ဝါတမိဂဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၄။ ဝါတမိဂဇာတ်

ဧကကနိပါတ်-သီလဝဂ်

၄။ ဝါတမိဂဇာတ်

ရသတဏှာကို အစွဲပြု၍ မရောက်တန်သော အရပ်သို့ ရောက်ရသည့် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် န ကိရတ္တိ ရသေဟိ ပါပိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါတမိဂဇာတ်ကို သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စူဠပိဏ္ဍပါတိက တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ များစွာသော စည်းစိမ်ရှိသော သူဌေး၏သားဖြစ်သော တိဿသူငယ်သည် တနေ့သ၌ ဝေဠုဝန်ကျောင်းတော်သို့ သွား၍ ဘုရားတရားတော်ကို နာရလတ်တော် ရဟန်းပြုလိုရကား ရဟန်းအဖြစ်ကိုတောင်းပန်၍ မိဘတို့သည် ခွင့်မပြုအပ်သည်၏အဖြစ်ကြောင့် ဘုရားပယ်တော်မူအပ်သည်ရှိသော် ရဋ္ဌပါလ မထေရ်ကဲ့သို့ ခုနစ်ရက် အာဟာရကိုဖြတ်သဖြင့် မိဘတို့ကို ခွင့်ပြုစေ၍ ဘုရားအထံ၌ ရဟန်းအဖြစ်ကို တောင်းပန်၏။ မြတ်စွာဘုရားသည် တိဿသူဌေးသားကိုရဟန်းပြု၍ လခွဲပတ်လုံး ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူ၍ ဇေတဝန် ကျောင်းတော်သို့ ကြွတော်မူ၏။ ဇေတဝန် ကျောင်းတော်၌ အမျိုးသားသည် ဓုတင် တဆယ့်သုံးပါးကို ဆောက်တည်၍ သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံသွားလျက် ကာလကိုလွန်စေ၏။ ထိုတိဿမထေရ်အား စူဠပိဏ္ဍပါတိက တိဿမထေရ်ဟု ကောင်းကင်ပြင်၌ လပြည့်ဝန်းကဲ့သို့ ဘုရားသာသနာတော်၌ ကျော်စောထင်ရှား၏။

ထိုရာဇဂြိုဟ်ပြည်၌ နက္ခတ်သဘင် ကစားခြင်းသည် ဖြစ်လတ်သော် တိဿမထေရ်၏ မိဘတို့သည် အကြင် ဝတ်စားတန်ဆာကို တိဿမထေရ်သည် လူဖြစ်စဉ်ကာလ၌ ဝတ်စားဆင်ယင်အပ်၏။ ထိုဝတ်စားတန်ဆာကို ရတနာပန်းတောင်း၌ ထည့်၍ ရင်၌ထား၍ တပါးကုန်သော နက္ခတ်သဘင်တို့၌ ငါတို့သားသည် ဝတ်စားတန်ဆာဖြင့်ဆင်ယင်လျက် ပွဲသဘင်ကစား၏။ ထိုတယောက်တည်းသော ငါတို့သားကို ရဟန်းဂေါတမယူ၍ သာဝတ္ထိပြည်သို့သွား၏။ ထိုငါတို့သားသည် ယခုအခါ အဘယ်၌ နေထိုင်လိမ့်နည်း၊ အဘယ်၌ ရလိမ့်နည်းဟုဆို၍ ငိုကြွေးမြည်တမ်းကုန်၏။

ထိုအခါ တယောက်သော ပြည့်တန်ဆာမသည် ထိုအိမ်သို့သွား၍ ငိုကြွေးမြည်တမ်းသော သူဌေးမကိုမြင်လတ်သော် ရှင်မ အဘယ့်ကြောင့် ငိုသနည်းဟုမေး၏။ သူဌေးမသည် ထိုအကြောင်းကို ကြား၏။ ရှင်မ အရှင့်သားသည် အဘယ်ကို ကြိုက်တတ်သနည်းဟု မေး၏။ ဤမည်သော ဤမည်သော အစာအာဟာရကို ကြိုက်တတ်၏ဟု သူဌေးမဆို၏။ ရှင်မ ဤအိမ်၌ အလုံးစုံသောဥစ္စာကို ကျွန်ုပ်အား အရှင်တို့သည် ပေးကုန်ငြားအံ့၊ အရှင့်သားကို အကျွန်ုပ်ဆောင်ခြအေံ့ဟု ပြည့်တန်ဆာမက ဆို၏။ ကောင်းပြီဟု ဝန်ခံ၍ ရိက္ခာပေး၍ သူဌေးမသည် များစွာသောအခြံအရံဖြင့် ပြည့်တန်ဆာမကို ရှင်မ သွားပါ၊ ရှင်မအစွမ်းဖြင့် ငါ့သားကို ဆောင်ပါချေဟု စေလိုက်၏။ ပြည့်တန်ဆာမသည်လည်း ပေါင်းချုပ်စီးလျက် သာဝတ္ထိပြည်သို့ သွား၍ မထေရ်၏ ဆွမ်းခံလမ်း၌ နေရာအိမ်ကိုယူ၍ သူဌေးအိမ်မှလာကုန်သောသူတို့ကို မထေရ်အား မမြင်စေဘဲ မိမိအခြံအရံဖြင့်သာ ခြံရံစေလျက် ဆွမ်းခံဝင်သောမထေရ်အား လက်ဦးစွာ တဟင်းချိုသော ယာဂုကို၎င်း အရသာနှင့်ပြည့်စုံသော ဆွမ်းကို၎င်း ရသတဏှာဖြင့်နှောင်ဖွဲ့၍ အစဉ်သဖြင့်အိမ်၌နေစေလျက် ဆွမ်းကိုလှူလတ်သော် မိမိအလိုသို့ လိုက်သည်၏အဖြစ်ကို သိ၍ နာဟန်ပြုလျက် အိမ်တွင်း၌ အိပ်၏။

မထေရ်သည်လည်း ဆွမ်းခံသောအခါ အိမ်စဉ်အတိုင်း ဆွမ်းခံလျက် ထိုအိမ်တံခါးဝသို့ ရောက်၏။ ပြည့်တန်ဆာမ၏ အလုပ်အကျွေးဖြစ်သောသူသည် မထေရ်၏သပိတ်ကိုယူ၍ မထေရ်ကို အိမ်၌နေစေ၏။ မထေရ်သည် သီတင်းသည်မကား အဘယ်မှာနည်းဟု မေး၏။ အရှင်ဘုရား သီတင်းသည်မသည် မကျန်းမမာ နာသည်ဖြစ်၍ အရှင်ဘုရားတို့ကို ဖူးမြင်လိုပါသတည်းဟု လျှောက်၏။ မထေရ်သည် ရသတဏှာဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မိမိဆောက်တည်သောဝတ်ကိုဖျက်၍ ပြည့်တန်ဆာမ အိပ်ရာအရပ်သို့ ဝင်လေ၏။ ပြည့်တန်ဆာမသည် မိမိလာသော အကြောင်းကို ပြောဆို၍ မထေရ်အားဖြားယောင်း၍ ရသတဏှာဖြင့် နှောင်ဖွဲ့လျက် လူထွက်စေ၍ မိမိအလိုသို့ လိုက်စေလျက် များစွာသော အခြွေအရံဖြင့် ရာဇဂြိုဟ်ပြည်သို့သာလျှင် သွား၏။ ထိုအကြောင်းသည် ထင်ရှားစွာ ဖြစ်၏။

ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် စူဠပိဏ္ဍပါတိက တိဿမထေရ်ကို တယောက်သော ပြည့်တန်ဆာမသည် ရသတဏှာဖြင့် နှောင်ဖွဲ့လျက် ယူ၍သွားသတတ်ဟု စကားကိုဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ ယခုဘဝ၌သာလျှင် ထိုရဟန်းသည် ရသတဏှာဖြင့် နှောင်ဖွဲ့အပ်သည်ဖြစ်၍ ထိုပြည့်တန်ဆာမ၏အလိုသို့ လိုက်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုပြည့်တန်ဆာမ၏အလိုသို့ လိုက်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် သဉ္စယမည်သော ဥယျာဉ်စောင့်သည် ရှိ၏။ ထိုအခါ တခုသော ဝါတမိဂသည် ထိုဥယျာဉ်သို့ လာလတ်၍ သဉ္စယကို မြင်လတ်သော် ပြေး၏။ သဉ္စယသည်လည်း ဝါတမိဂလာသည်ကို ခြိမ်းခြောက်၍ မနှင်၊ ဝါတမိဂသည် အကြိမ်ကြိမ်လာ၍ ဥယျာဉ်၌လျှင် ကျက်စား၏။ ဥယျာဉ်စောင့်သည် ဥယျာဉ်မှ အထူးထူး အပြားပြား များကုန်သော ပန်းသစ်သီးတို့ကိုယူ၍ နေ့တိုင်း နေ့တိုင်း မင်းဆက်၏။ ထိုအခါ တနေ့သ၌ ဥယျာဉ်စောင့်ကို အချင်းဥယျာဉ်စောင့် ဥယျာဉ်၌ တစုံတခုသောအံ့ဘွယ်သရဲကို မြင်ရသလောဟု မင်းသည် မေး၏။ အရှင်မင်းကြီး တပါးကိုကားမမြင်ရ၊ ဝါတမိဂတခုသည်တမူကား လာလတ်၍ ကျက်စားသည်ကို မြင်ရ၏ဟု ဥယျာဉ်စောင့်သည် လျှောက်၏။ ထိုဝါတမိဂကို သင်ဖမ်းနိုင်အံ့လောဟု မေး၏။ အရှင်မင်းကြီး အတန်ငယ်သော ပျားကိုရမူကား နန်းတော်တွင်းသို့ သွင်းနိုင်ပါ၏ဟု လျှောက်၏။ မင်းသည် ဥယျာဉ်စောင့်အား ပျားကို ပေးစေ၏။

ဥယျာဉ်စောင့်သည် ပျားကိုယူ၍ ဥယျာဉ်သို့ရောက်လျှင် ဝါတမိဂ၏ ကျက်စားရာအရပ်၌ မြက်တို့ကို ပျားဖြင့်လူး၍ ပုန်းအောင်းလျက် နေ၏။ သမင်သည် လာလတ်၍ ပျားလူးမြက်တို့ကို စားရသော် ရသတဏှာဖြင့် နှောင်ဖွဲ့အပ်ရကား အရပ်တပါးသို့ မသွားမူ၍ ဥယျာဉ်သို့သာလျှင် လာ၏။ ဥယျာဉ်စောင့်သည် သမင်၏ ပျားလူးမြက်တို့၌ တပ်မက်သောအဖြစ်ကိုသိ၍ အစဉ်သဖြင့် မိမိကိုယ်ကိုပြ၏။ သမင်သည် ဥယျာဉ်စောင့်ကိုမြင်လျှင် နှစ်ကြိမ် သုံးကြိမ် ပြေးလျက် အဘန်တလဲလဲ မြင်ရလတ်သော် အကျွမ်းဝင်ခြင်းသို့ ရောက်၍ အစဉ်သဖြင့် ဥယျာဉ်စောင့်၏လက်၌ တင်ထားအပ်ကုန်သော မြက်တို့ကိုစား၏။ ဥယျာဉ်စောင့်သည် ထိုသမင်၏ အကျွမ်း ဝင်ခြင်းသို့ ရောက်သောအဖြစ်ကိုသိ၍ မင်းအိမ် တိုင်အောင်ခရီးကို ဖျာတို့ဖြင့်ကာစေ၍ ထိုထိုအရပ်၌ သစ်ခက်ကို ချိုး၍ချစေလျက် ပျားဗူးကို ပခုံး၌လွယ်၍ မြက်စည်းတို့ကို လက်ကတီး၌ထား၍ ပျားလူးမြက်တို့ကို သမင်၏ရှေ့မှကြဲလျက် မင်းအိမ်တွင်းသို့လျှင် ရောက်၏။

သမင်သည် အိမ်တွင်းသို့ဝင်ပြီးသော် တံခါးကိုပိတ်ကုန်၏။ သမင်သည် လူတို့ကိုမြင်၍ တုန်လှုပ်လျက် သေဘေးမှကြောက်၍ နန်းတွင်းမင်းယင်ပြင်၌ ထိုမှဤမှ ပြေး၏။ မင်းသည် ပြာသာဒ်မှ ဆင်းသက်၍ တုန်လှုပ်သော ထိုသမင်ကိုမြင်လတ်သော် ဝါတမိဂသမင်သည်ကား လူတို့ကိုမြင်ရာအရပ်သို့ ခုနစ်ရက်မလာ၊ ထိတ်လန့်ရာအရပ်သို့ တသက်ပတ်လုံး မလာသည်ဖြစ်၏။ ဤသို့သဘောရှိသော တောကိုမှီသော ဝါတမိဂ သမင်သည် ရသတဏှာသည် နှောင်ဖွဲ့အပ်သည်ဖြစ်၍ ယခုအခါ သို့စဉ်သဘောရှိသော ဤအရပ်သို့ ရောက်လာ၏။ အချင်းတို့ လောက၌ ရသတဏှာအောက် အထူးသဖြင့် ယုတ်မာသော သဘောမည်သည် မရှိတကားဟု နှလုံးသွင်း၍-

၁၄။ န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိဝ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊ ဝသမာနေသိ ရသေဟိ သဉ္စယော။

ဟူသော ဤဂါထာဖြင့် တရားဟောခြင်းကို ဖြစ်စေ၏။

၁၄။ ဘော၊ အချင်းတို့။ လောကေ၊ လောက၌။ ရသေဟိ၊ ဇိဝှါဝိညာဏ်ဖြင့်သိအပ်ကုန်သော အချို့ အချဉ်အစရှိကုန်သော ရသတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့အောက်။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသော သဘောသည်။ န အတ္ထိ ကိရ၊ မရှိသတတ်။ ရသတဏှာ၊ ရသတဏှာသည်။ အာဝါသေဟိ၊ နေရာတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့အောက်၎င်း။ သန္ထဝေဟိဝါ၊ အဆွေခင်ပွန်းတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့အောက်၎င်း ပါပတရာ ကိရ၊ အဆအရာ အဆအထောင် အဆအသိန်းဖြင့်လွန်၍ ယုတ်မာသတတ်။ ဘော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ ရသာနံ၊ အချိုအချဉ် အစရှိကုန်သော ရသာတို့၌ တပ်စွန်းတတ်ကုန်သော လောဘတို့၏။ ပါပိယဘာဝံ၊ အလွန်တရာ ယုတ်မာသည်၏ အဖြစ်ကို။ ပဿထ၊ ရှုကြကုန်လော။ ဂဟနနိဿိတံ၊ တောချုံကို မှီတတ်သော။ ဝါတမိဂံ၊ ဝါတမိဂသမင်ကို။ သဉ္စယော၊ သဉ္စယအမည်ရှိသော ဥယျာဉ်စောင့်သည်။ ရသေဟိ၊ ရသတို့ဖြင့်။ ဝသံ၊ မိမိအလိုသို့။ အာနေသိ၊ ဆောင်ပြီ။

ဤသို့ မင်းသည် ရသတဏှာ၏အပြစ်ကို ဟော၏။ ဟောပြီး၍ကား ထိုသမင်ကို တောသို့လျှင် ပို့စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ထိုပြည့်တန်ဆာမကား ယခုဘဝ၌ သာလျှင် တိဿကို ရသတဏှာဖြင့် နှောင်ဖွဲ့၍ မိမိအလိုသို့ လိုက်စေသည် မဟုတ်သေး၊ ရှေးဘဝ၌လည်း လိုက်စေဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ပြည့်တန်ဆာမသည် ထိုအခါ သဉ္စယမည်သော ဥယျာဉ်စောင့် ဖြစ်ဘူးပြီ၊ ယခုအခါ စူဠပိဏ္ဍပါတိကမထေရ်သည် ထိုအခါ ဝါတမိဂသမင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရသာအကြိုက်၊ အလိုလိုက်၊ အမိုက်တွေ့မည်သာ

လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဝါတမိဂဇာတ်သည် ပြီး၏။

*****