ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၁

From Wikisource
Jump to navigation Jump to search
ဝိဓုရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁။ မင်း ၄-ပါးတို့ ဥပုသ် သုံးခန်း

လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျ အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုမင်း၏ အကျိုးကိုလည်းကောင်း, အကြောင်းကိုလည်းကောင်း ဆုံးမတတ်သော အမတ်ပညာရှိသည်ကား ဝိဓုရ အမည်ရှိ၏။

ထိုဝိဓုရသုခမိန်သည် သာယာစွာသောစကားဖြင့် လူအပေါင်းတို့အား တရားဟော၏။ ဇမ္ဗူဒီပကျွန်းအပြင်၌နေကုန်သော မင်းအပေါင်းတို့သည် ဆင်ကို နှစ်သက်စေတတ်သောစောင်းကို တီးလျှင် ဆင်အပေါင်းတို့သည် ထိုစောင်းသံ၌ တပ်မက်ခြင်းဖြင့် မခွာရက်သကဲ့သို့ သာယာလှစွာသောတရားသံဖြင့် ကြည်ညိုတပ်မက်ကြသည်ဖြစ်၍၊ မိမိတို့ပြည်သို့မျှ ခွာ၍မပြန်ရက်နိုင် ဖြစ်ကြကုန်၏။

ဝိဓုရအမတ်သုခမိန်သည် ဘုရား၏တင့်တယ်ခြင်းဖြင့် မင်း အစရှိသော လူအပေါင်းတို့အား တရားဟောလျက် များစွာသော စည်းစိမ်အခြံအရံဖြင့် ထိုဣန္ဒပတ္ထနဂိုရ်ပြည်၌ ထင်ရှားစွာနေ၏။

ဗာရာဏသီပြည်၌လည်း အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသူကြွယ် ၄-ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကိုမြင်၍ များစွာသော စည်းစိမ်ကိုစွန့်ပစ်လျက် ဟိမဝန္တာသို့သွား၍ ရသေ့ရဟန်းပြုသဖြင့် အဘိညာဉ် သမာပတ်ကိုဖြစ်စေ၍၊ တောသစ်မြစ်, သစ်သီးသာလျှင် အစာရှိကုန်လျက် ဟိမဝန္တာ၌ ကာလအရှည်နေကြပြီးမှ ချဉ်,ဆား မှီဝဲလိုသောငှာ မြို့,ရွာ,ဇနပုဒ်တို့သို့ လှည့်လည်သွားလာကြသော်၊ အင်္ဂတိုင်း စမ္ပာနဂိုရ်ပြည်သို့ ရောက်လေ၍ မင်း၏ဥယျာဉ်၌ နေကြကုန်၏။

မိုးသောက်လျှင် ဆွမ်းအလို့ငှာ မြို့သို့ဝင်လေကုန်သော် ထိုမြို့၌ သူကြွယ်အဆွေခင်ပွန်း ၄-ယောက်တို့သည် ထိုရသေ့တို့၏ သွားခြင်း, ရပ်ခြင်းအစရှိသော ဣရိယာပုထ်ကိုမြင်လျှင် ကြည်ညို၍ ရသေ့တို့၏အထံသို့ ကပ်ကြကုန်လျက် ရှိခိုး၍ သပိတ်ကိုယူပြီးသော်၊ မိမိ, မိမိတို့အိမ်သို့ တစ်ပါးစီပင့်၍ မွန်မြတ်သောခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးသော်၊ “ဤအရပ်၌နေ၍ နေ့တိုင်းမပြတ် အကျွန်ုပ်တို့အိမ်သို့ ဆွမ်းစားကြွတော်မူပါကုန်”ဟု တောင်းပန်၍၊ ပဋိညာဉ်ကိုရလျှင် ထိုဥယျာဉ်၌ နေစေကုန်၏။

ရသေ့တို့လည်း နေ့တိုင်း ထိုသူကြွယ်တို့၏အိမ်သို့ သွား၍ ဆွမ်းစားပြီးသော် နေ့နေလိုသောငှာ တစ်ရပ်စီခွဲ၍ သွားကြကုန်၏။

တစ်ပါးသောရသေ့ကား တာဝတိံသာနတ်ပြည်သို့သွား၍ နေ့နေ၏။ တစ်ပါးကား နဂါးပြည်သို့သွား၍ နေ့နေ၏။ တစ်ပါးကား ဂဠုန်ပြည်သို့သွား၍ နေ့နေ၏။ တစ်ပါးကား ဣန္ဒပတ္ထနဂိုရ်ပြည် ဓနဉ္စယကောရဗျမင်း၏ မိဂါဇိန်အမည်ရှိသော ဥယျာဉ်သို့သွား၍ နေ့နေ၏။

ထို၄-ယောက်သောရသေ့တို့တွင် တာဝတိံသာသို့ သွားသောရသေ့သည် မိမိဒကာအား မိမိမြင်ခဲ့သည့်အတိုင်း သိကြားမင်းစည်းစိမ်ကို ချီးမွမ်း၍ ဟောပြော၏။ နဂါးပြည်သို့သွားသော ရသေ့သည် နဂါးမင်းစည်းစိမ်ကို, ဂဠုန်ပြည်သို့သွားသောရသေ့သည် ဂဠုန်မင်းစည်းစိမ်ကို, ကောရဗျမင်းဥယျာဉ်သို့သွားသော ရသေ့သည်လည်း ကောရဗျမင်းစည်းစိမ်ကို မိမိတို့မြင်ခဲ့သည့်အတိုင်း မိမိတို့ဒကာ အလုပ်အကျွေးသူကြွယ်တို့အား အသီးအသီး ချီးမွမ်း၍ပြောကြကုန်၏။

သူကြွယ် ၄-ယောက်တို့လည်း မိမိတို့ဆရာရှင်ရသေ့ ချီးမွမ်းသောစည်းစိမ်ကို အသီးအသီး အလိုရှိကြကုန်သဖြင့် အလှူပေးခြင်း, သီလဆောက်တည်ခြင်း အစရှိသောကောင်းမှုကို ပြုကြကုန်လျက် အသက်အတိုင်းနေ၍ စုတေကြလတ်သော် သိကြားအဖြစ်ကို တောင့်တသော သူကြွယ်သည် သိကြားဖြစ်လေ၏။ နဂါးအဖြစ်ကို တောင့်တသောသူကြွယ်သည်လည်း မိမိသား,မယားနှင့်တကွ နဂါးဖြစ်လေ၏။ ဂဠုန်မင်းစည်းစိမ်ကို တောင့်တသောသူကြွယ်သည် လက်ပံတောဗိမာန်၌ ဂဠုန်မင်း ဖြစ်လေ၏။ ကောရဗျမင်းစည်းစိမ်ကို တောင့်တသောသူကြွယ်သည် ဓနဉ္စယကောရဗျမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ နေလေ၏။

ရသေ့ ၄-ယောက်တို့သည်လည်း မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာပြည်၌ ဖြစ်ကြလေကုန်၏။

ကောရဗျမင်းသားသည်ဖွား၍ အရွယ်ရောက်လတ်သော် ခမည်းတော်လွန်သဖြင့် မင်းကျင့်တရားနှင့်အညီ မင်းပြု၏။ ထိုရောအခါဝယ် ကောရဗျမင်းကြီးသည်ကား အန်ကစားကြူး၏။ ဝိဓူရသုခမိန် အဆုံးအမ၌တည်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။

ထိုကောရဗျမင်းသည် တစ်နေ့သောဥပုသ်နေ့၌ ဥပုသ်ဆောက်တည်ပြီးသော် “ဆိတ်ငြိမ်ခြင်းကို ပွားစေအံ့”ဟု ဥယျာဉ်သို့သွား၍၊ နှလုံးမွေ့လျော်ရာအရပ်၌နေလျက် ရဟန်းတရားကို ပွားစေ၏။

သိကြားမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နတ်ပြည်၌ ကြောင့်ကြစိုးရိမ်ခြင်း, နှောင့်ယှက်ခြင်း များသည်ဟု လူ့ပြည်သို့လာ၍ ထိုဥယျာဉ်၏ နှလုံးမွေ့လျော်ရာအရပ်၌နေလျက် ရဟန်းတရားကို ပွားစေ၏။

နဂါးမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နဂါးပြည်၌ ကြောင့်ကြများသည်ဟု ထိုဥယျာဉ်သို့လာ၍ နှစ်သက်ရာအရပ်၌နေလျက် ရဟန်းတရားကို ပွားစေ၏။

ဂဠုန်မင်းသည်လည်း ဂဠုန်ပြည်၌ ကြောင့်ကြများသည်ဟု ဂဠုန်ပြည်မှ ထိုဥယျာဉ်သို့လာ၍ နှစ်သက်ရာအရပ်၌နေလျက် ရဟန်းတရားကို ပွားစေ၏။

ထိုမင်း၄-ပါးတို့သည် ညချမ်းသောအခါ မိမိတို့နေရာမှထွက်ခဲ့၍ မင်္ဂလာရှိသော ၄-ထောင့်ကန်နား၌ အညီအညွတ် တွေ့ကြုံကြသော် အချင်းချင်းကြည့်ကြ၍၊ ရှေး၌ အဆွေခင်ပွန်း ဖြစ်ဖူးသောအားဖြင့် ချစ်ခင်ကြင်နာ ဝမ်းမြောက်စွာ, သာယာစွာ စကားပြောဆိုကြပြီးလျှင်၊ သိကြားမင်းသည် မင်္ဂလာရှိသောကျောက်ဖျာထက်၌ နေ၏။ မင်း၃-ပါးတို့သည်လည်း သင့်ရာအရပ်၌ နေကြကုန်၏။

ထိုရောအခါ သိကြားမင်းသည် “မင်း၃-ပါးတို့။ ယခု ငါတို့ ၄-ယောက် စောင့်ကြသောသီလတွင် အဘယ်သူ၏သီလသည် မြတ်မည် ထင်ကြသနည်း”ဟု မေး၏။

ဝရုဏနဂါးမင်းသည် “အရှင်သိကြားမင်း။ အကျွန်ုပ်၏သီလသည် မင်း၃-ပါးတို့၏သီလထက် မြတ်မည်ထင်၏”ဟု ဆို၏။ “အဘယ့်ကြောင့်နည်း”ဟု မေးလျှင်၊ “ဤဂဠုန်မင်းသည် အကျွန်ုပ်ကို အန္တရာယ်မပြုသည် ဖြစ်စေ။ ဂဠုန်တို့မည်သည် အကျွန်ုပ်တို့အသက်အန္တရာယ်ကို ပြုတတ်၏။ ထိုသို့ အသက်အန္တရာယ်ကိုပြုတတ်သော ဂဠုန်မင်းကို မြင်ရတွေ့ရသော်လည်း ကြောက်လန့်စိုးရိမ်ခြင်း မရှိ။ မိမိဝေဒနာကို ပမာဏမပြုသဖြင့် သည်းခံခြင်းမြတ်သောကြောင့် အကျွန်ုပ်၏သီလသည် မင်း၃-ပါးတို့၏သီလထက် မြတ်သည် ထင်ပါသည်”ဟု ဆို၍ ဒသကနိပါတ် စတုပေါသထဇာတ်၌လာသော-

“ယော ကောပနေယျေ န ကရောတိ ကောပံ၊ န ကုဇ္ဈတိ သပ္ပုရိသော ကဒါစိ။

ကုဒ္ဓေါပိ သော နာဝိကရောတိ ကောပံ၊ တံ ဝေ နရံ သမဏမာဟု လောကေ။”

ဟူသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“မင်း ၃-ပါးတို့။ အကြင်သူသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်စေမူ၍ အခါခပ်သိမ်းပင်လျှင် သည်းခံ၏။ ရံခါ အမျက်ထွက်သော်လည်း ထိုမိမိထွက်သောအမျက်ကို ထင်စွာ မပြု။ ထိုသို့သဘောရှိသေ သူတော်ကောင်းကိုလျှင် ဤလောက၌ “ငြိမ်းပြီးသောမကောင်းမှု ရှိသောသူ”ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ဤသို့ အမျက်မထွက်ခြင်း၊ သည်းခံခြင်းကျေးဇူးသည် အကျွန်ုပ်၌ရှိသောကြောင့် အကျွန်ုပ်၏သီလသည် ကြီးမြတ်၏”ဟု ဆို၏။

(ဤစကား၌ ခန္တီဝါဒီ ရှင်ရသေ့သည် အပြစ်မရှိဘဲလျက် နှိပ်စက်သော ကလာဗုမင်းအား အချင်းခပ်သိမ်း အမျက်မထွက်သကဲ့သို့လည်းကောင်း, စူဠဗောဓိ ရှင်ရသေ့သည် မိမိခင်ပွန်း ရသေ့မအား ဗာရာဏသီမင်းကြီး ဖျက်ဆီးမည်အကြံရှိသည်ကိုသိ၍ နှလုံးမသာမယာရှိသော်လည်း ထိုအချက်ကို အပြင်သို့မထွက်ရ၊ လက်ခုပ်ထဲ၌ရှိသော မီးပွားကို ပြင်တစ်ပါး အမှိုက်မီးစာသို့ မကျမိစေရဘဲ လက်ခုပ်ထဲ၌ပင်လျှင် သေငြိမ်းအောင် ကြိတ်နယ်ဘိသကဲ့သို့ အမျက်ကို ထင်စွာမပြု။ ဤသို့ကျင့်သော စူဠဗောဓိ ရှင်ရသေ့ကဲသို့လည်းကောင်း သည်းခံရမည် ဆိုလိုသည်။)

ထိုစကားကိုကြားလျှင် ဂဠုန်မင်း ဆိုပြန်၏။ “မင်းကြီးတို့။ ဤနဂါးမင်းသည် အကျွန်ုပ်တို့၏အစာတွင် အမြတ်ဆုံးတည်း။ ဤသို့သောအစာကို မြင်၍လည်း မွတ်သိပ်ခြင်းကိုသည်းခံလျက် အစာတည်းဟူသောအကြောင်းကြောင့် မကောင်းမှုကို မပြု။ ထို့ကြောင့် အကျွန်ုပ်၏သီလသည် မင်း၃-ပါးတို့၏သီလထက် မြတ်၏” ဟုဆို၍-

“ဦနူဒရော ယော သဟတေ ဇိဃစ္ဆံ၊ ဒန္တော တပဿီ မိတပါနဘောဇနော။

အာဟာရဟေတု န ကရောတိ ပါပံ၊ တံ ဝေ နရံ သမဏမာဟု လောကေ။”

ဟူသောဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“မင်းကြီးတို့။ အကြင်သူသည် အလွန်မွတ်သိပ်သော်လည်း အစာတည်းဟူသောအကြောင်းကြောင့် ယုတ်မာသောအမှုကို မပြု။ အတိုင်းအရှည် တန်ရုံမျှသော အစာအဖျော်တို့ကိုသာ မှီဝဲလျက် ဣန္ဒြေကို ကောင်းစွာဆုံးမ၍ သီလကိုမကျိုးမပျက်ရအောင် ကောင်းစွာစောင့်၏။ ထိုသို့ သဘောရှိသောသူကို ဤလောက၌ “ငြိမ်းပြီးသော မကောင်းမှုရှိသောသူ”ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ဤအစာတည်းဟူသောအကြောင်းကြောင့် မကောင်းမှုကိုမပြုခြင်းသည် အကျွန်ုပ်၌ ယခု ပြည့်စုံ၏။ ထို့ကြောင့် အကျွန်ုပ်၏သီလသည်လျှင် မြတ်၏”ဟု ဆို၏။

(ဤစကား၌ အစာတည်းဟူသော အကြောင်းကြောင့် သီလပျက်ကောင်းသည်ကို မဆိုနှင့်ဦး။ သီလပျက်ကောင်းသော အရာ၌ပင်သော်လည်း အရှင်သာရိပုတ္တရာသည် “လေနာပေါ်သောအခါ အဘယ်ဆေးဖြင့် ပျောက်ဖူးသနည်း”ဟု အရှင်မောဂ္ဂလာန် မေးလျှောက်သောကြောင့် “ထောပတ်ဖြင့် ပျောက်ဖူး၏”ဟု ဆိုသည့် စကားကိုပင်လျှင် “အစာ၌ လော်လည်ခြင်းဖြစ်သည်”ဟု စက်ဆုပ်တော်မူ၍ အရှင်မောဂ္ဂလာန်ခံဆောင်ခဲ့သော ထောပတ်ကို မသုံးဆောင်ဘဲနေ၏။ ဤသို့ သူတော်ကောင်းတို့သည် သီလမပျက်ကောင်းသော အရာ၌ပင်သော်လည်း အစာကြောင့် လော်လည်ခြင်းမရှိ ဆိုလိုသည်။)

ထိုဂဠုန်မင်းစကားကိုကြားလျှင် သိကြားမင်း ဆိုပြန်၏။ “မင်းများတို့။ ငါသည် အထူးထူးအပြားပြား များလှစွာသောနတ်စည်းစိမ်ကိုစွန့်၍ သီလစောင့်လိုသောငှာ ဤလူ့ပြည်သို့ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့သီလထက် မြတ်၏”ဟု ဆို၍-

“ခိဍ္ဍံ ရတိံ ဝိပ္ပဇဟိတွာန သဗ္ဗံ၊ န စာလိကံ ဘာသတိ ကိဉ္စိ လောကေ။

ဝိဘူသနဋ္ဌာနာ ဝိရတော မေထုနသ္မာ၊ တံ ဝေ နရံ သမဏမာဟု လောကေ။”

ဟူသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“မင်းများတို့။ အကြင်သူသည် ကိုယ်ဖြင့် မြူးထူးခြင်း, နှုတ်ဖြင့် မြူးထူးခြင်းကိုကြဉ်၍ စိုးစဉ်းမျှလည်း ပျက်စကားကို မဆို။ တဏှာ၏အကြောင်းဖြစ်သော အသားကို ပြေပြစ်ပြည့်ဖြိုးစေခြင်းငှာ အစာ မမှီဝဲ။ အရေ၏ ပြေပြစ်စေခြင်းငှာ ပန်း, နံ့သာ, နံ့သာပျောင်း, အခိုး, အထုံ စသည်တို့မှလည်းကောင်း, မေထုန်မှလည်းကောင်း ရှောင်ကြဉ်၏။ ထိုသို့သဘောရှိသော သူကို ဤလူ့ပြည်၌ “ငြိမ်းပြီးသော မကောင်းမှုရှိသောသူ”ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း နတ်ပြည်၌ အလွန်အဆင်းလှသော နတ်သမီးအပေါင်းတို့ကိုစွန့်၍ ဤလူ့ပြည်၌ သီလဆောက်တည်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် မြတ်၏”ဟု ဆို၏။

ထိုသိကြားမင်းစကားကိုကြားလျှင် ဓနဉ္စယကောရဗျမင်းသည် ဆိုပြန်၏။ “မင်းများတို့။ ငါသည် များစွာသော ဥစ္စာကိုလည်းကောင်း, ၁-သောင်း ၆-ထောင်သော မောင်းမတို့ဖြင့်ပြည့်သော ရွှေနန်းစည်းစိမ်ကိုလည်းကောင်း စွန့်၍ ဤဥယျာဉ်၌ ဥပုသ်စောင့်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့စောင့်သောသီလထက် မြတ်၏”ဟု ဆို၍-

“ပရိဂ္ဂဟံ လောဘဓမ္မဉ္စ သဗ္ဗံ၊ ယော ဝေ ပရိညာယ ပရိစ္စဇေတိ။

ဒန္တံ ဌိတတ္တံ အမမံ နိရာသံ၊ တံ ဝေ နရံ သမဏမာဟု လောကေ။”

ဟူသော ဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“မင်းများတို့ အကြင်သူသည် ခန္ဓာ ၅-ပါး အစရှိသည်တို့၏ သဘောလက္ခဏာကို သိတတ်သော ဉာတပရိညာဉ်၊ ထိုခန္ဓာ ၅-ပါး စသည်တို့၏ အနှစ်သာရ မရှိသည်ကို စူးစမ်းဆင်ခြင်တတ်သော တီရဏပရိညာဉ်၊ ထိုခန္ဓာ ၅-ပါးတို့သည် ပျက်စီးခြင်း, ဖောက်ပြန်ခြင်း စသောအပြစ်သာလျှင် ရှိ၏, အကျိုးမရှိဟု ဟုတ်မှန်တိုင်းသိပြီး၍ “ငါ၏ကိုယ်”ဟု မှတ်ထင်သော ဆန္ဒရာဂကို ပယ်နုတ်ခြင်းတည်းဟူသော ပဟာနပရိညာဉ်၊ ဤပရိညာဉ် ၃-ပါးတို့ဖြင့် သဘောအလျောက် ပိုင်းဖြတ်ခြားနားစွာ သိပြီး၍ စည်းစိမ်ဥစ္စာ အခြွေအရံ အစရှိသော ဝတ္ထုကာမ, ထိုဝတ္ထုကာမကို တပ်မက်သော ကိလေသာကာမတို့ကို ပယ်စွန့်၍၊ အစွယ်ကျိုးသော မြွေကဲ့သို့ အမျက်ရန်ငြိုးတို့ကို မရှိစေရ နှိမ်နင်းခြင်း၊ ဤသို့ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟံသာဝိတက်ဟုဆိုအပ်သော အကြံအစည်တို့ကို မဖြစ်စေရသဖြင့် ကိုယ်,စိတ်၏ ငြိမ်သက်တည်ကြည်ခြင်း၊ သားမယားတို့၌ မတပ်မက်ခြင်းနှင့် ပြည့်စုံ၏။ ထိုသို့ သဘောရှိသောသူကို ဤလူ့ပြည်၌ “ငြိမ်းပြီးသော မကောင်းမှုရှိသောသူ”ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း သားမယားတို့နှင့်တကွ ရွှေနန်းစည်းစိမ်ကိုစွန့်၍ သီလစောင့်ခြင်းငှာ ဤဥယျာဉ်သို့ လာသောကြောင့် ပညာရှိတို့ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍၊ ငါ၏သီလသာ မြတ်၏”ဟု ဆို၏။

ဤသို့ မင်း၄-ပါးတို့သည် မိမိတို့သီလကိုသာလျှင် ချီးမွမ်းကြကုန်၏။ သိကြားမင်း, ဂဠုန်မင်း, နဂါးမင်းတို့သည် ဓနဉ္စယကောရဗျမင်းကို “ဓနဉ္စယမင်းကြီး။ သင်၏ ပြည်နိုင်ငံ၌ ငါတို့ယုံမှားခြင်းကို ဖျောက်နိုင်သော ပညာရှိသုခမိန် မရှိလော”ဟု မေးကြကုန်၏။

ဓနဉ္စယမင်းလည်း “မင်းကြီးတို့။ ပညာရှိသုခမိန် ရှိ၏။ ငါ၏အကျိုးစီးပွားကို ပြညွှန်ဆုံးမတတ်သော အမတ်ကြီးသည် ဝိဓုရ အမည်ရှိ၏။ ထိုဝိဓုရအမတ်သုခမိန်သည် ကြီးကျယ်သောပညာလည်း ရှိ၏။ သာယာနာပျော်ဖွယ်သော အသံနှင့်လည်း ပြည့်စုံ၏။ ငါတို့ ယခုယုံမှားခြင်းကို ပျောက်စေနိုင်လတ္တံ့။ ဝိဓူရအမတ်ကြီးထံသွား၍ အဆုံးအဖြတ် ခံကြကုန်အံ့”ဟု ဆို၏။

မင်း၃-ပါးတို့လည်း “ကောင်းပြီ။ သွားကြကုန်အံ့”ဟု အညီအညွတ် ဥယျာဉ်မှထွက်ခဲ့၍၊ တရားစီရင်ဆုံးဖြတ်ရာ သဘင်သို့ သွားပြီးသော် မြတ်သောပလ္လင်ကို တန်ဆာဆင်၍၊ ဝိဓုရအမတ်သုခမိန်ကို ပလ္လင်ထက်နေစေပြီးလျှင် ပဋိသန္ဓာရစကားပြောဟော၍ မိမိတို့ယုံမှားခြင်းပြဿနာကို မေးလိုသောကြောင့်-

“ပုစ္ဆာမ ကတ္တာရမနောမပည၊ ကထာသု နော ဝိဂ္ဂဟော အတ္ထိ ဇာတော။

ဆိန္ဒဇ္ဇ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊ တဒဇ္ဇ ကင်္ခံ ဝိတရေမု သဗ္ဗေ။”

ဟူသော ဂါထာဖြင့် ရွတ်မေးကုန်၏။

အဓိပ္ပာယ်ကား-

“မယုတ်သောပညာရှိသော သုခမိန်အမတ်ကြီး။ ငါတို့ မင်း၄-ပါး၌ သီလကိုမှီ၍ တစ်ခုသော အငြင်းအခုံစကား ဖြစ်ကြကုန်၏။ ထိုငါတို့ယုံမှားခြင်းကို သင်အမတ်ကြီးသည် ဝဇိရစိန်လက်နက်ဖြင့် မြင်းမိုရ်တောင်ကို ခတ်ဘိသကဲ့သို့ ထက်လှစွာသောပညာဖြင့် ဖြောင့်စေ၍ ဟုတ်မှန်သောအတိုင်း ဆုံးဖြတ်လော့”ဟု ဆိုကြကုန်၏။

ထိုအခါ ဝိဓုရအမတ်သုခမိန်သည် “အရှင်မင်းကြီးတို့။ ပညာရှိ တရားသူကြီးတို့သဘောသည် အငြင်းအခုံစကားကို ကြားသိရမှ ကောက်ယူ ဆုံးဖြတ်သာသည်။ အငြင်းအခုံစကားကို မကြားမသိရလျှင် မဆုံးဖြတ်သာဖြစ်သည်။ အရှင်မင်းကြီး။ နတ်များသခင်သိကြားမင်းကား မည်သို့ဆိုသည်၊ ကုရုတိုင်းသူ လူတို့၏သခင် အရှင်မင်းကြီးကား မည်သို့ဆိုသည်၊ ဝိနတအမျိုးဖြစ်သော ဂဠုန်မင်းကား မည်သို့ဆိုသည်၊ နဂါးမင်းကား မည်သို့ဆိုသည်ကို အမိန့်တော်ရှိတော်မူကြမှ ကောက်ယူ ဆုံးဖြတ်သာပါမည်”ဟု မင်း၄-ပါးတို့၏အယူကို မေး၏။

မင်း၄-ပါးတို့သည်လည်း မိမိတို့အငြင်းအခုံစကားကို ဝိဓုရအမတ်အား ပြန်ကြားလို၍-

“ခန္တိံ ဟဝေ ဘာသတိ နာဂရာဇာ၊ အပ္ပါဟာရံ ဂရုဠော ဝေနတေယျာ။

ဂန္ဓဗ္ဗရာဇာ ရတိဝိပ္ပဟာရံ၊ အကိဉ္စနံ ကုရူနံ ရာဇသေဋ္ဌော။”

ဟူသောဂါထာဖြင့် မင်း၄-ပါးတို့၏အယူကို ပြ၏။

အနက်ကား-

ပဏ္ဍိတ၊ သုခမိန်။ ဟဝေ၊ စင်စစ်။ နာဂရာဇာ၊ နဂါးမင်းသည်။ ခန္တိံ၊ သည်းခံခြင်းကို။ ဘာသတိ၊ ဆို၏။ ဝေနတေယျာ၊ ဝိနတ အမျိုးဖြစ်သော။ ဂရုဠော၊ ဂဠုန်မင်းသည်။ အပ္ပါဟာရံ၊ အစာကြောင့် မကောင်းမှုကို မပြုခြင်းကို။ ဘာသတိ၊ ဆို၏။ ဂန္ဓဗ္ဗရာဇာ၊ သိကြားမင်းသည်။ ရတိဝိပ္ပဟာရံ၊ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်းကို။ ဘာသတိ၊ ဆို၏။ ကုရူနံ၊ ကုရုတိုင်းသူတို့၏။ ရာဇသေဋ္ဌော၊ မင်းမြတ်သည်။ အကိဉ္စနံ၊ ကြောင့်ကြမရှိခြင်းကို။ ဘာသတိ၊ ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ နဂါးမင်းသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်မူ၍ သည်းခံခြင်းကို ချီးမွမ်း၏။ ဂဠုန်မင်းသည် အစာမွတ်သိပ်သည် ဖြစ်သော်လည်း အစာတည်းဟူသောအကြောင်းကြောင့် မကောင်းမှုကိုမပြု၊ ကြဉ်ရှောင်ခြင်းကို ချီးမွမ်း၏။ သိကြားမင်းသည် ကာမဂုဏ် ၅-ပါးတို့၌ မွေ့လျော်ပျော်ပါးခြင်းမှ ကြဉ်ရှောင်ခြင်းကို ချီးမွမ်း၏။ ကုရုတိုင်းသူတို့၏ သခင်ဖြစ်သော ဓနဉ္စယမင်းသည် ကြောင့်ကြမရှိသောအဖြစ်ကို ချီးမွမ်း၏”ဟု အယူကို ပြန်ဆိုကြကုန်၏။

ထိုဝိဓူရသုခမိန်သည် မင်း၄-ပါးတို့၏ စကား၄-ခွန်းကိုကြားလျှင် ဟုတ်မှန်တိုင်းသိပြီး၍ ဖြောင့်မှန်စွာ ဖြေဆိုဆုံးဖြတ်လိုသောကြောင့်-

“သဗ္ဗာနိ ဧတာနိ သုဘာသိတာနိ၊ န ဟေတ္ထ ဒုဗ္ဘာသိတမတ္ထိ ကိဉ္စိ။

ယသ္မိဉ္စ ဧတာနိ ပတိဋ္ဌိတာနိ၊ အရာဝ နာဘျာ သုသမာဟိတာနိ။

စတုဗ္ဘိ ဓမ္မေဟိ သမင်္ဂိဘူတံ၊ တံ ဝေ နရံ သမဏမာဟု လောကေ။”

ဟူသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီးတို့။ ယခု ဆိုတော်မူကြသည့် စကား၄-ခွန်းသည် ကောင်းသောစကားချည်း ဖြစ်သည်။ စိုးစဉ်းမျှ မကောင်းသောအရာ မရှိ။ ဥပမာကား လှည်းပုံတောင်း၌ ကောင်းစွာနှက်အပ်သော အကန့်ကဲ့သို့တည်း။ အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်း, အစာကြောင့် မကောင်းမှုကိုမပြုခြင်း, ကာမဂုဏ်၌မွေ့လျော်ခြင်းမှ ကြဉ်ခြင်း, ကြောင့်ကြမရှိခြင်း ဂုဏ်နှင့် ပြည့်စုံ၏။ ထိုဂုဏ် ၄-ပါးနှင့် ပြည့်စုံသောသူကို ဤလူ့ပြည်၌ “ငြိမ်းပြီးသော မကောင်းမှု ရှိသောသူ”ဟူ၍ ပညာရှိတို့ ဆိုကုန်၏”

ဤသို့ ဘုရားလောင်း ဝိဓူရသုခမိန်သည် မင်း၄-ပါးတို့၏ သီလကို ထပ်တူပြုတော်မူ၏။

ထိုစကားကိုကြားလျှင် မင်း၄-ပါးတို့သည် နှစ်သက် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ ဝိဓုရသုခမိန်အား ကောင်းချီးပေးလိုသောကြောင့်-

“တုဝဉှိ သေဋ္ဌော တွမနုတ္တရောသိ၊ တွံ ဓမ္မဂူ ဓမ္မဝိဒူ သုမေဓော။

ပညာယ ပဉှံ သမဝိဂ္ဂဟေတွာ၊ အစ္ဆေဇ္ဇိ ဓီရော ဝိစိကိစ္ဆိတာနိ။

အစ္ဆေဇ္ဇိ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊ စုန္ဒော ယထာ နာဂဒန္တံ ခရေန။”

ဟူသောဂါထာကို ဆိုကုန်၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင်သည်ကား သူတော်မြတ်တည်း။ သင်သုခမိန်နှင့် နှိုင်းယှဉ်စရာ တစ်စုံတစ်ယောက်မျှ မရှိ။ မိမိ၏အရှင်ဖြစ်သည်ဟူ၍ ဆန္ဒ, ဘယ, အဂတိသို့ မလိုက်။ တရားကို သိမြင်သည်နှင့်အညီ တရားကိုစောင့်၏။ လောက၌ ထင်ရှားသောပညာနှင့် ပြည့်စုံ၏။ မိမိပညာအစွမ်းဖြင့် ငါတို့ပြဿနာကို “ဤအရာ၌ ဤသည်ကား ဤအကြောင်းတည်း”ဟု ဟုတ်မှန်စွာစူးစမ်းဆင်ခြင်၍ သိတိုင်း ငါတို့ယုံမှားခြင်းကို ဆုံးဖြတ်ပေ၏။ မြတ်သောအဆုံးအဖြတ်သည်လည်း ငါတို့စိတ်နှင့် မဆန့်ကျင်။ ငါတို့အလိုနှင့်လည်း လျော်၏။ တရားနှင့်လည်း ညီ၏။ ဆင်စွယ်ပွတ်သမားသည် ထက်စွာသောလွှဖြင့် ဆင်စွယ်ကိုဖြတ်သကဲ့သို့ ပိုင်းပိုင်းခြားခြား တရားနှင့်လျော်ညီအောင် ဆုံးဖြတ်ပေ၏”ဟု ကောင်းချီးပေးကြကုန်၏။

ထိုအခါ သိကြားမင်းသည် ဝိဓူရသုခမိန်အား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်လို၍-

“နီလုပ္ပလာဘံ ဝိမလံ အနဂ္ဃံ၊ ဝတ္ထံ ဣဒံ ဓူမသမာနဝဏ္ဏံ။

ပဉှဿ ဝေယျာကရဏေန တုဋ္ဌော၊ ဒဒါမိ တေ ဓမ္မပူဇာယ မီရ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် ငါးနှစ်သက်၏။ သင်သုခမိန်အား တရားကို ပူဇော်ခြင်းအလို့ငှာ ကြာညိုအဆင်းကဲ့သို့တောက်ပလျက် အညစ်အကြေးမရှိ အဖိုးများစွာထိုက်သော မီးခိုးအဆင်းရှိသော ဤဘွဲ့ဖြူပုဆိုးကို ငါပေး၏”ဟုဆို၍ ဘုရားလောင်းအား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်၏။

ဂဠုန်မင်းသည်လည်း ရွှေပန်းဖြင့် ပူဇော်လို၍-

“သုဝဏ္ဏမာလံ သတပတ္တဖုလ္လိတံ၊ သကေသရံ ရတနသဟဿမဏ္ဍိတံ။

ပဉှဿ ဝေယျာကရဏေန တုဋ္ဌော၊ ဒဒါမိ တေ ဓမ္မပူဇာယ ဓီရ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ငါ၏ယုံမှားခြင်းကို ဖျောက်သဖြင့် ငါနှစ်သက်သည်ဖြစ်၍ သင့်အား တရားကိုပူဇော်ခြင်းအလို့ငှာ ဝတ်ဆံတို့ဖြင့်တင့်တယ်စွာ ပွင့်ချပ် ၁၀၀-ရှိသော, ရတနာမျိုး ၁၀၀၀-တို့ဖြင့် တန်ဆာဆင်အပ်သော ဤရွှေပန်းကို ငါပေး၏”ဟု ဆို၏။

နဂါးမင်းသည်လည်း ပတ္တမြားဖြင့် ပူဇော်လို၍-

“မဏိံ အနဂ္ဃံ ရုစိရံ ပဘဿရံ၊ ကဏ္ဌာ ဝသတ္တံ မဏိဘူသိတံ မေ။

ပဉှဿ ဝေယျာကရဏေန တုဋ္ဌော၊ ဒဒါမိ တေ ဓမ္မပူဇာယ ဓီရ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် သင့်အား ငါနှစ်သက်သည်ဖြစ်၍ တရားကို ပူဇော်ခြင်းအလို့ငှာ ပြိုးပြိုးပြက် နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် တင့်တယ်လျက် အဖိုး အတိုင်းမသိထိုက်သော ပတ္တမြားမျက်မြတ်တို့ဖြင့် ထက်ဝန်းကျင်ဆန်းကြယ်စွာ ငါ၏လည်၌ဆင်သော ဤပတ္တမြားကို သင့်အား ငါပေး၏”ဟုဆို၍ ပတ္တမြားဖြင့် ပူဇော်၏။

ဓနဉ္စယကောရဗျမင်းသည်လည်း ဆင်, မြင်း စသည်တို့ဖြင့် ပူဇော်လို၍-

“ဂဝံ သဟဿံ ဥသဘဉ္စ နာဂံ၊ အာဇညယုတ္တေ စ ရထေ ဒသ ဣမေ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊ ဒဒါမိ တေ ဂါမဝရာနိ သောဠဿ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်။ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသည်ဖြစ်၍ ငါ နှစ်သက်၏။ သင့်အား နို့ညှစ်နွားမ ၁၀၀၀၊ နွားလားဥသဘ, ဆင်, မြင်း, သိန္ဓောမြင်း က,သော ရထား ၁၀-စီး၊ ရွာကြီး ၁၆-ရွာ၊ ဤအလုံးစုံကို ငါပေး၏”ဟု ဆို၏။

ဤသို့ မင်း၄-ပါးတို့သည် ဘုရားလောင်း ဝိဓူရသုခမိန်အား အသီးအသီး တရားပူဇော်ခြင်းဖြင့် ပူဇော်ခဲ့၍ မိမိတို့နေရာပြည်သို့ သွားကြကုန်၏။