ဝိဓုရဇာတ်တော်ကြီး/နိဂုံး ပိုဒ်စုံရတု

From Wikisource
Jump to navigation Jump to search
ဝိဓုရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
နိဂုံး ပိုဒ်စုံရတု

အေးမျက်သီတာ။    ။ဂန္ဓမာတွင်၊ နံ့သာဆူဆူ၊ မွှေးအတူသား၊ မဉ္ဇူသက၊ ပင်ရုက္ခဝယ်၊ အလှအဆန်း၊ ပွင့်သည့်ပန်းကို၊ လန်းလန်းသီရုံး၊ ဆွတ်ယူကုံး၍၊ သက်လုံးမြတ်လေး၊ ဆင်တော့ပေးသို့၊ ပျံ့အေးဂုဏ်အင်၊ သုံးလူ့ရှင်၏၊ သုံးခွင်ဒေသနာ၊ ပင်ရိပ်သာမှ၊ ဤစာဝိဓူ၊ ပွင့်ပဉ္ဇူကို၊ အယူမခက်၊ အနက်ထင်ထင်၊ ဓိပ္ပာယ်ဆင်၍၊ မသင်ဘူးသား၊ သူတို့အားကို၊ နားလည်စိမ့်ငှာ၊ ထုတ်စီပါဟု၊ ရွာတွင်ရွာထူး၊ ရွာများမှူးဖြင့်၊ မင်းပူးမည်ရှိ၊ ရပ်သိရိ၌၊ ကဝိတစ်ယောက်၊ “တစ်”ခေါ်လောက်သား၊ မောင်ထောက်တွင်ခြင်း၊ မိတ်ဆွေရင်းလျှင်၊ ဝပ်စင်းရိုသေ၊ တောင်းပန်ထွေကြောင့်၊ ပေ၉-ကြောင်းစာ၊ ၄-အင်္ဂါဖြင့်၊ သိသာစေမှု၊ ထုတ်ဖော်ပြုရှင့်၊ ဗဟုသုတ၊ ကုန်လောက်လှစွာ၊ ပညာဝါတို့၊ ဤရာဤ၌၊ ဤမထိုက်ဟု၊ အဆိုက်အသွား၊ စကားရှေ့နောက်၊ နှိုင်းညှိထောက်၍၊ ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာလှောက်ကူ၊ ပြင်တော်မူရှင့်၊ အယူဒွိဟ၁၊ မကျနမူ၊ မောဟဆို့ပိတ်၊ ကုသိုလ်ဟိတ်ဖြင့်။    ။ဉာဏ်စိတ် ထောက်ကြပါစေသောဝ်။

မွေးညက်ဆီမှာ။    ။ကျဂွမ်းဝါသို့၊ ရသာချိုအိမ့်။ နှလုံးဖိမ့်၍၊ နှစ်သိမ့်စေမှု၊ ဤဝတ္ထုကို၊ ပြု၍မငြို၊ ဤကုသိုလ်ကြောင့်၊ ထိုထိုနောင်ခါ၊ သံသရာ၌၊ ဝါနာမကုန်၊ လည်ရတုံလည်း၊ လုံးစုံပညာ၊ အင်၈-ဖြာနှင့်၊ ဝိသာရဒ၊ တတ်ကုန်င,လျက်၊ ဗုဒ္ဓအလောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်းထုံးနည်း၊ နိသျည်းကို၊ ငါလည်းဤတူ၊ ရပါမူလော့၊ လူမလိမ္မာ၊ လူမိစ္ဆာနှင့်၊ ကြုံလာတော်မိ၊ တွေ့ရဘိလည်း၊ ဒိဋ္ဌိပယ်နွေး၊ စင်စွာဆေး၍၊ နည်းပေးဆရာ၊ မြောက်လိုပါ၏။ ကြမ်းစွာဒေါသ၊ ဂုဏ်မာနနှင့်၊ ပပလွှားလွှား၊ သူတို့အားလည်း၊ တရားသဖြင့်၊ တစ်ခွန်းရင့်ကာ၊ အသင့်နှလုံး၊ ယူကျုံးကြည်ညို၊ ညွတ်စေလို၏။ ထိုထိုခက်စွာ၊ ခွင့်ရေးရာ၌၊ ပညာနေဝန်း၊ ကဲ့သို့ထွန်း၍၊ ငြိစွန်းမထင်၊ နှံ့သိမြင်လျက်၊ များဖြင်သတ္တ၊ ရှိသမျှကို၊ သုခတိုက်ကျွေး၊ ဖြည့်သိမ်းမွေး၍၊ ရန်ဘေးကင်းပြို၊ လွှတ်ရလို၍၊ ကြည်ညိုမေတ္တာ၊ သူတကာလည်း၊ ကြင်နာနှစ်သက်၊ အဆက်ဆက်လျှင်၊ တိုးတက်လျှံဖိတ်၊ ဉာဏ်နိမိတ်ဖြင့်။    ။ပဏ္ဍိတ် မြောက်ရပါစေသောဝ်။

လေးနက်ဤစာ။    ။ပြီးသည်မှာကား၊ အဇာတသတ်၊ မင်းမြတ်ပြုနောက်၊ ဤနှစ်ရောက်အောင်၊ လျှံတောက်သာသနာ၊ ဒွယာတြိ၊ ဒွိနှင့်သတ္တ၊ သင်္ချာရ၏။ ဒီသက္ကရာဇ်၊ ဂေါဇာနှစ်ကား၊ ဇက်နှင့်ဧက၊ ဇယပဉ္စာ၊ ခုသင်္ချာ၌၊ မဟာအမရ၊ ရွှေပြည်မကို၊ နရထိပ်ပန်း၊ စိုးသိမ်းမြန်း၍၊ ရွှေနန်းထောက်ခံ၊ ဘိသိက်ခံလျက်၊ ဘုန်းလျှံတောက်ပ၊ ထွန်းသစ်စတွင်၊ လ-ကား ဝါခေါင်၊ တောင်လေဆောင်၍၊ ကျွန်းသောင်မြစ်ဝှမ်း၊ ကမ်းပြည့်လျှမ်းလျက်၊ တင်းကြမ်းရေပြင်၊ ကိုင်းပင်ဖေါင်ပွင့်၊ ဖွေးဖွေးဆင့်၍၊ ကျူးရင့်ချိန်ဆုံး၊ ပဇ္ဇုန်ဖုံး၍၊ ထစ်ချုန်းရိုက်မြည်၊ မိုးပွဲစည်လျက်၊ စိုပြည်မြေပြင်၊ ပန်းသစ်ပင်လည်း၊ ညွန့်ရှင်ဆိုင်းဆိုင်း၊ ရိပ်ညိုမှိုင်းနှင့်၊ ခက်ကျိုင်းလန်းလန်း၊ မြရည်သွန်းသို့၊ ထက်ဝန်းစုံညီ၊ သိဟ်ရာသီ၌၊ တိထီလဆုတ်၊ ခြောက်ရက်ဟုတ်သား၊ မည်ထုတ်ဝေါဟာ၊ နေ့အင်္ဂါတည်း၊ အခါကောင်းမြတ်၊ မွန်းတိမ်းညွတ်တွင်၊ နက္ခတ်ပြိဿ၊ စန်းဥစ်ရရှင့်၊ ကာလဤ၌၊ အပြီကျိုက်သို့၊ သုံးတိုက်သတ္တ၊ ရှိသမျှလည်း၊ တောင့်တရာရာ၊ လွတ်ကာမဆိတ်၊ ကောင်းကျိုးစိတ်ဖြင့်။    ။ရန်မြိတ် ပျောက်ကြပါစေသောဝ်။

ပိုဒ်စုံရတု ပြီး၏။

ဤတွင်ရွေ့ ဝိဓုရဇာတ်တော်ကြီး ပြီးပြည့်စုံပြီ။