လူမွဲခံယူခြင်းဆိုင်ရာဥပဒေ

From Wikisource
Jump to navigation Jump to search
လူမွဲခံယူခြင်းဆိုင်ရာဥပဒေ  (2020) 
by ဝင်းမြင့်

လူမွဲခံယူခြင်းဆိုင်ရာဥပဒေေ

(၂၀၂၀ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။)

၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်


ပြည်ထောင်စုလွှတ်တော်သည် ဤဥ‌ပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း (၁)[edit]

အခန်း (၁) အမည်နှင့် စတင်အာဏာတည်ခြင်း[edit]

၁။ (က) ဤဥပဒေကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် နေ့ရက်မှ စတင်အာဏာတည်စေရမည်။ သို့ရာတွင် ဤဥပဒေ၏ အပိုင်း (၁၀) ပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်သမ္မတက သီးခြားအမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် နေ့ရက်မှသာလျှင် စတင် အာဏာတည်စေရမည်။

အခန်း (၂) အဓိပ္ပာယ်ဖွင့်ဆိုချက်များ[edit]

အဓိပ္ပာယ်ဖွင့်ဆိုချက်

၂။ ဤဥပဒေတွင်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) သက်ဆိုင်ရာဥပဒေ ဆိုသည့် စကားရပ်တွင် သက်ဆိုင်ရာကိစ္စရပ်အပေါ် အကျိုးသက်ရောက်မှု ရှိသော တည်ဆဲဥပဒေများနှင့်ဥပဒေကဲ့သို့ စည်းနှောင်အားရှိသော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့ပါဝင်သည်။

(ဂ) တွဲဖက်လုပ်ကိုင်သူ ဆိုသည်မှာ-

(၁) အထူးသဖြင့် ကုမ္ပဏီတစ်ခုနှင့်သက်ဆိုင်သည့်အခါတွင်-

(ကက) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် အဓိပ္ပာယ်ဖော်ပြသတ်မှတ်ထားသည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး၊

(ခခ) ဆက်စပ်သည့်အဖွဲ့အစည်း၊

(ဂဂ) ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး၊

(ဃဃ) ကုမ္ပဏီကို ထိန်းချုပ်အုပ်ချုပ်နေသော သို့မဟုတ် ကုမ္ပဏီ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကိုခံရသော ကုမ္ပဏီအပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦး၊

(ငင) ပုဒ်မခွဲငယ် (ကက) သို့မဟုတ် (ဂဂ) သို့မဟုတ် (ဃဃ) တွင် ရည်ညွှန်းဖော်ပြထားသည့် ပုဂ္ဂိုလ် တစ်ဦးဦး၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် သားသမီး တစ်ဦးဦး၊

(စစ) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ရည်ညွှန်းဖော်ပြထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးက ထိန်းချုပ်အုပ်ချုပ် နေသော ကုမ္ပဏီတစ်ခုခု။

(၂) ယေဘုယျအားဖြင့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု (ကုမ္ပဏီတစ်ခုအပါအဝင်) နှင့် သက်ဆိုင်သည့်အခါတွင်-

(ကက) ပုဂ္ဂိုလ်တစ်ဦး၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ ညီအစ်ကိုမောင်နှမ သို့မဟုတ် သားသမီးတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ်

(ခခ) အဖွဲ့အစည်းကို ထိန်းချုပ်အုပ်ချုပ်နေသော သို့မဟုတ် အဖွဲ့အစည်း၏ ကြီးကြပ်အုပ်ချုပ်ခြင်း ကိုခံရသော ကုမ္ပဏီအပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်

(ဂဂ) ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ရည်ညွှန်းဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးက ထိန်းချုပ်အုပ်ချုပ် သော ကုမ္ပဏီတစ်ခုခုကို ဆိုသည်။

(ဃ) အသင်း ဆိုသည်မှာ အပိုင်း (၃) အရ ဖွဲ့စည်းထားသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်းကို ဆိုသည်။

(င) လူမွဲ ဆိုသည်မှာ ကြွေးမြီပြန်လည်မပေးဆပ်နိုင်သဖြင့် အပိုင်း (၈) ပါ ပြဋ္ဌာန်းချက်များအရ လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းခံရသူတစ်ဦးဦးကို ဆိုသည်။ ယင်းစကားရပ်တွင် ကြွေးမြီမပေး ဆပ်နိုင်သူ မြီစားလည်း ပါဝင်သည်။

(စ) လူမွဲအဖြစ်ခံယူစေသည့်အမိန့် ဆိုသည်မှာ ကြွေးမြီပြန်လည်မပေးဆပ်နိုင်သဖြင့် လူပုဂ္ဂိုလ် တစ်ဦးဦးအား လူမွဲအဖြစ်ခံယူစေရန် ဆုံးဖြတ်သည့် အမိန့်တစ်ရပ်ရပ်ကို ဆိုသည်။

(ဆ) စာအုပ်စာတမ်းများ ဆိုသည်မှာ ငွေစာရင်းများ၊ စာချုပ်စာတမ်းများ၊ ရေးသားချက်များနှင့် စာရွက်စာတမ်းများကို ဆိုသည်။

(ဇ) အလုပ်လုပ်ကိုင်ရက် ဆိုသည်မှာ စနေ၊ တနင်္ဂနွေနှင့် နိုင်ငံတော်အတွင်း ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည့်နေ့ရက်မှအပ အခြားမည်သည့်နေ့ရက်ကိုမဆို ဆိုသည်။

(ဈ) စီးပွားရေးလုပ်ငန်းဆိုင်ရာကြွေးမြီ ဆိုသည်မှာ ကုမ္ပဏီတစ်ခု သို့မဟုတ် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတစ်ခုခုက ဆောင်ရွက်နေသည့် လုပ်ငန်းကိုဖြစ်စေ၊ စီးပွားရေးကိုဖြစ်စေ၊ လည်ပတ်နေရန်အတွက် ကုန်စည်များပေးသွင်းရန် သို့မဟုတ် ဝန်ဆောင်မှုများပေးရန် သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ကို ပြုလုပ်ရန်အလို့ငှာ ယင်း၏ လုပ်ငန်းလည်ပတ်မှုများသို့ ငွေကြေးထည့်ဝင် သည့် နည်းလမ်းဖြင့်သော်လည်းကောင်း၊ အရင်းအနှီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် နည်းလမ်းဖြင့် သော်လည်းကောင်းကျခံဆောင်ရွက်ပေးသဖြင့် တင်ရှိသောကြွေးမြီ တစ်ရပ်ရပ်ကို ဆိုသည်။

(ည) တောင်းဆိုချက် ဆိုသည်မှာ ငွေပေးချေရန်တောင်းခံပိုင်ခွင့်တစ်ရပ် ဖြစ်ပေါ်စေသည့် လုပ်ငန်း တာဝန်တစ်ရပ်ကို ချိုးဖောက်မှုအတွက် ကုစားခွင့်၊ တောင်းခံပိုင်ခွင့် အပါအဝင် ငွေပေးချေမှု တစ်ရပ်အား တောင်းခံပိုင်ခွင့်တစ်ရပ်ရပ်ကို ဆိုသည်။ ယင်းအခွင့်အရေးသည် တရားရုံး၏ စီရင်ချက်အရဖြစ်စေ၊ ပုံသေသတ်မှတ်ထားချက်အရဖြစ်စေ၊ ကိစ္စတစ်ရပ်အပေါ်မူတည်သည်ဖြစ်စေ၊ မတည်သည် ဖြစ်စေ၊ အငြင်းပွားနေသည်ဖြစ်စေ၊ အငြင်းမပွားသည်ဖြစ်စေ၊ အာမခံအကျိုးခံစားခွင့်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အကျုံးဝင်စေရမည်။

(ဋ) ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင် ထားသည့်ကုမ္ပဏီ သို့မဟုတ် တည်ဆဲကုမ္ပဏီ တစ်ခုခုကို ဆိုသည်။

(ဌ) ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရသူ ဆိုသည်မှာ အောက်ပါတစ်ဦးဦးကို ဆိုသည်-

(၁) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခဲ့လျှင် ကုမ္ပဏီတွင် လက်ရှိပါဝင်နေသူဖြစ်စေ၊ ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူဖြစ်စေ ကုမ္ပဏီ၏ပိုင်ဆိုင်မှုအတွက် ထည့်ဝင်ရန် တာဝန်ရှိသူ၊

(၂) အစုရှယ်ယာ မတည်ငွေရင်းထားရှိသော ကုမ္ပဏီဖြစ်ပါက အစုရှယ်ယာတန်ဖိုးအား အပြည့်အဝ ပေးချေဝယ်ယူပိုင်ဆိုင်ထားသူ၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူများအား ဆုံးဖြတ်နိုင်ခြင်းမရှိမီ ကြွေးမြီပေးဆပ်ရန်တာဝန်ရှိသူဟု စွပ်စွဲဖော်ပြခံရသူ။

(ဍ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီကို ဆိုသည်။

(ဎ) တရားရုံး ဆိုသည်မှာ ဤဥပဒေအရ ကုမ္ပဏီကို စာရင်းရှင်းလင်း ဖျက်သိမ်းရန်ဖြစ်စေ၊ လူမွဲခံယူသည့် အမိန့်ချမှတ်ရန်ဖြစ်စေ၊ စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးကို ဆိုသည်။

(ဏ) ဒီဘင်ချာ ဆိုသည်မှာ ချေးယူသောငွေအတွက် ကုမ္ပဏီကထုတ်ပေးသော သက်သေခံ လက်မှတ်ကို ဆိုသည်။ ယင်းစကားရပ်တွင် ဒီဘင်ချာစတော့ရှယ်ယာလည်း ပါဝင်သည်။

(တ) ကုမ္ပဏီ သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် ဒါရိုက်တာကို ဆိုသည်။

(ထ) လူမွဲပိုင်ပစ္စည်း ဆိုသည့်စကားရပ်တွင် ပုဒ်မ ၂၈၉ အရ အမိန့်ချမှတ်နိုင်သော လူမွဲ၏ဝင်ငွေလည်း ပါဝင်စေရမည်။

(ဒ) တစ်သီးပုဂ္ဂလလူမွဲခံယူခြင်းအတွက် ဖယ်ထုတ်ရမည့် ပစ္စည်းများ ဆိုရာတွင် အောက်ပါတို့ပါဝင်သည်-

(၁) လူမွဲ၏ အလုပ်အကိုင်အတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက်ဖြစ်စေ မရှိမဖြစ် အသုံးပြုရန်လိုအပ်သော ကိရိယာများ၊ စာအုပ်များ၊ ယာဉ်များနှင့် အခြားကိရိယာများ၊

(၂) အခြားသူတစ်ဦးဦးက လူမွဲထံ ယုံမှတ်အပ်နှံထားသောပစ္စည်းများ၊

(၃) နည်းဥပဒေများဖြင့် သတ်မှတ်ထားသော တန်ဖိုးပမာဏရှိ လူမွဲနှင့် ၎င်းမိသားစု အခြေခံစားဝတ်နေ ရေးအတွက်လိုအပ်သည့် အဝတ်အစား၊ အိပ်ယာ၊ ပရိဘောဂ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်တွင်းစားနပ်ရိက္ခာ၊

(၄) နည်းဥပဒေများဖြင့် သတ်မှတ်ထားသော တန်ဖိုးထက်မကျော်လွန်သည့် ယာယီနေထိုင်ရေး အသုံးစရိတ်၊

(၅) နည်းဥပဒေများဖြင့် သတ်မှတ်ထားသော တန်ဖိုးထက်မကျော်လွန်သည့် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးစံအရ သုံးစွဲသည့် လူမွဲ၏ လက်ဝတ်ရတနာများ။

(ဓ) အပြောင်းအလဲရှိသောကြွေးမြီတာဝန် ဆိုသည်မှာ စတင်ချေးငှားစဉ်ကပင် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တစ်ရပ်အဖြစ် ရည်ရွယ်သတ်မှတ်ခဲ့သော ကြွေးမြီတာဝန်ကိုဆိုသည်။

(န) ကုမ္ပဏီတစ်ခုနှင့်ဆက်နွှယ်နေသည့် အစုများပိုင်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ ဆက်နွှယ်နေသည့် လက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ် ရောက်ရှိနေသော ကုမ္ပဏီ၏ အစုများကို ပိုင်ဆိုင်သည့် ကုမ္ပဏီကို ဆိုသည်။

(ပ) မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ဆိုသည်မှာ အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို ဆိုသည်-

(၁) ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဖြစ်ပါက အပိုင်း (၆) အရ လျှောက်ထားစဉ်အချိန်ကမြီရှင်များထံသို့ ပေးဆပ်ရန်တင်ရှိသည့် စုစုပေါင်းကြွေးမြီသည် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော ပမာဏထက်မပိုသည့် စီးပွားရေးဆိုင်ရာ ကြွေးမြီများ တင်ရှိနေသည့်လုပ်ငန်း၊

(၂) ကုမ္ပဏီအဖြစ် မှတ်ပုံတင်မထားသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဖြစ်ပါက အပိုင်း (၆) အရ လျှောက်ထားစဉ်အချိန်က မြီရှင်များထံသို့ ပေးဆပ်ရန်တင်ရှိသည့် စုစုပေါင်းကြွေးမြီသည် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော ပမာဏ ထက်ကျော်လွန်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကြွေးမြီများတင်ရှိနေသည့်လုပ်ငန်း။

(ဖ) ကုမ္ပဏီမှတ်ပုံတင်ထားခြင်းမရှိသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ဆိုသည်မှာ အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကိုဆိုသည်-

(၁) လူပုဂ္ဂိုလ်တစ်ဦးတည်းက ပိုင်ဆိုင်လုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်း၊

(၂) နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများက ၁၉၃၂ ခုနှစ်၊ အစုစပ်လုပ်ငန်းအက်ဥပဒေ ပုဒ်မ ၄ နှင့် အညီ လုပ်ဆောင်နေသော အစုစပ်လုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း။

(ဗ) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ ဆိုသည်မှာ အပိုင်း (၃) အရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် မှတ်ပုံတင်ထားသူကို ဆိုသည်။

(ဘ) ကြွေးမြီမပေးဆပ်နိုင်ခြင်း ဆိုသည်မှာ ကြွေးမြီများကိုပေးဆပ်ရန် စေ့ရောက်သည့် အချိန်တွင် ပေးဆပ်နိုင်မှုမရှိခြင်းကို ဆိုသည်။

(မ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဆိုသည်မှာ ကုမ္ပဏီကိုစာရင်းရှင်းလင်းဖျက်သိမ်းရန် အပိုင်း (၇) အရခန့်အပ်ခြင်းခံရသူကို ဆိုသည်။

(ယ) ဈေးကွက်တန်ဖိုး ဆိုသည်မှာ ပစ္စည်းတစ်ခုအား ရောင်းချရန်ဆန္ဒရှိသူက ဈေးကွက်တွင် လွတ်လပ်စွာ ရောင်းချခြင်းဖြင့် ရရှိနိုင်မည့် ငွေပမာဏကို ဆိုသည်။

(ရ) စံဥပဒေ ဆိုသည်မှာ နိုင်ငံဖြတ်ကျော်လူမွဲခံယူမှုများနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဥပဒေဆိုင်ရာ ကုလသမဂ္ဂကော်မရှင်အဖွဲ့က ရေးဆွဲခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ် A/RES/ 52/ 158 (1997) ဖြင့် အတည်ပြုခဲ့သောဥပဒေကိုဆိုသည်။

(လ) မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအစီအစဉ် ဆိုသည်မှာ ပုဒ်မ ၁၂၁ တွင် ရည်ညွှန်းဖော်ပြထားသော အချက်အလက်များပါရှိသည့် အဆိုပြုချက် သို့မဟုတ် ထိုသို့သော အသွင်သဏ္ဌာန်ရှိသည့် အစီအစဉ်ကို ဆိုသည်။

(ဝ) ရာထူးလက်ရှိဖြစ်သူ ဆိုသည်မှာ အောက်ပါရာထူးတစ်ခုခုတွင် ခန့်အပ်ထားသော လူပုဂ္ဂိုလ်ကို ဆိုသည်-

(၁) ကုမ္ပဏီ၏ ပစ္စည်းထိန်း၊

(၂) ကုမ္ပဏီ၏ ပြန်လည်ထူထောင်ရေးမန်နေဂျာ၊

(၃) အပိုင်း (၅) အရ ဆောင်ရွက်သော ကုမ္ပဏီ၏ ပြန်လည်ထူထောင်ရေး အစီအစဉ်ကြီးကြပ်သူ၊

(၄) အပိုင်း (၆) အရ ဆောင်ရွက်သောမိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်း တစ်ခု၏ ပြန်လည်ထူထောင်ရေး အစီအစဉ်ကြီးကြပ်သူ၊

(၅) မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတစ်ခု၏ ပြန်လည်ထူထောင်ရေးအကြံပေး၊

(၆) ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအပါအဝင် ကုမ္ပဏီတစ်ခု၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၊

(၇) ယုံမှတ်အပ်နှံခြင်းခံရသူ။

(သ) အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်သည့် အရာရှိ ဆိုသည်မှာ ထိုအဖွဲ့အစည်း၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးကို ဆိုသည်။

(ဟ) ပြည်ပကော်ပိုရေးရှင်း ဆိုသည်မှာ နိုင်ငံတော်ပြင်ပတွင်ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီကိုဆိုသည်။

(ဠ) အပိုင်း (၆) လုပ်ငန်း ဆိုသည်မှာ မိုက်ခရို၊ အသေးစားနှင့်အလတ်စား လုပ်ငန်းကိုဆိုသည်။

(အ) အပိုင်း (၆) လုပ်ငန်းစဉ် ဆိုသည်မှာ မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆိုသည်။

(ကက) အစီအစဉ်ကြီးကြပ်သူ ဆိုသည်မှာ အပိုင်း (၅)၊ အခန်း (၄) သို့မဟုတ် အပိုင်း (၆)၊ အခန်း (၄) အရ ပြန်လည်ထူထောင်ရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား ကြီးကြပ်ရန် ခန့်အပ်ထားသော လူပုဂ္ဂိုလ်ကို ဆိုသည်။

(ကခ) ယခင်ဥပဒေ ဆိုသည်မှာ-

(၁) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊

(၂) The Yangon Insolvency Act, 1909

(၃) The Myanmar Insolvency Act, 1920

(၄) အထက်ပါ ဥပဒေများအရ ထုတ်ပြန်ထားသော နည်းဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို ဆိုသည်။

(ကဂ) ပစ္စည်း ဆိုသည်မှာ ငွေကြေး၊ ကုန်စည်၊ ဝတ္ထုပစ္စည်း၊ ဥပဒေအရ တရားစွဲဆို တောင်းခံနိုင်သော တောင်းဆိုချက်များ၊ မြေနှင့် အမျိုးမျိုးသောပစ္စည်းများ၊ ဒြပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရွှေ့ပြောင်းနိုင်သည်ဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သည်ဖြစ်စေ၊ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ ရှိသောပိုင်ဆိုင်မှုနှင့် ထိုပိုင်ဆိုင်မှုမှတစ်ဆင့် ပေါ်ပေါက်လာသော အကျိုးခံစားခွင့် အရပ်ရပ်ကို ဆိုသည်။

(ကဃ) ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဆိုသည်မှာ ပုဒ်မ ၁၆၆ အရ ခန့်အပ်ခြင်းခံရသော လူပုဂ္ဂိုလ်ကို ဆိုသည်။

(ကင) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ သို့မဟုတ် အခြားသက်ဆိုင်သော ဥပဒေအရ ကုမ္ပဏီများမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ တာဝန်များနှင့် မှတ်ပုံတင်အရာရှိသို့ အပ်နှံ ထားသော အခြားအခွင့်အာဏာများကို ကျင့်သုံးရန်၊ အခြားလုပ်ငန်းနှင့် တာဝန်များကို ထမ်းဆောင်ရန် နှင့် ဤဥပဒေအရ ကုမ္ပဏီနှင့် မိုက်ခရို၊ အသေးစားနှင့်အလတ်စားများအပါအဝင် တစ်သီးပုဂ္ဂလကများမှ လူမွဲအဖြစ်ခံယူမှုများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လုပ်ငန်းများ လုပ်ဆောင်ရန် ခန့်အပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်းကလွှဲအပ်သည့်ဌာန သို့မဟုတ် လူပုဂ္ဂိုလ်ကို ဆိုသည်။

(ကစ) နည်းဥပဒေ ဆိုသည်မှာ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများကို ဆိုသည်။

(ကဆ) ပြန်လည်ထူထောင်ရေးအကြံပေး ဆိုသည်မှာ မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များ၏ပိုင်ရှင် သို့မဟုတ် ပိုင်ရှင်များ သို့မဟုတ် ဒါရိုက်တာများအား အကြံပေးရန်အပိုင်း (၆) ပါ ပြဋ္ဌာန်းချက်များအရ ခန့်အပ်ထားသော လူပုဂ္ဂိုလ်ကိုဆိုသည်။

(ကဇ) ပြန်လည်ထူထောင်ရေးမန်နေဂျာ ဆိုသည်မှာ အပိုင်း (၅)၊ အခန်း (၂) ပါ ပြဋ္ဌာန်းချက်များအရ ခန့်ထားသောလူပုဂ္ဂိုလ်ကို ဆိုသည်။

(ကဈ) ပြန်လည်ထူထောင်ရေးအစီအစဉ် ဆိုသည်မှာ ပုဒ်မ ၇၂ တွင် ရည်ညွှန်း ဖော်ပြထားသည့် အချက်အလက်များပါရှိသည့် အဆိုပြုချက် သို့မဟုတ် ထိုသို့သောအသွင်သဏ္ဌာန်ရှိသည့် အစီအစဉ်ကို ဆိုသည်။

(ကည) အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီတစ်ခု၏ ဆက်စပ်သည့်အဖွဲ့အစည်း ဆိုသည်မှာ အောက်ပါ အဖွဲ့အစည်းတစ်ခုခုကိုဆိုသည်-

(၁) အဖွဲ့အစည်း၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီ၊

(၂) အဖွဲ့အစည်း၏ လက်အောက်ခံကုမ္ပဏီ၊

(၃) အဖွဲ့အစည်း၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ။

(ကဋ) အာမခံအကျိုးခံစားခွင့်ရမြီရှင် ဆိုသည်မှာ ကြွေးမြီတောင်းဆိုခွင့်နှင့်စပ်လျဉ်း၍ မြီစား၏ ပစ္စည်း သို့မဟုတ် ပစ္စည်းများအပေါ် အာမခံတစ်ရပ်ကိုင်ဆောင်ထားသူဖြစ်ပြီး အာမခံအကျိုးခံစားခွင့်မရရှိသော မြီရှင်ဆိုသည်မှာ ထိုသို့သော အာမခံတစ်ရပ်ကို ကိုင်ဆောင်ထားခြင်းမရှိသည့် မြီရှင်ကို ဆိုသည်။

(ကဌ) အာမခံ ဆိုသည်မှာ ဒီဘင်ချာ၊ စာချုပ်ပေါင်နှံခြင်းနှင့် ကြွေးမြီပေးချေရန်အာမခံချက်၊ ပစ္စည်းကို လက်ဝယ်ထားပိုင်ခွင့် သို့မဟုတ် အခြားသော အာမခံကို ဆိုသည်။

(ကဍ) အာမခံအကျိုးခံစားခွင့် ဆိုသည်မှာ ဤဥပဒေ သို့မဟုတ်အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်အရ သတ်မှတ်ဖော်ပြထားသော သို့မဟုတ် အသိအမှတ်ပြုထားသော ကြွေးမြီပေးချေရန် အာမခံချက်၊ ပစ္စည်းကို လက်ဝယ်ထားပိုင်ခွင့်၊ စာချုပ်ဖြင့် ပေါင်နှံခြင်း သို့မဟုတ် အာမခံအကျိုးခံစားခွင့်ဆိုင်ရာ အခြားပုံစံတစ်ရပ်ကို ဆိုသည်။

(ကဎ) အထူးဆုံးဖြတ်ချက် ဆိုသည်မှာ အထူးဆုံးဖြတ်ချက် တစ်ရပ်အဖြစ် နည်းလမ်းတကျ ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ကြောင်း အထွေထွေအစည်းအဝေးအတွက် အကြောင်းကြားစာတွင် ဖော်ပြခဲ့ပြီး ကိုယ်တိုင်တက်ရောက်၍ဖြစ်စေ၊ ခွင့်ပြုခံရသည့် ကိုယ်စားလှယ်တက်ရောက်၍ဖြစ်စေ မဲပေးခွင့်ရှိသောကုမ္ပဏီတွင် ပါဝင်သူများ၏ လေးပုံသုံးပုံအောက်မနည်းသော မဲအများစုဖြင့် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကိုဆိုသည်။

(ကဏ) လက်အောက်ခံကုမ္ပဏီ ဆိုသည်မှာ-

(၁) အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ကိုက်ညီသည့် ကုမ္ပဏီကိုဆိုသည်-

(ကက) ကုမ္ပဏီ၏ဘုတ်အဖွဲ့ ဖွဲ့စည်းမှုကို အခြားကုမ္ပဏီက ထိန်းချုပ်ထားခြင်း၊

(ခခ) ကုမ္ပဏီ၏ အစည်းအဝေးတွင် အသုံးပြုနိုင်သည့် မဲအရေအတွက် အများဆုံးအနက်မှ ထက်ဝက်ထက်ကျော်လွန်သည့် မဲများကို အခြားကုမ္ပဏီက အသုံးပြုနိုင်ခြင်း သို့မဟုတ် အသုံးပြုမှုအား ထိန်းချုပ်နိုင်ခြင်း၊

(ဂဂ) အမြတ်ငွေသော်လည်းကောင်း၊ မတည်ငွေရင်းသော်လည်းကောင်း ခွဲဝေသတ်မှတ်ရာတွင် ဖော်ပြထားသည့်ပမာဏထက် ကျော်လွန်၍ ဆောင်ရွက်ခွင့်ရှိသည့် အခွင့်အရေးမရရှိသော အစုရှယ်ယာ များမှတစ်ပါး အဆိုပါကုမ္ပဏီက ထုတ်ဝေထားသော အစုရှယ်ယာများ၏ ထက်ဝက်ကျော်လွန်သည့် အစုရှယ်ယာများကို အခြားကုမ္ပဏီက ပိုင်ဆိုင်ထားခြင်း၊

(ဃဃ) အမြတ်ငွေသော်လည်းကောင်း၊ မတည်ငွေရင်းသော်လည်းကောင်း ခွဲဝေသတ်မှတ်ရာတွင် ဖော်ပြထားသည် ပမာဏထက်ကျော်လွန်၍ ဆောင်ရွက်ခွင့်ရှိသည့် အခွင့်အရေးမရရှိသော အစုရှယ်ယာ များမှတစ်ပါး အဆိုပါကုမ္ပဏီမှ ထုတ်ဝေထားသော အစုရှယ်ယာများအပေါ် ခွဲဝေပေးရမည့်အမြတ်ဝေစု တိုင်း၏ ထက်ဝက်ကျော်ကို ရထိုက်ခွင့်ရှိခြင်း။

(၂) ပုဒ်မခွဲငယ် (၁) ပါ အခြေအနေ တစ်ရပ်ရပ်နှင့် ကိုက်ညီသည့် လက်အောက်ခံကုမ္ပဏီက ထပ်မံ ဖွဲ့စည်းသည့် ၎င်း၏ လက်အောက်ခံကုမ္ပဏီသည်လည်း အဆိုပါအခြားကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ ဖြစ်သည်။

(ကတ) ယုံမှတ်အပ်နှံခြင်း ခံရသူ ဆိုသည်မှာ အပိုင်း (၈) ပါ ပြဋ္ဌာန်းချက်များအရ တစ်သီးပုဂ္ဂလဖြစ်သူ လူမွဲပိုင်ပစ္စည်းအား စီမံခန့်ခွဲရန် ခန်အပ်ထားသူကို ဆိုသည်။

အကြောင်းကြားခြင်းနှင့် ကြေညာခြင်း

၃။ (က) ဤဥပဒေအရ ဆောင်ရွက်ချက်များကို အများပြည်သူသိရှိစေရေး အကြောင်းကြားရန် သို့မဟုတ် ကြေညာရန် သတ်မှတ်ပြဋ္ဌာန်းထားပါက ထိုသို့ အကြောင်းကြားချက်သို့မဟုတ် ကြေညာချက်ကို ပြုလုပ်ရာတွင် မည်သို့သော အချက်များကို ထည့်သွင်း၍မည်သည့်အချိန်တွင် မည်သို့မည်ပုံ ပြုလုပ် ပေးပို့ရမည်ကို နည်းဥပဒေများဖြင့် သတ်မှတ်နိုင်သည်။

(ခ) ထိုအကြောင်းကြားခြင်း သို့မဟုတ် ကြေညာခြင်းနှင့်ပတ်သက်၍ ပြုလုပ်သည့် နည်းလမ်း၊ ပါဝင်ရမည့်အကြောင်းအရာနှင့် ပြုလုပ်ရမည့်အချိန်တို့ကို သတ်မှတ်ထားသည့်နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဤဥပဒေပါ အကြောင်းကြားရန် သို့မဟုတ် ကြေညာရန် တာဝန်ကို ချိုးဖောက်ရာရောက်သည်။

အရေးယူဆောင်ရွက်ခြင်း

၄။ မည်သူမဆို ဤဥပဒေပါ အကြောင်းကြားခြင်း သို့မဟုတ် ကြေညာခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်လျှင်-

(က) ဤဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ဒဏ်ကြေးငွေ ကျပ်တစ်သိန်းအထိ တပ်ရိုက်ရမည်။

(ခ) တရားရုံးသည် ဆောင်ရွက်ရန် ပျက်ကွက်မှုအား သတ်မှတ်ထားသည့် အချိန်အတွင်းမပျက်မကွက် ဆောင်ရွက်စေရန် ထိုသူကို အမိန့်ချမှတ်နိုင်သည်။

မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၅။ (က) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (သို့မဟုတ် ယင်းကိုဆက်ခံသည့် အဖွဲ့ အစည်း/ ဌာနတစ်ခုခု) ကို ကုမ္ပဏီများမှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိအဖြစ် တာဝန်ပေးထားသမျှ ကာလပတ်လုံး ထိုဌာန၏ ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ် အလားတူတာဝန်ကိုထမ်းဆောင်နေ သောသူ)သည် ဤဥပဒေအရ မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းနှင့် အခွင့် အာဏာများကို ကျင့်သုံးဆောင်ရွက်ခြင်းပြုနိုင်သည့်အပြင် ထိုလုပ်ငန်းတာဝန်များနှင့် အခွင့်အာဏာများ ကို ထိုဌာနရှိအခြား အရာရှိတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အခြားအရာရှိများကို လွှဲအပ် ကျင့်သုံးစေနိုင်သည်။ ထိုသို့ လွှဲအပ်ခြင်းခံရသူသည် မှတ်ပုံတင်အရာရှိအား တာဝန်ခံ၍ မှတ်ပုံတင် အရာရှိမှ ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

(ခ) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရ သတ်မှတ်ထားသော အကြောင်းကြားမှုတစ်ရပ်ကို လက်ခံ ရရှိပြီးနောက် တက်နိုင်သမျှ ဆောလျင်စွာ ယင်းအသိပေး အကြောင်းကြားစာကို မှတ်ပုံတင် စာရင်းတွင်ရေးသွင်း၍ မှတ်တမ်းတင်ရမည်။

(ဂ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ) အရ ရေးသွင်းမှတ်တမ်းတင်ရာ၌ အကျိုးသက်ဆိုင်သူက အလွယ်တကူ ရှာဖွေသိရှိနိုင်စေရန်နှင့် လိုအပ်ပါက မိတ္တူမှန်ကူးယူရရှိနိုင်စေရန်အတွက် အကောင်းဆုံး နည်းလမ်းများဖြင့် မှတ်ပုံတင်စာရင်းကို ပြုစုထားရှိရမည်။

အပိုင်း (၂)[edit]

ရည်ရွယ်ချက်[edit]

ရည်ရွယ်ချက်များ

၆။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်၏ ဥပဒေစနစ်နှင့် ကူးသန်းရောင်းဝယ်ရေး စနစ်များအကြား လိုက်လျောညီထွေ ဖြစ်စေရန်၊

(ခ) နိုင်ငံတော်အတွင်း လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းပြုနိုင်ရန်အတွက် ထိရောက်လွယ်ကူသော စနစ်တစ်ရပ်ရှိစေရန်နှင့် ယင်းစနစ်အား ထိရောက်စွာ အကောင်အထည်ဖော်ရန် ကျွမ်းကျင်သော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ပေါက်လာစေရန်၊

(ဂ) နိုင်ငံတော်အတွင်း လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုတင်ခန့်မှန်း သိရှိနိုင်ပြီးသင့်တင့် မျှတသော ရလဒ်များရရှိစေရန်၊

(ဃ) လူမွဲမှုခင်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာနှင့် ဘက်လိုက်ခြင်းကင်းစွာ ဖြေရှင်း ဆောင်ရွက်နိုင်စေရန်၊

(င) အလားအလာရှိသော စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် နိုင်ငံတော်အတွင်းရှိ မိုက်ခရို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ငွေကြေးအခက်အခဲကြုံတွေ့ရသည့်အခါ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူများပေးခြင်း၊ ထိုမှ တစ်ဆင့် လုပ်ငန်းများ ပြန်လည်ရှင်သန်စေပြီး အလုပ်အကိုင်များ တည်မြဲစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန်၊

(စ) အလားအလာမကောင်းသော စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်လွယ်ကူသော စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ရှိစေရန်နှင့် ထိုသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုတန်ဖိုးများကို အတတ်နိုင်ဆုံးမြှင့်တင်နိုင်စေရန် ဆောင်ရွက်ခြင်းဖြင့် မြီရှင်များမှ ငွေကြေးအများဆုံး ပြန်လည်ရရှိစေရန်၊

(ဆ) အခြေအနေတူသည့် မြီရှင်များအကြား သာတူညီမျှ ဖြစ်စေရန်၊

(ဇ) လူမွဲခံယူသည့်စနစ်ကို အလွဲသုံးစားပြုခြင်းမှ တားဆီးရန်၊

(ဈ) နယ်စပ်ဖြတ်ကျော်လူမွဲခံယူမှုမူဘောင်ကို တည်ထောင်ပေးခြင်းအားဖြင့် နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်စွမ်းအား အထောက်အကူဖြစ်စေရန်။

အပိုင်း (၃)[edit]

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ

အခန်း (၁) နိဒါန်း[edit]

ဤအပိုင်းနှင့် သက်ဆိုင်ခြင်း

၇။ ဤအပိုင်းပါပြဋ္ဌာန်းချက်များသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အောက်ပါရာထူးများတွင် ခန့်ထားသူတို့နှင့် သက်ဆိုင်စေရမည်-

(က) ပစ္စည်းထိန်း၊

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာ၊

(ဂ) ပြန်လည်ထူထောင်ရေးအကြံပေး၊

(ဃ) ပြန်လည်ထူထောင်ရေးအစီအစဉ်ကြီးကြပ်သူ၊

(င) ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအပါအဝင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၊

(စ) ယုံမှတ်အပ်နှံခြင်းခံရသူ။


အခန်း (၂) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် မှတ်ပုံတင်ခြင်း[edit]

လိုက်နာရမည့် ကျင့်ဝတ်များ

၈။ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူသည်-

(က) ဤဥပဒေအရ မှတ်ပုံတင်ထားသူဖြစ်ရမည်၊

(ခ) ၎င်း၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးခြင်းနှင့် တာဝန်များကို ထမ်းဆောင်ရာတွင်-

(၁) ဤဥပဒေပါ ရည်ရွယ်ချက်များအတိုင်း လျော်ကန်သင့်မြတ်စွာ ဆောင်ရွက်ရမည်၊

(၂) ထိုက်သင့်သည့် သတိဝိရိယဖြင့် ဆောင်ရွက်ရမည်၊

(၃) သဘောရိုးဖြင့် ဖြောင့်မတ်စွာဆောင်ရွက်ရမည်။

(ဂ) မိမိကိုယ်ကျိုးအတွက်ဖြစ်စေ၊ တစ်စုံတစ်ဦး၏ အကျိုးအတွက်ဖြစ်စေ မိမိရာထူးတာဝန်ကို မလျော်မကန်အသုံးမပြုရ၊

(ဃ) နည်းဥပဒေများဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော ကျင့်ဝတ်များကို လိုက်နာရမည်။

အခန်း (၃) အရည်အချင်းမပြည့်ဝသူများက လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခြင်းအပေါ် ကန့်သတ်ချက်များ[edit]

သတ်မှတ်အရည်အချင်းမပြည့်မီဘဲဆောင်ရွက်ခြင်း

၉။ (က) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ရရှိမှသာလျှင် ပုဒ်မ ၇ တွင်ဖော်ပြထား သောရာထူးတစ်ရပ်ရပ်ကို တာဝန်ယူလက်ခံဆောင်ရွက်နိုင်သည်။

(ခ) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ်ဆောင်ရွက်ရန် အရည်အချင်းမရှိသည့် အချိန်တွင်ထိုသို့ လက်ခံဆောင်ရွက်ပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်သိန်းငါးဆယ်ထက်မပိုသော ဒဏ်ကြေးငွေကို တပ်ရိုက်ရမည်။

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် အရည်အချင်းမရှိသည့် ပုဂ္ဂိုလ်များ

၁၀။ (က) အဖွဲ့အစည်းမဟုတ်သော လူပုဂ္ဂိုလ်ကသာလျှင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခွင့်ရှိသည်။

(ခ) လူတစ်ဦးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ အဖြစ် ဆောင်ရွက်ခွင့်မရှိစေရ-

(၁) လူမွဲအဖြစ်မှ ရပ်စဲခြင်းမရှိသေးသူဖြစ်ခြင်း၊

(၂) ဤဥပဒေပါကောင်စီက လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆက်လက်ဆောင်ရွက်ရန်မသင့်ဟုယူဆသော အကျင့်စာရိတ္တနှင့် သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူဖြစ်ခြင်း၊

(၃) နည်းဥပဒေများအရ သတ်မှတ်ထားသည့် အာမခံတစ်ရပ်ရပ်ကိုထားရှိရန် ပျက်ကွက်ခြင်း၊

(၄) ကောင်စီမှ ထုတ်ပေးထားသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်မှာ သက်တမ်းကုန်ဆုံးနေခြင်း၊

(၅) ဤဥပဒေနှင့်အညီ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် မှတ်ပုံမတင်ထားခြင်း။

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူမှတ်ပုံတင်စာရင်းကို ထိန်းသိမ်းထားရှိခြင်း

၁၁။ မှတ်ပုံတင်အရာရှိသည် နည်းဥပဒေများတွင် သတ်မှတ်ထားသည်နှင့်အညီ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ မှတ်ပုံတင်စာရင်းကို ထိန်းသိမ်းထားရှိရမည်။

မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း

၁၂။ (က) အောက်ပါအချက်များနှင့်ကိုက်ညီကြောင်း ယုံကြည်ကျေနပ်လျှင် ကောင်စီသည်လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်-

(၁) ပုဒ်မ ၁၀ အရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခွင့်ရှိသူများစာရင်းမှ ထုတ်ပယ်ခြင်းခံရသူမဟုတ်ခြင်း၊

(၂) ကောင်စီက သတ်မှတ်ထားသော ပညာရေးလိုအပ်ချက်၊ လက်တွေ့သင်တန်းနှင့် အတွေ့အကြုံ ဆိုင်ရာ သတ်မှတ်ချက်များဖြင့် ပြည့်စုံသူဖြစ်ခြင်း၊

(၃) ဤဥပဒေအရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို မှန်ကန်စွာဆောင်ရွက်နိုင်သူဖြစ်ခြင်း။

(ခ) မှတ်ပုံတင်လက်မှတ်ရရှိရန်အတွက် ကောင်စီသို့ တင်ပြလျှောက်ထားရမည်။

(ဂ) ကောင်စီသည် လျှောက်ထားသူအား ထုချေခွင့်ပေးခြင်း သို့မဟုတ် စာဖြင့်ရေးသားတင်ပြစေခြင်း မပြုဘဲ ၎င်း၏လျှောက်လွှာကို ငြင်းပယ်ခြင်း သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်ဖြင့် မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းမပြုရ။

(ဃ) ကောင်စီသည် ဤဥပဒေစတင်အာဏာတည်သောနေ့မှ (၁) နှစ်အတွင်း ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) ပါလိုအပ်ချက်များကို ပြည့်မီခြင်းမရှိသော်လည်း တစ်ဦးတစ်ယောက်သည် လူမွဲမှုခင်းကိစ္စရပ်များ တွင် လုံလောက်သောအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများရှိသည်ဟု ကျေနပ်ပါက ထိုကာလအတွက် ထိုသူအား မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးနိုင်သည်။

မှတ်ပုံတင်လက်မှတ်များကိုနှစ်စဉ်သက်တမ်းတိုးခြင်း

၁၃။ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှ (၁) နှစ်ဖြစ်သည်။ သတ်မှတ်ကာလမကုန်ဆုံးမီ သက်တမ်းတိုးပေးရန် လျှောက်ထားခြင်းမရှိပါက သက်တမ်းကုန်ဆုံးသည့် နေ့တွင် ရပ်စဲပြီး ဖြစ်စေရမည်။

မမှန်မကန်တင်ပြခြင်း

၁၄။ မည်သူမဆို ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ အရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ မှတ်ပုံတင် လက်မှတ်ကို ရရှိရန်ဖြစ်စေ၊ သက်တမ်းတိုးရန်ဖြစ်စေ တင်ပြဆောင်ရွက်ရာတွင် မမှန်မကန်တင်ပြလျှင် သို့မဟုတ် တစ်စုံတစ်ရာကို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ပြုလုပ်လျှင် မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်နှစ်ဆယ့်ငါးသိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည့်အပြင် အခြားတည်ဆဲ ဥပဒေများအရလည်း အရေးယူဆောင်ရွက်နိုင်သည်။

အခန်း (၄) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ[edit]

ဖွဲ့စည်းခြင်း

၁၅။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ ကိုအောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁) ပြည်ထောင်စုစာရင်းစစ်ချုပ်၊

(၂) မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဋ္ဌ၊

(၃) မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊

(၄) မှတ်ပုံတင်အရာရှိ၊

(၅) ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းများ အသင်းချုပ် ဥက္ကဋ္ဌ၊

(၆) ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊

(၇) အခန်း (၅) အရ ဖွဲ့စည်းသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ အသင်း၏ ဥက္ကဋ္ဌနှင့် ၎င်းမှ အမည်စာရင်းတင်သွင်းသည့် အသင်းဝင်ကိုယ်စားလှယ် (၅) ဦး၊

(၈) ပုဒ်မခွဲငယ် (၇) ပါ အသင်းမပေါ်ပေါက်မီ ကြားကာလအတွင်း မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း၏ ဥက္ကဋ္ဌနှင့် ၎င်းမှအမည်စာရင်းတင်သွင်းသည့် အသင်းဝင်ကိုယ်စားလှယ် (၅) ဦး။

(ခ) ကောင်စီသည်ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်သည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်။

(ဂ) ကောင်စီသည် စဉ်ဆက်မပြတ်သော ဆက်ခံခွင့်၊ ယင်း၏ကိုယ်ပိုင်တံဆိပ်ကို သုံးစွဲခွင့်၊ တရားစွဲခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့်ရှိသည်။

(ဃ) ကောင်စီသည် တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရမည်။ လိုအပ်ပါက အစည်းအဝေးခေါ်ယူကျင်းပနိုင်သည်။

(င) ကောင်စီဝင်များသည် ယင်းတို့အနက်တစ်ဦးကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ရမည်။ ကောင်စီ ဥက္ကဋ္ဌသည် သတ်မှတ်ထားသော အစည်းအဝေးများနှင့် လိုအပ်သည့် အစည်းအဝေး တို့ကိုခေါ်ယူခြင်း၊ အဖွဲ့ဝင်များအား အစည်းအဝေးများအတွက် သင့်လျော်သည့် အကြောင်းကြားစာ ပေးပို့ခြင်း၊ အစည်းအဝေးကျင်းပပါက သဘာပတိအဖြစ်ဆောင်ရွက်ခြင်း အပါအဝင် အထွေထွေကြီးကြပ် ပိုင်ခွင့်နှင့် ကောင်စီ၏ လုပ်ငန်းကိစ္စရပ်များကို လမ်းညွှန်ခြင်းပြုနိုင်သည်။

(စ) ဥက္ကဋ္ဌသည် ၎င်းထမ်းဆောင်ရမည့်တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နိုင်ခြင်းမရှိလျှင်မည့်သည့် အချိန်တွင်မဆို ၎င်း၏တာဝန်ဝတ္တရားများကို အခြားအဖွဲ့ဝင်တစ်ဦးဦးထံသို့ယာယီလွှဲအပ်နိုင်သည်။

(ဆ) နိုင်ငံဝန်ထမ်းမဟုတ်သော ကောင်စီဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော ချီးမြှင့်ငွေနှင့် စရိတ်ကို ခံစားခွင့်ရှိစေရမည်။

ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၁၆။ ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကောင်စီသည်ပုဒ်မ ၁၂ အရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ရန် လျှောက်ထား လာသူကို သင့်လျော်သည်ဟုဆုံးဖြတ်လျှင် ထိုသူအား မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းနှင့် ပုဒ်မ ၁၁ အရထားရှိသော မှတ်ပုံတင်စာရင်းတွင် ထည့်သွင်း မှတ်တမ်းတင်ခြင်း၊

(ခ) ပုဒ်မ ၁၃ အရ လျှောက်ထားလာပါက မှတ်ပုံတင်လက်မှတ်ကို သက်တမ်းတိုးပေးခြင်း၊

(ဂ) မှတ်ပုံတင်လက်မှတ်နှင့်စပ်လျဉ်း၍ သင့်လျော်မည်ဟုယူဆသော စည်းကမ်း သို့မဟုတ် ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊

(ဃ) လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ကျင့်သုံးရမည့်စံနှုန်းများ၊ ကျင့်ဝတ်များ၊ အစီအစဉ် များ၊ လမ်းညွှန်ချက်များ၊ စံချိန်စံညွှန်းများ၊ လက်စွဲများနှင့် အရည်အသွေးထိန်းသိမ်းရေး အစီအစဉ်များကို သတ်မှတ်ခြင်း၊

(င) ဤဥပဒေအရ တာဝန်နှင့် ဝတ္တရားများကို ချိုးဖောက်ကြောင်း သို့မဟုတ် တာဝန်များ ဆောင်ရွက်ရာ တွင် ပေါ့ဆစွာပြုမူကြောင်း သို့မဟုတ် ကျင့်ဝတ်မညီကြောင်း လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးအပေါ် တိုင်ကြားချက်ကို ကြားနာဆုံးဖြတ်ခြင်း၊

(စ) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ လုပ်ငန်းဆောင်ရွက်မှုကြောင့် လျော်ကြေးတစ်စုံတစ်ရာပေးရန် တာဝန်ရှိလာပါက အောက်ပါအာမခံစနစ်နှစ်ရပ်အနက် မည်သည့်စနစ်ဖြင့် အာမခံထားရှိမည်ကို ဆုံးဖြတ်ခြင်းနှင့်အနည်းဆုံးအာမခံတန်ဖိုးကို ဆုံးဖြတ်ခြင်း-

(၁) ကျွမ်းကျင်သူအနေဖြင့် ဆောင်ရွက်ချက်များအပေါ် လျော်ကြေးပေးရန် တာဝန်မှ ကင်းလွတ်ခွင့် အာမခံ၊

(၂) သမာဓိအာမခံ။

(ဆ) ကောင်စီသည် ဤဥပဒေပြဋ္ဌာန်းသည့်အချိန်မှစ၍ ယင်း၏တာဝန်များကို အရည်အသွေးပြည့်မီစွာ ထမ်းဆောင်နိုင်သည်အထိ အသွင်ကူးပြောင်းရေးကာလအတွင်း ဖြစ်ပေါ်လာသည့် အခက်အခဲများကို ဖြေရှင်းပေးခြင်း၊

(ဇ) နည်းဥပဒေများနှင့်အညီ သတ်မှတ်သော အောက်ပါတာဝန်များကို ထမ်းဆောင်ခြင်း-

(၁) အခြားဆက်စပ်သော လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊

(၂) ကောင်စီ၏ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်း။

ကော်မတီများ ဖွဲ့စည်းခြင်းနှင့်တာဝန်ပေးအပ်ခြင်း

၁၇။ (က) ကောင်စီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အလို့ငှာလိုအပ်ပါက လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးကော်မတီနှင့် လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေးကော်မတီ တို့ကို လည်းကောင်း၊ အကြံပေ​းကောင်စီ သို့မဟုတ် အမှုဆောင်ကော်မတီကို လည်းကောင်းဖွဲ့စည်းနိုင်သည်။

(ခ) ကောင်စီသည် မိမိ၏ တာဝန် သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ကော်မတီထံသို့ လွှဲအပ်နိုင်သည်။

လူမွဲခံယူခြင်းဆိုင်ရာ နိုင်ငံခြားသားကျွမ်းကျင်သူများ

၁၈။ (က) ကောင်စီသည် ၎င်း၏ဆင်ခြင်တုံတရားဖြင့် အခြားနိုင်ငံတစ်ခု၏ စီရင်ပိုင်ခွင့်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊ ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ဆောင်ရွက်ခွင့်ရှိသော သို့မဟုတ် မှတ်ပုံတင်ထားသော လူမွဲခံယူခြင်းဆိုင်ရာ နိုင်ငံခြားသားကျွမ်းကျင်သူတစ်ဦးကို အပိုင်း (၁၀) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေပဲ မြန်မာနိုင်ငံရှိနိုင်ငံခြားလူမွဲမှုခင်းတွင် လိုက်ပါဆောင်ရွက်ရန်ခွင့်ပြုနိုင်သည်။

(ခ) ကောင်စီသည်ပုဒ်မခွဲ (က) အရ ခွင့်ပြုနိုင်ရန်အတွက် စဉ်းစားဆုံးဖြတ်ရာတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့် လူမွဲခံယူခြင်းဆိုင်ရာ နိုင်ငံခြားသားကျွမ်းကျင်သူတွင် အနည်းဆုံးရှိရမည့် အရည်အချင်းများကိုလည်း သတ်မှတ်နိုင်သည်။

အခန်း (၅) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း[edit]

အသင်းအားအသိအမှတ်ပြုခြင်း

၁၉။ (က) မှတ်ပုံတင်ထားသူများသည် အသင်းဖွဲ့စည်းလိုပါက ကောင်စီသို့ လျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားလာပါက ကောင်စီသည် အဆိုပါအသင်းအနေဖြင့် ယင်း၏လုပ်ငန်း တာဝန်တို့ကို ဆောင်ရွက်နိုင်ရန် သင့်လျော်သည်ဟုယူဆလျှင် အသိအမှတ်ပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) ပါ အသင်းမပေါ်ပေါက်မီ ကြားကာလအတွင်း ယင်း၏ တာဝန်ဝတ္တရားများကို ကောင်စီ သည် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းအား ထိုတာဝန်များကို ယာယီထမ်းဆောင် စေနိုင်သည်။

အသင်း၏ ရည်ရွယ်ချက်များ

၂၀။ ပုဒ်မ ၁၉ အရဖွဲ့စည်းထားသော အသင်း၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်အတွင်း လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများပြုစုပျိုးထောင်ရန်နှင့် လုပ်ထုံးလုပ်နည်း တိုးတက်ကောင်းမွန်လာစေရန်၊

(ခ) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအကြား လုပ်ငန်းပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာ ကျင့်ဝတ်များလိုက်နာမှုအားကောင်းလာစေရန်၊

(ဂ) မြီရှင်များနှင့် မြီစားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ ဝန်ဆောင်မှုများကို မြှင့်တင်ရန်၊

(ဃ) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်နိုင်ရေးအတွက် ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(င) ကောင်စီက ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊

(စ) ကောင်စီသည် ယင်း၏ လုပ်ငန်းတာဝန်များကို အသင်းသို့ လွှဲပြောင်းပေးအပ်ပါကအသင်းသည် ကောင်စီသို့ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန်၊

(ဆ) နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်နှင့်အညီ သက်ဆိုင်သည့် ကိစ္စရပ်များတွင် ကောင်စီသို့ အကြံပြုရန်။

အသင်းဝင်ဖြစ်မှု

၂၁။ (က) လက်ရှိအသင်းဝင်မဟုတ်သူသည် လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်ကို ကိုင်ဆောင်ခွင့် မရှိသည့် အပြင် ပုဒ်မ ၁၂ အရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် မှတ်ပုံတင်ခွင့်မရှိစေရ။

(ခ) အသင်းသည် အသင်းဝင်အဖြစ် ပါဝင်မည့်သူများနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ပြုလုပ် ရမည်။ အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စံချိန်စံနှုန်းများနှင့် လိုအပ်ချက်များ၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်နှင့် ကျွမ်းကျင်သူအဖြစ် လိုက်နာရမည့်ကျင့်ဝတ်ပိုင်းအရ သတ်မှတ်ချက်များကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းရမည်။

(ဂ) အသင်းဝင်သည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ကို မလိုက်နာပါက ထိုသူအား အသင်းဝင်အဖြစ်လက်ခံခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းကိုခွင့်မပြုရ။ အသင်းဥက္ကဋ္ဌသည် မည်သည့်အချိန်၌မဆို အသင်းဝင် တစ်ဦးဦးကို ယင်းသို့ လိုက်နာကြောင်း အထောက်အထားတင်ပြရန် ဆင့်ဆိုနိုင်ပြီး ပျက်ကွက်ပါက ထိုသူ၏အသင်းဝင်ဖြစ်မှုကို ပယ်ဖျက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်။

(ဃ) အသင်းသည် လျှောက်ထားသူနှင့် ပတ်သက်၍ ကောင်စီသို့ အောက်ပါအခြေအနေတစ်ရပ်ရပ်ကို မပျက်မကွက် အစီရင်ခံတင်ပြရမည်-

(၁) အသင်းဝင်အဖြစ် ခွင့်ပြုထားပြီးဖြစ်ကြောင်း

(၂) အသင်းဝင်အဖြစ်မှ နုတ်ထွက်ပြီးကြောင်း သို့မဟုတ် လစ်လပ်ပြီး ဖြစ်ကြောင်း၊

(၃) အသင်းဝင်ဖြစ်ခြင်းမှ သက်တမ်းကုန်ဆုံးပြီး သို့မဟုတ် ပယ်ဖျက်ပြီး သို့မဟုတ် ရုပ်သိမ်းပြီးဖြစ်ကြောင်း။

(င) မည်သူမဆို-

(၁) အသင်းဝင်အဖြစ်လျှောက်ထားမှုကို ငြင်းပယ်ခြင်းခံရလျှင် သို့မဟုတ်

(၂) အသင်းဝင်သက်တမ်း ကုန်ဆုံးသွားလျှင် သို့မဟုတ် ၎င်း၏ ဆန္ဒမပါဘဲ ပယ်ဖျက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းခံရလျှင် အသင်း၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပယ်ဖျက်ပေးရန် ကောင်စီသို့လျှောက်ထား နိုင်သည်။

အခန်း (၆) နစ်နာမှုနှင့်စုံစမ်းစစ်ဆေးခြင်း[edit]

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြောင့်ဖြစ်သော နစ်နာမှုများ

၂၂။ (က) မည်သူမဆို လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး၏ အလွဲပြုမူ ဆောင်ရွက်မှုကြောင့် ဖြစ်စေ၊ ကျင့်ဝတ်နှင့်မညီသော ဆောင်ရွက်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာခဲ့လျှင် ကောင်စီက သတ်မှတ် ထားသည့် အချိန်အတွင်း၊ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တိုင်တန်းလျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တိုင်တန်းမှုတွင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူက ဆန့်ကျင်ဆောင်ရွက်ခဲ့သည်ဆိုသော စွပ်စွဲချက်နှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းချက်များ သို့မဟုတ် ၎င်းကချိုးဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်နှင့် သက်ဆိုင်သည့် စံနှုန်းများ၊ အမိန့်များလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များကိုအသေးစိတ်ဖော်ပြ နိုင်သည်။ သို့ရာတွင် ထိုသို့ဖော်ပြထားမှုမရှိခြင်းကို အကြောင်းပြု၍ တိုင်တန်းမှုအား ပယ်ချခြင်းမပြုရ။

(ဂ) အသင်းသည် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် တိုင်တန်းမှုကို လက်ခံရရှိလျှင် လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ ချက်ချင်းလွှဲပြောင်းပေး ပို့ရမည်။

တိုင်တန်းမှုများကို အသင်းအား စုံစမ်းစစ်ဆေးစေခြင်း

၂၃။ (က) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပုဒ်မ ၂၂ အရ တိုင်တန်းမှုကို လက်ခံရရှိသည့်အခါ တိုင်တန်းခံရသူအပေါ် စုံစမ်းစစ်ဆေးရန် အသင်းကို ညွှန်ကြား နိုင်သည်။

(ခ) အသင်းသည် ပုဒ်မခွဲ (က) အရဆောင်ရွက်သည့် စုံစမ်းစစ်ဆေးမှုကို ကောင်စီက သတ်မှတ် ထားသည့် အချိန်အတွင်းသတ်မှတ်ထားသည့် ပုံစံအတိုင်းဆောင်ရွက်ရမည်။

(ဂ) စုံစမ်းစစ်ဆေးမှုဆောင်ရွက်စဉ်အတွင်း အသင်းသည် သက်ဆိုင်ရာ စာရွက်စာတမ်း၊ မှတ်တမ်း သို့မဟုတ် အချက်အလက်များကို လက်ဝယ်ရှိသူတစ်ဦးဦးထံမှ ယင်းတို့ကို တောင်းခံနိုင်ပြီး ထိုသူမှလည်း ပေးအပ်ရမည်။

(ဃ) အသင်းသည် ဤပုဒ်မအရ ရရှိသည့်စာရွက်စာတမ်း၊ မှတ်တမ်း သို့မဟုတ် အချက်အလက် တစ်ရပ်ရပ် ကို အသင်း၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိရန်လိုအပ်သည်ဟု ထင်မြင်ယူဆသည့်အချိန် အထိ ထိန်းသိမ်းထားရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု သို့မဟုတ် ကြားနာမှုပြီးဆုံးပါက အပ်နှံသူထံ ပြန်လည် ပေးအပ်ရမည်။

(င) အသင်းသည် ပုဒ်မ ၂၂ အရ တိုင်တန်းခံရသူက ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း စည်းကမ်း၏ ပြဋ္ဌာန်းချက်တစ်ခုခုကို ချိုးဖောက်ခဲ့ကြောင်း သို့မဟုတ် ကောင်စီက ထုတ်ပြန်ထားသည့် သတ်မှတ်စံချိန်းစံနှုန်း သို့မဟုတ် လမ်းညွှန်ချက်တစ်ခုခုကို ဖောက်ဖျက်ခဲ့ကြောင်း သို့မဟုတ် အသင်းက ထုတ်ပြန်ထားသည့် စည်းကမ်း သို့မဟုတ် ကျင့်ဝတ်ကို ချိုးဖောက်ကြောင်း ယုံကြည်ရန် သင့်လျော်သည့် အကြောင်းရှိမရှိစသည့် သုံးသပ်ချက်များပါဝင်သည့်အစီရင်ခံစာကို ကော်မတီသို့ တင်ပြရမည်။

အသင်း၏အစီရင်ခံစာအရ စည်းကမ်းထိန်းသိမ်းရေးကော်မတီက အရေးယူဆောင်ရွက်ခြင်း

၂၄။ (က) ဤအခန်းအရတိုင်ကြားစာနှင့် ယင်းတိုင်ကြားစာအပေါ် အသင်းကတင်ပြသည့် အစီရင်ခံစာကို စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆုံးဖြတ်ရမည်။

(ခ) ကောင်စီ သို့မဟုတ် ယင်း၏လွှဲအပ်ထားသည့် အခွင့်အာဏာအရ ဆောင်ရွက်နေသည့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(၁) အသင်းသို့ ထပ်မံစုံစမ်းစစ်ဆေးရန် ညွှန်ကြားခြင်းအပါအဝင် ဆက်လက်စုံစမ်းမှုများ ဆောင်ရွက်ခြင်း၊

(၂) တိုင်တန်းခံရသူထံအကြောင်းပြထုချေရန် အကြောင်းကြားစာပေးပို့ခြင်း။

(ဂ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် တိုင်တန်းခံရသူအပေါ် စွပ်စွဲချက်များအား ဖြေရှင်းရန် ကျိုးကြောင်းဆီလျော်သော အခွင့်အရေးကိုပေးပြီးနောက် လုံလောက်သည့် အကြောင်းရင်းရှိသည်ဟု ကျေနပ်လျှင်-

(၁) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ၏မှတ်ပုံတင်လက်မှတ်အပေါ် စည်းကမ်းများ သို့မဟုတ် ကန့်သတ်ချက်များ သတ်မှတ်နိုင်ပြီး ယင်းတို့ကို လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ၏ မှတ်ပုံတင် စာရင်းတွင် မှတ်တမ်းတင်ထားရှိရန် မှတ်ပုံတင်အရာရှိအား ညွှန်ကြားနိုင်သည်၊

(၂) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျယ်နိုင်ပြီး မှတ်ပုံတင်စာရင်းမှ ၎င်း၏အမည်ကိုဖယ်ရှားရန် မှတ်ပုံတင်အရာရှိအား ညွှန်ကြားနိုင်သည်၊

(၃) အောက်ပါကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် ကောင်စီ သို့မဟုတ် ယင်းကလွှဲအပ်ထားသည့် အခွင့်အာဏာအရ ဆောင်ရွက်နေသည့် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ပြီး တရားရုံးသည် အောက်ပါအတိုင်း အမိန့်ချမှတ်နိုင်သည်-

(ကက) ဥပဒေ သို့မဟုတ် နည်းဥပဒေများကို ဆန့်ကျင်သောကိစ္စရပ်ဖြစ်လျှင်ထိုလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူကို ငွေဒဏ်ချမှတ်ခြင်း၊

(ခခ) ဥပဒေ သို့မဟုတ် နည်းဥပဒေများကို ချိုးဖောက်ပြီး ပြုလုပ်သည့်ဆောင်ရွက်မှုတစ်ခုကြောင့် ဥပဒေနှင့်မညီသော ရယူမှုရှိခဲ့သည့် သို့မဟုတ် ဆုံးရှုံးမှုကို လွှဲရှောင်ခဲ့သည့်သူတစ်ဦးအား ထိုဥပဒေနှင့် မညီသော ရယူမှုသို့မဟုတ် လွှဲရှောင်ခဲ့သည့် ဆုံးရှုံးမှုပမာဏအတိုင်း ပြန်လည်ပေးဆောင်စေခြင်း၊

(ဂဂ) ထိုဖောက်ဖျက်မှုကြောင့် ဆုံးရှုံးမှုခံစားရသူကို ထိုသို့ပေးဆောင်စေသည့်ငွေမှ လျော်ကြေးအဖြစ် ပေးစေခြင်း။

တရားရုံးသည် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများနှင့်ပတ်သက်၍ အမိန့်များ ချမှတ်နိုင်ခြင်း

၂၅။ (က) ဤဥပဒေအရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများက ၎င်းတို့၏တာဝန်နှင့် ဝတ္တရားများကို ဆောင်ရွက်ခြင်း၊ ဥပဒေအရရရှိသောလုပ်ပိုင်ခွင့် အာဏာများကို ကျင့်သုံးခြင်းနှင့်ပတ်သက်၍ ကြီးကြပ်ရန်အတွက် တရားရုံးသည် လိုအပ်သောအမိန့်များကို ချမှတ်နိုင်သည်။

(ခ) မိမိ၏ ကိုယ်ပိုင်ဆင်ခြင်တုံတရားအရဖြစ်စေ၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့မဟုတ် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လျှောက်ထားချက်အရ ဖြစ်စေ မိမိရှေ့သို့ရောက်ရှိလာသော အမှုများတွင် တရားရုံးသည် ပုဒ်မခွဲ (က) ပါ အာဏာများကို ကျင့်သုံးဆောင်ရွက်နိုင်သည်။

(ဂ) ပုဒ်မခွဲ (က) အား မဆန့်ကျင်စေဘဲ တရားရုံးသည် ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအရ ကောင်စီ၏ ကြီးကြပ်ရန် တာဝန်နှင့်ဝတ္တရားတို့ကို အထောက် အကူဖြစ်စေရန်အလို့ငှာ အမိန့်ချမှတ်နိုင်သည် သို့မဟုတ် လိုအပ်သလို ညွှန်ကြားနိုင်သည်။

(ဃ) တရားရုံးသည် မည်သည့်အချိန်တွင်မဆို လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအား ဤဥပဒေ အရ ၎င်းမှကိုင်တွယ်ဆောင်ရွက်ရန် ခန့်အပ်ခဲ့သော လူမွဲခံယူခြင်းဆိုင်ရာဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထိုသူ သို့မဟုတ် အခြားသူအား ကျမ်းကျိန်ဆိုစေလျက် စစ်မေးနိုင်သည့်အပြင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ၏ ငွေစာရင်းစာအုပ်များကိုစစ်ဆေးနိုင်သည်။

(င) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ လျှောက်ထားချက် အရ တရားရုံးသည် ပုဒ်မ ၂၄ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၃) နှင့်အညီအမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်။

စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို နစ်နာသူက ကောင်စီသို့ လျှောက်ထားခြင်း

၂၆။ (က) ပုဒ်မ ၂၂ အရ လက်ခံရရှိသည့် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ၏ ဆုံးဖြတ်ချက်ကြောင့် နစ်နာသူသည် ကောင်စီ၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားခွင့်ရှိသည်။

(ခ) ပုဒ်မခွဲ (က) အရ ကောင်စီသို့လျှောက်ထားရာတွင် ကော်မတီ၏ဆုံးဖြတ်ချက်ကို နစ်နာသူထံ အကြောင်းကြားသည့်နေ့မှ ၂၈ ရက်အတွင်း လျှောက်ထားရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရလျှောက်ထားမှုကို လက်ခံကြားနာနေဆဲအချိန်တွင် ကောင်စီသည်ပုဒ်မ ၂၄ ပုဒ်မခွဲ (ဂ) အရစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အရေးယူဆောင်ရွက်ခဲ့မှုတစ်ရပ်ရပ်ကို ဆိုင်းငံ့ရန်အမိန့် ချမှတ်နိုင်သည့်အပြင် ပုဒ်မ ၂၄ ပုဒ်မခွဲ (ဂ) ၏ ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) အရ စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပေးပို့သောအကြောင်းကြားစာ သို့မဟုတ် ညွှန်ကြားချက်အား ဆက်လက် ဆောင်ရွက်ခြင်းမပြုရန်မှတ်ပုံတင်အရာရှိအပေါ် တားမြစ်မိန့်ထုတ်ဆင့်နိုင်သည်။

(ဃ) ကောင်စီသည်-

(၁) စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျယ်ခြင်း ပြုနိုင်သည်၊

(၂) ယင်းကိစ္စကို ထပ်မံစုံစမ်းပြီး ပြန်လည်တင်ပြရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ ပြန်လည် ပေးပို့နိုင်ပြီး စုံစမ်းမှုပြန်လည်ရရှိပါက ကော်မတီ၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

(င) ပုဒ်မ ၂၆ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ကောင်စီ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အပိုင်း (၄) ပစ္စည်းထိန်းခြင်း[edit]

အခန်း (၁) အရပ်ရပ်ဆိုင်ရာပြဋ္ဌာန်းချက်များ[edit]

ပစ္စည်းထိန်း၏အဓိပ္ပာယ်

၂၇။ ကုမ္ပဏီပိုင်ပစ္စည်းများ၏ ပစ္စည်းထိန်းဆိုရာတွင် အောက်ပါပုဂ္ဂိုလ်တို့ ပါဝင်သည်-

(က) ထိုပစ္စည်း၏ ပစ္စည်းထိန်းနှင့်မန်နေဂျာ၊

(ခ) ထိုပစ္စည်း၏ တစ်စိတ်တစ်ပိုင်းအပေါ် ခန့်ထားသည့် ပစ္စည်းထိန်း သို့မဟုတ် မန်နေဂျာ၊

(ဂ) ထိုပစ္စည်း၏ တစ်စိတ်တစ်ပိုင်းအပေါ် ခန့်ထားသည့် ပစ္စည်းထိန်း၊

(ဃ) ထိုပစ္စည်း သို့မဟုတ် ထိုပစ္စည်း၏ တစ်စိတ်တစ်ပိုင်းမှ ပေါ်ထွက်လာသောဝင်ငွေနှင့်စပ်လျဉ်းသည့် ပစ္စည်းထိန်း။

ပစ္စည်းထိန်းခန့်ထားနိုင်ခြင်း

၂၈။ ကုမ္ပဏီပိုင်ပစ္စည်းအတွက် အဖွဲ့အစည်းမဟုတ်သည့် လူပုဂ္ဂိုလ်ကိုသာလျှင် ပစ္စည်းထိန်းအဖြစ်ခန့်ထား နိုင်သည်။

အခန်း (၂) တရားရုံးပြင်ပတွင် ပစ္စည်းထိန်းခန့်အပ်ခြင်း၊ လစ်လပ်ခြင်း၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများ[edit]

ပစ္စည်းထိန်းကိုစတင်ခန့်အပ်နိုင်သည့်အချိန်

၂၉။ (က) ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည့် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ခွင့်ပြုထားသည့် အခြေအနေများ သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ပြဋ္ဌာန်းထားသည့် ခွင့်ပြုသော အချိန်ကာလများအတွင်း ပစ္စည်းထိန်းကိုခန့်အပ်နိုင်ပြီး အခြားသောအခြေအနေများတွင် အာမခံအကျိုး ခံစားခွင့်ရမြီရှင်တစ်ဦး အနေဖြင့် ပစ္စည်းထိန်းခန့်ထားပိုင်ခွင့် မရှိစေရ။

(ခ) ခွင့်ပြုထားသော အခြေအနေများဆိုရာတွင်အောက်ပါတို့ကို ဆိုသည်-

(၁) ပစ္စည်းထိန်းခန့်အပ်မည့်အာမခံအကျိုးခံစားခွင့်သည် ဤဥပဒေကို ပြဋ္ဌာန်းခြင်း မပြုမီကပင် ပေါ်ပေါက်ခဲ့ပြီးဖြစ်ခြင်း၊

(၂) အာမခံအကျိုးခံစားခွင့်ရ မြီရှင်သည် ကုမ္ပဏီပိုင်ပစ္စည်းအားလုံး သို့မဟုတ် ပိုင်ဆိုင်မှု အများစုအပေါ် အာမခံရရှိထားခြင်းမရှိသည့်ကိစ္စဖြစ်သည့်အပြင် အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) ပါပြဋ္ဌာန်းချက်များ အရ ပစ္စည်းထိန်းတစ်ဦးအား ခန့်အပ်ခြင်းကို အခြားနည်းဖြင့် တားမြစ်ပိတ်ပင်ထားမှုမရှိခြင်း၊

(၃) ထူးခြားသောအခြေအနေများရှိကြောင်းကို တရားရုံးက ယုံကြည်၍-

(ကက) တရားရုံးက ပစ္စည်းထိန်းတစ်ဦးအား ကိုယ်တိုင်ခန့်အပ်ခဲ့ခြင်း၊ သို့မဟုတ်

(ခခ) ပစ္စည်းထိန်းတစ်ဦးအားခန့်အပ်ရန် အာမခံအကျိုးခံစားခွင့်ရ မြီရှင်အား ခွင့်ပြုမိန့် ချမှတ် ပေးခဲ့ခြင်း၊

(၄) နည်းဥပဒေများအရ အခြားတစ်နည်းနည်းဖြင့် ခွင့်ပြုထားခဲ့ခြင်း။

(ဂ) ခွင့်ပြုထားသောအချိန်ကာလဆိုရာတွင် အောက်ပါအခြေအနေတစ်ရပ်ရပ်ကိုဆိုသည်-

(၁) အာမခံအကျိုးခံစားခွင့်ရမြီရှင်သည် အပိုင်း (၅) အရဖြစ်စေ၊ အပိုင်း (၆) အရဖြစ်စေ ပြန်လည် ထူထောင်ရေးအစီအစဉ်တစ်ရပ်ကို လိုက်နာရန် တာဝန်ရှိသည့်အပြင် ၎င်းကပစ္စည်းထိန်းတစ်ဦးကို ခန့်ထားပါက ယင်းအစီအစဉ်ကို ဆန့်ကျင်သည်မှအပ ကုမ္ပဏီက အပိုင်း (၅) အရဖြစ်စေ၊ အပိုင်း (၆) အရဖြစ်စေ ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချိန်ကာလ၊

(၂) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းနေစဉ်အချိန်ကာလ။

ပစ္စည်းထိန်း၏လုပ်ပိုင်ခွင့်များ

၃၀။ (က) အာမခံတစ်ရပ်အတွက် ခန့်ထားသည့် ကုမ္ပဏီ၏ပစ္စည်းထိန်းသည် ထိုအာမခံတွင် အခြားနည်း ဆန့်ကျင်ကွဲလွဲသော သဘောတူညီချက်မရှိလျှင် အောက်ပါအခွင့်အာဏာများရရှိသည်-

(၁) ကုမ္ပဏီပိုင်ပစ္စည်းများကို လက်ရောက်ရယူခြင်း၊ ကောက်ခံရယူခြင်းနှင့် ထိုသို့ပြုလုပ်ရန်အလို့ငှာ လိုအပ်သော ဆောင်ရွက်ချက်များကို ပြုလုပ်ခြင်း၊

(၂) ကုမ္ပဏီပိုင်ပစ္စည်းများကို လေလံစနစ်ဖြင့်ဖြစ်စေ၊ စာချုပ်ချုပ်ဆို၍ဖြစ်စေ ရောင်းချခြင်း သို့မဟုတ် အခြားနည်းစီမံခန့်ခွဲခြင်း၊

(၃) ကုမ္ပဏီပိုင်ပစ္စည်းများကို အာမခံအဖြစ်ထားရှိ၍ ငွေကြေးရရှိအောင် ဆောင်ရွက်ခြင်း သို့မဟုတ် ချေးယူခြင်း၊

(၄) ၎င်း၏ တာဝန်များကို ဆောင်ရွက်ရာ၌ အထောက်အကူရရှိစေရန်အလို့ငှာ ဥပဒေအကြံပေး သို့မဟုတ် ငွေစာရင်းကိုင် သို့မဟုတ် အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာကျွမ်းကျင်သူတို့ကို ခန့်အပ်ခြင်း၊

(၅) ကုမ္ပဏီအမည်နှင့် ဖြစ်စေ၊ ကုမ္ပဏီ၏ကိုယ်စားဖြစ်စေ တရားစွဲဆိုခြင်း၊ တရားစွဲဆိုခံပိုင်ခွင့်ရှိခြင်းနှင့် ခုခံချေပခြင်း၊

(၆) ကုမ္ပဏီကို ထိခိုက်မှုဖြစ်စေသော အငြင်းပွားမှုကို အနုညာ တနည်းဖြင့် ဖြေရှင်းစေခြင်း၊

(၇) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီပိုင်ပစ္စည်းများကို ထိန်းသိမ်းရာတွင်အာမခံထားရှိခြင်း၊

(၈) ကုမ္ပဏီ၏တံဆိပ်တုံးကိုအသုံးပြုခြင်း၊

(၉) စာချုပ်စာတမ်းများ၊ ပြေစာများနှင့် အခြားစာရွက်စာတမ်းများအား ရေးသားချုပ်ဆို ဆောင်ရွက် ရာတွင် ကုမ္ပဏီအမည်နှင့်ဖြစ်စေ၊ ကုမ္ပဏီ၏ကိုယ်စားဖြစ်စေ ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

(၁၀) ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသော သို့မဟုတ် အေးဂျင့်ဖြင့် ဆောင်ရွက်ခြင်းဖြင့်ပိုမို အဆင်ပြေ သော လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ရန် အေးဂျင့်တစ်ဦးအားခန့်ထားပိုင်ခွင့်ရှိခြင်းနှင့် ဝန်ထမ်းများကို ခန့်အပ်ခွင့်၊ ထုတ်ပယ်ခွင့်ရှိခြင်း၊

(၁၁) ကုမ္ပဏီပိုင်ပစ္စည်းများကို ထုခွဲရောင်းချရန်အတွက်လိုအပ်သလို ဆောင်ရွက်ခွင့်ရှိသည်။

(၁၂) ၎င်း၏တာဝန်များကို ထမ်းဆောင်ရာတွင် လိုအပ်သော ငွေပေးချေမှုများ ပြုလုပ်နိုင်ခြင်း၊

(၁၃) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်း၊

(၁၄) လက်အောက်ခံကုမ္ပဏီများကို ဖွဲ့စည်းတည်ထောင်ခြင်း၊

(၁၅) ကုမ္ပဏီပိုင်ပစ္စည်းနှင့် စီးပွားရေးလုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လက်အောက်ခံကုမ္ပဏီများသို့ လွှဲပြောင်းပေးခြင်း၊

(၁၆) ကုမ္ပဏီပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် အငှားချထားမှုကို လက်ခံခွင့်ပြုနိုင်ခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း၊ ကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းအတွက်လိုအပ်သော သို့မဟုတ် အထောက်အကူဖြစ်စေ သော ပစ္စည်းတစ်ရပ်ရပ်ကို ငှားရမ်းခြင်း၊

(၁၇) ကုမ္ပဏီကိုယ်စား ညှိနှိုင်းဖြေရှင်းပေးရန်ဆောင်ရွက်ခြင်း၊

(၁၈) တောင်းခေါ်ခြင်း မပြုရသေးသော ကုမ္ပဏီ၏ မတည်ငွေရင်းကို တောင်းခံခြင်း၊

(၁၉) ကုမ္ပဏီသို့ ကြွေးမြီပေးဆပ်ရန် တင်ရှိနေခြင်းနှင့် စပ်လျဉ်း၍ လူမွဲခံယူမှု၊ ကြွေးမြီမပေးဆပ်နိုင်မှု၊ ကြွေးမြီပြန်လည်မပေးဆပ်မီ ၎င်း၏ပစ္စည်းများကို သိမ်းယူထားမှုသို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းမှု တစ်ရပ်ရပ်တွင် ကြွေးမြီများအားဦးစားပေးအဆင့်အတန်းသတ်မှတ်၍ တောင်းဆိုခြင်း၊ အမြတ်ငွေများကို လက်ခံခြင်းနှင့်ယင်း၏ မြီရှင်များအတွက် ယုံမှတ်အပ်နှံခြင်းစာချုပ်များကို သဘောတူလက်ခံခြင်း၊

(၂၀) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားခြင်း သို့မဟုတ် ခုခံချေပခြင်း၊

(၂၁) ကုမ္ပဏီမှတ်ပုံတင်ထားသော ရုံးခန်းတည်နေရာကိုပြောင်းလဲခြင်း၊

(၂၂) အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးနိုင်ရန်အတွက် လိုအပ်သည့် နောက်ဆက်တွဲများကို ဆောင်ရွက်ခြင်း။

(ခ) တစ်ဦးတစ်ယောက်သည် ရိုးဖြောင့်သောသဘောနှင့် တန်ရာတန်ကြေးပေး၍ ပစ္စည်းထိန်းနှင့် အရောင်းအဝယ်ပြုခဲ့ခြင်းဖြစ်ပါက ထိုပစ္စည်းထိန်းအပေါ် ၎င်း၏လုပ်ပိုင်ခွင့်အတွင်း ဆောင်ရွက်ခြင်း ဟုတ်မဟုတ်ကို စုံစမ်းမေးမြန်းရန်တာဝန်မရှိစေရ။

ပစ္စည်းထိန်း၏ တာဝန်ရှိမှု

၃၁။ (က) ပစ္စည်းထိန်းသည် ကုမ္ပဏီ၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါအခြေအနေများ၌ ပုဂ္ဂိုလ်ရေးအရ တာဝန်များရှိစေရမည်။

(ခ) အာမခံအကျိုးခံစားခွင့်တစ်ရပ်အား အတည်ပြုဆောင်ရွက်ရန်အလို့ငှာ ကုမ္ပဏီပိုင်ပစ္စည်းကို လက်ဝယ်ရယူခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းပြုလုပ်သည့် ပစ္စည်းထိန်းသည် ကုမ္ပဏီ၏ အေးဂျင့်အဖြစ် ဆောင်ရွက်ခြင်း ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပစ္စည်းထိန်းအဖြစ်ဆောင်ရွက်ရာ၌ အသုံးပြုခဲ့သော ဝန်ဆောင်မှုများ၊ ဝယ်ယူခဲ့သောကုန်စည်များ၊ ငှားရမ်းခဲ့သောပစ္စည်းများ၊ လက်ဝယ်ရယူထားသော သို့မဟုတ် သုံးစွဲနေသော သို့မဟုတ် အငှားယူထားသောမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ ငှားရမ်းထား သည့် ပစ္စည်းများအတွက် ကျခံပေးချေခဲ့သောကြွေးမြီများနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိစေ ရမည်။

(ဂ) အကယ်၍ ပစ္စည်းထိန်းသည် ပစ္စည်းအား ကုမ္ပဏီမှ ဆက်လက်အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် လက်ဝယ်ရယူထားခြင်းအတွက် စာချုပ်အရပေးရန်ရှိသော ငှားရမ်းခ သို့မဟုတ် အခြားပေးဆောင်ရန်ရှိသော အခကြေးငွေတို့နှင့်စပ်လျဉ်း၍ အောက်ပါကိစ္စများ၌ ၎င်းတာဝန် ယူနေသော ကာလအတွက်သာ တာဝန်ရှိစေရမည်-

(၁) ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းမပြုမီ အခြားသူတစ်စုံတစ်ဦးက ပိုင်ဆိုင်သော သို့မဟုတ် အငှား ယူထားသော ပစ္စည်းတစ်ရပ်ကို ထိုသူနှင့်ချုပ်ဆိုသော ပဋိညာဉ်တစ်ရပ်အရကုမ္ပဏီက သုံးစွဲခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် လက်ဝယ်ရယူခြင်း ပြုလုပ်ထားသည့်ကိစ္စ၊

(၂) ပစ္စည်းထိန်းခန့်အပ်ပြီးနောက် ကုမ္ပဏီသည် ထိုပစ္စည်းကို ဆက်လက်သုံးစွဲခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် လက်ဝယ်ရယူထားခြင်းပြုသည့်ကိစ္စ။

(ဃ) ပစ္စည်းထိန်းသည် ၎င်းအားခန့်ထားပြီးနောက် အလုပ်လုပ်ကိုင်ရက် ၇ ရက်အတွင်း ပစ္စည်းနှင့် စပ်လျဉ်း၍ ယင်း၏အခွင့်အရေးများကို ကျင့်သုံးတော့မည်မဟုတ်ကြောင်း၊ ထိုပစ္စည်း၏ ပိုင်ရှင်ဖြစ်သူ သို့မဟုတ် အငှားချထားသူထံသို့ အကြောင်းကြားစာကို ပေးပို့ခဲ့သည့်အပြင် ထိုသို့ အကြောင်းကြားစာ ပေးပို့ပြီး နောက်တွင်လည်း ၎င်းသည်အမှန်တကယ်ပင် ထိုပစ္စည်းနှင့် စပ်လျဉ်း၍ အခွင့်အရေးများကို ကျင့်သုံးခြင်းမပြုလျှင် အထက်ပါ ပုဒ်မခွဲ (ဂ) အရ တင်ရှိသော တာဝန်မှကင်းလွတ်ခွင့် ရှိစေရမည်။

(င) ပစ္စည်းထိန်းသည် ၎င်းအားခန့်အပ်ထားသည့် စာချုပ်ပါစည်းကမ်းချက်များတွင် အခြားနည်း ဖော်ပြထားသည်မှတစ်ပါး ကုမ္ပဏီပစ္စည်းများအနက်မှ ၎င်း၏ ထိန်းသိမ်းပိုင်ခွင့်နှင့်သက်ဆိုင်သည့် ပစ္စည်းအပေါ်တွင် အောက်ပါကိစ္စများနှင့်စပ်လျဉ်း၍ ပြန်လည်တောင်းခံပိုင်ခွင့်ရှိသည်-

(၁) ပစ္စည်းထိန်းအပေါ်တွင် ဤပုဒ်မအရတာဝန်ဖြစ်ပေါ်စေသည့် ကုမ္ပဏီ၏ ကြွေးမြီများ၊

(၂) ပစ္စည်းထိန်းသည် ၎င်း၏တာဝန်များကို ပေါ့ဆမှုမရှိဘဲ ရိုးဖြောင့်စွာထမ်းဆောင်စဉ်ဖြစ်ပွားခဲ့သော တာဝန်ရှိမှုများနှင့် ကုန်ကျစရိတ်များ၊

(၃) ဤဥပဒေအရ သတ်မှတ်ထားသည့် ပစ္စည်းထိန်း၏အခကြေးငွေများ။

ပစ္စည်းရောင်းချရာတွင် ဂရုပြုရန်တာဝန်

၃၂။ ပစ္စည်းထိန်းသည် ကုမ္ပဏီပိုင်ပစ္စည်းကို ရောင်းချရာတွင် ထိုက်သင့်သော သတိဝိရိယဖြင့် ဆောင်ရွက်ရမည်။

ပစ္စည်းထိန်းရာထူးလစ်လပ်ခြင်း

၃၃။ (က) တရားရုံးသည် မည့်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ ပစ္စည်းထိန်းအား ရာထူးမှ ဖယ်ရှား နိုင်သည်။ ပစ္စည်းထိန်းသည်လည်း နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အကြောင်းကြားစာပေး၍ ရာထူးမှနုတ်ထွက်နိုင်သည်။

(ခ) ပစ္စည်းထိန်းသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် အရည်အချင်းရှိမှု ရပ်စဲသွားချိန်တွင် ရာထူးမှနုတ်ထွက်ရမည်။

(ဂ) မည်သည့်အချိန်တွင်မဆို ပစ္စည်းထိန်းသည် ရာထူးမှ ဖယ်ရှားခံရလျှင် သို့မဟုတ် နုတ်ထွက် ပေးရလျှင် ထိုအချိန်ကာလရှိ ၎င်းက ထိန်းသိမ်းကြီးကြပ်ထားသော ကုမ္ပဏီပိုင်ပစ္စည်းများ အနက်မှ ထုတ်ယူခွင့်ရှိပြီး ၎င်းအားခန့်အပ်ခဲ့သည့် မြီရှင်ကိုယ်တိုင် သို့မဟုတ် မြီရှင်ကိုယ်စားကိုင်ဆောင်ထားသော အာမခံကြွေးမြီတစ်ရပ်ရပ်ထက် ဦးစားပေး၍ ပေးချေရမည်-

(၁) ၎င်းမှ သင့်တင့်လျှောက်ပတ်စွာ ကျခံပေးချေခဲ့သော စရိတ်စကများနှင့် ၎င်း၏အခကြေးငွေများ၊

(၂) ကုမ္ပဏီပိုင်ပစ္စည်းများအနက်မှ ၎င်းက ရရန်ရှိသော နစ်နာဆုံးရှုံးမှုအတွက် အာမခံလျော်ကြေး။

(ဃ) သေဆုံးခြင်းမှတစ်ပါး ရာထူးနေရာလစ်လပ်လျှင် သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းခံရလျှင် ပစ္စည်းထိန်းသည် မှတ်ပုံတင်အရာရှိထံ လစ်လပ်သည့်နေ့မှ သို့မဟုတ် ထုတ်ပယ်ခြင်း ခံရသည့်နေ့မှ ၁၄ ရက်အတွင်း အကြောင်းကြားစာပေးပို့ရမည်။

(င) ပစ္စည်းထိန်းသည် ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အား လုံလောက်သော အကြောင်းမရှိဘဲ လိုက်နာရန် ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

အခန်း (၃) ပစ္စည်းထိန်း၏ လုပ်ငန်းတာဝန်များနှင့် တရားရုံး၏ အခွင့်အာဏာ[edit]

ပစ္စည်းထိန်းက အကြောင်းကြားရန်တာဝန်

၃၄။ (က) ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) မိမိအား ပစ္စည်းထိန်းအဖြစ် ခန့်အပ်ကြောင်း သက်ဆိုင်ရာကုမ္ပဏီသို့ အလုပ်လုပ်ကိုင်ရက် ၂ ရက် အတွင်း အကြောင်းကြားစာပေးပို့ခြင်းနှင့် နည်းဥပဒေများတွင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အများသိစေရန် ကြေညာခြင်း၊

(၂) မိမိအား ပစ္စည်းထိန်းအဖြစ် ခန့်အပ်မှုကို မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံအလုပ်လုပ်ကိုင် ရက် ၂ ရက်အတွင်း အကြောင်းကြားစာ ပေးပို့ခြင်း၊

(၃) မိမိအား ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသည့် နေ့မှ ၂၈ ရက်အတွင်းမိမိ လိပ်စာသိရှိသမျှ ကုမ္ပဏီ၏ မြီရှင်များထံ အကြောင်းကြားစာ ပေးပို့ခြင်း။

(ခ) ပစ္စည်းထိန်းသည် လုံလောက်သောအကြောင်းမရှိဘဲ ဤပုဒ်မပါပြဋ္ဌာန်းချက်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်

၃၅။ (က) ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက် ထိုပစ္စည်းထိန်းသည် ဆက်နွှယ် သည့် ပုဂ္ဂိုလ်များထံသို့ ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်ကို ရေးသားပြုစု၍ တင်ပြရန် အကြောင်းကြားစာ ပေးပို့တောင်းခံနိုင်သည်။

(ခ) ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်-

(၁) အကြောင်းကြားစာပုံစံ၊

(၂) ဆက်နွှယ်သည့်ပုဂ္ဂိုလ်မျာ၏ အချက်အလက်များ၊

(၃) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်ပုံစံနှင့် ပါဝင်ရမည့် အချက်အလက်များ။

(ဂ) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်ပြုစုတင်ပြရန် တောင်းဆိုခြင်း ခံရသူသည် ထိုအကြောင်းကြားစာကို လက်ခံရသည့်နေ့မှ ၂၁ ရက်အတွင်း ရေးသားပြုစု၍ တင်ပြရမည်။

(ဃ) မည်သူမဆိုခိုင်လုံသော အကြောင်းမရှိဘဲ ဤပုဒ်မပါတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်ငါးသိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

ပစ္စည်းထိန်း၏ အစီရင်ခံစာ

၃၆။ (က) ပစ္စည်းထိန်းသည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံသို့လည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီက သီးခြားခန့်အပ်ထားသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော အခြားသော လူပုဂ္ဂိုလ်များထံသို့လည်းကောင်း၊ အစီရင်ခံစာ များကို အခါအားလျော်စွာ ပေးပို့အစီရင်ခံရမည်-

(၁) ပုဒ်မ ၃၅ အရ ၎င်းထံသို့ ဆက်နွှယ်သည့် ပုဂ္ဂိုလ်များက ပေးပို့တင်ပြခဲ့သည့် ကုမ္ပဏီ၏ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက် အကျဉ်းချုပ်၊ ထိုထုတ်ဖော်ကြေညာချက်အပေါ် ၎င်း၏ ထင်မြင် ယူဆချက်များနှင့်အတူ ၎င်းက သိရှိနိုင်သမျှထိုကုမ္ပဏီတွင် ၎င်းအား ခန့်အပ်ရသည့် အကြောင်း ကိစ္စရပ်များ၊

(၂) ပစ္စည်းထိန်းက ကုမ္ပဏီပိုင်ပစ္စည်းတစ်ရပ်ရပ်ကို စီမံခန့်ခွဲမှု သို့မဟုတ် စီမံခန့်ခွဲရန် အဆိုပြုချက် များနှင့် ထိုကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်အား ဆက်လက်လည်ပတ်လုပ်ကိုင်မှု သို့မဟုတ် ဆက်လက်လည်ပတ်လုပ်ကိုင်ရန် အဆိုပြုချက်များ၊

(၃) ၎င်းအားခန့်အပ်ခဲ့သည့် အာမခံအကျိုးခံစားခွင့်ရ မြီရှင်ထံသို့ ပေးချေရမည့် ငွေရင်းနှင့်ယင်းအပေါ် ကျသင့်သည့် အတိုးငွေပမာဏအပြင် ဦးစားပေး မြီရှင်များသို့ ပေးချေနိုင်မည့် ငွေပမာဏ၊

(၄) အခြားမြီရှင်များအား ပေးချေရန်အတွက် ရနိုင်ဖွယ်ရှိသောငွေပမာဏ။

(ခ) ထိုအစီရင်ခံစာများကို အောက်ပါသတ်မှတ်ကာလအတွင်း ထုတ်ပြန်ကြေညာရမည်-

(၁) ပစ္စည်းထိန်းအဖြစ် ခန့်အပ်ပြီးနောက် ၃ လ၊

(၂) ပစ္စည်းထိန်းအဖြစ် ခန့်အပ်ပြီးချိန်မှစ၍ တစ်နှစ်ပြည့်ပြီး နောက် နှစ်စဉ် ၃ လ၊

(၃) ပစ္စည်းထိန်းအဖြစ် တာဝန်မှရပ်စဲပြီးနောက် ၃ လ။

(ဂ) ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပစ္စည်းထိန်းက ၎င်း၏လုပ်ငန်းတာဝန်ထမ်းဆောင်ချက် အပေါ် များစွာထိခိုက်စေမည့် အချက်အလက်များကို အစီရင်ခံစာတွင် ထည့်သွင်းရန် တာဝန်မရှိစေရ။

(ဃ) ပစ္စည်းထိန်းသည် လုံလောက်သော အကြောင်းပြချက်မရှိဘဲ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့လျှင်-

(၁) မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်နှစ်သိန်းငါးသောင်း ထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်၊

(၂) တရားရုံးသည် ထိုပျက်ကွက်မှုကို သတ်မှတ်ထားသည့်အချိန်အတွင်း သီးခြားအတည်ပြုဆောင်ရွက် စေရန် အမိန့်ချမှတ်နိုင်သည်။

ငွေကြေးဆိုင်ရာမှတ်တမ်းများ၊ ဘဏ်စာရင်းများနှင့်စပ်လျဉ်း၍ ပစ္စည်းထိန်း၏တာဝန်များ

၃၇။ (က) ပစ္စည်းထိန်းသည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည်-

(၁) ၎င်း၏ အမည်၊ ပစ္စည်းထိန်းရာထူးကို ဖော်ပြပါရှိပြီး ၎င်းပစ္စည်းထိန်းအဖြစ်ဆောင်ရွက်နေသော ကုမ္ပဏီအမည်ပါဝင်သော ဘဏ်စာရင်း ဖွင့်လှစ်ထိန်းသိမ်းထားရှိခြင်း၊

(၂) ၎င်း၏ စီမံအုပ်ချုပ်မှုအောက်ရှိ ကုမ္ပဏီ၏ ငွေကြေးအားလုံကို ထိုဘဏ်စာရင်း သို့မဟုတ် ဘဏ်စာရင်းများသို့ ပေးသွင်းခြင်း၊

(၃) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) ပါ ငွေကြေးများမှလွဲ၍ အခြားသော ငွေကြေးများကို ထိုဘဏ်စာရင်းသို့ ထည့်သွင်းအပ်နှံခြင်းမရှိစေရန် တာဝန်ယူဆောင်ရွက်ခြင်း။

(ခ) ပစ္စည်းထိန်းသည် မိမိဆောင်ရွက်ခဲ့သော ငွေပေးငွေယူ ဆောင်ရွက်ချက်အားလုံးကို ရှင်းလင်းချက်များနှင့်တကွ ငွေစာရင်းစာအုပ်များတွင် မှန်ကန်စွာ မှတ်တမ်းရေးသွင်းထိန်းသိမ်းထား ရှိရမည်။ ထို့ပြင် တရားရုံးက အမိန့်ချမှတ် ထားခြင်းမရှိလျှင်ကုမ္ပဏီ၏ ဒါရိုက်တာ၊ မြီရှင် သို့မဟုတ် အစုရှယ်ယာဝင်များက ထိုမှတ်တမ်းများကို စစ်ဆေးကြည့်ရှုခွင့်တောင်းခံလာသည့်အခါ သင့်လျော်သည့် ကာလအတွင်းခွင့်ပြုရမည်။

အခကြေးငွေကိုသတ်မှတ်ရန် တရားရုံး၏အာဏာ

၃၈။ (က) စာချုပ်တွင်ပါဝင်သော သတ်မှတ်ချက်တစ်ရပ်ရပ်အရ ကုမ္ပဏီ၏ ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်းခံရသူတစ်ဦးထံသို့ ပေးချေရမည့် အခကြေးငွေကို ပြင်ဆင်သတ်မှတ်ပေးရန် အကျိုး သက်ဆိုင်သူတစ်ဦးမှ လျှောက်ထားလာပါက တရားရုံးသည် အမိန့်ချမှတ်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားလာသည့်အခါ တရားရုံးသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(၁) ထိုအမိန့် တစ်ရပ်ချမှတ်ခြင်းမပြုမီ အချိန်ကာလတစ်ရပ်နှင့်စပ်လျဉ်း၍ ဤပုဒ်မခွဲအရ အမိန့် တစ်ရပ်ချမှတ်ခဲ့ခြင်းမရှိလျှင် ထိုကာလတစ်ရပ်အတွက် အခကြေးငွေကို သတ်မှတ်ခြင်း၊

(၂) ထို့သို့သော အမိန့်တစ်ရပ်ချမှတ်ခြင်းမပြုမီ ပစ္စည်းထိန်းသည် သေဆုံးသွားခြင်း သို့မဟုတ် ပစ္စည်းထိန်းအဖြစ်မှ ရပ်စွဲသွားခြင်းဖြစ်စေကာမှု ဤပုဒ်မအရ လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ခြင်း၊

(၃) ထိုသို့သော အမိန့်တစ်ရပ်ချမှတ်ခြင်းမပြုမီ အချိန်ကာလတစ်ရပ်၌ ပစ္စည်းထိန်းသို့ ပေးအပ် ထားသော အခကြေးငွေ သို့မဟုတ် မိမိ၏အခကြေးငွေအတွက် ပစ္စည်းထိန်းက ထိန်းသိမ်းထားသော ငွေကြေးသည် နောက်ပိုင်း၌ တရားရုံးက အမိန့်တစ်ရပ်ဖြင့် သတ်မှတ်ထားသော ငွေပမာဏထက် ကျော်လွန်နေလျှင် တရားရုံးသည် သင့်သည်ထင်မြင်ပါက ပစ္စည်းထိန်းရရှိသော သို့မဟုတ် ထိန်းသိမ်း ထားသော ငွေပမာဏအတွက် စာရင်းရှင်းလင်းတင်ပြစေရန် ဆင့်ဆိုခြင်း။

(ဂ) တရားရုံးသည် ဤပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော အချက်အလက်များ သို့မဟုတ် အခြားဆက်စပ်သော အကြောင်းအရာများကို ထည့်သွင်းစဉ်းစား နိုင်သည်။

(ဃ) တရားရုံးသည် ဤပုဒ်မခွဲ (က) အရချမှတ်သော အမိန့်ကိုပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။

တရားရုံးက ညွှန်ကြားနိုင်ခြင်း

၃၉။ (က) ပစ္စည်းထိန်းသည် ၎င်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာမှပေါ်ပေါက်လာသည့် မည်သည့်ကိစ္စရပ်တွင်မဆို တရားရုံး၏ လမ်းညွှန်ချက်ရရှိရန် လျှောက်ထားနိုင်သည်။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ လိုအပ်သလိုလမ်းညွှန်ခြင်း၊ မိမိရှေ့မှောက်တွင် ရောက်ရှိနေသော လူပုဂ္ဂိုလ်များ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ခြင်း၊ မြွက်ဟကြေညာခြင်း သို့မဟုတ် အခြားသင့်လျော်သည့် အမိန့်တစ်ရပ်ရပ်ချမှတ်ခြင်း ပြုနိုင်သည်။

အပိုင်း (၅) ကုမ္ပဏီကယ်ဆယ်ခြင်းနှင့်ပြန်လည်ထူထောင်ရေး[edit]

အခန်း (၁) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်၏ သဘောသဘာဝ[edit]

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်

၄၀။ (က) ဤအပိုင်းပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် အောက်ပါလုပ်ငန်းအဆင့်များ ပါဝင်သည်-

(၁) ကုမ္ပဏီ ကယ်ဆယ်ခြင်းအဆင့်၊

(၂) ကုမ္ပဏီ အစီအစဉ်အဆင့်။

ဤအပိုင်းတွင် ကုမ္ပဏီကယ်ဆယ်ခြင်းအဆင့်နှင့် ကုမ္ပဏီအစီအစဉ်အဆင့်တို့သည် ကုမ္ပဏီ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ကို ရည်ညွှန်းဘိသကဲ့သို့ မှတ်ယူရမည်။

ရှင်းလင်းချက် (၁)။ ကုမ္ပဏီကယ်ဆယ်ခြင်းအဆင့်တွင် ပြန်လည်ထူထောင်ရေးအတွက် အကောင်းဆုံးနည်းလမ်းများကို ရှာဖွေပြီး ကုမ္ပဏီ၏ ရှေ့အလားအလာ နှင့်စပ်လျဉ်း၍ မြီရှင်များက ဆုံးဖြတ်ခြင်း ပါဝင်သည်။

ရှင်းလင်းချက် (၂)။ ကုမ္ပဏီအစီအစဉ်အဆင့်တွင် မြီရှင်များက ကုမ္ပဏီပြန်လည်ထူထောင်ရေး အစီအစဉ်ကို အတည်ပြုဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ပါဝင်သည်။

(ခ) ကုမ္ပဏီကယ်ဆယ်ခြင်းအဆင့်သည် ပြန်လည်ထူထောင်ရေးမန်နေဂျာကို ပုဒ်မ ၄၇ နှင့်အညီ ခန့်အပ်သည့်အချိန်တွင် စတင်ပြီး အောက်ပါအခြေအနေတွင် ပြီးဆုံးသည်-

(၁) အစီအစဉ်အဆင့် စတင်သည့်အချိန် သို့မဟုတ်

(၂) အစီအစဉ်အဆင့်ကို ဆောင်ရွက်ခြင်းမရှိလျှင် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း စတင်သည့်အချိန်။

(ဂ) ကုမ္ပဏီ ပြန်လည်ထူထောင်ရေး အစီအစဉ်အဆင့်သည် ထိုအစီအစဉ်ကို ပုဒ်မ ၇၅ နှင့်အညီ လက်မှတ်ရေးထိုးချိန်တွင် စတင်ပြီး အောက်ပါအခြေအနေတွင် ပြီးဆုံးသည်-

(၁) ပုဒ်မ ၈၄ အရ အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံ ပေးပို့ပြီးလျှင် သို့မဟုတ်

(၂) ပုဒ်မ ၈၇ နှင့်အညီ တရားရုံးက ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ရပ်စဲရန် အမိန့်ချမှတ်ထားပြီး ဖြစ်လျှင် သို့မဟုတ်

(၃) ပုဒ်မ ၈၅ သို့မဟုတ် ၈၆ အရ မြီရှင်များက ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ငန်းစဉ်သို့ ကူးပြောင်းရန် ဆုံးဖြတ်ခဲ့လျှင်။

(ဃ) ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်သည် ပြန်လည်ထူထောင်ရေး မန်နေဂျာ သို့မဟုတ် အစီအစဉ် ကြီးကြပ်သူရာထူးလစ်လပ်ခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခံရခြင်းကြောင့်ရပ်စဲသွားခြင်း မရှိစေရ။

ပြန်လည်ထူထောင်ရေးအစီအစဉ်၏ ရည်ရွယ်ချက်များ

၄၁။ ဤအပိုင်းပါ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကုမ္ပဏီအား ဆက်လက်လည်ပတ်နိုင်ရေးအတွက် ကယ်ဆယ်ရန်၊

(ခ) ပုဒ်မခွဲ (က)ပါ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက ကုမ္ပဏီအား တက်နိုင်သမျှ အများဆုံးဆက်လက်ရပ်တည်နိုင်ရန်အတွက် ဆောင်ရွက်ရန်၊

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) ပါရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက ကုမ္ပဏီအားစာရင်း ရှင်းလင်းဖျက်သိမ်းခြင်းထက် ယင်း၏ မြီရှင်အများစုအတွက် ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိစေရန်။

တရားရုံးက ကြီးကြပ်ခြင်း

၄၂။ ပြန်လည်ထူထောင်ရေး မန်နေဂျာနှင့် အစီအစဉ်ကြီးကြပ်သူတို့သည် တရားရုံး၏ ကြီးကြပ်မှုအောက် တွင် ရှိသည်။

အခန်း (၂) ပြန်လည်ထူထောင်ရေးမန်နေဂျာအား ခန့်အပ်ခြင်း[edit]

ပြန်လည်ထူထောင်ရေးမန်နေဂျာအားခန့်အပ်ခြင်း

၄၃။ ပုဒ်မ ၄၄ နှင့်အညီ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအား ကုမ္ပဏီ၏ ပြန်လည်ထူထောင်ရေး မန်နေဂျာအဖြစ် အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ခန့်အပ်နိုင်သည်-

(က) ကုမ္ပဏီသည် ကြွေးမြီကို ပြန်လည်ပေးဆပ်ရန် စေ့ရောက်သည့်အချိန်တွင် ပြန်လည်ပေးဆပ် နိုင်ခြင်းမရှိကြောင်း သို့မဟုတ် ပြန်လည်ပေးနိုင်ရန် အလားအလာမရှိကြောင်းယူဆပြီး ပြန်လည် ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ရန်လိုအပ်ကြောင်း ကုမ္ပဏီ၏ဒါရိုက်တာများက ထင်မြင်သည့်အခါ ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေး မဲခွဲဆုံးဖြတ်ချက်အရ စာဖြင့် ရေးသားခန့်အပ်ခြင်း၊

(ခ) ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအားလုံး သို့မဟုတ် အများစုအပေါ်တွင် အာမခံ အကျိုးခံစားခွင့်ရရှိသော မြီရှင်တစ်ဦးသည် ထိုအာမခံစာချုပ်တွင် ပစ္စည်းထိန်း ခန့်အပ်နိုင်ကြောင်း စည်းကမ်းချက်များ ပါရှိပါက ထိုစည်းကမ်းသတ်မှတ်ချက်အရ စာဖြင့်ရေးသားခန့်အပ်ခြင်း၊

(ဂ) တရားရုံးအမိန့်အရ ခန့်အပ်ခြင်း။

ထူးခြားသော အခြေအနေများတွင် ပြန်လည်ထူထောင်ရေးမန်နေဂျာ ခန့်အပ်ခြင်းကို တားမြစ်ခြင်း

၄၄။ အောက်ပါအခြေအနေများ၌ ပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ခြင်းမပြုရ-

(က) ပြန်လည်ထူထောင်ရေးမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံရမည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူမှ ယင်းသို့ခန့်အပ်ခြင်းကို လက်ခံကြောင်း စာဖြင့်ရေးသား သဘောတူညီမှုမရှိခြင်း၊

(ခ) ပုဒ်မ ၄၆ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) အရ တရားရုံးက အမိန့်ချမှတ်ထားသည်မှတစ်ပါး ကုမ္ပဏီ သည် အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်း၊

(ဂ) ပုဒ်မ ၄၃ ပုဒ်မခွဲ (က) အရ ကုမ္ပဏီက ခန့်အပ်ရန် အဆိုပြုချက်သည်-

(၁) အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပြီးဆုံးပြီးနောက် ၁၂ လအတွင်း ကျရောက်ခြင်း၊

(၂) ကုမ္ပဏီမှပေးပို့သည့် ငွေကြေးဆိုင်ရာ မှတ်တမ်းများနှင့် မြီရှင်များ၏ စာရင်းကိုလေ့လာသုံးသပ်ချက် အရ မြီရှင်များ၏ စာရင်းသည် သေချာကြောင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကိုစတင်ရန် ခိုင်လုံသောအကြောင်း ရှိကြောင်းကိုလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူကစာဖြင့် ရေးသားထောက်ခံ တင်ပြမှုမရှိခြင်း။

(ဃ) ပုဒ်မ ၄၃ ပုဒ်မခွဲ (က) အရ ကုမ္ပဏီမှ အဆိုပြုခန့်အပ်ခြင်း သို့မဟုတ် ပုဒ်မ ၄၃ ပုဒ်မခွဲ (ခ) အရ အာမခံအကျိုးခံစားခွင့်ရ မြီရှင်မှ အဆိုပြုခန့်အပ်သော်လည်း ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်း နေခြင်း၊

(င) ကုမ္ပဏီသည် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ၏ ပုဒ်မ ၂ ပါ အဓိပ္ပာယ်ဖော်ပြချက်အရဘဏ်၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ဇယားဝင် အဖွဲ့အစည်းဖြစ်ခြင်း။

ပြန်လည်ထူထောင်ရေးလျှောက်လွှာကို တရားရုံးသို့ တင်သွင်းခြင်း

၄၅။ (က) ကုမ္ပဏီကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် စတင်ရန်အတွက် အောက်ပါတို့မှ တစ်ဦးဦးက လျှောက်ထားနိုင်သည်-

(၁) ထိုကုမ္ပဏီ၊

(၂) ထိုကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊

(၃) တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ကုမ္ပဏီ၏ ဒါရိုက်တာများ၊

(၄) အာမခံအကျိုးခံစားခွင့်ရရှိသော မြီရှင်အပါအဝင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ကုမ္ပဏီ၏ မြီရှင်များ၊

(၅) ပုဒ်မခွဲငယ် (၁) မှ (၄) တို့တွင် ပါဝင်သူများကို စုပေါင်းထားသူများ။

(ခ) လျှောက်လွှာတင်သွင်းသူသည် ပုဒ်မခွဲ (က) အရ လျှောက်လွှာတင်သွင်းပြီးနောက် နှောင့်နှေး ကြန့်ကြာခြင်းမရှိဘဲ အောက်ပါတို့ထံသို့ အကြောင်းကြားရမည်-

(၁) ကုမ္ပဏီ၊

(၂) အာမခံအကျိုးခံစားခွင့်ရ မြီရှင်များ၊

(၃) နည်းဥပဒေများတွင် သတ်မှတ်ဖော်ပြထားသူများ။

(ဂ) ကုမ္ပဏီသည် စာရင်းရှင်းလင်း ဖျက်သိမ်းနေဆဲဖြစ်ပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်စတင် ခွင့်ပြုရန် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိမှသာ လျှောက်ထားနိုင်သည်။

(ဃ) ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လျှောက်ထားချက်အရ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်စတင်ရန်အမိန့်ချမှတ်သည့်အခါ တရားရုံးသည်-

(၁) ကုမ္ပဏီနှင့်စပ်လျဉ်းသည့် စာရင်းရှင်းလင်းဖျက်သိမ်းရန်အမိန့်ကို ပလပ်နိုင်သည် သို့မဟုတ် ဆိုင်းငံ့နိုင်သည်၊

(၂) စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကို ပြန်လည်ထူထောင်ရေး မန်နေဂျာအဖြစ် ပြောင်းလဲ ခန့်အပ်နိုင်သည်၊

(၃) ထိုအမိန့်ကို ချမှတ်သည့် အခါ ဤအပိုင်းပါပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်၊

(၄) နည်းဥပဒေများတွင် ဖော်ပြထားသည့် အခြားသောကိစ္စရပ်များအတွက် အမိန့်ချမှတ်နိုင်သည် သို့မဟုတ် ညွှန်ကြားနိုင်သည်။

တရားရုံး၏ အာဏာများ

၄၆။ (က) တရားရုံးသည် အောက်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိလျှင် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) အရအမိန့်ချမှတ်နိုင်သည်-

(၁) ကုမ္ပဏီသည် ကြွေးမြီကို ပြန်လည်ပေးဆပ်ရန် စေ့ရောက်သည့်အချိန်တွင် ပြန်လည်မပေးဆပ် နိုင်ခြင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင်ရန် အလားအလာမရှိခြင်း၊

(၂) အပိုင်း (၂) ပါရည်ရွယ်ချက်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် သင့်လျော်သော အလားအလာများ ရှိခြင်း။

(ခ) တရားရုံးသည် ပြန်လည်ထူထောင်ရေးလျှောက်ထားချက်ကို ကြားနာပြီးနောက်-

(၁) ပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ကြောင်း အမိန့်ချမှတ်နိုင်သည်၊

(၂) လျှောက်ထားမှုကို ပလပ်နိုင်သည်၊

(၃) စည်းကမ်းချက်နှင့်ဖြစ်စေ၊ စည်းကမ်းချက်အပါဘဲဖြစ်စေ ကြားနားခြင်းကို ရွှေ့ဆိုင်းနိုင်သည်၊

(၄) လျှောက်ထားချက်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန် လျှောက်ထားခြင်းဖြစ်သည်ဟု မှတ်ယူလျက် ပုဒ်မ ၁၆၄ နှင့်အညီ အမိန့်ချမှတ်နိုင်သည်၊

(၅) အပြီးသတ်အမိန့်မချမှတ်မီ ပုဒ်မခွဲ (ဂ) ပါ ကြားဖြတ်အမိန့်အပါအဝင် မည်သည့် ကြားဖြတ် အမိန့်ကိုမဆို ချမှတ်နိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၅) အရချမှတ်သော ကြားဖြတ်အမိန့်သည် အောက်ပါ အမိန့်တစ်ရပ်ရပ်ကို ဆိုသည်-

(၁) ကုမ္ပဏီဒါရိုက်တာများအတွက် သီးခြားဖော်ပြထားသည့် လုပ်ပိုင်ခွင့်များ ကျင့်သုံးခြင်းကို ကန့်သတ် သည့်အမိန့်၊

(၂) ပုဒ်မ ၁၇၂ ပုဒ်မခွဲငယ် (ဃ)၊ (စ) နှင့် (ဆ) တို့တွင် ပြဋ္ဌာန်းထားသော ကန့်သတ်ချက်များကို သတ်မှတ်သည့်အမိန့်။

ခန့်အပ်မှု အကျိုးသက်ရောက်သည့်အခြေအနေ

၄၇။ အောက်ပါကိစ္စရပ်ဖြစ်ပွားပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးမန်နေဂျာအား ခန့်ထားမှုသည် စတင်သက်ရောက်မှုရှိစေရမည်-

(က) တရားရုံးမှ ခန့်အပ်ခြင်းဖြစ်လျှင် ထိုပြန်လည်ထူထောင်ရေးအမိန့်တွင် ဖော်ပြပါရှိသည့် နေ့ရက် သို့မဟုတ် နေ့ရက်ဖော်ပြပါရှိခြင်းမရှိလျှင် ထိုအမိန့်ကို ချမှတ်သည့်နေ့ရက်နှင့်

(ခ) ကုမ္ပဏီ သို့မဟုတ် အာမခံအကျိုးခံစားခွင့်ရ မြီရှင်မှခန့်အပ်ခြင်းဖြစ်လျှင် ထိုသို့ခန့်အပ်ကြောင်း စာဖြင့်ရေးသားခန့်အပ်လွှာကို လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့ပေးပို့သည့်အချိန်။

အထူးကိစ္စရပ်များတွင် ပြန်လည်ထူထောင်ရေးမန်နေဂျာကို ရွေးချယ်ခြင်း

၄၈။ (က) ကုမ္ပဏီသည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ထူထောင်ရေး သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းရေးကို ဆောင်ရွက်နေဆဲတွင် ပုဒ်မ ၄၄ ပုဒ်မခွဲ (ခ) အရ ဖြစ်စေ၊ ပုဒ်မ ၁၄၆ အရဖြစ်စေ တရားရုံးက ပြန်လည်ထူထောင်ရေးမန်နေဂျာ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်နိုင်ခြင်းမရှိသည့်ကိစ္စ၌ တရားရုံးသည် သင့်သည် ထင်မြင်လျှင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းစဉ်အတွက် ကုမ္ပဏီမှခန့်အပ်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအစား အခြားလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူနှင့် အစားထိုး နိုင်သည်။ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူက ထိုသို့ခန့်အပ်ခြင်းကို လက်ခံကြောင်း စာဖြင့်ရေးသား သဘောတူရမည်။

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာကို ကုမ္ပဏီကခန့်အပ်ထားခြင်းဖြစ်ပြီး ကုမ္ပဏီပိုင်ပစ္စည်းအားလုံး ကိုဖြစ်စေ၊ အများစုကိုဖြစ်စေ ပိုင်ဆိုင်သည့်အာမခံ အကျိုးခံစားခွင့်ရ မြီရှင်ရှိသည့် အခြေအနေတွင် ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်းအားခန့်အပ်ကြောင်း အကြောင်းကြားစာကို အလုပ်လုပ် ကိုင်ရက် ၂ ရက်အတွင်း အာမခံအကျိုးခံစားခွင့်ရ မြီရှင်သို့ ပေးပို့ရမည်။ ထို့ပြင် အာမခံအကျိုးခံစားခွင့်ရ မြီရှင်သည် အကြောင်းကြားစာရပြီး အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း ၎င်းခန့်ထားလိုသော လူမွဲခံယူ ခြင်းဆိုင်ရာကျွမ်းကျင်သူအား ပြန်လည်ထူထောင်ရေးမန်နေဂျာအဖြစ် အစားထိုးခန့်ထားနိုင်သည်။ ပြန်လည်ထူထောင်ရေးမန်နေဂျာက ထိုသို့ ခန့်အပ်ခြင်းကို လက်ခံကြောင်း စာဖြင့်ရေးသားသဘောတူ ရမည်။

(ဂ) ပြန်လည်ထူထောင်ရေးမန်နေဂျာကို အာမခံအကျိုးခံစားခွင့်ရမြီရှင်က ခန့်အပ်ခြင်းဖြစ်လျှင် ဦးစား ပေးအဆင့်မြင့်ပြီး ကုမ္ပဏီပိုင်ပစ္စည်းအားလုံးကိုဖြစ်စေ၊ အများစုကိုဖြစ်စေ ပိုင်ဆိုင်သည့် အခြားသော အာမခံအကျိုးခံစားခွင့်ရမြီရှင် (ရှိလျှင်) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်းအားခန့်အပ်ကြောင်း အကြောင်းကြားစာကို အလုပ်လုပ်ကိုင်ရက် ၂ ရက်အတွင်း ထိုအခြားသော အာမခံအကျိုးခံစားခွင့်ရ မြီရှင်ထံ ပေးပို့ရမည်။ ထို့ပြင် ထိုမြီရှင်သည် အကြောင်းကြားစာရရှိပြီး အလုပ်လုပ်ကိုင်ရက် ၅ ရက် အတွင်း ၎င်းခန့်ထားလိုသော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအား ပြန်လည်ထူထောင်ရေးမန်နေဂျာ အဖြစ် အစားထိုးခန့်ထားနိုင်သည်။ ပြန်လည်ထူထောင်ရေးမန်နေဂျာက ထိုသို့ခန့်အပ်ခြင်းကို လက်ခံ ကြောင်း စာဖြင့်ရေးသား သဘောတူရမည်။

ပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ကြောင်း အကြောင်းကြားစာ ပေးပို့ခြင်း

၄၉။ (က) ခန့်အပ်ခြင်းခံရသည့် ပြန်လည်ထူထောင်ရေးမန်နေဂျာသည် မိမိအား ခန့်အပ်ပြီး အလုပ်လုပ် ကိုင်ရက် ၂ ရက်အတွင်း ထိုသို့ ခန့်အပ်ပြီးကြောင်းကို-

(၁) ကုမ္ပဏီသို့ အကြောင်းကြားရမည်။ ထို့နောက် နည်းဥပဒေများပါ နည်းလမ်းအတိုင်း အများသိရှိစေ ရန် ကြေညာရမည်။

(၂) မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရမည်။ မှတ်ပုံတင်အရာရှိသည် တတ်နိုင်သမျှဆောလျင်စွာ မှတ်ပုံတင်စာရင်းရေးသွင်းရမည်။

(၃) မိမိလိပ်စာသိသမျှသော ကုမ္ပဏီ၏မြီရှင်များထံ အကြောင်းကြားရမည်။

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ခိုင်လုံသောအကြောင်းမရှိဘဲ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

ခန့်အပ်မှုတရားမဝင်ခြင်း

၅၀။ အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်လည်ထူထောင်ရေးမန်နေဂျာအား ခန့်ထားမှုသည် တရားမဝင် ကြောင်း တွေ့ရှိပါက တရားရုံးသည် တရားမဝင်ခန့်ထားမှုကြောင့် ခန့်ထားခြင်းခံရသူတွင် ဖြစ်ပေါ်လာ သည့် နစ်နာမှုတစ်စုံတစ်ရာအတွက် ၎င်းအား ခန့်ထားသူအား ပေးလျော်ရန် အမိန့်ချမှတ်နိုင်သည်။

အခန်း (၃) ကယ်ဆယ်ခြင်းအဆင့်[edit]

ပြန်လည်ထူထောင်ရေးမန်နေဂျာ၏လုပ်ငန်းဆောင်တာများ၊ တာဝန်များနှင့် လုပ်ပိုင်ခွင့်များ
ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ လုပ်ငန်းဆောင်တာများ

၅၁။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ အဓိကလုပ်ငန်းဆောင်တာများမှာ ပုဒ်မ ၄၁ တွင် ဖော်ပြ ထားသည့် ရည်ရွယ်ချက်များ အောင်မြင်စေရန် နည်းလမ်းများကို ရှာဖွေကာ ကုမ္ပဏီလုပ်ငန်းကိစ္စရပ် များကို စီမံရန်ဖြစ်သည်။

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကုမ္ပဏီပိုင်ပစ္စည်း သို့မဟုတ် ပိုင်ဆိုင်ရန် အလားအလာရှိ သည့် ပစ္စည်းများအားလုံးကို ထိန်းသိမ်းရမည် သို့မဟုတ် စီမံခန့်ခွဲရမည်။

(ဂ) အဆိုပြုအစီအစဉ်ကို မြီရှင်များထံပေးပို့လျှင် ပြန်လည်ထူထောင်ရေးမန်နေဂျာသည် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ရှိသည်-

(၁) အစီအစဉ်၏ ဖြစ်နိုင်ချေနှင့် ပုဒ်မ ၄၁ ပါ ရည်ရွယ်ချက်များ ပြည့်မီနိုင်ခြင်း ရှိ မရှိ စုံစမ်းတင်ပြခြင်း၊

(၂) အဆိုပြုထားသည့် အစီအစဉ်သည် ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်သူ သို့မဟုတ် အာမခံအကျိုးခံစား ခွင့်ရ မြီရှင်၏ အကျိုးဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ စုံစမ်းတင်ပြခြင်း၊

(၃) အစီအစဉ်ကို အတည်ပြုခဲ့လျှင် မြီရှင်များက ပြန်လည်ရရှိနိုင်သည့်အနေအထားကို စုံစမ်း တင်ပြခြင်း နှင့်

(၄) အစီအစဉ်ကို အတည်ပြုခြင်းနှင့် မြီရှင်များ ပြန်လည်ရရှိနိုင်မှုနှင့် အစီအစဉ်ကို အတည်မပြုသဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းဆိုင်ရာ စီမံဆောင်ရွက်မှုပြုလုပ်ခြင်းတို့ကြောင့် မြီရှင်များ ပြန်လည်ရရှိနိုင်မှု တို့ကို နှိုင်းယှဉ်တင်ပြခြင်း၊

(၅) အထက်ဖော်ပြပါ ကိစ္စရပ်တစ်ခုချင်းစီအပေါ် ၎င်း၏အမြင်နှင့် ထင်မြင်ချက်များ၊ ထိုသို့ထင်မြင် ယူဆရသည့် အကြောင်းအရင်းများ၊ မြီရှင်များက ဆုံးဖြတ်ချက် ချမှတ်နိုင်ရန်အတွက် သိရှိသမျှ အရေးကြီးအချက်အလက်များနှင့် ထိုအစီအစဉ်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ သင့် မသင့် စသည့်အချက်များ ဖော်ပြပါရှိသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခြင်း။

ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ တာဝန်များ

၅၂။ ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်း၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင်-

(က) မြီရှင်များအားလုံး၏ အကျိုးကို ရှေ့ရှုဆောင်ရွက်ရမည်၊

(ခ) တတ်နိုင်သမျှ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်ရမည်။

ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကုမ္ပဏီအေးဂျင့်အဖြစ်ဆောင်ရွက်ခြင်း

၅၃။ ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကုမ္ပဏီလုပ်ငန်းကိစ္စရပ်များကို စီမံခန့်ခွဲရန်အလို့ငှာ ဆောင်ရွက်ခြင်းသည် ကုမ္ပဏီအေးဂျင့်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ လုပ်ပိုင်ခွင့်များ

၅၄။ (က) ဤအပိုင်းပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်စေဘဲ ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကယ်ဆယ်ခြင်းအဆင့်တွင် အောက်ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးနိုင်သည်-

(၁) ကုမ္ပဏီစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီပိုင်ပစ္စည်းများနှင့် ကုမ္ပဏီလုပ်ငန်းကိစ္စရပ်များကို ကြီးကြပ်ပြီး ကုမ္ပဏီကို ဆက်လက်လည်ပတ်စေခြင်း၊

(၂) လုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေရောင်းချခြင်း၊

(၃) ကုမ္ပဏီဒါရိုက်တာများကို ထုတ်ပယ်ခြင်း သို့မဟုတ် ခန့်အပ်ခြင်း၊

(၄) ကုမ္ပဏီသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် မရှိခဲ့ပါက ကုမ္ပဏီဒါရိုက်တာများ ဆောင်ရွက်နိုင်သည့် သို့မဟုတ် ကျင့်သုံးနိုင်သည့် မည်သည့်လုပ်ပိုင်ခွင့်ကိုမဆို ကျင့်သုံးခြင်း သို့မဟုတ် မည်သည့်လုပ်ငန်းဆောင်တာကိုမဆို ဆောင်ရွက်ခြင်း။

(ခ) ပုဒ်မ ၅၉၊ ၆၀ နှင့် ၆၁ တို့ပါ ပြဋ္ဌာန်းချက်များတွင် ခွင့်ပြုထားသည်မှအပ ပြန်လည်ထူထောင် ရေးမန်နေဂျာသည် အာမခံအပေါင်အနှံရှိသော ပိုင်ဆိုင်မှုများကို ပုဒ်မခွဲ (က) အရ စီမံခွင့်မရှိစေရ။

(ဂ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကုမ္ပဏီမြီရှင်များ အစည်းအဝေးကို ကျင်းပနိုင်သည်။

(ဃ) ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ် မစတင်မီကပင်ချုပ်ခဲ့သော စာချုပ်တစ်ရပ်ကို ငြင်းပယ် ခြင်းဖြင့် ဤအပိုင်းပါ ပြန်လည်ထူထောင်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် အထောက်အကူဖြစ်စေမည်ဆိုပါက ပြန်လည်ထူထောင်ရေးမန်နေဂျာသည် နို့တစ်စာပေး၍ စာချုပ် ကို ငြင်းပယ်နိုင်သည်။ ထိုသို့ ငြင်းပယ်မည်ဆိုပါက ယင်းစာချုပ်သည် တရားဝင်ရပ်စဲသွားသည်ဟု မှတ်ယူရမည်ဖြစ်ပြီး ယင်းသို့ရပ်စဲခြင်းကြောင့် တစ်ဖက်မှ ချုပ်ဆိုသူနစ်နာမှုဖြစ်စေခဲ့ပါက နစ်နာမှု များအတွက် တောင်းခံပိုင်ခွင့်ရှိသည်။

(င) ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်များသည် အာမခံအကျိုးခံစားခွင့်များအပေါ် ထိခိုက်ခြင်း မရှိစေရ။

ကယ်ဆယ်ခြင်းအဆင့်အတွင်းကုမ္ပဏီအား အကာအကွယ်ပေးထားမှုများ
ကယ်ဆယ်ခြင်းအဆင့်တွင် ကုမ္ပဏီအတွက် အကျိုးဆက်များ

၅၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ပုဒ်မ ၁၇၂ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဆ) တို့အရ ကုမ္ပဏီနှင့် ကုမ္ပဏီပိုင်ပစ္စည်းများကို အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်များကို ကယ်ဆယ်ခြင်း အဆင့်တွင်လည်းအသုံးပြုနိုင်သည်။

(ခ) ကုမ္ပဏီက သုံးစွဲနေသော သို့မဟုတ် ကုမ္ပဏီ၏ လက်ဝယ်တွင်ရှိသော ပစ္စည်းကို တစ်ဦးဦးက ပိုင်ဆိုင်လျှင်ဖြစ်စေ၊ တစ်ဦးဦးထံမှ ငှားရမ်းထားလျှင်ဖြစ်စေ ကယ်ဆယ်ခြင်းအဆင့်တွင် တရားရုံး၏ အမိန့်အရ မဟုတ်လျှင် သို့မဟုတ် ပြန်လည်ထူထောင်ရေးမန်နေဂျာ၏စာဖြင့်ရေးသား သဘောတူညီ ချက်အရ မဟုတ်လျှင် ထိုသူထံ လွှဲပြောင်းပေးအပ်ခြင်းမပြုရ။

(ဂ) ကယ်ဆယ်ခြင်း အဆင့်တွင် ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး ဒါရိုက် တာများ၏ လုပ်ပိုင်ခွင့်အားလုံးသည် ရပ်စဲသွားသည်။

ကုမ္ပဏီကိုကာကွယ်ခြင်း

၅၆။ ကယ်ဆယ်ခြင်းအဆင့်တွင် အာမခံထားရှိသော ပိုင်ဆိုင်မှုများအား အတည်ပြုခြင်း၊ ဆက်လက် အတည်ပြုဆောင်ရွက်ခြင်းတို့ကို ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ စာဖြင့်ရေးသားသဘောတူညီ ချက် သို့မဟုတ် တရားရုံး၏ ခွင့်ပြုချက်မှတစ်ပါး ဆောင်ရွက်ခြင်း မပြုရ။

အာမခံသူများကို အကာအကွယ်ပေးခြင်း

၅၇။ ကယ်ဆယ်ခြင်းအဆင့်တွင် ကုမ္ပဏီ၏ ကြွေးမြီများ သို့မဟုတ် တာဝန်များနှင့် စပ်လျဉ်း၍ အာမခံသူများကို တရားရုံး၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး ဥပဒေကြောင်းအရ အရေးယူခြင်း သို့မဟုတ် အရေးယူထားသည်ကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။

တရားရုံးကခွင့်ပြုချက်ပေးခြင်း

၅၈။ ဤအခန်းအရ ခွင့်ပြုချက်များပေးရာတွင် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း စည်းကမ်း ချက်ထား၍ဖြစ်စေ၊ စည်းကမ်းချက်များမထားဘဲဖြစ်စေ ခွင့်ပြုချက်ပေးနိုင်သည်။

အပြောင်းအလဲရှိသော ကြွေးမြီတာဝန်ရှိသည့်ပစ္စည်း

၅၉။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာသည်အပြောင်းအလဲရှိသော ကြွေးမြီတာဝန်ရှိသည့် ပစ္စည်းကို အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ရောင်းချနိုင်သည် သို့မဟုတ် အခြားနည်းစီမံခန့်ခွဲနိုင် သည်-

(၁) ကုမ္ပဏီ၏ ပုံမှတ်လုပ်ငန်းဆောင်ရွက်မှုနည်းလမ်း၊

(၂) အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ စာဖြင့်ရေးသားသဘောတူညီချက်ယူသည့်နည်းလမ်း၊

(၃) တရားရုံး၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့်နည်းလမ်း။

(ခ) ထိုသို့ဆောင်ရွက်ရာတွင် အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ အကျိုးစီးပွားကို လုံလောက်စွာ ကာကွယ်မှုရှိသည်ဟု တရားရုံးက ယုံကြည်မှသာလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) အရ ခွင့်ပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်များအလို့ငှာ အကြောင်းကြားစာ သို့မဟုတ် တောင်းခံ စာထုတ်နိုင်သည့်အချက် သို့မဟုတ် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်မှ ပုံသေကြွေးမြီတာဝန်အဖြစ် ပြောင်းလဲသည့်အချက်ဖြစ်သည်ဆိုရုံမျှဖြင့် ကုမ္ပဏီ၏ပုံမှန်လုပ်ငန်းဆောင်ရွက်ရာတွင် ရောင်းချခြင်းကို တားဆီးခြင်းမရှိစေရ။

(ဃ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် အာမခံအဖြစ်အကျိုးခံစားခွင့်ရှိသော ကုမ္ပဏီပစ္စည်းကို ရောင်းချရာတွင်ဖြစ်စေ၊ စီမံခန့်ခွဲသူတစ်ယောက်မှ ၎င်း၏သက်ဆိုင်ရာလုပ်ပိုင်ခွင့်များကို ကျင့်သုံးရာ၌ ဖြစ်စေ၊ ကျိုးကြောင်းဆီလျော်စွာ အသုံးပြုရမည်။

ပုံသေကြွေးမြီ တာဝန်ရှိသည့်ပစ္စည်း

၆၀။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ပုံသေကြွေးမြီတာဝန်ရှိသည့် ပစ္စည်းကို အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ရောင်းချနိုင်သည် သို့မဟုတ် အခြားနည်းစီမံခန့်ခွဲနိုင်သည်-

(၁) အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ စာဖြင့်ရေးသားသဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း၊

(၂) တရားရုံး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ ခွင့်ပြုရာတွင် အောက်ပါအချက်များနှင့် ညီညွတ် ကြောင်း ကျေနပ်မှသာ ခွင့်ပြုနိုင်သည်-

(၁) အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ အကျိုးကို လုံလောက်စွာကာကွယ်သော အစီအစဉ်များ ရှိခြင်း၊

(၂) အမိန့်ကိုချမှတ်ခြင်းဖြင့် ပုဒ်မ ၄၁ ပါ ရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် အထောက်အကူ ပြုနိုင်ခြင်း။

အခြားကိစ္စရပ်များတွင် အာမခံအကျိုးခံစားခွင့်ရ မြီရှင်များကို အကာအကွယ်ပေးခြင်း

၆၁။ ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ တွင်ခွင့်ပြုထားသည်မှအပ ပြန်လည်ထူထောင်ရေးမန်နေဂျာသည် အာမခံ အကျိုးခံစားခွင့်ရ မြီရှင်များ၏ ပစ္စည်းနှင့်စပ်လျဉ်းသည့်အကျိုးခံစားခွင့် ထိခိုက်စေနိုင်ပါက စီမံခန့်ခွဲခြင်း မပြုရ။

အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ
ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ တာဝန်ရှိမှု

၆၂။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကုမ္ပဏီ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) ပါ အခြေအနေများ၌ ပုဂ္ဂိုလ်ရေးအရတာဝန်များ ရှိစေရမည်။

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကယ်ဆယ်ခြင်းအဆင့်တွင် ကုမ္ပဏီမှ ချေးယူခဲ့သောငွေများ၊ အသုံးပြုခဲ့သော ဝန်ဆောင်မှုများ၊ ဝယ်ယူခဲ့သော ကုန်စည်များ သို့မဟုတ် ငှားရမ်းခဲ့သော ပစ္စည်းများ၊ လက်ဝယ်ရယူထားသော သို့မဟုတ် သုံးစွဲနေသော သို့မဟုတ် အငှားယူထားသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ ငှားရမ်းထားသည့်ပစ္စည်းများအတွက် ကျခံပေးချေရမည့်ငွေများကို ပြန်လည်ထူထောင်ရေး မန်နေဂျာက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျခံရန်သဘောတူညီခဲ့လျှင် ယင်းကြွေးမြီများနှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိသည်။

(ဂ) အကယ်၍ ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ပစ္စည်းအား ကုမ္ပဏီမှ ဆက်လက်အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် လက်ဝယ်ရယူထားခြင်းအတွက် စာချုပ်အရ ပေးရန်ရှိသော ငှားရမ်းခ သို့မဟုတ် အခြားပေးဆောင်ရန်ရှိသော အခကြေးငွေတို့အတွက် အောက်ပါကိစ္စများ၌ ကယ်ဆယ်ခြင်းအဆင့်အတွက်သာတာဝန်ရှိစေရမည်-

(၁) ပြန်လည်ထူထောင်ရေးမန်နေဂျာအဖြစ် ခန့်အပ်ခြင်းမပြုမီ အခြားသူတစ်စုံတစ်ဦးက ပိုင်ဆိုင်သော သို့မဟုတ် အငှားယူထားသော ပစ္စည်းတစ်ရပ်ကို ထိုသူနှင့် ချုပ်ဆိုသော ပဋိညာဉ်တစ်ရပ်အရ ကုမ္ပဏီက သုံးစွဲခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် လက်ဝယ်ရယူခြင်းပြုသည့်ကိစ္စ၊

(၂) ပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ပြီးနောက် ကုမ္ပဏီသည် ထိုပစ္စည်းကို ဆက်လက်သုံးစွဲခြင်း သို့မဟုတ် ဝင်ရောက်နေထိုင်ခြင်း သို့မဟုတ် လက်ဝယ်ရယူခြင်းပြုသည့်ကိစ္စ။

(ဃ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်းအား ခန့်ထားပြီးနောက် အလုပ်လုပ်ကိုင်ရက်ခုနစ်ရက် အတွင်း ပစ္စည်းနှင့်စပ်လျဉ်းသည့် ၎င်း၏ အခွင့်အရေးများကို ကျင့်သုံးတော့မည်မဟုတ်ကြောင်း၊ ပစ္စည်းပိုင်ရှင် သို့မဟုတ် အငှားချထားသူထံသို့ အကြောင်းကြားစာကို ပေးပို့ခဲ့သည့်အပြင် ထိုသို့ အကြောင်းကြားစာပေးပို့ပြီးနောက်တွင်လည်း ကုမ္ပဏီသည် အမှန်တကယ်ပင် ထိုပစ္စည်းနှင့်စပ်လျဉ်း သည့် အခွင့်အရေးများကို ကျင့်သုံးခြင်းမပြုလျှင် အထက်ပါ ပုဒ်မခွဲ (ဂ) အရ တင်ရှိသောတာဝန်မှ ကင်းလွတ်ခွင့်ရရှိစေရမည်။

(င) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ကုန်စည်ပေးသွင်းသူနှင့် ဤပုဒ်မနှင့် သက်ဆိုင်သော အခြားသူတို့အား ဤပုဒ်မပါအကျိုးသက်ရောက်မှုများကို အကြောင်းကြားရမည်။

(စ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်းကို ခန့်အပ်ထားသည့် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအနက်မှ အောက်ပါတို့ကို ပြန်လည်တောင်းခံပိုင်ခွင့်ရှိသည်-

(၁) ဤပုဒ်မအရ ပြန်လည်ထူထောင်ရေးမန်နေဂျာအပေါ် တာဝန်ဖြစ်ပေါ်စေသည့် ကုမ္ပဏီ၏ ကြွေးမြီ များ၊

(၂) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်း၏တာဝန်များကို ပေါ့ဆမှုမရှိဘဲ ရိုးဖြောင့်စွာ ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သော တာဝန်ရှိမှုများနှင့် ကုန်ကျစရိတ်များ၊

(၃) ဤဥပဒေအရ သတ်မှတ်ထားသည့် ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ အခကြေးငွေ။

(ဆ) ပုဒ်မခွဲ (စ) တွင် ပြဋ္ဌာန်းထားသော ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ တောင်းခံပိုင်ခွင့်သည် ကုမ္ပဏီတွင် တင်ရှိနေသော အာမခံအကျိုးခံစားခွင့်မရှိသည့် ကြွေးမြီများထက် ဦးစားပေးရမည့်အပြင် ၎င်း၏ ပြန်လည်တောင်းခံပိုင်ခွင့်အတွက် ကုမ္ပဏီ၏ ပစ္စည်းများအပေါ်တွင်လည်း အာမခံ အကျိုးခံစား ခွင့်ရှိစေရမည်။

(ဇ) အောက်ပါ ဦးစားပေးအစီအစဉ်များ၏ နောက်တွင် ပုဒ်မခွဲ (ဆ) ပါ ပြန်လည်ထူထောင်ရေး မန်နေဂျာ၏ အာမခံအကျိုးခံစားခွင့်ကို ထည့်သွင်းရမည်-

(၁) ပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်စဉ်အချိန်က တည်ရှိနေသော အာမခံအကျိုးခံစားခွင့်ရ မြီရှင်၏ ပုံသေကြွေးမြီတာဝန်၊

(၂) အာမခံအကျိုးခံစားခွင့်ရ မြီရှင်က ဥပဒေနှင့်အညီခန့်ထားသည့် ပစ္စည်းထိန်း၏ အကျိုးခံစားခွင့်များ သို့ရာတွင် ထိုပစ္စည်းထိန်းခန့်အပ်ခြင်းမပြုမီ ပြန်လည်ထူထောင်ရေး မန်နေဂျာက ကျခံခဲ့ရသော ပြန်လည်ထူထောင်ရေးဆိုင်ရာ တောင်းခံပိုင်ခွင့်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ကုမ္ပဏီသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေကြောင်း အသိပေးကြေညာခြင်း

၆၃။ (က) ကယ်ဆယ်ခြင်းအဆင့်တွင် ကုမ္ပဏီသည် အောက်ပါတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နေကြောင်း ဖော်ပြပါရှိရမည်-

(၁) ကုမ္ပဏီ၊ ကုမ္ပဏီကိုယ်စား သို့မဟုတ် ပြန်လည်ထူထောင်ရေးမန်နေဂျာတို့၏ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးပို့စာများ သို့မဟုတ် အမှာစာများ၊

(၂) ကုမ္ပဏီ၏ဝက်ဘ်ဆိုက်များ။

(ခ) ပုဒ်မခွဲ (က) အရ ငွေတောင်းခံလွှာ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာပေးပို့စာများ သို့မဟုတ် အမှာစာများဆိုသည်မှာ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက် ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြသည့်ပုံစံကို ဆိုလိုသည်။

(ဂ) ကုမ္ပဏီအရာရှိ သို့မဟုတ် ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ဤပုဒ်မပါ ဆောင်ရွက်ရန်အချက် များကို လိုက်နာရန်ပျက်ကွက်လျှင် သို့မဟုတ် ပျက်ကွက်မှုကို သိလျက်နှင့်ဖြစ်စေ၊ တမင်ဖြစ်စေ ခွင့်ပြု လျှင် မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

ပြန်လည်ထူထောင်ရေးမန်နေဂျာမှ ခွဲဝေပေးခြင်း

၆၄။ ပြန်လည်ထူထောင်ရေးမန်နေဂျာသည်-

(က) အာမခံအကျိုးခံစားခွင့်ရ မြီရှင်၏ အာမခံပစ္စည်းအား ထုခွဲရောင်းချရရှိသောငွေကို ၎င်းမြီရှင်ထံသို့ ပုဒ်မ ၂၀၅ နှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ခွဲဝေပေးနိုင်သည်။

(ခ) ပုဒ်မ ၁၉၆ ပါဦးစားပေးအစဉ်အတိုင်း ခွဲဝေပေးနိုင်သည်။

ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်

၆၅။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ပြီးနောက် ကုမ္ပဏီကိစ္စများနှင့်ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူတို့အား ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော် ကြေညာချက်ကို ပြုစုလျက် ၎င်းထံသို့ အကြောင်းကြားစာရေးသား ပေးပို့နိုင်သည်။

(ခ) ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ နည်းဥပဒေများတွင် အောက်ပါတို့ကို အထူးပြုဖော်ပြစေရမည်-

(၁) စာဖြင့်ရေးသားသောအကြောင်းကြားစာ၏ပုံစံ၊

(၂) ဆက်နွှယ်သည်ပုဂ္ဂိုလ်များ၊

(၃) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ပုံစံနှင့် ယင်းပုံစံတွင် ပါရှိရမည့် အချက်များ။

(ဂ) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို ပြန်လည်ထူထောင်ရေး မန်နေဂျာထံသို့ တင်ပြရန် တာဝန်ရှိသူသည် စာဖြင့်ရေးသားပေးပို့သည့် အကြောင်းကြားစာကို ရရှိသည့် နေ့မှ ၇ ရက်အတွင်း ထုတ်ဖော်ကြေညာချက်ကို ပေးပို့ရမည်။

(ဃ) မည်သူမဆို ဤပုဒ်မပါ တာဝန်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လိုက်နာရန်ပျက်ကွက် ပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်ငါးသိန်းထက်မပိုသည့် ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

မြီရှင်များကော်မတီ ဖွဲ့စည်းခြင်း

၆၆။ (က) မြီရှင်များသည်သင့်သည် ထင်မြင်လျှင် မည်သည့်မြီရှင်များ အစည်းအဝေးတွင်မဆို ပြန်လည် ထူထောင်ရေးမန်နေဂျာနှင့် တိုင်ပင်ရန်အတွက် မြီရှင်များကော်မတီကို ဖွဲ့စည်းနိုင်သည်။

(ခ) ကော်မတီအတွက်ဖြစ်စေ၊ ကော်မတီနှင့်ဆက်စပ်၍ဖြစ်စေ နည်းဥပဒေများတွင် မြီရှင်များ ကော်မတီ ဖွဲ့စည်းခြင်း၊ ကော်မတီအစည်းအဝေးကျင်းပခြင်း၊ လုပ်ထုံးလုပ်နည်း၊ မဲပေးခြင်းတို့နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ သတ်မှတ်နိုင်သည့်အပြင် ကော်မတီ၏ နောက်ထပ်လုပ်ငန်းတာဝန်များကိုလည်း ထည့်သွင်းသတ်မှတ်နိုင်သည်။

မြီရှင်များက စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးခြင်း

၆၇။ (က) ကယ်ဆယ်ခြင်းအဆင့် ဆောင်ရွက်နေစဉ်အတွင်း မည်သည့်အချိန်တွင်မဆို မြီရှင်နှင့် ကြွေးမြီ ဆပ်ရန် တာဝန်ရှိသူတို့က စစ်ဆေးခွင့်တောင်းခံပါက တရားရုံးသည် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီလက် ဝယ်ရှိသော စာအုပ်စာတမ်းများအား စစ်ဆေးစေရန် အမိန့်ချမှတ်နိုင်သည်။

(ခ) ဤပြဋ္ဌာန်းချက်သည် အောက်ဖော်ပြပါတို့ကို ဖယ်ထုတ်ခြင်း၊ ကန့်သတ်ခြင်းမရှိစေရ-

(၁) အစိုးရဌာန သို့မဟုတ် အစိုးရဌာန၏ တာဝန်ပေးချက်အရ တာဝန်ရှိသူက ဥပဒေနှင့်အညီ စစ်ဆေး ခြင်း၊

(၂) ပြန်လည်ထူထောင်ရေးမန်နေဂျာကိုယ်တိုင်က စစ်ဆေးခြင်းကို ခွင့်ပြုခြင်း။

တရားရုံးသို့လျှောက်ထားခြင်း

၆၈။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်း၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာမှ ပေါ်ပေါက်လာသော မည်သည့်ကိစ္စရပ်အတွက်မဆို တရားရုံး၏ လမ်းညွှန်ချက်ရယူရန်လျှောက်ထား နိုင်သည်။

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာ သို့မဟုတ် အစုရှယ်ယာဝင်တစ်ဦးဦး သို့မဟုတ် မြီရှင်သည် ကယ်ဆယ်ခြင်းအဆင့်မှပေါ်ထွက်လာသည့် ပြဿနာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဆုံးဖြတ်ပေးရန် တရားရုံး သို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် မိမိက တရားမျှတပြီးအကျိုးဖြစ်စေမည်ဟု ယုံကြည်ပါက သင့်လျော်သည်ဟု ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားချက်တစ်ရပ်လုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ လက်ခံနိုင်သည့်အပြင် အခြားသင့်သည် ထင်မြင်သည့်အမိန့်ချမှတ် နိုင်သည်။

မြီရှင်များအစည်းအဝေး

၆၉။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် အောက်ပါကိစ္စတစ်ရပ်ရပ်ပေါ်ပေါက်လျှင် မြီရှင်များ အစည်းအဝေးကို ခေါ်ယူကျင်းပရမည်-

(၁) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေကို မြီရှင်များသို့ အစီရင်ခံတင်ပြရန် အတွက် ၎င်းအားခန့်အပ်ပြီး ရက်ပေါင်း ၃၀ အတွင်း အစည်းအဝေးခေါ်ယူရန်နှင့် ယင်းအစီအစဉ်အား ရေးဆွဲအတည်ပြုရန် ရှိ မရှိ ဆုံးဖြတ်ရန်ဖြစ်ခြင်း၊

(၂) ပုဒ်မခွဲ (က) ပါ အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို မဲခွဲအတည်ပြုနိုင်ခဲ့ခြင်း မရှိပါက ပုဒ်မ ၇၁ ပုဒ်မခွဲ (က) တွင်ပြဋ္ဌာန်းထားသည့် အချိန်ကာလတွင်း ပြန်လည်ထူထောင်ရေး အစီအစဉ် တစ်ခုကို အတည်ပြုလိုခြင်း ရှိ မရှိ ဆုံးဖြတ်ရန်ဖြစ်ခြင်း၊

(၃) စုစုပေါင်းမြီရှင်အရေအတွက်၏ တစ်ဆယ်ရာခိုင်နှုန်းအထက် မြီရှင်များက တောင်းဆိုခြင်း သို့မဟုတ် စုစုပေါင်းကြွေးမြီ၏ တစ်ဆယ်ရာခိုင်နှုန်းအထက် ပိုင်ဆိုင်သည့် မြီရှင်များက တောင်းဆိုခြင်း။

(ခ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း မည်သည့်အချိန် တွင်မဆို မြီရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်ဟု ထင်မြင်လျှင်မြီရှင်များအစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။

(ဂ) အစည်းအဝေးကို နည်းဥပဒေများနှင့်အညီ ကျင်းပရမည်။

ပြန်လည်ထူထောင်ရေးမန်နေဂျာအားပြောင်းလဲခန့်အပ်ခြင်း

၇၀။ (က) ပုဒ်မ ၁၈၁ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဃ)၊ ပုဒ်မ ၁၈၂ ပုဒ်မခွဲ (ခ) နှင့် (ဂ)၊ ပုဒ်မ ၁၈၃ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးနေရာ လစ်လပ်ခြင်းနှင့် လစ်လပ်သောရာထူးနေရာတွင် အစားထိုးခန့်ထားခြင်းတို့နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်း ချက်များကို ကယ်ဆယ်ခြင်းအဆင့်တွင် ပြန်လည်ထူထောင်ရေးမန်နေဂျာနှင့် စပ်လျဉ်း၍လည်း အသုံးပြု နိုင်သည်။ သို့ရာတွင် မြီရှင်များအစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးမန်နေဂျာကို အစားထိုးခန့် ထားခဲ့ခြင်းဖြစ်လျှင် ၎င်းအား ခန့်အပ်ခဲ့သည့် အာမခံအကျိုးခံစားခွင့်ရ မြီရှင်များ၏ သဘောတူညီချက် ရရှိရန်လိုသည်။

(ခ) ပုဒ်မခွဲ (က) အရပြန်လည်ထူထောင်ရေးမန်နေဂျာကို ခန့်အပ်ပြီးပါက ၎င်းသည်ထိုသို့ ခန့်အပ်ပြီးကြောင်း မှတ်ပုံတင်အရာရှိထံ အလုပ်လုပ်ကိုင်ရန် ၂ ရက်အတွင်း အကြောင်းကြားစာ ပေးပို့ရမည်။

ပြန်လည်ထူထောင်ရေးအဆိုပြုအစီအစဉ်ကို တင်သွင်းရန်အချိန်

၇၁။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ၎င်းအားခန့်အပ်ပြီးသည့်နေ့မှ ၃ လ အတွင်း ပြန်လည် ထူထောင်ရေးအစီအစဉ်ကို ရေးဆွဲအတည်ပြုရန် မြီရှင်များအစည်းအဝေးကို ခေါ်ယူကျင်းပရမည်။

(ခ) ပြန်လည်ထူထောင်ရေးအဆိုပြုအစီအစဉ်ကို မြီရှင်များက ဆုံးဖြတ်နိုင်ရန်အတွက် ပုဒ်မ ၆၉ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ကျင်းပသည့် မြီရှင်များ အစည်းအဝေးတွင် တင်ပြနိုင်သည်။

(ဂ) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို မြီရှင်များက ဆုံးဖြတ်နိုင်ရန်အတွက် မည်သည့်မြီရှင်များ အစည်းအဝေးမဆို ရွှေ့ဆိုင်းနိုင်သည်။ သို့သော် ထိုရွှေ့ဆိုင်းသော ရက်သည် ပြန်လည်ထူထောင်ရေး မန်နေဂျာအား စတင်ခန့်ပြီးသည့်နေ့မှ ၄ လထက် ကျော်လွန်ခြင်းမရှိစေရ။

(ဃ) ပုဒ်မ ၄၁ ပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်များ အောင်မြင်ရန် အထောက် အကူဖြစ်မည်ဟု တရားရုံးက ယုံကြည်ပါက ပုဒ်မခွဲ (က) နှင့် (ဂ) တို့တွင် ပြဋ္ဌာန်းထားသည့် အချိန်ကာလများနှင့်စပ်လျဉ်း၍ ထူးခြားသည့်အခြေအနေရှိပါက သက်တမ်းတိုးသည့် အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်။

(င) ဤပုဒ်မတွင် ပြဋ္ဌာန်းထားသည့်အချိန်ကာလအတွင်း ပြန်လည်ထူထောင်ရေးမန်နေဂျာသည် အစီ အစဉ်နှင့်အညီ ဆောင်ရွက်ရန်နည်းလမ်းနှင့်မြီရှင်များ ဆုံးဖြတ်နိုင်ရန် အချက်များကို တတ်နိုင်သမျှ ဆောလျင်စွာ ရှာဖွေရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်အားရေးဆွဲခြင်းနှင့် ပါဝင်ရမည့်အချက်များ

၇၂။ (က) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြန်လည်ထူထောင်ရေးမန်နေဂျာ သို့မဟုတ် အကျိုး သက်ဆိုင်သူတစ်ဦးဦးက ရေးဆွဲနိုင်သည်။

(ခ) ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် အောက်ပါအချက်အလက်များ ပါဝင်ရမည်-

(၁) အစီအစဉ်ကို ကြီးကြပ်မည့်သူ၊

(၂) ဒါရိုက်တာများနှင့် အစီအစဉ်ကြီးကြပ်သူတို့၏ အခန်းကဏ္ဍနှင့် တာဝန်များ၊

(၃) မြီရှင်များ၏ တောင်းဆိုမှုကို ကျေအေးညှိနှိုင်းထားသည့် အတိုင်းအတာနှင့် သဘောသဘာဝ၊ ပစ္စည်းအမျိုးအမည်နှင့် ပေးချေမည့်နည်းလမ်း၊

(၄) မြီစားအပေါ် အရေးယူဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ခြင်းသဘောသဘာဝနှင့် ယင်းအတွက် ခွင့်ပြု ကာလ၊

(၅) ကုမ္ပဏီအား ကြွေးမြီလျော့ပေါ့ပေးမည့်အတိုင်းအတာ၊

(၆) အစုဝင်များ၏ အစုရှယ်ယာကို ညှိနှိုင်းလျော့ပေါ့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း အတိုင်းအတာ၊

(၇) အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အသက်ဝင်စေရန်နှင့် ဆက်လက်လည်ပတ်နေစေရန်အတွက် စည်းကမ်းချက်များ (ရှိလျှင်)၊

(၈) အစီအစဉ်ရပ်စဲသည့် အခြေအနေများနှင့် အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီး ပါက ကုမ္ပဏီအား ဒါရိုက်တာများ၏ အုပ်ချုပ်မှုအောက်တွင် ပြန်လည်ထားရှိမည့် ဖော်ပြချက် သို့မဟုတ် ကုမ္ပဏီအား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ရမည့်ဖော်ပြချက်၊

(၉) ပြန်လည်ထူထောင်ရေးအစီအစဉ်အား လိုက်နာရမည့် မြီရှင်များအကြား ခွဲဝေပေးမည့် အစီအစဉ် နှင့်စပ်လျဉ်းသည့် ဖော်ပြချက်၊

(၁၀) အစီအစဉ်အရ ခွင့်ပြုပေးနိုင်သည့် တောင်းဆိုမှုများတွင် ထိုတောင်းဆိုခွင့်ပေါ်ပေါက်သည့် နေ့ရက် သို့မဟုတ် ယင်းမတိုင်မီ နေ့ရက် (ထိုရက်သည် ကယ်ဆယ်ခြင်းအဆင့် စတင်သည့်နေ့ရက်ထက် နောက်မကျစေရ)၊

(၁၁) အစီအစဉ်အရ အကျိုးထိခိုက်စေမည့် အာမခံအကျိုးခံစားခွင့်ရ မြီရှင်များ၏ အာမခံပစ္စည်းအပေါ် တောင်းဆိုမှုနှင့် ၎င်းတို့၏အာမခံပစ္စည်းပမာဏ၊

(၁၂) နည်းဥပဒေများတွင် ဖော်ပြထားသည့်အခြားကိစ္စရပ်များ။

(ဂ) အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် မြီရှင်များမှ ပြန်လည်ရရှိနိုင်မည့် ငွေကြေးပမာဏသည် အစီအစဉ် ကို ဆောင်ရွက်ခြင်းမရှိပါက မြီရှင်များမှ ပြန်လည်ရရှိနိုင်ဖွယ်ရှိသည့် ငွေကြေးပမာဏနှင့် အနည်းဆုံး ညီမျှမှုရှိသည့် ပမာဏဖြစ်ရမည်။

(ဃ) တောင်းခံပိုင်မှုများ၏ ဦးစားပေးအစဉ်သည် အစီအစဉ်ကို ဆောင်ရွက်ခြင်းမရှိပါက ရှိနေမည့် ဦးစားပေးအစဉ်အတိုင်းဖြစ်ရမည်။ သို့ရာတွင် မတူညီသော ကြွေးမြီဦးစားပေးအစဉ်ကြောင့် များစွာ အကျိုးထိခိုက်နိုင်ဖွယ်ရှိသည့် မြီရှင်အတန်းအစားတို့သည် အစီအစဉ်မဲခွဲခြင်းတွင် ပါဝင်မဲပေးပြီး ထိုမဲခွဲ ရာတွင် မြီရှင်အရေအတွက်အားဖြင့်လည်းကောင်း၊ ကြွေးမြီတန်ဖိုးအားဖြင့်လည်းကောင်း အများစုမဲ ပေးလျက် သဘောတူညီလျှင် ထိုဦးစားပေးအစဉ်အတိုင်းဖြစ်ရန် မလိုအပ်စေရ။

(င) နည်းဥပဒေများတွင် ဖော်ပြထားသော အကြောင်းကြားစာပူးတွဲလျက် ပြန်လည်ထူထောင်ရေး အစီအစဉ်၏ မိတ္တူတစ်စောင် သို့မဟုတ် အဓိကအချက်များ ပါဝင်သည့်အကျဉ်းချုပ်ဖော်ပြထားချက်အား ပုဒ်မ ၇၁ အရ ခေါ်ယူကျင်းပမည့် မြီရှင်များ အစည်းအဝေးမတိုင်မီ မြီရှင်အားလုံးထံ ပေးပို့ရမည်။

(စ) အကြောင်းကြားစာနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် အကျဉ်းချုပ်ဖော်ပြချက်အား မြီရှင်များထံပေးပို့ရာတွင် ယင်းနှင့်အတူ ပုဒ်မ ၅၁ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၃) တွင် ဖော်ပြထားသည့် ပြန်လည်ထူထောင်ရေးမန်နေဂျာ၏ အစီရင်ခံစာလည်းပါဝင်ရမည်။

(ဆ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးတစ်ယောက်က စာဖြင့်ရေးသားတာင်းခံပါက ပြန်လည်ထူထောင်ရေး မန်နေဂျာသည် အစီရင်ခံစာမိတ္တူကို ပေးပို့ရမည်။

အခန်း (၄) ပြန်လည်ထူထောင်ရေးအစီအစဉ်[edit]

ပြန်လည်ထူထောင်ရေးအစီအစဉ်မည်သည့်အချိန်တွင် အတည်ဖြစ်ခြင်း

၇၃။ (က) မြီရှင်များထံ ကြိုတင်ပေးပို့ထားသည့် အဆိုပြုအစီအစဉ်ကို နည်းလမ်းတကျ ခေါ်ယူကျင်းပ သည့် မြီရှင်များအစည်းအဝေးတွင် မြီရှင်အများစုက သဘောတူလျှင် ယင်းအစီအစဉ်သည် အတည်ဖြစ် စေရမည်။

(ခ) အစီအစဉ်ကို တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အဆိုပြုသူများ၏ သဘောတူညီချက်အရ မြီရှင် များအစည်းအဝေးတွင် ပြင်ဆင်နိုင်ပြီး ယင်းပြင်ဆင်ချက်ကို အဆိုပါအစည်းအဝေးတွင်ပင် မဲပေးဆုံး ဖြတ်နိုင်သည်။

(ဂ) ဤအခန်းပါ ပြဋ္ဌာန်းချက်အလို့ငှာ လိုအပ်သည့် မဲအများစုဆိုရာတွင် အောက်ပါအချက်များ ပါဝင် စေရမည်-

(၁) အစည်းအဝေးတွင် မဲပေးသူမြီရှင်တို့၏ ကြွေးမြီစုစုပေါင်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် ယင်းပမာဏထက်ပိုသော ကြွေးမြီ ပိုင်ဆိုင်သူမြီရှင်များကမဲပေးခြင်း၊

(၂) အစည်းအဝေးတွင် မဲပေးသူ မြီရှင်စုစုပေါင်း အရေအတွက်၏ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် ယင်းအရေအတွက်ထက်ပိုသော မြီရှင်များက မဲပေးခြင်း။

(ဃ) မဲခွဲဆုံးဖြတ်ရာတွင် လက်မြှောက်၍ မဲခွဲနိုင်သည်။ သို့ရာတွင် တက်ရောက်လာသည့်မြီရှင် တစ်ဦးဦး က နည်းလမ်းတကျမဲခွဲဆုံးဖြတ်ရန် တောင်းဆိုပါက လုံလောက်သည့် မဲအများစုရရှိခြင်း ရှိ မရှိ ဆုံးဖြတ် ရန်အတွက် ထိုမဲများကို ရေတွက်မှတ်တမ်းတင်ရမည်။

(င) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုနှင့်အညီ အစည်းအဝေး သဘာပတိမှ အဆုံးအဖြတ်ပေးသော မဲပေးပိုင်ခွင့်ကို ကျင့်သုံးပုံ သို့မဟုတ် မြီစား၏တွဲဖက်လုပ်ကိုင်သူ မြီရှင်က ၎င်းတို့၏ မဲပေးခွင့်ကို တစ်စုံ တစ်ခုသောနည်းဖြင့် ကျင့်သုံးပုံကြောင့် မြီရှင်များအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း သို့မဟုတ် အတည်မပြုခြင်းနှင့်စပ်လျဉ်း၍ တရားရုံးသို့လျှောက်ထားနိုင်ပြီး တရားရုံးသည် အောက်ပါ အမိန့်များကို ချမှတ်နိုင်သည်-

(၁) အတည်ပြုခဲ့သည့်ဆုံးဖြတ်ချက်ကို ပယ်ဖျက်သည့်အမိန့်၊

(၂) အတည်မပြုခဲ့သည့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍အတည်ပြုသည့်အမိန့်၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ ချမှတ်သော အမိန့်နှင့် ဆက်စပ်သော အခြားလိုအပ်သည့် အမိန့်။

(စ) မြီရှင် သို့မဟုတ် အစုဝင်များကတောင်းဆိုလျှင် ပြန်လည်ထူထောင်ရေးမန်နေဂျာသည် မဲခွဲစဉ်တွင် မည်သူက မည်သို့မဲပေးခဲ့ကြောင်း မှတ်တမ်းမိတ္တူကို ပေးအပ်ရမည်။

(ဆ) ပြန်လည်ထူထောင်ရေးမန်နေဂျာသည် ပုဒ်မခွဲ (င) နှင့် (စ) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ခိုင်လုံ သောအကြောင်းမရှိဘဲ လိုက်နာရန်ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

ခန့်အပ်ခြင်းကို အကြောင်းကြားခြင်း

၇၄။ (က) ခန့်အပ်ခြင်းခံရသည့် အစီအစဉ်ကြီးကြပ်သူသည် ၎င်းအားခန့်အပ်ပြီး အလုပ်လုပ်ကိုင်ရက် ၂ ရက်အတွင်း ထိုသို့ခန့်အပ်ပြီးကြောင်းကို-

(၁) ကုမ္ပဏီသို့ အကြောင်းကြားရမည်။ ထို့နောက် နည်းဥပဒေများပါ သတ်မှတ်ချက်အတိုင်း အများ သိစေရန် ကြေညာရမည်၊

(၂) မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရမည်။ မှတ်ပုံတင်အရာရှိသည် တတ်နိုင်သမျှ ဆောလျင်စွာ မှတ်ပုံတင်စာရင်း ရေးသွင်းရမည်၊

(၃) လိပ်စာသိသမျှသော ကုမ္ပဏီ၏ မြီရှင်များထံ အကြောင်းကြားရမည်။

(ခ) အစီအစဉ်ကြီးကြပ်သူသည် ခိုင်လုံသောအကြောင်းမရှိဘဲ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေး ငွေတပ်ရိုက်ရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်စတင်အကျိုးသက်ရောက်ခြင်း

၇၅။ (က) မြီရှင်များမှ မဲအများစုဖြင့် သဘောတူအတည်ပြုပြီးပါက ပြန်လည်ထူထောင်ရေး မန်နေဂျာ သည် အစီအစဉ်၏ အချက်များပါဝင်သော တရားဝင် စာရွက်စာတမ်းများကို စုစည်းပြုစုရမည်။ ထို့နောက် ယင်းစာရွက်စာတမ်းများကို ကုမ္ပဏီ၏ကိုယ်စား ဒါရိုက်တာ သို့မဟုတ် ပြန်လည်ထူထောင် ရေးမန်နေဂျာနှင့် ခန့်အပ်ခံရမည့် အစီအစဉ်ကြီးကြပ်သူတို့မှ လက်မှတ်ထိုးရန် စီစဉ်ဆောင်ရွက်ရမည်။

(ခ) အထက်ပါစာရွက်စာတမ်းများအား မြီရှင်များက မဲအများစုဖြင့် သဘောတူအတည်ပြုသည့်နေ့မှ ၁၄ ရက်အတွင်း သို့မဟုတ် တရားရုံးက တိုးမြှင့်သတ်မှတ်သည့်ကာလအတွင်း လက်မှတ်ရေးထိုးရမည်။

(ဂ) ကုမ္ပဏီနှင့် အစီအစဉ်ကြီးကြပ်သူမှ ပြန်လည်ထူထောင်ရေးအစီအစဉ်အား လက်မှတ်ထိုးပြီးပါက ကယ်ဆယ်ခြင်းအဆင့်ပြီးဆုံးပြီး ပြန်လည်ထူထောင်ရေးအစီအစဉ်အဆင့် စတင်သည်ဟု မှတ်ယူရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများ

၇၆။ (က) ဤအပိုင်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေပဲ ပြန်လည်ထူထောင်ရေးအစီအစဉ်သည်-

(၁) ကုမ္ပဏီ၊ ၎င်း၏ မြီရှင်နှင့်အစုဝင်များအကြား ကျေအေးညှိနှိုင်းချက်ဖြစ်စေသည်၊

(၂) အောက်ပါတို့အပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်-

(ကက) ဆန္ဒမဲပေးခြင်းမရှိစေကာမူ အစုရှယ်ယာဝင်များ၏ အစုရှယ်ယာဆိုင်ရာ အခွင့်အရေးများ၊

(ခခ) အစည်းအဝေးသို့တက်ရောက်သည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ၊ အစီအစဉ်ကို ထောက်ခံ မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မြီရှင်များ၏အခွင့်အရေး။

(ခ) ပြန်လည်ထူထောင်ရေးအစီအစဉ် စတင်အကျိုးသက်ရောက်သည့်အချိန်၌ စာရင်းရှင်းလင်းဖျက် သိမ်းရန်အတွက် လျှောက်လွှာကို ဆောင်ရွက်ဆဲဖြစ်လျှင် သို့မဟုတ် တရားရုံးတွင် စွဲဆိုထားသော စာရင်းရှင်းလင်းဖျက်သိမ်းပေးစေလိုမှုကို ဆိုင်းငံ့ထားလျှင်-

(၁) အစီအစဉ်ကြီးကြပ်သူသည် စာရင်းရှင်းလင်းဖျက်သိမ်းသည့်အမှုတွင် ၎င်းအားခန့်အပ်ခဲ့ပြီးကြောင်း ကို တင်ပြရမည်၊

(၂) တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း စာရင်းရှင်းလင်းဖျက်သိမ်းပေးစေရန် လျှောက်ထား စဉ် လျှောက်လွှာကို ပလပ်ရမည်။ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရန် အမိန့်အား ပယ်ဖျက်ရမည်။

အကျိုးသက်ရောက်သူများအပေါ် ပြန်လည်ထူထောင်ရေးအစီအစဉ်၏သက်ရောက်မှု

၇၇။ (က) ပုဒ်မခွဲ (ခ) နှင့် (ဂ) ကို မဆန့်ကျင်စေဘဲ ပြန်လည်ထူထောင်ရေး အစီအစဉ်သည် ကယ်ဆယ်ခြင်းအဆင့် စတင်သည့်နေ့တွင်ဖြစ်စေ၊ မစတင်မီဖြစ်စေ ပေါ်ပေါက်ခဲ့သော မြီရှင်များအား လုံး၏ တောင်းဆိုမှုများအပေါ်တွင် စည်းနှောင်အားရှိသည်။

(ခ) ပုဒ်မခွဲ (က) သည် အောက်ပါအချက်များမှအပ အာမခံအကျိုးခံစားခွင့်ရမြီရှင်များက ၎င်းတို့ အာမခံရရှိထားသော ပိုင်ဆိုင်မှုကို ထုခွဲရောင်းချခြင်း သို့မဟုတ် အခြားနည်းစီမံခန့်ခွဲခြင်းနှင့် သက်ဆိုင် ခြင်းမရှိစေရ-

(၁) အစီအစဉ်ကို အတည်ပြုရန်အတွက် အာမခံအကျိုးခံစားခွင့်ရ မြီရှင်က ထောက်ခံမဲပေးခဲ့ပြီး ထိုအစီ အစဉ်တွင်လည်း ၎င်းအတွက်ထည့်သွင်းဖော်ပြထားခြင်း၊

(၂) တရားရုံးက ပုဒ်မ ၇၈ ပါ ပြဋ္ဌာန်းချက်အတိုင်း အမိန့်ချမှတ်ခဲ့ခြင်း။

(ဂ) ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) သည် အောက်ပါအချက်များမှအပ ပိုင်ရှင် သို့မဟုတ် အငှားချထားသူ၏ ပစ္စည်းနှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို ထိခိုက်ခြင်းမရှိစေရ-

(၁) အစီအစဉ်ကို အတည်ပြုရန်အတွက် ပိုင်ရှင် သို့မဟုတ် အငှားချထားသူက ထောက်ခံမဲပေးခဲ့ပြီး ထိုအစီအစဉ်တွင်လည်း ၎င်းအတွက် ထည့်သွင်းဖော်ပြထားခြင်း၊

(၂) တရားရုံးက ပုဒ်မ ၇၈ ပါ ပြဋ္ဌာန်းချက်အတိုင်း အမိန့်ချမှတ်ခြင်း။

(ဃ) ပြန်လည်ထူထောင်ရေးအစီအစဉ်သည် အောက်ပါတို့အပေါ်တွင်လည်း စည်းနှောင်အားရှိသည်-

(၁) ကုမ္ပဏီ၊

(၂) ကုမ္ပဏီ၏အရာရှိများ၊

(၃) ပုဒ်မခွဲ (င) နှင့်အညီ ကုမ္ပဏီ၏အစုဝင်များ။

(င) ပြန်လည်ထူထောင်ရေးအစီအစဉ်သည် ရှယ်ယာဝင်များ၏ အကျိုးကို ထိခိုက်နစ်နာစေမည့်ရှယ် ယာများ ညှိနှိုင်းလျော့ပေါ့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းမပြုလုပ်ရ။

(စ) အစုရှယ်ယာများတွင် တန်ဖိုးလျော့တွက်နုတ်ပြီးနောက် တန်ဖိုးမရှိတော့လျှင် ပုဒ်မခွဲ (င) ပါ ရည်ရွယ်ချက်များအရ ရှယ်ယာများကို ညှိနှိုင်းလျော့ပေါ့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းသည် အစုရှယ် ယာများ၏ အကျိုးကိုထိခိုက်နစ်နာသည်ဟု မှတ်ယူခြင်းမရှိစေရ။

တရားရုံးသည် အာမခံအကျိုးခံစားခွင့်ရ မြီရှင် သို့မဟုတ် ပိုင်ရှင် သို့မဟုတ် အငှားချထားသူ၏ အခွင့် အရေးများကို ကန့်သတ်နိုင်ခြင်း

၇၈။ (က) ပုဒ်မခွဲ (ဂ) နှင့်အညီ တရားရုံးသည် ကုမ္ပဏီ၏ အာမခံအကျိုးခံစားခွင့်ရ မြီရှင်အပေါ် ပြန်လည် ထူထောင်ရေးအစီအစဉ်အရမှတစ်ပါး ၎င်း၏ အာမခံရ အကျိုးခံစားခွင့်များကို တရားရုံး၏ အမိန့်တွင် ခွင့်ပြုထားခြင်းမှလွဲ၍ ထုခွဲရောင်းချခြင်း သို့မဟုတ် အခြားနည်းစီမံခန့်ခွဲခြင်းမပြုရန် အမိန့်ချမှတ်နိုင် သည်။

(ခ) ပုဒ်မခွဲ (ဂ) နှင့်အညီ တရားရုံးသည် ပိုင်ရှင် သို့မဟုတ် အငှားချထားသူအပေါ် ပြန်လည်ထူထောင် ရေးအစီအစဉ်အရမှတစ်ပါး ကုမ္ပဏီကအသုံးပြုနေသော သို့မဟုတ် ဝင်ရောက်နေထိုင်သော သို့မဟုတ် လက်ဝယ်ရယူထားသော ၎င်း၏ပစ္စည်းကို တရားရုံး၏ အမိန့်တွင်ခွင့်ပြုထားခြင်းမှလွဲ၍ လက်ဝယ်ရယူ ခြင်း သို့မဟုတ် အခြားနည်းဖြင့် ပြန်လည်ရယူခြင်းမပြုရန် အမိန့်ချမှတ်နိုင်သည်။

(ဂ) တရားရုံးသည် ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) အရ အမိန့်ချမှတ်ရာတွင် အောက်ပါအချက်များ နှင့်ညီညွတ်ကြောင်း ကျေနပ်မှသာလျှင် အမိန့်ချမှတ်နိုင်သည်-

(၁) ထိုအမိန့်ကို ချမှတ်ခြင်းမရှိပါက အစီအစဉ်၏ရည်ရွယ်ချက်များအောင်မြင်ရန်အတွက် အရေးပါ သောဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများရှိနိုင်ခြင်း၊

(၂) အဆိုပါအမိန့်ပါ အချက်အလက်များနှင့် အခြားသက်ဆိုင်သော ကိစ္စရပ်များတွင် အာမခံအကျိုးခံ စားခွင့်ရ မြီရှင်၊ ပိုင်ရှင် သို့မဟုတ် အငှားချထားသူတို့၏ အကျိုးစီပွားကို လုံလောက်စွာ အကာအကွယ် ပေးခြင်း။

အစီအစဉ်ကြီးကြပ်သူ၏အခန်းကဏ္ဍ

၇၉။ (က) အစီအစဉ်ကြီးကြပ်သူ၏ လုပ်ငန်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှ အောက်ပါအတိုင်းဖြစ်သည်-

(၁) အစီအစဉ်ချမှတ်ခြင်း၊

(၂) အခန်း (၅) တွင် ချမှတ်ထားသော အစီအစဉ်ကို ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်းဆိုင်ရာတာဝန် များ။

(ခ) အစီအစဉ်ကြီးကြပ်သူ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များတွင် အောက်ပါတို့ပါဝင်သည်-

(၁) ကုမ္ပဏီ၏ အေးဂျင့်အဖြစ်ဆောင်ရွက်ခြင်း၊

(၂) အစီအစဉ်ကို တတ်နိုင်သမျှ ဆောလျင်စွာနှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

တရားရုံးက ညွှန်ကြားနိုင်သည့်အာဏာ

၈၀။ (က) အစီအစဉ်ကြီးကြပ်သူသည် ယင်း၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ပေါ်ပေါက် လာသည့် ကိစ္စရပ်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ တရားရုံးမှ ညွှန်ကြားပေးရန် လျှောက်ထား နိုင်သည်။

(ခ) အစီအစဉ်ကြီးကြပ်သူ၊ ကုမ္ပဏီ၊ ရှယ်ယာဝင် သို့မဟုတ် မြီရှင်သည် အစီအစဉ်အဆင့်တွင် ပေါ်ပေါက် သည့်ပြဿနာကို အဆုံးအဖြတ်ပေးရန်အတွက် တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် ညွှန်ကြားချက်ပေးရာတွင် သို့မဟုတ် ပြဿနာကိုအဆုံးအဖြတ်ပေးရာတွင် တရားမျှတ၍ အကျိုးရှိမည် ဟုထင်မြင်လျှင် သင့်တော်သည့် စည်းကမ်းချက်သတ်မှတ်၍ လျှောက်ထားမှုအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခွင့်ပြုနိုင်သည် သို့မဟုတ် အခြားသင့်သည် ထင်မြင်သည့် အမိန့်ကို ချမှတ်နိုင်သည်။

ပြန်လည်ထူထောင်ရေးဆောင်ရွက်နေကြောင်း အသိပေးကြေညာခြင်း

၈၁။ (က) ပြန်လည်ထူထောင်ရေးအစီအစဉ်အဆင့်တွင် ကုမ္ပဏီသည် အောက်ပါကိစ္စရပ်များ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်နေကြောင်း ဖော်ပြပါရှိရမည်-

(၁) ကုမ္ပဏီ၊ ကုမ္ပဏီကိုယ်စား သို့မဟုတ် အစီအစဉ်ကြီးကြပ်သူ၏ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာပေးပို့စာများ သို့မဟုတ် အမှာစာများ၊

(၂) ကုမ္ပဏီ၏ဝက်ဘ်ဆိုက်များ။

(ခ) ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁) အရ ငွေတောင်းခံလွှာ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာပေးပို့စာများ သို့မဟုတ် အမှာစာများဆိုသည်မှာ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြသည့်ပုံစံကို ဆိုသည်။

(ဂ) ဤပုဒ်မပါ ဆောင်ရွက်ရန်အချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ပျက်ကွက်မှုကို သိလျက်နှင့် ဖြစ်စေ၊ တမင်ဖြစ်စေ ခွင့်ပြုသည့် ကုမ္ပဏီအရာရှိနှင့် ကုမ္ပဏီ၏ အစီအစဉ်ကြီးကြပ်သူအား မှတ်ပုံတင် အရာရှိသည် ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

အစီအစဉ်ကြီးကြပ်သူအား အစားထိုးခြင်း

၈၂။ (က) ပုဒ်မ ၁၈၁ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဃ)၊ ပုဒ်မ ၁၈၂ ပုဒ်မခွဲ (ခ) နှင့် (ဂ) နှင့် ပုဒ်မ ၁၈၃ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူး နေရာလစ်လပ်ခြင်းနှင့် လစ်လပ်သောရာထူးနေရာတွင် အစားထိုးခန့်ထားခြင်းတို့နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်း ချက်များသည် အစီအစဉ်အဆင့်တွင် အစီအစဉ်ကြီးကြပ်သူနှင့် စပ်လျဉ်း၍လည်း အသုံးပြု နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အစီအစဉ်ကြီးကြပ်သူကို ခန့်အပ်ပြီးပါက ၎င်းသည် ထိုသို့ ခန့်အပ်ပြီးကြောင်း မှတ်ပုံတင်အရာရှိထံ အလုပ်လုပ်ကိုင်ရက် ၂ ရက် အတွင်း အကြောင်းကြားစာပေးပို့ရမည်။

အခန်း(၅) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်း[edit]

မဲခွဲရာတွင် မဲအများစုကို သတ်မှတ်ခြင်း

၈၃။ (က) ထပ်ဆင့်မဲအများစု ဆိုသည်မှာ အောက်ဖော်ပြပါ နည်းနှစ်မျိုးစလုံးဖြင့်ရရှိသည့် မဲအများစုကို ဆိုလိုသည်-

(၁) အစည်းအဝေးတွင် မဲပေးသူမြီရှင်တို့၏ ကြွေးမြီစုစုပေါင်း တန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် ယင်းပမာဏထက်ပိုသော ကြွေးမြီပိုင်ဆိုင်သူ မြီရှင်များ၊

(၂) အစည်းအဝေးတွင် မဲပေးသူမြီရှင်စုစုပေါင်းအရေအတွက်၏ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် ယင်းအရေးအတွက်ထက်ပိုသောမြီရှင်များ။

(ခ) အုပ်စုတစ်စုတည်းမဲအများစု ဆိုသည်မှာ မဲခွဲရာတွင် ထပ်ဆင့်မဲအများစုတွင် ပါဝင်သော အုပ်စုနှစ်စုအနက် တစ်စုက မဲအများစုရရှိခြင်းကို ဆိုလိုသည်။

ရည်ရွယ်ချက်အောင်မြင်ပါက ပြန်လည်ထူထောင်ရေးအစီအစဉ်အား ရပ်စဲခြင်း

၈၄။ (က) ကုမ္ပဏီပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် ထိုအစီအစဉ်နှင့် သက်ဆိုင်သော အခြားသူများ၏ တာဝန်ဝတ္တရာများအား အပြည့်အဝဆောင်ရွက်ပြီးသည့်အပြင် အရမြီရှင်များ၏ တောင်းဆိုမှုများကို ဆောင်ရွက်ပြီးပြီးဖြစ်ပါက အစီအစဉ်ကြီးကြပ်သူသည် ထိုသို့ဆောင်ရွက်ပြီးဖြစ်၍ အစီအစဉ်အား ရပ်စဲကြောင်းဖော်ပြပါရှိသော အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။

(ခ) အစီအစဉ်ကြီးကြပ်သူသည် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ပြီးပါက ၎င်းအားခန့်အပ်ထားမှုသည် ရပ်စဲပြီးဖြစ်သည်။

(ဂ) အစီအစဉ်ကြီးကြပ်သူသည် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို ခိုင်လုံသော အကြောင်းမရှိဘဲ မှတ်ပုံတင်အရာရှိထံပေးပို့ရန် ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ် တစ်သိန်းထက် မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

(ဃ) အစီအစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်ပြီးပါက ကုမ္ပဏီမှတ်ပုံတင်ခြင်းမှ အပြီးသတ် ဖျက်သိမ်းပေးမည်ဟု အစီအစဉ်တွင် ဖော်ပြပါရှိလျှင် အစီအစဉ်ကြီးကြပ်သူသည် ကုမ္ပဏီကို အပြီးသတ် ဖျက်သိမ်းပေးရန် တစ်ချိန်တည်းတွင် လျှောက်ထားရမည်။ ထိုသို့လျှောက်ထားလျှင် ပုဒ်မ ၂၁၂ ပါပြဋ္ဌာန်းချက်များသည် ပုဒ်မခွဲ (က) ပါ အချက်အလက်များနှင့် သက်ဆိုင်စေရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ခြင်း

၈၅။ (က) အစီအစဉ်ကြီးကြပ်သူသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင် ပြန်လည် ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ရန်အတွက် အစည်းအဝေး ခေါ်ယူရမည်-

(၁) ကုမ္ပဏီ၏ဒါရိုက်တာဘုတ်အဖွဲ့မှ တောင်းဆိုသည့်စာကို လက်ခံရရှိခြင်း၊

(၂) အစီအစဉ်ပါ စည်းကမ်းချက်များ၏ အဓိကကျသော အကြောင်းအရာများကို ချိုးဖောက်လျက် ရှိသည် သို့မဟုတ် ချိုးဖောက်ရန် အလားအလာရှိသည်ဟု အစီအစဉ်ကြီးကြပ်သူက ထင်မြင်ပြီး အစီအစဉ်ကို ရပ်စဲခြင်းထက် ပြောင်းလဲခြင်းက ပိုမိုအကျိုးရှိနိုင်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပါအခြေအနေတွင် အစီအစဉ်ကြီးကြပ်သူသည် -

(၁) နည်းဥပဒေများတွင် ဖော်ပြထားသည့် နည်းလမ်းများအတိုင်း မြီရှင်များ၏ အစည်းအဝေး ကျင်းပမည့် အကြောင်းကြားစာ ပေးပို့ရမည်၊

(၂) မြီရှင်များထံသို့ ပေးပို့သည့် အကြောင်းကြားစာတွင် အစီအစဉ်၌ ပြောင်းလဲပြင်ဆင်လိုသည့် အချက်များ၏ မိတ္တူနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

(ကက) မည်သည့်အတွက် ထိုသို့ပြောင်းလဲ ပြင်ဆင်ကြောင်း ရှင်းလင်းချက်၊

(ခခ) မြီရှင်များသည် ပြောင်းလဲမှုကို ထောက်ခံသင့်သည်၊ ကန့်ကွက်သင့်သည် သို့မဟုတ် အစီအစဉ်ကို ရပ်စဲသင့်သည်ဟု အစီအစဉ်ကြီးကြပ်သူ၏ ထင်မြင်ချက်၊

(ဂဂ) အစီအစဉ်ကြီးကြပ်သူက ထိုသို့ယူဆရသည့် အကြောင်းအရင်း၊

(ဃဃ) အဆိုပြုထားသည့် ပြောင်းလဲမှုသည် ကုမ္ပဏီ၏ တွဲဖက်လုပ်ကိုင်သူကို အကျိုးပြုနိုင်ခြင်း ရှိ မရှိ ဖော်ပြချက်။

(ဂ) နည်းလမ်းတကျ ကျင်းပသည့် မြီရှင်များအစည်းအဝေးတွင် ထပ်ဆင့်မဲအများစုရရှိပါက ပြန်လည် ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်မှုသည် အတည်ဖြစ်စေရမည်။

(ဃ) မဲခွဲရာတွင် ထပ်ဆင့်မဲအများစုဖြင့် ဆုံးဖြတ်ခြင်းမပြုနိုင်ဘဲ အုပ်စုတစ်စုတည်း မဲအများစုရရှိပါက အစီအစဉ်ကြီးကြပ်သူသည် အဆုံးအဖြတ်ပေးမည့်မဲကို ပေးပိုင်ခွင့်ရှိသည်။ထိုမဲသည် အစီအစဉ်ပြောင်းလဲ ပြင်ဆင်မှုအတွက် ထောက်ခံမဲပေးပါက ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပြောင်းလဲပြင်ဆင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(င) ပြောင်းလဲပြင်ဆင်မှုအတွက် အဆုံးအဖြတ်မပြုနိုင်လျှင် အစည်းအဝေးသဘာပတိသည် အစီအစဉ် ကို ရပ်စဲရန် ထပ်မံမဲခွဲဆုံးဖြတ်ရမည်။

(စ) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရပ်စဲရန် တပ်ဆင့်မဲအများစုရရှိပါက ရပ်စဲမှုသည် အတည် ဖြစ်စေရမည်။

(ဆ) မဲခွဲရာတွင် ထပ်ဆင့်မဲအများစုဖြင့် ဆုံးဖြတ်ခြင်းမပြုနိုင်ဘဲ အုပ်စုတစ်စုတည်း မဲအများစုရရှိပါက အစီအစဉ်ကြီးကြပ်သူသည် အဆုံးအဖြတ်ပေးမည့်မဲကို ပေးပိုင်ခွင့်ရှိသည်။ ထိုမဲသည် အစီအစဉ် ရပ်စဲရန်အတွက် ထောက်ခံမဲပေးပါက ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဇ) အစီအစဉ်ရပ်စဲရန်အတည်မပြုနိုင်ပါက ကုမ္ပဏီသည် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပြီး ကျင်းပခဲ့သည့် အစည်းအဝေးသည် မူလအစီအစဉ်အပေါ် မည်သို့မျှ အကျိုးသက်ရောက်မှုမရှိဟု မှတ်ယူရမည်။ သို့ရာတွင် ပုဒ်မ ၈၇ အရ လျှောက်ထားလာလျှင် တရားရုံးသည် အစီအစဉ်ကို ရပ်စဲသင့် သည်ဟု ယူဆပါက ရပ်စဲရန် အမိန့်ချမှတ်နိုင်သည်။

(ဈ) အစီအစဉ်ရပ်စဲရန်ဆုံးဖြတ်ခဲ့ပါက ကုမ္ပဏီသည် ပုဒ်မ ၈၈ နှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကို ချက်ချင်းဆောင်ရွက်ရမည်။

(ည) ဤပုဒ်မအရ မြီရှင်များအစည်းအဝေးကျင်းပပြီး အလုပ်လုပ်ကိုင်ရက် ၂ ရက်အတွင်း အစီအစဉ် ကြီးကြပ်သူသည် အစည်းအဝေးဆုံးဖြတ်ချက်နှင့် မဲရလဒ်ကို မှတ်ပုံတင်အရာရှိနှင့် နည်းဥပဒေ များဖြင့် သတ်မှတ်ဖော်ပြထားသည့်ပုဂ္ဂိုလ်များထံသို့ ပေးပို့ရမည်။

(ဋ) အစီအစဉ်ကြီးကြပ်သူသည် ပုဒ်မခွဲ (ည) ပါ ပြဋ္ဌာန်းချက်ကို ခိုင်လုံသော အကြောင်းမရှိဘဲ လိုက်နာ ရန်ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

(ဌ) ဤပုဒ်မအရ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ခဲ့လျှင် ကုမ္ပဏီ၏ မြီရှင် တစ်ဦးသည် ထိုသို့ပြောင်းလဲပြင်ဆင်ခြင်းကို ပယ်ဖျက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် တရားမျှတမှုရှိစေရန်အလို့ငှာ ထိုပြောင်းလဲပြင်ဆင်ချက်အားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ပယ်ဖျက်နိုင်သည် သို့မဟုတ် အတည်ပြုနိုင်သည်။

ရည်ရွယ်ချက်မအောင်မြင်သဖြင့် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို မြီရှင်များက ရပ်စဲခြင်း

၈၆။ (က) အစီအစဉ်ကို ချိုးဖောက်ခဲ့ပြီး ပုဒ်မ ၈၅ ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရန်လည်း ပျက်ကွက် သည့်အပြင် ချိုးဖောက်မှုကို ကုစားမှုမပြုလုပ်ခဲ့လျှင် အစီအစဉ်ကြီးကြပ်သူသည် အောက်ပါအချက် တစ်ရပ်ရပ် အရ မြီရှင်များ အစည်းအဝေးကို ခေါ်ယူကျင်းပရမည်-

(၁) အစီအစဉ်ကြီးကြပ်သူက ချိုးဖောက်မှုသည် အရေးပါသော ချိုးဖောက်မှုဟု ယူဆပြီး ထိုချိုးဖောက်မှု ကို ကုစားရန်အတွက် ခွင့်ပြုထားသည့် အချိန်ကာလတစ်ရပ်ကုန်ဆုံးသွားခြင်း၊

(၂) စုစုပေါင်းမြီရှင်အရေအတွက်၏ တစ်ဆယ်ရာခိုင်နှုန်း ထက်ပိုသော မြီရှင်များကဖြစ်စေ၊ မြီရှင်တို့၏ ကြွေးမြီ စုစုပေါင်းတန်ဖိုး၏ တစ်ဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များကဖြစ်စေ အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုခြင်း။

(ခ)အစည်းအဝေးကို နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကျင်းပရမည်ဖြစ်ပြီး အစည်းအဝေး သဘာပတိက ပြန်လည်ထူထောင်ရေးအစီအစဉ်ရပ်စဲရန် မဲခွဲဆုံးဖြတ်ဆောင်ရွက်ရမည်။

(ဂ) ဆုံးဖြတ်ချက်အတည်ဖြစ်ရန် လိုအပ်သော မဲအများစုအရေအတွက်သည် ပုဒ်မ ၈၅ ပုဒ်မခွဲ (စ) နှင့် (ဆ) ပါ ပြဋ္ဌာန်းချက်များအတိုင်းဖြစ်သည်။

(ဃ) အကြောင်းကြားစာပေးပို့ခြင်းကို ပုဒ်မ ၈၅ ပုဒ်မခွဲ (ည) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ် မအောင်မြင်သဖြင့် သို့မဟုတ် လုပ်ငန်းစဉ်ကို အလွဲသုံးသဖြင့် တရားရုံးက ရပ်စဲခြင်း

၈၇။ (က) ဤပုဒ်မသည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် သက်ဆိုင်စေရမည်-

(၁) အစီအစဉ်ကို ချမှတ်ရန် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန် မဲခွဲစဉ်က ကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းများ၊ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ သို့မဟုတ် ဘဏ္ဍာရေးအခြေအနေတို့နှင့် သက်ဆိုင်သည့် အရေးပါသော အချက်အလက်များကို မြီရှင်များထံပေးပို့ရာတွင် မှားယွင်း၍ဖြစ်စေ၊ လွဲမှားစေရန်ရည်ရွယ်၍ဖြစ်စေ ဆုံးဖြတ်ရန် အရေးပါသည့် အချက်အလက်ကို ထိမ်ချန်ခြင်း၊

(၂) ပြန်လည်ထူထောင်ရေး အစီအစဉ်ကို စတင်ရန် မြီရှင်များအစည်းအဝေးတွင် ဆုံးဖြတ်စဉ်က အကြီးအကျယ်နည်းလမ်းမကျခဲ့လျှင်ဖြစ်စေ ကြီးမားသော ဆန့်ကျင်ဆောင်ရွက်မှုပြုခြင်း၊

(၃) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စတင်ရန်ဆုံးဖြတ်ခဲ့စဉ်က ကုမ္ပဏီ၏ တွဲဖက်လုပ်ကိုင်သူ များ၏ ဆက်နွှယ်နေသူများက ပါဝင်မဲပေးခဲ့ခြင်းကြောင့်သာ အတည်ဖြစ်ခဲ့ခြင်း၊

(၄) ပြန်လည်ထူထောင်ရေးအစီအစဉ်ပါ စည်းကမ်းချက်တစ်ချက် သို့မဟုတ် တစ်ချက်ထက်ပိုသော အချက်များသည် မြီရှင်တစ်ဦး သို့မဟုတ် အများ၏အခွင့်အရေးကို ပိတ်ပင်ရာ ရောက်နိုင်ခြင်း သို့မဟုတ် မမျှမတအဆင့်အတန်းခွဲခြားခြင်း သို့မဟုတ် ကုမ္ပဏီမြီရှင်အားလုံး၏အကျိုးကို ဆန့်ကျင်နေခြင်း၊

(၅) လိုက်နာရန်တာဝန်ရှိသူ တစ်ဦးတစ်ယောက်က အစီအစဉ်ကို ကြီးမားစွာ ဆန့်ကျင်ဆောင်ရွက်ခြင်း၊

(၆) မသင့်လျော်သောနှောင့်နှေးကြန့်ကြာမှု သို့မဟုတ် မတရားမှုမဖြစ်စေဘဲ ပြန်လည်ထူထောင်ရေး အစီအစဉ်အား အကောင်အထည်ဖော်ရန် မဖြစ်နိုင်ခြင်း၊

(၇) အစီအစဉ်ကြီးကြပ်သူသည် ပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် ၎င်း၏ တာဝန်များကို ဆန့်ကျင်ဆောင်ရွက်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပါ အခြေအနေတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော အခြေအနေများအရ အစီအစဉ် ကြီးကြပ်သူ သို့မဟုတ် အကျိုးသက်ဆိုင်သူ မည်သူမဆို အစီအစဉ်ကို ရပ်စဲပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ဂ) ပုဒ်မခွဲ (ဃ) ပါ အခြေအနေမှလွဲ၍ ကုမ္ပဏီ၏ သဘောတူစာချုပ်များရပ်စဲမှုသည် ထိုသဘောတူ စာချုပ်အရ ယခင်ဆောင်ရွက်ခဲ့မှုများကို မထိခိုက်စေရ။

(ဃ) တရားရုံးက သဘောတူစာချုပ်တစ်စုံတစ်ရာအား ရပ်စဲကြောင်းအမိန့်ချမှတ်သည့်အခါ အစီအစဉ် အရ ရရှိထားသော အကျိုးအမြတ်များကို ပြောင်းလဲပြင်ဆင်ရန်လိုအပ်သည်ဟုထင်မြင်လျှင် အောက်ပါ ပုဂ္ဂိုလ်များအပေါ် နောက်ဆက်တွဲအမိန့်များလည်း ချမှတ်နိုင်သည်-

(၁) အစီအစဉ်ကိုဖြစ်စေ၊ အစီအစဉ်အရချုပ်ဆိုသည့် ပဋိညာဉ်ကိုဖြစ်စေ ချိုးဖောက်သူ၊

(၂) ကုမ္ပဏီ၏ တွဲဖက်လုပ်ကိုင်သူနှင့် ပတ်သက်သူ။

(င) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁)၊ (၂)၊ (၃) နှင့် (၄) တို့အရ လျှောက်ထားလိုလျှင် တရားရုံးကခိုင်လုံသော အကြောင်းရှိသည်ဟု ယူဆသည်မှအပ မြီရှင်များက အစီအစဉ်ကို စတင်ရန်ဆုံးဖြတ်သည့်နေ့မှ ၂၈ ရက် အတွင်း လျှောက်ထားရမည်။

အခန်း(၆) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းခြင်း[edit]

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ကူးပြောင်းသည့်အခြေအနေ

၈၈။ (က) အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ကုမ္ပဏီသည် မြီရှင်များ၏ ဆန္ဒအလျောက် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းသို့ကူးပြောင်းသည်-

(၁) မြီရှင်များသည် ပုဒ်မ ၈၅ နှင့် ၈၆ တို့အရ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ရပ်စဲရန် ဆုံးဖြတ်ခြင်း၊

(၂) မြီရှင်များမှ ပြန်လည်ထူထောင်ရေးအစီအစဉ်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအစီအစဉ်တို့အား စတင်နိုင်ခြင်းမရှိပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သည် ပြီးဆုံးသွားခြင်း သို့မဟုတ် ပုဒ်မ ၇၅ တွင် သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှု မရှိခြင်း၊

(၃) ပုဒ်မ ၆၉ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) အရ ပြုလုပ်သည့် အစည်းအဝေး တွင် မြီရှင်များက ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခြင်း၊

(၄) ပုဒ်မ ၈၇ အရ ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် တရားရုံးမှ ဆုံးဖြတ်ခြင်း။

(ခ) ဖျက်သိမ်းခြင်းသို့ ကူးပြောင်းချိန်တွင် မြီရှင်များက အခြားသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ်ခန့်ထားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း မရှိလျှင် ဖျက်သိမ်းခြင်းသို့ မကူးပြောင်းမီအချိန်အထိ ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေး မန်နေဂျာ သို့မဟုတ် အစီအစဉ်ကြီးကြပ်သူအဖြစ် ဆောင်ရွက်ခဲ့သည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ သည် ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်ရမည်။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းပြီးနောက် အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း မှတ်ပုံတင်အရာရှိထံသို့ ထိုသို့ကူးပြောင်းကြောင်းကို စာဖြင့် ရေးသား အကြောင်းကြားရမည်။ ထို့ပြင် အဆိုပါ အကြောင်းကြားစာကို နည်းဥပဒေများတွင် သတ်မှတ် ပြဋ္ဌာန်းထားသည့်ကာလအတွင်း သတ်မှတ်ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတိုင်း အများသိစေရန် ထုတ်ပြန်ကြေညာရမည်။

(ဃ) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် သို့မဟုတ် ပြန်လည်ထူထောင်ရေးအစီအစဉ်အား ဆောင်ရွက် နေသော ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းနိုင်သော အခြားအခြေအနေများကို နည်းဥပဒေများတွင် သတ်မှတ်ဖော်ပြနိုင်သည်။

အခန်း(၇) အရပ်ရပ်ဆိုင်ရာပြဋ္ဌာန်းချက်များ[edit]

မမှန်မကန်တင်ပြခြင်း

၈၉။ အဆိုပြုပြန်လည်ထူထောင်ရေးအစီအစဉ် အတည်မဖြစ်စေကာမူ ကုမ္ပဏီ၏ အရာရှိတစ်ဦးသည် အဆိုပါအစီအစဉ်အတည်ဖြစ်စေရန်အတွက် ကုမ္ပဏီမြီရှင်များ၏ သဘောတူညီချက်ကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အောက်ပါပြုလုပ်မှုတစ်ခုခုကိုပြုလျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ငွေကျပ် နှစ်ဆယ့်ငါးသိန်းမပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည် -

(က) မမှန်မကန်တင်ပြခြင်း၊

(ခ) လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရမည့်ကိစ္စကို ပြုလုပ်ရန် ပျက်ကွက်ခြင်း။

ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်

၉၀။ (က) ပြန်လည်ထူထောင်ရေးမန်နေဂျာ သို့မဟုတ် အစီအစဉ်ကြီးကြပ်သူအား ခန့်အပ်ပြီးနောက် ၎င်းသည် ကုမ္ပဏီကိစ္စရပ်များနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူတို့အား ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကိုပြုစုလျက် ၎င်းထံ ပေးပို့ရန် စာဖြင့် အကြောင်းကြားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ နည်းဥပဒေများတွင် အောက်ပါတို့ကို အထူးပြုဖော်ပြစေရမည်-

(၁) စာဖြင့်ရေးသားသော အကြောင်းကြားစာ၏ပုံစံ၊

(၂) ဆက်နွှယ်သည့် ပုဂ္ဂိုလ်များ၊

(၃) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ပုံစံနှင့် ယင်းပုံစံတွင် ပါရှိရမည့် အချက်များ။

(ဂ) ဤပုဒ်မအရ ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက် တင်ပြရန် တာဝန်ရှိ သူသည် အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ၂၁ ရက်အတွင်း ထုတ်ဖော်ကြေညာချက်ကို ပေးပို့ ရမည်။

(ဃ) မည်သူမဆို ဤပုဒ်မအရတင်ရှိသော တာဝန်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လိုက်နာရန် ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်ငါးသိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

မြီရှင်များမှ စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးခွင့်ရှိခြင်း

၉၁။ (က) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း မည်သည့်အချိန်တွင်မဆို မြီရှင်နှင့် ကြွေးမြီဆပ်ရန် တာဝန်ရှိသူတို့က စစ်ဆေးခွင့်တောင်းခံပါက တရားရုံးသည် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ လက်ဝယ်ရှိသော စာအုပ်စာတမ်းများအား စစ်ဆေးစေရန် အမိန့်ချမှတ်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ စစ်ဆေးခြင်းသည် အောက်ဖော်ပြပါတို့ကို ဖယ်ထုတ်ခြင်း သို့မဟုတ် ကန့်သတ် ခြင်းမရှိစေရ-

(၁) အစိုးရဌာန သို့မဟုတ် အစိုးရဌာန၏ တာဝန်ပေးချက်အရ တာဝန်ရှိသူက ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊

(၂) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကိုယ်တိုင်က ခွင့်ပြုသဖြင့် စစ်ဆေးခြင်း။

အပိုင်း (၆) မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကယ်ဆယ်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်း[edit]

အခန်း(၁) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်၏ သဘောသဘာဝ[edit]

ဤအပိုင်းနှင့် သက်ဆိုင်ခြင်း

၉၂။ (က) ဤအပိုင်းပါပြဋ္ဌာန်းချက်များသည် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကယ်ဆယ်ခြင်း၊ ပြန်လည် ထူထောင်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့နှင့် သက်ဆိုင်စေရမည်။

(ခ) ဤအပိုင်းပါ လူမွဲခံယူခြင်းဆိုင်ရာ စီမံဆောင်ရွက်မှုတွင် အောက်ပါတို့ပါဝင်သည်-

(၁) ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသည့် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဖြစ်ပါက အပိုင်း (၇) အရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊

(၂) ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားခြင်းမရှိသည့် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းပိုင်ရှင် သို့မဟုတ် ပိုင်ရှင်များဖြစ်ပါက အပိုင်း (၈) အရ လူမွဲခံခြင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ

၉၃။ (က) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် အောက်ပါလုပ်ငန်းအဆင့်များ ပါဝင်သည်-

(၁) အပိုင်း (၆) လုပ်ငန်းကယ်ဆယ်ခြင်းအဆင့်၊

(၂) အပိုင်း (၆) လုပ်ငန်း အစီအစဉ်အဆင့်။

အပိုင်း (၆) လုပ်ငန်း ကယ်ဆယ်ခြင်းအဆင့်နှင့် အပိုင်း (၆) လုပ်ငန်းအစီအစဉ်အဆင့်တို့သည် အပိုင်း (၆) လုပ်ငန်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ရည်ညွှန်းဘိသကဲ့သို့ မှတ်ယူရမည်။

ရှင်းလင်းချက် (၁)။

အပိုင်း (၆) လုပ်ငန်းကယ်ဆယ်ခြင်းအဆင့်တွင် ပြန်လည်ထူထောင်ရေး အတွက် အကောင်းဆုံးနည်းလမ်းများကို ရှာဖွေပြီး အပိုင်း (၆) လုပ်ငန်း၏ ရှေ့အလားအလာနှင့်စပ်လျဉ်း၍ မြီရှင်များက ဆုံးဖြတ်ခြင်းပါဝင်သည်။

ရှင်းလင်းချက် (၂)။

အပိုင်း (၆) လုပ်ငန်းအစီအစဉ်အဆင့်တွင် မြီရှင်များက အပိုင်း (၆) လုပ်ငန်း ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အတည်ပြုရန် ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ခြင်း ပါဝင်သည်။

(ခ) အပိုင်း(၆) လုပ်ငန်းကယ်ဆယ်ခြင်းအဆင့်သည် ပြန်လည်ထူထောင်ရေးအကြံပေးကို ပုဒ်မ ၁၀၁ နှင့် အညီ ခန့်အပ်သည့်အချိန်တွင် စတင်ပြီး အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ပြီးဆုံးသည်-

(၁) အပိုင်း (၆) လုပ်ငန်းအစီအစဉ် စတင်သည့်အဆင့်၊

(၂) အပိုင်း (၆) လုပ်ငန်းအစီအစဉ်အဆင့်ကို ဆောင်ရွက်ခြင်းမရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်း စတင်သည့်အဆင့်။

(ဂ) အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်အဆင့်သည် ထိုအစီအစဉ်ကို ပုဒ်မ ၁၂၅ ပုဒ်မခွဲ (င) နှင့်အညီ လက်မှတ်ရေးထိုးချိန်တွင် စတင်ပြီး အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ပြီးဆုံးသည်-

(၁) ပုဒ်မ ၁၃၅ အရ အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံပေးပို့ပြီးဖြစ်ခြင်း၊

(၂) ပုဒ်မ ၁၃၈ နှင့်အညီ တရားရုံးက ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရပ်စဲရန် အမိန့်ချမှတ်ထားပြီး ဖြစ်ခြင်း၊

(၃) အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်ကို အတည်မပြုရန် မြီရှင်များက ဆုံးဖြတ်ခြင်း။

(ဃ) အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သည် ပြန်လည်ထူထောင်ရေးအကြံပေး သို့မဟုတ် အစီအစဉ်ကြီးကြပ်သူရာထူးလစ်လပ်ခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခံရခြင်းကြောင့် ရပ်စဲသွားခြင်းမရှိစေရ။

ဤအပိုင်း၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ

၉၄။ (က) ဤအပိုင်း၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) အပိုင်း(၆)လုပ်ငန်းကို ဆက်လက်လည်ပတ်နေရန်အတွက် ကယ်ဆယ်ရန်၊

(၂) ပုဒ်မခွဲငယ်(၁) ပါ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်း၏အစိတ်အပိုင်း အများဆုံးကို ဆက်လက်ရပ်တည်နိုင်စေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်ရန်၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက အပိုင်း(၆) လုပ်ငန်းအား လူမွဲခံယူခြင်း စီမံခန့်ခွဲမှုပြုခြင်းထက် ယင်း၏ မြီရှင်အားလုံးအတွက် ယေဘုယျ အကျိုးဖြစ်စေရန်။

(ခ) ဤအပိုင်း၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) အပိုင်း (၆) လုပ်ငန်းကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပစ္စည်းများ၏ သာမန်အားဖြင့် ပေါ်ပေါက်လာနိုင်သည့် ကန့်သတ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေခြင်း၊

(၂) အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို မြန်ဆန်သော နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်စေနိုင်ခြင်း။

တရားရုံးက ကြီးကြပ်ခြင်း

၉၅။ အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအကြံပေးနှင့် အစီအစဉ်ကြီးကြပ်သူတို့သည် တရားရုံး၏ ကြီးကြပ်မှုအောက်တွင်ရှိသည်။

ပြန်လည်ထူထောင်ရေးအကြံပေး

၉၆။ ဤဥပဒေအပိုင်း (၃) အရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် အရည်အချင်း ရှိသူကိုသာလျှင် အပိုင်း (၆) လုပ်ငန်းအတွက် ပြန်လည်ထူထောင်ရေးအကြံပေးအဖြစ် ခန့်အပ်နိုင်သည်။

အခန်း (၂) အပိုင်း (၆) လုပ်ငန်းစဉ်[edit]

အပိုင်း (၆) လုပ်ငန်းစဉ်စတင်ခြင်း

၉၇။ အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူကို ပြန်လည် ထူထောင်ရေး အကြံပေး အဖြစ်ခန့်အပ်နိုင်သည်-

(က) အပိုင်း (၆) လုပ်ငန်းသည် ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီ၏ ဒါရိုက်တာများက ထိုကုမ္ပဏီသည် ကြွေးမြီ ကို ပြန်လည်ပေးဆပ်ရန်စေ့ရောက်သည့်အချိန်တွင် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင်ရန် အလားအလာမရှိကြောင်းယူဆပြီး လုပ်ငန်းပြန်လည်ထူထောင်ရေး အကြံပေး ခန့်အပ်သင့်သည်ဟု သဘောတူဆုံးဖြတ်ချက်ကို စာဖြင့် ရေးသားချမှတ်ခြင်း၊

(ခ) ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားခြင်းမရှိသည့် အပိုင်း (၆) လုပ်ငန်းဖြစ်လျှင် ထိုလုပ်ငန်း၏ပိုင်ရှင်က လုပ်ငန်းသည် ကြွေးမြီကိုပြန်လည် ပေးဆပ်ရန်စေ့ရောက်သည့် အချိန်တွင် ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင်ရန် အလားအလာမရှိကြောင်း ယူဆပြီး ပြန်လည် ထူထောင်ရေးအကြံပေး ခန့်အပ်သင့်သည်ဟုစာဖြင့် ရေးသားကြေညာခြင်း၊

(ဂ) အစုစပ်လုပ်ငန်းဖြစ်လျှင် အစုစပ်လုပ်ငန်းဝင်များက ကြွေးမြီကို ပြန်လည်ပေးဆပ်ရန် စေ့ရောက် သည့်အချိန်တွင် ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိကြောင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင်ရန် အလားအလာ မရှိကြောင်းယူဆပြီး ပြန်လည်ထူထောင်ရေးအကြံပေး ခန့်အပ်သင့်သည်ဟု စာဖြင့် ရေးသား ကြေညာခြင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်စတင်ခြင်းကို ကန့်သတ်ခြင်း

၉၈။ (က) ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသောလုပ်ငန်းသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ရှိလျှင် အပိုင်း (၆) လုပ်ငန်းစဉ် စတင်နိုင်ခြင်းမရှိစေရ-

(၁) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူသည် ၎င်းအားခန့်အပ်မှုကို လက်ခံရန် စာဖြင့်ရေးသားသဘော တူညီမှုမရှိခြင်း၊

(၂) ကုမ္ပဏီသည် ပြန်လည်ထူထောင်ရေးကို အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရ ဆောင်ရွက် နေဆဲဖြစ်ခြင်း၊

(၃) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းနေဆဲဖြစ်ခြင်း။

(ခ) ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားခြင်းမရှိသော အပိုင်း (၆) လုပ်ငန်းသည် အောက်ပါအခြေအနေ တစ်ရပ်ရပ်ရှိလျှင် အပိုင်း(၆) လုပ်ငန်းစဉ်ကို စတင်နိုင်ခြင်းမရှိစေရ-

(၁) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူသည် ၎င်းအား ခန့်အပ်မှုကို လက်ခံရန်စာဖြင့် ရေးသား သဘောတူညီမှုမရှိခြင်း၊

(၂) လုပ်ငန်းရှင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောလုပ်ငန်းရှင်များသည် လူမွဲဖြစ်နေခြင်း၊

(၃) အစုစပ်လုပ်ငန်းဖြစ်လျှင် ထိုအစုစပ်လုပ်ငန်းကို ဖျက်သိမ်းရန် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်း ရန်အတွက် လျှောက်ထားဆဲဖြစ်ပြီး အမိန့်ချမှတ်မှုမရှိသေးခြင်း သို့မဟုတ် အခြားနည်းစာရင်းရှင်းလင်း ဖျက်သိမ်းရန်အတွက် ဆောင်ရွက်ဆဲဖြစ်ခြင်း။

(ဂ) အပိုင်း (၆) လုပ်ငန်းကပေးရမည့်မြီရှင်များ အမည်၊ လိပ်စာ၊ ထိုသူတို့ထံပေးရန်ရှိသော ခန့်မှန်းခြေကြွေးမြီတန်ဖိုးနှင့် အခြားသော မှတ်တမ်းတို့ကို ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) တွင် ရည်ညွှန်းထားသော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူက လက်ခံရရှိကြောင်း နှင့် ၎င်း၏ စုံစမ်းစစ်ဆေးမှုများအရ ၎င်းအား ခန့်ထားခြင်းဖြင့် ပုဒ်မ ၉၄ ပါ ရည်ရွယ်ချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း စာဖြင့်ရေးသားအတည်ပြုခြင်း မရှိသေးလျှင် လုပ်ငန်းစဉ်ကို စတင်ခြင်းမရှိစေရ၊

(ဃ) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ယခင် အပိုင်း (၆) လုပ်ငန်းစတင်ခဲ့သည့်နေ့မှ ၁၂ လ အတွင်း မစတင်ရ။

အာမခံအကျိုးခံစားခွင့်ရ မြီရှင်များထံ အကြောင်းကြားခြင်း

၉၉။ ပြန်လည်ထူထောင်ရေးအကြံပေးကို ခန့်အပ်ထားခြင်းဖြစ်ပြီး အပိုင်း(၆) လုပ်ငန်းပိုင်ပစ္စည်းအားလုံး ကိုဖြစ်စေ၊ အများစုကိုဖြစ်စေ ပိုင်ဆိုင်သည့် အာမခံအကျိုးခံစားခွင့်ရ မြီရှင်ရှိသည့် အခြေအနေတွင် ပြန်လည်ထူထောင်ရေးအကြံပေးသည် ၎င်းအား ခန့်အပ်ကြောင်း အကြောင်းကြားစာကို အလုပ်လုပ်ကိုင် ရက် ၂ ရက်အတွင်း အာမခံအကျိုးခံစားခွင့်ရ မြီရှင်သို့ ပေးပို့ရမည်။ ထို့ပြင် အာမခံအကျိုးခံစားခွင့်ရ မြီရှင်သည် အကြောင်းကြားစာရပြီး အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း မိမိခန့်ထားလိုသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအား ပြန်လည်ထူထောင်ရေးအကြံပေးအဖြစ် အစားထိုးခန့်ထား နိုင်သည်။ ပြန်လည်ထူထောင်ရေးအကြံပေးက ထို့သို့ခန့်အပ်ခြင်းကို လက်ခံကြောင်းစာဖြင့် ရေးသား သဘောတူရမည်။

ပြန်လည်ထူထောင်ရေးအကြံပေးခန့်အပ်ပြီးကြောင်း အကြောင်းကြားစာပေးပို့ရခြင်း

၁၀၀။ (က) ခန့်အပ်ခြင်းခံရသည့် ပြန်လည်ထူထောင်ရေးအကြံပေးသည် မိမိအားခန့်အပ်ပြီး အလုပ် လုပ်ကိုင်ရက် ၂ ရက်အတွင်း ထိုသို့ခန့်အပ်ပြီးကြောင်းကို -

(၁) အပိုင်း(၆)လုပ်ငန်းသို့ အကြောင်းကြားရမည်။ ထို့နောက်နည်းဥပဒေများပါ နည်းလမ်းအတိုင်း အများသိစေရန် ကြေညာရမည်၊

(၂) မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရမည်။ မှတ်ပုံတင်အရာရှိသည် တတ်နိုင်သမျှဆောလျင်စွာ မှတ်ပုံတင်စာရင်း ရေးသွင်းရမည်၊

(၃) မိမိ လိပ်စာသိသမျှသော ကုမ္ပဏီ၏ မြီရှင်များထံ အကြောင်းကြားရမည်။

(ခ) မှတ်ပုံတင်အရာရှိထံပေးပို့သည့် အကြောင်းကြားစာနှင့်အတူ ပုဒ်မ ၉၈ ပုဒ်မခွဲ (ဂ) ပါစာဖြင့် ရေးသားထားသည့် အတည်ပြုချက်လည်း ပူးတွဲပေးပို့ရမည်။ မှတ်ပုံတင်အရာရှိသည် ထိုစာကိုလည်း တတ်နိုင်သမျှ ဆောလျင်စွာ မှတ်ပုံတင်စာရင်းရေးသွင်းရမည်။

(ဂ) ပြန်လည်ထူထောင်ရေးအကြံပေးသည် ခိုင်လုံသောအကြောင်းမရှိဘဲ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

ခန့်အပ်မှု စတင်အကျိုးသက်ရောက်ခြင်း

၁၀၁။ ပြန်လည်ထူထောင်ရေး အကြံပေးခန့်အပ်ခြင်းသည် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူထံ ထိုသို့ ခန့်အပ်ကြောင်း စာဖြင့်ရေးသားခန့်အပ်လွှာ ပေးပို့သည့်အချိန်တွင် စတင်အကျိုး သက်ရောက်စေရမည်။

အခန်း(၃) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်[edit]

ပြန်လည်ထူထောင်ရေးအကြံပေး၏ လုပ်ငန်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ပြန်လည်ထူထောင်ရေးအကြံပေး၏လုပ်ငန်းများ

၁၀၂။ (က) ပြန်လည်ထူထောင်ရေးအကြံပေး၏ အဓိကလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက် ရွေးချယ်သင့်သည့် နည်းလမ်းများကို ရှာဖွေအကြံပေးခြင်း နှင့် အကူအညီပေးခြင်း၊

(၂) ကယ်ဆယ်ခြင်းအဆင့်တွင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက် အကြံပေးခြင်းနှင့် အကူအညီပေးခြင်း၊

(၃) အဆိုပြုထားသည့် ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဤအပိုင်းတွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(၄) ဤအပိုင်းတွင် ပြဋ္ဌာန်းထားသည့် အခြားအကူအညီများပေးခြင်း။

(ခ) အဆိုပြုအစီအစဉ်ကို မြီရှင်များထံပေးပို့လျှင် ပြန်လည်ထူထောင်ရေး အကြံပေးသည် အောက်ပါ လုပ်ငန်းများကိုဆောင်ရွက်ရန် တာဝန်ရှိသည်-

(၁) အစီအစဉ်၏ ဖြစ်နိုင်ချေနှင့် ပုဒ်မ ၉၄ ပါ ရည်ရွယ်ချက်များပြည့်မီနိုင်ခြင်း ရှိ မရှိ စုံစမ်းတင်ပြခြင်း၊

(၂) အဆိုပြုထားသည့်အစီအစဉ်သည် အပိုင်း (၆) လုပ်ငန်း၏ တွဲဖက်လုပ်ကိုင်သူ သို့မဟုတ် အာမခံ အကျိုးခံစားခွင့်ရမြီရှင်၏ အကျိုးဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ စုံစမ်းတင်ပြခြင်း၊

(၃) အစီအစဉ်ကို အတည်ပြုခဲ့လျှင် မြီရှင်များက ပြန်လည်ရရှိနိုင်သည့်အနေအထားကို စုံစမ်း တင်ပြခြင်း၊

(၄) အစီအစဉ်ကို အတည်ပြုခြင်းဖြင့် မြီရှင်များပြန်လည်ရရှိနိုင်မှုနှင့်အစီအစဉ်ကို အတည်မပြုသဖြင့် လုပ်ငန်းကို လူမွဲခံယူခြင်းဆိုင်ရာစီမံဆောင်ရွက်မှုပြုလုပ်ခြင်းတို့ကြောင့် မြီရှင်များ ပြန်လည်ရရှိနိုင်မှုတို့ ကို နှိုင်းယှဉ်တင်ပြခြင်း၊

(၅) အထက်ဖော်ပြပါကိစ္စရပ် တစ်ခုချင်းစီအပေါ် ၎င်း၏အမြင်နှင့် ထင်မြင်ချက်များ၊ ထိုသို့ ထင်မြင် ယူဆရသည့်အကြောင်းအရင်းများ၊ မြီရှင်များက ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် သိရှိသမျှ အရေးကြီး အချက်အလက်များနှင့် ထိုအစီအစဉ်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ သင့် မသင့် စသည့် အချက်များ ဖော်ပြပါရှိသည့်အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခြင်း။

(ဂ) ပုဒ်မခွဲ (ခ) အရ တာဝန်များကို ထမ်းဆောင်ရာတွင် ငွေကြေးသုံးစွဲနိုင်မှုအပေါ် အခြေပြု၍ ဆောင်ရွက်ရမည်။ ဆောင်ရွက်မှုများအတွက် ငွေကြေး အကန့်အသတ်ရှိလျှင် ထိုသို့ရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရမည်။

ပြန်လည်ထူထောင်ရေးအကြံပေး၏တာဝန်များ

၁၀၃။ ပြန်လည်ထူထောင်ရေးအကြံပေးသည် ၎င်း၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် -

(က) မြီရှင်များအားလုံး၏ အကျိုးကို ရှေ့ရှုဆောင်ရွက်ရမည်။

(ခ) တတ်နိုင်သမျှ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်ရမည်။

ပြန်လည်ထူထောင်ရေးအကြံပေး၏လုပ်ပိုင်ခွင့်များ

၁၀၄။ ဤအပိုင်းပါ ပြဋ္ဌာန်းချက်နှင့်မဆန့်ကျင်စေဘဲ ပြန်လည်ထူထောင်ရေးအကြံပေးသည် ကယ်ဆယ် ခြင်းအဆင့်တွင် ၎င်း၏တာဝန်များ ထမ်းဆောင်ရန်အတွက် -

(က) ဤအပိုင်းပါ လုပ်ပိုင်ခွင့်များကို လိုအပ်သလိုကျင့်သုံးနိုင်သည်၊

(ခ) မြီရှင်များအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

သို့ရာတွင် ၎င်းသည် အပိုင်း (၆) လုပ်ငန်း၏ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းများနှင့်လုပ်ငန်းကိစ္စရပ်များကို စီမံခန့်ခွဲခြင်းမပြုရ။

လုပ်ငန်းကယ်ဆယ်ခြင်းအဆင့်တွင် အကာအကွယ်ပေးခြင်း
လုပ်ငန်းကယ်ဆယ်ခြင်းအဆင့်၏ အကျိုးဆက်များ

၁၀၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ပုဒ်မ ၁၇၂၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဆ) တို့အရ ကုမ္ပဏီ နှင့်ပစ္စည်းများကို အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်များကို လုပ်ငန်းကယ်ဆယ်ခြင်းအဆင့်တွင်လည်း အသုံးပြုနိုင်သည်၊

(ခ) လုပ်ငန်းကသုံးစွဲနေသော သို့မဟုတ် လုပ်ငန်း၏ လက်ဝယ်တွင်ရှိသောပစ္စည်းကို တစ်ဦးဦးက ပိုင်ဆိုင်လျှင်ဖြစ်စေ၊ တစ်ဦးဦးထံမှ ငှားရမ်းထားလျှင်ဖြစ်စေ ကယ်ဆယ်ခြင်းအဆင့်တွင် တရားရုံး၏ အမိန့်အရမဟုတ်လျှင် သို့မဟုတ် ပြန်လည်ထူထောင်ရေးအကြံပေး၏စာဖြင့် ရေးသားသဘောတူညီချက် အရမဟုတ်လျှင် ထိုသူထံ လွှဲပြောင်းပေးအပ်ခြင်းမပြုရ၊

(ဂ) ပုဒ်မခွဲ (ဃ) နှင့် မဆန့်ကျင်စေဘဲ ကယ်ဆယ်ခြင်းအဆင့်တွင် ပုံမှန်လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန်အလို့ငှာ ဒါရိုက်တာများ၊ ပိုင်ရှင်များ သို့မဟုတ် အစုဝင်များသည် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ပိုင်ခွင့်များကို သုံးစွဲခွင့်ရှိသည်။

(ဃ) ကယ်ဆယ်ခြင်းအဆင့်တွင် ဒါရိုက်တာများ၊ ပိုင်ရှင်များ သို့မဟုတ် အစုဝင်များသည် အောက်ပါကိစ္စ ရပ်များတွင် ၎င်းတို့၏သက်ဆိုင်ရာလုပ်ပိုင်ခွင့်များကို သုံးစွဲခွင့်ရှိသည်-

(၁) ပုံမှန်လုပ်ဆောင်မြဲမဟုတ်သည့် လုပ်ငန်းများဆောင်ရွက်ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများစီမံခန့်ခွဲခြင်း တို့ကို ပြန်လည်ထူထောင်ရေး အကြံပေး၏စာဖြင့် ရေးသားသဘောတူညီချက်အရ သို့မဟုတ် တရားရုံး၏ခွင့်ပြုချက်အရ ဆောင်ရွက်နိုင်ခြင်း၊

(၂) အပိုင်း (၆) လုပ်ငန်းစဉ်မစတင်မီက လုပ်ငန်း၏ တွဲဖက်လုပ်ကိုင်နေသူနှင့် ပတ်သက်သည့်မြီရှင်များ ၏တင်ရှိသည့် ကြွေးမြီများကို တရားရုံး၏ ခွင့်ပြုချက်အရ ပေးချေနိုင်ခြင်း၊

(၃) အပိုင်း (၆) လုပ်ငန်းစဉ်မစတင်မီက လုပ်ငန်း၏တွဲဖက်လုပ်ကိုင်နေသူနှင့် ပတ်သက်မှု မရှိသည့်မြီရှင်များ၏ တင်ရှိနေသည့်ကြွေးမြီများကို ပြန်လည်ထူထောင်ရေးအကြံပေး၏စာဖြင့် ရေးသား သဘောတူညီချက်အရ သို့မဟုတ် တရားရုံး၏ ခွင့်ပြုချက်အရ ပေးချေနိုင်ခြင်း။

(င) ပုဒ်မခွဲ (ဃ) ပါ သဘောတူညီချက် သို့မဟုတ် ခွင့်ပြုချက်ကို ပြန်လည်ထူထောင်ရေး အစီအစဉ် ဆောင်ရွက်ရန် ဖြစ်တန်ရာများပြီး ထိုကြွေးမြီကို ပေးချေခြင်းသည် ဤအပိုင်းပါ ရည်ရွယ်ချက်များ ပြည့်မီရေးအတွက် လိုအပ်သည်ဟုယူဆသည့် ထူးခြားသော အခြေအနေ များတွင်သာ ခွင့်ပြုနိုင်သည်။

လုပ်ငန်းကို ကာကွယ်ပေးခြင်း

၁၀၆။ ကယ်ဆယ်ခြင်းအဆင့်တွင် အာမခံထားရှိသောပိုင်ဆိုင်မှုများအား အတည်ပြုခြင်း၊ ဆက်လက် အတည်ပြု ဆောင်ရွက်ခြင်းတို့ကို ပြန်လည်ထူထောင်ရေးအကြံပေး၏စာဖြင့် ရေးသားသဘောတူညီချက် သို့မဟုတ် တရားရုံး၏ ခွင့်ပြုချက်မှတစ်ပါး ဆက်လက်ဆောင်ရွက်ခြင်း မပြုရ။

အာမခံသူများကို ကာကွယ်ခြင်း

၁၀၇။ ကယ်ဆယ်ခြင်းအဆင့်တွင် လုပ်ငန်း၏ကြွေးမြီများ သို့မဟုတ် တာဝန်များနှင့်စပ်လျဉ်း၍ အာမခံသူများကို တရားရုံး၏ခွင့်ပြုချက်ဖြင့်မှတစ်ပါး ဥပဒေကြောင်းအရအရေးယူခြင်း သို့မဟုတ် အရေးယူထားသည်ကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။

တရားရုံးကခွင့်ပြုချက်ပေးခြင်း

၁၀၈။ တရားရုံးသည် ဤအခန်းအရ ခွင့်ပြုချက်များကို မိမိသင့်သည် ထင်မြင်သည့်အတိုင်း စည်းကမ်းချက်ထား၍ဖြစ်စေ၊ စည်းကမ်းချက်များမထားဘဲဖြစ်စေ ပေးနိုင်သည်။

အပြောင်းအလဲရှိသော ကြွေးမြီတာဝန်ရှိသည့်ပစ္စည်း

၁၀၉။ (က) အပိုင်း (၆) လုပ်ငန်းသည် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်ဖြစ်ဖွယ်ရှိသည့် ပစ္စည်းများ ကို အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ရောင်းချနိုင်သည် သို့မဟုတ် အခြားနည်း စီမံခန့်ခွဲနိုင်သည်-

(၁) အပိုင်း (၆) လုပ်ငန်း၏ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုအရ ပြုလုပ်သည့် နည်းလမ်း၊

(၂) အာမခံရအကျိုးခံစားခွင့်ရမြီရှင်၏စာဖြင့် ရေးသားသဘောတူညီချက်အရ ပြုလုပ်သည့်နည်းလမ်း၊

(၃) တရားရုံး၏ခွင့်ပြုချက်အရ ပြုလုပ်သည့်နည်းလမ်း။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃) အရ ခွင့်ပြုရာတွင် အောက်ပါအချက်များနှင့် ညီညွတ်ကြောင်း ကျေနပ်မှသာလျှင် ခွင့်ပြုနိုင်သည်-

(၁) အာမခံရအကျိုးခံစားခွင့်ရမြီရှင်၏ အကျိုးစီးပွားကို လုံလောက်စွာ ကာကွယ်နိုင်ခြင်း၊

(၂) ပုဒ်မ ၉၄ ပါ ရည်ရွယ်ချက်များ ပြည့်မီရေးကို အထောက်အကူပြုနိုင်ခြင်း။

(ဂ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ပါရည်ရွယ်ချက်များအလို့ငှာ အကြောင်းကြားစာ သို့မဟုတ် တောင်းခံစာ ထုတ်နိုင်သည့်အချက် သို့တည်းမဟုတ် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်မှ ပုံသေ ကြွေးမြီတာဝန်အဖြစ် ပြောင်းလဲသည့်အချက် ဖြစ်သည်ဆိုရုံမျှဖြင့် အပိုင်း (၆) လုပ်ငန်း၏ ပုံမှန် လုပ်ငန်းဆောင်ရွက်ရာတွင် ရောင်းချခြင်းကို တားဆီးခြင်းမရှိစေရ။

(ဃ) အပိုင်း (၆) လုပ်ငန်းတွင် အာမခံအကျိုးခံစားခွင့်ရှိသော ပစ္စည်းကို ရောင်းချရာ၌ ဒါရိုက်တာ၊ ပိုင်ရှင် သို့မဟုတ် အစုဝင်သည် ၎င်း၏ သက်ဆိုင်ရာလုပ်ပိုင်ခွင့်များကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုရမည်။

ပုံသေကြွေးမြီတာဝန်ရှိသည့်ပစ္စည်း

၁၁၀။ (က) အပိုင်း (၆) လုပ်ငန်းသည် ပုံသေကြွေးမြီတာဝန်ဖြစ်ဖွယ်ရှိသည့်ပစ္စည်းများကို အောက်ပါ နည်းလမ်းများဖြင့် ရောင်းချနိုင်သည် သို့မဟုတ် အခြားနည်းစီမံခန့်ခွဲနိုင်သည်-

(၁) အာမခံရအကျိုးခံစားခွင့်ရမြီရှင်၏ စာဖြင့်ရေးသား သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်း၊

(၂) တရားရုံး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ခွင့်ပြုရာတွင်အောက်ပါအချက်များနှင့် ညီညွတ်ကြောင်း ကျေနပ်မှသာလျှင် ခွင့်ပြုနိုင်သည်-

(၁) အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ အကျိုးကို လုံလောက်စွာကာကွယ်သော အစီအစဉ်များရှိခြင်း၊

(၂) ပုဒ်မ ၉၄ ပါ ရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် အထောက်အကူပြုနိုင်ခြင်း။

အခြားကိစ္စရပ်များတွင် အာမခံအကျိုးခံစားခွင့်ရမြီရှင်များကို အကာအကွယ်ပေးခြင်း

၁၁၁။ ပုဒ်မ ၁၀၉ နှင့် ၁၁၀ တို့တွင် ခွင့်ပြုထားသည်မှအပ အပိုင်း (၆) လုပ်ငန်းသည် အာမခံ အကျိုးခံစားခွင့်ရမြီရှင်များ၏ ပစ္စည်းနှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့်ကို ထိခိုက်စေနိုင်ပါက စီမံခန့်ခွဲခြင်းမပြုရ။

အရပ်ရပ်ဆိုင်ရာပြဋ္ဌာန်းချက်များ
ကြွေးမြီများအတွက်တာဝန်

၁၁၂။ (က) ပြန်လည်ထူထောင်ရေးအကြံပေးသည် အပိုင်း (၆) လုပ်ငန်း၏ကြွေးမြီများနှင့် တာဝန်ရှိမှု အပေါ်တွင် ပုဂ္ဂိုလ်ရေးတာဝန် မရှိစေရ။

(ခ) အပိုင်း (၅) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်၏ ပုဒ်မ ၆၂ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့တွင် ပြဋ္ဌာန်းထားသည့် ကြွေးမြီများသည် အပိုင်း (၅) ပြန်လည်ထူထောင်ရေးမန်နေဂျာတွင် တာဝန် ရှိသော်လည်း အပိုင်း (၆) လုပ်ငန်းစဉ်တွင်မူလုပ်ငန်း၌တာဝန်ရှိပြီး လုပ်ငန်း၏ ပုံမှန်ဆောင်ရွက်မှုမှ ပေးချေရမည်။

(ဂ) ပုဒ်မခွဲ (ခ) မှအပ အပိုင်း (၆) လုပ်ငန်း၏ကြွေးမြီများ နှင့် တာဝန်များသည် ပုဒ်မ ၁၀၅ ပုဒ်မခွဲ (က) နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အပိုင်း (၆) ပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် လူမွဲခံယူခြင်းဆိုင်ရာ စီမံဆောင်ရွက်မှုအတိုင်း ဖြေရှင်းရမည်။

(ဃ) အပိုင်း (၆) လုပ်ငန်းသည် ပုဒ်မခွဲ (ခ) ပါနည်းလမ်းအတိုင်း ကြွေးမြီနှင့် တာဝန်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြန်လည်ထူထောင်ရေးအကြံပေးက သိရှိရလျှင် ပုဒ်မ ၁၃၉ ပါ လုပ်ပိုင်ခွင့် များကိုကျင့်သုံးလျက် အပိုင်း (၆) လုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းစေရမည်။

(င) ပြန်လည်ထူထောင်ရေးအကြံပေးသည် ၎င်းကိုခန့်အပ်ထားသည့် အပိုင်း (၆) လုပ်ငန်း၏ ပိုင်ဆိုင်မှုအနက်မှ အောက်ပါပြန်လည်ထူထောင်ရေးဆိုင်ရာ တောင်းဆိုခွင့်များအတွက် ပြန်လည် တောင်းခံပိုင်ခွင့်ရှိသည်-

(၁) ပြန်လည်ထူထောင်ရေးအကြံပေးသည် ၎င်း၏တာဝန်များကို ပေါ့ဆမှုမရှိဘဲ ရိုးဖြောင့်စွာဖြင့် ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့သော တာဝန်ရှိမှုများနှင့် ကုန်ကျစရိတ်များ၊

(၂) ဤဥပဒေအရသတ်မှတ်ထားသည့် ပြန်လည်ထူထောင်ရေးအကြံပေး၏ အခကြေးငွေ။

(စ) ပုဒ်မခွဲ (င) တွင် ပြဋ္ဌာန်းထားသော ပြန်လည်ထူထောင်ရေးအကြံပေး၏ ပြန်လည်တောင်းပိုင်ခွင့် များသည် အပိုင်း (၆) လုပ်ငန်းတွင် တင်ရှိနေသော အာမခံအကျိုးခံစားခွင့်မရှိသည့် ကြွေးမြီများထက် ဦးစားပေးရမည်။ ထို့ပြင် ၎င်း၏ပြန်လည်တောင်းခံပိုင်ခွင့်အတွက် အပိုင်း (၆) လုပ်ငန်း၏ ပစ္စည်းများ အပေါ်တွင်လည်း အာမခံအကျိုးခံစားခွင့်ရှိသည်။

(ဆ) အောက်ပါဦးစားပေး အစီအစဉ်များ၏ နောက်တွင် ပုဒ်မခွဲ (စ) ပါ ပြန်လည်ထူထောင်ရေး အကြံပေး၏ အာမခံအကျိုးခံစားခွင့်ကို ထည့်သွင်းရမည်-

(၁) ပြန်လည်ထူထောင်ရေးအကြံပေးကို ခန့်အပ်စဉ်အချိန်ကတည်ရှိနေသော အာမခံအကျိုးခံစားခွင့် ရမြီရှင်၏ ပုံသေကြွေးမြီတာဝန်၊

(၂) အာမခံအကျိုးခံစားခွင့်ရမြီရှင်က ဥပဒေနှင့်အညီခန့်ထားသည့် ပစ္စည်းထိန်း၏ အကျိုးခံစားခွင့်များ၊ သို့ရာတွင် ထိုပစ္စည်းထိန်းခန့်အပ်ခြင်းမပြုမီ ပြန်လည်ထူထောင်ရေးအကြံပေးကကျခံခဲ့ရသော ပြန်လည် ထူထောင်ရေးဆိုင်ရာ တောင်းခံပိုင်ခွင့်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

လုပ်ငန်းသည် ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေကြောင်း အသိပေးကြေညာခြင်း

၁၁၃။ (က) ကယ်ဆယ်ခြင်းအဆင့်တွင် အပိုင်း (၆) လုပ်ငန်းသည် အောက်ပါတို့၌ ပြန်လည်ထူထောင်ရေး လုပ်ငန်း လုပ်ဆောင်နေကြောင်း ဖော်ပြပါရှိရမည်-

(၁) အပိုင်း (၆) လုပ်ငန်း သို့မဟုတ် လုပ်ငန်းကိုယ်စား သို့မဟုတ် ပြန်လည်ထူထောင်ရေးအကြံပေး၏ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးပို့စာများ သို့မဟုတ် အမှာစာများ၊

(၂) အပိုင်း (၆) လုပ်ငန်း၏ ဝက်ဘ်ဆိုက်များ။

(ခ) ပုဒ်မခွဲ (က) အရ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာပေးပို့စာများ သို့မဟုတ် အမှာစာများဆိုသည်မှာ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြသည့် ပုံစံများကိုဆိုသည်။

(ဂ) အပိုင်း (၆) လုပ်ငန်း၏အရာရှိ သို့မဟုတ် ပြန်လည်ထူထောင်ရေးအကြံပေးသည် ဤပုဒ်မပါ ဆောင်ရွက်ရန်အချက်များကို လိုက်နာရန်ပျက်ကွက်လျှင် သို့မဟုတ် ပျက်ကွက်မှုကို သိလျက်နှင့်ဖြစ်စေ၊ တမင်ဖြစ်စေ ခွင့်ပြုလျှင် မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

အပိုင်း (၆) လုပ်ငန်း၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်ထုတ်ဖော်ကြေညာချက်

၁၁၄။ (က) အပိုင်း (၆) လုပ်ငန်းစဉ် စတင်သည်နှင့်တစ်ပြိုင်နက် လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို နည်းဥပဒေများတွင် သတ်မှတ်ထားသည့် ပုံစံအတိုင်းပြုစု၍ လုပ်ငန်းသည် ပြန်လည်ထူထောင်ရေးအကြံပေးထံ တတ်နိုင်သမျှ ဆောလျင်စွာ တင်သွင်းရမည်။

(ခ) ပြန်လည်ထူထောင်ရေးအကြံပေးသည် အပိုင်း(၆) လုပ်ငန်းကိစ္စများနှင့် ဆက်နွှယ်သည့် ပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူတို့အား လုပ်ငန်း၏ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ထုတ်ဖော် ကြေညာချက်ကို ပြုစုလျက် ၎င်းထံပေးပို့ရန် အကြောင်းကြားစာရေးသားပေးပို့နိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) နှင့်စပ်လျဉ်း၍ နည်းဥပဒေတွင် အောက်ပါတို့ကို အထူးပြုဖော်ပြစေရမည်-

(၁) စာဖြင့်ရေးသားသော အကြောင်းကြားစာ၏ပုံစံ၊

(၂) ဆက်နွှယ်သည့်ပုဂ္ဂိုလ်များ၊

(၃) အပိုင်း(၆)လုပ်ငန်း၏ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ပုံစံနှင့် ယင်းပုံစံတွင် ပါရှိရမည့် အချက်များ။

(ဃ) ဤပုဒ်မအရအပိုင်း (၆) လုပ်ငန်း၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို ပြန်လည်ထူထောင်ရေးအကြံပေးထံသို့ တင်ပြရန်တာဝန်ရှိသူသည် စာဖြင့်ရေးသားပေးပို့သည့် အကြောင်း ကြားစာကို ရရှိသည့်နေ့မှ ၇ ရက်အတွင်း ထိုထုတ်ဖော်ကြေညာချက်ကို ပေးပို့ရမည်။

(င) မည်သူမဆို ဤပုဒ်မပါ တာဝန်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လိုက်နာရန် ပျက်ကွက် ပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်ငါးသိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို အားကိုးအားထား ပြုနိုင်ခြင်း

၁၁၅။ (က) ပြန်လည်ထူထောင်ရေးအကြံပေးသည် ပုဒ်မ ၁၁၄ ပုဒ်မခွဲ (က) အရ ၎င်းထံ တင်သွင်းသည့် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်သည် မှန်ကန်ခြင်းမရှိဟု သံသယဖြစ်ရန် အကြောင်းမရှိလျှင် ယင်းကြေညာချက်ကို အားကိုးအားထား ပြုနိုင်သည်။

(ခ) ပြန်လည်ထူထောင်ရေးအကြံပေးသည် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော် ကြေညာချက် လက်ခံရရှိပြီး အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း ထုတ်ဖော်ကြေညာချက်တွင် ဖော်ပြထားသော မြီရှင်များထံသို့ အစီရင်ခံစာပါအတိုင်း အပိုင်း (၆) လုပ်ငန်းမှ ကြွေးမြီရရန် မှန်မမှန်ကို စိစစ်အတည်ပြုရန်အတွက် စာဖြင့်မေးမြန်းရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ပေးပို့သည့်စာတွင် မြီစား သို့မဟုတ် မြီရှင်သည် ထုတ်ဖော်ကြေညာချက်ပါ ကြွေးမြီမမာဏသည် မှန်ကန်ခြင်းမရှိကြောင်း အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း ငြင်းဆိုခြင်းမရှိလျှင် ဆန့်ကျင်ဘက်သက်သေခံချက် မတင်ပြသကဲ့သို့ မှန်ကန်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ဖော်ပြပါရှိ ရမည်။

မြီရှင်များက စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးခြင်း

၁၁၆။ (က) ကယ်ဆယ်ခြင်းအဆင့်ဆောင်ရွက်နေစဉ်အတွင်း မည်သည့်အချိန်တွင်မဆို မြီရှင်များက အပိုင်း (၆) လုပ်ငန်း၏ စာအုပ်စာတမ်းများကို စစ်ဆေးခွင့်တောင်းခံပါက တရားရုံးသည် အပိုင်း (၆) လုပ်ငန်း သို့မဟုတ် ယင်း၏လက်ဝယ်ရှိသော စာအုပ်စာတမ်းများကို စစ်ဆေးစေရန် အမိန့်ချမှတ်နိုင် သည်။

(ခ) ဤပြဋ္ဌာန်းချက်သည်အောက်ဖော်ပြပါတို့ကို ဖယ်ထုတ်ခြင်း၊ ကန့်သတ်ခြင်းမရှိစေရ-

(၁) အစိုးရဌာန သို့မဟုတ် အစိုးရဌာန၏ တာဝန်ပေးချက်အရ တာဝန်ရှိသူက ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊

(၂) ပြန်လည်ထူထောင်ရေးအကြံပေး သို့မဟုတ် အပိုင်း(၆) လုပ်ငန်း ကိုယ်တိုင်က စစ်ဆေးခြင်းကို ခွင့်ပြုခြင်း။

တရားရုံးသို့ လျှောက်ထားခြင်း

၁၁၇။ (က) ပြန်လည်ထူထောင်ရေးအကြံပေးသည် ၎င်း၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာမှ ပေါ်ပေါက်လာသော မည်သည့်ကိစ္စရပ်အတွက်မဆို တရားရုံး၏ လမ်းညွှန်ချက်ရယူရန် လျှောက်ထား နိုင်သည်။

(ခ) ပြန်လည်ထူထောင်ရေးအကြံပေး သို့မဟုတ် အစုရှယ်ယာဝင်တစ်ဦးဦး သို့မဟုတ် မြီရှင်သည် ကယ်ဆယ်ခြင်းအဆင့်မှပေါ်ထွက်လာသည့် ပြဿနာတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ပေးရန် တရားရုံး သို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် မိမိက တရားမျှတပြီး အကျိုးဖြစ်စေမည်ဟု ယုံကြည်ပါက သင့်လျော်သည်ဟု ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားချက်တစ်ရပ်လုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ လက်ခံနိုင်သည့်အပြင် အခြားသင့်သည် ထင်မြင်သည့်အမိန့်ချမှတ် နိုင်သည်။

စေ့စပ်ဖြန်ဖြေခြင်း

၁၁၈။ ပြန်လည်ထူထောင်ရေးအကြံပေးသည် အပိုင်း (၆) လုပ်ငန်းနှင့် မြီရှင် သို့မဟုတ် မြီစားများအကြား ပေါ်ပေါက်လာသည့် အောက်ပါအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် စေ့စပ်ဖျန်ဖြေသူကို ခန့်ထားနိုင်သည်-

(က) အပိုင်း (၆) လုပ်ငန်းက ရရန်ရှိသည့် သို့မဟုတ် ပေးရန်ရှိသည့်ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများ၊

(ခ) ထပ်မံအဆိုပြုမည့်အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်။

မြီရှင်များအစည်းအဝေး

၁၁၉။ (က) ပြန်လည်ထူထောင်ရေးအကြံပေးသည် အောက်ပါကိစ္စတစ်ရပ်ရပ်ပေါ်ပေါက်လျှင် မြီရှင်များ အစည်းအဝေးကို ခေါ်ယူကျင်းပပေးရမည်-

(၁) ပုဒ်မ ၁၂၂ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) တွင် ပြဋ္ဌာန်းထားသည့် အချိန်ကာလအတွင်း ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခုကို အတည်ပြုလိုခြင်း ရှိ မရှိ ဆုံးဖြတ်ရန်ဖြစ်ခြင်း၊

(၂) စုစုပေါင်းမြီရှင်အရေအတွက်၏ တစ်ဆယ်ရာခိုင်နှုန်းအထက် မြီရှင်များက တောင်းဆိုခြင်း သို့မဟုတ် စုစုပေါင်းကြွေးမြီ၏ တစ်ဆယ်ရာခိုင်နှုန်းအထက်ပိုင်ဆိုင်သည့် မြီရှင်များက တောင်းဆိုခြင်း။

(ခ) ပြန်လည်ထူထောင်ရေးအကြံပေးသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း မည်သည့် အချိန်တွင်မဆို မြီရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်ဟု ထင်မြင်လျှင် အပိုင်း (၆) လုပ်ငန်း မြီရှင်များအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

(ဂ) အစည်းအဝေးကျင်းပခြင်းကို နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကျင်းပရမည်။

ပြန်လည်ထူထောင်ရေးအကြံပေး ပြောင်းလဲခန့်အပ်ခြင်း

၁၂၀။ (က) ပုဒ်မ ၁၈၁ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဃ)၊ ပုဒ်မ ၁၈၂ ပုဒ်မခွဲ (ခ) နှင့် (ဂ) နှင့် ပုဒ်မ ၁၈၃ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးနေရာလစ်လပ်ခြင်းနှင့် လစ်လပ်သောရာထူးနေရာတွင် အစားထိုးခန့်ထားခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ကယ်ဆယ်ရေးအဆင့်တွင် ပြန်လည်ထူထောင်ရေး အကြံပေးနှင့်စပ်လျဉ်း၍ အသုံးပြု နိုင်သည်။ သို့ရာတွင် မြီရှင်များ အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးအကြံပေးကို အစားထိုး ခန့်ထားခဲ့ခြင်းဖြစ်လျှင် ထိုအာမခံအကျိုးခံစားခွင့်ရ မြီရှင်များ၏ သဘောတူညီချက် ရရှိရန် လိုအပ်သည်။

(ခ) ပုဒ်မခွဲ (က) အရ ပြန်လည်ထူထောင်ရေးအကြံပေးကို ခန့်အပ်ပြီးပါက ၎င်းသည် ထိုသို့ခန့်အပ်ကြောင်းကို မှတ်ပုံတင်အရာရှိထံသို့ အလုပ်လုပ်ကိုင်ရက် ၂ ရက်အတွင်း အကြောင်းကြားစာ ပေးပို့ရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်ရေးဆွဲခြင်းနှင့် ပါဝင်ရမည့်အချက်များ

၁၂၁။ (က) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို လုပ်ငန်းကဖြစ်စေ၊ လုပ်ငန်း၏ သဘောတူညီချက်ဖြင့် ပြန်လည်ထူထောင်ရေးအကြံပေးကဖြစ်စေ ရေးဆွဲရမည်။

(ခ) ပြန်လည်ထူထောင်ရေးအစီအစဉ်တွင် အောက်ပါအချက်များ ပါဝင်ရမည်-

(၁) အစီအစဉ်ကို ကြီးကြပ်မည့်သူ၊

(၂) သက်ဆိုင်ရာဒါရိုက်တာများ၊ ပိုင်ရှင်များ၊ အစုဝင်များနှင့် အစီအစဉ်ကြီးကြပ်သူ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊

(၃) မြီရှင်များ၏တောင်းဆိုမှုများကို ကျေအေးညှိနှိုင်းထားသည့် အတိုင်းအတာနှင့် သဘောသဘာဝ၊ ပစ္စည်းအမျိုးအမည်နှင့် ပေးချေမည့်နည်းလမ်း၊

(၄) မြီစားအပေါ် အရေးယူဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ခြင်း သဘောသဘာဝနှင့် ယင်းအတွက် ခွင့်ပြုကာလ၊

(၅) လုပ်ငန်းကို ကြွေးမြီလျော့ပေါ့ပေးမည့် အတိုင်းအတာ၊

(၆)လုပ်ငန်းသည် ကုမ္ပဏီတစ်ခုဖြစ်လျှင် အစုရှယ်ယာဝင်များ၏ အစုရှယ်ယာအကျိုးအမြတ်ကို ညှိနှိုင်းလျော့ပေါ့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအတိုင်းအတာ၊

(၇) ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၏ တစ်စိတ်တစ်ဒေသ သို့မဟုတ် သဘောတူစာချုပ် (ရှိလျှင်) ပါအချက်အလက်များ၊

(၈) အစီအစဉ်ကိုရပ်စဲမည့် အခြေအနေများနှင့် အစီအစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်ပြီး ပါက လုပ်ငန်းကို ဒါရိုက်တာများ၊ ပိုင်ရှင်များ သို့မဟုတ် အစုဝင်များ၏ အုပ်ချုပ်မှုအောက်တွင် ပြန်လည် ထားရှိရမည် သို့မဟုတ် လုပ်ငန်းသည် ကုမ္ပဏီဖြစ်လျှင် မှတ်ပုံတင်ပယ်ဖျက်မည့်ဖော်ပြချက်၊ လုပ်ငန်းသည် အစုစပ်လုပ်ငန်းဖြစ်လျှင် ဖျက်သိမ်းမည့်ဖော်ပြချက်၊

(၉) အစီအစဉ်အား လိုက်နာရမည့် မြီရှင်များအကြား ကြွေးမြီများကို ခွဲဝေပေးမည့်အစီအစဉ်နှင့် စပ်လျဉ်းသည့်ဖော်ပြချက်၊

(၁၀) အစီအစဉ်အရခွင့်ပြုပေးနိုင်သည့် တောင်းဆိုမှုများတွင် ထိုတောင်းဆိုခွင့်ပေါ်ပေါက်သည့်နေ့ရက် သို့မဟုတ် ယင်းမတိုင်မီနေ့ရက်၊(ထိုရက်သည်ကယ်ဆယ်ခြင်းအဆင့် စတင်သည့်နေ့ရက်ထက် နောက် မကျစေရ)

(၁၁) အာမခံအကျိုးခံစားခွင့်ရမြီရှင်များ အဆိုပြုထားမှုအပေါ် အစီအစဉ်အရ အကျိုးသက်ရောက် စေနိုင် သည့် အတိုင်းအတာ၊

(၁၂) နည်းဥပဒေများတွင် ဖော်ပြထားသည့် အခြားကိစ္စရပ်များ။

(ဂ) အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် မြီရှင်များမှ ပြန်လည်ရရှိနိုင်မည့် ငွေကြေးပမာဏသည် အစီအစဉ် ကို ဆောင်ရွက်ခြင်းမရှိပါက မြီရှင်များမှ ပြန်လည်ရရှိနိုင်ဖွယ်ရှိမည့် ငွေကြေးပမာဏနှင့် အနည်းဆုံးညီမျှ မှုရှိသည့် ပမာဏဖြစ်ရမည်။

(ဃ) တောင်းခံမှုများ၏ ဦးစားပေးအစဉ်သည် အစီအစဉ်ကို ဆောင်ရွက်ခြင်းမရှိပါကလည်း ရှိနေမည့် ဦးစားပေးအစဉ်အတိုင်း ဖြစ်ရမည်။ သို့ရာတွင် မတူညီသော ကြွေးမြီဦးစားပေးအစဉ်ကြောင့် များစွာအကျိုးထိခိုက်နိုင်ဖွယ်ရှိသည့် မြီရှင်အတန်းအစားတို့သည် အစီအစဉ်မဲခွဲခြင်းတွင် ပါဝင်မဲပေးပြီး ထိုမဲခွဲရာတွင် မြီရှင်အရေအတွက်အားဖြင့်လည်းကောင်း၊ ကြွေးမြီတန်ဖိုးအားဖြင့်လည်းကောင်း အများစု မဲပေးလျက် သဘောတူညီလျှင် ထိုဦးစားပေးအစဉ်အတိုင်း ဖြစ်ရန်မလိုအပ်စေရ။

အဆိုပြုပြန်လည်ထူထောင်ရေးအစီအစဉ်ကို ဖြန့်ဝေခြင်း

၁၂၂။ (က) ပုဒ်မ ၁၂၁ နှင့်အညီ ပြုစုထားသည့် ပြန်လည်ထူထောင်ရေးအစီအစဉ်မိတ္တူကို မြီရှင်တိုင်း၏ နောက်ဆုံးလိပ်စာသို့ ပေးပို့ရမည်။ ထိုမိတ္တူတွင် အောက်ပါအချက်များ ထည့်သွင်းအသိပေးရမည်-

(၁) မိတ္တူရရှိသူသည် အကြောင်းကြားစာပေးပို့သည့်နေ့မှ ၂၁ ရက်အတွင်း အဆိုပြုပြန်လည် ထူထောင်ရေးအစီအစဉ်ကို လက်ခံကြောင်း သို့မဟုတ် ကန့်ကွက်ကြောင်း မဲပေးရမည်ဖြစ်ကြောင်းနှင့် လက်ခံကြောင်း သို့မဟုတ် ကန့်ကွက်ကြောင်းပြန်ကြားစာကို ပြန်လည်ထူထောင်ရေးအကြံပေးထံသို့ စာဖြင့်ရေးသားပေးပို့ရမည်ဖြစ်ကြောင်း၊

(၂) အဆိုပြုပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပုဒ်မခွဲငယ် (၁) ပါအတိုင်း ၂၁ ရက်အတွင်း မြီရှင်အားလုံးရရန်ရှိသော ကြွေးမြီစုစုပေါင်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များနှင့် စုစုပေါင်းမြီရှင်အရေအတွက်၏ ငါးဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များက စာဖြင့်ရေးသား ကန့်ကွက်ခြင်းမရှိလျှင် အကြောင်းကြားစာပေးပို့သည့်နေ့မှ ၂၈ ရက် ကျော်လွန်က အတည်ဖြစ်မည် ဖြစ်ကြောင်း။

(ခ) မြီရှင်များသို့ပေးပို့သည့် အကြောင်းကြားစာ၊ အဆိုပြုပြန်လည်ထူထောင်ရေး အစီရင်ခံစာတို့ နှင့်အတူ ပုဒ်မ ၁၀၂ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၅) တွင် ဖော်ပြထားသည့် ပြန်လည်ထူထောင်ရေးအကြံပေး ၏အစီရင်ခံစာတို့လည်း ပူးတွဲပေးပို့ရမည်။

(ဂ) အပိုင်း (၆) လုပ်ငန်းတွင် ဤပုဒ်မအရ ဆောင်ရွက်ရာ၌-

(၁) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် စတင်ပြီးနောက် တတ်နိုင်သမျှ ဆောလျင်စွာ ဆောင်ရွက်ရမည်၊

(၂) မည်သည့်ကိစ္စရပ်တွင်မဆို အပိုင်း ၆ လုပ်ငန်းစဉ်စတင်သည့်နေ့မှ ရက်သတ္တပတ် (၁၀) ပတ်အတွင်း ဆောင်ရွက်ရမည်။

(ဃ) အပိုင်း(၆) လုပ်ငန်းအတွက် ဤပုဒ်မအရ ပေးပို့ရမည့်စာရွက်စာတမ်းများကို အီလက်ထရောနစ် နည်းဖြင့် ပေးပို့ရန် နည်းလမ်းများကို နည်းဥပဒေများတွင် ပြဋ္ဌာန်းနိုင်သည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အတည်ပြုရန်အတွက် မြီရှင်များအစည်းအဝေး ခေါ်ယူခြင်း

၁၂၃။ (က) ပြန်လည်ထူထောင်ရေးအကြံပေးသည် အဆိုပြုပြန်လည်ထူထောင်ရေး အစီအစဉ်ကို ၂၁ ရက် အတွင်းပေးပို့၍ ပုဒ်မ၁၂၂ နှင့်အညီ အသိပေးအကြောင်းကြားပြီးနောက် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှသာလျှင် မြီရှင်များအစည်းအဝေးကို ခေါ်ယူရန် ဆင့်ဆိုနိုင်သည်-

(၁) အပိုင်း (၆) လုပ်ငန်း၏ ကြွေးမြီစုစုပေါင်းတန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်း ထက်ပိုသော မြီရှင်များက အစည်းအဝေးခေါ်ပေးရန် တောင်းဆိုခြင်း၊

(၂) မြီရှင်များက အဆိုပြုပြန်လည်ထူထောင်ရေးအစီအစဉ်ကို ကန့်ကွက်ခဲ့သော်လည်း ထိုအစီအစဉ်ကို အတည်ပြုရန်အတွက် သင့်လျော်သည့် အလားအလာများရှိသည် သို့မဟုတ် အစီအစဉ်၏အချက်အလက် အချို့အား ပြင်ဆင်သင့်သည်ဟု ပြန်လည်ထူထောင်ရေးအကြံပေးက ထင်မြင်ခြင်း။

(ခ) အပိုင်း (၆) လုပ်ငန်း၏ သဘောတူညီချက်အရ အစီအစဉ်ပါအချက်များကို မြီရှင်များအစည်းအဝေး တွင် ပြင်ဆင်နိုင်ပြီး မြီရှင်များက အစီအစဉ်ပြင်ဆင်ချက်ကို အဆိုပါအစည်းအဝေးတွင်ပင် မဲပေးဆုံးဖြတ် နိုင်သည်။

(ဂ) မဲခွဲဆုံးဖြတ်ရာတွင် လက်မြှောက်၍ မဲခွဲနိုင်သည်။ သို့ရာတွင် တက်ရောက်လာသည့် မြီရှင် တစ်ဦးဦးက နည်းလမ်းတကျ မဲခွဲဆုံးဖြတ်ရန် တောင်းဆိုပါက လုံလောက်သည့် မဲအများစု ရရှိခြင်း ရှိ မရှိ သိရှိနိုင်ရန်အတွက် ထိုမဲများကို မှတ်တမ်းတင်ရေတွက်ရမည်။

(ဃ) ဤပုဒ်မအရ တင်ပြထားသည့် အပိုင်း (၆) လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို မြီရှင်များအစည်းအဝေးက-

(၁) ပြင်ဆင်ချက်မရှိဘဲ အတည်ပြုနိုင်သည် သို့မဟုတ်

(၂) ပြင်ဆင်ချက်ဖြင့် အတည်ပြုနိုင်သည် သို့မဟုတ်

(၃) ပယ်နိုင်သည်။

(င) အဆိုပြုပြန်လည်ထူထောင်ရေးအစီအစဉ် (ပြင်ဆင်ချက်များအပါအဝင်) ကို ပုဒ်မ ၁၂၅ တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း မြီရှင်အများစုက သဘောတူညီပါက အပိုင်း (၆) လုပ်ငန်း ပြန်လည် ထူထောင်ရေးအကြံပေးသည် အစီအစဉ်ပါအချက်များကို တရားဝင်မှတ်တမ်းတင်ပြင်ဆင်ရမည်။ ထိုမှတ်တမ်းကို အပိုင်း (၆) လုပ်ငန်းကိုယ်စားနှင့် အဆိုပြုအစီအစဉ် ကြီးကြပ်သူတို့က လက်မှတ်ရေးထိုး နိုင်ရန် စီစဉ်ပေးရမည်။

(စ) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုနှင့်အညီ အစည်းအဝေးသဘာပတိမှ အဆုံးအဖြတ်ပေးသော မဲပေးပိုင်ခွင့်ကို ကျင့်သုံးပုံ သို့မဟုတ် မြီစား၏ တွဲဖက်လုပ်ကိုင်သူမြီရှင်က ၎င်းတို့၏ မဲပေးခွင့်ကို တစ်စုံတစ်ခုသောနည်းဖြင့် ကျင့်သုံးပုံကြောင့် မြီရှင်များအစည်းအဝေးတွင် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း သို့မဟုတ် အတည်မပြုခြင်းနှင့်စပ်လျဉ်း၍ တရားရုံးသို့ လျှောက်ထားနိုင်ပြီး တရားရုံးသည် အောက်ပါအမိန့်များကို ချမှတ်နိုင်သည်-

(၁) အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်သည့်အမိန့်၊

(၂) အတည်မပြုခဲ့သည့် ဆုံးဖြတ်ချက်ကိုပယ်ဖျက်၍ အတည်ပြုသည့်အမိန့်၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ ချမှတ်သောအမိန့်နှင့် ဆက်စပ်သော အခြားလိုအပ်သည့် အမိန့်။

(ဆ) ဤပုဒ်မနှင့်အညီ တင်သွင်းလာသော လျှောက်ထားချက်ကို စဉ်းစားဆင်ခြင်ရာတွင် ထိုဆုံးဖြတ်ချက်ကို အတည်ပြုခြင်းဖြင့် သို့မဟုတ် အတည်မပြုခြင်းဖြင့် ဖြစ်နိုင်သော မြီရှင်အားလုံး၏အကျိုး၊ မြီရှင်များအတွက် ဖြစ်နိုင်သောကောင်းကျိုးနှင့် ဆိုးကျိုးများနှင့် ဤဥပဒေ၏ ရည်ရွယ်ချက်များကို စဉ်းစားရမည်။

အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်ကို အတည်ပြုရန် ပျက်ကွက်ခြင်း

၁၂၄။ (က) ဤအပိုင်းအရ လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်ကို အပိုင်း (၆) လုပ်ငန်းစဉ် စတင်သည့်နေ့မှ ရက်သတ္တပတ် (၁၀) ပတ်အတွင်း အတည်ပြုနိုင်ခြင်းမရှိပါက ထိုအပိုင်း (၆) လုပ်ငန်းစဉ် ရပ်စဲသွားမည်ဖြစ်ပြီး ထိုသို့ရပ်စဲသွားကြောင်းကို အောက်ပါပုဂ္ဂိုလ်များထံ အကြောင်းကြား ရမည်-

(၁) ပြန်လည်ထူထောင်ရေးအကြံပေး၊

(၂) မှတ်ပုံတင်အရာရှိ၊

(၃) ပုဒ်မ ၁၂၂ ပုဒ်မခွဲ(က) အရ ပြန်လည်ထူထောင်ရေးအစီအစဉ် မိတ္တူပေးပို့ထားသူများ။

(ခ) ပုဒ်မခွဲ (က) အရ ပေးပို့သည့် အကြောင်းကြားစာသည် နည်းဥပဒေများတွင် ဖော်ပြထားသည့် ပုံစံ အတိုင်းဖြစ်ရမည်။

(ဂ) ပြန်လည်ထူထောင်ရေးအကြံပေးသည် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ အကြောင်းကြားစာကို လက်ခံရရှိလျှင် ၎င်းအား ခန့်အပ်မှုသည်ရပ်စဲစေရမည်။

(ဃ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အကြောင်းကြားစာကို လက်ခံရရှိလျှင် ထိုစာကို မှတ်ပုံတင်စာရင်းသွင်းရမည်။

(င) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်ကို ခိုင်လုံသော အကြောင်းမရှိဘဲ လိုက်နာရန် ပျက်ကွက်သည့် လုပ်ငန်းနှင့်ပိုင်ရှင် သို့မဟုတ် ဒါရိုက်တာအားကျပ်တစ်သိန်းထက် မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

အခန်း (၄) ပြန်လည်ထူထောင်ရေးအစီအစဉ်[edit]

အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ် စတင်အကျိုးသက်ရောက်ခြင်း

၁၂၅။ (က) အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်သည် အောက်ပါအခြေအနေများတွင် စတင်အကျိုးသက်ရောက်စေရမည်-

(၁) အပိုင်း (၆) လုပ်ငန်းသည် ပုဒ်မ ၁၂၂ ပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြစ်ခြင်း၊

(၂) ပုဒ်မ ၁၂၃ အရ အစည်းအဝေးကို မကျင်းပခဲ့သည့်အပြင် မြီရှင်အားလုံးရရန်ရှိသော ကြွေးမြီ စုစုပေါင်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များနှင့် စုစုပေါင်း မြီရှင်အရေအတွက်၏ ငါးဆယ်ရာခိုင် နှုန်းထက်ပိုသော မြီရှင်များက စာဖြင့်ရေးသားကန့်ကွက်ခြင်းကို ပုဒ်မ ၁၂၂ အရ ၂၁ ရက်ကျော်သည်အထိ မရရှိခြင်း သို့မဟုတ်

(၃) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အတည်ပြုရန်အတွက် ပုဒ်မ ၁၂၃ အရ မြီရှင်များ အစည်းအဝေးကို ကျင်းပခဲ့ပြီး မြီရှင်အားလုံးရရန်ရှိသော ကြွေးမြီစုစုပေါင်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်း ထက်ပိုသော မြီရှင်များနှင့် စုစုပေါင်းမြီရှင်အရေအတွက်၏ ငါးဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များကို ပြင်ဆင်ရေး ဆွဲထားသည့် အစီအစဉ်အား မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်ခဲ့မှု မရှိခြင်း။

(ခ) အပိုင်း (၆) လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးအကြံပေးသည် မြီရှင်များ၏ ဆုံးဖြတ်ချက်ကို မှတ်ပုံတင်အရာရှိနှင့် နည်းဥပဒေများတွင် ဖော်ပြထားသူများထံသို့ အလုပ်လုပ်ကိုင်ရက် ၂ ရက် အတွင်း အစီရင်ခံ တင်ပြရမည်။

(ဂ) အပိုင်း (၆) လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးအကြံပေးသည် အစည်းအဝေးတွင် မဲပေးခဲ့သည့် မှတ်တမ်းမိတ္တူကို မြီရှင်များက တောင်းခံလာပါက ထုတ်ပေးရမည်။

(ဃ) ပြန်လည်ထူထောင်ရေးအကြံပေးသည် ပုဒ်မခွဲ (ခ) နှင့် (ဂ) ပါ ပြဋ္ဌာန်းချက်များကို ခိုင်လုံသော အကြောင်းမရှိဘဲ လိုက်နာရန်ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်း ထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

(င) ပြန်လည်ထူထောင်ရေးအစီအစဉ်ပါ တရားဝင်စာရွက်စာတမ်းကို ၁၄ ရက် အတွင်း သို့မဟုတ် တရားရုံးက တိုးမြှင့်သတ်မှတ်သည့်ကာလအတွင်း အပိုင်း (၆) လုပ်ငန်းနှင့် အစီအစဉ်ကြီးကြပ်သူတို့က လက်မှတ်ရေးထိုးရမည်။ ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် စတင်အကျိုးသက်ရောက်သည်။

ခန့်အပ်ခြင်းကို အကြောင်းကြားခြင်း

၁၂၆။ (က) ခန့်အပ်ခြင်းခံရသည့် အစီအစဉ်ကြီးကြပ်သူသည်၎င်းအားခန့်အပ်ပြီး အလုပ်လုပ်ကိုင်ရက် ၂ ရက် အတွင်း အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) ၎င်းအား ခန့်အပ်ပြီးကြောင်းကို အပိုင်း (၆) လုပ်ငန်းသို့ အကြောင်းကြားရမည်။ ထို့နောက် နည်းဥပဒေများပါနည်းလမ်းအတိုင်း အများသိစေရန် ကြေညာရမည်၊

(၂) ၎င်းအား ခန့်အပ်ပြီးကြောင်းကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရမည်။ မှတ်ပုံတင် အရာရှိသည် တတ်နိုင်သမျှဆောလျင်စွာ မှတ်ပုံတင် စာရင်းရေးသွင်းရမည်၊

(၃) ၎င်းအား ခန့်အပ်ပြီးကြောင်းကို လိပ်စာသိသမျှသော ကုမ္ပဏီ၏မြီရှင်များထံ အကြောင်းကြား ရမည်။

(ခ) အစီအစဉ်ကြီးကြပ်သူသည် ခိုင်လုံသောအကြောင်းမရှိဘဲ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများ

၁၂၇။ (က) ဤအပိုင်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အပိုင်း (၆) လုပ်ငန်း ပြန်လည် ထူထောင်ရေး အစီအစဉ်သည် အပိုင်း (၆) လုပ်ငန်းနှင့်မြီရှင်များ၊ အစုရှယ်ယာရှင်များအကြား ကျေအေးညှိနှိုင်းချက် ဖြစ်သည်။

(ခ) ဤအပိုင်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အပိုင်း (၆) လုပ်ငန်း ပြန်လည်ထူထောင်ရေး အစီအစဉ်သည် အောက်ပါတို့အပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်-

(၁) ပါဝင်မဲပေးခဲ့ခြင်းမရှိစေကာမူ အစုရှယ်ယာဝင်များ၏ အစုရှယ်ယာ အခွင့်အရေးများ၊

(၂) အစည်းအဝေးကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ၊ အစည်းအဝေးသို့တက်ရောက်ခဲ့သည် ဖြစ်စေ၊ မတက်ရောက်ခဲ့သည်ဖြစ်စေ၊ အစီအစဉ်ကို ထောက်ခံမဲပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မြီရှင်များ၏ အခွင့်အရေးများ။

(ဂ) ပြန်လည်ထူထောင်ရေးအစီအစဉ် စတင်အကျိုးသက်ရောက်သည့်အချိန်တွင် တရားရုံး၌ စာရင်းရှင်းလင်းဖျက်သိမ်းရန် သို့မဟုတ် လူမွဲခံရန်အတွက် သမ္မာန်စာကို ဆိုင်းငံ့ထားလျှင် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းသည့်အမှု သို့မဟုတ် လူမွဲခံသည့်အမှုကို စတင်စွဲဆိုခဲ့ပြီး ပြန်လည် ထူထောင်ရေးအဆင့်တွင် ဆိုင်းငံ့ထားလျှင်-

(၁) အစီအစဉ်ကြီးကြပ်သူသည် စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အမှု သို့မဟုတ် လူမွဲခံသည့်အမှုတွင် ၎င်းအား ခန့်အပ်ကြောင်းကို တင်ပြရမည်၊

(၂) တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း စာရင်းရှင်းလင်း ဖျက်သိမ်းရန် သို့မဟုတ် လူမွဲခံရန် အတွက် လျှောက်လွှာကို ပလပ်ရမည် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းသည့်အမိန့် သို့မဟုတ် လူမွဲခံသည့်အမိန့်ကို ပယ်ဖျက်ရမည်။

အကျိုးသက်ဆိုင်သူများအပေါ် ပြန်လည်ထူထောင်ရေးအစီအစဉ်၏ သက်ရောက်မှု

၁၂၈။ (က) ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ကို မဆန့်ကျင်စေဘဲ ပြန်လည်ထူထောင်ရေးအစီအစဉ်သည် ကယ်ဆယ်ခြင်းအဆင့်စတင်သည့်နေ့တွင်ဖြစ်စေ၊ မစတင်မီဖြစ်စေ ပေါ်ပေါက်ခဲ့သော မြီရှင်များ၏ တောင်းဆိုမှုများအားလုံးအပေါ် စည်းနှောင်အားရှိသည်။

(ခ) ပုဒ်မခွဲ (က) သည် အောက်ပါအချက်တစ်ရပ်ရပ်မှအပ အာမခံအကျိုးခံစားခွင့်ရမြီရှင်များက ၎င်းအာမခံရရှိထားသောပိုင်ဆိုင်မှုကို ထုခွဲရောင်းချခြင်း သို့မဟုတ် အခြားနည်းစီမံခန့်ခွဲခြင်း နှင့်သက်ဆိုင်ခြင်းမရှိစေရ-

(၁) အစီအစဉ်ကို အတည်ပြုရန်အတွက် အာမခံအကျိုးခံစားခွင့်ရ မြီရှင်များက ထောက်ခံမဲပေးခဲ့ပြီး ထိုအစီအစဉ်တွင်လည်း ၎င်းအတွက် ထည့်သွင်းဖော်ပြထားခြင်း၊

(၂) တရားရုံးက ပုဒ်မ ၁၂၉ ပါ ပြဋ္ဌာန်းချက်အတိုင်း အမိန့်ချမှတ်ခဲ့ခြင်း။

(ဂ) ပုဒ်မခွဲ (က) သည် အောက်ပါအချက်တစ်ရပ်ရပ်မှအပ ပိုင်ရှင် သို့မဟုတ် အငှားချထားသူ၏ ပစ္စည်း နှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို ထိခိုက်ခြင်းမရှိစေရ-

(၁) အစီအစဉ်ကို အတည်ပြုရန်အတွက် ပိုင်ရှင် သို့မဟုတ် အငှားချထားသူက ထောက်ခံမဲပေးခဲ့ပြီး ထိုအစီအစဉ်တွင်လည်း ၎င်းအတွက် ထည့်သွင်းဖော်ပြထားခြင်း၊

(၂) တရားရုံးက ပုဒ်မ ၁၂၉ ပါ ပြဋ္ဌာန်းချက်အတိုင်း အမိန့်ချမှတ်ခဲ့ခြင်း။

(ဃ) ပြန်လည်ထူထောင်ရေးအစီအစဉ်သည် အောက်ပါတို့အပေါ်တွင်လည်း စည်းနှောင်အားရှိသည်-

(၁) အပိုင်း (၆) လုပ်ငန်း၊

(၂) အပိုင်း (၆) လုပ်ငန်း၏ သက်ဆိုင်ရာအရာရှိများ၊ ပိုင်ရှင်များနှင့် အစုဝင်များ၊

(၃) ပုဒ်မခွဲ (င) နှင့် မဆန့်ကျင်စေဘဲ အပိုင်း (၆) လုပ်ငန်းသည် ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ။

(င) ပြန်လည်ထူထောင်ရေးအစီအစဉ်သည် အစုရှယ်ယာရှင်များ၏အကျိုးကို ထိခိုက်နစ်နာစေမည့် ရှယ်ယာများညှိနှိုင်းလျော့ပေါ့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုလုပ်ရ။

(စ) ထိုရှယ်ယာများတွင် တန်ဖိုးအလျော့တွက်နုတ်ပြီးနောက် တန်ဖိုးမရှိတော့လျှင် ပုဒ်မခွဲ (င) ၏ ရည်ရွယ်ချက်များအရ ရှယ်ယာများကို ညှိနှိုင်းလျော့ပေါ့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းသည် အစုရှယ်ယာ ရှင်များ၏ အကျိုးကို ထိခိုက်နစ်နာသည်ဟု မှတ်ယူခြင်းမရှိစေရ။

တရားရုံးသည် အာမခံအကျိုးခံစားခွင့်ရမြီရှင်များ သို့မဟုတ် ပိုင်ရှင် သို့မဟုတ် အငှားချထားသူ၏ အခွင့်အရေးများကို ကန့်သတ်နိုင်ခြင်း

၁၂၉။ (က) ပုဒ်မခွဲ (ဂ) နှင့်အညီ တရားရုံးသည် အပိုင်း (၆) လုပ်ငန်း၏ အာမခံ အကျိုးခံစားခွင့်ရ မြီရှင်အပေါ် ပြန်လည်ထူထောင်ရေးအစီအစဉ်အရမှတစ်ပါး ၎င်း၏ အာမခံရအကျိုး ခံစားခွင့်များကို တရားရုံး၏ အမိန့်တွင် ခွင့်ပြုထားခြင်းမှလွဲ၍ ထုခွဲရောင်းချခြင်း သို့မဟုတ် အခြားနည်း စီမံခန့်ခွဲခြင်း မပြုရန်အမိန့်ချ မှတ်နိုင်သည်။

(ခ) ပုဒ်မခွဲ (ဂ) နှင့်အညီ တရားရုံးသည် ပိုင်ရှင် သို့မဟုတ် အငှားချထားသူအပေါ် ပြန်လည် ထူထောင်ရေးအစီအစဉ်အရမှတစ်ပါး အပိုင်း (၆) လုပ်ငန်းက အသုံးပြုနေသော သို့မဟုတ် ဝင်ရောက် နေထိုင်သော သို့မဟုတ် လက်ဝယ်ရယူထားသော ၎င်း၏ ပစ္စည်းကို တရားရုံး၏ အမိန့်တွင် ခွင့်ပြုထားခြင်းမှလွဲ၍ လက်ဝယ်ရယူခြင်း သို့မဟုတ် အခြားနည်းဖြင့် ပြန်လည်ရယူခြင်းမပြုရန် အမိန့်ချမှတ်နိုင်သည်။

(ဂ) တရားရုံးသည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ အမိန့်ချရာတွင် အောက်ပါအချက်များနှင့် ညီညွတ်ကြောင်း ကျေနပ်မှသာလျှင် ထိုအမိန့်ကို ချမှတ်နိုင်သည်-

(၁) ထိုအမိန့်ကို ချမှတ်ခြင်းမပြုပါက အစီအစဉ်၏ ရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် ကြီးမားသောဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ရှိနိုင်ခြင်း၊

(၂) ထိုအမိန့်ပါအချက်အလက်များနှင့် အခြားသက်ဆိုင်သော ကိစ္စရပ်များတွင် အာမခံအကျိုးခံစားခွင့် ရမြီရှင်၊ ပိုင်ရှင် သို့မဟုတ် အငှားချထားသူတို့၏ အကျိုးစီးပွားကို လုံလောက်စွာ အကာအကွယ်ပေးခြင်း။

အစီအစဉ်ကြီးကြပ်သူ၏ အခန်းကဏ္ဍ

၁၃၀။ (က) အစီအစဉ်ကြီးကြပ်သူ၏ အပိုင်း (၆) လုပ်ငန်း၊တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) အစီအစဉ်ချမှတ်ခြင်း၊

(၂) အခန်း (၅) တွင် ပြဋ္ဌာန်းထားသော အစီအစဉ်ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်းဆိုင်ရာ တာဝန်များ။

(ခ) ဤအပိုင်းအရ အစီအစဉ်ကြီးကြပ်သူ ဆောင်ရွက်ရမည့်အပိုင်း (၆) လုပ်ငန်းများတွင် အောက်ပါတို့ ပါဝင်သည်-

(၁) အပိုင်း (၆) လုပ်ငန်း၏အေးဂျင့်အဖြစ် ဆောင်ရွက်ခြင်း၊

(၂) အစီအစဉ်ကို တတ်နိုင်သမျှ ဆောလျင်စွာနှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

တရားရုံးက ညွှန်ကြားနိုင်သည့်အာဏာ

၁၃၁။ (က) အစီအစဉ်ကြီးကြပ်သူသည် ယင်း၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ပေါ်ပေါက်လာသည့် ကိစ္စရပ်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ တရားရုံးမှ ညွှန်ကြားပေးရန် လျှောက်ထား နိုင်သည်။

(ခ) အစီအစဉ်ကြီးကြပ်သူ၊ အပိုင်း (၆) လုပ်ငန်း သို့မဟုတ် ရှယ်ယာဝင် သို့မဟုတ် မြီရှင်သည် အစီအစဉ် အဆင့်တွင်ပေါ်ပေါက်သည့် ပြဿနာကို အဆုံးအဖြတ် ပေးရန်အတွက် တရားရုံးသို့ လျှောက်ထား နိုင်သည်။ တရားရုံးသည် ညွှန်ကြားချက်ပေးရာတွင် သို့မဟုတ် ပြဿနာကို အဆုံးအဖြတ်ပေးရာတွင် တရားမျှတမှုရှိမည်ဟု ထင်မြင်လျှင် သင့်တော်သည့် စည်းကမ်းချက် သတ်မှတ်၍ လျှောက်ထားမှု အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခွင့်ပြုနိုင်သည် သို့မဟုတ် အခြားသင့်သည့် ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်ဆောင်ရွက်နေကြောင်း အသိပေးကြေညာခြင်း

၁၃၂။ (က) ပြန်လည်ထူထောင်ရေး အစီအစဉ်အဆင့်တွင် အပိုင်း (၆) လုပ်ငန်းသည် အောက်ပါကိစ္စရပ် များ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နေကြောင်း ဖော်ပြပါရှိရမည်-

(၁) အပိုင်း (၆) လုပ်ငန်း၊ အပိုင်း (၆) လုပ်ငန်းကိုယ်စား သို့မဟုတ် အစီအစဉ် ကြီးကြပ်သူ၏ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးပို့စာများ သို့မဟုတ် အမှာစာများ၊

(၂) အပိုင်း (၆) လုပ်ငန်း၏ဝက်ဘ်ဆိုက်များ။

(ခ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးပို့စာများ သို့မဟုတ် အမှာစာများ ဆိုသည်မှာ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြသည့် ပုံစံကိုဆိုသည်။

(ဂ) ဤပုဒ်မပါ ဆောင်ရွက်ရန် အချက်များကို လိုက်နာရန် ပျက်ကွက်လျှင် ပျက်ကွက်မှုကို သိလျက်နှင့် ဖြစ်စေ၊ တမင်ဖြစ်စေခွင့်ပြုသည့် အပိုင်း (၆) လုပ်ငန်း၏ အရာရှိနှင့် အပိုင်း (၆) လုပ်ငန်း၏ အစီအစဉ် ကြီးကြပ်သူအား မှတ်ပုံတင်အရာရှိသည် ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေကို တပ်ရိုက်ရမည်။

အစီအစဉ်ကြီးကြပ်သူအား အစားထိုးခြင်း

၁၃၃။ (က) ပုဒ်မ ၁၈၁ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဃ)၊ ပုဒ်မ ၁၈၂ ပုဒ်မခွဲ (ခ) နှင့် (ဂ) နှင့် ပုဒ်မ ၁၈၃ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ စာရင်းရှင်းလင်းဖျက်သိမ်း‌ရေးအရာရှိအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးနေရာလစ်လပ်ခြင်းနှင့် လစ်လပ်သော ရာထူးနေရာတွင် အစားထိုးခန့်ထားခြင်းတို့နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် အပိုင်း (၆) လုပ်ငန်းအစီအစဉ်အဆင့်တွင် အစီအစဉ် ကြီးကြပ်သူ နှင့်စပ်လျဉ်း၍လည်း အသုံးပြုနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ အစီအစဉ်ကြီးကြပ်သူကို ခန့်အပ်ပြီးပါက ၎င်းသည် ထိုသို့ ခန့်အပ်ကြောင်းကို မှတ်ပုံတင်အရာရှိထံသို့ အလုပ်လုပ်ကိုင်ရက် ၂ ရက်အတွင်း အကြောင်းကြားစာပေးပို့ရမည်။

အခန်း (၅) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်း[edit]

မဲခွဲရာတွင် မဲအများစုကို သတ်မှတ်ခြင်း

၁၃၄။ (က) ထပ်ဆင့်မဲအများစု ဆိုသည်မှာ အောက်ဖော်ပြပါနည်းနှစ်မျိုးစလုံးဖြင့် ရရှိသည့် မဲအများစုကို ဆိုလိုသည်-

(၁) အစည်းအဝေးတွင် မဲပေးသူမြီရှင်တို့၏ ကြွေးမြီ စုစုပေါင်းတန်ဖိုး၏ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် ယင်းပမာဏထက်ပိုသော ကြွေးမြီ ပိုင်ဆိုင်သူမြီရှင်များ၊

(၂) အစည်းအဝေးတွင် မဲပေးသူမြီရှင် စုစုပေါင်းအရေအတွက်၏ ငါးဆယ်ရာခိုင်နှုန်း သို့မဟုတ် ယင်းအရေအတွက်ထက်ပိုသောမြီရှင်များ။

(ခ) အုပ်စုတစ်စုတည်းမဲအများစု ဆိုသည်မှာ မဲခွဲရာတွင် ထပ်ဆင့်မဲအများစုတွင် ပါဝင်သော အုပ်စု နှစ်စု အနက် တစ်စုက မဲအများစုရရှိခြင်းကို ဆိုသည်။

ရည်ရွယ်ချက်အောင်မြင်ပါက ပြန်လည်ထူထောင်ရေးအစီအစဉ်ရပ်စဲခြင်း

၁၃၅။ (က) အပိုင်း (၆) လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် ထိုအစီအစဉ်နှင့် သက်ဆိုင်သော အခြားသူများ၏ တာဝန်ဝတ္တရားများအား အပြည့်အဝ ဆောင်ရွက်ပြီးသည့်အပြင် အစီအစဉ်အရ မြီရှင်များ၏ တောင်းဆိုမှုများကို ဆောင်ရွက်ပြီးဖြစ်ပါက အစီအစဉ်ကြီးကြပ်သူသည် ထိုသို့ ဆောင်ရွက်ပြီးဖြစ်၍ အစီအစဉ်အားရပ်စဲကြောင်း ဖော်ပြပါရှိသော အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။

(ခ) အစီအစဉ်ကြီးကြပ်သူသည် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ပြီးပါက ၎င်းအားခန့်အပ်ထားမှုသည် ရပ်စဲပြီးဖြစ်သည်။

(ဂ) အစီအစဉ်ကြီးကြပ်သူသည် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို ခိုင်လုံသောအကြောင်းမရှိဘဲ မှတ်ပုံတင်အရာရှိထံ ပေးပို့ရန်ပျက်ကွက်လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

(ဃ) အစီအစဉ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ပြီးပါက ကုမ္ပဏီမှတ်ပုံတင်ခြင်းမှ အပြီးသတ် ဖျက်သိမ်းမည် သို့မဟုတ် အစုစပ်လုပ်ငန်းကို အပြီးသတ်ဖျက်သိမ်းမည်ဟု အစီအစဉ်တွင် ဖော်ပြပါရှိလျှင် အစီအစဉ်ကြီးကြပ်သူသည် ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်းကို အပြီးသတ်ဖျက်သိမ်းပေးရန် တစ်ချိန်တည်းတွင် လျှောက်ထားရမည်။ ထိုသို့လျှောက်ထားလျှင် ပုဒ်မ ၂၁၂ ပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မခွဲ (က) ပါ အချက်အလက်များနှင့် သက်ဆိုင်စေရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ခြင်း

၁၃၆။ (က) အစီအစဉ်ကြီးကြပ်သူသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပြောင်းလဲပြင်ဆင်ရန်အတွက် အစည်းအဝေး ခေါ်ယူရမည်-

(၁) အပိုင်း (၆) လုပ်ငန်းက တောင်းဆိုသည့်စာကို လက်ခံရရှိခြင်း၊

(၂) အစီအစဉ်ပါစည်းကမ်းချက်များ၏ အဓိကကျသော အကြောင်းအရာများကို ချိုးဖောက်လျက်ရှိသည် သို့မဟုတ် ချိုးဖောက်ရန် အလားအလာရှိသည်ဟု အစီအစဉ်ကြီးကြပ်သူက ထင်မြင်ပြီး အစီအစဉ်ကို ရပ်စဲခြင်းထက် ပြောင်းလဲခြင်းက ပိုမိုအကျိုးရှိနိုင်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပါ အခြေအနေတွင် အစီအစဉ်ကြီးကြပ်သူသည်-

(၁) နည်းဥပဒေများတွင် ဖော်ပြထားသည့်နည်းလမ်းများအတိုင်း မြီရှင်များ၏ အစည်းအဝေးကျင်းပမည့် အကြောင်းကြားစာပေးပို့ရမည်၊

(၂) မြီရှင်များထံပေးပို့သည့်အကြောင်းကြားစာတွင် အစီအစဉ်၌ ပြောင်းလဲပြင်ဆင်လိုသည့် အချက်များ၏ မိတ္တူနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

(ကက) မည်သည့်အတွက်ကြောင့် ထိုသို့ပြောင်းလဲပြင်ဆင်ကြောင်း ရှင်းလင်းချက်၊

(ခခ) မြီရှင်များသည် ပြောင်းလဲမှုကို ထောက်ခံသင့်သည်၊ ကန့်ကွက်သင့်သည် သို့မဟုတ် အစီအစဉ်ကို ရပ်စဲသင့်သည်ဟု အစီအစဉ်ကြီးကြပ်သူ၏ ထင်မြင်ချက်၊

(ဂဂ) အစီအစဉ်ကြီးကြပ်သူက ထိုသို့ယူဆရသည့် အကြောင်းအရင်း၊

(ဃဃ) အဆိုပြုထားသည့်ပြောင်းလဲမှုသည် အပိုင်း (၆) လုပ်ငန်း၏ တွဲဖက်လုပ်ကိုင်သူကို အကျိုးပြုနိုင်ခြင်း ရှိ မရှိ ဖော်ပြချက်။

(ဂ) နည်းလမ်းတကျကျင်းပသည့် မြီရှင်များအစည်းအဝေးတွင် ထပ်ဆင့်မဲ အများစုရရှိပါက ပြန်လည် ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်မှုသည် အတည်ဖြစ်စေရမည်။

(ဃ) မဲခွဲရာတွင် ထပ်ဆင့်မဲအများစုဖြင့် ဆုံးဖြတ်ခြင်းမပြုနိုင်ဘဲ အုပ်စုတစ်စုတည်း မဲအများစုရရှိပါက အစီအစဉ်ကြီးကြပ်သူသည် အဆုံးအဖြတ်ပေးမည်မဲကို ပေးပိုင်ခွင့်ရှိသည်။ ထိုမဲသည် အစီအစဉ် ပြောင်းလဲပြင်ဆင်မှုအတွက် ထောက်ခံမဲပေးပါက ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ပြီးဖြစ်သည် မှတ်ယူရမည်။

(င) ပြောင်းလဲပြင်ဆင်မှုအတွက် အဆုံးအဖြတ်မပြုနိုင်လျှင် အစည်းအဝေး သဘာပတိသည် အစီအစဉ် ကို ရပ်စဲရန် ထပ်မံမဲခွဲဆုံးဖြတ်ရမည်။

(စ) ပြန်လည်ထူထောင်ရေးအစီအစဉ်ကိုရပ်စဲရန် ထပ်ဆင့်မဲအများစုရရှိပါက ရပ်စဲမှုသည် အတည် ဖြစ်စေရမည်။

(ဆ) မဲခွဲရာတွင် ထပ်ဆင့်မဲအများစုဖြင့် ဆုံးဖြတ်ခြင်းမပြုနိုင်ဘဲ အုပ်စုတစ်စုတည်း မဲအများစုရရှိပါက အစီအစဉ်ကြီးကြပ်သူသည် အဆုံးအဖြတ်ပေးမည့်မဲကို ပေးပိုင်ခွင့်ရှိသည်။ ထိုမဲသည် အစီအစဉ် ရပ်စဲရန် အတွက် ထောက်ခံမဲပေးပါက ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဇ) အစီအစဉ်ရပ်စဲရန် အတည်မပြုနိုင်ပါက အပိုင်း (၆) လုပ်ငန်းသည် အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး ဤအစည်းအဝေးသည် မူလအစီအစဉ်အပေါ် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိဟု မှတ်ယူရမည်။ သို့ရာတွင် ပုဒ်မ ၁၃၈ အရ လျှောက်ထားလာလျှင် တရားရုံးသည် အစီအစဉ်ကို ရပ်စဲသင့်သည်ဟု ယူဆပါက ရပ်စဲရန် အခွင့်အရေးသည် ဆက်လက်တည်ရှိ နေရမည်။

(ဈ) အစီအစဉ်ရပ်စဲရန်ဆုံးဖြတ်ခဲ့ပါက အပိုင်း (၆) လုပ်ငန်းသည် ပုဒ်မ ၁၃၉ နှင့် အညီ သက်ဆိုင်ရာ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်းကို ချက်ချင်းဆောင်ရွက်ရမည်။

(ည) ဤပုဒ်မအရ မြီရှင်များအစည်းအဝေးကျင်းပပြီး အလုပ်လုပ်ကိုင်ရက် ၂ ရက်အတွင်း အစီအစဉ် ကြီးကြပ်သူသည် အစည်းအဝေးဆုံးဖြတ်ချက်နှင့် မဲရလဒ်ကို မှတ်ပုံတင်အရာရှိနှင့် နည်းဥပဒေများဖြင့် သတ်မှတ်ဖော်ပြထားသည့် ပုဂ္ဂိုလ်များထံသို့ ပေးပို့ရမည်။

(ဋ) အစီအစဉ်ကြီးကြပ်သူသည်ပုဒ်မခွဲ (ည) ပါ ပြဋ္ဌာန်းချက်ကို ခိုင်လုံသော အကြောင်းမရှိဘဲ လိုက်နာရန်ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

(ဌ) ဤပုဒ်မအရ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ပြောင်းလဲပြင်ဆင်ခဲ့လျှင် အပိုင်း (၆) လုပ်ငန်း၏ မြီရှင်တစ်ဦးသည် ထိုသို့ပြောင်းလဲပြင်ဆင်ခြင်းကို ပယ်ဖျက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် တရားမျှတမှုရှိစေရန်အလို့ငှာ ထိုပြောင်းလဲပြင်ဆင်ချက်အားလုံးကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ပယ်ဖျက်နိုင်သည် သို့မဟုတ် အတည်ပြုနိုင်သည်။

ရည်ရွယ်ချက်မအောင်မြင်သဖြင့် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို မြီရှင်များက ရပ်စဲခြင်း

၁၃၇။ (က) အစီအစဉ်ကို ချိုးဖောက်ခဲ့ပြီး ပုဒ်မ ၁၃၆၊ ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရန် လည်းပျက်ကွက်သည့်အပြင် ချိုးဖောက်မှုကို ကုစားမှုမပြုလုပ်ခဲ့လျှင် အစီအစဉ် ကြီးကြပ်သူသည် အောက်ပါအချက်တစ်ရပ်ရပ်အရ မြီရှင်များအစည်းအဝေးကို ခေါ်ယူကျင်းပရမည်-

(၁) အစီအစဉ်ကြီးကြပ်သူက ချိုးဖောက်မှုသည် အရေးပါသော ချိုးဖောက်မှုဟု ယူဆပြီး ထိုချိုးဖောက်မှုကို ကုစားရန်အတွက် ခွင့်ပြုထားသည့် အချိန်ကာလတစ်ရပ်ကုန်ဆုံးသွားခြင်း၊

(၂) စုစုပေါင်းမြီရှင်အရေအတွက်၏ တစ်ဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များကဖြစ်စေ၊ မြီရှင်တို့၏ ကြွေးမြီ စုစုပေါင်းတန်ဖိုး၏ တစ်ဆယ်ရာခိုင်နှုန်းထက်ပိုသော မြီရှင်များကဖြစ်စေ အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုခြင်း။

(ခ) အစည်းအဝေးကို နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကျင်းပရမည်ဖြစ်ပြီး အစည်းအဝေးသဘာပတိက ပြန်လည်ထူထောင်ရေးအစီအစဉ်ရပ်စဲရန် မဲခွဲဆုံးဖြတ်ရမည်။

(ဂ) ဆုံးဖြတ်ချက်အတည်ဖြစ်ရန် လိုအပ်သောမဲအများစုအရေအတွက်သည် ပုဒ်မ ၁၃၆၊ ပုဒ်မခွဲ(စ) နှင့် (ဆ) ပါ ပြဋ္ဌာန်းချက်များအတိုင်းဖြစ်သည်။

(ဃ) အကြောင်းကြားစာပေးပို့ခြင်းကို ပုဒ်မ ၁၃၆ ပုဒ်မခွဲ (ည) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် ရမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ် မအောင်မြင်သဖြင့် သို့မဟုတ် လုပ်ငန်းစဉ်ကို အလွဲသုံးသဖြင့် တရားရုံးက ရပ်စဲခြင်း

၁၃၈။ (က) ဤပုဒ်မသည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့်သက်ဆိုင်စေရမည်-

(၁) အစီအစဉ်ကို ချမှတ်ရန် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန် မဲခွဲစဉ်က အပိုင်း (၆) လုပ်ငန်း၏ စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ သို့မဟုတ် ဘဏ္ဍာရေးအခြေအနေ တို့နှင့် သက်ဆိုင်သည့် အရေးပါသော အချက်အလက်များကို မြီရှင်များထံ ပေးပို့ရာတွင် မှားယွင်း၍ဖြစ်စေ၊လွဲမှားစေရန် ရည်ရွယ်၍ဖြစ်စေ ဆုံးဖြတ်ရန် အရေးပါသည့် အချက်အလက်ကို ထိမ်ချန်ခြင်း၊

(၂) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စတင်ရန် မြီရှင်များအစည်းအဝေးတွင် ဆုံးဖြတ်စဉ်က ကြီးလေးသောဆန့်ကျင်ဆောင်ရွက်မှု ပြုလုပ်ခြင်း၊

(၃) ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စတင်ရန်ဆုံးဖြတ်ခဲ့စဉ်က အပိုင်း (၆) လုပ်ငန်း၏ တွဲဖက်လုပ်ကိုင်သူများ၏ ဆက်နွယ်နေသူများက ပါဝင်မဲပေးခဲ့ခြင်းကြောင့်သာ အတည် ဖြစ်ခဲ့ခြင်း၊

(၄) စာချုပ်ပါစည်းကမ်းချက်တစ်ချက် သို့မဟုတ် တစ်ချက်ထက်ပိုသော အချက်များသည် မြီရှင်တစ်ဦး သို့မဟုတ် အများကို မမျှမတဘက်လိုက်ခြင်း သို့မဟုတ် မမျှမတအဆင့်အတန်းခွဲခြားခြင်း သို့မဟုတ် အပိုင်း (၆) လုပ်ငန်းမြီရှင်အားလုံး၏ အကျိုးကို ဆန့်ကျင်နေခြင်း၊

(၅) လိုက်နာရန်တာဝန်ရှိသူ တစ်ဦးတစ်ယောက်က အစီအစဉ်ကို ကြီးမားစွာ ဆန့်ကျင်ဆောင်ရွက်ခြင်း၊

(၆) မသင့်လျော်သော နှောင့်နှေးကြန့်ကြာမှု သို့မဟုတ် မတရားမှုမဖြစ်စေဘဲ ပြန်လည်ထူထောင်ရေး အစီအစဉ်အား အကောင်အထည်ဖော်ရန် မဖြစ်နိုင်ခြင်း၊

(၇) အစီအစဉ် ကြီးကြပ်သူသည် ပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် ၎င်း၏ တာဝန်များကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊

(၈) အပိုင်း (၆) လုပ်ငန်းသည် ဤဥပဒေအရ သတ်မှတ်ထားသည့် အရည်အချင်း မပြည့်မီသည့် အပိုင်း (၆) လုပ်ငန်းဖြစ်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပါ အခြေအနေတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော အခြေအနေများအရ အစီအစဉ်ကြီးကြပ်သူ သို့မဟုတ် အကျိုးသက်ဆိုင်သူ မည်သူမဆို အစီအစဉ်ကို ရပ်စဲပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ဂ) ပုဒ်မခွဲ (ဃ) ပါ အခြေအနေမှလွဲ၍ အပိုင်း (၆) လုပ်ငန်း၏အစီအစဉ် ရပ်စဲခြင်းသည် ထိုအစီအစဉ်အရ ယခင်ဆောင်ရွက်ခဲ့မှုများကို မထိခိုက်စေရ။

(ဃ) တရားရုံးက အစီအစဉ်တစ်စုံတစ်ရာ ရပ်စဲကြောင်း အမိန့်ချမှတ်သည့်အခါ အစီအစဉ်အရ ရရှိထားသော အကျိုးအမြတ်များကို ပြောင်းလဲပြင်ဆင်ရန်လိုအပ်သည်ဟု ထင်မြင်လျှင် အောက်ပါပုဂ္ဂိုလ် များအပေါ် နောက်ဆက်တွဲ အမိန့်များလည်း ချမှတ်နိုင်သည်-

(၁) အစီအစဉ်ကိုဖြစ်စေ၊ အစီအစဉ်အရ ချုပ်ဆိုသည့် ပဋိညာဉ်ကိုဖြစ်စေ ချိုးဖောက်သူ၊

(၂) အပိုင်း (၆) လုပ်ငန်း၏ တွဲဖက်လုပ်ကိုင်သူနှင့် ပတ်သက်သူ။

(င) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁)၊ (၂)၊ (၃) နှင့် (၄) တို့အရ လျှောက်ထားလိုလျှင် တရားရုံးက ခိုင်လုံသော အကြောင်းရှိသည်ဟု ယူဆသည်မှအပ မြီရှင်များက အစီအစဉ်ကို စတင်ရန် ဆုံးဖြတ်သည့်နေ့မှ ၂၈ ရက်အတွင်း လျှောက်ထားရမည်။

အခန်း (၆) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းခြင်း[edit]

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းသည့်အခြေအနေ

၁၃၉။ (က) အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် အပိုင်း (၆) လုပ်ငန်းသည် ကုမ္ပဏီဖြစ်ပါက မြီရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းမည်ဖြစ်ပြီး တစ်ဦး တစ်ယောက်ပိုင်လုပ်ငန်းဖြစ်ပါက တရားရုံးသည် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပြီး ယုံမှတ် အပ်နှံခြင်း ခံရသူကို ခန့်အပ်ရမည်-

(၁) မြီရှင်များသည် ပုဒ်မ ၁၃၆ နှင့်၁၃၇ တို့အရ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ရပ်စဲရန် ဆုံးဖြတ် ခဲ့ခြင်း၊

(၂) မြီရှင်များမှ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စတင်နိုင်ခြင်းမရှိဘဲ အပိုင်း (၆) လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပြီးဆုံးခြင်း သို့မဟုတ် ပုဒ်မ ၁၂၅၊ ပုဒ်မခွဲ (င) တွင် သတ်မှတ်ထား သည့် အချိန်အတွင်း ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှု မရှိခဲ့ခြင်း၊

(၃) ပုဒ်မ ၁၂၃ အရ ပြုလုပ်သည့်အစည်းအဝေးတွင် မြီရှင်များက အပိုင်း (၆) လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရပ်စဲရန် ဆုံးဖြတ်ခြင်း၊

(၄) ပုဒ်မ ၁၃၈ အရ တရားရုံးက ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရပ်စဲမည်ဟု ဆုံးဖြတ်ခဲ့ခြင်း၊

(၅) ပုဒ်မ ၁၁၂ ပုဒ်မခွဲ (ဃ) ပါ အခြေအနေများ ပေါ်ပေါက်ခဲ့ပြီး အပိုင်း (၆) လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးအကြံပေးက အဆိုပါ အခြေအနေများကို ပြင်ဆင်ရန် ယင်းလုပ်ငန်းသို့ စာဖြင့်ရေးသား အကြောင်းကြားခဲ့သော်လည်း အကြောင်းကြားစာရရှိသည့် နေ့မှ ၁၄ ရက် အတွင်း ပြင်ဆင်ခဲ့မှု မရှိခြင်း။

(ခ) ကူးပြောင်းသည့်အချိန်အထိ အောက်ပါအခြေအနေတစ်ရပ်ရပ် မပေါ်ပေါက်လျှင် ဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်းသို့ မကူးပြောင်းမီအချိန်အထိ ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေး အကြံပေး သို့မဟုတ် အစီအစဉ်ကြီးကြပ်သူအဖြစ် ဆောင်ရွက်ခဲ့သည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင် သူသည် အပိုင်း (၆) လုပ်ငန်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယုံမှတ်အပ်နှံခြင်း ခံရသူအဖြစ် ဆက်လက်ဆောင်ရွက်ရမည်-

(၁) မြီရှင်များက အခြားလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်အပ်ထားမှု မရှိခြင်း၊

(၂) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူသည် ၎င်းအား ခန့်အပ်သည်ကို စာဖြင့် ရေးသားသဘောတူညီမှု မရှိခြင်း။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူသည် ကူးပြောင်းပြီးနောက် အလုပ်လုပ်ကိုင် ရက် ၅ ရက်အတွင်း မှတ်ပုံတင်အရာရှိထံသို့ ထိုသို့ ကူးပြောင်းကြောင်းကို စာဖြင့်ရေးသားအကြောင်းကြားရမည်။ ထို့အပြင် အဆိုပါအကြောင်းကြားစာကို နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်ကာလအတွင်း သတ်မှတ်ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတိုင်း အများသိ စေရန် ထုတ်ပြန်ကြေညာရမည်။

(ဃ) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် သို့မဟုတ် ပြန်လည်ထူထောင်ရေး အစီအစဉ်အား ဆောင်ရွက် နေသော အပိုင်း (၆) လုပ်ငန်းအနေဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်းသို့ ကူးပြောင်းနိုင်သော အခြားအခြေအနေများကိုလည်း နည်းဥပဒေများတွင် သတ်မှတ်ဖော်ပြနိုင်သည်။

အခန်း (၇) မှတ်ပုံတင်ထားသောအပိုင်း (၆) လုပ်ငန်းများကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်း[edit]

အပိုင်း (၆) လုပ်ငန်းများကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသည် အပိုင်း (၇) နှင့် သက်ဆိုင်ခြင်း

၁၄၀။ ဤအခန်းတွင် ဖော်ပြပါရှိသည်မှအပ အပိုင်း (၇)ပါ ပြဋ္ဌာန်းချက်များသည် မှတ်ပုံတင် ထားသောအပိုင်း (၆) လုပ်ငန်းများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်စေရမည်။

လျှောက်ထားခြင်း နှင့် လျှောက်လွှာအတွက် အခွန်အခများ

၁၄၁။ မှတ်ပုံတင်ထားသော အပိုင်း (၆) လုပ်ငန်းကို တရားရုံးသို့ လျှောက်ထားခြင်း သို့မဟုတ် မှတ်ပုံတင် အရာရှိထံသို့ စာရွက်စာတမ်းများ မှတ်ပုံတင်ရန်လျှောက်ထားခြင်းသည် ယင်းလုပ်ငန်းများကို စာရင်းရှင်း လင်းဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်းဖြစ်လျှင် နည်းဥပဒေများအရ ပေးသွင်းရမည့်အခွန်အခ၏ ငါးဆယ်ရာခိုင်နှုန်းကို ပေးသွင်းရမည်။

သက်သေအထောက်အထားနှင့် တောင်းဆိုချက်၏ ဦးစားပေးအစီအစဉ်

၁၄၂။ မှတ်ပုံတင်ထားသော အပိုင်း (၆) လုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းစဉ် ယင်းလုပ်ငန်း၏ တွဲဖက်လုပ်ကိုင်သူနှင့် ပတ်သက်သူ၏ သက်သေထင်ရှားပြီးဖြစ်သော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှု သည် အာမခံ အကျိုးခံစားခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဦးစားပေးခံရသည်ဖြစ်စေ၊ မခံရသည် ဖြစ်စေ မြီရှင်အားလုံး၏ ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတို့နှင့် ယှဉ်လာပါက မြီရှင်အားလုံး၏ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုကို ဦးစားပေးရမည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပေးချေနိုင်စွမ်းမရှိသောကုန်ကျစရိတ်များကို ကျခံရန် တာဝန်မရှိခြင်း

၁၄၃။ (က) အပိုင်း (၆) လုပ်ငန်းကို စာရင်းရှင်းလင်းဖျက်သိမ်းသည့် ကုန်ကျစရိတ်များအတွက် လုပ်ငန်းတွင် လုံလောက်သောပိုင်ဆိုင်မှုမရှိပါက ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသော အပိုင်း (၆) လုပ်ငန်း၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ထိုကုန်ကျစရိတ်များကို ကျခံရန်တာဝန်မရှိစေရ။

(ခ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များကို ကန့်သတ်ခြင်းမရှိစေဘဲ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော အပိုင်း (၆) လုပ်ငန်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်မရှိစေရ-

(၁) ပုဒ်မ ၁၇၈ တွင် ပြဋ္ဌာန်းထားသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက စုံစမ်းစစ်ဆေးရန် တာဝန်ဝတ္တရားများကို ဆောင်ရွက်ခြင်း၊

(၂) အပိုင်း (၇)၊ အခန်း (၈) တွင် ပြဋ္ဌာန်းထားသည့် ၎င်းကိုယ်တိုင် သို့မဟုတ် ကုမ္ပဏီက ဆောင်ရွက်နိုင် သော စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် တောင်းဆိုမှု သို့မဟုတ် ဆောင်ရွက်မှုတစ်စုံ တစ်ရာကို ဆောင်ရွက်ခြင်း (စာရင်းရှင်းလင်းဖျက်သိမ်းစဉ် ကာလနှင့်ယင်းမတိုင်မီ အလွဲသုံးစားပြုခြင်း၊ ကုမ္ပဏီများနှင့် ကုမ္ပဏီအရာရှိများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆို အရေးယူခြင်း)၊

(ဂ) အပိုင်း (၆) လုပ်ငန်း၏မြီရှင် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ လျှောက်ထားချက်အရ တရားရုံးသည် သင့်သည်ထင်မြင်လျှင် မြီရှင် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများက စာရင်းရှင်းလင်း ဖျက်သိမ်းရာတွင် ကုန်ကျခဲ့သည့် သီးခြားစရိတ်ကို မြီရှင် သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများက ပြန်လည်ပေးဆပ်ရမည်ဆိုသည့် စည်းကမ်းချက်ဖြင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိက စိုက်ထုတ်ကျခံပေးစေရန် အမိန့်ချမှတ်နိုင်သည် သို့မဟုတ် ညွှန်ကြားနိုင်သည်။

(ဃ) ဤပုဒ်မသည် ဤဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မှတ်ပုံတင်အရာရှိထံသို့ စာရွက်စာတမ်းများ တင်သွင်းရမည့်တာဝန်ကို ဆောင်ရွက်ခြင်းကြောင့် ကျခံရသည့် ကုန်ကျစရိတ် များကို ကင်းလွတ်ခွင့်ပြုသည်ဟု မမှတ်ယူရ။

ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသောအပိုင်း (၆) လုပ်ငန်းများကို ဆောလျင်စွာ ဖျက်သိမ်းခြင်း

၁၄၄။ (က) ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသော အပိုင်း (၆) လုပ်ငန်းအတွက် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ကုမ္ပဏီတွင် မြီရှင်များအား ခွဲဝေပေးရန်အတွက် ပစ္စည်းတစ်စုံတစ်ရာမရှိကြောင်းတွေ့ရှိလျှင် ထိုသို့တွေ့ရှိကြောင်းကို နည်းဥပဒေများပါပုံစံဖြင့် မှတ်ပုံတင် အရာရှိထံသို့ အကြောင်းကြားရမည်။

(ခ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) အရ ပေးပို့သည့်အကြောင်းကြားစာကို လက်ခံရရှိသည့်အခါ မှတ်ပုံတင်စာရင်း ရေးသွင်းရမည်။

(ဂ) ပုဒ်မခွဲ(က) အရ အကြောင်းကြားစာ မပေးပို့မီ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ထိုသို့ပေးပို့မည်ကို အလုပ်လုပ်ကိုင်ရက် ၅ ရက် ကြိုတင်၍ နေရပ်လိပ်စာသိရှိသော အပိုင်း (၆) လုပ်ငန်း၏ မြီရှင်အားလုံးထံသို့ အသိပေးရမည်။

(ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရန် ကုန်ကျမည့်ကုန်ကျစရိတ်များသည် အပိုင်း (၆) လုပ်ငန်း၏ ပိုင်ဆိုင်မှု ထက်ကျော်လွန်နေသည့်တိုင် လုပ်ငန်း၏မြီရှင်မှ ယင်းကုန်ကျစရိတ်ကို ပေးချေရန် တာဝန်ယူလျှင် ၎င်းမြီရှင် သို့မဟုတ် အပိုင်း (၆) လုပ်ငန်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လုပ်ငန်းအား ဆောလျင်စွာ ဖျက်သိမ်းခြင်းမပြုရန် လျှောက်ထားလာသည့်အခါ တရားရုံးသည် ပုဒ်မခွဲ (က) ပါ အကြောင်းကြားစာ အားပေးပို့ခြင်းမပြုရန် အမိန့်ချမှတ်နိုင်သည်။

(င) တရားရုံးသည် အခြားနည်းအမိန့်မချမှတ်လျှင် ပုဒ်မခွဲ (က) အရ ပေးပို့သည့် အကြောင်းကြားစာကို မှတ်ပုံတင်စာရင်းရေးသွင်းသည့်နေ့မှ သုံးလပြည့်မြောက်သည့်နေ့တွင် ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသော လုပ်ငန်းကို ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(စ) ပုဒ်မခွဲ (င) ပါ သက်တမ်းကုန်ဆုံးသွားသည့်တိုင် အပိုင်း (၆) လုပ်ငန်း၏ မြီရှင် သို့မဟုတ် အကျိုးသက်ဆိုင်သူတစ်ဦးဦးမှ လျှောက်ထားလာပါက တရားရုံးသည် ယင်းလုပ်ငန်းအား မူလအတိုင်း မှတ်ပုံတင်ထားရှိစေရန် မှတ်ပုံတင်အရာရှိအား ညွှန်ကြားနိုင်သည်။

အပိုင်း (၇) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း[edit]

အခန်း (၁) ကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီများအားဖျက်သိမ်းခြင်း[edit]

ဤအပိုင်းနှင့် သက်ဆိုင်ခြင်း

၁၄၅။ (က) ဤအပိုင်းပါပြဋ္ဌာန်းချက်များသည် အောက်ပါအဖွဲ့အစည်းများ စာရင်းရှင်းလင်း ဖျက်သိမ်း ခြင်းနှင့် သက်ဆိုင်စေရမည်-

(၁) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊

(၂) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃ အရ မှတ်ပုံတင်ထားသော အဖွဲ့အစည်း၊

(၃) အခန်း (၁၀) တွင် ဖော်ပြပါရှိပြီး အခန်း (၁၀) အရ အကျုံးဝင်သည့် အဖွဲ့အစည်းများ။

(ခ) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့်ကုမ္ပဏီတစ်ခုအား အောက်ပါနည်းလမ်း တစ်ရပ်ရပ်ဖြင့် ဖျက်သိမ်းနိုင်သည်-

(၁) ဆန္ဒအလျောက်ဖျက်သိမ်းခြင်း သို့မဟုတ်

(၂) တရားရုံးက ဖျက်သိမ်းခြင်း။

ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ်များကို ဦးစားပေးခြင်း

၁၄၆။ ကုမ္ပဏီတစ်ခုသည် ဤဥပဒေ၏အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရ ပြုလုပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအား လုပ်ဆောင်နေလျှင် ထိုအပိုင်းများအရ ခွင့်ပြုထားသည်မှ တစ်ပါးမိမိဆန္ဒအလျောက်ဖြစ်စေ၊ တရားရုံး၏ အမိန့်အရဖြစ်စေ မည်သည့်ဖျက်သိမ်းခြင်းကိုမျှ စတင်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်း မပြုရ။

ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းနိုင်သည့်အခြေအနေများ

၁၄၇။ (က) အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်တွင် ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်း နိုင်သည်-

(၁) ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ ကုမ္ပဏီ၏ သက်တမ်းအတွက် သတ်မှတ်ထားသည့် ကာလကုန် ဆုံးခြင်း သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ကုမ္ပဏီကို ဖျက်သိမ်းနိုင်သည်ဟု ဖော်ပြထားသည့် အခြေအနေတစ်ရပ်ရပ်ဖြစ်ပေါ်ခဲ့ခြင်း၊ ထို့အပြင် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း၊

(၂) ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းမည်ဖြစ်ကြောင်းကို ကုမ္ပဏီက အထူးဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း၊

(၃) အပိုင်း (၅) နှင့် အပိုင်း (၆) တို့တွင် ဖော်ပြထားသော အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်း။

(ခ) ဤအပိုင်းတွင် ဆန္ဒအလျောက်ဖျက်သိမ်းရန်ဆုံးဖြတ်ချက် ဆိုသည်မှာ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) နှင့်အညီ ချမှတ်သော ဆုံးဖြတ်ချက်ကို ဆိုသည်။

ကုမ္ပဏီတွင်ပါဝင်သူများနှင့် မြီရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကို ခွဲခြားခြင်း

၁၄၈။ ပုဒ်မ ၁၅၁ အရ ဒါရိုက်တာများ၏ ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်ကို ပြုလုပ်၍ ဖျက်သိမ်းလျှင် ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဖြစ်ပြီး အဆိုပါ ကြေညာချက်ကို ပြုလုပ်ခြင်းမရှိလျှင် မြီရှင်များဆန္ဒအလျောက်ဖျက်သိမ်းခြင်းဖြစ်သည်။

ဆန္ဒအလျောက်ဖျက်သိမ်းခြင်းမှ တရားရုံးက ဖျက်သိမ်းခြင်းအဖြစ်သို့ ပြောင်းလဲခြင်း

၁၄၉။ ကုမ္ပဏီသည် ဆန္ဒအလျောက်ဖျက်သိမ်းခြင်းပြုရုံမျှဖြင့် မြီရှင် သို့မဟုတ် ကြွေးမြီဆပ်ရန် တာဝန်ရှိ သူ၏ တရားရုံးကဖျက်သိမ်းပေးရန် လျှောက်ထားခွင့် အခွင့်အရေးကို ပိတ်ပင်ခြင်း မရှိစေရ။ ထိုအခွင့်အရေးအရ ကြွေးမြီဆပ်ရန် တာဝန်ရှိသူတစ်ဦးမှ လျှောက်ထားလာလျှင် ဆန္ဒအလျောက် ဖျက်သိမ်းခြင်းဖြင့် ၎င်းအား နစ်နာစေလိမ့်မည်ဟု တရားရုံးက ယုံကြည်ပါက ဆန္ဒအလျောက် ဖျက်သိမ်းခြင်းမှ တရားရုံးက ဖျက်သိမ်းခြင်းအဖြစ်သို့ ပြောင်းလဲနိုင်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်သည့်အချိန်

၁၅၀။ အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်သည်ဟု မှတ်ယူရမည်-

(က) ဆန္ဒအလျောက် ဖျက်သိမ်းခြင်းဖြစ်ပါက ထိုဖျက်သိမ်းရန် ဆုံးဖြတ်ချက် ချမှတ်သည့် အချိန်၊

(ခ) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှ ဖျက်သိမ်းခြင်းသို့ ကူးပြောင်းသွားခြင်းဖြစ်ပါက ထိုပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ် စတင်သည့်အချိန်၊

(ဂ) တရားရုံး၏အမိန့်အရ ဖျက်သိမ်းခြင်းဖြစ်လျှင်-

(၁) ဆန္ဒအလျောက်ဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေချိန်တွင် အမိန့်ချမှတ်ခြင်းဖြစ်ပါက ထိုသို့ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို ချမှတ်သည့်အချိန် သို့မဟုတ်

(၂) ကုမ္ပဏီအား ဖျက်သိမ်းရန်လျှောက်လွှာကို စတင်တင်သွင်းသည့်အချိန်။

အခန်း (၂) ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း[edit]

ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်

၁၅၁။ (က) ပုဒ်မ ၁၄၇ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) ပါ အခြေအနေတို့အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းပြုရန် အဆိုပြုသည့်အခါ ဒါရိုက်တာများ အစည်းအဝေးတွင် ဒါရိုက်တာ အများစုသည် ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝစုံစမ်းခဲ့ပြီးကုမ္ပဏီသည် ဖျက်သိမ်းမှု စတင်ပြီးချိန်မှ တစ်နှစ်ထက် မကျော်သည့်ကာလအတွင်း ယင်း၏ကြွေးမြီကို အတိုးနှင့်တကွ ပေးချေနိုင်လိမ့်မည်ဟု ထင်မြင်ယူဆလျှင် ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်ကို ပြုလုပ်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ဒါရိုက်တာများ၏ ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်သည် အောက်ပါ အခြေအနေများတွင် အကျိုးသက်ရောက်မှုမရှိစေရ-

(၁) ဖျက်သိမ်းမှုအတွက် ဆုံးဖြတ်ချက်ချမှတ်သည့် ရက်မတိုင်မီ (၃) ပတ်အတွင်း ယင်းကြေညာချက်ကို မပြုလုပ်ခဲ့ခြင်း၊

(၂) ကြေညာချက်မပြုလုပ်မီ နောက်ဆုံးရက်အထိ ကုမ္ပဏီပိုင်ပစ္စည်းများနှင့် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ရမည့်အချက်များ ပါဝင်သော ထုတ်ပြန်ချက် မပြုလုပ်ခဲ့ခြင်း။

(ဂ) အများပိုင်ကုမ္ပဏီ သို့မဟုတ် ယင်းအများပိုင်ကုမ္ပဏီကသာ ပိုင်ဆိုင်သော လက်အောက်ခံ ကုမ္ပဏီဖြစ်ပါက ပုဒ်မခွဲ (ခ) အရ ဒါရိုက်တာများ၏ ကြေညာချက်ကို ယင်းကုမ္ပဏီမှ စာရင်းစစ်များ၏ ထောက်ခံသည့် အစီရင်ခံစာဖြင့် ပူးတွဲတင်ပြရမည်။

(ဃ) ထိုကြေညာချက်ကို မှတ်ပုံတင်အရာရှိထံ ပေးပို့ရမည်။

(င) ဒါရိုက်တာတစ်ဦးသည် ကုမ္ပဏီက ယင်း၏ ကြွေးမြီကို အတိုးနှင့်တကွ သတ်မှတ်သည့် အချိန်ကာလ တွင် အပြည့်အဝပေးချေနိုင်လိမ့်မည်ဟု ယူဆရန် အကြောင်းမရှိဘဲ ဤပုဒ်မအရ ကြေညာချက် ပြုလုပ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ် တစ်ဆယ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

(စ) အခြားသော ဆန့်ကျင်ဘက်သက်သေခံအထောက်အထား ပေါ်ပေါက်ခဲ့လျှင်မှအပ ကြွေးမြီ ပေးချေနိုင်ကြောင်း ကြေညာချက်ပြုလုပ်သည့်နေ့မှ ၂၁ ရက်အတွင်း ချမှတ်သည့် ဆုံးဖြတ်ချက်အရ ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းပြုပြီး ယင်း၏ ကြွေးမြီနှင့်အတိုးကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အပြည့်အဝပေးချေခြင်း သို့မဟုတ် ပေးချေရန်လျာထားခြင်း မရှိလျှင် ဒါရိုက်တာ၏ ထင်မြင်ယူဆချက်သည် ယုံကြည်ရန် အကြောင်းမရှိဟု မှတ်ယူရမည်။

(ဆ) တာဝန်ရှိသူအရာရှိသည် ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာချက်ကို နည်းဥပဒေများအရ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း မှတ်ပုံတင်အရာရှိထံ ပေးပို့ရန် ပျက်ကွက်လျှင် မှတ်ပုံတင် အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ခြင်း

၁၅၂။ (က) ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းပြုရာတွင် ကုမ္ပဏီဖျက်သိမ်းခြင်း ဆောင်ရွက်ရန်နှင့် ကုမ္ပဏီပိုင်ပစ္စည်းများခွဲဝေရန်အတွက် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၌ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောစာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိများကို ခန့်အပ်ရမည်။

(ခ) ခန့်အပ်ခံရသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ၎င်းအား ခန့်အပ်ခြင်းကို သဘောတူညီကြောင်း စာဖြင့်ရေးသားတင်ပြရမည်။

ကုမ္ပဏီက ကြွေးမြီမပေးဆပ်နိုင်ခြင်း၏ အကျိုးသက်ရောက်မှုများ

၁၅၃။ (က) ပုဒ်မ ၁၅၁ အရ ပြုလုပ်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည့်ကာလအတွင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက သင့်လျော်သည်ဟုယူဆသော နောက်ထပ်သတ်မှတ်ကာလ တစ်ခုအတွင်း ကုမ္ပဏီသည် ယင်း၏ကြွေးမြီကို အပြည့်အဝ ပေးနိုင်ရန် အကြောင်းမရှိဟု ပုဒ်မ ၁၅၂ အရ ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ယူဆလျှင် ၎င်းသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) ထိုသို့ ယူဆသည့်နေ့၏ နောက်နေ့မှ ၂၈ ရက် ထက်နောက်မကျသောကာလအတွင်း မြီရှင်များ အစည်းအဝေးကို ခေါ်ယူခြင်း၊

(၂) မြီရှင်များ အစည်းအဝေးကျင်းပမည့် နေ့ရက်မတိုင်မီ အလုပ်လုပ်ကိုင် ရက် ၅ ရက် ထက်မနည်း စေဘဲ မြီရှင်များထံ အစည်းအဝေးကျင်းပမည့် အကြောင်းကြားစာပေးပို့ခြင်း၊

(၃) မြီရှင်များအစည်းအဝေးကျင်းပမည့် အကြောင်းကြားစာကို နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကြေညာခြင်း၊

(၄) အစည်းအဝေးမကျင်းပမီကာလအတွင်း မြီရှင်များက ကျိုးကြောင်းဆီလျော်စွာတောင်းခံလာသည့် ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်ပတ်သက်သော အချက်အလက်တို့ကို အခမဲ့ထုတ်ပေးခြင်း။

(ခ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄) အရ အချက်အလက်များကို အခမဲ့ထုတ်ပေးမည့်အကြောင်း ပုဒ်မခွဲ (က) အရ ထုတ်ဆင့်သည့် အကြောင်းကြားစာတွင် ဖော်ပြပါရှိရမည်။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည်-

(၁)ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို ပြုစုရမည်၊

(၂) မြီရှင်များ၏ အစည်းအဝေးတွင် ထိုထုတ်ဖော်ကြေညာချက်ကို တင်ပြရမည်၊

(၃) ထိုအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဃ) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်တွင် အောက်ပါတို့ ဖော်ပြပါရှိ ရမည်-

(၁) ကုမ္ပဏီပိုင်ပစ္စည်းများ၊ ကြွေးမြီများနှင့် ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များ၏ အသေးစိတ်အချက်အလက်များ၊

(၂) မြီရှင်များ၏ အမည်များနှင့် လိပ်စာများ၊

(၃) ၎င်းတို့အသီးသီး၏ အာမခံအကျိုးခံစားခွင့်များ၊

(၄) အာမခံအကျိုးခံစားခွင့်များ ရရှိသည့် ရက်စွဲများ၊

(၅) နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အခြားအချက်အလက်များ။

(င) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်သည် မှန်ကန်သည်ဟု ကိုယ်တိုင် သိရှိယုံကြည်ကြောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက စိစစ်အတည်ပြုရမည်။

မြီရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းသို့ ကူးပြောင်းခြင်း

၁၅၄။ ပုဒ်မ ၁၅၃ အရ မြီရှင်များအစည်းအဝေးကျင်းပခဲ့လျှင် ထိုအစည်းအဝေးသည် ပုဒ်မ ၁၅၆ အရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းပြုရန် ဆုံးဖြတ်ခဲ့သည့် မြီရှင်များ အစည်းအဝေးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပုဒ်မ ၁၅၁ အရ ကြေညာချက်ကို မပြုလုပ်ဘိသကဲ့သို့ မှတ်ယူကာ ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းမှ မြီရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းသို့ ကူးပြောင်းသည်။

အခန်း (၃) မြီရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း[edit]

ဤအခန်းနှင့် သက်ဆိုင်ခြင်း

၁၅၅။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်စေ ရမည်။ သို့ရာတွင် အောက်ပါအခြေအနေများ၌ ပုဒ်မ ၁၅၆ နှင့် ၁၅၇ တို့သည် သက်ဆိုင်ခြင်း မရှိစေရ-

(က) ပုဒ်မ ၁၅၄ အရ ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းသည် မြီရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းအဖြစ်သို့ ကူးပြောင်းသွားခြင်း၊

(ခ) အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရ ပြုလုပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှ မြီရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းခြင်းသို့ ကူးပြောင်းသွားခြင်း။

မြီရှင်များ၏ အစည်းအဝေး

၁၅၆။ (က) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့်ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းသည့်ကိစ္စတွင် ကုမ္ပဏီသည်အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) ဆန္ဒအလျောက်ဖျက်သိမ်းကြောင်းဆုံးဖြတ်ချက်ကို အဆိုပြုတင်ပြရန်ဖြစ်သည့် ကုမ္ပဏီ အစည်းအဝေးအား ကျင်းပမည့်နေ့နှင့် တစ်ရက်တည်းတွင် မြီရှင်များအစည်းအဝေး ခေါ်ယူခြင်း၊

(၂) မြီရှင်များအစည်းအဝေးကျင်းပမည့်ရက်မတိုင်မီ အလုပ်လုပ်ကိုင်ရက် ၅ ရက်ထက်မနည်းစေဘဲ မြီရှင်များထံ မြီရှင်များအစည်းအဝေးကျင်းပမည့် အကြောင်းကြားစာကိုပေးပို့ခြင်း၊

(၃) မြီရှင်များအစည်းအဝေးကျင်းပမည့် အကြောင်းကြားစာကို နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ ထုတ်ပြန်ကြေညာခြင်း။

(ခ) မြီရှင်များအစည်းအဝေးကျင်းပမည့် အကြောင်းကြားစာတွင် ကုမ္ပဏီ၏မြီရှင်များအမည်နှင့် လိပ်စာတို့ကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ရုံးခန်း၌ အခမဲ့ကြည့်ရှုစစ်ဆေးနိုင်ကြောင်း သို့မဟုတ် နည်းဥပဒေများတွင် ခွင့်ပြုထားသော နည်းလမ်းဖြင့် ကြည့်ရှုစစ်ဆေးနိုင်ကြောင်း ဖော်ပြပါရှိ ရမည်။

ဒါရိုက်တာများကမြီရှင်များထံသို့ ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက် တင်ပြရန်တာဝန်

၁၅၇။ (က) ကုမ္ပဏီ၏ ဒါရိုက်တာများသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) နည်းဥပဒေများတွင် သတ်မှတ်ဖော်ပြသည့်ပုံစံနှင့် ပါဝင်ရန် သတ်မှတ်ထားသည့်အကြောင်းအရာ တို့ပါဝင်သော ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို ရေးသားပြုစုခြင်း၊

(၂) အဆိုပါထုတ်ဖော်ကြေညာချက်ကို ပုဒ်မ ၁၅၆ အရ ကျင်းပသည့် မြီရှင်များ အစည်းအဝေးတွင် တင်ပြခြင်း၊

(၃) ဒါရိုက်တာတစ်ဦးကို အစည်းအဝေးတွင် သဘာပတိအဖြစ် ခန့်အပ်ပြီးဆောင်ရွက်စေခြင်း။

(ခ) အောက်ပါပျက်ကွက်မှုတစ်ခုခုရှိခဲ့သော ဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာများအား မှတ်ပုံတင်အရာရှိ သည် ကျပ်တစ်ဆယ့်နှစ်သိန်းငါးသောင်း ထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်-

(၁) ဒါရိုက်တာများသည်ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ပုဒ်မခွဲ (က) အား လိုက်နာရန် ပျက်ကွက်ခြင်း၊

(၂) မြီရှင်များအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန် ခန့်အပ်ခံရသည့် ဒါရိုက်တာသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲပုဒ်မခွဲ (က) အား လိုက်နာရန် ပျက်ကွက်ခြင်း။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ခြင်း

၁၅၈။ (က) ကုမ္ပဏီ၏မြီရှင်များသည် ပုဒ်မ ၁၅၆ အရ ပြုလုပ်သော အစည်းအဝေးတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ သို့မဟုတ် အရာရှိများကို ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရန်နှင့် ကုမ္ပဏီပိုင်ပစ္စည်းများကို ခွဲဝေရန်အလို့ငှာ ခန့်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) တွင် ရည်ညွှန်းထားသည့် အစည်းအဝေးတွင် မြီရှင်များက စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးတစ်ယောက်ကိုမျှ ခန့်ထားခြင်းမရှိပါက ကုမ္ပဏီက စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကို ခန့်ထားနိုင်သည်။

(ဂ) ထိုသို့ခန့်အပ်ခြင်းခံရသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းအားခန့်အပ်ခြင်းကို သဘောတူညီကြောင်း စာဖြင့် ရေးသားတင်ပြရမည်။

အခန်း (၄) တရားရုံးမှ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း[edit]

တရားရုံးများ၏ စီရင်ပိုင်ခွင့်

၁၅၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးနှင့် ခရိုင်တရားရုံးများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီကို ဖျက်သိမ်းရန် စီရင်ပိုင်ခွင့်ရှိသည်။

အထက်တရားရုံးသို့ လျှောက်ထားခြင်း

၁၆၀။ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ငန်းစဉ်အတွင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင် ယင်းလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံးကဖြစ်စေ သို့မဟုတ် ၎င်းတို့အနက်မှ တစ်ဦးကဖြစ်စေ အထက်တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် တရားမျှတပြီး အကျိုးဖြစ်စေမည်ဟု ယုံကြည်ပါက သင့်လျော်သည်ဟု ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားချက် တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ လက်ခံနိုင်သည့်အပြင် အခြားသင့်သည် ထင်မြင်သည့် အမိန့်ချမှတ်နိုင်သည်။

ဖျက်သိမ်းရန်လျှောက်ထားခြင်း၏ အခြေခံအကြောင်းအရင်းနှင့် အကျိုးသက်ရောက်မှုများ
တရားရုံးက ကုမ္ပဏီအားဖျက်သိမ်းနိုင်သည့်အခြေအနေများ

၁၆၁။ (က) အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် တရားရုံးက ကုမ္ပဏီကို ဖျက်သိမ်းနိုင်သည်-

(၁) ကုမ္ပဏီ၏အထူးဆုံးဖြတ်ချက်ဖြင့် လျှောက်ထားလာခြင်း၊

(၂) ကုမ္ပဏီသည် ယင်း၏လုပ်ငန်းကို ဖွဲ့စည်းပြီးတစ်နှစ်အတွင်း မစတင်နိုင်ခြင်း သို့မဟုတ် ယင်း၏လုပ်ငန်းကို တစ်နှစ်လုံးရပ်ဆိုင်းထားခြင်း၊

(၃) ကုမ္ပဏီသည် ကြွေးမြီမပေးဆပ်နိုင်ခြင်း၊

(၄) တရားရုံးက ထိုကုမ္ပဏီအား ဖျက်သိမ်းခြင်းသည် တရားမျှတသည်ဟု ထင်မြင်ခြင်း၊

(၅) အများပြည်သူအကျိုးငှာ ဖြစ်သည်ဟုတရားရုံးမှ ယုံကြည်လောက်သော အကြောင်းတရား များရှိခြင်း။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) ပါ အကြောင်းတရားတစ်ရပ်ရပ်မှာ အောက်ပါတို့ဖြစ်သည်-

(၁) ကုမ္ပဏီတွင် ဒါရိုက်တာများ မရှိခြင်း၊

(၂) ကုမ္ပဏီသည် ယင်း၏မြီရှင်များ သို့မဟုတ် အခြားသူကို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် ဖြစ်စေ၊ အခြားသော လိမ်လည်လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခြင်း သို့မဟုတ် အခြားလုပ်ငန်းတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော လုပ်ငန်းများအား ဆောင်ရွက်ခြင်း။

ကြွေးမြီ မပေးဆပ်နိုင်ဟု မှတ်ယူခြင်း

၁၆၂။ (က) ကုမ္ပဏီသည်အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ကြွေးမြီမပေးဆပ်နိုင်ဟု မှတ်ယူရမည်-

(၁) ကုမ္ပဏီက နည်းဥပဒေများတွင် သတ်မှတ်ထားသည့် အနည်းဆုံးပမာဏထက်ပိုသည့် ကြွေးမြီကို မြီရှင်သို့ပေးရန်ရှိပြီး နည်းဥပဒေများအရ သတ်မှတ်ထားသည့်ပုံစံဖြင့် ကြွေးမြီပေးဆပ်ရန် အကြောင်းကြားစာအား ကုမ္ပဏီအဖြစ် မှတ်ပုံတင်လိပ်စာရှိသည့်ရုံးသို့ ပေးပို့ဆင့်ဆို အတည်ပြုခဲ့ပြီး ယင်းအကြောင်းကြားစာအရ ကုမ္ပဏီကပေးရမည့်ငွေပမာဏကို ပေးဆပ်ရန် ၂၁ ရက်ကျော်လွန်ပြီး နောက်တွင် ထိုကြွေးမြီကိုပေးဆပ်ရန် သို့မဟုတ် တာဝန်ယူအာမခံရန် သို့မဟုတ် မြီရှင်၏ ကျိုးကြောင်း ခိုင်လုံသည့် စိတ်ကျေနပ်မှုရရှိစေရန် ညှိနှိုင်းသဘောတူညီချက်မပေးဘဲ လစ်လျူရှုခဲ့ခြင်း၊

(၂) တရားရုံးတစ်ရုံးမှ ကုမ္ပဏီ၏မြီရှင်ကို အသာပေး၍ ချမှတ်သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အရ အတည်ပြုဆောင်ရွက်ချက် သို့မဟုတ် အခြားဆောင်ရွက်ချက်အပေါ် မြီရှင်ကျေနပ်အောင် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ဆောင်ရွက်ပေးခြင်းမရှိဟု မြီရှင်က တင်ပြလာခြင်း။

(ခ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်းပြီး ဆန့်ကျင်ကွဲလွဲသည့် သက်သေခံအထောက်အထားတင်ပြနိုင်ခြင်းမရှိလျှင် အတည်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းရန် လျှောက်လွှာတင်ခြင်း

၁၆၃။ (က) ကြွေးမြီမပေးဆပ်နိုင်ခြင်းကြောင့် ကုမ္ပဏီဖျက်သိမ်းရန် တရားရုံးသို့ လျှောက်လွှာတင်သွင်း ရာတွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် ဒါရိုက်တာများကဖြစ်စေ၊ မြီရှင်ကဖြစ်စေ လျှောက်ထားရမည်။

ရှင်းလင်းချက်။ မြီရှင်ဆိုသော စကားရပ်တွင် မြီရှင်ဖြစ်နိုင်ဖွယ်ရှိသူနှင့် မြီရှင်ဖြစ်ရန် နီးကပ်သည့် အလားအလာရှိသူများလည်းပါဝင်သည်။

(ခ) ပုဒ်မ ၁၆၁ ပါ အခြေအနေများကြောင့် ကုမ္ပဏီအား ဖျက်သိမ်းရန် လျှောက်ထားခွင့်ရှိသူများတွင် ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်များအပြင် ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူများနှင့် မှတ်ပုံတင်အရာရှိလည်း ပါဝင်သည်။

လျှောက်ထားမှုအပေါ် ကြားနားရာတွင် တရားရုံး၏အခွင့်အာဏာ

၁၆၄။ စာရင်းရှင်းလင်းဖျက်သိမ်းရန် လျှောက်ထားမှုကို ကြားနားပြီးနောက်တရားရုံးသည် အောက်ပါ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်ချမှတ်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ ခန့်အပ်ခြင်း၊

(ခ) လျှောက်ထားမှုကို ပလပ်ခြင်း၊

(ဂ) ကြားနားမှုကိုကန့်သတ်ချက်ဖြင့်ဖြစ်စေ၊ ကန့်သတ်ချက်မပါဘဲဖြစ်စေ ရွှေ့ဆိုင်းခြင်း၊

(ဃ) ကြားဖြတ်အမိန့် ချမှတ်ခြင်း၊

(င) အခြားသင့်သည်ထင်မြင်သည့်အမိန့်ချမှတ်ခြင်း။

သို့ရာတွင် တင်ရှိသောကြွေးမြီနှင့် ညီမျှသောပမာဏရှိသည့် သို့မဟုတ် ယင်းတန်ဖိုးထက်ပိုသည့် ကုမ္ပဏီပိုင်ပစ္စည်းများအား ပေါင်နှံထားသည် သို့မဟုတ် ကုမ္ပဏီ၌ ပိုင်ဆိုင်မှုပစ္စည်းလုံးဝမရှိဆိုသော အကြောင်းပြချက် သက်သက်မျှဖြင့် တရားရုံးသည် စာရင်းရှင်းလင်းဖျက်သိမ်းစေသည့် အမိန့်ချမှတ်ရန် ငြင်းဆိုခြင်းမပြုရ။

ကုမ္ပဏီအပေါ် တရားစွဲဆိုခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ဆိုင်းငံ့စေရန် သို့မဟုတ် တားမြစ်ကန့်သတ်စေရန် အခွင့်အာဏာ

၁၆၅။ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရန် လျှောက်လွှာတင်သွင်းခဲ့ပြီး ဖျက်သိမ်းရန်အမိန့်ချမှတ်ခြင်း မပြုမီ မည်သည့်အချိန်တွင်မဆို အခြားတရားရုံး သို့မဟုတ် အနုညာတခုံရုံးတွင် ကုမ္ပဏီနှင့် စပ်လျဉ်းသည့် အခြားတရားမ မှုခင်းတစ်စုံတစ်ရာ ပြီးပြတ်ခြင်းမရှိသေးလျှင် ကုမ္ပဏီ သို့မဟုတ် မြီရှင် သို့မဟုတ် ကြွေးမြီဆပ်ရန် တာဝန်ရှိသူသည်-

(က) အဆိုပါတရားမမှုခင်းကို ဆိုင်းငံ့ပေးရန် အဆိုပါ တရားရုံး သို့မဟုတ် အနုညာတခုံရုံးသို့ လျှောက်ထားနိုင်သည် သို့မဟုတ်

(ခ) အခြားသောအမှုတွင် ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းအဆင့်ဆင့်ကို တားမြစ်ကန့်သတ်ပေးရန် အတွက် ကုမ္ပဏီဖျက်သိမ်းရန်စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသို့ လျှောက်ထားနိုင်သည်။ ထို့ပြင် အဆိုပါ လျှောက်လွှာကို လက်ခံရရှိသည့်တရားရုံး သို့မဟုတ် အနုညာတခုံရုံးသည် စစ်ဆေးစီရင်ဆောင်ရွက်မှု ကို ဆိုင်းငံ့ခြင်း သို့မဟုတ် တားမြစ်ကန့်သတ်ခြင်း ပြုလုပ်နိုင်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ခြင်း
ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ခြင်းနှင့် ၎င်း၏အခွင့်အာဏာများ

၁၆၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရန် လျှောက်ထားပြီးနောက် အမိန့်ချမှတ်ခြင်းမပြုမီ မည်သည့် အချိန်တွင်မဆို တရားရုံးသည် ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်နိုင်သည်။

(ခ) တရားရုံးသည်ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်သည့်အခါ အောက်ပါတို့ကို သတ်မှတ်ပေးရမည်-

(၁) ထိုသူ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် ကျင့်သုံးရမည့် အခွင့်အာဏာများ၊

(၂) ၎င်းအားပေးရမည့် အခကြေးငွေ။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ခြင်း

၁၆၇။ (က) တရားရုံးက ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်ချမှတ်ပါက လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ရမည်။

(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားရမည်ဖြစ်ပြီး ၎င်းမှထိုသို့ခန့်ထားမှုကို သဘောတူကြောင်း တရားရုံးသို့ စာဖြင့်ရေးသားတင်ပြမှသာ ခန့်အပ်ခြင်း အတည်ဖြစ်စေရမည်-

(၁) စာရင်းရှင်းလင်းဖျက်သိမ်းပေးရန် လျှောက်ထားသည့်သူက အမည်စာရင်းတင်သွင်းသူ၊

(၂) ထိုသို့အမည်စာရင်းတင်သွင်းထားခြင်းမရှိလျှင် တရားရုံးက ခန့်အပ်သည့် တရားဝင် ပစ္စည်းထိန်း။

(ဂ) မည်သည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူကိုမျှ ခန့်အပ်နိုင်ခြင်းမရှိပါက တရားရုံးသည် တရားဝင်ပစ္စည်းထိန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်နိုင်သည်။

တရားဝင်ပစ္စည်းထိန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်သည့် လုပ်ငန်းစဉ်

၁၆၈။ (က) တရားရုံးသည် တရားဝင်ပစ္စည်းထိန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်ပါက ၎င်းသည် မြီရှင်များအကျိုးအတွက် မြီရှင်များ အစည်းအဝေးကို အောက်ပါကိစ္စရပ်များ အလို့ငှာ ခေါ်ယူရမည်-

(၁) တရားဝင်ပစ္စည်းထိန်းကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ခြင်းအား အတည်ပြုခြင်း၊

(၂) တရားဝင်ပစ္စည်းထိန်းအစား လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်ရန် အရည်အချင်း ရှိသူတစ်ဦးအား ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအဖြစ် ရွေးချယ်ခန့်ထားရန်။

(ခ) တရားဝင်ပစ္စည်းထိန်းသည် ပုဒ်မခွဲ(က) အရ ခေါ်ယူသည့် မြီရှင်များအစည်းအဝေးကို နည်းဥပဒေ များတွင် ပြဋ္ဌာန်းထားသည်နှင့်အညီ ဆင့်ဆို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး ၎င်းအားခန့်အပ်သည့် နေ့၏နောက်နေ့မှ ၂၁ ရက်ထက် နောက်မကျစေဘဲ အစည်းအဝေးကို ကျင်းပရမည်။

(ဂ) ဤပုဒ်မအရ ခန့်အပ်ထားသည့် တရားဝင်ပစ္စည်းထိန်းက ကုမ္ပဏီတွင် မြီရှင်များအစည်းအဝေးအား ဆင့်ဆိုခေါ်ယူကျင်းပရန် လုံလောက်သည့် ဘဏ္ဍာငွေကြေးမရှိဟု သုံးသပ်ဆုံးဖြတ်ပါက ပုဒ်မခွဲ (က) နှင့် (ခ) အား လိုက်နာဆောင်ရွက်ရန် မလိုအပ်စေရ။

ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို အစားထိုးရန် အစည်းအဝေးခေါ်ယူခြင်း

၁၆၉။ (က) တရားဝင်ပစ္စည်းထိန်းအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားကြောင်းကို အများပြည်သူသို့ အသိပေးအကြောင်းကြားစာ ထုတ်ပြန်သည့်နေ့၏ နောက်နေ့မှ ၂၈ ရက်အတွင်း ကုမ္ပဏီစုစုပေါင်းကြွေးမြီ၏ အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သောမြီရှင်များက စာဖြင့်ရေးသားတောင်းဆိုလျှင် ထိုစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ အစည်းအဝေး ကို အောက်ပါရည်ရွယ်ချက်များအလို့ငှာ ဆင့်ခေါ်ရမည်-

(၁) ၎င်းအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်ထားခြင်းကို အတည်ပြုရန်၊

(၂) ကုမ္ပဏီနှင့်စပ်လျဉ်း၍ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် အရည်အချင်းရှိသူ တစ်ဦးအား စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနေရာတွင် အစားထိုးရွေးချယ်ခန့်ထားရန်။

(ခ) ပုဒ်မခွဲ (က) အရ အစည်းအဝေးကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက အဆိုပါစာဖြင့် ရေးသားတောင်းဆိုချက်အား လက်ခံရရှိသည့်နေ့၏နောက်နေ့မှ ၁၄ ရက်အတွင်း ခေါ်ယူရမည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့်တစ်ဆက်တည်း တရားရုံးက ခန့်အပ်ခြင်း

၁၇၀။ တရားရုံးက စာရင်းရှင်းလင်းဖျက်သိမ်းရန်အမိန့်ကို ချမှတ်ခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေး မန်နေဂျာ၊ အစီအစဉ်ကြီးကြပ်သူ၊ သို့မဟုတ် ပြန်လည်ထူထောင်ရေးအကြံပေးအဖြစ် ခန့်ထားခြင်းကို ရပ်ဆိုင်းသွားစေပါက တရားရုံးသည် သင့်လျော်မည်ဟုယူဆလျှင် ထိုသူအား ကုမ္ပဏီ၏စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ဆက်လက်ခန့်အပ်နိုင်သည်။

စုံစမ်းစစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများ
စာရင်းရှင်းလင်းဖျက်သိမ်းမှုကို ဆိုင်းငံ့ရန်အခွင့်အာဏာ

၁၇၁။ (က) တရားရုံးသည်စည်းကမ်းချက်များသတ်မှတ်၍ ဖျက်သိမ်းသည့်လုပ်ငန်းစဉ်ကို ချက်ချင်း သို့မဟုတ် သင့်လျော်သည့်အချိန်တွင် ဆိုင်းငံ့သည့်အမိန့် ချမှတ်နိုင်သည်။

(ခ) စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်ချပြီးနောက် မည်သည့်အချိန်တွင်မဆို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ မြီရှင်တစ်ဦးဦး သို့မဟုတ် ကြွေးမြီပေးဆပ်ရသူကဖြစ်စေ ဆိုင်းငံ့ မိန့်ချမှတ်ပေးရန် လျှောက်ထားသည့်အခါ ၎င်းတို့က စာရင်းရှင်းလင်းဖျက်သိမ်းရေး လုပ်ငန်းစဉ်များအား ဆိုင်းငံ့သင့်ကြောင်း ကျေနပ်လက်ခံအောင် သက်သေထင်ရှားပြနိုင်လျှင် တရားရုံးသည် ဆိုင်းငံ့သည့် အမိန့်ကို ချမှတ်နိုင်သည်။

(ဂ) တရားရုံးသည် ဤပုဒ်မအရအမိန့်မချမှတ်မီ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအား အဆိုပါ ဆိုင်းငံ့မှုနှင့်သက်ဆိုင်သည်ဟု ယူဆသည့် အချက်အလက်နှင့် အကြောင်းအရာများ ပါဝင်သော အစီရင်ခံစာတစ်စောင်ကို တရားရုံးသို့ တင်ပြစေရန်ညွှန်ကြားနိုင်သည်။

အခန်း (၅) နောက်ဆက်တွဲ အကျိုးဆက်များ[edit]

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များ

၁၇၂။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ပြီးနောက်-

(က) ကုမ္ပဏီအားဖျက်သိမ်းပြီးသည်အထိ ကုမ္ပဏီ၏အခြေအနေနှင့် လုပ်ပိုင်ခွင့်တို့သည် ဆက်လက် တည်ရှိသည်။

(ခ) ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် အကျိုးဖြစ်စေသည့် လိုအပ်သမျှသော လုပ်ငန်းဆောင်ရွက်မှုမှတစ်ပါး ကျန်သည့်လုပ်ငန်း ဆောင်ရွက်ချက်အရပ်ရပ်တို့ကို ရပ်စဲရမည်။

(ဂ) စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက သဘောတူခွင့်ပြုထားသည်မှတစ်ပါး သို့မဟုတ် ကုမ္ပဏီ တွင် ပါဝင်သူများ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဖြစ်ပါက ကုမ္ပဏီ၏အထွေထွေအစည်းအဝေးတွင် သဘောတူခွင့်ပြုထားသည်မှတစ်ပါး ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များသည် ရပ်စဲသွားစေရမည်။

(ဃ) ကုမ္ပဏီ သို့မဟုတ် ယင်း၏ပစ္စည်းနှင့်စပ်လျဉ်း၍ တရားရုံး၏ ခွင့်ပြုချက် သို့မဟုတ် တရားရုံးက သတ်မှတ်သည့် စည်းကမ်းသတ်မှတ်ချက်များအရမှတစ်ပါး မည်သည့်အရေးယူဆောင်ရွက်မှု သို့မဟုတ် လျှောက်ထားမှု သို့မဟုတ် အနုညာတစီရင်ဆုံးဖြတ်ခြင်းကိုမျှ ဆောင်ရွက်ခြင်း သို့မဟုတ် စတင်ခြင်း မပြုရ။

(င) တရာရုံး၏အမိန့်ဖြင့် ဆောင်ရွက်သည်မှတစ်ပါး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီ၏ပိုင်ဆိုင်မှုများအား စီမံခန့်ခွဲဆောင်ရွက်ချက်များသည် ပျက်ပြယ်စေရမည်။

(စ) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ပြီးနောက်မှ ကုမ္ပဏီ သို့မဟုတ် ယင်း၏ ပိုင်ဆိုင်မှုတို့အား ဝရမ်းစွဲကပ်ခြင်း၊ ပိုင်ဆိုင်မှုကို သိမ်းယူခြင်း၊ ပစ္စည်းကို ဝရမ်းဖမ်းယူသိမ်းဆည်းခြင်း သို့မဟုတ် အတည်ပြုဆောင်ရွက်ခြင်းဟူသမျှသည် ပျက်ပြယ်စေရမည်။

(ဆ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ခန့်အပ်ပြီးနောက်မှ ပြုလုပ်သည့် အစုရှယ်ယာ လွှဲပြောင်းမှုသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ လွှဲပြောင်းခြင်းမဟုတ်လျှင် သို့မဟုတ် ၎င်း၏ခွင့်ပြုချက်ဖြင့် ပြုလုပ်သော လွှဲပြောင်းမှုမျိုးမဟုတ်လျှင် ထိုအစုရှယ်ယာလွှဲပြောင်းမှုနှင့် ထိုသို့လွှဲပြောင်းမှုကြောင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ အခြေအနေအဆင့်အတန်းအား ပြောင်းလဲမှု ဟူသမျှသည် ပျက်ပြယ်စေရမည်။

ဤပုဒ်မပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ အာမခံအကျိုးခံစားခွင့်များကို ထိခိုက်ခြင်း မရှိစေရ။

ကုမ္ပဏီပိုင်ပစ္စည်းများကို ထိန်းသိမ်းခြင်း

၁၇၃။ စာရင်းရှင်းလင်းဖျက်သိမ်းရန်အမိန့်ချမှတ်ပြီးနောက် သို့မဟုတ် ယာယီစာရင်း ရှင်းလင်း ဖျက်သိမ်းရေးအရာရှိအား ခန့်ထားပြီးနောက်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီပိုင်ပစ္စည်းများ သို့မဟုတ် ပိုင်ဆိုင်ရန် အလားအလာရှိသည့်ပစ္စည်းများအားလုံးကို ၎င်း၏ထိန်းသိမ်းမှုအောက် သို့မဟုတ် ကြီးကြပ်မှု အောက်တွင်ထားရှိရမည်။

ကုမ္ပဏီပိုင်ပစ္စည်းများသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ဥပဒေနှင့်အညီ လွှဲပြောင်းရောက်ရှိ သွားခြင်း

၁၇၄။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လျှောက်ထားလျှင် တရားရုံးသည် ကုမ္ပဏီက ပိုင်ဆိုင်သည့် သို့မဟုတ် ၎င်း၏ကိုယ်စား ယုံမှတ်အပ်နှံခံရသူက ထိန်းသိမ်းထားသည့် ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ရာထူးအလျောက်အမည်ဖြင့် ဥပဒေနှင့်အညီ လွှဲပြောင်းရောက်ရှိသွားစေရန် အမိန့်ချနိုင်သည် သို့မဟုတ် ညွှန်ကြားနိုင်သည်။

အတည်ပြုခြင်းနှင့် ဝရမ်းစွဲကပ်ခြင်း၏ အကျိုးသက်ရောက်မှု

၁၇၅။ (က) မြီရှင်က ကုမ္ပဏီ၏ မြေနှင့်ကုန်ပစ္စည်းများအပေါ် ဒီကရီကို အတည်ပြုရာတွင် သော်လည်းကောင်း၊ ၎င်းမြီရှင်အား ပေးရန်ရှိသည့်ကြွေးမြီတစ်ရပ်အရ ဝရမ်းစွဲကပ်ပြီးနောက် အတည်ပြု ဆောင်ရွက်ရာတွင်သော်လည်းကောင်း ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကိုစတင်ပြီး မြီရှင်သည် ထိုသို့မစတင်မီ ဒီကရီအတည်ပြုခြင်း သို့မဟုတ် ဝရမ်းစွဲကပ်ခြင်းကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်းမရှိလျှင် အဆိုပါဒီကရီအကောင်အထည်ဖော်ဆောင်ရွက်ခြင်း သို့တည်းမဟုတ် ဝရမ်း စွဲကပ်ခြင်း၏ အကျိုးအမြတ်ကို မြီရှင်က ရရှိခံစားပိုင်ခွင့်မရှိစေရ။

(ခ) သို့ရာတွင်-

(၁) မြီရှင်သည် ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကို အဆိုပြုရန်အတွက် ဆုံးဖြတ်ချက်ပြုလုပ်ရန် ခေါ်ယူသည့် အစည်းအဝေး၏ အကြောင်းကြားစာကို ရပြီးဖြစ်လျှင် ပုဒ်မခွဲ (က) ၏ ရည်ရွယ်ချက် အလို့ငှာ ဖျက်သိမ်းမှုစတင်သည့်ရက်အတွက် မြီရှင်က အကြောင်းကြားစာရရှိခဲ့သည့်ရက်ကို အစားထိုး ရမည်၊

(၂) ဒီကရီအတည်ပြုသူအရာရှိက ကုမ္ပဏီ၏ ကုန်ပစ္စည်းတစ်ခုခုအား ရောင်းချသည်ကို သဘောရိုးဖြင့် ဝယ်ယူမိသူသည် ယင်းပစ္စည်းနှင့်စပ်လျဉ်းပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ဆန့်ကျင်၍ ခိုင်မာသော ပိုင်ဆိုင်ခွင့်ကိုရရှိစေနိုင်သည်၊

(၃) မြီရှင်အားအနိုင်ပေးသည့် ဒီကရီနှင့်စပ်လျဉ်း၍ တရားရုံးသည် သင့်သည်ထင်သည့် အတိုင်းအတာနှင့် စည်းကမ်းချက်များသတ်မှတ်၍ ပုဒ်မခွဲ (က) အရ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံ အပ်နှင်းထားသည့် အခွင့်အရေးများကို ပယ်ဖျက်နိုင်သည်၊

(၄) ဒီကရီအရ မြီရှင်ရရှိသည့်အကျိုးအမြတ်အား ပုဒ်မ ၃၆၁ ပါ ပြဋ္ဌာန်းချက်အရ ပယ်ဖျက်နိုင်သည်။

(ဂ) ဤဥပဒေ၏ ပြဋ္ဌာန်းချက်အလို့ငှာ-

(၁) ကုန်ပစ္စည်းများအပေါ် အတည်ပြုဆောင်ရွက်ခြင်းအား သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချခြင်း ဖြင့်ပြီးဆုံးသည်၊

(၂) ကြွေးမြီကို ဝရမ်းစွဲကပ်ခြင်းသည် ကြွေးမြီရရှိသည့်အခါ ပြီးဆုံးသည်၊

(၃) မြေအပေါ် အတည်ပြုဆောင်ရွက်ခြင်းသည် သိမ်းယူခြင်း သို့မဟုတ် ပစ္စည်းထိန်းခန့်အပ်ခြင်း ပြုလုပ်ချိန်တွင် ပြီးဆုံးသည်။

တရားရုံးအမိန့်အရ သို့မဟုတ် အခြားလုပ်ထုံးလုပ်နည်းအရ အတည်ပြုဆောင်ရွက်သူ အရာရှိ၏ တာဝန်များ

၁၇၆။ ကုမ္ပဏီ၏ ကုန်ပစ္စည်းများကို ဒီကရီအတည်ပြုဆောင်ရွက်ရန်အတွက် သိမ်းဆည်း ရယူထားပြီး ယင်းတို့အားမရောင်းချမီ သို့မဟုတ် အတည်ပြုဆောင်ရွက်မှုမပြီးဆုံးမီ ဒီကရီအတည်ပြုသူ အရာရှိထံသို့ ယာယီစာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်ပြီးကြောင်း သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းစေရန် အမိန့်ချမှတ်ပြီးကြောင်း၊ သို့မဟုတ် ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ပြုလုပ်ရန် ဆုံးဖြတ်ချက်ချမှတ်ပြီးကြောင်း အကြောင်းကြားစာအားဆင့်ဆို အတည်ပြုပြီးပါက အောက်ပါတို့သည် သက်ဆိုင်စေရမည်-

(က) ဒီကရီအတည်ပြုသူအရာရှိသည် လိုအပ်သည့်အခါ ဒီကရီအတည်ပြုဆောင်ရွက်ရန်အတွက် သိမ်းဆည်းရယူထားသည့် ကုန်ပစ္စည်းနှင့် သိမ်းဆည်းရမိသည့် သို့မဟုတ် လက်ခံရရှိသည့် ငွေကြေးတစ်စုံတစ်ရာကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ပေးအပ်ရမည်၊

(ခ) ပုဒ်မခွဲငယ် (၁) အရ ကုန်ပစ္စည်းနှင့် ငွေကြေးများအပေါ် ဒီကရီအတည်ပြု ဆောင်ရွက်ရာ၌ ဒီကရီ အတည်ပြုသူအရာရှိက ကုန်ကျခဲ့သည့်ငွေကြေးအား ရယူနိုင်ရန်အတွက် ပုဒ်မခွဲ (က) အရ လက်ခံရရှိသည့် ကုန်ပစ္စည်းနှင့် ငွေကြေးအပေါ်တွင် အာမခံအကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ ကုန်ကျခဲ့သည့် ငွေကြေးအား ပေးချေနိုင်စေရန် အတွက် ကုန်ပစ္စည်းများ သို့မဟုတ် ယင်း၏ လုံလောက်သောအပိုင်းကို ရောင်းချနိုင်သည်၊

(ဂ) မြီရှင်အားအနိုင်ပေးသည့် ဒီကရီနှင့်စပ်လျဉ်း၍ တရာရုံးသည်သင့်သည်ထင်သည့် အတိုင်းအတာနှင့် စည်းကမ်းချက်များသတ်မှတ်ကာ ဤပုဒ်မအရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား အပ်နှင်း ထားသည့် အခွင့်အရေးများကို ပယ်ဖျက်နိုင်သည်။

အခန်း (၆) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ[edit]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ တာဝန်များ

၁၇၇။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အဓိကကျသည့်တာဝန်များမှာ ကုမ္ပဏီက ရပိုင်ခွင့်ရှိ သည့် သို့မဟုတ် ရပိုင်ခွင့်ရှိနိုင်သည့် ပစ္စည်းများအားလုံးကို ၎င်း၏အုပ်ထိန်းမှု သို့မဟုတ် ၎င်း၏ ထိန်းချုပ် မှုအောက်သို့ရောက်ရှိရန် တတ်စွမ်းသမျှဆောလျင်စွာ ဆောင်ရွက်ကာ ကုမ္ပဏီ၏မြီရှင်များကို ခွဲဝေပေး ပြီးနောက် ပိုလျှံပါက ရပိုင်ခွင့်ရှိသူများအား ခွဲဝေပေးရန် ဖြစ်သည်။

(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဤဥပဒေအရသတ်မှတ်သည့် ကန့်သတ်ချက်ဘောင် အတွင်း ကုမ္ပဏီ၏ ပိုင်ဆိုင်သည့်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် ယင်းတို့ကို မြီရှင်များအကြားခွဲဝေပေးမှုကို ၎င်း၏ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ ဆန္ဒ များကို ဖြည့်ဆည်းရန်ရည်ရွယ်၍ အထွေထွေ အစည်းအဝေးများကို ဆင့်ခေါ်နိုင်သည်။ ထို့အပြင် မြီရှင် များမှ ညွှန်ကြားလျှင်ဖြစ်စေ ကြွေးမြီတန်ဖိုး၏ ဆယ်ပုံတစ်ပုံ ထက်မနည်းကို ပိုင်ဆိုင်သော မြီရှင်များက ထို့သို့ဆောင်ရွက်ရန်စာဖြင့် ရေးသားတောင်းဆိုလျှင်ဖြစ်စေ အစည်းအဝေးခေါ်ယူပေးရန် စာရင်းရှင်း လင်းဖျက်သိမ်းရေးအရာရှိတွင် တာဝန်ရှိသည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက စုံစမ်းစစ်ဆေးခြင်း

၁၇၈။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိပြီး ၎င်းက သင့်သည်ထင်မြင်လျှင် မှတ်ပုံတင်အရာရှိထံ အစီရင်ခံစာတင်ပြနိုင်သည်-

(၁) ကုမ္ပဏီက မအောင်မြင်လျှင် မအောင်မြင်သည့် အကြောင်းများ၊

(၂) ယေဘုယျအားဖြင့် ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး ဆိုင်ရာ ဆက်ဆံဆောင်ရွက်သည့် ကိစ္စရပ်များနှင့် ကုမ္ပဏီ၏လုပ်ငန်း ကိစ္စရပ်များ။

(ခ) စုံစမ်းစစ်ဆေးမှု၏ အတိုင်းအတာသည် ထိုစုံစမ်းစစ်ဆေးမှုအတွက် ကုမ္ပဏီက ငွေးကြေးကုန်ကျ ခံနိုင်မှု၊ မြီရှင်များ၏ငွေကြေးပြန်လည်ရရှိနိုင်မှုအပေါ် ထိုကုန်ကျစရိတ်၏ သက်ရောက်မှုအလားအလာ နှင့် အကျင့်သိက္ခာပျက်ပြားမှုနှင့်သက်ဆိုင်သော သက်သေခံအထောက်အထားများအပေါ် စာရင်းရှင်း လင်း ဖျက်သိမ်းရေးအရာရှိ၏ သိရှိနားလည်မှု သို့မဟုတ် ငွေကြေးပြန်လည်ရယူနိုင်ရန် လုပ်ငန်းစဉ်များ ၏ ခိုင်လုံမှုပမာဏတို့အပေါ်တွင် မူတည်စေရမည်။

(ဂ) အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည့် အချက်အလက်များသည် မည်သည့်စစ်ဆေးစီရင် ဆောင်ရွက်မှုလုပ်ငန်းစဉ်တွင်မဆို ဦးစွာအမြင်အားဖြင့် ခိုင်မာသည့်သက်သေခံချက် ဖြစ်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အထွေထွေလုပ်ပိုင်ခွင့်များ

၁၇၉။ (က) ဤပုဒ်မနှင့်မဆန့်ကျင်စေဘဲ ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(၁) ကုမ္ပဏီကို အကျိုးရှိစွာစီမံခန့်ခွဲဆောင်ရွက်နိုင်ရေး သို့မဟုတ် အကျိုးရှိစွာ စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ရေးအတွက် လိုအပ်သည်ဟုယူဆသည့် အတိုင်းအတာအထိ ကုမ္ပဏီ၏ လုပ်ငန်းများကို ဆက်လက်လည်ပတ်စေခြင်း၊

(၂) အခန်း (၇) ပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်စေဘဲ မည်သည့်မြီရှင် အတန်းအစားကိုမဆိုအပြည့် အဝ ငွေပြန်လည်ပေးဆပ်ခြင်း၊

(၃) မြီရှင် သို့မဟုတ် မြီရှင်ဖြစ်ကြောင်း အဆိုပြုသူ သို့မဟုတ် ကုမ္ပဏီထံမှ နစ်နာကြေးတောင်းဆိုသူ သို့မဟုတ် တောင်းဆိုခွင့်ရှိသူ (ယင်းစကားရပ်တွင် လက်ရှိ သို့မဟုတ် အနာဂတ်တွင် သို့မဟုတ် သေချာ သော သို့မဟုတ် ဖြစ်နိုင်ချေရှိသော သို့မဟုတ် ရရှိနိုင်သည်ဟု မျှော်မှန်းသော နစ်နာကြေးများလည်း ပါဝင်သည်) က ကုမ္ပဏီသို့ တောင်းခံခြင်း သို့မဟုတ် ကုမ္ပဏီမှ ပေးဆောင်ရန် တာဝန်ရှိလာနိုင်သော ကိစ္စရပ်များကို ညှိနှိုင်းဖျန်ဖြေခြင်း သို့မဟုတ် စီမံဆောင်ရွက်ပေးခြင်း၊

(၄) တောင်းဆိုမှုများ၊ ကြွေးမြီများ၊ တာဝန်ရှိမှုများနှင့် အခြားသောနစ်နာကြေးတောင်းဆိုမှုများ အားလုံး (ယင်းစကားရပ်တွင် လက်ရှိ သို့မဟုတ် အနာဂတ်တွင် သို့မဟုတ် သေချာသော သို့မဟုတ် ဖြစ်နိုင်ချေရှိသော သို့မဟုတ် ရရှိနိုင်သည်ဟု မျှော်မှန်းသော နစ်နာကြေးများလည်းပါဝင်သည်) အတွက် ကုမ္ပဏီနှင့် ကြွေးမြီဆပ်ရန် တာဝန်ရှိသူ သို့မဟုတ် အခြားမြီစားအကြား ညှိနှိုင်းဖျန်ဖြေပေးခြင်း၊ ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပိုင်ဆိုင်သည့်ပစ္စည်းကို တစ်နည်းနည်းနှင့် ထိခိုက်မှုရှိစေသည့် သို့မဟုတ် ဆက်စပ်သည့် အငြင်းပွားမှုများအပေါ် ညှိနှိုင်းဖျန်ဖြေပေးခြင်းတို့အပြင် ထိုတောင်းဆိုမှုများ၊ ကြွေးမြီ များ၊ တာဝန်ရှိမှုများနှင့် အခြားသောနစ်နာကြေး တောင်းဆိုမှုများနှင့်စပ်လျဉ်းပြီး အပြည့်အဝဆောင် ရွက်ပေးခြင်း။

(ခ) ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(၁) ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် ကုမ္ပဏီ ကိုယ်စားတရားစွဲဆိုမှုအပေါ် ခုခံချေပခြင်း၊

(၂) ၎င်း၏ တာဝန်များကို ကူညီဆောင်ရွက်နိုင်ရန် ရှေ့နေငှားရမ်းခွင့်ရှိခြင်း၊

(၃) ကုမ္ပဏီ၏ပိုင်ဆိုင်မှုများအားလုံး သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမဆို ရောင်းချခြင်း သို့မဟုတ် အခြားနည်းစီမံခန့်ခွဲခြင်း၊

(၄) ကုမ္ပဏီ၏ကိုယ်စားနှင့် ကုမ္ပဏီ၏အမည်ဖြင့် စာချုပ်စာတမ်းများ၊ ပြေစာများနှင့် အခြားစာရွက် စာတမ်းများကို လက်မှတ်ရေးထိုး ချုပ်ဆိုခြင်းနှင့် ဤကိစ္စအလို့ငှာ လိုအပ်ပါက ကုမ္ပဏီ၏တံဆိပ်တုံးကို အသုံးပြုခြင်း၊

(၅) ကုမ္ပဏီပိုင်ပစ္စည်းကို အာမခံအပေါင်အနှံအဖြစ် ထားလျက်ဖြစ်စေ၊ မထားဘဲဖြစ်စေ လိုအပ်သည့် ချေးငွေများကို ရယူနိုင်ခြင်း၊

(၆) ကြွေးမြီဆပ်ရန်တာဝန်ရှိသူတစ်ဦးဦး သို့မဟုတ် အခြားမြီစားထံမှ ၎င်းပေးဆပ်ရန်တာဝန်ရှိသည့် ကြွေးမြီကို ပေးဆပ်စေရန် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊

(၇) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိမှ ကိုယ်တိုင်မဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကိုယ်တိုင်မဆောင်ရွက်သင့်သည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်စေရန် အေးဂျင့်ခန့် အပ်ခြင်း၊

(၈) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ယင်း၏ပိုင်ဆိုင်မှုများကို ပိုင်းခြားခွဲဝေပေးရန်အလို့ ငှာ ဆောင်ရွက်ရန်လိုအပ်သည့် ကုမ္ပဏီကိစ္စရပ်များအားလုံးကိုဆောင်ရွက်ခြင်း။

(ဂ) တရားရုံး သို့မဟုတ် မြီရှင်များကော်မတီ သို့မဟုတ် မြီရှင်များ၏ အတည်ပြုချက်ရှိသည်မှအပ ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် နည်းဥပဒေများတွင် သတ်မှတ်ထားသော အနည်း ဆုံးပမာဏထက် ကျော်လွန်တောင်းခံလာသည့် ကြွေးမြီအတွက် စေ့စပ်ညှိနှိုင်း ဖျန်ဖြေပေးခြင်း မပြုရ။

(ဃ) ပဋိညာဉ်တစ်ရပ်သည် ၆ လအတွင်း ရပ်စဲသွားနိုင်ခြင်း သို့မဟုတ် အတည်ပြုဆောင်ရွက်နိုင်ခြင်း ရှိစေ ကာမူ တရားရုံး၏ သို့မဟုတ် မြီရှင်များကော်မတီ၏ သို့မဟုတ်မြီရှင်များ၏ အတည်ပြုချက်ရှိလျှင်မှ တစ်ပါး ကုမ္ပဏီ၏စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ကိုယ်စား ပဋိညာဉ်တစ်ရပ် အား ၆ လထက်ကျော်လွန်၍ချုပ်ဆို ပေးခြင်းမပြုရ။

(င) ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကျိုးကြောင်းဆီလျော်သည့် မည်သည့်အချိန် တွင်မဆို ကုမ္ပဏီ၏စာအုပ်စာတမ်းများကို စစ်ဆေးပိုင်ခွင့်ရှိသည်။

(စ) ဤအပိုင်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေပဲ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏ကိုယ်ပိုင်ဆင်ခြင်တုံတရားနှင့်အညီ ကုမ္ပဏီ၏လုပ်ငန်းကိစ္စရပ်များနှင့် ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲ ခြင်းနှင့် ပိုင်းခြားခွဲဝေခြင်း ပြုရမည်။

(ဆ) ဤဥပဒေအရအာဏာများကို ကျင့်သုံးသောစာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်နေသူထံသို့ ကုမ္ပဏီပိုင်ပစ္စည်းကို ခွဲဝေပေးအပ်ခြင်းပြုလုပ်ခဲ့လျှင် မြီရှင်များကော်မတီ (ရှိလျှင်) သို့ ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ အသိပေးအကြောင်းကြားစာ ပေးပို့ရမည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံတင်ပြရန်တာဝန်

၁၈၀။ (က) ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ပြီးနောက် တစ်နှစ်အတွင်း ဆောင်ရွက်ပြီးစီး ခြင်း မရှိသေးပါက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် ပုံစံအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ၊ ရောက်ရှိနေသည့် အခြေအနေတို့ပါဝင်သည့် အစီရင်ခံစာတစ်စောင် ရေးသားပြုစု၍ မှတ်ပုံတင်အရာရှိ ထံ ပေးပို့ရမည်။

(ခ) ပုဒ်မခွဲ (က) အရ အစီရင်ခံစာကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပြီးဆုံးသွားသည်အထိနှစ်စဉ် တင်ပြရမည်။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဤပုဒ်မကို လိုက်နာရန် ပျက်ကွက်ပါက-

(၁) မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်တစ်သိန်းထက်မပိုသည့် ဒဏ်ကြေးငွေကို တပ်ရိုက်ရမည်၊

(၂) တရားရုံးသည် ၎င်းအား သတ်မှတ်ထားသည့်ကာလအတွင်း အစီရင်ခံစာ တင်သွင်းစေရန် အမိန့်ချ မှတ်နိုင်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ရာထူးလစ်လပ်ခြင်း

၁၈၁။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည်-

(က) ၎င်း၏ ရာထူးတာဝန်မှ နုတ်ထွက်နိုင်သည်၊

(ခ) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် အရည်အချင်းရှိမှု ရပ်စဲသွားချိန်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆောင်ရွက်ခြင်းမှ နုတ်ထွက်ရမည်၊

(ဂ) အပြီးသတ်အစည်းအဝေးကျင်းပပြီးနောက် ၎င်း၏ အစီရင်ခံစာတင်ပြရန် တာဝန်အား ကျေနပ်လက် ခံသည်အထိ တတ်နိုင်သမျှ ဆောင်ရွက်၍ ပြီးစီးသွားချိန်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ အဖြစ်မှ ဆောလျင်စွာ နုတ်ထွက်ရမည်၊

(ဃ) သေဆုံးလျှင် ရာထူးတာဝန်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ရာထူးမှထုတ်ပယ်ခြင်း

၁၈၂။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ရာထူးမှထုတ်ပယ်ပြီး အောက်ပါအခြေအနေ တစ်ရပ်ရပ် တွင် အခြားသူအား အစားထိုးခန့်အပ်နိုင်သည်-

(က) ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျှောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဖြစ်ပါက ဤကိစ္စအလို့ ငှာ အထွေထွေအစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း၊

(ခ) မြီရှင်များ၏ဆန္ဒအလျောက် သို့မဟုတ် တရားရုံး၏အမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဖြစ် ပါက နည်းလမ်းတကျကျင်းပသည့် မြီရှင်များ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း၊

(ဂ) မည်သည့်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင်မဆို ထိုသို့ထုတ်ပယ်ရန်အကြောင်း သက်သေထင်ရှား ပြနိုင်၍ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း။

လစ်လပ်နေသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိရာထူး ဖြည့်စွက်ခန့်ထားခြင်း

၁၈၃။ လစ်လပ်နေသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိရာထူးကို အောက်ပါနည်းလမ်း တစ်ရပ်ရပ် ဖြင့် ဖြည့်စွက်ခန့်ထားနိုင်သည်-

(က) ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဖြစ်ပါက ဤကိစ္စအလို့ ငှာ အထွေထွေအစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း၊

(ခ) မြီရှင်များ၏ဆန္ဒအလျောက် သို့မဟုတ် တရားရုံး၏အမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဖြစ်ပါ က သတ်မှတ်ချက်များနှင့်အညီ ကျင်းပသော မြီရှင်များအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း၊

(ဂ) မည်သည့်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတွင်မဆို တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း၊

(ဃ) တစ်ဦးထက်ပိုသော စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများရှိသည့်အနက် တစ်ဦးမှ နုတ်ထွက်ခြင်းဖြစ်ပါက ကျန်ရှိသူစာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများ၏ဆန္ဒအရ အစားထိုး ခန့်အပ်ခြင်း။

ကုမ္ပဏီက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်မှုမပြုခြင်း သို့မဟုတ် အမည်စာရင်း မတင်ပြခြင်း

၁၈၄။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းစဉ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကို ခန့်အပ် ခြင်းမပြုရသေးလျှင် သို့မဟုတ် မည်သူကမျှ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆောင်ရွက်နေ ခြင်းမရှိလျှင် ဒါရိုက်တာများသည် ၎င်းတို့၏ အခွင့်အာဏာကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ကျင့်သုံးနိုင် သည်။

(ခ) သို့ရာတွင် ဒါရိုက်တာများသည် အောက်ပါကန့်သတ်ထားသော ရည်ရွယ်ချက်များတွင် တရားရုံး၏ ခွင့်ပြုချက်မပါသော်လည်း ကျင့်သုံးနိုင်သည်-

(၁) မြီရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ပုဒ်မ ၁၅၆ (မြီရှင်များ အစည်းအဝေး)၊ ပုဒ်မ ၁၅၇ (ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ကြေညာချက်) တို့နှင့်ကိုက်ညီမှု ရှိသည့် အတိုင်းအတာအထိ လိုက်နာဆောင်ရွက်ရန်၊

(၂) ပျက်စီးလွယ်သည့် ကုန်ပစ္စည်းများအား စီမံခန့်ခွဲဆောင်ရွက်ရန်၊

(၃) ကုမ္ပဏီပိုင်ပစ္စည်းများကို ကာကွယ်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များ ဆောင်ရွက်ရန်။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ တာဝန်မှစွန့်လွှတ်ခြင်း

၁၈၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏တာဝန်မှရပ်စဲသွားသည့်အခါဖြစ်စေ၊ နောက်ဆုံး အပြီးသတ်ခွဲဝေခြင်း (ရှိလျှင်) ပြီးစီး၍ အပြီးသတ် အစည်းအဝေးကို ကျင်းပပြီးစီးသွားလျှင် ဖြစ်စေ ကုမ္ပဏီနှင့်စပ်လျဉ်း၍ မိမိ၏တာဝန်ရှိမှုများမှ စွန့်လွှတ်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင် သည်။

(ခ) တရားရုံးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များကို စီမံခန့် ခွဲရာတွင် နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ကျင့်ဝတ် ကို လိုက်နာခဲ့ခြင်း ရှိ မရှိကို ထည့်သွင်းစဉ်းစားရမည်။ သို့ရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ အဖြစ်တာဝန်ထမ်းဆောင်စဉ် ပြုမူဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍-

(၁) အရေးကြီးသည့်အချက်အလက်များကို လိမ်လည်လှည့်ဖြားခြင်းရှိခဲ့ကြောင်း သို့မဟုတ် ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းရှိခဲ့ကြောင်း သက်သေထင်ရှားပါက ထိုခွင့်ပြုခဲ့သည့်အမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်၊

(၂) ပုဒ်မ ၂၁၇ အရ အရေးယူခြင်းကို မထိခိုက်စေရ။

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ဆုံးဖြတ်ချက်အား တရားရုံးသို့ လျှောက်ထားခြင်း

၁၈၆။ တစ်ဦးတစ်ယောက်သည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာခဲ့လျှင် ထိုသူသည် တရားရုံးသို့ လျှောက်ထားနိုင်ပြီး တရားရုံးမှ ကြားနာပြီးနောက် ထိုဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။

ခန့်အပ်ထားမှုကို အကျိုးသက်ရောက်စေသည့် လာဘ်ပေးလာဘ်ယူပြုရန် ဖြားယောင်းခြင်း

၁၈၇။ တစ်ဦးတစ်ယောက်သည် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သို့မဟုတ် မြီရှင်တစ်ဦးဦးအားတန်ဖိုး ရှိသော အဖိုးစားနားတစ်ခုခုကို အောက်ပါတို့အတွက်ပေးလျှင် သို့မဟုတ် ပေးရန်သဘောတူညီလျှင် သို့မဟုတ် ပေးရန်ကမ်းလှမ်းလျှင် မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်နှစ်ဆယ့်ငါးသိန်းထက်မပိုသည့် ဒဏ်ကြေးငွေ တပ်ရိုက်ရမည်-

(က) ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ၎င်းအားခန့်အပ်စေရန် သို့မဟုတ် အမည် စာရင်းတင်သွင်းစေရန် သို့မဟုတ်

(ခ) အခြားသူတစ်ဦးတစ်ယောက်အား ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ် စေရန် သို့မဟုတ် ထိုသူအား အမည်စာရင်းတင်သွင်းစေရန် သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်အား ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် အမည်စာရင်းပေးခြင်း အား ပိတ်ပင်တားဆီးရန်။

အခန်း (၇) ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ[edit]

အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ
ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းနေကြောင်း အသိပေးကြေညာခြင်း

၁၈၈။ (က) ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းနေပါက အောက်ပါကိစ္စရပ်များ၌ ထိုသို့ ဆောင်ရွက် နေကြောင်းဖော်ပြပါရှိရမည်-

(၁) ကုမ္ပဏီ၊ ကုမ္ပဏီကိုယ်စား သို့မဟုတ် ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကုမ္ပဏီပိုင်ပစ္စည်းများကို စီမံခန့်ခွဲသူ သို့မဟုတ် ပစ္စည်းထိန်းတို့၏ ငွေတောင်းခံလွှာများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပေးပို့စာများ သို့မဟုတ် အမှာစာများ၊

(၂) ကုမ္ပဏီ၏ဝက်ဘ်ဆိုက်များ။

(ခ) ပုဒ်မခွဲ (က) အရ ငွေတောင်းခံလွှာ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမှာစာများ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ပေးပို့စာများ သို့မဟုတ် အမှာစာများ ဆိုသည်မှာစာရွက် စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထ ရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြသည့်ပုံစံကိုဆိုသည်။

(ဂ) မှတ်ပုံတင်အရာရှိသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်သည့် သို့မဟုတ် ပျက်ကွက်မှုကို သိလျက်နှင့်ဖြစ်စေ၊ တမင်ဖြစ်စေ ခွင့်ပြုသည့်ကုမ္ပဏီအရာရှိ၊ ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၊ ကုမ္ပဏီပိုင်ပစ္စည်းများကို စီမံခန့်ခွဲသူ သို့မဟုတ် ပစ္စည်းထိန်းအား ကျပ်တစ်သိန်း ထက်မပိုသည့် ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်

၁၈၉။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်ပြီးနောက် ၎င်းသည်ကုမ္ပဏီကိစ္စများနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်များအား ကုမ္ပဏီ၏ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို ပြုစုလျက် ၎င်းထံပေးပို့ရန်အတွက် စာဖြင့်အကြောင်းကြားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ နည်းဥပဒေများတွင် အောက်ပါတို့ကို အထူးပြုဖော်ပြစေရမည်-

(၁) စာဖြင့်ရေးသားသောအကြောင်းကြားစာ၏ပုံစံ၊

(၂) ဆက်နွယ်သည့်ပုဂ္ဂိုလ်များ၊

(၃)ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်၏ ပုံစံနှင့်ယင်းပုံစံတွင် ပါရှိရမည့် အချက်များ။

(ဂ) ကုမ္ပဏီ၏ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ တင်ပြရန် တာဝန်ရှိသူသည် စာဖြင့်ရေးသားပေးပို့သည့် အကြောင်းကြားစာကို ရရှိသည့်နေ့ မှ ၂၁ ရက်အတွင်း ထိုထုတ်ဖော်ကြေညာချက်ကို ပေးပို့ရမည်။

(ဃ) မည်သူမဆို ဤပုဒ်မပါ တာဝန်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လိုက်နာရန်ပျက်ကွက် ပါက မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်ငါးသိန်းထက်မပိုသည့် ဒဏ်ကြေးငွေတပ်ရိုက်ရမည်။

မြီရှင်များကော်မတီအား ဖွဲ့စည်းခြင်း

၁၉၀။ (က) မည်သည့်မြီရှင်များအစည်းအဝေးတွင်မဆို မြီရှင်များက သင့်သည်ထင်မြင်လျှင် ဤဥပဒေ အရ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်များကို ကျင့်သုံးရန်ဖြစ်စေ၊ ဤဥပဒေအရဆောင်ရွက်ရမည်တို့ကို ဆောင်ရွက်နိုင်ရန်ဖြစ်စေ မြီရှင်များကော်မတီကို ဖွဲ့စည်းနိုင်သည်။

(ခ) နည်းဥပဒေများတွင် ကော်မတီအတွက်ဖြစ်စေ၊ ကော်မတီနှင့် ဆက်စပ်လျက်ဖြစ်စေ မြီရှင်များ ကော်မတီဖွဲ့စည်းမှု၊ ကော်မတီအစည်းအဝေးကျင်းပခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်မဲပေးပုံတို့နှင့်စပ်လျဉ်း သည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းနိုင်သည့်အပြင် ကော်မတီ၏ နောက်ထပ်လုပ်ငန်း တာဝန်များကို လည်း ထည့်သွင်းပြဋ္ဌာန်းနိုင်သည်။

မြီရှင်များက စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးခြင်း

၁၉၁။ (က) စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်ချမှတ်ပြီးသည့် မည်သည့်အချိန်တွင်မဆို မြီရှင်နှင့် ကြွေးမြီဆပ်ရန်တာဝန်ရှိသူတို့က စစ်ဆေးခွင့်တောင်းခံပါက တရားရုံးသည် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ လက်ဝယ်ရှိသော စာအုပ်စာတမ်းများအား စစ်ဆေးစေရန် အမိန့်ချမှတ်နိုင်သည်။

(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် အောက်ဖော်ပြပါတို့ကို ဖယ်ထုတ်ခြင်း၊ ကန့်သတ်ခြင်းမရှိစေရ-

(၁) အစိုးရဌာန သို့မဟုတ် အစိုးရဌာန၏တာဝန်ပေးချက်အရ တာဝန်ရှိသူက ဥပဒေနှင့်အညီ စစ်ဆေး ခြင်း၊

(၂) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ကိုယ်တိုင်က စစ်ဆေးခြင်းကို ခွင့်ပြုခြင်း။

တရားရုံးသို့ လျှောက်ထားခြင်း

၁၉၂။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာမှ ပေါ်ပေါက်လာသော မည်သည့်ကိစ္စရပ်အတွက်မဆို တရားရုံး၏ လမ်းညွှန်ချက်ရယူရန် လျှောက်ထား နိုင်သည်။

(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူတစ်ဦးဦး သို့မဟုတ် မြီရှင်သည် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်းမှ ပေါ်ထွက်လာသည့် ပြဿနာတစ်ရပ်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ တရားရုံးသည် ထိုပြဿနာအပေါ် လမ်းညွှန်ချက်ပေးလျှင် သို့မဟုတ် ပြဿနာကိုဆုံးဖြတ်ပေးလျှင် တရားမျှတပြီး အကျိုးဖြစ်စေမည်ဟု ကျေနပ်ယုံကြည်ပါက သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း စည်းကမ်းသတ်မှတ်ချက်များသတ်မှတ် ၍ လျှောက်ထားချက် တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လက်ခံနိုင်သည့်အပြင် အခြား သင့်သည်ထင်မြင်သည့်အမိန့်ချမှတ်နိုင်သည်။

တရားရုံး၏ထပ်ဆင့်အာဏာများ

၁၉၃။ ဤဥပဒေအရ တရားရုံးအား အပ်နှင်းထားသည့် အခွင့်အာဏာများသည် ကုမ္ပဏီ၏ ကြွေးမြီ ပေးဆပ်ရသူ သို့မဟုတ် မြီစားတို့အား တရားစွဲဆိုရန် အခွင့်အာဏာတစ်ခုခုကို ကန့်သတ်ခြင်း မဟုတ်ပဲ ဖြည့်စွက်ခြင်းသာ ဖြစ်သည်။

ခွဲဝေရမည့်ဦးစားပေးအစီအစဉ်များ
ကြွေးမြီဦးစားပေးအဆင့်တူညီခြင်း

၁၉၄။ ဤဥပဒေအရ အခြားကြွေးမြီဦးစားပေးအစီအစဉ်သတ်မှတ်ထားခြင်းမှအပ ကုမ္ပဏီစာရင်းရှင်း လင်းဖျက်သိမ်းခြင်းတွင် သက်သေထင်ရှားပြသပြီး ကြွေးမြီများနှင့် တောင်းခံမှုများသည်တူညီသော အဆင့်ရှိသည်။ ကုမ္ပဏီတွင် အပြည့်အဝပေးချေရန်အတွက် လုံလောက်သော ပိုင်ဆိုင်မှုမရှိလျှင် အချိုးကျ ခွဲဝေပေးရမည်။

ကုမ္ပဏီပိုင်ပစ္စည်းများ ခွဲဝေပေးခြင်း

၁၉၅။ ဤအပိုင်းအရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ကုမ္ပဏီပိုင်ပစ္စည်းများကို အောက်ပါ အတိုင်း ခွဲဝေရမည်-

(က) သက်ဆိုင်ရာအခန်းတွင် ပြဋ္ဌာန်းထားသော ဦးစားပေးတောင်းခံမှုများကို ကနဦး ပေးချေခြင်း၊

(ခ) ဒုတိယအနေဖြင့် ဤဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ကုမ္ပဏီကပေးရန်ရှိသည့် ကြွေးမြီများကို ဦးစားပေးအဆင့်တူညီစွာခွဲဝေပေးခြင်း၊

(ဂ) တတိယအနေဖြင့် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အခြားနည်းဖော်ပြထားခြင်း မရှိလျှင် ကုမ္ပဏီတွင်ပါဝင်သူများအကြား ၎င်းတို့၏ အခွင့်အရေးများနှင့် အကျိုးအမြတ်များအရ ခွဲဝေပေးခြင်း။

ဦးစားပေးတောင်းခံမှုများကို ပေးချေခြင်း

၁၉၆။ (က) ဤပုဒ်မတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည်-

(၁) လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏စရိတ်များ ဆိုသည်မှာ ၎င်းကစနစ်တကျ ကျခံခဲ့ရသော ကုန်ကျစရိတ်များကိုဆိုသည်။

(၂) လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ၏ အခကြေးငွေ ဆိုသည်မှာ ၎င်းရပိုင်ခွင့်ရှိသော လုပ်အားခငွေ များကို ဆိုသည်။

(၃) သက်ဆိုင်သော ဝန်ထမ်း ဆိုသည်မှာ အောက်ပါပုဂ္ဂိုလ်များမှအပ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း မပြုမီကာလတွင် ထိုကုမ္ပဏီ၏ ဝန်ထမ်းများကို ဆိုသည်-

(ကက) ဒါရိုက်တာ၊

(ခခ) ယခင်ဒါရိုက်တာ။ (ယခင်ဒါရိုက်တာ ဆိုသည်မှာ ဒါရိုက်တာ ရာထူးမှရပ်စဲသွားချိန်မတိုင်မီအထိ ကုမ္ပဏီ၏ဒါရိုက်တာ တာဝန်ထမ်းဆောင်ခဲ့သူ)

(၄) ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြွေးမြီများ ဆိုသည်မှာ အပိုင်း (၅) လုပ်ငန်းစဉ် သို့မဟုတ် အပိုင်း (၆) လုပ်ငန်းစဉ်မှ ဖျက်သိမ်းခြင်းသို့ ကူးပြောင်းသွားသည့်ကုမ္ပဏီတစ်ခုက ထိုလုပ်ငန်းစဉ်တစ်လျှောက် ကုန်ချခဲ့ပြီး ပေးချေခဲ့ခြင်းမရှိသော ကြွေးမြီတို့ကို ဆိုလိုသည်။

(၅) ကုမ္ပဏီနှင့်သက်ဆိုင်သည့်လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဆိုသည်မှာ အောက်ပါပုဂ္ဂိုလ်များကို ဆိုသည်-

(ကက) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊

(ခခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်သည့် အချိန်၌ ကုမ္ပဏီသည် အပိုင်း (၅) အရ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေလျှင် ယင်း၏ပြန်လည်ထူထောင်ရေးမန်နေဂျာ၊

(ဂဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်သည့် အချိန်၌ ကုမ္ပဏီသည် အပိုင်း (၆) အရ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေလျှင်ယင်း၏ ပြန်လည်ထူထောင်ရေး အကြံပေး။

(၆) သက်ဆိုင်ရာဝန်ထမ်းများ၏ ရပိုင်ခွင့် ဆိုသည်မှာ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသော အမျိုးအစား များတွင် အကျုံးဝင်ပြီး ထိုရပိုင်ခွင့်များအား အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရ ဆောင်ရွက်ခဲ့သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွင်း ပေးချေခဲ့ခြင်းမရှိလျှင် ထိုရပိုင်ခွင့်များကိုလည်း ဆက်စပ် သော ဦးစားပေးအစဉ်တွင် ထည့်သွင်းရခြင်းကိုဆိုသည်။

(ခ) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် အောက်ဖော်ပြပါ ကြွေးမြီနှင့်တောင်းခံမှုများကို ကုမ္ပဏီ၏ပေးရန်ရှိသော အာမခံအကျိုးခံစားခွင့်မရရှိသည့် ကြွေးမြီ သို့မဟုတ် တောင်းခံမှုများထက် ဦးစားပေးလျက် အောက်ပါအစဉ်အတိုင်း ပေးချေရမည်-

(၁) ဦးစွာ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ၏ ကုန်ကျစရိတ်များ၊

(၂) ထို့နောက်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို တရားရုံးမှ ခန့်အပ်ခဲ့ခြင်းဖြစ်ပါက ထိုအမိန့်ရရှိ ရန် လျှောက်ထားခြင်းအတွက် ကုန်ကျခဲ့သော တရားရုံးစရိတ်များ၊

(၃) ထို့နောက် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ ဝန်ဆောင်စရိတ်၊

(၄) ထို့နောက် ကုမ္ပဏီမှ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမပြုမီ အလုပ်လုပ်ကိုင်ခဲ့သော သက်ဆိုင်သည့် ဝန်ထမ်းများအားပေးရန်ရှိသည့် လုပ်အားခနှင့် လစာများ သို့မဟုတ် အခြားသောဝန်ဆောင်စရိတ်များ၊

(၅) ထို့နောက် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်းမပြုမီ အလုပ်လုပ်ကိုင်ခဲ့သော သက်ဆိုင်သည့် ဝန်ထမ်းများအား ပေးရန်ရှိသည့် ခွင့်ရက်ဆိုင်ရာရပိုင်ခွင့်များ၊

(၆) ထို့နောက်သက်ဆိုင်သောဝန်ထမ်းများအား ပေးရန်ရှိသည့် အလုပ်မှရပ်နားခြင်းဆိုင်ရာ ရပိုင်ခွင့် များ၊

(၇) ထို့နောက် သက်ဆိုင်သောဝန်ထမ်းများအား ပေးရန်ရှိသည့် လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှု တို့နှင့်စပ်လျဉ်းသည့် လျော်ကြေးငွေများ၊

(၈) ထို့နောက်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြွေးမြီများ၊

(၉) ထို့နောက်နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အခြားသောကြွေးမြီများ။

(ဂ) ပုဒ်မခွဲ (ခ) တွင် ရည်ညွှန်းထားသော ကြွေးမြီများအနက် အတန်းအစားတူညီသော ကြွေးမြီများ သည် ဦးစားပေးအဆင့်တူညီပြီး ကုမ္ပဏီတွင်ပေးချေရန်အတွက် လုံလောက်သော ပိုင်ဆိုင်မှု မရှိသည်မှ အပ အပြည့်အဝပေးချေရမည်။ လုံလောက်မှုမရှိလျှင် အချိုးကျခွဲဝေပေးမည်။

ကြွေးမြီများအပေါ် တင်ရှိသည့်အတိုး

၁၉၇။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် သက်သေထင်ရှားပြသထားသည့် ကြွေးမြီများကို ပေးဆပ် ပြီးနောက် ကျန်ရှိသည့်ပိုငွေတစ်ရပ်ရပ်ကို ကုမ္ပဏီသည် အခြားသောကိစ္စတစ်ခုခုအတွက် အသုံးပြုခြင်း မပြုမီ စာရင်းရှင်းလင်း ဖျက်သိမ်းမှုစတင်ခဲ့သည့် ကာလများအတွင်း ထိုသက်သေထင်ရှားပြသထားသည့် ကြွေးမြီအတွက် တင်ရှိနေသည့်အတိုးကို ပေးဆပ်ရမည်။

(ခ)ဤပုဒ်မပါ အတိုးအား အဆင့်အတန်းသတ်မှတ်ရာတွင် မူရင်းကြွေးမြီများသည် ဦးစားပေးအဆင့် အတန်းတူညီသည်ဖြစ်စေ၊ မတူညီသည်ဖြစ်စေ အတိုးငွေအား ဦးစားပေးအဆင့်အတန်း တူညီစွာ သတ်မှတ်ရမည်။

(ဂ) ကြွေးမြီတစ်ခုခုနှင့်စပ်လျဉ်း၍ဤပုဒ်မအရ ပေးရမည့်အတိုးနှုန်းသည် စာရင်းရှင်းလင်းဖျက်သိမ်း ခြင်းမှလွဲ၍ ယင်းကြွေးမြီအတွက် သတ်မှတ်သည့် အတိုးနှုန်းဖြစ်သည်။ ထိုသို့သတ်မှတ်ချက်မရှိပါက နည်းဥပဒေများတွင် သတ်မှတ်ထားသည့် အတိုးနှုန်းဖြစ်သည်။

ကြွေးမြီအဆင့် သီးခြားသတ်မှတ်ခြင်း

၁၉၈။ (က) ဤပုဒ်မပါ ကြွေးမြီအဆင့်သီးခြားသတ်မှတ်ခြင်း ဆိုသည်မှာ မြီရှင်၏ သဘောတူညီချက်အရ ကုမ္ပဏီကပေးဆပ်ရမည့် သတ်မှတ်ကြွေးမြီတစ်ရပ် သို့မဟုတ် ယင်းကြွေးမြီ၏ အစိတ်အပိုင်းတစ်ရပ်ရပ် ကို သတ်မှတ်အတိုင်းအတာတစ်ခုအထိ ပေး ဆပ်ပြီးမှသာလျှင် အခြားသော ကြွေးမြီတို့အား ပေးဆပ်စေ ခြင်းကို ဆိုသည်။

(ခ) ပုဒ်မခွဲ (က) အရ မြီရှင်တစ်ဦး၏ ကြွေးမြီအဆင့် သီးခြားသတ်မှတ်ခြင်းကြောင့် ထိုသဘောတူညီ ချက်တွင် ပါဝင်ခြင်းမရှိသည့် သို့မဟုတ် ထိုသဘောတူညီချက်နှင့် သက်ဆိုင်ခြင်းမရှိသည့်မြီရှင်အား နစ်နာခြင်းဖြစ်စေသည့် အတိုင်းအတာမှတစ်ပါး ဤအပိုင်းတွင်ပါဝင်သည့် မည်သည့်ပြဋ္ဌာန်းချက်ကမျှ ထိုသို့ကြွေးမြီအဆင့် သီးခြားသတ်မှတ်ခြင်းကို ထိခိုက်စေခြင်း မရှိစေရ။

အာမခံပဋိညာဉ်စာချုပ်များမှ ရရှိငွေများကို လျှောက်ထားခြင်း

၁၉၉။ (က) ကုမ္ပဏီသည် တတိယပုဂ္ဂိုလ်အတွက် သူတစ်ပါးထိခိုက်မှုအာမခံကို အာမခံကုမ္ပဏီနှင့် အာမ ခံစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ကုမ္ပဏီကဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဖြစ်စေ၊ အာမခံ ကုမ္ပဏီမှပေးလျော်သည့် အာမခံကြေးကို လက်ခံရရှိပါက ထိုအာမခံကြေးကို ရရှိနိုင်ရန်အတွက် ကုန်ကျ ခဲ့သော ကုန်ကျစရိတ်ကို နုတ်ပယ်လျက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါထိခိုက် နစ်နာသည့် တတိယပုဂ္ဂိုလ်ထံပေးရန် တာဝန်များအား ပုဒ်မ ၁၉၆ ပါ အခြားကြွေးမြီများထက် ဦးစားပေး ၍ ပေးချေရမည်။

(ခ) အာမခံကုမ္ပဏီက ကုမ္ပဏီသို့ပေးရန် တာဝန်ရှိသော လျော်ကြေးပမာဏသည် ကုမ္ပဏီကထိခိုက် နစ်နာသည့် တတိယပုဂ္ဂိုလ်ထံပေးရန် တာဝန်ရှိသည့်ပမာဏထက် လျော့နည်းနေပါက ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်သည် ထိုတတိယပုဂ္ဂိုလ်မှရရန် ကျန်ရှိသည့် ငွေအားရပိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်ခြင်း မရှိစေရ။

ကြွေးမြီနှင့် တောင်းဆိုမှုများကို စီရင်ခြင်း

သက်သေခံအထောက်အထားပြသရန် ခွင့်ပြုသည့် ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုများ

၂၀၀။ (က) စာရင်းရှင်းလင်းဖျက်သိမ်းမှုတိုင်းတွင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ခြင်းမပြုမီ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ကုမ္ပဏီကပေးဆပ်ရန်ရှိသည့် ကြွေးမြီများနှင့် တောင်းဆိုမှုများသည် လက်ရှိ သို့မဟုတ် အနာဂတ်အတွက်ဖြစ်သည်၊ တိကျသေချာ မှုရှိသည် မရှိသည်၊ စုံစမ်းပေါ်ပေါက်သည် သို့မဟုတ် နစ်နာကြေးအတွက် ခိုင်လုံသော အနေအထား ရှိသည် စသည်တို့ကို သက်သေခံအထောက်အထားအဖြစ် တင်ပြရန် ခွင့်ပြုနိုင်သည်။

(ခ) ကုမ္ပဏီကပေးရန်ရှိသည့် ကြွေးမြီများ သို့မဟုတ် ကုမ္ပဏီအပေါ်တောင်းဆိုမှုများသည် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းစတင်ချိန် သို့မဟုတ် စတင်ပြီးနောက်ပိုင်းမှ ပေါ်ပေါက်လျှင် ဖျက်သိမ်းမှု ပြုနေသည့် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုကို သက်သေခံအထောက်အထား အဖြစ် အောက်ပါအခြေအနေများတွင်တင်ပြခွင့်ပြုနိုင်သည်-

(၁) ပြန်လည်ထူထောင်ရေးဆောင်ရွက်ခဲ့သည့် အချိန် သို့မဟုတ် ကုမ္ပဏီသည် အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ဆောင်ရွက်နေသည့်အချိန် တွင် အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ခဲ့ခြင်း၊

(၂) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းစေရန် ဆုံးဖြတ်ချက်မချမီ သို့မဟုတ် တရားရုံးက ကုမ္ပဏီ ကို စာရင်းရှင်းလင်းဖျက်သိမ်းစေသည့် အမိန့်ချမှတ်ခြင်းမပြုမီ တစ်ဆက်တည်း အချိန်တွင် ကုမ္ပဏီသည် ထိုပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ဆောင် ရွက်နေဆဲဖြစ်ခြင်း၊

(၃) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း ထိုတောင်းဆိုမှု သို့မဟုတ် တာဝန် ရှိမှုကို ပေးချေခဲ့မှုမရှိခြင်း။

(ဂ) ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတို့က ကုမ္ပဏီသို့ပေးရန် တာဝန်ရှိသည့် ကြွေးမြီ ပမာဏအားလုံးကို ကုမ္ပဏီ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပေးချေခြင်းမပြုသေး ပါက ယင်းကြွေးမြီနှင့်စပ်လျဉ်းပြီး ကုမ္ပဏီကို ဆန့်ကျင်၍ သက်သေခံအထောက်အထား တင်ပြခွင့်မပြု ရ။

ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများနှင့် စပ်လျဉ်း၍ သက်သေခံအထောက်အထားတင်ပြခြင်း

၂၀၁။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မြီရှင်များအားလုံး သို့မဟုတ် တစ်ဦးဦးကို ကုမ္ပဏီ အပေါ်ရှိ ၎င်းတို့၏ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများကို သက်သေထင်ရှားပြသရန်ဆင့်ခေါ်သည့် အခါတွင် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ အဆိုပါဆင့်ခေါ်ခြင်းခံရသည့် ထိုမြီရှင်များသည် နည်းဥပဒေများအရ သတ်မှတ်ထားသည့်ပုံစံတွင် ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုနှင့်သက်ဆိုင်သည့် သက်သေခံအထောက်အထားကို သတ်မှတ်ထားသည့်စာရွက်စာတမ်းများ ပူးတွဲလျက် သတ်မှတ်သည့် အချိန်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ၎င်းတို့၏ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှု များကို သက်သေထင်ရှားပြသစေရမည်။

(ခ) ပုဒ်မခွဲ (က) ပါ မည်သည့်အချက်ကမျှ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဆင့်ခေါ်ခြင်းမရှိ သဖြင့် ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုအား သက်သေထင်ရှားပြသခွင့်ကို ပိတ်ပင်ခြင်းမရှိစေရ။ ထို့ပြင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မခွဲ (က) အရ သက်သေထင်ရှားပြသရန် မဆင့်ခေါ်ခဲ့ခြင်း ကြောင့် ယင်းကြွေးမြီ သို့မဟုတ် တောင်းဆိုမှုကို ငြင်းပယ်ခြင်း မပြုရ။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီနှင့် စပ်လျဉ်းသည့်ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများကို ဆုံးဖြတ်ပေးရမည်။

(ဃ) တစ်ဦးတစ်ယောက်၏ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတစ်ရပ်နှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိမှ ဤပုဒ်မနှင့်အညီ ဆုံးဖြတ်ချက်ချပြီးနောက်တွင် ထိုသူက စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိ၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံး သို့လျှောက်ထားနိုင်သည်။

အပြန်အလှန်သွင်းငွေနှင့် ခုနှိမ်ခြင်း

၂၀၂။ (က) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆောင်ရွက်နေသည့် ကြွေးမြီမပေးဆပ်နိုင်သော ကုမ္ပဏီနှင့် ယင်းကုမ္ပဏီထံမှ ကြွေးမြီရရန်ရှိသူ သို့မဟုတ် တောင်းဆိုမှုတစ်ရပ်ပြုလုပ်ထားသူ ပုဂ္ဂိုလ်တို့အကြား အပြန်အလှန်ငွေပေးသွင်းမှု၊ အပြန်အလှန်ငွေထုတ်ယူမှု သို့မဟုတ် အခြားသောအပြန်အလှန် ဆက်သွယ် ဆောင်ရွက်မှုများရှိသည့်အခါတွင်-

(၁) ငွေစာရင်းဆိုသည်မှာ ထိုအပြန်အလှန်ဆက်သွယ် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တစ်ဘက်မှ အခြားတစ်ဘက်သို့ ပေးရမည့်အရာဟု မှတ်ယူရမည်၊

(၂) တစ်ဘက်မှ ပေးချေရမည့်ပမာဏသည် အခြားတစ်ဘက်မှ ပြုလုပ်ပေးရမည့်ပမာဏ တစ်ခုခုမှ ခုနှိမ်ရမည်၊

(၃) ငွေစာရင်း၏လက်ကျန်ငွေကို ကုမ္ပဏီကပေးရန် သို့မဟုတ် ရရန်ရှိသည်တို့အတွက် သက်သေခံ အထောက်အထားအဖြစ် တင်ပြစေနိုင်သည်။

(ခ) လူတစ်ဦးသည် ကုမ္ပဏီသို့ငွေပေးသွင်းချိန် သို့မဟုတ် ကုမ္ပဏီမှငွေရရှိချိန်၌ ကုမ္ပဏီသည်ကြွေးမြီ မပေးဆပ်နိုင်သူဖြစ်ကြောင်း သိရှိပြီးဖြစ်လျှင်ထိုသူသည် ဤပုဒ်မအရ ခုနှိမ်ပေးရန် တောင်းဆိုခွင့် မရှိစေရ။

အချိန်မီ သက်သေထင်ရှားမပြနိုင်သည့် မြီရှင်များကို ဖယ်ထုတ်ရန်အခွင့်အာဏာ

၂၀၃။ တရားရုံးသည် မြီရှင်များက ၎င်းတို့၏ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုမှုများကို သက်သေ ထင်ရှားပြရန် အချိန်ကာလသတ်မှတ်ပေးနိုင်သည်။ သတ်မှတ်ကာလအတွင်း သက်သေထင်ရှားမပြ နိုင်လျှင်ယခင်က သက်သေထင်ရှားပြီးဖြစ်သော ကြွေးမြီများကို ခွဲဝေပေးရာတွင် ထိုမြီရှင်အား ဖယ်ထုတ် ရမည်။

အာမခံအကျိုးခံစားခွင့်ရမြီရှင်က ကြွေးမြီအတွက်သက်သေခံအထောက်အထား တင်ပြခြင်း

၂၀၄။ (က) ဤပုဒ်မသည် ကြွေးမြီမပေးဆပ်နိုင်သည့် ကုမ္ပဏီတစ်ရပ် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် အာမခံအကျိုးခံစားခွင့်ရှိသော ကြွေးမြီအပေါ် သက်သေခံအထောက်အထား တင်ပြမှုနှင့်သက်ဆိုင် စေရမည်။

(ခ) ကြွေးမြီမပေးဆပ်နိုင်သည့် ကုမ္ပဏီတစ်ရပ် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် အာမခံ အကျိုးခံစား ခွင့်ရမြီရှင်သည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်၊ ဤဥပဒေ၏ အခြားသောပြဋ္ဌာန်းချက် သို့မဟုတ် ကြွေးမြီတစ် ရပ်အား သက်သေထင်ရှားပြသခြင်းနှင့်သက်ဆိုင်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်မှလွဲ၍ အာမခံ အကျိုးခံစားခွင့်ရှိသည့် ကြွေးမြီတစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို အခြားနည်းအားဖြင့် သက်သေခံ အထောက်အထားတင်ပြနိုင်ခွင့်မရှိစေရ။

(ဂ) အာမခံအကျိုးခံစားခွင့်ရမြီရှင်သည် ကြွေးမြီနှင့်စပ်လျဉ်းသည့် သက်သေခံအထောက်အထား တင်ပြ ရာတွင် စာဖြင့်ရေးသားတင်ပြရမည်။

(ဃ) ယေဘုယျအားဖြင့် အာမခံအကျိုးခံစားခွင့်ရမြီရှင်က မြီရှင်များအကျိုးအတွက် ၎င်း၏အာမခံ အကျိုးခံစားခွင့်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ စွန့်လွှတ်ပေးအပ်ခဲ့လျှင် အဆိုပါ မြီရှင်သည် အာမခံထားသည့်ကြွေးမြီ၏ ပမာဏတစ်ခုလုံးအတွက် သက်သေခံအထောက်အထား တင်ပြနိုင်သည်။

(င) အာမခံအကျိုးခံစားခွင့်ရမြီရှင်က အာမခံပစ္စည်းကို ထုခွဲရောင်းချခဲ့ပြီး အဆိုပါ ထုခွဲရောင်းချမှုသည် သဘောရိုးဖြင့် သင့်တော်သည့်နည်းလမ်းများအရ ဆောင်ရွက်ခဲ့ကြောင်းကို စာရင်းရှင်းလင်းဖျက်သိမ်း ရေးအရာရှိက ကျေနပ်လျှင် မြီရှင်သည် ထုခွဲရောင်းချခဲ့ရာမှ ရရှိခဲ့သည့် အသားတင်ပမာဏကို နှုတ်ပြီး နောက်ကျန်ရှိသည့် ပမာဏအတွက် သက်သေခံအထောက်အထား တင်ပြနိုင်သည်။

(စ) မြီရှင်သည် အာမခံပစ္စည်းကိုထုခွဲရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးအပ်ခြင်း မပြုရသေးပါက ယင်း၏တန်ဖိုးကို ခန့်မှန်းတင်ပြနိုင်ပြီး ထိုသို့ခန့်မှန်းထားသည့် တန်ဖိုးကိုနုတ်ပြီးနောက် ကျန်ရှိသည့် ပမာဏအတွက်ကိုသာ သက်သေခံအထောက်အထားတင်ပြနိုင်သည်။

(ဆ) ပုဒ်မခွဲ (စ) အရ ကြွေးမြီအတွက် သက်သေခံအထောက်အထားတင်ပြရာတွင် အာမခံပစ္စည်း၏ အသေးစိတ်အချက်အလက်များနှင့် ခန့်မှန်းတန်ဖိုးပါဝင်ရမည်။

(ဇ) အာမခံအကျိုးခံစားခွင့်ရမြီရှင်၏ ကြွေးမြီအတွက် သက်သေခံအထောက်အထား တင်ပြရာတွင် မြီရှင်သည် အာမခံပစ္စည်း၏ ခန့်မှန်းတန်ဖိုးကိုနုတ်ပြီး ကျန်ရှိသည့်ပမာဏကိုသာ တင်ပြခဲ့ခြင်းဖြစ်ပါက မြီရှင်သည် ခန့်မှန်းတန်ဖိုးကို ပြောင်းလဲပြင်ဆင်ရန်အလို့ငှာ ကြွေးမြီနှင့်စပ်လျဉ်းသည့် သက်သေခံ အထောက်အထားကို နောင်တွင် ပြောင်းလဲပြင်ဆင်တင်ပြနိုင်သည်။

(ဈ) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ပုဒ်မခွဲ (ဇ) အရ ကြွေးမြီသက်သေခံအထောက် အထားပြင်ဆင်ခဲ့သည့် မြီရှင်သည် ရပိုင်ခွင့်ရှိသည့် ပမာဏထက်ပို၍ရရှိပါက နှောင့်နှေးမှုမရှိဘဲ ပိုနေသည့်ပမာဏကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ ပြန်ပေးရမည်။

(ည) ကုမ္ပဏီကိုဖျက်သိမ်းရာတွင် ကြွေးမြီသက်သေခံအထောက်အထား ပြင်ဆင်ခဲ့သည့် မြီရှင်သည် ထိုပြင်ဆင်ထားသည့် ကြွေးမြီသက်သေခံအထောက်အထား၏ ပမာဏထက်နည်း၍ရရှိပါက ဆက်လက် ခွဲဝေမည့်ငွေပမာဏအနက်မှ ထိုလျော့နည်းသည့် ပမာဏကိုနောင်လာမည့်ခွဲဝေမှုများ ပြုလုပ်ခြင်းမပြုမီ ဖြည့်စွက်ရပိုင်ခွင့်ရှိသည်။ သို့ရာတွင် မြီရှင်သည် ကြွေးမြီအထောက်အထား ပြင်ဆင်ချက်မတိုင်မီက ပြုလုပ်ခဲ့သည့် ခွဲဝေမှုတွင် အကျိုးသက်ဆိုင်ခွင့်မရှိစေရ။

(ဋ) အာမခံအကျိုးခံစားခွင့်ရမြီရှင်က ကြွေးမြီသက်သေခံအထောက်အထား တင်ပြရာတွင် အာမခံ ခန့်မှန်းတန်ဖိုးထုတ်နုတ်ပြီးနောက် ကျန်ရှိသည့်ပမာဏကို တင်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ အာမခံပစ္စည်းကို ထုခွဲရောင်းချရာ၌ ခန့်မှန်းတန်ဖိုးအတိုင်းရရှိခဲ့ခြင်းမရှိလျှင် ထိုခန့်မှန်းတန်ဖိုးနေရာ၌ အမှန်တကယ် ရောင်းချခဲ့သည့် အသားတင်ငွေကို အစားထိုးရမည်ဖြစ်ပြီး ထိုဆောင် ရွက်ချက်သည် ပုဒ်မခွဲ (ဇ) နှင့် (ည) တို့အရ ကြွေးမြီသက်သေခံအထောက်အထား ပြင်ဆင်ခဲ့ပြီးဖြစ်သည် ဟု မှတ်ယူရမည်။

အာမခံပစ္စည်းများအနက်မှ ဆက်စပ်ဝန်ထမ်းများ၏ ဦးစားပေးမှုအစီအစဉ်

၂၀၅။ ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပြုလုပ်သည်ဖြစ်စေ၊ မပြုလုပ်သည်ဖြစ်စေ ဤပုဒ်မ နှင့် သက်ဆိုင်စေရမည်ဖြစ်ပြီး ပုဒ်မ ၁၉၆ ပါ သက်ဆိုင်သည့်ဝန်ထမ်းများက ရရန်ရှိသော ဦးစားပေးရပိုင် ခွင့်များကို အခြားနည်းဖြင့်ပေးချေနိုင်ခြင်းမရှိပါက အာမခံအကျိုးခံစားခွင့်ရှိသူ၏ အာမခံကို ထုခွဲရောင်း ချ၍ရရှိသော အသားတင်ငွေအနက်မှ အဆိုပါ ဝန်ထမ်းများရရန်ရှိသောငွေကို အာမခံအကျိုးခံစားခွင့် ရှိသော ပုဂ္ဂိုလ်ထက်ဦးစားပေး၍ ပေးချေရမည်။

ဝန်ထုပ်ဝန်ပိုးဖြစ်သည့်ပစ္စည်းကို တာဝန်မယူကြောင်း ထုတ်ဖော်ကြေညာခွင့်

၂၀၆။ (က) ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည့် ပစ္စည်းကို လက်ရောက်ရယူထားခဲ့လျှင် သို့မဟုတ် ရောင်းချရန်ကြိုးစားခဲ့လျှင် သို့မဟုတ် ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ပိုင်ရှင်၏အခွင့်အရေးများကို အခြားနည်းဖြင့်အသုံးပြုခဲ့ပြီးဖြစ်လျှင်ပင် ဤပုဒ်မအရ ဝန်ထုပ်ဝန်ပိုး ဖြစ်သည့် ပစ္စည်းတစ်ခုခုကို တာဝန်မယူကြောင်းနည်းဥပဒေများဖြင့် သတ်မှတ်ထားသည့်ပုံစံနှင့်အညီ အကြောင်းကြားစာ ပေးပို့ငြင်းဆိုနိုင်သည်။

(ခ) ဤပုဒ်မအလို့ငှာ အောက်ပါတို့သည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ပစ္စည်းဖြစ်သည်-

(၁) အကျိုးအမြတ်မရှိသော ပဋိညာဉ်စာချုပ်၊

(၂) မရောင်းချနိုင်သော သို့မဟုတ် အလွယ်တကူရောင်းချခြင်း မပြုနိုင်သော ကုမ္ပဏီပိုင်ပစ္စည်းများ သို့မဟုတ် ငွေကြေးပေးရန် တာဝန်တင်ရှိလာစေနိုင်သည့် သို့မဟုတ် အခြားဝန်ထုပ်ဝန်ပိုးဖြစ်လာစေ သည့် ပြုလုပ်မှုတစ်ခုခု။

(ဂ) ဤပုဒ်မအရ တာဝန်မယူကြောင်း ကြေညာချက်သည်-

(၁) ထိုသို့ထုတ်ဖော်ကြေညာသည့်နေ့မှစ၍ ကုမ္ပဏီတွင်ရှိမည့် အခွင့်အရေးများ၊ အကျိုးစီးပွားများနှင့် တာဝန်ရှိမှုများသည် ယင်းသို့ ထုတ်ဖော်ကြေညာသည့် ပစ္စည်း သို့မဟုတ် ပစ္စည်းနှင့်ဆက်နွှယ်၍ စတင် အကျိုးသက်ရောက်စေရမည်။

(၂) သို့ရာတွင်ကုမ္ပဏီအား တာဝန်ရှိမှုတစ်ခုခုမှစွန့်လွှတ်ရန် ရည်ရွယ်ချက်အလို့ငှာ လိုအပ်သည့် အခါမှ တစ်ပါး အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ရှိမှုများကို မထိခိုက်စေရ။

(ဃ) အောက်ပါအခြေအနေများတွင် ပစ္စည်းတစ်ခုခုနှင့်စပ်လျဉ်း၍ တာဝန်မယူကြောင်း အကြောင်းကြားစာအား ထုတ်ဆင့်ပေးပို့ခြင်းမပြုရ-

(၁) ပစ္စည်းတွင် အကျိုးသက်ဆိုင်သူသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ၎င်းမတိုင်မီ စာရင်းရှင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူများထံသို့ စာဖြင့်ရေးသား၍ ၎င်းကတာဝန်ရှိ မရှိ ဆုံးဖြတ်ပေးရန်လျှောက်ထားခဲ့ခြင်း၊

(၂) ဤပုဒ်မအရ ပစ္စည်းတစ်ရပ်နှင့်စပ်လျဉ်းပြီး ထိုသို့လျှောက်ထားမှုကို ပြုလုပ်သည့်နေ့မှ စတင်၍ ၂၈ ရက် ကာလသို့မဟုတ် တရားရုံးက ထပ်မံတိုးမြှင့်သောအချိန်ကာလကို ကျော်လွန်ကုန်ဆုံးခဲ့သည့် တိုင်အောင် တာဝန်မယူကြောင်းကြေညာချက်အား ထုတ်ဆင့်မှုမပြုခဲ့ခြင်း။

(င) ဤပုဒ်မအရ တာဝန်မယူကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းကြောင့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု ရှိသူ မည်သူ့ကိုမဆို ၎င်းဆုံးရှုံးခဲ့မှု သို့မဟုတ် နစ်နာမှု၏ အတိုင်းအတာတစ်ခုအထိ ၎င်းအား ကုမ္ပဏီ၏ မြီရှင်အဖြစ် မှတ်ယူရမည်ဖြစ်ပြီး ထိုသူ၏ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် ကုမ္ပဏီစာရင်းရှင်းလင်း ဖျက်သိမ်းရာတွင် သက်သေခံအထောက်အထားအဖြစ် တင်ပြနိုင်သည်။

ငှားရမ်းသည့်ပစ္စည်းအပေါ် တာဝန်မယူကြောင်း ငြင်းဆိုခြင်း

၂၀၇။ (က) ငှားရမ်းထားသည့် ပစ္စည်းတစ်ခုခုအပေါ် တာဝန်မယူကြောင်း ငြင်းဆိုခြင်းသည် လူမွဲထံမှ ထပ်ဆင့်အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံသူအသီးသီးထံသို့ တာဝန်မယူကြောင်း ငြင်းဆိုချက် မိတ္တူကို ပေးပို့ထားခြင်းမရှိပါက အကျိုးသက်ရောက်မှုမရှိစေရ။

(ခ) ထို့အပြင် ဤပုဒ်မခွဲအရ နောက်ဆုံးငြင်းဆိုချက်မိတ္တူ ပေးအပ်သည့်နေ့မှ ၁၄ ရက်အတွင်း ထိုပစ္စည်း နှင့် စပ်လျဉ်း၍ ပုဒ်မ ၂၀၉ အရ တင်ပြလျှောက်ထားမှုမရှိပါက အကျိုးသက်ရောက်မှုမရှိစေရ။ သို့ရာတွင် ယင်းကဲ့သို့ လျှောက်လွှာကို ပြုလုပ်ပြီးသော်လည်း တာဝန်မယူကြောင်း ငြင်းဆိုခြင်းသည် အကျိုး သက်ရောက်ရမည်ဟု တရားရုံးက ညွှန်ကြားနိုင်သည်။

(ဂ) တရားရုံးက ပုဒ်မ ၂၀၉ ပုဒ်မခွဲ (က) အရ ညွှန်ကြားသည့်အခါ ထိုပုဒ်မအရ ချမှတ်ပေးသည့် အမိန့် အပြင် အငှားချထားခြင်းနှင့်စပ်လျဉ်းသည့် အမြဲစွဲကပ်ထားသည့် ပစ္စည်းများ၊ အိမ်ငှား၏ တိုးတက် အောင်ဆောင်ရွက်မှုနှင့် အငှားချထားမှုမှ ပေါ်ပေါက်လာသည့် အခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း အမိန့်ချမှတ်နိုင်သည်။

တာဝန်မယူကြောင်းငြင်းဆိုခြင်းနှင့် စပ်လျဉ်း၍ တရားရုံး၏ သာမန်အခွင့်အာဏာများ

၂၀၈။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ပုဒ်မ ၂၀၆ အရ ပစ္စည်းကို တာဝန်မယူကြောင်း ငြင်းဆိုသည်နှင့်တစ်ပြိုင်နက် ဤပုဒ်မနှင့် ပုဒ်မ ၂၀၉ ပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။

(ခ) တရားရုံးသို့ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားနိုင်သည်-

(၁) တာဝန်မယူကြောင်း ငြင်းဆိုသည့်ပစ္စည်းတွင် အကျိုးသက်ဆိုင်မှုရှိသည်ဟု တောင်းဆိုသူ၊

(၂) တာဝန်မယူကြောင်း ငြင်းဆိုသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ကြေညာချက်အရ ကင်းလွတ်ခွင့်ရသည့် တာဝန်မျိုးမဟုတ်သော တာဝန်တစ်ရပ်ရပ်တင်ရှိနေသူ။

(ဂ) တာဝန်မယူကြောင်း ငြင်းဆိုသည့်ပစ္စည်းကို အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးထံ အပ်နှင်းရန် သို့မဟုတ် လွှဲပြောင်းပေးအပ်ရန်အတွက် ဤပုဒ်မအရ လျှောက်ထားသည့်အခါ တရားရုံးသည် သင့်သည်ထင်မြင် သည့် စည်းကမ်းချက်များသတ်မှတ်၍ အမိန့်ချမှတ်နိုင်သည်-

(၁) ယင်းပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ထိုသူ၏ယုံမှတ်အပ်နှံခံရသူ၊

(၂) ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၂) တွင် ဖော်ပြထားသည့် တာဝန်ရှိမှုကို လိုက်နာရသူ သို့မဟုတ် ထိုသူ၏ ယုံမှတ်အပ်နှံခံရသူ။

(ဃ) တာဝန်မယူကြောင်း ကြေညာချက်နှင့်စပ်လျဉ်းပြီး လိုက်နာရသူတစ်ဦးကို လျော်ကြေးပေးရန် ရည်ရွယ်၍ ပြုလုပ်ပါက တရားမျှတမည်ဟု ထင်မြင်သည်မှတစ်ပါး တရားရုံးသည် ပုဒ်မခွဲ (ဂ) အရ အမိန့်ချမှတ်ခြင်းမပြုရ။

(င) တာဝန်မယူကြောင်း ငြင်းဆိုမှုကြောင့် တစ်ဦးတစ်ယောက်ခံစားရသည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု ၏အတိုင်းအတာကို ပုဒ်မ ၂၀၆ ပုဒ်မခွဲ (င) အရ ဆန်းစစ်ရာတွင် ဤပုဒ်မအရ ချမှတ်သည့်အမိန့်တစ်ရပ် ၏ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားရမည်။

(စ) ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးဦးထံ ပစ္စည်းအပ်နှံသည့်အမိန့်ချမှတ်ပါက ပစ္စည်းသည် တရားဝင်လွှဲ ပြောင်းရောက်ရှိသွားပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ပေးကမ်းခြင်း၊ တာဝန်ပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်ရန် မလိုအပ်စေရ။

ငှားရမ်းထားသည့်ပစ္စည်းကို တာဝန်မယူကြောင်းငြင်းဆိုခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ အခွင့်အာဏာ များ

၂၀၉။ (က) အောက်ပါသတ်မှတ်ချက်များ ပြုလုပ်သည်မှတစ်ပါး၊ တရားရုံးသည် ကုမ္ပဏီထံမှထပ်ဆင့် အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံသူအသီးသီးထံသို့ အငှားချထားသည့် ပစ္စည်းကို အပ်နှံစေရန် ပုဒ်မ ၂၀၈ အရ အမိန့်ချမှတ်ခြင်းမပြုရ။ ထိုသူသည်-

(၁) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်သည့်အချိန်တွင် အငှားစာချုပ်အရ ကုမ္ပဏီက တာဝန်ရှိသည့် အတိုင်း တူညီသောတာဝန်ရှိမှုများ၊ တာဝန်ယူမှုများကို မဆန့်ကျင်စေရ၊

(၂) လိုအပ်ပါက စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်သည့်အချိန်တွင် အငှားစာချုပ်အား တစ်ဦးတစ် ယောက်ကို တာဝန်ပေးပါက ထိုသူက တာဝန်ရှိလာမည့်တူညီသော တာဝန်ရှိမှုများနှင့် တာဝန်ယူမှုများ ကို မဆန့်ကျင်စေရ။

(ခ) အငှားစာချုပ်တွင် ပါဝင်သည့်ပစ္စည်းတစ်ခုခု၏ တစ်စိတ်တစ်ဒေသအပေါ်တွင် ပုဒ်မ ၂၀၈ အရ ချမှတ်သောအမိန့်အရ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များသည် အမိန့်နှင့်စပ်လျဉ်းသည့် ပစ္စည်းကိုသာ ပါဝင်သကဲ့သို့ အကျိုးသက်ရောက်သည်။

(ဂ) ပုဒ်မခွဲ (က) နှင့်သက်ဆိုင်ပြီး တစ်ဦးတစ်ယောက်သည် ထိုပုဒ်မခွဲအရလိုအပ်သည့် သတ်မှတ်ချက် များနှင့်အညီချမှတ်သော ပုဒ်မ ၂၀၈ အရ အမိန့်ကို လက်ခံရန်ဆန္ဒမရှိသည့်အခါ တရားရုံးသည် ထိုပုဒ်မ အရ ချမှတ်သည့်အမိန့်ဖြင့် ကုမ္ပဏီပိုင်ပစ္စည်း သို့မဟုတ် ပစ္စည်းအပေါ်တွင် ကုမ္ပဏီ၏ အကျိုးသက်ဆိုင် ခွင့်အား အငှားစာချုပ်ရှိငှားရမ်းသူ၏ သဘောတူညီချက်ကို ဆောင်ရွက်ရန် တာဝန်ရှိသူတစ်ဦးဦး ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်အနေဖြင့်ဖြစ်စေ ဆောင်ရွက်စေနိုင်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် တစ်ဦးတည်းဖြစ်စေ၊ ကုမ္ပဏီနှင့်ပူးတွဲ၍ဖြစ်စေ တာဝန်ပေးအပ်နိုင်သည်။

(ဃ) ကုမ္ပဏီကြောင့်ဖြစ်ပေါ်လာသည့်ပစ္စည်းများ၊ အခွင့်အရေးများ၊ တာဝန်များနှင့်အကျိုး ခံစားခွင့် များအားလုံးမှ ကင်းလွတ်စေလျက် အဆိုပါပစ္စည်းနှင့် ယင်းအပေါ်အကျိုးခံစားခွင့်ကိုတရားရုံးသည် ထိုသူထံသို့ အပ်နှင်းနိုင်သည်။

(င) ပုဒ်မခွဲ (က) နှင့်သက်ဆိုင်ပြီး ကုမ္ပဏီကိုအမှီပြု၍ ထပ်ဆင့်အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံ သူအနေဖြင့် တောင်းဆိုနေသူမည်သူမဆို ပုဒ်မ ၂၀၈ အရ ချမှတ်သည့်အမိန့်ကိုလက်ခံရန် ငြင်းဆိုသည့် အခါ ထိုသူအား ပစ္စည်းတွင်ရှိသည့် အကျိုးခံစားခွင့်အားလုံးမှ ဖယ်ထုတ်စေရမည်။

တရားရုံးက ပဋိညာဉ်စာချုပ်များကို ပယ်ဖျက်ခြင်း

၂၁၀။ (က) ကုမ္ပဏီနှင့် ပဋိညာဉ်စာချုပ်တစ်ရပ်ချုပ်ဆိုပြီး ထိုစာချုပ်အရ အကျိုးအမြတ် ခံစားခွင့် ရှိသူက ဖြစ်စေ သို့မဟုတ် ထိုစာချုပ်ကြောင့် တာဝန်တင်ရှိနေသူကဖြစ်စေ လျှောက်ထားလာပါက တရားရုံး သည် ပဋိညာဉ်အတိုင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် နစ်နာကြေးပေးစေရန် ဖြစ်စေ၊ တရားမျှ တသည်ဟု ယူဆသော နည်းလမ်းဖြင့်ဖြစ်စေ စည်းကမ်းချက်များသတ်မှတ်လျက် ပဋိညာဉ်စာချုပ်အား ပယ်ဖျက်စေရန်အမိန့်ချမှတ်နိုင်သည်။

(ခ) အထက်ပါ အမိန့်အရ တစ်ဦးတစ်ယောက်အား ပေးအပ်ရမည့်နစ်နာကြေးကို ကုမ္ပဏီစာရင်းရှင်း လင်းဖျက်သိမ်းရာတွင် ပေးချေရမည့်ကြွေးမြီတစ်ရပ်ဖြစ်ကြောင်း ထိုသူက သက်သေထင်ရှား ပြသနိုင် သည်။

အပြီးသတ် စာရင်းရှင်းလင်းခြင်းနှင့် ဖျက်သိမ်းခြင်း
ကုမ္ပဏီဖျက်သိမ်းခြင်းမပြုမီ နောက်ဆုံးအစည်းအဝေး

၂၁၁။ (က) ကုမ္ပဏီ၏ကိစ္စရပ်များအား အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းလင်းဖျက်သိမ်းရေးအရာရှိသည် မည်သို့ဆောင်ရွက်ခဲ့သည်နှင့် ကုမ္ပဏီ၏ပစ္စည်းကို မည်သို့ အပြီးသတ် စီမံခန့်ခွဲခဲ့သည်ကို ဖော်ပြသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စာရင်းကို ပြုစုပြီးနောက် ရှင်းလင်းတင်ပြရန် ကုမ္ပဏီ၏မြီရှင်များအစည်းအဝေး သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒ အလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဖြစ်ပါက ကုမ္ပဏီတွင် ပါဝင်သူများ၏ အစည်းအဝေးကို ခေါ်ယူကျင်းပရမည်။

(ခ) အစည်းအဝေးကျင်းပပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သည် မှတ်ပုံတင်အရာရှိထံ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စာရင်း၏မိတ္တူကိုလည်းကောင်း၊ အစည်းအဝေးမှတ်တမ်းကိုလည်းကောင်း ပေးပို့ရမည်။ အစည်းအဝေးအထမြောက်ရန် လိုအပ်သော အနည်းဆုံးတက်ရောက်သူအရေအတွက်မပြည့်မီပါက ထိုစာရင်းနှင့်အတူ လိုအပ်သောအရေအတွက် မပြည့်မီကြောင်း အတည်ပြုဖော်ပြသည့် စာကိုလည်း ပူးတွဲပေးပို့ရမည်။

ကုမ္ပဏီအား အပြီသတ်ဖျက်သိမ်းခြင်းနှင့် ကုမ္ပဏီအားပြန်လည်တည်ရှိစေခြင်း

၂၁၂။ (က) ဤပုဒ်မသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မှတ်ပုံတင်အရာရှိထံ ပုဒ်မ ၂၁၁ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းပါရှိသည့်အချက်အလက်များ ပေးပို့သည့်ကိစ္စနှင့် သက်ဆိုင်စေရမည်။

(ခ) ပုဒ်မခွဲ (က) အရပေးပို့သော အချက်အလက်များရရှိသည်နှင့် တစ်ပြိုင်နက် မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းရမည်။ ထိုသို့ မှတ်ပုံတင်ပြီးသည့်နေ့မှ ၃ လ ပြည့်မြောက်သည့်နေ့တွင် ကုမ္ပဏီသည် အပြီးသတ်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ) သို့သော် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ အကျိုးသက်ဆိုင်သူဟု တရားရုံးက ထင်မြင်ယူဆသူကဖြစ်စေ လျှောက်ထားလာပါက တရားရုံးသည် ကုမ္ပဏီအား အပြီးသတ်ဖျက်သိမ်း သည့် ရက်ကို ရွှေ့ဆိုင်းရန် အမိန့်ချမှတ်နိုင်သည်။

(ဃ) အခြားအကျိုးသက်ဆိုင်သူမှ လျှောက်ထားလာပါက တရားရုံးသည် ကုမ္ပဏီမှတ်ပုံတင်ရုံးတွင် အပြီးသတ်ဖျက်သိမ်းပြီးဖြစ်သည့် ကုမ္ပဏီအား ပြန်လည်အသက်သွင်းသည့် အမိန့်ကို သင့်လျော်သည့် စည်းကမ်းချက်များသတ်မှတ်လျက် ချမှတ်နိုင်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကိုလည်း ခန့်ထားနိုင်သည်။

(င) အဆိုပါတရားရုံး၏ အမိန့်မိတ္တူကို အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း မှတ်ပုံတင်အရာရှိထံ ပေးပို့ ရန်တာဝန်သည် ထိုအမိန့်ချမှတ်ပေးစေရန် လျှောက်ထားသူ၏ တာဝန်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက် ရမည်။

ဆောလျင်စွာ ဖျက်သိမ်းခြင်း

၂၁၃။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရာ၌ ကုန်ကျခဲ့သည့်စရိတ်များအား ပေးချေရန် ကုမ္ပဏီသည် လုံလောက်သည့် ထုခွဲရောင်းချနိုင်သော ပစ္စည်းများမရှိဟု ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ သို့မဟုတ် ပုဒ်မ ၁၆၈ အရ ခန့်အပ်သော တရားဝင်ပစ္စည်းထိန်းကဖြစ်စေ ထင်မြင်ယူ ဆလျှင် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီအားဆောလျင်စွာ ဖျက်သိမ်းရန်အတွက် မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားခြင်းမပြုမီ ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းသည် ထိုသို့ လျှောက်ထားရန် ရည်ရွယ်ကြောင်းကို ကုမ္ပဏီ၏ မြီရှင် များနှင့် ကြွေးမြီပေးဆပ်ရသူများထံ ၁၄ ရက်ထက်နောက်မကျစေဘဲ ကြိုတင်အကြောင်းကြားရမည်။ ကုမ္ပဏီမှ ပစ္စည်းထိန်းခန့်ထားပါက ထိုပစ္စည်းထိန်းထံသို့အကြောင်းကြားရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ အကြောင်းကြားလျှင် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းသည် ကုမ္ပဏီနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (က) အရ လျှောက်ထားရန် တာဝန်မှလွဲ၍ ကုမ္ပဏီ၊ မြီရှင်နှင့် ကြွေးမြီဆပ်ရသူများနှင့် စပ်လျဉ်း၍ ၎င်းထမ်းဆောင်ရမည့်တာဝန်များ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) ပုဒ်မခွဲ (က) အရ ပေးပို့သော လျှောက်ထားချက်ကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် မှတ်ပုံတင်အရာရှိသည် ယင်းစာကို မှတ်ပုံတင်စာရင်းရေးသွင်းရမည်ဖြစ်ပြီး ထိုသို့ရေးသွင်းပြီးသည့် နေ့မှ ၃ လ ကုန်ဆုံးသည့်နေ့တွင် ကုမ္ပဏီသည် အပြီးသတ်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(င) ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ကုမ္ပဏီ၏မြီရှင်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူ သို့မဟုတ် ပစ္စည်းထိန်းမည်သူမဆို ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာပေးပို့ပြီးပါက တရားရုံးမှ အောက်ပါညွှန်ကြားသည့်အမိန့်များ ရရှိနိုင်ရန် လျှောက်ထားနိုင်သည်-

(၁) ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာပေးပို့ခဲ့ခြင်း မရှိဘိသကဲ့သို့ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက် သိမ်းနိုင်စေရန်အတွက် သတ်မှတ်ညွှန်ကြားခြင်း၊

(၂) ကုမ္ပဏီအပြီးသတ်ဖျက်သိမ်းခြင်း စတင်အကျိုးသက်ရောက်မည့်နေ့ကို ရွှေ့ဆိုင်းကြောင်းညွှန် ကြားခြင်း။

(စ) ပုဒ်မခွဲ (ဃ) ပါ ကာလကျော်လွန်သော်လည်း အကျိုးသက်ဆိုင်သူက လျှောက်ထားလာလျှင် တရား ရုံးသည် သင့်လျော်သည့် စည်းကမ်းချက်များသတ်မှတ်လျက် ကုမ္ပဏီအား ကုမ္ပဏီများ မှတ်ပုံတင်စာရင်း တွင် ပြန်လည်အသက်သွင်းသည့်အမိန့်အားချမှတ်နိုင်သည့်အပြင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာ ရှိကိုလည်း ခန့်ထားနိုင်သည်။

(ဆ) ကုမ္ပဏီနှင့်စပ်လျဉ်း၍ ညွှန်ကြားသည့်အမိန့်ချမှတ်ခဲ့ပါက ထိုအမိန့်ချမှတ်ပေးရန် လျှောက်ထား ခဲ့သူသည် အမိန့်ချမှတ်သည့်နေ့မှစ၍ အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း အမိန့်မိတ္တူကို မှတ်ပုံတင် အရာရှိထံ မှတ်ပုံတင်နိုင်ရန်အတွက် ပေးပို့ရမည်။

(ဇ) ပုဒ်မခွဲ (ဆ) ပါ ပြဋ္ဌာန်းချက်ကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လိုက်နာရန် ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ထိုသူအား ကျပ်တစ်သိန်းထက် မပိုသည့်ဒဏ်ကြေးငွေကို တပ်ရိုက်ရမည်။

အခန်း (၈)စာရင်းရှင်းလင်းဖျက်သိမ်းစဉ်နှင့် ယင်းမတိုင်မီအလွဲသုံးစားပြုခြင်း[edit]

ကုမ္ပဏီများနှင့် ကုမ္ပဏီအရာရှိများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုအရေးယူခြင်း၊ အတုအပအပြုလုပ်မှု၊ လိမ်လည်မှုအတွက်ပြစ်မှုများ
စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်၍ လိမ်ညာမှုပြုလုပ်ခြင်း

၂၁၄။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းနေပါက ကုမ္ပဏီ၏ ယခင်က သို့မဟုတ် လက်ရှိ အရာရှိ မည်သူမဆို စာရင်းရှင်းလင်းဖျက်သိမ်းမှုစတင်ခြင်းမပြုမီ ၁၂ လ ကာလအတွင်း အောက်ပါတစ် ရပ်ရပ်ကို ဆောင်ရွက်ခဲ့လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်-

(၁) နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ပမာဏထက်ကျော်လွန်သော ကုမ္ပဏီ၏ ပိုင်ဆိုင်မှု အစိတ် အပိုင်းတစ်ခုခုကို လိမ်လည်လိုသောသဘောဖြင့် ရွှေ့ပြောင်းခဲ့ခြင်း သို့မဟုတ် ကုမ္ပဏီမှပေးရန်နှင့် ရရန် ရှိသောကြွေးမြီတစ်ရပ်ရပ်ကို ဝှက်သိမ်းထားခဲ့ခြင်း သို့မဟုတ်

(၂) ကုမ္ပဏီပိုင်ပစ္စည်း သို့မဟုတ် ကိစ္စရပ်များအပေါ် သက်ရောက်မှုရှိသော သို့မဟုတ် ဆက်စပ်သော စာအုပ်စာတမ်းများအား ဝှက်သိမ်းထားခြင်း၊ ဖျက်သိမ်းခြင်း၊ ပိုင်းခြားခွဲဝေခြင်း၊ ပုံသဏ္ဌာန်ပျက်ယွင်း စေခြင်း၊ လိမ်လည်အတုပြုလုပ်ခြင်း၊ သို့မဟုတ် မှတ်တမ်းများတွင် လိမ်လည်စာရင်းသွင်းခြင်း၊

(၃) တစ်စုံတစ်ဦးမှ ထိုသို့ဆောင်ရွက်နေသည်ကိုသိလျက်နှင့် ပါဝင်ဆောင်ရွက်ခြင်း။

(ခ) စွပ်စွဲခံရသူသည်အောက်ပါအတိုင်း ခုခံချေပနိုင်သည်-

(၁) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ၎င်းအနေဖြင့် လိမ်လည်အတုအပပြုရန် ရည်ရွယ်ချက်မရှိ ကြောင်း သို့မဟုတ်

(၂) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ ၎င်းအနေဖြင့် ကုမ္ပဏီကိစ္စရပ်များ၏ အခြေအနေကို ထိန်ချန် ထားရန် သို့မဟုတ် ဥပဒေကို ဆန့်ကျင်ရန် ရည်ရွယ်ချက်မရှိကြောင်း သို့မဟုတ်

(၃) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃) အရ ၎င်းအနေဖြင့် လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ချက်မရှိကြောင်း သို့တည်းမဟုတ် ကုမ္ပဏီကိစ္စရပ်များ၏ အခြေအနေမှန်ကို ထိန်ချန်ထားရန် သို့မဟုတ် ဥပဒေကို ဆန့်ကျင်ရန်ရည်ရွယ်ချက်မရှိကြောင်း။

(ဂ) တရားရုံးသည် ပုဒ်မခွဲ (က) အရ ပြစ်မှုကျူးလွန်သူအား ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်းပြုလုပ်သည့် လုပ်ငန်းစဉ်တွင် ကျင့်ဝတ်ဖောက်ဖျက်မှု

၂၁၅။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းနေစဉ် ကုမ္ပဏီ၏လက်ရှိ သို့မဟုတ် ယခင်အရာရှိ တစ်ဦးသည် အောက်ပါတို့ကိုဆောင်ရွက်ခဲ့လျှင်ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်-

(၁) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ စာဖြင့်ရေးသား တောင်းဆိုချက်အရ ကုမ္ပဏီပိုင်ဆိုင်မှု အားလုံး၏ အသေးစိတ်အချက်အလက်နှင့်စပ်လျဉ်းပြီး ကုမ္ပဏီကလုပ်ရိုးလုပ်စဉ် လုပ်ငန်းများအရ စီမံ ခန့်ခွဲခဲ့ခြင်းမှလွဲ၍ ကုမ္ပဏီ၏ပိုင်ဆိုင်မှုများကို မည်သည့်နည်းဖြင့် မည်သူထံ မည်သည့်အဖိုးစားနားနှင့် မည်သည့်အချိန်က စီမံခန့်ခွဲခဲ့သည်ကို ပြည်စုံမှန်ကန်စွာ မိမိတို့သိရှိယုံကြည်သည့်အတိုင်း တင်ပြမှုမရှိ ခြင်း သို့မဟုတ်

(၂) ၎င်း၏ လက်ဝယ်တွင်ရှိသည့် သို့မဟုတ် ၎င်း၏ထိန်းသိမ်းမှု အောက်တွင်ရှိပြီး ဥပဒေအရ ၎င်းက လွှဲပြောင်းပေးအပ်ရန် တာဝန်ရှိသည့် ကုမ္ပဏီပစ္စည်း၏ မည်သည့်အပိုင်းကိုမဆို စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိထံ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ညွှန်ကြားသည့်အတိုင်း လွှဲပြောင်းပေးအပ်မှုမရှိခြင်း သို့မဟုတ်

(၃) ကုမ္ပဏီကပိုင်ဆိုင်ပြီး ၎င်း၏လက်ဝယ်တွင်ရှိသည့် သို့မဟုတ်၎င်း၏ ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်တွင်ရှိပြီး ဥပဒေအရ ၎င်းကလွှဲပြောင်းပေးအပ်ရန် တာဝန်ရှိသည့် စာအုပ်စာတမ်းများ အားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ညွှန်ကြားသည့်အတိုင်း လွှဲပြောင်းပေးအပ်မှုမရှိခြင်း သို့မဟုတ်

(၄) စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် တစ်ဦးတစ်ယောက်က မမှန်ကန်သည့် ကြွေးမြီတစ်ရပ်အား တင်ပြတောင်းခံခဲ့သည်ကို သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန်အကြောင်းရှိလျက်နှင့် စာရင်း ရှင်းလင်းရေးအရာရှိထံသို့ တတ်နိုင်သမျှဆောလျင်စွာအကြောင်းကြားရန် ပျက်ကွက်ခြင်း သို့မဟုတ်

(၅) ကုမ္ပဏီပိုင်ပစ္စည်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သို့မဟုတ် ကုမ္ပဏီအပေါ် အကျိုးသက်ရောက်စေသည့် စာအုပ်စာတမ်းတစ်စုံတစ်ရာတင်ပြမှုကို ပိတ်ပင် တားဆီးခြင်း။

(ခ) စွပ်စွဲခံရသူသည် အောက်ပါအတိုင်း ခုခံချေပနိုင်သည်-

(၁) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁)၊ ပုဒ်မခွဲငယ် (၂) သို့မဟုတ် ပုဒ်မခွဲငယ် (၃) အရ ၎င်းအနေဖြင့် လိမ်လည်အတုအပပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း၊

(၂) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၅) အရ ၎င်းအနေဖြင့် ကုမ္ပဏီကိစ္စရပ်များ၏ အခြေအနေကို သိုဝှက်ထား ရန် သို့မဟုတ် ဥပဒေကိုဆန့်ကျင်ရန် ရည်ရွယ်ချက်မရှိကြောင်း။

(ဂ) တရားရုံးသည် ပုဒ်မခွဲ (က) အရ ပြစ်မှုကျူးလွန်သူအား ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

မြီရှင်များအား မမှန်မကန် တင်ပြခြင်း

၂၁၆။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်နေစဉ်အတွင်း ကုမ္ပဏီ၏ လက်ရှိ သို့မဟုတ် ယခင်ကအရာရှိသည် မမှန်မကန်တင်ပြမှုပြုလုပ်ခြင်း သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်သက်ဆိုင်သည့် သဘောတူညီချက် တစ်ရပ်ရရန် အလို့ငှာ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့်မြီရှင်များကို မမှန်မကန်တင်ပြခြင်း သို့မဟုတ် လိမ်လည်ခြင်းပြု လျှင် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်ရာရောက်သည်။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က) အရ ပြစ်မှုကျူးလွန်သူအား ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ဒါရိုက်တာများနှင့် အရာရှိများကို အရေးယူခြင်း၊ တာဝန်မဲ့သော ဒါရိုက်တာများ၊ စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိများစသည်တို့အပေါ် တာဝန်တင်ရှိစေခြင်း

၂၁၇။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းနေစဉ်အတွင်း ကုမ္ပဏီ၏အရာရှိအဖြစ် ဆောင်ရွက် နေသူဖြစ်စေ၊ ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်စေ၊ ပြန်လည်ထူထောင်ရေးမန်နေဂျာ ဖြစ်စေ၊ ပြန်လည်ထူထောင်ရေးအကြံပေးဖြစ်စေ၊ ပစ္စည်းထိန်းအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်စေ၊ ဆောင်ရွက် နေသူဖြစ်စေ ကုမ္ပဏီ၏ငွေကြေးတစ်ရပ်ရပ် သို့မဟုတ် အခြားပစ္စည်းနှင့်စပ်လျဉ်း၍ အလွဲအသုံးပြုခဲ့လျှင် သို့မဟုတ် လက်ရှိရယူထားခဲ့လျှင် သို့မဟုတ် တာဝန်တင်ရှိလာလျှင် မလျော်မကန်ဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခံရသည့် တာဝန်တစ်ရပ်ရပ် သို့မဟုတ် အခြားတာဝန်တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ပေါ်ပေါက်လျှင် ဤပုဒ်မနှင့် သက်ဆိုင်စေရမည်။

(ခ) ပုဒ်မခွဲ (က) တွင် ရည်ညွှန်းထားသည့် ကုမ္ပဏီနှင့်စပ်လျဉ်း၍ မလျော်မကန် ဆောင်ရွက်ခြင်း သို့မဟုတ် ယုံမှတ်အပ်နှံခံရသည့်တာဝန်တစ်ခုခု သို့မဟုတ် အခြားတာဝန်တစ်ခုခုကို ချိုးဖောက်ခြင်း ဆိုရာတွင် ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်စေ၊ ပြန်လည်ထူထောင်ရေး မန်နေဂျာ ဖြစ်စေ၊ ပြန်လည်ထူထောင်ရေးအကြံပေးဖြစ်စေ၊ ပစ္စည်းထိန်းအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်စေ၊ ဆောင်ရွက်နေသူဖြစ်စေ ကုမ္ပဏီ၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်နေသည့် မလျော်မကန်ဆောင်ရွက်ခြင်း သို့မဟုတ် ယုံမှတ်အပ်နှံခံရသည့် တာဝန်တစ်ရပ်ရပ် သို့မဟုတ် အခြား တာဝန်တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်းတို့လည်း အကျုံးဝင်စေရမည်။

(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် မြီရှင်တစ်ဦးဦး သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက လျှောက်ထားလာလျှင် တရားရုံးသည် ပုဒ်မခွဲ (က) အတွင်းကျရောက်သည့် ပုဂ္ဂိုလ်၏ လုပ်ငန်းဆောင်ရွက်ချက်ကို စစ်ဆေးနိုင်ပြီး ထိုသူကို အောက်ပါအတိုင်း အတင်းအကြပ်ပြုနိုင်သည်-

(၁) သင့်တင့်မျှတသည်ထင်သည့်အတိုးနှုန်းဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်း သို့မဟုတ် ယင်း၏ အစိတ်အပို်ငးတစ်ခုခုကို ပြန်ပေးရန်၊ မူလအတိုင်း ပြန်လည်ထားရှိစေရန် သို့မဟုတ် စာရင်းရှင်းလင်း တင်ပြစေရန် သို့မဟုတ်

(၂) မလျော်မကန်ဆောင်ရွက်မှု သို့မဟုတ် ယုံမှတ်အပ်နှံခံရသည့် တာဝန်တစ်ရပ်ရပ် သို့မဟုတ် အခြား တာဝန်ကို ချိုးဖောက်မှုနှင့်စပ်လျဉ်း၍ လျော်ကြေးအဖြစ် သင့်တင့်မျှတသည် ထင်သည့်ငွေကြေးကို ကုမ္ပဏီပိုင်ပစ္စည်းစာရင်းသို့ ပေးသွင်းစေရန်။

(ဃ) ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူအပေါ် လျှောက်ထားချက် များကို ယင်းလုပ်ငန်းတာဝန်များကို စွန့်လွတ်ခဲ့ပြီးနောက် တရားရုံး၏ ခွင့်ပြချက်မှတစ်ပါး ပုဒ်မခွဲ (ဂ) အရ လျှောက်ထားပိုင်ခွင့် မရှိစေရ။

(င) ကြွေးမြီဆပ်ရသူတစ်ဦးသည် ပုဒ်မခွဲ (ဂ) အရ လျှောက်ထားပိုင်ခွင့်ကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် သာ ကျင့်သုံးနိုင်သည်။ ထိုလျှောက်လွှာအပေါ် ချမှတ်မည့် တရားရုံး၏ အမိန့်သည့် ၎င်းအတွက် အကျိုး မဖြစ်ထွန်းစေနိုင်သည့်တိုင် အထက်ပါအတိုင်းလျှောက်ထားပိုင်ခွင့်ကို ကျင့်သုံးနိုင်သည်။

လိမ်လည်လှည့်ဖြားသော ကုန်သွယ်ခြင်း

၂၁၈။ ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းနေစဉ် ကုမ္ပဏီ၏လုပ်ငန်းတစ်ခုခုသည် ကုမ္ပဏီ၏မြီရှင်များ သို့မဟုတ် အခြားမြီရှင်များ သို့မဟုတ် အခြားသူတစ်ဦးဦးကို လိမ်လည်လှည့်ဖြားရန် ရည်ရွယ်၍ သို့မဟုတ် လှည့်ဖြားလိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းပေါ်ပေါက်ပါက စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၏ လျှောက်ထားမှုအပေါ်တွင် တရားရုံးသည် အထက်ဖော်ပြပါဆောင်ရွက်နေသည့် လုပ်ငန်းကို သိလျက်နှင့်ပါဝင် လုပ်ဆောင်နေသူများအား ကုမ္ပဏီပိုင်ပစ္စည်းစာရင်းသို့ သင့်လျော်သည် ဟု ယူဆသည့်ငွေကြေးအား ပေးသွင်းစေရန် တာဝန်ရှိကြောင်း အမိန့်ချမှတ်နိုင်သည်။

မှားယွင်းကုန်သွယ်ခြင်း

၂၁၉။ (က) အကယ်၍-

(၁) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း မှအပ အခြားနည်းဖြင့် ဖျက်သိမ်းခြင်းဖြစ်သည့်အပြင်၊

(၂) ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမစတင်မီ အချိန်ကာလတစ်ခုအတွင်း ဒါရိုက်တာ တစ်ဦးသည် ကုမ္ပဏီမှာ ကြွေးမြီမပေးဆပ်နိုင်၍ စာရင်းရှင်းလင်းဖျက်သိမ်းမှုသို့ ရောက်ရှိသွားခြင်းကို ရှောင်ရှားနိုင်ရန် အလားအလာများ မရှိကြောင်းသိရှိခဲ့လျှင် သို့မဟုတ် ထိုသို့ဖြစ်တန်ရာ သည်ကိုသိခဲ့လျှင် တရားရုံးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လျှောက်ထားချက်အရ ကုမ္ပဏီ ပိုင်ပစ္စည်းစာရင်းသို့ သင့်လျော်သည်ဟု ယူဆသည့်ငွေကြေးအား ပေးသွင်းစေရန် တာဝန်ရှိကြောင်း ထိုသူအပေါ်အမိန့်ချမှတ်နိုင်သည်။

(ခ) ကြွေးမြီမပေးဆပ်နိုင်၍ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ရှောင်ရှားနိုင်ရန် ကျိုးကြောင်း ဆီလျော်သည့် အလားအလာများမရှိကြောင်း သိရှိခဲ့သည့်အချိန် သို့မဟုတ် ထိုသို့ဖြစ်တန်ရာကို သိခဲ့ရ သည့်အချိန်တွင် တစ်ဦးတစ်ယောက်သည် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့်အတိုင်း ကုမ္ပဏီ၏ မြီရှင်များအတွက် ဆုံးရှုံးနိုင်ဖွယ်အလားအလာများကို အနည်းဆုံးဖြစ်စေရန်ရည်ရွယ်၍ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြောင်း တရားရုံးက ယုံကြည်ကျေနပ်လျှင် ထိုသူနှင့်ပတ်သက်၍ အမိန့်ချမှတ်ခြင်းမပြုရ။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါပြဋ္ဌာန်းချက်များအလို့ငှာ ကုမ္ပဏီ၏ဒါရိုက်တာက သိရှိသင့် သို့မဟုတ် သေချာစေရန်စိစစ်သင့်သည့် အကြောင်းခြင်းရာများ၊ ၎င်းအနေဖြင့် ချမှတ်သင့်သည့်ဆုံးဖြတ်ချက်များ နှင့် ထိုသို့သိရှိရန် သို့မဟုတ် သေချာစေရန် စိစစ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များသည် သာမန်လုံ့လဝိရိယရှိသူတစ်ဦးအနေဖြင့် သိရှိနိုင်မည့် သို့မဟုတ် သေချာစေရန်စိစစ်ရမည့် သို့မဟုတ် ရောက်ရှိရမည့် သို့မဟုတ် အရေးယူဆောင်ရွက်မည့် အကြောင်းအရာများ ဟုတ် မဟုတ်ကို စဉ်းစားရာတွင် ၎င်းက ဆောင်ရွက်သင့်သည့် လုပ်ငန်းအဆင့်များသည် အောက်ပါ လုပ်ငန်းဆိုင်ရာ အရည်အချင်းများရှိသည့် လုံ့လဝိရိယရှိသူတစ်ဦးကသိရှိမည့် သို့မဟုတ် သေချာအောင် လေ့လာစိစစ်ရမည့် သို့မဟုတ် ရောက်ရှိရမည့် သို့မဟုတ် အရေးယူဆောင်ရွက်မည့် အကြောင်းအရာများ ဖြစ်သည်-

(၁) ကုမ္ပဏီဒါရိုက်တာတစ်ဦးမှ ဆောင်ရွက်သည့်လုပ်ငန်းတာဝန်များကို သာမန်ဆင်ခြင်တတ်သူ တစ်ဦးက ထမ်းဆောင်ပါလျှင် ရရှိလာနိုင်မည့် အထွေထွေဗဟုသုတ၊ ကျွမ်းကျင်မှုနှင့်အတွေ့အကြုံ၊

(၂) ထိုဒါရိုက်တာတွင်ရှိသည့် အထွေထွေဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ။

ကုမ္ပဏီအမည် ပြန်လည်အသုံးပြုမှုကို ကန့်သတ်ခြင်း

၂၂၀။ (က) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းမဟုတ်သော နည်းလမ်းဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းနေခြင်းဖြစ်လျှင် သို့တည်းမဟုတ် စာရင်းရှင်းလင်းဖျက်သိမ်း ပြီးဖြစ်လျှင် ထိုစာရင်းရှင်းလင်းဖျက်သိမ်းသည့် ကုမ္ပဏီအားစာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ဆောင် ရွက်သည့်နေ့ရက်မတိုင်မီ ၁၂ လ ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူနှင့် ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) ဤပုဒ်မအလို့ငှာ အမည်တစ်ခုသည် အောက်ပါအချက်များအတွင်း အကျုံးဝင်လျှင် ထိုပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ တားမြစ်ထားသည့်အမည် ဖြစ်စေရမည်-

(၁) ၁၂ လ ကာလအတွင်း မည်သည့်အချိန်၌မဆို စာရင်းရှင်းလင်း ဖျက်သိမ်းသည့်ကုမ္ပဏီအဖြစ် အများသိရှိပြီးဖြစ်သည့်အမည်၊

(၂) ထိုကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်သည့် အဖွဲ့အစည်း သို့မဟုတ် ထိုကုမ္ပဏီမှဆောင်ရွက်သည့် မည်သည့်လုပ်ငန်းကိုမဆို အသုံးပြုပြီး ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) အတွင်း ကျရောက်သည့်အမည်နှင့် ဆင်တူရိုးမှား ဖြစ်သည့်အမည်။

(ဂ) တရားရုံး၏ခွင့်ပြုချက်အရမှတစ်ပါး ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ဆောင်ရွက် သည့်နေ့ရက်မှစ၍ ၅ နှစ်တာကာလအတွင်း မည်သည့်အချိန်တွင်မဆို ဤပုဒ်မနှင့် သက်ဆိုင်သူသည်-

(၁) တားမြစ်ထားသည့်အမည်ဖြင့် အများသိရှိသော အခြားကုမ္ပဏီတစ်ခု၏ ဒါရိုက်တာမဖြစ်စေရ သို့မဟုတ်

(၂) မည်သည့်နည်းနှင့်မဆို တားမြစ်ထားသည့်အမည်ဖြင့် အများသိရှိသော ကုမ္ပဏီ၏လုပ်ငန်း တိုးချဲ့ ခြင်း၊ ဖွဲ့စည်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင် ရွက်ခြင်း သို့မဟုတ် သက်ဆိုင်ခြင်း မရှိစေရ သို့မဟုတ်

(၃) မည်သည့်နည်းနှင့်မဆို တားမြစ်ထားသည့်အမည်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းကိုဆက်လက် ဆောင်ရွက်ရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် သက်ဆိုင် ခြင်းမရှိစေရ။

(ဃ) မည်သူမဆို ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကိုဆန့်ကျင်၍ ဆောင်ရွက်ပါက ထိုသူအား ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

အကျင့်ပျက်မှုကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း
တာဝန်မဲ့သော အရာရှိများနှင့် ကုမ္ပဏီတွင်ပါဝင်သူများကို တရားစွဲဆိုခြင်း

၂၂၁။ (က) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းသည့်လုပ်ငန်းစဉ်အတွင်းကုမ္ပဏီ၏ ယခင် သို့မဟုတ် လက်ရှိအရာရှိတစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ရာဇဝတ် မှုတစ်ခုခုနှင့် ငြိစွန်းကြောင်း ပေါ်ပေါက်ပါက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မှတ်ပုံတင်အရာ ရှိထံ လွှဲအပ်တင်ပို့နိုင်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မှတ်ပုံတင်အရာရှိမှ တောင်းခံ သောအချက်အလက်များနှင့်လိုအပ်သည့်စာရွက်စာတမ်းများ ရရှိနိုင်မည့်နည်းလမ်းများကို ကူညီပံ့ပိုး ပေးရန်နှင့် ထိုစာရွက်စာတမ်းများကို စစ်ဆေးခြင်းနှင့်မိတ္တူကူးယူလိုပါက လိုအပ်သလိုကူညီ ဆောင်ရွက် ပေးရမည်။

(ခ) မှတ်ပုံတင်အရာရှိသည် ဤပုဒ်မအရ အရေးယူဆောင်ရွက်ရာတွင် ၎င်းကိုယ်တိုင်ဆောင်ရွက်နိုင် သည် သို့မဟုတ် လက်အောက်ရှိအရာရှိတစ်ဦးဦးကို တာဝန်ပေးအပ်ဆောင်ရွက်စေနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) အရ အစီရင်ခံတင်ပြသည့်အခါ သို့မဟုတ် လွှဲအပ်တင်ပို့လာသည့်အခါ မှတ်ပုံတင်အရာ ရှိသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ကိုတောင်းခံနိုင်သည်။

ပုဒ်မ ၂၂၁ အရ ပေါ်ပေါက်သည့်တာဝန်များ

၂၂၂။ (က) ပုဒ်မ ၂၂၁ အရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှု၌ တရားခံအဖြစ် မပါဝင်သော စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ၊ ကုမ္ပဏီ၏ယခင်နှင့် လက်ရှိအရာရှိတိုင်းနှင့် ကုမ္ပဏီ၏ ကိုယ်စားလှယ်တို့ သည် တရားစွဲဆိုမှုနှင့်စပ်လျဉ်းသော ကျိုးကြောင်းဆီလျော်စွာ ပေးအပ်နိုင်စွမ်းရှိသည့် ကူညီပံ့ပိုးမှုအား လုံးကို မှတ်ပုံတင်အရာရှိထံသို့ပေးအပ်ရန် တာဝန်ရှိစေရမည်။

(ခ) ပုဒ်မခွဲ (က) အလို့ငှာ ကိုယ်စားလှယ်ဆိုသည့်စကားရပ်တွင် ကုမ္ပဏီ၏ဘဏ်လုပ်ငန်းရှင် သို့မဟုတ် ဥပဒေအကြံပေးရှေ့နေတစ်ဦးဦးနှင့် ကုမ္ပဏီ၏ အရာရှိဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စာရင်း စစ်အဖြစ် ကုမ္ပဏီက ခန့်အပ်ထားသည့်သူတစ်ဦးဦးပါဝင်သည်။

အခန်း (၉)ကြွေးမြီပေးဆပ်ရသူများ[edit]

လက်ရှိ သို့မဟုတ် ယခင်က ကုမ္ပဏီတွင်ပါဝင်သူများ၏ ကြွေးမြီပေးဆပ်ရန်တာဝန်ရှိမှု

၂၂၃။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် လက်ရှိ သို့မဟုတ် ယခင်က ကုမ္ပဏီတွင် ပါဝင်သူအားလုံးသည် ကုမ္ပဏီ၏ ကြွေးမြီနှင့် တာဝန်ရှိမှုများ၊ ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအား ပေးချေရာတွင် ငွေကြေးလုံလောက်မှုရှိစေရန်နှင့် ကြွေးမြီပေးဆပ်ရသူများအကြား အခွင့်အရေးများကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာစေလျက် ကုမ္ပဏီပိုင်ပစ္စည်းစာရင်းသို့ထည့်ဝင်ပေးဆပ်ရန် တာဝန်ရှိစေရမည်-

(၁) ယခင်က ကုမ္ပဏီတွင်ပါဝင်သူသည်-

(ကက) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းမစတင်မီ တစ်နှစ်ထက် ကျော်လွန်သောကာလအတွင်း ကုမ္ပဏီ တွင်ပါဝင်သူအဖြစ်မှ ရပ်စဲခဲ့လျှင် ကြွေးမြီပေးဆပ်ရန်အတွက် တာဝန်မရှိစေရ၊

(ခခ) ကုမ္ပဏီတွင်ပါဝင်သူအဖြစ်မှ ရပ်စဲခဲ့ပြီးနောက်ပိုင်း၌ ဖြစ်ပေါ်လာသည့်ကြွေးမြီ သို့မဟုတ် တာဝန် ရှိမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရန် တာဝန်မရှိစေရ၊

(ဂဂ) ဤဥပဒေအရ ကုမ္ပဏီတွင်လက်ရှိပါဝင်သူများက ၎င်းတို့ပေးဆပ်ရန် ဖြစ်သော ကြွေးမြီကို ပေးဆပ်နိုင်ဖွယ်မရှိကြောင်း တရားရုံးက တွေ့ရှိခဲ့လျှင်ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးသည် ကြွေးမြီ ပေးဆပ်ရာတွင်တာဝန်ရှိစေရမည်။

(၂) အစုရှယ်ယာဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီတွင်လက်ရှိပါဝင်နေသူ သို့မဟုတ် ယခင်က ပါဝင်ခဲ့သူတစ်ဦးအဖြစ် တာဝန်ရှိသည့် အစုရှယ်ယာများအတွက် ပေးချေရခြင်း မရှိသေးသော ငွေပမာဏထက်ပိုမိုသော ငွေပမာဏကိုကုမ္ပဏီတွင်ပါဝင်သူတစ်ဦးထံမှ ကြွေးမြီပေးဆပ် ရန်အတွက် ရယူခြင်းမရှိစေရ၊

(၃) အာမခံဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင် ယင်းကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်း သည့်အခါ ကုမ္ပဏီပိုင်ပစ္စည်းစာရင်းသို့ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးက ထည့်ဝင်ရန် တာဝန်ယူထားသည့် ပမာဏထက်ပို၍ ၎င်းထံမှ ကြွေးမြီပေးဆပ်ရန်အတွက် ရယူခြင်း မရှိစေရ၊

(၄) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသို့ ပေးချေရမည့် အမြတ်ဝေစု၊ အကျိုးအမြတ် သို့မဟုတ် အခြားသော ငွေကြေး စသည်ကဲ့သို့သော ငွေပမာဏတစ်ခုနှင့် စပ်လျဉ်း၍၎င်းနှင့် ကုမ္ပဏီတွင် ပါဝင်သူမဟုတ်သည့် အခြားမြီရှင်တစ်ဦးဦးအကြား ဖြစ်ပေါ်လာသည့် ကိစ္စတွင် ထိုငွေပမာဏကို ထိုကုမ္ပဏီတွင် ပါဝင်သူသို့ ကုမ္ပဏီကပေးချေရမည့် ကြွေးမြီအဖြစ် မှတ်ယူခြင်းမရှိစေရ၊ သို့ရာတွင် ထိုငွေပမာဏကိုကြွေးမြီ ပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို နောက်ဆုံးညှိနှိုင်းဆောင်ရွက်ရန်အလို့ငှာ ထည့်သွင်းစဉ်းစားနိုင်သည်။

(ခ) အစုရှယ်ယာ မတည်ငွေရင်းပါရှိသည့် ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင် ထိုကုမ္ပဏီတွင်ပါဝင်သူ အားလုံးသည် ကုမ္ပဏီအား စာရင်းရှင်း လင်းဖျက်သိမ်းသဖြင့် ကုမ္ပဏီပိုင် ပစ္စည်းစာရင်းသို့ ၎င်းကထည့်ဝင်ရန် တာဝန်ယူထားသော ပမာဏ အတွက် တာဝန်ရှိသည့်အပြင် ၎င်းပိုင်ဆိုင်ထားသည့် အစုရှယ်ယာတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးချေရ ခြင်းမရှိသေးသော ငွေပမာဏတစ်ရပ်ရပ်အတွက်လည်း ထည့်ဝင်ရန်တာဝန်ရှိသည်။

တရားရုံး၏အာဏာများ

၂၂၄။ တရားရုံးသည် အောက်ပါကိစ္စတစ်ရပ်ရပ်တွင် တည်ဆဲဥပဒေများနှင့်အညီ သင့်လျော်သောအမိန့် များကို ချမှတ်နိုင်သည်-

(က) ကြွေးမြီပေးဆပ်ရသူတို့အပေါ် ကုမ္ပဏီ၏အခွင့်အရေးများကို အတည်ပြုဆောင်ရွက်ခြင်း၊

(ခ) ကြွေးမြီပေးဆပ်ရသူများအကြား ၎င်းတို့အခွင့်အရေးများကို ညှိနှိုင်းသတ်မှတ်ခြင်း။

ကုမ္ပဏီ၏စာအုပ်စာတမ်းများကို သက်သေခံအထောက်အထားအဖြစ် အသုံးပြုခြင်း

၂၂၅။ ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါ ကုမ္ပဏီပိုင် စာအုပ်စာတမ်းများနှင့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ လက်ဝယ်ရှိ စာအုပ်စာတမ်းများသည် ကြွေးမြီပေးဆပ်ရသူများ အကြားတွင်လည်းကောင်း၊ ကုမ္ပဏီနှင့် ကြွေးမြီပေးဆပ်ရသူများအကြားတွင်လည်းကောင်း ယင်းကုမ္ပဏီ အားစာရင်းရှင်းလင်းဖျက်သိမ်းသည့်ကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ မှန်ကန်ပြီး ဦးစွာအမြင်အားဖြင့် ခိုင်မာသည့် သက်သေခံအထောက်အထားများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။

အခန်း (၁၀)မှတ်ပုံမတင်သည့်ကုမ္ပဏီများအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း[edit]

မှတ်ပုံမတင်သည့်ကုမ္ပဏီ၏အဓိပ္ပာယ်

၂၂၆။ မှတ်ပုံမတင်သည့်ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများမဟုတ်သည့် အခြားသောအဖွဲ့အစည်း၊ ကော်ပိုရေးရှင်း၊ ပြည်ပကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် အခြားတည်ဆဲဥပဒေအရ တည်ထောင်ထားသော အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဆိုသည်။

မှတ်ပုံမတင်သည့်ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၂၇။ (က) ဤဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုကို စာရင်းရှင်းလင်းဖျက်သိမ်းနိုင် ပြီး စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအားလုံးသည် မှတ်ပုံ တင်ထားခြင်းမရှိသည့် ကုမ္ပဏီအား ဖျက်သိမ်းခြင်းတွင်အောက်ဖော်ပြပါပြဋ္ဌာန်းချက်များနှင့် အခြား တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာလျက် လိုအပ်သလို အကျုံးဝင်သက်ဆိုင်စေနိုင်သည်။ မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံခြားကုမ္ပဏီများ ဖြစ်သည့်ကိစ္စတွင် သက်ဆိုင်သည့်ပုဂ္ဂလိက အပြည် ပြည်ဆိုင်ရာဥပဒေ၊ ဥပဒေမူဘောင်များနှင့် လိုအပ်သလို သက်ဆိုင်စေနိုင်သည်။

(ခ) တရားရုံး၏ စီရင်ပိုင်ခွင့်ကို ဆုံးဖြတ်ရန်အလို့ငှာ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏အဓိက စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာနေရာအား ကုမ္ပဏီမှတ်ပုံတင်ထားရှိသည့် ရုံးနေရာဖြစ်သည်ဟု မှတ်ယူရ မည်။

(ဂ) မှတ်ပုံတင်ထားခြင်းမရှိသည့် မည်သည့်ကုမ္ပဏီမဆို ဤဥပဒေအရ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မရှိစေရ။

(ဃ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကိုအောက်ပါအခြေအနေတစ်ရပ်ရပ်တွင် စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်သည်-

(၁) ကုမ္ပဏီကို အပြီးသတ်ဖျက်သိမ်းခြင်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်နိုင်မှု ရပ်စဲခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်၍ လုပ်ငန်းဆောင်ရွက်နေခြင်း၊

(၂) ကုမ္ပဏီသည် ကြွေးမြီပေးဆပ်နိုင်ခြင်း မရှိခြင်း၊

(၃) ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသည် တရားမျှတမှုရှိသည်ဟု တရားရုံးက ထင်မြင် ယူဆခြင်း။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ပြင်ပတွင် ဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်းဖျက်သိမ်း ခြင်း

၂၂၈။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ပြင်ပတွင် ဖွဲ့စည်းထားသည့်ကုမ္ပဏီသည် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှ လုပ်ငန်းများရပ်စဲသွားသည့်အခါ ယင်းကုမ္ပဏီ ဖွဲ့စည်းတည်ရှိသည့် နိုင်ငံ၏ဥပဒေများအရ ထိုကုမ္ပဏီအားဖျက်သိမ်းခဲ့ပြီးဖြစ်လျှင် ဖြစ်စေ၊ ကုမ္ပဏီဖြစ် တည်မှုရပ်စဲသွားခဲ့လျှင်ဖြစ်စေ ထိုကုမ္ပဏီအား မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီအဖြစ် ဤဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းနိုင်သည်။

စာရင်းရှင်းလင်းဖျက်သိမ်းစေသည့်အမိန့်အရ ဆိုင်းငံ့ထားရမည့် အရေးယူဆောင်ရွက်ချက်များ

၂၂၉။ မှတ်ပုံမတင်သည့် ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်တစ်ရပ် ချမှတ်ခဲ့ပြီး ဖြစ်လျှင် တရားရုံး၏ခွင့်ပြုချက်နှင့် တရားရုံးကချမှတ်သည့် စည်းကမ်းသတ်မှတ်ချက်များအရမှတစ်ပါး ထိုကုမ္ပဏီ၏ ကြွေးမြီတစ်ရပ်ရပ်နှင့်ပတ်သက်၍ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးအပေါ် အရေးယူဆောင် ရွက်ချက်တစ်ရပ်ရပ်ကို စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။

အပိုင်း (၈) တစ်သီးပုဂ္ဂလလူမွဲခံခြင်း[edit]

အခန်း (၁) မိမိဆန္ဒအလျောက်အစီအစဉ်များ ပြုလုပ်ခြင်း[edit]

ကြွေးမြီပေးဆပ်နိုင်ခြင်းမရှိသော မြီစားအပေါ်တွင် အရေးယူဆောင်ရွက်ခြင်းအား ဆိုင်းငံ့ခြင်း သက်ဆိုင်ခြင်း

၂၃၀။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် သာမန်လူပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်မြီစားနှင့် ၎င်း၏မြီရှင်များ အကြား မိမိဆန္ဒအလျောက်အစီအစဉ်ပြုလုပ်ခြင်း၊ ယင်း၏ အကျိုးသက်ရောက်မှုတို့နှင့် သက်ဆိုင်စေရ မည်ဖြစ်ပြီး ဤအပိုင်းတွင်ပါရှိသည့် အခြားသောအခန်းများရှိ ပြဋ္ဌာန်းချက်များသည် ထိုမြီစားအား နည်းလမ်းတကျ လူမွဲခံယူစေသည့်လုပ်ငန်းစဉ်များ၊ အကျိုးသက်ရောက်မှုများနှင့် သက်ဆိုင်စေရမည်။

တရားရုံး၏ဆိုင်းငံ့မိန့်

၂၃၁။ (က) သာမန်လူပုဂ္ဂိုလ်မြီစားတစ်ဦးသည် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိဆန္ဒ အလျှောက် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ရန်လိုပါက ဆိုင်းငံ့မိန့် ချမှတ်ပေးရန်တရားရုံးသို့ လျှောက် ထားနိုင်သည်။

(ခ) မြီစားမှတင်သွင်းသော လူမွဲခံယူခြင်းဆိုင်ရာလျှောက်ထားမှု ပြီးပြတ်ခြင်းမရှိသေးမီ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ ပုဒ်မခွဲ (က) အရ ထပ်မံလျှောက်ထားခြင်းမပြုရ။

(ဂ) ဆိုင်းငံ့မိန့် အတည်ဖြစ်နေသည့် အချိန်ကာလအတွင်း အောက်ပါကိစ္စရပ်များ ဆောင်ရွက်ခြင်း မရှိစေရ-

(၁) မြီစားနှင့်စပ်လျဉ်း၍ လူမွဲခံယူခြင်းဆိုင်ရာ လျှောက်ထားမှုကို တင်သွင်းခြင်း သို့မဟုတ် ဆက်လက် ဆောင်ရွက်ခြင်း၊

(၂) အိမ်ငှားရမ်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို မြီစားမှ လိုက်နာရန်ပျက်ကွက်မှုများ ကြောင့် အိမ်ရှင် သို့မဟုတ် အိမ်လခရထိုက်ခွင့်ရှိသူတစ်ဦးဦးက အငှားချထားသည့်ဥပစာကို တရာရုံး၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမှအပ ပြန်လည်သိမ်းယူခြင်း၊

(၃) တရားရုံး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမှအပ မြီစားပေါ်တွင် အခြားမှုခင်းများ ဆောင်ရွက်ခြင်း၊ ဒီကရီအတည်ပြုရန်လျှောက်ထားခြင်း သို့မဟုတ် အခြားသော ဥပဒေတစ်ရပ်ရပ်အရ လျှောက်ထားခြင်း ကိုစတင်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းမပြုစေရမည့်အပြင် မြီစားပိုင်ပစ္စည်းကို သိမ်းဆည်း ခြင်း။

ဆိုင်းငံ့မိန့်ချမှတ်နိုင်သည့် အခြေအနေများ

၂၃၂။ (က) တရားရုံးသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီပါက ပုဒ်မ ၂၃၁ အရ ဆိုင်းငံ့မိန့်ကို ထုတ်ပေးရမည်-

(၁) မြီစားသည် ဤအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ မိမိဆန္ဒအလျောက် အစီအစဉ်ကို ဆောင်ရွက် ရန်ရည်ရွယ်ချက်ရှိကြောင်းနှင့် အဆိုပြုလွှာမူကြမ်းကို လျှောက်လွှာနှင့် ပူးတွဲတင်ပြထားခြင်း၊

(၂) ထိုအဆိုပြုလွှာကို စတင်လျှောက်ထားသောနေ့တွင် မြီစားသည် လူမွဲအဖြစ် ခံယူရန်အတွက် သတ်မှတ်ချက်နှင့် ပြည့်စုံသူဖြစ်ခြင်း၊

(၃) ထိုသို့လျှောက်ထားသည့်နေ့မှ ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း မြီစားကအလားတူ လျှောက်ထားမှုမျိုးကို လျှောက်ထားခဲ့မှု မရှိခြင်း၊

(၄) မြီစားက အဆိုပြုလွှာ၌ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူက မိမိဆန္ဒအလျောက် အစီအစဉ်ကို ကြီးကြပ်သူအဖြစ် ဆောင်ရွက်ပေးရန် စာဖြင့်ရေးသား သဘောတူခြင်း။

(ခ) မြီစား၏အဆိုပြုလွှာကို လက်ခံစဉ်းစားခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပြုရာတွင် အထောက်အကူဖြစ်စေမည်ဟုယူဆပါက တရားရုံးသည် ဆိုင်းငံ့မိန့်ကို ထုတ်ပေးနိုင်သည်။

(ဂ) ထိုသို့ ဆိုင်းငံ့မိန့်ချမှတ်ရာတွင် ဤအခန်း၌ဖြစ်စေ နည်းဥပဒေများတွင်ဖြစ်စေ ပြဋ္ဌာန်းသတ်မှတ် ထားသောတာဝန်များမှ မြီစားအား လျော့ပေါ့ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်းပြုသည့် အချက်များကို ထည့်သွင်းချမှတ်ခြင်းမပြုရ။ သို့ရာတွင် လူမွဲခံယူခြင်းကိစ္စအလို့ငှာ မြီစားပိုင်ပစ္စည်း၏ တန်ဖိုးကို သိသာထင်ရှားစွာလျော့ကျစေခြင်း သို့မဟုတ် ထိခိုက်စေခြင်း မရှိတန်ရာကြောင်း ကျေနပ်လျှင် ထိုသို့ထည့်သွင်းချမှတ်ခြင်း ပြုနိုင်သည်။

(ဃ) အခြားနည်းဖြင့် အမိန့်ချမှတ်ထားခြင်းမရှိလျှင် အထက်ပါပုဒ်မ ၂၃၁ အရ လျှောက်ထားမှုအပေါ် တရားရုံးကချမှတ်သည့်အမိန့်သည် ယင်းအမိန့်ကို ချမှတ်သည့်နေ့မှစ၍ ၂၈ ရက်ကုန်ဆုံးသည့်နေ့တွင် အကျိုးသက်ရောက်မှု ရပ်စဲစေရမည်။

ဆိုင်းငံ့မိန့်လျှောက်ထားမှု၏ အကျိုးသက်ရောက်မှုများ

၂၃၃။ ဆိုင်းငံ့မိန့်ရရှိရန် လျှောက်ထားဆဲ မည်သည့်အချိန်တွင်မဆို-

(က) အိမ်ငှားရမ်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို မြီစားမှ လိုက်နာရန်ပျက်ကွက်မှုများ ကြောင့် အိမ်ရှင် သို့မဟုတ် အိမ်လခရထိုက်ခွင့်ရှိသော အခြားတစ်စုံတစ်ဦးက အငှားချထားသည့်ဥပစာ ကို တရားရုံး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမှအပ ပြန်လည်သိမ်းယူခြင်းမပြုရ၊

(ခ) တရားရုံးသည် မြီစားပိုင်ပစ္စည်းကို ဝရမ်းကပ်သိမ်းဆည်းခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် ဝရမ်းကပ်သိမ်းဆည်းကာရောင်းချခြင်းမပြုစေရန် တားမြစ်နိုင်သည့်အပြင် ထိုမြီစား၏ပစ္စည်းအပေါ် တွင် ဆောင်ရွက်နေသော အရေးယူဆောင်ရွက်မှု သို့မဟုတ် ဒီကရီ အတည်ပြုမှု သို့မဟုတ် အခြားသော ဥပဒေတစ်ရပ်ရပ်အရ လျှောက်ထားမှုကို ဆိုင်းငံ့မိန့်ချမှတ်နိုင်သည်၊

(ဂ) ပုဒ်မ ၂၃၁ အရ လျှောက်ထားခဲ့ကြောင်း သက်သေခံအထောက်အထားတစ်ရပ်ရပ်ကို တင်ပြလာ သည့်အခါ တစ်ဦးတစ်ယောက်အပေါ်တွင် အရေးယူဆောင်ရွက်နေသော တရားရုံးသည် ထိုဆောင်ရွက်မှု များကို ဆိုင်းငံ့ခြင်း သို့မဟုတ် သင့်လျော်သည်ဟု ယူဆသော စည်းကမ်းချက်များ သတ်မှတ်၍ ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နိုင်သည်။

မြီစား၏ အဆိုပြုချက်
အဆိုပြုခံရသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ အစီရင်ခံစာ

၂၃၄။ (က) ဤအခန်းအရ မိမိဆန္ဒအလျောက်အစီအစဉ်ပြုလုပ်ရန် အဆိုပြုလွှာတွင် ယင်းအဆိုပြုချက် အား အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ကြီးကြပ်ရန်အလို့ငှာ တစ်စုံတစ်ဦးကို အစီစဉ်ကြီးကြပ်သူ အဖြစ်ခန့်ထားရန် ဖော်ပြပါရှိရမည့်အပြင် ထိုသူသည် အပိုင်း (၃) ပါပြဋ္ဌာန်းချက်များအရ လူမွဲခံယူခြင်း ဆိုင်ရာ ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်ရန် အရည်အချင်းရှိသူဖြစ်ရမည်။

(ခ) ပုဒ်မ ၂၃၁ အရ လျှောက်ထားချက်ကြောင့် ဆိုင်းငံ့မိန့်ကို ချမှတ်ခဲ့ပြီးနောက် ထိုအမိန့်၏အကျိုး သက်ရောက်မှု ရပ်စဲခြင်းမရှိမီတွင် အဆိုပြုခံရသူသည် အောက်ပါအချက်များ ပါဝင်သည့် အစီရင်ခံစာကို တရားရုံးသို့ တင်ပြရမည်-

(၁) မြီစား၏ အဆိုပြုလွှာပါအစီအစဉ်များအပေါ် သဘောတူညီချက်ရရှိရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျိုးကြောင်းဆီလျော်သော အလားအလာရှိမရှိနှင့် စပ်လျဉ်း၍ ၎င်း၏ထင်မြင်ယူဆချက်၊

(၂) မြီစား၏အစီအစဉ်များနှင့် စပ်လျဉ်း၍ မြီရှင်များက စဉ်းစားဆင်ခြင်နိုင်စေရန်အခွင့်အရေးပေးသင့် မသင့်နှင့်စပ်လျဉ်း၍ ၎င်း၏ထင်မြင်ယူဆချက်။

(ဂ) အဆိုပြုခံရသူက အစီရင်ခံစာကိုပြုစုနိုင်ရန်အလို့ငှာ မြီစားသည် အောက်ပါတို့ကို အဆိုပြုခံရသူအား ပေးအပ်ရမည်-

(၁) မြီစားအဆိုပြုတင်ပြသည့် မိမိဆန္ဒအလျောက်အစီအစဉ်၏ အချက်အလက်များ ပါဝင်သော စာရွက် စာတမ်းများ၊

(၂) လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေများအရ သတ်မှတ်ဆင့်ဆိုထားသည့် အချက်အလက်များပါဝင် သောမြီစား၏လုပ်ငန်း ကိစ္စဆိုင်ရာ ထုတ်ဖော်ကြေညာချက်၊

(၃) ဤပုဒ်မအရ တင်ပြသော စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ ကျိုးကြောင်းဆီလျော်စွာ ပြုလုပ်သော အဆိုပြုခံရသူ၏ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားချက်များ။

(ဃ) အဆိုပြုခံရသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူမှ လျှောက်ထားလာပါက အစီရင်ခံစာကို ပြင်ဆင်တင်ပြနိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် တရားရုံးသည် ဆိုင်းငံ့ကာလကို တိုးမြှင့်သတ်မှတ် ပေးနိုင်သည်။

(င) မြီစား၏အဆိုပြုချက်အပေါ် မြီရှင်များမှ လက်ခံစဉ်းစားနိုင်ရေး အခွင့်အလမ်းကို ပေးသင့်ကြောင်း အဆိုပြုခံရသူ၏ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ယင်းအစီရင်ခံစာအပေါ် တရားရုံးမှ ကျေနပ်လျှင် မြီစား၏အဆိုပြုချက်အပေါ် မြီရှင်များကလက်ခံစဉ်းစားနိုင်စေရန် အလို့ငှာ ထိုအမိန့်ကို အချိန်ကာလ အတိုင်းအတာ တစ်ခုအထိတိုးချဲ့သတ်မှတ်ရန် ညွှန်ကြားနိုင်သည်။

(စ) အဆိုပြုခံရသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ လျှောက်ထားချက်အရ အောက်ပါအခြေအ နေတစ်ရပ်ရပ် ဖြစ်ပေါ်နေသည်ဟုယူဆလျှင် တရားရုံးသည် ဆိုင်းငံ့မိန့်ကိုရပ်စဲစေနိုင်သည်-

(၁) ပုဒ်မခွဲ (ဂ) ပါ တာဝန်များကို မြီစားက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်း၊

(၂) အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် မြီစား၏အဆိုပြုချက်ကို မြီရှင်များထံ တင်ပြရန်ကျိုးကြောင်း ဆီလျော်မှုမရှိခြင်း။

မြီစား၏အဆိုပြုချက်နှင့်အဆိုပြုခံရသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ အစီရင်ခံစာ

၂၃၅။ (က) ဤအခန်းပါပြဋ္ဌာန်းချက်များအရ မြီစားက အဆိုပြုတင်ပြသော မိမိဆန္ဒအလျောက်အစီ အစဉ်တွင် အောက်ပါသတ်မှတ်ချက်များ ပါဝင်ခြင်းမရှိစေရ-

(၁) အာမခံအကျိုးခံစားခွင့်ရမြီရှင်တစ်ဦး၏ ခွင့်ပြုချက်မရှိဘဲ ၎င်းရရှိထားသော အာမခံပစ္စည်းအပေါ် အတည်ပြုဆောင်ရွက်ခွင့်ကို ထိခိုက်စေသည့်သတ်မှတ်ချက်များ၊

(၂) သက်ဆိုင်သည့်ဦးစားပေးမြီရှင်၏ သဘောတူညီချက်ဖြင့် ပေးချေခြင်းမှအပ အောက်ပါအကျိုးရ လဒ်တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေသည့်ကိစ္စရပ်များ-

(ကက) ဦးစားပေးကြွေးမြီမဟုတ်သော ကြွေးမြီတစ်ရပ်ကို ဦးစားပေးကြွေးမြီအစီအစဉ်၌ အခြားနည်း ဖြင့် သတ်မှတ်ပေးချေခြင်း၊

(ခခ) ဦးစားပေးမြီရှင်တစ်ဦးကို ကြွေးမြီပေးဆပ်သည့် ပမာဏသည် အခြားဦးစားပေးမြီရှင်တစ်ဦးအား ကြွေးမြီပေးဆပ်သည့် ပမာဏထက်ပိုမိုနည်းပါးသော အချိုးအစားဖြင့် ပေးဆပ်ခြင်း။

(ခ) ပုဒ်မခွဲ (ဂ) အရ အဆိုပြုခံရသူမှ အစီရင်ခံစာကို ပြုစုနိုင်ရန်မြီစားသည် အောက်ပါတို့ကိုပေးအပ်ရ မည်-

(၁) မြီစားက ၎င်းအဆိုပြုတင်ပြသည့် မိမိဆန္ဒအလျောက်အစီအစဉ်နှင့် စပ်လျဉ်း၍အခြေခံအဖြစ် ပြုလုပ်တင်ပြလိုသည့် စာရွက်စာတမ်းများ၊

(၂) လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေများအရ သတ်မှတ်ဆင့်ဆိုထားသည့်အချက်အလက်များ ပါဝင် သော မြီစား၏လုပ်ငန်းကိစ္စဆိုင်ရာ ထုတ်ဖော်ကြေညာချက်၊

(၃) ဤပုဒ်မအရ တင်ပြသော စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ အဆိုပြုခံရသည့် လူမွဲခံယူခြင်းဆိုင် ရာ ကျွမ်းကျင်သူမှ ကျိုးကြောင်းဆီလျော်စွာ ပြုလုပ်သောမေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြား ချက်များ။

(ဂ) မြီစားသည် လူမွဲခံရန်လျှောက်ထားနိုင်သည့် အရည်အချင်းပြည့်စုံကြောင်း အဆိုပြုခံရသည့် လူမွဲ ခံယူခြင်းဆိုင်ရာကျွမ်းကျင်သူမှ ယူဆလျှင် ပုဒ်မခွဲ (ခ) အရ စာရွက်စာတမ်းများရရှိပြီးနောက် ၁၄ ရက် အတွင်း သို့မဟုတ် တရားရုံးက တိုးမြှင့်ခွင့်ပြုသည့် အချိန်ကာလအတွင်း ၎င်း၏အစီရင်ခံစာနှင့်အတူ မိမိသဘောအစီအစဉ်နှင့်စပ်လျဉ်း၍ အဆိုပြုခံရသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူက အထက်ပါ ပုဒ်မခွဲ (ခ) တွင်ဖော်ပြထားသောစာရွက်စာတမ်းများနှင့် ကြေညာချက်များ၏ မိတ္တူများကို မြီရှင်များထံ သို့ပေးရမည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ ရေးသားပို့သည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ၏ အစီရင်ခံစာတွင် အောက်ပါ အချက်အလက်များ ပါရှိရမည်-

(၁) မြီစားက ဆန္ဒအလျောက်တင်ပြလာသော အဆိုပြုလွှာပါအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျိုးကြောင်းဆီလျော်သော အလားအလာရှိကြောင်း မိမိ၏ထင်မြင်ယူဆချက်၊

(၂) မြီစား၏ငွေရေးကြေးရေးအခြေအနေကို ထည့်သွင်းစဉ်းစား၍မြီစား၏ ဆန္ဒအလျောက်တင်ပြ လာသောအဆိုပြုလွှာကို ခွင့်ပြုခြင်းသည် မြီစားအား လူမွဲခံစေသည့် အမိန့်ချမှတ်ခြင်းထက် မြီရှင်များ အတွက် ကြွေးမြီပြန်လည်ရရှိရန်ပိုမိုကောင်းမွန်သော အလားအလာရှိကြောင်း မိမိ၏ထင်မြင်ယူဆချက်။

(င) အဆိုပြုခံရသူမှ လျှောက်ထားပါက ဤပုဒ်မနှင့်အညီ အစီရင်ခံစာကို တင်သွင်းရန် သတ်မှတ်ထား သောနေ့ရက်အား တရားရုံးက တိုးမြှင့်သတ်မှတ်ပေးနိုင်သည်။

မြီရှင်များအစည်းအဝေးကျင်းပရန် ဆင့်ခေါ်ခြင်း

၂၃၆။ (က) တရားရုံးမှ အခြားနည်းဖြင့် ညွှန်ကြားထားခြင်းမရှိလျှင် အဆိုပြုခံရသူ၏ အစီရင်ခံစာတွင် မြီရှင်များအစည်းအဝေး ကျင်းပမည့်နေ့ရက်၊ အချိန်နှင့်နေရာများကို ဖော်ပြ၍ ခေါ်ယူကျင်းပရမည်။

(ခ) အဆိုပြုခံရသူက လိပ်စာသိရှိသည့် မြီရှင်များအားလုံးကို အစည်းအဝေးသို့ တက်ရောက်ရန် အကြောင်းကြားစာပေးပို့ ဖိတ်ကြားရမည်။

မြီရှင်များအစည်းအဝေး ဆုံးဖြတ်ချက်များ

၂၃၇။ (က) ပုဒ်မ ၂၃၆ အရ ဆင့်ခေါ်သော မြီရှင်များအစည်းအဝေးတွင် မြီစားမှတင်သွင်းသော အစီအစဉ် ကိုသဘောတူခြင်းရှိမရှိ ဆုံးဖြတ်ရမည်။

(ခ) တင်ပြသောအစီအစဉ်ကို ထိုအစည်းအဝေးတွင် မြီစား၏သဘောတူညီချက်ဖြင့် ပြင်ဆင်ချက်များ ပြုလုပ်၍ အတည်ပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) နှင့်အညီ ပြင်ဆင်ထားသော အစီအစဉ်အပါအဝင် ဤအခန်းအရ မြီစားမှ တင်သွင်းသော အစီအစဉ်အပေါ် ကြွေးမြီစုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းထက်ပိုသော မြီရှင်များနှင့် မြီရှင်စုစုပေါင်း အရေအတွက်၏ ၅၀ ရာခိုင်နှုန်းထက်ပိုသော မြီရှင်များက အဆိုပါအစီအစဉ်ကို ကန့်ကွက်ခြင်းမရှိလျှင် အတည်ဖြစ်သည်ဟု မှတ်ယူရမည်။

ဆုံးဖြတ်ချက်များကို တရားရုံးသို့ အစီရင်ခံတင်ပြခြင်း

၂၃၈။ (က) မြီစား၏အစီအစဉ်အပေါ် မြီရှင်များက ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် အဆိုပြုခံရသူသည် ဆုံးဖြတ်ချက်ကို-

(၁) ၎င်းမှ လိပ်စာသိရှိသော မြီရှင်များအားလုံးထံသို့ အသိပေးအကြောင်းကြားရမည်၊

(၂) တရားရုံးသို့လည်း အစီရင်ခံတင်ပြရမည်။

(ခ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) ပါ အစီရင်ခံစာသည် မြီစား၏ အစီအစဉ်ကို အတည်မပြုကြောင်း အစီ ရင်ခံစာဖြစ်လျှင် တရားရုံးသည် မြီစားနှင့်စပ်လျဉ်း၍ ထုတ်ဆင့်ထားသော ဆိုင်းငံ့မိန့်ကို ပယ်ဖျက်နိုင် သည်။

အတည်ပြုခြင်း၏ အကျိုးသက်ရောက်မှုများ

၂၃၉။ (က) မြီရှင်များက ပြင်ဆင်ချက်ဖြင့်ဖြစ်စေ ပြင်ဆင်ချက်မပါဘဲဖြစ်စေ မိမိဆန္ဒအလျောက် အစီ အစဉ်ကို အတည်ပြုလျှင် ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) အတည်ပြုထားသောအစီအစဉ်သည် အောက်ပါပုဂ္ဂိုလ်များအပေါ် စည်းနှောင်အားရှိစေရမည်-

(၁) ယင်းအစည်းအဝေးအား ကျင်းပခဲ့ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုသို့ကျင်းပခဲ့ပါက ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်မှတစ်ဆင့် တက်ရောက်ခဲ့ပါက ဆင့်ခေါ်သော အစည်းအဝေးတွင် မဲပေး ပိုင်ခွင့်ရှိသူအားလုံး၊

(၂) ၎င်းသည် အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိခဲ့လျှင် တက်ရောက်ခွင့်ရရှိမည့်သူ။

(ဂ) အစီအစဉ်သည် အကျိုးသက်ရောက်မှု ရပ်စဲသည့်အခါ ပုဒ်မခွဲ (ခ) အရ ဖော်ပြထားသူထံသို့ အစီ အစဉ်အရ ပေးချေရမည့်ကြွေးမြီကို ပေးချေခြင်းမပြုရသေးသည်သာမက ထိုသို့ရပ်စဲသွားမှုသည် အချိန် မစေ့မီ ပြီးဆုံးခြင်းမဟုတ်လျှင် မြီးစားသည် အစီအစဉ်အရ ပေးရမည့်ကြွေးမြီကို ယင်းအချိန်မှစတင်၍ ပေးဆပ်ရန်တာဝန်ရှိစေရမည်။

(ဃ) ပုဒ်မ ၂၃၅ အရ မြီရှင်များထံသို့ အဆိုပြုခံရသူက အစီရင်ခံစာကို ပေးပို့ခဲ့သည့်နေ့မှစ၍ ၂၈ ရက် ပြည့်သည့်နေ့ရက်အထိ မြီစားနှင့်ပတ်သက်၍ အတည်ဖြစ်နေသောဆိုင်းငံ့မိန့်သည် ထိုကာလ ကုန်ဆုံး သည့်နေ့ရက်မှစတင်၍ အကျိုးသက်ရောက်မှု ရပ်စဲစေရမည်။

မိမိဆန္ဒအလျောက် အစီအစဉ်ကို အတည်ပြုသည့်ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တင်ပြခြင်း

၂၄၀။ (က) အောက်ပါအကြောင်းကိစ္စတစ်ရပ်ရပ်အရ ပုဒ်မခွဲ (ခ) ပါ ပုဂ္ဂိုလ်များအနက်မှတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူများက တရားရုံးသို့ လျှောက်ထားနိုင်သည်-

(၁) ဤအခန်းနှင့်အညီမြီရှင်များ၏ သဘောတူညီချက်ကို ရရှိထားသည့် မိမိဆန္ဒအလျောက် အစီအစဉ် တစ်ခုသည် မြီရှင်တစ်ဦးဦး၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း၊

(၂) ထိုအစီအစဉ်ကို မြီရှင်များက စဉ်းစားဆုံးဖြတ်ခြင်း၊ သဘောတူညီချက် ရယူခြင်းပြုရာတွင် ကြီးစွာ သော နည်းလမ်းမကျမှုရှိခဲ့ခြင်း၊

(၃) မြီစားသည် ကြွေးမြီမပေးဆပ်နိုင်သူ မဟုတ်ခြင်း။

(ခ) ဤပုဒ်မအရ အောက်ဖော်ပြပါတစ်ဦးဦးမှ လျှောက်ထားနိုင်သည်-

(၁) မြီရှင်၊

(၂) မြီစားကိုယ်တိုင်၊

(၃) အဆိုပြုခံရသူ။

(ဂ) ပုဒ်မ ၂၃၈ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အစီရင်ခံစာအား တရားရုံးသို့ တင်ပြသည့်နေ့မှ ၂၈ ရက် ကျော်လွန်သည့်အခါ သို့မဟုတ် ထိုပုဒ်မ၏ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ အကြောင်းကြားစာကို မရရှိ ခဲ့သည့်ကိစ္စ၌ စတင်သိရှိသည့်နေ့မှ ၂၈ ရက်ကျော်လွန်သည့်အခါ ဤပုဒ်မအရ လျှောက်ထားခွင့် မရှိစေရ။

(ဃ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော အကြောင်းပြချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် လျှောက်ထား ချက်အပေါ် တရားရုံးမှ ကျေနပ်လျှင် အောက်ပါအရေးယူဆောင်ရွက်မှုများအနက်မှ တစ်ရပ်ရပ်ကို ဖြစ်စေ အားလုံးကိုဖြစ်စေ ချမှတ်နိုင်သည်-

(၁) မြီရှင်များ၏ အတည်ပြုချက်အား ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း၊

(၂) တင်ပြခဲ့သော မူလအဆိုပြုချက် သို့မဟုတ် ပြင်ဆင်အဆိုပြုချက်တစ်ရပ်ကို ပြန်လည်စိစစ် သုံးသပ် နိုင်ရေးအတွက် မြီရှင်များ အစည်းအဝေးကို ထပ်မံခေါ်ယူကျင်းပရန် တစ်စုံတစ်ယောက်အား ညွှန်ကြား ခြင်း။

(င) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၂) အရ ညွှန်ကြားပြီးနောက် မည်သည့်အချိန်တွင်မဆို မြီစားအနေဖြင့် ပြင်ဆင်အဆိုပြုချက်ကို တင်ပြရန် ရည်ရွယ်ချက်မရှိကြောင်း တရားရုံးက ထင်မြင်ယူဆလျှင် တရားရုံး သည် မြီရှင်များမှ အတည်ပြုခဲ့သော သဘောတူညီချက်များကို ပြန်လည်ရုပ်သိမ်းစေရန် သို့မဟုတ် ရပ်ဆိုင်း စေရန် အမိန့်ချမှတ်နိုင်သည်။

(စ) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၂) အရ ညွှန်ကြားသည့်အမိန့်ချမှတ်ရာတွင် ထိုမြီစားနှင့်ပတ်သက်၍ ချမှတ်ခဲ့သော ဆိုင်းငံ့မိန့်ကို သတ်မှတ်သည့်ကာလ အတိုင်းအတာအထိ ဆက်လက်အကျိုး သက်ရောက်စေ ရန်အမိန့် သို့မဟုတ် ဆိုင်းငံ့မိန့်အသစ် တစ်ရပ်ကိုထည့်သွင်းချမှတ်နိုင်သည်။

(ဆ) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၂) နှင့်အညီ အမိန့်ချမှတ်ခြင်း သို့မဟုတ် ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) အရ ဖြစ်စေ ပုဒ်မခွဲ (င) အရ ဖြစ်စေ မြီရှင်များ၏ ယခင်သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်ရာတွင် တရားရုံးသည် အောက်ပါဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သင့်လျော်သည်ဟု ထင်မြင်ယူဆသည့် နောက်ဆက်တွဲညွှန်ကြားသည့်အမိန့်များ ချမှတ်နိုင်သည်-

(၁) မြီရှင်များက အတည်ပြုထားသည့် အစီအစဉ်အရ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊

(၂) ထိုကိစ္စရပ်များကို ဆောင်ရွက်စဉ်က မြီစားနှင့်စပ်လျဉ်း၍ ဆိုင်းငံ့မိန့် အတည်ဖြစ်နေခဲ့မည် ဆိုပါက ဆောင်ရွက်နိုင်ခဲ့မည်မဟုတ်သော ကိစ္စရပ်များအပေါ် ဆောင်ရွက်ချက်များ။

(ဇ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရမှတစ်ပါး ထိုသဘောတူညီချက်ရရှိရန် ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ထိုသို့ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ဖြစ်စေ နည်းလမ်းမကျမှုတစ်ရပ်ရပ်ကြောင့် ဤအခန်းပါ ပြဋ္ဌာန်း ချက်များအရ မြီရှင်များကပေးခဲ့သော အတည်ပြုချက်သည်ပျက်ပြယ်ခြင်း မရှိစေရ။

မမှန်မကန် တင်ပြခြင်း

၂၄၁။ (က) မြီစားသည် အစီအစဉ်အပေါ် မြီရှင်များ၏ သဘောတူညီချက် ရရှိရန်အတွက် အောက်ပါတစ် ခုခုကို ပြုလုပ်လျှင် ဤပုဒ်မပါပြစ်မှုကို ကျူးလွန်ရာရောက်သည်-

(၁) မမှန်မကန် တင်ပြခြင်း၊

(၂) လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန်ပျက်ကွက် ခြင်း။

(ခ) မြီစား၏အဆိုပြုချက်ကို မြီရှင်များမှ အတည်ပြုခဲ့ခြင်း မရှိသော်လည်း ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက် များသည် မြီစားအပေါ် အကျိုးသက်ရောက်စေရမည်။

(ဂ) မြီစားသည် ဤပုဒ်မအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၎င်းအား ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

တာဝန်ပျက်ကွက်သော မြီစားအား တရားစွဲဆိုခြင်း

၂၄၂။ (က) အစီအစဉ်ကို မြီရှင်များက အတည်ပြုသည့်အခါ ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) အစီအစဉ်နှင့်စပ်လျဉ်း၍ မြီစားသည် ပြစ်မှုကြောင်းအရ တာဝန်ရှိသည်ဟု တွေ့ရှိရလျှင် အဆိုပြုခံရ သူ သို့မဟုတ် ကြီးကြပ်သူသည် အောက်ပါအတိုင်း ချက်ချင်းအရေးယူဆောင်ရွက်ရမည်-

(၁) မှတ်ပုံတင်အရာရှိထံသို့ အစီရင်ခံတိုင်ကြားခြင်း၊

(၂) လိုအပ်သည့် အချက်အလက်များနှင့် စာရွက်စာတမ်း အထောက်အထားများကို မှတ်ပုံတင်အရာရှိ ထံ ပေးအပ်ခြင်းနှင့် လိုအပ်သလို အထောက်အကူပြု ဆောင်ရွက်ပေးခြင်း၊

(၃) လိုအပ်သော အခြားအကူအညီများကိုပေးခြင်း။

အစီအစဉ်များ သတ်မှတ်ကာလမတိုင်မီ ပြီးဆုံးခြင်း

၂၄၃။ ဤအခန်းပါပြဋ္ဌာန်းချက်များအလို့ငှာ မြီရှင်များက အတည်ပြုခဲ့သည့် အစီအစဉ်တစ်ရပ်သည် ပုဒ်မ ၂၃၉ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) နှင့်အညီ တာဝန်ရှိသူများအားလုံးနှင့် ပတ်သက်၍ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသေးမီ အကျိုးသက်ရောက်မှု ရပ်စဲသွားသည့်အခါ ယင်းအစီ အစဉ်သည် သတ်မှတ်ကာလမတိုင်မီ ပြီးဆုံးသွားသည်ဟု မှတ်ယူရမည်။

အတည်ပြုထားသည့် အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းနှင့် ကြီးကြပ်ခြင်း

၂၄၄။ (က) အစီအစဉ်ကို မြီရှင်များက ဤအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ အတည်ပြုသည့်အခါ ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) အစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များအား လက်ရှိထမ်းဆောင်နေသော အဆိုပြုခံရသူ အား အစီအစဉ်ကြီးကြပ်သူဟု ခေါ်တွင်စေရမည်။

(ဂ) မြီစားကိုယ်တိုင်ဖြစ်စေ၊ မြီရှင်တစ်ဦးဦး သို့မဟုတ် အခြားအကျိုးသက်ဆိုင်သူ တစ်ဦးဦးကဖြစ်စေ အစီအစဉ်ကြီးကြပ်သူ၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု သို့မဟုတ် ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိ ပါက လျှောက်ထားနိုင်ပြီး တရားရုံးသည် အောက်ပါအမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်-

(၁) အစီအစဉ်ကြီးကြပ်သူ၏ ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊

(၂) အစီအစဉ်ကြီးကြပ်သူအား ညွှန်ကြားခြင်း၊

(၃) သင့်လျော်သည်ဟု ထင်မြင်သည့် အခြားအမိန့်တစ်ရပ်ရပ် ချမှတ်ခြင်း။

(ဃ) အစီအစဉ်ကြီးကြပ်သူသည် အစီအစဉ်အရ ဆောင်ရွက်ရာတွင် ပေါ်ပေါက်လာသည့် ကိစ္စနှင့်စပ် လျဉ်း၍ တရားရုံးမှ ညွှန်ကြားပေးရန် လျှောက်ထားနိုင်သည်။

(င) တရားရုံးသည် အောက်ပါအခြေအနေများတွင် အစီအစဉ်ကြီးကြပ်သူ၏နေရာတွင် အစားထိုးခန့် ထားရန် သို့မဟုတ် လစ်လပ်နေသော အစီအစဉ်ကြီးကြပ်သူနေရာတွင် ခန့်ထားရန် အပိုင်း (၃) အရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် အရည်အချင်းရှိသူအား မည်သည့်အချိန်တွင်မဆို အမိန့်ထုတ် ပြန်၍ ခန့်ထားနိုင်သည်-

(၁) အစီအစဉ်ကြီးကြပ်သူ၏ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြားတစ်ဦးကို ခန့်ထားရန်သင့်လျော်ခြင်း၊

(၂) တရားရုံး၏ အကူအညီရယူခြင်းမပြုဘဲ ထိုသို့ခန့်ထားမှုတစ်ရပ်ကို ဆောင်ရွက်ရန်အတွက် မသင့် လျော်သည့်အခါ သို့မဟုတ် အခက်အခဲရှိသည့်အခါ သို့မဟုတ် လက်တွေ့ဆောင်ရွက်ရန် မဖြစ်နိုင်ခြင်း။

(စ) အစီအစဉ်ကြီးကြပ်သူ၏ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်သူ အရေအတွက်ကို တိုးမြှင့်ရန် သို့မဟုတ် ထိုသို့သောလုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်နေသူ တစ်ဦးထက်မကရှိသည့် အနေ အထား၌ ထိုသူများအနက်မှ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို အစားထိုးခန့်အပ်ရန် အတွက် တရားရုံးသည် ပုဒ်မခွဲ (င) တွင်အပ်နှင်းထားသောအာဏာကို ကျင့်သုံးဆောင်ရွက်နိုင်သည်။

အခန်း (၂) တစ်သီးပုဂ္ဂလ လူမွဲခံယူခြင်းဆိုင်ရာမှုခင်းများ[edit]

လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန်လျှောက်လွှာ တင်သွင်းခွင့်ရှိသူ

၂၄၅။ (က) အောက်ပါပုဂ္ဂိုလ်များသည် သာမန်လူပုဂ္ဂိုလ်တစ်ဦးအပေါ် လူမွဲအဖြစ်ခံယူစေသည့် အမိန့် ချမှတ်ပေးရန် လျှောက်ထားနိုင်သည်-

(၁) တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော မြီရှင်များ၊

(၂) မြီစားကိုယ်တိုင်။

(ခ) ပုဒ်မခွဲ (က) အရ ဖော်ပြထားသူတစ်ဦးဦးမှ လျှောက်ထားလာသည့်အခါ တရားရုံးသည် မြီစားအား လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်နိုင်သည်။

မြီစားဖြစ်သူနှင့်ပတ်သက်၍ လိုအပ်ချက်

၂၄၆။ (က) ပုဒ်မ ၂၄၅ နှင့်အညီ လျှောက်ထားရာတွင် မြီစားသည် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးဖြစ်ရမည်-

(၁) နိုင်ငံတော်အတွင်း၌ တရားဝင်နေထိုင်သူ၊

(၂) ဤပုဒ်မအရ လျှောက်လွှာတင်သွင်းသည့်နေ့တွင် နိုင်ငံတော်အတွင်း၌ ရှိနေသူ၊

(၃) လျှောက်လွှာတင်သွင်းသည့်နေ့မှစ၍ လွန်ခဲ့သည့် သုံးနှစ်အတွင်း နိုင်ငံတော်အတွင်း၌ ပုံမှန်နေထိုင် သူ သို့မဟုတ် နေရပ်လိပ်စာရှိသူ သို့မဟုတ် နိုင်ငံတော်အတွင်း၌ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူ။

(ခ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃) အရ နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူဆိုသည့် စကား ရပ်တွင် အောက်ပါကိစ္စတစ်ရပ်ရပ်အား လုပ်ကိုင်နေသူလည်းပါဝင်စေရမည်-

(၁) အစုစပ် သို့မဟုတ် စီးပွားရေး လုပ်ငန်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လုပ်ကိုင်နေသူ၊

(၂) ထိုအစုစပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ရပ်အတွက် အေးဂျင့် သို့မဟုတ် မန်နေဂျာအဖြစ် လုပ်ကိုင်နေသူ။

လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန်လျှောက်လွှာနှင့်စပ်လျဉ်း၍ အခြားသတ်မှတ်ချက်များ

၂၄၇။ (က) လျှောက်လွှာကို တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ ပြန်လည်ရုပ်သိမ်းခြင်းမပြုရ။

(ခ) လျှောက်လွှာမှာ ဤဥပဒေ သို့မဟုတ် နည်းဥပဒေများကို ဆန့်ကျင်နေကြောင်း သို့မဟုတ် အခြား သင့်လျော်သည့် အကြောင်းတစ်ရပ်ရပ်ရှိနေကြောင်း တွေ့ရှိရပြီး သင့်လျော်သည်ဟုလည်းထင်မြင်လျှင် တရားရုံးသည် အဆိုပါလျှောက်လွှာကို ပလပ်ခြင်း သို့မဟုတ် ထိုလျှောက်လွှာအရ စွဲဆိုထားမှုကို ဆိုင်းငံ့ ခြင်းပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ဆိုင်းငံ့မိန့်ချမှတ်ရာတွင် သင့်လျော်သည်ဟု ထင်မြင်ယူဆသော စည်းကမ်းချက် များကို ထည့်သွင်းသတ်မှတ်နိုင်သည်။

လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် မြီရှင်များ၏လျှောက်လွှာ
မြီရှင်များမှ လျှောက်ထားရန် အကြောင်းအချက်များ

၂၄၈။ (က) ပုဒ်မ ၂၄၅ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ မြီရှင်တစ်ဦးက တင်သွင်းသော လျှောက်လွှာ သည် မြီစားကပေးဆပ်ရန်တင်ရှိနေသည့် တစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော ကြွေးမြီများနှင့် သက်ဆိုင် စေရမည့်အပြင် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လျှောက်ထားသူ မြီရှင်များသည် မြီးစားအပေါ် တင်ရှိနေသော တစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသော ကြွေးမြီကို ရရန်ရှိသူဖြစ်ရမည်။

(ခ) မြီရှင်တစ်ဦးက တင်သွင်းသော လျှောက်လွှာတွင် ဖော်ပြတောင်းဆိုသော ကြွေးမြီတစ်ရပ်သည် လျှောက်ထားချိန်၌ အောက်ပါအခြေအနေများနှင့် ကိုက်ညီမှသာ တရားရုံးသို့ လျှောက်ထားနိုင်သည်။

(၁) ကြွေးမြီတစ်ရပ်၏ပမာဏ သို့မဟုတ် ကြွေးမြီများ၏ စုစုပေါင်း ပမာဏသည်နည်းဥပဒေများတွင် ဖော်ပြသတ်မှတ်ထားသည့် ပမာဏနှင့်ညီမျှသော သို့မဟုတ် ကျော်လွန်သော ပမာဏရှိခြင်း၊

(၂) ကြွေးမြီ သို့မဟုတ် ကြွေးမြီတစ်ရပ်ချင်းစီသည် လျှောက်ထားသည့် တစ်ဦး သို့မဟုတ် တစ်ဦးထက် ပိုသော မြီရှင်များအား ချက်ချင်း သို့မဟုတ် သေချာသော အနာဂတ် အချိန်ကာလတစ်ခု၌ ပေးချေရမည့် စာရင်းရှင်းလင်းထားပြီး ဖြစ်သော ကြွေးမြီပမာဏ တစ်ရပ်အတွက်ဖြစ်ခြင်း၊

(၃) ကြွေးမြီသည် အာမခံအကျိုးခံစားခွင့်မရှိသော ကြွေးမြီ သို့မဟုတ် ပုဒ်မ ၂၅၁ နှင့်သက်ဆိုင်ခြင်း မရှိသည့် ကြွေးမြီဖြစ်ခြင်း၊

(၄) ကြွေးမြီ သို့မဟုတ် ကြွေးမြီတစ်ရပ်ချင်းစီသည် မြီစားက ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ကြွေးမြီ သို့မဟုတ် ပြန်လည်ပေးဆပ်ရန် ကျိုးကြောင်းဆီလျော်သော အလားအလာမရှိသည့် ကြွေးမြီ ဖြစ်ခြင်း၊

(၅) ကြွေးမြီ သို့မဟုတ် ကြွေးမြီတစ်ရပ်ချင်းစီနှင့်စပ်လျဉ်း၍ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်ထားမည်ဖြစ်ကြောင်း ပုဒ်မ ၂၅၀ အရ ပေးပို့ထား သော အကြောင်းကြားစာကို ပယ်ဖျက်ပေးရန် လျှောက်ထားမှုမရှိခြင်း။

(ဂ) လျှောက်ထားချိန်၌ မြီစားသည် အောက်ဖော်ပြပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် လူမွဲအဖြစ်ခံယူစေသည့်အမိန့် ချမှတ်ပေးရန် လျှောက်လွှာကို မြီရှင်က တရားရုံးသို့ တင်သွင်းနိုင်သည်-

(၁) အပိုင်း (၆) ပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အရ ဆောင်ရွက်ရန်တာဝန်များ၊

(၂) အပိုင်း (၈)၊ အခန်း (၁) ပါ မိမိဆန္ဒအလျောက်အစီအစဉ်အရ ဆောင်ရွက်ရန်တာဝန်များ။

ကြွေးမြီပေးဆပ်နိုင်သည့် အရည်အချင်းမရှိခြင်း၏အဓိပ္ပာယ်

၂၄၉။ (က) ပုဒ်မ ၂၄၈ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၄) ပါ ပြဋ္ဌာန်းချက်များအလို့ငှာ ချက်ချင်းပေးချေရမည့် ကြွေးမြီသည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် အကျုံးဝင်လျှင် မြီစားသည် ထိုကြွေးမြီကို ပြန်လည် ပေးနိုင်သည့်အရည်အချင်းမရှိဟု မှတ်ယူရမည်-

(၁) ပုဒ်မ ၂၅၀ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ အကြောင်းကြားစာ ပေးပို့သည့်နေ့မှ အနည်းဆုံး ၂၁ ရက် ကုန်လွန်ပြီးသော်လည်း ထိုအကြောင်းကြားစာကို ထိုမြီစားမှလိုက်နာဆောင်ရွက်ခြင်း မရှိသည့် အပြင် ယင်းအကြောင်းကြားစာကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ခြင်းလည်း မရှိခြင်း၊

(၂) ကြွေးမြီနှင့်စပ်လျဉ်း၍ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လျှောက်ထားသူမြီရှင်များကို အသာ ပေးခဲ့သည့် တရားရုံး၏ အမိန့် သို့မဟုတ် စီရင်ချက်အရ ဥပဒေနှင့်အညီ အတည်ပြုရာတွင် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို အတည်ပြုဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြန်လည်တင်ပြလာခြင်း။

(ခ) ကြွေးမြီ ရရန်ရှိသော လျှောက်ထားသူမြီရှင်က မြီစားအပေါ် ပုဒ်မ ၂၅၀ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အကြောင်းကြားစာကို ပေးပို့သည့်နေ့မှ အနည်းဆုံး ၂၁ ရက် ကုန်လွန်ပြီးဖြစ်သော်လည်း ထိုအကြောင်းကြားစာကို မြီစားက လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အပြင် ယင်းအကြောင်းကြားစာ သည် ပယ်ဖျက်ခဲ့ခြင်းမရှိလျှင် ပုဒ်မ ၂၄၈ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၄) ပါ ပြဋ္ဌာန်းချက်အလို့ငှာ ပြန်လည်ပေးဆပ်ရန် ကျိုးကြောင်းဆီလျော်သော အလားအလာမရှိသည့် ကြွေးမြီဖြစ်သည်ဟု မှတ်ယူရ မည်။

လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်ထားမည်ဖြစ်ကြောင်း အကြောင်းကြားစာ

၂၅၀။ (က) အကြောင်းကြားစာတွင် မြီရှင်က အောက်ပါအကြောင်းအရာတစ်ရပ်ရပ်ကို နည်းဥပဒေများ တွင် သတ်မှတ်ထားသောပုံစံဖြင့် ရေးသားပေးပို့နိုင်သည်-

(၁) အကြောင်းကြားစာ ပေးပို့သည့်နေ့မှစ၍ ၂၁ ရက်အတွင်း မြီရှင် ကျေနပ်စေရန်အတွက် ကြွေးမြီကို ပေးဆပ်ရန် သို့မဟုတ် အာမခံချက်ပေးရန် သို့မဟုတ် ညှိနှိုင်းရန်ဖြစ်ခြင်း၊

(၂) ပေးဆပ်ရန် အချိန်စေ့ရောက်သည့်အခါ ကြွေးမြီကိုပေးဆပ်ရန် ကျိုးကြောင်းဆီလျော်သည့် အလားအလာရှိကြောင်းကို မြီရှင်အားကျေနပ်အောင် ဆောင်ရွက်ပေးရန်ဖြစ်ခြင်း။

(ခ) အကြောင်းကြားစာကို နည်းဥပဒေများတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ မြီစားအပေါ် ချအပ် ရမည်။

(ဂ) အကြောင်းကြားစာတွင် ဖော်ပြထားသော ကြွေးမြီပမာဏသည် အမှန်တကယ် အချိန်စေ့ရောက် သော ကြွေးမြီပမာဏထက် ကျော်လွန်နေသော်လည်း ထိုသို့ အလွဲတင်ပြသည်ဆိုသောအချက်ကြောင့် အကြောင်းကြားစာ တရားမဝင်ကြောင်း ငြင်းဆိုသည့် ပြန်ကြားစာကို မြီစားက ထိုမြီရှင်ထံသို့ ငွေပေးချေ ရန် သတ်မှတ်ထားသော အချိန်အတွင်း ပြန်လည်ပေးပို့ခြင်းမပြုပါက လူမွဲခံယူခြင်းဆိုင်ရာ အကြောင်း ကြားစာသည်အတည်ဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) လူမွဲခံယူခြင်းဆိုင်ရာ အကြောင်းကြားစာတွင် ဖော်ပြတောင်းဆိုထားသော ကြွေးမြီပမာဏသည် အမှန်တကယ်ကျသင့်သော ပမာဏထက်ကျော်လွန်နေသည့်အပြင် ထိုမြီစားက ထိုမြီရှင်ထံသို့ ပုဒ်မခွဲ (ဂ) နှင့်အညီ အကြောင်းကြားစာပေးပို့ခဲ့ခြင်းမရှိသည့် အနေအထားတွင် ထိုကြွေးမြီကို ပေးဆပ်ရန် အတွက် ခွင့်ပြုထားသော သတ်မှတ်ကာလအတွင်း ပေးဆပ်ရမည့် ကြွေးမြီပမာဏ အမှန်အား အကြောင်းကြားစာတွင် ဖော်ပြခဲ့ပါက မြီစားအနေဖြင့် အကြောင်းကြားစာကို လိုက်နာဆောင်ရွက်ခဲ့သည် ဟု ယူဆနိုင်သော ဆောင်ရွက်ချက်များကို ငွေပေးချေရန် သတ်မှတ်ကာလအတွင်း ပြုလုပ်ခဲ့လျှင် မြီစား သည် ယင်းအကြောင်းကြားစာအား လိုက်နာဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။

(င) သတ်မှတ်ချက်များနှင့်အညီပေးပို့သော အကြောင်းကြားစာကို သတ်မှတ်ကာလကုန်ဆုံးခြင်းမရှိမီ ပယ်ဖျက်ပေးရန် လျှောက်ထားလာသည့်အခါ တရားရုံးသည် ထိုအကြောင်းကြားစာကို လိုက်နာ ဆောင်ရွက်ရန်အတွက် အချိန်ကို တိုးချဲ့သတ်မှတ်ပေးနိုင်သည်။

(စ) သတ်မှတ်ချက်များနှင့်အညီပေးပို့သော အကြောင်းကြားစာကို သတ်မှတ်ကာလမကုန်ဆုံးမီ ပြန်လှန် တောင်းဆိုမှု သို့မဟုတ် ခုနှိမ်မှု သို့မဟုတ် အပြန်အလှန်စွဲဆိုမှုရှိကြောင်း အကြောင်းပြချက်ဖြင့် ထိုအကြောင်းကြားစာကို ပယ်ဖျက်ပေးရန် မြီစားက တရားရုံးသို့ လျှောက်ထားခဲ့ပြီး ထိုသတ်မှတ်ကာလ မကုန်ဆုံးမီအတွင်း ယင်းပြန်လှန်တောင်းဆိုမှု သို့မဟုတ် ခုနှိမ်မှု သို့မဟုတ် အပြန်အလှန်စွဲဆိုမှုတစ်ရပ် နှင့်စပ်လျဉ်း၍ တရားရုံးက ဆုံးဖြတ်ခြင်းမပြုသေးသည့်အခါ သတ်မှတ်ထားသောကာလ အပါအဝင် တရားရုံးမှ ဆုံးဖြတ်ချက်ချမှတ်ပေးသည့် နေ့ရက်အထိ တိုးချဲ့သတ်မှတ်ပေးသည်ဟု မှတ်ယူရမည်။

အာမခံအကျိုးခံစားခွင့်ရှိသော ကြွေးမြီ

၂၅၁။ (က) အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် မြီရှင်၏ လျှောက်လွှာပါကြွေးမြီ သို့မဟုတ် ကြွေးမြီ များအနက် တစ်ရပ်ရပ်သည် အာမခံအကျိုးခံစားခွင့်ရှိသော ကြွေးမြီဖြစ်သည်ဟု မမှတ်ယူရ-

(၁) လူမွဲအဖြစ်ခံယူစေသည့်အမိန့်ချမှတ်သည့်ကိစ္စ၌ အာမခံအကျိုးခံစားခွင့်ရ မြီရှင်က ၎င်း၏ အာမခံ အကျိုးခံစားခွင့်ကို အခြားမြီရှင်များ အားလုံး၏ အကျိုးအတွက်စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြချက် ပါဝင်သည့် လျှောက်လွှာဖြစ်ခြင်း၊

(၂) ကြွေးမြီတစ်ရပ်၏ အာမခံအကျိုးခံစားခွင့်ရှိသော အစိတ်အပိုင်းနှင့်စပ်လျဉ်း၍ တောင်းခံခြင်း မဟုတ်ကြောင်း ဖော်ပြထားသည့်အပြင် ထိုကြွေးမြီ၏အာမခံအကျိုးခံစားခွင့်ရှိသော အစိတ်အပိုင်း အတွက် ပေးထားသောအာမခံနှင့် စပ်လျဉ်း၍ လျှောက်လွှာတင်သွင်းသည့်နေ့ရက်၌ရှိသော ခန့်မှန်းခြေ တန်ဖိုးနှင့်စပ်လျဉ်း၍ ထိုသူကပြုလုပ်သော ဖော်ပြချက်ပါရှိသည့် လျှောက်လွှာဖြစ်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) တွင် အကျုံးဝင်သောကိစ္စ၌ ကြွေးမြီတစ်ရပ်၏ အာမခံအကျိုးခံစားခွင့် ရှိသော ကြွေးမြီအစိတ်အပိုင်းနှင့် အာမခံအကျိုးခံစားခွင့်မရှိသော ကြွေးမြီအစိတ်အပိုင်းများသည် ဤဥပဒေပုဒ်မ ၂၄၈ မှ ၂၅၀ ပါပြဋ္ဌာန်းချက်များအလို့ငှာ သီးခြားကြွေးမြီများအဖြစ် မှတ်ယူရမည်။

ဆောလျင်စွာ လျှောက်ထားခြင်း

၂၅၂။ အကြောင်းကြားစာ ပေးပို့တောင်းခံခဲ့သော ကြွေးမြီနှင့်စပ်လျဉ်း၍ ယင်းကြွေးမြီအားလုံးကို သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုတောင်းဆိုရန် မြီရှင်တစ်ဦးက လူမွဲအဖြစ်ခံယူစေသည့်အမိန့်ချမှတ် ပေးရန် လျှောက်လွှာတင်သွင်းသည့်ကိစ္စတွင် မြီစားပိုင်ပစ္စည်း သို့မဟုတ် ၎င်းပိုင်ပစ္စည်းများအနက်မှ ပစ္စည်းတစ်ရပ်၏တန်ဖိုးသည် သတ်မှတ်ကာလအတွင်း၌ သိသာစွာ လျော့နည်းသွားရန် အမှန်တကယ် အလားအလာရှိကြောင်း လျှောက်လွှာတွင် ဖော်ပြပါရှိလျှင် သတ်မှတ်ကာလ ၂၁ ရက် မကုန်ဆုံးမီအတွင်း ထိုလျှောက်ထားချက်ကိုတင်သွင်းနိုင်သည်။

မြီရှင်၏ လျှောက်လွှာနှင့်စပ်လျဉ်း၍ ဆောင်ရွက်သည့်မှုခင်း

၂၅၃။ (က) ဤပုဒ်မအရ တရားရုံးသို့တင်သွင်းသည့် မြီရှင်၏လျှောက်လွှာကို နည်းဥပဒေများတွင် သတ်မှတ်ထားသော ပုံစံအတိုင်းတင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်ရုံးခွန်ကိုလည်း ထမ်းဆောင် ရမည်။

(ခ) လျှောက်လွှာတွင် ပုဒ်မ ၂၄၈ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်များအလို့ငှာ သတ်မှတ် ထားသော ပမာဏထက်ကျော်လွန်နေသော ကြွေးမြီကိုမြီစားက ပေးဆပ်ရန်ရှိကြောင်း ဖော်ပြချက်ကို လျှောက်ထားသည့် မြီရှင် သို့မဟုတ် ကိုယ်စားလှယ်၏ ကျမ်းကျိန်ချက်ဖြင့် တင်ပြရမည်။

(ဂ) အကြောင်းကြားစာကို မြီစားက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် လျှောက်လွှာ တင်သွင်းသည့်အခါ ထိုလျှောက်လွှာနှင့်အတူ အကြောင်းကြားစာကို နည်းလမ်းတကျချအပ်ခဲ့ကြောင်း နှင့် မြီစားကလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း သက်သေခံချက်များ ပူးတွဲပါရှိရမည်။

(ဃ) အပိုင်း (၆) လုပ်ငန်း ပြန်လည်ထူထောင်ရေးအစီအစဉ် သို့မဟုတ် မိမိဆန္ဒအလျောက် အစီအစဉ် တစ်ရပ်ရပ်အရ ဆောင်ရွက်ရမည့် မြီစား၏လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် အတွက် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာကို တင်သွင်းသည့် အခါ လျှောက်လွှာနှင့်အတူ မြီစားမှ မည်သို့မည်ပုံပျက်ကွက်ခဲ့ကြောင်း အသေးစိတ်ဖော်ပြချက်အား ထည့်သွင်း ဖော်ပြရမည်။

(င) တရားရုံးမှ ထိုလျှောက်လွှာအပေါ် ကြားနာရန်အတွက် ရုံးချိန်းပေးသည့်နေ့ရက်မတိုင်မီအနည်းဆုံး အလုပ်လုပ်ကိုင်ရက် ၅ ရက် ကြိုတင်၍ နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တရားရုံးသို့ ဤပုဒ်မအရ လျှောက်ထားခဲ့သည့် လျှောက်လွှာအား မှန်ကန်ကြောင်း ကျမ်းကျိန်လွှာ မိတ္တူ၊ ပုဒ်မ ၂၅၀ အရ အကြောင်းကြားစာတို့နှင့်အတူ မြီစားထံသို့ ပေးပို့ရမည်။

(စ) တင်သွင်းသည့်လျှောက်လွှာပါ ကြွေးမြီသည် အောက်ပါကြွေးမြီတစ်ရပ်ရပ်ဖြစ်ကြောင်း ယုံကြည် ရန်အကြောင်းရှိမှသာလျှင် တရားရုံးသည် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ရမည်-

(၁) ထိုကြွေးမြီသည် လျှောက်လွှာတင်သွင်းသောနေ့တွင် ပေးဆပ်ရန်ရှိသည့် ကြွေးမြီကို ပေးဆပ်ခြင်း သို့မဟုတ် အာမခံတင်သွင်းခြင်း သို့မဟုတ် ညှိနှိုင်းခြင်းမပြုသည့်ကြွေးမြီ ဖြစ်ခြင်း၊

(၂) ပြန်လည်ပေးဆပ်ရန် အချိန်ကျရောက်သော်လည်း ထိုမြီစားအနေဖြင့် ယင်းကိုပြန်လည်ပေးဆပ်ရန် ကျိုးကြောင်းဆီလျော်သော အလားအလာမရှိသည့် ကြွေးမြီဖြစ်ခြင်း။

(ဆ) ပုဒ်မ ၂၄၈ အရ လျှောက်ထားသည့်ကိစ္စတွင် တရားရုံးသည် အကြောင်းကြားစာ ချအပ်သည့်နေ့မှ ၂၁ ရက်မကုန်ဆုံးမီ အချိန်ကာလအတွင်း လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းမပြုရ။

(ဇ) မြီစားအနေဖြင့် ၎င်း၏ကြွေးမြီများကို ပြန်လည်ပေးဆပ်လိမ့်မည်ဖြစ်ကြောင်း ကျေနပ်မှုရှိလျှင် သို့မဟုတ် အောက်ပါအခြေအနေများနှင့် ကိုက်ညီကြောင်း ယုံကြည်ကျေနပ်လျှင် တရားရုံးသည် လျှောက်ထားလာသည့် လူမွဲခံယူခြင်းဆိုင်ရာလျှောက်လွှာကို ပလပ်နိုင်သည်-

(၁) လျှောက်လွှာတွင်ဖော်ပြထားသည့် ကြွေးမြီအတွက် အာမခံချက်ပေးခြင်း သို့မဟုတ် ညှိနှိုင်းခြင်း ပြုရန်အတွက် မြီစားသည် ကမ်းလှမ်းချက်တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း၊

(၂) အထက်ပါကမ်းလှမ်းချက်ကို တစ်ဖက်မှသဘောတူလက်ခံခဲ့သဖြင့် လျှောက်ထားမှုကိုပယ်ဖျက်ရန် အမှန်တကယ်လိုအပ်ခြင်း၊

(၃) ထိုကမ်းလှမ်းချက်ကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ မြီရှင်က ငြင်းပယ်ခဲ့ခြင်း။

သို့ရာတွင် တရားရုံးသည် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအလို့ငှာ မြီစားမှ ၎င်း၏ကြွေးမြီကို ပြန်လည် ပေးဆပ်လိမ့်မည် ဟုတ်မဟုတ် သုံးသပ်ရာ၌ မြီစားထံတွင် တည်ရှိနေဆဲဖြစ်သော ကြွေးမြီများနှင့် ပေါ်ပေါက်လာမည့် တာဝန်ရှိမှုများကိုလည်း ထည့်သွင်းစဉ်းစားရမည်။

မြီစားသည် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဖြစ်လျှင်

၂၅၄။ (က) လျှောက်ထားခံရသူမြီစားသည် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတစ်ရပ်အား မိမိတစ်ဦးတည်းပိုင်အဖြစ်ဖြစ်စေ၊ အခြားသူများနှင့် အစုစပ်လုပ်ငန်းအဖြစ်ဖြစ်စေ လုပ်ကိုင်သော လုပ်ငန်းရှင်ဖြစ်ကြောင်းပေါ်ပေါက်လျှင် တရားရုံးသည် ယင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အပိုင်း (၆) လုပ်ငန်း စဉ်တစ်ရပ် စတင်ရန်အတွက် အမိန့်ချမှတ်နိုင်သည်။

(ခ) ဤပုဒ်မအရ လျှောက်ထားမှုတစ်ရပ်ကို မြီစားကိုယ်တိုင်ဖြစ်စေ၊ မိုက်ခရို၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများမှဖြစ်စေ၊ မြီရှင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူများကဖြစ်စေ တရားရုံးသို့လျှောက်ထားနိုင်သည့်အပြင် တရားရုံးအနေဖြင့်လည်း သင့်သည်ထင်မြင်သည့်အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်။

(ဂ) တရားရုံးသည် ပုဒ်မခွဲ (က) အရ အောက်ပါအမိန့်တစ်ရပ်ရပ် ချမှတ်ရမည်-

(၁) အပိုင်း (၆) လုပ်ငန်းစဉ်အရ ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်နေစဉ်ကာလ အတွင်းဖြစ် လျှင် ထိုမြီရှင်၏ လျှောက်ထားချက်ကို ရွှေ့ဆိုင်းသည့်အမိန့်၊

(၂) မြီရှင်၏ လျှောက်ထားချက်ကို ပလပ်သည့်အမိန့်။

မြီရှင်၏လျှောက်ထားချက်အရ ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းကို ခန့်အပ်ခြင်း

၂၅၅။ (က) မြီရှင်၏လျှောက်ထားမှုကြောင့် လူမွဲအဖြစ်ခံယူစေရန် အမိန့်ကိုချမှတ်ရာတွင် လူမွဲပိုင်ပစ္စည်း များနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် တရားရုံးသည် တရားဝင်ပစ္စည်းထိန်းကိုဖြစ်စေ၊ ဤဥပဒေအပိုင်း (၃) အရ သတ်မှတ်ထားသော အရည်အချင်းရှိသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင် သူကိုဖြစ်စေ ခန့်အပ်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ခန့်အပ်ခြင်းခံရသူသည် (တရားဝင်ပစ္စည်းထိန်းမှလွဲ၍) ထိုသို့ခန့်ထားခြင်းကို လက်ခံကြောင်း စာဖြင့်ရေးသား သဘောတူရမည်ဖြစ်ပြီး ယင်းသို့သဘောတူကြောင်းကို တရားရုံးသို့ တင်ပြရမည်။ ထိုသို့ခန့်ထားခြင်းကို သဘောတူကြောင်း စာဖြင့်ရေးသား တင်ပြခြင်းမရှိလျှင် တရားရုံး သည် တရားဝင်ပစ္စည်းထိန်းအား ပုဒ်မ ၂၅၆ တွင်ပြဋ္ဌာန်းထားသည့်အတိုင်း မြီရှင်များအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ရန်အတွက် ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်ရမည်။

(ဂ) ထိုအမိန့်ကိုချမှတ်ခြင်းမပြုမီ အပိုင်း (၆) လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသော လုပ်ငန်းတစ်ရပ်၏ လုပ်ငန်းရှင်တစ်ဦးနှင့်ပတ်သက်၍ လူမွဲအဖြစ်ခံယူစေရန် အမိန့်ကိုချမှတ်ရာတွင် တရားရုံးသည် ပြန်လည်ထူထောင်ရေးအကြံပေးကို လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ပြောင်းလဲခန့်အပ်နိုင်သည်။ သို့ရာတွင် ထိုသူ၏သဘောတူညီချက်ရယူခြင်းမပြုဘဲ ခန့်အပ်ခြင်းမပြုရ။

တရားဝင်ပစ္စည်းထိန်းအဖြစ် ခန့်အပ်ခြင်း

၂၅၆။ (က) တရားရုံးမှ တရားဝင်ပစ္စည်းထိန်းအား ပုဒ်မ ၂၅၅ အရ ယာယီပစ္စည်းထိန်းအဖြစ်ခန့်အပ်ခဲ့ လျှင်၎င်းသည် အောက်ပါကိစ္စတစ်ရပ်ရပ်အလို့ငှာ မြီရှင်များ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပ ရမည်-

(၁) တရားဝင်ပစ္စည်းထိန်း၏နေရာတွင် လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်း ခံရသူ အဖြစ် ဆောင်ရွက်ရန် အပိုင်း (၃) ပါ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ်အရည်အချင်းရှိသော လူတစ်ဦးကို ရွေးချယ်ခြင်း၊

(၂) ထိုတရားဝင်ပစ္စည်းထိန်းအား ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်အပ်ခြင်း။

(ခ) လူမွဲအဖြစ်ခံယူစေသည့်အမိန့် ချမှတ်သည့်နေ့မှ ၂၁ ရက်ထက် နောက်မကျစေဘဲ ပုဒ်မခွဲ (က) အရ မြီရှင်များ အစည်းအဝေးကို ကျင်းပရန် ဆင့်ခေါ်ရမည်။

(ဂ) ပုဒ်မခွဲ (က) အရ မြီရှင်များအစည်းအဝေးကျင်းပရန် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁) ထိုအစည်းအဝေးကျင်းပမည့်နေ့ရက်မတိုင်မီ အလုပ်လုပ်ကိုင်ရက် ၅ ရက်ထက်နောက်မကျစေဘဲ မြီရှင်များထံသို့ စာဖြင့်ရေးသား၍ နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အကြောင်းကြားခြင်း၊

(၂)နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ကြေညာခြင်း၊

(၃) နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အစည်းအဝေးကိုကျင်းပခြင်း။

(ဃ) ပုဒ်မခွဲ (က) အရ မြီရှင်များအစည်းအဝေးကို ကျင်းပခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို လူမွဲပိုင် ပစ္စည်းများနှင့်စပ်လျဉ်း၍ တရားဝင်ပစ္စည်းထိန်းသည် ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ဆက်လက်ဆောင် ရွက်နိုင်သည်။

(င) ဤပုဒ်မအရခန့်အပ်ခြင်းခံရသော တရားဝင်ပစ္စည်းထိန်းသည် လူမွဲပိုင်ပစ္စည်းများ၏ ယုံမှတ်အပ်နှံ ခြင်းခံရသူအဖြစ် ဆက်လက်ဆောင်ရွက်သည့်အခါ-

(၁) ပုဒ်မခွဲ (က) မှ (ဃ) အထိပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ခြင်းမရှိစေရ၊

(၂) တရားရုံးမှခန့်အပ်သည့် ယုံမှတ်အပ်နှံခြင်းခံရသူတစ်ဦးကဲ့သို့ ၎င်းသည် ပုဒ်မ ၂၆၄ ပါ ပြဋ္ဌာန်းချက် များကို လိုက်နာဆောင်ရွက်ရမည်။

(စ) တရားဝင်ပစ္စည်းထိန်းသည် ဤပုဒ်မအရခန့်အပ်ခြင်းခံရသော လူမွဲပိုင်ပစ္စည်းများ၏ ယုံမှတ်အပ်နှံခြင်း ခံရသူအဖြစ် ဆောင်ရွက်သည့်အခါ ၎င်းအား ဤအပိုင်းအရခန့်ထားသည့် ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် မှတ်ယူရမည်။

မြီစားက လျှောက်ထားခြင်း
မြီစား၏ လျှောက်လွှာ

၂၅၇။ (က) မြီစားသည် ကြွေးမြီကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက ဤဥပဒေပုဒ်မ ၂၄၅ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် တရားရုံးသို့ လျှောက်လွှာကို တင်သွင်း နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ တင်သွင်းသည့်လျှောက်လွှာကို သတ်မှတ်ထားသည့်ပုံစံအတိုင်း လျှောက်လွှာ တင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသော ရုံးခွန်တော်ကိုလည်း ထမ်းဆောင်ရမည်။

(ဂ) ပုဒ်မခွဲ (က) အရ တင်သွင်းသည့်လျှောက်လွှာနှင့်အတူ သတ်မှတ်ထားသည့်အတိုင်းမြီစားသည် မိမိ၏ငွေရေးကြေးရေးအခြေအနေနှင့် မြီရှင်များ၏ အချက်အလက်များအပါအဝင် လုပ်ငန်း အခြေအနေ များကို ဖော်ပြသည့် လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်းသည့် ထုတ်ဖော်ကြေညာချက်တစ်ရပ်ကို ပူးတွဲတင်ပြ ရမည်။

(ဃ) မြီစား၏လျှောက်လွှာပါ အချက်အလက်များနှင့် ပူးတွဲတင်ပြထားသော ထုတ်ဖော်ကြေညာချက် တွင်ပါရှိသော အချက်အလက်များသည် မှန်ကန်ကြောင်း ကျမ်းကျိန်လွှာဖြင့် ပူးတွဲတင်ပြရမည်။

မြီစားက လျှောက်ထားနိုင်သည့်အကြောင်းအချက်များ

၂၅၈။ ကြွေးမြီများကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိကြောင်း အကြောင်းပြချက်ဖြင့်သာ မြီစားသည် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။

လျှောက်လွှာပေါ် အရေးယူဆောင်ရွက်ခြင်း

၂၅၉။ လျှောက်လွှာအပေါ် ကြားနာပြီးနောက် အောက်ပါအခြေအနေတစ်ရပ်ရပ်ရှိကြောင်း ပေါ်ပေါက် လျှင် တရားရုံးသည် မြီစားအား လူမွဲအဖြစ်ခံယူစေရန်အမိန့်ချမှတ်ခြင်း မပြုရ-

(က) မြီစားမှပေးရန်ရှိသော ကြွေးမြီသည် အာမခံအကျိုးခံစားခွင့်မရှိသော ကြွေးမြီဖြစ်သည့်အပြင် ထိုကြွေးမြီစုစုပေါင်းသည် ပုဒ်မ ၂၄၈ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) အလို့ငှာ သတ်မှတ်ထားသော ပမာဏ ထက်လျော့နည်းနေခြင်း၊

(ခ) လူမွဲပိုင်ပစ္စည်းများ၏ တန်ဖိုးသည် နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားသည့် ပမာဏနှင့်ညီမျှ သော သို့မဟုတ် ပိုမိုသော ပမာဏရှိခြင်း၊

(ဂ) ဤလျှောက်လွှာကိုတင်သွင်းသည့်နေ့မှစ၍ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြီစားသည် လူမွဲအဖြစ်ခံယူစေရန် အမိန့်ချမှတ်ခံရဖူးခြင််းမရှိသည့်အပြင် ကြွေးမြီများပေးဆပ်ရန် ၎င်း၏မြီရှင်များနှင့် ညှိနှိုင်းသဘောတူညီချက် ရယူဆောင်ရွက်ခဲ့မှုမရှိခဲ့ဖူးခြင်း၊

(ဃ) မြီစားသည် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတစ်ခု၏ ပိုင်ရှင်တစ်ဦးဖြစ်ပြီး ဤဥပဒေ ၏ အပိုင်း (၆) အရ လုပ်ငန်းစဉ်မှာ ပြီးပြတ်မှုမရှိသေးခြင်း။

ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းခန့်အပ်ခြင်း

၂၆၀။ (က) တရားရုံးသည် မြီစားတစ်ဦး၏လျှောက်ထားချက်အရ လူမွဲအဖြစ်ခံယူစေရန် အမိန့်ချမှတ် ရာတွင် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် အပိုင်း (၃) အရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် အရည်အချင်းရှိသူတစ်ဦးအား ထိုလူမွဲပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်း ခံရသူအဖြစ် ခန့်ထားရမည်။

(ခ) ပုဒ်မခွဲ (က) အရ ခန့်အပ်ခြင်းခံရသူသည် (တရားဝင်ပစ္စည်းထိန်းမှလွဲ၍) ထိုသို့ခန့်ထားခြင်းကို လက်ခံကြောင်းစာဖြင့်ရေးသား သဘောတူရမည်ဖြစ်ပြီး ယင်းသို့သဘောတူကြောင်းကို တရားရုံးသို့ တင်ပြရမည်။ ထိုသို့ခန့်ထားခြင်းကို သဘောတူကြောင်း စာဖြင့်ရေးသားတင်ပြခြင်းမရှိလျှင် တရားရုံး သည် တရားဝင်ပစ္စည်းထိန်းအား အောက်ပါပုဒ်မခွဲများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း မြီရှင်များ အစည်းအဝေး ကိုခေါ်ယူကျင်းပနိုင်ရန်အတွက် ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်ရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ခန့်ထားခြင်းမပြုမီ အပိုင်း (၆) လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသော လုပ်ငန်း၏ လုပ်ငန်းရှင်တစ်ဦးနှင့်ပတ်သက်၍ လူမွဲအဖြစ်ခံယူစေရန် အမိန့်ကိုချမှတ်ရာတွင် တရားရုံးသည် ပြန်လည်ထူထောင်ရေးအကြံပေးကို လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်း ခံရသူအဖြစ် ပြောင်းလဲခန့်အပ်နိုင်သည်။

(ဃ) ဤပုဒ်မအရ တရားဝင်ပစ္စည်းထိန်းကို ခန့်အပ်သည့်အခါ ပုဒ်မ ၂၅၆ သည် သက်ဆိုင်စေရမည်။

မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ မဟုတ်သော မြီစားများ
မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းမဟုတ်သော မြီစားများနှင့်ပတ်သက်၍ လျှောက်ထားမှုများ

၂၆၁။ (က) မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတစ်ရပ်မဟုတ်သူ မြီစားတစ်ဦးနှင့် ပတ်သက်၍ တရားရုံးသို့ လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းလျှင် တရားရုံးသည် အောက်ပါအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(၁) မြီစားအနေဖြင့် ငွေကြေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုခံယူစေသည့်အမိန့်၊

(၂) အပိုင်း (၃) အရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးအဖြစ် ဆောင်ရွက်ရန်အရည်အချင်းရှိသူ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းအား ဤအပိုင်း၏အခန်း (၁) အရ အဆိုပြုခံရသူအဖြစ် ခန့်အပ်ရန်နှင့် ဤအပိုင်းအရ သင့်တော်သည်ဟု ထင်မြင်ယူဆသော အခြားအမိန့်၊

(၃) ပုဒ်မ ၂၆၂ အရ မြီစားအား မြီရှင်များနှင့် စေ့စပ်ဖြန်ဖြေစေသည့်အမိန့်။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ချမှတ်သည့်အခါ သင့်သည်ဟု ထင်မြင်လျှင် ထိုလျှောက်ထားချက်ကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် မြီရှင်၏ လျှောက်ထားချက်ကို ပလပ်ခြင်းပြုနိုင်သည်။

စေ့စပ်ဖျန်ဖြေသူအား ခန့်အပ်ခြင်း

၂၆၂။ မြီစားသည် ကြွေးမြီကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြောင်း သို့မဟုတ် ပြန်လည်ပေးဆပ်နိုင် တန်ရာအကြောင်းမရှိကြောင်း မိမိကိုယ်မိမိ ထင်မြင်ယူဆသည့်အခါ စေ့စပ်ဖျန်ဖြေသူအား ခန့်အပ်၍ အောက်ပါကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်စေနိုင်သည်-

(က) မြီစားက ပေးဆပ်ရန် ပေါ်ပေါက်နေသော ကြွေးမြီ သို့မဟုတ် ကြွေးမြီများနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်ရပ်ရပ်ကို စေ့စပ်ဖျန်ဖြေခြင်း၊

(ခ) ဤအပိုင်း၏ အခန်း (၁) ပါ ပြဋ္ဌာန်းချက်များအရ မိမိဆန္ဒအလျောက်အစီအစဉ် ပြုလုပ်ရန်အတွက် မြီရှင်များနှင့် ညှိနှိုင်းဆွေးနွေးမှုကို အထောက်အကူပေးခြင်း။

ဆိုင်းငံ့မိန့် (Moratorium Order)

၂၆၃။ (က) ပုဒ်မ ၂၆၂ အရ စေ့စပ်ဖျန်ဖြေသူအား ခန့်အပ်ခဲ့သည့် မြီစား၏လျှောက်ထားချက်အရ တရားရုံးသည် အောက်ပါအရေးယူဆောင်ရွက်ချက်များကို ရပ်ဆိုင်းထားစေရန် ဆိုင်းငံ့မိန့်တစ်ရပ် ချမှတ် နိုင်သည်-

(၁) တစ်စုံတစ်ဦးက မြီးစားထံတွင် တင်ရှိနိုင်သော သို့မဟုတ် အခိုင်အမာ တောင်းဆိုထားသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုနှင့်စပ်လျဉ်း၍ ထိုသူက မြီစားအပေါ်အမှုတစ်ရပ်ရပ် စတင်တရားစွဲဆိုခြင်း သို့မဟုတ် စွဲဆိုထားသောအမှုကို ဆက်လက်ဆောင်ရွက်ခြင်းမှ တားမြစ်ခြင်း၊

(၂) မြီစားအပေါ်တွင် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းမှတားမြစ်ခြင်း၊

(၃) မြီစားပိုင်ပစ္စည်းတွင် ရရှိထားသော အာမခံအကျိုးခံစားခွင့်တစ်ရပ်ရပ်ကို အတည်ပြုဆောင်ရွက် ရန်အတွက် တစ်စုံတစ်ဦးက အရေးယူဆောင်ရွက်ခြင်းအားတားမြစ်ခြင်း။

(ခ) ပုဒ်မခွဲ (က) အရ ချမှတ်သော ဆိုင်းငံ့မိန့်တစ်ရပ်တွင် ယင်းအမိန့် အကျိုးသက်ရောက်စေရမည့် အချိန်ကာလတစ်ရပ်ကို သတ်မှတ်ဖော်ပြရမည်။ သို့ရာတွင် ထိုသတ်မှတ်ကာလသည် ထိုအမိန့်ကို ချမှတ်သည့်နေ့မှစ၍ ၂၈ ရက်ထက်ကျော်လွန်ခြင်း မရှိစေရ။

(ဂ) ဤပုဒ်မအရချမှတ်သော ဆိုင်းငံ့ကာလကို တရားရုံးသည် ထိုမြီစား၏ လျှောက်ထားချက်အရ နောက်ထပ် ၂၈ ရက်အထိ တိုးချဲ့သတ်မှတ်ပေးနိုင်သည်။ သို့ရာတွင် ထိုမြီစားက ထိုသို့ လျှောက်ထား မည်ဖြစ်ကြောင်း မြီရှင်တစ်ဦးချင်းစီထံသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်းနှင့် အောက်ပါ အခြေ အနေတစ်ရပ်ရပ်ရှိနေကြောင်း တရားရုံးသည် ယုံကြည်ကျေနပ်မှသာ ထိုသို့ အချိန်တိုးချဲ့သတ်မှတ် သည့်အမိန့်ကို ချမှတ်ပေးရမည်-

(၁) ထိုသို့သက်တမ်းတိုးခြင်းကို မည်သည့်မြီရှင်ကမျှ ကန့်ကွက်မှုမရှိခြင်း၊

(၂) ဆိုင်းငံ့မိန့်၏ သက်တမ်းတိုးပေးရန် လျှောက်ထားချက်အပေါ် တင်သွင်းခဲ့သော ကန့်ကွက်ချက် (ရှိလျှင်) ကို ငြင်းပယ်သင့်ကြောင်း တရားရုံးက ထင်မြင်ယူဆခြင်း။

(ဃ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ လျှောက်ထားချက်တစ်ရပ်ကို လက်ခံရရှိသည့် တရားရုံး သည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်-

(၁) စေ့စပ်ဖျန်ဖြေရာ၌ ပါဝင်ခြင်းမရှိသည့် မြီရှင်များအပါအဝင် မြီရှင်အားလုံးအပေါ် ထိုအမိန့်၏ အကျိုးသက်ရောက်မှု၊

(၂) ပုဒ်မ ၂၆၂ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စေ့စပ်ဖျန်ဖြေခြင်း အောင်မြင် စွာဆောင်ရွက်နိုင်မှု အလားအလာများ၊

(၃) စေ့စပ်ဖျန်ဖြေခြင်း အောင်မြင်စွာဆောင်ရွက်နိုင်မှု အလားအလာများနှင့်စပ်လျဉ်း၍ စေ့စပ်ဖျန် ဖြေသူက တင်ပြသည့် ထင်မြင်ယူဆချက်။

(င) ဤပုဒ်မအရ ဆိုင်းငံ့မိန့်ချမှတ်ပြီးနောက် ထိုမြီစားသည် မြီရှင်တစ်ဦးချင်းစီထံသို့ ထိုအမိန့်၏ မိတ္တူကို ချက်ချင်းပေးပို့ရမည်။

ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်အပ်ပြီးကြောင်း အကြောင်းကြားစာ

၂၆၄။ (က) လူမွဲအဖြစ်ခံယူစေသည့် အမိန့်မိတ္တူရရှိသည်နှင့် တစ်ပြိုင်နက် လူမွဲပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ ခန့်အပ်ခြင်းခံရသော ယုံမှတ်အပ်နှံခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) ထိုသို့ခန့်အပ်ထားကြောင်းကို နေရပ်လိပ်စာသိရှိသည့် မြီရှင်များထံသို့ အကြောင်းကြားစာပေးပို့ ခြင်း၊

(၂) ထိုသို့ခန့်အပ်ထားကြောင်းကို နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ကြေညာခြင်း။

(ခ) ပုဒ်မခွဲ (က) အရ ပေးပို့သော အကြောင်းကြားစာနှင့် ကြေညာစာတွင် အောက်ပါသတင်းအချက် အလက်များပါရှိရမည်-

(၁) လူမွဲ၏အမည်နှင့် နေရပ်လိပ်စာ၊

(၂) လူမွဲအဖြစ်ခံယူစေသည့် အမိန့်နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ၊

(၃) ယုံမှတ်အပ်နှံခြင်းခံရသူနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ၊

(၄) နည်းဥပဒေများဖြင့်သတ်မှတ်ထားသော အခြားအချက်အလက်များ။

လူမွဲဖြစ်မှုစတင်ခြင်းနှင့်ရပ်စဲခြင်း
လူမွဲဖြစ်မှုစတင်ခြင်းနှင့် အကျိုးသက်ရောက်ခြင်း

၂၆၅။ သာမန်လူပုဂ္ဂိုလ်တစ်ဦးအပေါ် လူမွဲအဖြစ်ခံယူစေသည့် အမိန့်တစ်ရပ်ချမှတ်သည့်အခါ ထိုသူ နှင့်စပ်လျဉ်း၍ လူမွဲဖြစ်မှုသည်-

(က) ထိုအမိန့်ကိုချမှတ်သည့်နေ့မှ စတင်ရမည်ဖြစ်သည်၊

(ခ) ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ ထိုသူအား လူမွဲဖြစ်မှုရပ်စဲသည့် အချိန်ကာလအထိ ဆက်လက် အကျိုးသက်ရောက်စေရမည်။

လူမွဲဖြစ်မှုအချိန်ကာလ

၂၆၆။ (က) တရားရုံးက အခြားနည်းဖြင့် အမိန့်ချမှတ်ထားခြင်းမရှိလျှင် သာမန်လူပုဂ္ဂိုလ်တစ်ဦး၏ လူမွဲဖြစ်မှုသည် ၎င်းအပေါ် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်သည့်နေ့ရက်မှစတင်၍ နောက်သုံးနှစ် တာကာလ ကုန်ဆုံးသည့်နေ့ရက်တွင် ရပ်စဲစေရမည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူက ပုဒ်မ ၂၇၄ အရ ဆောင်ရွက်သည့် လူမွဲ၏ အပြုအမူနှင့် အရေးအရာ ကိစ္စရပ်များကို စုံစမ်းစစ်ဆေးခြင်းသည် မလိုအပ်ကြောင်း သို့မဟုတ် ပြီးဆုံးပြီဖြစ်ကြောင်းကို သတ်မှတ်ကာလမကုန်ဆုံးမီ တရားရုံးသို့ အကြောင်းကြားတင်ပြလာသည့်အခါ ယင်းသို့တင်ပြသည့် အချိန်မှစ၍ လူမွဲဖြစ်မှုရပ်စဲစေရမည်။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရ ပုဒ်မခွဲ (က) ၌ သတ်မှတ်ဖော်ပြထားသော အချိန်ကာလသည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ရပ်စဲစေရမည်ဟု တရားရုံးက အမိန့်ချမှတ် နိုင်သည်-

(၁) သီးခြားအချိန်ကာလတစ်ရပ်ကုန်ဆုံးသည့်အခါ၊

(၂) သီးခြားကိစ္စတစ်ရပ်ပြီးမြောက်သည့်အခါ။

(ဃ) လူမွဲသည် ဤအပိုင်းတွင် ပြဋ္ဌာန်းထားသော တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော တာဝန်များ ကို ဆောင်ရွက်ရန် ပျက်ကွက်နေကြောင်း သို့မဟုတ် ပျက်ကွက်ခဲ့ကြောင်း ကျေနပ်မှသာလျှင် တရားရုံးသည် အထက်ပါပုဒ်မခွဲ (ဂ) အရ အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။

(င) ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) တွင်ဖော်ပြပါရှိသော သီးခြားကိစ္စဆိုသော စကားရပ်တွင် တစ်စုံတစ်ရာ ကို တရားရုံးက ယုံကြည်ကျေနပ်၍ သတ်မှတ်ထားသောကိစ္စလည်းပါဝင်စေရမည်။

(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် လူမွဲအဖြစ်ခံယူစေသည့်အမိန့်ကို ပယ်ဖျက်နိုင်သည့် တရားရုံး ၏ လုပ်ပိုင်ခွင့်အာဏာတစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမရှိစေရ။

လူမွဲအဖြစ်မှ ကင်းလွတ်ခွင့်ပေးခြင်း၏ အကျိုးသက်ရောက်မှုများ

၂၆၇။ (က) လူမွဲတစ်ဦးအဖြစ်မှ ရပ်စဲသည့်အခါ လူမွဲပိုင်ပစ္စည်းအပေါ်တွင် ဆန့်ကျင်သက်သေပြနိုင် သော ကြွေးမြီ သို့မဟုတ် တောင်းဆိုချက်များ အားလုံးနှင့်စပ်လျဉ်း၍ တာဝန်သည် ရပ်စဲစေရမည်။ သို့ရာတွင် အောက်ပါကိစ္စရပ်များအပေါ် အကျိုးသက်ရောက်မှုမရှိစေရ-

(၁) လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန်ရှိသော ယုံမှတ်အပ်နှံခြင်းခံရသူ၏ လုပ်ငန်းတာဝန်များ၊

(၂) ဤအပိုင်းပါပြဋ္ဌာန်းချက်များနှင့်အညီ ယင်းလုပ်ငန်းတာဝန်များကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်ချက်များ။

(ခ) လူမွဲအဖြစ်မှရပ်စဲခြင်းသည် ယင်းလူမွဲမှုခင်းတွင် အကျုံးဝင်သည့် ကြွေးမြီတစ်ရပ်ရပ်အတွက် သက်သေပြသနိုင်သည့် မြီရှင်များ၏ အခွင့်အရေးကို ထိခိုက်ခြင်းမရှိစေရ။

(ဂ) လူမွဲအဖြစ်မှ ရပ်စဲခြင်းသည် အာမခံအကျိုးခံစားခွင့်ရ မြီရှင်က ၎င်း၏ကြွေးမြီပြန်လည်ရရှိရေး အတွက် အာမခံပစ္စည်းကို အတည်ပြုဆောင်ရွက်နိုင်သည့် အခွင့်အရေးကို ထိခိုက်ခြင်းမရှိစေရ။

(ဃ) လူမွဲအဖြစ်မှရပ်စဲခြင်းသည် ၎င်းက ပူးပေါင်းကျူးလွန်သော လိမ်လည်မှု သို့မဟုတ် မရိုးမဖြောင့် သောသဘောဖြင့် ယုံမှတ်အပ်နှံရေးဖောက်ဖျက်မှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ၎င်းကပေးရန်ရှိသော ကြွေးမြီ သို့မဟုတ် တောင်းဆိုချက်တစ်ရပ်ရပ်မှ ကင်းလွတ်ခွင့် မရှိစေရ။

(င) လူမွဲအဖြစ်မှရပ်စဲခြင်းသည် ထိုလူမွဲအပေါ် တရားရုံးအာမခံအရ တာဝန်ရှိမှု သို့မဟုတ် ပြစ်မှု ကျူးလွန်သည့်အတွက် တပ်ရိုက်သည့်ဒဏ်ကြေးငွေမှ ကင်းလွတ်ခွင့်မရရှိစေရ။

(စ) တရားရုံးက ညွှန်ကြားသတ်မှတ်နိုင်သည့် အတိုင်းအတာနှင့် စည်းကမ်းချက်များအရမှတပါး မြီစား ဖြစ်သူအား လူမွဲအဖြစ်မှ ရပ်စဲခြင်းသည် အောက်ပါကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတစ်ရပ်ရပ်အပေါ် ပေးရန်တာဝန်မှ ကင်းလွတ်ခွင့်မရှိစေရ-

(၁) တမင်ပေါ့ဆစွာပြုလုပ်မှု၊ စိတ်ငြိုငြင်စေမှု သို့မဟုတ် ဥပဒေအရဖြစ်စေ၊ ပဋိညာဉ်အရဖြစ်စေ သို့မဟုတ် အခြားတာဝန်တစ်ရပ်အရဖြစ်စေ ချိုးဖောက်မှုတစ်ခုခုကြောင့်ပေးရမည်ဖြစ်သော နစ်နာ ကြေးများ သို့မဟုတ် လူပုဂ္ဂိုလ်ဆိုင်ရာ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ နစ်နာကြေးများပေးရန် တာဝန် တွင် ပါဝင်သော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှု၊

(၂) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူမွဲဖြစ်သူက အရွယ်မရောက်သေးသူ သားသမီးများအတွက် ထောက်ပံ့ကြေးပေးရန်ချမှတ်ထားသော အမိန့်တစ်ရပ်ရပ်အရ ပေါ်ပေါက်လာသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှု။

(ဆ) လူမွဲအဖြစ်မှ ရပ်စဲခြင်းသည် ထိုလူမွဲဖြစ်သူအပေါ် နည်းဥပဒေများတွင် ပြဋ္ဌာန်းသတ်မှတ်ထား သည့်အတိုင်း ၎င်း၏လူမွဲခံယူခြင်းဆိုင်ရာမှုခင်းတွင် သက်သေပြနိုင်သော ကြွေးမြီများမဟုတ်သည့် အခြားလူမွဲခံယူခြင်းဆိုင်ရာမှုခင်းများမှ ကြွေးမြီများကို ပေးဆပ်ရန်တာဝန်မှ ကင်းလွတ်စေခြင်း မရှိ စေရ။

(ဇ) လူမွဲအဖြစ်မှ ရပ်စဲသည့်အခါ လူမွဲဖြစ်သူမှအပ လူမွဲဖြစ်မှုနှင့်ပတ်သက်နေသည့် အခြားသူ သို့မဟုတ် လူမွဲအတွက် အာမခံသူအဖြစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် အာမခံသူတစ်ဦး တစ်ယောက် ကဲ့သို့ တာဝန်ယူခဲ့သူတစ်ဦးအနေဖြင့် ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသည့် တာဝန် များမှ ကင်းလွတ်ခွင့်မရှိစေရ။

(ဈ) လူပုဂ္ဂိုလ်ဆိုင်ရာ ထိခိုက်နစ်နာမှုဆိုရာတွင် သေဆုံးစေခြင်း သို့မဟုတ် အနာရောဂါ တစ်ရပ်ရပ် ကိုစွဲကပ်စေခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ချို့ယွင်း ပျက်စီးစေခြင်းလည်းပါဝင်စေရမည်။

လူမွဲအဖြစ်ခံယူစေသည့်အမိန့်ကို ပယ်ဖျက်နိုင်သော တရားရုံး၏အာဏာ

၂၆၈။ (က) သက်သေခံချက်အသစ်တစ်ရပ်ရပ်အရ အောက်ပါအကြောင်းအချက်တစ်ရပ်ရပ် ပေါ်ပေါက် လျှင် တရားရုံးသည် လူမွဲအဖြစ်ခံယူစေသည့်အမိန့်ကို ပယ်ဖျက်နိုင်သည်-

(၁) ယင်းအမိန့်ချမှတ်ခဲ့စဉ်က ထိုအမိန့်ကို ချမှတ်ရန်မသင့်ကြောင်း ထင်ရှားစေသည့် အကြောင်း အချက်တစ်ရပ်ရပ်တည်ရှိခဲ့ခြင်း၊

(၂) ထိုလူမွဲပိုင်ပစ္စည်းများအပေါ်တွင် သက်သေပြနိုင်သော ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများ နှင့် လူမွဲခံယူခြင်းဆိုင်ရာ ကုန်ကျစရိတ်များအားလုံးကို ပေးဆပ်ပြီးဖြစ်ခြင်း သို့မဟုတ် ထိုအမိန့်ကို ချမှတ်ပြီးနောက် တရားရုံးက ကျေနပ်သည်အထိ အာမခံချက်ပေးထားခဲ့ခြင်း။

(ခ) လူမွဲအဖြစ်မှ ရပ်စဲပြီးသည်ဖြစ်စေ ရပ်စဲခြင်းမပြုမီဖြစ်စေ တရားရုံးသည် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ကို ပယ်ဖျက်နိုင်သည်။

(ဂ) လူမွဲအဖြစ်ခံယူစေသည့်အမိန့်ကို ပယ်ဖျက်သည့်အခါ-

(၁) တရားရုံး သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူက ဤအပိုင်းပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ လူမွဲပိုင် ပစ္စည်းများကို ရောင်းချမှု သို့မဟုတ် အခြားနည်းလမ်းအရ စီမံခန့်ခွဲမှု သို့မဟုတ် ပေးချေမှု သို့မဟုတ် နည်းလမ်းတကျ ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။

(၂) သို့ရာတွင် အထက်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ လူမွဲပိုင်ပစ္စည်းတစ်ရပ်ရပ်အား ယုံမှတ် အပ်နှံခြင်းခံရသူထံသို့ အပ်နှံထားရှိခဲ့လျှင် ထိုပစ္စည်းကို တရားရုံးကခန့်ထားသည့်သူထံသို့ဖြစ်စေ ထိုသို့ခန့်ထားခြင်းမရှိခဲ့လျှင် လူမွဲဖြစ်သူထံသို့ဖြစ်စေ တရားရုံးက ညွှန်ကြားသည့်အတိုင်း သင့်သည်ဟု ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ပြန်လည်အပ်နှံရမည်။

အခန်း (၃) လူမွဲပိုင်ပစ္စည်းများအား ကာကွယ်ပေးခြင်းနှင့် လူမွဲ၏လုပ်ငန်းကိစ္စများကို စုံစမ်းစစ်ဆေးခြင်း[edit]

လူမွဲပိုင်ပစ္စည်းများ

၂၆၉။ (က) ဤအပိုင်း (၈) ပါ ပြဋ္ဌာန်းချက်များအလို့ငှာ လူမွဲပိုင်ပစ္စည်းများတွင် အောက်ပါပစ္စည်းများ ပါဝင်ရမည်-

(၁) လူမွဲဖြစ်မှုစတင်ချိန်တွင် လူမွဲကပိုင်ဆိုင်သော သို့မဟုတ် ဆက်ခံပိုင်ဆိုင်သော ပစ္စည်းများအားလုံး၊

(၂) ဤမှနောက်တွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များအရ ထိုပစ္စည်းများတွင် ပါဝင်သည်ဟု သတ်မှတ်ထားသော ပစ္စည်းများအားလုံး သို့မဟုတ် ပုဒ်မခွဲငယ် (၁) အတွင်း ကျရောက်သည်ဟု မှတ်ယူထားသော ပစ္စည်းများအားလုံး။

(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော လူမွဲပိုင်ပစ္စည်းများတွင် ဤဥပဒေအရ သတ်မှတ်ထားသည့် ဖယ်ထုတ်ရမည့်ပစ္စည်းများ ပါဝင်ခြင်းမရှိစေရ။

(ဂ) ဤအပိုင်းပါပြဋ္ဌာန်းချက်များအလို့ငှာ လူမွဲပိုင်ပစ္စည်းများတွင် လူမွဲမဟုတ်သော အခြားသူတစ်ဦး တစ်ယောက်၏ အခွင့်အရေးများပါရှိလျှင် ယင်းတို့ကို ထိခိုက်စေခြင်း မရှိစေရ။ သို့ရာတွင် မြီစားအား လူမွဲခံယူစေသည့် အမိန့်ချမှတ်ပေးရန်လျှောက်လွှာနှင့်အတူ ဤဥပဒေပုဒ်မ ၂၅၁ ပုဒ်မခွဲ (က) ပုဒ်မခွဲ ငယ် (၁) အရ သတ်မှတ်ထားသော ဖော်ပြချက်ပါ အခွင့်အရေးများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

လူမွဲပိုင်ပစ္စည်းများအားစီမံခန့်ခွဲခြင်းအပေါ် ကန့်သတ်ချက်များ

၂၇၀။ (က) ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာ တင်သွင်းသည့်နေ့မှစ၍ ဤအခန်း (၄) ပါ ပြဋ္ဌာန်းချက်များအရ ယုံမှတ်အပ်နှံခြင်းခံရသူ၏ လက်ဝယ်သို့ လူမွဲပိုင်ပစ္စည်းများအား လွှဲပြောင်းအပ်နှံပြီးသည်အထိ သက်ဆိုင်စေရမည်။

(ခ) တစ်ဦးတစ်ယောက်အား လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ရာတွင် ဤပုဒ်မ၌ ဖော်ပြထား သည့်အချိန်ကာလအတွင်း လူမွဲဖြစ်သူမှ ၎င်းပိုင်ပစ္စည်းအား စီမံခန့်ခွဲခြင်းသည် တရားရုံး၏ခွင့်ပြုချက် သို့မဟုတ် တရားရုံးက အတည်ပြုပေးခဲ့သော အတိုင်းအတာအထိမှတပါး ပျက်ပြယ်စေရမည်။

(ဂ) ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်များသည် လူမွဲပိုင်ပစ္စည်းများအား စီမံခန့်ခွဲခြင်းနှင့် သက်ဆိုင်သကဲ့သို့ ငွေပေးချေမှုများနှင့်လည်း သက်ဆိုင်စေရမည့်အပြင် ငွေပေးချေမှုတစ်ရပ်သည် ယင်းပုဒ်မခွဲအရ ပျက်ပြယ်သည့်အခါ ထိုပေးချေမှုကို လက်ခံရယူထားသူသည် ယင်းသို့ပေးချေခဲ့သောငွေပမာဏကို လူမွဲပိုင်ပစ္စည်းများ၏ အစိတ်အပိုင်းအဖြစ် ထိန်းသိမ်းထားရှိရမည်။

(ဃ) အထက်ပါပြဋ္ဌာန်းချက်များသည် အောက်ပါကိစ္စများနှင့်စပ်လျဉ်း၍ တစ်စုံတစ်ယောက်ကို ဆန့်ကျင်၍ ကုစားမှုပေးသည်ဟု မှတ်ယူခြင်းမပြုရ-

(၁) လူမွဲခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းပြီးနောက် လူမွဲဖြစ်မှုစတင်ခြင်း မပြုမီ ထိုသို့လျှောက်လွှာတင်သွင်းထားခြင်းကို တစ်စုံတစ်ဦးက မသိရှိဘဲ သဘောရိုးဖြင့် တန်ရာတန် ကြေးပေးကာ ရယူခဲ့သောပစ္စည်း သို့မဟုတ် ငွေပေးချေမှုတစ်ရပ်ရပ်၊

(၂) ဤပုဒ်မခွဲအရ ကုစားခွင့်မရှိသော ပစ္စည်းနှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်တစ်ရပ်ရပ်။

(င) လူမွဲဖြစ်မှုစတင်ပြီးနောက်လူမွဲက ဘဏ် သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်ထံမှ ကြွေးမြီ ရယူခဲ့ရာတွင် ယင်းသို့ရယူမှုမှာ ဤပုဒ်မအရ ပျက်ပြယ်သော ပေးချေမှုဖြစ်သော်လည်း ထိုကြွေးမြီမှာ အောက်ပါအခြေအနေတစ်ရပ်ရပ်အရဖြစ်လျှင် ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအလို့ငှာ ထိုကြွေးမြီကို လူမွဲဖြစ်မှုစတင်ခြင်းမပြုမီတင်ရှိသော ကြွေးမြီဖြစ်သည်ဟု မှတ်ယူရမည်-

(၁) ကြွေးမြီရယူစဉ်က ထိုမြီစားမှာ လူမွဲဖြစ်ကြောင်းကို ထိုဘဏ် သို့မဟုတ် ထိုသူက မသိရှိခဲ့ခြင်း၊

(၂) ထိုပေးချေမှုကိုလက်ခံခဲ့သူထံမှ ထိုငွေပမာဏကို ပြန်လည်ရရှိရန်မှာ ကျိုးကြောင်းဆီလျော်မှု ရှိခြင်း။

(စ) ပစ္စည်းတစ်ရပ်သည် လူမွဲပိုင်ပစ္စည်းမဟုတ်လျှင် သို့မဟုတ် လူမွဲပစ္စည်းတွင် ပါဝင်ခြင်းမရှိလျှင် ထိုပစ္စည်းများကိုစီမံခန့်ခွဲခြင်းသည် ဤပုဒ်မအရ ပျက်ပြယ်စေရမည်။ သို့ရာတွင် ဤပုဒ်မပါမည်သည့် အချက်ကမျှ အခြားသူတစ်ဦးတစ်ယောက်အတွက် ယုံကြည်အပ်နှံထားသော လူမွဲ၏လက်ဝယ်ရှိပစ္စည်း အား တစ်ဦးတစ်ယောက်က စီမံခန့်ခွဲမှုကို ထိခိုက်စေခြင်း မရှိစေရ။

မှုခင်းများနှင့်ကုစားခွင့်များပေးခြင်းအပေါ်ကန့်သတ်ချက်များ

၂၇၁။ (က) လူမွဲအဖြစ်ခံယူစေသည့်အမိန့်တစ်ရပ်ချမှတ်ပြီးနောက် လူမွဲပိုင်ပစ္စည်းအပေါ် သက်သေ ထင်ရှားပြသနိုင်သောကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတစ်ရပ်နှင့်စပ်လျဉ်း၍ မည်သည့်မြီရှင်ကမျှ အောက်ပါကိစ္စများကို ဆောင်ရွက်ခြင်းမပြုရ-

(၁) ထိုကြွေးမြီ သို့မဟုတ် တောင်းဆိုမှုအတွက် လူမွဲဖြစ်သူအပေါ် သို့မဟုတ် ၎င်းပိုင်ပစ္စည်းအပေါ် ကုစားမှုတောင်းခံခြင်း သို့မဟုတ်

(၂) လူမွဲအဖြစ်မှရပ်စဲခြင်းမပြုမီ တရားရုံး၏ ခွင့်ပြုချက်အရနှင့် ယင်းကသတ်မှတ်သည့် စည်းကမ်း များနှင့်အညီမှတစ်ပါး လူမွဲအပေါ်အရေးယူဆောင်ရွက်ချက် သို့မဟုတ် ဥပဒေဆိုင်ရာမှုခင်းဆောင်ရွက် ချက်တစ်ရပ်ရပ် စတင်ဆောင်ရွက်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များသည် အာမခံအကျိုးခံစားခွင့်ရမြီရှင် တစ်ဦးက အာမခံပစ္စည်းအား အတည်ပြုဆောင်ရွက်နိုင်သည့်အခွင့်အရေးကို ထိခိုက်စေခြင်း မရှိစေရ။

(ဂ) လူမွဲအဖြစ်ခံယူစေသည့်အမိန့်ချမှတ်ပေးရန် လျှောက်လွှာတစ်ရပ်အရ မှုခင်းကို ဆက်လက် ဆောင်ရွက်နေစဉ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို သို့မဟုတ် လူမွဲအဖြစ် ခံယူစေသည့် အမိန့် ချမှတ်ပြီးနောက်ပိုင်း မည်သည့်အချိန်တွင်မဆို တရားရုံးသည် လူမွဲအပေါ်ဖြစ်စေ၊ ၎င်းပိုင်ပစ္စည်း အပေါ်ဖြစ်စေ ဆောင်ရွက်နေသည့် အရေးယူဆောင်ရွက်မှု သို့မဟုတ် ဒီကရီ အတည်ပြုမှု သို့မဟုတ် အခြားသောဥပဒေဆိုင်ရာ မှုခင်းဆောင်ရွက်မှုတစ်ရပ်ရပ်ကို ဆိုင်းငံ့ထားနိုင်သည်။

(ဃ) တစ်စုံတစ်ယောက်အပေါ်တွင် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာ တစ်ရပ် တင်သွင်းထားကြောင်း သို့မဟုတ် ထိုသူသည် လူမွဲဖြစ်မှုမရပ်စဲသေးကြောင်း သက်သေ ထင်ရှားသည့်အခါ ထိုသူအပေါ် စစ်ဆေးနေသော တရားရုံးသည် ထိုမှုခင်းကို ဆိုင်းငံ့ခြင်း သို့မဟုတ် သင့်တော်သည်ဟု ထင်မြင်ယူဆသော စည်းကမ်းချက်များ သတ်မှတ်၍ ဆက်လက်ဆောင်ရွက် စေခြင်းပြုနိုင်သည်။

(င) လူမွဲဖြစ်မှုမရပ်စဲသေးသော လူမွဲမှပိုင်ဆိုင်သည့် ကုန်စည်များကို တစ်နည်းနည်းဖြင့် ပေါင်နှံခြင်း သို့မဟုတ် အာမခံပေး၍ ပေါင်နှံခြင်းဖြင့် တစ်စုံတစ်ယောက်က လက်ဝယ်ရယူထားသည့်ကိစ္စတွင် ယုံမှတ်အပ်နှံခြင်းခံရသူသည် ယင်းပစ္စည်းကို စစ်ဆေးလိုကြောင်း လက်ဝယ်ရယူထားသူထံသို့ အကြောင်းကြားစာ ပေးပို့၍ ကြည့်ရှုစစ်ဆေးနိုင်သည်။

(စ) ပုဒ်မခွဲ (င) အရ အကြောင်းကြားစာတစ်ရပ် ပေးပို့ထားခဲ့သည့်ကိစ္စတွင် ထိုပစ္စည်းလက်ဝယ်ရှိသူ အနေဖြင့် ယုံမှတ်အပ်နှံခြင်းခံရသူအား ထိုကုန်ပစ္စည်းကို စစ်ဆေးရန်အခွင့်အရေးနှင့် လူမွဲအား ပြန်လည်ရွေးနုတ်ရန် အခွင့်အရေးကို ကျိုးကြောင်းဆီလျော်စွာ ပေးအပ်ခဲ့ခြင်းမရှိလျှင် ထိုသူသည် မိမိရရှိထားသော အာမခံပစ္စည်းအား ထုခွဲရောင်းချခြင်းကို တရားရုံး၏ ခွင့်ပြုချက်မရဘဲ ဆောင်ရွက် ခွင့်မရှိစေရ။

(ဆ) လူမွဲ၏ပစ္စည်း သို့မဟုတ် ကုန်စည်သည် လူမွဲပိုင်ပစ္စည်းတွင် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဤပုဒ်မတွင် ရည်ညွှန်းဖော်ပြထားသည့် လူမွဲ၏ပစ္စည်း သို့မဟုတ် ကုန်စည်ဆိုသည့် စကားရပ်တွင် ပါဝင်စေရမည်။

ယာယီပစ္စည်းထိန်းအား ခန့်အပ်ရန်အခွင့်အာဏာ

၂၇၂။ (က) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်ထားပြီးနောက် ထိုအမိန့်ချမှတ်ခြင်း မပြုမီ မည်သည့်အချိန်တွင်မဆို မြီစား၏ ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန်အတွက် လိုအပ် မည်ဟု ထင်မြင်ယူဆပါက တရားရုံးသည် တရားဝင်ပစ္စည်းထိန်းအား ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်နိုင်သည်။

(ခ) အပိုင်း (၆) လုပ်ငန်းစဉ်ကို ဆောင်ရွက်နေသည့် လုပ်ငန်း၏လုပ်ငန်းရှင်အပေါ် လူမွဲအဖြစ် ခံယူစေသည့်အမိန့်တစ်ရပ်ချမှတ်သည့်အခါ ယင်းအပိုင်း (၆) လုပ်ငန်းစဉ်မှ ပြန်လည်ထူထောင်ရေး အကြံပေးအား တရားရုံးက ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်နိုင်သည်။

(ဂ) ယာယီပစ္စည်းထိန်းအဖြစ်ခန့်အပ်သည့် အမိန့်ချမှတ်ရာတွင် တရားရုံးသည် ယာယီပစ္စည်းထိန်း၏ လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ချုပ်ချယ်သည့် တားမြစ်ချက်များအား ထည့်သွင်းချမှတ်နိုင်သည်။

(ဃ) တရားရုံးသည် ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်သည့်အမိန့်ချမှတ်ရာတွင် မြီစားပိုင်ပစ္စည်း သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ပိုင်းကို ယာယီပစ္စည်းထိန်းက ချက်ချင်းလက်ရောက်ရယူစေရန် ယင်း အမိန့်တွင် ထည့်သွင်းချမှတ်ရမည်။

(င) တရားရုံးသည် ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်သည့်အမိန့်တွင် ယာယီပစ္စည်းထိန်းမှ အခါ အားလျော်စွာ ရရှိခွင့်ရှိမည့် အခကြေးငွေကို သတ်မှတ်ဖော်ပြနိုင်သည်။

(စ) တရားရုံးကပုဒ်မခွဲ (ဂ) အရ အမိန့်တစ်ရပ်ချမှတ်ခြင်းမပြုလျှင် ဤပုဒ်မအရ ခန့်အပ်ထားသော ယာယီပစ္စည်းထိန်းတစ်ဦးသည် မြီစားပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ အောက်ပါအခွင့်အရေး၊ လုပ်ပိုင်ခွင့် အာဏာနှင့် တာဝန်များရရှိစေရမည်-

(၁) မြီစားပိုင်ပစ္စည်းများတွင် ပျက်စီးလွယ်သည့် ကုန်ပစ္စည်းများ သို့မဟုတ် အမှုအတွင်းတစ်နည်း နည်းဖြင့် စီမံခန့်ခွဲခြင်းမပြုပါက တန်ဖိုးယုတ်လျော့သွားနိုင်သော ကုန်ပစ္စည်းများပါရှိလျှင် ယင်းကုန် ပစ္စည်းကို ရောင်းချခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း၊

(၂) လိုအပ်သည်ဟု ထင်မြင်ပါက မြီရှင်များအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခြင်း။

(ဆ) ဤပုဒ်မအရ ခန့်ထားသော ယာယီပစ္စည်းထိန်းအား တရားရုံးမှ ညွှန်ကြားချက်မရှိဘဲ ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကုန်ကျစရိတ်ရှိသော လုပ်ငန်းများကို လုပ်ကိုင်စေရန် အခွင့်အာဏာ ပေးအပ်သည်ဟု မှတ်ယူခြင်းမရှိစေရ။

(ဇ) ဤပုဒ်မအရ ခန့်ထားသော ယာယီပစ္စည်းထိန်းတစ်ဦးက မြီစားပိုင်ပစ္စည်းများတွင် ပါဝင်ခြင်းမရှိ သော ပစ္စည်းတစ်ရပ်ရပ်အား သိမ်းဆည်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုရာတွင် ၎င်း၏ တမင်ပေါ့ဆ မှုကြောင့် ဖြစ်ပွားသည့်ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုမှတပါးအခြားသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်ထံသို့ပေးလျော်ရန် တာဝန်မရှိစေရ။ သို့ရာတွင် ယာယီပစ္စည်းထိန်းတစ်ဦးအနေဖြင့် ထိုသို့သိမ်းဆည်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလုပ်စဉ်က ထိုသို့ ပြုလုပ်ရန်မိမိတွင်လုပ်ပိုင်ခွင့်ရှိကြောင်း ဆီလျော်သော အကြောင်းအချက်ရှိသည်ဟု မိမိကိုယ်တိုင်က ထင်မြင်ယုံကြည်၍ ပြုလုပ်ခြင်းဖြစ်ရမည်။

(ဈ) ယာယီပစ္စည်းထိန်းတစ်ဦးကို ခန့်ထားပြီးနောက် မြီစားသည် ယာယီပစ္စည်းထိန်းအား ၎င်း၏ တာဝန်ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန်အတွက် လိုအပ်သော ပစ္စည်းစာရင်းနှင့် အချက်အလက်များကို ပေးအပ်ရမည့်အပြင် ယာယီပစ္စည်းထိန်းက အခါအားလျော်စွာ တောင်းခံသော အခြားလိုအပ်သည့် အကူအညီများကိုလည်း မပျက်မကွက် ဆောင်ရွက်ပေးရမည်။

(ည) ယာယီပစ္စည်းထိန်းတစ်ဦးကို ခန့်ထားရာတွင် ထိုသို့ခန့်ထားသည့်အချိန်နှင့် လူမွဲခံယူစေရန် လျှောက်ထားချက်အရ လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်သည့်အချိန် သို့မဟုတ် ထိုလျှောက်လွှာ ကိုပလပ်သည့်အချိန်ကာလအထိ ကြားကာလတွင် ပုဒ်မ ၂၇၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

(ဋ) အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် မြီစားပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယာယီပစ္စည်းထိန်း တစ်ဦးကို ခန့်ထားခြင်းသည် ရပ်စဲစေရမည်-

(၁) ထိုမြီစားအပေါ် လျှောက်ထားသည့် လူမွဲအဖြစ်ခံယူစေသည့်အမိန့် ချမှတ်ပေးရန် လျှောက်လွှာ အားပလပ်ခြင်း၊

(၂) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာအရ မြီစားအား လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်း၊

(၃) ထိုသို့ခန့်ထားမှုကို အခြားတစ်နည်းနည်းဖြင့် ရပ်စဲစေရန် တရားရုံးက အမိန့်ချမှတ်ခြင်း။

(ဌ) မြီစားအား လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းခံခဲ့ရလျှင် ပစ္စည်းတစ်ရပ်သည်နောင်တွင် လူမွဲ၏ပစ္စည်း၌ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လူမွဲပိုင်ပစ္စည်းများအဖြစ် ဤပုဒ်မတွင် ရည်ညွှန်း ဖော်ပြထားချက်များအရ ၎င်း၏ ပစ္စည်းများအားလုံးပါဝင်သည်ဟု မှတ်ယူရမည်။

လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်

၂၇၃။ (က) မြီစားတစ်ဦး၏ လျှောက်ထားချက်အရမှတပါး လူမွဲအဖြစ်ခံယူစေသည့် အမိန့်တစ်ရပ် ချမှတ်သည့်အခါ လူမွဲဖြစ်သူ မြီစားသည် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ မိမိ၏ လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်ကို လူမွဲဖြစ်မှုစတင်သည့်နေ့မှစ၍ ၂၁ ရက်အတွင်း နည်းဥပဒေ များဖြင့်သတ်မှတ်ထားချက်များနှင့်အညီ တင်သွင်းရမည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည်-

(၁) ပုဒ်မခွဲ (က) အရ လူမွဲဖြစ်သူမြီစားအပေါ် တင်ရှိသည့် တာဝန်မှ ကင်းလွတ်ခွင့်ပေးနိုင်သည် သို့မဟုတ်

(၂) ပုဒ်မခွဲ (က) အရ သတ်မှတ်ကာလကို တိုးချဲ့သတ်မှတ်ပေးနိုင်သည်။ သို့ရာတွင် ဤပုဒ်မအရ အပ်နှင်းထားသောအခွင့်အာဏာကို ယုံမှတ်အပ်နှံခြင်းခံရသူက ကျင့်သုံးရန် ငြင်းဆိုလျှင် တရားရုံးသည် ထိုအခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်နိုင်သည်။

(ဂ) လူမွဲဖြစ်သူမြီစားသည် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်မရှိဘဲ-

(၁) ဤပုဒ်မတွင် ဖော်ပြသတ်မှတ်ထားသောတာဝန်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ဖြစ်စေ၊

(၂) လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်း၍ ထုတ်ဖော်ကြေညာချက်တစ်ရပ်ကို နည်းဥပဒေများပါ သတ်မှတ် ချက်များနှင့်အညီ တင်သွင်းခြင်းမပြုလျှင်ဖြစ်စေ။

၎င်းသည် ဤဥပဒေပါ ပြစ်ဒဏ်များချမှတ်ခြင်းခံရမည့်အပြင် တရားရုံးမထေမဲ့မြင်ပြုမှုဖြင့်လည်း အရေးယူခြင်း ခံထိုက်စေရမည်။

ယုံမှတ်အပ်နှံခြင်းခံရသူ၏ စုံစမ်းထောက်လှမ်းမှုပြုရန် တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၂၇၄။ (က) ခန့်အပ်ခြင်းခံရပြီးနောက် ယုံမှတ်အပ်နှံခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက် ရမည်-

(၁) လူမွဲအဖြစ်ခံယူစေသည့်အမိန့်ကိုချမှတ်ခြင်းမပြုမီကာလအထိ လုပ်ဆောင်ခဲ့သော လူမွဲဖြစ်သူ မြီစား၏ လုပ်ငန်းကိစ္စရပ်များနှင့် ဆောင်ရွက်မှုများအပါအဝင် လုပ်ငန်းကိစ္စများနှင့် ဆောင်ရွက်မှုများ ကို စုံစမ်းထောက်လှမ်းခြင်း၊

(၂) တွေ့ရှိချက်ကို တရားရုံးသို့ အစီရင်ခံတင်ပြခြင်း။

(ခ) စုံစမ်းစစ်ဆေးရန်လိုအပ်ခြင်းမရှိဟု ယုံမှတ်အပ်နှံခြင်းခံရသူက ထင်မြင်ယူဆသည့်အခါ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ခြင်း မရှိစေရ။

(ဂ) ဤပုဒ်မအရ တင်ပြသော ယုံမှတ်အပ်နှံခြင်းခံရသူ၏ အစီရင်ခံစာသည် လူမွဲမှုခင်းများတွင် ဦးစွာ အမြင်အားဖြင့် ခိုင်မာသည့် သက်သေခံချက်ဖြစ်စေရမည်။

လူမွဲဖြစ်သူမြီစားအား အများပြည်သူရှေ့မှောက်တွင် စစ်မေးခြင်း

၂၇၅။ (က) လူမွဲအဖြစ် ခံယူစေသည့် အမိန့်တစ်ရပ် ချမှတ်ပြီးချိန်မှစ၍ လူမွဲအဖြစ်ရပ်စဲသည့် အမိန့် ချမှတ်ခြင်းမပြုမီ ကာလအတွင်း မည်သည့်အချိန်ကာလတွင်မဆို ထိုလူမွဲဖြစ်သူမြီစားအား အများ ပြည်သူရှေ့မှောက်တွင် စစ်ဆေးကြားနာခွင့်ပြုရန် ယုံမှတ်အပ်နှံခြင်းခံရသူက တရားရုံးသို့ လျှောက် ထားနိုင်သည်။

(ခ) တရားရုံးက အခြားနည်းဖြင့် အမိန့်ချမှတ်ခဲ့ခြင်းမရှိလျှင် အများပြည်သူရှေ့မှောက်တွင် စစ်ဆေး ကြားနာပေးခွင့်ပြုရန် အကြောင်းကြားစာပေးပို့သူ မြီရှင်အပါအဝင် ကြွေးမြီ စုစုပေါင်းတန်ဖိုး၏ ထက်ဝက်ထက်မနည်း ပိုင်ဆိုင်သူမြီရှင်များ၏ သဘောတူညီချက်ဖြင့် မြီရှင်တစ်ဦးက နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တောင်းဆိုသည့် အကြောင်းကြားစာကို ရရှိပါက ယုံမှတ်အပ်နှံခြင်းခံရသူသည် ပုဒ်မခွဲ (က) အရ လျှောက်လွှာကို တင်သွင်းရမည်။

(ဂ) ပုဒ်မခွဲ (က) အရ လျှောက်လွှာကို လက်ခံရရှိသည့်အခါ တရားရုံးသည် လူမွဲဖြစ်သူမြီစားအား သတ်မှတ်သည့်နေ့ရက်တွင် အများပြည်သူရှေ့မှောက်၌ စစ်ဆေးကြားနာမည်ဖြစ်ကြောင်း ညွှန်ကြား ရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်သည့်နေ့ရက်တွင် လူမွဲဖြစ်သူ မြီစားသည် လာရောက်ရမည့်အပြင် ၎င်းပိုင်ဆိုင်သောလုပ်ငန်းကိစ္စများ၊ ဆက်သွယ်ဆောင်ရွက်ချက်များနှင့် ပစ္စည်းများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းမှုကို ခံယူရမည်။

(ဃ) အောက်ပါပုဂ္ဂိုလ်များသည် လူမွဲဖြစ်သူမြီစားအား အများပြည်သူရှေ့မှောက်တွင် စစ်ဆေးကြား နာရာ၌ မြီစားပိုင်ဆိုင်သော ဆက်သွယ်ဆောင်ရွက်ချက်များ၊ ပစ္စည်းများ၊ လုပ်ငန်းကိစ္စများ၊ လုပ်ငန်း များမအောင်မြင်ရသည့် အကြောင်းရင်းများနှင့်စပ်လျဉ်း၍ လူမွဲဖြစ်သူ မြီစားအပေါ်၌ စစ်ဆေး မေးမြန်းနိုင်သည်-

(၁) အတည်ပြုခန့်အပ်ခြင်းခံရသော ယုံမှတ်အပ်နှံခြင်းခံရသူ၊

(၂) တရားဝင်ပစ္စည်းထိန်း၊

(၃) လူမွဲမှုခင်းတွင် လူမွဲဖြစ်သူမြီစားအပေါ် ကြွေးမြီတင်ရှိကြောင်း သက်သေပြနိုင်သည့် မြီရှင်များ။

(င) ဤပုဒ်မအရ စစ်ဆေးမေးမြန်းမှုတွင် လူမွဲဖြစ်သူမြီစားသည် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်မရှိဘဲ တရားရုံးရှေ့သို့ လာရောက်ရန်ပျက်ကွက်လျှင် ၎င်းသည် ဤဥပဒေပါ ပြစ်ဒဏ်ကိုချမှတ်ခြင်းခံရမည့်အပြင် တရားရုံးမထေမဲ့မြင်ပြုမှုဖြင့်လည်း အရေးယူခြင်းခံထိုက်စေရ မည်။

လူမွဲဖြစ်သူမြီစားက ဆောင်ရွက်ပေးရမည့် တာဝန်များ

၂၇၆။ (က) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းခံရပါကလူမွဲသည် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-

(၁) မိမိ၏လက်ဝယ်တွင်ရှိသော ပစ္စည်းများကို တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်း ခံရသူထံသို့ လက်ရောက်ပေးအပ်ခြင်း၊

(၂) မည်သည့်စစ်ဆေးစီရင်မှုတွင်မဆို ထုတ်ဖော်ပြောဆိုခြင်းမှ ကင်းလွတ်ခွင့်ရသော အကြောင်း အရာများအပါအဝင် ၎င်းပိုင်ပစ္စည်းများနှင့် သက်ဆိုင်ပြီး ၎င်း၏လက်ဝယ် သို့မဟုတ် စီမံခန့်ခွဲမှု အောက်တွင်ရှိနေသော စာအုပ်၊ စာရွက်စာတမ်းများနှင့် မှတ်တမ်းများကိုလည်း တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်း ခံရသူထံသို့ လက်ရောက်ပေးအပ်ခြင်း။

(ခ) လူမွဲပိုင်ပစ္စည်းများတွင်ပါဝင်သည့် အချို့သော ပစ္စည်းများမှာ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လက်ရောက်ပေးအပ်ရန် မဖြစ်နိုင်သော ပစ္စည်းများဖြစ်သည့်ကိစ္စနှင့် လူမွဲပိုင်ပစ္စည်းဖြစ်ကြောင်း ယုံမှတ်အပ်နှံခြင်းခံရသူက တောင်းဆိုနိုင်သော ပစ္စည်းတစ်ရပ်ရပ်ဖြစ်သည့် ကိစ္စများတွင် ထိုသို့သော အရာဝတ္တုများ သို့မဟုတ် ပစ္စည်းများနှင့် စပ်လျဉ်း၍ အကာအကွယ်ပေးရန်အတွက် ယုံမှတ်အပ်နှံခြင်း ခံရသူက ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုသည့် နည်းလမ်းများအတိုင်း အားလုံးကို ဆောင်ရွက် ပေးရန်လူမွဲတွင်တာဝန်ရှိရမည်။

(ဂ) လူမွဲသည်-

(၁) ၎င်းပိုင်ပစ္စည်းများ၏ စာရင်းနှင့် အခြားလိုအပ်သောအချက်အလက်များကို ယုံမှတ်အပ်နှံခြင်း ခံရသူထံသို့ ပေးအပ်ရမည့်အပြင်၊

(၂) ဤအပိုင်းပါ ရည်ရွယ်ချက်တစ်ရပ်အလို့ငှာ ကျိုးကြောင်းဆီလျော်စွာ ဆင့်ဆိုသည့် ကိစ္စများတွင် ယုံမှတ်အပ်နှံခြင်းခံရသူအား လာရောက်ကူညီဆောင်ရွက်ပေးရမည်။

(ဃ) လူမွဲဖြစ်သူအနေဖြင့် လူမွဲအဖြစ်မှ ရပ်စဲသွားသည့်တိုင်အောင် ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်များ သည် သက်ဆိုင်စေရမည်။

(င) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းခံရသူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဤပုဒ်မအရသတ်မှတ်ထားသော တာဝန်များကို လိုက်နာရန် ပျက်ကွက်လျှင် ၎င်းသည် ဤဥပဒေဖြင့် သတ်မှတ်ထားသော ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည့်အပြင် တရားရုံးမထေမဲ့မြင်ပြုမှုဖြင့်လည်း အရေး ယူခြင်းခံထိုက်စေရမည်။

အခန်း (၄) လူမွဲမှုခင်းမှ ယုံမှတ်အပ်နှံခြင်းခံရသူများ ယုံမှတ်အပ်နှံခြင်းခံရသူ၏ ရာထူးသက်တမ်း[edit]

ခန့်အပ်ခြင်း

၂၇၇။ (က) မည်သူမဆို ဤဥပဒေအပိုင်း (၃) ပါ ပြဋ္ဌာန်းချက်များအရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်း ကျင်သူအဖြစ် မှတ်ပုံတင်ထားခြင်းမရှိလျှင် လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်း ခံရသူအဖြစ် ခန့်အပ်ခြင်း မခံထိုက်စေရ။

(ခ) လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူတစ်ဦးအဖြစ် ခန့်အပ်ရန် အခွင့်အာဏာ တွင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများကို ပူးတွဲယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်အပ်နိုင် သည့် အခွင့်အာဏာလည်းပါဝင်စေရမည်။ သို့ရာတွင် ထိုသို့ခန့်အပ်ရာ၌ ယုံမှတ်အပ်နှံခြင်း ခံရသူများ သည် ပူးတွဲဆောင်ရွက်စေရန် သို့မဟုတ် တစ်ဦးမှတစ်ဦးသို့ ကိုယ်စားလွှဲအပ်ဆောင်ရွက်နိုင်စေရန် အခွင့်အာဏာကို သတ်မှတ်ပေးရမည်။

(ဂ) အချို့သောအခြေအနေများ၌ တရားဝင်ပစ္စည်းထိန်းအား ယုံမှတ်အပ်နှံခြင်းခံရသူတစ်ဦးအဖြစ် ခန့်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသော ဤအခန်းပါ ပြဋ္ဌာန်းချက်များကို ဤပုဒ်မပါ ပြဋ္ဌာန်းချက်များ က ထိခိုက်စေခြင်းမရှိစေရ။

ယုံမှတ်အပ်နှံခြင်းခံရသူကို ရာထူးမှ ဖယ်ရှားခြင်း၊ ရာထူးနေရာလစ်လပ်ခြင်း

၂၇၈။ (က) ယုံမှတ်အပ်နှံခြင်းခံရသူတစ်ဦးအား တရားရုံး၏အမိန့်အရဖြစ်စေ နည်းဥပဒေများအရ ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်းအား ရာထူးမှဖယ်ရှားရန် ကျင်းပသော မြီရှင် များ၏ အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်စေ ရာထူးမှ ဖယ်ရှားနိုင်သည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူအား အစားထိုးခန့်အပ်ရန်အတွက် ကြွေးမြီစုစုပေါင်းတန်ဖိုး၏ လေးပုံ တစ်ပုံထက်မနည်း ပိုင်ဆိုင်သူမြီရှင်များ၏ သဘောတူညီချက်ဖြင့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို သော မြီရှင်များက အစည်းအဝေးတစ်ရပ် ဆင့်ခေါ်ပေးရန် တောင်းဆိုလျှင် သို့မဟုတ် တရားရုံးက ဆင့်ဆိုလျှင် မြီရှင်များ၏ အထွေထွေအစည်းအဝေးကို ဆင့်ခေါ်ရမည်။

(ဂ) ဤဥပဒေအပိုင်း (၃) အရ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရန် သတ်မှတ် ထားသော အရည်အချင်းရှိသူအဖြစ်မှ ရပ်စဲသွားပါက တရားဝင်ပစ္စည်းထိန်းမဟုတ်သော ယုံမှတ် အပ်နှံခြင်းခံရသူသည် ရာထူးမှ ဖယ်ရှားပေးရမည်။

(ဃ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ရာထူးမှနုတ်ထွက်ရာတွင် နည်းဥပဒေများအရ ပြဋ္ဌာန်းထားသော နည်းလမ်းများအတိုင်း တရားရုံးသို့ အကြောင်းကြားစာ ပေးပို့ရမည်။

(င) ယုံမှတ်အပ်နှံခြင်းခံရသူက ပုဒ်မခွဲ (ဃ) အရ ပေးပို့သော အကြောင်းကြားစာတွင် ပုဒ်မ ၃၁၁ အရ မြီရှင်များအပြီးသတ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြောင်းနှင့် ယင်းအစည်းအဝေးတွင်ချမှတ်ခဲ့ သော ဆုံးဖြတ်ချက်များကိုလည်း ထည့်သွင်းဖော်ပြရမည်။

(စ) မြီစားအား လူမွဲအဖြစ်ခံယူစေသည့် အမိန့်ကို ပယ်ဖျက်ခဲ့လျှင် ယုံမှတ်အပ်နှံခြင်းခံရသူသည် ရာထူးမှ ဖယ်ရှားပေးရမည်။

တာဝန်မှ ရပ်စဲသွားခြင်း

၂၇၉။ (က) ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်အပ်ထားသော တရားဝင်ပစ္စည်းထိန်းအား တာဝန်မှ ရပ်စဲပြီး ၎င်း၏နေရာ၌ အခြားသူတစ်ဦးအား အစားထိုးခန့်အပ်ခဲ့ပါက ထိုတရားဝင်ပစ္စည်းထိန်းသည် အောက်ဖော်ပြပါ အချိန်ကာလတစ်ရပ်ရပ်တွင် ၎င်း၏ တာဝန်များသည် ရပ်စဲပြီးဖြစ်စေရမည်-

(၁) တရားဝင်ပစ္စည်းထိန်းအား မြီရှင်များ၏ အထွေထွေအစည်းအဝေးမှ ခန့်အပ်ခြင်းဖြစ်လျှင် ၎င်း၏ နေရာသို့ အစားထိုးခန့်အပ်ပြီးဖြစ်ကြောင်း တရားရုံးသို့ အကြောင်းကြားစာ ပေးပို့သည့်အချိန်၊

(၂) တရားဝင်ပစ္စည်းထိန်းအား တရားရုံးက ခန့်အပ်ခြင်းဖြစ်လျှင် ယင်းတရားရုံးက ဆုံးဖြတ်ချက် အမိန့်ချမှတ်သည့်အချိန်။

(ခ) တရားဝင်ပစ္စည်းထိန်းက ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် တာဝန်ထမ်းဆောင်နေစဉ်တွင် ၎င်း အနေဖြင့် လူမွဲပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှုလုပ်ငန်းများမှာ လက်တွေ့အားဖြင့် ပြီးပြတ် သွားပြီဖြစ်ကြောင်း တရားရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် တရားရုံးက အမိန့်ဖြင့် သတ်မှတ်သည့်အချိန်မှစ၍ ၎င်း၏တာဝန်များသည် ရပ်စဲပြီးဖြစ်စေရမည်။

(ဂ) အောက်ဖော်ပြပါ အချိန်ကာလတစ်ရပ်ရပ်တွင် တရားဝင်ပစ္စည်းထိန်းမဟုတ်သော ယုံမှတ်အပ်နှံ ခြင်းခံရသူအဖြစ်မှ ရပ်စဲခြင်းခံရသူ တစ်ဦးတစ်ယောက်၏ တာဝန်များသည် ရပ်စဲပြီးဖြစ်စေရမည်-

(၁) မြီရှင်များ၏ အထွေထွေအစည်းအဝေးဖြင့် ရာထူးမှဖယ်ရှားရာ၌ ၎င်း၏ တာဝန်ရှိမှုမှ ကင်းလွတ် ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဆုံးဖြတ်သတ်မှတ်ထားခြင်း မရှိသည့်ကိစ္စ သို့မဟုတ် ထိုသူ သေဆုံးသွားသည့် ကိစ္စတွင် ထိုသူသည် ရာထူးတာဝန်မှ ရပ်စဲသွားပြီးဖြစ်ကြောင်း နည်းဥပဒေနှင့် အညီ တရားရုံးသို့ အကြောင်းကြားသည့်အချိန်၊

(၂) မြီရှင်များ၏ အထွေထွေအစည်းအဝေးဖြင့် ရာထူးမှ ဖယ်ရှားရာ၌ ၎င်း၏တာဝန်ရှိမှုမှ ကင်းလွတ် ခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဆုံးဖြတ်ထားပြီးဖြစ်သည့်ကိစ္စ သို့မဟုတ် ထိုသူအား တရားရုံးအမိန့်ဖြင့် ရာထူးမှ ဖယ်ရှားသည့်ကိစ္စ သို့မဟုတ် ပုဒ်မ ၂၇၈ ပုဒ်မခွဲ (ဃ) အရ ရာထူးမှ နုတ် ထွက်သွားသည့်ကိစ္စတို့တွင် ထိုသူ၏ လျှောက်ထားချက်အပေါ် တရားရုံးက ဆုံးဖြတ်သည့်အချိန်၊

(၃) ရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်သည့်ကိစ္စတွင် တရားရုံးက တစ်နည်းနည်းဖြင့် အမိန့် တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်းမရှိလျှင် ၎င်း၏ နုတ်ထွက်မှု စတင်အကျိုးသက်ရောက်သည့်အချိန်၊

(၄) ပုဒ်မ ၂၇၈ ပုဒ်မခွဲ (င) အရ ရာထူးနေရာ လစ်လပ်သည့်ကိစ္စတွင်-

(ကက) ထိုပုဒ်မခွဲတွင် ရည်ညွှန်းဖော်ပြထားသော မြီရှင်များ အပြီးသတ် အစည်းအဝေး၌ ထိုသူ၏ တာဝန်မှ ရပ်စဲခြင်းနှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်သတ်မှတ်ခဲ့ခြင်းမရှိလျှင် ထိုသူ၏ လျှောက်ထားချက်အပေါ် တရားရုံးက ဆုံးဖြတ်သည့်အချိန်၊

(ခခ) ထိုမြီရှင်များ အပြီးသတ်အစည်းအဝေး၌ ဆုံးဖြတ်သတ်မှတ်ခဲ့လျှင် ရာထူးတာဝန်မှ လစ်လပ် သွားသည့်အချိန်။

(ဃ) မြီစားအား လူမွဲအဖြစ်ခံယူစေရန် ချမှတ်သည့်အမိန့်ကို ပယ်ဖျက်ခဲ့ရာတွင် ထိုသို့ ပယ်ဖျက်ချိန်၌ ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ဆောင်ရွက်နေသူသည် ထိုတရားရုံးမှ ဆုံးဖြတ်သည့်အချိန်တွင် ၎င်း၏ တာဝန်သည် ရပ်စဲစေရမည်။

(င) ဤပုဒ်မအရ တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူအား တာဝန်မှရပ်စဲသည့် အခါ လူမွဲပိုင်ပစ္စည်းများကို စီမံခန့်ခွဲရာ၌ ၎င်း၏ ပြုလုပ်မှုများ သို့မဟုတ် ပျက်ကွက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အခြားနည်းဖြင့် ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် လုပ်ဆောင်သည့် ၎င်း၏ အပြုအမူများနှင့်စပ်လျဉ်း၍လည်းကောင်း တင်ရှိသော တာဝန်အားလုံးသည် ဤပုဒ်မ၏ အထက်ပါ ပြဋ္ဌာန်းချက်များတွင် သတ်မှတ်ဖော်ပြထားသည့် အချိန်မှစတင်၍ ရပ်စဲပြီးဖြစ်စေရမည်။

(စ) ဤပုဒ်မအရ တာဝန်မှရပ်စဲပြီးဖြစ်သော တစ်စုံတစ်ဦးနှင့်ပတ်သက်၍ တရားရုံး၏ ပုဒ်မ ၂၈၃ အရ လုပ်ပိုင်ခွင့်အာဏာများကို ဤပုဒ်မက တားမြစ်ပိတ်ပင်ခြင်း မရှိစေရ။

ယုံမှတ်အပ်နှံခြင်းခံရသူ၏ ရာထူးနေရာလစ်လပ်ခြင်း

၂၈၀။ (က) ယုံမှတ်အပ်နှံခြင်းခံရသူ၏ ရာထူးနေရာ လစ်လပ်သည့်အခါ ဤပုဒ်မနှင့်သက်ဆိုင်စေရ မည်။

(ခ) ထိုလစ်လပ်နေသော ရာထူးနေရာတွင် တစ်စုံတစ်ဦးအား ထပ်မံခန့်အပ်ပြီးသည့်အချိန်ကာလ အထိ တရားဝင်ပစ္စည်းထိန်းသည် ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ဆောင်ရွက်ရမည်။

(ဂ) ထိုလစ်လပ်နေသောရာထူးနေရာကို ခန့်အပ်ရန်အလို့ငှာ တရားဝင်ပစ္စည်းထိန်းသည် မြီရှင်များ၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို ဆင့်ခေါ်နိုင်ပြီး ပုဒ်မ ၂၉၅၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ မြီရှင်များအစည်းအဝေးကို ဆင့်ခေါ်ရမည်။

(ဃ) ပုဒ်မ ၂၈၁ အရ မြီရှင်များကော်မတီတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ထားခဲ့လျှင် တရားဝင် ပစ္စည်းထိန်းသည် ထိုလစ်လပ်နေသောရာထူးကို ခန့်အပ်ရန်အလို့ငှာ ထိုမြီရှင်များကော်မတီ အစည်း အဝေးကို ခေါ်ယူကျင်းပရန် ဆင့်ဆိုနိုင်သည်။

(င) အကယ်၍ ထိုလစ်လပ်နေသောရာထူးကို ထိုသို့ဖြည့်တင်းခန့်အပ်ခြင်းမပြုခဲ့လျှင် တရားဝင် ပစ္စည်းထိန်းသည် လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ဆက်လက်ဆောင် ရွက်ရမည်။ သို့ရာတွင် ဤပြဋ္ဌာန်းချက်သည် တရားဝင်ပစ္စည်းထိန်းက ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့အရ အစည်းအဝေးကို ဆင့်ခေါ်နိုင်သည့် အာဏာကို ထိခိုက်စေခြင်း မရှိစေရ။

(စ) ဤပုဒ်မပါ လစ်လပ်နေသောရာထူးဆိုသည့် စကားရပ်တွင် လူမွဲပိုင်ပစ္စည်းဖြစ်သော သို့မဟုတ် ယင်းပစ္စည်းတွင် ပါဝင်နိုင်သော ပစ္စည်းတစ်ရပ်နှင့် စပ်လျဉ်း၍ ပုဒ်မ ၃၁၁ အရ ဆင့်ခေါ်သော မြီရှင် များ အပြီးသတ်အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် ထိုပစ္စည်း၏ ယုံမှတ်အပ်နှင်းခြင်းခံရသူ အဖြစ် ဆက်လက်ခန့်ထားရန်လိုအပ်နေသည့် ယုံမှတ်အပ်နှံခြင်းခံရသူရာထူးလည်း ပါဝင်စေရမည်။

ယုံမှတ်အပ်နှံခြင်းခံရသူအား ကြပ်မတ်ခြင်း
မြီရှင်များကော်မတီ

၂၈၁။ (က) ဤဥပဒေနှင့် နည်းဥပဒေများဖြင့် အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို ထမ်းဆောင် ရန် အလို့ငှာ မြီရှင်များ၏ အထွေထွေအစည်းအဝေးတစ်ရပ် ကျင်းပ၍ နည်းဥပဒေများနှင့်အညီ မြီရှင် များကော်မတီကို ဖွဲ့စည်းတည်ထောင်နိုင်သည်။

(ခ) မြီရှင်များ၏ အထွေထွေအစည်းအဝေးတွင် တရားဝင်ပစ္စည်းထိန်း၏နေရာ၌ တစ်စုံတစ်ဦးအား ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် အစားထိုးခန့်အပ်ခဲ့သည့်အခါမှတပါး တရားဝင်ပစ္စည်းထိန်းက လူမွဲ၏ ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ဆောင်ရွက်နေသည့်ကာလအတွင်း ထိုအစည်းအဝေးဖြင့် မြီရှင်များ ကော်မတီကို တည်ထောင်ခြင်း သို့မဟုတ် ယင်းကော်မတီအား လုပ်ငန်းတာဝန်ပေးခြင်း မပြုရ။

တရားရုံးမှ ယုံမှတ်အပ်နှံခြင်းခံရသူအား ကြပ်မတ်ခြင်း

၂၈၂။ (က) ယုံမှတ်အပ်နှံခြင်းခံရသူ၏ ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိလျှင် လူမွဲကိုယ်တိုင်ဖြစ်စေ၊ မြီရှင်များကဖြစ်စေ၊ အခြားအကျိုး သက်ဆိုင်သူတစ်ဦးကဖြစ်စေ တရားရုံးသို့ လျှောက်ထားနိုင်ပြီး ယင်းသို့လျှောက်ထားမှုအပေါ် တရားရုံးသည် ယုံမှတ်အပ်နှံခြင်းခံရသူ၏ ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်အား အတည်ပြုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းပြုစေရန် အမိန့်ချမှတ်နိုင်သည့်အပြင် အခြားသင့်သည် ထင်မြင်သည့် အမိန့်များချမှတ်နိုင်သည်။

(ခ) လူမွဲဖြစ်မှုအရ ပေါ်ပေါက်လာသော ကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ညွှန်ကြားပေးနိုင်ရန် ယုံမှတ် အပ်နှံခြင်းခံရသူက တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ဂ) တစ်ဦးထက်ပိုသော လူပုဂ္ဂိုလ်များအပေါ်တွင် လူမွဲခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတစ်ရပ် တင်သွင်းထားသည့်ကိစ္စ၌ ထိုသို့လျှောက်ထားခြင်းခံရသူများသည် ကြွေးမြီ ပေးဆပ်နိုင်ခြင်းမရှိသော အစုစပ်လုပ်ငန်း၏ အစုဝင်များဖြစ်သည့်အခါ တရားရုံးသည် တရားမျှတ မည်ဟု ထင်မြင်ယူဆလျှင် ၎င်းတို့ကို လူမွဲမှုခင်းတစ်ရပ်တည်း၌ ပူးတွဲ၍ ဆောင်ရွက်ရန် ညွှန်ကြား နိုင်သည်။

(ဃ) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် တာဝန်ရှိသောလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် အစုစပ်လုပ်ငန်း၏ ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် အခြားအကျိုးသက်ဆိုင်သူ တစ်ဦးဦး၏ လျှောက်ထားချက်အရ တရားရုံးသည် ပုဒ်မခွဲ (က) အရ အမိန့်ချမှတ်နိုင်ပြီး ထိုအမိန့်တွင် အစုစပ် လုပ်ငန်း၏ ပူးတွဲပိုင်ပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့် အစုဝင်တစ်ဦးချင်းစီ၏ သီးခြားပစ္စည်းများကို စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ ထည့်သွင်းညွှန်ကြားနိုင်သည်။

ယုံမှတ်အပ်နှံခြင်းခံရသူ၏ တာဝန်ရှိမှုများ

၂၈၃။ (က) ဤပုဒ်မနှင့်အညီ လျှောက်ထားချက်အရ-

(၁) ယုံမှတ်အပ်နှံခြင်းခံရသူသည် လူမွဲပိုင်ပစ္စည်းများတွင်ပါဝင်သော ငွေကြေး သို့မဟုတ် အခြား ပစ္စည်းတစ်စုံတစ်ရာအား အလွဲအသုံးပြုထားကြောင်း သို့မဟုတ် လက်ဝယ်ရယူထားကြောင်း သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းတင်ပြရန် တာဝန်ရှိကြောင်း သို့မဟုတ်

(၂) ယုံမှတ်အပ်နှံခြင်းခံရသူက ၎င်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ အလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံမှုကို ချိုးဖောက်မှုကြောင့် လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဆုံးရှုံးမှုတစ်ရပ် ပေါ်ပေါက်ကြောင်း၊

တရားရုံးက ကျေနပ်မှုရှိလျှင် တရားမျှတသည်ဟု ထင်မြင်သည့်အတိုင်း ထိုသို့သော ဥပဒေနှင့် မညီသော မှားယွင်းဆောင်ရွက်မှု သို့မဟုတ် ယုံကြည်အပ်နှံမှုကို ချိုးဖောက်မှု သို့မဟုတ် အခြား တာဝန်တစ်ရပ်ရပ်အတွက် လျော်ကြေးပေးစေရန်ဖြစ်စေ၊ ထိုပစ္စည်း၏ အကျိုးအမြတ်အတွက် ငွေကြေး သို့မဟုတ် အခြားပစ္စည်းတစ်ရပ်ကို ပြန်လည်ပေးအပ်စေရန်ဖြစ်စေ၊ မူလအနေအထားသို့ ပြန်လည်ထားရှိစေရန်ဖြစ်စေ၊ တာဝန်ယူစာရင်းရှင်းလင်းတင်ပြစေရန်ဖြစ်စေ ယုံမှတ်အပ်နှံခြင်းခံရသူ အပေါ် အမိန့်ချမှတ်နိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ချမှတ်သော အမိန့်တွင် တရားရုံးတွင် သင့်လျော်သော အတိုးနှုန်းကို ထည့်သွင်း သတ်မှတ်နိုင်သည်။ သို့ရာတွင် ထိုသို့သတ်မှတ်ချက်သည် ဤပုဒ်မအရ မှတစ်ပါး ပေါ်ပေါက်လာသော တာဝန်တစ်ရပ်ရပ်ကို ထိခိုက်စေခြင်း မရှိစေရ။

(ဂ) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ထိုပစ္စည်းအတွက် ထပ်မံခန့်ထားသော ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် မြီရှင် သို့မဟုတ် လူမွဲက ဤပုဒ်မအရ လျှောက်ထားနိုင်သည်။ သို့ရာတွင် လူမွဲကိုယ်တိုင်မှ လျှောက်ထားခြင်း သို့မဟုတ် ပုဒ်မ ၂၇၉ အရ ယုံမှတ်အပ်နှံခြင်းခံရသူက ၎င်း၏တာဝန်ရပ်စဲပြီးမှ လျှောက်ထားလျှင် တရားရုံး၏ ခွင့်ပြုချက်ဖြင့်သာ လျှောက်ထားရမည်။

(ဃ) ယုံမှတ်အပ်နှံခြင်းခံရသူသည် လူမွဲပိုင်ပစ္စည်းတွင် မပါဝင်သော ပစ္စည်းတစ်ရပ်ကို သိမ်းဆည်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုခွင့်ရှိကြောင်း ဆီလျော်သော အကြောင်းတစ်ရပ်ရပ်အရ ယုံကြည်၍ ဆောင်ရွက်ရာတွင် ၎င်းက လက်ဝယ်ထားခွင့်ရှိသော ပစ္စည်းအား သိမ်းဆည်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုရာမှ ၎င်း၏ ပေါ့လျော့မှုကြောင့် ပေါ်ပေါက်လာသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများမှတစ်ပါး အခြားသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တာဝန်မရှိ စေရ။ ထို့အပြင် ယင်းအနေဖြင့် ထိုပစ္စည်း သို့မဟုတ် ထိုပစ္စည်းကို ရောင်းချခြင်းမှရရှိသော ငွေကြေးအနက် သိမ်းဆည်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းကြောင့် ကုန်ကျသောစရိတ်ကို အာမခံအဖြစ် လက်ဝယ်ထားပိုင်ခွင့်ရှိသည်။

အခန်း (၅) ယုံမှတ်အပ်နှံခြင်းခံရသူ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ[edit]

နိဒါန်း
ယုံမှတ်အပ်နှံခြင်းခံရသူ၏တာဝန်များ

၂၈၄။ (က) ယုံမှတ်အပ်နှံခြင်းခံရသူ၏ လုပ်ငန်းတာဝန်များသည် ဤအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ လူမွဲပိုင်ပစ္စည်းများကို လက်ရောက်ရယူ၍ ထုခွဲရောင်းချကာ မြီရှင်များအား ခွဲဝေပေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ၎င်း၏ကိုယ်ပိုင်ဆင်ခြင်တုံတရားကို ကျင့်သုံး၍ ဤဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။

(ခ) ထိုလူမွဲမှုခင်းနှင့်စပ်လျဉ်း၍ ၎င်း၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အလို့ငှာ တရားဝင် ပစ္စည်းထိန်းက ကျိုးကြောင်းဆီလျော်စွာ တောင်းခံလာသည့်အခါ တရားဝင်ပစ္စည်းထိန်းမဟုတ်သော ယုံမှတ်အပ်နှံခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) တရားဝင်ပစ္စည်းထိန်းထံသို့ အချက်အလက်များတင်ပြခြင်း၊

(၂) စာအုပ်စာတမ်းများနှင့်အခြားမှတ်တမ်းများကို တရားဝင်ပစ္စည်းထိန်းထံသို့ တင်ပြခြင်း၊ လိုအပ် သလိုအစစ်ခံခြင်းနှင့်၊

(၃) အခြားလိုအပ်သော အကူအညီများပေးခြင်း။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူ၏ တရားဝင်ရာထူးအမည်ကို သုံးစွဲရာတွင် လိုက်နာရမည့် ပုံစံကို နည်းဥပဒေများဖြင့် သတ်မှတ်နိုင်သည်။

လူမွဲပိုင်ပစ္စည်းများအား သိမ်းယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် ထုခွဲရောင်းချခြင်း
လူမွဲပိုင်ပစ္စည်းများ ယုံမှတ်အပ်နှံခြင်းခံရသူထံ လွှဲပြောင်းရောက်ရှိခြင်း

၂၈၅။ (က) တစ်ဦးတစ်ယောက်ကိုဖြစ်စေ တရားဝင်ပစ္စည်းထိန်းကိုဖြစ်စေ ယုံမှတ်အပ်နှံခြင်းခံရသူ အဖြစ် ခန့်ထားသည်နှင့်တစ်ပြိုင်နက် ထိုသူသည် လူမွဲပိုင်ပစ္စည်းများအား တရားဝင်စီမံခန့်ခွဲခွင့် ရှိစေ ရမည်။

(ခ) လူမွဲပိုင်ပစ္စည်းဖြစ်သော သို့မဟုတ် ယင်းတွင်တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်သော မည်သည့် ပစ္စည်းကိုမဆို ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လွှဲပြောင်းအပ်နှံရာတွင် တရားဝင်စာချုပ်ဖြင့် ပေးအပ် ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အပ်နှံခြင်းမပြုသော်လည်း ဥပဒေနှင့်အညီ လွှဲပြောင်းအပ်နှံပြီးဖြစ် သည်ဟု မှတ်ယူရမည်။

လူမွဲဖြစ်ပြီးနောက်ရရှိလာသောပစ္စည်းများ

၂၈၆။ (က) လူမွဲဖြစ်မှုစတင်ပြီးနောက် လူမွဲက ရရှိသော သို့မဟုတ် ဆက်ခံပိုင်ဆိုင်သော ပစ္စည်း တစ်ရပ်ရပ်ကို လူမွဲပိုင်ပစ္စည်းအဖြစ် လက်ရောက်လွှဲပြောင်းပေးအပ်ရန် ယုံမှတ်အပ်နှံခြင်းခံရသူသည် အကြောင်းကြားစာရေးသားပေးပို့၍ တောင်းခံနိုင်သည်။

(ခ) သို့ရာတွင် အောက်ပါပစ္စည်းများနှင့်စပ်လျဉ်း၍ တောင်းခံပိုင်ခွင့်မရှိစေရ-

(၁) ဤဥပဒေအရ ဖယ်ထုတ်ရမည့်ပစ္စည်းများ၊

(၂) အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူမွဲပိုင်ပစ္စည်းအဖြစ်မှ ဖယ်ထုတ်ရမည့်ပစ္စည်းများ။

(ဂ) ဤပုဒ်မအရ အကြောင်းကြားစာပေးပို့ပြီးသည့်အခါ ထိုစာတွင် ဖော်ပြတောင်းခံထားသော ပစ္စည်းသည် လူမွဲပိုင်ပစ္စည်း၏ အစိတ်အပိုင်းအဖြစ် ဥပဒေနှင့်အညီ လွှဲပြောင်းရောက်ရှိသွားသည်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူ၏ စီမံခန့်ခွဲခွင့်သည် ထိုပစ္စည်း များကို လူမွဲက လက်ဝယ်ရရှိခဲ့သည့်အချိန် သို့မဟုတ် ဆက်ခံပိုင်ဆိုင်ခဲ့သည့် အချိန်မှစတင်၍ ရရှိခဲ့ သည်ဟု မှတ်ယူရမည်။

(ဃ) ဤပုဒ်မအရ အကြောင်းကြားစာကို ပေးပို့ခြင်းမပြုမီကဖြစ်စေ ပေးပို့ပြီးနောက်တွင်ဖြစ်စေ အကယ်၍ လူမွဲဖြစ်မှုကို မသိရှိဘဲ-

(၁) တစ်ဦးတစ်ယောက်သည် ထိုပစ္စည်းအား သဘောရိုးဖြင့် တန်ရာတန်ဖိုးပေး၍ ဝယ်ယူကာ လက်ဝယ်ရယူထားလျှင် သို့မဟုတ်

(၂) ဘဏ်လုပ်ငန်းရှင်တစ်ဦးသည် သဘောရိုးဖြင့် လုပ်ငန်းဆက်သွယ်ဆောင်ရွက်ခဲ့လျှင်

ယုံမှတ်အပ်နှံခြင်းခံရသူသည် ထိုသူ သို့မဟုတ် ဘဏ်လုပ်ငန်းရှင် သို့မဟုတ် ၎င်းတို့ထံမှ ပိုင်ဆိုင်မှု ဆက်ခံရယူထားသူအား ဆန့်ကျင်၍ ဤပုဒ်မအရ ကုစားခွင့်မရှိစေရ။

(င) ဤပုဒ်မအရ ပစ္စည်းဆိုသော စကားရပ်တွင် လူမွဲ၏ဝင်ငွေအစိတ်အပိုင်းအဖြစ် ပုဒ်မ ၂၈၉ အရ အမိန့်ချမှတ်နိုင်သောပစ္စည်းပါဝင်ခြင်း မရှိစေရ။

တန်ဖိုးများပြားသည့်ပစ္စည်းများနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူထံ လွှဲပြောင်းရောက်ရှိခြင်း

၂၈၇။ (က) လူမွဲ၏ ဖယ်ထုတ်ရမည့်ပစ္စည်းများအားလုံး သို့မဟုတ် ယင်းတို့အနက်မှ ပစ္စည်းတစ်ရပ် အား ရောင်းချ၍ရနိုင်သော တန်ဖိုးသည် ထိုပစ္စည်းအားလုံး သို့မဟုတ် ယင်းတို့အနက်မှ ပစ္စည်း တစ်ရပ်အတွက် အစားထိုးအသုံးပြုနိုင်သည့် ပစ္စည်းတစ်ရပ်၏ တန်ဖိုးထက်သိသာစွာ ကျော်လွန်နေ ကြောင်း ပေါ်ပေါက်လျှင် ယုံမှတ်အပ်နှံခြင်းခံရသူသည် ထိုပစ္စည်းအားလုံး သို့မဟုတ် ယင်းတို့အနက်မှ ပစ္စည်းတစ်ရပ်ကို လူမွဲပိုင်ပစ္စည်းအဖြစ်ပေးအပ်ရန် စာဖြင့်ရေးသား အကြောင်းကြားစာ ပေးပို့ တောင်းခံနိုင်သည်။

(ခ) ဤပုဒ်မအရ လူမွဲဖြစ်သူထံသို့ အကြောင်းကြားစာ ပေးပို့ပြီးသောအခါ ထိုအကြောင်းကြားစာတွင် ဖော်ပြတောင်းခံထားသောပစ္စည်းသည် လူမွဲပိုင်ပစ္စည်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဥပဒေနှင့်အညီ လွှဲပြောင်းရောက်ရှိသွားသည်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူ ၏ စီမံခန့်ခွဲခွင့်သည် လူမွဲဖြစ်မှုကို မသိရှိဘဲ ထိုပစ္စည်းအား သဘောရိုးဖြင့် တန်ရာတန်ကြေးပေး၍ ဝယ်ယူခဲ့သူအပေါ်တွင်မှတပါး လူမွဲဖြစ်မှု စတင်သည့်အချိန်မှစ၍ စတင်သည်ဟု မှတ်ယူရမည်။

(ဂ) ဤပုဒ်မအရ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ ဥပဒေနှင့်အညီ လွှဲပြောင်းရောက်ရှိသွားသော ပစ္စည်း တစ်ရပ်ရပ်အတွက် သင့်လျော်သည့် အစားထိုးပစ္စည်းကို လူမွဲကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ကိုယ်စားဖြစ် စေ ဝယ်ယူရာ၌ လူမွဲပိုင်ပစ္စည်းတွင် ပါဝင်သည့် ငွေကြေးမှ ပေးချေရမည်။ ယုံမှတ်အပ်နှံခြင်းခံရသူ၏ အပေါ်တွင် တင်ရှိနေသော ဤပုဒ်မခွဲအရ ပေးချေရန် တာဝန်သည် လူမွဲပိုင်ပစ္စည်းများကို ရထိုက်ခွင့် ရှိသူများထံသို့ ခွဲဝေပေးရာတွင် လုပ်ဆောင်ရန် တင်ရှိနေသော အခြားသော ပေးရန်တာဝန်များ အနက်မှ ဦးစားပေးတာဝန်ဖြစ်စေရမည်။

(ဃ) ဤပုဒ်မအလို့ငှာ ပစ္စည်းတစ်ခု၏ လိုအပ်ချက်များကို အခြားပစ္စည်းတစ်ခုက ကျိုးကြောင်းဆီ လျော်စွာ လုံလုံလောက်လောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုရှိလျှင် ထိုပစ္စည်းသည် အခြားပစ္စည်း တစ်ရပ်အတွက် သင့်လျော်သော အစားထိုးပစ္စည်းဖြစ်သည်ဟု မှတ်ယူရမည်။

ပုဒ်မ ၂၈၆ သို့မဟုတ် ၂၈၇ အရ အကြောင်းကြားစာ ပေးပို့ရမည့် ကာလသတ်မှတ်ချက်

၂၈၈။ (က) တရားရုံး၏ ခွင့်ပြုချက်အရမှတစ်ပါးအကြောင်းကြားစာကို အောက်ပါအခြေအနေများတွင် ပေးပို့ခြင်းမပြုရ-

(၁) ပုဒ်မ ၂၈၆ အရ ပစ္စည်းကို လူမွဲကလက်ရောက်ရယူပိုင်ဆိုင်ကြောင်း သို့မဟုတ် ဆက်ခံပိုင်ဆိုင် ကြောင်းကို ယုံမှတ်အပ်နှံခြင်းခံရသူက စတင်သိရှိသည့်နေ့မှစ၍ ၄၂ ရက်ကုန်ဆုံးသွားခြင်း၊

(၂) ပုဒ်မ ၂၈၇ အရ ထိုပစ္စည်းရှိကြောင်း ယုံမှတ်အပ်နှံခြင်းခံရသူ စတင်သိရှိသည့်နေ့မှစ၍ ၄၂ ရက် ကုန်ဆုံးသွားခြင်း။

(ခ) ဤပုဒ်မပါပြဋ္ဌာန်းချက်များအလို့ငှာ-

(၁) ထိုပစ္စည်းရှိကြောင်း ယုံမှတ်အပ်နှံခြင်းခံရသူမှ စတင်သိရှိသည်ဟုဆိုရာတွင် ပထမယုံမှတ် အပ်နှံ ခြင်းခံရသူက သိရှိခဲ့သည့်အချိန်သည် ၎င်းကို ဆက်ခံသောယုံမှတ်အပ်နှံခြင်းခံရသူက သိရှိသည့် အချိန် ဖြစ်သည်ဟု မှတ်ယူရမည်။

(၂) ပုဒ်မခွဲငယ် (၁) နှင့် မသက်ဆိုင်သောကိစ္စရပ်ဖြစ်ပါက၊ တစ်စုံတစ်ဦးမှ သိရှိခဲ့ခြင်းသည် ယုံမှတ် အပ်နှံခြင်းခံရသူအဖြစ် ခန့်ထားခြင်းမခံရမီ သိရှိခဲ့ခြင်းဖြစ်လျှင် ၎င်းအားခန့်ထားသည့်နေ့တွင်မှသာ သိရှိကြောင်းနှင့် တရားဝင်ပစ္စည်းထိန်းအား ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်ထားခြင်းဖြစ်လျှင် ထိုသို့ ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ် ခန့်ထားသည့်အချိန်တွင်မှ သိရှိသည်ဟု မှတ်ယူရမည်။

လူမွဲ၏ဝင်ငွေများမှ ကြွေးမြီများကို ပေးဆပ်စေရန် အမိန့်ချမှတ်ခြင်း

၂၈၉။ (က) ဤပုဒ်မအရ တရားရုံးက အမိန့်ချမှတ်ရာတွင် ထိုအမိန့်အတည်ဖြစ်နေသည့် အချိန် ကာလအတွင်း လူမွဲ၏ ဝင်ငွေများအနက်မှ တရားရုံးကသတ်မှတ်သော ပမာဏကို လူမွဲပိုင်ပစ္စည်း စာရင်းတွင် ထည့်သွင်း၍ လူမွဲ၏ ကြွေးမြီအတွက် ပေးဆပ်စေရန် ညွှန်ကြားနိုင်သည်။

(ခ) ထိုဝင်ငွေမှပေးဆောင်ရန်အမိန့်ကို လူမွဲဖြစ်မှုရပ်စဲခြင်းမရှိမီ ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရသာချမှတ်နိုင်သည်။

(ဂ) ထိုသို့အမိန့်ချမှတ်ရာတွင် လူမွဲနှင့် ၎င်းမိသားစု၏ စားဝတ်နေရေးအတွက် ကျိုးကြောင်း ဆီလျော်သည့် ငွေပမာဏထက် လျော့နည်းစေသည်အထိ ဝင်ငွေများမှ ပေးဆပ်စေသည့်အမိန့်ကို ချမှတ်ခြင်းမပြုရ။

(ဃ) ဤပုဒ်မအရ အောက်ပါအမိန့်တစ်ရပ်ရပ်ချမှတ်နိုင်သည်-

(၁) ထိုအမိန့်တွင် သတ်မှတ်ထားသည့် ငွေပမာဏကို လူမွဲက ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ ပေးချေ စေခြင်း၊

(၂) တစ်ဦးတစ်ယောက်က လူမွဲထံသို့ ပေးရန်ရှိသော ထိုငွေပမာဏကို လူမွဲထံသို့ ပေးချေခြင်း မပြု စေဘဲ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ တိုက်ရိုက်ပေးချေစေခြင်း။

(င) ဤပုဒ်မအရ အမိန့်ချမှတ်ရာတွင် တရားရုံးသည် လူမွဲ၏ ဝင်ငွေအပေါ်တရားမကျင့်ထုံးဥပဒေအရ ဝရမ်းကပ်ထားသော အမိန့်အားကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်းပြုနိုင်သည်။

(စ) ဤပုဒ်မပါအမိန့်အရ ယုံမှတ်အပ်နှံခြင်းခံရသူက လက်ခံရရှိထားသော ငွေပမာဏအား လူမွဲပိုင် ပစ္စည်းအဖြစ် မှတ်ယူရမည်။

(ဆ) ဤပုဒ်မအရချမှတ်သော ဝင်ငွေများမှ ပေးဆပ်စေသည့် တရားရုံးအမိန့်တွင် ထိုအမိန့် အတည် ဖြစ် အကျိုးသက်ရောက်မှုရှိရမည့်ကာလကို ထည့်သွင်းဖော်ပြသတ်မှတ်ရမည်ဖြစ်ပြီး ထိုသက်တမ်း ကာလသည် ထိုအမိန့်ချမှတ်သည့်နေ့မှ ၃ နှစ်ထက်ကျော်လွန်ခြင်း မရှိစေရ။

(ဇ) လူမွဲအားလူမွဲဖြစ်မှု ရပ်စဲခြင်းမပြုမီဖြစ်စေ၊ ရပ်စဲပြီးနောက်တွင်ဖြစ်စေ ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် လူမွဲ၏လျှောက်ထားချက်အရ တရားရုံးသည် ဤပုဒ်မအရ ချမှတ်ခဲ့သော ဝင်ငွေမှ ပေးဆပ် စေသည့် အမိန့်ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။

(ဈ) ဤပုဒ်မအလို့ငှာ လူမွဲ၏ ဝင်ငွေဟုဆိုရာတွင် စီးပွားရေးလုပ်ငန်းတစ်ရပ် လုပ်ကိုင်ဆောင်ရွက်မှု နှင့် စပ်လျဉ်းသည့် ငွေပေးချေမှုတစ်ရပ်ရပ် သို့မဟုတ် ရာထူးတစ်ရပ် သို့မဟုတ် အလုပ်အကိုင်တစ်ရပ် နှင့် စပ်လျဉ်းသည့် ငွေပေးချေမှုတစ်ရပ်နှင့် ပင်စင်အစီအစဉ်တစ်ရပ်အရ ငွေပေးချေမှုတစ်ရပ် အပါ အဝင် အခါအားလျော်စွာ လူမွဲက ရထိုက်ခွင့်ရှိသော ဝင်ငွေသဘောသဘာဝရှိသည့် ငွေပေးချေမှု အားလုံးပါဝင်သည်။

ဝင်ငွေမှ ပေးဆပ်စေရန် သဘောတူစာချုပ်

၂၉၀။ (က) ဤပုဒ်မအရ ဝင်ငွေမှ ပေးဆပ်စေရန် သဘောတူစာချုပ်ဆိုသည်မှာ အောက်ပါကိစ္စရပ် တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လူမွဲနှင့် ၎င်း၏ ယုံမှတ်အပ်နှံခြင်းခံရသူတို့အကြား သို့မဟုတ် လူမွဲနှင့် တရားဝင် ပစ္စည်းထိန်းတို့အကြား စာဖြင့်ရေးသားချုပ်ဆိုသည့် သဘောတူညီချက်ကို ဆိုသည်-

(၁) သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း လူမွဲမှရရှိလာသော ဝင်ငွေများအနက်မှ သတ်မှတ်ထားသောငွေပမာဏ သို့မဟုတ် အချိုးအစားတစ်ရပ်နှင့်ညီမျှသော ငွေပမာဏကို ယုံမှတ် အပ်နှံခြင်းခံရသူ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းအား ပေးဆပ်ခြင်း၊

(၂) သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း လူမွဲထံသို့ တစ်စုံတစ်ဦးက ပေးဆပ်ရန်ရှိသော ငွေများအနက်မှ သတ်မှတ်ထားသော ငွေပမာဏ သို့မဟုတ် အချိုးအစားတစ်ရပ်နှင့် ညီမျှသော ငွေပမာဏကို ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် တရားဝင်ပစ္စည်းထိန်းအား ပေးဆပ်စေခြင်း။

(ခ) ပုဒ်မခွဲ (က) ပါ သဘောတူညီချက်များအား ဝင်ငွေမှပေးဆပ်စေသည့် အမိန့်တစ်ရပ်ဖြစ်ဘိ သကဲ့သို့ ဥပဒေနှင့်အညီ အတည်ပြုဆောင်ရွက်နိုင်သည်။

(ဂ) ပုဒ်မခွဲ (က) ပါ သဘောတူစာချုပ် အတည်ဖြစ်နေသည့်ကာလအတွင်း တရားရုံးသည် လူမွဲ၏ ဝင်ငွေအပေါ် တရားမကျင့်ထုံးဥပဒေအရ ဝရမ်းကပ်ထားသောအမိန့်အား ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်းပြုနိုင်သည်။

(ဃ) ပုဒ်မ ၂၈၉ ပုဒ်မခွဲ (စ) နှင့် (ဈ) တို့ပါ ပြဋ္ဌာန်းချက်များသည် ဝင်ငွေမှ ပေးဆပ်စေသည့် အမိန့် အပေါ်အကျိုးသက်ရောက်သကဲ့သို့ ဝင်ငွေမှပေးဆပ်စေရန် သဘောတူစာချုပ် အပေါ်တွင်လည်း အကျိုးသက်ရောက်စေရမည်။

(င) ပုဒ်မခွဲ (က) ပါ သဘောတူစာချုပ်တွင် ထိုသဘောတူညီချက်အတည်ဖြစ် အကျိုးသက်ရောက် မှုရှိရမည့်ကာလကို ထည့်သွင်းဖော်ပြသတ်မှတ်ရမည်ဖြစ်ပြီး ထိုသက်တမ်း ကာလသည် ထိုသဘောတူ စာချုပ်ချုပ်ဆိုသည့်နေ့မှ ၃ နှစ်ထက် ကျော်လွန်ခြင်းမရှိစေရ။

(စ) ပုဒ်မခွဲ (က) ပါ သဘောတူစာချုပ်ကို အောက်ပါအခြေအနေတစ်ရပ်ရပ်အရ ပုဒ်မခွဲ (င) နှင့် အညီ ပြင်ဆင်ပြောင်းလဲနိုင်သည်-

(၁) သက်ဆိုင်သူများက စာဖြင့်ရေးသားထားသော သဘောတူညီချက်အရ ပြင်ဆင်ခြင်း၊

(၂) လူမွဲ သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် တရားဝင်ပစ္စည်းထိန်း၏ လျှောက်ထားချက် အရ တရားရုံးအမိန့်ဖြင့် ပြင်ဆင်ခြင်း။

(ဆ) ပုဒ်မခွဲ (စ) ပုဒ်မခွဲငယ် (၂) အရ ထိုသဘောတူစာချုပ်ကို ပြင်ဆင်ရာတွင် တရားရုံးသည်-

(၁) ဝင်ငွေမှပေးဆပ်စေရန်အမိန့်တွင် ထည့်သွင်းချမှတ်နိုင်ခြင်းမပြုနိုင်သည့် စည်းမျဉ်းသတ်မှတ် ချက်များကို ထည့်သွင်းရန် ပြင်ဆင်ခြင်းမပြုရ၊

(၂) သို့ရာတွင် ပုဒ်မ ၂၈၉ ပုဒ်မခွဲ (ဂ) အရ အကျိုးသက်ရောက်မှုကို ရှောင်ရှားရန်အတွက် ပြင်ဆင် ရန်လိုအပ်သည်ဟု ထင်မြင်ယူဆသော အတိုင်းအတာအထိ ဝင်ငွေများပေးဆောင်ရန် သဘောတူ စာချုပ်ကို ပြင်ဆင်ရန်ခွင့်ပြုနိုင်သည်။

ယုံမှတ်အပ်နှံခြင်းခံရသူက ကြပ်မတ်ခြင်း

၂၉၁။ (က) ခန့်အပ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် ယုံမှတ်အပ်နှံခြင်းခံရသူသည် လူမွဲ၏ ပစ္စည်းများ သို့မဟုတ် လုပ်ငန်းကိစ္စများ၊ ပိုင်ဆိုင်သောအရာများ သို့မဟုတ် ၎င်း၏ကြပ်မတ်မှု သို့မဟုတ် ၎င်း၏ လက်ဝယ်တွင်ရှိသော အရာများနှင့်စပ်လျဉ်းသည့် စာအုပ်စာတမ်းများနှင့် အခြားမှတ်တမ်းများကို လက်ရောက်ရယူရမည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူက ဤပုဒ်မအရ စာအုပ်စာတမ်းများနှင့် အခြားမှတ်တမ်းများကို လက်ရောက်ရယူခြင်းအပေါ် လူမွဲကအခွင့်အရေး တစ်စုံတစ်ရာ တောင်းဆိုခွင့်မရှိစေရ။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူက လူမွဲပိုင်ပစ္စည်းအားလက်ဝယ်ထားခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်း ပြုရာ၌ တရားရုံးမှ ခန့်အပ်သောပစ္စည်းထိန်း တစ်ဦးကဲ့သို့ မှတ်ယူရမည့်အပြင် ထိုလက်ဝယ် ထားရှိ ခွင့် သို့မဟုတ် ထိန်းသိမ်းခွင့်ကိုရရှိစေရန် တရားရုံးက အတည်ပြု ဆောင်ရွက်ပေးနိုင်သည်။

(ဃ) လူမွဲပိုင်ပစ္စည်း၌ ကုမ္ပဏီတစ်ခုရှိ စတော့ရှယ်ယာ သို့မဟုတ် ရှယ်ယာများဖြစ်စေ၊ သင်္ဘောပိုင် ဆိုင်မှု ရှယ်ယာများဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် ရုံး သို့မဟုတ် လူတစ်ဦး၏ စာအုပ်စာတမ်းများတွင် ရှိသည့် လွှဲပြောင်းနိုင်သော ပစ္စည်းတစ်ရပ်ရပ်ဖြစ်စေ ပါဝင်နေသည့်အခါ ယုံမှတ်အပ်နှံခြင်းခံရသူ သည် မြီစားက လူမွဲအဖြစ်ခံယူခြင်းမပြုခဲ့လျှင် ၎င်းအနေဖြင့် ကျင့်သုံးဆောင်ရွက်နိုင်မည်ဖြစ်သော တူညီသည့် လုပ်ပိုင်ခွင့် အတိုင်းအတာအထိ ထိုပစ္စည်းအား လွှဲပြောင်းရန် အခွင့်အရေးကို ကျင့်သုံး ဆောင်ရွက်နိုင်သည်။

(င) လူမွဲပိုင်ပစ္စည်း၏ အစိတ်အပိုင်းတစ်ရပ်တွင် ဥပဒေအရ အတည်ပြုဆောင်ရွက်နိုင်သော အခွင့် အရေးတစ်ရပ်ရပ် ပါဝင်နေလျှင် ယင်းတို့သည် ယုံမှတ်အပ်နှံခြင်းခံရသူထံ ဥပဒေနှင့်အညီ လွှဲပြောင်း ရောက်ရှိသွားပြီဖြစ်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် ထိုသို့ ယုံမှတ်အပ်နှံခြင်းခံရသူ၏ ဦးစားပေးခံရ မှုကို ကာကွယ်ရန်အတွက် လွှဲပြောင်းရောက်ရှိမှုသည် လူမွဲကိုယ်တိုင်ထံမှ လွှဲပြောင်းရရှိသည့်ကိစ္စ၌ လိုအပ်သည့်အခါမှ တစ်ပါးအကြောင်းကြားရန် လိုအပ်ခြင်းမရှိစေရ။

(စ) လူမွဲပိုင်ပစ္စည်းတွင် ပါဝင်နေသော ကုန်စည်တစ်ရပ်ကို တစ်စုံတစ်ဦးက အပေါင်ပစ္စည်း သို့မဟုတ် အခြားအာမခံပစ္စည်းအဖြစ် ကိုင်ဆောင်လက်ဝယ်ထားရှိပြီး ပုဒ်မ ၂၇၁ ပုဒ်မခွဲ (င) အရ ယင်းပစ္စည်း နှင့် စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူက အကြောင်းကြားစာပေးပို့ခဲ့ခြင်းမရှိသည့်ကိစ္စတွင် ယုံမှတ် အပ်နှံခြင်းခံရသူသည် ထိုကုန်စည်နှင့်စပ်လျဉ်း၍ လူမွဲ၏ ပြန်လည်ရွေးနုတ်ခွင့်ကို ကျင့်သုံးဆောင် ရွက်နိုင်သည်။

ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လွှဲပြောင်းပေးရန်တာဝန်

၂၉၂။ (က) ယုံမှတ်အပ်နှံခြင်းခံရသူက လက်ရောက်ရယူရန် သတ်မှတ်ထားသည့် ပစ္စည်းများ၊ စာအုပ် စာတမ်းများနှင့် အခြားမှတ်တမ်းများကို အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးက လက်ဝယ်ရယူထိန်းသိမ်း ထားလျှင် ထိုသူသည် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လက်ရောက်ပေးအပ်ရမည်-

(၁) တရားဝင်ပစ္စည်းထိန်း၊

(၂) ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ်မှရပ်စဲခြင်းခံရသူ၊

(၃) ဤဥပဒေအပိုင်း (၆) ပါ ပြဋ္ဌာန်းချက်များအရ ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားခြင်းမရှိသည့် မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းတစ်ရပ်ဖြစ်သည့် လူမွဲနှင့်ပတ်သက်၍ ပြန်လည်ထူ ထောင်ရေးအကြံပေးအဖြစ် ဆောင်ရွက်နေသူ။

(ခ) ဘဏ်လုပ်ငန်းရှင်ဖြစ်စေ၊ လူမွဲအတွက် ၎င်း၏ကိုယ်စားပစ္စည်းတစ်ရပ်ရပ်ကို ကိုင်ဆောင်ထားသူ သို့မဟုတ် ၎င်း၏အေးဂျင့်သည် ၎င်း၏လက်ဝယ် သို့မဟုတ် ၎င်းထိန်းသိမ်းမှုအောက်တွင်ရှိသော လူမွဲပိုင်ပစ္စည်း၏ အစိတ်အပိုင်းအဖြစ်ရှိနေသည့်အရာများနှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူမွဲ သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူကို ဆန့်ကျင်၍ လက်ဝယ်ထားခွင့်မရှိသော ပစ္စည်းများအားလုံးကို ယုံမှတ် အပ်နှံခြင်းခံရသူထံသို့ လက်ရောက်လွှဲပြောင်းပေးအပ်ရမည်။

(ဂ) မည်သူမဆို ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်မရှိဘဲ ဤပုဒ်မပါ တာဝန်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ဤဥပဒေပါ ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည့်အပြင် တရားရုံး မထေမဲ့မြင်ပြုမှုဖြင့်လည်း အရေးယူခြင်းခံထိုက်စေရမည်။

လူမွဲ၏နေအိမ်အပေါ်တွင် ကြွေးမြီတာဝန်တင်ရှိခြင်း

၂၉၃။ (က) လူမွဲ သို့မဟုတ် ၎င်း၏လက်ရှိအိမ်ထောင်ဖက် သို့မဟုတ် ၎င်း၏ယခင်အိမ်ထောင်ဖက် တစ်ဦးဦးက လက်ရှိနေထိုင်လျက်ရှိသော နေအိမ်ဥပစာသည် လူမွဲပိုင်ပစ္စည်းတွင် ပါဝင်နေပြီး ထိုပစ္စည်းကို ယုံမှတ်အပ်နှံခြင်းခံရသူက လတ်တလောထုခွဲရောင်းချခြင်း မပြုနိုင်သည့် အနေအထား တွင် ယုံမှတ်အပ်နှံခြင်းခံရသူသည် ထိုပစ္စည်းအပေါ်တွင် ကြွေးမြီတာဝန်တင်ရှိကြောင်း အမိန့်ချမှတ် ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားသဖြင့် တရားရုံးက ဤပုဒ်မအရ အမိန့်တစ်ရပ်ချမှတ်လျှင် ထိုကြွေးမြီတာဝန်မှရရှိမည့် အကျိုးအမြတ်သည် လူမွဲပိုင်ပစ္စည်းတွင် ပါဝင်စေရမည်ဖြစ်ပြီး ထိုပစ္စည်း ထဲမှ တာဝန်တင်ရှိနေသည့် ကြွေးမြီပမာဏကို အခြားသောနည်းဖြင့် ပေးဆပ်နိုင်စွမ်းမရှိလျှင် ထို အကျိုးအမြတ်ကို အခါအားလျော်စွာ အတည်ပြုဆောင်ရွက်နိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) တွင်ပါရှိသောပစ္စည်းပေါ်တွင် တာဝန်တင်ရှိနေသည့် ကြွေးမြီပမာဏဆိုသည်မှာ ထို အမိန့်ချမှတ်သည့်နေ့ရက်တွင် ထိုပစ္စည်း၌ တင်ရှိနေသော ကြွေးမြီအဖြစ် ယင်းအမိန့်၌ ဖော်ပြပါရှိ သော ကြွေးမြီပမာဏကို ဆိုလိုသည်။

(ဃ) ယုံမှတ်အပ်နှံခြင်းခံရသူထံ တရားဝင် လွှဲပြောင်းရောက်ရှိကြောင်း ဤပုဒ်မအရ ချမှတ်သော အမိန့်တွင် ထိုပစ္စည်းနှင့်စပ်လျဉ်း၍ တင်ရှိနေသည့် ကြွေးမြီတာဝန်နှင့် ယခင်ကတင်ရှိနေသည့် ကြွေးမြီတာဝန်များကို ဖြေရှင်းဆောင်ရွက်ပြီးသည့်အခါ ထိုပစ္စည်းသည် ယုံမှတ်အပ်နှံခြင်းခံရသူက ထိန်းသိမ်းထားသော လူမွဲပိုင်ပစ္စည်းစာရင်းမှ ရပ်စဲပြီး လူမွဲထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ကြောင်း ဖော်ပြရမည်။

လက်ဝယ်ရယူရန် သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိထားရန်အတွက် လျှောက်ထားခြင်းနှင့် နေအိမ် တန်ဖိုးလျော့နည်းနေခြင်း

၂၉၄။ (က) လူမွဲဖြစ်မှု စတင်သည့်နေ့ရက်၌ လူမွဲ သို့မဟုတ် ၎င်း၏လက်ရှိအိမ်ထောင်ဖက် သို့မဟုတ် ၎င်း၏ ယခင်အိမ်ထောင်ဖက် တစ်ဦးဦးက အဓိကအားဖြင့် တစ်ခုတည်းသော နေထိုင်ရာ နေအိမ် အဖြစ် နေထိုင်လျက်ရှိသော ဥပစာတစ်ခုတွင်ရှိသည့် အကျိုးခံစားခွင့်တစ်ရပ်သည် လူမွဲပိုင်ပစ္စည်းတွင် ပါဝင်နေပြီး ထိုပစ္စည်းကို ရောင်းချရန် သို့မဟုတ် လက်ရောက်ရရှိရန်အတွက် အမိန့်တစ်ရပ်ချမှတ် ပေးရန် သို့တည်းမဟုတ် ထိုပစ္စည်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၂၉၃ အရ အမိန့်တစ်ရပ်ချမှတ်ပေးရန် ယုံမှတ်အပ်နှံခြင်းခံရသူက လျှောက်ထားသည့်အခါ ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) ထိုပစ္စည်း၌ လူမွဲပိုင် အကျိုးခံစားခွင့်တန်ဖိုးသည် ဤပုဒ်မအလို့ငှာ နည်းဥပဒေများဖြင့် ပြဋ္ဌာန်း သတ်မှတ်သော ပမာဏထက်လျော့နည်းနေလျှင် တရားရုံးသည် တင်သွင်းသောလျှောက်လွှာကို ပလပ်ရမည်။

ယုံမှတ်အပ်နှံခြင်းခံရသူ၏ လုပ်ပိုင်ခွင့်များ

၂၉၅။ (က) ယုံမှတ်အပ်နှံခြင်းခံရသူသည် မြီရှင်များကော်မတီ သို့မဟုတ် တရားရုံး၏ ခွင့်ပြုချက်ဖြင့် အောက်ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်-

(၁) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ချိုးဖောက်ဆန့်ကျင်ခြင်းမရှိစေဘဲ လုပ်ငန်းကို အကျိုးရှိစွာဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းနိုင်စေရန်အတွက် ယုံမှတ်အပ်နှံခြင်းခံရသူက လူမွဲ၏စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်ကို ဆက်လက်လည်ပတ်စေရန် ဆောင်ရွက်ပိုင်ခွင့်၊

(၂) လူမွဲပိုင်ပစ္စည်းတွင် ပါဝင်သောပစ္စည်းနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခွင့်၊ တရားစွဲဆိုခွင့် သို့မဟုတ် ခုခံချေပခွင့်၊

(၃) ပုဒ်မ ၃၆၀ သို့မဟုတ် ၃၆၁ အရ တရားစွဲဆိုဆောင်ရွက်ခွင့်၊

(၄) လူမွဲပိုင်ပစ္စည်းတွင်ပါဝင်သော ပစ္စည်းတစ်ရပ်ကို ရောင်းချရာတွင် မြီရှင်များကော်မတီ သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်းသတ်မှတ်ထားသော စည်းကမ်းချက်များကို မဆန့်ကျင် စေဘဲ နောင်အနာဂတ်တွင် ရရှိလာမည့် ငွေကြေးပမာဏတစ်ရပ်ကို အဖိုးစားနားအဖြစ် လက်ခံပိုင်ခွင့်၊

(၅) လူမွဲ၏ကြွေးမြီများကို ပေးဆပ်ရန်အတွက် ငွေကြေးရရှိစေရန်အလို့ငှာ လူမွဲပိုင်ပစ္စည်းတွင် ပါဝင်သော ပစ္စည်းအစိတ်အပိုင်းကို တစ်နည်းနည်းဖြင့် ပေါင်နှံခွင့်၊

(၆) အခွင့်အရေး၊ ရွေးချယ်ပိုင်ခွင့် သို့မဟုတ် အခြားလုပ်ပိုင်ခွင့် တစ်ရပ်ရပ်သည် လူမွဲပိုင်ပစ္စည်းတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေသည့်ကိစ္စ၌ ယင်းအခွင့်အရေး၊ ရွေးချယ်ပိုင်ခွင့် သို့မဟုတ် အခြားလုပ်ပိုင်ခွင့်ပါရှိသည့် ပစ္စည်းတစ်ရပ်ကို မြီရှင်များ၏ အကျိုးစီးပွားအတွက် ရယူရန်အလို့ငှာ ပေးချေပိုင်ခွင့် သို့မဟုတ် တာဝန်ယူပိုင်ခွင့်၊

(၇) လူမွဲ၏ ကြွေးမြီများနှင့်စပ်လျဉ်း၍ မြီရှင်များ သို့မဟုတ် မြီရှင်အဖြစ် တောင်းဆိုနေသူများနှင့် သင့်သည်ထင်မြင်သည့်အတိုင်း ညှိနှိုင်းဖြေရှင်းပိုင်ခွင့် သို့မဟုတ် အခြားနည်းဆောင်ရွက်ပိုင်ခွင့်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် မြီရှင်များကော်မတီ သို့မဟုတ် တရားရုံး၏ ခွင့်ပြုချက်ရယူရန် မလိုဘဲ အောက်ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်-

(၁) စီးပွားရေးလုပ်ငန်းတစ်ခု၏ ရရန်ရှိသော ကြွေးမြီများနှင့် လူမွဲပိုင်ပစ္စည်းများတွင် ပါဝင်နေသော ပစ္စည်းအစိတ်အပိုင်းတစ်ရပ်ရပ်ကို ရောင်းချခွင့်၊

(၂) လူမွဲနှင့် ထိုလူမွဲသို့ပေးရန် တာဝန်ရှိသူတို့အကြားတည်ရှိသော သို့မဟုတ် တည်ရှိသည်ဟု အဆိုရှိ သော ကြွေးမြီ သို့မဟုတ် တောင်းဆိုချက် သို့မဟုတ် ပေးရန်တာဝန်များနှင့်စပ်လျဉ်း၍ သဘောတူ သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ညှိနှိုင်းဖြေရှင်းပိုင်ခွင့် သို့မဟုတ် အနုညာတ စီရင်ဆုံး ဖြတ်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းရန် လွှဲအပ်နိုင်ခွင့်၊

(၃) ယုံမှတ်အပ်နှံခြင်းခံရသူအပေါ်တွင် တစ်စုံတစ်ဦးကဖြစ်စေ သို့မဟုတ် ထိုသူအပေါ် ယုံမှတ် အပ်နှံခြင်းခံရသူကဖြစ်စေ ပြုလုပ်သော သို့မဟုတ် ပြုလုပ်ခြင်းခံရနိုင်သော လူမွဲပိုင်ပစ္စည်းမှ ပေါ်ပေါက်သည့် သို့မဟုတ် ယင်းတို့မှ ဆက်စပ်ပေါ်ပေါက်လာသည့် တောင်းဆိုချက်တစ်ရပ်နှင့် စပ်လျဉ်း၍ သင့်လျော်မည်ဟု ယူဆသည့်အတိုင်း ညှိနှိုင်းဖြေရှင်းပိုင်ခွင့် သို့မဟုတ် အခြားနည်း ဆောင်ရွက်ပိုင်ခွင့်၊

(၄) လက်ခံရရှိသော ငွေပေးချေမှုတစ်ရပ်အတွက် ထိုပေးချေသူအား ယင်းသို့ ပေးချေမှုနှင့်စပ်လျဉ်း ၍ ငွေရပြေစာများကို ထုတ်ပေးပိုင်ခွင့်၊

(၅) လူမွဲပိုင်ပစ္စည်းတွင်ပါဝင်သည့် ၎င်းရရန်ရှိသော ကြွေးမြီများနှင့်စပ်လျဉ်း၍ သက်သေထင်ရှား ပြသခြင်း သို့မဟုတ် ဦးစားပေးအဆင့် သတ်မှတ်ခြင်း သို့မဟုတ် တောင်းခံခြင်းနှင့် အမြတ်ငွေများကို ထုတ်ယူစေခြင်းပြုပိုင်ခွင့်။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူသည် မြီရှင်များကော်မတီ သို့မဟုတ် တရားရုံး၏ ခွင့်ပြုချက်ဖြင့် လူမွဲ အား အောက်ပါတာဝန်များကို ထမ်းဆောင်ရန်ခန့်အပ်နိုင်သည်-

(၁) လူမွဲအား၎င်းပိုင်ဆိုင်သောပစ္စည်း သို့မဟုတ် ယင်း၏အစိတ်အပိုင်းကို စီမံခန့်ခွဲရာတွင် ကြီးကြပ် ဆောင်ရွက်စေခြင်း၊

(၂) လူမွဲအား ၎င်းပိုင်စီးပွားရေးလုပ်ငန်းများကို မြီရှင်များ၏ အကျိုးစီးပွားအတွက် ဆက်လက်လုပ် ကိုင်စေခြင်း၊

(၃) ယုံမှတ်အပ်နှံခြင်းခံရသူက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ လူမွဲပိုင်ပစ္စည်းများကို စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေသည့် အခြားတာဝန်များကို ပေးအပ်ခြင်း။

(ဃ) ပုဒ်မခွဲ (က) သို့မဟုတ် (ဂ) အရပေးသည့် ခွင့်ပြုချက်သည် ကိစ္စရပ်များအားလုံးအတွက် မဟုတ်ဘဲ သီးခြားကိစ္စရပ်တစ်ခုတွင် ကျင့်သုံးဆောင်ရွက်ရန်အတွက်သာဖြစ်ရမည်။ သို့ရာတွင် ထိုယုံ မှတ်အပ်နှံခြင်းခံရသူနှင့် လုပ်ငန်းများကို သဘောရိုးဖြင့် တန်ရာတန်ဖိုးပေး၍ ဆက်သွယ်လုပ်ကိုင် ခဲ့သူအနေဖြင့် ထိုယုံမှတ်အပ်နှံခြင်းခံရသူတွင် လုပ်ပိုင်ခွင့် ရှိ မရှိ နှင့် ခွင့်ပြုချက်ရရှိပြီး ဖြစ် မဖြစ် မေး မြန်းစုံစမ်းရန် မလိုအပ်စေရ။

(င) ပုဒ်မခွဲ (က) သို့မဟုတ် (ဂ) အရ လိုအပ်သော ခွင့်ပြုချက်ကို တောင်းခံခြင်းမပြုဘဲ ဆောင်ရွက် ခဲ့ရာတွင် ထိုသို့ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များကို အတည်ပြုပေးရန်နှင့် ကုန်ကျစရိတ်များကို လူမွဲပိုင် ပစ္စည်းများအနက်မှ ပေးချေခွင့်ပြုရန် တရားရုံး သို့မဟုတ် မြီရှင်များကော်မတီသို့ တင်ပြနိုင်သည်။ ထိုသို့ တင်ပြရာတွင် ၎င်းက အရေးပေါ်အနေအထားအရ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် နှောင့် နှေးကြန့်ကြာမှုများမရှိဘဲ တင်ပြခဲ့ကြောင်း ပေါ်ပေါက်ခြင်းမရှိလျှင် ထိုတင်ပြချက်ကို အတည်မပြုရ။

(စ) တရားဝင်ပစ္စည်းထိန်းမဟုတ်သော ယုံမှတ်အပ်နှံခြင်းခံရသူသည် ဤအပိုင်းပါလုပ်ပိုင်ခွင့် အာဏာများကို ကျင့်သုံး၍ လူမွဲနှင့်တွဲဖက်လုပ်ကိုင်သူတစ်ဦးထံသို့ လူမွဲပိုင်ပစ္စည်းတွင်ပါဝင်သော ပစ္စည်းတစ်ရပ်ရပ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါက မြီရှင်များကော်မတီ (ရှိလျှင်) ထံသို့ ယင်းသို့ ဆောင်ရွက်ခဲ့ကြောင်း အကြောင်းကြားစာကို ပေးပို့ရမည်။

(ဆ) ယုံမှတ်အပ်နှံခြင်းခံရသူသည် သင့်တော်သည်ဟု ထင်မြင်ယူဆလျှင် မည်သည့်အချိန်တွင်မဆို မြီရှင်များအထွေထွေအစည်းအဝေးတစ်ရပ် ကျင်းပရန်ဆင့်ခေါ်နိုင်သည်။

(ဇ) တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော မြီရှင်များက တင်ပြတောင်းဆိုသည့်အပြင် ထိုသို့ တင်ပြ ရာတွင် ကြွေးမြီတန်ဖိုး စုစုပေါင်း၏ ဆယ်ပုံတစ်ပုံထက်မနည်းသော မြီရှင်များ၏ သဘောတူညီချက် ဖြင့် တင်ပြတောင်းဆိုခြင်းဖြစ်ပါက ယုံမှတ်အပ်နှံခြင်းခံရသူသည် မြီရှင်များအထွေထွေအစည်းအဝေး တစ်ရပ်ကို ကျင်းပရန် ဆင့်ခေါ်ရမည်။

(ဈ) ယုံမှတ်အပ်နှံခြင်းခံရသူက ၎င်းတွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာများအား နိုင်ငံတော် ပြင်ပတွင် ကျင့်သုံးဆောင်ရွက်ခြင်းကို ဤဥပဒေတွင်ပါရှိသည့် မည်သည့် ပြဋ္ဌာန်းချက်ကမျှ ကန့်သတ် ခြင်းမရှိစေရ။

ဝန်ထုပ်ဝန်ပိုးဖြစ်သည့်ပစ္စည်းကို ငြင်းပယ်ခြင်း
ဝန်ထုပ်ဝန်ပိုးဖြစ်သည့်ပစ္စည်းကို တာဝန်မယူကြောင်း ထုတ်ဖော်ကြေညာချက်

၂၉၆။ (က) ယုံမှတ်အပ်နှံခြင်းခံရသူသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည့် ပစ္စည်းကိုလက်ရောက်ရယူထားခဲ့ သော်လည်း သို့မဟုတ် ရောင်းချရန် ကြိုးစားခဲ့သော်လည်း သို့မဟုတ် ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ပိုင်ရှင်၏ အခွင့်အရေးများကို အခြားနည်းဖြင့် အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း ဤပုဒ်မအရ ဝန်ထုပ် ဝန်ပိုးဖြစ်သည့် ပစ္စည်းတစ်ခုခုကို တာဝန်မယူကြောင်း နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် ပုံစံ နှင့်အညီ အကြောင်းကြားစာပေးပို့ငြင်းဆိုနိုင်သည်။

(ခ) ဤပုဒ်မလို့ငှာ အောက်ပါတို့သည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ပစ္စည်းဖြစ်သည်-

(၁) အကျိုးအမြတ်မရှိသော ပဋိညာဉ်စာချုပ်၊

(၂) မရောင်းချနိုင်သော သို့မဟုတ် အလွယ်တကူ ရောင်းချခြင်းမပြုနိုင်သော လူမွဲပိုင်ပစ္စည်းများ သို့မဟုတ် ငွေကြေးပေးရန် တာဝန်တင်ရှိစေနိုင်သည့် သို့မဟုတ် အခြားဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည့် ပစ္စည်း။

(ဂ) ဤပုဒ်မအရ တာဝန်မယူကြောင်းထုတ်ဖော်ကြေညာခြင်းသည်-

(၁) တာဝန်မယူကြောင်းထုတ်ဖော်ကြေညာသည့်နေ့မှစ၍ လူမွဲတွင်ရှိမည့်အခွင့်အရေးများ၊ အကျိုး စီးပွားများနှင့် တာဝန်ရှိမှုများသည် ယင်းသို့ ထုတ်ဖော်ကြေညာသည့် ပစ္စည်း သို့မဟုတ် ပစ္စည်းနှင့် ဆက်နွှယ်၍ စတင်အကျိုးသက်ရောက်စေရမည်၊

(၂) ထို့ပြင် ယုံမှတ်အပ်နှံမှုစတင်သည့်အချိန်မှစ၍ လူမွဲပိုင်ပစ္စည်းများအပေါ် ယုံမှတ်အပ်နှံခြင်းခံရ သူသည် ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိမှုအားလုံးမှ ကင်းလွတ်စေရမည်။

သို့ရာတွင် လူမွဲ၊ ၎င်း၏ပစ္စည်းများနှင့် ယုံမှတ်အပ်နှံခြင်းခံရသူတို့အား တာဝန်ရှိမှုမှ စွန့်လွှတ်ရန် ရည်ရွယ်ချက်အလို့ငှာ လိုအပ်သည့်အခါမှတပါး အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ရှိမှုများကို မထိခိုက်စေရ။

(ဃ) ပုဒ်မ ၂၈၆ သို့မဟုတ် ပုဒ်မ ၂၈၇ အရ တောင်းခံခဲ့သည့် ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဤ ပုဒ်မအရ တာဝန်မယူကြောင်း အကြောင်းကြားစာကို တရားရုံး၏ ခွင့်ပြုချက်ဖြင့်မှအပ ထုတ်ဆင့်ခြင်း မပြုရ။

(င) ဤပုဒ်မအရ တာဝန်မယူကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းကြောင့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု ရှိသူမည်သူ့ကိုမဆို ၎င်းဆုံးရှုံးခဲ့မှု သို့မဟုတ် နစ်နာမှု၏ အတိုင်းအတာတစ်ခုအထိ ၎င်းအား လူမွဲ၏ မြီရှင်အဖြစ် မှတ်ယူရမည်ဖြစ်ပြီး ထိုသူ၏ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် လူမွဲမှုခင်းတွင် ကြွေးမြီအဖြစ် သက်သေခံအထောက်အထားအဖြစ် တင်ပြနိုင်သည်။

ယုံမှတ်အပ်နှံခြင်းခံရသူ၏ ဆုံးဖြတ်ချက်ကိုအကြောင်းကြားခြင်း

၂၉၇။ (က) အောက်ပါအခြေအနေများတွင် ပစ္စည်းတစ်ခုခုနှင့်စပ်လျဉ်း၍ ပုဒ်မ ၂၉၆ အရ တာဝန် မယူကြောင်း အကြောင်းကြားစာအား ထုတ်ဆင့်ပေးပို့ခြင်းမပြုရ-

(၁) ပစ္စည်းတွင် အကျိုးသက်ဆိုင်သူသည် ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် ၎င်းမတိုင်မီ ယုံမှတ် အပ်နှံခြင်းခံရသူအဖြစ် ဆောင်ရွက်ခဲ့သူများထံသို့ စာဖြင့်ရေးသား၍ တာဝန်မယူကြောင်း ကြေညာ ချက် ပြု မပြု ဆုံးဖြတ်ပေးရန် လျှောက်ထားခဲ့ခြင်း၊

(၂) ထို့ပြင် ထိုသို့ လျှောက်ထားမှုကို ပြုလုပ်သည့်နေ့မှ ၂၈ ရက် ကာလကျော်လွန်သည့်တိုင် ပုဒ်မ ၂၉၆ အရ ပစ္စည်းတစ်ရပ်နှင့်စပ်လျဉ်း၍ တာဝန်မယူကြောင်း ကြေညာချက်အား ထုတ်ဆင့်မှုမပြုခဲ့ ခြင်း။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ကို ငြင်းဆိုပိုင်ခွင့်မရှိပါက ဤပုဒ်မအရ ယင်းစာချုပ်ကို လက်ခံချုပ်ဆိုပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ငှားရမ်းသည့် ပစ္စည်းအပေါ် တာဝန်မယူကြောင်းငြင်းဆိုခြင်း

၂၉၈။ (က) ငှားရမ်းထားသည့် ပစ္စည်းတစ်ခုခုအပေါ် တာဝန်မယူကြောင်းငြင်းဆိုခြင်းသည် လူမွဲထံမှ ထပ်ဆင့်အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံသူ အသီးသီးထံသို့ တာဝန်မယူကြောင်း ငြင်းဆိုချက် မိတ္တူကို ပေးပို့ထားခြင်းမရှိပါက အကျိုးသက်ရောက်မှုမရှိစေရ။

(ခ) ထို့အပြင် ဤပုဒ်မခွဲအရ နောက်ဆုံးအကြောင်းကြားစာ ပေးအပ်သည့်နေ့မှ ၁၄ ရက်အတွင်း ထိုပစ္စည်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၀၀ အရ တင်ပြလျှောက်ထားမှု မရှိပါက အကျိုးသက်ရောက်မှု မရှိစေ ရ။ သို့ရာတွင် ယင်းကဲ့သို့ လျှောက်လွှာကို ပြုလုပ်ပြီးသော်လည်း တာဝန်မယူကြောင်း ငြင်းဆိုခြင်း သည် အကျိုးသက်ရောက်ရမည်ဟု တရားရုံးက ညွှန်ကြားနိုင်သည်။

(ဂ) တရားရုံးက ပုဒ်မခွဲ (ခ) အရ ညွှန်ကြားသည့်အခါ ပုဒ်မ ၃၀၀ အရ ချမှတ်ပေးသည့် အမိန့်အစား သို့မဟုတ် ယင်းအမိန့်တွင်ထည့်သွင်းလျက် အငှားချထားခြင်းနှင့်စပ်လျဉ်းသည့် အမြဲစွဲကပ်ထားသည့် ပစ္စည်းများ၊ အိမ်ငှား၏ တိုးတက်အောင်ဆောင်ရွက်မှုနှင့် အငှားချထားမှုမှပေါ်ပေါက်လာသည့် အခြား ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း အမိန့်ချမှတ်နိုင်သည်။

နေထိုင်သည့်အိမ်ဥပစာနှင့်စပ်လျဉ်း၍ တာဝန်မယူကြောင်းငြင်းဆိုခြင်း

၂၉၉။ (က) ပုဒ်မ ၃၀၀ ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်စေခြင်းမရှိဘဲ နေထိုင်သည့်အိမ်ဥပစာအပေါ် တာဝန်မယူကြောင်း ငြင်းဆိုချက်သည် ထိုအိမ်ဥပစာကို လက်ဝယ်ထားရှိသူများ သို့မဟုတ် ထိုအိမ် ဥပစာကို လက်ဝယ်ထားရှိရန် အခွင့်အရေးတောင်းဆိုသောသူများအပေါ် ချအပ်ခဲ့ခြင်းမရှိလျှင် ထို အကြောင်းကြားစာသည် အကျိုးသက်ရောက်မှု မရှိစေရ။

(ခ) ထို့ပြင် ဤပုဒ်မခွဲအရ နောက်ဆုံးအကြောင်းကြားစာ ပေးအပ်သည့်နေ့မှ ၁၄ ရက်အတွင်း ထိုပစ္စည်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၃၀၀ အရ တင်ပြလျှောက်ထားမှု မရှိပါက အကျိုးသက်ရောက်မှု မရှိစေ ရ။ သို့ရာတွင် ယင်းကဲ့သို့ လျှောက်လွှာကို ပြုလုပ်ပြီးသော်လည်း တာဝန်မယူကြောင်း ငြင်းဆိုခြင်း သည် အကျိုးသက်ရောက်ရမည်ဟု တရားရုံးက ညွှန်ကြားနိုင်သည်။

တာဝန်မယူကြောင်းငြင်းဆိုခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ အခွင့်အာဏာများ

၃၀၀။ (က) ယုံမှတ်အပ်နှံခြင်းခံရသူက ပုဒ်မ ၂၉၆ အရ ပစ္စည်းကို တာဝန်မယူကြောင်း ငြင်းဆိုသည် နှင့် တစ်ပြိုင်နက် ဤပုဒ်မနှင့် ပုဒ်မ ၃၀၁ ပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။

(ခ) ဤပုဒ်မအရ တရားရုံးသို့ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားနိုင်သည်-

(၁) တာဝန်မယူကြောင်း ငြင်းဆိုထားသည့်ပစ္စည်းတွင် အကျိုးသက်ဆိုင်မှုရှိသည်ဟု တောင်းဆိုသူ၊

(၂) တာဝန်မယူကြောင်းငြင်းဆိုထားသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ငြင်းဆိုချက်အရ ကင်းလွတ်ခွင့် ရသည့် တာဝန်မျိုးမဟုတ်သော တာဝန်တစ်ရပ်ရပ်တင်ရှိနေသူ၊

(၃) တာဝန်မယူကြောင်းငြင်းဆိုသည့်ပစ္စည်းသည် နေအိမ်ဥပစာတစ်ရပ်ဖြစ်သည့်အခါ လူမွဲခံယူ ခြင်းဆိုင်ရာ လျှောက်လွှာ တင်သွင်းထားချိန်၌ ထိုနေအိမ်ဥပစာကို လက်ဝယ်ထားရှိသူ သို့မဟုတ် လက်ဝယ်ထားရှိခွင့် တောင်းဆိုရန် အခွင့်အရေးရှိသူ။

(ဂ) တာဝန်မယူကြောင်း ငြင်းဆိုသည့်ပစ္စည်းကို အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးထံ အပ်နှင်းရန် သို့မဟုတ် လွှဲပြောင်းပေးအပ်ရန်အတွက် ဤပုဒ်မအရလျှောက်ထားသည့်အခါ တရားရုံးသည်သင့်သည် ထင်မြင် သည့် စည်းကမ်းချက်များသတ်မှတ်၍ အမိန့်ချမှတ်နိုင်သည်-

(၁) ယင်းပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသူ သို့မဟုတ် ထိုသူ၏ ယုံမှတ်အပ်နှံခြင်းခံရသူ၊

(၂) ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၂) တွင် ဖော်ပြထားသည့်တာဝန်ရှိမှုကို လိုက်နာရသူ သို့မဟုတ် ထိုသူ၏ ယုံမှတ်အပ်နှံခြင်းခံရသူ၊

(၃) တာဝန်မယူကြောင်း ငြင်းဆိုသည့်ပစ္စည်းသည် နေအိမ်ဥပစာတစ်ရပ်ဖြစ်သည့်အခါ လူမွဲခံခြင်း ဆိုင်ရာလျှောက်လွှာတင်သွင်းထားချိန်၌ ထိုနေအိမ်ဥပစာကို လက်ဝယ်ထားရှိသူ သို့မဟုတ် လက်ဝယ် ထားရှိခွင့် တောင်းဆိုရန် အခွင့်အရေးရှိသူ။

(ဃ) တာဝန်မယူကြောင်း ငြင်းဆိုချက်နှင့်စပ်လျဉ်းပြီး လိုက်နာရသူတစ်ဦးကို လျော်ကြေးပေးရန် ရည်ရွယ်၍ပြုလုပ်ပါက တရားမျှတမည်ဟု ထင်မြင်သည်မှတစ်ပါး တရားရုံးသည် ပုဒ်မခွဲ (ဂ) ပုဒ်မခွဲ ငယ် (၂) အရ အမိန့်ချမှတ်ခြင်းမပြုရ။

(င) တာဝန်မယူကြောင်းငြင်းဆိုမှုကြောင့် တစ်ဦးတစ်ယောက်ခံစားရသည့်ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု၏ အတိုင်းအတာကို ပုဒ်မ ၂၉၆ ပုဒ်မခွဲ (င) အရ ဆန်းစစ်ရာတွင် ဤပုဒ်မအရ ချမှတ်သည့် အမိန့်တစ်ရပ်၏ အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်။

(စ) ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးဦးထံ ပစ္စည်းအပ်နှင်းသည့် အမိန့်ချမှတ်ပါက ပစ္စည်းသည် တရားဝင် လွှဲပြောင်းရောက်ရှိသွားပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ပေးကမ်းခြင်း၊ တာဝန် ပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်ရန် မလိုအပ်စေရ။

ငှားရမ်းထားသည့်ပစ္စည်းကို တာဝန်မယူကြောင်း ငြင်းဆိုခြင်းနှင့်စပ်လျဉ်း၍ တရားရုံး၏ အခွင့်အာဏာ များ

၃၀၁။ (က) အောက်ပါသတ်မှတ်ချက်များ ပြုလုပ်သည်မှတစ်ပါး တရားရုံးသည် တစ်ဦးတစ်ယောက် ကို အငှားချထားသည့်ပစ္စည်းအား အပ်နှံစေရန် ပုဒ်မ ၃၀၀ အရ အမိန့်ချမှတ်ခြင်းမပြုရ-

(၁) လူမွဲခံယူခြင်းဆိုင်ရာ လျှောက်လွှာတင်သွင်းသည့်နေ့၌ ငှားရမ်းမှုနှင့်စပ်လျဉ်း၍ လူမွဲက လိုက်နာ ရသည့် တာဝန်ရှိမှုများနှင့် တာဝန်ယူမှုများအတိုင်း ထိုသူအား လိုက်နာဆောင်ရွက်စေသည့် စည်းကမ်း သတ်မှတ်ချက်များ သို့မဟုတ်

(၂) တရားရုံးက သင့်သည်ထင်မြင်ပါက လူမွဲခံယူခြင်းဆိုင်ရာ လျှောက်လွှာတင်သွင်းခဲ့သည့်နေ့၌ ငှားရမ်းမှုနှင့်စပ်လျဉ်း၍ ထိုသူအား လွှဲပြောင်းပေးအပ်ခဲ့မည်ဆိုလျှင် ထိုသူက လိုက်နာခဲ့ရမည်ဖြစ် သော တာဝန်ရှိမှုများနှင့် တာဝန်ယူမှုများအတိုင်း လိုက်နာဆောင်ရွက်စေသည့် စည်းကမ်းသတ်မှတ် ချက်များ။

(ခ) အငှားစာချုပ်တွင်ပါဝင်သည့် ပစ္စည်းတစ်ခုခု၏ တစ်စိတ်တစ်ဒေသအပေါ်တွင် ပုဒ်မ ၃၀၀ အရ ချမှတ်သောအမိန့်ပါ ပြဋ္ဌာန်းချက်များအလို့ငှာ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များသည် အငှားစာချုပ် တွင် အမိန့်နှင့် စပ်လျဉ်းသည့် ပစ္စည်းကိုသာ ပါဝင်သကဲ့သို့ အကျိုးသက်ရောက်သည်။

(ဂ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်ပြီး တစ်ဦးတစ်ယောက်သည် ထိုပုဒ်မခွဲအရ လိုအပ်သည့် သတ်မှတ် ချက်များနှင့်အညီ ချမှတ်သော ပုဒ်မ ၃၀၀ အရ အမိန့်ကို လက်ခံရန်ဆန္ဒမရှိသည့်အခါ တရားရုံးသည် ထိုပုဒ်မအရ ချမှတ်သည့် အမိန့်ဖြင့် လူမွဲပိုင်ပစ္စည်း သို့မဟုတ် ပစ္စည်းအပေါ်တွင် လူမွဲ၏ အကျိုး သက်ဆိုင်ခွင့်အား အငှားစာချုပ်ရှိ ငှားရမ်းသူ၏ သဘောတူညီချက်ကို ဆောင်ရွက်ရန်တာဝန်ရှိသူ တစ်ဦးဦးကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်အနေဖြင့်ဖြစ်စေ ဆောင်ရွက်စေနိုင်ပြီး ယင်းသို့ ဆောင်ရွက် ရာတွင် တစ်ဦးတည်းဖြစ်စေ၊ လူမွဲနှင့်ပူးတွဲ၍ဖြစ်စေ တာဝန်ပေးအပ်နိုင်သည်။

(ဃ) လူမွဲကြောင့်ဖြစ်ပေါ်လာသည့်ပစ္စည်းများ၊ အခွင့်အရေးများ၊ တာဝန်များနှင့် အကျိုးခံစားခွင့်များ အားလုံးမှ ကင်းလွတ်စေလျက် အဆိုပါပစ္စည်းနှင့် ယင်းအပေါ် အကျိုးခံစားခွင့်ကို တရားရုံးသည် ထိုသူထံသို့ အပ်နှင်းနိုင်သည်။

(င) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်ပြီး တစ်ဦးတစ်ယောက်သည် ပုဒ်မ ၃၀၀ အရ ချမှတ်သည့် အမိန့်ကို လက်ခံရန် ငြင်းဆိုသည့်အခါ ထိုသူအား ပစ္စည်းတွင် ရှိသည့် အကျိုးခံစားခွင့်အားလုံးမှ ဖယ်ထုတ်စေ ရမည်။

လူမွဲပိုင်ပစ္စည်းများကိုခွဲဝေပေးရန် တောင်းဆိုခြင်းနှင့် ခွဲဝေပေးခြင်း
ကြွေးမြီများကို သက်သေပြခြင်း

၃၀၂။ (က) လူမွဲပိုင်ပစ္စည်းအပေါ်တွင် အာမခံအကျိုးခံစားခွင့်ရ မြီရှင် သို့မဟုတ် အာမခံအကျိုးခံစား ခွင့်မရရှိသော မြီရှင်တစ်ဦးက ရရန်ရှိသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုနှင့်စပ်လျဉ်း၍ သက်သေ ခံချက်ကို နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။

(ခ) လူမွဲဖြစ်မှု စတင်ပြီးနောက် အချိန်ကာလတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပေးရမည့်အတိုးဖြစ်သည်မှ တစ်ပါး ရရန်ရှိသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတွင် အတိုးပါရှိလျှင် ထိုအတိုးကို ယင်းကြွေးမြီ သို့မဟုတ် တောင်းဆိုမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သက်သေထင်ရှားပြသနိုင်သည်။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ထိုပစ္စည်းမှာ အရေးပေါ်ကိစ္စတစ်ရပ် သို့မဟုတ် အရေးပေါ် ကိစ္စ များအပေါ်တွင် တည်မီနေသည့်အတွက်ကြောင့်ဖြစ်စေ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ တန်ဖိုးသတ်မှတ်ချက်မပြုနိုင်သော ပစ္စည်းဖြစ်ပါက ယင်းပစ္စည်းအပေါ်တွင် ရရန်ရှိသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတစ်ရပ်၏ တန်ဖိုးကို ခန့်မှန်းသတ်မှတ်ရမည်။

(ဃ) ပစ္စည်းပေါ်တွင် ရရန်ရှိသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှု၏ တန်ဖိုးကို ပုဒ်မခွဲ (ဂ) အရ ယုံမှတ်အပ်နှံခြင်းခံရသူက ခန့်မှန်းသတ်မှတ်ရာတွင် ဖြစ်စေ တရားရုံးက ပုဒ်မ ၂၈၂ အရ သတ်မှတ် ရာတွင်ဖြစ်စေ ထိုကြွေးမြီ သို့မဟုတ် တောင်းဆိုမှုနှင့်စပ်လျဉ်း၍ လူမွဲမှုခင်းတွင် သက်သေပြနိုင်သော ကြွေးမြီပမာဏသည် ခန့်မှန်းသတ်မှတ်သည့် ကြွေးမြီပမာဏဖြစ်ရမည်။

အပြန်အလှန်တင်ရှိသော ကြွေးမြီနှင့် ခုနှိမ်ခြင်း

၃၀၃။ (က) လူမွဲဖြစ်မှု စတင်ခြင်းမပြုမီ လူမွဲပိုင်ပစ္စည်းတစ်ရပ်အပေါ်တွင် ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုတစ်ရပ်ရရန်ရှိကြောင်း သက်သေထင်ရှားတင်ပြသော သို့မဟုတ် သက်သေထင်ရှား တင်ပြရန် တောင်းဆိုသော မြီရှင်နှင့် လူမွဲတို့အကြား အပြန်အလှန်တင်ရှိသည့် ကြွေးမြီများ သို့မဟုတ် အခြားဆက်သွယ်ဆောင်ရွက်မှုများရှိခဲ့လျှင် ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများတွင် တစ်ဦးမှ အခြားသူတစ်ဦးသို့ ပေးရန်ရှိသော အရာများနှင့်စပ်လျဉ်း၍ ငွေစာရင်းရှင်းတမ်းတစ်ရပ်ထားရှိဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ရရန်ရှိသော ငွေပမာဏကို ခုနှိမ်ပေးချေရမည်။

(ဂ) ထိုငွေများကိုပေးဆပ်ရန် ကျရောက်သည့် အချိန်တွင် အခြားသူတစ်ဦးက လူမွဲနှင့်စပ်လျဉ်း၍ လူမွဲမှုခင်းတစ်ရပ် ဆောင်ရွက်ဆဲဖြစ်နေကြောင်းသိရှိခဲ့လျှင် လူမွဲက အခြားသူတစ်ဦးသို့ ပေးရန် ရှိသော ငွေပမာဏကို ပုဒ်မခွဲ (ခ) အရ ထားရှိသော ငွေစာရင်းရှင်းတမ်းတွင် ထည့်သွင်းခြင်းမရှိစေရ။

(ဃ) ပုဒ်မခွဲ (ခ) အရထားရှိသော ငွေစာရင်းရှင်းတမ်းကိုသာ လူမွဲပိုင်ပစ္စည်းအပေါ် ရရန်ရှိသော ကြွေးမြီ သို့မဟုတ် တောင်းဆိုခွင့်တစ်ရပ်အဖြစ် သက်သေပြခြင်းပြုနိုင်သည် သို့မဟုတ် ထိုလူမွဲပိုင် ပစ္စည်း၏ အစိတ်အပိုင်းအဖြစ် ယုံမှတ်အပ်နှံခြင်းခံရသူသို့ ပေးရမည်။

ဝေစုသတ်မှတ်ခွဲဝေပေးခြင်း

၃၀၄။ (က) ယုံမှတ်အပ်နှံခြင်းခံရသူသည် ၎င်း၏လက်ဝယ်တွင် လုံလောက်သော ငွေကြေးရှိသည့် အခါ သက်ဆိုင်ရာမြီရှင်များက သက်သေထင်ရှားပြသ၍ တောင်းဆိုခဲ့သော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုနှင့်စပ်လျဉ်းပြီး မြီရှင်များအကြား ဝေစုကို သတ်မှတ်ကြေညာ၍ ခွဲဝေပေးရမည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ပုဒ်မခွဲ (က) အရ လုံလောက်သော ငွေကြေး ရှိ မရှိ ခန့်မှန်းရာတွင် လူမွဲမှုခင်းနှင့်စပ်လျဉ်း၍ ကျခံရမည့် ကုန်ကျစရိတ်အတွက် ထိန်းသိမ်းရမည့် ငွေပမာဏကို ဦးစွာ သတ်မှတ်ထားရှိရမည်။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ဝေစုကို သတ်မှတ်ကြေညာလိုပါက ထိုသို့လုပ်ဆောင်မည်ဖြစ် ကြောင်း အကြောင်းကြားစာပေးပို့ရမည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ အကြောင်းကြားစာပေးပို့ရာတွင် ဝေစုကို မည်သို့မည်ပုံ ခွဲဝေပေးရန် အဆိုပြု ကြောင်း ဖော်ပြရမည့်အပြင် လူမွဲပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့်အချက်အလက် များကိုလည်း ဖော်ပြပါရှိရမည်။

(င) ဝေစုကို တွက်ချက်ခြင်းနှင့် ခွဲဝေခြင်းပြုလုပ်ရာတွင် ယုံမှတ်အပ်နှံခြင်းခံရသူသည် အောက်ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်နည်းလမ်းများကို ကြိုတင်သတ်မှတ်ထားရမည်-

(၁) နေထိုင်သည့်နေရာဝေးလံခြင်းကြောင့် သက်သေထင်ရှားပြသရန် အချိန်မလုံလောက်သော မရနိုင်သောသူများသို့ ပေးဆပ်ရန်ရှိသောကြွေးမြီ သို့မဟုတ် တောင်းဆိုမှု၊

(၂) အတည်ပြုဆုံးဖြတ်ခြင်း မပြုရသေးသော ကြွေးမြီ သို့မဟုတ် တောင်းဆိုမှု၊

(၃) အငြင်းပွားနေသော သက်သေခံချက်များနှင့်တောင်းဆိုမှုများ။

ကြွေးမြီအပြေအကြေရရှိခြင်းမရှိသည့် မြီရှင်များ၏ တောင်းဆိုမှုများ

၃၀၅။ (က) ဝေစုအား သတ်မှတ်ကြေညာချက်ကို မပြုလုပ်ရသေးမီ မိမိ၏ကြွေးမြီ သို့မဟုတ် တောင်းခံမှုကို သက်သေထင်ရှားပြသခြင်းမပြုရသေးသော မြီရှင်တစ်ဦးသည် ထိုသို့သော ခွဲဝေမှု များတွင် ၎င်းမှ ပါဝင်သက်ဆိုင်ခြင်းမရှိသည့် အကြောင်းကြောင့် ထိုဝေစု သို့မဟုတ် ၎င်း၏ကြွေးမြီကို သက်သေထင်ရှား ပြသခြင်းမပြုရသေးမီ ကြေညာခဲ့သည့် အခြားသော ဝေစုတစ်ရပ်ရပ်ကို ခွဲဝေပေးရန် ဆောင်ရွက်ရာ တွင် ဝင်ရောက်နှောင့်ယှက်ခြင်းမရှိစေရ-

(၁) သို့ရာတွင် မြီရှင်တစ်ဦးက ကြွေးမြီရရန်ရှိကြောင်း သက်သေထင်ရှားပြသသည့်အခါ ၎င်းမှ ရရှိခဲ့ခြင်းမရှိသောဝေစု သို့မဟုတ် ဝေစုများ သို့မဟုတ် နောက်ထပ်ဝေစုအတွက် လက်ရှိအနေ အထားတွင်ရနိုင်သော ငွေကြေးများအနက်မှ ရထိုက်ခွင့်ရှိစေရမည်၊

(၂) ထို့အပြင် ပုဒ်မခွဲငယ် (၁) အရ ပေးရမည်ဖြစ်သော ဝေစု သို့မဟုတ် ဝေစုများကို နောက်ထပ် ဝေစုများခွဲဝေပေးခြင်းမပြုမီ ဦးစားပေး၍ ပေးချေရမည်။

(ခ) ဝေစုတစ်ရပ်အတွက် ယုံမှတ်အပ်နှံခြင်းခံရသူအပေါ် မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမပြုရ။ သို့ရာတွင် ယုံမှတ်အပ်နှံခြင်းခံရသူက ဝေစုခွဲဝေပေးရန် ငြင်းဆိုလျှင် တရားရုံးသည် သင့်တော်သည် ဟု ထင်မြင်ယူဆပါက ထိုဝေစုကို ပေးချေရန် အမိန့်ချမှတ်နိုင်သည့်အပြင် အောက်ပါငွေကြေးများကို ယုံမှတ်အပ်နှံခြင်းခံရသူ၏ ကိုယ်ပိုင်ငွေကြေးများမှ ပေးလျော်စေရန် အမိန့်ချမှတ်နိုင်သည်-

(၁) ထိုအမြတ်ဝေစုကို ပေးချေခြင်းမပြုဘဲ ဖယ်ချန်ထားသည့် အချိန်မှစတင်၍ ထိုဝေစုအတွက် သတ်မှတ်သည့်အတိုးငွေ၊

(၂) ထိုဝေစုကိုရရှိစေရန် တရားစွဲဆိုရာတွင် ကုန်ကျသည့် တရားစရိတ်။

ပစ္စည်းကို အမျိုးအစားအလိုက်ခွဲဝေပေးခြင်း

၃၀၆။ (က) ပစ္စည်းတစ်ရပ်သည် ထူးခြားသော အခြေအနေများကြောင့် လွယ်လင့်တကူ သို့မဟုတ် အကျိုးအမြတ်ရှိစွာ ထုခွဲရောင်းချနိုင်ခြင်းမရှိပါက ယုံမှတ်အပ်နှံခြင်းခံရသူသည် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၅ အထိပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ တရားရုံး သို့မဟုတ် မြီရှင်များကော်မတီ၏ ခွင့်ပြုချက်ဖြင့် ခန့်မှန်းတွက်ချက်ထားသည့် တန်ဖိုးအရ ယင်းပစ္စည်းကို မြီရှင်များအကြားတွင် လက်ရှိ ပုံစံအတိုင်း ခွဲဝေပေးနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ ပေးအပ်သော ခွင့်ပြုချက်တစ်ရပ်သည် ယေဘုယျဆန်သော ခွင့်ပြုချက် မဖြစ် စေရ။ အငြင်းပွားနေသော ယင်းလုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်မှုအတွက်သာ သက်ဆိုင်စေရမည့် အပြင် ယုံမှတ်အပ်နှံခြင်းခံရထိုက်သူထံမှ သဘောရိုးဖြင့် တန်ရာတန်ကြေးပေးကာ ဆက်သွယ် ဆောင်ရွက်ခဲ့သူအနေဖြင့် ပုဒ်မခွဲ (က) အရ ခွင့်ပြုချက်ပေးခဲ့ခြင်း ရှိ မရှိ စုံစမ်းမေးမြန်းရန် မလိုအပ် စေရ။

(ဂ) ပုဒ်မခွဲ (က) ခွင့်ပြုချက်ကို တောင်းခံခြင်းမပြုဘဲ ဆောင်ရွက်ခဲ့ရာတွင် ထိုသို့ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအတွက် ၎င်းမှကျခံခဲ့ရသည့် ကုန်ကျစရိတ်များကို လူမွဲပိုင်ပစ္စည်းများအနက်မှ ပေးချေခွင့် ပြုရန် တရားရုံး သို့မဟုတ် မြီရှင်များ ကော်မတီသို့ တင်ပြနိုင်သည်။ ထိုသို့တင်ပြရာတွင် ၎င်းက အရေးပေါ် အနေအထားအရ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် နှောင့်နှေးကြန့်ကြာမှုများမရှိဘဲ တင်ပြခဲ့ကြောင်း ပေါ်ပေါက်ခြင်းမရှိလျှင် ထိုတင်ပြချက်ကို အတည်မပြုရ။

ဦးစားပေးကြွေးမြီများ

၃၀၇။ လူမွဲ၏ ကြွေးမြီများနှင့် စပ်လျဉ်း၍ အောက်ပါအစီအစဉ်အတိုင်း ဦးစားပေး ပေးချေရမည်-

(က) လူမွဲခံယူခြင်းဆိုင်ရာ ကုန်ကျစရိတ်များ၊

(ခ) ဝန်ထမ်းများ၏ ရပိုင်ခွင့်များ၊

(ဂ) နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အခြားသောကြွေးမြီများ။

ကြွေးမြီများကို ဦးစားပေးအစီအစဉ် သတ်မှတ်ခြင်း

၃၀၈။ (က) လူမွဲပိုင်ပစ္စည်းများကို ခွဲဝေရာတွင် လူမွဲ၏ ဦးစားပေးကြွေးမြီများကို အခြားသော ကြွေးမြီ များထက် ဦးစားပေး၍ ခွဲဝေပေးရမည်။

(ခ) ဦးစားပေးကြွေးမြီများသည် ၎င်းတို့အချင်းချင်းအကြားတွင် တူညီသောအဆင့်အတန်းများရှိပြီး လူမွဲခံယူခြင်းဆိုင်ရာ ကုန်ကျစရိတ်များကိုပေးချေပြီးနောက် ဦးစားပေးကြွေးမြီများအား အပြည့်အဝ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး အကယ်၍ လုံလောက်သော ငွေကြေးကျန်ရှိခြင်းမရှိလျှင် ယင်းတို့ အကြား ရပိုင်ခွင့်ကို အချိုးတူလျော့ချသတ်မှတ်၍ ခွဲဝေယူရမည်။

(ဂ) ဦးစားပေးကြွေးမြီများ မဟုတ်သည့်အပြင် ဤမှနောက်တွင် ကပ်လျက်ဖော်ပြပါရှိသော ပုဒ်မပါ ကြွေးမြီမဟုတ်သော အခြားကြွေးမြီများသည် (၎င်းတို့အချင်းချင်းအကြားတွင်) တူညီသော အဆင့် အတန်းရှိပြီး ဦးစားပေးကြွေးမြီများကို ဦးစွာပေးဆပ်ပြီးနောက် ထိုကြွေးမြီများကို အပြည့်အဝ ပေးဆပ်ရမည်ဖြစ်ပြီး အကယ်၍ လုံလောက်သော ငွေကြေးကျန်ရှိခြင်းမရှိလျှင် ယင်းတို့အကြား ရပိုင်ခွင့်ကို အချိုးတူလျော့ချသတ်မှတ်၍ ခွဲယူရမည်။

(ဃ) ဦးစားပေးကြွေးမြီများ သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ အဆင့်အတန်းတူညီသော ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးနောက် ကျန်ရှိသည့် ငွေကြေးများအား လူမွဲဖြစ်မှုစတင်ချိန်မှစ၍ ပေးဆပ်ရန် တင်ရှိနေသော ကာလများနှင့်စပ်လျဉ်း၍ ထိုကြွေးမြီများအတွက် ကျသင့်သော အတိုးများကို ပေးချေရာတွင် သုံးစွဲရမည်ဖြစ်ပြီး ဦးစားပေးကြွေးမြီများအပေါ်ပေးရန်ရှိ အတိုးငွေများနှင့် ဦးစားပေး မဟုတ်သည့် အခြားသောကြွေးမြီများအပေါ် ပေးရန်ရှိသည့် အတိုးများသည် အဆင့်အတန်း တူညီ သည်။

(င) ကြွေးမြီတစ်ရပ်နှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (ဃ) အရ ပေးချေရန်ရှိသည့်အတိုးနှုန်းသည် လူမွဲဖြစ်မှုမှ အပဖြစ်သော ထိုကြွေးမြီများသို့ပေးရန်ရှိသည့် အတိုးနှုန်းများအတိုင်း ပေးချေရမည်ဖြစ်ပြီး ထိုသို့သော နှုန်းထားသတ်မှတ်ချက်မရှိလျှင် ထိုကြွေးမြီရယူစဉ် အချိန်ရှိ ဈေးကွက်ပေါက်ဈေး၊ ထိုကြွေးမြီ၏ ပမာဏနှင့် သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ ယုံမှတ်အပ်နှံခြင်းခံရသူက သင့်တော်သည်ဟု ထင်မြင်ယူဆ ၍ သတ်မှတ်သော နှုန်းထားဖြင့် ပေးချေရမည်။

(စ) လူမွဲခံယူခြင်းဖြစ်ရပ်ဖြစ်ပွားသည့်အခါ ရွေ့ဆိုင်းရန် သို့မဟုတ် အထူးဦးစားပေးအဆင့်အတန်း တစ်ရပ်အဖြစ် ပေးချေရန် သတ်မှတ်ထားသည့် အခြားသောပေးချေမှုများကို ပြုလုပ်ခြင်း သို့မဟုတ် ကြွေးမြီတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးချေမှုများကို ပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့် ဤဥပဒေပါ အခြား ပြဋ္ဌာန်းချက်များ သို့မဟုတ် အခြားဥပဒေပါ ပြဋ္ဌာန်းချက်များကို ဤပုဒ်မနှင့် ဤမှနောက်တွင် ကပ်လျက်ဖော်ပြပါရှိသော ပုဒ်မပါပြဋ္ဌာန်းချက်များက ထိခိုက်စေခြင်းမရှိစေရ။

လူမွဲ၏အိမ်ထောင်ဖက်သို့ ပေးရန်ရှိသော ကြွေးမြီ

၃၀၉။ (က) ချေးငွေတစ်ရပ်ကို ထုတ်ချေးပေးစဉ်က ငွေထုတ်ချေးသူသည် လူမွဲ၏ အိမ်ထောင်ဖက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူမွဲဖြစ်မှုစတင်ချိန်၌ လူမွဲ၏ အိမ်ထောင်ဖက်ဖြစ်ခဲ့လျှင် ထိုကြွေးမြီသည် ဤပုဒ်မနှင့် သက်ဆိုင်စေရမည်။

(ခ) ထိုကြွေးမြီသည်-

(၁) ပုဒ်မ ၃၀၈ ပုဒ်မခွဲ (ဃ) နှင့် ပုဒ်မခွဲ (င) အရ သတ်မှတ်ထားသော ကြွေးမြီများနှင့် အတိုးငွေများ ကို ပေးချေပြီးနောက် ဦးစားပေးအဆင့်အတန်းရှိသော ကြွေးမြီဖြစ်သည်၊

(၂) လူမွဲဖြစ်မှု စတင်ချိန်မှစ၍ ပေးရန်ကျန်ရှိနေသောကာလများအတွက် ထိုကြေးမြီအပေါ်တွင် ပေး ရမည့်အတိုးငွေကို ပုဒ်မ ၃၀၈ ပုဒ်မခွဲ (င) အရ သတ်မှတ်သော အတိုးနှုန်းဖြင့် ပေးချေရမည်။

ထို့ပြင်ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၂) အရ ပေးရမည့်အတိုးနှုန်းသည် ယင်းကြွေးမြီနှင့် ဦးစားပေးအဆင့် အတန်းတူညီသည်ဟု မှတ်ယူရမည်။

အပြီးသတ်ခွဲဝေပေးခြင်း

၃၁၀။ (က) ယုံမှတ်အပ်နှံခြင်းခံရသူသည် လူမွဲပိုင်ပစ္စည်းများအားလုံးကို ထုခွဲရောင်းချပြီးသည့်အခါ သို့မဟုတ် လူမွဲပိုင်ပစ္စည်းအများစုကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ထုခွဲရောင်းချနိုင်ကြောင်း ယုံကြည် သည့်အခါ အပြီးသတ်ခွဲဝေမှုကို ပြုလုပ်မည်ဖြစ်ကြောင်းနှင့် နောင်ဝေစုများခွဲဝေခြင်းကို ပြုလုပ် တော့မည်မဟုတ်ကြောင်း ၎င်း၏ရည်ရွယ်ချက်ကို ဖော်ပြ၍ အကြောင်းကြားစာကို နည်းဥပဒေများ နှင့်အညီ ပေးပို့ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ပေးပို့သော အကြောင်းကြားစာတွင် နည်းဥပဒေများဖြင့် သတ်မှတ်ထားသော အချက်အလက်များကို ဖော်ပြပါရှိရမည့်အပြင် လူမွဲပိုင်ပစ္စည်းများအပေါ် ရရန်ရှိကြောင်း တောင်းဆို မှုများကို အပြီးသတ်စီမံခန့်ခွဲမည့်နောက်ဆုံးနေ့ရက်အထိ တင်ပြနိုင်ကြောင်း ဖော်ပြပါရှိရမည်။

(ဂ) တရားရုံးသည် ထိုအကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသော အပြီးသတ်စီမံခန့်ခွဲမည့် နောက်ဆုံးနေ့ရက်ကို ရွေ့ဆိုင်းနိုင်သည်။

(ဃ) အပြီးသတ်စီမံခန့်ခွဲမည့်နောက်ဆုံးနေ့ရက် ကုန်ဆုံးပြီးနောက် ယုံမှတ်အပ်နှံခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) လူမွဲပိုင်ပစ္စည်းများအနက်မှ လူမွဲခံယူခြင်းဆိုင်ရာ ကုန်ကျစရိတ်များကို ပေးချေခြင်း၊

(၂) အပြီးသတ်ဝေစုတစ်ရပ်သတ်မှတ်ကြေညာရန် ရည်ရွယ်ပါက လူမွဲအပေါ်တွင် သက်သေထင်ရှား ပြသတောင်းဆိုခြင်း မပြုရသေးသော ကြွေးမြီတစ်ရပ်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ဦး၏ တောင်းဆိုချက် များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ အပြီးသတ်ဝေစုကို သတ်မှတ်ကြေညာ၍ ခွဲဝေပေးခြင်း။

(င) လူမွဲခံယူခြင်းဆိုင်ရာ ကုန်ကျစရိတ်များကိုပေးချေခြင်းနှင့် လူမွဲအပေါ်တွင် တင်ရှိနေသော ကြွေးမြီနှင့် အတိုးများကို သက်ဆိုင်ရာ မြီရှင်များသို့ အပြည့်အဝပေးဆပ်ပြီးနောက် ပိုလျှံပါက လူမွဲ သည် ယင်းငွေကို ရထိုက်ခွင့်ရှိစေရမည်။

မြီရှင်များအပြီးသတ်အစည်းအဝေး

၃၁၁။ (က) အောက်ပါအခြေအနေများတွင် ဤပုဒ်မသည် သက်ဆိုင်စေရမည်-

(၁) ဤအပိုင်းနှင့်အညီ လူမွဲပိုင်ပစ္စည်းကို ရထိုက်သူများသို့ ခွဲဝေပေးသည့်လုပ်ငန်းကိစ္စများသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ယုံမှတ်အပ်နှံခြင်းခံရသူက ထင်မြင်ယူဆခြင်း၊

(၂) ယုံမှတ်အပ်နှံခြင်းခံရသူသည် တရားဝင်ပစ္စည်းထိန်းမဟုတ်ခြင်း။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် မြီရှင်များအပြီးသတ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပ၍ အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(၁) ယုံမှတ်အပ်နှံခြင်းရသူ၏ လူမွဲပိုင်ပစ္စည်းများအပေါ်စီမံခန့်ခွဲမှုအစီရင်ခံစာကိုလက်ခံခြင်း၊

(၂) ယုံမှတ်အပ်နှံခြင်းခံရသူအား ပုဒ်မ ၂၇၉ အရ တာဝန်များမှ ရပ်စဲ သင့် မသင့် ဆုံးဖြတ်ခြင်း။

(ဂ) ပုဒ်မ ၃၁၀ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို ပေးပို့သည်နှင့် တစ်ပြိုင်နက် ယုံမှတ်အပ်နှံ ခြင်းခံရသူသည် မြီရှင်များအပြီးသတ် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန် အကြောင်းကြားစာ ပေးပို့နိုင်သည်။ အကယ်၍ မြီရှင်များအပြီးသတ်အစည်းအဝေးကို စော၍ ခေါ်ယူခဲ့ခြင်းဖြစ်လျှင် လူမွဲ ပိုင်ပစ္စည်းကို ရထိုက်သူများသို့ ခွဲဝေပေးသည့် လုပ်ငန်းကိစ္စများသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ထိုအစည်းအဝေးသို့ အစီရင်ခံတင်ပြနိုင်စေရန် အပြီးသတ်အစည်းအဝေး ကျင်းပမည့်နေ့ရက်ကို ထပ်မံ ရွေ့ဆိုင်းနိုင်သည်။

(ဃ) မြီရှင်များအပြီးသတ်အစည်းအဝေးကို ခေါ်ယူကျင်းပရာတွင် ကျခံရမည့် ကုန်ကျစရိတ်များကို ပေးချေရန်အတွက် လူမွဲပိုင်ပစ္စည်းများအနက်မှ လုံလောက်သော ငွေပမာဏကို ယုံမှတ်အပ်နှံခြင်းခံရ သူက ထုတ်နှုတ်ထားရမည်။

လူမွဲ၏အိမ်ဥပစာနှင့်စပ်လျဉ်း၍ ခြွင်းချက်

၃၁၂။ (က) အောက်ပါအခြေအနေများတွင် ဤပုဒ်မသည် သက်ဆိုင်စေရမည်-

(၁) လူမွဲပိုင်ပစ္စည်းတွင်ပါဝင်ပြီး လူမွဲ သို့မဟုတ် ၎င်း၏လက်ရှိအိမ်ထောင်ဖက် သို့မဟုတ် ယခင် အိမ်ထောင်ဖက်မှ နေထိုင်လျက်ရှိသော နေအိမ်ဥပစာတစ်ခု၌ အကျိုးခံစားခွင့်တစ်ရပ်ပါရှိနေခြင်း၊

(၂) ယုံမှတ်အပ်နှံခြင်းခံရသူက ထိုပစ္စည်းကို မည်သည့်အကြောင်းနှင့်မျှ ထုခွဲရောင်းချခြင်းမပြုနိုင် သည့် အနေအထားရှိခြင်း။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် အောက်ပါအခြေအနေတစ်ရပ်ရပ်မှတစ်ပါး ပုဒ်မ ၃၁၁ အရ မြီရှင် များ အပြီးသတ်အစည်းအဝေးကို ကျင်းပရန် ခေါ်ယူခြင်းမပြုရ-

(၁) တရားရုံးက ပုဒ်မ ၂၉၃ အရ လူမွဲပိုင်ပစ္စည်းအကျိုးစီးပွားအလို့ငှာ ထိုပစ္စည်းအပေါ်တွင် ကြွေးမြီ တာဝန်တစ်ရပ်တင်ရှိကြောင်း အမိန့်တစ်ရပ်ချမှတ်ခဲ့ခြင်း၊

(၂) ပုဒ်မ ၂၉၄ အရ လျှောက်ထားချက်ကို တရားရုံးက ငြင်းပယ်ခဲ့ခြင်း။

နောက်ဆက်တွဲပြဋ္ဌာန်းချက်များ
ယုံမှတ်အပ်နှံခြင်းခံရသူနှင့် ပတ်သက်၍ လူမွဲ၏တာဝန်များ

၃၁၃။ (က) ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအရ ယုံမှတ်အပ်နှံခြင်းခံရသူ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ၎င်းကကျိုးကြောင်းဆီလျော်စွာ တောင်းဆိုသော အောက်ပါတာဝန်များကို လူမွဲသည် ဆောင်ရွက်ပေးရမည်-

(၁) လူမွဲ၏ လုပ်ငန်းကိစ္စများနှင့် စပ်လျဉ်းသည့် အချက်အလက်များပေးခြင်း၊

(၂) လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ယုံမှတ်အပ်နှံခြင်းခံရသူကို ကူညီဆောင်ရွက်ပေးခြင်း၊

(၃) အခြားလိုအပ်သည်တို့ကို ဆောင်ရွက်ပေးခြင်း။

(ခ) လူမွဲဖြစ်မှုစတင်ပြီးနောက် မည်သည့်အချိန်တွင်မဆို လူမွဲသည် ပစ္စည်းတစ်ရပ်ရပ်ကို လက်ဝယ် ရယူပိုင်ဆိုင်ခဲ့လျှင် သို့မဟုတ် ဆက်ခံရရှိလျှင် သို့မဟုတ် ဝင်ငွေ တိုးတက်ရရှိလာလျှင် ထိုသို့ဖြစ်ပေါ် တိုးတက်လာမှုကို ၎င်းသိရှိပြီးနောက် အလုပ်လုပ်ကိုင်ရက် ၅ ရက်အတွင်း ယုံမှတ်အပ်နှံခြင်းခံရသူသို့ အကြောင်းကြားရမည်။

(ဂ) ပုဒ်မခွဲ (က) သည် လူမွဲဖြစ်မှုရပ်စဲပြီးနောက်ပိုင်းအချိန်ကာလအထိ သက်ဆိုင်စေရမည်။

(ဃ) လူမွဲသည် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်မရှိဘဲ ဤပုဒ်မပါ တာဝန်များကို လိုက်နာရန်ပျက်ကွက်လျှင် ၎င်းသည် ဤဥပဒေပါ ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည့်အပြင် တရားရုံး မထေမဲ့မြင်ပြုမှုဖြင့်လည်း အရေးယူခြင်းခံရမည်။

နောက်ထပ်လူမွဲဖြစ်မှု ရှိသည့်ကိစ္စတွင် ပစ္စည်းခွဲဝေမှုကို ဆိုင်းငံ့ခြင်း

၃၁၄။ (က) လူမွဲဖြစ်မှုရပ်စဲခြင်းမရှိသေးသော လူမွဲအပေါ်တွင် လူမွဲအဖြစ်ခံယူစေသည့် အမိန့်တစ်ရပ် ထပ်မံချမှတ်သည့်အခါ ဤပုဒ်မနှင့် ပုဒ်မ ၃၁၅ တို့တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည့်အပြင် ယင်းပုဒ်မများ၌ ဖော်ပြချက်များသည် အောက်ပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(၁) နောက်ထပ်လူမွဲဖြစ်မှု (later bankruptcy) ဆိုသည်မှာ အထက်ပါ အမိန့်အရ ဖြစ်ပေါ်လာသော လူမွဲဖြစ်မှုကိုဆိုသည်။

(၂) ယခင်လူမွဲဖြစ်မှု (earlier bankruptcy) ဆိုသည်မှာ နောက်ထပ် လူမွဲဖြစ်မှုစတင်သည့် အချိန်၌ လူမွဲဖြစ်မှုရပ်စဲခြင်းမရှိသေးသော လူမွဲဖြစ်မှုကို ဆိုသည်။

(၃) လက်ရှိယုံမှတ်အပ်နှံခြင်းခံရသူ ဆိုသည်မှာ ယခင်လူမွဲဖြစ်မှုတွင် လူမွဲပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ယုံမှတ်အပ်နှံခြင်းခံရသူကို ဆိုသည်။

(ခ) ပုဒ်မ ၂၇၀ ကို ထိခိုက်ခြင်းမရှိစေဘဲ နောက်ထပ်လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်ထားလာကြောင်း လက်ရှိယုံမှတ်အပ်နှံခြင်းခံရသူထံသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ပုဒ်မခွဲ (ဂ) ပါ ပစ္စည်း၊ ငွေကြေးများနှင့်စပ်လျဉ်း၍ လက်ရှိယုံမှတ် အပ်နှံခြင်းခံရသူက ပြုလုပ်ခဲ့သော ခွဲဝေပေးမှု သို့မဟုတ်အခြားသော စီမံခန့်ခွဲမှုတစ်ရပ်ရပ်သည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် သည့် သို့မဟုတ် တရားရုံးမှ အတည်ပြုသည့် အတိုင်းအတာမှတစ်ပါး ပျက်ပြယ်စေရမည်။

(ဂ) ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်စေရမည်-

(၁) ပုဒ်မ ၂၈၆ ပုဒ်မခွဲ (ဂ) အရ လက်ရှိယုံမှတ်အပ်နှံခြင်းခံရသူထံသို့ တရားဝင်လွှဲပြောင်းရောက်ရှိ သော ပစ္စည်းတစ်ရပ်ရပ်၊

(၂) ပုဒ်မ ၂၈၉ အရ ချမှတ်ခဲ့သော ဝင်ငွေမှ ပေးဆပ်စေရန် အမိန့်အရ လက်ရှိယုံမှတ်အပ်နှံခြင်းခံရ သူထံသို့ ပေးအပ်ခဲ့သော ငွေကြေးများ၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ပစ္စည်း သို့မဟုတ် ငွေကြေးတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ သို့မဟုတ် ရောင်းချခြင်းဖြင့်ဖြစ်စေရရှိလာသော ပစ္စည်း သို့မဟုတ် ငွေကြေးတစ်ရပ်ရပ် သို့မဟုတ် ထိုသို့ရရှိလာသော ပစ္စည်း သို့မဟုတ် ငွေကြေးကို ကိုယ်စားပြုသည့်ပစ္စည်း သို့မဟုတ် ငွေကြေး တစ်ရပ်ရပ်။

ယခင်လူမွဲဖြစ်မှုနှင့် နေက်ထပ်လူမွဲဖြစ်မှုတွင် လူမွဲပိုင်ပစ္စည်းများအကြားချိန်ညှိခြင်း

၃၁၅။ (က) နောက်ထပ်လူမွဲဖြစ်မှုစတင်ခြင်းမပြုမီ ယခင်လူမွဲဖြစ်မှုရှိ လူမွဲပိုင်ပစ္စည်းတွင် ပါဝင်သည့် ပုဒ်မ ၃၁၄၊ ပုဒ်မခွဲ (ဂ) ပါ ပစ္စည်းများနှင့် ငွေကြေးများသည် နောက်ထပ်လူမွဲဖြစ်မှုစတင်သည်နှင့် တစ်ပြိုင်နက် လူမွဲပိုင်ပစ္စည်းတွင်ပါရှိသည့် ပစ္စည်းများဖြစ်သည်ဟု မှတ်ယူရမည်။

(ခ) ပုဒ်မ ၂၈၉ အရ ချမှတ်ခဲ့သော ဝင်ငွေမှ ပေးဆပ်စေရန် အမိန့်အရ လက်ရှိယုံမှတ်အပ်နှံခြင်းခံရ သူသို့ပေးရမည့် ငွေပမာဏတစ်ရပ်သည် နောက်ထပ်လူမွဲဖြစ်မှုစတင်ပြီးနောက် နောက်ထပ်လူမွဲဖြစ်မှု ဆိုင်ရာကိစ္စများအလို့ငှာ လူမွဲပိုင်ပစ္စည်းတွင် ပါဝင်စေရမည်ဖြစ်ပြီး ထိုသို့ပြောင်းလဲသည့်အတွက် တရားရုံးသည် သင့်တော်သည်ဟု ထင်မြင်ယူဆသည့်အတိုင်း ထပ်မံညွှန်ကြားနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ပါ အရ လူမွဲပိုင်ပစ္စည်းတွင် ပါဝင်လာသော ပစ္စည်းများအား ခွဲဝေ ပေးရာ၌ ယခင်လူမွဲဖြစ်မှုတွင် လက်ရှိယုံမှတ်အပ်နှံခြင်းခံရသူက ကျခံခဲ့သော ကုန်ကျစရိတ်များကို ဦးစွာပေးချေရမည်။

(ဃ) ပုဒ်မ ၃၁၄ နှင့် အထက်ပါပုဒ်မခွဲများအရမှတစ်ပါး ပုဒ်မ ၂၈၇ အရ ယခင်လူမွဲဖြစ်မှု သို့မဟုတ် ယခင်လူမွဲဖြစ်မှုမတိုင်မီ ဖြစ်ခဲ့သော လူမွဲဖြစ်မှုပါပစ္စည်းတစ်ရပ်ရပ်အား နောက်ထပ်လူမွဲဖြစ်မှု၏ လူမွဲပိုင် ပစ္စည်းတွင်ပါဝင်ခြင်းမရှိစေရ။

(င) ကြွေးမြီတစ်ရပ်တည်းနှင့်စပ်လျဉ်း၍ ယခင်လူမွဲမှုခင်းမှ မြီရှင်များနှင့် ယင်းထက်စောသော လူမွဲ မှုခင်းမှ မြီရှင်များသည် နောက်ထပ်လူမွဲဖြစ်မှုတွင် ထိုလူမွဲ၏မြီရှင်များအဖြစ်မှတ်ယူခြင်းမပြုရ။ သို့ရာ တွင် လက်ရှိယုံမှတ်အပ်နှံခြင်းခံရသူသည် နောက်ထပ်လူမွဲဖြစ်မှုတွင် အောက်ပါကိစ္စရပ်များအတွက် ခွင့်ပြုပေးနိုင်သည်-

(၁) ဤပုဒ်မခွဲအရ ကြွေးမြီတစ်ရပ်ရပ်အပါအဝင် ယခင်လူမွဲဖြစ်မှုတွင် ထိုလူမွဲပိုင်ပစ္စည်းအပေါ် သက်သေထင်ရှားပြနိုင်ပြီး အပြေအကြေရရှိခြင်းမရှိသေးသည့် ကြွေးမြီ၊

(၂) ထိုကြွေးမြီအတွက် ပေးရန်ရှိသောအတိုး၊

(၃) ယခင်လူမွဲဖြစ်မှုတွင် ပေးချေခြင်းမပြုရသေးသော ကုန်ကျစရိတ်များ။

(စ) နောက်ထပ်လူမွဲဖြစ်မှုတွင် သက်သေထင်ရှားပြသနိုင်သော အခြားသော ကြွေးမြီများအားလုံးနှင့် ယင်းကြွေးမြီများအပေါ်တွင် ပေးရမည့် အတိုးငွေများကို အပြည့်အဝ ပေးချေပြီးမှသာ ပုဒ်မခွဲ (င) အရ သက်သေထင်ရှားပြသနိုင်သောငွေကို ပေးချေရမည်။

အခန်း (၆) မြီရှင်များနှင့် ညှိနှိုင်းခြင်း သို့မဟုတ် လုပ်ငန်းအစီအစဉ်ပြုလုပ်ခြင်း[edit]

ညှိနှိုင်းခြင်း သို့မဟုတ် လုပ်ငန်းအစီအစဉ်ပြုလုပ်ရန် အဆိုပြုချက်

၃၁၆။ လူမွဲသည် ၎င်း၏ကြွေးမြီများအတွက် ညှိနှိုင်းရန် သို့မဟုတ် ၎င်း၏လုပ်ငန်းနှင့်စပ်လျဉ်း၍ အစီ အစဉ်ပြုလုပ်လိုလျှင် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ မိမိတင်ပြလိုသော ညှိနှိုင်းချက် သို့မဟုတ် လုပ်ငန်း အစီအစဉ်ကို အာမခံသူများ သို့မဟုတ် အာမခံချက်များပါရှိသော အဆိုပြုချက်တစ်ရပ်ကို စာဖြင့် ရေးသား၍ လက်မှတ်ရေးထိုးပေးပို့နိုင်သည်။

လူမွဲ၏အဆိုပြုချက်ကို ယုံမှတ်အပ်နှံခြင်းခံရသူမှ အစီရင်ခံတင်ပြခြင်း

၃၁၇။ (က) ယုံမှတ်အပ်နှံခြင်းခံရသူက စိစစ်အကဲဖြတ်နိုင်စေရန်အတွက် ပုဒ်မ ၃၁၆ အရ အဆိုပြုချက် သည် မြီရှင်များနှင့် လူမွဲတို့၏ အကျိုးစီးပွားကိုဖြစ်စေကြောင်း ဖော်ပြသည့် အချက်အလက်များနှင့် နည်းဥပဒေများဖြင့်သတ်မှတ်ထားသော အချက်အလက်များ ပြည်စုံစွာပါရှိရမည်။

(ခ) ပုဒ်မ ၃၁၆ အရ အဆိုပြုချက်ကို လက်ခံရရှိသည့်အခါ ယုံမှတ်အပ်နှံခြင်းခံရသူသည် ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်မှာ မြီရှင်နှင့် လူမွဲတို့၏ အကျိုးစီးပွားကို ဖြစ်စေခြင်း ရှိ မရှိ နှင့် ယင်းတို့ အပေါ် မြီရှင်များ၏ အစည်းအဝေးတွင် သဘောတူညီချက် ရရှိနိုင်ဖွယ် ရှိ မရှိ ၎င်း၏ ထင်မြင်ယူဆ ချက်ပါ အစီရင်ခံစာပြုစုတင်ပြရမည်။

ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်း၍ တင်ပြလျှောက်ထားခြင်း

၃၁၈။ (က) အဆိုပြုချက်သည် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် နည်းဥပဒေများပါ သတ်မှတ်ချက်များ ကို လိုက်နာဆောင်ရွက်ထားကြောင်း ကျေနပ်မှုရှိလျှင် ယုံမှတ်အပ်နှံခြင်းခံရသူသည် တရားရုံးသို့ အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရမည်-

(၁) အဆိုပြုသည့် ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်၊

(၂) ပုဒ်မ ၃၁၇ ပုဒ်မခွဲ(ခ) အရ ပြုစုတင်ပြသည့် ယုံမှတ်အပ်နှံခြင်းခံရသူ၏ အစီရင်ခံစာ၊

(၃) ထိုအဆိုပြုချက်အပေါ် ဆွေးနွေးဆုံးဖြတ်ရန်အတွက် မြီရှင်များအစည်းအဝေးကို ခေါ်ယူသည့် အမိန့်တစ်ရပ်ချမှတ်ပေးရန်လျှောက်လွှာ။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ တရားရုံးသည် ယင်းအဆိုပြုချက် မှာ မြီရှင်များနှင့် လူမွဲတို့၏ အကျိုးစီးပွားကိုဖြစ်စေကြောင်းနှင့် ယင်းတို့အပေါ် မြီရှင်များ၏ အစည်း အဝေးတွင် သဘောတူညီချက်ရရှိနိုင်ဖွယ်ရာရှိကြောင်း ကျေနပ်လျှင် မြီရှင်များ၏ အစည်းအဝေးကို ခေါ်ယူရန်အတွက် အမိန့်ချမှတ်နိုင်သည်။

မြီရှင်များအစည်းအဝေးကျင်းပခြင်း

၃၁၉။ (က) တရားရုံးက အခြားနည်းဖြင့် အမိန့်ချမှတ်ခြင်း သို့မဟုတ် ညွှန်ကြားခြင်းမရှိလျှင် ယုံမှတ် အပ်နှံခြင်းခံရသူသည်-

(၁) မြီရှင်များအစည်းအဝေးကို ပုဒ်မ ၃၁၈ အရ အမိန့်ချမှတ်သည့်နေ့မှ ၂၁ ရက်အတွင်း ခေါ်ယူ ကျင်းပရမည်၊

(၂) ဤပုဒ်မနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြီရှင်များအစည်းအဝေးကို ခေါ်ယူ ကျင်းပရမည်။

(ခ) မြီရှင်များအစည်းအဝေး၌ ယုံမှတ်အပ်နှံခြင်းခံရသူသည် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။

(ဂ) လူမွဲသည် မြီရှင်များအစည်းအဝေးသို့ တက်ရောက်ရမည်။

(ဃ) လူမွဲက အဆိုပြုတင်ပြသော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်အပေါ် ထိုမြီရှင်များ အစည်း အဝေး၌ မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့မဲခွဲဆုံးဖြတ်ရာတွင် ကြွေးမြီရရန်ရှိကြောင်း သက်သေထင်ရှား ပြသနိုင်သည့် ကြွေးမြီ သို့မဟုတ် တောင်းဆိုမှု စုစုပေါင်းတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင် သော မြီရှင်များက ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်မှတစ်ဆင့်ဖြစ်စေ ထောက်ခံမဲပေးလျှင် ယင်းအဆိုပြုချက်သည် အတည်ဖြစ်စေရမည်။

(င) မြီရှင်များအစည်းအဝေးတွင် လူမွဲက အဆိုပြုတင်ပြသောညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ် ကို ပြင်ဆင်ချက်ဖြင့် အတည်ပြုနိုင်သော်လည်း ယင်းပြင်ဆင်ချက်ကို လူမွဲ၏ သဘောတူညီချက်ဖြင့် သာပြုလုပ်ရမည်။

(စ) လူမွဲ၏ အဆိုပြုချက် သို့မဟုတ် ပြင်ဆင်ချက်တစ်ရပ်ရပ်သည် အာမခံအကျိုးခံစားခွင့်ရ မြီရှင် များအပါအဝင် အချို့သော မြီရှင်များအပေါ် ဆန့်ကျင်ထိခိုက်လျှင် ယင်းအဆိုပြုချက် သို့မဟုတ် ပြင်ဆင်ချက်ကို ထိခိုက်သည့် မြီရှင်များအနက်မှ ကြွေးမြီ သို့မဟုတ် တောင်းဆိုမှုစုစုပေါင်းတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်သော မြီရှင်များက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်မှတစ်ဆင့် ဖြစ်စေ တက်ရောက်မဲပေး၍ သဘောတူရမည်။

ဆုံးဖြတ်ချက်များကိုတရားရုံးသို့ အစီရင်ခံတင်ပြခြင်း

၃၂၀။ (က) အဆိုပြုတင်ပြသော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်း၍ မြီရှင်များ အစည်းအဝေးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို ယုံမှတ်အပ်နှံခြင်းခံရသူသည် တရားရုံးသို့ အစီရင်ခံ တင်ပြရမည်ဖြစ်ပြီး ထိုအစီအရင်ခံစာနှင့်အတူ ယင်းဆုံးဖြတ်ချက်များအပေါ် အမိန့်တစ်ရပ်ချမှတ် ပေးရန် လျှောက်လွှာကိုလည်း ပူးတွဲတင်ပြရမည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ပုဒ်မခွဲ (က) အရ လျှောက်လွှာနှင့် အစီရင်ခံစာမိတ္တူတို့ကို လူမွဲနှင့် မြီရှင်များ၏ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ မြီရှင်များထံသို့ ပေးပို့ရမည်။

(ဂ) အဆိုပြုတင်ပြသော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်ကို ပုဒ်မ ၃၁၉ အရ ကျင်းပခဲ့သော မြီရှင်များအစည်းအဝေးတွင် သဘောတူအတည်ပြုရန် ငြင်းပယ်ခဲ့လျှင် တရားရုံးသည် ပုဒ်မခွဲ (က) အရ တင်ပြခဲ့သော လျှောက်လွှာကိုပလပ်ရမည်။

(ဃ) အဆိုပြုတင်ပြသော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်ကို ပုဒ်မ ၃၁၉ အရ ကျင်းပခဲ့သော ထိုမြီရှင်များ၏ အစည်းအဝေးမှ အတည်ပြုခဲ့သည့်အပြင် ယင်းအဆိုပြုချက် သို့မဟုတ် ပြင်ဆင် အဆိုပြုချက် (ရှိခဲ့လျှင်) သည် မြီရှင်များနှင့် လူမွဲတို့အား အကျိုးရှိစေမည်ဟု တရားရုံးက ထင်မြင် ယူဆပါက အဆိုပါ ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်ကို အတည်ပြုနိုင်သည့်အပြင် ယင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သည့် အမိန့်များ ချမှတ်နိုင်သည် သို့မဟုတ် ညွှန်ကြားနိုင်သည်။

(င) ပုဒ်မခွဲ (ခ) အရ ပေးပို့သော အစီရင်ခံစာနှင့် လျှောက်ထားလွှာကို လက်ခံရရှိသူသည် တရားရုံး တွင် အောက်ပါအကြောင်းပြချက်တစ်ရပ်ရပ်အရ ကန့်ကွက်တင်ပြနိုင်သည်-

(၁) အဆိုပြုတင်ပြသော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်သည် ၎င်း၏ အကျိုးစီးပွား သို့မဟုတ် အခြားသောမြီရှင်များ၏ အကျိုးစီးပွားကို မမျှမတထိခိုက်နစ်နာစေခြင်း၊

(၂) မြီရှင်များအစည်းအဝေးကို ခေါ်ယူကျင်းပရာတွင် ကြီးစွာသော နည်းလမ်းမကျမှု ရှိခဲ့ခြင်း။

(စ) တရားရုံးသည် သင့်သည်ထင်ပါက မြီရှင်များအစည်းအဝေးကို ပြန်လည်ခေါ်ယူကျင်းပရန် အမိန့် ချမှတ်နိုင်သည် သို့မဟုတ် ညွှန်ကြားနိုင်သည်။

အတည်ပြုခြင်း၏ အကျိုးသက်ရောက်မှုများ

၃၂၁။ (က) ပုဒ်မ ၃၂၀ အရ အတည်ပြုခဲ့သော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်သည် လူမွဲနှင့် မြီရှင်များအပေါ်တွင် သက်သေထင်ရှားပြသနိုင်သည့် ကြွေးမြီအတိုင်းအတာအထိသာ အကျိုး သက်ရောက်စေရမည်။

(ခ) ပုဒ်မ ၃၂၀ အရ အတည်ပြုခဲ့သော ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်သည်-

(၁) အချိန်စေ့ရောက်သော ကြွေးမြီတစ်ရပ်ကို ရထိုက်ခွင့်ရှိသည့် မြီရှင်များ၏ သဘောတူညီချက်နှင့် မှအပ လူမွဲအဖြစ်မှ ရပ်စဲသွားသည့်တိုင်အောင် ပေးဆပ်ရန်တာဝန်ဆက်လက်တည်ရှိနေသည့် သက်သေပြနိုင်သော ကြွေးမြီတစ်ရပ်ကို ပေးဆပ်ရန်တာဝန်မှ ကင်းလွတ်ခွင့် မရှိစေရ သို့မဟုတ်

(၂) လူမွဲအဖြစ်မှ ရပ်စဲသွားသော်လည်းပေးဆပ်ရန် တာဝန်ဆက်လက်တည်ရှိနေသည့် အခြားတစ်စုံ တစ်ဦးအား တာဝန်မှ ကင်းလွတ်စေခွင့် မရှိစေရ။

(ဂ) အဆိုပြုတင်ပြခဲ့သည့် ညှိနှိုင်းမှု သို့မဟုတ် လုပ်ငန်းအစီအစဉ်ကို ပုဒ်မ ၃၁၉ အရ ကျင်းပသော မြီရှင်များအစည်းအဝေးတွင် အတည်ပြုခဲ့သည့်အပြင် တရားရုံးကလည်း ပုဒ်မ ၃၂၀ ပုဒ်မခွဲ (စ) အရ အမိန့်ချမှတ်ခဲ့လျှင် ထိုအမိန့်ချမှတ်သည့်နေ့တွင် လူမွဲအဖြစ်ခံယူစေရန် ချမှတ်ခဲ့သော အမိန့်သည် ပျက်ပြယ်စေရမည်။

အခန်း (၇) အခွင့်အရေးများနှင့် လုပ်ငန်းကိစ္စများအပေါ်လူမွဲဖြစ်မှု၏ အကျိုးသက်ရောက်ခြင်း[edit]

ယုံမှတ်အပ်နှံထားသည့် မြေနှင့်စပ်လျဉ်းသည့် အခွင့်အရေးများ

၃၂၂။ (က) ယုံမှတ်အပ်နှံခြင်းခံရသူသည် လူမွဲပိုင်ပစ္စည်းများအနက်မှ ယုံမှတ်အပ်နှံထားသော မြေကို ရောင်းချရန်အလို့ငှာ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ တင်ပြလျှောက်ထားရမည်။

(ခ) တရားရုံးသည် ပုဒ်မခွဲ (က) အရ လျှောက်လွှာကို လက်ခံရရှိသည့်အခါ အောက်ပါအချက် အလက်များကို ထည့်သွင်းစဉ်းစားလျက်သင့်သည်ထင်မြင်သည့်အမိန့်ချမှတ်နိုင်သည်-

(၁) မြီရှင်များ၏ အကျိုးစီးပွား၊

(၂) လူမွဲ သို့မဟုတ် ၎င်း၏လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်က လက်ရှိနေထိုင်သော နေအိမ် ဥပစာ တည်ရှိသော မြေနှင့်စပ်လျဉ်း၍ လျှောက်ထားလာလျှင်၊

(ကက) လူမွဲဖြစ်စေသည့် ၎င်း၏လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်၏ ပြုမူဆောင်ရွက်ချက်၊

(ခခ) လူမွဲ၏လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်၏ လိုအပ်ချက်များနှင့် ငွေကြေးအခြေအနေ၊

(ဂဂ) လူမွဲ၏သားသမီးများအတွက် လိုအပ်ချက်များ၊

(၃) လူမွဲ၏လိုအပ်ချက်များမှအပ အခြားသောအခြေအနေများ။

(ဂ) ဤအပိုင်းအရ လူမွဲပိုင်ပစ္စည်းများအား ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ ပထမဆုံး တရားဝင် လွှဲပြောင်းရောက်ရှိသွားသည့် အချိန်မှစ၍ တစ်နှစ်ကုန်ဆုံးပြီးနောက်မှ ပုဒ်မခွဲ (က) အရ လျှောက်လွှာ တင်သွင်းခြင်းဖြစ်လျှင် ထူးခြားသော အခြေအနေမရှိပါကမြီရှင်များ၏ အကျိုးစီးပွားများကို အခြား သော အချက်များထက် ဦးစားပေးစဉ်းစားရမည်။

နေထိုင်ခွင့် အခွင့်အရေးများ
လူမွဲ၏ဇနီး၊ ခင်ပွန်းမှ နေထိုင်ခွင့်

၃၂၃။ (က) လူမွဲ၏ လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်က လူမွဲပိုင်ပစ္စည်းတွင် နေထိုင်ခွင့်ပြုရန် တရားရုံးသို့လျှောက်ထားလာလျှင် တရားရုံးသည် အောက်ပါအချက်အလက်များကို ထည့်သွင်းစဉ်း စားလျက် အမိန့်ချမှတ်နိုင်သည်-

(၁) မြီရှင်များ၏ အကျိုးစီးပွား၊

(၂) လူမွဲဖြစ်စေသည့် ၎င်း၏လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်၏ ပြုမှုဆောင်ရွက်ချက်၊

(၃) လူမွဲ၏ လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်၏ လိုအပ်ချက်များနှင့် ငွေကြေးအခြေအနေ၊

(၄) လူမွဲ၏ သားသမီးများအတွက် လိုအပ်ချက်များ၊

(၅) လူမွဲ၏ လိုအပ်ချက်များမှအပ အခြားသောအခြေအနေများ။

(ခ) ဤအပိုင်းအရ လူမွဲပိုင်ပစ္စည်းများအား ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ ပထမဆုံးတရားဝင် လွှဲပြောင်းရောက်ရှိသွားသည့် အချိန်မှစ၍ တစ်နှစ်ကုန်ဆုံးပြီးနောက်မှ ပုဒ်မခွဲ (က) အရ လျှောက်လွှာ တင်သွင်းခြင်းဖြစ်လျှင် ထူးခြားသော အခြေအနေမရှိပါက မြီရှင်များ၏ အကျိုးစီးပွားများသည် အခြား သော အချက်များထက် ဦးစားပေးစဉ်းစားရမည်။

လူမွဲ၏နေထိုင်ခွင့်

၃၂၄။ (က) အောက်ပါအခြေအနေများတွင် ဤပုဒ်မနှင့် သက်ဆိုင်စေရမည်-

(၁) နေအိမ်ဥပစာတွင် အကျိုးသက်ဆိုင်ပြီး နေထိုင်ခွင့်ရှိသူသည် လူမွဲအဖြစ် ခံယူစေသည့် အမိန့်ချမှတ်ခံရခြင်း၊

(၂) လူမွဲခံယူစေသည့် အမိန့်ချမှတ်ပေးရန်လျှောက်လွှာတင်သွင်းချိန်နှင့် လူမွဲဖြစ်မှုစတင်သည့် အချိန်တွင် ထိုအိမ်ဥပစာ၌ လူမွဲနှင့်အတူ အသက် ၁၈ နှစ်အောက်ရှိသူတစ်ဦးက နေထိုင်ခဲ့ခြင်း။

(ခ) လူမွဲသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်-

(၁) တရားရုံး၏ ခွင့်ပြုချက်မှတစ်ပါး ထိုနေအိမ်ဥပစာ သို့မဟုတ် ယင်း၏ အစိတ်အပိုင်းကို လက်ရှိ နေထိုင်နေလျှင် ယင်းဥပစာ သို့မဟုတ် အစိတ်အပိုင်းမှ နှင်ထုတ်ခံရခြင်း သို့မဟုတ် ဖယ်ရှားခံရခြင်းမှ ကင်းလွတ်ခွင့်၊

(၂) လက်ရှိနေထိုင်ခြင်းမရှိလျှင် တရားရုံး၏ခွင့်ပြုချက်ဖြင့် ထိုနေအိမ် ဥပစာသို့ ဝင်ရောက်ခွင့်နှင့် နေထိုင်ပိုင်ခွင့်။

(ဂ) တရားရုံးသည် လူမွဲ၏လိုအပ်ချက်မှအပ မြီရှင်များ၏ အကျိုးစီးပွား၊ လူမွဲ၏ သားသမီးများ အတွက် လိုအပ်ချက်များနှင့် ငွေကြေးအခြေအနေအပြင် အခြားသော အခြေအနေများကို ထည့်သွင်း စဉ်းစား၍ သင့်သည်ထင်မြင်သည့်အမိန့်ချမှတ်နိုင်သည်။

(ဃ) ဤအပိုင်းအရ လူမွဲပိုင်ပစ္စည်းများအား ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ ပထမဆုံး တရားဝင်လွှဲ ပြောင်းရောက်ရှိသွားသည့်နေ့မှ တစ်နှစ်ကုန်ဆုံးပြီးနောက်မှ ပုဒ်မခွဲ (က) အရ လျှောက်လွှာတင်သွင်း ခြင်းဖြစ်လျှင် ထူးခြားသော အခြေအနေမရှိပါက မြီရှင်များ၏ အကျိုးစီးပွားများကို အခြားသော အချက်များထက် ဦးစားပေးစဉ်းစားရမည်။

ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းကိစ္စများကို ပြန်လည်ချိန်ညှိခြင်း
ငွေစာရင်းအရ ကြွေးမြီများကို သာမန်လွှဲပြောင်းပေးအပ်ခြင်းအား ပျက်ပြယ်စေခြင်း

၃၂၅။ (က) စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးသည် အခြားတစ်စုံတစ်ဦးအား လက်ရှိကာလ တွင် ဖြစ်စေ၊ အနာဂတ်ကာလတွင်ဖြစ်စေ ငွေစာရင်းအရ ကြွေးမြီများ သို့မဟုတ် ယင်းကြွေးမြီများ အနက်မှ ကြွေးမြီအမျိုးအစားတစ်ရပ်ရပ်ကို ပေးဆပ်ပြီးနောက်တွင် လူမွဲအဖြစ်ခံယူစေသည့် အမိန့် ချမှတ်ခြင်းခံရလျှင် ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) လူမွဲခံယူခြင်းဆိုင်ရာ လျှောက်လွှာတင်သွင်းခြင်းမပြုမီ ပေးချေခြင်းမပြုရသေးသည့် ငွေစာရင်း အရ ကြွေးမြီများကို လွှဲပြောင်းပေးအပ်ခြင်းသည် ပျက်ပြယ်စေရမည်။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များအလို့ငှာ-

(၁) လွှဲပြောင်းပေးအပ်ခြင်းဆိုရာတွင် ငွေစာရင်းအရ ကြွေးမြီအပေါ် အာမခံထားရှိခြင်း နည်းလမ်း ဖြင့်ဖြစ်စေ၊ ကြွေးမြီတာဝန်တင်ရှိစေခြင်း နည်းလမ်းဖြင့်ဖြစ်စေ လွှဲပြောင်းပေးအပ်ခြင်းလည်း ပါဝင်သည်။

(၂) သာမန်လွှဲပြောင်းပေးအပ်ခြင်းတွင် အောက်ပါတို့ ပါဝင်ခြင်းမရှိစေရ-

(ကက) သက်ဆိုင်သည့် မြီစားထံမှ အချိန်စေ့ရောက်သည့် ကြွေးမြီကို လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် သီးခြားပဋိညာဉ်အရ ပေးဆပ်ရန် အချိန်စေ့ရောက်သော ကြွေးမြီများကို လွှဲပြောင်းပေးအပ် ခြင်း၊

(ခခ) သဘောရိုးဖြင့် တန်ရာတန်ကြေးဖြင့် စီးပွားရေးလုပ်ငန်းကို လွှဲပြောင်းပေးအပ်ရာတွင်ဖြစ်စေ၊ မြီရှင်များ၏ အကျိုးစီးပွားအလို့ငှာ ပစ္စည်းများကို လွှဲပြောင်းပေးရာတွင်ဖြစ်စေ ငွေစာရင်းအရ ကြွေးမြီ များကို လွှဲပြောင်းပေးအပ်ခြင်း။

လူမွဲပါဝင်ချုပ်ဆိုထားသော ပဋိညာဉ်များ

၃၂၆။ (က) တစ်ဦးတစ်ယောက်သည် ပဋိညာဉ်တစ်ရပ်၌ စာချုပ်ဝင်အဖြစ် ပါဝင်ချုပ်ဆိုပြီးနောက် မကြာမီ လူမွဲအဖြစ် စီရင်ဆုံးဖြတ်ခြင်းခံရလျှင် ဤပုဒ်မသည် သက်ဆိုင်စေရမည်။

(ခ) ပဋိညာဉ်တွင်ပါဝင်သည့် အခြားသူတစ်ဦးက လျှောက်ထားသည့်အခါ တရားရုံးသည် လျှောက် ထားသူ၏ သို့မဟုတ် လူမွဲ၏ ပဋိညာဉ်အတိုင်းလိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ် လာသည့် နစ်နာကြေးကို စည်းကမ်းချက်သတ်မှတ်၍ ကင်းလွတ်ခွင့်ပြုသော အမိန့်ဖြစ်စေ၊ အခြား တရားမျှတသည် ထင်မြင်သည့်အမိန့်ဖြစ်စေ ချမှတ်နိုင်သည်။

(ဂ) ဤပုဒ်မအရ တရားရုံးက ချမှတ်သော အမိန့်တစ်ရပ်ကြောင့် လူမွဲကပေးချေရန်ရှိသည့် နစ်နာ ကြေးတစ်ရပ်ရပ်ကို လူမွဲပိုင်ပစ္စည်းအပေါ်တွင် ရရန်ရှိသောကြွေးမြီ သို့မဟုတ် တောင်းဆိုချက်တစ်ရပ် အဖြစ် သက်သေတင်ပြနိုင်ခွင့်ရှိသည်။

(ဃ) လူမွဲဖြစ်မှုမှ ရပ်စဲခြင်းမရှိသေးသော လူမွဲသည် အခြားသူတစ်ဦးနှင့် ပူးတွဲ၍ ပဋိညာဉ်တစ်ရပ်ရပ် ကို ချုပ်ဆိုခဲ့လျှင် ထိုသူသည် ယင်းပဋိညာဉ်နှင့်စပ်လျဉ်း၍ လူမွဲပါဝင်ခြင်းမရှိပဲ တရားစွဲဆိုခွင့် သို့မဟုတ် တရားစွဲဆိုခံပိုင်ခွင့်ရှိသည်။

အတည်ပြုသည့်လုပ်ထုံးလုပ်နည်းများ

၃၂၇။ (က) လူမွဲဖြစ်မှုမစတင်မီအချိန်၌ မြီရှင်တစ်ဦးက-

(၁) လူမွဲပိုင်မြေကွက် သို့မဟုတ် ကုန်စည်များအပေါ် ဒီကရီအတည်ပြု ဆောင်ရွက်ခဲ့သည့် ကိစ္စ သို့မဟုတ်

(၂) အခြားတစ်စုံတစ်ဦးထံမှ လူမွဲက ရရန်ရှိသော ကြွေးမြီတစ်ရပ်အတွက် ဝရမ်းကပ်စေခဲ့သည့် ကိစ္စတွင်ဒီကရီအတည်ပြုခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် ငွေကြေးအပြည့်အဝ ပေးချေခြင်းမရှိသေးသည့် ကိစ္စတွင် မြီရှင်သည် ဒီကရီအတည်ပြုခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းမှရရှိခဲ့သော အကျိုးခံစားခွင့်များ သို့မဟုတ် ဒီကရီအတည်ပြုခြင်းကို ဖြစ်စေ၊ ဝရမ်း ကပ်ခြင်းကိုဖြစ်စေ ရှောင်ရှားရန်အတွက် ပေးအပ်ခဲ့သော ငွေကြေးများနှင့်စပ်လျဉ်း၍ တရားဝင် ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူကို ဆန့်ကျင်ရယူခွင့်မရှိစေရ။

(ခ) (၁) တစ်ဦးတစ်ယောက်၏ ကုန်စည်အပေါ် ဒီကရီအတည်ပြုဆောင်ရွက်မှု ပြီးပြတ်ခြင်း မရှိသေး မီ ထိုသူသည် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းခံရကြောင်းကို ထိုသူက ဒီကရီအတည်ပြုသူ အရာရှိထံသို့ အကြောင်းကြားစာပေးပို့ပြီးသည့်အခါ ထိုအရာရှိသည် ဒီကရီအတည်ပြုလုပ်စဉ်က သိမ်းဆည်းခဲ့သော သို့မဟုတ် ပြန်လည်ရယူထားခဲ့သော ကုန်စည်များ သို့မဟုတ် ငွေကြေးများကို တရားဝင် ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူသို့ ပြန်လည်ပေးအပ်ရမည်။

(၂) သို့ရာတွင် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူသည် ထိုကုန်စည်အား ရောင်းချ၍ရငွေ သို့မဟုတ် ရယူသိမ်းဆည်းခဲ့သည့် ငွေများအနက်မှ ဒီကရီအတည်ပြုလုပ်စဉ်က ကုန်ကျခဲ့သည့် စရိတ်များအတွက် ဦးစားပေး ပေးချေရမည်။

(ဂ) အကယ်၍ ဒီကရီအတည်ပြုလုပ်ရာတွင် တစ်ဦးတစ်ယောက်၏ ကုန်စည်အား ရောင်းချခြင်း သို့မဟုတ် ထိုသို့ရောင်းချမှုမပြုရန် လိုအပ်သည့် ငွေကြေးပေးချေခြင်းပြုပြီးနောက် ထိုသို့ပြုသည့်နေ့မှ ၁၄ ရက်အတွင်း လူမွဲအဖြစ်ခံယူစေရန် လျှောက်လွှာတင်သွင်းခဲ့ကြောင်း အကြောင်းကြားစာကို ဒီကရီ အတည်ပြုသူအရာရှိထံသို့ ပေးပို့ခဲ့ပြီးဖြစ်သည့်အပြင် ယင်းလျှောက်လွှာအရ ထိုသူအပေါ် လူမွဲအဖြစ် ခံယူစေသည့်အမိန့်ချမှတ်ခဲ့ပါက ဒီကရီ အတည်ပြုစဉ်က ကုန်ကျစရိတ်များကို နှုတ်ယူပြီးနောက် ကျန်ရှိသော ကုန်စည်ရောင်းရငွေ သို့မဟုတ် ပေးချေခဲ့သော ငွေကြေးသည် လူမွဲပိုင်ပစ္စည်းတွင် ပါဝင် စေရမည်ဖြစ်ပြီး ထိုငွေကြေးများထဲမှ ဒီကရီအတည်ပြုသူမြီရှင်၏ ကြွေးမြီအား ဦးစားပေး ပေးချေရ မည်။

(ဃ) ပုဒ်မခွဲ (ဂ) ပါ ဖော်ပြထားသောငွေပမာဏသည် ဒီကရီအတည်ပြုရာမှ ရရှိသည့် ငွေပမာဏ ထက် ကျော်လွန်လျှင် ဒီကရီအတည်ပြုသူအရာရှိသည် အောက်ပါတို့ကို လိုက်နာရမည်-

(၁) ပုဒ်မခွဲ (ဂ) အရ အကြောင်းကြားစာပေးပို့ထားသော လူမွဲခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာအား စစ်ဆေးနေစဉ်အတွင်း သို့မဟုတ် ထိုသတ်မှတ်ထားသည့် ၁၄ ရက်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ထိုပုဒ်မခွဲတွင် ဖော်ပြထားသော ကျန်ငွေကို စီမံခန့်ခွဲခြင်းမပြုရ၊

(၂) ထိုကျန်ငွေသည် လူမွဲ၏ပစ္စည်းတွင် ပါဝင်ခဲ့လျှင် ထိုကျန်ငွေအား တရားဝင် ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူသို့ ပေးအပ်ရမည်။

(င) ဒီကရီအတည်ပြုခြင်း သို့မဟုတ် ဝရမ်းကပ်ခြင်းပြုသူ မြီရှင်၏ အကျိုးစီးပွားအလို့ငှာ ပုဒ်မခွဲ (က) မှ (ဂ) အရ တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူသို့ အပ်နှင်းထားသော အခွင့် အရေးများကို တရားရုံးသည် စည်းကမ်းချက်များ သတ်မှတ်၍ သင့်သည်ဟု ထင်မြင်သော အတိုင်း အတာနှင့်အညီ ပယ်ဖျက်နိုင်သည်။

(စ) ကုန်စည်တစ်ရပ်အား ဒီကရီအတည်ပြုသူအရာရှိထံမှ သဘောရိုးဖြင့် ဝယ်ယူလက်ရောက်ရယူပြီး ဖြစ်ပါက တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူမှ အဆိုပါပစ္စည်းကို ပြန်လည် သိမ်းယူရန် ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အခွင့်အာဏာပေးသည်ဟု မှတ်ယူခြင်းမပြုရ။

(ဆ) လူမွဲဖြစ်မှုစတင်ပြီးနောက် လူမွဲက လက်ဝယ်ရရှိလာသော သို့မဟုတ် ဆက်ခံရရှိလာသော ပစ္စည်းပေါ်တွင် ဒီကရီအတည်ပြုရာ၌ ပုဒ်မခွဲ (ခ) နှင့် (ဂ) ပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ခြင်း မရှိစေရ။ သို့ရာတွင် ဒီကရီအတည်ပြုခြင်းစတင်ပြီးနောက် ပြီးဆုံးခြင်း မရှိသေးမီ အောက်ပါအခြေ အနေများနှင့် အကျုံးဝင်လျှင် ထိုပုဒ်မခွဲများသည် သက်ဆိုင်စေရမည်-

(၁) ထိုပစ္စည်းသည်ပုဒ်မ ၂၈၆ အရ လူမွဲပိုင်ပစ္စည်းအဖြစ် တောင်းဆိုပြီးဖြစ်ခြင်း၊

(၂) ပုဒ်မ ၂၈၆ အရ အကြောင်းကြားစာမိတ္တူတစ်ရပ်ကို ဒီကရီအတည်ပြုသူအရာရှိထံသို့ ပေးပို့ခဲ့ပြီး ဖြစ်ခြင်း။

ငှားရမ်းခအတွက်တောင်းဆိုခွင့်

၃၂၈။ လူမွဲထံမှ ရရန်ရှိသော ငှားရမ်းခအတွက် အိမ်ရှင် သို့မဟုတ် အိမ်လခထိုက်ခွင့်ရှိသော အခြား တစ်စုံတစ်ဦးက လူမွဲပိုင်ပစ္စည်းများအပေါ်တွင် ကြွေးမြီတစ်ရပ်ကဲ့သို့ သက်သေတင်ပြတောင်းဆိုနိုင် သည်။ သို့ရာတွင် လူမွဲဖြစ်မှုစတင်ခြင်းမပြုမီ အချိန်ကာလ ၆ လစာအတွက်သာ တောင်းဆိုခွင့် ရှိစေ ရမည်။

အလုပ်သင်များ

၃၂၉။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အောက်ပါကိစ္စများအလို့ငှာ သက်ဆိုင်စေရမည်-

(၁) လူမွဲခံယူစေသည့်အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းထားချိန်၌ တစ်စုံတစ်ဦးသည် လူမွဲဖြစ်လာမည့်သူထံတွင် အလုပ်သင်အဖြစ် ဝင်ရောက် လုပ်ကိုင်နေစဉ်အတွင်း ထိုသူအပေါ် လူမွဲ အဖြစ်ခံယူစေသည့် အမိန့်တစ်ရပ်ချမှတ်သည့်အခါ၊

(၂) လူမွဲ သို့မဟုတ် အလုပ်သင်က ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ အလုပ်သင်အဖြစ်မှ ရပ်စဲကြောင်း အကြောင်းကြားစာ ပေးပို့သည့်အခါ။

(ခ) အလုပ်သင်ခန့်အပ်မှုဆိုင်ရာ သဘောတူညီချက်သည် လူမွဲဖြစ်မှု စတင်ချိန်မှစ၍ ရပ်စဲရမည်။

စာအုပ်စာတမ်းများရယူသိမ်းဆည်းခွင့်မရှိစေခြင်း

၃၃၀။ (က) လူမွဲထံမှ စာအုပ်စာတမ်းများ သို့မဟုတ် အခြားသော မှတ်တမ်းများအား ဒီကရီအတည်ပြု သူ အရာရှိမှ အတည်ပြုဆောင်ရွက်လျှင် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူမှ လက်ဝယ်ထား ထိန်းသိမ်းခွင့်ကို ငြင်းပယ်ရာရောက်စေမည်ဆိုပါက ယင်းကဲ့သို့ အတည်ပြု ဆောင်ရွက်ခြင်း မရှိစေရ။

(ခ) ပစ္စည်းတစ်ရပ်နှင့်စပ်လျဉ်းသည့် ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းများဖြစ်လျှင် ပုဒ်မခွဲ (က) နှင့် သက်ဆိုင်ခြင်းမရှိစေရ။

လူမွဲပါဝင်ချုပ်ဆိုထားသော အနုညာတသဘောတူညီချက်

၃၃၁။ (က) လူမွဲဖြစ်မှုစတင်ခြင်းမပြုမီ လူမွဲပါဝင်ချုပ်ဆိုထားသော ပဋိညာဉ်တစ်ရပ်၌ အနုညာတ သဘောတူညီချက်ပါရှိလျှင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။

(ခ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ပဋိညာဉ်ကို သဘောတူလက်ခံပါက ထိုပဋိညာဉ်ပါ အနုညာတ သဘောတူညီချက်ကို အတည်ပြုဆောင်ရွက်နိုင်သည် သို့မဟုတ် အတည်ပြု ဆောင်ရွက်ခြင်းကို ခံယူ နိုင်သည်။

(ဂ) ယုံမှတ်အပ်နှံခြင်းခံရသူသည် ပဋိညာဉ်ကို သဘောတူလက်ခံခြင်းမရှိသော်လည်း မြီရှင်များ ကော်မတီကဖြစ်စေ၊ ၎င်းတို့ကိုယ်စား ယုံမှတ်အပ်နှံခြင်းခံရသူမှတစ်ဆင့်ဖြစ်စေ၊ ထိုသဘောတူညီ ချက်တွင် ပါဝင်သော အခြားစာချုပ်ဝင်တစ်ဦးဦးကဖြစ်စေ တရားရုံးသို့ ယင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ အနုညာတစီရင်ဆုံးဖြတ်ခြင်း နည်းလမ်းအရ ဖြေရှင်းစေရေးလွှဲအပ်စေသည့် အမိန့်တစ်ရပ် ချမှတ်ပေးရန် လျှောက်ထားနိုင်သည်။

အခန်း (၈) လူမွဲဖြစ်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှုများ[edit]

ဤအခန်းနှင့်သက်ဆိုင်ခြင်း

၃၃၂။ (က) တရားရုံးသည် လျှောက်ထားချက်အရ မြီစားအပေါ် လူမွဲအဖြစ်ခံယူစေသည့် အမိန့် တစ်ရပ်ချမှတ်သည့်အခါ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။

(ခ) လူမွဲအဖြစ်ခံယူစေသည့်အမိန့်ကို ပယ်ဖျက်သည်ဖြစ်စေ မပယ်ဖျက်သည်ဖြစ်စေ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်စေရမည်။

(ဂ) နောက်ထပ်လူမွဲဖြစ်မှုနှင့်စပ်လျဉ်း၍ ထိုလူမွဲ၏ ပေးရန်တာဝန်များကို ထိခိုက်စေခြင်း မရှိဘဲ လူမွဲ အဖြစ်မှ ရပ်စဲပြီးနောက်ပိုင်း ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ လူမွဲသည် ဤအခန်းပါ ပြစ်မှုတစ်ရပ် အတွက် ပြစ်ဒဏ်ထိုက်သင့်ခြင်းမရှိစေရ။ သို့ရာတွင် လူမွဲဖြစ်မှုမရပ်စဲမီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ရပ် အတွက် မှုခင်းတစ်စုံတစ်ရာဖြင့် တရားစွဲဆိုဆောင်ရွက်ခြင်းကို ဤအပိုင်းပါ မည်သည့်ပြဋ္ဌာန်းချက် ကမျှ တားမြစ်ခြင်း မရှိစေရ။

(ဃ) ဤအခန်းအရ ပြစ်မှုတစ်ရပ်အတွက် တရားစွဲဆိုသော မှုခင်းတစ်ရပ်တွင် ယင်းပြစ်မှုကို နိုင်ငံတော်ပြင်ပတွင် ကျူးလွန်ခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် ခုခံချေပခွင့်မရှိစေရ။

(င) မည်သူမဆို ဤအခန်းပါ ပြစ်မှုကို ကျူးလွန်လျှင် တရားရုံးသည် ထိုသူအား ထောင်ဒဏ် ခုနစ်နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် ကျပ် သိန်းငါးဆယ်အထိ ချမှတ်နိုင်သည်။

(စ) ဤအခန်းတွင်-

(၁) လူမွဲပိုင်ပစ္စည်းတွင်ပါဝင်သောပစ္စည်း သို့မဟုတ် တရားဝင် ပစ္စည်းထိန်းထံသို့ဖြစ်စေ၊ ယုံမှတ် အပ်နှံခြင်းခံရသူထံသို့ဖြစ်စေ လက်ရောက်ပေးအပ်ရန် ဆင့်ဆိုသတ်မှတ်ထားသော ပစ္စည်းဆိုသော စကားရပ်တွင် ပုဒ်မ ၂၈၆ သို့မဟုတ် ၂၈၇ အရ အကြောင်းကြားစာ ပေးပို့တောင်းခံသည့်ပစ္စည်းများ လည်း ပါဝင်ရမည်၊

(၂) ကြားကာလ ဆိုသည်မှာ လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းချိန် မှစ၍ ယင်းအမိန့်ချမှတ်သည်အထိကြာသော ကြားကာလကို ဆိုသည်။

ကြံရွယ်ချက်မရှိကြောင်းခုခံချေပခြင်း

၃၃၃။ ဤအခန်းပါ ပြစ်မှုတစ်ရပ်နှင့် စွဲဆိုခြင်းခံရသူသည် ၎င်း၏ လုပ်ငန်းကိစ္စများကို ဆောင်ရွက်ရာ ၌ လိမ်လည်ရန် သို့မဟုတ် ဝှက်သိမ်းရန် ကြံရွယ်ချက်မရှိကြောင်း သက်သေထင်ရှားပြသနိုင်လျှင် ထိုသူသည် ဤအပိုင်းပါ ပြစ်မှုကို ကျူးလွန်ခြင်းမရှိဟု ဤပုဒ်မအရ မှတ်ယူနိုင်သည်။

လူမွဲဖြစ်မှုမစတင်မီနှင့် စတင်ပြီးနောက်ပိုင်း လူမွဲ၏ ကျူးလွန်မှုများ
ထုတ်ဖော်ပြောကြားရန် ပျက်ကွက်ခြင်း

၃၃၄။ (က) လူမွဲသည် အောက်ပါတို့ကို ထုတ်ဖော်ရန်ပျက်ကွက်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်-

(၁) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ မိမိပစ္စည်းစာရင်းကို မိမိသိရှိ သည့်အတိုင်း ဖော်ထုတ်ပြောကြားရန် ပျက်ကွက်ခြင်း၊

(၂) လူမွဲက ၎င်းပိုင်ပစ္စည်းတစ်ရပ်ရပ်အား မည်သည့်အချိန်က မည်သူ့ထံသို့ မည်သည့်တန်ဖိုးဖြင့် ရောင်းချခဲ့သည် သို့မဟုတ် မည်သို့မည်ပုံ စီမံခန့်ခွဲခဲ့သည်ကို တရားဝင် ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ သတင်းပေးပြောကြားရန် ပျက်ကွက်ခြင်း။

(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်သည် လူမွဲက မိမိလုပ်ငန်းအား လုပ်ဆောင်မြဲ နည်းလမ်းများအတိုင်းဆောင်ရွက်ရာ၌ မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏မိသားစုအတွက် သာမန် ကုန်ကျစရိတ်များကို ပေးချေမှုတစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်းမရှိစေရ။

ပိုင်ဆိုင်မှုကို ဝှက်သိမ်းထားခြင်း

၃၃၅။ (က) လူမွဲသည် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်-

(၁) ဥပဒေအရ လက်ရောက်ပေးအပ်ရန် ဆင့်ဆိုထားသည့် မိမိ၏လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှု အောက်တွင်ရှိသော လူမွဲပိုင်ပစ္စည်းတွင် ပါဝင်သည့် ပစ္စည်းတစ်ရပ်ရပ်ကို တရားဝင်ပစ္စည်းထိန်းထံ ဖြစ်စေ၊ ယုံမှတ်အပ်နှံခြင်းခံရသူထံဖြစ်စေ၊ ထိုသူတို့က ညွှန်ကြားထားသည့်အတိုင်းဖြစ်စေ လက်ရောက် ပေးအပ်မှုမရှိခြင်း၊

(၂) မိမိရရန်ရှိသော ကြွေးမြီ သို့မဟုတ် မိမိပေးရန်ရှိသော ကြွေးမြီတစ်ရပ်ကို ဝှက်သိမ်းထားခြင်း သို့မဟုတ် နည်းဥပဒေများအရ သတ်မှတ်ထားသော ငွေပမာဏထက်မနည်းသော တန်ဖိုးရှိသော ပစ္စည်းကို ဝှက်သိမ်းထားခြင်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်း ခံရသူထံသို့လက်ရောက်ပေးအပ်ရန် မိမိ အား ဆင့်ဆိုထားသည့် ပစ္စည်းကို လက်ဝယ်ထားခြင်း၊

(၃) လူမွဲအဖြစ်ခံယူစေသည့်အမိန့်တစ်ရပ် ချမှတ်ပေးရန်လျှောက်လွှာ တင်သွင်းခြင်းမပြုမီ ၁၂ လအတွင်း သို့မဟုတ် ကြားကာလအတွင်း ပုဒ်မခွဲငယ် (၂) အရ ပြစ်မှုတစ်ရပ်မြောက်စေမည့် ပြုလုပ်မှု တစ်ခုကို လူမွဲအဖြစ်ခံယူစေသည့်အမိန့်ချမှတ်ပြီးနောက် ပြုလုပ်ခဲ့လျှင်။

(ခ) နည်းဥပဒေများအရ သတ်မှတ်ထားသော ငွေပမာဏထက် မနည်းသည့် တန်ဖိုးရှိပြီး တရားဝင် ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လက်ရောက်ပေးအပ်ရန် ဆင့်ဆိုထားသည့် မိမိလက်ဝယ်ရှိပစ္စည်းတစ်ရပ်ကို ကြားကာလအတွင်း၌ လူမွဲက ဖယ်ရှားလျှင်ဖြစ်စေ၊ ဖယ်ရှားခဲ့လျှင် ဖြစ်စေ ၎င်းသည် ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

(ဂ) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် တရားရုံးက လူမွဲအား အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ဆင့်ဆိုခဲ့ရာ၌ ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြ ချက်မရှိဘဲ လိုက်နာရန်ပျက်ကွက်ခဲ့လျှင် ၎င်းသည် ပြစ်မှုကျူးလွန်ရာ ရောက်သည်-

(၁) လူမွဲအဖြစ်ခံယူစေသည့် အမိန့်တစ်ရပ် ချမှတ်ပေးရန်လျှောက်လွှာ တင်သွင်းခြင်းမပြုမီ ၁၂ လ ကာလအတွင်း သို့မဟုတ် ကြားကာလအတွင်း လူမွဲပိုင်ပစ္စည်းများအနက်မှ အများစုဆုံးရှုံးခဲ့မှုနှင့် စပ်လျဉ်း၍ တာဝန်ယူစာရင်းရှင်းလင်းတင်ပြစေခြင်း သို့မဟုတ်

(၂) ထိုဆုံးရှုံးမှုအတွက် ကျေနပ်လောက်ဖွယ်ရာ ရှင်းလင်းတင်ပြစေခြင်း။

စာအုပ်စာတမ်းများကို ဝှက်သိမ်းထားခြင်းနှင့် လိမ်လည်ရေးသွင်းခြင်း

၃၃၆။ (က) လူမွဲပိုင်ပစ္စည်း သို့မဟုတ် လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်း၍ ၎င်း၏လက်ဝယ် သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသော စာအုပ်စာတမ်းများနှင့် အခြားမှတ်တမ်းများကို တရားဝင်ပစ္စည်းထိန်း အရာရှိထံဖြစ်စေ၊ ယုံမှတ်အပ်နှံခြင်းခံရသူထံဖြစ်စေ ထိုသူတို့က ညွှန်ကြားထားသည့်အတိုင်းဖြစ်စေ လက်ရောက်ပေးအပ်ခြင်းမပြုလျှင် ၎င်းသည် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

(ခ) လူမွဲသည် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို လုပ်ဆောင်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရ မည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်-

(၁) လူမွဲသည် ၎င်းပိုင်ပစ္စည်း သို့မဟုတ် လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်းသည့် စာအုပ်စာတမ်းနှင့် အခြားသောမှတ်တမ်းများ တင်ပြမှုကို တားဆီးခြင်း သို့မဟုတ် ကြားကာလအတွင်း၌ တားဆီးခဲ့ခြင်း၊

(၂) လူမွဲသည် ၎င်းပိုင်ပစ္စည်း သို့မဟုတ် လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်းသည့် စာအုပ်စာတမ်းနှင့် အခြားသောမှတ်တမ်းများကို ဝှက်သိမ်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း သို့မဟုတ် လိမ်လည်အတုပြုခြင်း သို့မဟုတ် ထိုသို့ ဝှက်သိမ်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း သို့မဟုတ် လိမ်လည်အတုပြုခြင်း တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေခြင်း သို့မဟုတ် တမင် ခွင့်ပြုခြင်း၊

(၃) လူမွဲသည် ၎င်းပိုင်ပစ္စည်း သို့မဟုတ် လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းနှင့် အခြား‌သော မှတ်တမ်းများတွင် လိမ်လည်ရေးသွင်းခြင်း သို့မဟုတ် ဖြစ်ပေါ်စေခြင်း သို့မဟုတ် တမင်ခွင့်ပြုခြင်း၊

(၄) လူမွဲအဖြစ် ခံယူစေသည့်အမိန့်တစ်ရပ် ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းခြင်းမပြုမီ ၁၂ လအတွင်း သို့မဟုတ် ကြားကာလအတွင်း ပုဒ်မခွဲငယ် (၂) သို့မဟုတ် (၃)အရ ပြစ်မှုတစ်ရပ်မြောက်စေမည့် ပြုလုပ်မှု တစ်ခုကို လူမွဲအဖြစ် ခံယူစေသည့်အမိန့်ချမှတ်ပြီးနောက် ပြုလုပ်ခဲ့ခြင်း။

(ဂ) လူမွဲသည် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို လုပ်ဆောင်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည် ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်-

(၁) လူမွဲသည် ၎င်းပိုင်ပစ္စည်း သို့မဟုတ် လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်းသည့် စာအုပ်စာတမ်းနှင့် အခြား သော မှတ်တမ်းများကို စီမံခန့်ခွဲခြင်း သို့မဟုတ် ပြောင်းလဲခြင်း သို့မဟုတ် ထိုသို့ဖြစ်ပေါ်စေခြင်း သို့မဟုတ် တမင်ခွင့်ပြုခြင်း၊

(၂) လူမွဲအဖြစ်ခံယူစေသည့် အမိန့်တစ်ရပ်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းခြင်းမပြုမီ ၁၂ လအတွင်း သို့မဟုတ် ကြားကာလအတွင်း ပုဒ်မခွဲငယ် (၁) အရ ပြစ်မှုတစ်ရပ်မြောက်စေမည့် ပြုလုပ်မှုတစ်ခုကို လူမွဲ အဖြစ်ခံယူစေမည့် အမိန့်ချမှတ်ပြီးနောက် ပြုလုပ်ခဲ့ခြင်း။

(ဃ) ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၄) နှင့် ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) တို့တွင် အချိန်ကာလအား ၁၂ လအဖြစ် ဖော်ပြထား သော်လည်း ကုန်သွယ်မှုမှတ်တမ်းနှင့် သက်ဆိုင်သည့် လျှောက်ထားချက်တွင် ယင်းကာလအစား နှစ်နှစ်ဟု မှတ်ယူရမည်။

(င) ပုဒ်မခွဲ(ဃ)တွင် ဖော်ပြထားသော ကုန်သွယ်မှုမှတ်တမ်း ဆိုသည်မှာ အောက်ပါမှတ်တမ်းများ အပါအဝင် လူတစ်ဦးတစ်ယောက်၏ စီးပွားရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းကိစ္စများ သို့မဟုတ် ငွေကြေးအခြေအနေကို ဖော်ပြသော သို့မဟုတ် ရှင်းလင်းတင်ပြသော စာအုပ်စာတမ်းနှင့် အခြားသော မှတ်တမ်းများကိုဆိုသည်-

(၁) ရငွေပေးငွေများနှင့်စပ်လျဉ်း၍ ထားရှိသည့် ပုံမှန်ငွေစာရင်းမှတ်တမ်းများ၊

(၂) ပုံမှန်ကုန်စည်စာရင်းမှတ်တမ်းများ၊

(၃) လက်လီရောင်းချသော ကုန်စည်များမှတပါး ရောင်းသူနှင့် ဝယ်သူတို့ကို ဖော်ပြမှတ်တမ်းတင်ထား သည့် ကုန်စည်ရောင်းဝယ်မှု မှတ်တမ်းများ။

မမှန်မကန်ရေးသွင်းဖော်ပြချက်များ

၃၃၇။ (က) လူမွဲသည် ၎င်း၏လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဤအပိုင်းပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ ဆောင်ရွက်ရန်သတ်မှတ်ထားသော ရေးသွင်းဖော်ပြချက် တစ်ရပ်ပြုလုပ်ရာတွင် လည်းကောင်း အရေးပါသော အချက်အလက်များကို ထိမ်ချန်ခြင်းပြုလျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

(ခ) လူမွဲသည် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို လုပ်ဆောင်လျှင် ဤပုဒ်မအရ ပြစ်မှုကျူးလွန်ရာရောက် သည်-

(၁) လူမွဲခံယူခြင်းဆိုင်ရာမှုခင်း၌ တစ်စုံတစ်ဦးသည် ကြွေးမြီရရန်ရှိကြောင်း မမှန်မကန် သက်သေထင်ရှား ပြသတောင်းဆိုခြင်းကို သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်ဖြစ်စေ ယုံမှတ်အပ်နှံခြင်းခံရသူ ထံသို့ ဆောလျင်စွာ သတင်းပေးအကြောင်းကြားရန် ပျက်ကွက်ခြင်း၊

(၂) ၎င်းပိုင်ဆိုင်သော ပစ္စည်းအစိတ်အပိုင်းတစ်ရပ်ရပ်နှင့်စပ်လျဉ်းပြီး စာရင်းရှင်းလင်းရာတွင် ဆုံးရှုံးမှုများ သို့မဟုတ် ကုန်ကျစရိတ်များကို မဟုတ်မမှန် တင်ပြရန် အားထုတ်ခြင်း၊

(၃) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းခြင်းမပြုမီ ၁၂ လအတွင်း သို့မဟုတ် ကြားကာလအတွင်း ကျင်းပပြုလုပ်ခဲ့သော မြီရှင်များနှင့်စပ်လျဉ်းသည့် မည်သည့် အစည်းအဝေး တွင်မဆို ပုဒ်မခွဲငယ် (၂) အရ ပြစ်မှုတစ်ရပ်မြောက်စေမည့် ပြုလုပ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်း၊

(၄) လူမွဲမှုခင်း သို့မဟုတ် ၎င်း၏လုပ်ငန်းကိစ္စများအတွက် မြီရှင်များ သို့မဟုတ် ၎င်းတို့အနက်မှ တစ်ဦးဦး၏ သဘောတူညီချက်ရရှိရန်အလို့ငှာ မမှန်မကန်တင်ပြခြင်း သို့မဟုတ် အခြားနည်းဖြင့် လိမ်လည် လှည့်ဖြားခြင်း။

လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ပစ္စည်းများကို စီမံခန့်ခွဲခြင်း

၃၃၈။ (က) လူမွဲသည် ၎င်းပိုင်ပစ္စည်းများကို ပေးကမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုလျှင် သို့မဟုတ် ပြုစေလျှင် သို့တည်းမဟုတ် ယင်းပစ္စည်းများပေါ်တွင် ကြွေးမြီတာဝန်တင်ရှိစေလျှင် သို့တည်းမဟုတ် လူမွဲ ဖြစ်မှုစတင်ချိန်မှစ၍ လွန်ခဲ့သော ငါးနှစ်အတွင်း ထိုသို့ ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ဆောင်ရွက်စေခဲ့လျှင် ပြစ်မှုကိုကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

(ခ) ပစ္စည်းတစ်ရပ်ရပ်ကို လွှဲပြောင်းခြင်း သို့မဟုတ် ယင်းပစ္စည်းအပေါ် ကြွေးမြီ တာဝန်တင်ရှိစေခြင်း ဆိုသော စကားရပ်တွင် ထိုပစ္စည်းကိုရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်းလည်း ပါဝင် စေရမည်။

(ဂ) လူမွဲဖြစ်မှုစတင်ခြင်းမရှိမီ ငွေပေးဆပ်ရန်အမိန့် သို့မဟုတ် ဒီကရီတစ်ရပ်ချမှတ်ပြီးနောက် သို့တည်းမဟုတ် ယင်းသို့ချမှတ်ခြင်းမပြုမီ ၂ လတွင်း ထိုအမိန့် သို့မဟုတ် ဒီကရီအား ပြေကြေခြင်းမရှိစေရန် လူမွဲသည် ၎င်းပိုင်ပစ္စည်းတစ်ရပ်ရပ်ကို ဝှက်သိမ်းခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုလျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

ထွက်ပြေးတိမ်းရှောင်ခြင်း

၃၃၉။ လူမွဲသည် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို လုပ်ဆောင်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည် ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်-

(က) လူမွဲသည် နည်းဥပဒေများအရ သတ်မှတ်ထားသော ငွေပမာဏထက်မနည်းသော တန်ဖိုးရှိပြီး တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လက်ရောက်ပေးအပ်ရမည့် မိမိလက်ဝယ်ရှိ ပစ္စည်းတစ်ရပ်ကို ယူဆောင်၍ နိုင်ငံတော်ပြင်ပသို့ ထွက်ခွာခြင်း သို့မဟုတ် ထွက်ခွာရန်အားထုတ်ခြင်း သို့မဟုတ် ထွက်ခွာရန် ပြင်ဆင်ဆောင်ရွက်ခြင်း၊

(ခ) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းခြင်းမပြုမီ (၆) လအတွင်း သို့မဟုတ် ကြားကာလအတွင်း ပုဒ်မခွဲ (က) အရ ပြစ်မှုမြောက်မည်ဖြစ်သော ပြုလုပ်မှုတစ်ခုကို ကျူးလွန် ခဲ့ခြင်း။

အကြွေးဖြင့် ဝယ်ခဲ့သော ပစ္စည်းကို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် ဆောင်ရွက်ခြင်း

၃၄၀။ (က) လူမွဲက အကြွေးဖြင့် ဝယ်ယူရရှိထားသော ပစ္စည်းတစ်ရပ်ရပ်ကို လူမွဲအဖြစ်ခံယူစေမည့် အမိန့် ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းခြင်းမပြုမီ ၁၂ လအတွင်း သို့မဟုတ် ကြားကာလအတွင်း တစ်နည်း နည်းဖြင့် စီမံခန့်ခွဲခဲ့လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ပုဒ်မ ၃၃၃ ပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

(ခ) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာတင်သွင်းခြင်းမပြုမီ ၁၂ လအတွင်း သို့မဟုတ် ကြားကာလအတွင်း မည်သူမဆို အောက်ပါအခြေအနေများရှိကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ လူမွဲထံမှပစ္စည်းတစ်ရပ်ရပ်ကို လက်ရောက်ရယူခြင်း သို့မဟုတ် လက်သင့်ခံခြင်းပြုလျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူရမည်-

(၁) ထိုပစ္စည်းနှင့်စပ်လျဉ်း၍ လူမွဲကငွေပေးချေရန် ကြွေးမြီတင်ရှိနေကြောင်း၊

(၂) လူမွဲတွင် ထိုပစ္စည်းနှင့်စပ်လျဉ်း၍ တင်ရှိနေသော ကြွေးမြီကိုပေးချေရန် ရည်ရွယ်ချက်မရှိကြောင်း သို့မဟုတ် ပေးဆပ်နိုင်စွမ်း မရှိတန်ရာကြောင်း။

(ဂ) လူမွဲပိုင်ပစ္စည်းတစ်ရပ်ကို တစ်စုံတစ်ဦးက စီမံခန့်ခွဲခြင်း သို့မဟုတ် လက်ရောက်ရယူခြင်း သို့မဟုတ် လက်သင့်ခံခြင်းမှာ ထိုသို့ပြုလုပ်စဉ်က လူမွဲ၏စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သာမန်လုပ်ရိုးလုပ်စဉ် အတိုင်း စီမံခန့်ခွဲခြင်း သို့မဟုတ် လက်ရောက်ရယူခြင်း သို့မဟုတ် လက်သင့်ခံခြင်းဖြစ်လျှင် ၎င်းအား ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူခြင်းမရှိစေရ။

(ဃ) ပစ္စည်းတစ်ရပ်ကို လူမွဲ၏စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သာမန် လုပ်ရိုးလုပ်စဉ်အတိုင်း စီမံ ခန့်ခွဲခြင်း သို့မဟုတ် လက်ရောက်ရယူခြင်း သို့မဟုတ် လက်သင့်ခံခြင်း ဟုတ် မဟုတ် ဤပုဒ်မအလို့ငှာ ဆုံးဖြတ်ရာတွင် ထိုစဉ်က ထိုပစ္စည်းအတွက် ပေးချေခဲ့သော တန်ဖိုးကို အလေးထား၍ ထည့်သွင်းစဉ်းစား ရမည်။

(င) ပစ္စည်းတစ်ရပ်ကို စီမံခန့်ခွဲခြင်းပြုသည်ဆိုသော စကားရပ်တွင် ပစ္စည်းကို တစ်နည်းနည်းဖြင့် ပေါင်နှံ ခြင်းနှင့် ထိုသို့ပေါင်နှံသည့်ပစ္စည်းကို လက်ရောက်ရယူခြင်း သို့မဟုတ် လက်သင့်ခံခြင်းလည်း ပါဝင်သည်။

ချေးငွေရယူခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်း

၃၄၁။ (က) လူမွဲသည် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို လုပ်ဆောင်လျှင် ပြစ်မှုကျူးလွန်သည်ဟု မှတ်ယူ ရမည်-

(၁) ငွေကြေးအခြေအနေနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လူမွဲသည် တစ်ဦးတည်းအနေဖြင့်ဖြစ်စေ၊ အခြားသူများနှင့် တွဲဖက်၍ဖြစ်စေ တစ်ဦးတစ်ယောက်ထံမှ ကြွေးမြီများရယူခဲ့ခြင်း သို့မဟုတ်

(၂) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ခြင်းခံရသည့် လုပ်ငန်းနှင့်စပ်လျဉ်းသည့် အချက်အလက် များကို ၎င်းနှင့်စီးပွားရေးအရ ဆက်သွယ်လုပ်ကိုင်နေသူများအားလုံးထံသို့ ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ လူမွဲသည် အခြားလုပ်ငန်းအမည်ဖြင့် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း။

(ခ) ကြွေးမြီရယူထားသော လူမွဲဆိုသည့်စကားရပ်တွင် အောက်ပါကိစ္စရပ်များလည်း ပါဝင်ရမည်-

(၁) အရစ်ကျဝယ်သည့်စာချုပ်အရ ရောင်းချသည့်ကိစ္စ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်ဖြင့် ရောင်းချ သည့်ကိစ္စ၊

(၂) ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ငွေသားဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ လူမွဲထံသို့ ကြိုတင်ပေးအပ်ထားသည့်ကိစ္စ။

(ဂ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ပါ ငွေကြေးအခြေအနေနှင့်စပ်လျဉ်းသည့် အချက်အလက်များ ဆိုရာတွင် ထိုသူသည် လူမွဲဖြစ်မှုရပ်စဲခြင်းမရှိသေးသော အခြေအနေနှင့်စပ်လျဉ်းသည့် အချက်အလက် များကို ဆိုသည်။

(ဃ) လူမွဲအဖြစ်မှ ရပ်စဲပြီးဖြစ်သော်လည်း လူမွဲအပေါ် ကန့်သတ်သည့်အမိန့်တစ်ရပ် အတည်ဖြစ်နေဆဲတွင် ဤပုဒ်မသည် သက်ဆိုင်စေရမည်။

အခန်း (၉) လူမွဲဖြစ်မှုတွင် တရားရုံးများ၏အာဏာ[edit]

ဖမ်းဆီးရန်အခွင့်အာဏာ

၃၄၂။ (က) တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်နိုင်သော အခွင့်အာဏာများတွင် အောက်ပါ ကိစ္စရပ်များ ပါဝင်သည်-

(၁) မြီစား သို့မဟုတ် လူမွဲအဖြစ်မှရပ်စဲခြင်းမရှိသေးသူ သို့မဟုတ် လူမွဲအဖြစ်မှရပ်စဲပြီးဖြစ်သော်လည်း ၎င်းပိုင်ပစ္စည်းများကို ဤအပိုင်းအရ စီမံခန့်ခွဲမှုခံယူလျက်ရှိသူအား ဖမ်းဆီးရန်ကိစ္စ၊

(၂) ဝရမ်းထုတ်ဆင့်ဖမ်းဆီးခြင်းခံရသူ၏ လက်ဝယ်ရှိ စာအုပ်စာတမ်းနှင့် မှတ်တမ်းများ၊ ငွေကြေး သို့မဟုတ် ကုန်စည်များကို သိမ်းဆည်းရန်ကိစ္စ။ ထို့ပြင် ထိုသို့ဝရမ်းအရ ဖမ်းဆီးထားသော တစ်စုံတစ်ဦးအား အချုပ်တွင်ထားရှိစေရန်နှင့် သိမ်းဆည်းခဲ့သော စာအုပ်စာတမ်းနှင့် မှတ်တမ်းများ၊ ငွေကြေး သို့မဟုတ် ကုန်စည်များကို တရားရုံးက အမိန့်တွင် ဖော်ပြထားသော အချိန်ကာလအထိ ထိန်းသိမ်းထားရှိစေရန် အမိန့် ချမှတ်နိုင်သည်။

(ခ) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာကို တင်သွင်းပြီးနောက် သို့မဟုတ် လူမွဲအဖြစ် ခံယူစေသည့်အမိန့် ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို အောက်ပါအခြေအနေ တစ်ရပ်ရပ်ရှိသည်ဟု ထင်မြင်ယူဆလျှင် တရားရုံးသည် မြီစား သို့မဟုတ် လူမွဲအဖြစ်မှရပ်စဲခြင်း မရှိသေးသောသူ သို့မဟုတ် လူမွဲ အဖြစ်မှရပ်စဲပြီးဖြစ်သူနှင့်ပတ်သက်၍ ပုဒ်မခွဲ (က) အရ ဖော်ပြထားသော အခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်နိုင်သည်-

(၁) ကြွေးမြီတာဝန်များမှ ရှောင်ရှားရန် သို့မဟုတ် နှောင့်နှေးစေရန် သို့မဟုတ် လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပေးရန် လျှောက်လွှာ သို့မဟုတ် မှုခင်းတစ်ရပ်ရပ် သို့မဟုတ် လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းတစ်ရပ်ရပ်ကို နှောင့်နှေးစေရန် သို့မဟုတ် အနှောင့်အယှက် ဖြစ်စေရန်အလို့ငှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်မည်ဖြစ်ကြောင်း ယုံကြည်ရန် ဆီလျော်သော အကြောင်းရှိခြင်း၊

(၂) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူကပစ္စည်းများကို လက်ရောက်ရယူခြင်းကို တားဆီးရန် သို့မဟုတ် နှောင့်နှေးစေရန်အလို့ငှာ ဖယ်ရှားခြင်း၊

(၃) လူမွဲမှုခင်းတွင်ဖြစ်စေ၊ လူမွဲပိုင်ပစ္စည်းများကို စီမံခန့်ခွဲခြင်းပြုရာတွင်ဖြစ်စေ မြီရှင်များအတွက် အသုံး ဝင်သော စာအုပ်စာတမ်းနှင့် မှတ်တမ်းများ၊ ငွေကြေး သို့မဟုတ် ကုန်စည်များကို ထိမ်ချန်ကြောင်း သို့မဟုတ် ဖျက်ဆီးကြောင်း သို့မဟုတ် ထိုသို့ ထိမ်ချန်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းပြုမည်ဖြစ်ကြောင်း ယုံကြည်ရန် ဆီလျော်သော အကြောင်းရှိခြင်း၊

(၄) လူမွဲသည် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ၏ ခွင့်ပြုချက်မရှိဘဲ နည်းဥပဒေများအရ သတ်မှတ်ထားသော ငွေပမာဏထက်မနည်းသော တန်ဖိုးရှိသည့် ၎င်း၏လက်ဝယ်ရှိ ကုန်စည်တစ်ရပ်ရပ်ကို ဖယ်ရှားခြင်း၊

(၅) လူမွဲသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ တရားရုံး၏အမိန့်အရ ပြုလုပ်သည့် စစ်ဆေးမေးမြန်း မှုတစ်ရပ်ရပ်သို့ လာရောက်အစစ်ဆေးခံရန် ပျက်ကွက်ခြင်း။

လူမွဲပိုင်ပစ္စည်းများကို သိမ်းဆည်းခြင်း

၃၄၃။ (က) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရ တရားရုံးသည် အောက်ပါပစ္စည်း သို့မဟုတ် စာရွက်စာတမ်းများကို သိမ်းဆည်းစေရန် တာဝန်ရှိသူ တစ်ဦးတစ်ယောက်ထံသို့ ဝရမ်းထုတ်ဆင့်၍ တာဝန် ပေးအပ်နိုင်သည်-

(၁) တရားဝင်ပစ္စည်းထိန်းထံသို့ဖြစ်စေ၊ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ဖြစ်စေ လွှဲပြောင်းပေးအပ်ရန် တာဝန် ရှိသော လူမွဲ သို့မဟုတ် တစ်ဦးတစ်ယောက်၏ လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင်ရှိနေသော လူမွဲပိုင်ပစ္စည်းများ၌ ပါဝင်သည့်ပစ္စည်းတစ်ရပ်ရပ် သို့မဟုတ်

(၂) တရားဝင်ပစ္စည်းထိန်းထံသို့ဖြစ်စေ၊ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ဖြစ်စေ လွှဲပြောင်းပေးအပ်ရန် တာဝန် ရှိသော လူမွဲ သို့မဟုတ် တစ်ဦးတစ်ယောက်၏ လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင်ရှိနေသော လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်းသည့် စာအုပ်စာတမ်းနှင့် အခြားသော မှတ်တမ်းများ။

(ခ) ဤပုဒ်မအရ ထုတ်ဆင့်သော ဝရမ်းကို အတည်ပြုဆောင်ရွက်ရန်တာဝန်ရှိသူသည် လူမွဲပိုင်ပစ္စည်းများ တွင်ပါဝင်သော ပစ္စည်းတစ်ရပ်ရပ်ကို သိမ်းဆည်းရန် သို့မဟုတ် လူမွဲပိုင်ပစ္စည်းများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း သည့် စာအုပ်စာတမ်းနှင့် အခြားသောမှတ်တမ်းများကို သိမ်းဆည်းရန်အလို့ငှာ ဖမ်းဆီးရမည့် ထိုလူမွဲ သို့မဟုတ် သိမ်းဆည်းရမည့် အရာများရှိသည့် သို့မဟုတ် ရှိနေသည်ဟု ယုံကြည်သည့် နေအိမ်ဥပစာကို ချိုးဖျက်ဝင်ရောက်ခြင်းနှင့် ထိုပစ္စည်းများကို ထည့်သွင်းထားရှိသည့် သို့မဟုတ် ယင်းတို့ကို ထည့်သွင်းထားကြောင်း ယုံကြည်သည့် ဖုံးကွယ်ထားသော အရာများကို ချိုးဖျက်ခြင်း ပြုနိုင်သည်။

(ဂ) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို တရားရုံးသည် အောက်ဖော်ပြပါပစ္စည်း သို့မဟုတ် စာရွက်စာတမ်းများကို တစ်ဦးတစ်ယောက်ပိုင်ဆိုင်သော နေအိမ်ဥပစာ၌ ကွယ်ဝှက်ထားကြောင်း ယုံကြည်ကျေနပ်လျှင် ထိုပစ္စည်း သို့မဟုတ် စာအုပ်စာတမ်းများကို ဝင်ရောက်ရှာဖွေ သိမ်းဆည်းရန် ရဲအရာရှိ သို့မဟုတ် တရားရုံးအရာရှိအား ဝရမ်းထုတ်ဆင့်စေခိုင်းနိုင်သည်-

(၁) လူမွဲပိုင်ပစ္စည်းတွင် ပါဝင်သည့်ပစ္စည်းတစ်ရပ်ရပ်၊

(၂) လူမွဲပိုင်ပစ္စည်းများ၊ လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် စာအုပ်စာတမ်းနှင့် အခြားသော မှတ်တမ်း များ။

လူမွဲပိုင်ပစ္စည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးခြင်း

၃၄၄။ (က) လူမွဲအဖြစ်ခံယူစေသည့် အမိန့်ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရ တရားရုံးသည် အောက်ပါပုဂ္ဂိုလ်များကို လာရောက်စေရန် ဆင့်ခေါ်နိုင်သည်-

(၁) လူမွဲ သို့မဟုတ် ၎င်း၏လက်ရှိ သို့မဟုတ် ယခင်အိမ်ထောင်ဖက်၊

(၂) လူမွဲပိုင်ပစ္စည်းများတွင်ပါဝင်သော ပစ္စည်းတစ်ရပ်ရပ်ကို လက်ဝယ်ရှိသူ သို့မဟုတ် ထိုသို့ လက်ဝယ် ထားရှိကြောင်း ယုံကြည်ခြင်းခံရသူ သို့မဟုတ် လူမွဲသို့ ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူ၊

(၃) လူမွဲ သို့မဟုတ် ၎င်း၏ဆက်သွယ်ဆောင်ရွက်မှုများ၊ လုပ်ငန်းကိစ္စများ သို့မဟုတ် ပစ္စည်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ပေးနိုင်သည်ဟု တရားရုံးက ထင်မြင်ယူဆသူ။

(ခ) လူမွဲနှင့် ၎င်း၏ဆက်သွယ်ဆောင်ရွက်မှုများကို ရှင်းလင်းထွက်ဆိုထားသော သက်သေထွက်ဆိုချက် တစ်ရပ်ကို မှန်ကန်ကြောင်း ကျမ်းကျိန်လွှာဖြင့် ပူးတွဲ၍ တရားရုံးသို့ တင်သွင်းရန် သို့မဟုတ် လူမွဲနှင့် ပတ်သက်သော သို့မဟုတ် ၎င်း၏ဆက်သွယ်ဆောင်ရွက်မှုများ သို့မဟုတ် လုပ်ငန်းကိစ္စများ သို့မဟုတ် ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်းသော ၎င်း၏လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှု အောက်တွင်ရှိသည့် စာချုပ် စာတမ်းတစ်ရပ်ရပ်ကို တင်ပြစေရန်အလို့ငှာ တရားရုံးသည် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) နှင့် (၃) တွင် ဖော်ပြ ထားသူတစ်ဦးဦးအား ဆင့်ဆိုနိုင်သည်။

(ဂ) ပုဒ်မ ၃၄၂ ပါ ပြဋ္ဌာန်းချက်များသည် ထိခိုက်ခြင်းမရှိစေဘဲ အောက်ပါကိစ္စတစ်ရပ်ရပ်တွင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်စေရမည်-

(၁) ဤပုဒ်မအရ ဆင့်ဆိုခြင်းခံရသည့်အခါ တစ်ဦးတစ်ယောက်သည် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ တရားရုံးရှေ့သို့ လာရောက်ရန် ပျက်ကွက်ခြင်း၊

(၂) ဤပုဒ်မအရ ဆင့်ဆိုခြင်းခံရသည့်အခါ တစ်စုံတစ်ဦးသည် တရားရုံးရှေ့သို့ လာရောက်ခြင်းမှ ရှောင်ရှား ရန်အလို့ငှာ ထွက်ပြေးတိမ်းရှောင်ကြောင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်တော့မည် ဖြစ်ကြောင်း ယုံကြည်ရန်ခိုင်လုံသော အကြောင်းများရှိခြင်း။

(ဃ) ပုဒ်မခွဲ (ဂ) တွင် ဖော်ပြထားသူကို တရားရုံးရှေ့သို့ ခေါ်ဆောင်လာရန်နှင့် ထိုသူ၏ လက်ဝယ်ရှိပစ္စည်း တစ်ရပ်ရပ်ကို ရုံးရှေ့သို့ တင်ပြရန်အလို့ငှာ အောက်ပါအရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန်အတွက် တရားရုံးသည် ဝရမ်းထုတ်ဆင့်၍ ရဲအရာရှိ သို့မဟုတ် တရားရုံးအရာရှိအား အတည်ပြုဆောင်ရွက်စေနိုင် သည်-

(၁) ထိုသူအား ဖမ်းဆီးခြင်း၊

(၂) ထိုသူ၏လက်ဝယ်တွင်ရှိသော စာအုပ်စာတမ်းနှင့် အခြားသောမှတ်တမ်းများ၊ ငွေကြေး သို့မဟုတ် ကုန်စ္စည်းတစ်ရပ်ရပ်ကို သိမ်းဆည်းစေခြင်း။

(င) ပုဒ်မခွဲ (ဃ)အရ ထုတ်ဆင့်သောဝရမ်းဖြင့် ဖမ်းဆီးထားသော တစ်ဦးတစ်ယောက်အား အချုပ်တွင် ထားရှိစေရန်အပြင် ဝရမ်းအရ သိမ်းဆည်းထားခဲ့သော ပစ္စည်းတစ်ရပ်ရပ်ကို ထိုဝရမ်းအရ တရားရုံးရှေ့သို့ ထိုပုဂ္ဂိုလ်အား ခေါ်ယူတင်ပို့လာချိန်ထိဖြစ်စေ၊ တရားရုံးက အမိန့်တွင် ဖော်ပြသတ်မှတ်သည့် အချိန်ကာလ အထိဖြစ်စေ ထိန်းသိမ်းထားရှိစေရန် ရဲအရာရှိ သို့မဟုတ် တရားရုံးအရာရှိအား ညွှန်ကြားနိုင်သည်။

ပုဒ်မ ၃၄၄ အရ တရားရုံးက အတည်ပြုဆောင်ရွက်ရန်အာဏာ

၃၄၅။ (က) ပုဒ်မ ၃၄၄ သို့မဟုတ် ဤပုဒ်မအရ တင်ပြလာသော သက်သေခံချက်တစ်ရပ်ရပ်ကို စဉ်းစား သုံးသပ်ရာ၌ လူမွဲပိုင်ပစ္စည်းတွင်ပါဝင်သော ပစ္စည်းတစ်ရပ်ရပ်သည် တစ်ဦးတစ်ယောက်၏ လက်ဝယ်တွင် ရှိကြောင်း ပေါ်ပေါက်လျှင် တရားရုံးသည် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရ ထိုပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ကိုဖြစ်စေ ထိုသူက တရားဝင် ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ သတ်မှတ်သည့် အချိန်နှင့် နည်းလမ်းအတိုင်း လက်ရောက်ပေးအပ်စေရန် စည်းကမ်းချက်များ သတ်မှတ်၍ အမိန့်ချမှတ်နိုင်သည်။

(ခ) ပုဒ်မ ၃၄၄ သို့မဟုတ် ဤပုဒ်မအရ တင်ပြလာသော သက်သေခံချက်တစ်ရပ်ရပ်ကို စဉ်းစားသုံးသပ်ရာ၌ တစ်ဦးတစ်ယောက်က လူမွဲထံသို့ ကြွေးမြီပေးဆပ်ရန်ရှိကြောင်း ပေါ်ပေါက်လျှင် ထိုတရားရုံးသည် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရ ထိုကြွေးမြီ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထိုသူမှ တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်း ခံရသူထံသို့ သတ်မှတ်သည့်အချိန်နှင့် နည်းလမ်းများအတိုင်းလက်ရောက် ပေးအပ်စေရန် စည်းကမ်းချက်များ သတ်မှတ်၍ အမိန့်ချမှတ်နိုင်သည်။

(ဂ) ဆင့်ဆိုသောတရားရုံး၏ စီရင်ပိုင်ခွင့်နယ်နိမိတ်အတွင်း ရှိနေခဲ့လျှင် ပုဒ်မ ၃၄၄ အရ တရားရုံးရှေ့သို့ လာရောက်ရန် ဆင့်ဆိုခြင်းခံရမည်ဖြစ်သော တစ်ဦးတစ်ယောက်သည် နိုင်ငံတော်အတွင်း၌ဖြစ်စေ နိုင်ငံတော်ပြင်ပ၌ဖြစ်စေရှိနေစေကာမူ ၎င်းအားနိုင်ငံတော်အတွင်း တစ်နေရာရာ၌ စစ်ဆေးစေရန် အမိန့် ချမှတ်နိုင်သည်။

(ဃ) ပုဒ်မ ၃၄၄ သို့မဟုတ် ဤပုဒ်မအရ တရားရုံးရှေ့သို့ လာရောက်သည့် သို့မဟုတ် တင်ပို့ခြင်းခံရသည့် တစ်ဦးတစ်ယောက်အား လူမွဲနှင့်ပတ်သက်၍ သို့မဟုတ် ၎င်း၏ဆက်သွယ်ဆောင်ရွက်မှုများ သို့မဟုတ် လုပ်ငန်းကိစ္စများ သို့မဟုတ် ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ မေးမြန်းသော မေးခွန်းများကို ကျမ်းသစ္စာပြုစေ၍ စစ်ဆေးနိုင်သည်။

ယာယီပစ္စည်းထိန်း ခန့်အပ်ခြင်း

၃၄၆။ လူမွဲအဖြစ် ခံယူစေသည့်အမိန့်တစ်ရပ်ချမှတ်သည့်အခါ အောက်ပါအချက်များသည် သက်ဆိုင်သကဲ့သို့ ပုဒ်မ ၂၇၂ အရ ယာယီပစ္စည်းထိန်းအား ခန့်အပ်ရာတွင် ပုဒ်မ ၃၄၄ နှင့် ၃၄၅ တို့သည်လည်း သက်ဆိုင် စေရမည်-

(က) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူဆိုသော စကားရပ်များတွင် ယာယီ ပစ္စည်း ထိန်းဆိုသောစကားရပ်လည်း ပါဝင်သည်ဟု မှတ်ယူရမည်၊

(ခ) လူမွဲနှင့် လူမွဲပိုင်ပစ္စည်းဆိုသော စကားရပ်များတွင် မြီစားနှင့် ၎င်းပိုင်ပစ္စည်းများလည်း ပါဝင်သည်ဟု မှတ်ယူရမည်။

အထူးမန်နေဂျာ ခန့်အပ်ပိုင်ခွင့်

၃၄၇။ (က) အောက်ပါကိစ္စတစ်ရပ်ရပ်အတွက် တရားရုံးသည် တစ်ဦးတစ်ယောက်အား အထူးမန်နေဂျာ အဖြစ် ခန့်အပ်နိုင်သည်-

(၁) လူမွဲပိုင်ပစ္စည်းများနှင့်စပ်လျဉ်းသည့်ကိစ္စ၊

(၂) လူမွဲဖြစ်မှုရပ်စဲခြင်းမရှိသေးသောသူ၏ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့်ကိစ္စ၊

(၃) တရားဝင်ပစ္စည်းထိန်းအား ပုဒ်မ ၂၇၂ အရ ယာယီပစ္စည်းထိန်းအဖြစ် ခန့်အပ်ရာတွင် မြီစားပိုင်ပစ္စည်း သိုမဟုတ် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့်ကိစ္စ။

(ခ) လူမွဲပိုင်ပစ္စည်းများ သို့မဟုတ် ပစ္စည်းတစ်ရပ်ရပ် သို့မဟုတ် စီးပွားရေးလုပ်ငန်း၏ သဘာဝအရဖြစ်စေ၊ မြီရှင်များ၏ အကျိုးစီးပွားအတွက်ဖြစ်စေ ယင်းတို့ကို စီမံခန့်ခွဲစေရန်အတွက် အခြားသူတစ်ဦးအား ခန့်အပ်ရန် လိုအပ်နေကြောင်း တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ် အပ်နှံခြင်းခံရသူက ထင်မြင်ယူဆ သည့်အခါ ထိုသို့ခန့်ထားပေးရန် လျှောက်ထားနိုင်သည်။

(ဂ) အထူးမန်နေဂျာတစ်ဦးက ကျင့်သုံးဆောင်ရွက်ရန်အတွက် လုပ်ပိုင်ခွင့်အာဏာများကို တရားရုံးက အပ်နှင်းနိုင်သည်။

(ဃ) ပုဒ်မခွဲ (ဂ) အရ တရားရုံးက အထူးမန်နေဂျာတစ်ဦးအား လုပ်ပိုင်ခွင့်အာဏာများအပ်နှင်းရာတွင် တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယာယီပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူတို့ကဲ့သို့ တူညီသော လုပ်ပိုင်ခွင့်ရှိပြီး ၎င်း၏လုပ်ရပ်များသည်လည်း တူညီသော သက်ရောက်မှုရှိစေရ မည်ဖြစ်ကြောင်း ထည့်သွင်း ညွှန်ကြားနိုင်သည်။

(င) ဤပုဒ်မအရခန့်အပ်သော အထူးမန်နေဂျာသည် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-

(၁) နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်နှင့်အညီ အာမခံတင်သွင်းစေခြင်း၊

(၂) နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်နှင့်အညီ ငွေစာရင်းများကိုပြုစု၍ ထိန်းသိမ်းစေခြင်း။

လူမွဲ၏ စာပေးစာယူများကို ပြန်လည်ပေးပို့ခြင်း

၃၄၈။ (က) တရားဝင်ပစ္စည်းထိန်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းခံရသူ၏ လျှောက်ထားချက်အရ လူမွဲမှ ဖြစ်စေ၊ ၎င်းထံသို့ဖြစ်စေ ပေးပို့သည့် သို့မဟုတ် ရယူသည့် စာပေးစာယူဆက်သွယ်မှုများနှင့်စပ်လျဉ်း၍ တရားဝင်ပစ္စည်းထိန်းထံသို့ဖြစ်စေ၊ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ဖြစ်စေ၊ အခြားနည်းဖြင့် ညွှန်ကြားသည့် နေရာသို့ဖြစ်စေ ပေးပို့စေရန် တရားရုံးသည် လူမွဲအဖြစ်ခံယူစေသည့် အမိန့်တစ်ရပ်ချမှတ်ရာတွင် ထည့်သွင်း ချမှတ်နိုင်သည်။

(ခ) ဤပုဒ်မအရ ချမှတ်သောအမိန့်၏ အကျိုးသက်ရောက်မှုရှိသည့်ကာလကို သတ်မှတ်နိုင်သော်လည်း ယင်းသတ်မှတ်ကာလသည် ထိုအမိန့်ချမှတ်သည့်နေ့မှစ၍ သုံးလထက်ကျော်လွန်ခြင်းမရှိစေရ။

ကာလစည်းကမ်းသတ်

၃၄၉။ ဤအပိုင်းအရဖြစ်စေ၊ နည်းဥပဒေများအရဖြစ်စေ အရေးယူဆောင်ရွက်ချက်တစ်စုံတစ်ရာကို ဆောင်ရွက်ရန် စည်းကမ်းသတ်ကာလ သတ်မှတ်ထားသည့်ကိစ္စတွင် ထိုကာလအတွင်းဖြစ်စေ၊ ကုန်ဆုံးပြီး နောက်မှဖြစ်စေ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း ယင်းစည်းကမ်းသတ်ကာလကို တိုးချဲ့ သတ်မှတ်ပေးနိုင်သည်။

နည်းလမ်းမကျမှုများ

၃၅၀။ ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် အထူးမန်နေဂျာ သို့မဟုတ် မြီရှင်များကော်မတီအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာတွင်လည်းကောင်း၊ ၎င်းတို့၏ အရည်အချင်းနှင့်စပ်လျဉ်း၍လည်းကောင်း နည်းလမ်း မကျမှုများ သို့မဟုတ် ချို့ယွင်းမှုများ ရှိခဲ့စေကာမူ ၎င်းတို့၏ ပြုလုပ်ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

တံဆိပ်ခေါင်းခွန် ပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်

၃၅၁။ လူမွဲကဖြစ်စေ၊ လူမွဲအတွက်ဖြစ်စေ၊ လူမွဲ၏အကျိုးငှာဖြစ်စေ၊ ချုပ်ဆိုသောစာချုပ်တစ်ရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ လူမွဲက တံဆိပ်ခေါင်းခွန်ကျခံရန် တာဝန်ရှိသည့် စာချုပ်စာတမ်းတစ်ရပ်ရပ်အပေါ် တံဆိပ်ခေါင်းခွန် ထိုက်သင့်ခြင်းမရှိစေရ။ သို့ရာတွင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် လူမွဲအဖြစ် ရပ်စဲပြီးနောက် ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အပိုင်း (၉) ရာထူးလက်ရှိဖြစ်သူနှင့် ယခင်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းကိစ္စရပ်များ သက်ဆိုင်ခြင်း[edit]

အခန်း (၁) ပြန်လည်ထူထောင်ရေးမန်နေဂျာ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိစသည်တို့မှ စီမံခန့်ခွဲခြင်း[edit]

နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကို ခန့်ထားခြင်း

၃၅၂။ ပုဒ်မ ၇ တွင် ရည်ညွှန်းဖော်ပြထားသည့် ရာထူးတစ်ရပ်ရပ်အတွက် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကို ခန့်ထားခဲ့လျှင် ၎င်းတို့ကို ခန့်အပ်ကြောင်းဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက် သို့မဟုတ် တရားရုံး၏ အမိန့်ဖြင့် အခြားနည်း ညွှန်ကြားထားချက်မှတစ်ပါး ထိုရာထူး တစ်ရပ်ရပ်အတွက် တာဝန်ထမ်းဆောင်သူ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ၎င်းတို့အနက်မှ တစ်ဦးဦးကဖြစ်စေ သို့မဟုတ် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများက ပူးတွဲ၍ဖြစ်စေ ဆောင်ရွက်နိုင်သည် သို့မဟုတ် ကျင့်သုံးနိုင်သည်။

ကုမ္ပဏီ၏ပစ္စည်းများနှင့် စပ်လျဉ်းသည့်တာဝန်

၃၅၃။ (က) ဤအခန်းတွင် ကုမ္ပဏီတစ်ခု၏ ရာထူးလက်ရှိဖြစ်သူဆိုသည့် ရည်ညွှန်းဖော်ပြချက်သည် ထိုကုမ္ပဏီအတွက် ခန့်ထားသော ပြန်လည်ထူထောင်ရေးမန်နေဂျာ၊ ပြန်လည်ထူထောင်ရေးအကြံပေး၊ အစီအစဉ်ကြီးကြပ်သူ၊ ပစ္စည်းထိန်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယာယီစာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကိုဆိုလိုပြီး ကုမ္ပဏီသည် အောက်ပါကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်လျှင် ဤပုဒ်မနှင့်သက်ဆိုင်စေရမည်-

(၁) ကုမ္ပဏီတစ်ခုသည် ဤဥပဒေ၏ အပိုင်း (၅) သို့မဟုတ် အပိုင်း (၆) အရ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ဆောင်ရွက်နေခြင်း သို့မဟုတ်

(၂) ပစ္စည်းထိန်းခန့်ထားခြင်း၊

(၃) ကုမ္ပဏီတစ်ခုသည် စာရင်းရှင်းလင်းဖျက်သိမ်းမှုပြုလုပ်နေခြင်း၊

(၄) ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်ထားခြင်း။

(ခ) ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်ဟန်လက္ခဏာရှိသည့် ပစ္စည်းတစ်ရပ်ရပ်၊ စာအုပ်စာတမ်းများ သို့မဟုတ် မှတ်တမ်းများသည် တစ်ဦးတစ်ယောက်၏ လက်ဝယ် သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင်ရှိသည့်အခါ ထိုပစ္စည်း၊ စာအုပ်စာတမ်းများ သို့မဟုတ် မှတ်တမ်းများကို ရာထူးလက်ရှိဖြစ်သူထံသို့ ပေးအပ်ရန်၊ လက်ရောက်ပေးရန်၊ သယ်ယူပို့ဆောင်ပေးရန်၊ စွန့်လွှတ်ပေးအပ်ရန် သို့မဟုတ် လွှဲပြောင်းပေးအပ်ရန် ထိုသူအား တရားရုံးက အမိန့်ချမှတ်နိုင်သည်။

(ဂ) ရာထူးလက်ရှိဖြစ်သူသည်-

(၁) ကုမ္ပဏီပိုင်မဟုတ်သည့် ပစ္စည်းတစ်ခုခုကို သိမ်းယူခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလုပ်သည့်အခါတွင် ယင်းသို့ပြုပိုင်ခွင့်ရှိကြောင်း ၎င်းမှ ယုံကြည်ရန်နှင့် ယုံကြည်ရန်သင့်လျော်သည့် အကြောင်းရှိပါက ၎င်း၏ ကိုယ်တိုင်ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများနှင့်စပ်လျဉ်း၍မှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုတစ်ရပ်ရပ်အတွက် ၎င်းအပေါ်တွင် တာဝန်မရှိစေရ၊

(၂) ထိုသို့သိမ်းယူခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်အတွက် အဆိုပါပစ္စည်းကို သို့မဟုတ် ပစ္စည်းကိုရောင်းချရငွေကို အာမခံအဖြစ် လက်ဝယ်ထားခွင့် (lien) ရှိစေရမည်။

ရာထူးလက်ရှိဖြစ်သူနှင့် ပူးပေါင်းဆောင်ရွက်ရန်တာဝန်

၃၅၄။ (က) ပုဒ်မခွဲ (ခ) ပါ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီသည် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-

(၁) ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာဆက်သွယ် ဆောင်ရွက်သည့်ကိစ္စရပ်များ၊ လုပ်ငန်းကိစ္စရပ်များ သို့မဟုတ် ပစ္စည်းများကို ရာထူးလက်ရှိဖြစ်သူက သင့်လျော်သည့်အချိန်တွင် ကျိုးကြောင်းဆီလျော်စွာ တောင်းခံလာသည့်အခါ ပေးအပ်ခြင်း၊

(၂) ရာထူးလက်ရှိဖြစ်သူက ပူးပေါင်းဆောင်ရွက်ရန် ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုသည့် အချိန်တွင် လာရောက်ခြင်း။

(ခ) ပုဒ်မခွဲ (က) ပါ ပုဂ္ဂိုလ်ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-

(၁) ကုမ္ပဏီအရာရှိများ သို့မဟုတ် ယခင်က ကုမ္ပဏီအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူများ၊

(၂) စတင်သက်ဝင်သည့်နေ့မတိုင်မီ တစ်နှစ်အတွင်း ကုမ္ပဏီဖွဲ့စည်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊

(၃) ကုမ္ပဏီဝန်ထမ်းများ သို့မဟုတ် သက်ဆိုင်ရာနှစ်တစ်နှစ်အတွင်း ထိုကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ရာထူးလက်ရှိဖြစ်သူက လိုအပ်သည့်အချက်အလက်များကို ပေးစွမ်း နိုင်ကြောင်း ထင်မြင်ယူဆသူတစ်ဦးဦး၊

(၄) စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီ၌ ယခင်က ရာထူး လက်ရှိဖြစ်သူတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဦး။

(ဂ) ဤပုဒ်မပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် တာဝန်ရှိသူတစ်ဦးဦးသည် ခိုင်လုံသော အကြောင်းမရှိဘဲ လိုက်နာရန် ပျက်ကွက်ပါက မှတ်ပုံတင်အရာရှိသည် ၎င်းအား ကျပ်နှစ်ဆယ့်ငါးသိန်းထက်မပိုသော ဒဏ်ကြေးငွေ တပ်ရိုက်ရမည်။

ကုမ္ပဏီ၏စီးပွားရေးဆိုင်ရာကိစ္စရပ်များအား စုံစမ်းစစ်ဆေးခြင်း

၃၅၅။ (က) တရားရုံးသည် ရာထူးလက်ရှိဖြစ်သူ၏ လျှောက်ထားမှုအရ အောက်ပါပုဂ္ဂိုလ်တို့ကို တရားရုံး ရှေ့သို့ လာရောက်ရန်ဆင့်ဆိုနိုင်သည်-

(၁) ကုမ္ပဏီ၏အရာရှိ၊

(၂) ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို လက်ဝယ်ထားရှိနေကြောင်းသိရှိရသူ သို့မဟုတ် သံသယရှိသူ သို့မဟုတ် ကုမ္ပဏီသို့ ကြွေးမြီပေးဆပ်ရန် တာဝန်ရှိနေသည်ဟု ထင်မြင်ယူဆရသူ၊

(၃) ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်ခြင်း၊ စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စရပ်များ၊ လုပ်ငန်းကိစ္စရပ်များ၊ ကုမ္ပဏီပိုင် ပစ္စည်းများနှင့်စပ်လျဉ်း၍ သတင်းပေးနိုင်သည်ဟု တရားရုံးက ထင်မြင်ယူဆသူ။

(ခ) တရားရုံးသည် ပုဒ်မခွဲ(က) တွင် ဖော်ပြထားသူတစ်ဦးဦးအား ၎င်းနှင့်ကုမ္ပဏီတို့အကြားရှိ ဆက်သွယ် ရောင်းဝယ်မှုများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်ကို တင်ပြရန်ဖြစ်စေ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) တွင် ဖော်ပြထားသော ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ၎င်း၏လက်ဝယ် သို့မဟုတ် ၎င်း၏ထိန်းသိမ်းမှု အောက်ရှိ စာအုပ်စာတမ်းများ သို့မဟုတ် အခြားမည်သည့်မှတ်တမ်းကိုမဆို တင်ပြရန်ဖြစ်စေ အထက်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးက ကြည့်ရှုစစ်ဆေးရန် ဆင့်ဆိုနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ)အရ တရားရုံးသို့ တင်သွင်းရာတွင် ကျမ်းကျိန်လွှာဖြင့် တင်ပြရမည်။

(ဃ) ပုဒ်မခွဲ (င) နှင့် (စ)ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါကိစ္စတစ်ရပ်ရပ်နှင့် သက်ဆိုင်စေရမည်-

(၁) ဤပုဒ်မအရ တစ်စုံတစ်ဦးကို တရားရုံးသို့လာရောက်ရန် ဆင့်ဆိုရာတွင် ထိုသူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လာရောက်ရန် ပျက်ကွက်ခဲ့ခြင်း၊

(၂) ဤပုဒ်မအရ တရားရုံးရှေ့သို့ လူကိုယ်တိုင်လာရောက်ရခြင်းမှ ရှောင်ရှားရန်အလို့ငှာ ထိုသူသည် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်မည်ဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိခြင်း။

(င) တရားရုံးသို့လာရောက်ရန် ဆင့်ဆိုခြင်းခံရသူ၏လက်ဝယ်ရှိ မည်သည့်ပစ္စည်းကိုမဆို တရားရုံးရှေ့သို့ တင်ပို့စေရန် တရားရုံးသည် အောက်ပါရည်ရွယ်ချက်များအလို့ငှာ ဝရမ်းထုတ်ဆင့်နိုင်သည်-

(၁) ထိုသူကို ဖမ်းဆီးချုပ်နှောင်ရန်၊

(၂) ထိုသူ၏လက်ဝယ်ရှိ စာအုပ်စာတမ်းများ သို့မဟုတ် အခြားမှတ်တမ်းများ၊ ငွေကြေးများ သို့မဟုတ် ကုန်စည်များကို သိမ်းဆည်းရန်။

(စ) တရားရုံးသည် ဝရမ်းဖြင့် ဖမ်းဆီးခံရသူကို ချုပ်နှောင်ထားရန်နှင့် ဝရမ်းဖြင့် သိမ်းယူခဲ့သည့် မည်သည့် ပစ္စည်းကိုမဆို ထိုသူကို ရုံးရှေ့သို့ ဝရမ်းဖြင့် ခေါ်ဆောင်လာသည်အထိ သို့မဟုတ် တရားရုံးက အမိန့်ချမှတ် ထားသည့်အချိန်အထိ ထိန်းသိမ်းထားရန် ခွင့်ပြုနိုင်သည်။

ပုဒ်မ ၃၅၅ အရ တရားရုံး၏ အတည်ပြုနိုင်သည့်အာဏာ

၃၅၆။ ပုဒ်မ ၃၅၅ သို့မဟုတ် ဤပုဒ်မအရ လက်ခံရယူခဲ့သည့် သက်သေခံချက်များအရ ကုမ္ပဏီပိုင်ပစ္စည်း တစ်ခုခုသည် လူတစ်ဦးတစ်ယောက်၏လက်ဝယ်တွင်ရှိကြောင်း ပေါ်ပေါက်သည့်အခါ ရာထူးလက်ရှိ ဖြစ်သူက လျှောက်ထားလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ထိုပစ္စည်း လက်ဝယ်ထားသူက အဆိုပါပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ် ဒေသကိုဖြစ်စေ သတ်မှတ်ထားသည့် အချိန်တွင် သတ်မှတ်ထားသည့်နည်းလမ်းဖြင့် ရာထူးလက်ရှိဖြစ် သူထံသို့ လွှဲပြောင်းပေးအပ်ရန် အမိန့်ချမှတ် နိုင်သည်။

အခန်း (၂) ဤဥပဒေအရ ခန့်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအတွက် အခကြေးငွေ[edit]

ဤအခန်းနှင့် သက်ဆိုင်ခြင်း

၃၅၇။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ပစ္စည်းထိန်းမှအပ ရာထူးလက်ရှိဖြစ်သူအားလုံးနှင့် သက်ဆိုင်စေရ မည်။

အခကြေးငွေသတ်မှတ်ခြင်း

၃၅၈။ (က) ရာထူးလက်ရှိဖြစ်သူအဖြစ် ခန့်အပ်ခြင်းခံရသူသည် ၎င်း၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် သင့်လျော်သည့် အခကြေးငွေ ရထိုက်ခွင့်ရှိစေရမည်။

(ခ) ရာထူးလက်ရှိဖြစ်သူအတွက် အခကြေးငွေကို အောက်ပါဆုံးဖြတ်ချက်တစ်ရပ်ရပ်ဖြင့် သတ်မှတ်ရမည်-

(၁) မြီရှင်များကော်မတီ၏ ဆုံးဖြတ်ချက်၊

(၂) မြီရှင်များကော်မတီမရှိပါက လူမွဲခံယူသည့်အဖွဲ့အစည်း၏ မြီရှင်များ ဆုံးဖြတ်ချက်။

(ဂ) ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) ပါ နည်းလမ်းဖြင့် မဆုံးဖြတ်နိုင်လျှင် သို့မဟုတ် ဆုံးဖြတ်ချက်ကို ရာထူးလက်ရှိဖြစ်သူက လက်မခံနိုင်လျှင် ၎င်းသည် သင့်လျော်သည့် အခကြေးငွေသတ်မှတ်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ သို့မဟုတ် နည်းဥပဒေများတွင် ဖော်ပြထားသည့် အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် ဖြစ်စေ အခကြေးငွေကို သတ်မှတ်နိုင်သည်။

(ဃ) ရာထူးလက်ရှိဖြစ်သူအတွက် အခကြေးငွေတွက်ချက်ရာတွင် အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် တွက်ချက်နိုင်သည်-

(၁) ဆောင်ရွက်ခဲ့သည့်အလုပ် သို့မဟုတ် ဆောင်ရွက်ရမည့် အလုပ်အတွက် အခကြေးငွေကို ပုံသေ သတ်မှတ်ခြင်း၊

(၂) မြီရှင်များသို့ ခွဲဝေပေးသည့်ပစ္စည်းအပေါ် အခကြေးငွေကို ရာခိုင်နှုန်းဖြင့် သတ်မှတ်ခြင်း၊

(၃) ဆောင်ရွက်ခဲ့သည့်အလုပ် သို့မဟုတ် ဆောင်ရွက်ရမည့်အလုပ်အတွက် နာရီအလိုက် ပုံသေသတ်မှတ် ခြင်း သိုမဟုတ် အလုပ်ချိန်ပေါ်မူတည်၍ အခကြေးငွေတွက်ချက်ခြင်း၊

(၄) ရာထူးလက်ရှိဖြစ်သူ သဘောတူထားသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် တွက်ချက်ခြင်းဖြင့် သို့မဟုတ် တရား ရုံး၏ အမိန့်အရ သတ်မှတ်ခြင်း။

(င) ကုမ္ပဏီတွင်ခန့်ထားသည့် ရာထူးလက်ရှိဖြစ်သူက အခကြေးငွေသတ်မှတ်ပေးရန်အတွက် တရားရုံးသို့ လျှောက်ထားမှုအပေါ် မှတ်ပုံတင်အရာရှိသည် ကန့်ကွက်တင်ပြနိုင်ပြီး တရားရုံးသည် ကန့်ကွက်မှုကို ကြားနာ၍ သင့်သည်ထင်မြင်သည့်အမိန့်ကို ချမှတ်နိုင်သည်။

(စ) ဤပုဒ်မအရ ရာထူးလက်ရှိဖြစ်သူအတွက် အခကြေးငွေသတ်မှတ်ရာတွင်လည်းကောင်း၊ ပုဒ်မခွဲ (ဃ) အရ အခကြေးငွေသတ်မှတ်သည့်နည်းလမ်းများကိုလည်းကောင်း နည်းဥပဒေများဖြင့် သတ်မှတ်နိုင် သည်။

အခန်း (၃) ယခင်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းကိစ္စရပ်များနှင့်သက်ဆိုင်ခြင်း[edit]

(ပြန်လည်ထူထောင်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် လူမွဲခံယူခြင်း)
စတင်အကျိုးသက်ရောက်သည့်နေ့

၃၅၉။ (က) ဤအခန်းနှင့် အခန်း (၄) တွင် လူမွဲခံယူသည့်အဖွဲ့အစည်းနှင့် စတင်အကျိုးသက်ရောက်သည့် နေ့ ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-

(၁) အပိုင်း (၅) အရ ကုမ္ပဏီပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် စတင်အကျိုးသက်ရောက်သည့် နေ့သည် ပုဒ်မ ၄၇ နှင့်အညီ ပြန်လည်ထူထောင်ရေးမန်နေဂျာခန့်အပ်မှု စတင်အကျိူးသက်ရောက်သည့် နေ့ဖြစ်သည် သို့မဟုတ် ထိုသို့ခန့်အပ်ပြီးနောက် စာရင်းရှင်းဖျက်သိမ်းခြင်းသို့ ကူးပြောင်းပါက ပုဒ်မ ၁၅၀ နှင့်အညီ စာရင်း ရှင်း ဖျက်သိမ်းခြင်း စတင်ဆောင်ရွက်သည့်နေ့ဖြစ်သည်။

(၂) ဤအပိုင်းပါ ကန့်သတ်ချက်ကို ဆန့်ကျင်ခြင်းမရှိစေဘဲ အပိုင်း (၆) အရ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် စတင်အကျိုးသက်ရောက်သည့်နေ့သည် ပုဒ်မ ၁၀၁ နှင့်အညီ ပြန်လည်ထူထောင်ရေး အကြံပေး ခန့်အပ်မှု စတင်အကျိုးသက်ရောက်သည့်နေ့ဖြစ်သည်။

(၃) စာရင်းရှင်းလင်းဖျက်သိမ်းနေသော ကုမ္ပဏီနှင့် ယင်း၏စတင်အကျိုးသက်ရောက်သည့်နေ့သည် ပုဒ်မ ၁၅၀ နှင့်အညီ ထိုစာရင်းရှင်းလင်းဖျက်သိမ်းခြင်း စတင်ဆောင်ရွက်သည့်နေ့ဖြစ်သည်။

(၄) တစ်သီးပုဂ္ဂလလူမွဲနှင့် ယင်း၏ စတင်အကျိုးသက်ရောက်သည့်နေ့သည် လူမွဲခံယူသည့် အမိန့်ချမှတ် ပေးရန် လျှောက်လွှာတင်သွင်းသည့်နေ့ဖြစ်သည်။ သို့မဟုတ် ထိုခန့်ထားမှုသည် အပိုင်း (၆) လုပ်ငန်းနှင့် ဆက်လျက်ဖြစ်ပါက ပုဒ်မ ၁၀၁ နှင့် အညီ ပြန်လည်ထူထောင်ရေးအကြံပေးကို ခန့်အပ်ခြင်း စတင်အကျိုး သက်ရောက်သည့်နေ့ဖြစ်သည်။

(ခ) လူမွဲခံယူသည့်အဖွဲ့အစည်း၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆိုရာတွင် လူမွဲခံယူခြင်းလုပ်ငန်းစဉ် စတင်ခြင်းမပြုမီက ပြုလုပ်ခဲ့သော လုပ်ငန်းကိစ္စရပ်များလည်း အကျုံးဝင်စေရမည်။

(ဂ) ဤအခန်းနှင့် အခန်း (၄) တွင် ရာထူးလက်ရှိဖြစ်သူ ဆိုသည်မှာ ပစ္စည်းထိန်းမပါစေရ။

တန်ဖိုးလျှော့ထားသည့် လုပ်ငန်းကိစ္စရပ်များ

၃၆၀။ (က) ရာထူးလက်ရှိဖြစ်သူသည် ဆက်စပ်သည့်အချိန်အတွင်း ဤပုဒ်မအရ လူမွဲခံယူသည့် အဖွဲ့အစည်း၏ အောက်ပါဆောင်ရွက်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားရုံးသို့ လျှောက်ထားနိုင်သည်-

(၁) လူမွဲခံယူသည့်အဖွဲ့အစည်းက လူတစ်ဦးတစ်ယောက်သို့ လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အရေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ ပေးကမ်းခြင်းဖြစ်စေ၊ ထိုသူနှင့် အဖိုးစားနား တစ်စုံတစ်ရာမရသည့် လုပ်ငန်းကိစ္စရပ် တစ်ရပ်ကိုဖြစ်စေ ပူးတွဲလုပ်ကိုင်ခြင်း၊

(၂) လူမွဲခံယူသည့်အဖွဲ့အစည်းက တစ်စုံတစ်ဦးနှင့် လုပ်ငန်းကိစ္စရပ်တစ်ရပ်ကို ဆောင်ရွက်ရာတွင် ငွေကြေး သို့မဟုတ် ငွေကြေးကဲ့သို့ တန်ဖိုးရှိသောအရာကို ကာလတန်ကြေးထက် သိသာစွာလျော့နည်းသော အဖိုးစားနားတစ်ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း။

(ခ) ပုဒ်မခွဲ (ဂ)ပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ အောက်ပါအခြေအနေတစ်ရပ်ရပ်ရှိကြောင်း ပေါ်ပေါက်လျှင် တရားရုံးသည် အဆိုပါဆောင်ရွက်ချက်ကို ပြုလုပ်ခဲ့ခြင်းမရှိဘိသကဲ့သို့ မှတ်ယူ၍ ထိုဆောင်ရွက်ချက်မပြုမီက ရှိနေခဲ့သည့် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိစေရန် အမိန့်ချမှတ် ရမည်-

(၁) လူမွဲခံယူသည့် အဖွဲ့အစည်းသည် ပုဒ်မခွဲ (က)ပါ လုပ်ငန်းကိစ္စရပ်တစ်ရပ်ကို ဆောင်ရွက်စဉ်က ကြွေးမြီများ ပြန်လည်ပေးဆပ်ခြင်းမပြုနိုင်သည့် အနေအထားရှိနေကြောင်း သို့မဟုတ် အဆိုပါဆောင်ရွက် ချက်တစ်ရပ်ရပ်ကို ပြုလုပ်ခဲ့သည့် အကျိုးဆက်ကြောင့် ကြွေးမြီများ ပြန်လည်ပေးဆပ်ခြင်းမပြုနိုင်သည့် အနေအထားရောက်ရှိခဲ့ကြောင်း ရာထူးလက်ရှိဖြစ်သူက ယုံကြည်ခြင်း၊

(၂) ထိုလုပ်ငန်းကိစ္စရပ်တစ်ရပ်ရပ်မှာ စတင်အကျိုးသက်ရောက်သည့်နေ့မတိုင်မီ ၂ လထက်မပိုသော ကာလအတွင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုလုပ်ငန်းကိစ္စရပ်ကို လုပ်ဆောင်ခဲ့သူသည် လူမွဲခံယူသည့် အဖွဲ့အစည်း၏ တွဲဖက်လုပ်ကိုင်သူနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းပေါ်ပေါက်ခြင်း။

(ဂ) တရားရုံးသည် အောက်ပါအချက်တစ်ရပ်ရပ်အရ တန်ဖိုးလျှော့၍ ဆောင်ရွက်ထားသည့် လုပ်ငန်း ကိစ္စရပ်တစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်လျှင် ဤပုဒ်မအရ အမိန့်ချမှတ်ခြင်းမပြုရ-

(၁) လူမွဲခံသည့်အဖွဲ့အစည်းသည် လုပ်ငန်းကိစ္စရပ်များအား သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းကိစ္စကို ဆောင်ရွက်ခဲ့သည့် အချိန်က ယင်းအဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေ မည်ဟု ယုံကြည်ရန်လုံလောက်သော အကြောင်းများရှိနေခြင်း၊

(၂) ထိုလူမွဲခံသည့်အဖွဲ့အစည်းသည် အပိုင်း ၆ လုပ်ငန်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းကိစ္စကို ဆောင်ရွက်ခြင်းကြောင့် အကျိုးအမြတ်ရမည့်သူသည် ယင်း အဖွဲ့အစည်း၏ တွဲဖက်လုပ်ကိုင်သူနှင့် ဆက်နွှယ်သည့် ပုဂ္ဂိုလ်မဟုတ်ကြောင်း ပေါ်ပေါက်ခြင်း။

(ဃ) ဤပုဒ်မအရ ဆက်စပ်သည့်အချိန်ဆိုသည့် စကားရပ်တွင် အောက်ပါတို့ပါဝင်သည်-

(၁) ပုဒ်မခွဲငယ် (၂) သို့မဟုတ် ပုဒ်မခွဲငယ် (၃) နှင့် မသက်ဆိုင်လျှင် စတင်အကျိုးသက်ရောက်သည့်နေ့ မတိုင်မီ နှစ်နှစ်၊

(၂) ပုဒ်မခွဲငယ် (၃) နှင့် မသက်ဆိုင်လျှင် အဆိုပါလုပ်ငန်းကိစ္စကြောင့် အကျိုးအမြတ်ရသူသည် ယင်း အဖွဲ့အစည်း၏ တွဲဖက်လုပ်ကိုင်သူနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ဖြစ်သည့် ကိစ္စ၌ စတင်အကျိုးသက်ရောက် သည့်နေ့မတိုင်မီ လေးနှစ်၊

(၃) သက်ဆိုင်ရာကြွေးမြီတောင်းဆိုချက်များနှင့်စပ်လျဉ်း၍ မြီရှင်များအား ကြွေးမြီရရှိမှုအခွင့်အရေး ပျက်ပြားစေရန်၊ ဟန့်တားရန် သို့မဟုတ် နှောင့်နှေးစေရန် ရည်ရွယ်၍ အဆိုပါလုပ်ငန်းကိစ္စရပ်ကို ဆောင်ရွက်ခဲ့ကြောင်း ရာထူးလက်ရှိဖြစ်သူက သက်သေထင်ရှားပြသသည့်ကိစ္စ၌ စတင်အကျိုး သက်ရောက် သည့်နေ့မတိုင်မီ ငါးနှစ်။

ယခင်ဆောင်ရွက်ချက်ကို ပယ်ဖျက်ခြင်း

၃၆၁။ (က) မြီရှင်တစ်ဦးထံသို့ပေးရန်တင်ရှိနေသည့် အာမခံအကျိုးခံစားခွင့်မရှိသော ကြွေးမြီတစ်ရပ်နှင့် စပ်လျဉ်း၍ လူမွဲခံသည့်အဖွဲ့အစည်းက ဆက်စပ်သည့်အချိန်၌ မြီရှင်တစ်ဦးနှင့် လုပ်ငန်းကိစ္စ တစ်ရပ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး အကယ်၍ ထိုမြီရှင်က ၎င်း၏ကြွေးမြီအတွက် သက်သေထင်ရှားပြသ၍ ထိုလုပ်ငန်းကိစ္စ တစ်ရပ်ရပ်ကို ပယ်ဖျက်ခဲ့ပါက မြီရှင်သည် ကြွေးမြီပမာဏပိုမိုရရှိမည်ဆိုလျှင် ရာထူးလက်ရှိဖြစ်သူသည် ဤပုဒ်မအရ ထိုလုပ်ငန်းကိစ္စ ဆောင်ရွက်ချက်ကို ပယ်ဖျက်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (ဃ) နှင့် မဆန့်ကျင်စေဘဲ တရားရုံးသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ရှိကြောင်း ယုံကြည် လျှင် ထိုဆောင်ရွက်ချက်ကို ပြုလုပ်ခဲ့ခြင်း မရှိဘိသကဲ့သို့မှတ်ယူ၍ ထိုဆောင်ရွက်ချက်မပြုမီက ရှိနေခဲ့သည် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိစေရန် အမိန့်တစ်ရပ်ချမှတ်ရမည်-

(၁) လူမွဲခံယူသည့်အဖွဲ့အစည်းသည် ထိုဆောင်ရွက်ချက်တစ်ရပ်ကို ပြုစဉ်အချိန်က ကြွေးမြီများ ပြန်လည် ပေးဆပ်ခြင်းမပြုနိုင်သည့် အနေအထားရှိနေကြောင်း သို့မဟုတ် ထိုဆောင်ရွက်ချက် တစ်ရပ်ရပ်ကို ပြုလုပ် ခဲ့သည့် အကျိုးဆက်ကြောင့် ကြွေးမြီများ ပြန်လည်ပေးဆပ်ခြင်းမပြုနိုင်သည့် အနေအထားရောက်ရှိခဲ့ သည်ဟု ယုံကြည်ခြင်း၊

(၂) ထိုလုပ်ငန်းကိစ္စဆောင်ရွက်ချက်မှာ ဆက်စပ်သည့်နေ့မတိုင်မီ နှစ်လထက်မပိုသော ကာလတွင် ဖြစ်ပွားခဲ့ကြောင်း၊ ထိုဦးစားပေးချေမှု အကျိုးအမြတ်ရရှိသူသည် ယင်းလူမွဲခံယူသည့် အဖွဲ့အစည်း၏ တွဲဖက် လုပ်ကိုင်သူဖြစ်ကြောင်း ပေါ်ပေါက်ခြင်း။

(ဂ) တရားရုံးအမိန့်နှင့်အညီ ဆောင်ရွက်ခဲ့သော ဆောင်ရွက်ချက်တစ်စုံတစ်ရာသည် ယင်းအရ ရွေးချယ်ရန် အခွင့်အရေးပေးခြင်းမှ ဖြစ်ပေါ်လာသည့် ခွင့်ပြုဆောင်ရွက်ချက်အား ပိတ်ပင်ခြင်းမရှိစေရ။

(ဃ) တရားရုံးသည် ယခင်ဆောင်ရွက်ချက်ကို ပယ်ဖျက်ရာတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်ကြောင့် ဖြစ်သည်ဟု ယုံကြည်ပါက ဤပုဒ်မအရ အမိန့်ချမှတ်ခြင်းမပြုရ-

(၁) အကျိုးအမြတ်ရရှိသူသည် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ပြီး ယင်းအချိန်က-

(ကက) လူမွဲခံယူသည့် အဖွဲ့အစည်းသည် ကြွေးမြီပေးဆပ်နိုင်ခြင်းမရှိကြောင်းကို သံသယဖြစ်စေရန် အတွက် ထိုသူတွင် ဆီလျော်သော အကြောင်းအချက်များ မရှိခြင်း၊

(ခခ) သာမန်ဆင်ခြင်တတ်သူတစ်ဦးကလည်း ယင်းကဲ့သို့ အခြေအနေတွင် သံသယဖြစ်စေရန် အကြောင်း မရှိဟု ထင်မြင်ယူဆနိုင်ခြင်း။

(၂) လူမွဲခံယူသည့်အဖွဲ့အစည်းသည် အပိုင်း (၆) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ပြီး ယခင်ဆောင်ရွက်ချက်ကို ပယ်ဖျက်ခြင်းကြောင့် အကျိုးအမြတ်ရရှိသူသည် ထိုလူမွဲခံယူသည့် အဖွဲ့အစည်းနှင့် ဆက်နွှယ်နေသော တွဲဖက်လုပ်ကိုင်သူမဖြစ်စေရ။

(င) ဤပုဒ်မအရ ဆက်စပ်သည့်အချိန်ဆိုသည့်စကားရပ်တွင် အောက်ပါတို့ပါဝင်သည်-

(၁) ပုဒ်မခွဲငယ် (၂) နှင့် မသက်ဆိုင်လျှင် စတင်အကျိုးသက်ရောက်သည့်နေ့မတိုင်မီ ခြောက်လ၊

(၂) အဆိုပါလုပ်ငန်းကိစ္စကြောင့် အကျိုးအမြတ်ရသူသည် ယင်းအဖွဲ့အစည်း၏ တွဲဖက်လုပ်ကိုင်သူနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်ဖြစ်သည့်ကိစ္စ၌ စတင်အကျိုးသက်ရောက်သည့်နေ့မတိုင်မီ လေးနှစ်။

ပုဒ်မ ၃၆၀ သို့မဟုတ် ၃၆၁ အရ ချမှတ်သည့်အမိန့်များ

၃၆၂။ ပုဒ်မ ၃၆၀၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၃၆၁ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ လူမွဲခံယူသည့်အဖွဲ့အစည်းတစ်ရပ်က ပုဒ်မ ၃၆၀ သို့မဟုတ် ပုဒ်မ ၃၆၁ အရ ဆောင်ရွက်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားရုံးက အောက်ပါအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) အဆိုပါဆောင်ရွက်ချက် သို့မဟုတ် ထိုဆောင်ရွက်ချက်၏ တစ်စိတ်တစ်ဒေသနှင့်စပ်လျဉ်း၍ ကုမ္ပဏီ သို့မဟုတ် တစ်သီးပုဂ္ဂလလူမွဲဖြစ်သူ၏ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ လွှဲပြောင်းပေးအပ်စေသည့် အမိန့်၊

(ခ) တစ်ဦးတစ်ယောက်၏ လက်ဝယ်၌ရှိသည့် ထိုသို့လွှဲပြောင်းပေးထားသော ပစ္စည်းအား ရောင်းရငွေကို လွှဲပြောင်းထားကြောင်း သို့မဟုတ် ငွေကြေးလွှဲပြောင်းထားကြောင်း လျှောက်ထား တင်ပြလာသည့် မည်သည့်ပစ္စည်းကိုမဆို လွှဲပြောင်းပေးအပ်စေသည့်အမိန့်၊

(ဂ) ထိုလူမွဲခံယူသည့်အဖွဲ့အစည်းက ပေးအပ်ထားသော အာမခံအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ကိုဖြစ်စေ စွန့်လွှတ်ရန် သို့မဟုတ် ကင်းလွတ်ခွင့်ပြုရန်အမိန့်၊

(ဃ) တစ်ဦးတစ်ယောက်က ထိုလူမွဲခံယူသည့်အဖွဲ့အစည်းထံမှ အကျိုးအမြတ်အဖြစ် လက်ခံရရှိ ထားသော ငွေကြေးတစ်စုံတစ်ရာအား ရာထူးလက်ရှိဖြစ်သူထံသို့ တရားရုံးက သတ်မှတ်ပေးသည့် နည်းလမ်းအတိုင်း ပြန်လည်ပေးအပ်စေသည့်အမိန့်၊

(င)အဆိုပါဆောင်ရွက်ချက်အရ လူတစ်ဦးတစ်ယောက်နှင့်ပတ်သက်၍ အာမခံခဲ့သော တာဝန်များ အနက်မှ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကင်းလွတ်ခွင့်ရရှိခဲ့သော အာမခံသူတစ်ဦးဦး အပေါ်တွင် တာဝန်အသစ်တစ်ရပ်ပေးအပ်ရန် သို့မဟုတ် ပြင်ဆင်တာဝန်ပေးအပ်စေရန် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း ချမှတ်သည့်အမိန့်၊

(စ)ထိုအမိန့်အရ ပေါ်ပေါက်လာသော တာဝန်တစ်ရပ်ရပ်ကို ကင်းလွတ်ခွင့်ပြုရန်၊ ထို့ပြင် အာမခံ သို့မဟုတ် ပစ္စည်းအပေါ်တွင် တင်ရှိမည့် ထိုတာဝန်ကို အဆိုပါဆောင်ရွက်ချက်အရ ကင်းလွတ်ခွင့်ပြုခဲ့သည့် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကဲ့သို့ ဦးစားပေးတူညီစွာ သတ်မှတ်ပေးစေသည့်အမိန့်၊

(ဆ) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ် လူမွဲခံယူခြင်းတွင် လုပ်ငန်းကိစ္စရပ်ကြောင့် ဖြစ်သော ကြွေးမြီများနှင့် အခြားသောတာဝန်များရှိကြောင်း၊ ယင်းတို့အနက် အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ဒေသဖြစ်စေ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်းကို သက်သေပြနိုင်သည့် အတိုင်းအတာအထိ အောက်ပါပုဂ္ဂိုလ် တစ်ဦးဦးနှင့် ပတ်သက်၍ ချမှတ်သည့်အမိန့်-

(၁) အမိန့်အရ ၎င်း၏ပစ္စည်းအား ကုမ္ပဏီတွင် အပ်နှံထားသူ၊

(၂) အမိန့်အရ ၎င်း၏ပစ္စည်းအား ပုဂ္ဂလိက လူမွဲခံယူသူ၏ ယုံမှတ်အပ်နှံခြင်းခံရသူထံ အပ်နှံထားသူ၊

(၃) အမိန့်အရ ၎င်းအပေါ် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးအပ်ခြင်းခံရသူ။

မတန်တဆနှုန်းဖြင့် ကြွေးမြီထုတ်ချေးခြင်း

၃၆၃။ (က) လူမွဲခံယူသည့်အဖွဲ့အစည်းကိုယ်တိုင် ကြွေးမြီထုတ်ပေးသည့် ကိစ္စရပ်တစ်ရပ်ရပ်တွင် ပါဝင်သူ တစ်ဦးဖြစ်လျှင် ဤပုဒ်မနှင့် သက်ဆိုင်စေရမည်။

(ခ) ကြွေးမြီထုတ်ချေးရာတွင် မတန်တဆဖြစ်သည့်နှုန်းဖြစ်ပြီး သို့မဟုတ် ဖြစ်ခဲ့ပြီး ယင်းမှာစတင်အကျိုး သက်ရောက်သည့်နေ့မတိုင်မီ သုံးနှစ်ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်လျှင် ရာထူးလက်ရှိဖြစ်သူ၏ လျှောက်ထားချက်အရ အဆိုပါ ကြွေးမြီထုတ်ချေးခြင်းနှင့်ပတ်သက်၍ တရားရုံးသည် သင့်သည်ထင်မြင် သည့်အမိန့်တစ်ရပ် ချမှတ်နိုင်သည်။

(ဂ) ဤပုဒ်မအလို့ငှာ ကြွေးမြီများကို ထုတ်ပေးသူက လက်ခံထားခဲ့သော ဈေးကွက်ပေါက်ဈေးအရ ကြွေးမြီ ထုတ်ချေးရာတွင် ဆန့်ကျင်သက်သေမပြနိုင်ပါက အောက်ပါအခြေအနေများသည် မတန်တဆဖြစ်စေသော ဆောင်ရွက်ချက်ဟု မှတ်ယူရမည်-

(၁) ကြွေးမြီထုတ်ပေးရာတွင် စည်းကမ်းချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မတန်တဆငွေထုတ်ပေးမှု ဖြစ်ခြင်း သို့မဟုတ် ဖြစ်ခဲ့ခြင်း၊

(၂) ကြွေးမြီထုတ်ချေးခြင်းသည် မျှတသော ရောင်းဝယ်ဖောက်ကားမှု၏ အခြေခံမူသဘောတရားများကို အခြားတစ်နည်းနည်းဖြင့် အလွန်အမင်း ဆန့်ကျင်ဖောက်ဖျက်ရာ ရောက်ခြင်း။

(ဃ) ဤပုဒ်မနှင့်အညီ ချမှတ်သော အမိန့်အရ ပုဂ္ဂလိကလူမွဲခံသူ၏ ယုံမှတ်အပ်နှံခြင်းခံရသူထံသို့ ငွေပေးချေခဲ့လျှင် ထိုငွေကြေးသည် ထိုပုဂ္ဂလိကလူမွဲခံသူပိုင်ပစ္စည်းဖြစ်သည်ဟု မှတ်ယူရမည်။

(င) အထက်ပါကြွေးမြီထုတ်ချေးခြင်းနှင့်စပ်လျဉ်း၍ ဤပုဒ်မအရ ချမှတ်သောအမိန့်တစ်ရပ်တွင် အောက်ပါ ဖော်ပြချက်တစ်ရပ်ရပ် ပါဝင်စေရမည်-

(၁) ထိုကြွေးမြီထုတ်ချေးခြင်းအရ ဖြစ်ပေါ်လာသော တာဝန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပယ်ဖျက်သည့် ဖော်ပြချက်၊

(၂) ထိုကြွေးမြီထုတ်ချေးခြင်းအလို့ငှာ ကိုင်ဆောင်ထားသည့် အာမခံတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ သို့မဟုတ် စည်းကမ်းချက်များအားလုံးကို အခြားတစ်နည်းနည်းဖြင့် ပြောင်းလဲပြင်ဆင် သည့် ဖော်ပြချက်၊

(၃) ထိုကြွေးမြီထုတ်ချေးခြင်းတွင် ပါဝင်သည့် သို့မဟုတ် ပါဝင်ခဲ့သည့် တစ်ဦးတစ်ယောက်က လူမွဲခံယူ သည့်အဖွဲ့အစည်းထံမှ ရယူထားခဲ့သော ငွေပမာဏတစ်ရပ်ရပ်ကို ရာထူးလက်ရှိဖြစ်သူအား ပေးအပ်စေသည့် ဖော်ပြချက်၊

(၄) ထိုကြွေးမြီထုတ်ချေးခြင်းအလို့ငှာ အာမခံအဖြစ် တစ်စုံတစ်ဦးက ကိုင်ဆောင်ထားသော ပစ္စည်း တစ်ရပ်ရပ်ကို ထိုသူက ရာထူးလက်ရှိဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်စေသည့် ဖော်ပြချက်၊

(၅) ထိုကြွေးမြီထုတ်ချေးခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့်ပုဂ္ဂိုလ်များအကြား စာရင်းရှင်းလင်း တင်ပြရန် ညွှန်ကြားသည့်ဖော်ပြချက်။

ကုမ္ပဏီ၏အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တစ်ချို့ကို ရှောင်ရှားခြင်း

၃၆၄။ (က) ဤဥပဒေအရ သတ်မှတ်ဖော်ပြထားသော ဆက်စပ်သည့်အချိန်တွင်ဖြစ်ပေါ်လာသော ကုမ္ပဏီ၏ လုပ်ငန်းတာဝန် သို့မဟုတ် ပစ္စည်းတစ်ရပ်အပေါ်ရှိ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်သည် အောက်ပါ အတိုင်းအတာအထိမှတစ်ပါး တရားမဝင်ပျက်ပြယ်စေရမည်-

(၁) ထိုကြွေးမြီတာဝန်ကို ဖြစ်ပေါ်စေသည့်အချိန်တွင်ဖြစ်စေ၊ နောက်ပိုင်းအချိန်များတွင်ဖြစ်စေ ကုမ္ပဏီသို့ ပေးချေခဲ့သည့် ငွေကြေးများ သို့မဟုတ် တင်သွင်းထားခဲ့သော ကုန်စည်များ သို့မဟုတ် ဝန်ဆောင်မှုများ ကြောင့် ဖြစ်ပေါ်စေသည့် ကြွေးမြီတန်ဖိုး၊

(၂) ကုမ္ပဏီ၏ကြွေးမြီတာဝန်နှင့် ကြွေးမြီတစ်ရပ်ရပ်ကို ဖြစ်ပေါ်စေသည့်အချိန်တွင်ဖြစ်စေ၊ နောက်ပိုင်း အချိန်များတွင်ဖြစ်စေ ထိုကြွေးမြီများကို ပေးချေခြင်း သို့မဟုတ် လျော့ပေါ့ပေးခြင်းကြောင့် ဖြစ်ပေါ် လာသည့် ကြွေးမြီတန်ဖိုး၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) အတွင်းကျရောက်သော ငွေပမာဏတစ်ရပ်နှင့်စပ်လျဉ်း၍ ပေးချေရမည့် အတိုး ငွေပမာဏ။

(ခ) ကုမ္ပဏီ၏အပြောင်းအလဲရှိသော ကြွေးမြီတာဝန်ပေါ်ပေါက်သည့်အချိန်သည် အောက်ပါအခြေအနေ တစ်ရပ်တွင် ဤပုဒ်မအလို့ငှာ ဆက်စပ်သည့်အချိန်ဖြစ်သည်ဟု မှတ်ယူရမည်-

(၁) ကုမ္ပဏီနှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်တစ်ဦးဦး၏ အကျိုးစီးပွားအလို့ငှာ ပြုလုပ်ထားသော ကြွေးမြီတာဝန် ဖြစ်သည့်ကိစ္စတွင် စတင်အကျိုးသက်ရောက်သည့်နေ့မတိုင်မီ လေးနှစ်အတွင်း၊

(၂) အခြားတစ်စုံတစ်ဦး၏ အကျိုးစီးပွားအလို့ငှာ ပြုလုပ်ထားသော ကြွေးမြီတာဝန်ဖြစ်သည့်ကိစ္စတွင် စတင်အကျိုးသက်ရောက်သည့်နေ့မတိုင်မီ ခြောက်လအတွင်း။

(ဂ) ထိုကြွေးမြီတာဝန် တင်ရှိစဉ်က ထိုကုမ္ပဏီသည် ကြွေးမြီပေးဆပ်နိုင်သည့် အခြေအနေမရှိကြောင်း သို့မဟုတ် ကြွေးမြီပေးဆပ်ခြင်းမပြုနိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ယုံကြည်သည့်အခါ တရား ရုံးသည် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) တွင် ဖော်ပြထားသည့် အချိန်အတွင်း ကျရောက်သည့် ကြွေးမြီတာဝန် နှင့်စပ်လျဉ်းသည့် အမိန့်ကိုသာ ချမှတ်နိုင်သည်။

(ဃ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) ပါ ပြဋ္ဌာန်းချက်များအရ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်အတွက် အဖိုးစားနားအနေဖြင့် ပေးသွင်းခဲ့သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ တန်ဖိုးသည် ထိုအဖိုးစားနားမှတစ်ပါး ထိုကုမ္ပဏီသို့ ပေးသွင်းခဲ့သည့်အရာများအပေါ် သတ်မှတ် ထားသည့် တူညီသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စီးပွားရေးလုပ်ငန်းများ ပုံမှန်လုပ်ဆောင်မြဲ အတိုင်း လုပ်ဆောင်ရာ၌ ပေးသွင်းခဲ့သော ထိုကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် ယင်းတို့ကို ပေးသွင်းခဲ့စဉ်က ရရှိရန် ကျိုးကြောင်းဆီလျော်စွာ မျှော်မှန်းနိုင်သော ငွေကြေးပမာဏဖြစ်သည်။

အခန်း (၄) အခြားကိစ္စများ[edit]

စာအုပ်စာတမ်းများကို ကြွေးမပြေ၍ အာမခံအဖြစ် လက်ဝယ်ထားပိုင်ခွင့်

၃၆၅။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် သက်ဆိုင်စေရမည်-

(၁) ကုမ္ပဏီသည် အပိုင်း (၅) သို့မဟုတ် အပိုင်း (၆)အရ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်း၊

(၂) ကုမ္ပဏီသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်း၊

(၃) ကုမ္ပဏီသည် ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်ဆောင်ရွက်နေခြင်း။

(ခ) ကုမ္ပဏီ၏စာအုပ်စာတမ်းများ သို့မဟုတ် အခြားမှတ်တမ်းများကို အခြားသူတစ်ဦး၏ လက်ဝယ်ထားခွင့် သို့မဟုတ် ယင်းတို့ကို ဆက်လက်လက်ဝယ်ထားရှိရန် အခြားအခွင့်အရေး တစ်ရပ်ရပ်သည် ရာထူးလက်ရှိ ဖြစ်သူ၏ကျိုးကြောင်းဆီလျော်သည့် အခွင့်အရေးတစ်ရပ်ကို ဟန့်တား ပိတ်ပင်ရာရောက်လျှင် ယင်းအတိုင်း အတာအထိ ယင်းအခွင့်အရေးများကို အတည်ပြု ဆောင်ရွက်ခွင့် မရှိစေရ။

အစည်းအဝေးကို အဝေးရောက်တက်နိုင်သည့်နည်းလမ်း

၃၆၆။ အောက်ပါအစည်းအဝေးများကို အဝေးရောက်တက်နိုင်ခြင်းနှင့်စပ်လျဉ်းသည့် နည်းလမ်းများအား နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းနိုင်သည်-

(က) ဤဥပဒေ သို့မဟုတ် နည်းဥပဒေများအရ ဆင့်ခေါ်ကျင်းပသည့် မြီရှင်များအစည်းအဝေး၊ လူမွဲဖြစ်သူ သို့မဟုတ် ကုမ္ပဏီတို့၏အစည်းအဝေးတစ်ရပ်ရပ်၊

(ခ) ဤဥပဒေ သို့မဟုတ် နည်းဥပဒေများအရ ရာထူးလက်ရှိဖြစ်သူက ဆင့်ခေါ်ကျင်းပသည့် ကုမ္ပဏီတွင် ပါဝင်သူများနှင့် ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူတို့၏ အစည်းအဝေးတစ်ရပ်ရပ်။

ဝက်ဘ်ဆိုက်များ အသုံးပြုခြင်း

၃၆၇။ ဤဥပဒေ သို့မဟုတ် နည်းဥပဒေများအရ ရာထူးလက်ရှိဖြစ်သူက လိုက်နာဆောင်ရွက်ရန် သတ်မှတ် ထားသည့် အကြောင်းကြားစာ၊ စာတမ်းအမှတ်အသား သို့မဟုတ် အချက်အလက်ပေးပို့ရန် တာဝန်နှင့်စပ်လျဉ်း၍ အင်တာနက်ဝက်ဘ်ဆိုက် သို့မဟုတ် အခြားသော အီလက်ထရောနစ်နို့တစ်ဘုတ် သို့မဟုတ် ကြားခံဆက်သွယ်ရေးစနစ် တစ်ရပ်ရပ်မှတစ်ဆင့် ပြုလုပ်ရမည့်နည်းလမ်းများကို နည်းဥပဒေ များဖြင့် သတ်မှတ်နိုင်သည်။

အပိုင်း (၁၀) နယ်စပ်ဖြတ်ကျော်လူမွဲခံယူခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ[edit]

အခန်း (၁) နိဒါန်း[edit]

ရည်ရွယ်ချက်

၃၆၈။ ဤအပိုင်းပါ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နယ်စပ်ဖြတ်ကျော်လူမွဲခံယူခြင်းနှင့်ပတ်သက်၍ စံဥပဒေနှင့်အညီ ထိရောက်သည့်စနစ်တစ်ရပ် ဖော်ဆောင်ရန်၊

(ခ) နယ်စပ်ဖြတ်ကျော် လူမွဲခံယူသည့်အမှုများတွင် နိုင်ငံခြားတရားရုံးများနှင့် သက်ဆိုင်ရာ အာဏာပိုင် များအကြား ပူးပေါင်းဆောင်ရွက်ရန်၊

(ဂ) နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ခိုင်မာသည့် ဥပဒေမူဘောင် တစ်ရပ် ဖြစ်စေရန်၊

(ဃ) မြီရှင်များ၊ မြီစားများနှင့် အခြားအကျိုးသက်ဆိုင်သူများ၏ အကျိုးစီးပွားကို မျှတစွာနှင့် ထိရောက်စွာ စီမံဆောင်ရွက်ပေးရန်၊

(င) မြီစားပိုင်ပစ္စည်းကိုကာကွယ်ခြင်းနှင့် ယင်းပစ္စည်း၏တန်ဖိုးကို တတ်နိုင်သမျှ မြှင့်တင်ပေးရန်၊

(စ) ငွေကြေးအခက်အခဲဖြစ်နေသည့် စီးပွားရေးလုပ်ငန်းများကို ကယ်ဆယ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ပြီး အလုပ်အကိုင်များ တည်မြဲစေရန်။

အခန်း (၂) အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ[edit]

အဓိပ္ပာယ်ဖွင့်ဆိုချက်

၃၆၉။ ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအလို့ငှာ အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) နိုင်ငံခြားလူမွဲမှုခင်း ဆိုသည်မှာ နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် မြီရှင်အားလုံး သို့မဟုတ် အများစု၏ အကျိုးစီးပွားအတွက် လူမွဲခံယူခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေတစ်ရပ်အရ စွဲဆိုသော ကြားဖြတ်မှုခင်း အပါအဝင် တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာမှုခင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ပြန်လည် ထူထောင်ရန် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရန်အလို့ငှာ နိုင်ငံခြားတရားရုံး၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင်ရှိသည့် မြီစားပိုင်ပစ္စည်းများနှင့် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မှုခင်းများလည်း ပါဝင် သည်။

(ခ) နိုင်ငံခြားအဓိကလူမွဲမှုခင်း ဆိုသည်မှာ မြီစား၏ အဓိကအကျိုးစီးပွားရှိသည့် နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားလူမွဲမှုခင်းကို ဆိုသည်။

(ဂ) နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်း ဆိုသည်မှာ မြီစားက ဆောင်ရွက်နေသည့် ပုဒ်မခွဲ (စ)တွင် ဖော်ပြထားသော လုပ်ငန်းခွင်တည်ရှိရာနိုင်ငံရှိ နိုင်ငံခြားအဓိကမှုခင်းမဟုတ်သည့် လူမွဲမှုခင်းကို ဆိုသည်။

(ဃ) နိုင်ငံခြားကိုယ်စားလှယ် ဆိုသည်မှာ မြီစားပိုင်ပစ္စည်း သို့မဟုတ် လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးလုပ်ငန်းအား စီမံခန့်ခွဲရန် သို့မဟုတ် နိုင်ငံခြားလူမွဲမှုခင်းများတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ရန် ခန့်အပ်ထားသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။ ယင်းစကားရပ်တွင် ယာယီအားဖြင့် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းလည်းပါဝင်သည်။

(င) နိုင်ငံခြားတရားရုံး ဆိုသည်မှာ နိုင်ငံခြားလူမွဲမှုခင်းကို လက်ခံဆောင်ရွက်ရန် အခွင့်အာဏာရှိသည့် တရားရုံး သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းကို ဆိုသည်။

(စ) လုပ်ငန်းခွင် ဆိုသည်မှာ မြီစားကကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို လုပ်သားအင်အားနှင့်တစ်ဆင့် ဖြတ်သန်းကုန်သွယ်ခြင်းမဟုတ်သော လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ဆောင်သည့်နေရာကို ဆိုသည်။

ဤအပိုင်းနှင့် သက်ဆိုင်ခြင်း

၃၇၀။ (က) ဤအပိုင်းပါ ပြဋ္ဌာန်းချက်များသည် အောက်ပါကိစ္စရပ်များနှင့် သက်ဆိုင်စေရမည်-

(၁) နိုင်ငံခြား လူမွဲမှုခင်းတစ်ရပ်နှင့်စပ်လျဉ်း၍ နိုင်ငံခြားတရားရုံး သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ် တစ်ဦးက အကူအညီတောင်းခံလာသည့်ကိစ္စ၊

(၂) ဤဥပဒေအရ လူမွဲမှုခင်းနှင့်စပ်လျဉ်း၍ နိုင်ငံခြားတိုင်းပြည်ကို အကူအညီတောင်းခံသည့် ကိစ္စ၊

(၃) ဤဥပဒေအရ လူမွဲမှုခင်းနှင့် နိုင်ငံခြားလူမွဲမှုခင်းတို့ မြီစားတစ်ဦးတည်းအပေါ် အပြိုင် ဆောင်ရွက်လျက် ရှိသည့်ကိစ္စ၊

(၄) ဤဥပဒေအရ ဆောင်ရွက်သည့် လူမွဲမှုခင်းတစ်ရပ်တွင် ပါဝင်ရန် တောင်းဆိုခွင့်ရှိသည့် နိုင်ငံခြား တိုင်းပြည်ရှိ မြီရှင် သို့မဟုတ် အခြားအကျိုးသက်ဆိုင်သူမှ လျှောက်ထားသည့်ကိစ္စ။

(ခ) ဤအပိုင်းပါပြဋ္ဌာန်းချက်များသည် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အာမခံ လုပ်ငန်းများနှင့် နိုင်ငံတော်သမ္မတက အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် လုပ်ငန်းများ သို့မဟုတ် အဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် မှုခင်းများနှင့် မသက်ဆိုင်စေရ။

နိုင်ငံတော်၏ အပြည်ပြည်ဆိုင်ရာတာဝန်များ

၃၇၁။ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အခြားနိုင်ငံ သို့မဟုတ် နိုင်ငံများနှင့် ချုပ်ဆိုထားပြီး အာဏာ သက်ရောက်သည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် သို့မဟုတ် အခြားသော သဘောတူညီချက်များ အရ ဆောင်ရွက်ရမည့် နိုင်ငံတော်၏ တာဝန်နှင့် ဤအပိုင်းပါ ပြဋ္ဌာန်းချက်များ ဆန့်ကျင်ကွဲလွဲနေလျှင် ထိုအပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် သို့မဟုတ် အခြားသော သဘောတူညီချက်က လွှမ်းမိုးစေရမည်။

စီရင်ပိုင်ခွင့်ရှိသည့် တရားရုံး သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်း

၃၇၂။ နိုင်ငံခြားလူမွဲမှုခင်းများကို အသိအမှတ်ပြုခြင်း၊ နိုင်ငံခြားတရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စများနှင့်စပ်လျဉ်း၍ ဤအပိုင်းပါ လုပ်ငန်းတာဝန်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လွှဲအပ်သည့် တရားရုံးက ဆောင်ရွက်ပိုင်ခွင့် ရှိစေရမည်။

ဤဥပဒေအရ မှတ်ပုံတင်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအနေဖြင့် နိုင်ငံခြားတိုင်းပြည်တွင် ဆောင်ရွက်ရန်အာဏာ

၃၇၃။ နိုင်ငံခြားလူမွဲမှုခင်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့်နိုင်ငံခြားဥပဒေတွင် ခွင့်ပြုထား သည့်အတိုင်း ဤဥပဒေအရ တရားဝင်ပစ္စည်းထိန်း သို့မဟုတ် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူအား နိုင်ငံခြားလူမွဲမှုခင်းများတွင် ဆောင်ရွက်စေနိုင်သည်။

အများပြည်သူဆိုင်ရာမူဝါဒအရ ငြင်းဆိုခြင်း

၃၇၄။ လျှောက်ထားမှုတစ်ရပ်သည် နိုင်ငံတော်၏ အများပြည်သူဆိုင်ရာမူဝါဒနှင့် ဆန့်ကျင်ကွဲလွဲနေပါက ဤအပိုင်းအရ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးသည် အဆိုပါလျှောက်ထားမှုကိုငြင်းဆိုနိုင်သည်။

အခြားဥပဒေများအရ နောက်ဆက်တွဲအကူအညီများ ထပ်မံပေးခြင်း

၃၇၅။ နိုင်ငံတော်၏ အခြားတည်ဆဲဥပဒေများအရ နိုင်ငံခြားကိုယ်စားလှယ်အား တရားရုံး သို့မဟုတ် လူမွဲ ခံယူခြင်းဆိုင်ရာကျွမ်းကျင်သူမှ နောက်ဆက်တွဲအကူအညီ ထပ်မံပေးနိုင်သည့် အာဏာကို ဤအပိုင်းအရ ကန့်သတ်ခြင်းမရှိစေရ။

အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း

၃၇၆။ ဤအပိုင်းပါပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ကောက်ယူရာတွင် နိုင်ငံတကာစံနှုန်းများကို သဘောရိုးဖြင့် လိုက်နာဆောင်ရွက်ခြင်းနှင့် ယင်းတို့ကို လက်တွေ့အသုံးချရာတွင် တစ်ပြေးညီဖြစ်စေခြင်း တို့ကို အလေးထားထည့်သွင်း စဉ်းစားရမည်။

အခန်း (၃) နိုင်ငံခြားကိုယ်စားလှယ်များနှင့် မြီရှင်များ တရားရုံးသို့ လျှောက်ထားခွင့်[edit]

တိုက်ရိုက်လျှောက်ထားခွင့်

၃၇၇။ နိုင်ငံခြားကိုယ်စားလှယ်သည် ဤအပိုင်းအရ စီရင်ပိုင်ခွင့်အာဏာရှိသည့်တရားရုံးသို့ တိုက်ရိုက် လျှောက်ထားခွင့်ရှိသည်။

စီရင်ပိုင်ခွင့်ကန့်သတ်ခြင်း

၃၇၈။ နိုင်ငံခြားကိုယ်စားလှယ်က ဤအပိုင်းအရ စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးသို့ ဤအပိုင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားသည်ဆိုရုံမျှဖြင့် နိုင်ငံရပ်ခြားရှိမြီစားပိုင်ပစ္စည်းများ သို့မဟုတ် လုပ်ငန်းကိစ္စရပ်များအားလုံးသည် ယင်းလျှောက်ထားမှုမှအပ နိုင်ငံတော်အတွင်းရှိ တရားရုံးများ၏ စီရင် ပိုင်ခွင့်အာဏာနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ဤဥပဒေအရ လူမွဲမှုခင်းစတင်ရန် နိုင်ငံခြားကိုယ်စားလှယ်က လျှောက်ထားခြင်း

၃၇၉။ သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီလျှင် နိုင်ငံခြားကိုယ်စားလှယ်တစ်ဦးသည် ဤဥပဒေအရ လူမွဲမှုခင်းစတင်ဆောင်ရွက်ရန် လျှောက်ထားခွင့်ရှိသည်။

ဤဥပဒေအရ လူမွဲမှုခင်းတွင် နိုင်ငံခြားကိုယ်စားလှယ် ပါဝင်ဆောင်ရွက်ခြင်း

၃၈၀။ နိုင်ငံခြားလူမွဲမှုခင်းအား အသိအမှတ်ပြုသည့်အခါ ဤဥပဒေအရ မြီစားနှင့်ပတ်သက်သည့် မှုခင်းတွင် နိုင်ငံခြားသားကိုယ်စားလှယ်သည် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

ဤဥပဒေအရ နိုင်ငံခြားမြီရှင်များက လျှောက်ထားခွင့်

၃၈၁။ (က) ပုဒ်မခွဲ (ခ) အရ ဤဥပဒေနှင့်အညီ လူမွဲမှုခင်းတစ်ခုတွင် ပါဝင်သူ သို့မဟုတ် စတင်ဆောင်ရွက် သူ နိုင်ငံခြားမြီရှင်များသည် နိုင်ငံတော်အတွင်းရှိ မြီရှင်များကဲ့သို့ တန်းတူအခွင့်အရေး ရရှိစေရမည်။

(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေပါ တောင်းဆိုမှုများ အဆင့်သတ်မှတ်ချက်ကို လည်းကောင်း၊ နိုင်ငံခြားမှ အခွန်အခများ၊ လူမှုဖူလုံရေးဆိုင်ရာတောင်းဆိုချက်များနှင့် ဒဏ်ကြေးငွေများ အား ငြင်းပယ်ပိုင်ခွင့်ကိုလည်းကောင်း ထိခိုက်ခြင်းမရှိစေရ။ သို့ရာတွင် နိုင်ငံခြားမှ အခွန်အခများ၊ လူမှု ဖူလုံရေးဆိုင်ရာတောင်းဆိုချက်များနှင့် ဒဏ်ကြေးငွေများအပေါ် တောင်းဆိုမှုများမှအပ နိုင်ငံခြားမြီရှင် တစ်ဦး၏ တောင်းဆိုမှုသည် ဤဥပဒေအရ သတ်မှတ်ထားသည့် ဦးစားပေးမဟုတ်သည့် တောင်းဆိုမှုများ အဆင့်သတ်မှတ်ချက်ထက် မနိမ့်စေရ။

ဤဥပဒေအရ လူမွဲမှုခင်းဆောင်ရွက်ခြင်းကို နိုင်ငံခြားမြီရှင်များသို့ အကြောင်းကြားခြင်း

၃၈၂။ (က) ဤဥပဒေအရ ဤနိုင်ငံရှိမြီရှင်များထံ အကြောင်းကြားရန်ရှိသည့်အခါတိုင်း ယင်းအကြောင်း ကြားစာကို ဤနိုင်ငံတွင် အကြောင်းကြားရန်နေရပ်လိပ်စာမရှိသည့် မြီရှင်များ ထံသို့လည်း ပေးပို့ရမည်။ နေရပ်လိပ်စာမသိရှိသေးသော မြီရှင်များထံသို့ အကြောင်းကြားရန်အတွက် တရားရုံးသည်သင့်သည် ထင်မြင်သည့် နည်းလမ်းအတိုင်း ဆောင်ရွက်စေရန် အမိန့်ချမှတ်နိုင်သည်။

(ခ) ထူးခြားသောအခြေအနေများအရ အခြားသောနည်းလမ်းဖြင့်ပေးပို့ပါက ပို၍ သင့်လျော်သည်ဟု တရားရုံးက ထင်မြင်ယူဆသည်မှအပ ထိုအကြောင်းကြားစာကို နိုင်ငံခြားမြီရှင်တစ်ဦးချင်းစီထံသို့ ပေးပို့ရ မည်။ သို့သော် တရားဝင်တောင်းခံစာ သို့မဟုတ် အခြားအလားတူပုံစံဖြင့် ပေးပို့ရန် လိုအပ်ခြင်းမရှိစေရ။

(ဂ) လူမွဲမှုခင်းစတင်ကြောင်း အကြောင်းကြားစာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(၁) တောင်းဆိုမှုကို လျှောက်ထားရန်အတွက် လုံလောက်သည့်အချိန်ကာလနှင့် လျှောက်ထားရ မည့်နေရာ ကို သတ်မှတ်ပေးခြင်း၊

(၂) အာမခံအကျိုးခံစားခွင့်ရ မြီရှင်များ၏ တောင်းဆိုမှုများကို လျှောက်ထားရန် လို မလို သတ်မှတ်ဖော်ပြ ခြင်း၊

(၃) နိုင်ငံတော်၏တည်ဆဲဥပဒေနှင့် တရားရုံး၏ အမိန့်အရ ယင်းအကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြရမည့် အခြားသော လိုအပ်သည့်အချက်အလက်များကို ထည့်သွင်းဖော်ပြခြင်း။

အခန်း (၄) နိုင်ငံခြားလူမွဲမှုခင်းနှင့် သက်သာခွင့်ကို အသိအမှတ်ပြုခြင်း[edit]

နိုင်ငံခြားလူမွဲမှုခင်းကို အသိအမှတ်ပြုရန် လျှောက်ထားခြင်း

၃၈၃။ (က) နိုင်ငံခြားလူမွဲမှုခင်းတွင် နိုင်ငံခြားကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားခြင်းခံရသူသည် အဆိုပါ မှုခင်းကို အသိအမှတ်ပြုပေးရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

(၁) နိုင်ငံခြားလူမွဲမှုခင်းစတင်ကြောင်းနှင့် နိုင်ငံခြားကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း ဆုံးဖြတ် ချက်တာဝန်ခံမိတ္တူမှန် သို့မဟုတ်

(၂) နိုင်ငံခြားကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်းနှင့် နိုင်ငံခြားလူမွဲမှုခင်းဆောင်ရွက်နေကြောင်း အတည်ပြုသည့် နိုင်ငံခြားတရားရုံး၏ အထောက်အထားလက်မှတ်၊

(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) တွင် ဖော်ပြထားသည့် သက်သေခံအထောက်အထားများမရှိသည့်အခါ နိုင်ငံခြားကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်းနှင့် နိုင်ငံခြားလူမွဲမှုခင်းဆောင်ရွက်နေကြောင်းကို တရားရုံးက လက်ခံနိုင်သည့် အခြားသက်သေခံအထောက်အထားတစ်ရပ်ရပ်။

(ဂ) ပုဒ်မခွဲ (က) အရ လျှောက်ထားလွှာတွင် နိုင်ငံခြားကိုယ်စားလှယ်က သိရှိထားသည့် မြီစားနှင့် ပတ်သက် သည့် နိုင်ငံခြားလူမွဲမှုခင်းအားလုံးနှင့် သက်ဆိုင်သော ဖော်ပြချက်လည်း ပါဝင်ရမည်။

(ဃ) တရားရုံးသို့တင်သွင်းသည့် စာရွက်စာတမ်းတိုင်းကို မြန်မာဘာသာပြန်ဆိုချက်နှင့်တကွ ပူးတွဲ တင်ပြရမည်။

အသိအမှတ်ပြုခြင်းနှင့်စပ်လျဉ်း၍ မှတ်ယူရမည့်အချက်များ

၃၈၄။ (က) ပုဒ်မ ၃၈၃ ပုဒ်မခွဲ (ခ) အရ ဆုံးဖြတ်ချက် သို့မဟုတ် အထောက်အထားလက်မှတ်တွင် ဖော်ပြ ထားသော နိုင်ငံခြားကိုယ်စားလှယ်သည် ပုဒ်မ ၃၆၉ ပုဒ်မခွဲ (ဃ) ပါ နိုင်ငံခြားကိုယ်စားလှယ်ဖြစ်ကြောင်း နှင့် ယင်းတွင်ဖော်ပြထားသော မှုခင်းသည် ပုဒ်မ ၃၆၉ ပုဒ်မခွဲ (က) ပါ နိုင်ငံခြားလူမွဲမှုခင်းဖြစ်ကြောင်း တရားတရုံးက မှတ်ယူနိုင်သည်။

(ခ) အသိအမှတ်ပြုပေးရန် လျှောက်လွှာကို ထောက်ခံတင်ပြသည့် စာရွက်စာတမ်းများသည် ဥပဒေနှင့်အညီ ပြုလုပ်ထားသည်ဖြစ်စေ၊ မပြုလုပ်ထားသည်ဖြစ်စေ စစ်မှန်သည်ဟု တရားရုံးက မှတ်ယူခွင့်ရှိသည်။

(ဂ) ဆန့်ကျင်ကွဲလွဲသည့်သက်သေခံချက်မရှိပါက မြီစား၏ မှတ်ပုံတင်ထားသည့် ရုံးခန်းတည်နေရာ သို့မဟုတ် တစ်သီးပုဂ္ဂလနှင့်သက်ဆိုင်သည့် လူမွဲမှုခင်းများဖြစ်လျှင် ထိုမြီစားအမှန်တကယ် နေထိုင်ရာနေရာ သည် ၎င်း၏အဓိကအကျိုးစီးပွားရှိရာနေရာဟု မှတ်ယူရမည်။

နိုင်ငံခြားတရားစီရင်မှုကို အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်

၃၈၅။ (က) ပုဒ်မ ၃၇၄ နှင့် မဆန့်ကျင်စေဘဲ အောက်ပါအချက်များနှင့် ညီညွတ်လျှင် နိုင်ငံခြား လူမွဲမှုခင်းကို အသိအမှတ်ပြုရမည်-

(၁) နိုင်ငံခြားလူမွဲမှုခင်းသည် ပုဒ်မ ၃၆၉ ပုဒ်မခွဲ (က) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း ကျရောက်သည့် မှုခင်းဖြစ်ခြင်း၊

(၂) အသိအမှတ်ပြုပေးရန် လျှောက်ထားသည့် နိုင်ငံခြားကိုယ်စားလှယ်သည် ပုဒ်မ ၃၆၉ ပုဒ်မခွဲ (ဃ) အတွင်း ကျရောက်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဖြစ်ခြင်း၊

(၃) လျှောက်ထားလွှာသည် ပုဒ်မ ၃၈၃ ပုဒ်မခွဲ (ခ)၏ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း၊

(၄) လျှောက်ထားလွှာကို ပုဒ်မ ၃၇၂ တွင် ဖော်ပြထားသည့် တရားရုံးသို့ တင်သွင်းခဲ့ပြီး ဖြစ်ခြင်း။

(ခ) နိုင်ငံခြားလူမွဲမှုခင်းကို အောက်ပါအတိုင်း အသိအမှတ်ပြုရမည်-

(၁) မြီစား၏ အဓိကအကျိုးစီးပွားရှိသည့် နိုင်ငံတွင် ဆောင်ရွက်လျက်ရှိလျှင် နိုင်ငံခြားအဓိကလူမွဲမှုခင်း၊

(၂) ပုဒ်မ ၃၆၉ ပုဒ်မခွဲ (စ)ပါ မြီစား၏ လုပ်ငန်းခွင် တည်ရှိရာနေရာတွင် ဆောင်ရွက်လျက်ရှိလျှင် နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်း၊

(ဂ) နိုင်ငံခြားလူမွဲမှုခင်းအား အသိအမှတ်ပြုပေးရန် လျှောက်လွှာကို ဆောလျင်စွာ ဆုံးဖြတ်ပေးရမည်။

(ဃ) အသိအမှတ်ပြုရန် အကြောင်းရင်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသသည် မရှိတော့ကြောင်း သို့မဟုတ် ရပ်စဲသွားကြောင်း ပေါ်ပေါက်လျှင် အဆိုပါအသိအမှတ်ပြုမှုအား ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်းကို ပုဒ်မ ၃၈၃၊ ၃၈၄၊ ၃၈၅ နှင့် ၃၈၆ တို့ပါ ပြဋ္ဌာန်းချက်များက ပိတ်ပင်ခြင်းမရှိစေရ။

နောက်ဆက်တွဲအချက်အလက်

၃၈၆။ နိုင်ငံခြားလူမွဲမှုခင်းတစ်ရပ်အား အသိအမှတ်ပြုပေးရန် စတင်လျှောက်ထားချိန်မှစ၍ အောက်ပါအခြေ အနေများဖြစ်ပေါ်လျှင် နိုင်ငံခြားကိုယ်စားလှယ်သည် တရားရုံးသို့ ချက်ချင်း တင်ပြရမည်-

(က) အသိအမှတ်ပြုထားသည့် နိုင်ငံခြားလူမွဲမှုခင်း၏အခြေအနေ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ် အဖြစ် ခန့်ထားမှုအခြေအနေတွင် အဓိကကျသော ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ခြင်း၊

(ခ) အခြားနိုင်ငံခြားလူမွဲမှုခင်းတစ်ခုခုတွင်လည်း ထိုမြီစားပါဝင်နေကြောင်း နိုင်ငံခြားကိုယ်စားလှယ်က သိရှိလာခြင်း။

နိုင်ငံခြားလူမွဲမှုခင်းအား အသိအမှတ်ပြုရန် လျှောက်ထားချက်အပေါ် ပေးအပ်နိုင်သည့် သက်သာခွင့်

၃၈၇။ (က) နိုင်ငံခြားကိုယ်စားလှယ်၏ လျှောက်ထားချက်အရ မြီစားပိုင်ပစ္စည်း သို့မဟုတ် မြီရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန် အရေးတကြီး လိုအပ်သည့်အခါ တရားရုံးသည် အသိအမှတ်ပြုပေးရန် လျှောက်လွှာတင်သွင်းချိန်မှစ၍ အဆိုပါလျှောက်လွှာအား ဆုံးဖြတ်ပြီးသည့်အချိန်အထိ အောက်ပါတို့ အပါအဝင် ယာယီသက်သာခွင့်ကို ပေးနိုင်သည်-

(၁) မြီစားပိုင်ပစ္စည်းအပေါ် အတည်ပြုဆောင်ရွက်ခြင်းကို ဆိုင်းငံ့ခြင်း၊

(၂) ပစ္စည်း၏သဘောသဘာဝအရ ပျက်စီးလွယ်သော သို့မဟုတ် တန်ဖိုးကျလွယ်သော သို့မဟုတ် အခြားနည်းဖြင့် ထိခိုက်ပျက်စီးလွယ်သော နိုင်ငံတော်တွင်ရှိသည့် မြီစားပိုင်ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ စီမံခန့်ခွဲရန် သို့မဟုတ် ရောင်းချရန် တရားရုံးမှ ခန့်အပ်ထားသောအခြားသူ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်ထံ အပ်နှံခြင်း၊

(၃) ပုဒ်မ ၃၈၉ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၃)၊ (၄) နှင့် (၇) တို့တွင် ဖော်ပြထားသည့် သက်သာခွင့် တစ်ရပ်ရပ်။

(ခ) ဤဥပဒေအရ အကြောင်းကြားစာပေးပို့ရာတွင် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ‌ ဆောင်ရွက်နိုင်သည်။

(ဂ) ပေးအပ်ထားသည့် သက်သာခွင့်အား ပုဒ်မ ၃၈၉ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၆) အရ ထပ်မံခွင့်ပြုခြင်း မရှိလျှင် အသိအမှတ်ပြုရန်လျှောက်ထားမှုကို ဆုံးဖြတ်ပြီးသည့်အခါ ဤပုဒ်မအရ ခွင့်ပြုထားသည့် သက်သာ ခွင့်သည် ရပ်စဲစေရမည်။

(ဃ) တောင်းဆိုသည့်သက်သာခွင့်သည် နိုင်ငံခြားအဓိကလူမွဲမှုခင်းအား စီမံခန့်ခွဲရာတွင် အနှောင့်အယှက် ဖြစ်စေလျှင် တရားရုံးသည် ဤပုဒ်မအရ လျှောက်ထားသည့် သက်သာခွင့်ကို ငြင်းပယ်နိုင်သည်။

နိုင်ငံခြားအဓိကလူမွဲမှုခင်းအား အသိအမှတ်ပြုခြင်း၏ အကျိုးသက်ရောက်မှုများ

၃၈၈။ (က) နိုင်ငံခြားအဓိက လူမွဲမှုခင်းအား အသိအမှတ်ပြုသည့်အခါ-

(၁) မြီစားပိုင်ပစ္စည်း၊ အခွင့်အရေး၊ တာဝန်ဝတ္တရားများနှင့် ပတ်သက်သည့် အခြားမှုခင်း သို့မဟုတ် လူမွဲ ခံယူခြင်းဆိုင်ရာမှုခင်းများ စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းတို့သည် ဆိုင်းငံ့စေ ရမည်၊

(၂) မြီစားပိုင်ပစ္စည်းများအပေါ် အတည်ပြုဆောင်ရွက်ခြင်းကို ဆိုင်းငံ့စေရမည်၊

(၃) မြီစားပိုင်ပစ္စည်းတစ်ရပ်ရပ်ကို လွှဲပြောင်းသည့်၊ ကြွေးမြီတာဝန်ဖြစ်စေသည့် သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲသည့် အခွင့်အရေးများသည် ရပ်ဆိုင်းစေရမည်။

(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ကန့်သတ်ခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ရပ်ဆိုင်းခြင်းတို့အပေါ် ပြင်ဆင် ပြောင်းလဲခြင်း သို့မဟုတ် အဆုံးသတ်ခြင်းတို့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပေါ်ပေါက်သော ဆိုင်းငံ့ခြင်းနှင့် ရပ်ဆိုင်းခြင်းတို့နှင့် တူညီသည်ဟု မှတ်ယူရမည်။

(ဂ) မြီစားအပေါ် တောင်းဆိုသည့် သက်သာခွင့်အား ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အတိုင်းအတာ အထိမှအပ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) သည် အခြားအရေးယူဆောင်ရွက်ရန် သို့မဟုတ် လူမွဲမှုခင်းစတင် ဆောင်ရွက်ရန် အခွင့်အရေးများကို ထိခိုက်ခြင်းမရှိစေရ။

(ဃ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များသည် ဤဥပဒေအရ လူမွဲမှုခင်း စတင်ဆောင်ရွက်ရန် တောင်းဆိုပိုင်ခွင့် အခွင့်အရေး သို့မဟုတ် ယင်းလူမွဲမှုခင်းတွင် တောင်းဆိုမှုတင်သွင်းနိုင်သည့် အခွင့်အရေးကို မထိခိုက်စေရ။

နိုင်ငံခြားလူမွဲမှုခင်းကို အသိအမှတ်ပြုခြင်းအပေါ် ပေးအပ်သည့်သက်သာခွင့်

၃၈၉။ (က) နိုင်ငံခြားလူမွဲမှုခင်းကို အသိအမှတ်ပြုသည့်အခါ နိုင်ငံခြားအဓိက လူမွဲမှုခင်းတွင်ဖြစ်စေ၊ နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်းတွင်ဖြစ်စေ မြီစား၏ပစ္စည်း သို့မဟုတ် မြီရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်လျှင် နိုင်ငံခြားကိုယ်စားလှယ်၏ လျှောက်ထားချက်အရ တရားရုံးသည် အောက်ပါ သက်သာခွင့်များအပါအဝင် သင့်လျော်သည့် သက်သာခွင့်တစ်ရပ်ရပ်ကို ခွင့်ပြုနိုင်သည်-

(၁) ပုဒ်မ ၃၈၈ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ဆိုင်းငံ့ထားခြင်းမရှိသေးလျှင် မြီစား၏ ပစ္စည်း၊ အခွင့် အရေး၊ တာဝန်၊ တာဝန်ရှိမှုများနှင့်စပ်လျဉ်းသည့် အခြားအရေးယူဆောင်ရွက်မှု သို့မဟုတ် လူမွဲမှုခင်းစတင် စွဲဆိုခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းကို ဆိုင်းငံ့ခြင်း၊

(၂) ပုဒ်မ ၃၈၈ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ ဆိုင်းငံ့ထားခြင်းမရှိသေးသည့် မြီစား၏ ပစ္စည်းအပေါ်တွင် အတည်ပြုဆောင်ရွက်ခြင်းကို ဆိုင်းငံ့ခြင်း၊

(၃) ပုဒ်မ ၃၈၈ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၃) အရ ရပ်ဆိုင်းထားခြင်း မရှိသေးသည့် မြီစား၏ ပစ္စည်းတစ်ခုခုကို လွှဲပြောင်းခြင်း၊ ကြွေးမြီတာဝန်ဖြစ်စေခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်းကို ရပ်ဆိုင်းခြင်း၊

(၄) သက်သေစစ်မေးရန်နှင့် သက်သေခံချက်ရယူရန် ခွင့်ပြုပေးခြင်း သို့မဟုတ် မြီစား၏ ပစ္စည်းများ၊ လုပ်ငန်းကိစ္စရပ်များ၊ အခွင့်အရေးများ၊ တာဝန်ဝတ္တရားများနှင့်စပ်လျဉ်းသည့် အချက်အလက်များ လွှဲပြောင်း ပေးအပ်ခြင်း၊

(၅) နိုင်ငံတော်အတွင်းရှိ မြီစားပိုင်ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ စီမံခန့်ခွဲရန် သို့မဟုတ် ရောင်းချရန် တရားရုံးမှ ခန့်အပ်သော အခြားသူ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်ထံ အပ်နှံခြင်း၊

(၆) ပုဒ်မ ၃၈၇ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ခွင့်ပြုထားသည့် ဆိုင်းငံ့ကာလကို တိုးမြှင့်ခြင်း၊

(၇) နိုင်ငံတော်၏ တည်ဆဲဥပဒေများအရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူက ဆောင်ရွက်နိုင်သည့် နောက်ဆက်တွဲသက်သာခွင့်ကို ပေးခြင်း။

(ခ) နိုင်ငံခြားအဓိကလူမွဲမှုခင်း သို့မဟုတ် နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်းအား အသိအမှတ်ပြုသည့် အခါတွင် တရားရုံးသည် နိုင်ငံတော်အတွင်းရှိ မြီရှင်များ၏ အကျိုးစီးပွားကို လုံလောက်စွာ အကာအကွယ်ပေးထားသည်ဟု ကျေနပ်ပါက နိုင်ငံခြားကိုယ်စားလှယ်၏ လျှောက်ထားချက်အရ နိုင်ငံတော်အတွင်းရှိ မြီစားပိုင်ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ကိုဖြစ်စေ စီမံခန့်ခွဲရန် တရားရုံးမှ ခန့်အပ်သော အခြားသူ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်ထံ အပ်နှံနိုင်သည်။

(ဂ) နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်း၏ ကိုယ်စားလှယ်အား ဤပုဒ်မအရ သက်သာခွင့် ပေးရာတွင် ထိုလူမွဲမှုခင်းတွင် ဤဥပဒေအရ စီမံခန့်ခွဲသင့်သော လူမွဲပိုင်ပစ္စည်းစာရင်းနှင့် ဆက်စပ်နေသည့် သက်သာခွင့် ဖြစ်ကြောင်း သို့မဟုတ် ထိုမှုခင်းတွင် လိုအပ်သည့် အချက်အလက်များကို စီမံခန့်ခွဲသင့်ကြောင်း တရားရုံးက ကျေနပ်ရမည်။

မြီရှင်များနှင့် အခြားအကျိုးသက်ဆိုင်သူများအား ကာကွယ်ခြင်း

၃၉၀။ (က) ပုဒ်မ ၃၈၇ သို့မဟုတ် ၃၈၉ အရ သက်သာခွင့်ပေးခြင်း သို့မဟုတ် ငြင်းဆိုခြင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) အရသက်သာခွင့်ကို ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်းပြုရာတွင် တရားရုံးသည် မြီစားအပါအဝင် မြီရှင်များနှင့် အခြားအကျိုးသက်ဆိုင်သူများ၏ အကျိုးစီးပွားကို လုံလောက်စွာ ကာကွယ်ပေးထားပြီးဖြစ် ကြောင်း ကျေနပ်ရမည်။

(ခ) ပုဒ်မ ၃၈၇ သို့မဟုတ် ၃၈၉ အရ သက်သာခွင့်တစ်ရပ်ရပ်ကို ခွင့်ပြုရာတွင် တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည်။

(ဂ) ပုဒ်မ ၃၈၇ သို့မဟုတ် ပုဒ်မ ၃၈၉ အရ ပေးအပ်ထားသည့် သက်သာခွင့်အရ အကျိုးထိခိုက်သူ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်၏ လျှောက်ထားချက်အရဖြစ်စေ တရားရုံး၏ ဆင်ခြင်တုံ တရားအရဖြစ်စေ တရားရုံး သည် အဆိုပါသက်သာခွင့်ကို ပြောင်းလဲနိုင်သည် သို့မဟုတ် ရပ်စဲနိုင်သည်။

မြီရှင်များ၏ အကျိုးနစ်နာပျက်စီးဆုံးရှုံးမှုဖြစ်စေမည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန် ဆောင်ရွက် မှုများ

၃၉၁။ (က) နိုင်ငံခြားလူမွဲမှုခင်းအား အသိအမှတ်ပြုသည့်အခါ မြီရှင်များ၏ အကျိုးစီးပွားများကို ထိခိုက် နစ်နာစေသော ပြုလုပ်မှုများအား အကျိုးသက်ရောက်မှုမရှိစေရန် သို့မဟုတ် ရှောင်ရှားရန် ဤဥပဒေအရ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူရရှိနိုင်သော အရေးယူဆောင်ရွက်ခွင့်များကို နိုင်ငံခြားကိုယ်စားလှယ် က ရရှိစေရမည်။

(ခ) နိုင်ငံခြားလူမွဲမှုခင်းတစ်ရပ်သည် နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်းဖြစ်သည့်ကိစ္စတွင် အရေးယူ ဆောင်ရွက်ချက်တစ်ရပ်သည် ဤဥပဒေအရ နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်း၌ စီမံခန့်ခွဲရမည့် လူမွဲ ပိုင်ပစ္စည်းနှင့်ဆက်စပ်နေကြောင်း တရားရုံးက ကျေနပ်ရမည်။

နိုင်ငံတော်အတွင်းရှိ လူမွဲမှုခင်းတွင် နိုင်ငံခြားကိုယ်စားလှယ်က ဝင်ရောက်ဆောင်ရွက်ခြင်း

၃၉၂။ နိုင်ငံခြားလူမွဲမှုခင်းကို အသိအမှတ်ပြုသည့်အခါ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီပါက နိုင်ငံခြားကိုယ်စားလှယ်သည် မြီစားက အမှုသည်အဖြစ်ပါဝင်သည့် မည်သည့်လူမွဲမှုခင်းတွင်မဆို ပါဝင် ဆောင်ရွက်နိုင်သည်။

အခန်း (၅)နိုင်ငံခြားတရားရုံးများ၊ နိုင်ငံခြားကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း[edit]

နိုင်ငံခြားတရားရုံးများ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်များနှင့် နိုင်ငံတော်ရှိ တရားရုံးတို့ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း

၃၉၃။ (က) ပုဒ်မ ၃၇၀ တွင် ဖော်ပြထားသည့်ကိစ္စများ၌ နိုင်ငံတော်ရှိတရားရုံးသည် နိုင်ငံခြားတရားရုံးများ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်များနှင့် တတ်နိုင်သမျှ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် မှတ်ပုံတင်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ဆောင်ရွက်ရမည်။

(ခ) နိုင်ငံတော်ရှိတရားရုံးသည် နိုင်ငံခြားတရားရုံး သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်နှင့် တိုက်ရိုက် ဆက်သွယ်ခွင့်ရှိသကဲ့သို့ လိုအပ်သည့်အကူအညီနှင့် သတင်းအချက်များကို တောင်းခံပိုင်ခွင့်ရှိသည်။

မှတ်ပုံတင်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူနှင့် နိုင်ငံခြားတရားရုံးများ သို့မဟုတ် နိုင်ငံခြား ကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း

၃၉၄။ (က) ပုဒ်မ ၃၇၀ တွင် ပြဋ္ဌာန်းထားသည့်ကိစ္စများတွင် မှတ်ပုံတင်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူသည် တရားရုံး၏ ကြီးကြပ်မှုဖြင့် ယင်း၏လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် နိုင်ငံခြား တရားရုံးများ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်များနှင့် တတ်နိုင်သမျှ တိုက်ရိုက်ပူးပေါင်း ဆောင်ရွက် ရမည်။

(ခ) ပုဒ်မ ၃၇၀ တွင် ပြဋ္ဌာန်းထားသည့်ကိစ္စများ၌ မှတ်ပုံတင်ထားသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူသည် တရားရုံး၏ကြီးကြပ်မှုဖြင့် ယင်း၏လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် နိုင်ငံခြား တရားရုံးများ သို့မဟုတ် နိုင်ငံခြားကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရှိသည်။

ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများ

၃၉၅။ ပုဒ်မ ၃၉၃ နှင့် ပုဒ်မ ၃၉၄ တွင် ဖော်ပြထားသည့်ပူးပေါင်းဆောင်ရွက်မှုကို အောက်ပါသင့်လျော်သော နည်းလမ်းတစ်ခုခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေနိုင်သည်-

(က) လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား တရားရုံး၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်စေရန် ခန့်အပ် ခြင်း၊

(ခ) တရားရုံးက သင့်လျော်သည်ဟု ယူဆသည့် နည်းလမ်းများဖြင့် အချက်အလက်များကို ဆက်သွယ် ပြောကြားခြင်း၊

(ဂ) မြီစားပိုင်ပစ္စည်းများနှင့် လုပ်ငန်းကိစ္စများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ကြီးကြပ်ရာတွင်လည်း ကောင်း ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဃ) လူမွဲမှုခင်းများတွင် ပူးပေါင်းဆောင်ရွက်ရာ၌ တရားရုံးများအကြား သဘောတူညီချက်ဖြင့် အတည်ပြု ခြင်း သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(င) မြီစားတစ်ဦးတည်းအပေါ်တွင် တစ်ပြိုင်တည်းဆောင်ရွက်နေသည့် လူမွဲမှုခင်းများ၌ ပူးပေါင်း ဆောင်ရွက်ခြင်း၊

(စ) ပြည်ထောင်စုတရားသူကြီးချုပ်က အခါအားလျော်စွာ သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်ခြင်း။

အခန်း (၆) တစ်ပြိုင်တည်း ဆောင်ရွက်နေသည့် လူမွဲမှုခင်းများ[edit]

နိုင်ငံခြားအဓိကလူမွဲမှုခင်းကို အသိအမှတ်ပြုပြီးနောက် ဤဥပဒေအရ လူမွဲမှုခင်းစတင်ခြင်း

၃၉၆။ နိုင်ငံခြားအဓိကလူမွဲမှုခင်းအား အသိအမှတ်ပြုပြီးနောက် နိုင်ငံတော်အတွင်း မြီစားပိုင်ပစ္စည်းရှိမှ သာလျှင် ဤဥပဒေအရ မှုခင်းကို စတင်ဆောင်ရွက်နိုင်သည်။ လူမွဲမှုခင်းသည် နိုင်ငံတော်အတွင်းရှိသည့် မြီစားပိုင်ပစ္စည်းများအပေါ်တွင်သာ သက်ရောက်စေရမည်။ သို့ရာတွင် ဤဥပဒေအရ လူမွဲမှုခင်း အပေါ်တွင် စီမံခန့်ခွဲရမည့် မြီစားပိုင် အခြားပစ္စည်းများအပေါ်တွင် ပုဒ်မ ၃၉၃၊ ၃၉၄ နှင့် ၃၉၅ တို့အရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည့် အတိုင်းအတာထိသာ သက်ရောက်စေရမည်။

ဤဥပဒေအရ ဆောင်ရွက်သည့်လူမွဲမှုခင်းနှင့် နိုင်ငံခြားလူမွဲမှုခင်းအကြား ပူးပေါင်းဆောင်ရွက်ခြင်း

၃၉၇။ မြီစားတစ်ဦးတည်းအပေါ် ဤဥပဒေအရ လူမွဲမှုခင်းနှင့် နိုင်ငံခြားလူမွဲမှုခင်းတို့ တစ်ပြိုင်တည်း ဆောင်ရွက်နေလျှင် အောက်ပါပြဋ္ဌာန်းချက်များကို လိုက်နာလျက် တရားရုံးသည် ပုဒ်မ ၃၉၃၊ ၃၉၄ နှင့် ၃၉၅ တို့အရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်-

(က) နိုင်ငံခြားလူမွဲမှုခင်းအား အသိအမှတ်ပြုပေးရန် လျှောက်ထားသည့်အချိန်တွင် နိုင်ငံတော်အတွင်း၌ လူမွဲမှုခင်းအား စစ်ဆေးဆောင်ရွက်နေပါက-

(၁) ပုဒ်မ ၃၈၇ သို့မဟုတ် ပုဒ်မ ၃၈၉ အရ ပေးအပ်သည့် သက်သာခွင့်သည် နိုင်ငံတော်အတွင်းရှိ လူမွဲမှုခင်း နှင့် မဆန့်ကျင်စေရ၊

(၂) နိုင်ငံခြားလူမွဲမှုခင်းအား နိုင်ငံတော်အတွင်း နိုင်ငံခြားအဓိကလူမွဲမှုခင်းအဖြစ် အသိအမှတ်ပြုပါက ပုဒ်မ ၃၈၈ နှင့် သက်ဆိုင်ခြင်းမရှိစေရ။

(ခ) နိုင်ငံခြားလူမွဲမှုခင်းကို အသိအမှတ်ပြုပြီးနောက် သို့မဟုတ် အသိအမှတ်ပြုရန် လျှောက်ထားပြီးနောက် နိုင်ငံတော်အတွင်း၌ လူမွဲမှုခင်းကို စတင်စွဲဆိုလျှင်-

(၁) ပုဒ်မ ၃၈၇ သို့မဟုတ် ပုဒ်မ ၃၈၉ အရ ခွင့်ပြုခဲ့သည့်သက်သာခွင့်အား ပြန်လည်သုံးသပ်ရမည်။ ယင်း သက်သာခွင့်သည် နိုင်ငံတော်ရှိ လူမွဲမှုခင်းနှင့် ကိုက်ညီမှုမရှိလျှင် လိုအပ်သလို ပြင်ဆင်ခြင်း သို့မဟုတ် ရပ်စဲခြင်းပြုရမည်၊

(၂) နိုင်ငံခြားလူမွဲမှုခင်းသည် နိုင်ငံခြားအဓိက လူမွဲမှုခင်းဖြစ်ပြီး နိုင်ငံတော်ရှိ လူမွဲမှုခင်းနှင့် ကိုက်ညီမှု မရှိလျှင် ပုဒ်မ ၃၈၈ ပုဒ်မခွဲ (က) အရ ဆိုင်းငံ့ခြင်းနှင့် ရပ်ဆိုင်းခြင်းအား ပုဒ်မ ၃၈၈ ပုဒ်မခွဲ (ခ) နှင့်အညီ ပြောင်းလဲခြင်းနှင့် ရပ်စဲခြင်းပြုလုပ်ရမည်။

(ဂ) နိုင်ငံခြားအဓိက မဟုတ်သည့် လူမွဲမှုခင်း၏ ကိုယ်စားလှယ်အား ဤဥပဒေအရ သက်သာခွင့် ပေးခြင်း၊ ယင်းသက်သာခွင့်အား တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုရာတွင် ထိုလူမွဲမှုခင်း၌ ဤဥပဒေအရ စီမံခန့်ခွဲသင့်သော လူမွဲပိုင်ပစ္စည်းစာရင်းနှင့် ဆက်စပ်နေသည့် သက်သာခွင့်ဖြစ်ကြောင်း သို့မဟုတ် ထိုမှုခင်းတွင် လိုအပ်သည့်အချက်အလက်များကို စီမံခန့်ခွဲသင့်ကြောင်း တရားရုံးက ကျေနပ်ရမည်။

တစ်ခုထက်ပိုသော နိုင်ငံခြားလူမွဲမှုခင်းများတွင် ညှိနှိုင်းဆောင်ရွက်ခြင်း

၃၉၈။ ပုဒ်မ ၃၇၀ တွင် ပြဋ္ဌာန်းထားသည့်ကိစ္စများ၌ မြီစားတစ်ဦးတည်းအပေါ်တွင် နိုင်ငံခြားလူမွဲမှုခင်း တစ်ခုထက်ပို၍ စွဲဆိုဆောင်ရွက်လျှင် အောက်ပါပြဋ္ဌာန်းချက်များကို လိုက်နာလျက် တရားရုံးသည် ပုဒ်မ ၃၉၃၊ ၃၉၄၊ ၃၉၅ နှင့် ၃၉၆ အရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်-

(က) နိုင်ငံခြားအဓိကလူမွဲမှုခင်းကို အသိအမှတ်ပြုပြီးနောက် နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်း၏ ကိုယ်စားလှယ်ကို ပုဒ်မ ၃၈၇ သို့မဟုတ် ပုဒ်မ ၃၈၉ အရ ပေးသည့် သက်သာခွင့်သည် နိုင်ငံခြားအဓိကလူမွဲ မှုခင်းနှင့် မဆန့်ကျင်စေရ၊

(ခ) နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်းကို အသိအမှတ်ပြုပြီးနောက် သို့မဟုတ် ထိုလူမွဲမှုခင်းအား အသိအမှတ်ပြုရန် လျှောက်ထားပြီးနောက် နိုင်ငံခြားအဓိကလူမွဲမှုခင်းကို အသိအမှတ်ပြုလျှင် ပုဒ်မ ၃၈၇ သို့မဟုတ် ပုဒ်မ ၃၈၉ အရ ခွင့်ပြုခဲ့သည့် သက်သာခွင့်အား ပြန်လည်သုံးသပ်ရမည်။ ယင်းသက်သာခွင့်သည် နိုင်ငံခြားအဓိကလူမွဲမှုခင်းနှင့် ကိုက်ညီမှုမရှိလျှင် လိုအပ်သလို ပြင်ဆင်ခြင်း သို့မဟုတ် ရပ်စဲခြင်းပြုရမည်၊

(ဂ) နိုင်ငံခြားအဓိကမဟုတ်သည့် လူမွဲမှုခင်းတစ်ရပ်အား အသိအမှတ်ပြုပြီးနောက် အခြားနိုင်ငံခြား အဓိကမဟုတ်သည့် လူမွဲမှုခင်းအား ထပ်မံအသိအမှတ်ပြုခဲ့လျှင် တရားရုံးသည် ယင်းလူမွဲမှုခင်းများ၌ ညှိနှိုင်း ဆောင်ရွက်ပေးရန်အလို့ငှာ သက်သာခွင့်ပေးအပ်ခြင်း၊ ယင်းသက်သာခွင့်အား ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည်။

နိုင်ငံခြားအဓိကလူမွဲမှုခင်းအား အသိအမှတ်ပြုခြင်းကို အခြေခံ၍ ကြွေးမြီမပေးဆပ်နိုင်ဟု မှတ်ယူခြင်း

၃၉၉။ ဆန့်ကျင်ကွဲလွဲသည့် သက်သေခံအထောက်အထားမရှိပါက ဤဥပဒေအရ မှုခင်းတစ်ရပ်အား စတင်ရန်အလို့ငှာ နိုင်ငံခြားအဓိကလူမွဲမှုခင်းအား အသိအမှတ်ပြုခြင်းသည် မြီစားသည် ကြွေးမြီ မပေးဆပ်နိုင်သူဟု သက်သေထင်ရှားပြီး ဖြစ်စေရမည်။

တစ်ပြိုင်တည်းစွဲဆိုဆောင်ရွက်နေသည့် လူမွဲမှုခင်းများတွင် ငွေပေးချေခြင်းနည်းလမ်း

၄၀၀။ အာမခံထားရှိသော တောင်းခံပိုင်ခွင့်နှင့် ပစ္စည်းအပေါ် တောင်းဆိုခွင့်ကို မထိခိုက်စေဘဲ နိုင်ငံခြား တိုင်းပြည်တစ်ပြည်၏ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ မြီစားတစ်ဦးတည်းအပေါ်တွင် စွဲဆိုသည့် လူမွဲမှုခင်းမြီရှင်သည် အခြားသော ဦးစားပေးအဆင့်တူညီသည့် မြီရှင်များထက် အချိုးအစားအရ ပို၍ငွေလက်ခံရရှိပြီး ဖြစ်လျှင် ထိုမြီစားနှင့်ပတ်သက်သည့် နိုင်ငံတော်တွင် စွဲဆိုသည့် လူမွဲမှုခင်းတွင် တူညီသော တောင်းဆိုခွင့် အတွက် ထပ်မံတောင်းဆိုပိုင်ခွင့်မရှိစေရ။

အပိုင်း (၁၁) အထွေထွေပြဋ္ဌာန်းချက်များ[edit]

အခန်း (၁) စီရင်ပိုင်ခွင့်များ[edit]

တရားရုံးများ၏ စီရင်ပိုင်ခွင့်များ

၄၀၁။ ဤဥပဒေအရ စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးသည် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဖြစ်သည်။ သို့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ခရိုင်တရားရုံး တစ်ရုံးရုံးသို့ စီရင်ပိုင်ခွင့်အာဏာအပ်နှင်းနိုင်သည်။

ရဲအရေးမပိုင်သည့်အမှုများ

၄၀၂။ ဤဥပဒေပါ ရာဇဝတ်မှုအားလုံးသည် ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများဖြစ်သည်ဟု မှတ်ယူရမည်။

အယူခံမှုများနှင့် အယူခံရန်အတွက် စီရင်ပိုင်ခွင့်

၄၀၃။ (က) ဤဥပဒေအရ ချမှတ်သော တရားရုံး၏ အမိန့်တစ်ရပ်ကြောင့် နစ်နာသူသည် ထိုအမိန့်ကို လက်ခံရရှိပြီးနောက် အလုပ်လုပ်ကိုင်ရက် ၃၀ ရက်အတွင်း သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိ တရားရုံးသို့ အယူခံ ဝင်ရောက်နိုင်သည်။

(ခ) သတ်မှတ်ထားသည့်ကာလအတွင်း အယူခံတင်သွင်းရန် ပျက်ကွက်ခြင်းမှာ လုံလောက်သော အကြောင်း ရှိသည်ဟု ယုံကြည်ပါက သက်ဆိုင်ရာတရားရုံးသည် အယူခံလျှောက်လွှာအား သတ်မှတ်ထားသည့်ကာလ ကျော်လွန်၍ တင်သွင်းခြင်းကို လက်ခံနိုင်သည်။ သို့ရာတွင် ထပ်မံခွင့်ပြုသောကာလသည် နောက်ထပ် အလုပ်လုပ်ကိုင်ရက် ၃၀ ရက်ထက်ကျော်လွန်ခြင်းမရှိစေရ။

အခန်း (၂)မှုခင်းများဆောင်ရွက်ခြင်း[edit]

အချို့သောမှုခင်းကိစ္စများတွင် တရားရုံးက သက်သာခွင့်ပေးအပ်နိုင်သည့် အခွင့်အာဏာ

၄၀၄။ (က) ဤဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှုများ၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦး အပေါ် ဆောင်ရွက်ပေးရမည့် တာဝန်ကို ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုများ အတွက် စွဲဆိုဆောင်ရွက်သည့်မှုခင်းကိစ္စရပ်များတွင် အဆိုပါကိစ္စရပ်များကို ကြားနာသည့်တရားရုံး၌ ထိုပုဂ္ဂိုလ်သည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုများအတွက် တာဝန်ရှိကြောင်း သို့မဟုတ် တာဝန်ရှိ နိုင်ကြောင်း၊ သို့သော် ၎င်းအား ခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်အပါအဝင် မှုခင်းကိစ္စရပ်အားလုံး တွင် သဘောရိုးဖြင့် လျော်ကန်သင့်မြတ်သည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှု၊ ဆောင်ရွက်ပေးရမည့် တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုများအတွက် ၎င်းအပေါ်တွင် မျှတစွာ စီရင်ဆောင်ရွက် သင့်ကြောင်း တွေ့ရှိရလျှင် ယင်း တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုပုဂ္ဂိုလ်အား၎င်း၏ တာဝန်ရှိမှုမှ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သက်သာခွင့်ပြုနိုင်သည်။

(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေအရ တာဝန်ရှိမှု တစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုများအတွက် ၎င်းအပေါ်တွင် မှုခင်းတစ်ရပ်ရပ်ကို စွဲဆိုမည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် ထိုသူသည် သက်သာခွင့်ကို ရရှိရန်အတွက် တရားရုံးသို့ တင်ပြတောင်းခံနိုင်သည်။ အဆိုပါလျှောက်ထားမှုကို လက်ခံရရှိသည့်အခါ တရားရုံးသည် အကယ်၍ ထိုပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန် အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုများအတွက် ထိုသူအပေါ် စွဲဆိုမှုများတွင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ သက်သာခွင့်ကို ခွင့်ပြုနိုင်သည်။

(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) ကုမ္ပဏီ၏ ဒါရိုက်တာများ၊

(၂) ကုမ္ပဏီ၏ အခြားအရာရှိများ၊

(၃) လူမွဲ၊

(၄) ကုမ္ပဏီ သို့မဟုတ် လူမွဲပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ခန့်ထားသော ပစ္စည်းထိန်းတစ်ဦးဦး၊

(၅) ဤဥပဒေအရ တာဝန်များကို ထမ်းဆောင်ရန် ခန့်အပ်ထားသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဦး။

တရားစွဲဆိုရန်အတွက် ကာလစည်းကမ်းသတ်အချိန်

၄၀၅။ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေအရ ကျူးလွန်သည့် အမှုများကို ကျူးလွန်သည်ဟု စွပ်စွဲခံရသော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု စတင်သည့်နေ့မှ ခြောက်နှစ် အတွင်း တရားစွဲဆိုရမည်။

ဒဏ်ကြေးငွေပေးဆောင်စေရန် အကြောင်းကြားစာ

၄၀၆။ (က) ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ကျူးလွန်မှုတစ်ရပ်ရပ်အတွက် ဒဏ်ကြေးငွေကို အတိအလင်းသတ်မှတ်ဖော်ပြထားပြီး ထိုကျူးလွန်မှုတစ်ရပ် တစ်နည်းအားဖြင့် နောင်တွင် ဤပုဒ်မ၌ သတ်မှတ်ဖော်ပြထားသော ကျူးလွန်မှုဟုခေါ်တွင်မည့် ကျူးလွန်မှုတစ်ရပ်ကို လူပုဂ္ဂိုလ်တစ်ဦးဦးက ကျူးလွန်ခဲ့သည်ဟု မှတ်ပုံတင်အရာရှိက ယုံကြည်ရန် အကြောင်းရှိလျှင် ၎င်းသည် ကျူးလွန်သူအား အောက်ပါအချက်အလက်များပါဝင်သော အကြောင်းကြားစာကို သတ်မှတ်ထားသည့်ပုံစံနှင့်အညီ ပေးပို့နိုင် သည်-

(၁) သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုနှင့် သက်ဆိုင်သော အချက်အလက်များနှင့်တကွ စွပ်စွဲ ဖော်ပြချက်၊

(၂) သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိက ဆုံးဖြတ်သတ်မှတ်သည့် ဒဏ်ကြေးငွေပမာဏ ဖော်ပြချက်၊

(၃) ထိုဒဏ်ကြေးငွေကို ၂၁ ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြချက်၊

(၄) နည်းဥပဒေများအရ သတ်မှတ်ထားသည့် အခြားအချက်အလက်များ။

(ခ) ပုဒ်မခွဲ (က) သည် မှတ်ပုံတင်အရာရှိအား အောက်ပါတို့ကို ဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းသည် ဟု မှတ်ယူခြင်းမရှိစေရ-

(၁) ကျူးလွန်သူထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာ တစ်စောင်ထက်ပိုမို၍ ပေးပို့ခြင်း၊

(၂) ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုအတွက် ပုဂ္ဂိုလ် တစ်ဦးဦးအပေါ် တရားစွဲဆိုဆောင်ရွက်နိုင်ခြင်းမရှိလျှင် ထိုကျူးလွန်မှုနှင့်စပ်လျဉ်း၍ ကျူးလွန်သူထံ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာပေးပို့ခြင်း။

(ဂ) ပုဒ်မခွဲ (က) အရ အကြောင်းကြားစာကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ် နည်းလမ်းဖြင့်ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးထံ ပေးပို့နိုင်သည်။

(ဃ) ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရ သည့် ပုဂ္ဂိုလ်တစ်ဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာ တစ်စောင်ပေးပို့ပြီးနောက်-

(၁) ထိုသူသည် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် ကာလအတွင်း ဖော်ပြထားသော ဒဏ်ကြေးငွေကို မှတ်ပုံတင်အရာရှိထံ ပေးသွင်းခဲ့သည့်အပြင် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်း အရာတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါက ထိုသူအပေါ်၌ ထိုသတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုအတွက် တရားစွဲဆိုခြင်းမပြုရ၊

(၂) ကျူးလွန်သူသည် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် ကာလအတွင်း ဖော်ပြထားသော ဒဏ်ကြေးငွေကို မှတ်ပုံတင်အရာရှိထံ ပေးသွင်းခဲ့သော်လည်း ထိုပြုလုပ်မှု သို့မဟုတ် အကြောင်းအရာ တစ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် ထိုသူအပေါ်၌ သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုအတွက် တရားစွဲဆိုခြင်း မပြုရ။ သို့ရာတွင် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်သည် ဆက်လက်တည်ရှိစေရမည်၊

(၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည်အထိ ကျူးလွန်သူသည် ဖော်ပြ ထားသော ဒဏ်ကြေးငွေကို မှတ်ပုံတင်အရာရှိထံ ပေးသွင်းခဲ့ခြင်းမရှိလျှင် ထိုသူက အကြောင်းကြားစာရရှိ ပြီးနောက်မှ ထိုပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ရပ်ကို ဆောင်ရွက်ခဲ့စေကာမူ ထိုစွပ်စွဲဖော်ပြထားသော ကျူးလွန်မှုနှင့်စပ်လျဉ်း၍ ထိုသူအပေါ်တွင် တရားစွဲဆိုခြင်း ပြုနိုင်သည်။

(င) ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းနှင့်မသက်ဆိုင်သည့် သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင်ပေးပို့ပြီးနောက်-

(၁) ကျူးလွန်သူသည် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ဖော်ပြထားသော ဒဏ်ကြေးငွေကို မှတ်ပုံတင်အရာရှိထံ ပေးသွင်းလျှင် သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းမပြုရ၊

(၂) ကျူးလွန်သူသည် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည်အထိ ဖော်ပြ ထားသော ဒဏ်ကြေးငွေကို မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းခဲ့ခြင်းမရှိလျှင် သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်သည်။

(စ) ပုဒ်မခွဲ (က) အရ အကြောင်းကြားစာအား တစ်စုံတစ်ဦးထံသို့ ချအပ်ခဲ့ပြီးနောက် ၎င်းမှ ထို အကြောင်းကြားစာပါ သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း သို့မဟုတ် အကြောင်းကြားစာပါ ဒဏ်ကြေးငွေအား ပေးဆောင်ရန်တာဝန်မရှိကြောင်း ငြင်းဆိုသည့်ကိစ္စတွင် ဤပုဒ်မပါ မည်သည့်အချက်ကမှ ထိုပုဂ္ဂိုလ်အပေါ် အကျိုးဆက်အားဖြင့် မှတ်ပုံတင်အရာရှိက စွဲဆိုနိုင်သော တရားမမှု သို့မဟုတ် ရာဇဝတ်မှုတစ်ရပ်ရပ်တွင် ခုခံချေပခွင့်ကို တားမြစ်ခြင်း သို့မဟုတ် ပုဒ်မ ၄၀၄၊ ၄၁၄ နှင့် ၄၁၅ တို့အရ ထိုသူမှ ရရှိနိုင်ဖွယ်ရှိသော ရပိုင်ခွင့်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်များ တောင်းဆိုခြင်းကို တားမြစ်ခြင်း မရှိစေရ။

(ဆ) သတ်မှတ်ဖော်ပြထားသည့် ကျူးလွန်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့ခဲ့သော အကြောင်းကြားစာပါ ဒဏ်ကြေးငွေကို ထိုသူက ပေးချေခဲ့သည်ဆိုသော အချက်သည် ယင်း သတ်မှတ်ဖော်ပြထားသည့်ကျူးလွန်မှုကို ကျူးလွန်ကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ထိုသူ၏ဝန်ခံချက် တစ်ရပ်အဖြစ် မှတ်ယူခြင်းမရှိစေရ။

(ဇ) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) နှင့် ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၁) တို့တွင် သတ်မှတ်ဖော်ပြထား သည့် ကျူးလွန်မှုမှအပ ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် တရားစွဲဆိုဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက် ခြင်းအား ထိခိုက်စေခြင်းမရှိစေရ။

အခန်း (၃) မြွက်ဟကြေညာခြင်းများ၊ အမိန့်များနှင့် တားဝရမ်းများ[edit]

ဤအခန်းနှင့် သက်ဆိုင်ခြင်း

၄၀၇။ ဤဥပဒေတွင် သတ်မှတ်ဖော်ပြထားသော ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းနှင့်စပ်လျဉ်း၍ အခွင့်အာဏာရှိသည့် မှတ်ပုံတင်အရာရှိထံ တရားမ ကြောင်းအရ အရေးယူဆောင်ရွက်ရန် လွှဲပြောင်းပေးသည့်ကိစ္စတွင် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

တာဝန်များနှင့်စပ်လျဉ်း၍ ဆန့်ကျင်ဆောင်ရွက်မှုများကို မြွက်ဟကြေညာခြင်း

၄၀၈။ (က) တစ်ဦးတစ်ယောက်သည် ဤဥပဒေ၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက် ကြောင်း ယုံကြည်လက်ခံနိုင်သော အကြောင်းရင်းများရှိသည်ဟု ကျေနပ်လျှင် တရားရုံးသည် ဤပုဒ်မ အရ ဆန့်ကျင်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း မြွက်ဟကြေညာသည့်အမိန့်တစ်ရပ် ချမှတ်ပြီးနောက် အောက်ပါအမိန့်တစ်ရပ်ရပ်ကိုချမှတ်နိုင်သည်-

(၁) ပုဒ်မ ၄၀၉ အရ မှတ်ပုံတင်အရာရှိအား လျော်ကြေးပေးဆောင်စေရန်အမိန့်၊

(၂) ပုဒ်မ ၄၁၀ အရ နစ်နာသူအား လျော်ကြေးပေးစေရန်အမိန့်။

(ခ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ချမှတ်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင် သည်။

(ဂ) မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (ခ)အရ လျှောက်ထားခဲ့ခြင်းမရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ်လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူသည် နစ်နာသည့်ကုမ္ပဏီနှင့် ယင်းတွင်ပါဝင် သူများနှင့် မြီရှင်များအတွက် လျော်ကြေးတစ်ရပ်ပေးစေရန် လျှောက်ထားတောင်းဆိုနိုင်သည်။

(ဃ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ရပ်ချမှတ်ပေးနိုင်ရန်အတွက် တရားစွဲဆိုမှုကို ထိုဆန့်ကျင် ဆောင်ရွက်မှုပြုလုပ်သည့်နေ့မှ ခြောက်နှစ်ထက်မပိုသောကာလအတွင်း စတင်ဆောင်ရွက်ရမည်။

မှတ်ပုံတင်အရာရှိသို့ လျော်ကြေးပေးဆောင်စေရန်အမိန့်

၄၀၉။ (က) မှတ်ပုံတင်အရာရှိ၏ လျှောက်ထားချက်အရ အောက်ပါအခြေအနေများတွင် တရားရုံးသည် လူပုဂ္ဂိုလ်တစ်ဦးအား ကျပ်သိန်းတစ်ရာအထိ လျော်ကြေးငွေ ပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည်-

(၁) ထိုသူ၏ပြုလုပ်မှုသည် ပုဒ်မ ၄၀၈ အရ ဆန့်ကျင်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း မြွက်ဟ ကြေညာသည့် အမိန့်တစ်ရပ်ချမှတ်ခဲ့သည့်အပြင်၊

(၂) ထိုသူ၏ပြုလုပ်မှုသည် ကုမ္ပဏီနှင့် ယင်းတွင်ပါဝင်သူများနှင့် မြီရှင်များ၏အကျိုးစီးပွားကို အကြီးအကျယ်ထိခိုက်နစ်နာစေခဲ့လျှင်။

(ခ) ထိုလျော်ကြေးငွေသည် ပြည်ထောင်စု၏ကိုယ်စား မှတ်ပုံတင်အရာရှိသို့ ပေးရမည့်တရားမကြွေးမြီ ဖြစ်သည်။ အဆိုပါလျော်ကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်လျှင် ဝင်ငွေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ မှတ်ပုံတင်အရာရှိက အရကောက်ခံရမည်။

နစ်နာသူသို့ လျော်ကြေးပေးဆောင်စေရန်အမိန့်

၄၁၀။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လျှောက်ထားချက်အရ အောက်ပါအခြေအနေ များတွင် ကုမ္ပဏီ၏ နစ်နာမှုများအတွက် တရားရုံးသည် လူပုဂ္ဂိုလ်တစ်ဦးအား ကုမ္ပဏီသို့ လျော်ကြေး ပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည်-

(၁) ထိုသူ၏ပြုလုပ်မှုသည် ပုဒ်မ ၄၀၈ အရ ဆန့်ကျင်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ကြောင်း မြွက်ဟ ကြေညာသည့် အမိန့်တစ်ရပ် ချမှတ်ခဲ့သည့်အပြင်၊

(၂) ထိုသူ၏ပြုလုပ်မှုကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်စေခဲ့လျှင်။

(ခ) အမိန့်တွင် ပေးရမည့်လျော်ကြေးငွေပမာဏကို သတ်မှတ်ဖော်ပြရမည်။

(ဂ) လျော်ကြေးငွေပေးစေရန်အမိန့်တစ်ရပ် ချမှတ်နိုင်ရေးအတွက် ကုမ္ပဏီမှ ထိခိုက်နစ်နာခဲ့သည် များကို စဉ်းစားဆုံးဖြတ်ရာတွင် တရားရုံးသည် ထိုကျူးလွန်မှု သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်မှုမှ ထိုသူကရရှိသော အကျိုးအမြတ်များကို ထည့်သွင်းစဉ်းစားနိုင်သည်။

(ဃ) လျော်ကြေးပေးစေရန်အမိန့်ကို တရားရုံးမှချမှတ်သော ငွေဒီကရီတစ်ရပ်ကဲ့သို့ အတည်ပြု ဆောင်ရွက်နိုင်သည်။

တားဝရမ်း ထုတ်ဆင့်နိုင်သည့် အခွင့်အာဏာ

၄၁၁။ (က) တစ်ဦးတစ်ယောက်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့လျှင် သို့မဟုတ် ကျူးလွန်နေသည့် သို့မဟုတ် ကျူးလွန်မည့်အပြုအမူတစ်ရပ်ရပ်ကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် ပြုလုပ် နေလျှင် သို့မဟုတ် ပြုလုပ်မည့်အခြေအနေရှိလျှင် ဤဥပဒေအရ ခန့်ထားသော ယုံမှတ်အပ်နှံခြင်း ခံရသူကဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ ယာယီစာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ ပြန်လည်ထူထောင်ရေးမန်နေဂျာကဖြစ်စေ၊ ပြန်လည်ထူထောင်ရေးအကြံပေးက ဖြစ်စေ လျှောက်ထားလာပါက တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ ထိုပုဂ္ဂိုလ်အပေါ် ယင်းအပြုအမူများဆောင်ရွက်ခြင်းမှ တားမြစ်သည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့် အပြင် တရားရုံးက ဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း ထိုသူကို ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်စေရန် အမိန့်ချမှတ်နိုင်သည်-

(၁) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊

(၂) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန် အားထုတ်ခြင်း၊

(၃) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို တမင်ကူပံ့ခြင်း၊ အားပေး ကူညီခြင်း၊ အကြံပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊

(၄) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်၍ဖြစ်စေ၊ ကတိပြု၍ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ သွေးဆောင်ခြင်း သို့မဟုတ် အားထုတ်ခြင်း၊

(၅) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရာတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပါဝင်ပတ်သက်ခဲ့ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊

(၆) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် အခြားသူများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း။

(ခ) တစ်ဦးတစ်ယောက်သည် ဤဥပဒေအရ ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ကို ဆောင်ရွက်ရန်ငြင်းဆိုခဲ့လျှင် သို့မဟုတ် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊ ငြင်းဆိုနေလျှင် သို့မဟုတ် ပျက်ကွက် နေလျှင်ဖြစ်စေ၊ ငြင်းဆိုမည့် သို့မဟုတ် ပျက်ကွက်မည့် အခြေအနေရှိလျှင်ဖြစ်စေ တရားရုံးသည် ဤဥပဒေအရ ခန့်ထားသော ယုံမှတ်အပ်နှံခြင်းခံရသူ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယာယီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ပြန်လည်ထူထောင်ရေးမန်နေဂျာ သို့မဟုတ် ပြန်လည်ထူထောင်ရေးအကြံပေးတစ်ဦးဦး၏ လျှောက်ထားချက်အရ သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုသူအား အဆိုပါပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်စေရန် ညွှန်ကြားနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ တားဝရမ်းထုတ်ဆင့်ပေးရန် လျှောက်ထားခဲ့ပြီး အမှုသည်များ အားလုံးက တားဝရမ်းထုတ်ဆင့်ပေးရန် စာဖြင့်တင်ပြလာလျှင် တရားရုံးသည် ယင်းပုဒ်မခွဲများနှင့် သက်ဆိုင်ကြောင်း ကျေနပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တားဝရမ်းထုတ်ဆင့်သည့်အမိန့် ချမှတ်ရမည်။

(ဃ) တရားရုံးသည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ)အရ ချမှတ်ထားသည့်အမိန့် တစ်ရပ်ရပ်ကို ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည်။

(င) ဤပုဒ်မအရ အမိန့်တစ်ရပ်ချမှတ်ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားလာ သည့်အခါ တရားရုံးသည် ထိုတားမြစ်မိန့်ချမှတ်ခြင်းကြောင့် နစ်နာမှုရှိခဲ့လျှင် နစ်နာကြေးပေးရန်အတွက် လျှောက်ထားသူ သို့မဟုတ် အခြားသူတစ်ဦးအား အာမခံချက်တစ်ရပ်တင်သွင်းရန် အမိန့်ချမှတ် နိုင်သည်။

(စ) တစ်ဦးတစ်ယောက်အား တစ်စုံတစ်ရာသော အပြုအမူတစ်ရပ်ကို ဆောင်ရွက်ခြင်းမှ တားမြစ်သည့် အမိန့် သို့မဟုတ် တစ်စုံတစ်ရာသော ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်စေရန် ညွှန်ကြားသည့်အမိန့်တစ်ရပ်ရပ်ကို ဤပုဒ်မအရ တရားရုံးကချမှတ်နိုင်သည့်ကိစ္စတွင် တားဝရမ်း ထုတ်ဆင့်ခြင်းအတွက် နစ်နာသူတစ်ဦးတစ်ယောက်သို့ ဝရမ်းထုတ်ဆင့်ခြင်းခံရသူမှ နစ်နာကြေး ပေးစေရန် အမိန့်ချမှတ်နိုင်သည်။ နစ်နာကြေးကို တွက်ချက်ရာတွင် အမှန်တကယ် ဆုံးရှုံးမှုအပြင် နစ်နာကြေးပါ ချမှတ်နိုင်သည်။

တရားရုံး၏ အခြားအာဏာများအပေါ် ကန့်သတ်မှုမရှိခြင်း

၄၁၂။ ဤအခန်းတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ တရားရုံးက ရရှိသည့် ဤဥပဒေပါအခြားသော အခွင့်အာဏာများကို ထိခိုက်စေခြင်းမရှိစေရ။

အခန်း (၄) ကျူးလွန်မှုများနှင့် ခုခံချေပချက်များ[edit]

ကျူးလွန်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ

၄၁၃။ (က) ကုမ္ပဏီအပါအဝင် တစ်ဦးတစ်ယောက်သည် အောက်ပါကိစ္စရပ်တစ်ရပ်ရပ်ကို ကျူးလွန်ခဲ့ပြီး ဤဥပဒေတွင် အခြားနည်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ထိုသူသည် ဤပုဒ်မခွဲအရ ပြစ်မှုကိုကျူးလွန်ရာ ရောက်သည်-

(၁) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ‌ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသည့် ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း၊

(၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ရန် လိုအပ်သည့် သို့မဟုတ် ညွှန်ကြား ထားသည့် ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်မှုမပြုခြင်း၊

(၃) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို အခြားနည်းတစ်ရပ်ရပ်ဖြင့် ဆန့်ကျင်ဆောင်ရွက်ခြင်း။

(ခ) ကုမ္ပဏီအပါအဝင် တစ်ဦးတစ်ယောက်သည် ပုဒ်မခွဲ (က) ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် တရားရုံးသည် ထိုသူအား အနည်းဆုံးကျပ် ငါး သိန်းမှ အများဆုံးကျပ် ၁၀ သိန်း အထိ ငွေဒဏ် ချမှတ်ရမည်။

ခုခံချေပခြင်းနှင့် သက်သာခွင့်
ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် အရာရှိက ခုခံချေပခြင်း

၄၁၄။ (က) ပုဒ်မ ၄၀၄ ပါ ပြဋ္ဌာန်းချက်ကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ကုမ္ပဏီဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအချက်များကို သက်သေထင်ရှားတင်ပြနိုင်လျှင် ထိုသူက ဤဥပဒေအရ ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်နှင့်စပ်လျဉ်း၍ စွဲဆိုခံရသည့် ဒါရိုက်တာ သို့မဟုတ် အရာရှိအတွက် ခုခံချေပချက် တစ်ရပ်ဖြစ်စေရမည်-

(၁) ထိုဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များကို ကျိုးကြောင်းဆီလျော်စွာနှင့် သင့်လျော်စွာလိုက်နာခဲ့ခြင်း၊

(၂) ထိုဒါရိုက်တာ သို့မဟုတ် အရာရှိအနေဖြင့် သင့်လျော်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရန် မျှော်မှန်း နိုင်ခြင်းမရှိသည့် အခြေအနေများရှိခဲ့ခြင်း။

(ခ) ပုဒ်မ ၄၀၄ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိမှ အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီက ဤဥပဒေအရ ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်နှင့်စပ်လျဉ်း၍ စွဲဆိုခံရသည့် ဒါရိုက်တာ သို့မဟုတ် အရာရှိအတွက် ခုခံချေပချက်တစ်ရပ် ဖြစ်စေရမည်-

(၁) ကုမ္ပဏီသည် ကျိုးကြောင်းဆီလျော်၍ သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ခြင်း သို့မဟုတ်

(၂) ကုမ္ပဏီက ဆောင်ရွက်ရမည့် ကျိုးကြောင်းဆီလျော်၍ သင့်လျော်သည့် ကိစ္စရပ်များအားလုံးကို ဒါရိုက်တာ သို့မဟုတ် အရာရှိက လိုက်နာဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း သို့မဟုတ်

(၃) ကုမ္ပဏီက သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်ရန် ဒါရိုက်တာ သို့မဟုတ် အရာရှိအနေဖြင့် မျှော်မှန်းနိုင်ခြင်းမရှိသည့်အခြေအနေများ ရှိခဲ့ခြင်း။

ဆန့်ကျင်ဆောင်ရွက်ကြောင်း မြွက်ဟကြေညာမှုတွင် တာဝန်ရှိမှုများမှ ကင်းလွတ်ခွင့်ပြုခြင်း

၄၁၅။ (က) ပုဒ်မ ၄၀၄ ပါ ပြဋ္ဌာန်းချက်ကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ဤအပိုင်းပါပြဋ္ဌာန်းချက်များ အရ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆိုစစ်ဆေးမှုများအား ဆောင်ရွက်ခြင်းနှင့် ထိုစွဲဆိုမှုများကို စစ်ဆေး ကြားနာခြင်းပြုရာတွင် ထိုသူသည် ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက် ခဲ့ကြောင်း သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်ခဲ့သည့် အနေအထားရှိနိုင်ကြောင်း တရားရုံးက တွေ့ရှိရ သော်လည်း အောက်ပါအခြေအနေများဖြစ်ပေါ်ပါက ထိုဆန့်ကျင်ဆောင်ရွက်မှုအတွက်ကြောင့် ထိုသူနှင့် သက်ဆိုင်မည့် သို့မဟုတ် အခြားနည်းဖြင့် တာဝန်ရှိနိုင်မည့် တာဝန်ရှိမှုတစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထိုသူအား ကင်းလွတ်ခွင့်ပြုနိုင်သည်-

(၁) ထိုသူသည် သဘောရိုးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း၊

(၂) သက်ဆိုင်သည့်ကိစ္စရပ်များတွင် ကုမ္ပဏီတစ်ခု၏ အရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးအဖြစ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် အမှု၏ ပတ်ဝန်းကျင်အကြောင်းခြင်းရာများကို ထည့်သွင်းစဉ်းစား၍၎င်း၏ဆန့်ကျင်ဆောင်ရွက်မှုအတွက်ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ပေါ်ပေါက်ခြင်း။

(ခ) တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၎င်းအပေါ်တွင် ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအရ တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်မည်ဟု ထင်မြင်ယူဆလျှင် ထိုသူသည် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော သက်သာခွင့်ရရှိရေးအတွက် တရားရုံးသို့ လျှောက်ထားနိုင်သည်။

(ဂ) ပုဒ်မခွဲ (ခ) အရ တင်ပြလျှောက်ထားလာလျှင် တရားရုံးသည် တရားစွဲဆိုဆောင်ရွက်မှုကို ၎င်း၏ရုံးတွင် စတင်စွဲဆိုဘိသကဲ့သို့ မှတ်ယူ၍ ပုဒ်မခွဲ (က) အရ သက်သာခွင့်ကို ပေးအပ်နိုင်သည်။

(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်သာခွင့်ပေးအပ်နိုင်သည့် တရားရုံး၏ အခြားသောအခွင့် အာဏာများကို ကန့်သတ်တားမြစ်ခြင်းမရှိစေရ။

အခန်း (၅) အထွေထွေ[edit]

နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် လမ်းညွှန်ချက်များ

၄၁၆။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဤဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ ပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ပြန်တမ်းတွင် ကြေညာရမည်။

စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် အထူးတရားရုံးများ တည်ထောင်ရန်အာဏာ

၄၁၇။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဤဥပဒေကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သင့်တော်သောတရားရုံးများအား လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကို ကြီးကြပ်ခြင်းနှင့်စပ်လျဉ်းသည့် လျှောက်ထားမှုများနှင့် ပြန်လည်ထူထောင်ခြင်းနှင့် လူမွဲခံယူခြင်းဆိုင်ရာ အမှုများစစ်ဆေးစီရင်ရန် အထူးစီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းခြင်း၊ ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အထူးတရားရုံး တည်ထောင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

ဤဥပဒေနှင့် သက်ဆိုင်စေခြင်း

၄၁၈။ (က) ဤဥပဒေစတင်အာဏာတည်သည်နှင့်တစ်ပြိုင်နက် ကုမ္ပဏီများ၊ ကုမ္ပဏီအဖြစ် မှတ်ပုံတင် ထားသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် အစုစပ်လုပ်ငန်းများ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအပါအဝင် လူမွဲခံယူခြင်းများနှင့် တစ်သီးပုဂ္ဂလနှင့် မှတ်ပုံတင်ထားခြင်း မရှိသော မိုက်ခရို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ လူမွဲခံယူခြင်းများနှင့်စပ်လျဉ်း၍ အခြားတည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေအရသာလျှင် ဆောင်ရွက်ရမည်။

(ခ) ဤဥပဒေသည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရ။

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ဆောင်ရွက်ဆဲအမှုများကို ဆက်လက်ဆောင်ရွက်စေခြင်း

၄၁၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေအာဏာတည်သည့် နေ့ရက်မတိုင်မီက ဆောင်ရွက် နေသော ကုမ္ပဏီများစာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အစုစပ်လုပ်ငန်းများ ဖျက်သိမ်းခြင်း၊ တစ်သီးပုဂ္ဂလ လူမွဲခံယူခြင်းတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ။ ယင်းကုမ္ပဏီများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အစုစပ် လုပ်ငန်းများ ဖျက်သိမ်းခြင်းနှင့် တစ်သီးပုဂ္ဂလလူမွဲခံယူခြင်းတို့ကို ဆောင်ရွက်ရာတွင် ယခင်ဥပဒေများ နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

စာချုပ်စာတမ်းများနှင့် စာရွက်စာတမ်းများကို ဆက်လက်အကျိုးသက်ရောက်စေခြင်း

၄၂၀။ ဤဥပဒေစတင်အာဏာတည်သည့်နေ့ရက် မတိုင်မီက ပြုလုပ်ထားသော လွှဲပြောင်းရေးဆိုင်ရာ စာချုပ်စာတမ်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများသည် ယခင်အတိုင်း အကျိုးသက်ရောက် စေရမည်။

ဆောင်ရွက်ဆဲလျှောက်လွှာများ

၄၂၁။ (က) ယခင်ဥပဒေအရ ပြုလုပ်ခဲ့သော ကုမ္ပဏီ သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ရပ်ရပ်အား ဖျက်သိမ်းရန် လျှောက်ထားမှုတစ်ရပ်ရပ်ကို ဤဥပဒေစတင်အာဏာတည်သည့်နေ့အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပြင် လျှောက်ထားသူက ရုပ်သိမ်းခြင်းမပြုပါက ယင်းလျှောက်လွှာ ကို ဤဥပဒေအရ လျှောက်ထားခဲ့သော လျှောက်ထားမှုတစ်ရပ်အဖြစ် မှတ်ယူရမည်။

(ခ) ပုဒ်မခွဲ (က) တွင်ပါရှိသော လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဤဥပဒေအရ သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် လျှောက်ထားသူသည် မိမိ၏လျှောက်လွှာကို ပြင်ဆင်ရန် လျှောက်ထားနိုင်သည်။

ယခင်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ထားမှုများသည် ဆက်လက်အကျိုးသက်ရောက်မှု ရှိခြင်း

၄၂၂။ ဤအခန်းပါ အခြားသောပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ အောက်ပါ ကိစ္စရပ်များသည် ဤဥပဒေစတင်အာဏာတည်ပြီးနောက် ဆက်လက်အကျိုးသက်ရောက်စေရမည် သို့မဟုတ် သက်ဆိုင်စေရမည်-

(က) ဤဥပဒေ စတင်အာဏာတည်ခြင်းမရှိမီက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် တူညီသော ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သို့မဟုတ် ထိုပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင်ရွက် ခဲ့ခြင်း၊

(ခ) ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ဆက်လက်ဆောင်ရွက်နေခြင်း။

ရရှိထားသော အခွင့်အရေးများကို ဆက်လက်ခံစားခွင့်ရှိခြင်း

၄၂၃။ ဤအခန်းပါ အခြားသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ဤဥပဒေစတင် အာဏာတည်ခြင်းမရှိမီက တရားရုံး၏အမိန့်အရ ရရှိသည့်ကိစ္စရပ်မှအပ တစ်ဦးတစ်ယောက်က ဤဥပဒေ အရရရှိသည့် အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှုသည် ဤဥပဒေပါ တူညီသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ရရှိသည့် အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှု ဖြစ်သည်ဟု မှတ်ယူရမည်။

ပြဋ္ဌာန်းချက် သို့မဟုတ် စကားရပ်များကို ဆက်လက်အကျိုးသက်ရောက်စေခြင်း

၄၂၄။ ယခင်ဥပဒေများအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်သည်။

မူလဥပဒေများကို ပြန်လည်ရုပ်သိမ်းခြင်း

၄၂၅။ The Yangon Insolvency Act. (INDIA Act III, 1909) နှင့် The Myanmar Insolvency Act. (INDIA Act V, 1920) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်