လောကနီတိပျို့

From Wikisource
Jump to navigation Jump to search
လောကနီတိပျို့

ခပ်သိမ်းသွယ်သွယ် လူမျိုးနွယ်ကို သိလွယ်စေခြင်း ကျော်ထင်လွန်ပတ် ဘုန်းတော်မြတ်မည် ငါသည်ဖော်ပြ လောကနီတိ မည်ရှိမှတ်ရာ ကျမ်းဂါထာကို ကဗျာယျဉ်နု မြန်မာမှုဖြင့် အောင်ဆု ပတ်လွမ်း စီရင်အပ်သည် သာပြန့်သာလေး ပြီးလွယ်ရေး။

ရတနာသုံးပါး အပေါင်းများကို ညွတ်တွားကြည်နူး ရှိခိုးဦး၍ ထူးထူးကျမ်းမှ ဖော်ထုတ်ရသား လောကနီတိ အနှစ်ရှိကို သိစလွယ်ငှာ အကျဉ်းသာလျှင် ဘာသာမှန်လှ မာဂဓဖြင့် ပြသာသာညံ့ ဟောပေအံ့။

ဤလူ့ရွာဝယ် ဆန်းကြယ်စွာဘိ နီတိတွင်မည် ဤကျမ်းသည်ကား ယောက်ျားတကာ သူငါတို့နှင့် ဖြစ်သည်မှန်ဘိ အမိလည်းရ အဖလည်းပါ ဆရာလည်းမှန် ခင်ပွန်းလည်းမည် အကျဉ်းသည်ဖြင့် ခေါ်မည်သာကျမ်း နီတိကျမ်းကို အစွမ်းထင်ရှား ယောက်ျားတကာ သိကြပါ၍ မရွေ့ဖြောင့်ဖြောင့် ထို့ကြောင့်မှန်စွာ ဉာဏ်ဝါလည်ပတ် ဘုန်းတော်မြတ်ပင် ကြားမြင်လည်းများ အခြားခြားသည် စီးပွားလင်းပွင့် ကျော်ဆင့်ဆင့်။

ကောင်းစွာမရှောင် နားထောင်သူအား အကြားအမြင် ပွားလောက်မြင်၏ ဂုဏ်အင်ပွား၍ ပညာလွေ့၏ အောက်မေ့ဉာဏ်နှင့် ဆင့်ဆင့်မနား ကျိုးစီးပွားကို ထောက်ထားစာနာ သိလိမ္မာ၏ သိပါသူသည် အရှည်ချမ်းသာ မင်္ဂလာကို အခါလေးမြင့် ဆောင်တိုင်းတင့်။

ပျင်းထသူအား တတ်များသင်မှတ် ဘယ်မှာတတ်အံ့ လွတ်လွတ်ပညာ မတတ်ပါက ဘယ်မှာလောက်ငှ ဥစ္စာရအံ့ လျှလျှဥစ္စာ မဲ့သူမှာကား ဖွဲ့ရာခင်ပွန်း ဘယ်မှာမှန်းအံ့ ဖြောင့်တန်းချစ်သူ မရှိမူကား ကြီးထူးချမ်းသာ ဘယ်ရပါအံ့ ခန္ဓာညှိုးသန်း စိတ်မချမ်းမှု စွဲလမ်းကောင်းမှု ဘယ်နှယ်ပြုအံ့ ကောင်းမှုပုည မရှိကမူ မြတ်လှဆုံးစွန် နိဗ္ဗာန်ဘယ်မှာ ရလိုပါအံ့ သံသာဆင့်ဆင့် ရှည်ကြာမြင့်။

ပထမအရွယ် ငယ်ကအတတ် သင်မှတ်မရ ဒုတိယအရွယ် ဖြစ်ခါဝယ်လည်း လိုမဲ့ဥစ္စာ မရပါကဲ့ မြင့်ကြာတတိယ အရွယ်ကလည်း ဓမ္မတရား မသိငြားမူ ရေးသားရွတ်ရို အိုသည်ရွယ်ကြ စတုတ္ထမှ ဘဝနှစ်ပါး စီးပွားချမ်းသာ ဘယ်ရပါအံ့ သံသာရှည်ဝေး ဒုက္ခရေး။

အကြင်မည်မှန်း ရေသဖန်းသီး မှည့်ပြီးလုံးလှ ပုရွရွသည် အပပြင်မှာ နီတျာရွှင်းရွှင်း ရဲရဲခြင်း၏ အတွင်းသည်ကား ပိုးတီစားသာ ယုတ်မာပျက်ချော် သူမတော်၏ တွေးခေါ်ဟသည့် စကားရည်လည်း စံတည်မပြား ထိုအလားသည် မမှားဆိုရေး ပုံမဝေး။

အကြင်မှည့်ပြီး ပိန္နဲသီးလည်း ချည်းနှီးဆူးတည့် အပေါ်ရှိ၏ ဖုံးဖိကွယ်ကာ အထဲမှာကား ကောင်းစွာရသ ပြည့်စုံလှ၏ ဉာဏဂုဏ်ထွတ် သူတော်မြတ်တို့ နှုတ်လွှတ်ဆိုသည့် စကားရည်လည်း စံတည်တူရှိ ပိန္နဲမှည့်သို့ ရှိ၏ပုံသွေး မျှတပြေး။

ပိတုံးတို့သည် မွှေးကြည်အေးချို ပန်းကိုလို၏ ထိုထိုနှံ့သိ ပညာရှိ၏ အကြည်းလောက်ဖြင့် ဂုဏ်လိုချင်၏ ယင်းတို့သည်ကား ပုပ်စပ်များကို ရှာစားတောင့်တ လိုရှိကြ၏ ယုတ်လှအမူ မကောင်းသူသည် ဗဟူဆရာ သုပစ္ဆာကို ကြံကာအောက်မေ့ လိုရှိလေ့သည် မျှော်၍စီးစောင့် အသင့်ချောင်း။

ဥဩတို့မှာ ဆင်းပြည့်လျာကား သာသည်သံမျှ ချိုမြပြတည့် မိန်းမတို့၏ ဆင်ပြင်ပြည့်မှု ဖြော်ဖြည်မြတ်လေး လင်လုပ်ကျွေးတည့် ရင်သွေးရုပ်ဝါ ပြင်လျှားတတ်ညား ယောက်ျားသားတို့ မှုထားရုပ်ရည် ဆင်းဝါသည်ကား ထူလည်းများစွာ တတ်ပညာတည့် အရိယာသိမ်မွေ့ ရသေ့မည်မှန်း ရဟန်းတို့ဝယ် ဆင်းနိကယ်ကား အံ့ဘွယ်လွန်းမင်း သီးခံခြင်းဖြင့် ဖက်ကင်းလွန်ရှောင်း ဝင်းရောင်မောင်း။

မိန်းမတို့မှာ ဥစ္စာသည်ကား နုထွားရောင်ဆင်း လှပခြင်းတည့် မယွင်းဖြောင့်သား ယောက်ျားတို့မှာ ဥစ္စာသည်ကား ဘိုးဘွားရိုး အနွယ်မျိုးတည့် တန်ခိုးထူးထွေ မြွေတို့ဥစ္စာ အဆိပ်သာတည်း မြေချာသေနင်း မင်းတို့တံထွာ ဥစ္စာသည်ကား ဗိုလ်ပါအားတည့် ဖြောင့်သားမယွင်း ရဟန်းတို့မှာ ဥစ္စာသည်ကား ဖြူထွားစင်လှ မြတ်သီလတည့် ဗြဟ္မဏမှန်ငြား ပုဏ္ဏားတို့မှာ ဥစ္စာသည်ကား မှတ်သားမြဲပင် အစင်စင်သည် ဗေဒင်ဆိုကောင်း လေးပုံပေါင်း။

ဤလူ့ရွာတွင် များပင်ရွက် ထိစိတ်သစ်ပင် ရိပ်သည်ထိပ်က မိုးကာ ချမ်းသာစွာ၏ ဆိုရာတို့ထက် ဆထက်တိုးပွား မျိုးဆွေဝါး၏ ပိုက်ဖျားရိပ်မှာ ချမ်းသာစွာ၏ ဆင့်ကာတို့ထက် ဆထက်လဲလှ မိဘတို့ရိပ် ခိုအိပ်ဖျော်ဖြေ နေရသည်မှာ ချမ်းသာစွာ၏ ဆိုရာတို့ထက် ဆထက်လွန်စွာ ဆရာတို့၏ ရှုကြည့်မိုးနေ အရိပ်ဝေမှာ ချမ်းသာစွာ၏ ဆင့်ကာတို့ထက် ဆတက်ထွေထူး ကွပ်မှုစိုးနှင့် မင်းတို့ဘုန်းရိပ် ခိုအိပ်ဖျော်ဖြေ နေရသည်မှာ ချမ်းသာစွာ၏ ဆင့်ကာတို့ထက် ဆထက်လွန်လှ ဘုရားသာသနာ အရိပ်သာလျှင် ကောင်းစွာချက်ကြ ချမ်းသာလှသည် တူမြဲပြိုင်ရှင်း ဖက်လွတ်ကင်း။

တောင်တည့်တောင်တည့် ဆို့လှည့်ရငြား ပတ္တမြားရောင်မြူး မရှိဘူးထိ မုန်ရူးဖြောင့်လျှင် ဆင်ဆင်ဆိုတိုင်း ဆုံးပိုင်းအနေ မြူတေဂုဏ်ထူး မရှိဘူးတည့် အကျူးထူးမော တောတောထူးထွေ ရှိလေသမျှ စန္ဒနကြိုင်မြူး မရှိဘူးတည့် ထူးထူးရပ်ရွာ ခပ်သိမ်းမှာလည်း ပညာရှိမြတ် သူတော်ထွဋ်တို့ မြဲမှတ်အနေ မရှိခြေသည် စဲထွေလွန်မင်း ခက်ဘိခြင်း။

စကားရုပ်ထူး ကြမ်းကြုတ်သူအား မဖြူစိတ်ထား ခင်ပွန်း ရှား၏ စကားကြည်ဖြူ နူးညံ့သူအား ကြည်ဖြူစိတ်ထား ခင်ပွန်း များ၏ မှတ်သားစရာ သည်အရာဝယ် ရှိန်ဝါချမ်းမြ နေနှင့်လကို ယူဆပမာ သိကောင်းစွာသည် နေမှာပူရှင့် လတူကျင့်။

ဆရာတို့ကို ကြည်ညိုဝမ်းမြောက် မျက်မှောက်ထင်စွာ ချီးမွမ်း ရာ၏ မေတ္တာချစ်နေ ခင်ပွန်းဆွေကို ကွယ်နေရာမှာ ချီးမွမ်းရာ၏ စေပါထံပါး သူတို့အားကို ခံထားမှုဆောင် အောင်ပြီးမှသာ ချီးမွမ်း ရာ၏ ကြင်နာဆပွား သားမယားကို ရှည်လျားသက်နေ မသေတမျှ သည်ပါအားရန် မချီးမွမ်းယာ မှန်လှစွာသည် ညှာတာထောက်ထောက်ထားထားတည်း။

ရဟန်းဖြစ်က ကြုံလျှော့မှတ်ပင် ရှုကြစသာ တင့်တယ်ပါ၏ သတ္တဝါထွေထွေ အခြေလေးခု စတုပါဒါ ရှိသည်မှာလည်း ရေဆာပြည့်ဝ ဆူဖြိုးမှပင် ရှုကြစသာ တင့်တယ်ပါ၏ မြတ်စွာမျိုးမည် ယောက်ျားသည်လည်း ထူးလည်းထွေလာ ဝိဇ္ဇာသိပ္ပ တတ်မြောက်မှပင် ရှုကြစသာ တင့်တယ်ပါ၏ ပြင်လျှာနတ်ရည် မိန်းမသည်လည်း စံသည်သက်မျှ လင်ရှိမှသာ တင့်တယ်ပါသည် ကြောင့်ကြမှန်မှန်ကားကားတည်း။

အလွန်တတ်ငြား စောင်းသမားလည်း မှတ်သားရေတွက် ငါးရက်တခါ မှန်စွာနေ့ည မတီးရမူ လက်မလက်ညှိုး ဖြိုးဖြိုးရွရွ မရတုံရာ လေ့လာတတ်ငြား လေးသမားလည်း မှတ်သားရေတွက် ခုနစ်ရက်အလွန် မေ့ကြံလက်ချ မပစ်ရမူ နေကြဧကန် မမှန်တုံရာ များစွာပေတောင်း မယားကောင်းလည်း ရက်ပေါင်းသုံးဆယ် များကြွယ်သင်္ချာ လင်နှင့်ကွာမူ မူရာကျင့်ချွတ် ပျက်စီးတတ်သည် စိတ်လွတ်ထွေထွေပြားပြားတည်း။

စစ်မြေရပ်မှာ စွမ်းမာကျော်သောင်း သူရဲကောင်းကို နှစ်ထောင်းတောင့်တ လိုရှိကြ၏ တကွရောဝင် တိုပင်ရာမှာ ဖွာဖွာလဲလဲ မရဲမရို မဆိုလွယ်ကူ သိပ်သီးသူကို ကြံယူတောင့်တ လိုရှိကြ၏ ခဲလှရေးရာ မှုရှိခါဝယ် ပညာရှိကို တောင့်တဆိုသည် အလိုရှိကြစမြဲတည်း။

မဆုတ်မရှောင် ရဲခေါင်ကျော်သောင်း ယောက်ျားကောင်းကို ထောင်ထောင်တိုက်ဖောက် စစ်ပြန်ရောက်မှ ချီးမြှောက်ဝမ်းသာ ပြောပါရ၏ ဥစ္စာစပါး စသည်များကို သိုထားအိမ်ရောက် သိမ်းရာမြောက်မှ ချီးမြှောက်ဝမ်းသာ ပြောပါရာ၏ အစာထမင်း အမဲဟင်းကို ကိုယ်တွင်းဝင်ရောက် ကြေပြီးမြောက်မှ ချီးမြှောက်ဝမ်းသာ ပြောပါရာ၏ ချစ်စွာရွယ်ပျို မယားကိုလည်း ရွတ်ရိုပိန်ခြောက် ရွယ်လွန်မြောက်မှ ချီမြှောက်ဝမ်းသာ ပြောပါရာသည် မှန်စွာမချွတ်မလွဲတည်း။

ပျင်းခြင်းသည်ကား ပညာရှား၏ ကြောင်းလျားမှန်စွာ မှတ်စရာတည့် ချမ်းသာခန့်ညား အကောင်းစားကာ နေခြင်းမှာလည်း တဏှာရန်မက် ပွားတက်များအံ့ ကြောင်းလျားမှန်စွာ မှတ်စရာသည် ပညာအသင့်ကျအောင်ချင့်။

မြေကြီးသေနင်း အရှင်မင်းလည်း ညဉ့်ကင်းရောက်ခါ တစ်ယံသာလျှင် လျောင်းကာအသာ စက်ပျော်ရာ၏ အရိယာသိမ်မွေ့ ရသေ့မည်မှန်း ရဟန်းပုဏ္ဏား ထိုနှစ်ပါးကား ပျော်ပါးသာစံ နှစ်ယံမျှသာ အိပ်ပျော်ရာ၏ များစွာပြီးထူ မှတ်မဲ့လူကား ပျော်ထူးသာစံ သုံးယံမျှသာ အိပ်ပျော်ရာ၏ ဥစ္စာမဲ့ငြား သူတောင်းစားမူ ထွေပြားမကြန့် လေးယံလုံးလုံး ဆုံးအောင်ပင်ကို အိပ်လိုသမျှ စိတ်ချဝမ်းသာ အိပ်ပျော်ရာသည် ဖွေရှာမကြံ မစည်တည်း။

ပညာလိုချင် အတတ်သင်မူ ကြည်လင်အသာ သွန်သင်ရာ၏ ဥစ္စာလိုချင် ရှာလိုလျှင်လည်း ကြည်ကြည်သာသာ ရှာဖွေရာ၏ မြင့်စွာတောင်ပေါ် တက်တုံသော်လည်း ဖြေဖျော်အသာ တက်သွားရာ၏ ဝမ်းသာရွှင်ပျ ကာမချမ်းသာ ခံသည်မှာလည်း နည်းစွာအသာ ခံစားရာ၏ မျက်ပါမုန်းထား စိတ်ဆိုးငြားလည်း ဆီးတားအသာ ထွက်စေရာ၏ သင်္ချာငါးမည် သည်မျှသည်ကို အကြည်ကြည် ငန့်သည်ရွယ်ချောင်း ဖြစ်စေကောင်းသည် လျှင်ချောင်းမလိုခဏတည်း။

ထွဋ်ဧကရာဇ် မင်းအဖြစ်နှင့် ထွန်းလင်းဉာဏ်ဝါ ပညာရှိစစ် သဘောဖြစ်မူ တဆစ်တရံ နန်းစံရွယ်ခြူး မတူကြလျှင် ပြည့်ရှင်မင်းကို ပြည်တွင်းဝယ်သာ ကြောက်စွာခယ ပူဇော်ကြ၏ သိပ္ပစုံအင် ပညာရှင်ကို ရပ်ခွင်ရှေ့နောက် တောင်မြောက်မျက်နှာ ရောက်ရာရာပင် သဒ္ဒါကြည်စွာ ပူဇော်ကြသည် နှိမ့်ချအရိုအသေတည်း။

လည်ဝယ်လည်ဝတ် မိဘမှတ်သည့် သီးပွတ်အလား ချစ်သည်သားကို ဖန်များနေ့တိုင်း သုံးပိုင်းမပြတ် အတတ်ပညာ သင်ကုန်ပါလော့ မူရာဘယ့်ကြောင့် ဆောင့်အောင့်လွဲသုံး ပျင်းကုန်သနည်း၊ အချီးအလွတ် အတတ်သင်ယူ မတတ်သူသည် ဆာပူညစ်ညမ်း ဝန်ထန်းလှေခပ် ဖြစ်တို့တတ်၏ ချစ်မှမေတ္တာ သားသည်းချာတို့ ပညာအတတ် သင်ကုန်လတ်လော့ ဝမ်းပတ်ကြေငြာ လူ့ပြည်ရွာ၌ ပညာရှိမူ တတ်မှတ်သူကို လူတို့ကော်ရော် ညွတ်ပူဇော်သည် ထဲပေါ်ချစ်မှတ်သွေသတည်း။

မိန်းမတို့နှင့် အသင့်ရောနှော ပြောဟောသာကြည် ရဟန်းသည်ကား ဆောက်တည်မရ သီလဘယ်မှာ စောင့်နိုင်ပါအံ့ သူရာပါဏ ရစ်ဝဖန်မြား လူသောက်စားကာ စကားဘယ်မှာ မှန်လှည့်ပါအံ့ ရသာဟင်းမျိုး တံနိုးမဟူ စားကြူးသူသည် ကြည်ဖြူသူအား သနားဘယ်မှာ ဖြစ်လှည့်ပါအံ့ ကြီးစွာမျက်ဆူ တွက်တတ်သူသည် ဘယ်မှုရေးရာ အောင်တတ်ပါအံ့ မှန်ရာ လေးပါး ဤစကားသည် မပြားမြဲတည့်မှန်လှတည်း။

လိုချင်ရမ္မက် အမျက်ပြင်းထန် စောင်းမာန်တက်ဘိ ပျင်းရိပျင်းထူ ငြူစူဓလေ့ လျှော့မေ့ပေါ့တန် သောက်ရွန့်သေစာ ညဉ့်ခါအိပ်ကြူး ကျေးဇူးခြေဆို ဝန်တိုစိတ်ထား သည်ဆယ်ပါးကို နှံ့ပြားမြော်မြင် ပညာရှင်သည် စစ်စင်ခွာဘိစွန့်ရမည်။

ဤသည်မျှကား ရှည်လျားကမ္ဘာ အစဉ်လာသည် မှတ်ရာကောင်းလှ လောကနီတိ မည်ရှိသာကျမ်း ယဉ်သည့်ကျမ်းကို တာလန်းဝေငှ ရှေးကလုံးစု စတုရင်္ဂဗလ မည်ရတွင်ခေါ် အမတ်ကျော်သည် သုံးဖော်လူဖျား ဟောတရားနှင့် မကြုံးဝင် မဆန့်ကျင်အောင် သုတ်သင်ပြစ်ပြေ ထားခဲ့ပေသည် မြူတေဂါထာ လာသည်အနက် ဓိပ္ပာယ်ထွက်ကို စဉ်ဆက်ရှည်ကြာ လူတကာတို့ သိသာထင်ရှား မှတ်သားလောက်အောင် ဉာဏ်ရောင်လျှံပတ် ဘုန်းတော်မြတ်ငါ လင်္ကာသံချို စီကုံးဆိုသည် မငြိုမငြင်ရပြီးခဏ။

အလှူပေးခြင်း သီတင်းသုံးမြဲ စွန့်ကြဲပေးကမ်း စိတ်ဝမ်းပျော်မြူး ဉာဏ်ဗူးစိတ်ကြည် ဆောက်တည်ဥပုသ် မြက်ကြုပ်မကဲ့ ညှဉ်းဆဲမပြု ခံမှုသည်းညည်း ရောရှင်တင့်တင့် ဤဆယ်ဆင့်ကို မြတ်ကျင့်ဖြောင့်ဖြောင့် တရားစောင့်က မနှောင့်တွေလည်း မင်းတို့ သည်လည်း ဆောက်တည်မရွေ့ မမေ့ကောင်းစွာ ဆောင်အပ်ရာသည် ပြည်ချာထိန်စိုးမင်းကျင့်ရိုး။

တော၌ကျင်လည် ချေသမင်သည် မထင်အရေး သေမည့် ဘေးကို ကြောက်အေးသောကြောင့် စိုးနောင့်ဗျာပါ ချမ်းသာ စိတ်ချ မအိပ်ရဘူး ကွပ်မှူးရပ်ပြည် မင်းတို့သည်လည်း မြို့စင် လုံးရင်း သာသည့်မင်းကို ကြောက်ခြင်းရှိ၍ ချမ်းမြေ့စိတ်ချ မအိပ် ရဘူး သုတလောက်ဖြင့် အကြင်သူသည် ပညာဆည်း၏ ထိုသူ သည်ကား ရှည်လျားသံသာ ဘေးများစွာကို ကြောက်ရှာသောကြောင့် စိုးနှောင့်ကြံမျှော် မမွေ့လျော်သည် မပျော်လန့်စိုး တညှိုးညှိုး။

လယ်ထွန်ယောက်ျား ကုန်သွားတမတ် အမှုမတ်တွင် ကြားမြင်သီလ အာစာရနှင့် ခေါ်တမည်မှန်း ရဟန်းတခြား ထိုလေးပါးသည် ပြန့်သွားပေသော် တိုင်းပြည်ကျော်လည်း မွေ့လျော်ဘွယ်သာ ပြန့်ပွားရာသည် ပမာနှိုင်းချင့်နတ်ပြည်နှင့်။

လယ်ထွန်ကုန်သွား မတ်များရဟန်း မထွန်းမပေါ် အားနည်း သော်ကား တိုင်းကျော်ပြည်လည်း အားနည်းသည်သာ ဖြစ်လေရာ၏ ကြောက်ရှာဖြောင့်ဖြောင့် ထို့ကြောင့်အမှန် ပြည်ကြီးဝန်ကို ဆောင်ပန်းရွက်ဆောင် ထွဋ်ဘုန်းခေါင်သည် မရှောင်မရှား ပြည်တိုင်းကားကို ပြန့်ပွားစိမ့်ငှာ ဆောင်ရွက်ရာသည် ကောင်းစွာမင်းကျင့်တရားတည်း။

သားသည်ညစ်ညူး မကောင်းမှုကို ပြုသည်ဖြစ်လျှင် မိဘပင်လည်း ဆင်ခြင်မရှု မကောင်းမှုကို ပြုသည်မည်၏ တပည့် ညစ်ညမ်း အကျင့်စွမ်းကို အခမ်းအနား ထောက်ထားမရှု မကောင်းမှုကို ပြုသည်ဖြစ်လျှင် ဆရာပင်လည်း ဆင်ခြင်မရှု မကောင်းမှုကို ပြုသည်မည်၏ ပတ်လည်တိုင်းကား ပြည်သူများလည်း မှုထားမသင့် မကောင်းကျင့်ကို အခွင့်မသိ ကျင့်သည်ရှိက နရိန္ဒလည်း တမျှရောရု မကောင်းမှုကို ပြုသည်မည်၏ ရွှေပြည် သေနင်း မင်းနှင့်မလျော် အကျင့်ချော်ကို မျှော်သည်ရှိလျှင် မြော်မြင်ဂုဏ်ရှိ ပရောဟိလည်း သတိမပြု မကောင်းမှုကို ပြုသည် မည်၏ တည့်တည့်ကြပ်ကြပ် မကွပ်ညှပ်၍ ကိုယ်ပြစ်တွေ့သည် စေ့စေ့ဆုံးမကွပ်ညှပ်မှ။

မဟာရာဇာ အဓိပတိ သီရိရောင်မြူး ထွဋ်ဘုန်းထူးအား ကျေးဇူးဆပ်သည် မည်စေချင်၍ ဦးတင်ရှိမြှောက် နတ်ပင့် လျှောက်သည် ဝမ်းမြောက်အင်ပြည့် ရှုကြည့်စံပျော်တော်မူပါ ဘုရား။

လောကနီတိပြီး၏၊

မှတ်ချက်။ ။ စာရေးသူ စသည်ကို မသိပါသဖြင့် သိသောသူများ ပြင်ဆင်တည်းဖြတ်ပေးပါရန်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse