ဝါးခယ်မမြို့နယ်၊ မိုးမခ (သက္ကယ်)ကျေးရွာနေ အနောက်ပိုးကရင်တို့၏ လူမှုရေးဖွဲ့စည်းပုံ

From Wikisource
Jump to navigation Jump to search

The contents of this page (or the file) may be a copyright infringement. Comments about this may be made at Wikisource:Possible copyright violations.

A contributor must establish their legal right to post a text if so asked. Failure to do so may result in the deletion of text that would otherwise be acceptable. Administrators and other users may make efforts to establish the validity of the text's inclusion, but they are under no obligation to do so.

If you maintain that the text is in the public domain, or that you had permission to use this material under the terms of our license or if you are the copyright holder of the text, then please indicate so on this page's talk page.

Unless permission is given by the copyright holder, deletion will occur after one week from the time that active discussion has ceased.

ဝါးခယ်မမြို့နယ်၊ မိုးမခ (သက္ကယ်)ကျေးရွာနေ အနောက်ပိုးကရင်တို့၏ လူမှုရေးဖွဲ့စည်းပုံ (၁၉၉၄ခုနှစ်) 
by မခင်မိုးမိုးကြူ
  • ကျမ်း၏ ရည်ရွယ်ချက်

မြန်မာနိုင်ငံတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် ပြည်ထောင်စု မြန်မာနိုင်ငံသား များအဖြစ် ဖွဲ့စည်းနေထိုင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ တစ်မျိုးနှင့်တစ်မျိုးတို့သည် အမှီသဟဲပြုနေရသည်ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းတွင်ပါရှိပါသည်။ ထိုသို့ အမှီသဟဲ ပြုနေရသော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ နေထိုင်ရာဒေသနှင့် ပတ်ဝန်းကျင်ကို မူတည်၍ တိုင်းရင်းသားတို၏ နေထိုင်စားသောက်ပုံ၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်တို့သည် အနည်းနှင့်အများ တူညီမှု၊ ကွဲပြားမှုများ ရှိနေကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးတို့အတွက် အရေးအကြီးဆုံးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပင်ဖြစ်ပါသည်။

နေထိုင်ရာဒေသကွဲပြားမှု၊ ဓလေ့ထုံးစံတူညီမှု၊ ကွဲပြားမှုများ ရှိနေသော်လည်း တစ်ဦး၏ ဓလေ့ထုံးစံကို တစ်ဦးကနားလည်ပြီး အပြန်အလှန်လေးစားမှုရှိစေရန် တိုင်းရင်းသားတို့ ၏ ဓလေ့ ထုံးစံကိုဖော်ထုတ်ရမည့် တာဝန်မှာ မနုဿဗေဒပညာရှင်တို့ ၏ တာဝန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်

၁။ တိုင်းရင်းသား သွေးချင်းများ၏ ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများကို ကွင်းဆင်းလေ့လာ ဖော်ထုတ်ပြီး မှတ်တမ်းတင်ပေးရသော မနုဿဗေဒ ပညာရပ်၏ ရည်ရွယ်ချက်များကို တစ်စိတ် တစ်ပိုင်း ဖြည့်ဆည်းပေးရန်ရည်ရွယ်ပါသည်။

၂။ အနာဂတ်မျိုးဆက်သစ် မနုဿဗေဒပညာရှင်များ တိုင်းရင်းသား ဓလေ့ထုံးစံများ လေ့လာရာတွင် အထောက်အပံ့တစ်ခုအဖြစ် ရရှိစေရန် ရည်ရွယ်ပါသည်။

၃။ ယခုခေတ် တိုးတက်ပြောင်းလဲလာသော တိုင်းရင်းသားတို့၏ ဖော်ထုတ်နိုင်ရန်ရည်ရွယ်ပါသည်။ ယဉ်ကျေးမှုပုံစံများကို တိုင်းရင်းသားများ နိင်ငံသူနိင်ငံသားများ သိရှိစေရန် ရည်ရွယ်ပါသည်။

၄။ ကွင်းဆင်းလေ့လာခြင်းဖြင့် ပေါ်ထွက်လာသော ယဉ်ကျေးမှုပုံစံများကို တိုင်းရင်းသားများ နိုင်ငံသူနိုင်ငံသားများ သိရှိစေရန် ရည်ရွယ်ပါသည်။

၅။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့သည် လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုနေမှသာ ကြာရှည်တည်တံ့သည် ဆိုသည်ကို သိရှိရန်ရည်ရွယ်ပါသည်။

၆။ ယဉ်ကျေးမှုပုံစံများ၏ တူညီမှု၊ ကွဲပြားမှုတို့ကို တိုင်းရင်းသားများ သိရှိကြပြီး တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုး နားလည်မှု၊ လိုက်လျောနိုင်မှုများ တိုးပွားစေရန်ရည်ရွယ်ပါသည်။

အထက်ပါရည်ရွယ်ချက်များကြောင့် ဤကျမ်းကို မဟာဝိဇ္ဇာဘွဲ့ အတွက် ကွင်းဆင်းလေ့လာတင်သွင်းရခြင်းဖြစ်ပါသည်။

  • ကျမ်းခေါင်းစဉ်ရွေးချယ်ရခြင်း
  1. ဝါးခယ်မမြို့နယ် "မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုင်းပိုးကရင်တို့၏ လူမှုရေးဖွဲ့စည်းပုံ ဟူသော ကျမ်းခေါင်းစဉ်ကို ရွေးချယ်ရခြင်းမှာ

၁။ မိမိမွေးရပ်မြေ ဝါးခယ်မမြို့နယ်တွင် ပါဝင်နေခြင်း။

၂။ ရပ်ရွာလူကြီးများ၊ သက်ကြီးရွယ်အိုများ၏ ကူညီမှုများရရှိနိုင်ခြင်း။

၃။ တစ်ရွာလုံး ပိုးကရင်ဘာသာစကားပြောကြသော်လည်း ဗမာစကားလည်းပြောနိုင်ခြင်း၊ ဗမာစကားကိုကျွမ်းကျင်စွာမပြောနိုင်သည့်အကြောင်းအရာများတွင်လည်းစကားပြန်က ကျေနပ်လောက်သော ရှင်းလင်းမှုကို ပေးနိုင်ခြင်း။

၄။ ရိုးရာဓလေ့ထုံးစံဆိုင်ရာ ပွဲတော်အများစုကို မျက်မြင်ကိုယ်တွေ့ တွေ့ ရခြင်း၊ ကိုယ်တိုင် မတွေ့မြင်နိုင်သော ပွဲတော်ကလေးများကိုလည်း သဘောပေါက် နားလည်လာသည် အထိ သေချာစွာရှင်းပြနိုင်ခြင်း။

၅။ မိုးမခ (သက္ကယ်) ကျေးရွာသူရွာသားများသည် မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကို ယခုတိုင် ထိန်းသိမ်းထားနိုင်ခြင်း စသည်တို့ကြောင့် မိုးမခ (သက္ကယ်) ကျေးရွာကို ကွင်းဆင်းလေ့လာပြီး ကျမ်းပြုရန် ရွေးချယ်ရခြင်းဖြစ်ပါသည်။

သမိုင်းကြောင်း

ဂေါတမမြတ်စွာဘုရား မပွင့်မီက သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။ မြေပြန်နေသော ကရဏ္ဏက တိုင်းသားများကို မွန်ဟုခေါ်ပြီး တောင်တန်းတွင် နေသော ကရဏ္ဏက တိုင်းသားများကို ကရုဏ်ဟု ခေါ်နေရာမှ ယခုအခါ ကရင်ဖြစ်လာသည်ဟု ဆိုကြသည်။ မွန်ကရင်ခေါ် ပိုးကရင်သည် ကရဏ္ဏက တိုင်းသားများဖြစ်သည်။ ပိုးကရင်တို့သည် မိမိတို့ကိုယ်ကို " ဖွံ့" ဟု ခေါ်သည်။ " ဖွံ" ဟူသော ပိုးကရင်ဝေါဟာရအဓိပ္ပါယ်မှာ လူဟူသောအဓိပ္ပါယ်ပင်ဖြစ်သည်။ မြန်မာ့ မြေပေါ်မှ လူမျိုးများ၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက မွန်ဂိုလွိုက်လူမျိုးများဖြစ်ကြောင်း ရုပ်ပိုင်းမနုဿဗေဒနည်း အရခွဲခြား လေ့လာနိုင်သည်။ မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုင်း ပိုးကရင်တို ့သည်လည်း မွန်ဂိုလွိုက်လူမျိုးထဲတွင်ပါဝင်သည်။

ပထဝီဝင်ဒေသဆိုင်ရာလူမျိုးခွဲပညာ အရ မွန်ဂိုလွိုက် လေးမျိုး ရှိကြောင်း သိရသည်၄င်းတို့မှာ

၁။ ကမ္ဘာမြောက်ပိုင်းနေလူမျိုး။

၂။ ကမ္ဘာ့တောင်ပိုင်းနေလူမျိုး။

၃။ သမုဒ္ဒရာနေလူမျိုး။

၄။ အမေရိကတိုက်နေလူမျိုး တို့ဖြစ်သည်။ မြန်မာမြေပေါ်မှ တိုင်းရင်းသားများသည် တောင်ပိုင်းနေ မွန်ဂိုလွိုက်မျိုးထဲတွင် ပါဝင်သည်။ ထိုတောင်ပိုင်းနေ အမျိုးထဲမှ မြန်မာတိုင်းရင်းသားတို့၏ မျိုးနွယ်ဆက်ကို ခွဲခြားလိုက်လျှင် သုံးမျိုးထပ်မံ ခွဲခြားနိုင်ကြောင်း တွေ့ရသည်။ ၄င်းတို့မှာ

၁။ မွန်-ခမာ။

၂။ တိဗက်-မြန်မာ။

၃။ တိုင်-တရုတ် တို့ဖြစ်သည်။

တိုင်-တရုတ် မျိုးနွယ်တွင် ရှမ်း၊ ကရင် တောင်သူ စသည်တို့ပါဝင်သည်။ ကရင်တိုင်းရင်းသားများတွင် မျိုးနွယ်စု ကလေးများ များစွာရှိနေပေသေးသည်။ ၁၉၈၃ ခုနှစ် သန်းကောင်စာရင်းအရ ပါဝင်သည့် တိုင်းရင်းသားများထဲမှ ကရင်တိုင်းရင်းသား (၁၁)စုခန့် ရှိသည်။[1]

၄င်းတို့မှာ

၁။ စကောကရင်။

၂။ ပိုးကရင်။

၃။ ကရင်နီ။

၄။ ကရင်ဖြူ။

၅။ ပလေချီး (ကလေချီး)။

၆။ မွန်ကရင်။

၇။ တလှေပွာ။

၈။ ပကူး။

၉။ ဘွဲ့။

၁၀။ မောနေပွာ။

၁၁။ မိုပွား စသည်တို့ဖြစ်သည်။

သို့သော် လူသိအများဆုံး ကရင်တိုင်းရင်းသား အစုကြီးမှာ စကောကရင်နှင့် ပိုးကရင်ဖြစ်ပြီး အခြားမျိုးနွယ်စုကလေးများမှာ ထိုအစုကြီးနှစ်စုမှ ဖြာထွက်သွားခြင်းဖြစ်သည်။ မူလအစတွင် ကရင်တစ်စုတည်းသာရှိပြီး နောင်မှသာ စကောကရင်နှင့် ပိုးကရင်အဖြစ် ကွဲသွားသည်ဟု ပါးစပ် ဒဏ္ဍာရီ အဖြစ်ပြောဆိုတတ်ကြသည်။ ထိုပါးစပ်ဒဏ္ဍာရီမှာ ကရင်လူမျိုး အိမ်ထောင်စုကလေးရှိရာ ဖခင်မှာ ဖါးစကောဖြစ်ပြီး၊ မိခင်မှာ နော်ပအိုဖြစ်သည်။ သူတို့ဇနီးမောင်နှံတွင် သားသမီး (ရ) ယောက်ထွန်းကားလေသည်။ တစ်နေ့တွင် ဖါးစကောနှင့် နော်ပအိုတို. မသင့်မတင့်ဖြစ်ကြပြီး လင်မယားကွဲကြရာ သားများမှာ ဖခင် ဖါးစကောနှင့်လိုက်သွားကြပြီး သမီး (၃) ယောက်မှာ မိခင် နော်ပအိုနှင့်လိုက်ခဲ့ကြသည်။ ထိုသားသမီးများမှနေ၍ ယခုခေတ် ကရင်တိုင်းရင်းသား အစုလေးများ အထိ ဆင်းသက်လာသည်ဟု ယူဆရသည်။ ဖခင်ဘက်လိုက်သော အုပ်စုကို ဖထိပ် ဟုခေါ်ပြီး၊ မိခင်ဘက်လိုက်သော အုပ်စုကို မုထိပ် ဟုခေါ်သည်။ အဖေဘက်ပါသူများမှာ ကရင်မျိုးနွယ်စုထဲမှ စကောကရင်ဖြစ်ပြီး အမေဘက်ပါသူများမှာ ပိုးကရင်များဖြစ်ကြသည်။ ထို့ကြောင့် ပိုးကရင်များကို မုထိပ်ဟုခေါ်သည်။

ပိုးကရင်ကို နေထိုင်ရာဒေသနှင့် ဘာသာစကားပြောဆိုဟန် အသံအနိမ့်အမြင့်ပေါ် မူတည်၍ နှစ်မျိုးခွဲခြားနိုင်သည်။ ၄င်းတို့မှာ အရှေ့ပိုးကရင်နှင့်အနောက်ပိုးကရင်ဟူ၍ ခွဲခြားနိုင်သည်။ အကြမ်းအားဖြင့် စစ်တောင်းမြစ်အရှေ့ဘက်နေ ပိုးကရင်များကို အရှေ့ပိုးကရင်ဟုခေါ်ပြီး စစ်တောင်း မြစ် အနောက်ဘက်နေ ပိုးကရင်များကို အနောက်ပိုးကရင်ဟုခေါ်သည်။

အရှေ့ပိုးကရင် နေထိုင်ရာဒေသများမှာ

၁။ ဘားအံခရိုင်။

၂။ ကော့ကရိတ်ခရိုင်။

၃။ သထုံခရိုင်။

၄။ ထားဝယ်ခရိုင်။

၅။ မြိတ်ခရိုင်။

၆။ ဖာပွန်မြို့နယ်တို့ဖြစ်သည်။

အနောက် ပိုးကရင်များ နေထိုင်သော ဒေသများမှာ

၁။ ပုသိမ်ခရိုင်။

၂။ မြောင်းမြခရိုင်။

၃။ မအူပင်ခရိုင်။

၄။ ဟံသာဝတီခရိုင်။

၅။ ဟင်္သတခရိုင်။

၆။ ဖျာပုံခရိုင်။

၇။ ပဲခူးတိုင်း။

၈။ ညောင်လေးပင် ခရိုင်တို့ဖြစ်ကြသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် မြောင်းမြ ခရိုင်တွင် ပါဝင်သည်။ ကရင်လူမျိုးများ ပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာပုံကို ရှေးဟောင်း ဒဏ္ဍာရီများအရ ဖော်ပြရသော် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသဆီမှ သံလွင်မြစ်တစ်လျှောက် ဝင်ရောက်ခဲ့ဟန်တူသည်။ ထိုသို့ ဝင်ရောက်ရာတွင် ရှမ်းကုန်းမြေမြင့် အနောက်တောင်ပိုင်းတွင်အခြေ စိုက်ပြီး ထိုဒေသဆီမှ အနောက်တောင်ဘက်နှင့် တောင်ဘက်ရှိ မြေပြန့် ဒေသများသို့ တဖြေးဖြေး ဆင်းသက် လာခဲ့သည်ဟုဆိုနိုင်သည်။ ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာချိန်သည် မြန်မာတို့ထက်စောပြီး ပျူလူမျိုးတို့နောက်မှ ဝင်ရောက်လာသည်ဟု ခန့်မှန်းကြသည်။ မြန်မာ နိုင်ငံအောက်ပိုင်းသို့ (၈) ရာစုလောက်တွင် ရောက်ရှိလာပြီဖြစ်သည်။ ပုဂံမတိုင်မီက ကရင်လူမျိုးများသည် ယခုခေတ် ကယားပြည်နယ်နှင့် မိုးဗြဲဒေသများတွင် လည်းကောင်း၊ တောင်ငူနှင့် ပဲခူးခရိုင် စစ်တောင်းမြစ်၏ အရှေ့ဘက် တောင်တန်းဒေသများတွင် လည်းကောင်း ဝင်ရောက် နေထိုင်သည်ဟု ယူဆရန် အထောက်အထား အနည်းငယ်ရှိသည်။ အနော်ရထာမင်း ပုဂံတွင် စတင် စိုးစံချိန် (၁ဝ၄၄) ခုနှစ် ပတ်ဝန်းကျင်လောက်တွင် ကရင်လူမျိုးများသည် မိမိတို့ဘာဝအလျောက် အုပ်ချုပ်ရေးကွဲပြားလျက် ယခုခေတ် ကယားပြည်နယ်၊ မိုးဗြဲဒေသနှင့် သံလွင်ခရိုင်များတွင် နေထိုင်သည်ကို တွေ့ရသည်။

ဒုတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ချိန်ဖြစ်သော (၁၆) ရာစုအစရှေးဦးပိုင်းတွင် ကရင် လူမျိုးစုများသည် ယခုခေတ် ကယားပြည်နယ်သထုံနယ်၊ တောင်ငူခရိုင်၊ ပဲခူးနယ်များ၏ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းဒေသများ အထိပြန့်နှံ့နေထိုင်လျက်ရှိသည်ကို တွေ့ရသည်။ တတိယ မြန်မာနိုင်ငံကို ထူထောင်သော (၁၈) ရာစုနှစ်များအတွင်းက ကရင်လူမျိုးများသည် စစ်တောင်းမြစ်ဝှမ်း အရှေ့ဘက်တောင်တန်းများမှ မြေပြန့်အရပ်ဒေသများသို့ဆင်းလာပြီး ပျံ့နှံ့ ဝင်ရောက်လျက်ရှိသည်။

ထိုသို့ပျံ့နှံ့ ဝင်ရောက်လာရာမှ မြစ်ဝကျွန်းပေါ်ဒေသရှိ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်တို့တွင် ပိုးကရင်အများစု နေထိုင်ရာဒေသအဖြစ် ယခုခေတ်တွင် တွေ့ရှိရခြင်းဖြစ်သည်။ မိုးမခ (သက္ကယ်) ကျေးရွာသည်လည်း ဤသိုပျံ့နှံ့ဝင်ရောက်လာရာမှ ဖြစ်ပေါ်လာသော ပိုးကရင်ရွာတစ်ရွာဖြစ်သည်။ မိုးမခ (သက္ကယ်) ကျေးရွာနေ ရွာသူရွာသားတို့၏ ယူဆချက်အရ မိုးမခရွာ တည်နေရာသည် ရှေးယခင်က ပင်လယ်ကြီးဖြစ်ကြောင်း၊ မြေနုကျွန်းများ ပေါ်လာသောအခါ ရေကြည်ရာ၊ မြက်နုရာ ရှာရင်း မိမိတို့၏ အဆက်အနွယ် အဖိုးအဖွားများသည် ဤဒေသသို့ ရောက်လာကြခြင်းဖြစ်သည်။ မိုးမခရွာဟုခေါ်ဆိုရခြင်းမှာ မိုးမခပင်များ များစွာပေါက်ခဲ့သော ဒေသဖြစ်သောကြောင့် ခေါ်ဆိုရခြင်း ဖြစ်သည်။ သက္ကယ်မှာ ကျေးရွာအုပ်စုအမည်ဖြစ်သည်။ ဤဒေသတစ်ဝိုက်တွင် မိုးမခရွာနှစ်ရွာ ရှိသည်။ မိုးမခရွာ သက္ကယ်အုပ်စုနှင့် မိုးမခရွာ အုပ်ကျင်းကျေးရွာအုပ်စုတို့ဖြစ်သည်။ မိုးမခရွာ သက္ကယ်အုပ်စုနေ ရွာသူရွာသားတို့သည် မိမိတို့သည် ဒွေးမယ်နော်၏ သမီးနတ်နောင်းခါ၏ အဆက်အနွယ်များမှ ဆင်းသက်လာသူများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရွာကို လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀) ပတ်ဝန်း ကျင်လောက်မှ စတင်ရောက်ရှိလာသည်ဟု ခံယူထားကြသည်။ မိမိတို့ ကျင့်သုံးနေသော ရိုးရာဓလေ့ထုံးစံများသည်လည်း မိမိတို့ ဤမိုးမခရွာသို့ မရောက်မီကပင် ကျင့်သုံးခဲ့သည့် ဓလေ့ထုံးစံများဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် မနုဿဗေဒ သီဝရီများအရအခြား ဒေသများနှင့် ဆက်သွယ်ခြင်းကြောင့် ယဉ်ကျေးမှုရောယှက်ခြင်း၊ ဒေသပြောင်းလဲလာခဲ့ခြင်းကြောင့် ယဉ်ကျေးမှု ပြောင်းလဲခြင်းများရှိသည်ကို တွေ့ရသည်။ ကျမ လေ့လာခဲ့သော ဓလေ့ထုံးစံများမှာ မိုးမခ (သက္ကယ်) ကျေးရွာ၏ ၁၉၉၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ကျင့်သုံးဆဲ ဖြစ်သော ယဉ်ကျေးမှ ဓလေ့ထုံးစံများနှင့် မိသားစု ဖွဲ့စည်းပုံဖြစ် ပါသည်။

ပထဝီဝင်အနေအထား

မိုးမခ (သက္ကယ်) ကျေးရွာသည် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မ-ရွှေလောင်း ကားလမ်း၏ အနောက်ဖက်ခြမ်းဝါးခယ်မမြို့ မြောက်ဖက် (ရ) မိုင်ခွဲခန့်တွင် တည်ရှိပါသည်။ မြောက်လတ္တီတွဒ် (၁၆) ဒီဂရီ (၁၆) မိနစ် မှ (၁၆) ဒီဂရီ (၅၀) မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၈) ဒီဂရီ (၁၁) မိနစ် မှ (၉၅) ဒီဂရီ (၃၀) မိနစ်အတွင်း တည်ရှိပါသည်။

ပတ်ဝန်းကျင် ကျေးရွာများမှာ တောင်ဘက်တွင် ကံကွင်းကျေးရွာအနောက်ဘက်တွင် သက္ကယ်ကျေးရွာ၊ မြောက်ဘက်တွင် မိုးမခကျေးရွာ အုပ်ကျင်းအုပ်စုနှင့် အရှေ့ဘက်တွင် တခွန်တိုင် ကျေးရွာများ တည်ရှိပါသည်။ ဒယ်အိုးပုံသဏ္ဍာန် တည်ရှိပြီး အရှေ့အနောက် (၁) မိုင်နှင့် (၂) ဖာလုံ ရှိပြီး၊ တောင်မြောက် မိုင်ဝက်ရှိပါသည်။ အိမ်ထောင်စုပေါင်း (၂၈၅) စု နေထိုင်ပြီး လူဦးရေ စုစုပေါင်း (၁၁၃၉) ယောက်ဖြစ်သည်။ ပိုးကရင်မိသားစု (၂ရ၃) စု၊ ကရင်ဗမာ မိသားစု (၈)စု နှင့် ကရင်တရုတ်မိသားစု (၄) စုရှိပါသည်။

မြေမျက်နှာပြင်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် အားလျော်စွာ ညီညာပြန့်ပြူးသည်။ ပူအိုက်စွတ်စိုသာ မုတ်သုန်ရာသီဥတုရှိပါသည်။ မေလတွင် မိုးရာသီ စတင်ကျရောက်လေ့ရှိပြီး နိုဝင်ဘာလတွင် မိုးရာသီကုန်ဆုံးလေ့ရှိပါသည်။ ဇွန်၊ ဇူလိုင်လများတွင် မိုးများ၍ စက်တင်ဘာလအောက်တိုဘာလများတွင် မိုးနည်းပါးသွားတတ်သည်။ နှစ်စဉ်ရွာသွန်းသော မိုးရေချိန်မှာ ပျမ်းမျှ (၈၉၈၃) လက္မရွာသွန်းတတ်သည်။ အဓိက စိုက်ပျိုးရေးမှာ ဆန်စပါးဖြစ်သည်။ ကျေးရွာသူ/ ရွာသား အများစုမှာ လယ်ယာလုပ်ကိုင်ခြင်းဖြင့် အသက်မွေးကြသည်။

ရုပ်သွင်လက္ခဏာနှင့်ဆင်ယင်ထုံးဖွဲ့မှ

မွန်ဂိုလွိုက်လူမျိုး လေးမျိုးဖြစ်သော မြောက်ဘက်နေအမျိုး၊ တောင်ဘက်နေအမျိုးသမုဒ္ဒရာနေအမျိုး နှင့် အမေရိကဘက်အမျိုးဟူ၍ ရှိရာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့သည် တောင်ဘက်နေ အမျိုးထဲတွင် ပါဝင်သည်။ ဦးခေါင်းကျယ်မျိုးဖြစ်သည်။ အသားရောင်မှာ ဝါညိုရောင်ဖြစ်သည်။ မျက်နှာပြားသည်။ နှာတံပေါ်လွင်ထင်ရှားမှုမရှိပေနှာခေါင်းဝ အနည်းငယ်ကျယ်သည်။ နှာခေါင်းပြားသောအမျိုး ဖြစ်သည်။ မေးရိုးကားသည်။ မျက်လုံးတွင် မျက်ရစ်ပါသည်။ သို့သော် မျက်ခွံအနည်းငယ် အိကျနေတတ်သည်။ မျက်လုံးအရောင်မှာ အညိုရောင်ဖြစ်သည်။ ဆံပင်မှာထူပြီးကြမ်းသည်။ ဆံလုံးတုတ်သည်။ လှိုင်းရှိသော ဆံပင်မျိုးရှိသည်။ ပျမ်းမျှ အမျိုးသားအရပ် (၅) ပေ (၆) လက္မမှ (၅) ပေ (၉) လက္မ (၁၀) လက္မ ခန့်ရှိသည်။ ခန္ဓာကိုယ်တုတ်ခိုင်သည်။ နှုတ်ခမ်းအနည်းငယ်ထူသော်လည်း အဆီပြန်ခြင်း၊ လန်ခြင်းမရှိပေ။

ဝတ်စားဆင်ယင်ပုံမှာ ယခင်က ရိုးရာဝတ်စုံကို အမြဲဝတ်ဆင်ကြပြီး ယခုအခါ ပွဲတော်နေ များနှင့် လူမှုရေးအခမ်းအနားတွင်သာ ဝတ်ဆင်ကြသည်။ အမျိုးသားများသည် ခေါင်းစည်းကို အမိတ်တစ်ဘက်ချ၍ စည်းထားကြသည်။ ကရင်အင်္ကျီကို အောက်ခံရှပ်အင်္ကျီ လက်ရှည်အဖြူခံ၍ ဝတ်ဆင်ကြသည်။ အင်္ကျီမှာ မတ်တတ်စင်းဖြစ်ပြီး တင်ပါးကျော် ပေါင်လည်ထိ ရှည်သည်။ ရိုးရာအခမ်းအနားများတွင် သဘာပတိများသည် ဒူးအောက်ရှည်သောကရင်ရိုးရာ အင်္ကျီကို ဝတ်ကြသည်။ ကရင်ပုဆိုးမှာ ကန်လန့်စင်းဖြစ်ပြီး ပုဆိုးအလယ်တွင် - ကန့်လန်ဖြတ် အမိတ်ဆင်ဖြစ်သည်။ အရောင်များမှာ ရှေးယခင်က အနီ၊ အဖြူ၊ အပြာသာ ဝတ်ဆင်ကြသော်လည်း ယခုအခါ ရောင်စုံဝတ်ဆင်ကြသည်။

အမျိုးသမီးများမှာ ခေါင်းတွင်ပုဝါစည်း၍ အမိတ်နှစ်ဘက်ချထားသည်။ အင်္ကျီမှာ တင်ပါးဖုံး ရှည်ပြီး မတ်တပ်စင်း အဆင်ဖြစ်သည်။ လုံချည်မှာ ပေါင်လယ်နှင့် ဒူးခေါင်းနားတွင် ကန့်လန့်စင်း အမိတ်ဆင်ဖြစ်သည်။ လက်ကိုင်ပုဝါကို လက်တွင်ကိုင်ထားလေ့ရှိသည်။ အရောင်မှာ အများအားဖြင့် အဖြူ၊ အနက်အနီဖြစ်သည်။ အဝါနှင့် အပြာရောင်များလည်း ဝတ်ဆင်ကြသည်။

ဘာသာစကားနှင့်စာပေ

တိုင်းရင်းသားလူမျိုးတိုင်းတွင် ထူးခြားသောယဉ်ကျေးမှု ဓလေ့ထုံးစံများ ရှိသကဲ့သို့ ကွဲပြား ခြားနားသော ဘာသာစကားလည်းရှိသည်။ ထိုသို့ ကွဲပြားခြားနားသော ဘာသာစကားနှင့်ပြောဆိုဟန် ဓလေ့များကလည်း တိုင်းရင်းသားလူမျိုး တစ်မျိုးကို အခြားတိုင်းရင်းသားများနှင့် သိသာစွာ ကွဲပြား ခြားနားစေသော အချက်တစ်ချက်ပင်ဖြစ်သည်။ ကွဲပြားခြားနားသော ဘာသာစကားများကို လေ့လာ ခြင်းသည် တိုင်းရင်းသားလူမျိုးစုတို့၏ ပင်ရင်းအနွယ်ကို လေ့လာနိုင်သော အချက်တစ်ချက်ပင် ဖြစ်သည်။ ပြောဆိုသော ဘာသာစကားအလိုက် ကရင်တို့၏ ပင်ရင်းအနွယ်ကို သတ်မှတ်ရာ၌ သာသာဗေဒ (ဘာသန္တရ) ပညာရှင်တို့သည် ဝိဝါဒကွဲလျှက်ရှိကြသည်။ အိန္ဒိယနိုင်ငံ ဘာသာဗေဒ စစ်တမ်းကြီးတွင် ကရင်စကားသည် မန်အစုဝင်ဖြစ်မည်ဟု ယူဆ၏။ မစ္စတာမာရှယ်ကမူ တိုင်-တရုတ် အနွယ်ဝင်ဟုဆိုသည်။ ရှေးကျသည့် တောင်ပေါ်ကရင် စကားများကို လေ့လာ တတ်မြောက်သော ဂျီအိပ်ချ်လုပ်စ် က ကရင်စကားမှာ မြန်မာစကားကဲ့သို့ပင် တိဗက်-မြန်မာ အစုဝင်ဟု ဆုံးဖြတ်သည်။

ကရင်ကို တောင်ပေါ်ကရင်၊ ကွင်းကရင်ဟူ၍ နှစ်စုခွဲနိုင်ရာ တစ်စုနှင့်တစ်စုမှာ ဘာသာစကား၌ လည်းကောင်း၊ ပုံပန်းသဏ္ဍန်၌ လည်းကောင်း ကွဲပြားကြသည်။ မေဂျာဂရင်းက တောင်ပေါ်ကရင်တို့သည် ရှေးကျသော မွန်-ခမာ စကားကို ပြောဆိုသည့် ဝလူမျိုးတို့နှင့် အသွင်တူသည်ဟု ယူဆသည်။ ကွင်းကရင်မှာမူ မွန်တို့၏ မျက်နှာပုံရှိသော်လည်း တစ်ခါတစ်ရံ ထူသော နှုတ်ခမ်းရှိသူများကို တွေ့ ရတတ်သည်။

မြန်မာတို့နှင့် ရောနှောနေသော ကရင်တို့မှာ မြန်မာကရင် (စကော) နှင့် မွန်တိုနှင့် ရောနှောနေထိုင်သော ကရင်တို့မှာ မွန်ကရင် (ပိုး) စသည်တို့ဖြင့် အမျိုးအမည်ကွဲပြားခဲ့ခြင်း ဖြစ်သော်လည်း မူရင်းအားဖြင့်ကရင်တို့မှာ တိဗက်-မြန်မာအစုဝင် ဘာသာစကားကိုပြောဆိုကြသော မွန်ဂို လူမျိုးစုဝင်များ ဖြစ်သည်ဟု ဆိုနိုင်သည်။

ဘာသာဗေဒ ပညာရှင်များက အာရှတိုက် တောင်ဘက်တွင် ပြောဆိုသော ဘာသာစကား ဝေါဟာရများကို သိပ္ပံနည်းဖြင့် လေ့လာပြီးလျှင် တိဗက်-တရုတ်နှင့် သြစတြစ် ဘာသာစကားဟူ၍ နှစ်မျိုးခွဲခြားထားကြသည်။ တိဗက်-တရုတ် ထဲမှ မန်ကရင်၊ တိုင်-တရုတ်၊ တိဗက်-မြန်မာဟူ၍ ရှိရာ ပိုးကရင်သည် တိဗက်-တရုတ် ဘာသာစကားတွင် ပါဝင်သည်ဟုယူဆထားကြပြန်သည်။[2]

ကရင်ဘာသာစကားတွင် ပိုးကရင်နှင့်စကောကရင် ဘာသာစကားများမှာ ကရင်အများစု ပြောဆိုသော ဘာသာစကားဖြစ်သည်။ ပိုးကရင် ဘာသာစကားအရ ပထမဦးဆုံးလကို "ထိုင်ခုတ်ဖို" ဟုခေါ်သည်။ မျက်မှောက်ခေတ် ကရင်အမျိုးသားများ မှတ်သားထုတ်ဝေနေသော ပြက္ခဒိန်များကို လေ့လာကြည့်သောအခါ လအမည်၊ နေ့အမည်များကို ကရင်လို ခေါ်ဆိုနေခြင်းသာဖြစ်ပြီး ကျန် အချက်များသည် မြန်မာပြက္ခဒိန် အတိုင်းဖြစ်သည်။ ပြက္ခဒိန်ကို ပိုးကရင်လို "လိတ်နိမ့်လိတ်လား" ဟုခေါ်ဆိုသည်။ လဆန်းကို "လာဟို့" ဟုခေါ်ပြီး လဆုတ်ကို "လားဝှေးလောင် " ဟုခေါ်သည်။ တစ်နှစ်တွင် မြန်မာများတွင် (၁၂) လရှိသကဲ့သို့ ပိုးကရင်တို့တွင်လည်း (၁၂) လရှိသည်။ ပိုးကရင် တို့၏ အကြောင်းအရာအလိုက် ကိုယ်စားပြုသော အခေါ်အဝေါ်များလည်းရှိသည်။

၁။ မြန်မာအခေါ် ပြာသိုလပိုးကရင်အခေါ် ထိုင်ခုတ်ဖိုလ ကိုသလေးလဟုလည်းခေါ်ဝေါ်သည်အဓိပ္ပါယ်မှာ ကျေးရွာသစ်နေရာသစ်အတွက် အမဲလိုက်ရင်းအစာရှာရင်း ရှာဖွေသော လဟုခေါ်သည်။

၂။ မြန်မာအခေါ် တပိုတွဲလ၊ ပိုးကရင်အခေါ် ထိုင်ခုတ်ဒိုလကို ထီခုဟုလည်းခေါ်သည်။ အဓိပ္ပါယ် မှာ စိုက်ပျိုးရန်အတွက် မြေယာရှင်းလင်းသောလဖြစ်သည်။

၃။ မြန်မာအခေါ် တပေါင်းလ၊ ပိုးကရင်အခေါ် တဖန့်လကို သွယ်ကောဟုခေါ်သည်။ အဓိပ္ပါယ်မှာ မြေယာမီးရှို့သောလ၊ အရက်ချက်ရန် ပြုပြင်သောလဖြစ်သည်။

၄။ မြန်မာအခေါ် တန်ခူးလ၊ ပိုးကရင်အခေါ် အတားလကို လခလီဟုလည်း ခေါ်ဝေါ်သည်အဓိပ္ပါယ်မှာ မျောက်ဥလဟုဖြစ်သည်။ ထိုလရာသီတွင် မျောက်ဥကို လိုအပ်မှု မလုံလောက် သောကြောင့် မျောက်ဥပေါများလာစေရန် နိမိတ်ယူသတ်မှတ်ထားခြင်းဖြစ်သည်။

၅။ မြန်မာအခေါ် ကဆုန်လ၊ ပိုးကရင်အခေါ် လားယာလကို ဒီညာဟုခေါ်သည်။ အဓိပ္ပါယ်မှာ လီလီပန်းများပွင့်သောလဖြစ်သည်။

၆။ မြန်မာအခေါ် နယုန်လ၊ ပိုးကရင်အခေါ် လားနျူလကို လာဇီးဟုခေါ်သည်။

၇။ မြန်မာအခေါ် ဝါဆိုလပိုးကရင်အခေါ် လားဟိုလကို လာဂဇိုဟုလည်းခေါ်သည်။

၈။ မြန်မာအခေါ် ဝါခေါင်လပိုးကရင်အခေါ် လားခုတ်လကို လာခူဟုလည်းခေါ်သည်။ အဓိပ္ပါယ်မှာ ပိတ်ထားသောလဟူ၍ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိုးသည်းထန်စွာရွာ သောလဖြစ်ပြီး အပြင်သွားရန် ခဲယဉ်းသောကြောင့်ဖြစ်သည်။

၉။ မြန်မာအခေါ် တော်သလင်းလပိုးကရင်အခေါ် ဆီမုလကို ရှီမူးဟုခေါ်သည်။ အဓိပ္ပါယ်မှာ နေရောင်နည်းသောလဖြစ်သည်။

၁၀။ မြန်မာအခေါ် သီတင်းကျွတ်၊ ပိုးကရင်အခေါ် ခတုတ်ဟောင်းလကို ရှိရှာဟုလည်းခေါ်သည်။ အဓိပ္ပါယ်မှာ ကြယ်တောက်သောလဖြစ်သည်။

၁၁။ မြန်မာအခေါ် တန်ဆောင်မုန်းလပိုးကရင်အခေါ် လားနန်လကို လာနော်လ ဟုလည်း ခေါ်သည်။ ဆီထုတ်လဟုခေါ်သည်။

၁၂။ မြန်မာခေါ် နတ်တော်လ၊ ပိုးကရင်အခေါ် လားလိန်လကို လာဖူးဟုလည်းခေါ်သည်။ လကြတ် သောလဟု အဓိပ္ပါယ်ရသည်။

အထက်ဖော်ပြပါကဲ့သို့ ပိုးကရင်တို့တွင် မြန်မာလများကဲ့သို့ (၁၂) လရှိပြီး ပိုးကရင် ဘာသာ စကားအခေါ်အဝေါ် သီးခြားရှိသည့်အပြင် မိမိတို့ လူနေမှုဘဝတွင် တွေ့ကြုံနေရသော လုပ်ငန်းနှင့်သော်လည်းကောင်းပတ်ဝန်းကျင် ရာသီဥတုနှင့်သော်လည်းကောင်း ဆက်စပ်သည့် အခေါ်အဝေါ် ရှိခြင်းသည် ထူးခြားမှုတစ်ရပ်ဖြစ်ပေသည်။ ဤသို့လအမည်ကို လုပ်ငန်းဆောင်တာ များ၊ ရာသီဥတုများနှင့်တွဲ၍ အဓိပ္ပါယ်မှတ်ယူတတ်ခြင်းတို့ကြောင့် မိမိတို့သည် အချိန်အခါအလိုက် လုပ်သင့်သည်များကို သတ်မှတ်ပြီးသားဖြစ်နေပေသည်။ လုပ်သင့်သည့်အချိန်အခါတွင် လုပ်သင့်လုပ် ထိုက်သည်ကို လုပ်ရန် စည်းကမ်းသတ်မှတ်သည့် ဓလေ့သည် လူ့အဖွဲ့အစည်းကို ပိုမိုခိုင်မာ စေသည်။ စနစ်တကျ တိုးတက်မှုကို ရရှိစေနိုင်သည်။ မိမိတို့ပတ်ဝန်းကျင်ဒေသနှင့် သော်လည်းကောင်း၊ ယခုခေတ်အချိန်အခါနှင့်သော်လည်းကောင်း၊ ကိုက်ညီမှုမရှိ သည့် လာဖြီးနှင့် လာဂဇိုလ ကိုမူဖော်ပြလေ့ မရှိပါ။

အနောက်ပိုးကရင်နှင့်အရှေ့ပိုးကရင်တို့၏ ဝေါဟာရများမှာ များသောအားဖြင့် တူညီကြ သော်လည်းအသံအတက်အကျ၊ အနိမ့်အမြင့်ခြင်း မတူညီကြသောကြောင့် စကားပြောဆိုကြသောအခါ ရုတ်တရက်အားဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်ရန် ခဲယဉ်းလေသည်။ တဖြည်းဖြည်း ပြောဆို၍ ဂရုစိုက်နားထောင်မှသာ နားလည်လာနိုင်သည်။ အသံနေအသံထားအားဖြင့် အရှေ့ပိုးကရင်တိုက တက်သံနှင့်ပြောလျင် အနောက်ပိုးကရင်တို့က ကျသံနှင့်ပြောလေ့ရှိကြသည်။ အရှေ့ပိုးကရင်တို့သည် စကားသံကို အာလုပ်သံ၊ ဩသံ၊ အာစောက်သံနှင့် ပြောတတ်ကြပြီး အနောက်ပိုးကရင်များမှာ နှာခေါင်းသံဖြင့်ပြောလေ့ရှိသည်ကို သတိထားက သိနိုင်သည်။

  • ဥပမာ
မြန်မာ အရှေ့ပိုးကရင် အနောက်ပိုးကရင်
ကွမ်းရွက် ဖူလာ ဖူးလာ
ကွမ်း သေသာ သေးသော
ထမင်းစား အောင်းမေ အန်မေ
မန်ကျည်းသီး မောင်ခလွန်သား မန်းခလောင်းသာ
မေ့သည် သာနောင်း သားနန်

နေ့ခုနှစ်နေနှင့်ပတ်သက်၍ ပိုးကရင်အခေါ်အဝေါ်ကို မြန်မာအခေါ်အဝေါ်နှင့် ပူးတွဲဖော်ပြထားပါသည်။

နေ့ အနောက်ပိုးကရင်အခေါ်
တနင်္ဂနွေ အတိုင်း
တနင်္လာ အစောင်း
အင်္ဂါ အညာ
ဗုဒ္ဓဟူး ပုတ်တပရန့်
ကြာသပတေး ပရောပတိတ်
သောကြာ အသာ
စနေ သိမ့်သောင်

အနောက်ပိုးကရင်ဘာသာစကား အခေါ်အဝေါ်တချို့ကိုလည်း မြန်မာ့အဓိပ္ပါယ်နှင့် ပူးတွဲဖော်ပြပါသည်။ အနောက်ပိုးကရင်များသည် အသက်အရွယ်လိုက်၍ အမည်ရှေ့မှ စကားလုံးကို ပြောင်းလွဲသုံးစွဲကြသည်။ ယောကျာ်းကလေး ငယ်စဉ်တွင် "စ" ကို သုံးပြီး လူကြီးဖြစ်လာသောအခါ "မန်း" ကို သုံးသည့် မိန်းမလေးငယ်စဉ်တွင် နမ့်ကို သုံးပြီး အသက်ကြီးသောအခါ ဂါ့ကိုသုံးသည်။

မြန်မာအခေါ် အနောက်ပိုးကရင်အခေါ်
မနှင်းနှင်းလွင် နမ့်နှင်းနှင်းလွင်
ဒေါ်နှင်းနှင်းလွင် ဂါ့နှင်းနှင်းလွင်
အဒေါ် မို့ဝ
ဦးလေး ဖထီး
အစ်မ နမ့်နမ့်
ညီမ ဖုမု
အစ်ကို စောင်ဝ်
ညီ အဖုခွာ
သမီး ဖူမူ
သား ဖိုးခွား
အဖွား အဖီး
အဖိုး ဖူ
လူကြီး ဖူဖဒူ
ရပ်ရွာအကြီးအကဲ အခို့အန

ကရင်လူမျိုးတို. တီထွင် အသုံးပြုသော စာရေးနည်း စနစ်ကို ကိုးမျိုး တွေ့ရသည်။

၁။ ဗုဒ္ဓဘာသာဝင် ပိုးကရင်သင်ပုန်းကြီး။

၂။ နှစ်ခြင်းဘာသာဝင် ပိုးကရင်သင်ပုန်းကြီး။

၃။ လဲကယ်ဘာသာဝင် ပိုးကရင်သင်ပုန်းကြီး။

၄။ လိပ်ဆန်သင်ပုန်းကြီး။

၅။ ကော့ကရိတ်မြို့ မင်္ဂလာ ဇေယျုံ ကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာ တည်ထွင်သော ကရင်သင်ပုန်းကြီး။

၆။ မြိုင်သာယာဆရာတော် ပြုစုသော စကောကရင် ဗုဒ္ဓဘာသာ ကရင်သင်ပုန်းကြီး။

၇။ ဗရင်ဂျီ ဘာသာဝင် သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး။

၈။ ဗရင်ဂျီဘာသာဝင် ဖာပွန်နယ် စကော ကရင် သင်ပုန်းကြီး။

၉။ ဦးဘထွန်းတင် စိစစ်ပြုစုသော စကောကရင် သင်ပုန်းကြီးတို ဖြစ်သည်။[3]

အရှေ့ပိုးကရင်ဘာသာသင်ပုန်းကြီးဗျည်း(၃၆)လုံး
က
KA

KHA

GA

GHA

NA

CA

CHA

JA

JHA

JNA

TA

THA

DA

DHA

N

TA

THA

DA

DHA

NA

PA

PHA

BA

BHA

MA

YA

RA

LA

VA

SA

MA

LA

A

BA

HHA

GHA
သရ (၁၄) လုံး
◌ႍ
A

A

I

I

U

U

E

AI
ေါ
O

AU
ု်
AA
ုိ
AU

AM
ံ့
AH

ပိုးကရင်စကားသည် စကားတစ်လုံးလျှင် အနက်တစ်ခုစီ ရှိသော ဘာသာစကားဖြစ်သည်။ ပိုးကရင်စကားတွင် စကားလုံးများ တွဲဘက်သုံးနှုန်းထားသည်ကိုလည်း တွေ့ရသည်။ တွဲစပ်သုံးရာတွင် အဓိပ္ပါယ်အနက်ဟောင်းအတိုင်း မြှုတ်၍ အဓိပ္ပါယ်အသစ်ပေါ်သော တွဲစပ်သော စကားလုံးများလည်းရှိသည်။ စကားလုံးများလည်းရှိသည်။ မူလကရင်ဘာသာစကားသည် သရအဆုံးသတ်များဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအတွင်း ရောက်ရှိပြီးနောက် မွန်၊ မြန်မာလူမျိုးတို့နှင့် ကာလကြာရှည်စွာ အတူတကွ နေထိုင်ခဲ့ခြင်းကြောင့် ကျမ်းသုံးဝေါဟာရများကို တွေ့လာရသည်။ ကရင်ဘာသာ စကားသည် အသံအနိမ့်အမြင့်လိုက်၍ အဓိပ္ပါယ်ပြောင်းသည်။ ကရင်ဘာသာစကားတွင် ပါဠိ၊ မွန်၊ မြန်မာ ဝေါဟာရများကို ထည့်သွင်းသုံးစွဲထားသည်ကို တွေ့ရလေသည်။

စကားပုံများ

မျက်မှောက်ခေတ်တွင် မနုဿဗေဒပညာရှင်များသည် စည်းရုံးသော လူမှုအဖွဲ့အစည်းတိုင်း တွင် လူမျိုးအလိုက် လက်ခံထားသော လောကအမြင် အတွေးအခေါ်ရှိသည် ဟူသော အချက်ကို တညီတညွတ်တည်း သဘောတူလက်ခံကြပေသည်။ ထိုလူမှုအဖွဲ့အစည်းများတွင် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်လိုက်နာရန် ချမှတ်ထားသော စည်းကမ်းများ၊ စည်းမျဉ်းများ၊ ထိုစည်းမျဉ်းများ၏ လိုအပ်မှု၊ မှန်ကန်မှုများကို သက်သေပြ ဖြေရှင်းချက်များ မိမိတို့၏ ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် တုံ့ပြန်တတ်မှုများ၊ မွေးဖွားခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း၊ သေဆုံးခြင်းဆိုင်ရာ ဓလေ့ထုံးစံများ၊ ပူဇော်ပသမှုများ၊ ယုံကြည်ကိုးကွယ်မှုများ၊ အနာရောဂါများ ကျရောက်သည့်အခါ ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့်အခါဖြစ်စေ တုံ့ပြန်တတ်သော အပြုအမူများကို လေ့လာတွေ့ရှိရပေသည်။

ထိုသို့လူမှုအဖွဲ့အစည်းများရှိ အတွေးအခေါ်၊ အယူအဆ အတွေ့အကြုံများကို မူတည်၍ ဆုံးမသောစကား၊ စံပြုသော စကား စသည်တို့မှ မျိုးဆက်တစ်ခုပြီးတစ်ခု မှတ်သားလိုက်နာကြသော စကားပုံများလည်း ရှိပေသည်။ ထိုစကားပုံများသည်လည်း ပတ်ဝန်းကျင်ဒေသ အခြေအနေနှင့် လူမျိုးတို့၏ တွေးခေါ်မြှော် မြင်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများပေါ်တွင် ပေါက်ဖွားလာရခြင်းလည်းဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသား ယဉ်ကျေးမှု စုံလင်လေသည်။ လူမျိုးအလိုက် စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာဓလေ့ထုံးစံတို့သည်လည်း များပြားစွာရှိလေသည်။ ထိုရိုးရာ ဓလေ့ ထုံးစံတို့ကို အခြေပြု၍ လူမျိုးအလိုက် ပြောဆိုသော စကားပုံများလည်းရှိလေသည်။

¹စကားပုံဟူသည် နေထိုင်ဆက်ဆံရသည့် ပတ်ဝန်းကျင်၊ နေထိုင်စားသောက်မှု ဓလေ့စရိုက်၊ အတွေးအခေါ်နှင့် ရိုးရာယဉ်ကျေးမှုတို ့ကို အခြေပြု၍ ပေါ်ပေါက်လာရာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို စိတ်ဝင်စားဖွယ်ကောင်းလေသည်။ ထိုသို့ စိတ်ဝင်စားဘွယ် ကောင်းသည့် တိုင်းရင်းသားတို့၏ စကားပုံများကို ဆန်းစစ်လေ့လာသည့်အခါ သက်ဆိုင်ရာ လူမျိုး၏ လူနေမှုစနစ်ကို သော်လည်းကောင်း၊ ဓလေ့ကိုသော်လည်းကောင်း၊ အတွေးအခေါ် အယူအဆကို သော်လည်းကောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်သည့် အကြောင်းအရာတို့ကို သော် လည်းကောင်းတစ်နည်းမဟုတ်တစ်နည်းဖြင့် သိရှိနားလည်ကြရသည်။

ပိုးကရင်အနွယ်ဝင်တို့သည် ရိုးသား၍ ဧည့်ဝတ်ကျေပွန်ကြသည်။ ရောင့်ရဲတင်းတိမ်စွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လိုကြသည်။ ပိုးကရင်တိုင်းရင်းသားတို့၏ ရိုးရာအယူအဆ၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်ပတ်ဝန်းကျင်ဆက်ဆံရေး၊ ရိုးသား၍ ကိုယ့်အားကိုယ်ကိုးကာ အေးချမ်းစွာ နေလိုသော စိတ်စေတနာတို့ကို အကြောင်းပြု၍ ကရင်တိုင်းရင်းသားတို့တွင် အမျိုးသား စကားပုံ များ ကျန်ရစ်လျက်ရှိသည်ဟု ယူဆရမည်ဖြစ်သည်။

ကရင်စကားပုံများကို ဖော်ပြရသော် စည်းစည်းလုံးလုံး နေထိုင်ကျင့်ကြံ လုပ်ကိုင် ဆောင်ရွက် ခြင်း၏ အကျိုးကျေးဇူးရှိပုံကို "ညီညွတ်ပါကကြမ္မာထူးကိုခံစားရ၏ " ဟူ၍ဖြစ်ပြီး မြန်မာ စကားပုံတွင် "ညီညာမှ… ပြည်သာမည် ” ဟူသော စကားပုံနှင့် … အဓိပ္ပါယ်တူလေသည်။ အမျိုးသမီးတို့၏ အဆင့်အတန်းနှင့်ပတ်သက်၍ “ကြက်မတွန်၍ မိုးမလင်း " ဟုတွေ့ ရလေသည်။ လုပ်ခင်းကိုင်ခင်းနှင့် ပတ်သက်၍ "ရှဉ့်မရခင်ခဲ" ဟုရေးသားထားလေသည်။ မြန်မာစကားပုံ "သစ်မရမီစပ်ကြား ဝါးပေါင်းကွပ်" ဟူသည်နှင့် အဓိပ္ပါယ်တူသည်။

  • ဖွားအေနောက်လိုက်ကြသည်။ ။ အဓိပ္ပါယ်မှာ မိခင်၊ ဖခင်နှင့် ဆွေမျိုးတွေက ဤသို့ဖြစ် လျင်သူ့သား၊ သမီး၊ ဆွေမျိုး တွေလည်း ဤသိုပင်ဖြစ်မည်ဟု နမိတ်ဖတ်၍ တရားသေ အတင်းသဘောမျိုး ပြောသည့် စကားဖြစ် သည်။ မြန်မာ စကားပုံ "ဘမျိုးဘိုးတူ" နှင့် အဓိပ္ပါယ်တူသည်။
  • ကလေးငွေတွင်းတွေ့။ ။ အဓိပ္ပါယ်မှာ မရဘူးသောမဖြစ်ဘူးသော ကိစ္စများ၊ ရာထူး အဆင့်အတန်း၊ ဂုဏ်သိက္ခာများ ရလာသောအခါ ဘဝင်မြင့်ခြင်း၊ ပျော်ရွှင်ခြင်း ဖြစ်လာခြင်းပင်ဖြစ်သည်။ မြန်မာစကားပုံ မမြင်ဘူးမူးမြစ်ထင်" နှင့် အဓိပ္ပါယ်တူသည်။
  • မရဲဘဲပျံချင်သည်(သို) မပျံတတ်ပဲဝဲပြချင်သည်။ ။ အဓိပ္ပါယ်မှာ ကြွားဝါတတ်သူများကို ရှုံ့ချပြောဆိုသော စကားဖြစ်သည်။ မြန်မာစကားပုံ မရဲဘဲကျွဲဗြဲစီး " နှင့် အဓိပ္ပါယ်တူသည်။

ဤသို့ မြန်မာစကားပုံနှင့် ဆင်တူရိုးမှားများအပြင် ပိုးကရင်စကားပုံမြောက်မြားစွာ ရှိသည့် အနက် အနည်းငယ်မျှကို ဖော်ပြလိုက်ပါသည်။

၁။ ကလေး(၁၀) ယောက်သည် ဖခင် (၁) ဦးနှင့်နှိုင်း၍မရ၊ ထို့အတူ မိန်းမပျို (၁၀) ဦးသည် မိခင်တစ်ဦးနှင့် နှိုင်း၍မရ၊ လူရွယ် (၃၀) ၏ လှံတံများသည် လူကြီးတစ်ဦး၏ လက်နက် တစ်ခုနှင့် နှိုင်း၍မရ။

၂။ ကလေးများလျင် ခိုင်းစရာမြှားများလျင်ပစ်စရာ။

၃။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ထမင်းရှာစားပါ။ ကိုယ်နှစ်သက်သူ မိန်းခလေးယူပြီး ခေါင်ငုံ အလုပ်လုပ်ပါ။

၄။ ကျုပ်တို့ကြောက်တတ်လျင် ရန်သူကရဲ၊ ကျုပ်တို့သတ္တိရှိလျင် ရန်သူထွက်ပြေး။

၅။ ကြွယ်ဝရန်ခက်၍ ဆင်းရဲရန်လွယ်သည်။

၆။ ကြက်ဖတွန်လျှင် အမောက်မှာပေါ်၏၊ လူကြော်ကြားလျင်အမည်မှာပေါ်၏။

၇။ ကြီးသောအမှုငယ်အောင်လုပ်ပါ။ ငယ်သောအမှုပျောက်အောင်လုပ်ပါ။

၈။ ခြေဖနောင့်ကခြေအရှေ့ရောက်။

၉။ ခွေးမှာ အအုပ်နှင့်ရှိမှကောင်း လူမှာအပေါင်းအသင်းရှိမှကောင်း။

၁၀။ ခွေးမအိပ်မီ (၃) ကြိမ်လှည့်ပတ်ကြက် မတွန်မီတောင်ပံ (၃) ကြိမ်ခတ်ထို့အတူ လူသည် စကားပြောမည်ဆိုလျင် ဦးစွာဆင်ခြင်ပြီးမှ ပြောပါ။

၁၁။ ငါးကြီးကငါးလေးကိုစား၊ ဖားကြီးကဖားလေးကိုစား။

၁၂။ ငိုတတ်မှအမေနိုစို့ရသည်၊ မငိုတတ်ကအရိုက်ခံရသည်။

၁၃။ စားရလည်းမပြုံးနှင့်၊ ငတ်လည်းမငိုနှင့်။

၁၄။ ညီအစ်ကိုမောင်နှမအချင်းချင်း မိခင်၊ ဖခင်လို သဘောထား၊ အဖေ၊အမေကို နတ်သိကြားလို ရိုသေ။

၁၅။ တောင်ပိုကောင်းလျင် မှိုပေါက်၊ အိမ်သာယာလျင်ဧည့်ရောက်။

၁၆။ တောငှက်ပျောအူတိုင်ကို ကြည့်ရသလို၊ လူတွင်လည်း စိတ်ထားရင်းကို ကြည့်ရသည်။

၁၇။ နားရွက်ကချိုထက်မြင့်။

၁၈။ မိုးချုပ်မှ စပါးလှမ်းကမခြောက်၊ လက်တဖက်တည်းနှင့် လက်ခုတ်တီး၍မရ။

၁၉။ လက်တံမရှည် တံချူနှင့်ခူးပါ၊ ခြေတံမရှည်တုံးခု၍ ခူးပါ။

၂၀။ အလုပ်လုပ်ရန်မပျင်းနှင့် စားရန်လည်းမကြောက်နှင့်၊ ကျွန်ကဲ့သို့လုပ် သခင်ကဲ့သို့စားပါ။

အထက်ဖော်ပြပါ စကားပုံများကို ယူ၍ မိုးမခ (သက္ကယ်) ကျေးရွာရှိ လူကြီးသူကြီးများသည် မိမိတို့၏ သားသမီး၊ မြေးမြစ်တို့ကို လည်းကောင်း၊ ရွာထဲရှိ ခလေးသူငယ်၊ လူပျို၊ လူရွယ်များပါ မကျန် အခါအားလျော်စွာ ဆိုဆုံးမလေ့ရှိသည်။ ဥပမာ=မင်္ဂလာဆောင် အခမ်းအနား များတွင် ဆိုဆုံးမရာ၌ "ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ထမင်းရှာစားပါ၊ ကိုယ်ကြိုက်တဲ့သူယူပြီး ခေါင်းငုံ အလုပ်လုပ်ပါ" ဟု သတို့သားအား မှာလေ့ရှိသည်။ အများအားဖြင့် စကားပုံများသည် မိမိတို့ လူ့အဖွဲ့အစည်း၏ စည်းလုံးမှု၊ အကျင့်စာရိတ္တ ကောင်းမွန်မှု ရှိစေရန် လမ်းညွှန်ပေးနိုင် သည်ဟု ယုံကြည်သောကြောင့် မိမိတို့၏ သားသမီး မြေးမြစ်များကို လည်းကောင်း၊ ရပ်ရွာ အတွင်းရှိ ခလေးသူငယ်မှစ၍ လူပျိုလူရွယ်များတိုင်အောင် ဆိုဆုံးမရာ၌လည်းကောင်း စကားပုံ အဓိပ္ပါယ်များကို ရှင်းလင်းပြ၍ လည်းကောင်း၊ မိရိုးဖလာ စကားပုံများကို ထိန်းသိမ်းခဲ့ကြသည်။ ထိုသို့ မိမိတို. ပိုးကရင်တို့၏ စာရိတ္တကို ကောင်းမွန်ရန် ထိန်းသိမ်းပေးနိုင်သောကြောင့် ထိုစကားပုံများသည် ယခုတိုင် တည်ရှိနေခြင်းဖြစ်သည်။[4]


ကလေးသူငယ်ဘဝ

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင် ကလေးငယ်တို့သည် လူမမယ် မွေးကင်းစ အရွယ်မှစ၍ ၄င်းတို့ပတ်ဝန်းကျင် အသိုင်းအဝန်း၏ လွမ်းမိုးမှုကို ခံယူကာ ကြီးပြင်း လာခဲ့ခြင်းဖြစ်သည်။ ခလေးသူငယ်ဟု သတ်မှတ်ခံရသော အရွယ်မှာ မွေးကင်းစမှ (၁၁) နှစ် (၁၂) နှစ် အရွယ်အထိဖြစ်သည်။ မိမိတို့ ရိုးရာယဉ်ကျေးမှုရှိ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများ ကို လိုက်နာတတ်ပြီး တိုးတက်သော ခေတ်နှင့်အညီ အသိပညာရင့်သန် တိုးပွားလာစေရန်၊ မိမိတို့၏ အမျိုးဘာသာကို ချစ်ခင်မြတ်နိုးသူ တစ်ယောက် ဖြစ်လာစေရန် နည်းအမျိုးမျိုးဖြင့် ပညာပေးကာ ကလေးငယ်တို့၏ “ကိုယ်ရည်ကိုယ်သွေး ကို တိုးတက်အောင် ပြုစုလျက်ရှိသည်ကို လေ့လာရသည်။ ကလေးငယ်တို့သည် အဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားကစားခြင်းဖြင့် လည်းကောင်း၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာရသည်။ "လက်ဦးဆရာမည်ထိုက်စွာ၊ ပုဗ္ဗါစရိယ မိနှင့်ဖ” ဆိုသည့် စကားအတိုင်း သားသမီးတို့သည် မွေးကင်းစမှစ၍ လူ့ဘောင်ပတ်ဝန်းကျင်နှင့် အဆင်ပြေလိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် သွန်သင်ပြသူမှာ မိခင်နှင့်ဖခင်သာဖြစ်သည်။ ကလေးငယ်များ လေးနှစ်၊ ငါးနှစ် အရွယ်ရောက်မှသာ ကျောင်းပညာသင်ကြားကြရသည်။ ကလေးငယ်တို့သည် မိမိတို့ လူ့အဖွဲ့အစည်းအလိုက် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မိခင်ဖခင်တို့၏ သင်ကြားမှုကြောင့်လည်းကောင်း၊ ကျောင်းပညာသင်ကြားခြင်းဖြင့်လည်းကောင်း၊ ကလေးကြီးများနှင့် ဆော့ကစားခြင်းဖြင့် လည်းကောင်း၊ ကိုယ်ရည် ကိုယ်သွေးတို့ ပေါ်ပေါက်လာ ကြသည်။ မွေးစကလေးများလည်း ပါဝင်သည်။ အများအားဖြင့် မိခင် ဆွေမျိုးဘက်မှ ကလေးများကို မွေးစားလေ့ရှိသည်။ မွေးစားကလေးနှင့် သားသမီးရင်းမှာ အခွင့်အရေး တူညီထားသည်။ ဤကဲ့သို မွေးစားကလေးနှင့် သားသမီးအရင်းကို အခွင့်အရေးတူညီစွာ မပေးပါက မိမိတို့ လူ့အဖွဲ့အစည်း၏ ကဲ့ရဲ့ပြစ်တင် ဝေဖန်ခြင်းခံရသည်။

ကင်ပွန်းတပ်နာမည်ပေးခြင်း

နာမည်ပေး ကင်ပွန်းတပ်ခြင်းကို အများအားဖြင့် မီးတွင်းထဲမှာပင် ပြုလုပ်သည်။ မွေးစမှ တစ်နှစ်အတွင်း ပြုလုပ်ကြသည်လည်းရှိသည်။ ယောက်ျားလေးများ၏ နာမည်ရှေ့တွင် "စ" တပ်ကြပြီး မိန်းကလေး၏ နာမည်ရှေ့တွင် "နမ့်" တပ်ကြသည်။ နာမည်ရွေးခြင်းကို မိခင်ရော ဖခင်ပါရွေး ကြသည်။ မိခင်ဆွေမျိုးဘက်မှ နှစ်သက်သော အမည်များကို မှည့်ခေါ်လေ့ရှိသည်။ အမည်မှည့်ရာတွင် တနလာနေ့ဖွား သားသမီးဖြစ်လျင် တနလာနေ့နံဟု သတ်မှတ်ထားကြသော ကခ၊ ဂ၊ င အက္ခရာများ ပါသော အမည်များ၊ အင်္ဂါနေ့ဖွား သားသမီးများဖြစ်လျင် ဇည ပါဝင်သော အမည်များ ဥပမာ - တနင်္ဂနွေနေ့ သမီးဖြစ်သောကြောင့် နမ့်အေးအေးမွန် ဟု မှည့်ခေါ် သကဲ့သို့ ပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဗုဒ္ဓဟူးနေ့ဆိုလျင် ရ၊ လဝ အက္ခရာများ၊ ကြာသပတေးနေ့ ဆိုလျင် ပ၊ အက္ခရာများ၊ သောကြာနေ… သားသမီးဆိုလျင် သ၊ သားသမီးဆိုလျင် တ၊ ဒ၊ န အက္ခများပါသော နာမည်များ၊ တနင်္ဂနွေနေ့ သားသမီးဆိုလျင် အ၊ ဥ အက္ခရာများပါသော နာမည်များ မှည့်ခေါ်ကြသည်။ နာမည် ရွေးရာတွင် ဘုန်းတော်ကြီးများကို မိမိတို့ ရွေးချယ်ထားသော နာမည် ကောင်းမ ကောင်းကို မေးမြန်းကြသည်။ ယောကျာ်းလေး၏ နာမည်အစတွင် "စ" ကိုထည့်ပြီး လူကြီးဖြစ်သော အခါ "မန်း " ကိုထည့်ကြသည်။ ဥပမာ - စအောင်သိန်း မှ မန်းအောင်သိန်း စသည်ဖြင့် မှည့်ခေါ်ကြသည်။ မိန်းကလေးဆိုလျင် နမ့်အေးအေးမွန် မှ ဂါ အေးအေးမွန် အဖြစ် ပြောင်းလဲလာကြသည်။ ချမ်းသာသူများ ငွေကြေး တတ်နိုင်သူများသာ ကင်ပွန်းတပ်ပွဲ ကျင်းပပြီး အလှူလုပ် ကျွေးမွေးခြင်း များရှိသည်။ ကင်ပွန်းတပ်ရာတွင် ကွမ်းသီး၊ ကွမ်းဆေး၊ ဆန်တစ်ပြည်စပါးတစ်ပြည်နှင့် ငွေငါးမတ်ပါ ကန်တော့ပွဲတစ်ခု ပါဝင်ရသည်။ ကျေးရွာရှိ လူကြီးတစ်ဦးက ရွတ်ဖတ်၍ ကလေးငယ် ကျန်းမာစေရန် ဆုမွန်ကောင်း တောင်းပေးရသည်။ လိပ်ပြာကြိုးကို လက်တွင်ချည်ပေးရသည်။ ခမည်းပေးသည့် ဓလေ့ လည်းရှိသည်။ နာမည်ပေးသောသူကို ကန်တော့ရသည်။ မုန့်ပဲသရေစာများကိုလည်း အိမ်နီးချင်းများကျွေးသည်။ မိန်းကလေးဆိုလျင်ကင်ပွန်းတပ်ခြင်းနှင့်အတူနားဖောက်ကြသည်။ ဆွေမျိုးထဲမှ အကြီးအကဲ ဖြစ်သူကဖေါက်ပေးရသည်။ နားဖေါက်ရာတွင် ကြီးစဉ်ငယ် လိုက်သာဖေါက်ကြသည်။

ရှင်ပြုခြင်း

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် သာသနာ၏ အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်လေ့ ရှိကြသည်။ မိမိတို့၏ သားယောကျာ်းလေးများအားလည်း အရွယ်ရောက်လာလျင် ဘုရားသားတော်ဘဝကို ခံယူနိုင်ရန် သာသနာ့ဘောင်သို့ သွင်းသည့်အနေဖြင့် ရှင်ပြုခြင်းဓလေ့ကို ပြုလုပ်ကြ သည်။ ၄င်းရှင်ပြုပွဲသည် ဗုဒ္ဓဘာသာဝင် ပိုးကရင်တို့အတွက် အရွယ်ရောက်ပွဲ ကျင်းပ ခြင်းပင်ဖြစ်သည်။

ရှင်ပြုပွဲ အခမ်းအနားကို ရှင်ကျင့်ဝတ်များ လိုက်နာနိုင်သော အသက် (၁၄) နှစ်၊ (၁၅) နှစ် လောက်တွင် ပြုလုပ်သူများသည် မိဘတို့၏ သဒ္ဓါတရားနှင့် ငွေကြေးပြည့်စုံချိန်တွင် ညီအစ်ကို ဆွေမျိုးတစ်စု စုပေါင်းရှင်ပြုခြင်းလည်းရှိသည့်အတွက် တချို့ရှင်သာမဏေလောင်းများမှာ အသက် (၁၀) နှစ် ပတ်ဝန်းကျင်သာရှိတတ်သည်။ ရွာအလိုက် ပြုလုပ်သော ဒုလ္လဘ ရဟန်းခံရှင်ပြုပွဲလည်း ရှိသည်။ ထိုစုပေါင်း ရှင်ပြုပွဲကို သင်္ကြန်တွင်း၌ ကျင်းပလေ့ရှိသည်။ ဒုလ္လဘ စုပေါင်းရှင်ပြု ပွဲအတွက် သင်္ကြန်မတိုင်မီ တစ်လလောက်အလိုတွင် တစ်ရွာဝင်တစ်ရွာထွက် တစ်အိမ်ဆင်း၊ တစ်အိမ်တက် အလှူခံ ကြသည်။ ထိုသို့ အလှူခံရာတွင် ကျွဲရုပ်၊ မျောက်ရုပ်များထဲ ဝင်ကပြီး အလှူခံရသည်။ ထိုကျွဲရုပ်၊ မျောက်ရုပ်များ ပြုလုပ်ရန် အုန်းသီးတစ်လုံး၊ ငှက်ပျောဖီး ငါးဖီး၊ ကွမ်း၊ လက်ဘက်၊ ဆေး၊ အမွှေး၊ ပန်းပါသော သာသနာပွဲတစ်ပွဲ ပါဝင်ရသည်။ အလှူခံ၍ ရလာသောငွေများဖြင့် ရွာတွင် အရွယ်ရောက်သူမှန်သမျှ မဲစနစ်နှင့် ဒုလ္လဘရဟန်း၊ သာမဏေဝတ်စေသည်။ ထိုရွာလုံးကျွတ် ရဟန်းခံရှင်ပြုပွဲတွင် စတုဒီသာတိုက်ကျွေး ဧည့်ခံသည်။

ရှင်ပြုပွဲမလုပ်မီ တစ်ပတ်နှစ်ပတ်အလိုမှစ၍ အလှူပွဲအတွက် ပြင်ဆင်ကြရသည်။ အနီးအနား ရွာများပါ ဖိတ်ကြားသည်။ ရှင်ပြုချိန်နီးလာလျင် မောင်ရင်လောင်း (ဝါ) ရှင်ပြု မည့်သူများအား ဂရုစိုက်ကြသည်။ တူတူပုန်းတမ်း မကစားရပေ။ နတ်ဖွက်တတ်သည်ဟု ယူဆသည်။ ရှင်ပြုပွဲ ကျင်းပခါနီးတွင် အလှူအိမ်တွင်လည်းကောင်း၊ အနီးအနားတွင် လည်းကောင်း အလှူမဏ္ဍပ်ဆောက်ကြသည်။ အလှူအတွက် ချက်ပြုတ် ရန် နေရာသတ်မှတ်ပြီး ထိုနေရာအတွင်းသို့ မိန်းမ မဝင်ရ၊ ဖိနပ်မစီးရပေ။ အလှူမဏ္ဍပ်ဆောက်ရာတွင် သံဃာစင်ပါ တပါတည်း ပူးတွဲဆောက်ကြသည်။ သံဃာစင် မှာ နှစ်ဆင့်ဖြစ်သည်။ တစ်ဆင့်မှာ ဘုရားစင်ဖြစ်သည်။ သံဃာစင်ရှေ့တွင် သပိတ်၊ သင်းပိုင် ဧကသီ၊ ဒုကုဋ်(နှစ်ထပ်သင်္ကန်း)၊ ခါးပန်းကြိုးသင်တုန်းဓါး၊ အပ်နှင့်အပ်ချည်၊ ရေစစ်စသည့် ပရိက္ခရာ (၈) ပါးပြင်ဆင်ထားသော စင်ရှိရသည်။

ရှင်ပြုပွဲနေ့မနက်တွင် မောင်ရင်လောင်းသည် အိမ်ရှိဘုရားကို ကန်တော့ပြီး ရွာဦး နတ်ကွန်းရှိရာသို့ သွား၍ နတ်ပြရသည်။ နတ်ကွန်းသို့ သွားရာတွင် အုန်းသီး တစ်လုံး၊ ငှက်ပျောဖီး သုံးဖီးနှင့် ပြုလုပ်ထားသော ပွဲတစ်ပွဲ၊ ဖရောင်းတိုင်၊ အမွှေးတိုင်ပန်းများကွမ်းကွမ်းသီးတို့ဖြင့် ပူဇော်ပသရ သည်။ ထိုသို့ နတ်ပြရာ လမ်းတလျောက် တွင် အလှူရှင်များက အရောင်ဆိုးထားသော ဆန်၊ ပေါက်ပေါက်တို့ဖြင့် ရော၍ ပိုက်ဆံကြဲသွားကြသည်။ ရွာမှလူများလည်းရှင်လောင်းလှည့်ခြင်းကိုကြည့်ပြီးရယ်မောကြည်နူးကြသည်။ ရှင်လောင်းလှည့်ခြင်းနှင့် နတ်ပြခြင်းကို တစ်ခါတည်း လုပ်ကြသည်။ ရှင်လောင်းလှည့်ရာတွင် ရှေ့ဆုံးမှ ကန်တော့ပွဲရွက်သူက ဦးဆောင်သည်။ ထိုကန်တော့ပွဲ ရွက်သူမှာ မောင်ရင်လောင်း၏ မိခင် (သို့မဟုတ်) အဖွားဖြစ်သည်။ ထို့နောက် မောင်ရင်လောင်း ဖခင် (သို့မဟုတ်) အဖိုးက သင်္ကန်းပရိက္ခရာ လွယ်၍ လိုက်ရသည်။ ထို့နောက်တွင်မှ မောင်ရင်လောင်းများလှူဖွယ်ပစ္စည်းများကို ကိုင်ဆောင်သူများက လိုက်ရသည်။ မောင်ရင်လောင်းများကို လူပျိုခေါင်းများက ချီမ၍သွားကြသည်။ နတ်ကွန်းမှ ပြန်လာပါက ရွာသားများက ရှင်လောင်းဝှက်တမ်းကစားကြသည်။ ဝှက်ထားသော မောင်ရင်လောင်းအား လူပျိုခေါင်းများထံမှ အလှူရှင်က ရွေးရသည်။ ထိုရွေးသောငွေဖြင့် ပျော်ပျော်ပါးပါး ချတ်ပြုတ် စားသောက်ကြသည်။

နောက်နေ့မှသာ ရှင်မယ်ခံနေ (ရှင်လောင်း ဆံချပြီးသော နောက်နေ) ရောက်သည်။ ထိုနေ့တွင် မောင်ရင် လောင်းသည် ပရိတ်တရားတော်နားပြီး ဆံချရသည်။ ဆံချရာတွင် ရွာဦးဘုန်းကြီးကျောင်းမှ ကျောင်း ထိုင်ဆရာတော်က ဆံချပေးပြီး မိခင်၊ ဖခင် တို့က ပိတ်ဖြူစဖြင့် ဆံခံရသည်။ ဆံချပြီးလျင် တရော် ကင်ပွန်းဖြင့် ခေါင်းလျော်ရသည်။ ထို့နောက် သင်္ကန်းတောင်း ဂါထာကို ရွတ်ဆိုရပြီး ကျန်ဆရာတော်များက သင်္ကန်းစီး ပေးကြသည်။ ငွေကြေးချမ်းသာသူများက ရှင်ပြုပွဲနှင့် အရိုးကောက်ပွဲကို တစ်ဆက်တည်း လုပ်ကြသည်ထိုသို့သော အလှူမျိုးတွင် ရှင်ပြုပွဲပြီးမှ အရိုးကောက်ပွဲ လုပ်ကြသည်။ ရဟန်းခံခြင်းကို အသက် (၂၀) ပြည့်မှသာ ခံခွင့်ရှိသည်။ ရဟန်းခံရာတွင် ရှင်ပြုပြီးမှသာ ပဉ္ဇင်းတက်ခွင့်ရှိသည်။ ရှင်သာမဏေဘဝမှ ဥပဇ္ဈာယ်ဆရာတော် (ရှင်သာမဏေကို သွန်သင် ဆုံးမသည့် ရဟန်း) ဦးဆောင်ကာ အနည်းဆုံး ရဟန်း (၅) ပါးဖြင့် သိမ်ဝင်ရသည်။ သိမ်တွင် ကမ္မဝါစာ ဖတ်ရသည်။ ထိုကမ္မဝါစာ ဖတ်ပြီး သိမ်ဆင်းမှသာ ပဉ္စင်းအဖြစ် ရောက်ပြီဟု သတ်မှတ်ကြသည်။ သိမ်ဆင်းတွင် လောင်းလှူရန်အတွက် ရွာရှိလူများ၊ ဆွေမျိုး၊ မိတ်ဆွေများက သိမ်အဝတွင် စောင့်ဆိုင်း လောင်းလှူလေ့ရှိသည်။ သိမ်ထွက် ထွက်ခြင်း လှူသောအလှူသည် ပိုမြတ်သည်ဟု ယူဆကြသည်။ ရှင်သာမဏေဝတ်ရခြင်း၊ ရဟန်းဝတ်ခြင်းကို မိမိတို့သီလ ထိမ်းနိုင်သလောက်နေ့ကို သတ်မှတ်၍ (ရ) ရက်၊ (၉) ရက်ဝတ်ခြင်း၊ တစ်လဝါတွင်းသုံးလ (တစ်ဝါ) ဝတ်ခြင်းဟူ၍ သတ်မှတ်ပြီးဝတ်ကြသည်။ သာမဏေဘဝတွင် (၁၀) ပါးသီလ အပါအဝင် မြတ်စွာဘုရား ဂေါတမ ချမှတ်ခဲ့သော (၂၂ရ) သွယ် သော သိက္ခာပုဒ်ကိုပါ ထိန်းသိမ်းရလေသည်။

ပညာရေး

မိုးမခ (သက္ကယ်) ကျေးရွာနေ ပိုးကရင်တို့သည် မိမိတို့ကလေးများကို ကျောင်းပညာ သင်ကြားမှု မရှိသေးသော အရွယ်မှစ၍ မိမိတို့လူ့ပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေမှုရှိရန် မိဘများမှစ၍ သင်ကြားပေးလေ့ရှိသည်။ ကလေးစကားတတ်စ အရွယ် ဖြစ်သော တစ်နှစ်ကျော်အရွယ်မှစ၍ ပိုးကရင်ဘာသာစကားကိုလည်းကောင်း၊ မြန်မာစကားကို လည်းကောင်း သင်ကြားပေးလေ့ရှိသည်။ ကလေးထိန်းရင်း သင်ကြားခြင်းဖြစ်သည်။ မိဘများ လုပ်ငန်းခွင်ဝင်ချိန်တွင် ကလေး၏ ဦးလေး၊ ဦးကြီး၊ အဒေါ်များကလည်းကောင်း၊ ကလေးထိန်းရန် အရွယ်ရောက်နေသော အစ်ကိုအစ်မများကလည်းကောင်းထိန်းကျောင်းရင်း သင်ကြားလေ့ရှိခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော အမူအကျင့်များ ကို လေ့ကျင့်ပေးလေ့ရှိသည်။

အရွယ်ရောက်လာသော သမီးပျိုကလေးများသည် အိမ်မှုကိစ္စအဝဝကို လည်းကောင်းမိန်းမအလုပ်နှင့် သက်ဆိုင်သော အလုပ်များကို မိခင်အားကူညီလုပ်ကိုင်ခြင်း ဖြင့်သင်ကြားလေသည်။ မိခင်အနေဖြင့်လည်း အရွယ်ရောက်လာသည့် သမီးပျိုများအား လူမှုရေးနှင့်အိမ်ထောင်ထိန်းသိမ်းရေး ကိစ္စများကို ပြုပြင်သင်ကြားပေးရန် တာဝန်ယူရလေ သည်။ နောင်တစ်နေ့ မိခင်လောင်းဖြစ်မည့် သမီးငယ်သည် အရွယ်ရောက်လာသည်နှင့် တစ်ပြိုင်နက် အိမ်တွင်းမှုကိစ္စအဝဝကို ကောင်းမွန်စွာ တတ်မြောက်ရန်မှာ ကရင် အမျိုးသမီးများအဖို့ အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။

သမီးပျိုများနည်းတူသားလူပျိုများအတွက်ယခင်ကကဲ့သို့ လူပျိုလူရွယ်များ စုဝေးရာနေရာဟု သတ်သတ်မှတ်မှတ်ထားခြင်း မရှိတော့သော်လည်း ရပ်ရွာအလှူပွဲ၊ ရိုးရာပွဲ၊ လူကြီးများ စကားဝိုင်းတွင် ပါဝင်စေခြင်းလည်းကောင်း ဖခင်တို့၏ လုပ်ငန်းကို ကူညီလုပ်ကိုင်စေခြင်းဖြင့် လည်းကောင်း ယောကျာ်းလေးများ တတ်အပ်သော ပညာတို့ကို သင်ကြားပေးလေ့ရှိသည်။

မိုးမခ (သက္ကယ်) ကျေးရွာတွင် ရိုးရာဓလေ့ထုံးစံများ လူမှုရေးဆောင်ရွက် ချက်များအပြင် အသက်မွေးဝမ်းကြောင်းပညာများ အစိုးရသတ်မှတ်ထားသော သင်ရိုးညွှန်းတမ်း သင်ခြင်းများလည်းရှိသည်။ အသက်မွေးဝမ်းကြောင်းအဖြစ် လယ်ယာလုပ်ငန်းတွင် ယောကျာ်ကလေးများသည် လယ်ထွန်ခြင်းစပါးနှယ်ခြင်းနွားကျောင်းခြင်းကို လေ့လာ လုပ်ဆောင်ရပြီး မိန်းကလေးများသည် ပျိုးနှုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ စပါးလှေ့ခြင်း၊ ကောက်ရိတ်ခြင်း စသည့် ပေါ့ပါးသော အလုပ်များကို သင်ယူရသည်။ ကောက်စိုက်ခြင်း၊ ကောက်ရိတ်ခြင်းများကို ယောကျာ်းလေးရော မိန်းကလေးပါ ပြုလုပ်ကြသည်။ ထို့ပြင် ယောကျာ်းလေးများသည် နှီးထိုးခြင်း၊ တောင်း၊ ပလိုင်းယက်ခြင်းများလည်း သင်ယူကြရ သည်။ မိန်းခလေးများက အိမ်တွင်းမှုလုပ်ငန်းများကို မိခင်ထံ မှသင်ယူကြရသည်။

မိုးမခ (သက္ကယ်) ကျေးရွာတွင် အစိုးရမူလတန်းကျောင်းလည်းရှိသည်။ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ သင်ယူပြီးပါက အလယ်တန်းနှင့် အထက်တန်း ပညာကို ဝါးခယ်မမြို့တွင် သွားရောက်သင်ယူကြသည်။ ထိုသို့ သင်ယူသူများသည် မိဘ ငွေကြေးပြည့်စုံသူသာများသည်။ အများအားဖြင့် မူလတန်းပညာပြီးဆုံးသည်နှင့် လုပ်ငန်းခွင် တွင် ဝင်ရောက် လုပ်ကိုင်ကြသည်။

ရိုးရာကစားနည်းများ

လူသည် တစ်ဦးတည်းနေထိုင်၍မရ အဖော်အသင်းအစုအဝေးဖြင့် နေထိုင်ကြရင်း မိမိဘဝကို ထိန်းကျောင်းရပ်တည်နေကြသူများဖြစ်ကြပေသည်။ မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် မိမိတို့၏ လူ့အဖွဲ့အစည်းတွင် အဆင်ပြေစွာ ရပ်တည်နေနိုင်စေရေးအတွက် ကလေးတို့ကို ပြုစုပျိုးထောင်ရာတွင် ခလေးအချင်းချင်း စုပေါင်းကစားစေခြင်းဖြင့်လည်း ကိုယ်ရည်ကိုယ်သွေး တိုးတက်စေသည်။ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးစေရန်အတွက်လည်း အတွေးအမြင်၊ အလုပ် စသည်များ လိုအပ်ပေသည်။ အံဝင်ဂွင်ကျသော အတွေးအမြင်၊ အလုပ်များ ဖြစ်ပေါ်လာစေရန် ဓလေ့ ထုံးစံ တေးသီချင်းနှင့် ပျော်ရွှင်မှု အဖုံဖုံတို့လည်း တွေ့ရှိရပေမည်။ ပျော်ရွှင်မှုအဖုံဖုံရှိ သည့်အနက် ကလေးတို့နှင့် အံဝင်ဂွင်အကျဆုံးမှာ ရိုးရာကစားနည်းများပင်ဖြစ်သည်။

ခလေးတို့၏ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေသော ကစားနည်းများ ရှိသည့်အနက် တစ်ခု ကို ဖော်ပြရသော် မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင် တို့သာမက ပိုးကရင်အများစု ကစားသောနည်းဖြစ်သည့် "အသက်အောင့်နပန်းပွဲ" ကစားနည်းဖြစ်သည်။

လသာသာညများတွင် ဤကစားနည်းမျိုးကို ကလေးငယ်တို ပျော်ရွှင်စွာ ကစားနေသည်ကို တွေ့ရပေမည်။ အဖွဲ့နှစ်ဖွဲ့ခွဲပြီးသည်နှင့် အလယ်တွင် စည်းတစ်ခုကို ရေးခြစ်လိုက်ရပေသည်။ ထို့နောက် ခေါင်းပန်းလှန်၍ လည်းကောင်း၊ ကျားဗိုလ်ဆွဲ၍ လည်းကောင်း စတင်ကစားမည့် အဖွဲ့ကို ဆုံးဖြတ်ကြသည်။ ရှေ့ဦးကျသည့်ဘက်မှ စတင်၍ အသက်အောင့်ပြီး တစ်ဖက်အသင်းမှ လူကို လိုက် ဖမ်းရသည်။ ထိုသို့လိုက်ဖမ်းရာတွင် အသက်အောင့်ထားရမှန်းသိစေရန် "ရီ" ဟူသော အသံကို မပြတ် ပြုလုပ်ရသည်။ အသံကို ပြတ်ခါနီးတွင် မိမိစည်းထဲပြန်ဝင်နိုင်သည်။

တဖက်လူများကလည်း ဝင်လာသောသူများအား အသက်အောင့်၍ မရလေ အောင် ဆွဲထားပေးရပါသည်။ အသက်အောင့်ရပ်သွားလျင် ထိုသူသည် ဘေးထွက်ထိုင်ပေးရပါသည်။ အကယ်၍ "ရီ" ဟု အော်သောသူသည် တဖက်လူကို ဖမ်းပုတ်ပြီး မိမိစည်းဝိုင်းထဲပြန်ရောက်သည့်အထိ အသံမပြတ်လျင် ထိုတစ်ဖက်မှ ဖမ်းခံရသောသူ ဘေးထွက်ထိုင်ရပါသည်။ "ရီ" ဟုအော်သောသူ အသံပြတ်ပြီး ရှုံးသွားပါက တစ်ဖက်အဖွဲ့မှ ပြန်၍ အလားတူဆန့်ကျင်ဖက်လူများဆီသို့ အသက်အောင့်၍ ဝင်ရပြန်သည်။ ဝင်လာသူကို အလားတူဖမ်းဆီးပေးရသည်။ အရင်ဆုံး လူကုန်သော အဖွဲ့က အရှုံးပေးရသည်။ ဤကစားနည်းသည် အစုအဝေးလိုက် ကစားရသော ကစားနည်းဖြစ်သည်။ စိတ်ဓါတ် ခိုင်မာမှုနှင့် ဇွဲသတ္တိရှိသောဘက်က အနိုင်ရရှိတတ်သည်။ ညအခါ လသာသာတွင် ကစားကြ၍ ကြည့်သူနှင့် ကစားသူများပါ ပျော်ရွှင်ရသော ကစားနည်းတစ်ရပ်ဖြစ်သည်။ ကလေးသူငယ် ဘဝကပင် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သော စိတ်ဓါတ်ကို မွေးမြူ ပေးသော ကစားနည်းဖြစ်သည်။ မြန်မာကစားနည်း ဒီထိုး၊ တွတ်ထိုးနှင့် ဆင်တူသည်။ ရီတိုးတမ်း ကစားသည် ဟုလည်းခေါ်သည်။

အခြားဖော်ပြလိုသော ကစားနည်းမှာ ခရေစေ့တွင်းချ ကစားနည်းဖြစ်သည်။ ခရေစေ့အစား ကုက္ကိုစေ့၊ သြဇာစေ့ များလည်း အသုံးပြုကြသည်။ ကစားပုံမှာ -အဝ လက်သုံးသစ်ခန့်ရှိ၍ အနက် လက်သုံးသစ်ခန့်ရှိသော တွင်းတစ်တွင်း သုံးပေပတ်လည် မြေပြောင်ပြောင် တစ်နေရာနှင့် ခရေစေ့ အနည်းငယ်ရှိလျင် ဤကစားနည်းကို ကစားနိုင်သည်။ ကစားမည့် အမျိုးသမီး နှစ်ဦး (သို့မဟုတ်) သုံးဦးရှိလျင် တစ်ဦးလျင် ခရေစေ့ (၁၅) စေ့ (သို့မဟုတ်) အစေ့ (၂၀) စီ ကြိုက်သည့် အရေအတွက်ကို အားလုံး သဘောတူ အညီအမျှ သတ်မှတ်၍ ဗွေဆော်ကျသူအား ခရေစေ့များ ပေးအပ်ရသည်။

ဗွေဆော်ကျသူသည် ခရေစေ့များကို အတူရော၍ တွင်းနှုတ်ခမ်း တနေရာရာပေါ်သို့ ကြဲချရလေသည်။ ဤသို့ကြဲချနေစဉ် ခရေစေ့သည် တွင်းထဲသို မကျရပေ။ တွင်းထဲသို့ကျပါက နောက်တစ်ဦးက ဆက်၍လုပ်ရလေသည်။ တွင်းထဲသို မကျပါက လက်မဖြင့် ခရေစေ့ ကလေးများကို တစ်လုံးစီ တွင်းအတွင်းသို့ဝင်အောင် တောက်ချပေးရလေသည်။ တောက်၍ကျသမျှကို တောက်ချသူကရပိုင်ခွင့်ရှိသည်။ အကယ်၍ တောက်နေရင်းက ခရေစေ့တလုံးလုံးက တွင်းကိုကျော်၍ သော်လည်းကောင်း၊ တွင်းထဲ မရောက်၍ သော်လည်းကောင်း တွင်းနှုတ်ခမ်းပေါ်တွင် တင်နေပါက နောက်တစ်ဦးက ဆက်၍တောက်ရပေသည်။ ပထမလူတောက်ချ၍ ဝင်နေသော ခရေစေ့များကို ထိုပထမလူ ကပင်ယူရသည်။ ဤနည်းဖြင့် တွင်းထဲသို့ ခရေစေ့များများဝင်အောင်တောက်နိုင်သူသည် ခရေစေ့များများ ပိုင်သူဖြစ် လာသည်။

ဤကစားနည်းသည် အနုကစားနည်းသက်သက်ဖြစ်ပြီး မြေပေါ်၌ လည်းကောင်း အိမ်ကြမ်းပြင် ပေါ်၌လည်းကောင်း ကစားနိုင်လေသည်။ ကြမ်းပြင်ပေါ်၌မူ ကျင်းအစား မြေဖြူခဲဖြင့် လက်ဝါးနှစ်သစ်ခန့် ကျယ်သော အဝိုင်းငယ်တစ်ခုဆွဲ၍ ကစား နိုင်ပေသည်။ ဤကစားနည်းသည် စိတ်တည်ငြိမ်မှု တိကျသေချာမှုစသော ကိုယ်ရည် ကိုယ်သွေးကို ဖြစ်ပေါ်စေရုံသာမက စိတ်ရှည်သီးခံတတ်ခြင်းဟူသော ဓလေ့စရိုက် ပါရရှိစေ နိုင်သည်။

အပျိုလူပျိုဘဝ

လူ့အဖွဲ့အစည်းဝင်များအား အသက်အရွယ်ပိုင်းခြား၍ လူမှုရေးကိစ္စတို့ကို ပြုမူဆောင်ရွက် စေခြင်းကိုလည်း လူ့အဖွဲ့အစည်းတိုင်း၌ တွေ့နိုင်ပေသည်။ အသက်ပိုင်းခြားရာတွင် လူမမယ်ကလေး အရွယ်တို့မှာ မိဘများအပေါ်တွင် လုံးဝအမှီသဟဲပြုနေကြရ၍ ထိုအရွယ်များကို လုပ်ငန်းတာဝန်များ လူမှုရေးကိစ္စများ မထမ်းဆောင်စေသေးပေ။ လူပျိုဖော်၊ အပျိုဖော်ဝင်မှသာ ရပ်ရေးရွာရေးကိစ္စတွင် ပါဝင်ခွင့်ရှိလေသည်။ ခံစားထိုက်သော လူမှုရေးကိစ္စများကိုလည်း ခံစားစေသည်။ ဥပမာ ရှေးခတ် အနောက်ပိုးကရင်တို့တွင် လူပျိုအပျိုတွေ့ဆုံပွဲဖြစ်သည့် အော်ပွဲတွင် အရွယ်ရောက်မှသာ ပါဝင်ခွင့်ရှိသည်။ အော်ပွဲဆိုသည်မှာ ကရင်အပျိုလူပျိုတို့ အသံသြကြီးဖြင့် သီချင်းများကို သီကျူးသော သြပွဲမှ အော်ပွဲဖြစ်လာခြင်းဖြစ်သည်။ အော်ပွဲသည် လူပျိုကာလသားများ၏ ကာယဗလ ပွဲလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကဗျာလင်္ကာမသီကျူးမီ ခါးတောင်းကျိုက်ကာ ကိုယ်လုံးတည်းဖြင့် ဟန်ရေးပြရသောကြောင့်ဖြစ်သည်။ ထိုအော်ပွဲမှ ယောကျာ်းပျိုနှင့် မိန်းမပျိုတို သည် မိမိနှစ်သက်ရာ အိမ်ထောင်ဖက်ကို ရွေးချယ်နိုင်သည်။ အရွယ်မရောက်သေးသော ကလေးသူငယ်များမှာ အော်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ခွင့်မရှိပေ။ ဤသည်မှာ အသက်အရွယ် အလိုက်ဖွဲ့စည်းထားသောလူမှုရေးအုပ်စု ပင်ဖြစ်သည်။

ရှေးယခင်က အပျိုလူပျို ပရိတ်သတ်အပေါ် သြဇာညောင်းသော အပျိုခေါင်း၊ လူပျိုခေါင်း ရှိသည်။ အချို့မှာ လူလတ်တန်းအရွယ် အိမ်ထောင်သည်များလည်း အပျိုခေါင်း၊ လူပျိုခေါင်း ဖြစ် တတ်သည်။ ဘုရားပွဲများ၊ အသုဘများ၊ အရိုးကောက်ပွဲ စသည့် လူမှုရေးကိစ္စကို ဆောင်ရွက်နိုင်သူ များကို အပျိုခေါင်း၊ လူပျိုခေါင်း ရွေးချယ်လေ့ရှိသည်။ ထိုသို့ဘုရားပွဲများ၊ အသုဘပွဲများ၊ အရိုးကောက်ပွဲများ ရှိပါက ရွာနီးချင်း အပျိုလူပျိုများက အုပ်စုဖွဲ့က သွားရောက်ကူညီကြသည်။ ထိုအခါ အိမ်ရှင်ရွာသားများက အော်ပွဲပြုလုပ်ပေးရသည်။ တစ်ရွာသားနှင့်တစ်ရွာသူ လွတ်လပ်စွာ တွေ့ဆုံ၍ ချစ်ကျွမ်းဝင်သွားလျင် လူပျိုသည် အပျိုအိမ်သို. လိုက်လည်နိုင်သည်။

ချစ်ရေးဆိုရာတွင် စကားထာဝှက်၍ လည်းကောင်း၊ ကဗျာလင်္ကာသီကုံး၍ လည်းကောင်း၊ စကားပုံနှင့်လည်းကောင်း ပြောဆိုရသည်။ ထို့ကြောင့် ဥာဏဗလ ပြိုင်ပွဲလည်းဖြစ်သည်ဟု ခေါ်ဆို နိုင်သည်။ အော်ပွဲမကျင်းပမီ အနီးအနားရွာမှ လူပျိုအပျိုကာလသားများကို ဆက်သားလွှတ်၍ ဖိတ်ကြားသည်။ ဖိတ်ကြားရာတွင် အထိမ်းအမှတ် အမျိုးမျိုးပေးပို့သည်။

၁။ မီးသွေးခဲတစ်ခဲကို ထုပ်၍ပို ပြီးဖိတ်ကြားလျင်အော်ပွဲသို့ မပျက်မကွက်လာပါဟုဆိုသည်။

၂။ ဆေးရွက်ထုပ်ပို၍ ဖိတ်ကြားလျှင် အော်ပွဲသို့ အုတ်အုတ်ကျွတ်ကျွတ် လာပါဟုဆိုသည်။

၃။ ထုံးထုပ်ပို၍ဖိတ်ကြားလျင် အော်ပွဲတွင် လက်ဝှေ့ပွဲပါသည်ဟုဆိုသည်။

၄။ ငရုတ်သီးထုပ်ပို၍ ဖိတ်ကြားလျင် အော်ပွဲသို့အမြန်လာပါဟုဆိုသည်။

၅။ မရမ်းရွက်ထုပ်ပို၍ ဖိတ်ကြားလျင် အော်ပွဲလာ အပျိုလူပျိုများ ညီညီညွတ်ညွတ် လာကြရန်ဟု ဆိုလိုသည်။

၆။ ဖွဲနုထုပ်ပို၍ ဖိတ်ကြားလျင် အော်ပွဲသို့ပျော်ပျော်ပါးပါး လာကြပါဟုဆိုလိုသည်။

၇။ ပေါက်ရွက်ထုပ်ပို၍ ဖိတ်ကြားလျင် အဖော်များနှင့် စုံစုံလင်လင်လာကြပါဟုဆိုလိုသည်။

အော်ပွဲများကို များသောအားဖြင့် ရွာဦးဘုန်းကြီးကျောင်းဝင်းအတွင်း (သို့မဟုတ်) အလှူမဏ္ဍပ်ရှေ့တွင် ကျင်းပလေ့ရှိသည်။ အော်ပွဲမစမီ ကောက်ရိုးများ ခင်းကျင်းပေးသည်။ ကောက်ရိုးပေါ်တွင် လုံမပျိုများက တဖက်တတန်းမျက်နှာချင်းဆိုင် နှစ်တန်းထိုင်ရသည်။ တစ်တန်းနှင့် တစ်တန်း (၁၅) ပေခန့်ခြား၍ အလယ်တွင် ကွက်လပ်ထားပေးရသည်။ စောင်၊ မျက်နှာသုတ်ပုဝါ ကိုယ်စီပါရသည်။

အော်ပွဲစလျင် မျက်နှာချင်းဆိုင်စီတန်းနေသော လုံမေများ အလယ်ကွက်လပ်တွင်းသို ဝါသနာအိုး အဖိုးအိုတစ်ဦးက ခေါင်းဆောင်၍ အင်္ကျီချွတ်ခါးတောင်းမြှောင်အောင်ကျိုက်၊ လက်ခမောင်း တဖြောင်းဖြောင်းခတ်ပြီးလျင် လက်ရေးပြကာ ထိုင်နေသော အတန်းဆုံးသည့် အထိ လျောက်သွားရသည်။ ယင်းနောက်မှ လူပျိုကာလသားများက အဖိုးအိုပြုလုပ်သည့်အတိုင်း ပြုလုပ်ကာ လက်ဝှေ့ရေးပြလျောက်ရသည်။

ရှေးအခါက ပိုးကရင် လူပျိုကာလသားတိုင်း ခါးအောက်ပိုင်းတွင် ထိုးကွင်းထိုး၍ အထက်ပိုင်းတွင် မှင်ကြောင်ထိုးကြသည်။ ထိုးကွင်းမှင်ကြောင်ရှိမှလည်း ယောကျာ်းပီသသည်ဟု ယူဆသည်။ လက်ဝှေ့ရေးပြပြီးလျင် ခလိုတွေ(ခိုင်ကွဲဝ) ခေါ် အသိမိတ်ဆွေဖွဲ့ခြင်း အစီအစဉ် ကို စသည်။ လူပျို့ ကာလသားများသည်အတန်းနှစ်တန်း၏ အလယ်ကွက်လပ်တွင် တဖြည်းဖြည်း ချင်းလျောက်၍ သီချင်းဆိုကာ စီတန်းထိုင်နေသော ပျိုမေများအနက် မိမိတို့ စိတ်ကြိုက်ရှာသည်။ တွေ့လျင် ပျိုမေ၏ ရှေ့တွင် ဝင်ထိုင်၍ မိတ်ဖွဲ့သည်။ အချို့လူပျိုများသည် အမျိုးသမီး သုံးလေးဦး ပြောင်း၍ မိတ်ဖွဲ့စကားပြောတတ်သည်။ အချို့မှာ တစ်ဦးတည်းကိုသာ စွဲစွဲမြဲမြဲပြောတတ်သည်။ ပျိုမေများကလည်း မျက်စိကျထားသူရှိသည်။ ထိုအခါ အလိုက်သိသော လူပျိုကာလသားက ပြောင်းပြီး ဖယ်ရှားပေးတတ်သည်။ အသိမိတ်ဆွေဖွဲ့ခြင်းကို နှစ်နာရီခန့်ကြာအောင် ကျင်းပတတ်သည်။ တော်လောက်ပြီဟုယူဆလျင် အစီအစဉ်တစ်ခုပြောင်းရန် " ယန်လောင်ထာခူးဟ် " ခေါ် လူပျိုအပျို အချင်းချင်း နှိုးဆော်ကြသည်။ လူပျိုနှစ်ဦး(သို့မဟုတ်) အပျိုနှစ်ဦးက မျက်နှာသုတ်ပုဝါကာ၍ အော်ပွဲလာ အဖော်များအား " အော်ပွဲစရန်အချိန်သင့်ပါပြီ မိတ်ဖွဲ့ခြင်းကို ရပ်ဆိုင်းပါစို့" ဟု အော်ဟစ်ကာ နိုးဆော်လျင် အစုံအစုံမိတ်ဖြစ်နေသူများ ခွဲခွာ၍ အော်ပွဲစရန် ပြင်ဆင်သည်။

အော်ပွဲကို ရွှီးလောင်ဖော်ခလီ (ယှုံးလင်ဖင်ဦ) ခေါ် ပန်းမျိုးစေ့ကြဲခြင်းဖြင့်စသည်။ မိမိတို့ အလှည့်ကျ မျက်နှာသုတ်ပုဝါကာ၍ သီဆိုရသည်။ အော်ပွဲသီချင်းများကို အဆင့်လေးဆင့် ခွဲထားသည်။

၁။ ရိုးရိုးသီချင်း (ကာလပေါ်သီချင်း)။

၂။ သီချင်းကြီး။

၃။ ဇာတ်နိပါတ်။

၄။ ပင်လယ်ကူးဇာတ်နိပါတ်၊ ရာဇဝင်၊ သမိုင်း တို့ဖြစ်သည်။

အော်ပွဲများ ထုံးစံအရ အပျိုလူပျိုများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရသောအခါ ပစ္စည်းချင်းလဲကြသည်။ လူပျိုကာလသားသည် ယင်းပစ္စည်းကိုယူ၍ အပျိုအိမ်အထိလိုက်သည်။ အပျိုအိမ်တွင် လူပျိုလှည့်ချစ်ရေးဆိုသည်။ အော်ပွဲသို မိဘများပါ လိုက်ပါကြပြီး သားမက်လောင်း၊ ချွေးမလောင်း ရွေးချယ်ကြသည်။

ယခုခေတ်တွင်မူ မိုးမခ (သက္ကယ်) ကျေးရွာ၌ ဤကဲ့သို့ အပျိုလူပျိုပွဲအဖြစ် အော်ပွဲကို မကျင်းပကြသော်လည်း ရွာလုံးကျွတ် အလှူပွဲများ၊ လူမှုရေးအခမ်းအနားများ၊ အသုဘပွဲအရိုးကောက်ပွဲများတွင် အပျိုလူပျိုတွေ့ နိုင်လေသည်။ ထိုပွဲများတွင် ကရင်ဒုံးယိမ်းပွဲများ၊ ပျော်ပွဲရွှင်ပွဲ များ ပြုလုပ်ခြင်းဖြင့်လည်းကောင်း ဝိုင်းကူအလုပ်လုပ်ကြခြင်းဖြင့်လည်းကောင်း အပျိုလူပျိုတွေ့ နိုင်ပြီး မိမိနှစ်သက်သူ အပျိုတွေ့ရှိပါက လူပျိုလှည့်နိုင်သည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှ၍ ရာသက်ပန် ပေါင်းဖော်ရန် ဆုံးဖြတ်ပြီးလျင် အောင်သွယ်တော်လွှတ်၍ လူကြီးမိဘများထံ နားဖောက်ခိုင်းတတ်သည်။

ပိုးကရင် အမျိုးသားများတွင် သမီးရည်းစား ထားရာတွင် လိုက်နာရသော ဓလေ့ထုံးစံများရှိသည်။ အမျိုးသားသည် မိမိရည်းစားဦးနှင့် အကြောင်းအားလျော်စွာ မယူဖြစ်ဘဲ အခြားသော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုသွားပါက ရည်းစားဟောင်း အမျိုးသမီးသည် ထုံးစံအတိုင်း ထိုအမျိုးသားအပေါ်တွင် ရန်ငြိုးဖွဲ့တတ်ကြသည်။ ထို့ကြောင့် ရည်းစားဟောင်းထံမှကျေနပ်မှုရှိကြောင်း အမှတ်အသားအဖြစ် ပစ္စည်းတစ်ခုခုကို တောင်းခံလေ့ရှိသည်။ အနည်းဆုံး ဆေးလိပ်တစ်လိပ်၊ ကွမ်းတစ်ယာ စသည်ဖြင့် တောင်းခံတတ်သည်။ အမျိုးသမီးသည် ရည်းစားဟောင်းအပေါ် စိတ်ကျေနပ်မှု မရှိသမျှ ထိုတောင်းခံသော ပစ္စည်းကို ပေးလေ့မရှိချေ။ လုလင်သည် မိမိ အိမ်ထောင်ရေး၌ ထိုအမျိုးသမီး စိတ်ကျေနပ်မှုမရှိသမျှ အဆင်ပြေမှုရှိမည်မဟုတ်ဟု ယူဆတတ် သည်။ ထိုဓလေ့ထုံးစံကို ကျင့်သုံးရခြင်းမှာ ယောကျာ်းကလေးတစ်ဦးသည် မိန်းကလေး တစ်ဦးနှင့်ပတ်သက်ပြီး အကြောင်းမညီညွတ်၍ လမ်းခွဲကြသည့်အခါတွင်လည်း ထိုမိန်းကလေး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအနေဖြင့်လည်းကောင်း၊ မိမိလက်ထပ်မည့် မိန်းကလေး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသော အနေဖြင့်လည်းကောင်း ထိုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။ ထို့အပြင် ထိုသိုနှစ်ဦးနှစ်ဘက် နားလည်မှု ရယူထားပြီးဖြစ်၍ ထိုယောကျာ်းကလေး၏ ထူထောင်မည့် အိမ်ထောင်ရေးတွင်လည်း အနှောက်အယှက် မဖြစ်စေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ပိုးကရင်တို့သည် မိမိတကယ် လက်ထပ်နိုင်မည့်သူကိုသာ သမီးရည်းစားအဖြစ်လက်ခံကြသည်။ သို့မဟုတ်ပါက မိမိ အိမ်ထောင်ရေးတွင် ထိခိုက်နိုင်သည်ဟု ယူဆသဖြင့် လူ့အဖွဲ့အစည်းတွင် ချစ်ခြင်းမေတ္တာနှင့်ပတ်သက် ၍ သစ္စာရှိသူများအဖြစ်တည်ရှိနေပေသည်။

ပိုးကရင် တိုင်းရင်းသားများသည် သားသမီး အပျိုလူပျိုများကို လွတ်လပ်စွာ ပေါင်းသင်း ဆက်ဆံခွင့်၊ သမီးရည်းစားထားခွင့်ပေးထားသော်လည်း “မင်္ဂလာမဆောင်မီပေါင်းသင်းခြင်း ကို ရပ်ရွာလူကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ရိုးရာနတ်များနှင့် နတ်ဆရာများက ခွင့်မပြုချေ။ ရပ်ရွာတွင် ထိုသို့ကိုယ်လက်ကျူးလွန်မှုများရှိလျင် မကောင်းသော နမိတ်များဖြစ်သည် ရွာနာသည်ဟု ယူဆသည်။ အနောက်ပိုးကရင်တို့သည် အိမ်ထောင်ရေး စည်းကမ်းဖောက်ဖျက်မှု၊ အပျိုလူပျို အိမ်ထောင်မပြုမီ ကိုယ်လက်ကျူးလွန်မှုများကို ကြီးလေးသော အပြစ်တစ်ရပ်ဟုယူဆပြီး တစ်ရွာလုံး ဝိုင်းဝန်းကဲ့ရဲ့ခြင်းခံကြရသည်။[5]

စေ့စပ်ကြောင်းလမ်းခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်း

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် လူငယ်ချင်း ချစ်ကြိုက်၍ဖြစ်စေ၊ မိဘချင်းသဘောတူပေးစား၍ဖြစ်စေ အိမ်ထောင်ချထားရန် စီစဉ်ရာတွင် စေ့စပ်နားဖေါက်ရန် အောင်သွယ်ကို အသုံးပြုကြသည်။ အောင်သွယ်လုပ်သူသည် အများအားဖြင့် ရပ်ရွာလူကြီးများ၊ နှစ်ဖက်ဆွေမျိုးများ ဖြစ်ကြသည်။ မောင်နှမဝမ်းကွဲခြင်း လက်ထပ်လေ့မရှိပေ။ အမျိုးသားတစ်ဦးသည် မရီးကို လက်ဆက်ခွင့်မရှိပေ။ အမကြီး အမိအရာကဲ့သို့ သဘောထားရသည်။ ခယ်မကိုမူ နှစ်သက်က မိန်းမသေဆုံးသွားမှသာ လက်ဆက်နိုင်သည်။ အကြောင်းမှာ ထိုမိသားစု၏ စားဝတ် နေရေး အဆင်ပြေ စေရန်ဖြစ်သည်။ ထိုကဲ့သို့ လက်ဆက်သည် ဆိုရာတွင် ခင်ပွန်းသေပြီးသော ခယ်မကိုဖြစ်စေ၊ လက်မထပ်ရသေးသော ခယ်မကိုဖြစ်စေ လက်ထပ်ခွင့်ရှိသည်။ အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင် အကျင့်စာရိတ္တကောင်းသူ၊ ရိုးဖြောင့်သူ၊ အလုပ်ကြိုးစားသူကို အဓိကထား ရွေးချယ်ကြသည်။ စေ့စပ်ပွဲကို မိန်းကလေးအိမ်မှာပင် ပြုလုပ်သည်။ စေ့စပ်မည့်အကြောင်းကို မိန်းကလေး မိဘများထံသို အောင်သွယ်မှတဆင့် ကြိုတင်အကြောင်းကြားထားသည်။ အောင်သွယ်ကို အောင်သွယ်ခအဖြစ် ပေးရခြင်းမရှိပေ။

စေ့စပ်ရာတွင် လက်ထပ်ပွဲပြုလုပ်ရန် အစီအစဉ်များကို ဆွေးနွေးကြသည်။ မင်္ဂလာနေ့ ရက် ကို ညှိနှိုင်းကြသည်။ မင်္ဂလာရက်သည် အများအားဖြင့် ဝါကျွတ်လများဖြစ်သည်။ ပြဿဒါး လွတ်သောရက်ကို ရွေးကြသည်။ ဝါတွင်းကာလ၊ ဝါဆိုဝါခေါင်၊ တော်သလင်းလများတွင် မင်္ဂလာရက် သတ်မှတ်လေ့မရှိပေ။ ထိုလများအတွင်း မင်္ဂလာပွဲကျင်းပဖြစ်ပါက ထိုအိမ်ထောင်သည် သာယာ အေးချမ်းမှုမရှိ၊ ကြာရှည်တည်မြဲမှုမရှိဟု ယူဆကြသည်။

လူငယ်ချင်းမေတ္တာမျှခြင်းမျိုးမဟုတ်ဘဲ၊ လုလင်ပျိုဘက်မှ တစ်ဦးတည်းသဘောဖြင့် လာရောက် စေ့စပ်ခြင်းမျိုးတွေ့ရန် ခဲယဉ်းသည်။ အထူးသဖြင့် အောင်သွယ်မှ တဆင့် စုံစမ်းပြီးမှ သာ လာရောက်စေ့စပ်လေ့ရှိသည်။ လူငယ်ချင်းမေတ္တာမျှခြင်းမျိုးမဟုတ်ဘဲ လုလင်ပျိုဘက်မှ သဘော တခုတည်းဖြင့် လာရောက်စေ့စပ်လိုသည့်အခါဖြစ်စေ၊ လူငယ်ချင်း နှစ်သက်သော်လည်း မိန်းကလေး မိဘများက သဘောမတူညီလျင်ဖြစ်စေ အောင်သွယ်မှတဆင့်သာ မိသားစု တိုင်ပင်ပါရစေဦး၊ သမီးငယ်ပါသေးသည် စသည်ဖြင့် ပါးနပ်စွာ ငြင်းဆိုလေ့ရှိသည်။ တစ်ဘက်နှင့် တစ်ဘက် မိတ်ဆွေပျက်၊ မျက်နှာနာ ရမည့်အဖြစ်ကို အလွန်သတိထား ရှောင်ကျဉ်ကြသည်။

လူ့အဖွဲ့အစည်းများတွင်များသောအားဖြင့် အချိန်အရွယ်ရောက်လာသော ယောကျာ်းလေးနှင့် မိန်းကလေးတို့ အိမ်ထောင်ပြုရခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။ ဗုဒ္ဓဂေါတမ၏ ဆုံးမစာ မိဘဝတ်၌ “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျင် ဝတ်ငါးအင်" ဆိုပြီး ထိမ်းမြားခြင်းကို မိဘဝတ်၌ ထည့်ပေးထားပေသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် စေ့စပ်သဘောတူပြီးလျင် မင်္ဂလာရက်ကို သတ်မှတ်ကြသည်။ မင်္ဂလာလက်ဖွဲ့အတွက် ကုန်ကျစရိတ်ကို နှစ်ဦးစလုံးမျှခံ ကြသည်။ ငွေကြေးတတ်နိုင်သည့်ဘက်မှ ပို၍အကုန်ခံကြသည်။ မင်္ဂလာအခမ်းအနားကို သတို့သမီးအိမ်တွင် ပြုလုပ်ပြီး ဧည့်ခံကျွေးမွေးခြင်းကို သတို့သားအိမ်တွင် ပြုလုပ်သည်။

မင်္ဂလာရက်ရောက်သည့်နေ့ နံနက်ပိုင်းတွင် သတို့သားနှင့်အတူ လူကြီးမိဘဆွေမျိုးများ၊ လူပျိုရံများက ကန်တော့ပွဲနှင့် သတို့သမီးအိမ်သို့လာရသည်။ သတို့သမီးအိမ်ရှေ့တွင် သတိုသမီး မိဘများ၊ ဆွေမျိုးများအပျိုရံများက စောင့်နေရသည်။ သတို့သမီးအိမ်သို့ ရောက်သောအခါ အပျိုရံများက ရွှေကြိုးတားကြသည်။ ရှေးယခင်ကထွန်တုံး၊ ဝါးတန်းစသည့် အတားအဆီးများပင် ပြု လုပ်ကြသည်။ သတို့သားကို တားဆီးပိတ်ဆို့ထားသော ပျိုမေတို့အား သတို့သားဘက်မှ လူကြီးများက လမ်းဖွင့်ပေးပါရန် မေတ္တာရပ်ခံရသည်။ ထိုသို့လမ်းဖွင့်ရန်အတွက် တားဆီးပိတ်ဆို့ သူများ ကျေနပ် လောက်သည့် ငွေ (သို့မဟုတ်) လက်ဆောင်ပေးရသည်။

အတားအဆီးများရှင်းသွားပါက သတို့သမီး၏ မိဘများ အပျိုရံများက သတို့သားအား ရေလောင်းချရသည်။ သတို့သမီးက အင်္ကျီလုံချည်တစ်စုံ အသစ်ထုတ်ပေးရသည်။ သတို့သားက အင်္ကျီလုံချည်လဲဝတ်ရသည်။ ရေစိုအင်္ကျီလုံချည်ကို သတို့သမီးက တန်းတွင်လှန်းရသည်။ ထို့နောက် သတို့သားနှင့် သတို့သမီးကို အမွှေးရည်ပက်ရသည်။ ဤသို့ပြုလုပ်ပြီးမှသာ ပုဆိုးတန်းတင် အကြင် လင်မယားဖြစ်သည်ဟု ယူဆကြသည်။ ပါလာသော ကန်တော့ပွဲဖြင့် နှစ်ဘက်မိဘတို့အား ကန်တော့ရသည်။

မင်္ဂလာဆောင်ရာတွင် လိပ်ပြာခေါ်ပွဲပါရသည်။ ကောက်ညှင်းထုပ်ဖင်ချွန်းငှက်ပျောသီး၊ ကြံ၊ ထမင်းခုနှစ်ဆုပ်၊ နတ်ပန်းညို (သပြေညို)၊ ရေတစ်ခွက်ရောင်စုံချည်မျှင်၊ ယောက်မ တစ်ချောင်းကို ဒေါင်းလန်း (သို့မဟုတ်) လင်ဗန်းထဲတွင် ထည့်ထားရသည်။ ဒေါင်းလန်းရှေ့တွင် သတို့သားသည် သတို့သမီး၏ လက်ယာဘက်တွင်ထိုင်၍ သတို့သား၏ ပေါင်တစ်ဖက်သည် သတိုသမီး၏ ပေါင်တစ်ဖက်ပေါ်တွင် စတိတင်ထားရသည်။ အသက်ကြီးသော ငယ်လင်ငယ်မယား သုံးစုံတို့က လိပ်ပြာခေါ်ကြိုးကိုလိပ်ပြာခေါ်ပြီး သတို့သား၊ သတို့သမီးတို့၏ လက်ကောက်ဝတ် တွင်ချည်ပေးရသည်။

လိပ်ပြာခေါ်ပုံမှာ ဒေါင်းလန်း (သို့မဟုတ်) လင်ဗန်းကို ယောက်မဖြင့်ခေါက်၍ သတို့သား လိပ်ပြာနှင့် သတို့သမီးလိပ်ပြာလာပါ။ သူတစ်ပါးဖြားယောင်းတာ မယုံနှင့်၊ ညောင်ချည်ပင် စောင့်နတ် ဆိုစကားမယုံနှင့် အတူတကွစည်းလုံး စွာနေပါ။ ဆင်၊ မြင်း၊ ကျွဲနွားများလည်း ယူလာနိုင်ပါစေ။ လိပ်ပြာမောင်နှံအိုသည့်အထိ မခွဲဘဲနေပါ။ သင်တို့၏ ဦးခေါင်းမှဆံများဖြူသည့် တိုင် အတူတကွချစ်ခင်စွာ နေပါဟူ၍ ဖြစ်သည်။ ထိုသို့ခေါ်ပြီးပါက လိပ်ပြာကြိုးကို လက်တွင်ချည်ပေးခြင်း သတို့သားနှင့် သတို့သမီးတို့၏ ဦးခေါင်းတွင် တင်ပေးခြင်းပြုလုပ်ရ သည်။ ယင်းကို လက်ချည်ချည်တင်ခြင်းဟု ခေါ်သည်။

ထို့နောက် သတို့သားနှင့်သတို့သမီးတို့သည် လင်ဗန်းတစ်ခုထဲတွင် ထည့်ထားသော ထမင်းဟင်းများကို တစ်လှည့်စီ သုံးကြိမ်တိုင်တိုင် ခွံ့ပေးရသည်။ ထိုနောက် အသစ်ခူးလာသော လင်ဗန်း တစ်ခုအတွင်းမှ ထမင်းဟင်းများကို လူပျိုရံ၊ အပျိုရံတို့သည် သုံးလုတ်ပြည့်အောင် အလုအယက်နှိုက် စားကြပြီး ဦးစွာပြီးသူက ကျန်အဖေါ်များပေါ် ထမင်းများကြဲဖြန့်ရသည်။ ထိုသို့ ပြုလုပ်ပြီးပါက ဧည့်သည်များအား ဧည့်ခံကျွေးမွေးရန် စီစဉ်ထားသော သတို့သားအိမ် မင်္ဂလာမဏ္ဍပ်သို့ အားလုံး အတူတကွ သွားရောက်ဧည့်ခံကြသည်။

ကြင်စဦး ဇနီးမောင်နှံသည် သတိုသမီး မိဘအိမ်တွင် ရက်အနည်းငယ်ခန့်နေပြီး အိမ်ခွဲကြသည်လည်းရှိသည်။ အိမ်ခွဲရန် မတတ်နိုင်ပါက မိန်းကလေးမိဘအိမ်တွင် နေကြသည်။ ကြင်စဦး ဇနီးမောင်နှံတို့၏ အိပ်ယာကို အသက်အရွယ်ကြီးရင့်သော လင်စုံမယားဖက် ငယ်လင်ငယ်မယားမှ ပြင်ဆင်ပေးရသည်။ မင်္ဂလာဦးညတွင် လူပျိုကာလသားများအား ခဲဖိုးပေးရခြင်းလည်းရှိသည်။ မင်္ဂလာ အိမ်ကို ခဲဖြင့်ပေါက်တတ်သောကြောင့် ခဲဖြင့်မပေါက်ရန် ပေးရခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း

မိဘ သဘောတူ၍ ဖြစ်စေ၊ မိမိ ဘာသာ နှစ်သက်၍ ဖြစ်စေ အိမ်ထောင်ပြုကြသော မိုးမခ (သက္ကယ်) ကျေးရွာနေ ရွာသူရွာသား အိမ်ထောင်ရှင်တို့သည် ရင်သွေးရတနာကို လိုချင်ကြသည်ကို တွေ့ရသည်။ မိမိဇနီးတွင် ကိုယ်ဝန်ရှိပြီဟု သိရသောအခါ အိမ်ထောင်ရှင်များ ပျော်ရွှင်ကြသည်။ ထိုသို့ ကိုယ်ဝန်ဆောင်နေစဉ် မိခင်လောင်းသည် ဆေးပညာဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရသကဲ့သို့ မိမိတို့ ပိုးကရင် ဓလေ့ထုံးစံများကိုလည်း လိုက်နာကြရသည်။

ကိုယ်ဝန်ရှိလျင်ရှိခြင်း ပိုးကရင်ဘာသာစကားဖြင့် ယန်း ဟုခေါ်သော အပင်မှအစေ့ကို ကိုယ်ဝန်ဆောင် မိခင်လောင်း၏ လည်ပင်းတွင်ဆွဲထားရသည်။ ထိုအစေ့သည် ငြုတ်ကောင်းစေ့နှင့် တူသည်။ ဤသို့ ဆွဲခြင်းမှာ သွေးမတက်စေရန် နှင့် မကောင်းဆိုးဝါးများ မကပ်နိုင်ရန်ဖြစ်သည်။ ကိုယ်ဝန်ရှိချိန်မှစ၍ ရပ်ရွာရှိ အဒေါ်များ၊ မိခင်များက အစားအသောက်အနေအထိုင်မှအစ ဆောင်သင့်သည်ကိုဆောင်၍ ရှောင်သင့်သည်ကို ရှောင်ရန် အခါမလင့် သတိပေးဆုံးမတတ်ကြသည်။ အစပ်၊ အပူအဖန်၊ အခါး တက်စာများ၊ အနွယ်အညွန့် များနှင့် အခြားမသင့်သည့် အစားအစာ များကို မစားစေဘဲ ရှောင်ကြဉ်စေသည်။ ကိုယ်ဝန်ရှိသူ မမွေးဖွားမီ လအနည်းငယ်အလိုတွင် ထမင်းဆုပ် ခုနှစ်ဆုပ်၊ ရေတစ်ခွက်၊ ငှက်ပျောသီး၊ ကောက်ညှင်း ထုပ်ဖင်ချွန်းချည်မျှင် ခုနှစ်မျှင်တို့ဖြင့် လိပ်ပြာခေါ်ပွဲ ပြုလုပ်ပေးရသည်။ ဤသို့ပြုလုပ်ခြင်းမှာ ကလေးရော လူကြီးပါ ကျန်းမာစေရန်နှင့် လွယ်ကူစွာ မွေးဖွားစေရန်ဖြစ်သည်။

ကိုယ်ဝန်ဆောင်များသည် မိုးချုပ်နေဝင်ချိန်တွင် ရေမချိုးရပါ ချိုးလျင် မကောင်းဆိုးဝါး ကပ်နိုင်သည်ဟု ယူဆသည်။ နေဝင်မိုးချုပ်အိမ်ပြင်မထွက်ရ၊ မလွဲမရှောင်သာ ထွက်ရသော် ကွမ်းညှပ်၊ ကတ်ကျေး တခုခုကို ယူသွားရသည်။ မကောင်းဆိုးဝါး မကပ်နိုင်ရန်ဖြစ်သည်။ မင်္ဂလာဆောင် မသွားရပါ။ သတို့သား၊ သတို့သမီးကို ထိခိုက်တတ်သည်။ အသုဘအိမ်လည်း မသွားရပါ။ ငှက်ပျောသီး အမွှာမစားရ၊ စားမိလျင် ကလေးအမွှာမွေးတတ်သည်။ ခေါင်းအုံးမချုပ်ရ၊ သစ်သီးမခူးရအသက်မသတ်ရခြံပေါက်ဝင်းပေါက်များ မပိတ်ဆို့၊ ဗူးဆိုမဆိုရမွေးဖွားရာတွင် ခက်တတ်သည်။ လေပြင်းတိုက်ရာတွင် မနေရ ကလေးရူးတတ်သည်။ တူးဆွခြင်းမပြုရ ကလေး အ့ ထစ်တတ်သည်။ ကလေးအင်္ကျီကို ကြိုတင်၍မစုရ ကလေးသေတတ်သည်။ တွင်းတူးခြင်း၊ သံရိုက်ခြင်းမပြုရမကောင်း ဖြစ်တတ်သည်ဟု ယူဆသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ယောကျာ်းသည် သံ၊ စူး၊ ရိုက်ခွဲခြင်းမပြုရပေါက်ပြားရိုး၊ ပုဆိန်ရိုးမတပ်ရ၊ သချိုင်းမသွားရ၊ ငြုတ်ဆုံအသုံးမပြုပါက ကျည်ပွေ့ဆုံထဲမထည့်ထားရ ဤအချက် ကို အိမ်ရှိလူကုန်လိုက်နာရသည်။

ကလေးမွေးပြီးလျင်ပြီးချင်း လည်ပင်းတွင် ဆွဲထားသော ယန်ယုသာခေါ် အစေ့ထဲမှ (ရ) စေ့ ကို ဝါးမျိုးစားရသည်။ မီးဖွားသည့်အခါ ယခင်က အရပ်လက်သည်နှင့်မွေးသော်လည်း ယခုအခါ သားဖွားဆရာမနှင့်မွေးကြသည်။ ကလေးမွေးပြီး ချက်ကြိုးဖြတ်ရာတွင် မီးသွေးခံ၍ ဝါးနှီးဖြင့်ဖြတ်ရသည်။ အချင်းကို အိမ်နောက်ဘက်မြေတွင်မြှုပ်သည်။ သို့မှသာ အိမ်ကို ခင်တွယ်မည်။ မိဘကိုခင်တွယ်မည်။ မိမိအမျိုးကို ချစ်မည်ဟု ယူဆမည်။ ကလေးငယ်ကို မွေးပြီးပြီးခင်း ရေချိုး၊ နနွင်းလိမ်းပြီး အဝတ်ဖြင့်ပတ်ထားရသည်။ မိခင်ဝမ်းတွင်း အချင်းကုန်စေရန် လက်ဖြင့် ဖိနှိပ်ချ ပေးရသည်။

ထိုနောက် စမှုံနက်ကိုရှူ၊ တစ်ကိုယ်လုံးနနွင်းလိမ်း၍ ငါးရက်ဆက်ပြီး အုတ်ပူထိုး မီးလျှံရသည်။ အုတ်ပူထိုးပြီး ပေါင်းခံချွေးထုတ်ရသည်။ မီးနေစဉ်ကာလအတွင်း မီးနေမိခင်နှင့် ၄င်းနေသော အခန်းသည် မသန့်ရှင်းဟု ယူဆသဖြင့် ယောကျာ်းများ မဝင်ရပါ။ ဆွေမျိုးမတော်သူ လည်းမဝင်ရပါ၊ ဝင်မိပါက မီးနေသည်မှ ငွေငါးမတ် အရှောင်ပေးရသည်အမွှာပူး ကောင်းကောင်း မွန်မွန်မွေးလာပါက မိဘအဖို့ကောင်းသည်ဟု ယူဆသည်။ အင်္ဂါချို့တဲ့သော ကလေးသည် မိဘကို ခိုက်တတ်သည်ဟု ယူဆသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ကလေးကျန်းမာရန်၊ မွေးဖွားရလွယ် ရန်၊ အင်္ဂါစုံလင်စေရန် ဆုတောင်းကြသည်။ ခလေးအင်္ကျီများကို တံစက်မြိတ် အပြင်တွင်မလှန်းရ၊ ကလေးခေါင်းကို မီးထွက်မှရိတ်ရသည်။ ခေါင်းစ ရိတ်ရက်ကို ကလေးမွေးနေ့နှင့် သောကြာ၊ တနင်္လာများ ရှောင်ကြသည်။ ခေါင်းလျှော်ခြင်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ ရှောင်ကြသည်။ ရေစချိုးရက်ကို တနင်္ဂနွေ၊ အင်္ဂါ၊ ကြသာပတေးတွင် ချိုးကြသည်မီးနေသည်သည်။ တစ်လလုံး နနွင်းလိမ်းခြင်း၊ ရေမန်းသောက်ခြင်း၊ နနွင်းနှင့် ဆားမီးဖုတ်သောက်ခြင်းများ ပြုလုပ်ရသည်။

မီးထွက်ပြီးနောက် မွေးဖွားပေးသူများကို တရော်ကင်ပွန်းဖြင့် လက်ဆေးပေးရသည်။ ခင်ပွန်း သည်ကို တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပေးရသည်။ အမွှေးနံ့သာ ပက်ဖြန်းပေးရသည်။ မီးနေ အမျိုးသမီးများသည် သွေးတက်ခြင်း၊ သွေးသွန်ခြင်း ဖြစ်တတ်သဖြင့် လင်ယောကျာ်း လုံချည်ကို ခေါင်းတွင်ပေါင်းထားရသည်။ ဤသို့ပေါင်းထားခြင်းဖြင့် သွေးမတက်နိုင်ဟု ယုံကြည်ကြသည်။ မွေးဖွားပြီးမကျန်းမာပါက ဟန်ဆောင်၍ပေးခြင်း၊ လှူခြင်းမျိုးရှိသည်။ ကလေးနှင့်မတည့်သော အစားအစာ နေမှုထိုင်မှုကို မိခင်ကရှောင်ရသည်။ မီးတွင်းထဲကပင် ကလေးခံနိုင်ရည်ရှိအောင် စတိ စားသောက်ထားသည်လည်းရှိသည်။ နို့မထွက်ပါက ထမင်းကိုထောင်းပြီး နို့အုံမှာအုံ၊ တစ်ည ပိတ်စ နှင့် စီးထားပါက နို့ပြန်ထွက်လာသည်ဟု ယူဆသည်။ ကလေးသူငယ်နာ မဖြစ်ရန် ကျားရိုးသွေး တိုက်ကြသည်။

မိသားစုဖွဲ့စည်းပုံနှင့်ဆွေမျိုးတော်စပ်မှု

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့၏ မိသားစု ဖွဲ့စည်းပုံကို လေ့လာရာတွင် မိခင်၊ ဖခင်နှင့်သားသမီးများသာ ပါဝင်သော အခြေခံမိသားစု (သို့မဟုတ်) ရိုးရိုးမိသားစု ကို အတွေ့ရများသည်။ မိခင်၊ ဖခင်၏ ညီ၊ ညီမများ၊ အဖိုးအဖွားများနှင့် သားသမီးများ ပါဝင်သော တိုးချဲ့မိသားစု နှင့် အိမ်ထောင်တွဲမိသားစု မျိုးကိုလည်း တွေ့ရသည်။ အိမ်ထောင်တွဲမိသားစု ဆိုသည်မှာ အခြေခံမိသားစု နှစ်စု၊ သုံးစု စုပေါင်းနေထိုင်သော မိသားစုဖြစ်သည်။

မိုးမခ (သက္ကယ်) ရွာသူရွာသားများသည် တစ်လင်တစ်မယားလက်ထပ်မှုစနစ် ကို ကျင့်သုံးကြပြီး ၄င်းတို့မှ မွေးလာသော သားသမီးအရင်းဖြစ်စေ၊ မွေးစားသားသမီးများနှင့်ဖြစ်စေ၊ အခြေခံမိသားစုတွင် အတူတကွ အေးချမ်းစွာ နေထိုင်လိုကြသည်။ အခြေခံမိသားစုတွင် အိမ်ထောင် ဦးစီးမှာ ဖခင်ပင်ဖြစ်သည်။ သားသမီးတို့၏ ပညာရေး၊ ကျန်းမာရေးကိစ္စ အဝဝကို မိခင်က ဆောင်ရွက်ရသော်လည်း ဖခင်၏ ဩဇာကို ရိုသေကြသည်။ မိခင်ကမူ ဖခင်၏ စားဝတ်နေရေး ဖန်တီးမှုကို ဝိုင်းဝန်းပံ့ပိုးခြင်းနှင့် အိမ်မှုကိစ္စများကို စီမံဆောင်ရွက်ရလေသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင် မိသားစု တစ်စုတွင် အနည်းဆုံး လူဦးရေ (၃) ယောက်ရှိတတ်သည်။ သားသမီးများသည်လည်း မိခင်၊ ဖခင်တို ့ကို ရိုသေလေးစားမှုရှိပြီး မိဘတို ့၏ အုပ်ချုပ်မှုအောက်တွင် မိသားစုတစ်စုလုံး စည်းလုံးပျော်ရွှင်စွာ နေထိုင်ကြသည်။ သားယောကျာ်းလေးများအား တတ်သင့်သော ပညာများကို ဖခင်က သင်ကြားပေးပြီး အိမ်ထောင် ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စအဝဝကို မိန်းကလေးများအား မိခင်က သင်ကြားပေးလေ့ရှိသည်။

သားသမီးများ အိမ်ထောင်ပြုသောအခါ ရပ်ရွာဓလေ့ထုံးစံအရ အများအားဖြင့် အိမ်ခွဲပေးကြသည်။ အချို့ငွေကြေး အဆင်မပြေသော မိသားစုများသာ မိန်းကလေးမိဘအိမ်တွင် နေကြသည်။ သားမက်ချွေးမတို့က ယောက္ခမများကို မိရင်းဖရင်းသဖွယ် သဘောထားဆက်ဆံကြသည်။ မိဘနှင့် အတူနေသော တိုးချဲ့မိသားစုတွင် အိမ်ထောင်ဦးစီးမှာ မိန်းကလေး၏ ဖခင်ဖြစ်သည်။ မိသားစု၏ စီးပွားရေးကို ဝိုင်းလုပ်ကြရပြီး အိမ်ထောင်ဦးစီး ဖခင်၏ စီမံခန့်ခွဲမှုကို နာခံကြရသည်။ မိန်းကလေး၏ ဖခင်သေဆုံးသွားပါက မိန်းကလေး၏ မိခင်က အိမ်ထောင်ဦးစီးဖြစ်သည်။ မိသားစု နှင့်သက်ဆိုင်သော စားဝတ်နေရေးနှင့် လူမှုကိစ္စ အဝဝကို မိသားစုဝင်အားလုံး အေးအတူပူအမျှ စုပေါင်းပါဝင်ဆောင်ရွက်ကြသည်။ တိုးချဲ့မိသားစုတွင် စီးပွားရေးကို အိမ်ထောင်ကျပြီးသော မိသားစုများက သီးသန့်လုပ်ကိုင်လိုက လုပ်ကိုင်ခွင့်ပေးသည်။ စီးပွားသီးသန့် လုပ်ကိုင်သော “အိမ်ထောင်တွဲမိသားစု များတွင် အိုးခွဲချက်စားသည်လည်းရှိသည်။ မိဘတို့နှင့် တစ်အိုးတည်းစာသည်လည်းရှိသည်။

လူ့အဖွဲ့အစည်းတွင် ဆွေမျိုးတော်စပ်ခြင်းသည် အရေးပါလှပေသည်။ ဆွေမျိုးတော်စပ်ပုံ သုံးမျိုးရှိသည်။ ၄င်းတို့မှာ သွေးသားအားဖြင့် တော်စပ်သောဆွေမျိုး လက်ထပ်မှုဖြင့် တော်စပ်သောဆွေမျိုး မွေးစားခြင်းဖြင့် တော်စပ်သော ဆွေမျိုးတို့ဖြစ်သည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့တွင် အထက်ပါ ဆွေမျိုးတော်စပ်ပုံ သုံးမျိုးလုံးကို တွေ့နိုင်ပေသည်။ သွေးသားအားဖြင့် ဆွေမျိုးတော်စပ်ခြင်းတွင် အမိ၊ အဖနှင့်၄င်းတို့၏ သားသမီးများ၊ သားသမီးအချင်းချင်း၊ ဦးကြီး၊ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား စသည့် ဆွေမျိုးအုပ်စု များ၊ ၄င်းတို့၏ အပြန်အလှန် ဝတ္တရားများပါဝင်သည်။ မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် နှစ်ဘက်စလုံးကို ဆွေမျိုးဟု ယူဆသော်လည်း မိခင်ဘက်မှ ဆွေမျိုးများကို ဦးစားပေး အလေးထားကြောင်းသိရသည်။ ထို့ကြောင့် ၄င်းတို့သည် မိခင်ဘက်မှ ဆွေမျိုးများကို အလေးထားသည်ဟု ဆိုနိုင်သည်။ ဆွေမျိုးတော်စပ်သူ အချင်းချင်း အလွန်ချစ်ခင်ရင်းနှီးကြသည်။ ဖြစ်ပေါ်လာသော ပြဿနာရပ်များကိုလည်း ဝိုင်းဝန်းအဖြေ ရှာကြသည်။ လူကြီးမိဘတို့၏ လမ်းညွှန်မှု ကိုလည်း လေးစားစွာ လိုက်နာကြသည်။ အချင်းချင်း မသင့်မတင့်ဖြစ်ပါကလည်း လူကြီးများက ဝိုင်းဝန်းဖြန်ဖြေပေး၍ မကြာမီပင်အဆင်ပြေသွားကြသည်။

သွေးသားအားဖြင့် တော်စပ်သော ဆွေမျိုးတော်စပ်ခြင်းတွင် မိခင်ဘက်မှ ဆွေမျိုးကို အလေးထား ဆက်ဆံသော်လည်း အခေါ်အဝေါ်များမှာ ခွဲခြားခေါ်ဝေါ်ခြင်းမရှိပေ။ သို့သော် မိသားစု အရေးကိစ္စများကို မိခင်ဘက်ဆွေမျိုးများက တာဝန်ယူခြင်းမရှိမှသာ ဖခင်ဆွေမျိုးများက တာဝန်ယူလေ့ ရှိသည်။ ဥပမာ မိဘနှစ်ပါးလုံးမရှိတော့သည့် အရွယ်မရောက်သေးသော ကလေးများ၏ တာဝန်ကို မိခင်ဆွေမျိုးများက တာဝန်ယူလေ့ရှိသည်။ မိခင်ဆွေမျိုးများဘက်မှ တာဝန်ယူခြင်းမရှိမှသာ ဖခင်ဘက် မှဆွေမျိုးများက တာဝန်ယူလေ့ရှိသည်။ ဤသည်မှာ သွေးသားအားဖြင့် တော်စပ်သော ဆွေမျိုးတို့၏ အဓိကအပြန်အလှန်ပြုရသော ဝတ္တရားများအနက် တစ်ခုဖြစ်သည်။ ကျန်လူမှုရေးကိစ္စများတွင်လည်း အပြန်အလှန် လိုက်နာမှုရှိတတ်သည်။

လက်ထပ်မှုဖြင့် ဆွေမျိုးတော်စပ်ခြင်းတွင် ယောက္ခမ၊ သားမက်၊ ချွေးမ တော်စပ်သူများသမီးယောင်းမ၊ သမီးယောက်ဖမယားညီအစ်ကိုလင်ညီအစ်မ တို့ပါဝင်သည်။ ၄င်းတို့အချင်းချင်း ဆက်ဆံရေးများ၊ လိုက်နာရမည့်ဝတ္တရားများ၊ အပြန်အလှန် နားလည်မှုများ ပါဝင်သည်။ ယောက္ခမ သားမက် ဆက်ဆံရေးတွင် လည်းကောင်း၊ ယောက္ခမ၊ ချွေးမ ဆက်ဆံရေးတွင်လည်းကောင်း သမီးယောင်းမသမီးယောက်ဖ၊ မယားညီအစ်ကို၊ လင်ညီအစ်မ စသောသူတို့၏ ဆက်ဆံရေးတွင် လည်းကောင်း၊ ရင်းနှီးချစ်ခင်မှု အပေးအယူမျှတမှု၊ ခွင့်လွတ်လိုက်လျောနိုင်မှု၊ သဘောထားပြည့်ဝမှု တို့ကို လေ့လာတွေ့ရသည်။ ယောက္ခမနှင့်ချွေးမသားမက်တို့ဆက်ဆံရေးတွင်လည်း မိဘနှင့်သား သမီးအရင်းကဲ့သို တတ်နိုင်သလောက် သဘောထားကြသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် မိုးမခ (သက္ကယ်) ကျေးရွာရှိ ပိုးကရင်တို့၏ ဆွေမျိုးတော်စပ်မှုတွင် နွေးထွေးမှု၊ စည်းလုံးမှုရှိသည်ကို တွေ့နိုင်သည်။ ဆွေမျိုးစုအတွင်း အဆင်မပြေသော ဆက်ဆံရေးများ ရှိလာပါကလည်း အခြား ဆွေမျိုးစုဝင်များက ဝိုင်းဝန်းဖြေရှင်းပေးကြလေ့ရှိသည်။

မွေးစားခြင်းဖြင့်ဆွေမျိုးတော်စပ်ခြင်းတွင် ကလေးသူငယ်အရွယ်မှ စတင်မွေးစားသကဲ့သို အရွယ်မရောက်မီ မိဘသေဆုံးသွားလျင် လည်းကောင်းအရွယ်ရောက်ပြီး မိသားစု စီးပွားရေး၊ အိမ်တွင်းမှုစသည့် လုပ်ငန်းများတွင် ကူညီပြီး အိမ်ရှင်များ ကျေနပ်လက်ခံနိုင်လောက်သောအခါ သားသမီးအဖြစ်လည်းကောင်း တူ/တူမအဖြစ် လည်းကောင်း မွေးစားလေ့ရှိသည်။ မွေးစားရာတွင် စာချုပ်ချုပ်၍ တရားဥပဒေအရ မွေးစားခြင်း ရှိသကဲ့သို့ “ ဒေသဆိုင်ရာစည်းမျဉ်း အရ ရပ်ရွာလူကြီးများ အသိအမှတ်ပြု မွေးစားခြင်းမျိုးလည်းရှိသည်။ မည်သို့ပင် ဖြစ်စေ မွေးစားသူနှင့် မွေးစားခံ သားသမီးများသည် လည်းကောင်း၊ တူ၊ တူမများသည် လည်းကောင်း၊ မိဘနှင့်သားသမီး ဆက်ဆံရေး၊ ဦးလေး၊ အဒေါ်နှင့် တူတူမများ ဆက်ဆံရေးမှာ နွေးထွေးမှုရှိကြသည်။ မွေးစားသူများ ကလည်း သားသမီးတူတူမ အရင်းအချာကဲ့သို့ သဘောထားကြသည်။ ထိုကဲ့သို့ မွေးစားခြင်းဖြင့်လည်း မွေးစားခံရသူကို အခြား ဆွေမျိုးများက ဆွေမျိုးစုဝင်အဖြစ် အသိအမှတ်ပြုဆက်ခံကြသည်။

ထို့ကြောင့် မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့၏ ဆွေမျိုးစု ဖွဲ့စည်းပုံကို လေ့လာကြည့်ပါက တော်စပ်သော ဆွေမျိုးများမှာ အဓိက (၃) မျိုးရှိပြီး မည်သည့်နည်းနှင့် တော်စပ်သည်ဖြစ်စေ၊ ဆွေမျိုးစုစာရင်းဝင် ဖြစ်လာသောသူများကို ယိုင်းပင်းကူညီမှု၊ ဆွေမျိုးစုများ အတွင်း အဆင်ပြေ လိုက်လျောညီမှု ရှိစေသော သွန်သင်ညွှန်ပြမှု၊ ချစ်ခင်မှု၊ တာဝန်သိတတ်မှု စသည့် အပြန်အလှန် ဝတ္တရားများကို နှစ်ဦးနှစ်ဘက်ကျင့်သုံးကြပြီး ဆွေမျိုးစုအတွင်း စည်းလုံးမှု၊ ခိုင်မာမှု ရရှိစေသည်။ ဆွေမျိုးတော်စပ်သူအချင်းချင်း စိမ်းကားရက်စက်စေသော အပြုအမူမှန်သမျှကို ရှောင်ကျဉ်ကြလေ့ရှိသည်။ တစ်ဦးနှင့်တစ်ဦး အထင်မှားအမြင်မှားမှုများ၊ စကားများခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း များရှိကြသော်လည်း မကြာမီ ပြန်လည်သင့်မြတ်စေရန် ကျန်ဆွေမျိုးစုဝင် များက ဝိုင်းဝန်းဆောင်ရွက် လေ့ရှိသည်။ လူငယ်၊ လူရွယ်တို့ကလည်း မိဘ၊ ဘိုးဘွား၊ ဦးလေးသားချင်းများ၏ စကားကို လိုက်နာလေ့ရှိသည်။ ဆိုဆုံးမခြင်းများကို လက်ခံလိုက်နာလေ့ ရှိကြသဖြင့် ဆွေမျိုးစုကြားတွင် ဖြစ်ပေါ်တတ်သော အမျက်ဒေါသ အဆင်မပြေမှုများမှာ နဲပါးပျောက် ကွယ်သွားရလေသည်။

အမွေဆက်ခံခြင်းနှင့်အရိုက်အရာဆက်ခံခြင်း

အနောက်ပိုးကရင်တို့တွင် မိဘသေဆုံးသွားပါက ကျန်ရှိသော ပစ္စည်းအမွေနှင့် ရာထူးအမွေ များကို သားသမီးများက ဆက်ခံရသည်။ ကျန်ရှိခဲ့သော ပစ္စည်းများ ဆက်ခံခြင်းကို အမွေဆက်ခံ ခြင်းစည်းမျဉ်း ဟုခေါ်ပြီး ရာထူးအမွေဆက်ခံခြင်းကို အရိုက်အရာဆက်ခံခြင်းစည်းမျဉ်း ဟုခေါ်သည်။ မိုးမခ (သက္ကယ်) ရွာသူရွာသားတို့သည် အခြေခံ မိသားစုများ ဖြစ်သည့်အားလျော်စွာ မိဘများ၏ အမွေကို သားသမီးများက ဆက်ခံကြရသည်။ သားသမီးများကလည်း အိမ်ထောင်ခွဲစဉ် မိဘထည့်ပေးလိုက်သောပစ္စည်းဖြင့်သာတင်းတိမ်ကြသည်။ နောက်ဆုံးကျန်သောသားငယ်၊သမီးငယ်သာ မိဘကျန်သော ပစ္စည်းကို အမွေဆက်ခံကြသည်။ မိဘတို့ကလည်း မသေခင် အမွေခွဲပေးကြသည်။ မိမိပိုင်ပစ္စည်းကို အမွေခွဲရာတွင် မိမိအတွက် တစ်ပုံချန်ပြီး အမွေခွဲသည်။ ထိုအစုကို မိမိနှင့် အတူနေ သားသမီးအားပေးပြီး အသက်ထက်ဆုံးနေသွားသည်လည်းရှိသည်။ မိဘသေဆုံးသွားပြီးမှ အမွေခွဲသော မိသားစုတွင် အစ်ကိုအကြီးဆုံး၊ အစ်မအကြီးဆုံး၏ စီမံမှုကို နာခံကြရသည်။ အစ်ကိုကြီးအစ်မကြီးများကလည်း ညီညွတ်မျှတစွာ ဆုံးဖြတ်ပေးသည်။ အညီအမျှခွဲပေးပြီးမှသာ ချို့တဲ့သူ၊ ငယ်ရွယ်သူ တို့ကို မိမိဝေစုထဲမှ ထပ်ထည့်ပေးသည်။ အမွေခွဲရာတွင် ကျေနပ်မှုမရှိသော မိသားစုတွင် ရပ်ရွာအကြီးအကဲ၏ ဆုံးဖြတ်မှုကိုနာခံကြသည်။ သေဆုံးသူသည် သားသမီးအရင်း အချာ မရှိသူ (သို့မဟုတ်) လူပျိုကြီးအပျိုကြီးများဖြစ်နေပါက အနီးစပ်ဆုံး အမွေစားအမွေခံ (သို့မဟုတ်) နီးစပ်သော ဆွေမျိုးများက အမွေဆက်ခံနိုင်သည်။ အမွေခွဲရာတွင် မွေးစားသားသမီးများကို သားသမီးအရင်းနှင့်တန်းတူထားပေးသော်လည်း မိဘက အမွေခံ သားသမီး အဖြစ်မှ စွန့်လွှတ်ခံရသူသည် အမွေခံစားပိုင်ခွင့်မရှိပေ။ ညီအစ်ကို မောင်နှမများထဲမှ ငဲ့ညှာ၍ မိမိ ဝေစုထဲမှ ခွဲပေးလိုကခွဲပေးနိုင်သည်။

အရိုက်အရာ ဆက်ခံခြင်းတွင် ရှေးအခါက ဖခင်ဘုရင်သေဆုံးသွားလျင် သားအကြီးက ဘုရင်ဖြစ်လာသည့် သဘောဖြစ်သည်။ မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် ယခင်က ရွာစော်ကဲ သေဆုံးသွားပါက သားအကြီးဆုံးက ရွာစော်ကဲဖြစ်လေ့ရှိသော်လည်း ယခုခေတ် တွင် ထိုဓလေ့မရှိတော့။ သို့သော် ဖခင်သေဆုံးသွားသော အိမ်ထောင်စုတွင် အစ်ကိုကြီးက ဖခင် နေရာယူ၍ မိသားစု၏ စားဝတ်နေရေးကိစ္စအဝဝကို တာဝန်ယူဖြေရှင်းလေ့ရှိသည်။ မိခင်သေဆုံးသွား ပါကလည်း သမီးအကြီးဆုံးက မိခင်နေရာယူ၍ ညီညီမငယ်တို့ကို အုပ်ထိန်းရလေ့ရှိသည်ရိုးရာ နတ်ပူဇော်ပသရာတွင်လည်း အစ်ကိုကြီး၊ အစ်မကြီးများက ပိုအရေးကြီးသည်။ အငယ်များက ရိုးရာနတ်ပူဇော်မှု မရှိသေးလျင် အပြစ်မရှိသော်လည်း အစ်ကိုကြီး၊ အစ်မကြီးများက မပူဇော်၍ မရပေ။ အငယ်များထက် တာဝန်ယူ၍ မပျက်မကွက် ပူဇော်ပသရသည်။

နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်း

အနောက်ပိုးကရင်တို့သည် နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းကို ဝိဉာဉ်၊ လိပ်ပြာအယူအဆများနှင့် ဆက်စပ်ယုံကြည်ကြသည်။ ဝိဉာဉ်လိပ်ပြာသည် လူ၏ ခန္ဓာကိုယ်တွင် မှီတွယ်နေခြင်း၊ ခွဲခွာသွားခြင်းရှိတတ်သည်။ လူတစ်ဦး၏ လိပ်ပြာသည် ကိုယ်ခန္ဓာမှ လွင့်စဉ်နေသည့်အခါ ထိုသူသည် မကြာခဏလန်ခြင်း၊ ဖျားနာခြင်းများ ဖြစ်တတ်သည်ဟု ယူဆကြသည်။ တစ်ခါတစ်ရံ လူသေ၏ ကျန်ရစ်သော လိပ်ပြာကောင်သည် အိမ်ထောင်စုအတွင်းရှိ မိဘညီအစ်ကို မောင်နှမများ၏ လိပ်ပြာများကို ခင်တွယ်နေသည့်အခါ ထိုအိမ်ထောင်စုရှိ ကလေးများနှင့် အင်အားချိနဲ ့သူများသည် မကြာခဏထိတ်လန့်၍ ဖျားနာတတ်သည်ဟု ယုံကြည်သည်။ လူတို့အပေါ်တွင် အစဉ်သဖြင့် မကောင်းသော စိတ်ထားများရှိသည့် ဘီလူး၊ သရဲသဘက်ဖုတ်၊ ကျတ်၊ တစ္ဆေ စသည့် နာနာဘာဝ များကြောင့်လည်း ဝေဒနာအမျိုးမျိုး ဖြစ်စေတတ်သည်ဟု စွဲလမ်းယုံကြည်ကြသည်။ ရိုးရာနတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ်များကြောင့်လည်း နာမကျန်းဖြစ်တတ်သည် ဟုယူဆသည်။ ဝိဉာဉ်လိပ်ပြာသည် လူ၏ခန္ဓာမရိုမီကပင် ရှိနေ၍ လူသေဆုံးပြီးနောက်တွင်လည်း ဆက်လက်ကျန်ရှိ နေသေးသည်ဟု ယုံကြည်ကြသည်။ လူသေသည့်အခါ လူ၏ခန္ဓာကိုယ်တွင် မှီတွယ်နေသော ဝိဉာဉ် လိပ်ပြာသည် ပလူကျေးတိုင်းပြည် ဟုခေါ်သော လူသေတိုင်းပြည်သို့ပြန်သည်ဟု ယူဆသည်။ လူ၏ ခန္ဓာမှ ခွဲခွာနေပြီး ပြန်မလာပဲနေသော် ယင်းလူသေဆုံးပြီဟု ယုံကြည်ကြသည်။

ဤသို့ မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် နာမကျန်းဖြစ်ခြင်း၊ သေခြင်းသည် ဝိဉာဉ်လိပ်ပြာနှင့် ဆက်စပ်နေသည်ဟု ယုံကြည်သည့်အလျောက် လိပ်ပြာခေါ်ခြင်းကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိကြသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် သေဆုံးခြင်းနှင့်ဆိုင်သော အခမ်း အနားများကို နှစ်ကြိမ်ကျင်းပကြောင်း လေ့လာတွေ့ရှိရသည်။ ပထမအကြိမ်သင်္ဂြိုလ်ခြင်း မှာ အသုဘအခမ်းအနားဖြစ်ပြီး ဒုတိယအကြိမ်သဂြိုလ်ခြင်း(သို့မဟုတ်) အရိုးကောက်ပွဲ ဖြစ်သည်။

မိုးမခ (သက္ကယ်) ရွာနေ ပိုးကရင်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ သေဆုံးပြီးရှိကြသည်။ လူသေပြီးနောက် နောက်ဘဝယုံကြည်မှု ပြုလုပ်သော သဂြိုလ်ခြင်း အခမ်းအနားများမှာ မြေမြှုပ်ခြင်း၊ အေးမသာထားခြင်း၊ မီးသဂြိုလ်ခြင်း၊ အရိုးကောက်ခြင်း၊ အရိုးတောင်ပို့ခြင်း စသော ဓလေ့ထုံးစံအမျိုးမျိုးရှိသည်။

လူသေကြောင်းကို ရပ်ဝေးရပ်နီးသို့ ကြားသိစေသည်။ အသက်အရွယ်ကြီးရင့်သူများ၊ ကိုးဆယ်ခြောက်ပါး ရောဂါဖြင့် သေဆုံးသူများကို အေးမသာထားခြင်းခေါ် စင်ဖြင့်တင်ထားသည်။ ထိုသို့အေးမသာထားရသည့် လူသေသည် ရိုးရိုးရောဂါဖြင့် သေရမည့်အပြင် မိသားစုဆွေမျိုးစုထဲတွင် အသက်အကြီးဆုံးဖြစ်ရသည်။ ထိုသို့သဂြိုလ်ခြင်းကို အေးချမ်းစွာ သေဆုံးသူဟု သတ်မှတ်သော ကြောင့် အေးမသာထားသဂြိုလ်ခြင်းဟုခေါ်သည်။ ငယ်ရွယ်သူများသေခြင်း၊ အသက်အကြီးဆုံးလူ မသေပဲ ငယ်သူကအရင်သေဆုံးသွားခြင်း၊ ကပ်ရောဂါဖြင့်သေခြင်း၊ ဥပစ္ဆေဒကကံများကြောင့် သေခြင်းဖြစ်ပါက မြေမြှုပ်သင်္ဂြိုလ်ခြင်းဖြင့်သာ သဂြိုလ်ရပြီးမှ အရိုးကောက်သဂြိုလ်ပွဲလုပ်ရသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ ပိုးကရင်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် သေခါနီးလူတစ်ယောက်ကို ကောင်းရာသုဂတိရောက်နိုင်ရန် ဘုန်းတော်ကြီး၊ သီလရှင်၊ ရပ်ရွာလူကြီး များက ပရိတ်ရွတ်ခြင်း၊ ကြေးစည်ရိုက်ခြင်းပြုလုပ်ပေးကြသည်။

လူတစ်ယောက်သေဆုံးသွားသော် အလောင်းကို ရေချိုးပေးပြီး အမွေးအကြိုင်များ လိမ်းပေးရ သည်။ လက်မချင်း၊ ခြေမချင်း ပူး၍ချည်ပေးရသည်။ ပါးစပ်အတွင်းသို့ ကူးတို ့ခထည့်ပေးရသည်။ ယခင်မတ်စေ့ထည့်သည်။ ယခုငွေစက္ကူတစ်ကျပ် (သို့မဟုတ်) ငါးကျပ်ထည့်ပေးကြသည်။ လူသေတင်ရန် လောလောဆည်ရက်လုပ်ပြီးသော ဝါးကပ်ကို လှေခါးသုံးဆင့်ရှိ စင်ပေါ်တွင် ဖျာခင်း ၍ ဖျာပေါ်တွင် အလောင်းပြင်ထားရသည်။ အဝတ်အစားများကို ပြောင်းပြန်လွှားထားရသည်။ အဝတ်တစုံဝတ်ပေးရသည်။ အလောင်းကို ထမင်း၊ ဆေး၊ ကွမ်းဆေးလိပ်အရက်တိုက်ကျွေးသည် ဆိုကာ အလောင်းပြင်ထားရာနှင့် နီးသောနေရာတွင် တင်ထားရသည်။ ခြေရင်း၊ ခေါင်းရင်းတွင် မီးတိုင်တစ်တိုင်စီ ထွန်းညှိထားရသည်။ မြေမြှုပ်သဂြိုလ်မည့် အလောင်းကိုသာ ခေါင်းသွင်းသည်။ သေဆုံးသူများကို သေသည့်နေ့မှာပင် ပြင်ဆင်ပြီး သင်္ချိုင်းသို့ပို့ကြသည်။ အချိန်မမှီမှသာ နောက်နေ့တွင် ပိုကြသည်။ အသုဘချသွားလျင် အလောင်းပြင်ထားရာမှစ၍ လှေကားရင်း တံစက်မြိတ်လွတ်သည့်အထိ ရေလောင်းချရသည်။ အလောင်း လှေကားကျော်သွားလျင် ရေအိုးကို ကွဲအောင် ပေါက်ခွဲပစ်ရသည်။ သေသူ၏ ခြေထောက်ကို သင်္ချိုင်းသွားရာဖက်သို ့ထား၍ ထမ်းသွားရသည်။ အလောင်းထမ်းသူများ ဖိနပ်မစီးရ။ သေသူနှင့်ဆွေမျိုးတော်စပ်သူများရဟန်းသံဃာရှင်သာဏေနှင့် သီလရှင်များက ရှေ့ဆောင်ပိုရသည်။

သုဿန်သို့ရောက်ချိန်တွင် ရှေ့ဦးကြိုရောက်နှင့်နေသူက အသုဘလာပို့သူများအား "ဘယ်သူတွေလဲဟေ့" ဆိုပြီး မြေကြီးဖြင့်ပစ်ပေါက်ပေးရသည်။ ထိုအခါ အလောင်းထမ်းလာသူများနှင့် လိုက်ပါ ပိုဆောင်သူများထဲမှ "တစ်ယောက်တည်း" ပါဟုဖြေရသည်။ သင်္ချိုင်းကြိုရောက်နေသူက "နောက်လာအုံးမလား ဟု သုံးကြိမ်မေးရသည်။ လိုက်ပါပို့သူများက "မလာတော့ပါဘူး" ဟု သုံးကြိမ် တလှည့်စီဖြေရသည်။ ထိုအခါ သင်္ချိုင်းကြိုရောက်နှင့်သူက “အေးဒါဆိုပြီးရော" ဆိုမှ သဂြိုလ်ရန်ပြင်ဆင်ထားသော နေရာကို အလောင်းဖြင့် သုံးပတ်ပတ်စေပြီး တစ်ပတ်ပတ်မိတိုင်း ထောင်ထားသော ဒါးသွားကို ဦးခေါင်းဖက်အပိုင်းနှင့် သုံးကြိမ်တိုက်ပေးရသည်။

သင်္ချိုင်းတွင်ရှိသော သစ်ပင်ဝါးပင်များကို အသုဘအတွက် အသုံးလို၍ အနည်းငယ်ခုတ်ယူ လိုလျင် သင်္ချိုင်းစောင့်နတ်ကို တိုင်တည်ပြီးမှ ခုတ်ယူကြရသည်။ အသုဘပို့သူများ မီးသင်္ဂြိုလ်သူများ ရွာသို့ပြန်လာသောအခါ တောကြီးကန်းအာသံကြား၍ဖြစ်စေ ရွာထဲဝင်သောခွေးအူသံကြား၍ ဖြစ်စေနမိတ်မကောင်းဟု ယူဆကြသည်။ ထိုသို့ နမိတ်မကောင်းခြင်းများ တွေ့သောအခါ "ခတ်ကယ်" ဟုခေါ်သော ခေါစာကျွေး တောထုတ်ခြင်းကို ပြုလုပ်ရသည်။ အသုဘပိုသူများ၊ မီးသင်္ဂြိုလ်သူများ၊ အရိုးတောင်ပို့သူများ ပြန်လည်၍ အိမ်ပေါက်ဝအရောက်တွင် အိမ်တွင်ကျန်ရှိ နေသူက မီးဖိုမှပြာယူ၍ အသုဘပိုပြန်လာသူများ၏ ခြေထောက်ကိုပက်ရသည်။ ဤသို့ ပြုလုပ်ခြင်း မှာ မကောင်းဆိုးဝါးများ ကပ်လိုက်လာလျင် အိမ်ပေါ်မတက်နိုင်စေရန်ဖြစ်သည်။ အသုဘပို ပြန်လာ သူများထဲမှ တစ်ဦးက သဂြိုလ်သောနေရာမှ (သို့မဟုတ်) အသုဘအတွက် သုံးသောပစ္စည်းမှ သစ်ကိုင်းပန်းတစ်ခုခုကိုယူ၍ သေသူလိပ်ပြာ ပြန်ခေါ်လာရသည်။ ရက်လည်နေအထိ ခေါ်ထားရ သည်။ ထိုသို့ခေါ်လာသူသည် လမ်းတလျောက်တွင် မည်သူနှင့်မျှ စကားမပြောရပေ။

“ခတ်ကယ်" ခေါ် ခေါစာကျွေး တောထုတ်ခြင်းကို ရွာနှင့်သင်္ချိုင်းအကြားလမ်း တနေရာ၌ သွားလုပ်ရသည်။ ပြုလုပ်ပုံမှာ နှီးပြားကြီးတစ်ခုကို ခွေလိုက်ပြီး ဝါးခြမ်းငယ်နှစ်ချောင်းစီ အစုံလိုက် ခုနှစ်ဆင့်စိုက်လိုက်ရသည်။ ၄င်းရှေ့ တွင်းငယ်တစ်တူးကာ ယူဆောင်လာသော ထမင်းထုတ်ငယ်ကို တွင်းထဲအနည်းငယ်ချပြီး ထမင်းထုတ်ငယ်ကို တွင်းထဲထည့်ထားလိုက်ရ၏။ ထမင်းထုတ်ပေါ်တွင် မီးထွန်းထားသော ဖရောင်းတိုင်ကို တင်ထားရသည်။ ၄င်းအပေါ်သို့ အရက်အနည်းငယ် လောင်းထည့်၍ "အသင်သည်ငါတို့နှင့်မဆိုင်တော့ပါ" ဟု ရွတ်ဖတ်ပြောဆိုရသည်။ ဖရောင်းတိုင် မီးငြိမ်းသွားသောအခါ ကျန်သူများက ထမင်းထုတ်ကို အသင့်လုပ်ထားသော ဝါးချွန်ဖြင့် ပြိုင်တူထိုး ရသည်။ ခေါင်းဆောင်လုပ်သူက "သေပြီလား " ဟုမေးရသည်။ ကျန်သူများက " သေပြီ" ဟုပြော ရသည်။ ထို့နောက် အသင့်ယူလာသော ကြက်ဖိုမနှစ်ကောင်ကို သင်္ချိုင်းသို့လွှတ်ကာ “မကောင်းတာ အားလုံး ကြက်နောက်လိုက်သွား " ဟုပြောရသည်။ ဤတွင် တောထုတ်ခြင်းကိစ္စပြီး၏။

အရိုးကောက်ပွဲကို မိုးမခ (သက္ကယ်) ကျေးရွာ၌ သုံးနှစ်တစ်ကြိမ် ကျင်းပသည်။ အရိုးကောက်ပွဲ ကျင်းပခါနီးတွင် မီးသဂြိုလ်လေ့ရှိကြသည်။ အေးမသာ ထားသောသူများကို အလောင်းစင်ပါ မီးရှို့ရသည်။ မီးသဂြိုလ်ချိန်တွင် စောင့်ဆိုင်းယင်း အရက်များသောက်ကြသည်။ သင်္ချိုင်းတွင် သောက်သုံးသော အရက်များမကုန်ပါက ရွာသို့ပြန်ယူလာရရိုး ထုံးစံမရှိပေ။ သင်္ချိုင်းမြေ၌ပင် သွန်ပစ်ခဲ့ရသည်။ လူသေလောင်းကို ထမ်းလာသော ထမ်းစင်မှ ဝါးများကို အသုဘ ချစဉ်ကပင် သင်္ချိုင်းမှာ ဖျက်ဆီးခဲ့ရသည်။

သေဆုံးသူအတွက် သေဆုံးသည့်နေ့ (သို့မဟုတ်) နောက်တနေ့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအား အိမ်ပင့်၍ဖြစ်စေဘုန်းကြီးကျောင်းသိုဆွမ်းချိုင့်ပို၍ဖြစ်စေ ဆွမ်းကပ်လှူဒါန်း ကြသည်။ ဤဆွမ်းများ ဆက်ကပ်ချိန်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းမှ မေတ္တာသုတ်နှင့် ခန္ဓာမတည်မြဲပုံ တို့ကို ဘုရားရှင် ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သုတ္တန်ဒေသနာတော်ထဲမှ ထုတ်နှုတ် တရားဟောပြီး သေသူကို အမျှပေးဝေသည့် ရက်လည်နေ့တွင်လည်း ရက်လည်ဆွမ်းသွတ်ခြင်း၊ လလည်နှစ်လည်ဆွမ်းများကိုလည်း တတ်နိုင်သူ စီးပွားရေး အဆင်ပြေသူများက ဆက်လက် လှူဒါန်းပေးကြသည်။

အရိုးကောက်ပွဲ

အရိုးကောက်ခြင်းနှင့်ပတ်သက်၍ မိုးမခ ယူဆချက်မှာ မိမိတို့သည် ဥတ္တရာပဉ္စလ (သက္ကယ်) ကျေးရွာနေသူတို့၏ တိုင်းပြည်၏ မင်းကြီး အာဒိစ္စဝံသ၏ တောင်ညာစံဒေဝီ မိဖုရားမှ မွေးဖွားလာသော သုဓနုမင်းသားနှင့် ငွေတောင်ပြည် လူကိန္နရာ မင်းကြီး ဒုမမင်း၏ သမီးထွေး ဒွေးမယ်နော်နှင့် ပေါင်းဖက်ရာမှ ရလာသော ရင်သွေး နတ်နောင်းခါ၏ အဆက်အနွယ်ဝင်များဖြစ်သည်ဟု ယုံကြည်ကြသည်။ ဒွေးမယ်နော်၏ ဖခင် ဒု့မရာဇာမင်း၏ မိန့်ကြားချက်အရ အလောင်းကို ထင်းစင်ပေါ် မီးတိုက်ပြီး ငှက်ပျောပင်စိုက်၊ ရာဇမတ်ကာ၊ သဲဖြူ ခင်း၍ ကျန်ရစ်သော အရိုးစုကို ကောက်ယူပြီး ငွေပုလိုင်းနှင့် ရွှေကြိုးသိုင်းကာ ငွေတောင်ပြည် တဖက်ကမ်း ထီစစ်မင်းရွာသို. အရိုးများကို ပြန်ပိုရမည်ဟု မိန့်ကြားခဲ့သည့်အတိုင်း မိမိတို့၏ မျိုးဆက်များကို အရိုးကောက်ပြီး ငွေတောင်ပြည်ပို့ပွဲကျင်းပခြင်းဖြစ်သည်။ ငွေတောင်ပြည်ဆိုသည်မှာ သီလရှိသူ မြင့်မြတ်သူ တို့သာ နေထိုင်နိုင်သော နေရာဖြစ်သည်။ ရွာ၏ အနောက်ဘက်ရှိ အရိုးသင်္ချိုင်းကို ဒွေးမယ်နော်ရှိရာ ငွေတောင်ပြည်အရပ်ဟု သတ်မှတ်ထားသည်။ မိုးမခ (သက္ကယ်) ကျေးရွာ တွင် နေထိုင်သူများ အပြင် ကျေးရွာမှအခြားဒေသသို့ ပြောင်းရွှေနေထိုင်သူများပါ ပြန်လည် လာရောက်၍ မိုးမခ ကျေးရွာတွင်ပြုလုပ်သော အရိုးကောက်ပွဲတွင် ပါဝင်ဆင်နွှဲလေ့ ရှိကြသည်။

အရိုးကောက်ပွဲပြုလုပ်ရန် အချိန်နီးကပ်လာပါက ပစ္စည်းစုဆောင်းခြင်း၊ ပြင်ဆင်ခြင်း ဖြင့် တရွာလုံးအလုပ်ရှုပ်နေကြသည်။ အရိုးကောက်ပွဲကို ကမကထ ပြုလုပ်မည့်သူ၏ အိမ်အနီးရှိ ကွက်လပ်တွင် မဏ္ဍပ်သုံးခု ဆောက်လုပ်သည်။ အလှူပွဲမဏ္ဍပ်ကြီး၊ အရိုးမဏ္ဍပ်နှင့် ထမင်းစား ဆောက်လုပ်ထားသည့် မဏ္ဍပ်တို့ဖြစ်သည်။ မဏ္ဍပ်ကြီးတွင် သံဃာစင်ပါ မဏ္ဍပ်ကြီး၏ မြောက်ဖက်တွင် အရိုးမဏ္ဍပ်ရှိသည်။ ထမင်းစား မဏ္ဍပ်ကိုမူ အဆင်ပြေသော နေရာတွင် ဆောက်လုပ်ကြသည်။ မဏ္ဍပ်အားလုံးကို ဝါးနှင့်သက်ငယ်တို့ ဖြင့်သာ ဆောက်ထားသည်။ သုံးနှစ်အတွင်း သေဆုံးခဲ့သူအားလုံး၏ အရိုးကို တစ်ပြိုင်တည်း စုပေါင်း၍ အရိုးကောက်ပွဲ ကျင်းပကြသည်။

အရိုးကောက်ပွဲရှိလျင် ရွာရှိလူကြီးလူငယ်မရွေး ပျော်ကြသည်။ အရိုးကောက်ပွဲသို အနီး ပတ်ဝန်းကျင်ရွာမှ လူများကိုပါ ဖိတ်ကြားခြင်းကြောင့် မိတ်ဆွေသစ်များတိုးပြီး မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ဆုံရခြင်းကြောင့် ပျော်ရွှင်ကြခြင်းဖြစ်သည်။ အရိုးကောက်ပွဲ ကျင်းပမည့် အလှူရှင်သည် ရိက္ခာပစ္စည်းကို ကြိုတင်ရှာဖွေစုဆောင်းရသည်။ အရက်ကဇော်၊ ဆန်၊ ကောက်ညှင်းကြက်ဝက်ဆေးဖက်ဟင်းသီးဟင်းရွက်ဝါး၊ သက်ကယ်နှီးစသည့် အရိုးကောက်ပွဲအတွက် လိုအပ်သော ပစ္စည်းများကို စုဆောင်း ကြသည်။ ရွာသူရွာသားများဆွေမျိုးများ၊ အနီးဝန်းကျင်ရွာမှ မိတ်ဆွေများပါ လိုအပ်သည့် ပစ္စည်းများကို ဝိုင်းဝန်းစုဆောင်းပေးကြသည်။ အရိုးကောက်မည့်နေ မတိုင်မီ တစ်ပတ်နှစ်ပတ်အလိုမှစ၍ ပြင်ဆင်ကြသည်။ အရိုးကောက်ပွဲ ကျင်းပမည့်ရက်ကို အရိုးဆရာအရိုးကောက်ပွဲ အလှူရှင်နှင့် ရွာလူကြီးတို့က ရွေးချယ်သည်။

အရိုးကောက်ပွဲအတွက် လိုအပ်သော ပစ္စည်းများကို ကြိုတင်စုဆောင်းသည့် ဒါး၊ ပလိုင်းခီမေ့ရှားမေ့ ခေါ် ဝါးနှီးတို့ဖြင့်ပြုလုပ်ထားသော ပစ္စည်းစသည်တို့အပြင် အရက်မြေအိုး စသည်တို့ကို စုဆောင်းထားသည်။ ခီမေ့အဓိပ္ပါယ်မှာ သေသောသူ အလင်းရ စေသည်။ ရှားမေ့မှာ အရိုး ကောက်ပွဲကို သိကြားမင်း အသိအမှတ်ပြုသည်။ ထို့ကြောင့် ဒီမေ့ရှားမေ့ ဆိုသည့် ဝေါဟာရ၏ အဓိပ္ပါယ်အပြည့်အစုံမှာ သေသောသူကို အလင်းရစေသော သကြားမင်း အသိအမှတ်ပြုသည့်ပွဲ ဖြစ်သည်။ ထို့အပြင် ပလိုင်း၊ လောင်းလှေခေါ်ပစ္စည်း၊ ပုလွေခေါ် ဝါးတံ၊ အရိုးထည့်ရန် နှီးဖျာ တို့ကို မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည်။ အရက်ကိုလည်း အိမ်မှာပင်ချက်သည်။ အရိုးကောက်ပွဲတွင် အရက်သည် အရေးကြီးသော ပစ္စည်းတစ်ခုဖြစ်သည်။ အရိုးကောက်ရန် သေသူကို ဖိတ်ခေါ်ချိန်မှစပြီး အရက်ပါရသည်။ အရက်ကို ကြိုတင်ချက်ပြီး စဉ့်အိုးနှင့် ထည့်ထားလေ့ရှိသည်။

အရိုးကောက်ပွဲ ကျင်းပခါနီး ရက်အနီးငယ်အလိုတွင် မီးမသဂြိုလ်ရသေးသော အရိုးကောက်မည့် လူသေအလောင်းများ ရှိသေးလျင် ထိုအလောင်းများကို မီးသဂြိုလ်ရသည်။ လူသေအလောင်း မီးလောင်ကျွမ်းပြီးသော် ကြိုတင်ပြုလုပ်ထားသော အဆစ်နှစ်ခုပါ ဝါးကျည်တောက်ရှည် နှစ်လုံးမှ ရေများဖြင့် မီးအားလုံးငြိမ်းသွားအောင် လောင်းရသည်။ ထိုသိုပြုလုပ်ခြင်းသည် သင်္ချိုင်းအေးအောင် ပြုလုပ်ခြင်းဖြစ်သည်။ မီးအားလုံးငြိမ်း သွားသော် မီးသွေးစများ၊ အရိုးအပိုင်းအစများ မီးခိုးလုံးဝ မထွက်သည့်တိုင်အောင် ရေလောင်းရသည်။

သင်္ချိုင်းမြေမှ မထွက်ခွာမီ မီးသဂြိုလ်သူများသည် သစ်ကိုင်း တစ်ချောင်းစီ ကိုင်၍ အရိုးမီးသွေးပုံကို သုံးပတ်ပတ်ရသည်။ သင်္ချိုင်းအပြင်သို့ ပြန်ထွက်ချိန်တွင် ထိုသစ်ကိုင်း များကို အရိုးမီးသွေးပုံပေါ်တင်ထားခဲ့ရသည်။ မီးသဂြိုလ်သူများ သင်္ချိုင်းအပြင်သို ရောက်သော် ခေါင်းဆောင်ဖြစ်သူက တွင်းငယ်တစ်တွင်းတူးကာ အသင့်ယူလာသော ထမင်းထုတ်ကို ဖွင့်၍တွင်းထဲထည့်သည်။ မီးညှိထားသော ဖရောင်းတိုင်ကို ထမင်းထုပ်ပေါ် တင်ထားသည်။ ထို ့နောက် ခေါင်းဆောင်လုပ်သူက ထမင်းထုပ်ပေါ်သို့ အရက် အနည်းငယ် လောင်း၍ လူသေဝိဉာဉ်အား ရွာသို ့ပြန်မလာရန် မောင်းထုတ် ရွတ်ဖတ် ပြီး ဖရောင်းတိုင် မီးငြိမ်းသွားသောအခါ ဝါးချွန်တစ်ချောင်းစီဖြင့် ထမင်းထုတ်ကို ပြိုင်တူထိုးရသည်။ ခေါင်းဆောင်က "သေပြီလား " ဟု သုံးကြိမ်မေးသည်။ ကျန်သူများက "သေပြီ" ဟု သုံးကြိမ် တစ်လှည့်စီဖြေရသည်။ ဤသို့ လုပ်ဆောင်ခြင်းကို "ဆေသီဆေမန်." ဟုခေါ်သည်။ သေသူများအား မီးသဂြိုလ်ပြီး အနည်းဆုံး တစ်ပတ်၊ ခုနှစ်ရက်လွန်မှ အရိုးအပိုင်းအစနှင့် မီးသွေးတုံး၊ သုံးတုံးကို သွားရောက်ကောက်ယူပြီး ကျူဖြင့်ယက်ထားသော ဖျာလေးထဲ ထည့်၍ ထိုဖျာဖြင့်ထုတ်ထား သည့် အရိုးထုပ်ကို ပုလိုင်းထဲထည့်ယူကာ အရိုးကောက်ပွဲကို ကျင်းပလေ့ရှိကြသည်။ သေပြီးပြီးခြင်း မီးသင်္ဂြိုလ်သူများသည် အရိုးကို အိမ်ခြံဝင်း (သို့မဟုတ်) နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်ထားသည်။ အရိုးကောက်ပွဲ မပြုလုပ်မီ အချိန်များတွင် အိမ်၊ ခြံဝင်းတွင်းရှိ သစ်ပင်စသည်တို. တွင် အရိုးအိုးကို မြေအိုးထဲထည့်၍ ချိတ်ဆွဲထားသည်။

အရိုးကောက်ပွဲကို ညနေ (၃) နာရီခန့်တွင် စတင်လေ့ရှိသည်။ သေသူနှင့် ရင်းနှီးသော ဆွေမျိုးမိသားစုများက အရက်၊ ထမင်း၊ ဟင်း၊ ရေ၊ ဆေးလိပ်၊ မီးခြစ်၊ အရိုးထည့်ရန် နှီးဖျာ၊ သေသူ၏ အဝတ်အစားတို့ကို ပလိုင်းတွင် ထည့်ပြီး မီးသဂြိုလ်ထားရာ သုဿန်သို့ သွားရောက် အရိုးကောက်ပြီး သေသူအား ဖိတ်ခေါ်ရသည်။

အရိုးကောက်သွားသူများသည် အိမ်မှထွက်သည့်အချိန်မှစ၍ ပြန်လာသည့်အချိန်ထိ ပြင်ပလူများနှင့် စကားမပြောရတော့ချေ။ အရိုးကောက်သွားသူ အချင်းချင်း စကားပြောနိုင်သည်။ ပြင်ပလူနှင့် စကားပြောမိပါက အလှူအိမ်နှင့် ရွာကို လျော်ကြေးပေးရသည့် အနေ ဖြင့် ကြက်အရှင် တစ်ကောင်နှင့် ငွေငါးမတ်ပေးရသည်။ ၄င်းကို ပိုးကရင်တို့က အရှောင်ထိ၍ လျော်ကြေးပေးရသည် ဟုယူဆသည်။ ရှောင်ဓလေ့ကို ကျူးလွန်မိ၍ တောင်းပန်သည့် သဘောပင်ဖြစ်သည်။

သင်္ချိုင်းသို့မဝင်မီ သေဆုံးသူအမည်များခေါ်၍ အိမ်သို့ ပြန်လာရန်၊ အလှူပေးသည့် အတွက် တရားနာရန်ပြောဆိုရသည်။ ထို့နောက် မီးသဂြိုလ်ထားရာနေရာသို့ ရောက်လျင် အရိုးကောက်ရန် သွားသူများသည် ပြာပုံဘေးတွင် ဝိုင်းထိုင်၍ ထမင်း၊ ဟင်းရေ၊ အရက်၊ ကွမ်း၊ ဆေးများကို သေသူအား တိုက်ကျွေးရသည်။ ထမင်းဟင်းနှင့် ရေကို မြေအိုး တစ်လုံးစီထည့်ရသည်။ သေသူနှင့်ရော၍ အရိုးကောက်ပွဲ ပါဝင်ကျင်းပသူများပါ အရက်သောက်ကြသည်။ အရိုးကောက်သူသည် သေသူနှင့်ဆွေမျိုးတော်စပ်သူဖြစ်ရမည်။

အရိုးကို သင်္ချိုင်းမှ ကောက်ပြီး ရွာ၏တောင်ဖက်ရှိ မြေစိုက်စေတီ ဘုရားပုရဝုဏ် အတွင်း၌ တစ်ဦးစီ တန်းစီထားသည်။ အရိုးထုပ်များ အနီးတွင် ထမင်း၊ ဟင်းနှင့် မုန့်နှစ်မျိုး သုံးမျိုးကို ငှက်ပျောရွက်ပိုင်းပေါ်တွင် ပုံထားရသည်။ အရိုးထုပ် တစ်ထုပ်စီကို ထမင်းဟင်းထည့်သော ငှက်ပျော ဖက်တစ်ပုံစီဖြစ်သည်။ လူသေ၏ ဝိဉာဉ်ကို ထမင်းစားရန် ရွတ်ဖတ်ပြောဆိုရသည်။ ထိုသို့ လုပ်ဆောင်ပြီးပါက အရိုးကောက်ပွဲ ပါဝင်သူများ အရက်သောက်ကြသည်။

ဆိုင်းထားသောငွေ(သို့မဟုတ်) ကြေးလက်ကောက်ကို ကြိုးချည်ပြီး ရေထည့်ထားသော ခွက်ထဲ နာရီချိန်သီးကဲ့သို့ဆွဲ၊ ရေခွက်နှုတ်ခမ်းကို လက်ကောက်နှင့်ခေါက်၍ လိပ်ပြာခေါ်ရ သည်။ ထိုသို့ ရေခွက်နှုတ်ခမ်းကို လက်ကောက်နှင့်ခေါက်ခေါ်နေစဉ် ရေနှင့် လက်ကောက် ထိလျင် ကြိုးဖြတ်ရသည်။ လိပ်ပြာခေါ်ရာတွင် သေသွားသူ၏ ချစ်ခင်သူမှသာ ခေါ်ကြသည်။

မြစ်ကူးချောင်းဖျားမှ သေလျင်လည်းကောင်း၊ မိမိရွာ၏အဝေးမှာ သေလျင် လည်းကောင်းဝါးတံတားထည့်ပေးရသည်။ အရိုးမဏ္ဍပ်တွင် ထမင်း၊ ငှက်ပျောသီး၊ ငါးကင်၊ ထန်းလျက်ပေါက်ပေါက်ဆုပ်၊ အညာသားကျောကုန်းဟုခေါ်သော ကောက်ညှင်းမုန့်တို့ကို ကျွေးရသည်။ ဤသို့ကျွေးရာတွင် ညတစ်ခါ၊ မနက်တစ်ခါ ငွေတောင်ပြည် အရိုးပို့သောအခါ တစ်ခါကျွေးရသည်။ အရိုးမဏ္ဍပ်တွင်းသို့ အပြင်လူမဝင်ရဆွေမျိုးများနှင့် အရိုးကောက်ပွဲတွင် ပါဝင်သူများသာ ဝင်ရသည်။ ဝင်မိလျင် သေသူ၏ မိသားစုက အရှောင်ပေးရသည်။ အရှောင်ထိသူ၏ ခြေထောက်ကို ကြက်တောင်ဖြင့် ကြက်သွေးသုတ်ပေးရသည်။ ထိုအရိုးကောက်ပွဲ ပြုလုပ်စဉ်တွင် အထိအခိုက်မရှိစေရ၊ ထိခိုက်မိလျင် ကြက်ဖို၊ ကြက်မ တစ်ကောင်စီနှင့် ငွေငါးမတ်ကို ထိခိုက်မိသူ အား အရှောင်ပေးရသည်။ အရိုးမပို့မီ မိသားစုဝင်များ၊ ဆွေမျိုးများ ကန်တော့ကြသည်။

သေဆုံးသွားသူ၏ အရိုးကောက်ပွဲကို သေဆုံးသူ၏ အိမ်ထောင်ဖက်သည် သစ္စာရှိစွာ အိမ်ထောင်မပြုပဲ နေမှသာ လာခွင့်ရှိသည်။ ထိုသို့မဟုတ်ဘဲ လာမိလျင် မိုးကြီးစွာရွာတတ်သည်။ မိုးကြိုးပစ်တတ်သည်။ ဒုက္ခရောက်တတ်သည်ဟု ယုံကြည်ကြသည်။ အကယ်၍ လာလိုလျင် အုန်းသီးတစ်လုံး၊ ငှက်ပျောဖီး သုံးဖီးနှင့် ကန်တော့ပွဲပေး၊ အမွေးရည်ပက်ပြီး အိမ်ထောင်ဖက်ရော တောင်းပန်ရသည်။ ထိုသို့တောင်းပန်ရာမှာ သေသူ၏ ထိုသူယူသည့် နောက်အိမ်ထောင်ဖက်ပါ တောင်းပန်ရသည်။ သေဆုံးသွားသူ အသက်ရှင်စဉ် ဆိုးသွမ်းလျင် ခြောက်ပေါက်ထည့်သည်ဆိုပြီး ထိုသူ၏ အရိုးကို ခြင်းကြားနှင့်အုပ်ထားလေ့ရှိသည်။

အရိုးကို ငွေတောင်ပြည်ဟုခေါ်သော အရိုးသင်္ချိုင်းသို့မပိုမီ ကျန်ရှိသော မိသားစုများနှင့် ဝိဉာဉ်များရောပြီး အရိုးမဏ္ဍပ်တွင် ထမင်းစားကြသည်။ ဝိဉာဉ်အဖြစ် အရိုးဆရာများက ပြုလုပ်ကြသည်။ ထိုအရိုးဆရာများ၏ ခန္ဓာကိုယ်နှင့် မျက်နှာတွင် အိုးမဲသုတ်ခြင်း၊ နနွင်းရည်သုတ်လိမ်းခြင်း များပြုလုပ်ကြသည်။ ထို့နောက် ငွေတောင်ပြည် ပိုခါနီး ဇာတ်လမ်းသဘောမျိုး ရွာသူရွာသားများနှင့် ထိုဝိဉာဉ်ဟု သရုပ်ဆောင်သော အရိုးဆရာတို့က အပြန်အလှန် ပြောဆိုကြသည်။

ပထမဦးဆုံး သရုပ်ဆောင်မှုမှာ အရိုးကောက်ပွဲတွင် ပါရသော ပစ္စည်းတစ်မျိုးဖြစ် သော ပုလွေခေါ် ဝါးလုံးသေးသေး တစ်ပိုင်းကို ဝိဉာဉ်ဟု သရုပ်ဆောင်သူများက တစ်ခုစီကို ကိုယ်စီ ကိုယ်ငှယူ၍ ပုလွေမှုတ်သည့် သဏ္ဍာန်မှတ်ပြီး အရိုးမဏ္ဍပ်ကို ပတ်ရသည်။ ထိုသို့ပတ်ရာတွင် နာရီလက်တံလက်ဝဲရစ်ပတ်ရသည်။ ပတ်ချိန်မှစ၍ ဗျောဗုံတီး ပေးရ သည်။ ထိုသို ့ မဏ္ဍပ်ကို လမ်းလျောက် ပတ်နေစဉ် တောလမ်းဖြတ်သည့် သဘောဖြစ်သည့် သစ်ပင်တက်၍ လမ်းစရှာရခြင်း၊ မြွေတွေ့၍ ခြောက်လှန့်ရခြင်း၊ လမ်းသည် ခြုံထူထပ် နေသည်ဟု ယူဆပြီး မြွေရှာရခြင်းစသည့် ခရီးလမ်း တလျောက်ပြုလုပ် ရသည့်သဏ္ဍာန် သရုပ်ဆောင်ကြသည်။ သုံးပတ်ခန့် ပတ်ပြီးသော် ပုလွေကို ပလိုင်းထဲ ပြန် ထည့်သည်။

ဒုတိယသရုပ်ဆောင်ပုံမှာ ခီမေ့ရှားမေ့ခေါ် ပစ္စည်းကို ဝိဉာဉ်ဟု သရုပ်ဆောင် သူများက ကိုင်ပြီး မဏ္ဍပ်ကို ပတ်ရသည်။ ထိုသို့ ပတ်နေစဉ် ဗျောတီးပေးရသည်။ ထိုအခါတွင် မဏ္ဍပ်ကို လှည့်ပတ်နေသူများထဲမှ ကျေးရွာဆွေမျိုးများထဲတွင် အများလေးစားပြီး သီလ၊ သမာဓိရှိသူ လူကြီး တစ်ဦးနှင့် ဝိဉာဉ်ဟု သရုပ်ဆောင်ထား သူများက အပြန်အလှန် အမေးအဖြေ ပြုလုပ်လေ့ရှိကြသည်။ လူကြီးကမေးပြီး ဝိဉာဉ်ဟုသရုပ်ဆောင်ထားသူများက ဖြေရသည်။

  • မေး။ ။ ဘယ်သွားမလိုလဲ။
  • ဖြေ။ ။ ငွေတောင်ပြည်ပြန်မလို့။
  • မေး။ ။ ငွေတောင်ပြည်ကအဝေးကြီး၊ ပိုက်ဆံဘယ်လောက်ပါလို့လဲ။
  • ဖြေ။ ။ ငွေတောင်ပြည်မှာ အများကြီးရှိတယ်။
  • မေး။ ။ ရိက္ခာရောပါလား။
  • ဖြေ။ ။ ပုတီးစိပ်မယ်။

စသည်ဖြင့် ပြောဆိုကြသည်။ ထိုသို့ပြောဆိုပြီးသော် ထိုခီမေ့ရှားမေ့ခေါ် ပစ္စည်းကို ပလိုင်း ထဲ ပြန်ထည့်ကြသည်။

တတိယသရုပ်ဆောင်ပုံမှာ လောင်းလှေဟု သတ်မှတ်ထားသော ဝါးတံလေးကို စီးဟန်ပြုကာ မဏ္ဍပ်ကို ပတ်ရသည်။ ပတ်နေစဉ် ဗျောဗုံတီးပေးရသည်။ ဒုတိယအကြိမ် သရုပ်ဆောင်စဉ်က မေးသော လူကြီးကပင် ဝိဉာဉ်များအဖြစ် သရုပ်ဆောင်သူများနှင့် အပြန် အလှန် ပြောဆိုကြပြန်သည်။

  • မေး။ ။ ဘယ်လိုသွားမှာလဲ။
  • ဖြေ။ ။ လောင်းလှေနဲသွားမယ်။
  • မေး။ ။ မိုးသားတွေတက်လာပြီ၊ ဘယ်လိုကူးမှာလဲ။
  • ဖြေ။ ။ ကူးမယ်ကူးမယ်၊ဟုဆိုကာမဏ္ဍပ်ကိုအကအခုန်များနှင့်ပတ်ကြသည်။
  • မေး။ ။ ငွေတောင်ပြည်မှာ မိုးတွေသည်းနေရင်ဘယ်လိုလုပ်မလဲ။
  • ဖြေ။ ။ ငွေတောင်ပြည်က သိပ်သာယာတာဘဲ၊ ပျော်ဖို့လဲသိပ်ကောင်းတယ်။

စသည်ဖြင့် ပြောဆိုသရုပ်ဆောင်ကြသည်။ ထိုသို့သရုပ်ဆောင်နေစဉ် ဘေးမှ ကြည့်နေသူများကလည်း ဝင်ရောက်မေးခွန်းထုတ်နိုင်သည်။ နောက်ပြောင်ခြင်းလည်း ပြုလုပ်နိုင်သည်ရယ်ရွှင်ဖွယ်ရာများလည်း ပြောဆိုကြသည်ပြောဆိုသရုပ်ဆောင်မှုများ အားလုံးကို ပိုးကရင်ဘာသာ ဖြင့်သာ ပြောဆိုကြသည်။

ငွေတောင်ပြည်ပို့ခြင်းသည် သရုပ်ဆောင်မှုကို ပြုလုပ်ပြီးပါက ငွေတောင်ပြည်ခေါ် အရိုးသင်္ချိုင်းသို့ပို့ရန်အတွက် အရိုးကောက်ပွဲတွင် ပါဝင်လိုက်ပါပိုဆောင်သူအားလုံး အရှောင်မထိစေရန် အရှောင်ပေးခြင်းကို ကျင်းပကြသည်။ အရှောင်ပေးပုံမှာ သေဆုံးသွား သူ၏ မိသားစုများက ဆန်ကို ပါးစပ်ဖြင့်ညက်အောင်ဝါး၍ ငှက်ပျောဖက်ထဲ ထည့်ထားသည်။ ကြက်အရှင်တစ်ကောင်စီကို ကိုင်ပြီး အရိုးမဏ္ဍပ်ထဲတွင် မိမိတို့ အရိုးအိုး ရှေ့စောင့်ကြောင့်ထိုင်ရသည်။ ထို့နောက် လိုက်ပါပို့ ဆောင်မည့်သူအားလုံး၏ ခြေသလုံး တွင် ထိုဝါးထားသော ဆန်မှုန့်ကို ကြက်တောင်ဖြင့် သုံးချက်သုတ်ရသည်ထိုသို အရှောင်ပေးမှသာ လိုက်ပါပို့ဆောင်သူများ ရောဂါကင်းခြင်းအန္တရာယ်ကင်းခြင်း ရှိမည်ဟု ယုံကြည်ကြသည်။ အရိုးကိုငွေတောင်ပြည်ပို့ခြင်း ကိစ္စ အဝဝပြီးသွားပါက အရှောင်ပေးခြင်းအဖြစ် အရှောင်ပေးရာတွင်သုံးသောကြက်ကို သင့်တော်ရာတွင် လွှတ်လိုက် ကြသည်။ အရိုးအိုးသယ်ခါနီးတွင် မိသားစုဝင်များ ကန်တော့ကြသည်။

ထိုနောက်သေသူ၏ မိသားစုဝင်များထဲမှ အရိုးပလိုင်းကို တစ်ဦးကထမ်းပြီး ငှက်ပျောပင်၊ ကြံပင် စသည့်အပင်များကို ဆိုင်ရာ အရိုးပလိုင်းနောက်မှ တစ်ဦးက ထမ်းလိုက်ကာ အရိုးသင်္ချိုင်းသို့ တန်းစီသွားကြသည်။ ဤသို့ထမ်းရာတွင် အမျိုးသားများသာ ထမ်းကြသည်။ သတ်မှတ်ထားသော အရိုးသင်္ချိုင်းသို့ရောက်သောအခါ အသက်ကြီးစဉ်ငယ်လိုက်တန်းစီထားကြသည်။ အရိုးများထားရာမှာ ငှက်ပျော၊ ကြံ၊ တံခွန် ကုက္ကားများကို အရိုးထုပ်၏ တစ်ဖက်တစ်ချက်စီမှာ စိုက်ရသည်။ တစ်ဖက်တစ်ချက်ရှိ ငှက်ပျောပင်၊ ကြံပင်ကြားမှာ သေသူအပန်းဖြေရန် ရည်ရွယ်ပြီး ပုခက်ပြုလုပ်ထားသည်။ ဖက်ခင်းပြီး ထမင်းနှင့်မုန် (၃) မျိုးကျွေးရသည်။ သေသူအတွက် မြေဝယ် သည်ဟုဆိုကာ ပိုက်ဆံကို မြေထဲမြှုပ်သည်၊ ဓါးလည်းထားပေးရသည်။ မြေဝယ်ပေးသည် ဆိုခြင်းမှာ သေသူနောက်ဘဝ လယ်ယာစိုက်ပျိုးရန်ဖြစ်ပြီး ဓါးမှာ မြေတူးဆွရန်ဖြစ်သည်။

အရိုးသင်္ချိုင်းတွင် အားလုံးပြင်ဆင်ပြီးပါက အရိုးဆရာက ပိုးကရင်စကားဖြင့် ရွတ်ဖတ်သည်။ အဓိပ္ပါယ်မှာ "နင်တို့ကို ငါတို့ဝေးလှသော ငွေတောင်ပြည်ပြန်ပို့ပေးသည်၊ နင်တို့ ကောင်းကောင်းမွန်မွန်နေရစ်ကြ၊ ပျော်ရွှင်စွာနေရစ်ကြ၊ နင်တို့အတွက် ငါတို အကုန်စီစဉ်ခဲ့သည်" ဟု ပြောဆိုသည်။ ထို့နောက် လိုက်ပါပို့ဆောင်သူများ အားလုံးအိပ် ကြသည်။ ခဏကြာလျင် အိပ်သူများ ထဲမှ ကြက်ဖအတောင်သုံးချက်ခတ်သံ၊ ကြက်ဖတွန်သံသုံးချက် ပြုလုပ်သည်။ ထိုသို့ပြုလုပ်ပြီးပါက မိမိအိမ်သို့ပြန်လို့ရပြီဖြစ်သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ငွေတောင်ပြည်သည် ဝေးလွန်းလှသဖြင့် ညအိပ်နေကာ ပိုပေးရခြင်း ဖြစ်သည်။ အရိုးပိုပြီး ပြန်လာသူများကို လည်းကောင်း၊ ပထမအကြိမ် သင်္ဂြိုလ်ခြင်း ဖြစ်သော အသုဘပိုပြန်လာသူများကိုလည်းကောင်း ချက်ခြင်း အိမ်ထဲသို့ပေးမဝင်ရသေးပေ။ အိမ်တွင် ကျန်ရစ်နေသူက မီးဖိုမှပြာကိုယူ၍ အရိုးပို့သူတို့၏ ခြေဖမိုး ကိုပက်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ သင်္ချိုင်းများမှအပြန် မကောင်းဆိုးဝါးများ လိုက်မလာ စေရန်ဖြစ်သည်။

ရာသီပွဲတော်များ

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့တွင် ရာသီအလိုက်ကျင်းပသော ပွဲတော်များရှိသည်။ ထိုရာသီပွဲတော်များက ၄င်းတို့၏ လူနေမှုဘဝ၊ လူမှုရေးဖွဲ့စည်းပုံစိတ်နေစိတ်ထား၊ ကျင့်သုံးသော ရိုးရာဓလေ့ထုံးစံများကို ဖော်ပြနေပေသည်။ တန်ခူးလတွင် သင်္ကြန်ပွဲတော်နှင့်အတူ စတုဒီသာ ကျွေးမွေးပွဲ၊ ဝါဆိုလတွင် ဝါဆိုပွဲ၊ သီတင်းကျွတ်လတွင် မီးထွန်းပွဲ၊ တန်ဆောင်မုန်းလတွင် ကထိန်ပွဲ၊ ပြာသိုလတွင် ကရင်နှစ်သစ်ကူးပွဲ၊ တပေါင်းလတွင် ဘုရားပူဇော်ပွဲ ဟူ၍ရှိသည်။

တန်ခူးလတွင် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် သင်္ကြန်ပွဲတော်နှင့်အတူ စုပေါင်း အလှူမင်္ဂလာအဖြစ် စတုဒီသာကျွေးခြင်း ပြုလုပ်လေ့ရှိသည်။ ဤသို့ ပြုလုပ်နိုင်ရန် အလှူခံရာတွင် ရွာရှိကာလသားများက ကျွဲအက၊ မျောက်အကများဖြင့် တစ်ရွာဝင်တစ်ရွာထွက် အလှူခံလေ့ရှိသည်။ ထိုသင်္ကြန်မကျမီ (၁၅) ရက်၊ ရက် (၂၀) အလိုမှစ၍ အလှူခံလေ့ရှိသည်။ အလှူခံငွေများနှင့် ရွာသူရွာသားများ၏ ထည့်ဝင်ငွေများ စုပေါင်း၍ သင်္ကြန်ကျသော ရက်များတွင် ရေကစားရင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း စသည့်မုန့်များဖြင့် စတုဒီသာကျွေးရင်း ပျော်ရွှင်လေ့ ရှိကြသည်။ ဥပုသ်သီတင်းဆောက်တည်သော လူကြီးများက မုန့်လုပ်၍ ရသောမုန့်ကို ဦးဦးဖျားဖျား ရွာဘုန်းကြီးကျောင်းသို့ လှူလေ့ရှိသည်။ ဆွမ်းကပ်လေ့ရှိသည်။

ဝါဆိုလတွင် ဝါဆိုပွဲအဖြစ် ဝါဆိုပန်းခူးထွက်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်း စသည်တို. ပြုလုပ်လေ့ရှိသည်။ ဝါဆိုပန်းခူးထွက်ရာတွင် ရွာရှိ အပျိုအရွယ်များက တောပန်းများခူးရန် တပျော် တပါး စုထွက်လေ့ရှိသည်။ ရလာသော ပန်းများကို ရွာရှိ ဘုန်းကြီးကျောင်းများတွင် လှူဒါန်းလေ့ ရှိသည်။

သီတင်းကျွတ်လတွင် မီးထွန်းပွဲကျင်းပလေ့ရှိသည်။ မီးထွန်းပွဲကျင်းပရာတွင် ရှေးယခင်က မြေခွက်ထဲတွင် မီးစာနှင့်ဆီထည့်၍ ဆီမီးခွက်အဖြစ် ထွန်းလေ့ရှိသော်လည်း ယခုအခါ ဤသို ထွန်းသူ အလွန်ရှားသွားပေပြီ။ ရွာရှိကလေးများက ကြာဖက်လေး၊ ဝါးချမ်းလေးထဲတွင် ဖရောင်းတိုင် ထွန်းပြီးလျင် ရွာရှိ ချောင်းငယ်များ၊ ကန်များတွင် ဆီမီးခွက်အဖြစ် မျော၍ ပျော်ရွှင်လေ့ရှိသည်။

တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးထွန်းခြင်း၊ ကထိန်အလှူပွဲ ကျင်းပခြင်းများလည်း ရှိတတ်သည်။ ရွာကထိန်သည် ဘုံကထိန် ကျင်းပပြီး အခြားရွာများကို ဖိတ်ခြင်း၊ အခြားရွာများမှ လည်း ပဒေသာပင်ပို့ခြင်းများရှိသည်။ ပဒေသာပင်ပို့လာသူများသည် အတီးအမှုတ်၊ အကအခုန်များ ဖြင့် ပျော်ရွှင်စွာလာကြသည်။ ရွာအဝင်ဝလောက်မှ သွား၍ ရွာခံလူကြီးများက ပဒေသာပင်ပို့လာသူများအား ကြိုလေ့ရှိသည်။ ကထိန်ပွဲတွင် ကျွဲကခြင်းလည်းရှိသည်။ ဤသို့ ကျွဲကခြင်းမှာ မိမိတို့၏ မျိုးနွယ်ဆက်သည် မွန်ကရင် မျိုးဖြစ်သည်။ အလှူပွဲတွင် မွန်မယ်တော် ကျွဲမကြီးက ပျော်ရွှင်ခြင်းဖြစ်သည်။ ပဒေသာပင်ကို ကထိန်ခင်းသည့် ဘုန်းကြီး ကျောင်းရှိ ပဒေသာပင်ထားရန် သတ်မှတ်ထားသော နေရာမရောက်မီ ဘုရားကို ပတ်ကြသေးသည်။ ပဒေသာပင်များ၊ လှူဖွယ်ဝတ္တုများသည် ဖိတ်ကြားထားသော ဘုန်းကြီးကျောင်းများနှင့် မညီမမျှဖြစ်နေပါက မဲနှိုက်ပြီး ပေါက်သည့်ကျောင်းကို လှူလေ့ရှိသည်။ ကထိန်ခင်း သည့် ကျောင်းသည် ပဒေသာပင်များ လှူဖွယ်ဝတ္တုများ အများဆုံးရတတ်သည်။ ကထိန်ရေစက်ချ တရားနာပြီးပါက ဗျောတီးလေ့ရှိသည်။ ထိုအခါတွင် အလှူအောင်ပွဲအဖြစ် ပျော်ရွှင်စွာကသော လူကြီးများလည်းရှိသည်။ ရွာကထိန်သည် ရွာသူရွာသားတို ့၏ စီးပွားရေးအခြေအနေ လိုက်၍ နှစ်စဉ် ကျင်းပနိုင်ခြင်းမရှိပေ။

ပြာသိုလတွင် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပပါသည်။ ပြာသိုလဆန်း (၁) ရက်နေ့ကို ကရင်လူမျိုးများ၏ နှစ်သစ်ကူး ပွဲတော်နေ့အဖြစ်သတ်မှတ်ပြီး အစိုးရရုံးပိတ်ရက် အများပြည်သူအားလပ်ရက်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ကရင်နှစ်သစ်ကူး ပွဲတော်နေ့အဖြစ် ၁၉၃၈ ခုနှစ်မှ တရားဝင်အသိအမှတ်ပြုခြင်းခံရလေသည်။

ကရင်နှစ်သစ်ကူး ပွဲတော်ကျင်းပနိုင်ရန် ရွေးချယ်ရာတွင် အယူအဆ (၃) မျိုး ကွဲပြားခဲ့လေသည်။

၁။ ဇန်နဝါရီလ (၁) ရက်နေ့ကို ကရင်နှစ်သစ်ကူးနေအဖြစ် ကျင်းပလိုသူများ။

၂။ ဆရာယုဒဿန် မြန်မာပြည်သို့ ရောက်ရှိလာသည့်နေ့ကို ကရင်နှစ်သစ်ကူးနေအဖြစ် သတ်မှတ်ကျင်းပလိုသူများ။

၃။ ပြာသိုလဆန်း (၁) ရက်နေ့ကို ကရင်နှစ်သစ်ကူးနေကျင်းပလိုသူများ စသည်ဖြင့် ကွဲပြား ခြားနားစွာ တွေးတောကြံဆလာကြသည်။

သို့သော် ပထမအချက်ဖြစ်သော ဇန်နဝါရီလ (၁) ရက်နေ့သည် ကမ္ဘာ့နှစ်ဆန်း (၁) ရက်နေ့ဖြစ်နေခြင်းကြောင့်လည်းကောင်း၊ ဒုတိယအချက်မှာ ခရစ်ယာန်ဘာသာဝင်ကရင်များ အတွက် အထူးကောင်းမွန်သော်လည်း ခရစ်ယာန် ဘာသာဝင်မဟုတ်သူ ကရင်အမျိုးသားများ ကောင်းမွန်လိမ့် မည်မဟုတ်သဖြင့် ထိုရက်များကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခြင်းမှ စဉ်းစားခြင်းမပြုတော့ ပေ။ ထို့ပြင် တတိယအချက်ဖြစ်သော ပြာသိုလဆန်း (၁) ရက်နေ့သည် ဘာသာမရွေး ကရင် အမျိုးသားတိုင်း လက်ခံနိုင်သော နေဖြစ်ခြင်း၊ ကရင်လူမျိုးတို့. ရေတွက်သတ်မှတ်သော ပထမလ များနှင့် ကိုက်ညီခြင်း၊ ကရင်အမျိုးသားများ၏ အထွတ်အမြတ်ထားသောလဖြစ်ခြင်း တို့ကြောင့် ပြာသိုလဆန်း (၁) ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ်သတ်မှတ်ကြသည်။

ကရင်နှစ်သစ်ကူးနေ ကျင်းပရာတွင် ယခုအခါ ပျော်ပွဲရွှင်ပွဲများနှင့်တကွ ကရင်ယဉ်ကျေးမှ ဖော်ထုတ်ပြသသည့် သဘောမျိုးသို့လည်း တနှစ်ထက်တနှစ် ရောက်ရှိလာသည်ကိုတွေ့ ရပေသည်။ ကရင်ဒုံးယိမ်းအကများ၊ ကရင်ရိုးရာ ပြဇာတ်များဖြင့် ယဉ်ကျေးမှုဖော်ထုတ်ပြသသည့် အစီအစဉ်များ ကိုလည်း နှစ်သစ်ကူးပွဲတော်နှင့်အတူ တင်ဆက်ပြသသည်ကို တွေ့မြင်ရပေသည်။

အနီ၊ အဖြူ၊ အပြာ သုံးရောင်ချယ်ပေါ်တွင် တက်သစ်စ နေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ အဓိပ္ပါယ်နှင့် အနှစ်သာရမှာ အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့် သူရသတ္တိပြည့်စုံခြင်းကို ဖေါ်ဆောင်သည်။ အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ ဖြောင့်မတ်တည်ကြည်ခြင်းနှင့် သစ္စာရှိခြင်းကို ဖေါ်ဆောင်ထားသည်။ အလံတော်၏ တက်သစ်စနေဝန်းသည် ကရင်အမျိုးသားများ၏ လူမှုရေး ဘဝတိုးတက်သာယာရေးကို ဖေါ်ဆောင်ထားသည်။ အလံတော်၏ ဖားစည်သည် ကရင်အမျိုးသား များ၏ ယဉ်ကျေးမှုဘဝနှင့် သာယာဝပြောခြင်းကို ဖေါ်ဆောင်ထားသည်။

ကရင်အမျိုးသားများသည် ကရင်အမျိုးသား အလံတော်ကို လူထုစည်းဝေးပွဲနှင့် ကရင်နှစ်သစ်ကူးနေ ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့် ယှဉ်တွဲစိုက်ထူကြသည်။ စိုက်ထူပုံမှာ ပြည်ထောင်စုအလံတော်က လကျာ်ဘက်တွင်ဖြစ်ပြီး၊ ကရင်အမျိုးသားအလံက လက်ဝဲဘက်တွင်ဖြစ်သည်။ ကရင်နှစ်သစ်ကူးနေ့တွင်မူ ကရင်အမျိုးသားများနေအိမ်၌ ကရင် အလံတစ်ခုတည်းကို စိုက်ထူလေ့ရှိသည်။

အလံ၏ အရွယ်အစားမှာ အလျား (၆) ပေ (၆) လက္မ၊ အနံ (၃) ပေ(၄) လက္မ ဖြစ်ပြီး အလံတင်အခမ်းအနားကို ကရင်နှစ်သစ်ကူးနေ့တွင် ပြုလုပ်လေ့ရှိပြီး အလံတင်ချိန်မှာ နံနက် အရုဏ်တက်ချိန် နံနက် (၅းဝဝ) နာရီလောက်တွင် အလံတင်လေ့ရှိပြီး အလံတင်နေစဉ်တွင် ကျွဲဂျို မှုတ်ခြင်းနှင့် ဖားစည်တီးခတ်လေ့ရှိသည်။

မိုးမခ (သက္ကယ်) ရွာနေ ပိုးကရင်တို့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူး မင်္ဂလာပွဲကို ကျင်းပရန် ပြာသိုလရောက်ခါနီးတွင် ကြိုတင်ပြင်ဆင်မှုများကို မမောမပန်းနိုင်ပြုလုပ် နေကြသည်။ အထူးသဖြင့် ဒုံးအကကို ရတတ်သမျှ အချိန်လု၍ ဒုံးအဖွဲ့ဖွဲ့ခြင်း၊ သင်ကြားလေ့ကျင့် ခြင်းများကို သူ့ထက်သူတော်အောင်ကောင်းအောင် ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစားကြသည်။ သို့သော် နိုင်ခြင်း၊ ရှုံးခြင်းဆိုသည်မှာ အရည်အချင်းပြသရုံသာ ဖြစ်ပြီး ရှုံးရှုံးနိုင်နိုင် အားလုံးကောက်ညှင်းပေါင်း ဝိုင်းဝန်းစားကြသည်။ ဆုပေးသည့် စနစ်အစား လက်ဆောင်ပေးသည့် ဓလေ့သာ ထိုနှစ်သစ်ကူးပွဲတော်တွင် ပြုလုပ်သည်။

ရိုးရာတူရိယာနှင့်အက

ဖားစည်။ ။ ကရင်လူမျိုးတို့သည် ဖားစည်ခေါ်ကြေးနီနှင့် အခြားသတ္တုများကို ရောစပ်သွန်းလုပ်ထားသော မောင်းများကို အဖိုးတန် ရိုးရာ အမွေ အနှစ် ပစ္စည်းတစ်ခုအဖြစ် အမြတ်တနိုးသိမ်းဆည်းထား တတ်ကြသည်။ ဖားစည်ကို သာရေး၊ နာရေး ကိစ္စများတွင် တီးခတ်ရန် တူရိယာပစ္စည်း တစ်ခုအဖြစ် အမြတ်တနိုးသိမ်းဆည်းတတ်ကြသည်။ ဖားစည်ကို သာရေး၊ နာရေးကိစ္စများတွင် တီးခတ်ရန် တူရိယာပစ္စည်းတစ်ခုအဖြစ် လည်းကောင်း၊ အိမ်တွင်လည်းကောင်း၊ ကျေးရွာတွင် လည်းကောင်း အမြတ်တနိုးထားသော ရှေးအစဉ် အလာ အဖိုးတန် ကျက်သရေဆောင်ပစ္စည်း တစ်ခုအဖြစ်လည်း ကောင်းအမျိုးသာ ပစ္စည်းအထိမ်းအမှတ် ပစ္စည်းတစ်ခုအဖြစ် လည်းကောင်း သုံးစွဲကြသည်။

ဖားစည်ကို ကရင်ဝေါဟာရဖြင့် "ကောဟ်" (ကလူး) ဟုခေါ်သည်။ ဗမာ စသော တိုင်းရင်းသားတို့က ၄င်းစည်၏ မျက်နှာပြင်တွင် ဖားရုပ်တတ်ဆင်ထားသည်ကို အစွဲပြု၍ ဖားစည် ဟုခေါ်ကြခြင်းဖြစ်သည်။ ပိုးကရင်ဘာသာစကားဖြင့် "ဖင်ကောဟ်" (ဖွန်ကလူး) ဟု ခေါ်ဆိုနိုင်သည်။ ဖွန် (ဖင်) ဟူသော ဝေါဟာရ အဓိပ္ပါယ်မှာ စည် ဟုလည်းကောင်း အခေါင်းရှိသော ကျည်တောင့် ဟုလည်းကောင်း အဓိပ္ပါယ်ထွက်ပေသည်။

ထိုင်းနှင့်ရှမ်းနွယ်သော လူမျိုးတစ်မျိုးဖြစ်သည့် ဂျွမ်းလူမျိုးများကို ရှေးအခါက ဖားစည်ကို စတင်ပြုလုပ်ခဲ့ကြသည်ဟု အနောက်တိုင်း မနုဿဗေဒ သုတေသီများက ယူဆခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀) ကျော်ခန့်မှစ၍ ယခုတိုင် ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် လည်းကောင်းရှေးဟောင်းအနုပညာ လက်ရာအနေဖြင့်လည်းကောင်း ဖားစည်သွန်းလုပ်သည့် ဓလေ့ ကို မတိမ်ကော မပပျောက်စေရန် ထိန်းသိမ်းသော ပြည်နယ်မှာ ကယားပြည်နယ်ပင်ဖြစ်သည်။

“ဖားစည်ကို ရှေးခေတ်က ကရင်လူမျိုးများ ကိုယ်တိုင်သွန်းလုပ် နိုင်ခဲ့ကြောင်း၊ အထောက်အထားနှင့်တကွ ပြောဆိုခဲ့ကြသည်။ သို့သော် ယခုအခါတွင် ဖားစည်သွန်းလုပ်သော ပညာမှာ ကရင်လူမျိုးများတွင် ကွယ်ပျောက်သွားပေပြီ၊ ကယားပြည်တွင်လည်း သွန်းလုပ်နိုင်သော ပညာရှင်မှာ နည်းပါးသွားပေပြီ။”[6]

ဖားစည်ကို ပဉ္စလောကခေါ် သတ္တုငါးမျိုးဖြင့် ကြေးနက်ဖြစ်အောင် အချိုးကျရောစပ်၍ ပုံလောင်းသွန်းလုပ်သည်။ ထိုသတ္တုငါးမျိုးမှာ

၁။ ကြေးနီ။

၂။ သွပ်။

၃။ ခဲမဖြူ၊။

၄။ ဘော်။

၅။ ရွှေတို့ဖြစ်သည်။

ထိုသို့ သတ္တုရောစပ်သောသူ၏ ကျွမ်းကျင်မှုနှင့် ပညာဉာဏ်ပေါ် မူတည်၍ ဖားစည်အသံသာခြင်း၊ လက်ရာလှပခြင်းရှိသည်။ ဖားစည်၏ ပုံသဏ္ဍာန်မှာ အပေါ်ကား အောက်ရှူး ဖြစ်၍ မျက်နှာဝ အပိတ် ဖြစ်ပြီး ပြေပြစ်စွာ သွယ်ဆင်းကာ အောက်ဖက်တွင် အပေါက်ရှိသော တစ်ဖက်ပိတ်စည်ဖြစ်သည်။ ဖားစည်၏ မျက်နှာပြင် ဗဟိုတွင် ရောင်ခြည်ဖြာလျက် နေဝန်းထွက် ပေါ်ပုံရှိ၍ ယင်းနေဝန်းကို တစ်လက္မခန့်စီခြားထားသော လှိုင်းများအကြားတွင် ဖားရုပ်၊ ငါးရုပ်၊ ခရုရုပ် စသည်တို့ကို စီရီ ဝိုင်းရံလျက် ထုလုပ်ထားသည်။ စည်မျက်နှာလေးဖက်တွင် ဖားတစ်ကောင်၊ နှစ်ကောင်ထပ်၊ သုံးကောင်ထပ်၊ ငါးကောင်ထပ် စသည်ဖြင့် ရုပ်လုံးဖေါ် တပ်ဆင်ထားသည်။ ဖားစည်သည် အရွယ်အစားအားဖြင့် ဆန်တစ်ပြည်ဝင်မှ နှစ်တင်းဝင်အထိရှိ၍ မျက်နှာဝ (၉)လက္မ မှ (၂၅)လက္မ ထိရှိပြီး အမြင့် (၅)လက္မ မှ (၂၀) လက္မထိရှိသည်။

ဖားစည်သွန်းလုပ်ရာတွင် ပါဝင်သော သတ္တုအမျိုးအစား၊ အသံသာယာစူးရှခြင်း၊ မွမ်းမံ ခြယ်သမှု လက်ရာမြောက်ခြင်းစသည့် အရည်အသွေးပေါ် အကဲဖြတ်၍ ဖားစည်၏ တန်ဖိုးကို သတ်မှတ်လေ့ရှိသည်။ ဖားစည်မျက်နှာပြင်တွင် ဖားရုပ်လုံးများကို လကျာ်လှည့်ပတ်ထားသည်။ အချို့ဖားစည်များတွင် ဖားရုပ်လုံးများ မျက်နှာချင်းဆိုင်ရှိတတ်သည်။

ဖားစည်တွင် ဖားစည်အမ၊ ဖားစည်အဖို ဟူ၍ ရှိသည်။ ဖားစည်အမသည် တွေ့မြင်နေကြ ရိုးရိုးဖားစည်ပင်ဖြစ်သည်။ ဖားစည်အဖိုမှာ ဖားရုပ်ပြည့်စုံသော်လည်း ဖားစည်အမ တစ်ပိုင်းပြတ်ပုံ ဖြစ်သည်။ စစ်ထွက်ရာတွင်သုံးသည်။ ဖားစည်အပူ၊ ဖားစည်အအေးဟူ၍လည်းရှိသေးသည်။ အေးသော ဖားစည်သည် အိမ်သူအိမ်သားများကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိစေသည်။ ကျက်သရေရှိစေသည်။ ပူသော ဖားစည်သည် အိမ်သူအိမ်သားများကို ပူပန်သောကရောက်စေသည်။[7][8][9]

ဖားစည်သွန်းလုပ်သော အမျိုးအစား (ရ) မျိုးရှိသည်။

၁။ ကလူယူမူး(ရှမ်းကရင်အမျိုးသမီးသွန်း)။

၂။ ကလူယူခွါး (ရှမ်းကရင်အမျိုးသားသွန်း)။

၃။ ကလူကဝါ (ဝ ကရင်အမျိုးသမီးသွန်း)။

၄။ ကလူကဝါခွါး (ဝ ကရင်အမျိုးသားသွန်း)။

၅။ ရှိုဝေမူး (ပိုးကရင်အမျိုးသမီးသွန်း)။

၆။ ရှိုဝေခွါး (ပိုးကရင်အမျိုးသားသွန်း)။

၇။ ကလူယူကောင်တယ် (ရှမ်းပြည်နယ်သွန်း)တိုဖြစ်သည်။

အချို့ဖားစည်များတွင် ဆင်နှင့် ခရုရုပ်လုံးများကို ရင်ပတ်ဖက်သို့ အတက်ပုံသဏ္ဍာန် တပ်ဆင်၍ အချို့တွင် အဆင်းပုံသဏ္ဍာန် တပ်ဆင်သော ဖားစည်များလည်းရှိသည်။

ဖားစည်ကို ချိတ်ဆွဲတီးခတ်နိုင်ရန် ရင်ပတ်အနီး ကိုယ်ထည်ပေါ်တွင် ကွင်းနှစ်ကွင်း ပြုလုပ် ထားသည်။ ဖားစည်တီးရန် ချိတ်ဆွဲရာတွင် သတ္တုကြိုးနှင့် ချိတ်ဆွဲလျင် အသံပျက်တတ်သည်။ တီးခတ်သည့်အခါ ကိုယ်ထည်ကို ငြိမ်သက်အောင် ထိန်းနိုင်ရန် ဖားစည်ကိုယ်ထည်တွင် ကွင်းငယ်များ တပ်ဆင်၍ ယင်းကွင်းငယ်ကို ကြိုးတပ် ခြေမနှင့်ညှပ်ကာ ထိန်းထားရသည်။

ဖားစည်တီးခတ်သူသည် လက်ဝဲဖက်လက်တွင် ဝါးကို သပ်ထားသော တုတ်ပါးပါး တစ်ချောင်းနှင့် လက်ယာဖက်လက်တွင် ဘုပါသော လက်ခတ်တစ်ချောင်းဖြင့် တီးခတ်ရသည်။ ဝါးတစ်ချောင်းနှင့် သုံးချက်တီးပြီးနောက် လက်ခတ်ဘုနှင့် တစ်ချက်ထုသည်။ ရံဖန်ရံခါ စည်းချက်ပြောင်း၍ တီးသည်။ ကြာကြာတီးလျင် ဖားစည် ပူနွေးလာပြီး အသံသာယားစူးရှလှသည်။ ဖားစည်ကို ပျော်ပွဲရွှင်ပွဲ ကျင်းပချိန်၊ လက်ထပ်မင်္ဂလာပွဲအိမ်သစ်တက်ပွဲ အချိန်များတွင် နေ့လယ်ပိုင်းအချိန်များ၌ တီးခတ်ကြသည်။ အသုဘများတွင် နေရောညပါ တီးသည်။ ဖားစည်ကို အကြောင်းမဲ့မတီးရပေ။ အကြောင်းမဲ့တီးပါက ရွာအတွင်းနေထိုင်သူများ သေကြေပျက်စီးတတ်သည် ဟု အယူရှိသည်။[10]

ဖားစည်အပြင် အခြားရိုးရာ တူရိယာများမှာ ကျွဲဂျို၊ ဝါးပုလွေ၊ ဝါးပတ္တလား၊ လင်းကွင်း၊ ဝါးလက်ခုပ်၊ စည်း၊ ဂျပ်၊ ဗျော၊ ဗုံပတ်မ၊ နှဲဘင် တို့ဖြစ်သည်။

  • ဒုံးယိမ်း ။ ။ မြန်မာအခေါ် ဒုံးယိမ်းသည် ကရင်ကျေးလက်အကတစ်မျိုးဖြစ်သည်။ အစုအဝေးနှင့် ညီညီညာညာ သီဆိုကပြရသော ယိမ်းဖြစ်သည်။ ကပြရာတွင် ပေါ့ပါးသွက်လက်စွာ ကပြကြရသည်။ ပါဝင်ကပြသူများသည် လုံချည်ထမီ၊ ခေါင်းစည်းတို့ကို ဆင်တူ ဝတ်ဆင်ကြသည်။ ဒုံယိမ်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အရောင်ချင်း အဆင်ချင်း မတူညီကြပေ။

ကရင်ဒုံးယိမ်းအကသည် ရှေးအစဉ်အဆက်က တည်ရှိခဲ့ပြီး ရှေးဘိုးဘွားတို့၏ ယဉ်ကျေးမှ အမွေအနှစ်ကို ဖေါ်ထုတ်ထိန်းသိမ်းခြင်းဖြစ်ရာ ကရင်ရိုးရာ ဒုံးအကဟူ၍ တည်ရှိလာခဲ့ပေသည်။

ကရင်ဒုံးအကသည် မူလရည်ရွယ်ချက်အားဖြင့် ပျော်ရွှင်ခြင်းစည်းလုံးခြင်းဖြစ်သည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်းအချင်းချင်းယိုင်းပင်း ကူညီခြင်းရှိရာ အထူးသဖြင့် လူမှုရေးလုပ်ငန်းများတွင် လူစုလူဝေးဖြင့် လုပ်ကိုင်လေ့ရှိသည်။ ထိုသို့ စုဝေးဆုံစည်းရာမှ ကာလသား/ကာလသမီး တို့အချင်းချင်း စကားထာ လင်္ကာတို့ဖြင့် ပြောဆိုရာမှ သီဆိုမှုကို အစပြုခဲ့လေသည်။ တေးသီချင်းသီဆိုမှုအစတွင် သီဆိုခြင်းသာရှိပြီး ကခုန်ခြင်း မပြုကြသေးချေ။ နောက်ပိုင်းကာလ ရောက်လာသောအခါ ကောက်ဦးစားပွဲ၊ အရိုးကောက်ပွဲ၊ အလှူအတန်းပွဲတော်တို တွင် ဒုံးအကကို စတင်လာလေသည်။ ဒုံးအကနှင့် တွဲဖက်၍ တူရိယာအဖြစ် ဖားစည်၊ အိုးစည်၊ လင်းကွင်းမောင်း၊ နှဲ တို့ကို သုံးသည်။ ကရင်ဒုံးအကသည် ခြေနှင့်လက်ကို အကွက်ညီညီ လှုပ်ရှားသော အကဖြစ်သည်။

ကရင်တို၏ အဆင့်ဆင့်သော ဒုံးအကဖြစ်ပေါ်လာရာတွင်မူလပထမတွင် (ယာင်တုံ) ယိုင်းတုံးခေါ် ခြေဖြင့်သာ လှုပ်ရှား၍ ကခြင်း၊ ဒုတိယတွင် (အာင်တုံ) အိုင်တုံးခေါ် ဒုတ်သိုင်း၊ ဓားသိုင်း ဆန်ဆန် ခြေလက်တို့ ဖြင့် ကခြင်း၊ တတိယတွင် (ထုံလီကုံ) ထုံးလီထုံးခေါ် ခြေချိုး၊ လက်ချိုး ကကြိုးကကွက်တို့ဖြင့် ကခြင်းဟူ၍ အဆင့်ဆင့်တီထွင်က လာခဲ့ကြသည်။ ယခုခေတ်တွင် ခေတ်ရေစီးကြောင်းနှင့် အတူ ဆန်းသစ်သော ကကြိုးကကွက်ဖြင့် တီထွင်သော (ထုံးလီတုံး) အကသာ ရေပန်းစားလျက်ရှိသည်။

ကရင်လူမျိုးတို့၏ ဒုံးအကသည် မည်သည့်အချိန်တွင် တည်ရှိခဲ့ကြောင်းကို အထောက်အထား အတိအကျဖြင့် လေ့လာ၍ မရရှိသော်လည်း ကရင်လူမျိုးတို့က ကရင်ဒုံးအက သည် ဗုဒ္ဓရှင်တော်လက်ထက်ကပင် တည်ရှိခဲ့ကြောင်း ယုံကြည်ကြသည်။ တီထွင်ကပြသော ကကြိုး၊ ကကွက်လိုက်၍ (၁၆) ယောက်၊ (၂၄) ယောက်(၃၂) ယောက်စသည်ဖြင့် စုံကဏန်းထားရှိသည်။ မျက်မှောက်ခေတ် ယဉ်ကျေးမှုဒုံးသည် အမျိုးသမီး၊ အမျိုးသား အချိုးကျ ပါဝင်ကပြခြင်းကို အများဆုံးတွေ့ရသည်။ အထူးအထိန်းအမှတ် ကကွက်ဖေါ်လေ့ရှိသော နေ့များမှာ ကရင်နှစ်သစ်ကူး နေ၊ ပြည်ထောင်စုနေ့တို့ဖြစ်သည်။

စီးပွားရေး

မိသားစုတွင်လည်းကောင်း၊ ဆွေမျိုးစုတွင်လည်းကောင်း၊ ကျေးရွာမြို့နယ်မှ တိုင်းပြည်အထိ စီးပွားရေးသည် လူမှုဆက်ဆံရေးတွင်များစွာ အရေးပါကြောင်း လေ့လာတွေ့ရှိရပါသည်။ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှုအပေါ်မူတည်၍ ပြုမူဆက်ဆံပုံ၊ သွားလာနေထိုင်ပုံတို့သည် တစ်ဒေသနှင့် တစ်ဒေသ မတူညီနိုင်ပေ။ မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့တွင် အများစု လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးခြင်းဖြစ်ပြီး၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ် ခြင်းလုပ်ငန်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း အချို့သူများ လုပ်ကိုင်ကြကြောင်း လေ့လာတွေ့ရှိရသည်။ မိမိတို. လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းအပေါ်မူတည်၍ အတွေးအခေါ် အယူအဆများလည်း မတူညီကြပေ။

လယ်ယာစိုက်ပျိုးရေး

မိုးမခ (သက္ကယ်) ကျေးရွာသည် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တွင် တည်ရှိသည့်အတိုင်း ကျေးရွာလူဦးရေ၏ (၉၅) ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြောင်း လေ့လာတွေ့ရှိရသည်။ ရွာတစ်ခွင်လုံး၏ စုစုပေါင်း စိုက်ဧကမှာ (၆၄ရ) ဧကရှိသည်။ အချို့လယ်သမားများသည် မိုးမခ (သက္ကယ်) ရွာရှိ စိုက်ပျိုးဧကများသာမက အုတ်ကျင်းကျေးရွာနှင့် ကံကွင်းကျေးရွာကဲ့သို့ အိမ်နီးနားခြင်း ကျေးရွာများအထိ လယ်ယာများကို သွားရောက်လုပ်ကိုင်သည်ကို သိခဲ့ရသည်။ မိုးမခ (သက္ကယ်) ကျေးရွာတွင် စိုက်ပျိုးဧက (၂) ဧကမှ (၄၀) ဧက အထိ ပိုင်ဆိုင်ကြသည်။ လယ်ဧက မပိုင်သော လယ်သမားများလည်းရှိသည်။ ထိုကဲ့သို့ ကိုယ်ပိုင်စိုက်ဧက မရှိပါက စိုက်ဧကပါသော လယ်သမားများထံ သူရင်းငှားလိုက်ခြင်းဖြင့်လည်း လယ်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

ဤကဲ့သို့ သူရင်းငှားလိုက်ရာတွင် သူရင်းငှားခ ပေးရသော ထုံးစံနှစ်မျိုးရှိသည်။ ပထမ တစ်မျိုးမှာ နေ့စားဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ ပုတ်ပြတ်စနစ်ဖြစ်သည်။ နေ့စားအဖြစ် သူရင်းငှားလိုက်သူသည် တစ်နေ့ (၅၀) ကျပ်ရပြီး ပုတ်ပြတ်အဖြစ် သူရင်းငှားလိုက်သူသည် စပါး တစ်သီးစားလျင် တစ်ဧကကို စပါးသုံးတင်းနှင့် ငွေသား (၁၅ဝ) ကျပ်ရလေသည်။

လယ်ယာလုပ်ကိုင်ရာတွင် လယ်ထွန်ခြင်းထယ်ထိုးခြင်းကို အမျိုးသားများသာ ပြုလုပ် ကြပြီး ပျိုးကြဲ၊ ပျိုးနှုတ်၊ ကောက်စိုက်အလုပ်ကို အမျိုးသမီးများအလုပ်၊ လယ်ထွန်၊ ထယ်ထိုး၊ စပါးစသည့်အလုပ်ကို အမျိုးသားအလုပ်ဟု လိင်အလိုက်အလုပ်ခွဲဝေလုပ်ကိုင်မှု ရှိသော်လည်း ယခုခေတ်တွင် ပျိုးကြဲ၊ ပျိုးနုတ်ကောက်စိုက်ခြင်းများတွင်လည်း အမျိုးသားများပါ လုပ်ကိုင်ကြ သည်ကို တွေ့ရသည်။

စိုက်ပျိုးသော စပါးများမှာ ရွှေဝါထွန်းခေါ် သက်နုစပါးနှင့် ဘေးကြားခေါ် သက်ကြီးစပါးကို စိုက်ကြသည်။ ရွှေဝါထွန်းစပါးကို နယုန်လတွင် ပျိုးကြဲပြီး ဝါဆိုလတွင် စိုက်ကြသည်။ စပါးစိုက်ရက် တစ်ရာကျော်လာလျင် ရိတ်သိမ်းရသဖြင့် တန်ဆောင်မုန်းလများတွင် ရိတ်သိမ်းကြ သည်။ မြေဩဇာကောင်းစေရန် နွားချေးနှင့် ဓါတ်မြေသြဇာများကို အသုံးပြုကြသည်။ ပျိုးကြဲရက် ကို လည်း "ကောင်းလိုင်း၊ မိုး၊ သက်၊ ပျိုးကြဲရက်" ဟု ရှေးရိုးရာမပျက် မှတ်သားစိုက်ပျိုးလာခဲ့ သည်။ အဓိပ္ပါယ်မှာ တနင်္လာ၊ ဗုဒ္ဓဟူးကြာသပတေး၊ သောကြာနေ့များတွင် ပျိုးကြဲပါက သီးနှံ အောင်မြင်မည်ဟု ယူဆပြီး ပျိုးကြဲကြခြင်းဖြစ်သည်။ ပျိုးကြဲပြီး လယ်စာကျွေးရသည်။ လယ်စာကျွေး ရာတွင် ကြက်အရက်ထမင်းပန်းမုန့်ငါးမျိုးပါရသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေ ရွာသူရွာသားတို့သည် ကဆုန်၊ နယုန်လကတည်းကပင် လယ်ယာလုပ်ငန်းနှင့်ပတ်သက်သော ပြင်ဆင်ဖွယ်ရာများကို ပြင်ဆင်လေ့ရှိပြီး မိုးကို စောင့်ကြို နေတတ်သည်။ တစ်နှစ်တစ်ခါထွက်သော သင်္ကြန်စာအရလည်း လယ်လုပ်ငန်းကို လုပ်ကိုင်ကြ သည်။ လယ်လုပ်ရန် အချိန်ရောက်လာလျင် ဥပုသ်ပြဿဒါးရက်ကိုရှောင်၍ ဦးရှင်ကြီးတင်ခြင်းကိုးမြို့ရှင်တင်ခြင်း ပြုလုပ်ကြသည်။ သီးနှံအထွက်ပေါရန်နှင့် ဆုံးရှုံးလေလွင့်မှု မရှိစေရန် ဆုတောင်းကြသည်။ ဦးရှင်ကြီးတင်သည်ကို ကံဆဖားထူကြီးတင်သည်ဟု ခေါ်သည်။ ဦးရှင်ကြီး တင်ရာတွင် ပါဝင်ရသော ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ ထန်းလျက်၊ လက်ဘက်၊ ငှက်ပျောသီး၊ ရေ၊ ပန်း၊ မီး၊ အမွေးတိုင် (သို့မဟုတ်) အမွေးရည်တို့ဖြစ်သည်။

လယ်လုပ်ရန် အချိန်ကျရောက်လာချိန် နယုန်လများတွင် ဝါးနှင့်ပြုလုပ်ထားသော ဦးရှင်ကြီးစင်ကို နေအိမ်ရှေ့တွင် စိုက်ထူ၍ ပူဇော်ပသလေ့ရှိသည်။ ကောက်ညှင်း၊ အုန်းသီး၊ ထန်းလျက်၊ လက်ဘက်ငှက်ပျောသီးတို့ဖြင့် ပြင်ထားသော ပန်းကန်ကို စင်ပေါ်တွင် နှစ်ပန်းကန်၊ စင်အောက်တွင် ခုံလေးဖြင့် တစ်ပန်းကန်၊ ရေနှစ်ခွက်၊ ဖရောင်းတိုင်၊ ပန်း၊ အမွေးရည် တို့ဖြင့် ပြင်ဆင်ပြီး ဦးရှင်ကြီးနတ်ပင့်၊ သုံးဆောင်ရန်၊ ဆုတောင်းခြင်း၊ ပြန်ကြွရန်တို့ကို အစီအစဉ်အတိုင်း ရွတ်ဆိုရသည်။ ဤသို့ရွတ်ဆိုရာတွင် ပိုးကရင်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့် လည်းကောင်း ရွတ်ဖတ်ကြသည်။

ဦးရှင်ကြီးတင်ပြီး နောက်တနေ့တွင် ကိုးမြို့ရှင်ကို ပူဇော်ပသရသည်။ ကိုးမြို့ရှင်တင်ရာတွင် ကြက်တစ်ကောင်၊ ကောက်ညှင်း၊ အုန်းသီး၊ ထန်းလျက်ငှက်ပျောသီး၊ အရက် ပါရသည်။ ကိုးမြို့ရှင် တင်ရာတွင် ငှက်ပျောရွက်ကို တစ်ဝက်မကျတကျ ခုတ်ပြီး ဆွမ်းတင်ရန် သတ်မှတ်ထားသော နေရာတွင် ဖြန့်ခင်းပြီး ဆွမ်းတင်ရန် ပါရမည့် ပစ္စည်းများထည့်ပြီး ပင့်ဖိတ်ခြင်း၊ သုံးဆောင်ရန် ပြောခြင်း၊ ဆုတောင်းခြင်း၊ နတ်ပို့ခြင်း တို့ကို ရွတ်ဖတ်ရသည်။

ထိုသို့ ပူဇော်ပသပြီးပါက လယ်လုပ်ငန်းကို စိတ်ချလက်ချ လုပ်ကိုင်နိုင်ပေပြီ။ ထိုသို့ကိစ္စ အဝဝပြီးမှသာ လယ်လုပ်ကိုင်လေ့ရှိသည်။ သီးနှံထွက်ရှိလာသော အချိန်များတွင်လည်း ကောက်ပဲသီးနှံဖြင့် ဦးရှင်ကြီးတင်ခြင်း၊ ကိုးမြို့ရှင်တင်ခြင်းရှိသည်။ ထွက်ရှိလာသော ဆန်စပါးများ ကို ကျီသွင်းရာတွင်လည်း “ဂမ္ဘေများတွေ့ လေငြားစပါးမသွင်းရ" ဆိုသည့် ရှေးလူကြီးစကားကို လိုက်နာကြပြီး ကျန်နေ့များတွင် စပါးကျီသို့ သွင်းသည်။ ဂဗ္ဘဆိုသည်မှာ တနင်္လာနေ့နှင့် ကြာသပတေးနေ့တို့ဖြစ်သည်။ အများအားဖြင့် စပါးပျိုးကြဲရက်နှင့် စပါးကျီသွင်းရက်ကို ပြဿဒါး နှင့်လွတ်ပါက သောကြာနေ့တွင် ပြုလုပ်လေ့ရှိသည်။ သို့မှသာ သီးနှံဖြစ်ထွန်းပြီး စီးပွားတိုးတက် မည်ဟု ယူဆကြသည်။

အခြားလုပ်ငန်းများ

မိုးမခ (သက္ကယ်) ကျေးရွာမှ ပိုးကရင်များသည် လယ်ယာလုပ်ငန်းများ ရပ်နားချိန်တွင် လည်းကောင်း အချို့မှာ လယ်လုပ်ရင်းဖြင့် လည်းကောင်းအခြားလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ဤသိုလုပ်ကိုင်ရာတွင် စီးပွားရေးအရ လုပ်ကိုင်သကဲ့သို့ လူမှုရေးအရ လုပ်ကိုင်သော လုပ်ငန်းများ လည်းရှိသည်။ စီးပွားရေးအရ လုပ်ကိုင်သော လုပ်ငန်းများမှာ ဈေးဆိုင်ရောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှီးထိုးခြင်း စသည်တို့ဖြစ်ပြီး လူမှုရေးအရ လုပ်ဆောင်သော လုပ်ငန်းများမှာ အိမ်ဆောက်ခြင်း၊ အိမ်ပြင်ခြင်း၊ လယ်မြေသစ်ရှာခြင်း၊ နွားစားကျက်ပြုပြင်ခြင်း စသည်တို့ဖြစ်သည်။ အိမ်ဆောက်ခြင်း၊ အိမ်ပြင်ခြင်း စသည့် ကိစ္စများတွင် အချင်းချင်း အပြန်အလှန် ယိုင်းပင်းကူညီကာ စုပေါင်းစွမ်းအားဖြင့် ဖြေရှင်းလေ့ရှိကြသည်။ ထိုသို့ ဝိုင်းဝန်းကူညီချိန်တွင် အိမ်ရှင်မှ ထမင်းကျွေး လေ့ရှိပြီး၊ အရက်လည်းတိုက်သည်။ တစ်ဦးက ထိုကဲ့သို့ ကူညီဘူးလျင် ကူညီခံရသူများကလည်း တဖန်ပြန်၍ ကူညီခဲ့ဘူးသူကို ပြန်ကူညီလုပ်ကိုင်လေ့ရှိသည်။

မိုးမခ (သက္ကယ်) ကျေးရွာတွင် မွေးမြူရေးလုပ်ကိုင်သူ အချို့ကို တွေ့ ရသော်လည်း မိမိတို လယ်ယာလုပ်ငန်းအတွက် အထောက်အကူပြုသော နွားများကိုသာ အများအားဖြင့် မွေးမြူကြသည်။ အိမ်တွင်တစ်နိုင်မွေးမြူရေးအဖြစ် ကြက်၊ ဝက်၊ ငါးများလည်း မွေးမြူကြသည်။ မွေးမြူရေးကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုအဖြစ် လုပ်ကိုင်ခြင်း မတွေ့ရပေ။ နွားများကို မွေးမြူရာတွင် ရှေးအယူသည်းမှုများ မွေးအပ်သော နွားကိုးမျိုးရှိသည်ဟု ယူဆထားကြသည်။

၁။ ထိပ်မှာကြာရှိသောနွား။

၂။ လည်ပင်းမှာဗွေရှိသောနွား။

၃။ ခြေလေးဘက်ဖြူသောနွား။

၄။ အမြီးဖျားဖြူသောနွား။

၅။ ခွာရှည်သောနွား။

၆။ နားဘိုသောနွား။

၇။ မျက်စိမျက်နှာတင့်တယ်သောနွားကို ယခုတိုင် တွေ့နေရသေးသည်။

၈။ ကျောကုန်း၌ဗွေရှိသောနွား။

၉။ အမြီးရင်း၌ဗွေရှိသောနွားစသည်တို့ဖြစ်သည်။

ထိုနွားများကို မွေးမြူခြင်းဖြင့် စီးပွား တိုးတက်သည်။ ချမ်းသာသုခနှင့် ပြည့်စုံသည်ဟု ယူဆကြသည်။ မမွေးအပ်သော နွား (၇) မျိုးရှိသည်ဟု သတ်မှတ်ထားသေးသည်။

၁။ အသားပွတင်ပါးနိမ့်သောနွား။

၂။ ပေါင်နှင့်မြင်းခေါင်းစောင်းသောနွား။

၃။ မျက်တွင်းကျမျက်ရည်ယိုသောနွား။

၄။ ခြေခွင်သောနွား။

၅။ သွားကြဲချိုမကောင်းသောနွား။

၆။ ခြေခါပြီးဦးခေါင်းတိုသောနွား။

၇။ အမြီးရှည်လက်ရှည်သောနွားတို့ဖြစ်သည်။

ထိုနွားများကို မွေးမြူခြင်းဖြင့် ခိုက်တတ်သည်သီးနှံဆုံးရှူံးတတ်သည် စသည်ဖြင့် ယုံကြည်ကြသောကြောင့် ထိုနွားများကို မွေးမြူခြင်း၊ လယ်ယာ လုပ်ငန်းခွင်တွင် သုံးခြင်းမှ ရှောင်ကျဉ်ကြသည်။

ငါး၊ ကြက်၊ ဘဲ၊ ဝက် မွေးမြူခြင်းကို မိသားစုတိုင်း လုပ်ကိုင်လေ့မရှိပေ။ အချို့လောက် သာ လုပ်ကိုင်ကြသည်။ ငါးကို ကန်တူး၍ မွေးလေ့ရှိသည်။ အိမ်သုံးရန် တောင်း၊ ပုလိုင်း တို့ကို မိမိကိုယ်တိုင်ယက်လုပ်ကြသည်။ အခြားမှဝယ်သည်လည်းရှိသည်။ အစိုးရလုပ်ငန်း လုပ်ကိုင် သူလည်းရှိသည်။ အစိုးရဝန်ထမ်းမှာ ပညာရေးဝန့်ထမ်းဖြစ်သည်။ ရာသီပေါ်သီးနှံများ ရောင်းချလေ့ ရှိသောသူများလည်းရှိသည်။ ကုန်စုံဆိုင် အကြီးတစ်ဆိုင်နှင့်အိမ်ဆိုင်လေး (၆) ဆိုင်ရှိသည်။ ကုန်စုံ ဆိုင်ကြီး၏ တစ်နေ့ရောင်းရငွေမှာ ပျမ်းမျှ (၂ဝဝဝ) ကျပ် နှင့် (၃၀၀၀) ကျပ်ကြားရှိသည်။ ဆိုင်ငယ်များမှာ တစ်နေ့ (၄၀၀) ကျပ်၊ (၅၀၀) ကျပ်ဖိုးရောင်းရသည်။ အနီးအနားရွာရှိ ဓနိလုပ်ငန်းတွင် လုပ်ကိုင်နေသော နေ့စားများလည်းရှိသည်။ ဓနိတစ်ပျစ်လျင် (၂) ကျပ်နှုန်းဖြင့် အခကြေးငွေရသည်။ တစ်နေ့ ဓနိအပျစ် (၂၀) မှ (၃၀) ကြားပြီးသည်။ ရွာတွင် သယ်ယူ ပို့ဆောင်ရေးအတွက် ဝါးခယ်မမြို့နှင့် မိုးမခရွာအနီး တခွန်တိုင်ရွာကို ပြေးဆွဲနေသော ပဲ့ထောင်လည်း ရှိသည်။ ခရီးသည် တစ်ဦးလျင် (၁ဝ) ကျပ်နှုန်းဖြင့် ဝါးခယ်မနှင့် တခွန်တိုင်ရွာ တစ်လျောက်ရှိသော ရွာများတွင် ရေလမ်းခရီးတွင် ဤရေယာဉ်ကိုသာ အသုံးပြုနေကြသည်။ ရွာတွင် မည်သည့်အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သည်ဖြစ်စေ ရွာ၏ကိစ္စများနှင့် တစ်ဦး၏ လိုအပ်ချက်များကို တစ်ဦးကဖြည့်ဆည်းရာတွင် ဝိုင်းဝန်းကူညီတတ်သည့် ဓလေ့ကြောင့် ရွာ၏ စည်းလုံးမှုပိုမိုခိုင်မာစေပြီး ပျော်ရွှင်အေးချမ်းစွာ တည်ရှိနေနိုင်လေသည်။

ကိုးကွယ်ယုံကြည်မှု

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့၏ ယုံကြည်ကိုးကွယ်မှုကို လေ့လာကြည့်ပါက ဘာသာတရားကိုးကွယ်မှုနှင့် မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုဟူ၍ နှစ်ပိုင်းတွေ့ရ သည်။ ဘာသာတရားတွင် ဗုဒ္ဓဘာသာကို ယုံကြည်သူများဖြစ်ကြသည်။ မြန်မာနိုင်ငံ တောင်ပိုင်းတွင် မွန်လူမျိုးများနှင့် ရောထွေးယှက်တင် နေလာခဲ့သော ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာ အယူဝါဒကို မွန်လူမျိုးတို့ထံမှ ရရှိကြပေမည်။ ထို့ကြောင့် ကရင်လူမျိုးများတွင် ဗုဒ္ဓဘာသာ အယူဝါဒကို လက်ခံကိုးကွယ်သူများသည် အေဒီဆယ်ရာစု ပတ်ဝန်းကျင်ခန့်ကပင် ရှိနေပြီဟု ဆိုနိုင်သည်။[11]

မိုးမခ (သက္ကယ်) ရွာသူရွာသားတို့သည်လည်း ဗုဒ္ဓအဆုံးအမအောက်၌ တည်ရှိနေသူများ ဖြစ်သည့်အားလျော်စွာ ဆင်းရဲခြင်းအမှန်ဖြစ်သော “ ဒုက္ခသစ္စာ ကိုလည်းကောင်း၊ ဒုက္ခသစ္စာကို ဖြစ် စေသော အကြောင်းအရင်းဖြစ်သော နှစ်သက်တွယ်တာခြင်းဆိုသည့် သမုဒယသစ္စာကို လည်းကောင်း၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နှစ်ပါးတို. ချုပ်ငြိမ်းရာ ဖြစ်သော နိရောဓသစ္စာကို လည်းကောင်း၊ လုံးဝ ချုပ်ငြိမ်းစေအပ်သော မဂ္ဂသစ္စာကို လည်းကောင်း လက်ခံယုံကြည်ကြသည်။ ထို ့အပြင် မြတ်ဗုဒ္ဓ ဟောကြားခဲ့သော မဂ္ဂင်ရှစ်ပါး တရားလမ်းစဉ်ကိုလည်း ကျင့်သုံးအပ်သော တရားအဖြစ် အသိအမှတ်ပြုကြသည်။ ထိုမဂ္ဂင်ရှစ်ပါး တရားလမ်းစဉ်ဖြင့်သာ နိဗ္ဗာန်သို့ရောက် နိုင်ကြောင်းကို ယုံကြည်ကြသည်။[12]

နိဗ္ဗာန်မရောက်မီစပ်ကြား(၃၁) ဘုံ၌ ကျင်လည်နေရသူချည်းသာ ဖြစ်သည်ဟု လက်ခံထားကြသည်။ ၄င်းတို့ယုံကြည်သော (၃၁) ဘုံမှာ လူဘုံ (၁) ဘုံ၊ ငရဲ၊ တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ နတ်ပြည်(၆)ထပ်၊ ပဋ္ဌမဈာန် (၃) ဘုံ၊ ဒုတိယဈာန် (၃)ဘုံ၊ တတိယဈာန် (၃) ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ သညသတ်ဘုံ၊ သုဒ္ဓါဝါသဗြဟ္မာ (၅) ဘုံ၊ နေသညာအရူပဗြဟ္မာ (၄) ဘုံ စသည်တို ့ဖြစ်သည်။ ၄င်းတို့သည် ဘုရား၊ တရား၊သံဃာ၊ ရတနာ သုံးပါးကို ရိုသေကြသည့်အားလျော်စွာ သံဃာတော် အရှင်သူမြတ်တို့၏ သြဝါဒကို အလေးထားသောကြောင့် ရွာဦးဘုန်းကြီးကျောင်းမှ သံဃာတော်များ သည် ရွာတွင် သြဇာရှိကြသည်။

ငါးပါးသီလဆောက်တည်ကြကာ အခါအားလျော်စွာ ဥပုသ်နေ့များတွင် ရှစ်ပါးသီလ၊ ကိုးပါးသီလ တည်ဆောက်ခြင်းအလှူဒါနပြုခြင်းဖြင့် ကောင်းမှုကုသိုလ် ပြုကြသည်။ အနန္တော၊ အနန္တငါးပါးကိုလည်း အထူးကြည်ညိုကိုင်းရှိုင်းကြသည်။ ဗုဒ္ဓတရားတော်၊ ရုပ်ပွားတော်၊ စေတီတော် များကို ကိုးကွယ်သည့်အပြင် ဗုဒ္ဓ၏တရားတော်များကို ဟောကြားပြသပေးသော ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်း ဝေယျာဝစ္စအဝဝကို ကျေးရွာသူ/ကျေးရွာသားများက အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ခြင်းဖြင့် ဗုဒ္ဓသာသနာကို ချီးမြှောက်လျက်ရှိသည်။[13]

နတ်ကိုးကွယ်ယုံကြည်မှု

မိုးမခရွာ ပိုးကရင်တို့သည် ရှေးဘိုးဘွားအစဉ်အဆက်မှ ကိုးကွယ်ခဲ့သော ရိုးရာနတ်များနှင့် ၄င်းတို့ကို ပူဇော်ပသသော ဓလေ့ထုံးများရှိသည်။ ပိုးကရင်ဘာသာစကားဖြင့် ရိုးရာပူဇော်ပွဲအဖြစ် နတ်စားခြင်း၊ "အောင်းဃယ်" ဟုခေါ်သည်။ ဤဓလေ့သည် နတ်များကို ပူဇော်ပသခြင်း မဟုတ်ဘဲ “ မိဘ၊ ဘိုးဘွားဝိဉာဉ်များကို ပူဇော်ပသခြင်းဖြစ်သည်။ သေဆုံးပြီးသော မိဘဘိုးဘွားတို့တွင် ဝိနွေးဂါ၊ လားနွေးဂါ" ဟုခေါ်သော ဝိဉာဉ် ခုနှစ်ပါးရှိသည်ဟု ယုံကြည်ကြသည်။ ထိုဝိဉာဉ် ခုနှစ်ပါးတို့သည် အကျွတ်တရားရသော ဝိဉာဉ်ရှိသကဲ့သို့ အကျွတ်တရားမရဘဲနေသော ဝိဉာဉ်လည်း ရှိကြောင်း ယူဆထားကြ၏။ မည်သို့ပင်ဖြစ်စေ ပိုးကရင်တို့သည် တမလွန်ဘဝတွင် ရောက်ရှိနေကြ သော မိဘဘိုးဘွားတို့၏ ဝိဉာဉ်ကို တစ်နှစ်တစ်ကြိမ် စားသောက်ဖွယ်ရာများဖြင့် ပူဇော်ပသပြီး မိမိတို့နှင့် အတူတကွ ပြန်လာ၍ စားသောက်ကြရန် ရိုးရာပူဇော်ပွဲ ပြုလုပ်လေ့ရှိသည်။

မိဘဘိုးဘွားတို့၏ ဝိဉာဉ်ပူဇော်ရာတွင် ဦးစီးဦးဆောင်လုပ်ရသူမှာ အိမ်ရှင်မသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပိုးကရင်တို့တွင် ဆွေမျိုးတော်စပ်ခြင်းသည် မိခင်အနွယ်ဝင်ဘက်ကို ဦးစား ပေးသော ဓလေ့ကြောင့်ဖြစ်သည်။ ထို ့ကြောင့် ပိုးကရင်ကို " မုထိ" ဟုခေါ်ဝေါ်လျက်ရှိသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသော မိဘတို့ကို နှစ်ပေါင်းမည်မျှကြာညောင်းသွားစေကာမူ မမေ့မလျော့ နှစ်စဉ်နှစ်တိုင်း ပူဇော်ကန်တော့ကြသည်။ အိမ်ထောင်ခွဲ၍ မိသားစုကွဲကွာသွားသော သားသမီးတို ကလည်း တစ်နှစ်တစ်ကြိမ် နှစ်စဉ်မိုးဦးကျတွင် မိဘတို့နှင့် စုပေါင်းပြီး ကွယ်လွန်သွားသော ဘိုးဘွားများကို ပါဝင်ပူဇော်ပသစေ၏။ ဤသို့ဖြင့် တစ်နှစ်တစ်ကြိမ် မိမိတို့မိသားစု မျက်နှာစုံညီ ပြန်ဆုံခွင့်ရကြလေသည်။ သားသမီးနှင့်တကွ မြေးမြစ်တို စုရုံးရောက်ရှိလာသော ညနေစောင်းတွင် သေသူမိဘတို့၏ ဘိုးဘွားဝိဉာဉ်ကို ပူဇော်ပသကြသည်။ သေသူမိဘတို့၏ ဝိဉာဉ်ကို ပူဇော်ပသ သော နတ်စားပွဲသုံးမျိုးရှိသည်။ ၄င်းကို ရိုးရိုးနတ်စားသည်၊ နတ်ကြီးစားသည်၊ အိုးခွဲနတ်စားသည် ဟူ၍ဖြစ်သည်။

ရိုးရိုးနတ်စားခြင်းတွင် တစ်ရက်တည်းသာ ပူဇော်ပသရသည်။ ပူဇော်ပသသော ပစ္စည်းများမှာ ထမင်း၊ ကောက်ညှင်း၊ ငှက်ပျောသီး၊ ထန်းလျက်၊ ကွမ်းယာ၊ ကြက်ဖိုတစ်ကောင်၊ ကြက်မတစ် ကောင်၊ အရက် စသည်တို့ပါရသည်။ မိုးဦးကျ ကဆုန်လတွင် စားသောသူလည်းရှိသည်။ နွေဦး ပေါက် ပြာသိုလတွင် စားသောသူလည်းရှိသည်။ မိဘရိုးရာ အလေ့အကျင့်အလိုက် ပူဇော်ပွဲလုပ်ကြသည်။

ရိုးရာပူဇော်ပွဲ ပြုလုပ်ရာတွင် ပထမဦးစွာ အိမ်၏မီးဖိုဆောင်တွင် ဖျာခင်း၍ ဖျာပေါ်တွင် ငှက်ပျောရွက်ထပ်ခင်းကာ ထိုငှက်ပျောရွက်ပေါ်တွင် ငှက်ပျောသီး၊ ကြက်၊ ထမင်း၊ ကောက်ညှင်း၊ ထန်းလျက်၊ ကွမ်းယာ၊ အမွှေးရည်ခွက်၊ အရက်စသည်တို့ကို ထားသည်။ ကြက်မှာ ပြုတ်ပြီးသား အကောင်လိုက်ဖြစ်ပြီး ကြက်သွန်နီ၊ ငြုတ်သီး၊ ဆားရောနယ်ပြီး ပြုတ်ပြီးသား ကြက်ပေါ်တွင်ဖြူး သည်။ ထို့နောက် ပိုးကရင်ဘာသာဖြင့် အချိန်ရောက်လို့ကန်တော့ခြင်းဖြစ်သည်၊ အမှားပါလျင် အပြစ်မယူဘဲ ခွင့်လွှတ်ပါရန်” ပြောဆိုရသည်။ “ ထိုသို့ကန်တော့သည့်အတွက်လည်း သားသမီး၊ မြေးမြစ်တို့ကို စောင့်ရှောက်ပါ၊ စီးပွားရေးလည်း တိုးတက်ပါစေလုပ်ငန်းကိုင်ငန်းလည်း အဆင် ပြေပါစေရန်” ဆုတောင်းရသည်။ ပူဇော်ပသပြီးပါက ရေ၊ အရက်တို့ကို ငှက်ပျောရွက်ပေါ်သို လောင်းချရသည်။ ပူဇော်ပွဲကို နံနက်ပိုင်းတွင် ကျင်းပသည်။ ပူဇော်ပသနေစဉ် စကားမပြောရပါ။ အပြင်လူများလည်း မဝင်ရပါ။ စကားပြောမိမည်၊အပြင်လူများဝင်မိပြီဆိုပါက နတ်စားပွဲ မအောင်မြင် ဟုယူဆသည်။

နတ်ကြီးစားခြင်းတွင် ဝက် အထီး-အမ တစ်စုံ၊ ကြက် အထီး-အမ နှစ်စုံကန်တော့ပွဲ နှစ်ပွဲနှင့် (၄) ရက်ကျင်းပသည်။ (၂) ရက်သာ ကျင်းပသူများလည်းရှိသည်။ မိဘစဉ်ဆက် ကျင်းပ ခဲ့သော ဓလေ့အလိုက် ပူဇော်ပသလေ့ရှိသည်။ ကျင်းပပုံမှာ ပထမနေ့တွင် ကြက်တစ်စုံ၊ ဒုတိယ နေ့တွင် ဝက်အထီးတစ်ကောင်၊ တတိယနေ့တွင် ကြက်တစ်စုံ၊ စတုတ္ထနေ့တွင် ဝက်အမ တစ်ကောင် အစဉ်လိုက် ပူဇော်ပသသည်။


ပြင်ဆင်ပုံမှာ လင်ပန်းကြီးထဲတွင် ကြက်နှစ်ကောင်ထည့်သည်။ ထမင်းနိုဆီဗူး လေးလုံးချက် အိုးနှင့်ချက်ထားသည်။ အမွှေးတိုင်ကို ကြက်ပေါ်တွင်ထိုးပြီး ဝါးဆစ်ပိုင်းထဲတွင် ရေထည့်ထားရ သည်။ ထို့နောက် ထိုဝါးဆစ်ပိုင်းထဲသို့ ဝါးတံလေးထည့်သည်။ အပ်ချည်ကို မိသားစုဝင်များ၏ အရပ်နှင့်တိုင်း၍ရသော အရှည်အတိုင်း မိသားစုဝင်အရေအတွက်အတိုင်း ဝါးတံလေးတွင် ချည်သည်။ ထို့ပြင် မီးသွေးသေးသေးတုံး တစ်တုံးကို အပ်ချည်နှင် ဝါးတံမှာချည်သည်။ ဂွမ်းစအဖြူ ကိုလည်း ထိုဝါးတံတွင်ချည်ရသည်။ ထိုအပ်ချည်ကြိုးကို မိသားစုဝင် လည်ပင်းမှာ ပြန်ချည်ရသည်။ ရည်းစား(သို့မဟုတ်) စေ့စပ်ထားသူရှိပါက ထိုသူကို ကြိုး (၂) ခုချည်ပေးရသည်။

ဝက်စားသောနေ့တွင် ဝက်၏ ဦးခေါင်း၊ နားရွက်၊ ခြေ၊ လက်၊ အမြီး၊ အူနှင့်ကိုယ်လုံး အသားများကို လင်ပန်းထဲတွင် အကောင်ပုံစံအတိုင်းပြင်ဆင်ရသည်။ ကျန်အသားများကို အိုးကြီးနှင့် ချက်၍ အိုးလိုက်ပင် ပူဇော်ပသရန် ပြင်ဆင်ထားရသည်။ ဘုရားမှာ ရွှေစက္ကူ၊ ငွေစက္ကူထည့်ခြင်း၊ ပွဲပေးခြင်း စသည်တို့လုပ်ရသည်။ ပွဲအလေးအပေါ့ကို အဓိဋ္ဌာန်ပြီး မေးချင်သည်တို့ကို မေးခွင့်ရှိသည်။ ပွဲတွင် အုန်းသီးတစ်လုံး၊ ငှက်ပျောသီး သုံးဖီးနှင့် ကွမ်း၊ ဆေး၊ လက်ဘက်၊ အောင်သပြေ တို့ပါရသည်။ တစ်နှစ် တစ်ကြိမ်သုံးနှစ် တစ်ကြိမ် နတ်စားကြသည်။ စီးပွားရေး အဆင်ပြေ လျင် ပြေသလို နတ်စားကြသည်။ နတ်စားနိုင်က စီးပွားတိုးတက်သည်ဟု ယုံကြည်ကြသည်။ နတ်စားရာတွင် ပြင်ဆင်ရသော လင်ပန်းကို ရွှေချပြီး နတ်စားလျင်ပို၍ စီးပွားတိုးသည်ဟု ယုံကြည်ကြသည်။

နတ်စားခြင်းကို အိမ်ရှိလူကုန်၊ မိသားစုကုန် ပါဝင်ရသည်။ နတ်စားပွဲကျင်းပနေစဉ် အပြင်လူမဝင်ရပေ။ တံခါးပိတ်ထားကြသည်။ နတ်စာအတွက် ချက်ထားသော အရာအားလုံး အကျန် မရှိအောင်စားရသည်။ စား၍ မကုန်ပါက အနီးအပါးသို့ ဝေငှလှူဒါန်းနိုင်သည်။ နတ်စာအတွက် ချက်ပြုတ်ရာတွင် ချက်ပြုတ်သည့်အိုးကို အိမ်ကြမ်းနှင့်တစ်ပြေးတည်းထား၍ ချက်ပြုတ်ရသည်။


အုန်းငှက်ပျောပွဲ နှစ်ပွဲအနက် တစ်ပွဲကို ဘုရားစင်တွင် ထားပြီး တစ်ပွဲကို အိမ်ခြံဝင်းရှိ သစ်ငုတ်တို (သို့မဟုတ်) အိမ်ထောင့်ရှိ သစ်ငုတ်တိုပေါ်သို့ ဦးစီးခေါင်းဆောင် လုပ်သူက ပိုရသည်။ အမွှေးတိုင်ဖရောင်းတိုင်တို့ကို နတ်တင်ရန် ပြင်ဆင်ထားသော ဗန်းရှေ့တွင် ထွန်းရ သည်။ ဤသို ့ ကြက်တလှည့်ဝက်တလှည့် တစ်နေ့စီစားခြင်းဖြစ်သည်။ နတ်စားရာတွင် ကြက် တနေ၊ ဝက်တနေဖြင့် (၄) ရက်ဆက်စားသော ဓလေ့ရှိသကဲ့သို့ မနက်ကြက်ညနေဝက်ဖြင့် (၂) ရက်သာ စားသော ဓလေ့လည်းရှိသည်။ ပြင်ဆင်ပုံပသပုံမှာ အတူတူပင်ဖြစ်သည်။

နတ်စားမည့်ဝက်သည် အနက်ရောင်ဖြစ်ရသည်။ နှာကြားမပါရ၊ ဝဝဖြိုးဖြိုး ဖြစ်ရမည်။ ဈေးမဆစ်ရ၊ ပိုက်ဆံကိုပိုပေးရသည်ထိုသို့ပိုပေးမှသာ စီးပွားပို တိုးတက်သည်ဟု ယုံကြည်ကြသည်။ နတ်စားရန်ဟု ပြောဆိုပြီးဝယ်ရသည်။ အချို့ ဝက်ငယ်စဉ်ကပင်ဝယ်၍ မွေးထားသည်လည်း ရှိသည်။ ဤသို့ငယ်စဉ်က ဝယ်မွေးမြူရာတွင် အကြီးမြန်သည်ဟု ယူဆကြသည်။ နတ်စားရာတွင် စားပွဲခုံပေါ် စကောမှောက်ပြီး စကောပေါ်တွင်သာ လင်ပန်းတင်၍ ပြင်ဆင်ရသည်။ ချတ်ပြုတ်ရာ တွင် မိသားစုသာ မီးဖိုကိုကိုင်ရသည်။ ကြက်ကို သဲခြေမထုတ်ရပါ။

အိမ်ထောင်ကွဲများ နတ်စားရာတွင် ကြီးစဉ်ငယ်လိုက်စားရသည်။ အငယ်အရင်စားပါက ထိုနတ်စားပွဲသို့ အကြီးဖြစ်သူမလာရပါ။ သို ့သော် အကြီးဖြစ်သူ နတ်စားပါက ပိုက်ဆံထည့်ဝင်ခြင်းဖြင့် ကျန်မိသားစုဝင်များလည်း နတ်စားရာရောက်သည်ဟု ယူဆသည်။ ထမင်းများအလယ်ရှိ ဝါးဆစ်ဘူးလေးသည် ထောင်နေရမည်၊ ရေမဖိတ်ရ၊ လဲလျင် နတ်စားပွဲ မအောင်ဟုယူဆသည်။ အိမ်ခွဲနတ်စားခြင်းသည် ဤသို့နတ်ကြီးစားပြီးပြီးခြင်း နတ်စားနေသည့် အိမ်မှ စတိသဘော မျိုးပြောဆိုပြီး အိမ်ပေါ်မှ ဆင်းပေးရသည်။ ကျန်လုပ်ဆောင်မှုအားလုံး နတ်ကြီးစားပုံနှင့်တူသည်။ နတ်စားပွဲမကျင်းပမီနှင့် ကျင်းပပြီးချိန်တို့တွင် ကိုးမြို့ရှင်နတ်ကို ပူဇော်ပသသည်။

လိပ်ပြာခေါ်ခြင်း

မိုးမခ (သက္ကယ်)ရွာ ပိုးကရင်တို့သည် လူ၏ခန္ဓာတွင် ဝိဉာဉ်လိပ်ပြာရှိသည်ဟု ယုံကြည်ကြ သည်။ ယင်းဝိဉာဉ် လိပ်ပြာကို ပိုးကရင်အခေါ် " အဝီးအလာ" ဟုခေါ်သည်။ မြန်မာအခေါ်အသက် ဇီဝဟုခေါ်သည်။ ဝိဉာဉ်လိပ်ပြာသည် ခန္ဓာကိုယ်မှ ထွက်ခွာသွားတတ်သည်ဟု ယုံကြည်ကြသည်။ အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှ ထွက်ခွာသွားပါက လိပ်ပြာလွင့်သည်ဟု ခေါ်သည်။ ထိုအခါ ထိုလိပ်ပြာလွင့်နေသူသည် လန်ခြင်း၊ ဖျားနာခြင်း ဖြစ်တတ်သည်ဟု ယုံကြည်သည်။ မိုးမခ (သက္ကယ်) ရွာ ပိုးကရင်တို့သည် ဝိဉာဉ်လိပ်ပြာ အယူအဆကို လက်ခံကျင့်သုံးသည့် အလျောက် လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာခွဲခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိသည်။ လိပ်ပြာခေါ်ရာတွင် ဝါခေါင်လ၊ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာကြီးခေါ်ခြင်း၊ ရိုးရိုးလိပ်ပြာခေါ်ခြင်း၊ ရေထဲကလေးလိမ့်ကျ၍ လိပ်ပြာ ခေါ်ခြင်းမင်္ဂလာဆောင်လိပ်ပြာခေါ်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိသည်။

ဝါခေါင်လ လိပ်ပြာခေါ်ခြင်းသည် နှစ်စဉ်ခေါ်သော လိပ်ပြာခေါ်ခြင်းဖြစ်သည်။ ဝါခေါင်လ တွင် ကျင်းပလေ့ရှိသည်။ လိပ်ပြာခေါ်ရာတွင် ဝက်၊ ကြက်၊ အရက်၊ အပ်ချည်၊ ကြံ၊ ငှက်ပျောသီးကောက်ညှင်း၊ ရေ၊ လိပ်ပြာခေါ်မည့်သူ၏ လက်သည်း၊ ခြေသည်း စသည်တို ့ပါရသည်။ ကြက်ကို ဈေးမှ ပံ့သကူမဝယ်ရပေ။ အရှင်ဝယ်ပြီး မိမိတို့ဘာသာသတ်ကြသည်။ သတ်နေစဉ် သည်းခြေ မပေါက်စေရပေ။ သည်းခြေမပေါက်ပါက စီးပွားတက်သည်ဟု ယူဆကြသည်။ ဤအထက်ပါ ပစ္စည်း များကို ငှက်ပျောဖက်ထဲမှ စတိသဘောမျိုး ခုနှစ်ခုစီ စီထည့်ပြီး ထမင်းအိုးချက်သော ယောင်းမဖြင့် ခေါက်ခေါ်ရသည်။ခေါ်ရာတွင်ပိုးကရင်ဘာသာစကားဖြင့်ခေါ်သည်။ မြန်မာအဓိပ္ပါယ်မှာ ဖလူးလိပ်ပြာ ပြန်လာလော့၊ ပြန်လာလော့အိမ်ကြီးအိမ်ကောင်းသို့ပြန်လာလော့၊ မိဘဘိုးဘွား၊ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်စွာ စုဝေးရန် ပြန်လာလော့၊ ကျောက်ခဲကို ကွဲအောင်ခွဲနိုင်သည်အထိ ကျန်းမာစွာပြန်လာနိုင်ပါစေ။ များစွာသော ဆင်၊ မြင်း၊ ကျွဲ၊ နွားများကို ယူလာနိုင်ပါစေသူများ ပြောစကားမယုံနှင့်၊ သူတပါးဖြားယောင်းတာ မယုံနှင့်၊ ညောင်ချည်ပင်စောင့်နတ်ဆိုးစကားမယုံနှင့်၊ ဖလူးလိပ်ပြာပြန်လာခဲ့ပါ၊ သင်၏ ဦးခေါင်းမှ ဆံပင်များဖြူသည့်တိုင်အောင် ပြန်လာနေပါလော့" ဟူ ၍ဖြစ်သည်။ ဤသို့ခေါ်ပြီးပါက ထိုဖက်နှင့်ထည့်ထားသော ပစ္စည်းများကိုထုတ်ပြီး အိမ်တံစက်မြိတ် တွင်ထိုးထားရသည်။ ဤဝါခေါင်လ လိပ်ပြာခေါ်ပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသည်။


လိပ်ပြာကြီးခေါ်ခြင်းမှာ အနာရောဂါပြင်းထန်စွာ ဖြစ်နေခြင်း၊ ပိန်ပြီးရောဂါသည်ပုံသဏ္ဍာန် လိုဖြစ်နေခြင်း၊ အလိုလို ထိတ်လန့်နေခြင်း တို့ဖြစ်နေသောအခါတွင် ခေါ်သော လိပ်ပြာကို လိပ်ပြာ ကြီးခေါ်ခြင်းဟုခေါ်သည်။ ပါဝင်ရသော ပစ္စည်းများမှာ ဝါခေါင်လ လိပ်ပြာခေါ်နည်းအတိုင်းပင်ဖြစ် သည်။ သို ့သော် လိပ်ပြာခေါ်ရမည့်သူသည် ပါဝင်ရသည့်ပစ္စည်းများထဲမှ ကောက်ညှင်း၊ ငှက်ပျောသီး စသည့် နှစ်သက်ရာ ပစ္စည်းတစ်ခုစီကို လက်တစ်ဖက်စီတွင် ကိုင်ထားရသည်။ ယောင်းမဖြင့် အိမ်ဝတွင် ခေါက်ခေါ်ရသည်။ လက်ကောက်ဝတ်တွင် လိပ်ပြာကြိုးမချည်မီတွင် သုံးခါ ပွတ်ပေးရသည်။ လက်ကို လိပ်ပြာကြိုးချည်ရာတွင် သုံးခေါက်ပတ်၊ သုံးခေါက်ချည် လုပ်ရသည်။ ပိုနေသော လိပ်ပြာကြိုးကို ဖြတ်၍ခေါင်းပေါ်တင်ရသည်။ လိပ်ပြာခေါ်ခံရသူကို လိပ်ပြာ ခေါ်ရာတွင် ပါရသော ပစ္စည်းကို စားနိုင်သမျှအနည်းငယ်စီကျွေးရသည်။ ပိုသော ပစ္စည်းများကို အိမ်ခေါင်းရင်း၊ အိမ်ရှေ့စသည်ဘက်သို့စွန့်ပစ်ရသည်။

ရိုးရိုးလန်.၍ လိပ်ပြာခေါ်ရာတွင် ထမင်း ခုနှစ်ဆုတ်၊ ရေတစ်ခွက် (သို့မဟုတ်) လက်ဘက် ရည် ပန်းကန်သုံးလုံး၊ ဘဲဥတစ်လုံး၊ အပ်ချည် စသည်တို့ကို ပန်းကန်ပြား တစ်ခုထဲတွင် ထည့်၍ ယောင်းမဖြင့်ပင် ခေါ်ရသည်။ ပြောဆိုပုံမှာ ဝါခေါ်လလိပ်ပြာခေါ်သည့် အတိုင်းပင်ဖြစ်သည်။ သို့သော် ထမင်းဘဲဥ စသည် တို့ကို လိပ်ပြာခေါ်ခံရမည့်သူက ကိုင်ထားရသည်။ လိပ်ပြာကြိုးချည် ပုံနှင့် ပစ္စည်းစွန့်ပုံတို့မှာ လိပ်ပြာကြီးခေါ်သည့် အတိုင်းပင်ဖြစ်သည်။ လိပ်ပြာခေါ်ခံရသူသည် ကိုင်ထားသော ထမင်းဆုတ်နှင့်ဘဲဥကို စားရသည်။

ရေထဲလိမ့်ကျ၍ခေါ်သော လိပ်ပြာခေါ်ခြင်းတွင် ရေတစ်ခွက်၊ ထမင်းခုနှစ်ဆုပ်၊ ပုဇွန်အမြီးစုံ ခေါင်းစုံခုနှစ်ကောင်၊ အပ်ချည်စသည့် ပစ္စည်းများပါရသည်။ အိမ်ဝတွင် ယောင်းမဖြင့်ပင် လိပ်ပြာခေါ်ရသည်။ ခေါ်ပုံခေါ်နည်းမှာ ရိုးရိုးလိပ်ပြာခေါ်နည်းနှင့်အတူတူပင် ဖြစ်သည်။ လိပ်ပြာခေါ်သော ကလေးကို လိပ်ပြာခေါ်ရာတွင် ပါဝင်ရသော ပစ္စည်းအနည်းငယ်ကျွေးရသည်အထက်ဖေါ်ပြပါ လိပ်ပြာ ခေါ်နည်းများအပြင် မင်္ဂလာဆောင်ရာတွင် လည်းကောင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် လည်းကောင်း လိပ်ပြာခေါ်ခြင်းလည်း ပြုလုပ်ပေးလေ့ရှိသည်။

    1. အတိတ်နမိတ်ကောက်ယူခြင်းနှင့်ရှောင်ဓလေ့များ
  • မိုးမခ(သက္ကယ်)ကျေးရွာနေ အနောက်ပိုးကရင်တို့တွင် ရိုးရာဆိုင်ရာ၊ ဒေသဆိုင်ရာ၊ ကိုးကွယ်မှုဆိုင်ရာ စသည်တို့နှင့်ပတ်သက်သော အတိတ်နမိတ်နှင့်အယူစွဲလန်းမှုများ ရှိသည်။
  • အင်္ကျီပြောင်းပြန်ဝတ်မိသော် ဧည့်သည်ဖြစ်က ကိုယ့်အိမ်ကို အမြန်ဆုံးပြန်ဖြစ်မည်၊ ခရီးကြံ့ကြာမှုမရှိပေ။
  • ညအခါ လေမချွန်ရ၊ သူယောင်ဖမ်းစားတတ်သည်။
  • ညအခါ လက်သည်း၊ခြေသည်း မဖြတ်ရ၊ သူများပြုစားတတ်သည်၊ လာဒ်တိတ်တတ်သည်။
  • ညအခါ တူတူပုန်းတမ်းကစားလျင် နတ်ဝှက်တတ်သည်။
  • ညအခါ ပိတုန်းဝဲလျင် မကောင်းပါ။
  • သွေးမဆုံးသေးသော အမျိုးသမီးများ ခေါင်းအုံး၊ ဗူးစိုမပိတ်ရပါ။ ပန်းမခူးရပါ၊ ကလေးမွေးဖွားလျင်ခက်တတ်သည်။
  • ကိုယ်ဝန်ရှိစဉ် ကလေးအဝတ်များ ကြိုတင်စုမထားရပါ၊ စုထားလျင် ကလေးမရှင် တတ်ပေ။
  • ကိုယ်ဝန်ဆောင်များ မင်္ဂလာဆောင်မသွားရပါ၊ အသုဘလိုက်မပိုရပါ။
  • ခရီးထွက်ခါနီး လှည်းထောက်ပြုတ်ကျလျင်မကောင်းပါ။
  • သွားခါနီးလာခါနီး လုံချည်၊ အင်္ကျီ တစ်ခုခုနှင့်ငြိလျင် မကောင်းပေ။
  • ခရီးထွက်ခါနီးချိန် ဖိနပ်ကြိုးပြတ်လျင် မကောင်းပါ။
  • အိမ်သူ၊ အိမ်သား တစ်ဦးဦး ခရီးသွားနေခိုက် အိမ်တွင်ကျန်နေသူထဲမှ အကြောင်း
  • မရှိဘဲ ငိုနေလျင်မကောင်းပါ။
  • အိမ်သားတစ်ဦးဦး ခရီးထွက်နေစဉ် ခေါင်းမလျော်ရပါ၊ ကြံ့ကြာတတ်သည်။ သို့သော် ခရီးသွားသူအား ပြောထားလျင် လျှော်၍ရသည်။
  • တစ်ခုခုလုပ်ခါနီး နှာချေလျင်မကောင်းပါ၊ မေ့တတ်သည်။
  • ငှက်ပျောပင်ကို သီတင်းကျွတ် တန်ဆောင်းမုန်းလမှလွဲလျင် မစိုက်ရပါ။ စိုက်လျင် အပင်မရှင်နိုင်ပေ။
  • ပုရွက်ဆိတ်များ အိမ်မှာများများနေလျင် မကောင်းပါ။
  • လက်ပံပွင့်များပွင့်လျင်ကောင်းသည်။
  • ပင့်ကူများထောင်၍ အိမ်ဖွဲ့လျင်လည်းကောင်း၊ မှောက်၍အိမ်ဖွဲ့လျင်လည်းကောင်းမကောင်းပါ။
  • ညောင်ပင်ကို အိမ်၏အရှေ့အရပ်တွင်မစိုက်ကောင်းပါ။
  • ငှက်ပျောခိုင်အိမ်ဘက်တိုးလျင်မကောင်းပေ၊ ခိုက်တတ်သည်။
  • ခြံတိုင်ပြောင်းပြန်ကာမိလျင် ခိုက်တတ်သည်။
  • အိမ်တိုင်ထူရာတွင် အရင်းအဖျားမှားလျင်မကောင်း၊ ခိုက်တတ်သည်။
  • သစ်ဘီလူးမသုံးကောင်း။
  • လှေကားထစ်များ အရေအတွက်သည် ' စုံ' မဖြစ်ရ၊ 'မ' ဘဲဖြစ်ရမည်။
  • လှေကားအတပ်မှားလျင်ခိုက်တတ်သည်။
  • မသာအလောင်းအိမ်စွန်းတိုက်လျင်မကောင်းပေ။
  • မြေခံမကောင်းလျင်ခိုက်တတ်သည်။
  • အိမ်ပေါ်ဠင်းတနားလျင်မကောင်းပါ။
  • အိမ်ပေါ်မြွေတက်လျင်ကောင်းသည်။
  • ဧည့်သည်လာပြီးအိမ်မှာသေဆုံးလျင်ခိုက်တတ်သည်။
  • ထမင်းအိုးအလယ်ပျက်လျင် ဧည့်သည်လာတတ်သည်။
  • ထမင်းဦးပေါင်းကွဲလျင်ဧည့်သည်လာတတ်သည်။
  • ထမင်းစားစဉ်သီချင်းဆိုလျင်အဖိုးကြီးနှင့်ရတတ်သည်။
  • ထမင်းကိုလက်ထောက်မေးတင်မစားရပါ။
  • ထမင်းအိုးဟင်းအိုးထဲမှ ထမင်းဟင်းကိုရိုက်မစားရနှိုက်စားလျင် သူများစွတ်စွဲ ခံရတတ်သည်။
  • ဆန်မရှိဘဲမောင်းဆုံတွင် ကျည်ပွေ့ မစိုက်ကောင်းပါ။
  • ထောင်းစရာမရှိဘဲ ငြုတ်ဆုံတွင်လည်း ကျည်ပွေ့ မစိုက်ကောင်းပါ။
  • လာရောက်စွဲသောပျားကို ဖွတ်မစားရပါ၊ စားလျင်မကောင်းပါ၊ စီးပွားကျခြင်း၊ သေခြင်းဖြစ်တတ်သည်။
  • လမ်းမပေါ်ရှိ ဆူးခက်၊ ဝါးခက် ဖယ်ရှားသွားလျင် အခက်အခဲရှိက လွယ်ကူတတ်သည်။
  • ယောင်းမကို ဇီးသား၊ သခွတ်သားဖြင့်လုပ်လျင် ထမင်းအိုးတိုးပွား၊ စီးပွားတက်တတ်သည်။
  • ကလေးရှိသူ ၊ ဝါးခုတ်သည့်အခါ ဝါးရုံတွင် လုံးဝမပြတ်ဘဲ ကျန်ရစ်လျင် မကောင်းပါ။
  • ဦးထုပ်နှင့်စကောကိုဖာ၍မသုံးကောင်းပါ။
  • နတ်ကွန်းမှပစ္စည်းများကို သုံးမိလျင် ခိုက်တတ်သည်။
  • ရိုးရာနတ်ပသမှုပျက်ကွက်လျင်ခိုက်တတ်သည်။
  • ကိုယ်ဝန်ဆောင်သည် ငလျင်လှုပ်ချိန်တွင် စဉ့်နီတုံးခေါင်းအုံးရသည်၊ သွေးမတက် စေရန်ဖြစ်သည်။ ကိုယ်ဝန်ဆောင်သည် ငလျင်လှုပ်ချိန်တွင် ခလေးပျက်မကျစေရန် မီးဖိုပေါ်တက်နေရသည်။
  • ဘုန်ကြီးသပိတ်ကို မတီးကောင်းပါ၊ ကျောင်းပစ္စည်း၊ သံဃာပစ္စည်း အိမ်မှာမထားကောင်းပါ။
  • စောင်ကို ပြောင်းပြန်ဇောက်ထိုးခြုံလျင် အိပ်မက်မကောင်းမက်တတ်သည်။ ဆွေမျိုးမဟုတ်သူတို့၏ သွေးနှင့် (အနာရာသီလာခြင်းဖြင့်ဖြစ်ပေါ်လာသောသွေးမထိရပေမောင်နှမဆွေမျိုးသားချင်းများ၏သွေးနှင့် ထိခွင့်ရှိသည်။ တစိမ်းသွေး နှင့်သွေးထိပါက မကောင်းမှုများ ပပျောက်စေရန် အရှောင်ပေးမှရသည်။ အရှောင် ပေးရာတွင် တစ်မတ်၊ ငါးမတ် (သို့မဟုတ်) ကြက်အရှင်ကို အမှောင်ထိသော သူကို ထိခံရသူကပေးရသည်။ မိမိနှင့် သွေးချင်းထိသော သူကို မသိလျင် သစ်ငုတ် တိုပေါ်တွင် ကြက်တစ်ကောင်အုပ်ထားပြီး ပိုက်ဆံငါးမတ်(တစ်ကျပ်နှစ်ဆယ့်ငါးပြား) ကို တင်၍ မသိလို့အရှောင်ပေးပါသည်။ အရှောင်ပျောက်ပါစေ ဟုပြောရ သည်။
  • ကလေးသည် လူဝင်စားဖြစ်လျင် ဝင်စားသူကို သိပါက ဘဝဟောင်းက အဝတ် အစား အသုံးအဆောင်ကို ကလေးအားပေးရသည်။ ဝင်စားသည့်ကလေးသည် မည်သည့်လူမှန်းမသိလျင် အရှောင်ပေးရသည်။
  • အခြားသူများ၏ ကလေးကို နို့တိုက်မိပါက အရှောင်ပေးရသည်အရှောင်များ အဖြစ် ကြက်အရှင်နှင့် ငွေငါးမတ်၊ ငွေတစ်မတ် စသည်တို့ကို ပေးရသည်။ အရှောင်အဖြစ်ရသော ငွေနှင့် တစ်အိမ်လုံးဝေမျှစားရသည်။ ကြက်ကိုမူ လွှတ်လိုက်ရသည်။
  • ခရီးသွားခါနီး သော်လည်းကောင်းအသုဘအိမ်တွင် လည်းကောင်း နှာမချေရပါ၊ နှာချေမိလျင် နားရွက်လိမ်ရသည်။
  • ထမင်းစားခါနီး နှာချေသော် အခြားလူက " ဘယ်သွားလဲ" ဟုမေးရသည်နှာချေ သူက " ထမင်းစားနေတယ်" ဟုပြန်ဖြေရသည်။ ဤသို့ အမေးအဖြေ ပြုလုပ်ခြင်း မှာ လိပ်ပြာလွင့်မည်စိုး၍ ဖြစ်သည်။

ဗေဒင်ယုံကြည်မှု

မိုးမခ (သက္ကယ်) ကျေးရွာနေ အနောက်ပိုးကရင်တို့သည် မိရိုးဖလာ ယုံကြည်စွဲလမ်းမှုများ ရှိသကဲ့သို့ ဗေဒင်ယုံကြည်သူများလည်းရှိသည်။ ဘေးအန္တရာယ် တစ်ခုခုနှင့်ကြုံတွေ့ ရင်ဆိုင်ရသည့် အခါဖြစ်စေ၊ လုပ်ငန်းတစ်ခုခုကို စတင်ပြုလုပ်သည့်အခါဖြစ်စေ၊ ချစ်ခင်သော ဆွေမျိုးများ နာမကျန်းဖြစ်သည့်အခါဖြစ်စေ၊ သေဆုံးသည့်အခါဖြစ်စေပစ္စည်းပျောက်နွားပျောက် စသည့်အခါ များတွင်ဖြစ်စေ ဗေဒင်မေးလေ့ရှိသည်။ ကရင်လူမျိုးတို့တွင် ရှေးယခင်က မီးသွေးဗေဒင်၊ ကြက်ရိုးထိုးဗေဒင်၊ ဝါးချောင်းဗေဒင်၊ နတ်ဟော၊ ကြွေပစ်၊ သုံးထပ်ကိန်းတွက်နည်း၊ မဟာဘုတ် တွက်နည်း၊ ပုံသေတွက်နည်း၊ အင်္ဂဝိဇ္ဇာတွက်နည်း စသည်ဖြင့် အမျိုးမျိုးရှိကြသော်လည်း ယခုအခါ မိုးမခ (သက္ကယ်) ကျေးရွာတွင် ထိုကဲ့သို့ ဗေဒင်မေးနည်း၊ ဟောနည်း အမျိုးမျိုးမရှိတော့ဘဲ မဟာဘုတ်တွက်နည်း ဗေဒင်သာ ရှိတော့သည်။

မဟာဘုတ်တွက်နည်းမှာ မေးလာသူ၏ ဖွားသက္ကရာဇ်ကိုတည် (ရ) ဖြင့်စား၊ အကြွင်းကို အောက်ဖေါ်ပြပါ ဇယားကွက်အတိုင်း ဘင်္ဂအကွက်မှ စချရသည်။ လင်္ကာမှာ " အောင်လံထူစစ်သူ ကြီးပွဲ" ဖြစ်သည်။ အကြွင်း(၁) ကို ' အောင်' ဟု ယူရသည်။ အလားတူ (၄)ကြွင်းလျင် လံ' ၊ သုညကြွင်းလျင် ' ထူ'(၃) ကြွင်းလျင် ' စစ်'၊ (၆) ကြွင်းလျင်' သူ၊ (၂) ကြွင်းလျင်' ကြီး'၊ (၅) ကြွင်းလျင် ' ပွဲ' ဟူ၍ဖြစ်သည်။

အဓိပတိ
အထွန်း သိုက် ရာဇ
မရဏ ဘင်္ဂ ပုတိ

ဥပမာ- မေးသူ၏ ဖွားသက္ကရာဇ်ကို တည်၍ (၇)နှင့်စားပါက (၁) ကြွင်းပြီး၊ အင်္ဂါနေ သားသမီး ဖြစ်ပါက သိုက်ဖွားဟု သတ်မှတ်၍ ဖွားဇာတာ အဟောအတိုင်း ဗေဒင်ကြည့်ကြသည်။[14]

  • ပုတိအဟော။ ။ ပုတိအိမ်ဖွားမှာ နှမြောတွန် ့တိုတတ်ခြင်း၊ သဝန်တိုတတ်ခြင်း၊ ဆွေမျိုးညီ အစ်ကို၊ မောင်နှမများကို သံယောဇဉ်နည်းခြင်း၊ ခရီးသွားလာနေထိုင်လိုခြင်း စသည့်ဓလေ့ စရိုက်များရှိသည်။
  • ဘင်္ဂအဟော။ ။ ကျန်းမာရေးချူချာခြင်း၊ ဆင်းရဲတတ်ခြင်း၊ အခြွေအရံနည်းပါးခြင်း စသည်တို့ဖြစ် တတ်သည်ဟုဆိုသည်။
  • မရဏအဟော။ ။ ငယ်စဉ်တွင် အဖျားအနာများမည်၊ ဂုဏ်ငယ်မည်၊ အချုပ်အနှောင်ခံရတတ် သည်၊ မသေခဲ့သော် မင်းစိုးရာဇာဖြစ်တတ်သည်။
  • အထွန်းအဟော။ ။ ဥစ္စာပေါကြွယ်ဝခြင်းဂုဏ်သတင်းကျော်ကြားခြင်း၊ ချမ်းသာခြင်း၊ မာန်မာန ကြီးခြင်းစကားနှင့်တရားတွင် သူမတူအောင် ကျွမ်းကျင်ခြင်း စသည်တိုဖြစ်တတ်သည်။
  • သိုက်အဟော။ ။ စိတ်ဖြူစင်ခြင်း၊ မိတ်ဆွေပေါများခြင်း၊ အလှူအတန်းဝါသနာပါခြင်း၊ ဧကရာဇ်မင်း ရဟန်းဖြစ်တတ်ခြင်း၊ ချမ်းသာစွာနေရခြင်း စသည်တို့ ဖြစ် သည်။
  • ရာဇဖွားအဟော။ ။ နာမည်ဂုဏ်သတင်း ထင်ရှားခြင်း၊ အခြွေအရံပေါများခြင်း၊ အထက်လူများ မြှောက်စားတတ်ခြင်း၊ ဂုဏ်၊ မာန စိတ်မြင့်မားခြင်း စသည်တို့ဖြစ်တတ်သည်။
  • အဓိပတိအဟော။ ။ ဓနပစ္စည်း အလွန်ချမ်းသာခြင်းနှုတ်ဖြင့် အသက်မွေးရတတ်ခြင်း၊ အလုပ် တစ်ခုလုပ်မိလျင် ပြီးဆုံးတိုင်အောင်မြင်အောင်လုပ်တတ်ခြင်း၊ အထွဋ်အထိပ်သို့ရောက်ခြင်း စသည်တို့ဖြစ်သည်။
တနင်္ဂနွေ တနင်္လာ အင်္ဂါ
သောကြာ ဗုဒ္ဓဟူး
ရာဟု ကြာသပတေး စနေ

အထက်ပါဇယားအရ ရရှိသော အကြွင်းအရေအတွက်အတိုင်း မိမိမွေးနံမှ လကျာ်ရစ် ရေတွက်ရသည်။ တနင်္လာဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ အကွက်များသို့ရောက်လျင် ကောင်းသည်။ တနင်္ဂနွေအင်္ဂါ၊ စနေ၊ ရာဟု အကွက်များသို့ ရောက်လျင်မကောင်းပေ။ သစ်ရွက်ဗေဒင်ဟောနည်းလည်း ယုံကြည်ကြသေးသည်။ ကိစ္စတခုခု အရေးတကြီးမေးလိုပါ က သစ်ရွက်ခူးခိုင်းပြီး နမိတ်ယူကြသည်။ ခူးလာသော သစ်ရွက်အရင်းပိုင်းပြတ်လျင် မကောင်း၊ အပေါက်ပါလျင် အခက်အခဲရှိသည်။ အနာအဆာကင်းသော သစ်ရွက်ဖြစ်ပါက ကိစ္စအားလုံး အခက်အခဲမရှိ အောင်မြင်မည်ဟု နိမိတ်ကောက်ကြသည်။[15]

နိဂုံး

မိုးမခ (သက္ကယ်) ကျေးရွာသည် ဝါးခယ်မမြို့နယ် အတွင်းတွင်ရှိသည်။ ဝါးခယ်မမြို့ တွင်လည်း ပိုးကရင်များအပြင် အခြားလူမျိုးများလည်း နေထိုင်သည်။ လမ်းပန်းဆက်သွယ်ရေး အရလည်း ဝါးခယ်မမြို့နယ်အတွင်းရှိ အခြားရွာများနှင့် ဆက်ဆံနေထိုင်ရသည်။ ထိုသို့ ကူးလူး ဆက်ဆံခြင်းကြောင့် မနုဿဗေဒ သီဝရီအရ ယဉ်ကျေးမှုပျံ့နှံ့ခြင်း၊ ရောယှက်ခြင်းများရှိတတ်ရာ ယဉ်ကျေးမှု အသစ်ဖြစ်ထွန်းလာခြင်း၊ ယဉ်ကျေးမှု ပြောင်းလဲခြင်း အချို့ကိုလည်း တွေ့ရှိရပေသည်။ မည်သို့ပင်ဆိုစေ မိုးမခ (သက္ကယ်) ကျေးရွာသူ/ကျေးရွာသား တို့၏ (၈၀) ရာခိုင်နှုန်းမှာ ပိုးကရင် ယဉ်ကျေးမှုကို လိုက်နာကျင့်သုံးပြီး ပိုးကရင်ဘာသာစကားကို ပြောကြားကြသည့်အတွက် ပိုးကရင် ယဉ်ကျေးမှုကို ယခုတိုင် တွေ့မြင်နိုင်စေရန် ထိန်းသိမ်းထားနိုင်သည်ကို လေးစားဖွယ်တွေ့ ရသည်။

ကလေးသူငယ်ဘဝမှစ၍ မိမိတို့ရိုးရာ ယဉ်ကျေးမှုနှင့် လိုက်လျောညီမှုရှိစေရန် လေ့ကျင့် ပညာပေးမှုများလည်း တွေ့ရသည်။ ဥပမာစကားတတ်စမှစ၍ သင်ကြားပေးသော ဘာသာစကားသည် ပိုးကရင်ဘာသာစကားဖြစ်ပြီး မြန်မာသာဘာကိုလည်း လေ့ကျင့်သင်ကြားပေး သည်။ ကစားတတ်ချိန်မှစ၍ မိမိတို ့ဓလေ့ထုံးစံရှိ စုပေါင်းဆောင်ရွက်တတ်သော စိတ်ဓါတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်သော ကစားနည်းမျိုးကို အများအားဖြင့် ကစားစေသည်။ ဥပမာ အုပ်စုဖွဲ့၍ ကစားရသော ရီထိုးခြင်း ဖြစ်သော အသက်အောင့် နပန်းပွဲသည် စုပေါင်း ဆောင်ရွက်တတ်သော စိတ်ဓါတ်ကို ဖြစ်ပေါ်စေပြီး ဇွဲသတ္တိခိုင်မာစေသည်။ ကျောင်းနေချိန်တွင် လည်း ခေတ်နှင့်လိုက်လျောညီစေရန် ကျောင်းပညာကို သင်ကြားစေပြီး၊ မိန်းကလေးဖြစ်လျင် မိခင်နှင့် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးခြင်း၊ ယောကျာ်းလေးဖြစ်လျင် ဖခင်၏အလုပ်ကို ဝိုင်းကူလုပ်စေ ခြင်းဖြင့် တဖြေးဖြေး ပညာပေးသွားလေသည်။ ပိုးကရင်ဖြစ်ပါက ပိုးကရင်ဘာသာစကားနှင့် ဓလေ့ထုံးစံကို မသိလျင်သော်လည်းကောင်း၊ မတတ်လျင်လည်းကောင်း၊ ရှက်စရာအဖြစ်တစ်ခုဟု မှတ်ယူကြသည့်အတွက် ကလေးငယ်များမှစ၍ ပိုးကရင်ဘာသာစကားကို အလေးထား သင်ယူကြရ သည်။ ထိုသို့ ဘာသာစကားကို အလေးထားမြတ်နိုးမှုသည် လူမျိုးတစ်မျိုး အဓွန့်ရှည် ထွန်းကား တည်တံ့နိုင်ရေးအတွက် အဓိကအချက်တစ်ချက်ဖြစ်သည်။ ထို့အပြင် လူ့အဖွဲ့အစည်းအား အသိတရားရစေသည့် စကားပုံများ ပုံပြင်များကလည်း ပိုးကရင်ယဉ်ကျေးမှု အဆင့်အတန်းမြင့် ကြောင်းသိသာစေသည်။ ပိုးကရင် လူ့အဖွဲ့အစည်းတွင် မိမိတို့အမျိုးဘာသာ၊ စာပေ၊ စကားကို ချစ်မြတ်နိုးစေရန် မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်း သွန်သင်ပေးခြင်းကြောင့် မိုးမခ (သက္ကယ်) ကျေးရွာရှိ ပိုးကရင်များသည် မိမိတို့၏ ယဉ်ကျေးမှုကို အတော်များများ ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရသည်။

အပျို၊ လူပျိုဘဝတွင်လည်း ရှေးယခင်က အော်ပွဲခေါ် ကာယဗလပွဲ၊ ဉာဏဗလပြိုင်ပွဲ ရှိခဲ့သည်။ ယခုခေတ်တွင် ထိုကဲ့သို့ အပျို၊ လူပျို၊ တွေ့ဆုံပွဲ သီးသန့်မရှိတော့သော်လည်း၊ ရပ်ရွာ၏ သာရေး၊ နာရေး၊ ကိစ္စများတွင် ဝိုင်းဝန်းဆောင်ရွက်ကြကြောင်းကို တွေ့နိုင်သည်။ အပျို၊ လူပျို တို့သည် ရပ်ရွာဓလေ့ထုံးစံအရ ပွင့်ပွင့်လင်းလင်း ရှိကြသော်လည်း လက်မထပ်မီပေါင်းသင်း ခြင်းဆက်ဆံခြင်းကို လက်မခံ။ တစ်ဦးနှင့်တစ်ဦး သစ္စာရှိကြပြီး၊ ချစ်ကြိုက်နေချိန်၊ စေ့စပ်ထား ချိန်ကပင် မိသားစုဝင်အဖြစ် အသိအမှတ်ပြုကာ ရိုးရာနတ်စားရာတွင် မိသားစုအရေအတွက်တွင် ထည့်သွင်းထားသည်။ အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင်လည်း ရိုးသားမှု၊ ယိုင်းပင်းကူညီတတ်မှု၊ အလုပ်ကြိုးစားမှု တို့တွင်သာ အဓိကထားရွေးချယ်ကြကြောင်း တွေ့ရသည်။

လက်ထပ်ထိမ်းမြားရာတွင်လည်း ပိုးကရင်ဓလေ့ထုံးစံကို ဦးစွာကျင်းပပြီးမှ ခေတ်ယဉ်ကျေး မှုဖြစ်သော ဧည့်ခံကျွေးမွေးခြင်းကို ပြုလုပ်သည်။ ပိုးကရင်တို့၏ ဓလေ့ထုံးစံအလိုက် သတို့သမီးက သတို့သားကို ရေလောင်းပြီး သတို့သား၏ စိုစွတ်သွားသော ရေစိုလုံချည်၊ အင်္ကျီတို့ကို သတို့သမီး၏ အိမ်ရှေ့တွင်လှမ်းရသည်။ သို့မှသာ ပုဆိုးတမ်းတင် အကြင်လင်မယားဟု သတ်မှတ်သာ ဓလေ့ သည်လည်း စာဆိုနှင့် ဓလေ့ထုံးစံ ကိုက်ညီလှပေသည်။ လက်ထပ်ပွဲ အခမ်းအနားတွင် သာမာန် လူမှုရေး ဓလေ့ထုံးစံများအပြင် ယုံကြည်ကိုးကွယ်မှုနှင့်ဆိုင်သော ဓလေ့ထုံးစံလည်းပါဝင် ကြောင်း လေ့လာရသည်။ လက်ထပ်ပွဲ အခမ်းအနားတွင် ပါဝင်ရသော လိပ်ပြာခေါ်ခြင်းသည် ယုံကြည် ကိုးကွယ်မှုဆိုင်ရာ အခမ်းအနားဖြစ်သည်။ သတို့သားနှင့် သတို့သမီးကို လူမှုရေးအရ ပေါင်းဖက်ရုံ သာမက လိပ်ပြာချင်းပါပေါင်းဖက်ရန် ပြုလုပ်သော ဓလေ့ဖြစ်သည်။ ထို့ကြောင့် အနောက်ပိုးကရင် တို့၏ ဓလေ့ထုံးစံသည် မိသားစုတစ်ခုနှင့်တစ်ခု ပေါင်းဖက်ရာတွင် ကိုယ်ရောစိတ်ပါ ပေါင်းဖက်စေခြင်းကြောင့် အခက်အခဲ၊ အန္တရာယ်များကို ပိုမိုကျော်လွှားနိုင်ပေမည်။ ထို့ကြောင့် မိသားစု ဖွဲ့စည်းမှုသည် ခိုင်မာမှုရှိပေသည်။

မိုးမခ (သက္ကယ်) ကျေးရွာနေသူတို့၏ မိသားစုဖွဲ့စည်းနေထိုင်ပုံမှာလည်း အခြေခံမိသားစု ကို အများဆုံးတွေ့ရသည်မိသားစုတွင် ဖခင်မှာ အိမ်ထောင်ဦးစီးဖြစ်သည်။ မိခင်၊ ဘခင်တို့ကို ရိုသေလေးစားကြပြီး မိဘတို့၏ ဆုံးမသွန်သင်မှုအောက်တွင် မိမိတို့ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေစွာ နေနိုင်လာခဲ့ကြသည်။ အခြေခံမိသားစုတွင် ဖခင်သည် အိမ်ထောင် ဦးစီးဖြစ် သော်လည်း ဆွေမျိုးတော်စပ်မှုတွင် မိခင်ဘက်ရော ဖခင်ဘက်ပါ ဆွေမျိုးဟုသတ်မှတ်သော်လည်း မိခင်ဘက်မှ ဆွေမျိုးကို ပိုရင်းနှီးကြကြောင်း တွေ့ရသည်။ ထို့ကြောင့် မိခင်ဘက် ဆွေမျိုးတော်စပ် မှုကို ဦးစားပေးသည်ဟု ယူဆနိုင်သည်။ တိုးချဲ့မိသားစု ဖြစ်ပါကလည်း အဖိုးအဖွား (သို့မဟုတ်) အဒေါ်၊ ဦးလေးများကို မိဘတို့နှင့် တတန်းတည်းထားကာ ရိုသေကြသည်။ ထို့အပြင် မွေးစား သားသမီးများရှိပါကလည်း သားသမီးအရင်းများနှင့် တန်းတူအခွင့်အရေးပေးသဖြင့် အချင်းချင်း စည်းလုံးမှုရှိကြလေသည်။ ဆွေမျိုးစု၊ မိသားစုအတွင်း အခက်အခဲ၊ ပြဿနာများကိုလည်း တတ်နိုင်သည့်ဘက်မှ ကူညီလေ့ရှိကြသည်။ ငွေကြေးချမ်းသာသူများက ငွေကြေးအခက်အခဲရှိသော ဆွေမျိုးကို ပေးကမ်းခြင်းဖြင့်လည်းကောင်း၊ ငွေကြေးမချမ်းသာသောသူများကလည်း စိတ်ဓါတ်စွမ်းအား တိုးတက်လာစေရန် အားပေးခြင်းဖြင့်လည်းကောင်း၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်လာပါကလည်း ဝိုင်းဝန်းဖြေရှင်းကြခြင်းဖြင့် ရင်းနှီးချစ်ခင်စွာ နေထိုင်ကြသည်။

သေဆုံးခြင်း အခမ်းအနားကိုလည်း မိုးမခ (သက္ကယ်) ကျေးရွာတွင် နှစ်ကြိမ်ကျင်းပလေ့ရှိ ကြောင်းမှာလည်း ထူးခြားချက်တစ်ရပ်ဖြစ်သည်။ သေဆုံးခြင်းနှင့် သက်ဆိုင်သော ပထမအကြိမ် အခမ်းအနားမှာ အသုဘချခြင်းဖြစ်သည်။ ထိုပထမအကြိမ် သေဆုံးခြင်းအခမ်းအနားတွင်ပင် အသက်အရွက်လိုက်သော်လည်းကောင်းသေဆုံးပုံသေဆုံးနည်းပေါ် မူတည်၍သော်လည်းကောင်း မြေမြှုပ်သင်္ဂြိုလ်ခြင်း၊ မီးသဂြိုလ်ခြင်း၊ အေးမသာထားခြင်း စသည်ဖြင့် အမျိုးမျိုးရှိသည်ကို လေ့လာ ရသည်။ သေဆုံးခြင်းနှင့်သက်ဆိုင်သော ဒုတိယအကြိမ် အခမ်းအနားမှာ အရိုးကောက်ပွဲဖြစ်သည်။ ထိုအရိုးကောက်ပွဲတွင်ပင် အရိုးကောက်ခြင်း၊ သရုပ်ဆောင်ခြင်းငွေတောင်ပြည် အရိုးပိုခြင်း စသည့် အခမ်းအနားများကို အစီအစဉ်လိုက်ကျင်းပသည်။ မိုးမခ (သက္ကယ်) ကျေးရွာသူ/ ကျေးရွာသားတို့သည် အရိုးကောက်ရခြင်း၏ ယုံကြည်ချက်အရ ငွေတောင်ပြည် ကိန္နရီနှင့် သုဓနုမင်းသားတို့၏ အဆက်အနွယ်များဟု မိမိကိုယ်မိမိ ယုံကြည်နေကြောင်း လေ့လာခဲ့ရသည်။ ထို့အပြင် အရိုးကောက် ပွဲသည် သေဆုံးခြင်းအခမ်းအနား ဖြစ်သော်လည်း ရဟန်းခံ အလှူမင်္ဂလာပွဲနှင့် ပူးတွဲကျင်းပနိုင်ပြီး မင်္ဂလာပွဲဟုလည်း သတ်မှတ်ထားကြသည်။ ထို့ပြင် မိုးမခ (သက္ကယ်) ရွာ၏ အရိုးကောက်ပွဲကို သုံးနှစ်တစ်ကြိမ်သာ ကျင်းပပြီး တစ်ခါကျင်းပလျင် တစ်ရွာလုံးသာမက ရွာမှထွက်ခွာသွားကြသော အခြားမိုးမခရွာသူ/ရွာသားများပါ အရိုးကောက်ခွင့်ရှိခြင်းမှာလည်း ထူးခြားမှုတစ်ရပ်ပင်ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မိုးမခ (သက္ကယ်) ရွာသည် မိမိတစ်ရွာတည်းသာမက ရပ်နီးရပ်ဝေး၊ ရေကြည်ရာ၊ မြက်နုရာသို့ ပြောင်းရွှေ့သွားသူများနှင့်ပါ ရင်းနှီးချစ်ကြည်ကြပြီး သွေးစည်းညီညွတ်မှု ရှိကြသည်။

ရာသီအလိုက်ကျင်းပသော ပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူးပွဲ၊ ရှင်ပြုပွဲ၊ ကထိန်ပွဲ၊ သင်္ကြန်ပွဲများတွင်လည်း ရွာ၏စည်းလုံးညီညွတ်မှုကို ပြသလေသည်။ ကရင်နှစ်သစ်ကူးပွဲတွင် အလံတင် အခမ်းအနားကို အလေးထားပြုလုပ်သည်ကို တွေ့ရသည်။ ကရင်အမျိုးသားအလံနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံအလံကို ယှဉ်တွဲစိုက်ထူခြင်းသည် မိမိလူမျိုးတစ်ခုတည်းသာ ချစ်ခင်သည် ဟူသော ကျဉ်းမြောင်းသော လူမျိုးရေး စိတ်ဓါတ်မရှိဘဲ မိမိနိုင်ငံတော်နှင့်တကွ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားအားလုံးနှင့် သွေးစည်းညီညွတ်လိုသည်ဟု ပြသလိုက်ခြင်းပင်ဖြစ်သည်။ သင်္ကြန်ပွဲတော် များတွင်လည်း သင်္ကြန်မတိုင်မီ အချိန်မှစ၍ သင်္ကြန်တွင် စတုဒီသာ တိုက်ကျွေးရန်၊ စုပေါင်းအလှူ လှူရန်၊ တစ်ရွာဝင်တစ်ရွာထွက် အလှူခံခြင်းသည်လည်း ဗုဒ္ဓဘာသာ အယူဝါဒအရ ဒီဘဝတွင်သာ မက နောင်ဘဝတွင်ပါ ဆုံဆည်းရန် ရည်ရွယ်သည်။ ထိုသို့ အလှူခံရာတွင်လည်း ရွာရှိ ကာလသား များက ကျွဲအက၊ မျောက်အကများကို ကပြလျက် အလှူခံခြင်းသည် ထူးခြားမှုတစ်ခုပင်ဖြစ်သည်။ ကထိန်ပွဲ၊ ရှင်ပြုပွဲများတွင် တစ်ရွာလုံး စိတ်ရောကိုယ်ပါ ဝိုင်းဝန်းလုပ်ဆောင်ခြင်းသည်လည်း ရပ်ရွာစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေသည်။ အလှူလှူရာတွင်လည်း ငွေကြေးချမ်းသာသူများကို ပိုမိုထည့်ဝင်စေပြီး အလှူဖြစ်မြောက်ရေးကို အဓိကထားသည်။ ထိုသို့ အလှူငွေများများ ထည့်ဝင်နိုင် သူကလည်း မိမိမှာ ပိုထည့်ရသူ အလုပ်လုပ်ရာတွင် ပါဝင်ရန်မလိုဟု မယူဆဘဲ တတ်နိုင်သလောက် လုပ်အားဒါနလည်း လှူဒါန်းသည်ကို တွေ့ရသည်။

စီးပွားရေးတွင်လည်း စနစ်တကျ ဖွဲ့စည်းထားခြင်းမရှိဘဲ စည်းလုံးညီညွတ်နေသူများမှာ တောင်သူလယ်သမားဦးကြီးများပင်ဖြစ်သည်။ တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးကူညီလေ့ရှိသည်။ ဥပမာ- ဓါတ်မြေသြဇာအိတ် ဝယ်မရဖြစ်နေချိန်တွင် မိမိတွင် ဓါတ်မြေသြဇာအိတ်ရှိပြီး အသုံးမလို သေးပါက လိုအပ်သူကို အရင်သုံးစေသည်။ စပါးသီးနှံများရ၍ ရောင်းရာတွင်လည်း အဆင်ပြေနီးစပ်ရာ စု၍ ရောင်းတတ်သည်ကို တွေ့ရသည်။ မွေးမြူရေးတွင်လည်း လယ်ယာလုပ်ငန်းနှင့် သက်ဆိုင် သော ကျွဲနွားများအပြင် ကြက်ဘဲ၊ ဝက်၊ ငါး စသည်တို ့ကို တစ်နိုင်မွေးမြူကြသည်။ စီးပွားဖြစ် မွေးမြူခြင်းကိုကား မတွေ့ရပေ။ မွေးမြူရာတွင်လည်း မွေးသင့်သောနွား၊ မမွေးသင့်သောနွားဟူ၍ အယူအဆရှိကြောင်း သိရသည်။ စိုက်ပျိုးရေးတွင်လည်း စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ယုံကြည်မှု ဆိုင်ရာ အခမ်းအနားများကိုလည်း လေးလေးစားစား လုပ်ကြသည်။

မိုးမခ(သက္ကယ်) ကျေးရွာနေ ရွာသူ/ရွာသားတို့သည် ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အခမ်းအနားများတွင် လည်းကောင်းအိမ်ဘုန်းကြီးကျောင်း စသည့် အဆောက်အဦများ ပြင်ဆင် ခြင်းဆောက်လုပ်ခြင်းများတွင်လည်းကောင်း၊ ဝိုင်းဝန်းကူညီကြသည်။ အကူအညီယူသူများကလည်း အကူအညီပေးသူများ လိုသည့်အခါ ကူညီရန် အမြဲအသင့်ရှိကြသည်။ ရပ်ရွာကိစ္စ၊ လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စ ဆောင်ရွက်မှုများတွင် အများဆုံးကူညီသူသည် ရပ်ရွာ၏ ချစ်ခင်ခြင်း၊ လေးစားခြင်းကို အခံရဆုံးပင်ဖြစ်သည်။

မိရိုးဖလာ ယုံကြည်ခဲ့ကြသော ဝိဉာဉ်ရှိကြောင်း အယူအဆလည်းလက်ခံကြသည်။ ထိုဝိဉာဉ် လိပ်ပြာနှင့်ဆိုင်သော အယူအဆ၊ အခမ်းအနားများကို ကိုယ်ဝန်ဆောင်ရာတွင်လည်းကောင်း၊ ကလေး မီးဖွားရာတွင်လည်းကောင်း၊မင်္ဂလာဆောင်ရာတွင်လည်းကောင်း၊နာမကျန်းဖြစ်ခြင်းတွင် လည်းကောင်း၊ သေဆုံးခြင်းတွင် လည်းကောင်း တွေ့ရသည်။ လိပ်ပြာခေါ်ခြင်းကို အထက်ဖော်ပြပါ ကိစ္စရပ်များ အပြင် သာမန်နှစ်စဉ် ပြုလုပ်ရခြင်းလည်းရှိသည်။ ထိုသို့လိပ်ပြာဆိုင်ရာ အခမ်းအနားများတွင်လည်း တစ်ဦးချင်းကျင်းပနိုင်သောပွဲ၊ မိသားစုနှင့်ကျင်းပသောပွဲ၊ တစ်ရွာလုံးပါဝင်ဆင်နွှဲရသောပွဲ ဟူ၍ အမျိုးမျိုးရှိခြင်းသည် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ထူးခြားမှု တစ်ခုပင်ဖြစ်သည်။

ထို့အပြင် ရိုးရာနတ်ပူဇော်ပသပွဲလည်းရှိသည်။ ရိုးရာနတ်ပူဇော်ပသခြင်းသည် သေဆုံးသွား သူ မိဘဘိုးဘွားများအား ပူဇော်ပသခြင်းဖြစ်သည်။ ထိုသို့သော အခမ်းအနားမျိုးတွင်လည်း ရိုးရိုးနတ်စားသည်။ နတ်ကြီးစားသည်။ အိုးခွဲနတ်စားသည်ဟု အမျိုးမျိုးရှိကြောင်းလည်း လေ့လာခဲ့ရ သည်။ ထိုသို့ ကွဲပြားနေရခြင်းမှာ အချိန်အခါအလိုက်သော်လည်းကောင်း၊ မိဘတို့၏ ဓလေ့အရ သော်လည်းကောင်း ကွဲပြားသွားခြင်းဖြစ်သည် ဟုသိရသည်။ ဗေဒင်ယုံကြည်မှုကိုလည်း တွေ့ ရသည်။ အတိတ်နမိတ် အယူသည်းမှုများကိုလည်း တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို လေ့လာရသည်။ လူမှုရေး နှင့် သက်ဆိုင်သော အယူသည်းမှုများသည် မိုးမခ (သက္ကယ်) ရွာ၏ ဒေသဆိုင်ရာစည်းမျဉ်း အဖြစ်အကျိုးပြုနေသော်လည်း စိုက်ပျိုးရေးမွေးမြူရေးနှင့် သက်ဆိုင်သော အချို့အယူသည်းမှုများ သည် လုပ်ငန်းလုပ်ကိုင်မှုကို ကြံ့ကြာစေသည်။

အချုပ်အားဖြင့် မိုးမခ (သက္ကယ်) ရွာနေ အနောက်ပိုးကရင်တို့သည် မိမိတို့၏ ယဉ်ကျေးမှ ကို ထိန်းသိမ်းခြင်း လက်ဆင့်ကမ်းနိုင်ရန် ငယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင်ခြင်း၊ သာရေး၊ နာရေး ကိစ္စများတွင် အသက်အလိုက်၊ လိင်အလိုက် အဖွဲ့များက ဝိုင်းဝန်းလုပ်ဆောင်တတ်ခြင်း စသည့် ဓလေ့ထုံးစံများကို အတုယူဖွယ် တွေ့ရှိရပါသည်။ စီးပွားရေးတွင်လည်း အလုပ်ခွဲဝေလုပ်ကိုင်မှု ရှိကြောင်း လေ့လာရပါသည်။ အလုပ်ခွဲဝေလုပ်ကိုင်မှုကြောင့် လုပ်ငန်းပိုမို တွင်ကျယ်လာသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများသည် မိုးမခ (သက္ကယ်) ရွာရှိ အနောက်ပိုးကရင်တို့၏ မိမိတို. ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးတတ်သော စိတ်ဓါတ်၊ ဝိုင်းဝန်းလုပ်ဆောင်တတ်သော ဓလေ့စရိုက် စသည်တို့ကို အတုယူ၍ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရန် ကြိုးပမ်းရပေမည်။

ထိုသို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ ဝိုင်းဝန်းလုပ်ဆောင်တတ်ခြင်း တို့သည် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အဓိကအချက်ပင်ဖြစ်သည်။ တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးကနားလည်၍ တစ်ဦး၏ ဆောင်ဓလေ့ရှောင်ဓလေ့များကို နားလည်ပါက တစ်ဦးမလိုလားသော အပြုအမူ၊ အပြောအဆိုများကို တစ်ဦးက ရှောင်ကျဉ် ခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု ပိုမိုရရှိကာ ပြည်ထောင်စုကြီး၏ အကျိုးစီးပွားကို ပိုမိုဖေါ်ဆောင်နိုင်ပြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲနိုင်မည် ဖြစ်ပေသည်။

ကျမ်းပြု

  1. သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင်ဗမာ့သမိုင်း စာမျက်နှာ -၆၅
  2. သန်းထွန်း၊ ဒေါက်တာ ခေတ်ဟောင်းမြန်မာရာဇဝင် စာမျက်နှာ -၂၁
  3. ဘုန်းမြင့်၊ ဦး ဗုဒ္ဓဘာသာပိုးကရင်ပေစာသမိုင်း စာမျက်နှာ -၂၅၇
  4. နိုင်၊ ဦးမင်း တိုင်းရင်းသားစကားပုံ စာမျက်နှာ -၂၀၊ ၂၁၊ ၈၇
  5. တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ (ကရင်) စာမျက်နှာ -၁၃၃၊ ၁၄၁၊ ၁၄၂၊ ၁၄၄
  6. နှဲစန်၊ မန်း ကရင်ဖားစည် စာမျက်နှာ -၁၃
  7. ဆုဝေ၊ မောင် နက္ခတ္တရောင်ခြည် စာမျက်နှာ -၁၁၀၊ ၁၁၁
  8. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသားယဉ်ကျေးမှ ရိုးရာဓလေ့ထုံးစံများ (ကရင်) စာမျက်နှာ -၃၁၈၊၃၁၉
  9. နဲစန်၊မန်း ကရင်ဖားစည် စာမျက်နှာ -၃၄
  10. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသားယဉ်ကျေးမှ ရိုးရာဓလေ့ထုံးစံများ(ကရင်)စာမျက်နှာ -၃၂၀
  11. တိုင်းရင်းသားယဉ်ကျေးမှ ရိုးရာဓလေ့ထုံးစံများ စာမျက်နှာ -၂၅၄
  12. ကောင်းထွန်းဦး ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာ စာမျက်နှာ - ၁၅၊ ၁၆
  13. ကံညွန့်၊ ဦး (ဆရာဝန်) ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သောအချက်များ စာမျက်နှာ -၈ - ၃
  14. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ကရင်)စာမျက်နှာ -၂၇၉
  15. သော်တာမင်း၊ မိသားစုအိမ်သုံးဗေဒင် စာမျက်နှာ -၁၃