ဝိကဏ္ဏဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၃၃။ ဝိကဏ္ဏဇာတ် (၂-၉-၃)

ဒုကနိပါတ်-ဥပါဟနဝဂ်

၃။ ဝိကဏ္ဏကဇာတ်

အရွက်မဲ့မြား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကာမံ ယဟိံ ဣစ္ဆသိ တေန ဂစ္ဆ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝိကဏ္ဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်သို့ ဆောင်အပ်သော ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့ခြင်းရှိသတတ်ဟူသည် မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူလတ်သည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ကာမဂုဏ်ဟူသော အကြောင်းကြောင့် ငြီးငွေ့ခြင်းရှိ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ကာမဂုဏ်တို့မည်သည်ကား အရွက်မရှိသော မြှားတို့နှင့် တူကုန်၏။ တကြိမ် နှလုံး၌ တည်ရာကို ရကုန်သော်လည်း အရွက်မရှိသော မြှားကဲ့သို့ စူးကုန်၏။ အရွက်မရှိသော မြှားသည် မိကျောင်းကို သေခြင်းသို့သာလျှင် ရောက်စေဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ တရားသဖြင့် မင်းပြုသည်ရှိသော် တနေ့သ၌ ဥယျာဉ်သို့ ထွက်၍ ရေကန်နားသို့ ရောက်၏။ ကခြင်း သီခြင်းတို့၌ လိမ္မာကုန်သော သူတို့သည် ကခြင်း သီခြင်းတို့ကိုသီကုန်၏။ ရေကန်၌ ငါး လိပ်တို့သည် သီချင်းသံ၌ တပ်စွန်းသည်၏အဖြစ်ကြောင့် စည်းဝေးကုန်၍ မင်းနှင့်သာလျှင်တကွ လိုက်ကြကုန်၏။ မင်းသည် ထွန်တုံးပမာဏရှိသော ငါးအပေါင်းကိုမြင်၍ ဤငါးတို့သည် ငါနှင့်တကွ အဘယ့်ကြောင့် လိုက်လာကုန်သနည်းဟု အမတ်တို့ကို မေး၏။ အမတ်တို့သည် အရှင်မင်းကြီး ထိုငါးတို့သည် အရှင်မင်းကြီးကို ခစားကုန်၏ဟု လျောက်ကုန်၏။ မင်းကြီးသည် ငါ့ကို ထိုငါးတို့သည် ခစားကုန်သတတ်ဟု နှစ်သက်၍ ထိုငါးတို့အား ထမင်းဝတ်ကို တည်စေ၏။ နေ့တိုင်း နေ့တိုင်း တအမ္ဗဏမျှသောဆန်ကို ချက်စေ၏။ ထမင်းကျွေးသောကာလ၌ အချို့ကုန်သော ငါးတို့သည် လာကုန်၏။ အချို့ကုန်သော ငါးတို့သည် မလာကုန်၊ ထမင်းသည်ပျက်စီး၏။ မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မင်းသည် ဤနေ့မှစ၍။ ထမင်းကျွေးသောအခါ၌ စည်ကိုတီး၍ စည်သံအမှတ်ဖြင့် ငါးတို့သည် စည်းဝေးကုန်သည်ရှိသော် ထမင်းကို ပေးကြကုန်လော့ဟု ဆို၏။ ထိုအခါမှစ၍ အမှုရွက်ဆောင်သော သူတို့သည် စည်ကို တီးစေ၍ စည်းဝေးကုန်သော ငါးတို့အား ထမင်းကို ပေး၏။ ထိုငါးတို့သည်လည်း စည်သံအမှတ်ဖြင့် စည်းဝေးကုန်၍ စားကုန်၏။

ထိုငါးတို့သည် ဤသို့ စည်းဝေးကုန်၍ စားကုန်သည်ရှိသော် တခုသော မိကျောင်းသည် လာလတ်၍ ငါးတို့ကို စားကုန်၏။ ထမင်းကျွေးခြင်းအမှု၌ ရွက်ဆောင်သောသူသည် မင်းအား ကြား၏။ ထိုမင်းသည် ထိုစကားကိုကြား၍ မိကျောင်းကို ငါးတို့ကို စားကုန်သောကာလ၌ အရွက်မတပ်သော မြားဖြင့်ပစ်၍ ဖမ်းလော့ဟု ဆို၏။ ထမင်းကျွေးခြင်းအမှုကို ရွက်ဆောင်သောသူသည် ကောင်းပြီဟု သွားလျက် လှေ၌စီး၍ ငါးတို့ကို စားအံ့သောငှါ လာသော မိကျောင်းကို အရွက်မတပ်သော မြှားဖြင့် ပစ်၏။ မြှားသည် မိကျောင်း၏ ကျောသို့ ဝင်၏။

ထိုမိကျောင်းသည် ဝေဒနာသို့ ရောက်သည်ဖြစ်၍ ထိုမြှားကိုယူ၍လျှင် ပြေး၏။ ထမင်းကျွေးခြင်းအမှုကို ရွက်ဆောင်သောသူသည် ထိုမိကျောင်းကို မြှားစူးသည်၏အဖြစ်ကို သိ၍ ထိုမိကျောင်းကိုခေါ်လျက်-

၁၆၅။ ကာမံ ယဟိံ ဣစ္ဆသိ တေန ဂစ္ဆ၊
ဝိဒ္ဓေါသိ မမမှိ ဝိကဏ္ဏကေန။
ဟတောသိ ဘတ္တေန သုဝါဒိတေန၊
လောလော စ မစ္ဆေ အနုဗန္ဓမာနော။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၁၆၅။ ဟရေ သုသုမာရ၊ ဟယ်... မိကျောင်း။ တွံ၊ သင်သည်။ ကာမံ၊ စင်စစ်။ ယဟိံ၊ အကြင်အရပ်သို့။ ဣစ္ဆသိ၊ ပြေးသွားလို၏။ တေန၊ ထိုအလိုရှိရာ အရပ်သို့။ ဂစ္ဆ၊ သွားလေ။ အသ္မိံ၊ ထိုအရပ်၌။ မမ၊ ငါ၏။ ဝိကဏ္ဏကေန၊ အရွက်မတပ်သော မြားသည်။ တွံ၊ သင့်ကို။ ဝိဒ္ဓေါ၊ စူးလေသည်။ အသိ၊ ဖြစ်၏။ တွံ၊ သင်သည်။ လောလော၊ လျှပ်ပေါ်သည်။ ဟုတွာ၊ ဖြစ်၍။ မစ္ဆေ၊ ထမင်းစားအံ့သောငှါ လာကုန်သော ငါးတို့ကို။ အနုဗန္ဓမာနော၊ စားအံ့သောငှါ လိုက်၏။ တေန စ၊ ထို့ကြောင့်လျှင်။ သုဝါဒိတေန၊ ကောင်းစွာတီးမှုတ်ခြင်းရှိသော။ ဘတ္တေန စ၊ ထမင်းသည်လည်း။ တွံ၊ သင့်ကို။ ဟတော၊ သတ်အပ်သည်။ အသိ၊ ဖြစ်၏။

ထိုမိကျောင်းသည် မိမိနေရာသို့သွား၍ အသက်ကုန်ခြင်းသို့ ရောက်လေ၏။ မြတ်စွာဘုရားသည် ဤအကြောင်းကို ပြတော်မူလျက် ဘုရားဖြစ်တော်မူပြီး၍-

၁၆၆။ ဧဝံ လောကာမိသံ ဩပတန္တော၊
ဝိဟညတိ စိတ္တဝသာနုဝတ္တီ။
သော ဟညတိ ဉာတိသခါနမဇ္ဈေ၊
မစ္ဆာနုဂေါ သောရိဝ သုသုမာရော။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၆၆။ ဘိက္ခဝေ၊ ရဟန်းတို့။ မစ္ဆာနုဂေါ၊ ငါးသို့ အစဉ်လိုက်သော။ သုသုမာရော၊ ထိုမိကျောင်းသည်။ ဟညတိ ဣဝ၊ ပျက်စီးခြင်းသို့ရောက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ လောကာမိသံ၊ ကာမဂုဏ် ငါးပါးသို့။ ဩပတန္တော၊ ကျသော။ စိတ္တဝသာနုဝတ္တီ၊ ကိလေသာ၏ အစွမ်းအားဖြင့် စိတ်၏အလိုသို့ အစဉ်လိုက်သောာ။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဉာတိသခါနံ၊ အဆွေ အမျိုး အဆွေခင်ပွန်းတို့၏။ မဇ္ဈေ၊ အလယ်၌။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငြီးငွေ့သောရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ငါးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရွက်မဲ့မြှားပမာ၊ ကိလေသာ၊ ရှောင်ခွါ ချမ်းသာရ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိကဏ္ဏကဇာတ်သည် ပြီး၏။

*****