လေဝန်းကဆင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
လေဝန်းကဆင်-ချီ ရတု
by ရဝေရှင်ထွေး

လေဝန်းကဆင်၊ ရွက်ဟောင်းကျင်၍၊ ညွန့်ရှင်ဝေဝေ၊ ပင်တိုင်းထွေလျက်၊ တောင်လေဖြည်းပျ၊ မင်းလွင်စသော်၊ လွမ်းရဘွယ်သာ၊ သည်အခါဝယ်၊ အတာရေသွန်း၊ တန်ခူးဆန်းက၊ ရွှင်လန်းမပျော်၊ ညှိုးလျော်ပြိုက်သွယ်၊ ရွှေများလယ်တွင်၊ ပြိုင်ဆွယ်မမျှ၊ လောကတန်ဆောင်၊ ရဲထွတ်ခေါင်ကြောင့်၊ တမ်းယောင်ဆိုကာ၊ ဖြေမသာသည် ... ဗျာပါဝှန်စည် ပွားတော့သည်။ ။

နွေဆန်းစတွင်၊ စုံမြိုင်ခွင်လည်း၊ မထင်ရွက်ကြမ်း၊ မြရည်လျှမ်းက၊ စိတ်ဝမ်းကွဲအောင်၊ တောနှင့်တောင်လည်း၊ ညိုယောင်မြမြ၊ ရွှန်းရွှန်းလှလျက်၊ ကာလရတု၊ ညွန့်နုစိမ်းညောင်း၊ မသာတောင်းလည်း၊ သက်ပေါင်းတင့်ခေါင်၊ ဆွေသည်နောင်နှင့်၊ ရည်စောင်သာရွှင်၊ ပန်းမြင်မြင်ကို၊ ယာဉ်ညင်သာလှ၊ ဝန်းရွှေကထက်၊ နွဲ့လျက်တူကွ၊ မဆွတ်ရဟု၊ ရှုတလှည့်ကာ၊ နန်းမြင့်ချာက၊ မယ်သာမျှော်ပျောင်း၊ မျက်ခြည်ညောင်းသည် ... တမ်းကြောင်းဖြေဆည် ထားတော့သည်။ ။

ရေသွန်းလလျှင်၊ ရွှင်ပျပျော်ပါး၊ ဘော်ချင်းများနှင့်၊ ကစားသာကြည်၊ ပျော်ရမည်ကို၊ ဆွေသည်သက်မျှ၊ မွေးဘမင်းတူ၊ ရှဲသူသက်ပေး၊ မစုံသေး၍၊ ရပ်ဝေးမြေရှည်၊ ချီလေသည်ကို၊ မျက်ခြည်ရှုညောင်း၊ ကြည့်တိုင်းပျောင်းမျှ၊ ပွင့်လောင်းနန်းရံ၊ ရဲတံခွန်က၊ သဝန်ထွေလာ၊ ဆက်စာမြင့်မြဲ၊ ရောက်လာခဲ၍၊ ရိပ်ဝှဲခန်းချောင်၊ စိန်ညောင်ခြူးဆင့်၊ သလွန်မြင့်ထက်၊ ဖူးမြင့်မျှော်ငံ့၊ ဆွတ်ဆွတ်ပျံ့မျှ၊ သွယ်ညံ့ကေရှင်၊ သိမ်းမပြင်သည် ... ရက်ဖျင်တာရှည် များတော့သည်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse