ဝိနီလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၆၀။ ဝိနီလဇာတ် (၂-၁-၁၀)


ဒုကနိပါတ်-ဒဠှဝဂ်

၁၀။ ဝိနီလကဇာတ်

ဟင်္သာ ညီနောင်နှင့် ကျီးဟင်္သာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝမေဝ နူန ရာဇာနံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိနီလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ ဘုရားအတုပြုခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ဒေဝဒတ်သည် ဂယာသီသသို့ ရောက်လာကုန်သော နှစ်ပါးကုန်သော အဂ္ဂသာဝကတို့အား ဘုရားအသွင်ကိုပြ၍ အိပ်သည်ရှိသော် မထေရ်မြတ်နှစ်ပါးတို့သည်လည်း တရားကိုဟောကုန်၍ မိမိတို့၏တပည့်တို့ကိုယူကုန်၍ ဝေဠုဝန်ကျောင်းတော်သို့ လာခဲ့ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် သာရိပုတ္တရာ, မောဂ္ဂလာန်တို့ ဒေဝဒတ်သည် သင်တို့ကိုမြင်၍ အသို့ပြုသနည်းဟု မြတ်စွာဘုရားသခင် မေးအပ်သည်ရှိသော် အရှင်ဘုရားမြတ်စွာဘုရားအသွင်ကိုပြု၍ ကြီးစွာသောပျက်စီးခြင်းသို့ ရောက်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရား၏အတုဖြစ်သော အမူအရာကိုပြု၍ ပျက်စီးခြင်းသို့ရောက်သည် မဟုတ်သေး။ ရှေး၌လည်း ရောက်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ သာရိပုတ္တရာမထေရ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သာရိပုတ္တရာ လွန်လေပြီးသောအခါ ဝိဒေဟတိုင်း မိထိလာပြည်၌ ဝိဒေဟတိုင်းသူတို့ကိုအစိုးရသော မင်းသည် မင်းပြုသည် ရှိသော် ဘုရားလောင်းသည် ဝိဒေဟမင်း၏ မိဖုယားကြီးဝမ်း၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သောအတတ်တို့ကို သင်၍ အဘလွန်သဖြင့် မင်းအဖြစ်၌တည်၏။ ထိုအခါ၌ တခုသောရွှေဟင်္သာမင်း၏ ကျက်စားရာမြေ၌ ကျီးမနှင့်တကွ ပေါင်းဘော်ခြင်းသည် ဖြစ်၏။ ထိုကျီးမသည် သားကိုဖွား၏။ ထိုငှက်ငယ်သည် အမိနှင့်လည်းမတူ အဘနှင့်လည်းမတူသလျှင်ကတည်း၊ ထိုအခါ၌ ထိုငှက်ငယ်အား မညို မရွှေသော သဘော ရှိသည်၏အဖြစ်ကြောင့် ဝိနီလကဟူသောအမည်ကိုသာလျှင် မှည့်ကုန်၏။ ရွှေဟင်္သာမင်းသည် မပြတ်လာ၍ သားကိုကြည့်၏။ ထိုရွှေဟင်္သာမင်းအားကား တပါးကုန်သော နှစ်ခုကုန်သော ဟင်္သာငယ် ဖြစ်ကုန်သော သားတို့သည် ရှိကုန်၏။ ထိုဟင်္သာငှက်ငယ်တို့သည် အဘဖြစ်သော ရွှေဟင်္သာမင်းကို မပြတ် လူ့ပြည်လမ်းကို ပျံသွားလေသည်ကို မြင်ကုန်၍ မေးကုန်၏။ အဘယ်သို့ မေးကုန်သနည်းဟူမူကား ဘခင် သင်တို့သည် အဘယ့်ကြောင့် မပြတ်လူ့ပြည်လမ်းခရီးသို့ သွားကုန်သနည်းဟု မေးကုန်၏။

ချစ်သားတို့ ငါ့အား ကျီးမတခုနှင့်တကွ ပေါင်းဖော်ခြင်းကိုစွဲ၍ တခုသောသားသည် ဖြစ်၏။ ထိုသားအား ဝိနီလကဟူသော အမည်ကို မှည့်ကုန်၏။ ငါသည် ထိုဝိနီလကကို ကြည့်အံ့သောငှာသွား၏ဟု ဆို၏။ ဘခင် ထိုဝိနီလကသည် အဘယ်အရပ်၌လျှင် နေသနည်းဟုမေးကုန်၏။ ချစ်သားတို့ ဝိဒေဟတိုင်း မိထိလာပြည်၏ မနီးမဝေးသောအရပ်၌ ဤအမည်ရှိသော တခုသောထန်းပင်ဖျား၌ နေ၏ဟုဆို၏။ ဘခင် လူတို့ကျက်စားရာ အရပ်မည်သည်ကား ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏။ သင်ဘခင်တို့သည် မသွားကုန်လင့်၊ ကျွန်ုပ်တို့သည်သွားကုန်၍ ထိုဝိနီလကကို ဆောင်ကုန်အံ့ဟု ဆိုကုန်၍ ဟင်္သာငှက်နှစ်ခုရှိသည် အဘဖြစ်သော ရွှေဟင်္သာမင်းကြားလိုက်သောအမှတ်ဖြင့် ထိုအရပ်သို့သွားကုန်၍ ထိုဝိနီလကကို တခုသောတုတ်တံ၌စီးစေ၍ နှုတ်သီးဖြင့် တုတ်တစွန်း၌ကိုက်၍ မိထိလာမြို့၏အပေါ် ကောင်းကင်ခရီးဖြင့် ဆောင်ကုန်၏။ ထိုခဏ၌ ဝိဒေဟမင်းသည် အလုံးစုံသော သိန္ဓောမြင်းလေးစီးကသော မြတ်သောရထား၌စီး၍ မြို့ကိုလက်ျာရစ်လှည့်သည်ကိုပြု၏။ ဝိနီလကသည် ထိုဝိဒေဟမင်းကိုမြင်၍ ငါ့အား ဝိဒေဟမင်းနှင့် အဘယ်မှာ ထူးအံ့နည်း၊ ဤဝိဒေဟရာဇ်မင်းသည် သိန္ဓောမြင်းလေးစီးကသော ရထား၌စီး၍ မြို့ကိုလှည့်၏။ ငါသည်တမူကား ဟင်္သာကသောရထား၌စီး၍ သွားရအံ့ဟု ကြံ၏။ ကြံ၍ ကောင်းကင်ဖြင့် သွားလျက်-

၁၉။ ဧဝမေဝ နူန ရာဇာနံ၊ ဝေဒေဟံ မိထိလဂ္ဂဟံ။
အဿာ ဝဟန္တိ အာဇညာ၊ ယထာ ဟံသာ ဝိနီလကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉။ နူန၊ ငါအကြံရှိသည်ကား။ တနည်းကား... နူန၊ စင်စစ်သဖြင့်။ ဝေဒဟံ၊ ဝိဒေဟတိုင်း၏အရှင်ဖြစ်ထသော။ မိထိလဂ္ဂဟံ၊ မိထိလာပြည်၌ အိမ်ကိုသိမ်းပိုက်၍ နေထသော။ ရာဇာနံ၊ မင်းကို။ အာဇညာ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်ကုန်သော။ အဿာ၊ မြင်းတို့သည်။ ဝဟန္တိ ယထာ၊ ဆောင်ကုန်သကဲ့သို့။ ဧဝမေဝ၊ ထို့အတူလျှင်။ ဝိနီလကံ၊ ဝိနီလက အမည်ရှိသော။ မံ၊ ငါ့ကို။ ဣမေ ဟံသာ၊ ဤဟင်္သာမျိုး ညီနောင်တို့သည်။ ဝဟန္တိ၊ ဆောင်ကုန်၏။

ဟင်္သာငယ်ညီနောင်တို့သည် ထိုဝိနီလက၏စကားကိုကြားကုန်၍ အမျက်ထွက်၍ ဤအရပ်၌သာလျှင် ထိုဝိနီလကကိုချကုန်၍ သွားကုန်အံ့ဟု စိတ်ကိုဖြစ်စေကုန်၍ ဤသို့ပြုသည်ရှိသော် ငါတို့အား အဘသည် အသို့ဆိုလတ္တံ့နည်းဟု ကဲ့ရဲအံ့သည်မှကြောက်သောကြောင့် အဘ၏ အထံသို့ဆောင်ကုန်၍ ထိုဝိနီလကသည် ပြုအပ်သောအမူအရာကို အဘအား ကြားကုန်၏။ ထိုအခါ၌ ထိုဝိနီလကကို အဘသည် အမျက်ထွက်၍ သင်သည် ငါ၏သားတို့ထက် အလွန်မြတ်သလော၊ ငါ၏သားတို့ကို နှိပ်စက်၍ ရထား၌ကကုန်သော သိန္ဓောမြင်းတို့ကိုကဲ့သို့ ပြုဘိ၏။ မိမိ၏ ပမာဏကို မသိ။ ဤအရပ်သည် သင်၏ ကျက်စားရာ အရပ်မဟုတ်၊ သင့်အမိ၏ နေရာအရပ်သို့သာလျှင် သွားလေလောဟု ခြိမ်းချောက်၍-

၂၀။ ဝိနီလ ဒုဂ္ဂံ ဘဇသိ၊ အဘူမိံ တာတ သေဝသိ။
ဂါမန္တကာနိ သေဝဿု၊ ဧတံ မာတာလယံ တဝ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၀။ တာတ ဝိနီလ၊ အချင်း ဝိနီလက။ တွံ၊ သင်သည်။ ဣမေသံ၊ ဤဟင်္သာတို့၏။ ဝသေန၊ အစွမ်းအားဖြင့်။ ဒုဂ္ဂံ၊ ရောက်နိုင်ခဲသော တောင်မြှောင် ချောက်ကြားအရပ်သို့။ ဘဇသိ၊ ရောက်လာ၏။ အဘူမိံ၊ သင်၏ အရာမဟုတ်သော မြေအရပ်ကို။ တွံ၊ သင်သည်။ သေဝသိ၊ မှီဝဲလာ၏။ တွံ၊ သင်သည်။ ဂါမန္တကာနိ၊ ရွာစွန်ရွာနား အရပ်တို့ကို။ သေဝဿု၊ မှီဝဲလေလော့။ တွံ၊ သင်သည်။ ဧတံ၊ ထိုသို့သဘောရှိသော။ တဝ၊ သင်၏။ မာတာလယံ၊ မစင်သောအကောင်ပုပ်စွန့်ပစ်ရာအရပ်ဖြစ်သော သင့်အမိကျီးမနေရာ အရပ်သို့။ ဂစ္ဆ၊ သွားလေလော့။

ဤသို့ ထိုဝိနီလကကိုခြိမ်းချောက်၍ ရွှေဟင်္သာငယ်တို့ သင်တို့သည် သွားကြကုန်၊ ထိုဝိနီလကကို မိထိလာမြို့၏ မစင်စွန့်ရာအရပ်၌သာလျှင် ချခဲ့၍ လာကြကုန်လောဟု သားတို့ကို စေလိုက်၏။ ထိုရွှေဟင်္သာငယ်တို့သည် ထိုအဘရွှေဟင်္သာမင်းဆိုတိုင်းသာလျှင် ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သာရိပုတ္တရာ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကျီးမသား ဝိနီလက ဖြစ်ဘူးပြီ။ ယခုအခါ နှစ်ပါးကုန်သောအဂ္ဂသာဝကတို့သည် ထိုအခါ ရွှေဟင်္သာမျိုး ညီနောင်စုံတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ အဘဖြစ်သော ရွှေဟင်္သာမင်း ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ဝိဒေဟမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မတူဘဲတု၊ ပျက်စီးမှု၊ ကြည့်ရှုဆင်ခြင်တွေ့

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိနီလဇာတ်သည် ပြီး၏။

*****