ဝေဿန္တရာဇာတ်တော်ကြီး/နိဒါန်း

From Wikisource
Jump to navigation Jump to search
322838ဝေဿန္တရာဇာတ်တော်ကြီး — နိဒါန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

သဗ္ဗညုမြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေတော်မူသောအခါ ကြာတော၌ရွာသောမိုးနှင့် တူသောမိုးကို အကြောင်းပြု၍ “ဖုဿတီ ဝရဝဏ္ဏာဘေ” အစရှိသော ဂါထာ ၁၀၀၀-တို့ဖြင့် တန်ဆာဆင်အပ်သော ဤ“ဝေဿန္တ ရာ” ဇာတ်တော်ကို ဟောတော်မူ၏။

နိဒါန်းအကျယ်ကား

မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ် အထွတ်အမြတ်သို့ ရောက်တော်မူသည်မှ သတ္တဌာန၌ သတ္တသတ္တာဟကို လွန်ပြီးသော် ဝါဆိုလပြည့်နေ့၌ ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ကြွတော်မူ၍ ကောဏ္ဍည, ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ်, အဿဇိ ဤပဉ္စဝဂ္ဂီ ရသေ့ ၅-ယောက်တို့အား ဓမ္မစက္ကသုတ္တန် ဒေသနာတော်မြတ်ကို ဟောတော်မူသဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၌ တည်စေလျက် ဧဟိဘိက္ခု ဥပသမ္ပဒ ဖြစ်ပြီးသော် ပဉ္စဝဂ္ဂီ ရဟန်းတို့နှင့် မိဂဒါဝုန်တော၌ပင် ဝါကပ်တော်မူ၍ ဝါခေါင်လပြည့်ကျော်လျှင် ယသဝဂ္ဂီ, ဘဒ္ဒဝဂ္ဂီတို့အားလည်းကောင်း, ဥရုဝေလ ကဿပအစရှိသော ရသေ့ညီနောင် ၃-ယောက်တို့နှင့် ၁၀၀၀-သော ရသေ့တို့အားလည်းကောင်း, ဧဟိဘိက္ခု ဥပသမ္ပဒအဖြစ်ဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်၌ တည်စေပြီးသော်၊ ဥရုဝေလကဿပ အစရှိသော ရဟန္တာ ၁၀၀၀-ခြံရံလျက် ဗိမ္ဗိသာရမင်းကြီးအား ဘုရားမဖြစ်မီက ပဋိညာဉ်ရှိတော်မူသည်နှင့် လျော်ညီစွာ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူ၍ ဝေဠုဝန်ကျောင်းတော်၌ ဆောင်းလရာသီကိုလွန်စေ၍ ဥပတိဿရွာသူကြီး ဝင်္ကန္တပုဏ္ဏား၏သား ဥပတိဿပရိဗိုဇ်, ကောလိတရွာသူကြီး၏သား ကောလိတပရိဗိုဇ် ဤပရိဗိုဇ်ရဟန်း အဆွေခင်ပွန်း ၂-ယောက်တို့သည် အမြိုက်တရားကို ရှာကြလေသော် ပဉ္စဝဂ္ဂီ ၅-ယောက်တို့တွင် အငယ်ဆုံးဖြစ်သော အဿဇိထေရ်၏တရားတော်ကို ကြားနာရ၍ သောတာပန်ဖြစ်ပြီးမှ မြတ်စွာဘုရားထံသို့ လာလတ်သဖြင့်၊ ဆောင်းလရာသီ တပို့တွဲလဆန်း ၁-ရက်နေ့တွင်ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ ကောလိတထေရ်သည် လဆန်း ၇-ရက်နေ့ ဥပတိဿထေရ်သည် လပြည့်နေ့ ရဟန္တာဖြစ်ပြီးသော်၊ ဥပတိဿထေရ်ကို “သာရိပုတ္တရာ” ဟူသော အမည်ဖြင့် လက်ယာရံ ပထမအဂ္ဂသာဝကအရာ၌ ထားတော်မူ၏။ ကောလိတထေရ်ကို “မောဂ္ဂလာန်”ဟူသော အမည်ဖြင့် လက်ဝဲရံ ဒုတိယအဂ္ဂသာဝကအရာ၌ ထားတော်မူ၏။ တစ်ပါးသော အမျိုးသားတို့သည်လည်း ရဟန်းပြုကြသဖြင့် ရာဇဂြိုဟ်ပြည်သား ရဟန္တာအပေါင်း ၁-သောင်းအရေအတွက် ရှိ၏။

ရာဇဂြိုဟ်ပြည်၌ ဘုရားရှိတော်မူကြောင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြား၍ အမတ်၉-ယောက်တို့ကို အခြံအရံ ၁၀၀၀-စီနှင့် မြတ်စွာဘုရားအား အပင့်အလျှောက် ၉-ခေါက် ၉-ကြိမ် စေလွှတ်သမျှ ပရိသတ်တို့လည်း ဧဟိဘိက္ခု ရဟန္တာချည်း ဖြစ်ကြကုန်၏။ နောက်ဆုံး ဖွားဖက်တော် ကာဠုဒါယီအမတ်ကြီးကို အခြံအရံ ၁၀၀၀-နှင့် စေလွှတ်ပြန်၏။ ထိုသူတို့လည်း ဧဟိဘိက္ခု ရဟန္တာချည်း ဖြစ်ကြသဖြင့် ကပိလဝတ်ပြည်သား ရဟန္တာပေါင်း ၁-သောင်း အရေအတွက် ရှိ၏။ ဤသို့ ရဟန္တာပေါင်း ၂-သောင်းအခြံအရံရှိပြီးသော် မြတ်စွာဘုရားကို တပေါင်းလပြည့်နေ့၌ ကာဠုဒါယီထေရ်သည် ခမည်းတော်မင်းကြီး လျှောက်ထား ပင့်ဖိတ်သည့်စကား နား၌ နာပျော်ဖွယ် ၆၀-သောဂါထာတို့ဖြင့် ပြည်တော်သို့ ကြွတော်မူပါမည့်အကြောင်းကို လျှောက်ထား တောင်းပန်သောကြောင့် ကာဠုဒါယီထေရ်လျှင် ခရီးလမ်းညွှန်ရှိသည်ဖြစ်၍ ၂-သောင်းအရေအတွက်ရှိသော ရဟန္တာအပေါင်းခြံရံလျက် ယူဇနာ-၆၀ ကွာသော ကပိလဝတ်နေပြည်တော်သို့ ပကတိလူတို့၏ အသာအယာသွားခြင်းဖြင့် တစ်ရက်လျှင် တစ်ယူဇနာကျ ၂-လတိုင်တိုင် ကြွတော်မူ၍ ကဆုန်လပြည့်နေ့ ဆိုက်ရောက်တော်မူလေ၏။

(ရာဇဂြိုဟ်ပြည်နှင့် ကပိလဝတ်ပြည် ယူဇနာ ၆၀-ကွာကြောင်း ၂-လဖြင့် ဆိုက်ရောက်တော်မူကြောင်းကို ဤဇာတ်တော်တွင် မလာသော်လည်း စရိယာပိဋက အဋ္ဌကထာ၌ “ကာဠုဒါယိတ္တေရေန ရညော အဓိပ္ပါယေ အာရောစိတေ ဘဂဝါ ဝီသတိသဟဿခီဏာသဝပရိဝုတော ရာဇဂဟတော နိက္ခမိတွာ သဋ္ဌိယောဇနံ ကပိလဝတ္ထုံ ဒွီဟိ မာသေဟိ သမ္ပာပုဏိ”ဟု လာသောကြောင့် သိရသတည်း။

ကာဠုဒါယိတ္ထေရေန၊ ကာဠုဒါယီမထေရ်သည်။ ရညော၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏။ အဓိပ္ပါယေ။ အလိုကို။ အာရောစိတေ၊ ကြားလျှောက်အပ်သည်ရှိသော်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝီသတိသဟဿခီဏာသဝပရိဝုတော၊ ရဟန္တာအပေါင်း ၂-သောင်းခြံရံလျက်။ ရာဇဂဟတော၊ ရာဇဂြိုဟ်ပြည်မှ။ နိက္ခမိတွာ၊ ထွက်တော်မူ၍။ သဋ္ဌိယောဇနံ၊ ယူဇန ၆၀ ကွာသော။ ကပိလဝတ္ထုံ၊ ကပိလဝတ်ပြည်သို့။ ဒွီဟိ မာသေဟိ၊ နှစ်လတို့ဖြင့်။ သမ္မာပုဏိ၊ ရောက်တော်မူလေ၏။ ဤကား အနက်။ ကာဠုဒါယီထေရ်သည် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ အလိုကို ကြားလျှောက်အပ်သည်ရှိသော် မြတ်စွာဘုရားသည် ရဟန္တာအပေါင်း ၂-သောင်း ခြံရံလျက် ရာဇဂြိုဟ်ပြည်မှ ထွက်တော်မူ၍ ယူဇနာ ၆၀ ကွာသော ကပိလဝတ်ပြည်သို့ ၂-လဖြင့် ရောက်တော်မူ၏။ စရိယာပိဋက အဋ္ဌကထာအလို။)

ထိုအခါ သာကီဝင်မင်းတို့သည်လည်း “ငါတို့၏ အဆွေအမျိုး၏ အထွတ်အညွန့်ဖြစ်သော သိဒ္ဓတ်သတို့သားကို ဖူးမြင်ရကုန်အံ့”ဟု အညီအညွတ်စည်းဝေး၍ ကျောင်းနေရာကို စူးစမ်းကြည့်ရှုကြသော် နိဂြောဓအမည်ရှိသော သာကီဝင်မင်းသား၏ဥယျာဉ်သည် နှလုံးမွေ့လျော်ဖွယ်ရှိ၏။ ထိုနိဂြောဓဥယျာဉ်၌ ကျောင်းနေရာ ပြင်ဆင်အံ့သောငှာ လျောက်ပတ်၏”ဟု တိုင်ပင်ညီညွတ်ကြသဖြင့် ထိုဥယျာဉ်၌ ကျောင်းနေရာအလုံးစုံကို သုတ်သင်ခင်းကျင်း စီရင်ပြီးလျှင် ပန်း, နံ့သာ စသည်တို့ကို လက်စွဲကုန်လျက် ခရီးဦးကြိုဆိုအံ့သောငှာ မြို့သူမြို့သားတို့၏ သားငယ်, သမီးငယ်တို့ကို အဝတ်တန်ဆာဆင်စေ၍ ရှေးဦးစွာ ကြိုဆိုစေ၏။ ထိုသတို့သားငယ်, သမီးငယ်တို့၏နောက် သာကီဝင်မင်းသား၊ မင်းသမီးတို့ကိုလည်း ကြိုဆိုစေ၏။ ထို မင်းသား,မင်းသမီးတို့၏ အကြား နောက်ကွယ်ရာကနေလျက် သာကီဝင်မင်း,မိဖုရားတို့သည့် ပန်းနံ့သာစသည်တို့ဖြင့်ပူဇော်၍ မြတ်စွာဘုရားကို နိဂြောဓာရုံကျောင်းသို့ ပင့်ဆောင်ကြလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန္တာ ၂-သောင်းခြံရံလျက် ကြယ်အပေါင်းတို့ဖြင့် ခြံရံအပ်သော လပြည့်ဝန်း၏ တင့်တယ်ခြင်းကဲ့သို့ တင့်တယ်သော အရောင်အသရေတော်ဖြင့် နိဓာရုံကျောင်းတော်တွင် ခင်းအပ်သော မြတ်သောဘုရားနေရာ၌ နေတော်မူ၏။

ထိုအခါ သာကီဝင်မင်းတို့သည် မဟာသမ္မတမင်းမှဆင်းသက်၍ မပြတ်သော မင်းရိုးအမျိုးမာန်ဖြင့် ယစ်သည်ဖြစ်၍ အလွန် ခက်ထန်ကုန်၏။ ထိုအခါ မြတ်စွာဘုရား၏ ခမည်းတော်, ဘထွေးတော် မိထွေးတော်, ဦးရီးတော်, အရီးတော်, အစ်ကို, ဘိုးဘွားတော်စပ်သည့် သာကီဝင် မင်း,မိဖုရားတို့သည့် “ဤသိဒ္ဓတ်သတို့သားကား ငါတို့အောက် အသက်အရွယ် ငယ်သေး၏။ ငါတို့၏ သားတည်း။ ငါတို့၏ တူတည်း။ ငါတို့၏ ညီတည်း။ ငါတို့၏ မြေးတည်း”ဟု အကြံရှိ၍၊ “မင်းသားငယ်, မင်းသမီးငယ်တို့ကို သင်တို့ ရှိခိုးကြကုန်။ ငါတို့ကား သင်တို့၏နောက်၌ နေကုန်အံ့”ဟု ဆိုကြကုန်၏။

ထိုသာကီဝင် မင်းသား, မင်းသမီးအပေါင်းတို့သည် မိမိတို့၏ ဝယဝုဒ္ဓိဂုဏ်ကို ကိုး၍ ရှိခိုးခညွတ်ခြင်း မရှိကြောင်းကိုသိမြင်တော်မူလျှင်၊ “ငါ၏ဆွေတော်မျိုးတော်တို့သည် ငါ့ကိုရှိမခိုးဘဲ နေကြကုန်၏။ ယခု ငါ့ကို ရှိခိုးစေအံ့”ဟု ကြံတော်မူ၍၊ အဘိညာဉ်၏အခြေခံဖြစ်သော စတုတ္ထဈာန်ကို ဝင်စားပြီးလျှင် ထိုဈာန်ကို အခြေပြုသောအားဖြင့် ထတော်မူပြီးမှ ကောင်းကင်သို့ကြွတော်မူ၍ သာကီဝင်မင်းတို့ဦးခေါင်းပေါ်၌ ရွှေစက်တော်ဖဝါးအစုံမှ မြူမှုန်မြေမှုန်တို့ကို ကျလျှောစေတော်မူ၍ မအံ့သြနိုင်သော ယမိုက်ပြာဋိဟာကို ပြတော်မူ၏။

(ထိုဆွေတော်မျိုးတော်တို့ပွဲ၌ ပြအပ်သောယမိုက်ပြာဋိဟာသည် သာဝတ္ထိပြည်၌ ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်သည် စိုက်ပျိုးအပ်သောသရက်ပင် ဖြစ်သောကြောင့် “ကဏ္ဍမ္ဗ”အမည်ကိုရသော သရက်ပင်ကြီးကို အမှီပြု၍ တိတ္ထိတက္ကတွန်းတို့၏ မိစ္ဆာတံခွန်ကို ပယ်နွံချိုးဖြတ်ခြင်းငှာ ပြတော်မူအပ်သော ယမိုက်ပြာဋိဟာနှင့် အတူတူတည်း။)

ထိုသို့သောပြာဋိဟာကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးမြင်လျှင် ရွှင်ပျသောနှလုံးဖြင့် ယူကျုံးမရ ခညွတ်မြတ်နိုး ရှိခိုးလို၍ ကြည်ညိုလှစွာ ဆရာရှေ့မှောက် တပည့်လျှောက်သကဲ့သို့ လျှောက်သည်ကား-

“နှစ်လို့မဆုံး ဘုန်းတော်နှင့်ပြည့်စုံတော်မူသော တရားမင်း အရှင်ဘုရား။ ဖွားတော်မူသည့်နေ့၌ အကျွန်ုပ်ကိုးကွယ်သော ကာဠဒေဝီလရှင်ရသေ့ နန်းတော်သို့ ကြွလာသောကြောင့် ရှင်ရသေ့အား ရှိခိုးစိမ့်သောငှာ အရှင်ဘုရားကို ဦးဖြင့် ရှင်ရသေ့သို့ညွတ်စေပါသော်လည်း ဦးညွတ်မခံ ခြေတော်ဆန့်၍ ဈာန်ရသော ရှင်ရသေ့ထိပ်ပေါ်၌ ခြေတော်တည်သည်ကို မြင်ရစဉ်ကပင်လျှင် အရှင်ဘုရား၏ ခြေတော်စုံကို ကြာငုံလက်အုပ်ဖြင့် အကျွန်ုပ် ရှိခိုးရ၏။ ထိုသို့ရှိခိုးခြင်းသည် ရှေးဦးစွာသော ရှိခိုးခြင်းတည်း။”

“ထို့နောင် လယ်ထွန်မင်္ဂလာ ပြုသောအခါ၌လည်း သပြေပင်ရိပ်တွင် ကျက်သရေရှိသောအိပ်ရာ၌ အရှင်ဘုရားကို သိပ်ထားမြူးပျော်စေ၏။ ထိုအခါ နေဝန်းသည် လှည့်လည်၍သွားလျက် ခက်လက်ညွန့်ဝေ သပြေပင်ရိပ်မလည်ဘဲ နေခြည်မထိုးရအောင် မိုးမြဲတိုင်းမိုးကာ၍ နေသည်ကို မြင်ရပြန်၍လည်း တစ်ဖန် တစ်ကြိမ် ဦးနှိမ်မြတ်နိုး ရှိခိုးရ၏။ ထိုသို့ရှိခိုးခြင်းသည် ၂-ကြိမ်မြောက်သော အကျွန်ုပ်၏ ရှိခိုးခြင်းတည်း။”

“ဤယခုလည်း ရှ၍ထင်ထင် မမြင်စဖူး အထူးထူးအဆန်းဆန်း ချီးမွမ်း၍မကုန်နိုင်သော ယမိုက်ပြာဋိဟာကို မြင်ပြန်ရသဖြင့်လည်း ဆင့်လောင်း၍ယုံကြည်လျက် အစုံသောခြေတော်မြတ်ကို ဦးညွတ်မြတ်နိုး ရှိခိုးပူဇော်ပါ၏။ ဤရှိခိုးခြင်းသည် ၃-ကြိမ်မြောက်သော အကျွန်ုပ်၏ ရှိခိုးခြင်းတည်း”ဟု လျှောက်၍ရှိခိုး၏။

ခမည်းတော်မင်းကြီး ရှိခိုးသည်ရှိသော် တစ်စုံတစ်ယောက်သောသူ ရှိမခိုးဘဲနေခြင်းငှာ မဝံ့ကုန်၍ အလုံးစုံသော ဆွေတော်မျိုးတော်တို့သည် ပူဇော်မြတ်နိုး ရှိခိုးညွတ်ပျောင်းလျက် ကောင်းစွာဆုံးမအပ်ပြီးသော တပည့်သာဝကကဲ့သို့ချည်း ဖြစ်ကြကုန်၏။

ဤသို့ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့၏ မာန်စွယ်ကို နုတ်ပယ်ဖြတ်ချိုး ရှိခိုးစေပြီးလျှင် ကောင်းကင်မှသက်တော်မူ၍ ခင်းအပ်သော မြတ်သောဘုရားနေရာတော်၌ ထိုင်နေတော်မူ၏။

အလုံးစုံသော သာကီဝင်အပေါင်းတို့သည် ညွတ်ပျောင်းသောစိတ်ဖြင့် အဆိပ်အတောက်ကင်းလျက် ငြိမ်သက်တည်ကြည်ကြပြီးသည့်အဆုံး၌ ကောင်းကင်အလုံး ထစ်ချုန်းမြည်ကြိုး၍ မိုးတိမ်အထပ်ထပ် တက်လတ်သဖြင့် ရွက်ချပ်ရွက်လွှာ ပဒုမ္မာကြာတော၌ ရွာသောမိုးပေါက်ကဲ့သို့ ဖြိုးမောက်ချမ်းအေး ကြေးနီအဆင်းနှင့်တူသော ရေအလျဉ်စီးလျက် မိုကြီးသည်းထန်စွာ ရွာ၏။

ထိုမိုးသည် စွတ်လိုသောသူသာ စွတ်၏။ မစွတ်လိုသောသူ၏ကိုယ်၌ တစ်ပေါက်မျှ မကျ။ ထိုအခြင်းအရာကိုမြင်၍ ခပ်သိမ်းကုန်သော ပရိသတ်တို့သည် ရင်သပ်ရှုမော အံ့သြကုန်လျက် အဆက်ဆက်ကာလက ကြားမျှမကြားစဖူး ထူးထူးခြားခြား ဘုရားသခင့် အာနုဘော်တော်ကြောင့် ဆွေတော်မျိုးတော်အစည်းအဝေး၌ နီတွေးသောအရောင်အဝါဖြင့် ကြာတော၌ရွာသော မိုးကဲ့သို့ အချို့ကားစွတ်, အချို့လွတ်နှင့် မြတ်လှသောမိုးကြီး သည်းစွာရွာ၏။ “အလွန်အံ့သြဖွယ် ရှိစွတကား”ဟု စကားဖြစ်ကြကုန်၏။

မြတ်စွာဘုရားသည် ထိုပရိသတ်တို့ အံ့ဩသောစကားကိုကြားတော်မူ၍၊ “ရဟန်းတို့။ ယခုသာလျှင် ဆွေတော်မျိုးတော်တို့အစည်းအဝေး၌ မိုးကြီးသည် ကြာတော၌ရွာသကဲ့သို့ အံ့သြဖွယ်ကိုဖြစ်စေလျက် ရွာသည် မဟုတ်။ ငါဘုရားသည် ရှေးပါရမီကို ဖြည့်သောအခါ၌လည်း ဆွေမျိုးအစည်းအဝေး၌ ပေါက္ခရမိုးသည် ရွာဖူး၏”ဟု မိန့်တော်မူ၍ ဖလသမာပတ်ဝင်စားသောအားဖြင့် ဆိတ်ဆိတ်နေတော်မူ၏။

ထိုအခါ ရဟန်းတို့သည် “ရှေး၌ ရွာဖူးကြောင်းကို ဟောတော်မူပါ”ဟု လျှောက်တောင်းပန်လတ်သော်၊ မြတ်စွာဘုရားသည် တပည့်သားတော်တို့ မေးလျှောက်တောင်းပန်သည့် စကားနှင့်တန်ရုံ ပေါက္ခရမိုးရွာခြင်းကိုသာ မဟောမူ၍၊ အသီးကိုမေးလျှင် အပင်နှင့်တကွ ညွှန်ပြဘိသကဲ့သို့ ဝေနေယျတို့၏အလိုကို သိတော်မူလှသောအားဖြင့် ကရားမှထွက်သော ရေအလျဉ်ကဲ့သို့ စကားစဉ်မပြတ် အတ္ထုပ္ပတ္တိ မကြွင်းမကျန် ဤ“ဝေဿန္တရာဇာတ်တော်”ကို ဆောင်၍ ဟောတော်မူ၏။