ဝင်းနေနီတျာ-ချီ ရတု

From Wikisource
Jump to navigation Jump to search
ဆောင်းနေ့အလွမ်း
by ဂီတနက်သန် ကိုစောညိန်း

ဝင်းနေနီတျာ၊ သူရိယာဟု၊ ဖန်ဝါလှည့်လည်၊ ကြွမြန်းချီလျက်၊ ဥဒည်တောင်စွန်း၊ ယုဂန်ကျွန်းမှ၊ စက်ဝန်းပေါ်ထွက်၊ အရုဏ်တက်တွင်၊ နှစ်သက်စဖွယ်၊ လွန်တင့်တယ်သား၊ ရေးခြယ်ပြုပြင်၊ စုတ်ဆေးတင်သို့၊ ကောင်းကင်အာကာ၊ စိမ်းပြာဝါနှင့်၊ နီတျာဝင်းရီ၊ ဖျန်းရောင်ခြည်ကြောင့်၊ တိမ်နီတိမ်ဝါ၊ ငွေတိမ်ပြာတို့၊ မိလ္လာမြူခြေ၊ ပတ်လွှမ်းဝေသည်။ ။ နှင်းငွေရည်ဖြာ ဖျန်းသည့်ခါ။

နှင်းငွေရည်ဖြာ၊ ကမ္ဗလာသို့၊ အာကာဝေမှုံ၊ တသုံသုံနှင့်၊ မှိုင်းအုံလုလု၊ ငွေနှင်းဥကြောင့်၊ မေယုစက္ကိန်၊ အာဒေဝိန်ဟု၊ ရဝိန်လင်းလျှံ၊ မှိန်အောင်ဖန်၍၊ စက်ပျံဖန်ဒေါင်း၊ နှင်းငွေ့လောင်းသော်၊ သောင်းလောကဓာတ်၊ အထပ်ထပ်ကို၊ ရစ်ပတ်မှုံဝေ၊ မလင်းစေလျက်၊ တိမ်လေနှင်းမြူ၊ တလူလူတွင်၊ လွမ်းသူသက်ဝေ၊ ဆွေးမပြေသည်။ ။ ညှင်းလေသီတာ လွှမ်းသည့်ခါ။

ညှင်းလေသီတာ၊ ဟေမန္တာမို့၊ ဖြာဖြာယူသွေး၊ လေပြည်အေးသော်၊ ပူဆွေးမပြေ၊ ငယ်ကျွမ်းဆွေကို၊ သက်ဝေတတမ်း၊ နေ့တိုင်းလွမ်း၍၊ စခန်းသာစွ၊ ဝေးဌာနမှ၊ တမ်းတခါခါ၊ ပြန်ရွှေလွှာကို၊ စေရှာလိမ့်နိုး၊ မျှော်တကိုးလျက်၊ ဖော့ရိုးရွှေလည်၊ ကျိုးလုပြီထင့်၊ မဆည်ဗျာထု၊ သည်းကျွမ်းလုအောင်၊ ငွေဥမျက်ရည်၊ တွေးတိုင်းကြွေသည်။ ။ ဝင်းနေနီတျာ သန်းသည့်ခါ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse