ဝိဓုရဇာတ်တော်ကြီး/အခန်း-၁၂

From Wikisource
Jump to navigation Jump to search
322832ဝိဓုရဇာတ်တော်ကြီး — ၁၂။ နဂါးပြည်မှ ပြန်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုစကားကိုကြားလျှင် ပုဏ္ဏကသည် ဘုရားလောင်းကို “သုခမိန်။ ယခု သွားအံ့။ မြင်းပေါ်သို့ တက်လော့”ဟု မနောမယမြင်းပျံပေါ်သို့ မိမိရှေ့ကတင်၍ နဂါးမင်း,မိဖုရားတို့အား ခွင့်ကြားပြောဆိုခဲ့ပြီးလျှင် နဂါးပြည်မှ လျင်စွာသော မြင်းပျံ၏အဟုန်ဖြင့် တစ်ခဏချင်း ကုရုရာဇ်တိုင်းသို့ ရောက်လေ၏။

တရားသဘင်၌ “ဝိဓူရသုခမိန်။ သင်သည်လည်း ပညာအစွမ်းဖြင့် အိမ်သို့ရောက်ပြီ၊ ငါသည်လည်း သင့်ကိုမှီ၍ ဣရန္ဓတီ မင်းသမီးကို ရပြီ။ ဤသင့်နေရာ၌ နေရစ်တော့”ဟု ချထားခဲ့၍ ကောင်းကင်ခရီးဖြင့် စာတုမဟာရာဇ်ပြည်သို့ သွားလေ၏။

(ထိုပုဏ္ဏကမြင်း၏ လျင်ခြင်းကား “စိတ်သည် အာရုံပြုသည်၏အစွမ်းအားဖြင့် သွားခြင်းသည် အလွန်မြန်၏။ ထို စိတ်သွားခြင်း လျင်မြန်သောထက်ပင်လျှင် မနောမယသိန္ဓောမြင်း၏ သွားခြင်းသည် လျင်မြန်လှ၏”ဟု ဟောတော်မူသည်။)

ထိုဘုရားလောင်းရောက်မည့်နေ့ မိုးသောက်ယံ၌ ဓနဉ္စယကောရဗျမင်းကြီးသည် အိပ်မက်မြင်၏။ အဘယ်သို့ မြင်သနည်းဟူမူကား-

“မင်းကြီးနန်းတော်တံခါးဝ၌ ပင်စည်ခိုင်ခံ့ ကြီးကျယ်စွာ ခက်မခက်ငယ် အသွယ်သွယ်ဖြာလျက်၊ ချိုဆိမ့်သောအသီးတို့ဖြင့် ပင်လုံးကျွတ်သီးလျက်၊ တန်ဆာဆင်အပ်သော ဆင်, မြင်း, နွားတို့ဖြင့် ဖုံးလွှမ်းလျက် သစ်ပင်ကြီးသည် တည်၏။ ထိုသစ်ပင်ကြီးအား လူအပေါင်းတို့သည် ကြီးစွာသော ပူဇော်သက္ကာရဖြင့် လက်အုပ်ချီ၍ ရှိခိုးဖူးမြင်ကြကုန်၏။ ထိုအခါ ရဲရဲနီစွာသော ပုဆိုး, ပန်း, နားတောင်းတို့ကို ဝတ်ဆင်ရစ်ပတ်လျက် ဓားလက်နက်စွဲထမ်း၍ ကြမ်းတမ်းရုန့်ရင်း မည်းနက်သော အရုပ်အဝါဖြင့် ယောက်ျားတစ်ယောက်သည် လာလတ်၍ ထိုသစ်ပင်ကို အရင်းကဖြတ်ပြီးလျှင် ဆွဲငင်ယူဆောင်၍ လူအပေါင်းတို့ ငိုကြွေးစဉ်ကပင်လျှင် သွားလေ၏။ တစ်ဖန် ထိုယောက်ျားသည် ထိုသစ်ပင်ကြီးကိုပင်လျှင် ယူခဲ့ပြန်သဖြင့် ရှေးကဲ့သို့ နေရာဟောင်းတွင်ပင် ပြကတေ့ စိုက်ထားခဲ့၍ သွားလေ၏”

ဤသို့သောအိပ်မက်ကို မြင်မက်၏။

မိုးသောက်လျှင် မင်းကြီးသည် မိမိမြင်မက်သော အိပ်မက်ကို ဖတ်၏။ “ဤအိပ်မက်သည် တစ်ပါး အကြောင်းကြောင့် မဟုတ်။ ဝိဓူရသုခမိန်ကြောင့် ထင်၏။ ဤသစ်ပင်ကြီးနှင့် တူသောသူ မည်သည်ကား ဝိဓူရသုခမိန်မှတစ်ပါး မရှိ။ ဝိဓူရသုခမိန်၏ပညာသည် အမြစ်, ပင်စည်နှင့်တူ၏။ သီလအကျင့်သည် ခက်မနှင့် တူ၏။ သူတစ်ပါးတို့အား တရားဟောခြင်းသည် ချိုဆိမ့်သောအသီးနှင့် တူ၏။ ထိုသစ်ပင်ကို လူအပေါင်းတို့ ငိုကြွေးစဉ်ပင် ဖြတ်ယူဆောင်လေသော ယောက်ျားဟူသည်လည်း တစ်ပါးမဟုတ်။ ဝိဓုရကို ဆောင်ယူလေသော ကစ္စည်းလုလင်ပင်တည်း။ ထိုဆောင်ယူလေသော ယောက်ျားပင် နေရာဟောင်းတွင် တစ်ဖန်စိုက်ထားလာပြန်ကိုထောက်သော် မချွတ်လျှင် လုလင်သည် ဝိဓုရကို ယနေ့ ဤတရားသဘင်သို့ ပို့လာလတ္တံ့”ဟု အိပ်မက်ကိုဖတ်လျက် ဝမ်းမြောက်ခြင်းသို့ရောက်၍၊ အလုံးစုံသော ဣန္ဒပတ္ထနဂိုရ်ပြည်ကို တန်ဆာဆင်စေပြီးသော် တရားသဘင်ကိုလည်း စီရင်ခင်းကျင်းလျက် တရားဟောနေရာကို တန်ဆာဆင်၍၊ ၁၀၁-ပါးသော ထီးဆောင်းမင်း, မှူးမတ်သူဌေးသူကြွယ် အလုံးစုံသော ပြည်သားပြည်သူ လူအပေါင်းခြံရံလျက် “ယနေ့ သင်တို့ ဝိဓူရသုခမိန်ကို ဖူးမြင်ကြရလတ္တံ့။ မစိုးရိမ်ကြနှင့်”ဟု နှစ်သိမ့်ပြောဆို၍၊ တရားသဘင်၌ ဝိဓုရ လာအံ့သောအခါကို မျှော်လင့်လျက် မင်းကြီး နေ၏။

ထိုအခါ ပုဏ္ဏကဘီလူးသည် ဝိဓူရသုခမိန်ကို တရားသဘင် ပရိသတ်အလယ်၌ ချထားခဲ့၍ ဣရန္ဓတီနှင့်အတူ စာတုမဟာရာဇ်နတ်ပြည်သို့ သွားလေ၏။

ဓနဉ္စယကောရဗျမင်းကြီးသည် ဝိဓူရသုခမိန်ကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းဖြင့် နေရာမှထ၍ ဝိဓူရသုခမိန်၏ လက်ရုံးကိုကိုင်လျက် မတုန်မလှုပ်စေသဖြင့် တရားသဘင် ပရိသတ်အလယ် တန်ဆာဆင်အပ်သောနေရာ၌ မိမိသို့ ရှေးရှုနေစေ၏။

မင်းကြီးသည် ထိုသို့နေစေပြီးသော် ဝိဓူရသုခမိန်နှင့် ကောင်းစွာ စကားပြောဟောလိုသောကြောင့် “တွံ နော ပန” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ဝိဓူရသုခမိန်။ ရထားထိန်းသည် ဖျက်ဆီးပြီးသောရထားကို တစ်ဖန် ကောင်းစွာလုပ်၍ ပို့လာဘိသကဲ့သို့၊ သင် သုခမိန်သည် ငါတို့နှလုံးကို ရွှင်စေလျက် ယခု ရောက်လာ၏။ ထိုလုလင်လက်မှ အဘယ်မည်သော အကြောင်းကြောင့် လွတ်ပါသနည်း။ ငါတို့အား ဖြစ်လေသောအခြင်းအရာကို ပြန်ပြောလော့”ဟု ဆို၏။

ဘုရားလောင်းသည် “ယံ မာဏဝေါ တျာဘိ ဝဒေတိ” အစရှိသော ဂါထာ၊ “ဘူမိန္ဒရော ဝရုဏော နာမ နာဂေါ” အစရှိသောဂါထာ၊ “တဿ သုမိစ္ဆာယ"အစရှိသော ဂါထာတို့ဖြင့် အလုံးစုံသောအကြောင်းကို မင်းကြီးအား ပြန်လျှောက်၏။

အဓိပ္ပာယ်ကား-

“လူအပေါင်းတို့ကို အစိုးရတော်မူသော မင်းကြီး။ အကျွန်ုပ်သည် အရှင်မင်းကြီးမှစ၍ မင်း၄-ပါးတို့အား စတုပေါသထိက ပြဿနာကို ဖြေရသောအခါ ဝရုဏနဂါးမင်းသည် အလွန် ကြည်ညိုသည်ဖြစ်၍ မိမိလည်၌ဆင်သော ပတ္တမြားဖြင့် ပူဇော်ပြီးလျှင် နဂါးပြည်သို့ သွား၏။ ထိုနဂါးမင်း၏မိဖုရားကား ဝိမလာဒေဝီ အမည်ရှိ၏။ ထိုဝိမလာဒေဝီသည် မိမိလင်၌ဆင်သော ပတ္တမြားကိုမမြင်လျှင် “ပတ္တမြားကို အဘယ်မှာ ထားခဲ့သနည်း” ဟု မေးသောအခါ၊ ဝရုဏနဂါးမင်းသည် အကျွန်ုပ်၏ ဂုဏ်ကို ချီးမွမ်း၍ “တရားကို ပူဇော်ခြင်းဖြင့် ဝိဓူရသုခမိန်အား ပူဇော်ခဲ့သည်”ဟု ပြော၏။ မိဖုရားသည် ထိုစကားကိုကြားလျှင် အကျွန်ုပ်၏တရားစကားကို ကြားနာလိုသောအားဖြင့် နာဟန်ပရိယာယ်ပြု၍ “ဝိဓူရသုခမိန်၏ နှလုံးသားကိုမရလျှင် သေတော့အံ့"ဟု မိမိလင် နဂါးမင်းအားကြားလျှင် နဂါးမင်းသည် မကောင်းသောအယူကို ယူမိသဖြင့်၊ မိမိသမီး ဣရန္ဓတီကို “ဝိဓူရသုခမိန်၏နှလုံးသားကို တရားသဖြင့် ဆောင်နိုင်မည့်လင်ကို သွား၍ရှာချေ” စေသောကြောင့် ထိုဣရန္ဓတီ နဂါးမင်းသမီးသည် သမုဒ္ဒရာနားဝယ် ယူဇနာ ၆၀-မြင့်သော ကာဠာဂိရိတောင်ထိပ်၌ တန်ဆာဆင်သောကိုယ်ဖြင့်နေလျက် သာယာစွာသောသီချင်းကိုသီလျက်-

“ပုဏ္ဏကအမည်ရှိသောဘီလူးသည် အလွန်ရဲရင့် ကြမ်းတမ်း၏”ဟု အရှင်မင်းကြီးတို့ ကြားဖူးသည် မဟုတ်ပါလော။ ထိုပုဏ္ဏကဘီလူးကား စာတုမဟာရာဇ်ပြည်ကို အစိုးရသော ကုဝေရနတ်မင်းကြီး၏တူတော် အမတ်စစ်သူကြီးတည်း။ ထိုပုဏ္ဏကသည် မနောမယသိန္ဓောမြင်းပျံနှင့် ကာဠာဂိရိတောင်ထိပ်သို့သွားစဉ် ဣရန္ဓတီ၏ သီချင်းသံကိုကြားလျှင် တပ်မက်မောသောစိတ်ရှိ၍၊ “ဣရန္ဓတီ၏အလိုဆန္ဒကို ပြည့်အောင်ဆောင်ရွက်ပါမည်” ဝန်ခံပြီးသော်၊ ဣရန္ဓတီသည် မိမိခမည်းတော် နဂါးမင်းထံ ပုဏ္ဏကကိုခေါ်၍သွားပြီးလျှင် “ဝိဓူရသုခမိန်၏နှလုံးသားကို တရားသဖြင့်ရအောင် ဆောင်ယူနိုင်၏”ဟု ဝန်ခံစေ၏။”

“ပုဏ္ဏကသည်လည်း နဂါးပြည်မှပြန်ခဲ့၍ စာတုမဟာရာဇ်နတ်မင်းကြီး ခွင့်မပေးဘဲလျက် ရာဇဂြိုဟ်ပြည်၏အနီး ဝေပုလ္လတောင်ထွတ်အတွင်း၌ ထားအပ်သော ပတ္တမြားကိုယူခဲ့ပြီးလျှင် လုလင်အသွင်ဆောင်၍ အရှင်မင်းကြီးနှင့် အန်လောင်းတမ်း ကစားလာ၏။ အရှင်မင်းကြီးကို အန်ခတ်ခြင်းဖြင့် နိုင်လေသော လုလင်ကား လူမဟုတ်။ ဤယခု အကျွန်ုပ်လျှောက်သော ပုဏ္ဏကသည် ဘီလူးတည်း။ ထိုပုဏ္ဏကသည် အရှင်မင်းကြီးနှင့် အန်လောင်းတမ်းကစား၍ နိုင်သောကြောင့် အကျွန်ုပ်ကို အရှင်မင်းကြီး ပေးပြီးသော်၊ ထိုပုဏ္ဏကကို အကျွန်ုပ်အိမ်၌ ၂-ရက်, ၃-ရက်ပတ်လုံး ၅၀၀-သောသတို့သမီး အလုပ်အကျွေးနှင့် ကြီးမြတ်သော ကာမဂုဏ်စည်းစိမ်ဖြင့် အကျွန်ုပ် ချီးမြှောက်လုပ်ကျွေး၏။”

“ပုဏ္ဏကသည် အကျွန်ုပ်ကို မြင်းမြီးဆွဲစေ၍ ဟိမဝန္တာအရပ် တော, တောင်, သစ်ပင် ထူထပ်ရာသို့ တိုးဝှေ့လျက် သေကြောင်း မကောင်းသောဆောင်ယူခြင်းဖြင့် ဆောင်ယူ၍၊ အကျွန်ုပ် မသေနိုင်သည်ကို မြင်ပြန်လျှင် တစ်ဖန် ၇-ကြိမ်လုံး လေသင်တုန်းအတွင်းသို့ မြင်းကိုစိုင်းနှင်၍ ကောင်းကင်၌သေစေခြင်းငှာ လုံ့လပြုလျက် အစဉ်သဖြင့်သွား၍၊ ယူဇနာ ၆၀-မြင့်သော ကာဠာဂိရိတောင်ထိပ်သို့ရောက်လျှင် ထိုတောင်ထိပ်၌ထား၍ ခြင်္သေ့အသွင်, ဆင်အသွင်, ဘီလူးအသွင် စသည်ဖြင့် များစွာအကြိမ်ကြိမ် ကြောက်မက်ဖွယ်ဖြင့် ခြောက်ခြိမ်းလျက် သေစေခြင်းငှာလုံ့လပြုသော်လည်း မသေနိုင်သော်၊ အကျွန်ုပ်သည် ပုဏ္ဏကအား “အဘယ်ကြောင့် ငါ့ကို သေစေလိုသနည်း”ဟု သေစေလိုခြင်းအကြောင်းကိုမေးလျှင် ပုဏ္ဏကလည်း အကြောင်းကို ပြန်ကြား၏။”

“ထိုအခါ ပုဏ္ဏကအား “သာဓုနရ” အမည်ရှိသောတရားကို အကျွန်ုပ် ဟော၏။ ထိုသာဓုနရတရားကို ကြားနာရလျှင် ပုဏ္ဏကသည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ အကျွန်ုပ်ကို ဣန္ဒပတ္ထနဂိုရ်ပြည်သို့ ပို့လိုသောစိတ်ရှိ၏။ ထိုသို့ဖြစ်သော်လည်း မပို့စေသေးဘဲ နဂါးပြည်သို့ ဆောင်စေ၍ နဂါးမင်းအားလည်းကောင်း၊ ဝိမလာဒေဝီအားလည်းကောင်း အကျွန်ုပ်သည် တရားဟော၏။ ထိုသို့ ဟောသောအခါ နဂါးမိဖုရား, နဂါးပရိသတ်တို့သည် ကြည်ညိုကုန်၏။ နဂါးမင်းသည် မိမိပြည်၌ အကျွန်ုပ်နှင့် ၆-ရက်ပတ်လုံး အညီအညွတ်ပြောဟော၍ နေသောအခါ မိမိသမီး ဣရန္ဓတီကို ပုဏ္ဏကဘီလူးစစ်သူကြီးအား လက်ထပ်မင်္ဂလာ ဆောင်နှင်းပေ၏။ ပုဏ္ဏကသည် ဣရန္ဓတီ နဂါးမင်းသမီးကိုရလျှင် အလွန်ဝမ်းမြောက် ကြည်လင်သောစိတ် ရှိသည်ဖြစ်၍ ပတ္တမြားရတနာဖြင့် ပူဇော်၏။”

“ဝရုဏနဂါးမင်း, ဝိမလာဒေဝီမိဖုရားတို့က “သုခမိန်နှင့်ကွေကွင်းသဖြင့် ဓနဉ္စယမင်းကြီး ပင်ပန်းစိုးရိမ်ခြင်း ဖြစ်လတ္တံ့။ ကြာမြင့်စွာ ဤပြည်၌ ငါတို့နေစေခြင်းငှာ မလျောက်ပတ်။ ယခု သုခမိန်ကို သင် ပို့ချေ”ဟု ပုဏ္ဏကကို ဆိုလျှင်၊ ပုဏ္ဏကသည် မနောမယမြင်းပျံပေါ်၌ အကျွန်ုပ်ကို ရှေ့ကတင်၍ မိမိကား နောက်ကစီးလျက် ဣရန္ဓတီကို အလယ်ကထားပြီးလျှင် ဤရာဇဌာနီ မင်းနေပြည်သို့လာ၍ တရားသဘင် ပရိသတ်အလယ်၌ အကျွန်ုပ်ကို ချထားခဲ့ပြီးသော်၊ ဣရန္ဓတီ နဂါးမင်းသမီးကိုယူ၍ မိမိနေရာ စာတုမဟာရာဇ် နတ်ပြည်သို့ သွားလေ၏။”

“ဤသို့ အရှင်မင်းကြီး။ ပုဏ္ဏကသည် ဣရန္ဓတီအား တပ်မက်သောစိတ်ဖြင့် အလိုရှိသောကြောင့် အကျွန်ုပ်ကို သတ်လိုသောငှာ ဆောင်ယူလာ၏။ ထိုသို့ ဖြစ်သော်လည်း အကျွန်ုပ်ကိုမှီ၍ နဂါးမင်းသမီး ဣရန္ဓတီကိုလည်း ပုဏ္ဏကသည် ရလေသဖြင့် မိမိအလိုအတိုင်း ပြည့်စုံ၏။ နဂါးမင်း, ဝိမလာဒေဝီ မိဖုရားတို့သည် အကျွန်ုပ်၏ တရားပညာတည်းဟူသော နှလုံးကိုရသဖြင့် နှစ်သက်ဝမ်းမြောက်စွာ မိမိတို့အလိုလည်း ပြည့်စုံလေ၏။ နဂါးမင်းသည် ကြည်ညိုမြတ်နိုးသဖြင့် အကျွန်ုပ်အား လူ့ပြည်သို့ အနူးအညွတ် လွှတ်ပေသည်ဖြစ်၍၊ အကျွန်ုပ်သည် ပုဏ္ဏက၏လက်၌ ခပ်သိမ်းသောအလိုကို ပေးတတ်လျက် စကြာရသောမင်းတို့သာ သုံးဆောင်ခြင်းငှာထိုက်သော ပတ္တမြားကိုလည်း ရအပ်၏။”

“အရှင်မင်းကြီး။ ပုဏ္ဏကသည် ကျေးဇူးတုံ့သိသဖြင့် ပေး၍ရအပ်သော ဤအကျွန်ုပ်၏ ပတ္တမြားရတနာကို အရှင်မင်းကြီးအား ဆက်ပါ၏။ ယူတော်မူပါလော့”ဟု ပေး၏။

ထိုသို့ပေးသည်မှ တစ်ညဉ့် မိုးသောက်သောနေ့၌ မင်းကြီးသည် မိမိမြင်မက်သောအိပ်မက်ကို ပြည်သူပြည်သားတို့အား ကြားလို၍ “ငါ၏နေပြည်တော်၌နေကုန်သော မှူးမတ်ပရိသတ် ပြည်သားပြည်သူ လူအပေါင်းတို့။ ငါ၏အိပ်မက်ကို နာကြကုန်”ဟု “ရုက္ခော ဟိ မယှံ ဒွါရေသု”အစရှိသော ဂါထာ၊ “နစ္စဂီတ တူရိယာဘိ နာဒိတေ” အစရှိသောဂါထာတို့ဖြင့် အိပ်မက်ကိုပြန်၍ “ယေ ကေစိ ဝိတ္တာ”အစရှိသော ဂါထာ၊ ယေကေစိ ဗန္ဓာ” အစရှိသောဂါထာ၊ “ဥန္နင်္ဂလာ” အစရှိသော ဂါထာ၊ “မဟာပထံ နိစ္စသမော”အစရှိသော ဂါထာတို့ကို ဆို၏။

အဓိပ္ပာယ်ကား-

“ငါ၏ မှူးတော်မတ်တော် ပြည်သားပြည်သူအပေါင်းတို့။ ငါ၏သုခမိန် ရောက်မည့်နေ့ ညဉ့်မိုးသောက်ယံ၌ ငါအိပ်မက်တော်မူသည်ကား ငါ၏နန်းတော်တံခါးဝ၌ ပညာတည်းဟူသော ပင်စည်၊ သီလတည်းဟူသော အခက်, အရွက်, အပွင့်၊ ၅-ပါးသော နွားနို့အရသာတည်းဟူသော အသီးနှင့်ပြည့်စုံစွာ တန်ဆာဆင်အပ်သော ဆင်, မြင်း, နွားလားတို့ဖြင့် ဖုံးလွှမ်းလျက်၊ သစ်ပင်ကြီးတစ်ခုသည် ပေါက်သောအားဖြင့် မတုန်မလှုပ်တည်၏။ ပရိသတ်အပေါင်းတို့သည် ကခြင်း,သီခြင်း,တီးမှုတ်ခြင်းတို့ဖြင့် ခြံရံ၍နေစဉ် ထိုသစ်ပင်ကြီးကို မည်းနက်သောအဆင်းရှိသော ယောက်ျားတစ်ယောက်သည် ပရိသတ်အပေါင်းကို ပြေးစေလျက် ဖြတ်၍ဆောင်ယူလေ၏။ တစ်ဖန် ထိုသစ်ပင်ကြီးသည် ဤတည်မြဲသောနေရာ၌ပင်လျှင် ပရိသတ်တို့ငိုကြွေးစဉ် ပြကတေ့ရောက်လာပြန်၏။”

“ဤသစ်ပင်ကြီးသည်ကား ငါ၏အမတ်ကြီး ဝိဓူရသုခမိန် လျှင်တည်း။ ထိုဝိဓူရသုခမိန် တည်းဟူသော သစ်ပင်ကြီးကို သင်တို့ ပြည်သားပြည်သူအပေါင်းတို့ ပူဇော်သက္ကာရ ပြုကုန်လော့။ ငါ၏ အမှူးအမတ် ပရိသတ်တို့။ သင်တို့သည် ငါ၏ ချီးမြှောက်တော်မူအပ်သော အဆောင်အရွက်တို့ဖြင့် အသီးအသီး ဆောင်ရွက်ကျင်းပ ခင်းကျင်းကြကုန်၍ ထူးမြတ်သော ပဏ္ဏာလက်ဆောင်တို့ဖြင့် ဤသစ်ပင်ကြီးအား အရိုအသေ ပူဇော်ကြကုန်။”

“ဤငါ၏အမတ်ကြီး ဝိဓူရသုခမိန်သည် အနှောင်အဖွဲ့မှလွတ်သကဲ့သို့ ငါ၏မြို့တော်၌ မင်းပြစ်သင့်၍ ထောင်တန်း နှောင်အိမ် စသည်တို့၌ အနှောင်အဖွဲ့ ခံရကုန်သောသူတို့ကို လွှတ်စေ။ ပိုက်ကွန် မြှုံး ညွှတ်ကျော့ကွင်းတို့ဖြင့် ဖမ်းမိကုန်သော သား, ငါး, ငှက်တို့ကိုလည်း လွှတ်စေ။ မုဆိုး တံငါ မလုပ်စေနှင့်။ ဤလအတွင်း၌ လယ်ယာကိုင်းကျွန်း လုပ်သူတို့မှာလည်း ထွန်တုံးထောင်ခြင်း စသည်ဖြင့် မလုပ်မဆောင်စေနှင့်။ ကုန်သည်တို့မှာလည်း မရောင်းမဝယ်စေနှင့်။ တစ်မြို့လုံး စည်လည်၍ အလိုရှိတိုင်း ပွဲသဘင်ခံလျက် မြူးထူးရွှင်ပျကြစေ။ ပုဏ္ဏား, မင်းဆရာတို့မှာလည်း သားပြွမ်းထမင်းစသော မြိန်မြတ်ရာ စားသောက်၍ ရွှင်ပျော်စေ။ သေသောက်ကြူးတို့လည်း သေတင်းကုပ်၌ သေရည်ဖြင့်ပြည့်သောအိုးတို့ကို ကျင်းပ၍ စိတ်ရှိသောက်စားစေ။ နတ်သမီးကဲ့သို့သော အဆင်းကိုဆောင်ကုန်သော ပြည့်တန်ဆာမတို့လည်း တန်ဆာဆင်အပ်သော မင်းလမ်းမ၌ ကိလေသာဖြင့်အလိုရှိကုန်သော ယောက်ျားတို့ကို စိတ်ရှိရာ ခေါ်ဝေါ်မြူးထူးစေ။ သားငှက်မှစ၍ တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲသတ်ပုတ်ခြင်း, ဆဲရေးခြင်း မရှိကြစေနှင့်၊ ဤငါ၏ အိပ်မက်တော်မူသော သစ်ပင်ကြီးကဲ့သို့ ပြည်သူတို့နှစ်လိုခြင်းကို ဆောင်တတ်သော ငါ၏အမတ်ကြီး ဝိဓူရသုခမိန်သည် မိမိအိမ်သို့ ယခု ရောက်လာပြီ။ အရိုအသေ ပဏ္ဏာကာရ များစွာနှင့် ပူဇော်သက္ကာရ ပြုကြစေ”ဟု မင်းကြီးဆိုလျှင်၊

ထိုမင်းမိန့်ရှိတိုင်း အမတ်တို့သည် ပွဲသဘင်ကြီးစွာစီရင်၍ တစ်လပတ်လုံး ဘုရားလောင်း ဝိဓူရသုခမိန်အား မင်းမိဖုရား, မောင်းမကိုယ်လုပ်, မင်းညီ, မင်းသားမလွတ်, မှူး, မတ်, ပြည်သူ လူအပေါင်းတို့သည် ထိုက်လျောက်ရာ ပဏ္ဏာလက်ဆောင်တို့ဖြင့် လာလတ်၍၊ ဘုရားလောင်းကိုမြင်လျှင် အပေါ်တင်, အပေါ်လွှမ်း, ဦးရစ်ခေါင်းပေါင်း စသည်တို့ကိုပစ်လွှားလျက် အားရရွှင်လန်း ဝမ်းမြောက်စွာ ပူဇော်ဆက်သ ဖူးမြင်ကြကုန်၏။

(ဤသို့ ဘုရားလောင်း ဝိဓူရသုခမိန်သည် ကြမ်းတမ်းလှစွာသော ပုဏ္ဏကဘီလူး, ဝရုဏနဂါးမင်းတို့ကို ဟုတ်မှန်စွာပြောဆိုခြင်းတည်းဟူသော သစ္စာ။ သူတစ်ပါးကို မထိမပါး ကိုယ်အားမချီးမြှောက် အကြောက်အရွံ့မရှိဘဲ ပကတိသဘောတမ်း လမ်းမှန်စွာသွားသော ယောက်ျားကဲ့သို့ စီးပွားချမ်းသာများကြောင်း တရားစကားကိုပြောဆိုခြင်း တည်းဟူသော ဓမ္မ။ ရန်သူ့လက်သို့ ရောက်သည်မှစ၍ တွေးဆမြော်ချင့် အခွင့်အမှု တစ်ခုမကြွင်း မလစ်ဟင်းရအောင် သတိမလွတ် မပြတ်လုံ့လပြုခြင်း တည်းဟူသော ဝီရိယ။ ရန်သူဖြစ်သော ပုဏ္ဏက, ဝရုဏနဂါးတို့အား ကိုယ်တော်၏အသက်ကိုစွန့်ခြင်း၊ ထိုသူတို့၏ အလိုဆန္ဒကိုပေးခြင်း တည်းဟူသော စာဂ။ ဤသို့ သစ္စ, ဓမ္မ, ဝီရိယ, စာဂ တည်းဟူသော ရန်အောင်ကြောင်း တရား ၄-ပါးနှင့်ပြည့်စုံစွာ မုသာဝါဒမှ ကြဉ်ခြင်းဟုဆိုအပ်သော သစ္စာ၊ ပိသုဏဝါစာမှ ကြဉ်ခြင်းဟု ဆိုအပ်သော သုဘာသိတ၊ ဖရုသဝါစာမှ ကြဉ်ခြင်းဟုဆိုအပ်သော ပိယဝါစာ၊ သမ္ဖပ္ပလာပမှ ကြဉ်ခြင်းဟု ဆိုအပ်သော ဓမ္မဝါစာ။

ဤသို့ သစ္စဝါစာ, သုဘာသိတဝါစာ, ပိယဝါစာ, ဓမ္မဝါစာ စကားကောင်း အင်္ဂါ ၄-ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ရန်သူဖြစ်သော ပုဏ္ဏကဘီလူးကိုလျက်လည်း ကိုယ်တော်၏အစေအပါးဖြစ်သော သူကဲ့သို့ ပြုတော်မူ၏။ ဝရုဏနဂါးမင်းကိုလည်း အတိုင်းထက်အလွန် ကြည်ညိုမြတ်နိုးခြင်းကို ပွားစေ၏။ ဤသို့ ရှေးပညာရှိတို့ ကျင့်ထုံးဝတ္ထုသက်သေကိုထောက်၍ လူပညာရှိတို့သည် တစ်စုံတစ်ခုမျှ အမှုအခွင့်ရောက်လျှင် ကြောက်လန့်မေ့လျော့ ယွင်းချွတ်ခြင်းကိုမဖြစ်စေမူ၍၊ သစ္စ, ဓမ္မ, ဝီရိယ, စာဂ ဤရန်အောင်ကြောင်းတရား ၄-ပါးနှင့်ပြည့်စုံစွာ အသာအယာ အခွင့်ကိုချင့်၍ နာသင့်နာပျော်အောင် ဆောင်ရွက်ရာသည်။ သစ္စ, ဓမ္မ, ဝီရိယ, စာဂ ရန်အောင်ကြောင်း တရား ၄-ပါးနှင့်ပင် ပြည့်စုံငြားသော်လည်း စကားမချိုသာလျှင် လိုရာအမှုမပြီး ရန်မီးမသေ ရှိတတ်ချေသည်။ ထို့ကြောင့် သုဘာသိတ, ပိယဝါစာ စကားကောင်း အင်္ဂါကိုလည်း ပြည့်စုံစေရာသည်။ ဤကား အလျဉ်းသင့်၍ စကားချပ်လိုက်သည်။)

ဘုရားလောင်း သုခမိန်သည် ထိုသို့ တစ်လပတ်လုံး ပွဲသဘင်ပြုပြီးသည်၏ နောက်ကာလတို့၌လည်း ရှေးနည်းအတူ တရားသဘင်၌ သဗ္ဗညုတဉာဏ်အလို့ငှာ ဗုဒ္ဓကိစ္စကို ပြီးစေလျက် မင်းမိဖုရားမှစ၍ ပြည်သားပြည်သူ လူအပေါင်းတို့အား တရားဟောမြဲ, အဆုံးအမ ပေးမြဲအတိုင်း ဒါနကထာ, သီလကထာ စသည်တို့ဖြင့် အဆုံးအမပေးတော်မူ၍၊ အသက်၏အဆုံး၌ ကောင်းမှုကိုပြုသောသူတို့၏ လားရာ တာဝတိံသာနတ်ပြည်၌ ဖြစ်တော်မူလေ၏။ ဓနဉ္စယမင်းကြီး, မိဖုရားမှစ၍ ခပ်သိမ်းကုန်သော ပြည်သူပြည်သား အပေါင်းတို့သည်လည်း ဘုရားလောင်း အဆုံးအမ၌တည်၍ အလှူပေးခြင်း, နေ့တိုင်းမပြတ် ပဉ္စသီလကို ဆောက်တည်ခြင်း, ဥပုသ်နေ့၌ ဥပေါသထသီလကို ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုကို ပြုကျင့်ကြကုန်သဖြင့် နတ်ပြည်သို့ လားကြကုန်၏။