ဝိသုံဂါမ သီမာဝိနိစ္ဆယ/တစ်လက်မပတ်လည် ဝိသုံဂါမ

From Wikisource
Jump to navigation Jump to search
348207ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၄။ တစ်လက်မပတ်လည် ဝိသုံဂါမအဘယာရာမဆရာတော်

     ယခုအခါ၌ တစ်လက်မပတ်လည် ဖြစ်နိုင်ကောင်းသော ဝိသုံဂါမသိမ်ကို ပြဆိုပေအံ့။

      “အန္တောနဒိယံ ပါသာဏော ဝါ ဒီပကော ဝါ ဟောတိ၊ တဿ ယတ္တကံ ပဒေသံ ပုဗ္ဗေ ဝုတ္တပ္ပကာရေ ပကတိဝဿ ကာလေ ဝဿာနဿ စတူသု မာသေသု ဥဒကံ ဩတ္ထရတိ သော နဒီ သင်္ချမေဝ ဂစ္ဆတိ။ အတိဝုဋ္ဌိကာလေ ပန သြဃေန သြတ္ထဋောကာသော န ဂဟေတဗ္ဗော၊ သော ဟိ ဂါမသီမာသင်္ချမေဝ ဂစ္ဆတိ။"ဥပေါသထက္ခန္ဓကဋ္ဌကထာ။ ဤ၌ အလွန်ကျဉ်းသော ဝိသုံဂါမသိမ်ကိုသာ ပြလိုသောကြောင့် ပါသာဏဖြင့်သာ အဓိပ္ပါယ်ဆိုပေအံ့။

     အလွန်မကျယ်လွန်းသော မြစ်ကြီး အလယ်၌ ကျောက်ဆောင် တစ်ခုရှိ၏။ ထိုသည် မိုးအလယ်အလတ်ရွာသောကာလ မိုးလေးလ ရေလွှမ်းအံ့ နဒီမည်၏။ ရေမလွှမ်းမူ တံငါသည်တို့၏ အစာရှာဖွေရာ မနုဿဂေါစရ မနုဿူပစာရအရပ် ဖြစ်မူ အရညသီမာ မည်၏။ မနုဿဂေါစရ မနုဿူပစာရအတွင်းဖြစ်၍ ဂါမသိမ်ဖြစ်ရာ ဘယ်ဂါမ သိမ်နည်း၊ ဇာတဿရအိုင်၌ကဲ့သို့ ဝဇိရဗုဒ္ဓိဋီကာ(ဝဇိရ၊ ၄၅၉။)၌-

     “ဂါမက္ခေတ္တသင်္ချံ ဂစ္ဆတိ၊ ကတရဂါမက္ခေတ္တံ?၊ ယတော မနုဿာ သဉ္စရန္တိ တေသံ၊ သဗ္ဗေ စေ သဉ္စရန္တိ၊ သဗ္ဗေသံ အညေဟိ ဂါမက္ခေတ္တေဟိ အသမ္ဗန္ဓဋ္ဌာနံ စေ ဝိသုံဂါမက္ခေတ္တသင်္ချံ ဂစ္ဆတီတိ အာစရိယော”ဟု ဆို၏။

    ထို့ကြောင့် မြစ်နှစ်ဘက်ကမ်းရှိ ရွာနယ်သို့မဝင်မူ ဝိသုံဂါမသိမ်ဖြစ်၏။ ထိုဝိသုံဂါမ ကျောက်ဆောင် ကျောက်ဖျာသည် နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်အောင် ကျယ်ဝန်းမူ ထို၌အလိုရှိရာ ဝိနည်းကံကိုပြုနိုင်၏။ တစ်ပေပတ်လည်မျှရှိမူ အဓိဋ္ဌာန်ဥပုသ်ကို ပြုနိုင်၏။ မိုးလေးလ ရေမလွှမ်းရာအရပ်သည် တစ်လက်မလောက်သာ ရေပေါ်သို့ပေါ်ထွက်၍ နေအံ့၊ ထိုတလက်မပမာဏရှိ ကျောက်ဆောင်၏ အဖျားစွန်းသည်သာ ဝိသုံဂါမသီမာမည်၏၊ သို့သော် ထို၌ ဝိနည်းကံပြုခြင်းငှါ မလောက်။

     အခွန်ရမှ ဝိသုံဂါမဟု ငြင်းဆိုသောသူတို့ ဝန်ခံစေခြင်းငှါ တစ်ပေပတ်လည်ကျောက်ဖျာ ဝိသုံဂါမသိမ်၌ အခွန်ရနိုင်သောနည်းကို ပြပေအံ့။ တစ်စုံတစ်ယောက်သောသူသည် ထိုနေရာ၌ ငါးမျှားရန်သင့်လျော်သည်ဟုသိ၍ တပါးသူတို့မလာရောက်နိုင်စေခြင်းငှါ တစ်နှစ်လျှင် ၅ ကျပ်၊ ၆-ကျပ်၊ အခွန်ဆောင်ရန် အစိုးရထံလျှောက်ထား၍ အစိုးရ၏ ခွင့်ပြုချက်အရ အခွန်ဆောင်၍ ကိုယ်ပိုင်ပြုငြားအံ့၊ ထိုတစ်ပေပတ်လည်ရှိ ဝိသုံဂါမကျောက်ဖျာသည် အခွန်ရသော တံငါသည်ပိုင် ရွာသီးဖြစ်၏။ ဤကား တစ်လက်မပတ်လည်မျှ ဖြစ်နိုင်ကောင်းသော ဝိသုံဂါမသီမာကို ပြဆိုခြင်းတည်း။

     ဤပြဆိုခဲ့သော အဋ္ဌကထာဝါကျ၌ ပြအပ်သော ဂါမသီမာ, ဝဇိရဗုဒ္ဓိဋီကာ၌ ပြအပ်သော ဝိသုံဂါမသီမာတို့ကို လူတို့ သွားရောက် သုံးဆောင် သိမ်းဆည်းသော အရပ်ဖြစ်ခြင်းမျှဖြင့်၎င်း၊ တံငါတို့နေ့ချင်းပြန် သွားရောက်နိုင်သော မနုဿဂေါစရအရပ် ဖြစ်ခြင်းမျှဖြင့်၎င်း ဂါမသီမာ ဖြစ်ခြင်းကြောင့် မင်းမှူးမတ်တို့ အခွန်သီး, နယ်သီးပိုင်းခြားခြင်း ရွာစား တို့အား ပေးကမ်းခြင်းနှင့် အလျှင်းမစပ်ဘဲဖြစ်သော ဝိသုံဂါမသိမ် ဟူ၍၎င်း၊ စပ်သောအရာ အချို့၌ မစပ်မီကပင် ဖြစ်နေသော ဂါမသိမ် ဟူ၍၎င်း စင်စစ် မှတ်အပ်၏။