လောကသာရပျို့ (ရခိုင်)

From Wikisource
Jump to navigation Jump to search
လောကသာရပျို့
by ကန်တော်မင်းကျောင်းဆရာတော်

၁။ ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြဝါဒဖြင့်၊ ဆုံးမပီးလီ၊ နားဝင့်စီလော့၊ နီသို့ထင်ယှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွဋ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထွဋ်ထက်၊ အမြဲရွက်ဆို၊ စုံမက်သဒ္ဒါ ကြည်စီမင်း ။

၂။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စီမင်း။

၃။ သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးသျှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မဝံ့၊ စောင်းမာန်ညံ့ ၍၊ ကြောက်ရွံ့ရိုသေ၊ သီးခံထွေဖြင့်၊ ကောင်းနီနှလုံး ယဉ်စီမင်း။

၄။ ဆန္ဒာဒေါသာ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်လျှက်၊ နတ်ပြည်လူ့ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်၍၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြီ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြီအပင် စည်စီမင်း။

၅။ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တဝါကို၊ မေတ္တာသက်စီ၊ လှူဖို့ဝီ၍၊ စိတ်စီကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွါး၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်ရ၊ မြဲပင်စင်းလျှင်း ပေါင်းယှဉ်မင်း။

၆။ ပညာမျက်စိ၊ မြင်မဟိရ မသိတရား၊ အယူမှားလျှက်၊ စီးပွားမမျှော်၊ ကျိူးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ပဲ၊ ဝီးစွာချဲ၍၊ အမြဲခွာယှင်း ဖဲကြဉ်မင်း။

၇။ ပါဏာတိပါတ်၊ မသတ်သူ့အသက်၊ ခိုးဝှက်မမူ၊ မယူသီစာ၊ အိမ်ယာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍ ၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ စောင်မာန်မပြင်း ယဉ်စီမင်း။

၈။ မိခင်ဖခင်၊ ကျေးဇူးသျှင်ကို ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်၊ ကြီးလှသက်အို၊ မျိုးဆွီကိုလည်း ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍ မယိမ်းစင်းလျှင်း ငြိမ်းစီမင်း။

၉။ စတုဒိသာ၊ လေးမျက်နှာမှ၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ ယူခဥစ္စာ၊ အိမ်လှောင်ခါ၌၊ လွယ်ကာထားယူ၊ ထိုသည့်သူသို့၊ လိုတူမှတ်သား၊ သနားမြတ်လည်း၊ ဝတ်စားပီး၍၊ ကျွေးမွီးထံရင်း ငြိမ်းစီမင်း။

၁၀။ အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ သုံးပါးလက္ခဏာ၊ မချာအောက်မိ၊ တစိစိလျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ချုပ်ကြိမ်ဖန်၊ စက်ဝဟန်သို့၊ ဖန်တလဲလဲ၊ ဝဋ်ဆင်းရဲကို၊ ဝမ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရိုသေသည်းတွင်း ကျိန်းစီမင်း။

၁၁။ လောဘဒေါသ၊ မောဟသူပျက်၊ နိတိုင်းဖက်၍၊ အမျက်လည်းလွန်၊ တဖျင်သန်လျှင်၊ ပြီးလွန်ဖင်ဖင်၊ အာရုံမြင်က၊ ခင်ခင်မွတ်မွတ်၊ လိုက်တုံတတ်သား၊ ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ သုံးပိုင်းမချာ၊ ယဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍ မှိန်းစီမင်း။

၁၂။ လယ်လုပ်ကုန်သွယ်၊ ရောင်းဝယ်မြီချ၊ တွက်ဆစိတ်ပြား၊ အပါးပါးလျှင်၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထမ်းပိုးနှစ်လည်၊ ချသည်မပြတ် အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ဝမ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သိမ်းမွီးပြင်းလျှက်၊ များခြင်းစုံစီ၊ တန္ဒီပယ်ရှောင်း၊ ထပ်ကာလောင်းလျှက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွီမှီတင်း ကြွယ်စီမင်း။

၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျှက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်သို့၊ ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံ့မှတ်သိ၊ တနိတခြား၊ ပွားများစုံစီ၊ ဝမ်းထဲခွီ၍၊ တလီတထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသိမြင် ကြွယ်စီမင်း။

(ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျှက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပီတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသီးခံ၊ ဆရာ့ထံ၌၊ သင်အံ့ကျက်သိ၊ တနိတပါး၊ မှတ်သားပါလီ၊ ဝမ်းထဲခြွီ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ယှင်း ကျေစီမင်း။)

၁၄။ ဘိုးဘီးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ ကျက်မှတ်လေ့လျှက်၊ ခြောက်သွိစကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံ လွယ်နှင့်မင်း။

၁၅။ သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာဟိရို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံခြုံ၊ မတတ်တုံလည်း၊ တစုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုအိမ်ထောင်၊ စီးပွါးဆောင်လော့၊ ညဉ့်မှောင်မသိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့လည်း၊ သူရို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊ အိုသော်သူမရယ် စီနှင့်မင်း။

၁၆။ ဃရာဝါသ၊ သမ္ဗဓဟု၊ ကိစ္စမြားမြောင်၊ လူရို့ဘောင်၌၊ အိမ်ထောင်သက်မွီး၊ ခြနှယ်ပြီးသား၊ လူရေးကျေစွာ၊ အဖြာဖြာကို၊ လိမ်မာအတတ်၊ ချားရဟတ်သို့၊ လှည့်ပတ်ပြီးမှ၊ ကြံတွက်ဆလျှက်၊ လုံ့လပင်စည်၊ အရင်းတည်လျှက်၊ ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွိရွိ၊ အဓလေ့ဖြင့်၊ မမိမကျန်၊ လူမှုပွန်လျှက်၊ စောင်းမာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြွယ်စီမင်း။

၁၇။ လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ယှဉ်ဆောင်နှိုင်းလည်း၊ အတိုင်းမသိ၊ ကျေးဇူးဟိသည်၊ အမိကားတိုက်၊ သိုက်ကားမယား၊ သားကားနွယ်ဆက်၊ ခက်လက်မျိုးဆွီ၊ ကျွန်ခြွေရွှေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲအား၊ ဆင်းရဲဖျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ချောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွမ်းရလျှက်၊ ကြောင့်ကြ ဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊ စိတ်ဝန်းဖြောင့်တန်း၊ ဆွီခင်ပွန်းကို၊ ချစ်ပန်းနံ့မပြယ် စီနှင့်မင်း။

၁၈။ စိမြေ့သိပ်သည်း၊ ရွိရွိဆည်းလော့၊ စရည်းအိုးခွက်၊ ကြီးစွာလျက်လျှင်၊ စဉ်စက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်းခြင်းရာ၊ လူလိမ်မာရို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစီလော့၊ ကြွက်သီတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သဌီးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်နက်ကို၊ သူ့ထက်ကုံးကယ် ကြွယ်စီမင်း။

၁၉။ လုံ့လပညာ၊ လိမ်မာတတ်တုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်လုံမြဲမြံ၊ ကောင်းအောင်သံသား၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်ရို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားရှာအံ၊ ပညာချို့တဲ့၊ လုံလမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိိုဟ်၊ သူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဖွဲ့ပို့၊ လူသွမ်းရို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကိုယ့်ဖို့၊ ကုသိုလ်ပို့က၊ ငါရို့နီရာ၊ စီးပြားလာအံ့၊ ကြမ္မာကိုယ်ချည်း၊ မှတ်ထင်ရည်း၍၊ ကျင့်နည်းညံ့ဆုံး၊ သူပျက်ထုံးကို၊ နှလုံးမငြိတွယ် စီနှင့်မင်း။

၂၀။ ကျောင်းတော်ခရီး၊ လမ်းမကြီး၌၊ ပင်ထီးပညောင်၊ မြစ်တထောင်နှင့်၊ မြားမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စိစိသိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်၊ လီမနိုင်လျှင်၊ ပင်ခိုင်သီးမှည့်၊ အပြည့်ကျီးငှက်၊ စားလျှက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားရို့၊ နားနီပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ဝင်လာသောသူ၊ ခပ်သိမ်းလူကို၊ ပူဆာငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်ကြွယ်၊ လူကုံကယ်လည်း၊ ထိုနှယ်လည်းကောင်း၊ ဖြစ်တုံချောင်း၍၊ မျိုးပေါင်းဆွီပါး၊ လူအများကို၊ သနားကြင်နာ၊ စီးပွါးရှာ၍၊ မေတ္တာမကင်း၊ မ စ ခြင်းဖြင့်၊ ထံရင်းမှီကိုး ကွယ်စီမင်း။

၂၁။ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ်၊ လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျှက်၊ သူစိမ်းသူကျက်၊ ပေါင်းဖက်သရွိ၊ မိဘတွိသို့၊ မွိမွိလျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ဝတ်စားထောက်ပံ့၊ ဖြန့်ဖြူးနှံ့လျှက်၊ အလွန့်ကျွန်ကျေး၊ ဆွီသားမြီးကို၊ ကျွေးမွီးမညှိုး ငယ်စီမင်း။

၂၂။ လောကသာရ၊ ကျမ်းအစ၌၊ ဆုံးမစကား၊ မျိုးလေးပါးကို၊ မှတ်သားစိမ့်ငှာ၊ ပျို့လင်္ကာဖြင့်၊ နည်းနာထွေပြား၊ ထုံးပေါင်းကြားသည်၊ တခြား ပထမပိုင်းတည်း။.......။

(ဒုတိယပိုင်း)

၂၃။ ပြည့်သူ့ထွဋ်ဦး၊ ဘုန်းရောင်မြူးသည့်၊ ရန်ငူးလူ့ဘောင်၊ ထွဋ်ခေါင်ရာဇာ၊ ဆုံးမနာလော့၊ ကမ္ဘာအစ၊ မဟာသမ္မတ၊ ခတ္တိယရို့၊ နီကြကျင့်ရိုး၊ ကောင်းကျိုးအလှူ၊ စွန့်ကြဲမူလည်း၊ စိတ်ယူဖြောင့်စင်း၊ နူးညံံ့ခြင်းနှင့်၊ သီတင်းစောင့်စည်း၊ မျက်နည်းသည်းခံ၊ ခြိုးခြံသမှု၊ မပြုညှင်းဆဲ၊ ဆင်းရဲမရှာ၊ မေတ္တာသက်ဖြန့်၊ လူအ၀ှန့်အား၊ မဆန့်ကျင်ပြီး၊ ဤသို့ ရီးသား၊ ဆယ်ထွေစောင့်ကြပ်၊ တရားကွပ်၍၊ လက်ထပ်ခေါ်ပြု၊ သင်္ဂြိိုဟ်မှုလည်း၊ လေးခုအစိ၊ ပြကတိဖြင့်၊ ကျင့်လေ့မကြွင်း ကျန်စီမင်း။

၂၄။ ပြည်ကြီးသေဌီနင်း၊ မင်းတို့သော်ကား၊ သူတပါးထက်၊ ဆယ်ဆတက်၍၊ အိပ်စက်နည်းပါး၊ လူအများကို ၊စီးပွားချမ်းသာ၊ နိတိုင်းရှာလော့၊ အခါခပ်သိမ်း၊ မုဒိမ်းခိုးသူ၊ မပူစီရ၊ ဆုံးမကွပ်ညှပ်၊ ပညတ်အလွန်၊ ရှိးမင်းမွန်ရို့၊ ညွန်ခဲ့သောတိုင်း၊ ကျင့်သမိုင်းဖြင့်၊ နှုန်းနှိုင်းမယွင်း၊ တမျဉ်းခင်းသို့၊ ကျင့်ခြင်းမချွတ်၊ တည့်မတ်မတ်လျှင်၊ လူနတ်ချစ်ဖွယ်၊ ကျေးဇူးကြွယ်၍၊ ကျင့်နွယ်လမ်းရိုး မှန်စီမင်း။

၂၅။ မမိမလျော့၊ မပေါ့လုပ်ကြံ၊ ကျွန်ကိုယ်ရံလည်း၊ မြဲမြံစောင့်ယှောက်၊ ထက်အောက်တွင်းပြင်၊ မွမ်းပြင်အပြည့်၊ အိပ်ဖန်ထည့်လျက်၊ အကြည့်အရှု၊ အမှုမလင့်၊ အကျင့်မကောင်း၊ အဟောင်းအသစ်၊ ထွက်ဝင်စစ်၍၊ ကျွန်ချစ်ကျွန်ယုံ၊ ထမ်းကုန်မှုများ၊ ရီခြားမြော်မြင်၊ တိုင်ပင်ကြံသီး၊ အမတ်ကြီးကို၊ အနီးထံပါး၊ သက်စောင့်ထား၍၊ ယုံမှားမဲ့လျှင်း၊ နှလုံးသွင်းလျှက်၊ ချစ်ခြင်းသူ့ထက် လွန်စီမင်း။

၂၆။ ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာတည့် အရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကြန်ဘတ်ဟူးရား၊ ပညာများသား၊ ပုဏ္ဏားရဟန်း၊ ရှိတွင်ဝန်း၍၊ ကိန်းခန်းဒသာ၊ အခါမီးမူ၊ အရှိအနောက်၊ တောင်မြောက်ရီကြည်း၊ စီစဉ်သည်းလျှက်၊ စောင့်စည်းရံတား၊ ကင်းထောက်ထား၍၊ မြီခြားသူမလွန် စီနှင့်မင်း။

၂၇။ သူ့ပြည်သူ့ရွာ၊ သူ့ရပ်မှာ၌၊ ခြင်းရာသိကြောင်း၊ ဉာဏ်ကောင်းရေးဝင်၊ တိုင်ပင်ကြံထွေ၊ သူလျှိုစီ၍၊ မနီစုံစမ်း၊ ကြိုးပမ်းလုပ်ဆောင်၊ အားအင်ထောင်လျှက်၊ နောက်နောင်မြီးသား၊ စီးပွါးရှည်စီ၊ တည်စိမ့်စီကြောင်း၊ နှုတ်ကောင်းခွန်းသာ၊ လက်ဆောင်စာနှင့်၊ စီပါးစင်းလျင်း၊ ထိုထိုမင်းကို၊ ချစ်တင်းမီးမြန်း၊ ဆွီခင်ပွန်းဟု၊ မိတ်မှန်းကိုယ်ကို၊ တံတစ်ဆို၍၊ ချစ်လိုစကား မှန်စီမင်း။

၂၈။ ငါ့ပြည်ငါ့ရွာ၊ ငါ့ရပ်မှာ၌၊ ဇာတာအလို၊ ဂြိုဟ်လည်းမကောင်း၊ ထပ်လောင်းထိတ်ထုံ၊ ပျံတုံကျီးငှက်၊ နှုတ်ထွတ်စနည်း၊ နှောင့်ယှက်သည်းမူ၊ စောင့်စည်းရံတား၊ မန္တရားနှင့်၊ သမားကွယ်ကာ၊ လွတ်စိမ့်ငှာဖြင့်၊ ဂြိုဟ်စာပို့ပီး၊ သန္တီးပူဇော်၊ သင်္ကြန်ခေါ်၍၊ သုံးဘော်မြတ်စွာ၊ ရတနာကို၊ မကွာကပ်ဆည်း၊ ကောင်းမှုချည်းတည့်၊ ဖြင်ပည်းပြောထူ၊ စွန့်ကြဲလှူ၍၊ ကြည်ဖြူစိတ်ထက် သန်စီမင်း။

၂၉။ ခပ်သိမ်းပြည်သူ၊ ရဟန်းလူကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စီကြောင်း၊ လှည့်ဖြားယောင်းလျှက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်အပြင်း၊ သနားခြင်းဖြင့်၊ နှိပ်နင်းကလူ၊ မပူစီရ၊ ကွပ်ဆုံးမလျှက်၊ ထွန်းပပြောင်ပြောင်၊ မိုးထိပ်ခေါင်၌၊ အရောင်ချမ်းလွန်၊ လဗိမ္မာန်လျှင်၊ ပူပန်မဟိ၊ ငြိမ်းလီဘိသို့၊ ကြယ်တိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ပွင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျှက်၊ လူများကောင်းချီး ထွန်စီမင်း။

၃၀။ လူများအထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ ထိုထိုမင်းကား၊ ဖွေနည်းစိစစ်၊ ရန်အမြစ်ကို၊ တူးပစ်နိုင်စီ၊ ရန်မြစ်သီမှ၊ ရွာနီပြည်သူ၊ ခပ်သိမ်းလူကို၊ မပူမဆာ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးပစ်သို့၊ ရန်စစ်များကို၊ ဖျောင့်လွင့်ဖြိုလော့၊ ရန်လိုမဟိ၊ ရဲစွမ်းပြည့်သား၊ မလှည့်ငဲ့စောင်း၊ သူရဲကောင်းကို၊ များကြောင်းဆည်းပူး၊ ပီးကမ်းကြူးလျှက်၊ ကျေးဇူးအလိုက်၊ သိမ်းမြန်းပိုက်၍၊ ချစ်ကြိုက်သနား၊ ရင်ဝယ်သားသို့၊ ဖြည့်ပြားမင်းရေး ပွန်စီမင်း။

၃၁။ ကာမဒေဝ၊ စသည်အပြား၊ နတ်လေးပါးတွင်၊ တပါးမည်မှတ်၊ လောကနတ်ဟု၊ လူ့ထွဋ်ဦးစွန်း၊ ဘုန်းတော်ထွန်းသား၊ လျှံဝန်းစိုးပိုက်၊ မင်းသို့လိုက်၍၊ ပြည်၌ပြည်သူ၊ မင်းမတူလျှင်၊ ကျင့်မူမလွဲ၊ သုံးစွဲလေ့လာ၊ ကျင့်ကုန်ရာသည်၊ ရာဇပြဌာန်း၊ ကြငှန်းမှန်ကင်း၊ မကြောင်းရင်းကား၊ မင်းလျှင်တယောက်၊ လှံမစောက်ဖြင့်၊ မကောက်မယွန်း၊ တော်ဖြောင့်တန်းက၊ ထက်ဝန်းဗိုလ်ပါ၊ လူတကာလည်း၊ ညီညာတော်မှန်၊ မင်းအဟန်သို့၊ ကောင်းမွန်ကျင့်မှု၊ နှလုံးပြုအံ့၊ ပြည့်သူမျက်ပွင့်၊ ကောင်းအောင်ကျင့်လော့၊ ပုံသင့်ကျမ်းလာ၊ ဥပမာကား၊ အရာအထောင်၊ နွားကုန်အောင်တွင်၊ ရှိဆောင်နွားလား၊ ဖြောင့်ဖြောင့်လားက၊ နွားများစင်စိုက်၊ ဖြောင့်ဖြောင့်လိုက်သို့၊ စရိုက်ကျင့်မူ၊ ခပ်သိမ်းလူလည်း၊ ထို့တူလည်းကောင်း၊ ဖြစ်ရာချောင်းသည်၊ မင်းကောင်းတော်ဖြောင့် မှန်စီမင်း။

၃၂။ မာသုကုဇ္စျိ၊ မဟာရာဇ၊ မာသုကုဇ္စျိ၊ ရထေသဘ၊ သမ္ဗုဒ္ဓလျှင်၊ ဆုံးမဟောကြား၊ ဤတရားကို၊ မှတ်သားလည်းပြု၊ သီးခံမှုဖြင့်၊ ပြည့်သူ့ခမည်း၊ မျက်တော်နည်းလော့၊ ဖြုတ်ချည်းအမျက်၊ ထွက်သက်မပြင်း၊ လူခပင်းကား၊ မင်းကိုကြောက်ယှောင်၊ လောင်ပူရဲရဲ၊ ရှားမီးခဲသို့၊ ဝမ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လဲ့ရွံ့ရှာ၊ ကြောက်ကုန်ရာနှင့်၊ ပြင်းစွာအမျက်၊ ထွက်တပြီးကာ၊ ကြက်သီးထ၀ှန်၊ အူချာမွှန်မျှ၊ အလွန်အကြူး၊ ကြောက်မိန်းမူးလျှက်၊ ဆူးဆူးရားရား၊ အမျက်အားကို၊ တရားစွဲကိုင်၊ မချုပ်နိုင်သည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ဝံ့၍၊ မဝံ့နှစ်ဆစ်၊ ကြိမ်ဖန်စစ်၍၊ အပြစ်အလျောက်၊ သုံးကြိမ်မြောက်မှ၊ သေလောက်လျော်ဖီး၊ မင်းဒဏ်ပီးလည်း ၊ ကွပ်ရေးဖန်များ စီနှင့်မင်း။

၃၃။ ခပ်သိမ်းပြည်သူ၊ လူများထိပ်မိုး၊ ရီမြီစိုးထ၊ ပြည့်ဖြိူးချမ်းသာ၊ ကျင့်ရာအများ၊ ခုနစ်ပါးလျှင်၊ စီးပွားစင်စစ်၊ များသည်ဖြစ်၍၊ သျှင်ချစ်ဘုရား၊ မင်းတို့အားကို၊ ဟောထားခဲ့သည်၊ ခုနှစ်မည်ကာ၊ လူ့ပြည်စောင့်တတ်၊ နတ်ကိုမြတ်နိုး၊ အမျိုးဆွီနီး၊ သက်ကြီးရိုသေ၊ ပြည်နီရွာသူ၊ နိုင်ထက်မူဖြင့်၊ မယူသားမြီး၊ မှုရီးတိုင်ပင်၊ ညီညွတ်အင်နှင့်၊ လာချင်ထက်ဝန်း၊ ရဟန်းပုဏ္ဏား၊ သိမ်းပကားဖြင့်၊ တရားမယွင်း၊ ဖြည့်တင်းကျွေးမွီး၊ မလာသိမ်းသော်၊ နီးဝီးရပ်သား၊ သူရို့အားကို၊ မလားစီအောင်၊ ကျေးဇူးဆောင်လျှက်၊ ပြည်ထောင်အရေး၊ ရှိကတွေးသည်၊ ပညတ်မလွန်၊ လမ်းမှန်စိုက်စိုက်၊ ရာထင်လိုက်လျှက်၊ တိမ်ထက်လှစ်ထွန်း၊ လအ၀န်းသို့၊ လေးကျွန်းရိပ်မှောင်၊ ဘုန်းအရောင်ဖြင့်၊ ပြောင်ပြောင်ဝင်းဝါ၊ ငြိမ်းချမ်းသာ၍၊ ပြည်ရွာတိုင်းကား ပွားစီမင်း။

၃၄။ သမ္ဘာရင့်ဖြိုး၊ ရှိးကောင်းကျိုးကြောင့်၊ တန်ခိုးထွန်းလျှံ၊ လူ့ထိပ်စံသား၊ ဘုန်းချွံရန်နည်၊ မင်းရို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသား၊ လိမ်မာက၀ိ၊ ပညာဟိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုခြင်းထွက်သံ၊ နားပါးခံလျှက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဉာဏ်ဝါကွန့်မြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ငြိ၊ ပညာဟိနှင့်၊ ပြည်ကြီးသေဌီနင်း၊ ပြည့်သျှင်မင်းရို့၊ မကင်းစီရာ၊ ဥပမာကား၊ ရတနာဂူ၊ နန္ဒမူ၌၊ မဥ္စူပန်းလား၊ ကျော်ထင်ယှားအံ့၊ နှစ်ပါးပေါင်းဖက်၊ အကျိုးနက်အံ့၊ ထမ်းရွက်ဆောင်ပြု၊ ပြည်ထဲမှုကြောင့်၊ စိငုမြင်ပြီး၊ ပညာကြီးကို၊ ထုံးတီးစုံရီး၊ ပုံစံမီး၍၊ ကျင့်ရေးလွန်စိတ် ဖြာစီမင်း။

၃၅။ ဆင်မြင်းရထား၊ ခြီသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မွမ်းဖြင်ဖြီးထွေ၊ များလှစီလော့၊ အနီမကျ၊ ရန်စစ်ထသော်၊ ဖြဖြလိုက်လံ၊ စစ်ဦးနှံမှ၊ ရွံ့လေရွံ့ရွံ့၊ နောက်မဝံ့တည့်၊ ဖို့ရွံ့ညည်းတည်း၊ ကြောက်ရွံ့သည်း၍၊ သရည်းလီဖွယ်၊ ရန်စစ်သွယ်လိမ့် ၊မပြယ်လီသိမ်း၊ စစ်မက်ကြိမ်းမူ၊ ပွန်းတီးမှုဆောင်၊ သူရဲခေါင်ကို၊ ဆင်ပြောင်မုန်တပ်၊ မင်းစီးအပ်၍၊ နောက်ထပ်အများ၊ ဆင်မြင်းပြားလျှက်၊ ရှိဖျားတည်တွင်၊ စစ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာသွင်၊ ဆင်လည်းချွန်းတည်း၊ မြင်းလည်းဇက်ချုပ်၊ ခြီသည်အုပ်လျှက်၊ စစ်ရုပ်အ၀န်း၊ ကော့ယွန်းတက်ဟန်၊ လှည်းသဏ္ဍာန်သို့၊ တတ်ပွန်းနားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥကပဒေဖြင့်၊ စစ်မြီအရပ်၊ စစ်မှူးကွပ်လျှက်၊ ရွပ်ရွပ်ထိုးခုတ်၊ ကြက်ရဲစုတ်သို့၊ အားထုတ်ကြိုးပမ်း လွန်စီမင်း။

၃၆။ သာများမစ္စ၊ စသည်အင်္ဂါ၊ ခုနစ်ဖြာကို၊ ပြည်ရွာပြကတိ၊ စုံစိလျှင်းအောင်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဖွယ်၊ နက်ဝန်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရီနီကောင်းလျှက်၊ ရဲလောင်းရင်တား၊ တံခါးတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တသိန်းဖြိုလည်း၊ မပြိုနိုင်မူ၊ ကြီးကျယ်ထုနှင့်၊ မျက်ယှုလှတင့်၊ တန်ဆောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ မြားမြောင်လက်နက်၊ မြို့ထက်ပတ်လျှောက်၊ စစ်တဲဆောက်၍၊ ရင်လျှောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွှဲ၊ စူးရဲကစ၊ အနီကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာပြည့်နှက်၊ ကြံစည်နက်လျှက်၊ ကြမ်းခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍၊ တန်ခိုးကျော်ထင် ရှားစီမင်း။

၃၇။ အမျိုးလေးပါး၊ ပုဏ္ဏားပုဏ္ဏေး၊ သဌီးသကြွယ်၊ ကုန်သွယ်သူပင်၊ သူထင်သူရှား၊ ပြည်နီများလျှက်၊ စပါးဆန်ရီ၊ ပြည့်လွန်စီလည်း၊ ပြောင်းပဲလူးဆတ်၊ အထပ်ထပ်လျှင်၊ အလပ်မြီနည်း၊ လုပ်ကြံဆည်းမှ၊ ပစ္စည်းဖြင့်ပြီး၊ ပြည်ကြီးလက္ခဏာ၊ ရီဆာလောက်ငံ့၊ စိနှံသိုထား၊ ဆီးသမားနှင့်၊ ဟူးရာမကွာ၊ တတ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံထက်၊ တုံ့ဖက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းတည့်၊ စောလောင်းကျင့်အပ်၊ စောင်မကွပ်လျှက်၊ ထူထပ်တိုင်းကား၊ အောင်ခြင်းများလီ၊ ပြည်ထောင်နီမျိုး၊ လုပ်ဆောင်ကြိုးလော့၊ မြင်းရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဖဲကို၊ ချစ်မြဲမြတ်လည်း၊ ကျေးလက်ပီး၍၊ သိမ်းမွီးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ လွန်းမင်းချစ်သနား တည်စီမင်း။

၃၈။ အခေါင်ကြငှန်း၊ လူ့ထိပ်ထွန်းသား၊ ဦးစွန်းအချာ၊ မင်းတကာရို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းအညီ၊ တူကြစီလော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးထောင်ကို၊ စိုးပိုင်နှိမ်နင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရဇာတိ၊ ရဲခြင်းဟိသည်၊ မိမိအစာ၊ ရှာလိုခါမှ၊ နီရာကျောက်ဂူ၊ ထွတ်လက်ပြူသော်၊ ရန်သူယှုကြည့်၊ ငဲ့လှည့်မျက်စောင်း၊ ခြိမ်းမောင်းဟောက်သံ၊ မြူးထူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွီးသံသောက်တုတ်၊ အားကိုထုတ်၍၊ ကိုက်ဆုတ်နှိပ်နယ်၊ ကြီးငယ်မဟူ၊ လူများထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၊ ရေးရာမျှော်ယှု၊ ခပ်သိမ်းမှုကို၊ ဗဟုကိစ္စ၊ ဟူသမျှလျှင်၊ လုံ့လပည်းတူ၊ အားကိုမူဖြင့်၊ ရန်သူစဲ၍၊ ပြည်ထဲပွင့်လင်း သာစီမင်း။

၃၉။ နရာဓိပတိ၊ သိဒ္ဓိထွဋ်တင်၊ မြတ်ဆုံးတင်သည်၊ ပြည့်သျှင်ဘုန်းလှိုင်၊ ကျင့်နည်းခိုင်၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူသော်၊ ဖြူသည်အဆင်း၊ မွှီးရောင်ဝင်းသား၊ လိုင်ကျင်းခြီရှည်၊ ထိုငှက်သည်ကား၊ ဖွေနီအစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာမြစ်လောင်း၊ ချောင်းမြောင်းကမ်းနား၊ သွားလာမွိညက်၊ ငြိမ်သက်ဣိန္ဒြေ၊ ထွေရှုစိမ့်စီ၊ မိန်းမိန်းနီလျှက်၊ ရီမှာပွက်ကျင်၊ ငါးကိုမြင်သော်၊ ခုန်မင်လျှပ်လျှပ်၊ ရအောင်ဟပ်သို့၊ ပြည့်ကွပ်လူမှူး၊ စောရန်ငူးလည်း၊ ဆူးဆူးကျင့်မူ၊ ဗျိုင်းမတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ အမွိစောင့်ယှောက်၊ သာလျောက်ဖြည်းဖြည်း၊ ကျင့်သိပ်သည်းလျှက်၊ တိုင်တည်းသမှု၊ မြော်ကြည့်ယှုမှ၊ အန်တုအန်ပ၊ အစထော်လော်၊ ပေါ်သည်အကြိုက်၊ ကွပ်ညှပ်လိုက်၍၊ နောက်၌ရန်မလာ စီနှင့်မင်း။

၄၀။ ဗာဟုဗလ၊ စသည်တွက်ရီ၊ အားငါးထွေဖြင့်၊ တိုင်းပြည်သေဌီနင်း၊ မင်းရို့သော်သာ၊ ပြည့်နိုင်ရာဟု၊ မြတ်စွာဘုရား၊ ဤလူများကို၊ ဟောကြားမိန့်မြွက်၊ ရွှေနှုတ်နက်ဖြင့်၊ မပျက်စီအောင်၊ ကျေးဇူးဆောင်လော့၊ လူဘောင်လူ့ထွဋ်၊ လူမင်းမြတ်တို့၊ ဆင်မှတ်တန်းဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အင်ငါးမည်တွင်၊ အထွဋ်တင်သား၊ မျက်ရှင်အလား၊ ပညာအားဖြင့်၊ စီးပွါးမြင်နိုင်၊ မြဲကြောင်းကိုင်၍၊ ပြည့်လှိုင်ကျေးဇူး၊ အထူးထူးထွင်၊ အမှူးစင်စစ်၊ ရှိလားဖြစ်လျှက်၊ အပြစ်ခွာယှောင်၊ အကျိုးဆောင်သား၊ တက်ခေါင်လိမ္မာ၊ မတ်ပညာကို၊ စီပါသုံးစွဲ၊ ကိုယ်၌မြဲကာ၊ ငရဲမလား၊ ရှိယှုလားလျှက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်လျှက်၊ သမန္တစက်၊ အမြင်နက်သား၊ ပွားတတ်ပညာ၊ မတ်လိမ္မာအား၊ ဆရာတစ်ဆူ၊ တိုင်ပင်မူလျှက်၊ ဆုံးမခက်သား၊ သူပျက်တစ်ယောက်၊ ပါယ်မကြောက်ကို၊ နှင်ခြောက်ခြိမ်းမောင်း၊ စီးတစ်ချောင်းလျှင်၊ ထောင်းထောင်းညက်ညက်၊ မျက်နှာဖျက်၍၊ ရန်ဘက်မညှာတာ စီနှင့်မင်း။

၄၁။ အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမတင်၊ ကမ်းမမြင်သား၊ ရီပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းရို့၊ စင်းလျှင်းမရှာ၊ စီးဝင်လာသို့၊ ချမ်းသာခေါင်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လှောက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊ အထွေအပြား၊ အပါးပါးလျှင်၊ ဝတ်စားတန်ဆာ၊ လိုရာရာတည့်၊ မကြာမတင်၊ ရောက်လာလျှင်လည်း၊ လိုချင်သမှု၊ မပြုလေကျင်၊ ပြည်ကြီးသျှင်ရို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကို၊ တရာ့တစ်စင်း၊ ထီးဆောင်းမင်းရို့၊ လက်ရင်းကျပ်သို၊ ကျွန်ပြုလိုလျှင်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင်၊ လိုအင်ပြည့်ခဲ၊ မရောက်ရဲတည်း၊ ပြည်ထဲသေဌီနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၏၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊ ဖြင်ပည်းခိုင်ဖြီး၊ ကြွယ်မြောက်ပြီးမှ၊ သစ်သီးခိုင်ညွတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊ ချိုမြိန်စွာသို့၊ ပမာထို့ဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်ခိုင်ပြွတ်၊ ပြည်သီးဆွတ်လျှက်၊ အလွတ်မစား၊ အချို့ထား၍၊ အများကျွေးမွီး၊ ဝီငှပီးသည်၊ ကျင့်ရေးတတ်လိမ် မာစီမင်း။

၄၂။ ဝသုန္ဒရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးဘုန်း၊ ကုသိုလ်မှုန်း၍၊ ခါဆုန်းချိန်သင့်၊ ကြာနှယ်ပွင့်သား၊ ရင့်သည့်တေဇ၊ တန်ခိုးပလျှက်၊ လူများမျက်စိ၊ နရာဓိတို့၊ ဂတိလေးပါး၊ မမှားစီအောင်၊ ကျေးဇူးဆောင်၍၊ တည်ထောင်ကမ္ဘာ၊ အစစွာက၊ ဆရာမနု၊ ရသေ့ပြုသား၊ လူမှုဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ ခပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဘက်သား၏၊ အကြားလယ်မှန်၊ ချိန်ခွင်မှန်သို့၊ ဧကန်ကျကျ၊ မီးမြန်းမှလျှင်၊ မဆမတွေး၊ ရှုံးနိုင်ပီးလော့၊ အရေးအလျောက်၊ မဖောက်မှန်ကန်၊ ကျမ်း၌မှန်သား၊ ရှိးလွန်နည်းမှီး၊ ထုံးတည်းမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်ထွင်းထွင်း၊ ကြံထိုးယွင်းလျှက်၊ စင်းစင်းမတ်မတ်၊ တရားဖြတ်၍၊ လူနတ်ကောင်းချီး ငြာစီမင်း။

၄၃။ မဟီပတိ၊ ယသဿိဟု၊ မြီကြီးသခင်၊ စီးစိမ်ပြင်သား၊ ကျော်ထင်လူ့ပြည်၊ မင်းရို့သည်လျှင်၊ အရှည်မမျှော်၊ မတော်အလျား၊ မိလျော့ငြား၍၊ တရားမစောင့်၊ မဖြောင့်မစင်း၊ အကျင့်ယွင်းမူ၊ ထိုမင်းလက်ထက်၊ မြီကြီးလျှက်လည်း၊ သက်ခသြဇာ၊ အောက်မှာရွိလီ၊ ထဲတဗွီ၌၊ နီဘိရကား၊ အမြားပည်းဖြင်၊ ရောက်လှည့်ကျင်သား၊ သစ်ပင်သစ်သီး၊ မကြီးလုံးဖန်၊ အမွန်ရသာ၊ သြဇာမဟိ၊ ပျက်သိသိတည့်၊ ထို့ပြီးအပ၊ ဆီးဝါးစသည်၊ တေဇမထက်၊ ပျက်ခဲ့ရသာ၊ စားလီပါလည်း၊ အနာလွတ်ခဲ၊ ရွိရွိရဲလျှက်၊ ကောင်းမြဲမကောင်း၊ မိုးလီနှောင်း၍၊ သောင်းခကောက်ပင်၊ ပျိုးမရှင်တည့်၊ ပြည့်သျှင်မင်းကြီး၊ တရားမှီးမူ၊ မြီကြီးရသာ၊ သြဇာတိုးတက်၊ ချိုမြက်သစ်သီး၊ အကြီးလုံးလှ၊ ဆီးဝါးစသည်၊ တေဇထက်မြတ်၊ ရောဂါလွတ်၍၊ ရွာဆွတ်မိုးကောင်း၊ ကောက်မသောင်းတည့်၊ မင်းကောင်းရို့ကြောင့်၊ တရားစောင့်လော့၊ သျှစ်သောင်းမြီပြင်၊ ရန်ကိုသင်လျှက်၊ ပြည်တွင်းပြည်သူ၊ ခပ်သိမ်းလူလည်း၊ ဆုယူများစွာ၊ ချစ်ကြင်နာ၍၊ မေတ္တာမိုးကြီး ရွာစီမင်း။

၄၄။ လင်္ကာဒီပ၊ သီဟဠဟု၊ နာမပြဋ္ဌာန်း၊ သီဟိုကျွန်း၌၊ ထွန်းသည်နီသွင်၊ တန်ခိုးထင်သား၊ သင်္ခဗောဓိ၊ အမည်ဟိသည်၊ မင်းကြီးကျင့်ထူ၊ နှလုံးမူလော့၊ နတ်လူချစ်ပြင်း၊ ထိုသည့်မင်းကား၊ စောင့်ခြင်းတရား၊ မယွင်းမှားတည့်၊ ခိုးသားပူလောင်၊ ခေါင်သည့်မိုးနှင့်၊ နတ်ဆိုးဘီလူး၊ စားကြူးလူသား၊ ဘေးသုံးပါးကို၊ သိကြားနတ်တိုင်၊ ဓိဌာန်လှိုင်လျှက်၊ အသက်စွန့်စား၊ ပြည်သူများကြောင့်၊ ဖိတားပျောက်စီ၊ မိုးကောင်းစီ၏၊ ကျင့်ထွေလိုလား၊ မတတ်ငြားလည်း၊ ရှိုးရှာဆိုးကောင်း၊ ကျိုးတကြောင်းမျှ၊ မင်းကောင်းမှန်ကဲ၊ ကျင့်မူရဲလော့၊ ဖောက်လဲတတ်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘဲ၊ ကျေးဇူးသော်မူ၊ သူတော်လူရို့၊ ပြောမူမြင့်ကြာ၊ ချီးမွမ်းရာလျှင်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှိထုံးနည်းခိုင်း၊ ကောင်းကျင့်လှိုင်း၍၊ လူတိုင်းအံ့အဲ၊ ချီးမွမ်းကဲလျှက်၊ မြင့်မြဲကျေးဇူး ကြာစီမင်း။

၄၅။ သဟဿနေတ္တ၊ ဝါသ၀ဟု၊ သက္ကသူရိန်၊ ဒေဝိန်ထွဋ်ထား၊ မိုးသိကြားလျှက်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ သွယ်ကာရန်ထောက်၊ နတ်လေးယောက်ကို၊ စောင့်ယှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊ တန်ခိုးထွန်းလင်း၊ လရို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊ ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မခဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်လျှက်၊ ကြံစည်နက်နဲ၊ မှုထမ်းရဲသား၊ ခက်ခဲရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဖို့ခြား၍၊ လေးပါးဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်မကောင်း၊ မပီးကောင်းဟု၊ အကြောင်းစုံစမ်း၊ ရှိကျင့်တမ်းဖြင့်၊ မှုထမ်းအစေ၊ ကွပ်ညှပ်ပေ၏၊ လူ့ဆွီသိကြား၊ လူမင်းဖျားလည်း၊ လေးပါးထပ်တူ၊ ပမာယူလျှက်၊ ပြည်သူစောင့်ယှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက်လူ့ဘောင်၊ ပြည်ထဲဆောင်၍၊ ပြည်ထောင်ကြောက်ရွှံ့ ယှားစီမင်း။

၄၆။ အခါတပါး၊ မြင်မိုရ်ဖျား၌၊ သိကြားနီရာ၊ စစ်ပြုလာသည့်၊ ပြင်းစွာမျက်သျှိန်၊ အသူရိန်ကို၊ ဒေဝိန်သက္က၊ စီးချင်းချ၍၊ ဒေဝသဘာ၊ သုဓမ္မာဟု၊ သာသည်ဇရပ်၊ အမိုးရပ်တွင်၊ နောင်ကြပ်အမြဲ၊ တုပ်၍ဆွဲသော်၊ ဆဲဆဲရေးရေး၊ ဟစ်ကြွီးရွီရွတ်၊ တတွတ်တွတ်လျှင်၊ အပတ်တကုတ်၊ ကြမ်းကြုတ်စကား၊ နတ်မင်ဖျားကို၊ နွားနှင့်အတူ၊ ငရဲသူဟု၊ ကလူကစာ၊ ဆဲရေးရှာလျှက်၊ မျက်မထွက်တည့်၊ ဆိုဘက်မထိုက်၊ ယင်းသူမိုက်ဟု၊ မှတ်ပိုက်သောထွေ၊ သီးခံစီ၏၊ ရွှေမြေရပ်စည်၊ ရွှေနန်တည်သား၊ နတ်ပြည်သေဌီနင်း၊ သိကြားမင်းလျှင်၊ ခံပြင်းသီးညည်း၊ အမျက်နည်း၍၊ ရီကြီးတောတောင်၊ အာဏာဆောင်သား၊ ဘုန်းခေါင်ထွန်းလင်း၊ လူရို့မင်းလည်း၊ ပုံခင်းကျမ်းလာ၊ ထိုထိုစာ၌၊ ပြင်းစွာအမျက်၊ မထွက်ဖို့ရာ၊ ချုပ်မြစ်ထာလော့၊ ပညာတိုင်တည်း၊ မျက်မာန်နည်းလျှက်၊ လူလည်းပြောဟော၊ နတ်ချစ်မောသည်၊ ကျော်စော ချီးအံ့ ဩစီမင်း။

၄၇။ လောကသာရ၊ ကျမ်းဂန္တ၌၊ ဓမ္မရသာ အလင်္ကာဖြင့်၊ တန်းဆာလည်းဆင်၊ ဖွဲ့စီရင်လျှက်၊ ကျမ်းမြင်ထွေပြား၊ အပါးပါးတည့်၊ များသည့်ထုံးနည်း၊ မှတ်ဖွယ်ချည်းလျှင်၊ ပမည်းပမာ၊ နည်းနာနယ၊ ပွတ်ပုံချသို့၊ ခတ္တိယရာဇာ၊ ဇနာဓိပ၊ ဘူပါလဟု၊ လောကထွဋ်ဖျား၊ မင်းရို့အားကို၊ စီးပွါးချမ်းသာ၊ ဖြစ်စိမ့်ငှာလျှင်၊ ပညာသေတ္တု၊ စည်းရုံးပြုလျှက်၊ ကျင့်မူဆန်းပြား၊ ဆုံးမကြားသော်၊ ကောင်းဖျားမွန်ရည်၊ ကျော်စောသည်ကား၊ အမည် ရာဇာသာရတည်း။....။

(တတိယပိုင်း)

၄၈။ မှတ်ကုန်ကြလော့၊ ဗြဟ္မာ့နွယ်ဖွါး၊ ပုဏ္ဏားမျိုးရို့၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှိဖျားကမ္ဘာ၊ မစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆီးသမားနှင့်၊ ဟူးရားကြယ်မြင်၊ ကောင်းကင်နက်သတ်၊ တတ်သည်တချို့၊ မီးပူဇော်သို့၊ ဖြော်ဖြော်မန်းရွတ်၊ ဂြိုဟ်နတ်သန္တီး၊ ဦးဆီးတခြား၊ ခေါင်အားဗေဒင်၊ သိမြင်နှံ့စပ်၊ မေးကပ်ကပ်နှင့်၊ ကလာပ်ဗျဉ္ဇီ၊ ဒဏ္ဍီဝိဒဂ်၊ ကျမ်းခက်ဗျာကရိုဏ်း၊ တတ်နှိုင်းတခြား၊ ဤလေးပါးကို၊ ပုဏ္ဏားရို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆီးသမားလည်း၊ ဆီးဝါးတတ်ပွန်၊ ဆီးကြန်လေ့ကျွမ်း၊ ဗိန္ဓောပြွမ်း၍၊ ဆီးကျမ်းထိုထို၊ သာရကိုလည်း၊ ဖွင့်ဆိုတတ်ကျယ်၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ၊ သွီးလီချောက်ယှား၊ သလိပ်များက၊ စသည်ရောဂါ၊ အနာအမျိုး၊ ကိုးဆယ်ခြောက်ပါး၊ အပြားပြားကို၊ မမှားလတ်အောင်၊ ကုသဆောင်၍၊ အခေါင်သမား မြောက် စီမင်း။

၄၉။ ဟောရဂန္တ၊ ဂဏနဟု၊ သိပ္ပဟူးရာ၊ တတ်မြောက်မြား၍၊ ပုဏ္ဏားနွယ်ရိုး၊ သူကောင်းမျိုးရို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအင်ထုတ်၍၊ အဟုတ်လေ့လ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းဆန်ဓူဝန်း၊ ဂြိုဟ်သွမ်းခွဲခြမ်း၊ ထုတ်နိုင်စွမ်းအား၊ စုံစမ်းစိရီ၊ များထွေမဏ္ဍပ်၊ ထပ်ကြပ်ရောဂါ၊ ကာလစက္ကိ၊ အမြိတစုတ်၊ ဖော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တဗီသ၊ လှည့်ထနက္ခတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသိရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ နီလကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ ထုံမွန်ကားကား၊ အသားအရိုး၊ စုပြည့်ဖြိုးလျှက်၊ ဟိုးဟိုးထင်သိ၊ ပညာဟိဟု၊ ကိတ္တိထင်ယှား၊ ဗြဟ္မာသားရို့၊ ဟူးရားတတ်ခေါင့် မြတ်စီမင်း။

၅၀။ သာမယဇု၊ ဣသျှုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘမျိုးစစ်၊ အဖြစ်မြတ်လှ၊ ဗြဟ္မာဏဟု၊ တွင်ထမည်သာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျှက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဘယ်ပတ်ခြုံ၊ စပယ်ရုံလျှက်၊ တင်တုံစလွယ်၊ လိုင်မှာမကင်း၊ ခရုသင်းနှင့်၊ အလင်းရသည်၊ ပတ်စည်ကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဆံအုပ်နှင့်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်း၍၊ စိုးမင်းရို့ရှိ၊ မရွိမတ်မတ်၊ ဖောင်ဖောင်ရွတ်လျှက်၊ စိမ်းလတ်မြသွင်၊ နီစာပင်နှင့်၊ ရီစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်ရို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျှက်၊ ပစ္စည်းပေါယယ်၊ ဗြဟ္မာကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စီမင်း။

၅၁။ ဥဒည်းမဇ္ဈင်၊ နီဝင်အခါ၊ ညစာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာလျှက်၊ ကြောင်းခြာခွဲစိတ်၊ ပရမီသွာ၊ မဟာပိန္နဲ၊ ဘေးလွှဲရန်ဖီ၊ နတ်စန္စီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျှက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဦးခေါင်းသန္တီး၊ နိတိုင်းဆီးလျှက်၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ကြံပွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးယှောင်ကြဉ်၊ မယှဉ်သက်သတ်၊ အကျင့်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတိ၊ ခုနစ်နိလျှင်၊ စိလတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ စိတ်ကြည်မြတ်လည်း၊ အလှူပီးလော့၊ ရှိးကလွန်လီ၊ ရှိးရိုးပီသား၊ မျိုးဆွီကျင့်မြဲ၊ မှတ်သုံးစွဲလျှက်၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နတ်ပြည် ရောက်စီမင်း။

၅၂။ ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါ်ဂြိုဟ်နှင်၊ ဗေဒင်ရွတ်မန်း၊ မန္တန်တန်းလျှက်၊ ကျယ်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့သျှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆီးပီးဦးခေါင်း၊ ဘိသိက်လောင်း၍၊ သူကောင်းသူမြတ်၊ လွတ်စီအနာ၊ ဥပါဒ်ခွာလော့၊ ပြည်ရွာစီးပွါး၊ များစိမ့်သမှု၊ ဟုတ်တိုင်းပြု၍၊ စုဘိကျီးခဲ၊ ရဲရဲမီးတွင်း၊ လောင်ခြင်းဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်လျှင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဖန်များစုရွတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍၊ လူဘော်ရန်စစ် ပျောက်စီမင်း။

၅၃။ ကျေးဇူးပညာ၊ များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ၊ ပညာဟိဟု၊ ကဝိပုဏ္ဏား၊ အများသမိုက်၊ သင်္သကရိုက်ကို၊ မြှိုမြှိုက်လျှာဖျား၊ စက်ထားရဟတ်၊ ပိဋ္ဋကတ်သွင်သွင်၊ နှုတ်သံလွင်နှင့်၊ ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျှက်၊ ကျင့်ခန်းထွေပြား၊ အပါးပါးတည့်၊ မှတ်သားကျယ်ဝန်း၊ ဆန်းအလင်္ကာ၊ နားဝင်စွာ၍၊ ဂါထာဖွဲ့စွမ်း၊ ချီးမွမ်းစလောက်၊ မင်းပွဲမှောက်တွင်၊ တယောက်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိတ်ဆရာ၊ မြောက်ထိုက်စွာလျှက်၊ ဒိသာပါမုခ်၊ မည်ထုတ်ကျော်အောင်၊ ကြိုးပမ်းဆောင်၍၊ တတ်ခေါင်လိမ္မာ၊ ရှိအခါ၌၊ ဆရာမြောက်လှ၊ ဇနက္ကသို့၊ လုံ့လကြိုးစား၊ မင်းရို့အားကို၊ စီးပွားရောက်အောင်၊ ကျေးဇူးရောင်ဖြင့်၊ လူ့ဘောင်ထွန်းလင်း တောက်စီမင်း။

၅၄။ လက္ခဏာကြန်၊ တတ်ပွန်လေ့လာ၊ မင်းဖြစ်ရာသား၊ လက်ညာဖဝါး၊ အခြားပျက်ပျက်၊ ခြီထက်သက်၍၊ လက်သည်းများသွင်၊ အရေးမြင်မူ၊ မင်းလျှင်စစ်စစ်၊ ဖြစ်အံအမြဲ၊ မချွတ်လွဲဟု၊ ဝမ်းထဲမရွံ၊ လိုင်ဖြတ်ခံလော့၊ ထုံးစံမှတ်သား၊ နည်းနာများကို၊ ပုဏ္ဏားမျိုးကောင်း၊ လူအပေါင်းတွင်၊ ကဲဆောင်းတတ်လွန်၊ ကောဏ္ဍဉ်းဟန်သို့၊ ဟောညွန်လက္ခာဏာ၊ တတ်လှစွာ၍၊ ပညာကဝေ၊ မြောက်သောထွေဖြင့်၊ အသေအချာ၊ နာနာသိပ္ပ၊ ကိစ္စတတ်ပွန်၊ မန္တန်ပြီးစီး၊ နတ်ကြီးသူရဿတီ၊ ပင့်ချီခေါ်ချ၊ စကားရလျှက်၊ ပေါက်ပြကျော်ထိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ မြောက်စီမင်း။

၅၅။ ကျယ်ဝန်းစကြာဝဠာ၊ ကမ္ဘာတည်စ၊ ပေါ်ဦးကလျှင်၊ ဗြဟ္မာနွယ်ရိုး၊ ကျော်ဟိုးဟိုးတည့်၊ ကောင်းကျိုးစင်ကြယ်၊ လေးသွယ်ဗေဒင်၊ တတ်ပြီးစင်သား၊ လူတွင်ထင်ယှား၊ ပုဏ္ဏားများကို၊ ကျင်စီလို၍၊ သံချိုလင်္ကာ၊ ထုံးပမာဖြင့်၊ နည်းနာထွေပြား၊ မှတ်စိမ့်ကြားသည်၊ တခြားတတိယပိုင်းတည်း။...။

ဆက်လက်လေ့လာရန်[edit]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.