လွှတ်ဦးသဘင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
လွှတ်ဦးသဘင်-ချီ ရတု
by နတ်သျှင်နောင်
ကျောက်ဆောက်ဘုရားတိုင် မယ်ဘွဲ့ရတု

လွှတ်ဦးသဘင် စံညာခွင်က ပလ္လင်ပြောင်ရွှန်း ဖြူရိပ်ဝန်းလျက် တသန်းနေနှင့် လနှယ်တင့်သား ဘုံမြင့်နန်းသူ ကြည်ဆုယူသည် မဉ္ဇူမှန်ကင်း မြတ်ရှင်ရင်း ။ ညင်းညင်းပျပျ ယုယခွေညောင်း ညွတ်ညွတ်ပျောင်းမျှ ယုံကြောင်းယုံဘွယ် အသွယ်သွယ်ကို နားဝယ်မြမြ ဆိုမောလှလျက် ချစ်စနွှဲဖင့် နောင်ဘုန်းမြင့်သည် ရှေးနှင့်မတူထွေသော့ကြောင့် ။

မြတ်မူးအကြင် ပန်းနှယ်ပင်တည့် လည်တွင်ခွေပတ် ဆင်မတတ်ဟု အထွတ်တိုင်ထိ ဆိုဦးရှိလျက် ချစ်မိမချစ် အသစ်သစ်လျှင် မရစ်စုံမက် မေတ္တာယွက်၍ မျှသက်ပေမြဲ မပေပဲနှင့် မင်းရဲဘုန်းမြင့် ကြင်စိတ်ဖင့်၍ သူနှင့်ကျွမ်းဟန် အလွမ်းချန်ခဲ့ ရောင်ဝှန်လျှံညိ ဉာဏ်တော်သိလော့ ထံရှိမမေ့ ဖြစ်သရွေ့ကို စေ့စေ့သာဖြည်း လျှောက်ရုံးစည်းသည် မဲ့ချည်းမကြင်နေသော့ကြောင့် ။

ညွတ်နူးမရွှင် ဗျာပါစင်လည်း ပူပင်ညှိုးမြန်း မကြီးလွန်းတည့် ဆိုဆန်းမဆို တော်မည်ကိုမူ မြင်းမိုရ်ထက်မျှ လွန်မကဟု နောင်မြညိုမွတ် လှည့်စားမှတ်ဖြင့် ပတ်ပတ်ဝန်းဝန်း ဆန်းဆန်းထူးထူး မူးမူးလည်အောင် တော်ယောင်ဘနန်း ကျိန်မျိုးကျွန်း၍ ချစ်ပန်းမဆင့် လင့်နွှဲဖင့်သော် သူနှင့်ကြင်မှ မကြင်ရဟု သိင်္ဂမဉ္ဇူ5 ဆင်းရုပ်တူကို ဆုယူရှိငုံ လျှောက်သည်တုံကား မစုံချင်လစ် အသစ်သစ်သည် အချစ်သူသို့ဝေသော့ကြောင့် ။