လာလုဒါယိတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မလဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၄။ လာလုဒါယိတ္ထေရဝတ္ထု
325137ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး မလဝဂ် — ၄။ လာလုဒါယိတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၄။ လာဠုဒါယီမထေရ်ဝတ္ထု

အသဇ္ဈာယမလာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားမဟောတတ်ဘဲ ဝါကြွားမိခြင်း

သာဝတ္ထိပြည်၌ ငါးကုဋေမျှ အတိုင်းအရှည်ရှိသော အရိယာသာဝကဖြစ်သော လူတို့သည် နေကြကုန်သတတ်။ နှစ်ကုဋေမျှ အတိုင်းအရှည်ရှိသော ပုထုဇဉ်တို့လည်း နေကြကုန်သည်သာတည်း။ ထိုလူတို့တွင် မဂ်ဖိုလ်ကို ရပြီးကုန်သော အရိယာသာဝကတို့သည် နံနက်အခါ အလှူကို ပေးလှူ၍ နေလွဲသောအခါ ထောပတ်, ဆီ, ပျား, တင်လဲ, သင်္ကန်းလျာပုဆိုး စသည်တို့ကို ယူလျက် ကျောင်းတော်သို့ သွား၍ တရားစကားကို ကြားနာကြကုန်၏။ တရားနာပြီး၍ ပြန်သွားသောအခါ၌လည်း ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုကြကုန်၏။ ဥဒါယီမထေရ်သည် ထိုသူတို့၏ စကားကို ကြားလျှင် „သင်တို့သည် ရှေးဦးစွာ ဤရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့၏ တရားကို နာရ၍ ဤသို့ ပြောဆိုကြကုန်သေး၏။ ငါ၏ တရားစကားကို နာရလျှင် အဘယ့်ကြောင့် မပြောဆိုဘဲ နေနိုင်ကြကုန်လတ္တံ့နည်း”ဟု ပြောဆို၏။ လူတို့သည် ထိုဥဒါယီမထေရ်၏ စကားကို ကြားရလျှင် “ဤမထေရ်သည် တရားဟောသော ဓမ္မကထိက ပုဂ္ဂိုလ်တစ်ပါး ဖြစ်တော်မူလတ္တံ့”ဟု မှတ်ထင်၍ “ဤမထေရ်မြတ်၏ အထံတော်၌ ငါတို့သည် တရားစကား နာကြားခြင်းငှာ သင့်၏”ဟု နှလုံးပြု၍ ထိုလူတို့သည် တစ်နေ့သ၌ ဥဒါယီမထေရ်ကို တောင်းပန်ပြီးလျှင် “အရှင်ဘုရား- ယနေ့ တပည့်တော်တို့၏ တရားနာအံ့သောနေ့ ဖြစ်ပါသည်ဘုရား၊ ထို့ကြောင့် အရှင်ဘုရား- သံဃာအား အလှူကို ပေးပြီးနောက် အရှင်ဘုရားတို့သည် တပည့်တော်တို့အား နေ့အခါ တရားဟောတော်မူကြပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ထိုဥဒါယီ မထေရ်သည်လည်း ထိုသူတို့အား သည်းခံတော်မူလိုက်လေ၏။

အကြွားလွန်၍ မစင်တွင်း လိမ့်ကျခြင်း

လူတို့တရားနာအံ့သောအခါ၌ လာရောက်ကြပြီးလျှင် “အရှင်ဘုရား- တပည့်တော်တို့အား တရားဟောတော်မူကြပါဘုရား”ဟု လျှောက်လတ်သည်ရှိသော် ဥဒါယီမထေရ်သည် တရားဟောနေရာ၌ နေထိုင်တော်မူသဖြင့် ဆန်းကြယ်သောယပ်ကို ကိုင်ပြီးလျှင် တုန်တုန်လှုပ်လှုပ်ဖြစ်လျက် တစ်ပုဒ်တစ်ပါဒ တစ်ပိုဒ်မျှသော တရားကိုလည်း ဟောစရာ မမြင်ခြင်းကြောင့် “ငါကား ပါဠိကိုသာ အသံဖြင့် ထင်ရှားအောင် ဖောင်ဖောင်ရွတ်ဆို၍ ဟောပြောအပ်သော သရဘညဝတ်ကို ရွတ်ဆိုပေအံ့”ဟု ဆိုပြီးလျှင် “တစ်ပါးသော ဓမ္မကထိကပုဂ္ဂိုလ်သည် တရားစကားကို ဟောကြားပါစေဦးလော့”ဟု ဆို၍ သက်ဆင်းတော်မူလေ၏။ ထိုလူတို့သည် တစ်ပါးသော ဓမ္မကထိကပုဂ္ဂိုလ်ကို တရားစကားကို ဟောကြားစေပြီးလျှင် အသံဖြင့် ပါဠိသက်သက် ရွတ်ဆိုစိမ့်သောငှာ တစ်ဖန် ထိုဥဒါယီမထေရ်ကို တရားဟောပလ္လင်နေရာသို့ တက်စေကြပြန်ကုန်၏။ ထိုဥဒါယီသည် တစ်ဖန်လည်း တစ်စုံတစ်ခုသောတရားကို မမြင်ခြင်းကြောင့် “ငါကား ညဉ့်အခါ၌ ဟောပေအံ့၊ တစ်ပါးသော သရဘာဏက (သရ+ဘာဏက-အသံမြည်မြည်ဖြင့်+(ပါဠိသက်သက် နားထောင်ကောင်းအောင်) ရွတ်ဆိုတတ်သော ပုဂ္ဂိုလ်။) ပုဂ္ဂိုလ်သည် အသံဖြင့် ပါဠိတော်သက်သက် ရွတ်ဆိုပါစေဦးလော့”ဟု ဆို၍ တရားဟော ပလ္လင်နေရာထက်မှ ဆင်းသက်ပြန်လေ၏။ ထိုလူတို့သည် တစ်ပါးသော သရဘာဏကပုဂ္ဂိုလ်ကို အသံဖြင့် ပါဠိရွတ်ခြင်းကို ရွတ်ဆိုစေပြီးလျှင် တစ်ဖန် ညဉ့်အခါ၌ ဥဒါယီမထေရ်ကို ပင့်ဆောင်ကြပြန်ကုန်၏။ ထိုဥဒါယီမထေရ်သည် ညဉ့်၌လည်း တစ်စုံတစ်ခု ဟောစရာတရားကို မမြင်ခြင်းကြောင့် “ငါကား နံနက်စောစော မိုးသောက်အခါ၌ ဟောပေအံ့၊ ညဉ့်၌ တစ်ပါးသော တရားဟော ပုဂ္ဂိုလ်ကို ဟောကြားပါစေဦးလော့”ဟု ဆို၍ ဆင်းသွားပြန်လေ၏။

ထိုဒါယကာတို့သည် တစ်ပါးသော တရားဟောပုဂ္ဂိုလ်ကို ညဉ့်၌ ဟောကြားစေ၍ တစ်ဖန် နံနက်စောစော မိုးသောက်သောအခါ ဥဒါယီမထေရ်ကို ပင့်ဆောင်ကြပြန်ကုန်၏။ ထိုဥဒါယီမထေရ်သည် တစ်ဖန်လည်း တစ်စုံတစ်ခုသော ဟောစရာတရားကို မမြင်ပြန်ဘဲ ရှိရှာလေ၏။ များစွာသော လူအပေါင်းသည်လည်း အုတ်ခဲ,လှံတံ စသည်တို့ကို ကိုင်စွဲပြီးလျှင် “အမိုက်မဲကြီး- အရှင်သည် ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့၏ ဂုဏ်ကျေးဇူးကို ဆိုအပ်သည်ရှိသော် ဤသို့လည်းကောင်း၊ ဤသို့ လည်းကောင်း ပြောဆိုဘိ၏။ ယခုအခါ အဘယ့်ကြောင့် မဟောကြားနိုင်ဘိသနည်း”ဟု ခြိမ်းခြောက်ခြင်းကြောင့် ထွက်ပြေးသော ဥဒါယီမထေရ်ကို အစဉ်လိုက်ကြလေကုန်၏။ ထိုဥဒါယီမထေရ်သည် ထွက်ပြေးလတ်စဉ် တစ်ခုသောအိမ်သာ၌ လိမ့်ကျသွားရှာလေ၏။ များစွာသော လူအပေါင်းသည် “ယနေ့ ဥဒါယီမထေရ်သည် ရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်တော်ကျေးဇူးတော်နှင့်စပ်သော စကားကို ဖြစ်စေလတ်သည်ရှိသော် ငြူစူလှသဖြင့် မိမိ၏ တရားဟောပုဂ္ဂိုလ်၏ အဖြစ်ကို ထင်ရှားပြပြီးလျှင် လူတို့သည် ပူဇော်သက္ကာရပြု၍ တရားကို နာကြကုန်အံ့ဟု ဆိုသည်ရှိသော် လေးကြိမ်တိုင်တိုင် တရားဟောပလ္လင်နေရာ၌ နေလျက် ဟောအပ်သည်နှင့် စပ်ယှဉ်သော တစ်စုံတစ်ခုသော တရားစကားကို မမြင်ရခြင်းကြောင့် အရှင်သည် တပည့်တော်တို့၏ အရှင်ဖြစ်သော ရှင်သာရိပုတ္တရာမထေရ်နှင့် အတူတကွ အစုံပြိုင်မှု အန်တုခြင်းကို ယူဘိ၏ဟု အုတ်ခဲ,လှံတံ စသည်တို့ကိုကိုင်စွဲ၍ ခြိမ်းခြောက်ခြင်းကြောင့် ထွက်ပြေးစဉ် အိမ်သာ၌ လိမ့်ကျ သွားရှာလေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။

ခြင်္သေ့ကို ပြိုင်သော ဝက်

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤလာဠုဒါယီသည် မစင်တွင်း၌ နစ်မြုပ်ကာ နေရဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလျက်-

စတုပ္ပပေါ အဟံ သမ္မ၊ တွံပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိံနု ဘီတော ပလာယသိ။

အသုစိပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါသိ သူကရ။
သစေ ယုဇ္ဈိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။

သမ္မ၊ အချင်း ခြင်္သေ့မင်း။ အဟံ၊ ငါကား။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိ၏။ သမ္မ၊ အချင်း ခြင်္သေ့မင်း။ တွံပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်း ရှိ၏။ သမ္မ၊ အချင်း ခြင်္သေ့မင်း။ ဧဟိ၊ လာလှည့်ပါလော့။ နိဝတ္တဿု၊ ပြန်နစ်ခဲ့ပါဦးလော့။ ဘီတော၊ ငါ့ကို ကြောက်သောကြောင့်။ ပလာယသိကိံနု၊ ထွက်ပြေးတိမ်းရှောင်ဘိသလော။

သူကရ၊ ဝက်ယုတ်မာ။ တွံ၊ သင်သည်။ အသုစိ၊ မစင်ကြယ်။ ပူတိလောမော၊ ပုပ်နံ့ထောင်းထောင်း အနံ့မကောင်းသော အမွေးရှိသည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ စက်ဆုပ်ဖွယ်ကောင်းသော အနံ့ရှိသည်ဖြစ်၍။ ဝါသိ၊ လှိုင်၏။ ယုဇ္ဈိတုကာမော၊ စစ်ထိုးလိုသည်။ သစေအသိ၊ အကယ်၍ ဖြစ်ငြားအံ့။ သမ္မ၊ အချင်းဝက်မိုက်။ တေ၊ သင့်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။

ဒုကနိပါတ်၊ ဒဠှဝဂ်လာ ဤဇာတ်ကို အကျယ်ချဲ့၍ ထိုအခါ ခြင်္သေ့သည် ရှင်သာရိပုတ္တရာ ဖြစ်လာ၏၊ ဝက်သည် လာဠုဒါယီ ဖြစ်လာ၏ဟု ဟောတော်မူလေ၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- လာဠုဒါယီ အမည်ရှိသော ရဟန်းသည် အနည်းငယ်မျှသာလျှင်ဖြစ်သော တရားကို သင်ယူအပ်၏။ သရဇ္ဈာယ်ခြင်းကိုကား မပြု၊ အမှတ်မရှိ အလုံးစုံသော ပရိယတ်ကို သင်ယူပြီးလျှင် သရဇ္ဈာယ်ခြင်းကို မပြုခြင်းသည် ထိုသင်ယူအပ်သော ပရိယတ်၏ အညစ်အကြေးသာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၄၁] အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

မန္တာ၊ သင်အပ်ကုန်သော ပရိယတ် အတတ် အစရှိသည်တို့သည်။ အသဇ္ဈာယမလာ၊ မသရဇ္ဈာယ်ခြင်းလျှင် အညစ်အကြေး ရှိကုန်၏။ ဃရာ၊ အိမ်တို့သည်။ အနုဋ္ဌာနမလာ၊ ထကြွလုံ့လ မပြုခြင်းလျှင် အညစ်အကြေးရှိကုန်၏။ ကောသဇ္ဇံ၊ ပျင်းရိခြင်းသည်။ ဝဏ္ဏဿ၊ ကိုယ်အဆင်း၏။ မလံ၊ အညစ်အကြေးတည်း။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ရက္ခတော၊ စောင့်ရှောက်ခြင်း၏။ မလံ၊ အညစ်အကြေးတည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

လာဠုဒါယီမထေရ်ဝတ္ထု ပြီး၏။