင်တော်မူလျက် ဤသို့ တိုင်ပင်ပြောဆိုတော်မူ၏။

“မိဘ၂-ပါး ပေးထိမ်းမြား၍ ထပ်ပွားမေတ္တာ ကြင်နာလှဘိ လင့်ဝတ်သိသော အဘယ်မဒ္ဒီဒေဝီ။ ငါသည် သင့်အားပေးအပ်သော ရွှေငွေစပါး အစရှိသောဥစ္စာသည်လည်း သင်၌ များစွာရှိ၏။ ငါ့ဦးရီးတော် သင်၏အဖ မဒ္ဒရာဇ်မင်းမှပါသော လက်ဖွဲ့ဥစ္စာ ရတနာအပေါင်းတို့သည် သင်၌ များစွာရှိ၏။ ထိုဥစ္စာအပေါင်းကို သင်သည် မပျောက်မယွင်း မဆွေးမကြေရအောင် ကောင်းစွာ ရွှေအိုးကြီးပြု၍ မြှုပ်ထားလော့”ဟု ဆို၏။

မဒ္ဒီမိဖုရားကြီးသည် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ အလုပ်အကျွေးဆုကို ယူသည်မှ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်းအတွင်း ဘဝများစွာ ဘုရားလောင်း သူတော်ကောင်းနှင့် ပေါင်းဖော်လုပ်ကျွေး နည်းပေးတိုင်းကျင့်ဖူးသော အထူးပါရမီဖန်၍ ဉာဏ်ပညာ, သမာဓိ, သတိ ရှိသည်နှင့်လျော်စွာ ကာမဂုဏ် လောဘရမ္မက်သို့ မသက်၊ အမြွက်မျှသောစကားကို ထောက်ထားနှိုင်းယှဉ်၍ “ငါ၏မြောက်သား မင်းတရားကြီးသည် ငါနှင့်အတူ ရွှေနန်းစံတော်မူသည်မှ ယခုတိုင် မည်သည့်ကာလမျှ ဥစ္စာပစ္စည်းကို သိမ်းဆည်းသိုထားဖူးသည်လည်း မရှိ။ “သိမ်းဆည်းလုံခြုံစေ” ဟူ၍လည်း မဆိုစဘူး။ ယခုမူကား “သင်၌ ဥစ္စာရတနာကို ကောင်းစွာမြှုပ်၍ထား”ဟု အမိန့်တော်ရှိသည်။ ကိုယ်တော်၏အလိုကို ငါမသိသာသေး။ ကိုယ်တော်သည် အလိုတော်တစ်စုံတစ်ခု ရှိသောကြောင့်ဆိုသည် ဖြစ်မည်။ ယခုသိရအောင် ငါလျှောက်ဦးအံ့”ဟု ကြံလျက်၊ “အရှင်မင်းကြီး။ အကျွန်ုပ်၏ ဥစ္စာရတနာ များစွာကို အဘယ်အရပ်၌ မြှုပ်ထားရသော် လုံခြုံပါအံ့နည်း”ဟု လျှောက်ထား၏။

ဘုရားလောင်းသည် မြောက်သားတော် မိဖုရားကြီးအား မြှုပ်ထားရာကို ပြညွှန်လို၍-

“သီလဝန္တေသု ဒဇ္ဇာသိ၊ ဒါနံ မဒ္ဒီ ယထာရဟံ။

န ဟိ ဒါနာ ပရံ အတ္ထိ၊ ပတိဋ္ဌာ သဗ္ဗပါဏိနံ။”

ဟူ၍ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“အဘယ် မန္ဒီမိဖုရားကြီး။ သင်၏ ဥစ္စာရတနာ များစွာတို့ကို ကျီကျ, တိုက်တာ, မြေတွင်းသွင်းမြှုပ် သိမ်းထားငြားသော်လည်း ၅-ပါးရန်သူ မနှောင့်ယှက်စေကာမူ တစ်သက်တာမျှ အခိုက်အတန့်သာ တည်သည်ဖြစ်၍ မလုံခြုံသေး။ သီလဝန္တဖြစ်သော အလှူခံမြေခိုင်ခိုင်၌ မယိုင်မပြို ကြည်ညိုခြင်းသဒ္ဓါတိုက်ကြီးဖွဲ့၍ ငဲ့ကွက်ပိတ်သို ဝန်တိုခြင်း မြူချေးညှိမတင်သော လွတ်လွတ်ပေးလှူခြင်း စေတနာဖြင့် ရတနာအစစ် ဥစ္စာနှစ်ကို ကျစ်လစ်သေချာစွာ မြှုပ်ထားလော့။ ဤလှူဒါန်းခြင်းရွှေအိုးကိုသာ သံသရာအဆက်ဆက် အရိပ်သဖွယ် ကိုယ်နှင့်ထက်ကြပ်လိုက်လျက် သုံးဆောင်၍မကုန်နိုင်သော အနုဂါမိကရွှေအိုး ဖြစ်သည်။ ဤရွှေအိုးထက် ခိုင်လုံသောရွှေအိုးမည်သည် မရှိ”ဟု ဆိုတော်မူ၏။

မန္ဒီမိဖုရားကြီးလည်း “အရှင်အမိန့်တော်အတိုင်း ကောင်းပါပြီ”ဟု ဝန်ခံ၏။

ထို့နောက် ဘုရားလောင်းသည် မြောက်သားတော်အား တစ်ဖန် ဆုံးမလိုပြန်၍ “ငါ၏ ချစ်မငြီးဖြစ်သော အဘယ်မဒ္ဒီမိဖုရား။ သင်သည် ငါ၏သားတော် ဇာလီ, သမီးတော်ကဏှာဇိန်၊ ဤငါ့ရင်သွေး ၂-ယောက်ကို ရှေးကထက်သာ၍ ကြင်နာစုံမက် ချစ်ခင်ရစ်၊ သင်၏အရီးယောက္ခမ ဖုဿတီဒေဝီမိဖုရား, သိဉ္ဇည်းမင်းကြီး၊ ဤငါ့မယ်တော်, ခမည်းတော်တို့အား ဆပွားကြင်နာ ကောင်းစွာမြတ်နိုး ကိုးကွယ်ကြည်ညိုရစ်။ ငါနှင့် ပြည်ထောင်ဖက်ချင်း မင်းတစ်ပါးသည် သင့်ကို တောင်ညာနှင်းလိုပါသည်ဆိုလျှင် ထိုဆိုလာသောမင်းကို “အရှင်”ဟုမှတ်၍ ငါ့ကိုလုပ်ကျွေးသကဲ့သို့ အရိုအသေလုပ်ကျွေးရစ်။ ထိုသို့ဆိုလာသော မင်းတို့၏ အမျိုးအနွယ် အကျင့်အမူကိုမသိ၍ မနှစ်သက်လျှင် သင့်စိတ်ရောက်ရာ ထိုက်တန်သောအရှင်ကိုရှာ၍ ငါ့ကိုကဲ့သို့ ရိုသေစွာ လုပ်ကျွေးရစ်လော့။ ငါသည် သင်နှင့် ကွေကွင်းရအံ့။ ငါနှင့် ကွေကွင်းရသည်ဟူ၍ သင်သည် ကြုံလှီဖျော့တော့ နွမ်းလျော့ညှိုးငယ် ကိုးကွယ်ရာမရ ဒုက္ခမဖြစ်ရစ်နှင့်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် မဒ္ဒီမိဖုရားကြီးသည် “ဤစကားကို အရှင်မင်းကြီး မဆိုတန်။ အဘယ့်ကြောင့် ဆိုသနည်း”ဟု ကြံ၍၊ “အရှင်မင်းကြီးသည်။ မအပ်မရာ ဤစကားကို အဘယ့်ကြောင့် ဆိုတော်မူဘိသနည်း”ဟု မေးလျှောက်၏။

ဘုရားလောင်း ဝေဿန္တရာမင်းကြီးသည် ဤသို့ အလုံးစုံကို ပြန်ကြား၏။

“အဘယ်မဒ္ဒီ။ ငါသည် ဤလပြည့်နေ့ နံနက်က ထွက်တော်မူစဉ် တောင်တံခါးဝ၌ ပုဏ္ဏား ၈-ယောက် အလှူခံလာသောကြောင့် ဆင်သောတန်ဆာ, အလုပ်အကျွေးအမွေး, ဆေးသမား, အထိန်းအကြပ်နှင့်တကွ ငါ၏မင်္ဂလာဆင်ဖြူတော် ပစ္စယကို လှူလိုက်၏။ ထိုဆင်ဖြူကိုလှူသောကြောင့် မယ်တော်, ခမည်းတော်, သင်မိဖုရား ဤ၃-ယောက်မှတစ်ပါး ပြည်သားပြည်သူ လူအပေါင်းတို့သည် “ဆင်ဖြူကို လှူရမည်လော”ဟု ငါ့ကို အမျက်သိုကြသဖြင့် ယခုပင် ပြည်မှ နှင်ထုတ်မည်ဟု အညီအညွတ် စုရုံးကြ၏။ ငါသည် အလှူပေးလိုသောကြောင့် “တစ်နေ့လျှငံ့ပါဦး”ဟု တောင်းပန်၍ ပြည်သူတို့ငံ့နေသဖြင့် နက်ဖြန် ၇၀၀-အပေါင်းဖြစ်သော အလှူကြီးကိုပေး၍ သန်ဘက် မိုးသောက်လျှင် ဤပြည်တော်မှ ထွက်သွားရမည်ကား မချွတ်ပြီ။ ယခု ငါသွားရမည့်တောအုပ်သည် လူသူမနီး သစ်ကြီးဝါးကြီး ပိတ်ဆီးမိုးကာလျက် များစွာသော သစ်, ကျား, ဆင်, ခြင်္သေ့, ဝံ, အောင်း မကောင်းသောသားရဲတို့ဖြင့် ပြွမ်းသည်ဖြစ်၍ အလွန်ကြောက်မက်ဖွယ် ရှိ၏။ ထို ကြောက်မက်ဖွယ် သားရဲတို့ဖြင့်ပြွမ်းသော တောအုပ်သို့ တစ်ယောက်တည်း သွားရအံ့သောငါသည် အဘယ်မှာ အသက်ရှင်နိုင်အံ့နည်း။ ထိုသို့ ဖြစ်သောကြောင့် မမေ့မလျော့ရှိအောင် သတိဖြစ်ကြောင်း ကောင်းမြတ်သောနောင်အခွင့်ကို အသင့်နှလုံးထားစေခြင်းငှာ သင့်အား ငါမှာထားခဲ့သည်”ဟု ဆို၏။

ထိုစကားကိုကြားလျှင် မိဘအမျိုးမှ အစဉ်မပျက်သော မင်းနန်းနွယ် တင့်တယ်သောမိန်းမကောင်း လက္ခဏာ ၅-ဖြာသောကြန်အင် မိမိအရှင်၌ ကျင့်ရာ,ဆောင်ရာသော မိန်းမကောင်းတို့ဝတ် ဤသို့ အမျိုး,အဆင်း, သီတင်း၃-ဖြာ ကြန်အင်္ဂါနှင့်ပြည့်စုံသော မဒ္ဒီမိဖုရားသည် ဤသို့ လျှောက်ထားပြန်၏။

“အကျွန်ုပ်အသက်တမျှ ကြင်နာလှသော ပြည်မသခင် အရှင်မင်းကြီး။ အဘယ့်ကြောင့် မအပ်သောစကားကို ဆိုတော်မူဘိသနည်း။ “ယခု ငါ တစ်ယောက်အထီးတည်း လူမနီးသော တောကြီးသို့ သွားရမည်”ဟု ဆိုတော်မူသော် အရှင်မင်းကြီးစကားသည် မယား၌ ချစ်ခင်ကြင်နာသူတို့၏စကား မဟုတ်တကား။ မယားကို ချစ်သောသူတို့သဘောသည် အခွင့်ကိုပြောဆို၍ခေါ်လျက် “မယားမလိုက်လိုသော်သာ တစ်ယောက်တည်း သွားရမည်” ဆိုသင့်၏။ အရှင်မင်းကြီးသည် အကျွန်ုပ်၏အလိုကို သိသကဲ့သို့ မအပ်မရာ မှာထားတော်မူခဲ့သည်ကား မသင့်။ စင်စစ် ပြည်သူတို့နှင်၍ အရှင်မင်းကြီး ထွက်သွားရသော်လည်း အရှင်မင်းကြီးသွားရာ ဖဝါးခြေထပ် အကျွန်ုပ် လိုက်ပါအံ့။ အရှင်မင်းကြီးနှင့် အတူနေ၍ ယခုပင်သေရမည်ဖြစ်စေ၊ အရှင်မင်းကြီးနှင့် ကွေကွင်းလျက် အသက်ထက်ဆုံး နေရမည်ဖြစ်စေ၊ အသက်ထက်ဆုံး အိုအောင်ပင် စည်းစိမ်ချမ်းသာနှင့် နေရငြားသော်လည်း အရှင်နှင့်ကွေကွင်း၍ မနေလိုပါ။ ယခုပင် သေရမည်ဆိုသော်လည်း အရှင်မင်းကြီးနှင့် အတူနေရလျှင် သေလိုပါ၏။ အသက်ရှင်လျှင်လည်း မင်းကြီးလက်တွင် ရှင်စေ၊ သေလျှင်လည်း မင်းကြီးလက်တွင် သေစေ။ အရှင်မင်းကြီးနှင့် ကွေကွင်းရသဖြင့် အသက်ရှင်၍ အဘယ်အကျိုး ရှိတော့အံ့နည်း။ အလျှံပြောင်ပြောင် တောက်လောင်သော ရှားမီးကျီးထဲ၌ ဆင်း၍သေရသော်မှ ကောင်း၏။”

“အရှင်မင်းကြီး။ အကျိုးအပြစ်ကို ဆင်ခြင်နိုင်သောလူကိုထား၍ တိရစ္ဆာန်မှသော်လည်း မိမိတို့လင်သွားရာ နောက်၌ အစဉ်တစိုက်လိုက်လျက် ဆင်းရဲမကွာ ချမ်းသာမကွဲ အတူတကွ ပျော်ပါးကြကုန်ပါသေး၏။ ကိုယ်အသက်နှင့်အတူ ချစ်၍ အကျိုးအပြစ်ကိုမြင်မြော်နိုင်သော အကျွန်ုပ်သည် သွားတော်မူရာနောက်တော်သို့ အဘယ့်ကြောင့် မလိုက်နေပါအံ့နည်း။ တောင်,မြောင်,ချောက်ကြားသွားသော ဆင်ပြောင်ကြီး၏နောက်သို့ ဆင်မသည် အစဉ်လိုက်သကဲ့သို့ အရှင်မင်းကြီး ကြွတော်မူရာနောက်တော်သို့ အကျွန်ုပ် သားငယ် ၂-ယောက်နှင့် အတူတကွလိုက်၍ အရှင်မင်းကြီးအား စိတ်တော်ချမ်းမြေ့အောင် ရိုသေစွာလုပ်ကျွေးပါအံ့”ဟု ဆို၏။

ဤသို့ဆိုခဲ့ပြီးလျှင် မဒ္ဒီဒေဝီသည် မိမိမရောက်ဘူးဘဲ မင်းကြီးစိတ်ကို ကြည်နူးစေခြင်းငှာ ဟိမဝန္တာ၌ ပျော်ကြောင်းပျော်ဖွယ်ကို ဤသို့ ချီးမွမ်း၍ဆိုပြန်၏။

“အရှင်မင်းကြီး။ အကျွန်ုပ် သားငယ် ၂-ယောက်နှင့် တောအုပ်သို့ ထွက်သွားရသောအခါ ထိုတောအုပ်၌ ပြည်စည်းစိမ်ကိုအောက်မေ့၍ ပူဆွေးခြင်းဖြစ်လေသော်လည်း သာယာစွာသောအသံဖြစ် ချစ်ဖွယ်သောစကားကိုဆိုလျက် ကစားရွှင်မြူးကြသော ဤဇာလီ, ကဏှာဇိန် သားငယ်သမီးငယ်တို့၏မျက်နှာကို မြင်ရလျှင် ပူဆွေးခြင်း ပျောက်လတ္တံ့။ ဟိမဝန္တာဝယ် နေရာသင်္ခမ်း ဆောက်လုပ်၍ နေသောအခါ မိဘ, ပြည်, ရွာ, စည်းစိမ်ကို အောက်မေ့လျှင် တန်ဆာဆင်အပ်သောကိုယ်ဖြင့် ပန်းနံ့သာလိမ်းပန်လျက် ကခုန်ရွှင်ပျော်ကြသော သားငယ်သမီးငယ်တို့မျက်နှာကို မြင်ရသဖြင့် မအောက်မေ့ဘဲ ပြေပျောက်ရလိမ့်အံ့။”

“အရှင်မင်းကြီး။ ဟိမဝန္တာ သာယာစုံလင် မြိုင်တောခွင်ဝယ် မာတင်္ဂအမျိုးဖြစ်၍ အနှစ် ၆၀-မှ အားယုတ်သဖြင့် တင့်တယ်လှသော ဆင်ပြောင်ကြီးကို အနီးအပါး၌ သွားဟန်နေဟန် မြည်သံများကို ညနံနက်တိုင်း ကြားရမြင်ရသဖြင့်လည်း စိတ်ပျော်မွေ့ခြင်းဖြစ်၍ ပြည်စည်းစိမ်ကို မအောက်မေ့ဘဲ ပျောက်ပြေရလိမ့်အံ့။”

“ခပ်သိမ်းသောအလိုကို ပေးတတ်သော အကျွန်ုပ်၏သခင် အရှင်မင်းမြတ်။ သားရဲဖြင့်ပြည့်သော ထိုတောစုံမြိုင်ခန်း၌ လမ်း၂-ဘက်မှ ခက်ရွက်ညွန့်ဖူး ယှက်ကူးသိုင်းမို့ စိမ်းညို့မှိုင်းဝေ ပင်ခြေရှင်းရှင်း သင်းသင်းပျံ့မွှေး တောအရေး၏ တင့်တယ်ခြင်းကို မျှော်ကာရှုကာ ရိပ်ခိုကာနှင့် မကွာတူကွ သွားကြရလျှင် ပြည်မရတနာ နန်းအောင်ချာကို ဘယ်မှာသခင် အောက်မေ့ချင်တော့အံ့။”

“ဘုန်းလျှံတောက်ပ ဖွားဦးကပင် ငွေမျှမတူ ဆင်ဖြူရတနာ ရောက်လာရသော လူများသခင် ရွှေနန်းရှင်။ အင်ကြင်းတောစုံခြေ၌ ညနေညချမ်း စခန်းချထောက် ရောက်သောအခါ ပဉ္စမာလိနီ အမည်ရှိသောမြစ်သို့ ဆင်းသက်လာသော သမင်, စိုင်, ဖား သားအပေါင်းတို့ မိတ်လင်စုံညီ ယှဉ်တွဲမှီလျက် ကိန္နရီကိန္နရာတို့ မြူးကာဝဲပျံ သီချင်းသံနှင့် ကဟန်ရွင်ဟန်များကို ကြားရမြင်ရသောအခါ အောင်ချာကြငှန်း ရွှေပြည်နန်းကို လွမ်းဆွတ်ခြင်း ပျောက်ပြေရလိမ့်အံ့။”

“၁-သောင်း ၆-ထောင် မောင်းမဆောင်တွင် တောင်ညာတင်ခြင်း နန်းမနှင်း၍ ချစ်ခြင်းမတူ ချစ်တော်မူသော ဇမ္ဗူ့သခင် ကျေးဇူးရှင်။ ထိုစုံခွင်သို့သွား၍ ညဉ့်အချိန်ရောက်သောအခါ ဤနန်းတော်၌ ညဦးယံ, သန်းခေါင်ယံလုံး စည်သံ, နှဲသံ, အဲ, အန်, ဧချင်း, စောင်း, ငြင်း, ရတု, ပျော်မှုပျော်ခင်းဖြင့် နန်းတွင်းသူအပေါင်းတို့ ညွတ်ပျောင်းခယ သီကြကကြသော စည်းစိမ်တော်ကို အချိန်သင့်လွမ်းဆွတ်လျှင်၊ တောအုပ်၌ ခင်ပုတ်, ဇီဝဇိုး ကြိုးကြာ, ဥဒေါင်းတို့၏ ရင့်ညောင်းအေးကျူး မြူးထူးသော ကျေးငှက်သံတို့ဖြင့် နိုင်ငံလုံးသခင် အရှင်ဖျော်ဖြေစရာ ရပါလိမ်အံ့။”

“မင်းနွယ်နန်းရိုး အမျိုးမပြား ၂-ပါးမိဘ အငယ်ကပင် တူကွလက်ထပ် ထိမ်းမြားအပ်၍ နန်းပြာသာဒ်အလယ်၌ ငယ်ကြင်ငယ်ကျွမ်းဖြစ်သော မြောက်သားတော်မင်းတရား။ တောင်,မြောင်,ချောက်ကြားသို့ ၂-ပါးတူကွ သွားကြရသောအခါ ဤရာဇဌာနီ မင်းနေပြည်ကြီး၌ ခရီးလမ်းကြား တံခါး,ရေဆိပ်, မြို့ထိပ်မြို့ပြင် ထွက်ဝင်မြူးထူး ကူးသန်းကြသော မြို့သားမြို့သူ လူတို့အသံ၊ ဆင်,မြင်း,ဥသဘ စသည်တို့အသံ၊ ပဟိုရ်စည်မောင်း ခေါင်းလောင်းကြေးစည်သံတို့ကို ပြန်၍တစေ့ အောက်မေ့ကြံစည် လွမ်းဆွတ်မိလျှင် ထိုဟိမဝန္တာ သာယာပျော်ရွှင် မြိုင်တောခွင်ဝယ် ဆင်, မြင်း, နွားလား, သစ်, ကျား, ခြင်္သေ့တို့၏ တွန်မြည်ရင့်ကျူး မြူးထူးကြွေးကြော် အုတ်အော်ရွှင်ညံ အသံများကို ကြားရသဖြင့် စိတ်ဝမ်းဖျော်ဖြေ နေနိုင်ပါအံ့။”

“မင်းတို့ကျင့်ထုံး ဘုန်းအင်လက္ခဏာ ပညာဂုဏ်နှင့် ပြည့်စုံသောလျောက် ၁၆-နှစ်ရွယ် ငယ်ကတည်းက ခမည်းတော်မင်း ပြည်လုံးနှင်း၍ မင်းများအထွတ် ဖြစ်တော်မူသော ရွှေနန်းရှင်။ ရင်ခွင်ပိုက်ထား သားငယ်၂-ယောက်နှင့် ချောက်,မြောင်,တောင်ကြား သွားလာရသောအခါ ဤပြည်တော်၌ ၂-ဖော်မောင်နှံ ထွက်စံပျော်ရာ ရတနာမဉ္ဇူ ဥယျာဉ်တော်များကို လွမ်းဆွတ်လျှင် ထိုစုံမြိုင်ခွင်၌ ရွက်ကျင်ရွက်ဟောင်း ကျကြွေပြောင်း၍ တပေါင်းနွေဦး ညွန့်ဖူးပေါ်စ ချိန်ရောက်ကလျှင် ပိတောက်အင်ကြင်း နံ့သင်းစွယ်တော် ကံ့ကော်စကား ချရားပုန်းညက် နံ့မြက်ရွှင်လန်း ပန်းသစ်ပင်တို့ ပင်ချင်းနွဲ့ညွတ် ပင်လုံးကျွတ်အောင် ပွင့်ဝတ်ဆင်သည်ကို တွေ့မြင်ရကြသဖြင့် ဖျော်ဖြေစရာ ရပါလိမ့်အံ့။”

“ကိုယ်ဖို့ကိုယ်သာ ရှာတော်မမူ သူခပ်သိမ်းတို့ ငြိမ်းမည်ဧကန် မှန်လျှင်ဆက်ဆက် ကိုယ်အသက်ကို ရေတွက်မခံ ပေးစွန့်ဝံ့သော ရွှေနန်းသခင် အရှင်မင်းမြတ်။ တောရပ်မြိုင်ချောင် တစ်တောင်ဆင်းသက် တစ်တောင်တက်၍ ရွှေစက်ဖဝါး ကြွသွားတော်မူရသောအခါ ဤပြည်တော်၌ မင်းညီမင်းသား မှူးမတ်များတို့ ခစားဝန်းရံ သဘင်ခံရာဖြစ်သော မြေတလင်း၏ ခင်းကျင်းသာယာ ညီညွတ်စွာကို ရံခါစိတ်ညွတ်၍ လွမ်းဆွတ်ကြကုန်လျှင် ထိုစုံမြိုင်ခြေ၌ နွေဦးဆန်းစ တပေါင်းလရာသီရောက်က မြကျောက်ကဲ့သို့ လဲ့လဲ့စိမ်းသောအမျိုး ပိုးပရန်တို့ဖြင့် နှစ်လိုဖွယ်ဖုံးလွှမ်းအပ်သော မြေအပြင်ကို ရှုမြင်ရသဖြင့် တ,ယူလွမ်းဆွတ်ခြင်း ပျောက်ပြေရအံ့။”

“ဖွားဖက်ရွေဖော် အမတ်ကျော် ၆-သောင်းခြံရံလျက် ကနက်ဥကင် နန်းသဘင်၌ ဘုရင်တကာတို့၏ အထွတ်ဖြစ်သော မင်းတရား။ ရှေ့သွားနောက်ပါ မကွာတူစုံ ရဂုံမြိုင်ခွင်သို့ အရှင်ကြွသွားသောအခါ ဤရွှေနန်း၌ အဆန်းတကြယ် ခြယ်ဆင်သီရုံးလျက် နန်းသုံးမင်းထိုက် သိုက်မြိုက်သန့်ရှင်း မွှေးသင်းလှသော ပန်းကုံးနံ့သာမျိုး အခိုးအထုံတို့ကို အလိုတော်မြတ်ညွတ်၍ လွမ်းဆွတ်အောက်မေ့လျှင် ထိုမြိုင်ခွင်အရပ်၌ ဆောင်းကျွတ်နွေပြောင်း တပေါင်းလရာသီရောက်က ကြက်မောက်, ရင်ခတ်, တောက်ရပ်, မျက်နှာပန်း, လက်ထုတ်စသော သစ်ပင်တို့မှ ပွင့်သောပန်းရနံ့ တပျံ့သင်းသင်း လှိုင်သည်ကိုကြုံရသဖြင့် စိတ်ဝမ်းဖျော်ဖြေရအံ့”ဟု မန္ဒီဒေဝီသည် မိမိမရောက်ဘူးဘဲလျက် ရောက်ဖူး, မြင်ဖူးဘိသကဲ့သို့ ဟိမဝန္တာ၏တင့်တယ်ခြင်းကို ချီးမွမ်း၍ ဝေဿန္တရာမင်းကြီးအား လျှောက်ထား၏။