ဝိဋဋူဘဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပုပ္ဖဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃။ ဝိဋဋူဘဝတ္ထု
324804ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပုပ္ဖဝဂ် — ၃။ ဝိဋဋူဘဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၃။ ဝိဋဋူဘဝတ္ထု

ပုပ္ဖာနိဟေဝ ပစိနန္တံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ကြီးစွာသော ရေအလျဉ်သည် လွှမ်းမိုးဖိစီးလျက် နှစ်မြှုပ်ကာသတ်အပ်သော ပရိသတ်နှင့်တကွ သေလေသော ဝိဋဋူဘကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပသေနဒီ ကောသလမင်းကြီး၊ ဗန္ဓုလစစ်သူကြီးနှင့် မဟာလိလိစ္ဆဝီမင်းတို့၏ အကြောင်း

သာဝတ္ထိပြည်၌ မဟာကောသလမင်းကြီး၏ သားတော်သည် ပသေနဒီမင်းသား မည်၏။ ဝေသာလီပြည်၌ လိစ္ဆဝီမင်း၏ သားတော်သည် လိစ္ဆဝီမင်းသား မဟာလိ မည်၏။ ကုသိနာရုံပြည်၌ မလ္လာမင်း၏သားတော်သည် ဗန္ဓုလ မည်၏။ ဤသို့ ဤသုံးယောက်သော မင်းသားတို့သည် အရပ်လေးမျက်နှာမှ လာကုန်သောသူတို့၏ အကြီးအမှူးဖြစ်သော ဒိသာပါမောက္ခ ဆရာ့အထံ၌ အတတ်ပညာ သင်ယူခြင်းငှာ တက္ကသိုလ်ပြည်သို့သွားကြရာ မြို့မှအပဖြစ်သော ဇရပ်သို့ အတူတကွ ရောက်ကြကုန်သဖြင့် အချင်းချင်း လာခြင်း၏ အကြောင်းကိုလည်းကောင်း၊ အမျိုးအနွယ်ကိုလည်းကောင်း၊ အမည်ကိုလည်းကောင်း မေးကြ၍ အဆွေခင်ပွန်းဖြစ်ကြပြီးလျှင် အတူတကွ ဆရာ့ထံချဉ်းကပ်လျက် အတတ်ပညာကို သင်ကြားကြကုန်သည်ရှိသော် မကြာမြင့်မီ တတ်မြောက်အောင် သင်ယူအပ်ပြီးသော အတတ်ပညာရှိကုန်သဖြင့် ထိုမင်းသား သုံးယောက်တို့သည် ဆရာကိုပန်ကြားပြီးလျှင် အတူတကွ ထွက်ခဲ့ကြရာ မိမိ,မိမိတို့နေရာ တိုင်းပြည်တို့သို့ ရောက်သွားကြလေကုန်၏။ ထိုမင်းသားတို့တွင် ပသေနဒီမင်းသားသည် ခမည်းတော်အား အတတ်ကို ပြလတ်သည်ရှိသော် သားအား မြတ်နိုးသဖြင့် ခမည်းတော်သည် မင်းအဖြစ်ဖြင့် အဘိသိက်သွန်း၍ မင်းပြုစေတော်မူလေ၏။

မဟာလိမင်းသားသည်လည်း လိစ္ဆဝီမင်းတို့အား အတတ်ကို ပြသည်ရှိသော် ကြီးစွာသော အားထုတ်ခြင်းဖြင့် ပြလေ၏။ ထိုမဟာလိမင်းသား၏ မျက်စိတို့သည် ပေါက်ကွဲပျက်စီး၍ သွားကုန်၏။ လိစ္ဆဝီမင်းတို့လည်း “ဪ- ဖြစ်ရလေခြင်း၊ ဆရာသည် မျက်စိကွယ်ပျက်ခြင်းသို့ ရောက်ခဲ့ရလေပြီတကား၊ ထို့ကြောင့် မဟာလိမင်းသားကို ငါတို့ မစွန့်ကုန်အံ့၊ ငါတို့ လုပ်ကျွေးသမှု ပြုစုကုန်အံ့”ဟု အခွန်တစ်သိန်းထွက်သော တံခါးတစ်ခုကို ပေးထားကြလေကုန်၏။ ထိုမဟာလိမင်းသားသည် ထိုတံခါးကို အမှီပြု၍ ငါးရာ အတိုင်းအရှည်ရှိသော လိစ္ဆဝီမင်းသားတို့ကို အတတ်သင်ပေးလျက် နေလေ၏။

ဗန္ဓုလမင်းသားသည်ကား ခြောက်ဆယ်, ခြောက်ဆယ်သော ဝါးကို ယူဆောင်စေ၍ ဝါးစည်းအလယ်၌ သံချောင်းကို ထည့်သွင်းသဖြင့် စိုက်ထောင်၍ ထားအပ်ကုန်ပြီးသော ဝါးအစည်း ခြောက်ဆယ်တို့ကို မလ္လာမင်းသားတို့က “ဤဝါးစည်းတို့ကို ပြတ်အောင် ခုတ်ဖြတ်စေသတည်း”ဟုဆိုလျှင် အတောင်ရှစ်ဆယ်မျှလောက်သော ကောင်းကင်သို့ခုန်တက်၍ သန်လျက်ဖြင့် ပြတ်အောင်ခုတ်ဖြတ်ကာ သွားလေ၏။ ဗန္ဓုလမင်းသားသည် အဆုံးဖြစ်သော ဝါးစည်း၌ သံချောင်း၏ ကိရီဟူ၍ မြည်သောအသံကို ကြားရ၍ “ဤအသံကား အဘယ်နည်း”ဟု မေးလတ်သော် အလုံးစုံသော ဝါးစည်းတို့၌ သံချောင်းတို့ ထားသည်အဖြစ်ကို သိရလျှင် သန်လျက်ကိုစွန့်ပစ်၍ ငိုကြွေးလျက် “ငါ့အား ဤမျျအတိုင်းအရှည်ရှိသော ဆွေမျိုး, နှလုံးချစ်ကျွမ်းဝင်သောသူတို့တွင် တစ်ယောက်သောသူမျှလည်း ချစ်ခင်ခြင်းရှိသဖြင့် ဤအကြောင်းကို မပြောကြား၊ ငါသည် အကယ်၍ သိရပါမူကား သံချောင်းသံကို မမြည်စေမူ၍သာလျှင် ဖြတ်နိုင်ရာ၏”ဟု ဆိုပြီးလျှင် မယ်တော် ခမည်းတော်တို့အား “ဘုရားသားတော်သည် အလုံးစုံသော ဤသူတို့ကိုသတ်၍ မင်းအဖြစ်ကို ပြုလို၏”ဟု ပြောကြားလေ၏။ မယ်တော် ခမည်းတော်တို့ကလည်း “ချစ်သား- အစဉ်အဆက်ဖြစ်သော ဤမင်းအဖြစ်မည်သည်ကို ဤသို့ပြုခြင်းငှာ မရအပ်”ဟု အထူးထူးအပြားပြားအားဖြင့် တားမြစ်လေ၏။ “ထိုသို့ဖြစ်မူ ငါ့သူငယ်ချင်းအထံသို့ သွားတော့အံ့”ဟု ကြံ၍ သာဝတ္ထိပြည်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းသည်လည်း သူငယ်ချင်း ဗန္ဓုလမင်းသား လာကြောင်းကို ကြားရလေလျှင် ခရီးဦးကြိုဆို၍ များစွာကြီးကျယ်သော ပူဇော်သက္ကာရဖြင့် ထိုဗန္ဓုလမင်းသားကို သာဝတ္ထိပြည်သို့ သွင်းသဖြင့် စစ်သူကြီးအရာ၌ ထားလေ၏။ ထိုဗန္ဓုလမင်းသားသည် မယ်တော် ခမည်းတော်တို့ကိုလည်း ခေါ်စေ၍ သာဝတ္ထိပြည်၌သာလျှင် နေခြင်းကို ပြုလေ၏။

ကောသလမင်းကြီးနှင့် အရှင်အာနန္ဒာ

ထို့နောက် တစ်နေ့သ၌ ပသေနဒီ ကောသလမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် ခရီးလမ်းမကို ကြည့်ရှုသည်ရှိသော် အနာထပိဏ် သူဌေးကြီး၏လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီး၏လည်းကောင်း၊ သုပ္ပါဝါသာ ဒါယိကာမကြီး၏လည်းကောင်း ဤသူတို့၏အိမ်သို့ နေ့စဉ်မပြတ် ဆွမ်းစားခြင်းငှာ ကြွသွားတော်မူကြကုန်သော အထောင်မကသော ရဟန်းတို့ကိုမြင်လျှင် “အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ ကြွတော်မူကြကုန်သနည်း”ဟု မေးတော်မူသည်ရှိသော် “မင်းကြီး- အနာထပိဏ်သူဌေးကြီးအိမ်၌ နိစ္စဘတ်, သလာကဘတ်, ဂိလာနဘတ် စသည်အလို့ငှာ နေ့တိုင်းနေ့တိုင်း နှစ်ထောင်သော ရဟန်းတို့သည် ကြွတော်မူကြကုန်၏။ စူဠအနာထပိဏ်သူဌေးကြီးအိမ်၌ ငါးရာသော ရဟန်းတို့သည် ကြွတော်မူကြကုန်၏၊ ဝိသာခါ, သုပ္ပဝါသာတို့အိမ်၌လည်း ထို့အတူ ကြွတော်မူကြကုန်၏”ဟု လျှောက်တင်ကုန်သည်ရှိသော် မိမိကိုယ်တိုင်လည်း ရဟန်းသံဃာအပေါင်းကို လုပ်ကျွေးလိုသည်ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် ရဟန်းတစ်ထောင်နှင့်တကွ ဘုရားရှင်ကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး မိမိလက်ဖြင့် အလှူကြီးကိုပေးလှူ၍ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ကို ရှိခိုးလျက် “မြတ်စွာဘုရား- ငါးရာသော ရဟန်းတို့နှင့်တကွ မပြတ် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ “မြတ်သောမင်းကြီး- ဘုရားတို့မည်သည်ကား တစ်ခုတည်းသော အရပ်၌ မပြတ် ဆွမ်းကို မခံယူကုန်၊ လူအများတို့သည် ဘုရားရှင်တို့၏ ကြွလာတော်မူခြင်းကို တောင့်တမျှော်ခေါ်ကြကုန်၏”ဟု မိန့်တော်မူလတ်သော် “ထိုသို့ဖြစ်မူ ရဟန်းတစ်ပါးကို မပြတ် စေလွှတ်တော်မူကြပါဘုရား”ဟု လျှောက်ပြန်သဖြင့် ဘုရားရှင်လည်း အာနန္ဒာမထေရ်အား မပြတ် ကြွရောက်ချီးမြှောက်ရန် တာဝန်ပြုလေ၏။

မင်းကြီးလည်း ရဟန်းသံဃာ ကြွလာသည်ရှိသော် သပိတ်ကိုလှမ်းယူလျက် “ဤအမည်ရှိကုန်သော သူတို့သည် လုပ်ကျွေးသမှု ပြုစေကုန်သတည်း”ဟု မစီရင် မခွဲခြမ်းမူ၍ ခုနစ်ရက်ပတ်လုံး ကိုယ်တိုင်သာလျှင် လုပ်ကျွေးပြီးလျှင် ရှစ်ရက်မြောက်သောနေ့၌ ပျံ့လွင့်သောစိတ် ရှိခြင်းကြောင့် မေ့လျော့ခြင်းကိုပြုလေ၏။ မင်းအိမ်နန်းတော် မည်သည်ကား မစေခိုင်း မတိုက်တွန်းအပ်ကုန်သော သူတို့သည် နေရာတို့ကိုခင်း၍ ရဟန်းတို့ကိုနေစေလျက် လုပ်ကျွေးခြင်းငှာ မရကြကုန်။ ထို့ကြောင့် ရဟန်းတို့သည် “ငါတို့ကား ဤအရပ်၌နေခြင်းငှာ မစွမ်းနိုင်ကုန်”ဟု နှလုံးပြု၍ များစွာသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။ မင်းကြီးသည် နှစ်ရက်မြောက်သော နေ့၌လည်း မေ့လျော့ပြန်ခြင်းကြောင့် များစွာသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။ သုံးရက်မြောက်သော နေ့၌လည်း မေ့လျော့ပြန်လေ၏။ ထိုအခါ အရှင်အာနန္ဒာ တစ်ပါးကိုသာလျှင် ထားခဲ့၍ ကြွင်းသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။

(ဘုန်းရှိသော သူတို့မည်သည်ကား အကြောင်းကို ထောက်ညှာသဖြင့် ဒါယကာတို့၏ ကြည်ညိုခြင်းကိုလည်း စောင့်ရှောက်ကုန်၏။ ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်ဟူသော နှစ်ပါးသော အဂ္ဂသာဝက၊ ရဟန်းမတို့တွင် ခေမာ, ဥပ္ပလဝဏ်ဟူသော နှစ်ပါးသော အဂ္ဂသာဝိကာမ၊ ဥပါသကာ ယောက်ျားတို့တွင် စိတ္တသူကြွယ်, ဟတ္ထကအာဠဝကဟူသော နှစ်ယောက်သော မြတ်သောဥပါသကာ၊ ဥပါသိကာ မိန်းမတို့တွင် ဝေဠုကဏ္ဍကီမည်သော နန္ဒမာတာ, ခုဇ္ဇုတ္တရာဟူသော နှစ်ယောက်သော မြတ်သော ဥပါသိကာမ၊ ဤရှစ်ယောက်သောသူတို့ကို အစပြု၍ အရာအထူးသို့ ရောက်ကုန်သော အလုံးစုံသော သာဝကတို့သည်လည်း တစ်စိတ်အားဖြင့် ဆယ်ပါးသော ပါရမီတို့ကို ဖြည့်သည်၏အဖြစ်ကြောင့် ကြီးသော ဘုန်းကံရှိကုန်၏။ ဆုတောင်းခြင်းနှင့် ပြည့်စုံကုန်၏။)

ရှင်အာနန္ဒာ မထေရ်သည်လည်း ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ပြီးသော ပါရမီရှိသည်ဖြစ်၍ ဆုတောင်းနှင့် ပြည့်စုံသောကြောင့် ကြီးသော ဘုန်းကံရှိသည်ဖြစ်ရကား မိမိ၏အကြောင်းကို ထောက်ညှာ၍ နေလေ့ရှိသော အဖြစ်ဖြင့် ဒါယကာ၏ ကြည်ညိုခြင်းကို စောင့်ရှောက်လျက် နေလေ၏။

ရဟန်းတို့ မသွားသင့်သော ဒါယကာအိမ်

ကောသလမင်းကြီးသည်လည်း ရဟန်းတို့၏ ကြွသွားတော်မူကြသောကာလ၌ လာလတ်၍ ခဲဖွယ်ဘောဇဉ်တို့ကို ထိုသို့ ထားတိုင်းပင် တည်သည်တို့ကို မြင်ရလျှင် “အသို့နည်း- အရှင်မြတ်တို့ မကြွလာကုန်သလော”ဟု မေးမြန်းသဖြင့် “အရှင်မင်းကြီး- ရှင်အာနန္ဒာ တစ်ပါးသာလျှင် ကြွလာတော်မူပါသည်”ဟု လျှောက်သောစကားကို ကြားရလျှင် “မချွတ်ဧကန် ငါ၏ ဤမျှလောက်သော ဆွမ်းဖြတ်ခြင်းကို ပြုကုန်ဘိ၏”ဟု ရဟန်းတို့အား အမျက်ထွက်၍ ဘုရားရှင် အထံတော်သို့ သွားပြီးလျှင် “မြတ်စွာဘုရား- ဒကာတော်တို့သည် ငါးရာသော ရဟန်းတို့အဖို့ ဆွမ်းကို လှူဒါန်းရန် စီရင်အပ်၏၊ ရှင်အာနန္ဒာမထေရ် တစ်ပါးတည်းသာလျှင် ကြွလာခဲ့ပါသည်၊ စီရင်အပ်သော ဆွမ်းသည် ထိုသို့ စီရင်တိုင်းသာလျှင် တည်ရှိပါသည်၊ ရဟန်းငါးရာတို့သည် ဒကာတော်၏နန်းတော်၌ ဆွမ်းဘုဉ်းပေးအံ့ဟူသော အမှတ်ကို မပြုကြပါကုန်၊ အကြောင်းကား အသို့ပါနည်းဘုရား”ဟု လျှောက်ထားလေ၏။ ဘုရားရှင်လည်း ရဟန်းတို့၏အပြစ်ကို မိန့်တော်မမူဘဲ “မြတ်သောမင်းကြီး- ငါဘုရား၏တပည့်သား သာဝကတို့အား အသင်မင်းကြီးတို့နှင့်တကွ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းသည် မရှိ၊ ထို့ကြောင့် မလာကုန်သည် ဖြစ်ပေကုန်လတ္တံ့”ဟု မိန့်တော်မူ၍ ဒါယကာတို့၏အထံသို့ မသွားသင့် မကပ်ရောက်သင့်သော အကြောင်းကိုလည်းကောင်း၊ သွားသင့် ကပ်ရောက်သင့်သော အကြောင်းကိုလည်းကောင်း ထင်ရှားစွာ ပြတော်မူလိုသည်ဖြစ်၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် ဤသုတ်ကို ဟောတော်မူလေ၏။

“ချစ်သားရဟန်းတို့- ကိုးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်ရောက်ရသေးလျှင် ကပ်ရောက်ခြင်းငှာ မသင့်၊ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်နေထိုင်ခြင်းငှာ မသင့်၊ အဘယ်ကိုးပါးတို့နည်း ဟူမူကား-

၁။ နှစ်သက်မြတ်နိုးစွာ ခရီးဦး မကြိုဆိုကြကုန်။
၂။ နှစ်သက်မြတ်နိုးစွာ ရှိမခိုးကြကုန်။
၃။ နှစ်သက်မြတ်နိုးစွာ နေရာမပေးကြကုန်။
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို လျှို့ဝှက်၍ ထားကြကုန်၏။
၅။ များများရှိသော်လည်း အနည်းငယ်ကိုသာ လှူကြကုန်၏။
၆။ အမွန်အမြတ်ရှိသော်လည်း အယုတ်အညံ့ကိုသာ လှူဒါန်းကြကုန်၏။
၇။ မရိုမသေ လှူဒါန်းကြကုန်၏။ ရိုရိုသေသေ မလှူဒါန်းကြကုန်။
၈။ ရိုရိုသေသေဆည်းကပ်၍ မနေကြကုန်။
၉။ တရားနာစိမ့်သောငှာ ဟောကြားသောပုဂ္ဂိုလ်အား မမြတ်နိုးကြကုန်။

ချစ်သားရဟန်းတို့- ဤအင်္ဂါကိုးပါးတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက်ရသေးလျှင် ကပ်ရောက်ခြင်းငှာ မသင့်။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်ထိုင်နေခြင်းငှာ မသင့်။

ရဟန်းတို့သွားသင့်သော ဒါယကာအိမ်

ချစ်သားရဟန်းတို့- ကိုးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက်ရသေးလျှင်လည်း ကပ်ရောက်ခြင်းငှာ သင့်၏။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်ထိုင်နေခြင်းငှာ သင့်၏။ အဘယ်ကိုးပါးတို့နည်း ဟူမူကား-

၁။ နှစ်သက်မြတ်နိုးစွာ ခရီးဦးကြိုဆိုကြကုန်၏။
၂။ နှစ်သက်မြတ်နိုးစွာ ရှိခိုးကြကုန်၏။
၃။ နှစ်သက်မြတ်နိုးစွာ နေရာပေးကြကုန်၏။
၄။ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို လျှို့ဝှက်၍ မထားကြကုန်။
၅၊ များများရှိသဖြင့်လည်း များများ လှူကြကုန်၏။
၆။ အမွန်အမြတ်ရှိသဖြင့်လည်း အမွန်အမြတ်ကိုသာ လှူကြကုန်၏။
၇။ ရိုသေစွာ လှူဒါန်းကြကုန်၏။ မရိုမသေ မလှူဒါန်းကြကုန်။
၈။ ရိုရိုသေသေ ဆည်းကပ်၍ နေကြကုန်၏။
၉။ တရားနာစိမ့်သောငှာ ဟောကြားသောပုဂ္ဂိုလ်အား မြတ်နိုးကြကုန်၏။

ချစ်သားရဟန်းတို့- ဤအင်္ဂါကိုးပါးတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက်ရသေးလျှင်လည်း ကပ်ရောက်ခြင်းငှာ သင့်၏။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ် ထိုင်နေခြင်းငှာလည်း သင့်၏။

“မြတ်သောမင်းကြီး- ဤသို့လျှင် ငါဘုရား၏ တပည့်သား သာဝကတို့သည် ဒကာတော်မင်းကြီးတို့အထံ၌ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းကို မရကုန်သည်ဖြစ်၍ မလာကုန်သည် ဖြစ်ပေကုန်လတ္တံ့”ဟု မိန့်တော်မူပြီးလျှင် “ရှေးပညာရှိတို့သည်လည်း ချစ်ချစ်ခင်ခင် အကျွမ်းမဝင်သောအရပ်၌ ရိုသေစွာ လုပ်ကျွေးသမှု ပြုစုအပ်ကုန်သော်လည်း သေလုနီးပါး ရောဂါဝေဒနာသို့ ရောက်သောအခါ ချစ်ချစ်ခင်ခင် အကျွမ်းဝင်သော အရပ်သို့သာ ကြွသွားကြလေကုန်၏”ဟု မိန့်တော်မူသည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အခါ၌ ကြွသွားကြပါကုန်သနည်းဘုရား”ဟု မင်းကြီးသည် လျှောက်ထားမေးမြန်းအပ်သည်ဖြစ်၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

မင်းနန်းတော်၌ နေရသော်လည်း ပျင်းရိငြီးငွေ့သော ရသေ့များ

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကေသဝအမည်ရှိသော မင်းသည် မင်းစည်းစိမ်ကိုစွန့်ပယ်၍ ရသေ့ရဟန်းအဖြစ်ကို ပြုလေ၏။ ထိုကေသဝမင်း ရသေ့ပြုပြီဟူသော စကားကိုကြား၍ ထိုမင်း၏ ငါးရာကုန်သော ယောက်ျားတို့သည် အတုလိုက်၍ ရသေ့ရဟန်းပြုကြကုန်၏။ ထိုရသေ့သည် ကေသဝရသေ့မည်သည် ဖြစ်လေ၏။ ထိုကေသဝမင်း၏ ဆံမုတ်ဆိတ် စသည်တို့ကို ပြုပြင်ခြင်း, တန်ဆာဆင်ခြင်းနှင့်ယှဉ်သော ဆတ္တာသည်သည်လည်း ရသေ့ရဟန်းပြု၍ ကပ္ပကမည်သော အန္တေဝါသိကတပည့်ရင်း ဖြစ်လေ၏။ ထိုကေသဝရသေ့သည် ပရိသတ်နှင့်တကွ ရှစ်လတို့ပတ်လုံး ဟိမဝန္တာတော၌နေ၍ မိုးဥတုအခါ၌ ချဉ်,ဆားကို မှီဝဲသုံးဆောင်ခြင်းအကျိုးငှာ ဗာရာဏသီပြည်သို့ရောက်၍ ဆွမ်းအလို့ငှာ ဝင်လေ၏။ ထိုအခါ ကေသဝရသေ့ကို ဗာရာဏသီမင်းမြင်လျှင် ကြည်ညိုသောစိတ် ရှိရကား မိုးလေးလပတ်လုံး မိမိနေပြည်တော်၌ နေစိမ့်သောငှာ ပဋိညာဉ်ကို ယူစေလျက် ဥယျာဉ်၌ နေစေပြီးလျှင် ညချမ်းနံနက်တို့၌ ထိုရသေ့အား ဆည်းကပ်ခြင်းသို့ သွားရောက်၏။ ကြွင်းသော ရသေ့တို့သည် နှစ်ရက်သုံးရက်ပတ်လုံး နေပြီးလျှင် ဆင်သံစသည်တို့ဖြင့် ဆူညံ နှိပ်စက်ကုန်သောကြောင့် ပျင်းရိ ငြီးငွေ့ကုန်သည်ဖြစ်၍ သွားလိုကြပါကုန်၏ဟု ပန်ကြားလျှောက်ထားလေကုန်၏။

“ချစ်သားတို့- အဘယ်အရပ်သို့ သွားလိုကြကုန်သနည်း”ဟု မေးလတ်သော် “ဆရာ- ဟိမဝန္တာသို့ သွားပါကုန်အံ့”ဟု လျှောက်ကုန်၏။ “ချစ်သားတို့- မင်းကြီးသည် ငါတို့ရောက်သော နေ့ရက်၌ပင်လျှင် မိုးလေးလပတ်လုံး ဤဥယျာဉ်၌ နေခြင်းငှာ ပဋိညာဉ်ကိုယူလေပြီ။ အဘယ်သို့သော အခြင်းအရာဖြင့် သွားနိုင်ကုန်အံ့နည်း”ဟု ဆိုလတ်သော် “ဆရာ- အရှင်တို့သည် အကျွန်ုပ်တို့အား မပြောမကြားမူ၍သာလျှင် ပဋိညာဉ်ကိုပေးအပ်၏။ အကျွန်ုပ်တို့ကား နေခြင်းငှာမစွမ်းနိုင်ပါကုန်။ ဤဥယျာဉ်မှ မနီးမဝေး အရှင်ဆရာတို့၏ သတင်းစကားကို ကြားကောင်းသော အရပ်ဌာန၌ နေကြပါကုန်အံ့”ဟု လျှောက်ကြာပြီးလျှင် ဆရာရသေ့ကိုရှိခိုး၍ ဖဲသွားကြလေကုန်၏။ ကပ္ပကအမည်ရှိသော အတွင်းနေ တပည့်နှင့်အတူတကွ ဆရာရသေ့သည်သာလျှင် ကျန်ရစ်လေ၏။ မင်းကြီးသည် ဆည်းကပ်ခစားခြင်းသို့ ရောက်လာသည်ရှိသော် “အရှင်ကောင်းတို့သည် အဘယ်မှာနည်း”ဟု မေးလျှောက်၏။ “မြတ်သောမင်းကြီး- ထိုရသေ့အားလုံးတို့ကား မမွေ့လျော်၊ ပြင်းရိငြီးငွေ့သည်ဟု ဆို၍ ဟိမဝန္တာသို့ သွားကြကုန်၏”ဟု ဆိုလေ၏။

ကပ္ပက ရသေ့သည်လည်း မကြာမြင့်မီ ပျင်းရိငြီးငွေ့၍ ဆရာရသေ့သည် အဖန်တလဲလဲ တားမြစ်သော်လည်း မစွမ်းနိုင်ပါဟုဆို၍ ဖဲသွားပြီးလျှင် ရှေးဦးစွာ သွားနှင့်သော ရသေ့တို့ထံ ရောက်၍ ဆရာရသေ့၏ သတင်းစကားကို နားထောင်လျက်သာလျှင် မနီးမဝေးသော အရပ်၌ နေလေ၏။ နောက်အဖို့၌ ဆရာရသေ့အား အတွင်းနေတပည့်တို့ကို အောက်မေ့သဖြင့် ဝမ်းသွေးသွန်သော အနာရောဂါသည် ဖြစ်လေ၏။ မင်းကြီးသည် သမားကောင်းတို့ဖြင့် ကုစားစေသော်လည်း ရောဂါသည် မငြိမ်းမပျောက်လေ။ ထိုအခါ ကေသဝရသေ့က “မြတ်သောမင်းကြီး- အသို့နည်း၊ ငါ့အား ရောဂါငြိမ်းပျောက်ခြင်းကို အလိုရှိသလော”ဟု မေးလေ၏။ “အရှင်ဘုရား- အကျွန်ုပ်သည် အကယ်၍ တတ်နိုင်ပါအံ့၊ ယခုချက်ချင်း ချမ်းသာခြင်းကို ပြုလိုပါ၏”ဟု လျှောက်၏။ “မြတ်သောမင်းကြီး- ငါ၏ချမ်းသာခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ ငါ၏ အတွင်းနေ တပည့်တို့အထံသို့ ငါ့ကို ပို့ပါလော့”ဟု ဆို၏။ မင်းကြီးသည်လည်း “အရှင်ဘုရား- ကောင်းလှပါပြီ”ဟု ဝန်ခံ၍ ထိုကေသဝရသေ့ကို ညောင်စောင်း၌ အိပ်စေပြီးလျှင် နာရဒအမတ် အမှူးရှိသော အမတ်လေးယောက်တို့ကို “ငါ့အရှင်ဆရာမြတ်၏ အကြောင်းဖြစ်သော သတင်းစကားကို ကြားသိအောင်ပြု၍ ငါ့အား သတင်းစကား ပို့လိုက်ကြကုန်လော့”ဟု မိန့်မှာတော်မူ၍ လွှတ်လိုက်၏။ ကပ္ပကမည်သော အတွင်းနေ တပည့်သည် ဆရာရသေ့၏ ကြွလာသောသတင်းစကားကို ကြားရလျှင် ခရီးဦးကြိုဆိုခြင်းကိုပြု၍ “ကြွင်းသော ရသေ့တို့သည် အဘယ်မှာနည်း”ဟု မေးသည်ရှိသော် “ဤမည်သောအရပ်၌ နေပါကုန်သတတ်”ဟု ပြောလေ၏။ ထိုရသေ့တို့သည်လည်း ဆရာမြတ်၏ ကြွရောက်လာကြောင်းကို ကြားရလျှင် ထိုအရပ်သို့ပင် သက်ဝင်စုဝေးကြ၍ ဆရာအား ရေနွေးကိုပေး၍ သစ်သီးကြီးငယ်ကို ပေးဆက်ကပ်လှူကြကုန်၏။ ထိုခဏ၌ပင်လျှင် ရောဂါသည် ငြိမ်းပျောက်ချမ်းသာလေ၏။

ကေသဝရသေ့သည် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် ရွှေအဆင်းကဲ့သို့သော အဆင်းရှိသည် ဖြစ်လေ၏။ ထိုအခါ၌ ကေသဝရသေ့ကို နာရဒအမတ်သည် ဤသို့ မေးလေ၏။ (ကေသဝရသေ့သည် အဖြေဂါထာတို့ကို ဖြေဆိုလေ၏။)

ရင်းနှီးမှ ခင်မင်၊ ခင်မင်မှ ပျော်ရွှင်

မနုဇိန္ဒံ ဇဟိတွာန၊ သဗ္ဗကာမသမိဒ္ဓိနံ။
ကထံ နု ဘဂဝါ ကေသီ၊ ကပ္ပဿ ရမတဿမေ။
သာဒူနိ ရမဏီယာနိ၊ သန္တိ ဝက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။
သာလီနံ ဩဒနံ ဘုတွာ၊ သုစိံ မံသူပသေစနံ။
ကထံ သာမာကနီဝါရာ၊ အလောဏာ ဆာဒယန္တိ တံ။
သာဒုံ ဝါ ယဒိ ဝါ သာဒုံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ဝိဿတ္ထော ယတ္ထ ဘုဉ္ဇေယျ၊ ဝိဿာသပရမာ ရသာ။

သဗ္ဗကာမသမိဒ္ဓိနံ၊ အလိုခပ်သိမ်းကို ပြည့်စုံစေနိုင်သော။ မနုဇိန္ဒံ၊ လူတို့ကိုအစိုးရသော ဗာရာဏသီမင်းကို။ ဇဟိတွာန၊ စွန့်ပယ်၍။ ကထံနု၊ အဘယ်သို့သော အကြောင်းဖြင့်။ ဘဂဝါ၊ ငါတို့၏ ဘုန်းကြီးသောအရှင်ဖြစ်သော။ ကေသီ၊ ကေသဝရှင်ရသေ့သည်။ ကပ္ပဿ၊ ကပ္ပကရသေ့၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ ရမတိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ဘိသနည်း။

နာရဒ၊ နာရဒအမတ်။ ကပ္ပဿ၊ ကပ္ပက ရသေ့၏။ အဿမေ၊ သင်္ခမ်းကျောင်း၌။ သာဒူနိ၊ ကောင်းကုန်သော။ ရမဏီယာနိ၊ မွေ့လျော်ပျော်ဖွယ် ဖြစ်ကုန်သော။ မနောရမာ၊ စိတ်နှလုံးကို မွေ့လျော်စေတတ်ကုန်သော။ ဝက္ခာ၊ သစ်ပင်တို့သည်။ သန္တိ၊ ရှိကုန်၏။ ကပ္ပဿ၊ ကပ္ပကရသေ့၏။ သုဘာသိတာနိ၊ ချစ်ကြည်နှုတ်ချို မိန့်အဆိုဖြင့် နှစ်လိုဘိတောင်း စကားကောင်းတို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စေကုန်ဘိ၏။

သုစိံ၊ သန့်ရှင်း စင်ကြယ်သော။ မံသူပသေစနံ၊ သားဖြင့် ပြွမ်းထသော။ သာလီနံ ဩဒနံ၊ သလေးဆွမ်းကို။ ဘုတွာ၊ ဘုဉ်းပေးတော်မူပြီး၍။ အလောဏာ၊ ဆားမျှ မခတ်ကုန်သော။ သာမာကနီဝါရာ၊ လမန်းမြက်ဆန်, ကျိတ်ဆန်ဟူသော အာဟာရတို့သည်။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ ရှင်ရသေ့ကို။ ဆာဒယန္တိ၊ နှစ်သက်စေနိုင်ကုန်ဘိသနည်း။

နာရဒ၊ နာရဒ အမတ်။ သာဒုံ ဝါ၊ ကောင်းသည်မူလည်း ဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ အသာဒုံ ဝါ၊ မကောင်းသည်မူလည်း ဖြစ်စေ။ အပ္ပံ ဝါ၊ နည်းသည်မူလည်း ဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ ဗဟုံ ဝါ၊ များသည်မူလည်း ဖြစ်စေ။ ယတ္ထ၊ အကြင်နေရာအရပ်၌။ ဝိဿတ္ထော၊ ရွံ့ရှားမထင် အကျွမ်းဝင်လျက်။ ဘုဉ္ဇေယျ၊ စားသောက်ရာ၏။ တတ္ထ၊ ထိုနေရာအရပ်၌။ သာဒုမေဝ၊ ကောင်းသည်သာတည်း။ ရသာ၊ အရသာတို့သည်။ ဝိဿာသပရမာ၊ အကျွမ်းဝင်ခြင်းလျှင် အမြတ်ဆုံးရှိကုန်၏။

ဘုရားရှင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူလေ၏။ ထိုအခါ မင်းကြီးသည် ရှင်မောဂ္ဂလာန် ဖြစ်လာ၏။ နာရဒအမတ်သည် ရှင်သာရိပုတြာ ဖြစ်လာ၏။ ကပ္ပကမည်သော အန္တေဝါသိကတပည့်သည် ရှင်အာနန္ဒာ ဖြစ်လာ၏။ ကေသဝရသေ့သည်ကား ငါဘုရား ဖြစ်လာ၏ဟု ဇာတ်တော်ပေါင်းစကား မိန့်ကြားတော်မူပြီးလျှင် “မြတ်သောမင်းကြီး- ဤသို့လျှင် ရှေးပညာရှိတို့သည် သေလုနီးပါး ရောဂါဝေဒနာသို့ ရောက်သောအခါ ချစ်ချစ်ခင်ခင် အကျွမ်းဝင်သောနေရာသို့ ကြွသွားကြလေကုန်၏။ ငါဘုရား တပည့်သားတို့သည်လည်း သင်မင်းကြီးတို့၏အထံ၌ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းကို မရကုန်ယောင်တကား”ဟု မိန့်တော်မူလေ၏။

ကောသလမင်းကြီး သာကီတောင်းရာ ဒါသီရခြင်း

ပသေနဒီ ကောသလမင်းကြီးသည်လည်း “ရဟန်းသံဃာနှင့်တကွ ငါသည် ချစ်ချစ်ခင်ခင် အကျွမ်းဝင်အောင် ပြုခြင်းငှာသင့်၏”ဟု နှလုံးသွင်းပြီးလျှင် “အဘယ်အကြောင်းဖြင့် ပြုရအံ့နည်း”ဟု ကြံဆင်ခြင်တော်မူရာ “မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီးတစ်ယောက်ကို ငါ၏နန်းတော်၌ ရရှိအောင်ပြုခြင်းငှာ သင့်၏”ဟု ကြံဆင်ခြင်တော်မူမိလေ၏။ “ဤသို့ဖြစ်သည်ရှိသော် ပဉ္စင်းငယ်တို့သည်လည်းကောင်း၊ သာမဏေတို့သည်လည်းကောင်း မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်ဖြစ်သော မင်းကြီးပေတည်းဟု ငါ့အထံသို့ ချစ်ချစ်ခင်ခင် အကျွမ်းဝင်သဖြင့် မပြတ်ကြွလာကုန်လတ္တံ့”ဟု ကြံ၍ “ငါ့အား သမီးတော်တစ်ပါးကို ပေးစေသတည်း”ဟု သာကီဝင်မင်းတို့အထံသို့ သတင်းစကား ပါးလိုက်ပြီးလျှင် “အဘယ်သာကီဝင်မင်း၏ သမီးဖြစ်သည်ကိုမေး၍ သိအောင်ပြုပြီးမှ ပြန်လာခဲ့ကြကုန်”ဟု တမန်တို့ကို အမိန့်ပေးလိုက်လေ၏။ တမန်တို့လည်း သွား၍ သာကီဝင်မင်းတို့ကို သမီးရတနာ တောင်းဆိုကြကုန်၏။ သာကီဝင်မင်းတို့သည် စည်းဝေးကြကုန်၍ “တိုင်းတစ်ပါးမှဖြစ်သော မင်းသည် အကယ်၍ မပေးကုန်သည်ဖြစ်အံ့၊ ငါတို့ကို ဖျက်ဆီးလတ္တံ့၊ စင်စစ်အားဖြင့် ငါတို့နှင့် အမျိုးချင်းအားဖြင့်လည်း မတူ၊ အဘယ်သို့ ပြုသင့်သနည်း”ဟု တိုင်ပင်ကြကုန်၏။ ထိုအခါ မဟာနာမ်သည် “ငါ့ကျွန်မ၏ဝမ်း၌ သန္ဓေတည်၍ ဖွားမြင်သော ဝါသဘခတ္တိယာ အမည်ရှိသော အဆင်း၏ တင့်တယ်ခြင်းအစုသို့ရောက်သော သမီးတော်တစ်ပါးရှိ၏။ ထိုသမီးတော်ကို ပေးကုန်အံ့”ဟု ပြောဆိုတိုင်ပင်ကြ၍ တမန်တို့ကို “ကောင်းပြီ- ပသေနဒီ ကောသလမင်းကြီးအား သမီးကညာရတနာကို ပေးဆက်ကုန်အံ့”ဟု ဆိုကြကုန်၏။ “အဘယ်သူ့ သမီးနည်း”ဟု မေးလတ်သော် “မြတ်စွာဘုရား၏ ဘထွေးတော်သား မဟာနာမ်မည်သော သာကီဝင်မင်း၏ ဝါသဘခတ္တိယာ အမည်ရှိသော မင်းသမီးတည်း”ဟု ဆိုကြကုန်၏။

တမန်တို့သည် သွား၍ မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည် “ယင်းသို့ဖြစ်လျှင် ကောင်းလှပေပြီ၊ လျင်မြန်စွာ ဆောင်ယူခဲ့ကြကုန်လော့၊ မင်းတို့မည်သည်ကား များသောမာယာ ရှိကုန်၏။ ကျွန်မ၏ သမီးကိုသော်လည်း ပို့ဆက်ကုန်ရာ၏။ ဖခင်မင်းကြီးနှင့် တစ်ခုသော ပွဲတော်အုပ်၌ အတူတကွ စားသောက်သော မင်းသမီးကိုသာ အကျွန်ုပ်တို့မင်းသည် အလိုရှိပါသည်”ဟု လျှောက်ကြားကြကုန်၏။ မဟာနာမ် သာကီဝင်မင်းသည် “အမောင်တို့- ကောင်းလှပေပြီ”ဟု ဝန်ခံ၍ ဝါသဘခတ္တိယာ မင်းသမီးကို တန်ဆာဆင်စေပြီးလျှင် မိမိ စားတော်ခေါ်သောအခါ ခေါ်စေ၍ ထိုမင်းသမီးနှင့် အတူတကွ စားသောက်ဘိသကဲ့သို့သော အခြင်းအရာကိုပြ၍ ဝါသဘခတ္တိယာကို တမန်တို့အား ဆောင်နှင်း အပ်နှံလိုက်လေ၏။

တမန်တို့လည်း ထိုမင်းသမီးကို ဆောင်ယူခဲ့၍ သာဝတ္ထိပြည်သို့ ရောက်လတ်သော် ထိုအကြောင်းကို မင်းကြီးအား လျှောက်ထား သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ထိုဝါသဘခတ္တိယာ မင်းသမီးကို ငါးရာသော မင်းမောင်းမတို့၏ အကြီးပြု၍ မိဖုရားကြီးအရာ၌ အဘိသိက်သွန်းလေ၏။ ထိုဝါသဘခတ္တိယာ မိဖုရားသည် မကြာမြင့်မီလျှင် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သတို့သားကို ဖွားမြင်လေ၏။

ဝိဋဋူဘဟု အမည်ဖြစ်ပေါ်လာပုံ

ထိုအခါ မင်းသားငယ်ကို အမည်မှည့်အံ့သောနေ့၌ ကောသလမင်းကြီးသည် မင်းသားငယ်၏ ဘိုးတော်ဖြစ်သော မဟာနာမ်မင်း၏အထံသို့ “သာကီဝင်မင်းသမီး ဝါသဘခတ္တိယာသည် သတို့သား ဖွားမြင်ပါပြီ၊ ထိုသူငယ်၏အမည်ကို အဘယ်သို့ မှည့်စေလိုပါသနည်း”ဟု တမန် စေလွှတ်လေ၏။ ထိုသတင်းစကားကို ယူဆောင်၍သွားသူ အမတ်သည်ကား အနည်းငယ် နားလေးသော သဘောရှိ၏။ ထိုအမတ်သည် သွားရောက်၍ ဘိုးတော်ဖြစ်သော မဟာနာမ်မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ မဟာနာမ်မင်းကြီးလည်း ထိုစကားကိုကြားရလျှင် “ဝါသဘခတ္တိယာသည် သားမဖွားမြင်သေးမီကပင် အလုံးစုံသော လူအပေါင်းကို လွှမ်းမိုးနိုင်သေး၏။ ယခုအခါကား အလွန်လျှင် မင်းနှင့် အကျွမ်းဝင်သည် ဖြစ်လတ္တံ့၊ ဝလ္လဘာ ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ ထို“ဝလ္လဘာ”ဟူသော စကားကို နားလေးသောအမတ်သည် မှားယွင်းချွတ်ချော်စွာ ကြားရ၍ “ဝိဋဋူဘ”ဟု မှတ်သားပြီးလျှင် ကောသလမင်းကြီးသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး- သတို့သား၏အမည်ကို ဝိဋဋူဘဟူ၍ မှည့်တော်မူကြရမည်တဲ့”ဟု သံတော်ဦးတင်လေ၏။ ကောသလမင်းသည်လည်း “ဤအမည်ကား ငါတို့၏ အမျိုးဥစ္စာဖြစ်သော ရှေးဟောင်းအမည် ဖြစ်ပေလတ္တံ့”ဟု ကြံ၍ ထိုဝိဋဋူဘဟူသော အမည်ကိုပင် မှည့်လေ၏။

ဝိဋဋူဘ ကပိလဝတ်ပြည်သို့ သွားခြင်း

ထိုအခါ ဝိဋဋူဘမင်းသားကို ငယ်စဉ်ကပင်လျှင် မင်းကြီးသည် “ဘုရားရှင်၏ ချစ်မြတ်နိုးအောင် ပြုအံ့”ဟု စစ်သူကြီးအရာကို ပေးလေ၏။ ထိုဝိဋဋူဘမင်းသားသည် မင်းသားတို့ အစောင့်အရှောက်ဖြင့် ကြီးပွားသည်ဖြစ်၍ ခုနစ်နှစ်သားအရွယ် ရှိသောအခါ၌ တစ်ပါးသော မင်းသားတို့အား ဘွားတော်အိမ်မှ ဆင်ရုပ်,မြင်းရုပ် စသည်တို့ကို ဆောင်ပို့လာသည်တို့ကိုမြင်လျှင် မယ်တော်ကို မေးလေ၏။ “မယ်တော်- တစ်ပါးသော မင်းသားတို့အား ဘွားတော်အိမ်မှ လက်ဆောင်ပဏ္ဏာကာရကို ဆောင်လာကြပါကုန်၏။ သားတော်ဖြစ်သော ကျွန်တော်အားကား တစ်စုံတစ်ယောက်သောသူမျှ တစ်စုံတစ်ခုကို မပို့လာပါ၊ အသို့ပါနည်း၊ မယ်တော်သည် မိမဲ့ဖမဲ့ ဖြစ်လေသလော”ဟု ဝိဋဋူဘမင်းသားသည် အဖန်ဖန်အထပ်ထပ် မေးအပ်သည်ရှိသော် ထိုဝါသဘခတ္တိယာ မိဖုရားက သားတော် ဝိဋဋူဘမင်းသားကို “ငါ့သားချစ်- သင်၏အမျိုးသည် သာကီဝင်မင်းတို့ ဖြစ်ကုန်၏။ ဘွားတော်တို့သည် ဝေးသောအရပ်၌ နေကုန်၏။ ထို့ကြောင့် တစ်စုံတစ်ခုကို မပို့နိုင်ကြကုန်”ဟု ဆို၍ လှည့်ပတ်ဖြားယောင်းထားလေ၏။ တစ်ဖန် တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသောအခါ၌ “မယ်တော်- မယ်တော်၏ ဘွားတော်မျိုးကို ဖူးမြင်လိုပါသည်”ဟု ပြောဆိုခြင်းကြောင့် “ငါ့သား- မသင့်၊ ထိုကပိလဝတ်ပြည်သို့သွား၍ အဘယ်အမှု ပြုလတ္တံ့နည်း”ဟု တားမြစ်ပါသော်လည်း အဖန်တလဲလဲ တောင်းပန်လေ၏။ ထိုအခါ ဝိဋဋူဘမင်းသား၏ မိခင်သည် “ထိုသို့ဖြစ်မူ သွားလေတော့”ဟု ဝန်ခံ၍ ခွင့်ပြုလေ၏။ ဝိဋဋူဘမင်းသားသည် ခမည်းတော်မင်းကြီးအား ပန်ကြား၍ များစွာသော အခြံအရံနှင့် ထွက်သွားလေ၏။

ဝါသဘခတ္တိယာ မင်းသမီးသည်လည်း ရှေးဦးစွာ စာလွှာကို ပို့လိုက်လေ၏။ “ဘုရားကျွန်တော်မကား ဤသာဝတ္ထိပြည်၌ ချမ်းသာစွာနေရပါ၏၊ အရှင် သာကီဝင်မင်းတို့သည် ဝိဋဋူဘမင်းသားကလေးအား တစ်စုံတစ်ခု ခြားနားမှုကို မပြုကြပါကုန်လင့်”ဟု စာလွှာဖြင့် တောင်းပန်လိုက်လေ၏။ သာကီဝင်မင်းတို့သည်လည်း ဝိဋဋူဘ၏လာခြင်းကို သိနှင့်၍ “ရှိခိုးခြင်းငှာ မစွမ်းနိုင်ကုန်”ဟု ထိုဝိဋဋူဘ မင်းသားအောက် ငယ်ကုန်,ငယ်ကုန်သော မင်းသားတို့ကို ဇနပုဒ်သို့ စေလွှတ်၍ ထိုဝိဋဋူဘသည် ကပိလဝတ်ပြည်သို့ ရောက်သည်ရှိသော် မင်းကွန်း၌ (မင်းကွန်း-ဆိုသည်ကား တိုင်းသူပြည်သား လူအများတို့၏ အမှုကိစ္စဟူသမျှကို စီရင်ဆုံးမရာ ဖြစ်သောမင်းတဲ။) စည်းဝေးကြကုန်၏။ ဝိဋဋူဘ မင်းသားသည် ထိုမင်းကွန်းသို့သွား၍ နေလေ၏။

ဝိဋဋူဘထိုင်ရာ အင်းပျဉ်ကို နို့ရည်ဖြင့်ဆေးခြင်း

ထိုအခါ ဝိဋဋူဘကို “ချစ်သား- ဤသူသည် သင်၏ အဘွားတော်တည်း။ ဤသူသည် ဦးရီးတော်တည်း”ဟု ဆို၍ ရှိခိုးစေကြကုန်၏။ ဝိဋဋူဘသည် အလုံးစုံသော သူတို့ကို ရှိခိုးလျက် လှည့်လည်သွားလာပြီးလျှင် မိမိကို ရှိခိုးသောသူကို တစ်ယောက်မျှ မမြင်ခြင်းကြောင့် “အသို့ပါနည်း၊ အကျွန်ုပ်ကို ရှိခိုးထိုက်သောသူတို့သည် မရှိလေကုန်သလော”ဟု မေးလေ၏။ သာကီဝင်မင်းတို့သည် “ချစ်သား- သင့်အောက် အသက်အရွယ်ငယ်ကုန်သော အသင်၏ ညီတော်ဖြစ်သော မင်းသားတို့သည် ဇနပုဒ်သို့ သွားကြကုန်၏”ဟု ပြောဆို၍ ထိုဝိဋဋူဘအား ကြီးစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ ထိုဝိဋဋူဘလည်း နှစ်ရက်,သုံးရက်ပတ်လုံး နေခဲ့၍ များစွာသော အခြံအရံနှင့် ထွက်ပြန်လာခဲ့လေ၏။ ထိုအခါ ကျွန်မတစ်ယောက်သည် မင်းကွန်း၌ ထိုဝိဋဋူဘနေထိုင်ရာ ပျဉ်ချပ်ကို “ဤနေရာသည်ကား ဝါသဘခတ္တိယာ ကျွန်မသား၏ နေထိုင်ရာ ပျဉ်ချပ်တည်း”ဟု ဆဲရေးရေရွတ်လျက် နို့ရည်ဖြင့် ဆေးကြောလေ၏။ တစ်ယောက်သော မင်းချင်းယောက်ျားသည် မိမိ၏လက်နက်ကို မေ့ရစ်သဖြင့် ပြန်လည်၍ ထိုလက်နက်ကိုယူစဉ် ဝိဋဋူဘမင်းသားအား ဆဲရေးသံကိုကြားရ၍ ထိုအကြောင်းကိုမေးသဖြင့် “ဝါသဘခတ္တိယာသည် ကျွန်မ၏ ဝမ်း၌ မဟာနာမ်မည်သော သာကီဝင်မင်းကိုအစွဲပြု၍ ဖွားမြင်သည်”ဟု သိသောကြောင့် ဗိုလ်ပါအပေါင်းအား ပြောကြားလေ၏။ ဝါသဘခတ္တိယာ မိဖုရားသည် “ကျွန်မ၏သမီး ဖြစ်သတတ်”ဟု အုတ်အုတ်ကျက်ကျက် ကြီးစွာဖြစ်လေ၏။ ထိုစကားကိုကြားလျှင် ဝိဋဋူဘမင်းသားသည် “ဤသာကီဝင်မင်းတို့ကား ရှေးဦးစွာငါ၏နေထိုင်ရာ ပျဉ်ချပ်ကို နို့ရည်ဖြင့် ဆေးကြောနှင့်စေဦး၊ ငါသည် မင်းအဖြစ်၌ တည်သောအခါ ဤသာကီဝင်မင်းတို့၏ လည်ချောင်းသွေးအားလုံးကို ယူ၍ ငါ၏နေထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောပေအံ့”ဟု စိတ်အကြံကို ဖြစ်စေလေ၏။

အဘမျိုးသာ ပဓာန

ထိုဝိဋဋူဘမင်းသားသည် သာဝတ္ထိပြည်သို့ ရောက်သည်ရှိသော် အမတ်တို့သည် အလုံးစုံသောအကြောင်းကို မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် “ငါ့အား ကျွန်မသမီးကို ပေးကုန်၏”ဟု သာကီဝင်မင်းတို့အား အမျက်ထွက်၍ ဝါသဘခတ္တိယာ မင်းသမီးအားလည်းကောင်း၊ သားတော် ဝိဋဋူဘအားလည်းကောင်း ပေးကမ်း ချီးမြှင့်တော်မူခဲ့သော အစောင့်အရှောက် အခြံအရံကို ရုပ်သိမ်း၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့ ရသင့်သမျှကိုသာ ပေးစေလေ၏။ ထို့နောင်မှ နှစ်ရက်သုံးရက်ကို လွန်မြောက်သောအခါ ဘုရားရှင်သည် ကောသလမင်း၏ နန်းတော်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သော နေရာ၌ နေတော်မူ၏။ မင်းကြီးသည် လာ၍ ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- မြတ်စွာဘုရားတို့၏ ဆွေတော်မျိုးတော်တို့သည် ကျွန်မသမီးကို ဒကာတော်အား ပေးခဲ့သတတ်။ ထို့ကြောင့် ဒကာတော်သည် သားတော်နှင့်တကွ မိဖုရားအား အစောင့်အရှောက် အခြံအရံကို ရုပ်သိမ်းပြီးလျှင် ကျွန်ယောက်ျား, ကျွန်မိန်းမတို့ ရသင့်သမျှလောက်ကိုသာ ပေးစေ၍ ထားပါသည်”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း “မြတ်သောမင်းကြီး- သာကီဝင်တို့သည် မသင့်မလျောက်ပတ်သည်ကို ပြုဘိ၏။ ပေးကမ်းဆက်သသော သူတို့မည်သည်ကား တူမျှသော ဇာတ်ရှိသောသူကိုသာ ဆက်သအပ်သည် ဖြစ်ရာ၏။ မြတ်သောမင်းကြီး- ငါဘုရားသည် သင်မင်းကြီးကို အကြောင်းတစ်ခု ပြောကြားတော်မူဦးအံ့။ ဝါသဘခတ္တိယာ မိဖုရားသည် မဟာနာမ်မင်းကြီး သမီးဖြစ်၍ ခတ္တိယစင်စစ် ဖြစ်လေသော သင်မင်းကြီး၏နန်းတော်၌ အဘိသိက်သွန်းခြင်းကို ရ၏။ ဝိဋဋူဘ မင်းသားသည်လည်း ခတ္တိယစင်စစ် မင်းမျိုးဖြစ်သော အသင်မင်းကြီးကိုစွဲ၍ ဖွားမြင်၏။ အမိ အမျိုးအနွယ်မည်သည်ကား အဘယ်သို့ ပြုအံ့နည်း။ အဘအမျိုးအနွယ်သာလျှင် ပမာဏတည်း”ဟု မိန့်မြွက်တော်မူ၏။ “ရှေးပညာရှိတို့သည် သူဆင်းရဲဖြစ်သော ထင်းခွေသည်မိန်းမအား မိဖုရားကြီးအရာကို ပေးကြကုန်သေး၏။ ထိုသူဆင်းရဲမ၏ဝမ်း၌ဖြစ်၍ ဖွားမြင်သော မင်းသားသည်လည်း တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းသော ဗာရာဏသီပြည်၌ မင်းအဖြစ်သို့ရောက်၍ ကဋ္ဌဝါဟနမည်သောမင်း ဖြစ်ဖူး၏”ဟု ကဋ္ဌဝါဟနဇာတ်ကို အတိတ်ဆောင်၍ ဟောကြားတော်မူလေ၏။

ပသေနဒီကောသလမင်းကြီးသည် ဤတရားစကားကို ကြားနာရ၍ အဘ၏အမျိုးအနွယ်သည်သာ ပမာဏဖြစ်ပေသတတ်ဟု နှစ်သက်၍ ဝါသဘခတ္တိယာ မိဖုရားအားလည်းကောင်း၊ သားတော် ဝိဋဘအားလည်းကောင်း ပေးတော်မူမြဲဖြစ်သော အစောင့်အရှောက် အခြံအရံကိုသာလျှင် ပေးစေတော်မူလေ၏။ ဝိဋဋူဘမင်းသားကိုလည်း စစ်သူကြီးအရာ၌ ထားတော်မူလေ၏။

မလ္လိကာ၏ ချင်ခြင်းနှင့် ဗန္ဓုလ၏ သူရသတ္တိ

ဗန္ဓုလ စစ်သူကြီးအားလည်း ကုသိနာရုံပြည်၌နေသော မလ္လိကာမိဖုရား၏ သမီးဖြစ်သော မလ္လိကာမည်သော စစ်သူကြီးကတော်သည် ရှိလေ၏။ ထိုမလ္လိကာသည်လည်း ကြာမြင့်စွာသော ကာလပတ်လုံး သားသမီးကို မဖွားမြင်လေ။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် မလ္လိကာကို “မိမိအမျိုးအိမ်ကို ပြန်သွားလော့”ဟုဆို၍ လွှတ်လိုက်လေ၏။ မလ္လိကာသည် “ဘုရားကို ဖူးမြင်ပြီးမှ သွားအံ့”ဟု နှလုံးသွင်း၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တည်နေသည်ရှိသော် “အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးတော်မူအပ်သဖြင့် “မြတ်စွာဘုရား- တပည့်တော်မကို အရှင်ဖြစ်သော ဗန္ဓုလ စစ်သူကြီးသည် အမျိုးအိမ်သို့ စေလွှတ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်အကြောင်းကြောင့် စေလွှတ်သနည်း”ဟု မေးတော်မူလတ်သော် “သားသမီးမရ မိန်းမမြုံ ဖြစ်ပါသတတ်”ဟု လျှောက်ကြားလေ၏။

(လေနှိပ်စက်ခြင်းကြောင့်လည်းကောင်း၊ ပိုးခဲခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံ စီမံခြင်းကြောင့်လည်းကောင်း၊ ဤအကြောင်းသုံးပါးကြောင့် ပဋိသန္ဓေ ကိုယ်ဝန်တည်ပြီးသော်လည်း ပျက်စီးတတ်သည်။ မြုံသော မိန်းမမည်သည် မရှိ ဟူ၏။)

“ယင်းသို့ဖြစ်လျှင် သွားဖွယ်ကိစ္စ မရှိ၊ ပြန်နစ်လော့”ဟု မိန့်တော်မူလတ်သည်ရှိသော် မလ္လိကာသည် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသဖြင့် ဘုရားရှင်ကိုရှိခိုး၍ အိမ်သို့သွားသည်ရှိသော် “အဘယ့်ကြောင့် ပြန်နစ်ခဲ့သနည်း”ဟု မေးမြန်းအပ်သည်ဖြစ်၍ “မြတ်စွာဘုရား တားမြစ်တော်မူသောကြောင့် ပြန်လာခဲ့ပါသည်”ဟု ပြောကြားလေ၏။ ဗန္ဓုလ စစ်သူကြီးသည်လည်း “အရှည်ကို မြင်လေ့ရှိတော်မူသော ဘုရားသဗ္ဗညုသည် အကြောင်းဖြစ်အင်ကို သိမြင်တော်မူသည်ဖြစ်လတ္တံ့”ဟု နှလုံးပြု၍ လက်ခံသိမ်းပိုက်လေ၏။ ထိုမလ္လိကာသည်လည်း မကြာမြင့်မီသာလျှင် ကိုယ်ဝန်ကိုရ၍ ဖြစ်သောချင်ခြင်း ရှိသည်ဖြစ်ရကား “ကျွန်တော်မအား ချင်ခြင်းသည် ဖြစ်ပေါ်လာချေပြီ”ဟု ပြောကြားလေ၏။ “အဘယ်သို့သောချင်ခြင်း ဖြစ်ပေါ်လာသနည်း”ဟု မေးလျှင် “အရှင်- ဝေသာလီပြည်ကြီး၌ အပေါင်းဖြစ်သော မင်းမျိုးတို့၏ အဘိသိက်သွန်းသော မင်္ဂလာရေကန်တွင်းသက်ဆင်း ရေချိုးပြီးလျှင် ရေကို သောက်လိုပါသည်”ဟု ဆိုလေ၏။ ဗန္ဓုလစစ်သူကြီးသည် ကောင်းပြီဟုဆို၍ ဗိုလ်ခြေလူဦးရေ တစ်ထောင်၏အစွမ်းအားဖြင့် တင်အပ်သော လေးကိုယူ၍ မလ္လိကာကို ရထားထက်တင်ပြီးလျှင် သာဝတ္ထိပြည်မှ ထွက်သဖြင့် ရထားကို မောင်းနှင်လျက် မဟာလိ လိစ္ဆဝီမင်းသားအား ပေးထားအပ်သော တံခါးဖြင့် ဝေသာလီပြည်သို့ ဝင်လေ၏။ မဟာလိလိစ္ဆဝီမင်းသည် တံခါးခုံ၌ ရထား၏ ထိခိုက်သံကို ကြားရလျှင် “ဤအသံကား ဗန္ဓုစစ်သူကြီး၏ ရထားသံတည်း”ဟု သိသဖြင့် “ယနေ့ လိစ္ဆဝီမင်းတို့အား ဘေးအန္တရာယ် ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ ရေကန်၏ အတွင်း၌လည်းကောင်း၊ အပ၌လည်းကောင်း အစောင့်အရှောက်တို့သည် လွန်စွာ အားကြီးကုန်၏။ အထက်၌ သံကွန်ယက်ကို ဖုံးအုပ်၍ ထားအပ်၏။ ငှက်တို့အားသော်လည်း ဝင်နိုင်ရန် နေရာအခွင့်မရှိ။ ဗန္ဓုလ စစ်သူကြီးသည်ကား ရထားမှဆင်းသက်၍ အစောင့်အရှောက်ဖြစ်သော လူတို့ကို သန်လျက်ဖြင့် ပုတ်ခတ်ကာ ထွက်ပြေးစေ၍ သံကွန်ယက်ကို ဖြတ်ပြီးလျှင် ရေကန်တွင်းသို့ဝင်သဖြင့် မယားကိုချိုးစေ, သောက်စေ၍ မိမိကိုယ်တိုင်လည်း ရေချိုး၍ တစ်ဖန် မလ္လိကာကို ရထားသို့တင်၍ ပြည်မှထွက်ကာ လာခဲ့သော လမ်းခရီးဖြင့်သာလျှင် ပြန်သွားလေ၏။

ဗန္ဓုလမြားဖြင့် လိစ္ဆဝီမင်းများ ပျက်စီးပုံ

အစောင့်အရှောက်ဖြစ်သော လူတို့သည် လိစ္ဆဝီမင်းတို့အား ကြားလျှောက်ကြလေကုန်၏။ လိစ္ဆဝီမင်းတို့သည် အမျက်ထွက်၍ ရထားငါးရာတို့သို့ တက်စီးကုန်လျက် “ဗန္ဓုလစစ်သူကြီးကိုလည်းကောင်း၊ မလ္လိကာကိုလည်းကောင်း ဖမ်းယူအံ့”ဟု ထွက်ခဲ့ကြလေကုန်၏။ ထိုအကြောင်းကို မဟာလိ လိစ္ဆဝီမင်းအား ပြောကြားကြကုန်သော် မဟာလိ လိစ္ဆဝီမင်းသည်လည်း “မလိုက်ကြကုန်လင့်၊ ထိုဗန္ဓုလသည် အလုံးစုံသော သင်တို့ကို သတ်လတ္တံ့”ဟု ဆိုလေ၏။ လိစ္ဆဝီမင်းတို့သည်လည်း “အကျွန်ုပ်တို့ လိုက်ကုန်အံ့သည်သာလျှင်တည်း”ဟု ဆိုကြကုန်သဖြင့် “ထိုသို့ လိုက်လိုမူကား ထိုဗန္ဓုလ၏ ရထားလှည်းဘီး၏ ချက်မပုံတောင်းတိုင်အောင် မြေသို့ဝင်ရာအရပ်ကို မြင်လျှင် ပြန်ခဲ့ကြကုန်လော့၊ ထိုအရပ်မှ မပြန်ကုန်သည်ရှိသော် ရှေ့မှ မိုးကြိုးသံကဲ့သို့ ကြားရကုန်လတ္တံ့၊ ထိုအရပ်မှ ပြန်ခဲ့ကြကုန်လော့၊ ထိုအရပ်မှ မပြန်ကုန်သည်ရှိသော် အသင်လိစ္ဆဝီမင်းတို့၏ ရထားလှည်းဦးတို့၌ အပေါက်ကို မြင်ရကုန်လတ္တံ့၊ ထိုအရပ်မှ ပြန်ခဲ့ကြကုန်လော့။ ထိုအရပ်မှ မပြန်မူ၍ ရှေ့သို့ မလိုက်ကြလေနှင့်”ဟု မှာကြားပြောဆိုလိုက်လေ၏။ ထိုလိစ္ဆဝီမင်းသား ငါးရာတို့သည်လည်း မဟာလိစကားဖြင့် မပြန်ကုန်မူ၍ ဗန္ဓုလ စစ်သူကြီးသို့ အစဉ်လိုက်ကြကုန်၏။ မလ္လိကာသည် ထိုလိုက်လာသော လိစ္ဆဝီမင်းအပေါင်းတို့ကိုမြင်၍ “အရှင့်သား- ရထားတို့သည် ထင်ကုန်၏”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ တစ်ခုတည်းသော ရထားဦး ထင်သောအခါ ငါ့အား ပြောကြားလော့”ဟု ဆို၏။ အလုံးစုံသော ရထားတို့သည် တစ်ခုတည်းသော ရထားကဲ့သို့ ဖြစ်၍ ရှေ့နောက်စဉ်လျက် ထင်ကုန်သောအခါ မလ္လိကာက “အရှင့်သား -တစ်ခုတည်းသော ရထားဦးထင်ပါပြီ”ဟု ပြောကြားလေ၏။

ဗန္ဓုလ စစ်သူကြီးသည်လည်း “ယင်းသို့ဖြစ်မူ ဤကြိုးတို့ကို ကိုင်ငင်ဦးလော့”ဟု ဆိုလျက် မလ္လိကာအား ကြိုးတို့ကိုပေး၍ ရထား၌ရပ်လျက် လေးကို တင်လေ၏။ ရထားလှည်းဘီးသည် ချက်မပုံတောင်းတိုင်အောင် မြေသို့ ဝင်လေ၏။ လိစ္ဆဝီမင်းတို့သည် ထိုအရပ်ကို မြင်သော်လည်း မပြန်ကြကုန်။ ဗန္ဓုလစစ်သူကြီးလည်း အတန်ငယ်သွား၍ လေးညှို့ကို ဖြန့်၏။ မိုးကြိုးသံကဲ့သို့ ဖြစ်လေ၏။ ထိုလိစ္ဆဝီမင်းတို့သည် ထိုအရပ်မှလည်း မပြန်ကြကုန်။ အစဉ်အတိုင်း လိုက်လျက် သွားကြကုန်သော လိစ္ဆဝီမင်းတို့ကို ဗန္ဓုလစစ်သူကြီးသည် ရထားထက်၌ ရပ်လျက်သာလျှင် မြားတစ်စင်းကို ပစ်လွှတ်လေ၏။ ထိုမြားသည် ရထားငါးရာတို့၏ ရထားဦးကို ဖောက်ထွင်း၍ ငါးရာသော မင်းတို့ကို ဝတ်ဆင်သော ချပ်မိန်ညိုနေရာ၌ ဖောက်ထွင်းလျက် မြေသို့ ဝင်လေ၏။ လိစ္ဆဝီမင်းတို့လည်း မိမိတို့ကိုယ်ကို မြားဖောက်ထွင်း၍ သွားသည့်အဖြစ်ကို မသိသောကြောင့် “အချင်းဗန္ဓုလ ရပ်ဦးလော့၊ အချင်းဗန္ဓုလ- ရပ်ဦးလော့”ဟု ဆိုကုန်လျက် အစဉ်အတိုင်း လိုက်ကြကုန်သည်။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် ရထားကို မောင်းနှင်လျက် “သင်တို့ သူသေတို့ချည်းသာတည်း၊ သူသေတို့နှင့် ငါ့အား စစ်ထိုးခြင်းမည်သည် မရှိ”ဟု ဆို၏။ “သူသေတို့မည်သည် ငါတို့နှင့် တူသည်မဖြစ်ကုန်”ဟု ဆိုပြန်သော် “ယင်းသို့ဖြစ်မှု နောက်ဆုံးဖြစ်သော လိစ္ဆဝီမင်း၏ ချပ်ဝတ်တန်ဆာကို ချွတ်စေကြကုန်လော့”ဟု ဆိုသဖြင့် ထိုလိစ္ဆဝီမင်းတို့သည် ချွတ်ကြလေကုန်၏။ တန်ဆာကို ချွတ်သည်နှင့်တပြိုင်နက် ထိုလိစ္ဆဝီမင်းတစ်ယောက်သည် အသက်သေ၍ လဲကျ၏။ ထိုအခါ ထိုအလုံးစုံသော လိစ္ဆဝီမင်းသားတို့ကိုလည်း “အလုံးစုံကုန်သော အသင်တို့သည် ဤသို့သဘောရှိကြကုန်၏။ မိမိတို့အိမ်သို့ ပြန်သွား၍ စီရင်အပ်သောအမှုကို စီရင်ပြီးမှ သားမယားကို ဆုံးမဩဝါဒပေး၍ ချပ်မိန်ညိုတန်ဆာကို ချွတ်စေကြကုန်လော့”ဟု ဆိုလေ၏။ လိစ္ဆဝီမင်းတို့လည်း ဆိုတိုင်းပြု၍ အားလုံး အသက်ကုန်ခြင်းသို့ ရောက်ကြလေကုန်၏။

သားများနှင့်တကွ ဗန္ဓုလ အနိစ္စရောက်ခြင်း

ဗန္ဓုလ စစ်သူကြီးသည်လည်း မလ္လိကာကို သာဝတ္ထိပြည်သို့ ဆောင်လေ၏။ မလ္လိကာသည် တစ်ဆယ့်ခြောက်ကြိမ် အစုံအစုံသော သားမွှာတို့ကို ဖွားမြင်လေ၏။ အလုံးစုံ သုံးကျိပ်နှစ်ယောက်သော သားတို့သည်လည်း ရဲရင့်ကုန်သဖြင့် အားအစွမ်းနှင့် ပြည့်စုံကြကုန်၏။ အလုံးစုံသော အတတ်ပညာတို့၏ အပြီးအဆုံးသို့ ရောက်ကြလေကုန်၏။ တစ်ယောက်, တစ်ယောက်သော သားအား ယောက်ျားတစ်ထောင် အခြံအရံရှိ၏။ ဖခင် ဗန္ဓုလစစ်သူကြီးနှင့်တကွ မင်းအိမ်နန်းတော်သို့ သွားသည်ရှိသော် ထိုသူတို့ဖြင့်သာလျှင် မင်းရင်ပြင်သည် ပြည့်လေ၏။

ထိုနောက် တစ်နေ့သ၌ တရားဆုံးဖြတ်ရာ သဘင်နန်းတော်၌ ကောက်ကျစ် စဉ်းလဲသောအားဖြင့် တရားရှုံးသောလူတို့သည် ဗန္ဓုလစစ်သူကြီးလာသည်ကို မြင်လတ်သော် သည်းစွာ ငိုကျွေးမည်တမ်းကုန်လျက် တရားစီရင် ဆုံးဖြတ်သော အမတ်တို့ စဉ်းလဲသောအားဖြင့် တံစိုးစား၍ စီရင်ကြောင်းကို ထိုဗန္ဓုလစစ်သူကြီးအား ပြောကြားကြကုန်၏။ ဗန္ဓုလစစ်သူကြီးလည်း တရားသဘင်ရုံးတော်သို့သွား၍ ထိုတရားကို စိစစ်မေးမြန်းပြီးလျှင် ပစ္စည်းရှင်ကိုသာ ပစ္စည်းရှင်ပြုလေ၏။ လူများအပေါင်းတို့သည် ကျယ်စွာသောအသံဖြင့် ကောင်းချီးပေးခြင်းကို ဖြစ်စေ၏။ ပသေနဒီ ကောသလမင်းကြီးသည် “ဤအသံကား အဘယ်အသံနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို ကြားသိတော်မူလျှင် နှစ်သက်တော်မူသဖြင့် ထိုအလုံးစုံ ကောက်ကျစ် စဉ်းလဲသောအားဖြင့် စီရင်သော အမတ်တို့ကို တရားသူကြီးအရာမှ နုတ်စေ၍ ဗန္ဓုလအားသာလျှင် တရားသဘင်ရုံးတော်ကို အပ်နှင်းလေ၏။ ဗန္ဓုလစစ်သူကြီးသည်လည်း ထိုအခါမှစ၍ မှန်ကန်ဖြောင့်မတ်စွာ ဆုံးဖြတ်စီရင်၏။ ထိုသို့ ဗန္ဓုလစစ်သူကြီးသာ တရားဆုံးဖြတ်သောကြောင့် တရားသူကြီးဟောင်း ဖြစ်ကုန်သော အမတ်တို့သည် တစ်စုံတစ်ခုသော တံစိုးလက်ဆောင်ကို မရကြကုန်သည်ဖြစ်၍ နည်းသောလာဘ် ရှိကုန်ရကား “ဗန္ဓုလစစ်သူကြီးသည် မင်းအဖြစ် တောင့်တ၏”ဟု မင်းကြီးကို ကုန်းတိုက်ကြလေကုန်၏။

မင်းကြီးသည် ထိုအမတ်ဟောင်းတို့၏စကားကို ယုံကြည်တော်မူသည်ဖြစ်၍ မိမိစိတ်ကို နှိပ်ကွပ်ငြိမ်းအေးအောင် ပြုခြင်းငှါ မစွမ်းနိုင်၊ “ဗန္ဓုလစစ်သူကြီးကို ဤအရပ်၌သာ သတ်အပ်သည်ရှိသော် ငါ့အား ကဲ့ရဲ့ခြင်း ဖြစ်လတ္တံ့”ဟု တစ်ဖန် အောက်မေ့မိပြန်သဖြင့် သူလျှို မင်းယောက်ျားတို့ကို ပစ္စန္တရစ်ကို လုယက်ဖျက်ဆီးစေ၍ ဗန္ဓုလစစ်သူကြီးကို ခေါ်တော်မူပြီးလျှင် “ပစ္စန္တရစ်ကျေးရွာသည် ပျက်စီးသတတ်၊ သင်၏ သားတို့နှင့်တကွ သွား၍ ခိုးသူတို့ကို ဖမ်းယူချေလော့”ဟု စေလွှတ်၍ “ထိုအရပ်၌ပင် သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်၍ဆောင်ချေကြကုန်လော့”ဟု ဆိုလျက် ထိုသူတို့နှင့် အတူတကွ တစ်ပါးကုန်သော ဆောင်စွမ်းနိုင်သော သူရဲကြီးတို့ကို စေလွှတ်တော်မူပြန်လေ၏။ ဗန္ဓုလစစ်သူကြီးလည်း ပစ္စန္တရစ်သို့ ရောက်ခါမျှ၌သာလျှင် စစ်သူကြီးလာသတတ်ဟု ပုန်ကန်သောင်းကျန်းနေသော သူလျှိုခိုးသူတို့သည် ထွက်ပြေးတိမ်းရှောင်ကြလေကုန်၏။ ဗန္ဓုလစစ်သူကြီးသည် ထိုအရပ်ကို လူနေမြဲ နေစေ၍ ကောင်းစွာတည်စေ၍ ပြန်ခဲ့လေ၏။ ထိုအခါ မြို့မှ မနီးမဝေးသောအရပ်၌ မင်းကြီး စေလွှတ်အပ်ကုန်သော သူရဲကြီးတို့သည် သားတို့နှင့်တကွဖြစ်သော ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြလေကုန်၏။

ထိုနေ့၌ပင် မလ္လိကာသည် ရဟန်းငါးရာတို့နှင့်တကွ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို ပင့်ဖိတ်၍ ထားအပ်ကုန်၏။ ထိုအခါ မလ္လိကာအား နံနက်မိုးသောက်စ အခါမှာပင် “သင်၏ သားတို့နှင့်တကွဖြစ်သော အရှင်သခင် ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြကုန်၏”ဟူသော ကမ္ပည်းအမှာစာကို ဆောင်ယူခဲ့၍ ပေးလာကြကုန်၏။ မလ္လိကာသည် ထိုအကြောင်းကိုသိလျှင် တစ်စုံတစ်ယောက်သော သူအား တစ်ခွန်းသော စကားကိုမျှ မပြောမဆို မကြားဘဲ ကမ္ပည်းအမှာစာကို ရင်ခွင်၌ထားလျက် ရဟန်းသံဃာတော်တို့ကိုသာလျှင် ဆွမ်းလုပ်ကျွေးလေ၏။ ထိုအခါ မလ္လိကာ၏ အလုပ်အကျွေး ကျွန်မတို့သည် ရဟန်းတို့အား ဆွမ်းကိုကပ်လှူပြီး၍ ထောပတ်အိုးကို ဆောင်ယူကြသည်ရှိသော် မထေရ်မြတ်တို့၏ရှေ့တော်၌ ထောပတ်အိုးတို့ကို ခွဲပစ်ကြလေကုန်၏။ အရှင်သာရိပုတြာသည် “ကွဲတတ်, ပျက်တတ်သော သဘောတရားသည် ကွဲတတ်ပျက်တတ်၏၊ ထွေရာလေးပါး မကြံစည်အပ်”ဟု ဟောကြားဆုံးမတော်မူ၏။

ထိုမလ္လိကာသည် ရင်ခွင်မှ ကမ္ပည်းအမှာစာကို ထုတ်ယူပြီးလျှင် “သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဖခင်ဖြစ်သော ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြကုန်၏ဟု တပည့်တော်မထံ ဤအမှာစာကို ပို့လာကြပါကုန်၏။ တပည့်တော်မသည် ဤသို့သောအကြောင်းကို ကြားသိရပါသော်လည်း ထွေရာလေးပါး မကြံစည်ပါ၊ ထောပတ်အိုး ကွဲရာ၌ အဘယ်မှာ ကြံစည်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်မြတ်သည် အနိမိတ္တမနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။ ဣဓ၊ ဤလောက၌။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်သည်။ အနိမိတ္တံ၊ သိနိုင်စကောင်း အကြောင်းမရှိ။ အနညာတံ၊ မသိအပ်။ ဤသို့ အစရှိသည်တို့ကို ရွတ်ဆိုကာ တရားဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ မလ္လိကာသည်လည်း သုံးကျိပ်နှစ်ယောက်သော ချွေးမတို့ကိုခေါ်စေ၍ “သင်တို့၏ အရှင်ယောက်ျားတို့သည် အပြစ်မရှိကြပါဘဲလျက် မိမိ ရှေးဘဝ၌ ပြုခဲ့ဖူးသော အကုသိုလ်ကံအကျိုးကို ရကြလေကုန်ပြီ၊ သင်တို့သည် မစိုးရိမ်ကြကုန်လင့်၊ ဘုရင်မင်းမြတ်၏အပေါ်၌လည်း စိတ်၏ပြစ်မှားခြင်းကို မပြုကြကုန်လင့်”ဟု ဆုံးမဩဝါဒ ပေးလေ၏။

ပဿနဒီကောသလမင်းကြီး ခိုကိုးရာမဲ့ နတ်ရွာစံရခြင်း

မင်းကြီး၏ သူလျှိုဖြစ်သော ယောက်ျားတို့သည် ထိုမလ္လိကာဆိုသော စကားကို ကြားရလျှင် သွားကြ၍ ထိုသူတို့၏ အပြစ်မရှိသောအဖြစ်ကို မင်းကြီးအား လျှောက်ကြားကြကုန်၏။ မင်းကြီးသည် ထိတ်လန့်ခြင်းသို့ရောက်သဖြင့် မလ္လိကာ၏နေအိမ်သို့ သွားရောက်ပြီးလျှင် မလ္လိကာကိုလည်းကောင်း၊ မလ္လိကာ၏ ချွေးမတို့ကိုလည်းကောင်း သည်းခံစေ၍ မလ္လိကာအား ဆုမြတ်ကို ပေးသနားတော်မူလေ၏။ မလ္လိကာကလည်း “ပေးသနားတော်မူအပ်သောဆုကို ဘုရားကျွန်မ ယူအပ်သည်ဖြစ်ပါစေသတည်း”ဟု လျှောက်ကြားပြီးမှ ထိုနေအိမ်၌ပင်လျှင် ထိုသေလွန်ကုန်သော သား, လင် ခင်ပွန်းတို့၏ အလို့ငှါ မတကဘတ်ကို လှူဒါန်းပြီးလျှင် မင်းကြီးထံ ချဉ်းကပ်ကာ ရှိခိုးလျက် “အရှင်မင်းမြတ်- အရှင်မင်းမြတ်တို့သည် ဘုရားကျွန်မအား ဆုမြတ်ကို ပေးသနားတော်မူပါသည်၊ ဘုရားကျွန်မအား တစ်ပါးသောဆုဖြင့် အလိုမရှိပါ။ သုံးကျိပ်နှစ်ယောက်ကုန်သော ချွေးမတို့၏လည်းကောင်း၊ ဘုရားကျွန်မ၏လည်းကောင်း မိဘအိမ်သို့ ပြန်သွားရခြင်းကို ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြားသံတော်ဦးတင်လေ၏။ မင်းကြီးလည်း ဝန်ခံလေ၏။ မလ္လိကာသည် သုံးကျိပ်နှစ်ယောက်သော ချွေးမတို့ကို အကြင်အကြင် မိမိတို့၏မိဘအိမ်သို့ စေလွှတ်၍ မိမိလည်း ကုသိနာရုံပြည် မိမိ မိဘအိမ်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းကြီးသည် ဗန္ဓုလစစ်သူကြီး၏ တူဖြစ်သော ဒီဃကာရာယနမည်သော သူအား စစ်သူကြီးအရာကို ပေးတော်မူ၏။ ထိုဒီဃကာရာယန စစ်သူကြီးကား “ဤမင်းကြီးသည် ငါ၏ဦးရီး ဗန္ဓုလကို သတ်အပ်၏”ဟု မင်းကြီးအားလုပ်ကြံရန် အခွင့်ကိုရှာလျက် သွားလာလှည့်ပတ်၍နေ၏။ မင်းကြီးသည်လည်း အပြစ်မရှိသော ဗန္ဓုလစစ်သူကြီးကို သတ်မိသောကာလမှစ၍ နှလုံးမသာယာခြင်းရှိသဖြင့် စိတ်၏သက်သာရာကို မရ၊ မင်းစည်းစိမ်ကိုလည်း ခံစားတော်မမူနိုင်ရှာ။ ထိုအခါ မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ ဇနပဒပရမ အမည်ရှိသော နိဂုံးကိုအမှီပြု၍ နေတော်မူ၏။ ပသေနဒီကောသလမင်းကြီးသည် ဘုရားရှိရာအရပ်သို့သွား၍ ကျောင်းတော်အာရာမ်မှ မနီးမဝေး၌ သစ်ခက်တဲနန်းတည်၍ နေပြီးလျှင် များစွာသော အခြံအရံဖြင့် ဘုရားရှင်ကို ရှိခိုးအံ့ဟု ကျောင်းတော်သို့ သွားလတ်သော် ငါးပါးကုန်သော မင်းမြောက်တန်ဆာတို့ကို ဒီဃကာရာယန စစ်သူကြီးအား ပေးအပ်၍ တစ်ယောက်အထီးတည်း ဂန္ဓကုဋိသို့ ဝင်တော်မူ၏။

(အလုံးစုံသော အတ္ထုပ္ပတ္တိကို ဓမ္မစေတိယသုတ္တန်၌ လာသောနည်းဖြင့် ပြဆိုအပ်၏။)

ပသေနဒီကောသလမင်းသည် ဂန္ဓကုဋိသို့ ဝင်သွားသည်ရှိသော် ဒီဃကာရာယန စစ်သူကြီးသည် ထိုမင်းမြောက်တန်ဆာ ငါးပါးတို့ကိုယူ၍ ဝိဋဋူဘမင်းသားကို မင်းမြှောက်ပြီးလျှင် ကောသလမင်းကြီးအား မြင်းတစ်စီးနှင့် ခြေရင်းအလုပ်အကျွေး မိန်းမတစ်ယောက်ကို ထားခဲ့၍ ပြန်လာသဖြင့် သာဝတ္ထိပြည်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းကြီးသည်လည်း ဘုရားရှင်နှင့်တကွ ချစ်မြတ်နိုးအပ်သော စကားကို ပြောဆိုလျှောက်ထားပြီးလျှင် ဘုရားရှင်ကို ရှိခိုး၍ ထွက်ခဲ့သည်ရှိသော် စစ်သည်အပေါင်းတို့ကို မမြင်ခြင်းကြောင့် ထိုကြွင်းကျန်စောင့်နေသော မိန်းမကိုမေး၍ ထိုအကြောင်းကို ကြားသိရသဖြင့် “ငါသည် တူတော်ဖြစ်သော အဇာတသတ်မင်းကို ခေါ်ယူ၍ ဝိဋဋူဘကို ဖမ်းအံ့”ဟု ရာဇဂြိုဟ်ပြည်သို့ မြန်းကြွလေရာ အချိန်မဟုတ် မိုးချုပ်သည့်အခါ၌ တံခါးကို ပိတ်ထားသည့်အခါတွင် ရာဇဂြိုဟ်ပြည်သို့ ရောက်သဖြင့် တစ်ဆောင်သောဇရပ်၌ အိပ်ရ၍ လေနေပူတို့ဖြင့် ပင်ပန်းသည်အဖြစ်ကြောင့် ညဉ့်အဖို့တွင် ထိုဇရပ်၌ပင် နတ်ရွာလားတော်မူလေ၏။

ထိုညဉ့် မိုးသောက်လင်းစင်ခြင်းသို့ ရောက်သောအခါ “ကောသလပြည့်ရှင် ဘုရင်မင်းမြတ်ကြီးဘုရာ့- အရှင်မင်းမြတ်ကြီးသည် ကိုးကွယ်ရာမဲ့ ဖြစ်ခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းသော ထိုမိန်းမ၏အသံကို ကြားလျှင် အဇာတသတ်မင်းကြီးအား ကြားလျှောက်လေ၏။ အဇာတသတ်မင်းကြီးသည်လည်း ဦးရီးဖြစ်သော မင်းကြီးအား များစွာသော ပူဇော်သက္ကာရဖြင့် အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုစေလေ၏။

သစ်ပင်ရိပ်ထက် ဆွေမျိုးအရိပ် အေးချမ်း

ဝိဋဋူဘသည်လည်း မင်းအဖြစ်ကိုရလျှင် ထိုရန်ကို အောက်မေ့မိသည်ဖြစ်၍ “အလုံးစုံသော သာကီဝင်မင်းတို့ကို သတ်အံ့”ဟု ကြံစည်ကာ များစွာသော စစ်သည်ဗိုလ်ပါနှင့်တကွ ထွက်ခဲ့၏။ ထိုနေ့၌ မြတ်စွာဘုရားသည် မိုးသောက် နံနက်စောစောအခါ၌ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဆွေတော်မျိုးတော်အပေါင်း၏ ပျက်စီးအံ့သည်ကို မြင်တော်မူ၍ “ဆွေတော်မျိုးတော်အပေါင်းအား ချီးမြှင့်ခြင်းကို ပြုခြင်းငှာ သင့်၏”ဟု ကြံတော်မူလျက် နံနက်အခါ ဆွမ်းအလို့ငှာ ကြွသွားတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ဂန္ဓကုဋိ၌ ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော မြတ်သော ကိန်းစက်တော်မူခြင်းကိုပြု၍ ညချမ်းသောအခါ၌ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပြီးလျှင် ကပိလဝတ်ပြည်၏အနီး ကျဲသော,ပူသော အရိပ်ရှိသော တစ်ခုသောသစ်ပင်ရင်း၌ နေတော်မူလေ၏။ ထိုမှတစ်ပါး ဝိဋဋူဘမင်း၏ ပြည်အပိုင်းအခြား၌ ကြီးစွာသော ထူထဲသော အေးချမ်းသော အရိပ်ရှိသော ပညောင်ပင်သည်ရှိ၏။ ဝိဋဋူဘမင်းသည် ဘုရားရှင်ကို မြင်လျှင် ဆည်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့် ဤသို့ ပူလောင်ပြင်းပြသောအခါတွင် အရိပ်မရှိသော ဤသစ်ပင်ရင်း၌ နေတော်မူကြကုန်ဘိသနည်း။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အေးချမ်းသော အရိပ်ရှိသော ထိုပညောင်ပင်ရင်း၌ နေတော်မူကြပါဘုရား”ဟု လျှောက်ကြားသဖြင့် “မြတ်သောမင်းကြီး- ရှိပါစေတော့၊ ဆွေတော်မျိုးတော်တို့၏ အရိပ်မည်သည်ကား အေးချမ်းကုန်၏”ဟု မိန့်တော်မူသည်ရှိသော် “ဆွေတော်မျိုးတော်တို့ကို စောင့်ရှောက်ခြင်းငှာ ဘုရားသဗ္ဗညု ကြွလာတော်မူသည် ဖြစ်လတ္တံ့”ဟု ကြံ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဆုတ်နစ်ကာ သာဝတ္ထိပြည်သို့သာ ရှေးရှပြန်လေ၏။

မကောင်းမှုကံ၏ အကျိုး

ဘုရားရှင်သည်လည် ကောင်းကင်ခရီးသို့ ပျံတက်တော်မူသဖြင့် ဇေတဝန်ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူလေ၏။ ဝိဋဋူဘ မင်းသည်လည်း သာကီဝင်မင်းတို့၏ အပြစ်ကို အောက်မေ့၍ နှစ်ကြိမ်မြောက် ထွက်ပြန်သော် ထိုအရပ်၌ပင် ဘုရားရှင်ကို ဖူးမြင်ရ၍ တစ်ဖန် ပြန်လာပြန်၏။ သုံးကြိမ်မြောက် ထွက်ပြန်သော် ဘုရားရှင်ကို ထိုအရပ်၌ပင် ဖူးမြင်ရ၍ တစ်ဖန် ပြန်လာပြန်၏။ လေးကြိမ်မြောက်သောအခါ၌ကား ဝိဋဋူဘမင်းသည် ထွက်သည်ရှိသော် ဘုရားရှင်သည် သာကီဝင်မင်းတို့၏ ရှေးမကောင်းမှုကံကို မြင်တော်မူသဖြင့် ထိုသာကီဝင်မင်းတို့၏ တစ်နေ့သောအခါ မြစ်၌ အဆိပ်ခတ်ခဲ့ဖူးသော မကောင်းမှုကံ၏ မတားမြစ်နိုင်သည့်အဖြစ်ကို သိတော်မူ၍ လေးကြိမ်မြောက်သောအခါ၌ ကြွတော်မမူ။ ဝိဋဋူဘမင်းသည် သာကီဝင်မင်းတို့ကို သတ်တော့အံ့ဟု များစွာသော ရဲမက်ဗိုလ်ပါအပေါင်းနှင့်တကွ ထွက်ခဲ့လေ၏။

ဘုရားရှင်၏ ဆွေတော်မျိုးတော်တို့ကား သူတစ်ပါး၏ အသက်ကို သတ်ဖြတ်သောမည်သည် မရှိ၊ သေကုန်သော်လည်း သူတစ်ပါးတို့၏ အသက်ကို မသတ်ကြကုန်။ ထိုသာကီဝင်တို့ ကြံပုံကား “ငါတို့ကား ကောင်းစွာသင်အပ်သော လေးအတတ် အစရှိသည်ကို လက်စွဲခြင်း ရှိကုန်၏။ လေ့ကျက်အပ်သော မြားရေး ရှိကုန်၏။ မြတ်သော လေးသမားတို့ ဖြစ်ကြကုန်၏။ ငါတို့သည် သူတစ်ပါးကို အသက်မှချခြင်းငှာ မတတ်ကောင်းကုန်၊ မိမိ၏ အတတ်ပညာ အမှုကိစ္စကိုပြသဖြင့် ပြေးစေကုန်အံ့”ဟု ကြံကြလေကုန်၏။ ထိုသာကီဝင်မင်းတို့သည် ဆင်ယင်အပ်သော ချပ်မိန်ညို ရှိကုန်လျက် ထွက်ခဲ့၍ စစ်ထိုးခြင်းငှာ အားထုတ်ကြလေကုန်၏။

သာကီဝင်မင်းတို့ ပစ်အပ်သော မြားတို့သည် ဝိဋဋူဘ၏ စစ်သည်ယောကျာ်းတို့ အကြားအကြားဖြင့် သွားကုန်၏။ ကာကြား၊ နားပေါက်ကြား စသည်တို့မှ ထွက်ကုန်၏။ ဝိဋဋုဘမင်းသည် မြင်၍ “အချင်းတို့- သာကီဝင်မင်းတို့သည် “ငါတို့ကား သူတစ်ပါး၏အသက်ကို မသတ်ဖြတ်ကြကုန်”ဟု ဆိုကုန်သည်မဟုတ်လော၊ ထိုသို့ ဆိုကုန်လျက်လည်း ငါ၏စစ်သည်တော် ယောက်ျားတို့ကို သတ်ဖြတ်ကုန်၏”ဟု ဆို၏။ ထိုအခါ ဝိဋဋူဘမင်းကို ယောက်ျားတစ်ယောက်သည် “အရှင်မင်းကြီး- အဘယ်သို့ဆိုသနည်း၊ ပြန်လည်၍ ကြည့်ရှုတော်မူပါဦးလော့”ဟု ဆိုလေ၏။ သာကီဝင်မင်းတို့သည် “ငါ၏ စစ်သည်တော် ယောက်ျားတို့ကို သတ်ဖြတ်ကုန်၏”ဟု ဆိုပြန်၏။ “အရှင်မင်းကြီးတို့၏ စစ်သည်တော် ယောက်ျားသည် တစ်ယောက်မျှလည်း သေသောသူ မရှိ”ဟုဆိုလျှင် “အချင်းတို့- ယင်းသို့ဖြစ်မူ ငါတိုက်တွန်း၏၊ ရေတွက်ကြကုန်လော့”ဟု ပြောဆို၍ ရေတွက်စေသည်ရှိသော် တစ်ယောက်သောသူ၏လည်း ကုန်ပျောက်ပျက်စီးခြင်းကို မမြင်။ ဝိဋဋူဘမင်းသည် ထိုအရပ်မှ ပြန်လည်ဆုတ်နစ်၍ “အချင်းတို့- “ငါတို့ကား သာကီဝင် ဖြစ်ကုန်၏”ဟု ပြောဆိုကုန်သော ထိုထိုအလုံးစုံသော သူတို့ကို သတ်ကြကုန်လော့။ ဘိုးတော်ဖြစ်သော မဟာနာမ် သာကီဝင်မင်း၏အထံ၌ နေကုန်သောသူတို့၏ အသက်ကို ချမ်းသာပေးကြကုန်လော့”ဟု ဆိုလေ၏။

သာကီဝင်မင်းတို့သည် ကိုင်ယူသင့် ကိုင်ယူစရာကို မမြင်ရှာကြကုန်သဖြင့် အချို့ကား မြက်ပင်ကို ကိုင်လျက်၊ အချို့ကား ကျူပင်ကိုကိုင်စွဲလျက် ရပ်တည်ကြလေကုန်၏။ “သင်တို့သည် သာကီဝင်တို့ မဟုတ်ကုန်လော”ဟု မေးမြန်းလတ်သော် ထိုသာကီဝင်တို့သည် သေကုန်သော်လည်း မဟုတ်မမှန်သော စကားကို မဆိုကြကုန်။ ထို့ကြောင့် မြက်ပင်ကို ကိုင်လျက်တည်သော သူတို့သည် “သာကီဝင် မဟုတ်၊ မြက်”ဟု ဆိုကြရှာကုန်၏။ ကျူပင်ကို ကိုင်စွဲလျက်တည်သော သူတို့သည် “သာကီဝင် မဟုတ်၊ ကျူ”ဟု ဆိုကြရှာကုန်၏။ အကြင် သာကီဝင်တို့သည်ကား မဟာနာမ်မင်းကြီး၏အထံ၌ နေကြကုန်၏၊ ထိုသာကီဝင်တို့သာလျှင် အသက်ကို ရကြကုန်၏။ ထိုသာကီဝင်တို့တွင် မြက်ပင်ကို ကိုင်လျက်တည်သော သာကီဝင်တို့သည် “တိဏသာကီဝင်”တို့ မည်ကုန်၏။ ကျူပင်ကို ကိုင်စွဲလျက် တည်သော သာကီဝင်တို့သည် “နဠသာကီဝင်”တို့ မည်ကုန်၏။ ဝိဋဋူဘသည်လည်း ကြွင်းသော နို့စို့သူငယ်တို့ကိုပင် မလွှတ်မူ၍ သတ်စေလျက် သွေးချောင်းစီးစေပြီးလျှင် ထိုသာကီဝင်မင်းတို့၏ လည်ချောင်းသွေးဖြင့် မိမိနေထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောစေ၏။ ဤသို့သော အခြင်းအရာဖြင့် သာကီဝင်မင်း အဆက်အနွယ်သည် ဝိဋဋူဘမင်း၏ ဘေးဖြင့် ပြတ်ခြင်းသို့ ရောက်လေ၏။

မဟာနာမ်မင်းကြီး နဂါးပြည်၌ တစ်ဆယ့်နှစ်နှစ် နေခြင်း

ဝိဋဋူဘမင်းသည် ဘိုးတော်ဖြစ်သော မဟာနာမ် သာကီဝင်မင်းကြီးကို ဆောင်ယူခဲ့စေ၍ ဆုတ်နစ်ပြန်လာသည်ရှိသော် နံနက်စာစားချိန်အခါ၌ “နံနက်စာ ပွဲတော်တည်ခြင်းကို ပြုအံ့”ဟု တစ်ခုသောအရပ်၌ သက်ဆင်းထိုင်နေ၍ ဘောဇဉ်အုပ်ကို ဆောင်ယူအပ်သည်ရှိသော် “အတူတကွ ပွဲတော်တည်အံ့”ဟု ဘိုးတော် မဟာနာမ်မင်းကြီးကို ခေါ်စေလေ၏။ မင်းမျိုးတို့မည်သည်ကား အသက်ကိုစွန့်ရသော်လည်း ကျွန်မသားတို့နှင့် အတူတကွ ပွဲတော်မတည်ကြကုန်။ ထို့ကြောင့် မဟာနာမ်မင်းကြီးသည် ရေအိုင်တစ်ခုကို ကြည့်ရှုလျက် “ငါ့မြေး- ညစ်နွမ်းသော ကိုယ်ရှိသည်ဖြစ်ခဲ့၏၊ ရေချိုးအံ့”ဟု ဆိုလေ၏။ “ဘိုးတော်- ကောင်းလှပါပြီ၊ ရေချိုးတော်မူကြပါဦးလော့”ဟု ပြန်လျှောက်လေ၏။ ထိုမဟာနာမ်မင်းကြီးသည်ကား “ဤဝိဋဋူဘသည် အတူတကွ မစားသည်ရှိသော် ငါ့ကို သတ်လတ္တံ့၊ မိမိအလိုလိုသာလျှင် သေရခြင်းသည် မြတ်၏”ဟု ဆံတို့ကိုဖြည်သဖြင့် အဖျား၌ အထုံးအဖွဲ့ပြု၍ ဆံပင်တို့၌ ခြေမတို့ကို သွတ်သွင်းပြီးလျှင် ရေ၌ ငုပ်လျှိုးလေ၏။

ထိုမဟာနာမ်မင်း၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် နဂါးပြည်သည် ပူသောအခြင်းအရာကို ပြလေ၏။ နဂါးမင်းသည် အကြောင်း အဘယ်သို့ရှိသနည်းဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုသိရလျှင် မဟာနာမ်မင်းကြီးအထံသို့လာ၍ မဟာနာမ်မင်းကြီးကို ပါးပျဉ်းထက်နေစေ၍ နဂါးပြည်သို့ ဆောင်သွင်းလေ၏။ ထိုမဟာနာမ်မင်းကြီးသည်လည်း တစ်ဆယ့်နှစ်နှစ်ပတ်လုံး ထိုနဂါးပြည်၌သာလျှင် စံနေတော်မူလေ၏။ ထိုဝိဋဋူဘမင်းလည်း “ငါ၏ ဘိုးတော်မင်းကြီးသည် ယခုပင် လာလတ္တံ့”ဟု ဆိုင်းငံ့မျှော်လျက်သာ နေလေ၏။ ထိုမဟာနာမ်မင်းကြီးသည် အလွန်ကြာမြင့်လှသည်ရှိသော် ရေအိုင်၌ စူးစမ်းရှာဖွေစေ၍ ဆီမီးရောင်အလင်းဖြင့် သူတစ်ပါးတို့၏ အဝတ် အသုံးအဆောင် အကြားတို့ကိုလည်း ရှာဖွေကြည့်ရှုပြန်ရာ မမြင်သဖြင့် ထွက်သွားတော်မူသည် ဖြစ်လတ္တံ့ဟု နှလုံးပြု၍ ဖဲသွားလေ၏။

ဝိဋဋူဘတို့၏ ကံကြမ္မာဆိုး

ဝိဋဋူဘသည် ညဉ့်အဖို့၌ အစိရဝတီမြစ်သို့ရောက်၍ သစ်ခက်တဲနန်းတော်သို့ သက်ဝင်နေထိုင်လေ၏။ အချို့ ကုန်သော ရဲမက်ဗိုလ်ပါတို့သည် မြစ်၏အတွင်း သဲသောင်ပြင်စု၌ အိပ်ကြကုန်၏။ အချို့ကား မြစ်မှအပ ကြည်းကုန်းထက်၌ အိပ်ကြကုန်၏။ မြစ်၏အတွင်း၌ အိပ်ကုန်သော သူတို့တွင်လည်း ရှေး၌ မိမိ၏ပြုအပ်သော မကောင်းမှု အကုသိုလ်ကံကင်းသော သူတို့သည် ရှိကုန်၏။ မြစ်မှအပ၌ အိပ်ကုန်သော သူတို့တွင်လည်း ရှေး၌ပြုအပ်သော မကောင်းမှု အကုသိုလ်ကံ မကင်းသောသူတို့သည် ရှိကုန်၏။ ထိုသူတို့၏ အိပ်ရာအရပ်တို့၌ ပိုးပုရွက်တို့သည် ထကြွကိုက်ခဲကြကုန်၏။ ထိုသူတို့သည် “ငါတို့၏ အိပ်ရာအရပ်၌ ပိုးပုရွက်တို့ ရှိကုန်၏။ ငါတို့၏ အိပ်ရာအရပ်၌ ပိုးပုရွက်တို့ ရှိကုန်၏”ဟုဆို၍ ထကြပြီးလျှင် ရှေးဘဝ၌ပြုအပ်သော အကုသိုလ်ကံကင်းကုန်သောသူတို့သည် တက်၍ ကြည်းကုန်းထက်၌ အိပ်ကြကုန်၏။ ပြုအပ်ပြီးသော အကုသိုလ်ကံ မကင်းသောသူတို့သည် သက်ဆင်း၍ သဲသောင်ပြင်စု၌ အိပ်ကြကုန်၏။ ထိုခဏ၌ မိုးကြီးသည် တက်လတ်၍ တစ်ခဲနက်သော မိုးကြီးကို သည်းထန်စွာ အထက်မြစ်ညာ၌ ရွာချလေ၏ ။ မြစ်၌ ရေအလျဉ်သည် စီးလာ၍ ရဲမက်ဗိုလ်ပါ ပရိသတ်အပေါင်းနှင့်တကွ ဝိဋဋူဘမင်းကို သမုဒ္ဒရာသို့သာလျှင် ရောက်စေလေ၏၊ မျှောလိုက်လေ၏။ ထိုသမုဒ္ဒရာ၌ အလုံးစုံသောသူတို့သည် ငါးလိပ်တို့၏ အစာဖြစ်ကုန်၏။

သာကီဝင်တို့၏ ရှေးမကောင်းမှုကံ

များစွာသော လူအပေါင်းသည် စကားကို ဖြစ်စေကြကုန်၏။ “သာကီဝင်မင်းတို့၏ သေရပုံကား မသင့်၊ သာကီဝင်မင်းတို့သည် ဤသို့ဤပုံ ဖြတ်၍ဖြတ်၍ အသတ်ခံရရှာကုန်၏။ ထိုသို့ အသတ်ခံရခြင်းသည် မသင့်မလျော်ချေတကား”ဟု စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူသည်ရှိသော် “ချစ်သားရဟန်းတို့- ဤကိုယ်၏အဖြစ်၌ သာကီဝင်မင်းတို့အား ဤသို့သေရခြင်းသည် အကယ်၍ကား မလျောက်ပတ်၊ ထိုသို့ပင် မလျောက်ပတ်သော်လည်း ဤသာကီဝင်မင်းတို့သည် ရှေးဘဝ၌ ပြုအပ်ဖူးသော ကံ၏ အစွမ်းဖြင့်ကား သင့်လျော်လျောက်ပတ်သော သေရခြင်းကိုသာ ရအပ်ပေ၏”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ထိုသာကီဝင်မင်းတို့သည် ရှေးဘဝ၌ အဘယ်မကောင်းမှုကို ပြုကြကုန်ဖူးပါသနည်းဘုရား”ဟု မေးလျှောက်သဖြင့် “ထိုသာကီဝင်မင်းတို့သည် တစ်ပေါင်းတည်း အတူတကွဖြစ်၍ မြစ်၌ အဆိပ်ကို ထည့်ခဲ့ဖူးကြလေ၏”ဟု မိန့်တော်မူလေ၏။

တစ်ဖန် တစ်နေ့သ၌ များစွာကုန်သော ရဟန်းတို့သည် တရားသဘင်၌ “ဝိဋဋူဘသည် ဤမျှလောက်သော သာကီဝင်မင်းတို့ကို သတ်ဖြတ်၍ ပြန်လာခဲ့ရာ မိမိ၏အလို မပြည့်စုံသေးမီသာလျှင် ဤမျှလောက်သော ဗိုလ်ခြေနှင့်တကွ မဟာသမုဒ္ဒရာ၌ ငါးလိပ်တို့၏အစာ ဖြစ်ရရှာ၏”ဟု စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ အဘယ်စကားဖြင့် အညီအညွတ် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- ဤသူတို့၏ နှလုံးအလို မပြည့်သေးမီသာလျှင် သေမင်းသည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို လွှမ်းမိုးဖိစီး မြှုပ်နှစ်တတ်သော ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဇီဝိတိန္ဒြေကိုဖြတ်၍ အပါယ်တည်းဟူသော သမုဒ္ဒရာလေးစင်းတို့၌ နစ်မွန်းလျှိုးငုပ် မြုပ်စေလေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၄၇] ပုပ္ဖာနိဟေ၀ ပစိနန္တံ၊ ဗျာသတ္တမာနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ၊

ပုပ္ဖာနိ၊ ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပန်းပွင့်တို့ကို။ ပစိနန္တံဟေဝ၊ ရွေးချယ်ဆဲသာလျှင် ဖြစ်သော။ ဗျာသတ္တမာနသံ၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။ နရံ၊ သတ္တဝါကို။ မဟောဃော၊ ကြီးစွာသော ရေအလျဉ်သည်။ သုတ္တံ၊ အိပ်ပျော်သော။ ဂါမံ၊ ရွာနေသူ လူအပေါင်းကို။ အာဒါယ၊ ယူဆောင်၍။ ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။ မစ္စု၊ သေမင်းသည်။ အာဒါယ၊ ယူ၍။ ဂစ္ဆတိ၊ သွားလေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဝိဋဋူဘဝတ္ထု ပြီး၏။