လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးဘုရားရှိခိုး

From Wikisource
Jump to navigation Jump to search
လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးဘုရားရှိခိုး
by မဟာဗုဒ္ဓဝင်

လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးဘုရားရှိခိုး

(၁) ဘဝထိုထို၊ ရှေးအဟိုဝယ်၊ ကုသိုလ်ပွါးလူး၊ တရား ထူး၌၊ စူးစိုက်မြဲလျက်၊ ဆောက်တည်ချက်ကို၊ တားဖျက်မနိုင်၊ ကြံ့ခိုင်ခဲ့ခြင်း၊ ကောင်းမှုရင်းကြောင့်၊ ရွှေခြေနင်းဟန်၊ နင်းပြန် အတူ၊ ကြွမူမခြား၊ ဖဝါးတော်ညီညာ၊ လက္ခဏာတော်၊ အာနုဘော် ဖြင့်၊ ကျူးကျော်ဝံ့စား၊ လှုပ်ချောက်ချားအောင်၊ စွမ်းအားရှိမူ၊ ဘယ်ရန်သူမျှ၊ မပြူဝံ့ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၂) သူ့ချမ်းသာဆောင်၊ မကြောက်အောင်ရွယ်၊ စောင့် ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်၊ ဝန်းရံပတ်လျက်၊ ရာ့ရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင် ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမား တေဇော်၊ စက်တော်ရတနာလက္ခဏာဖြင့်၊ မကွာခစား၊ ထံတော် ပါးဝယ်၊ များသောအခြံအရံ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၃) ခြ ပုန်း ပိုး ရွ၊ စသည်မကြွင်း၊ သတ်ဖြတ်ခြင်းကို၊ အလျှင်းမပြု၊ ဤကောင်းမှုကြောင့်၊ ဖနောင့်လက်ချောင်း၊ ခြေချောင်းသွယ်ရှည်၊ ဖြောင့်သည်ကိုယ်မှာ၊ လက္ခဏာဖြင့်၊ မေတ္တာ မပွါး၊ တဖက်သားတို့၊ တုတ်ဓားဆောင်ယူ၊ သတ်လိုမူလည်း၊ ဘယ်သူမစွမ်း၊ ဘေးဘျမ်းမရှိ၊ ပကတိအသက် ရှည်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၄) ချိုမြိန်ကောင်းမြတ်၊ ရသာဓာတ်ကို၊ ဆက်ကပ် ပူဇော်၊ လှူဘူးသော်ကြောင့်၊ ခြေတော်ဖမိုး၊ လက်ဖမိုးတော်၊ ပခုံး တော်နှင့်၊ ကုပ်(ဂုတ်)တော်ခုနှစ်ချက်၊ စုံ့လျက်ဖြိုးဖြိုး၊ ညှပ်ရိုးပခုံး၊ လက်ရုံးရင်တော်၊ ခုနှစ်ဖော်လည်း၊ ရှုမြော်မညှိုး၊ ဆူဖြိုးတင့်စွာ၊ လက္ခဏာဖြင့်၊ အရသာဓါတ်၊ ထူးအမြတ်ကို၊ မပြတ် သုံးဆောင် တော်မူရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၅) ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွါးဆောင်လင့်၊ ကိုယ်တူကျင့်ဟု လေးဆင့်သင်္ဂြိုဟ်၊ သူ့ကိုယ်ထောက်ထား၊ ကောင်းမှုအားကြောင့်၊ လက်ဖဝါးနှင့်၊ ခြေဖဝါးပါ၊ နူးညံ့စွာ၏၊ ရှစ်ဖြာလက်ချောင်း၊ ဆယ်ချောင်းခြေတော်၊ ညီမျှသော်ကြောင့်၊ မုယော်တွင်လစ်၊ အတွင်းဆစ်၌၊ ရေးရစ်ဖြောင့်လေ့၊ စပါးစေ့များ၊ ပွတ်တံခါးသို့၊ ဖြောင့်သားညီညာ၊ လက္ခဏာဖြင့်၊ ကောင်းစွာ သိမ်းဆည်း၊ လုံးစည်း ပေါင်းစု၊ လက်တွင်းပြုအပ်၊ ပရိသတ်သာ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၆) ကြောင်းကျိုးဖော်ပြ၊ မြတ်ဓမ္မကို၊ မိန့်ဟဟောကျူး၊ ပြုခဲ့ဘူး၍၊ မြင့်စူးဖမျက်၊ ရွှေမျက်ခွက်ကို၊ မော့လျက်ဖူးဟန်၊ မွေးညှင်းပျံသည့်၊ နှစ်တန်ခြင်းရာ၊ လက္ခဏာဖြင့်၊ သတ္တဝါအလုံး၊ လူတဖြုံးကို၊ လွှမ်းဖုံးပိုမောက်၊ အခေါင်ရောက်သဖြင့်၊ ပါမောက် တစ်ဆူ၊ ဖြစ်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၇) နှုတ်မှုပညာ၊ လက်ပညာကို၊ ကောင်းစွာပို့ချ၊ သင်ခဲ့ ပြ၍၊ တောဝမြိုင်ဖျား၊ ဧဏီသားသို့၊ စပါးဖုံးဟန်၊ လုံးလျား တင့်တယ်၊ သလုံးတော်ချယ်သဖြင့်၊ သုံးဖွယ့်သုံးရာ၊ အဖြာဖြာကို၊ မြန်စွာခဏ၊ ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၈) ရဟန်း ပုဏ္ဏား၊ သူမြတ်များသို့၊ ခစားဆည်းကပ်၊ သို့ပြုအပ်မည်၊ မအပ်မည်ကို၊ စိတ်ကြည်ညွတ်နူး၊ မေးခဲ့ဘူး၍၊ နူးညံ့အရေ၊ ပိန်းကြာရွှေတွင်၊ ရေမတင်သို့၊ မြူလျှင်ကင်းဝေး၊ ညစ်ကြေးမလိမ်း၊ ခပ်သိမ်းသတ္တဝါ၊ လောကဓာဝယ်၊ ပညာသာသူ၊ တူသူကင်းပြီး၊ ပညာရှိကြီးတစ်ဆူ ဖြစ်တော်မူပါသော မြတ်စွာ ဘုရား မြတ်စွာဘုရား။

(၉) ချိုးဖဲ့နှိပ်စက်၊ ဆိုတုံလျက်လည်း၊ အမျက်မလို၊ စိတ်မ တိုခဲ့၊ ကြည်ညိုချမ်းမြေ့၊ ချောမွေ့နုမွတ်၊ အဝတ်အရုံ၊ အခြုံအခင်း၊ လှူခဲ့ခြင်းကြောင့်၊ အဆင်းအရေ၊ ဇမ္ဗူရွှေသို့၊ လျှံဝေဝင်းဝါ၊ လက္ခဏာဖြင့်၊ ဖဲဝါကတ္တီ၊ သိုးမွေးထည်နှင့်၊ ပိုးထည်နုပျောင်း၊ ထည်လိပ်ကောင်းကို၊ လူပေါင်းဗြဟ္မာ၊ နတ်ဒေဝါတို့၊ များစွာ ကပ်လှူ၊ မပြတ်ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၀) မိသား အဖ၊ မောင်နှမဟု၊ သဟာယချင်း၊ ကွေ ကွင်းခဲ့ရာ၊ တွေ့အောင်ရှာ၍၊ ကောင်းစွာထက်ကြပ်၊ ပေါင်းစပ် ခဲ့ဘူး၊ ကောင်းမှုထူးကြောင့်၊ ဆင်မှူးဆန္ဒန်၊ ပုံသဏ္ဍာန်သို့၊ နေဟန်တင့်ဆုံး၊ အိမ်ဖုံးစေ့စပ်၊ သပ်ရပ်ထင်ရှား၊ ယောကျ်ားနိမိတ်၊ တံဆိပ်ပြီစွာ၊ လက္ခဏာဖြင့်၊ များစွာစုပေါငး၊ ထောင်သောင်းမက၊ သားကောင်း ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၁) ပုဂ္ဂိုလ်ယုတ်မြတ်၊ ရွေးချယ်လတ်၍၊ လျောက်ပတ် သင့်လျော်၊ ပူဇော်ခဲ့ဟန်၊ ကောင်းမှုကံကြောင့်၊ အလံအရပ်၊ ညီ လတ်ရွှန်းရွှန်း၊ ပညောင်ဝန်းသို့၊ ဝန်းသောကိုယ်တော်၊ ရပ်သော် စူးစူး၊ မညွတ်ဦးပဲ၊ ရွှေဒူးဝန်းပေါ်၊ လက်ဝါးတော်ဖြင့်၊ သုံးသော် မှီလောက်၊ ကိုယ်ထက်အောက်လည်း၊ အပေါက်အဆက်၊ ညီလျက် အမျှ၊ ကုန်းမကွတည့်၊ ပုဏ္ဏကာယာ၊ လက္ခဏာဖြင့်၊ သဒ္ဓါ သီလ၊ သုတ စာဂါ၊ ပညာ ဟိရီ၊ သြတ္တပ္ပိဟု၊ ခုနှစ်လီဥစ္စာ၊ ရတနာသာရ၊ မြတ်ဓနဖြင့်၊ ကြွယ်ဝချမ်းသာတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၂) သူတပါးကို၊ ကောင်းစေလို၍၊ ကုသိုလ်ပညာ၊ ဥစ္စာ ဓန၊ သဟာယများ၊ ဘယ်သို့ပွါးအံ့၊ သူ့အားတောင့်တ၊ ကြောင့်ကြ ခဲ့ဟန်၊ ကောင်းမှုကံကြောင့်၊ မြိုင်ယံပျော်မွေ့၊ ရွှေခြင်္သေ့၏၊ ရှေ့ထက်ဝက်ကိုယ်၊ ပမာလိုလျှင်၊ ကိုယ်တော်အောင်မောင်း၊ ရေစီး ကြောင်းမထင်၊ ရွှေကျောပြင်နှင့်၊ စည်သွင်မုရိုး၊ ပြည့်ဖြိုးလုံးခြင်း၊ လည်ပင်းသပ္ပါယ်၊ ဤသုံးသွယ်ဖြင့်၊ ဤဝယ်လောကီ၊ ဤသည် လောကုတ်၊ ဂုဏ်ပေါင်းထုတ်သော်၊ ယုတ်လျော့ခြင်းရာ၊ မထင်ပါ သော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၃) သတ္တဝါခပင်း၊ မညှင်းဆဲရှောင်၊ ကုသိုလ်ဆောင်၍၊ ခုနှစ်ထောင်သော၊ ရသာကြောများ၊ အဖျားချင်းအပ်၊ လည်မှ စွပ်၍၊ မီးဓာတ်ဂဟဏီ၊ ဇီရဏီလည်း၊ အညီချက်ချေ၊ အစာကြေ သဖြင့်၊ အထွေထွေရောဂါ၊ ကင်းရှင်းကွာသည်၊ ကျန်းမာတော်မူပါ သော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၄) မျက်စောင်းမထိုး၊ မကျိုးမျက်မှောက်၊ ဖြောင့် ဖြောင့်ချစ်ကြည်၊ ကြည့်ခဲ့သည်ကြောင့်၊ ညိုကြည်မျက်လုံး၊ အံ့မဆုံး အောင်၊ ရွှေမျက်တောင်မွေး၊ သွယ်သေးနုစွာ၊ လက္ခဏာဖြင့်၊ ပိယာ သိဒ္ဓိ၊ နတ်ဆေးရှိသို့၊ တြိဘုံခန်း၊ ရဟန်းလူများ၊ သိကြား ဗြဟ္မာ၊ နတ် သူရာဟု၊ သတ္တဝါထိုထို၊ ကြည်ညိုလေးမြတ်၊ ချစ်ခင်အပ်ပါ သော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၅) ကုသိုလ်တရား၊ ဟူသည်များ၌၊ ရှေ့သွားအများ၊ ဦးစီးခေါင်းခံ၊ ဆော်စီမံဘူး၊ ကောင်းမှုထူးကြောင့်၊ နဖူးတော်ဝယ်၊ ရွှေပြားချယ်သို့၊ တင့်တယ်လှစ်လှစ်၊ အသားစစ်မှ၊ သင်းကျစ်တော် လွှာ၊ လက္ခဏာဖြင့်၊ သတ္တဝါထိုထို၊ များလူဗိုလ်တို့၊ ကိုယ်တော် နောက်၌၊ စိုက်စိုက်မကွာ၊ လိုက်ရပါသော မြတ်စွာဘုရား မြတ်စွာ ဘုရား။

(၁၆) မလိမ်မထောင့်၊ သစ္စာစောင့်၍၊ ရိုးဖြောင့်မှန်စင်း၊ တရားရင်းကြောင့်၊ မွေးတွင်းတစ်ခု၊ မြွာမစုဘဲ၊ တစ်ခုစီတွင်၊ တစ်ပင်စီသာ၊ ရှင်းစွာသင့်လျော်၊ မွေးညှင်းတော်နှင့်၊ မျက်မှောင် တော်နှစ်ဖက်၊ အလယ်ချက်ဝယ်၊ လံဝက်လောက်မျှ၊ ဆွဲကရှည် လာ၊ လွတ်လိုက်ခါမူ၊ လက်ျာရစ်ခွေ၊ ဖြူရောင်ဝေသည့်၊ ရွှေနဖူး ဝယ်၊ သောက်ရှူးကြယ်သို့၊ နုနယ်ဂွမ်းပုံ၊ ဥဏ္ဏလုံဖြင့်၊ သုံးဘုံလူဗိုလ်၊ ကိုယ်တော်စိတ်ကြိုက်၊ အလိုလိုက်ခါ၊ ပါရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၇) ဂုံးတိုက်စကား၊ ကြည်ရှောင်ရှား၍၊ ကွဲပြားမကပ်၊ ကြားစေ့စပ်သဖြင့်၊ စေ့စပ်ပြီးကို၊ မြဲအောင်ဆိုခဲ့၊ ထိုကုသိုလ်တော်၊ နှိုးပင့်ဆော်၍၊ သွားတော်လေးဆယ်၊ ပြည့်ဖြိုးကြွယ်လျက်၊ သေးသွယ်စိပ်စိပ်၊ သိပ်သိပ်ထူထဲ၊ မကျဲသွားမှာ၊ လက္ခဏာဖြင့်၊ ညီညာမြဲစွဲ၊ သူပင်ခွဲလည်း၊ မကွဲပြိုနိုင်၊ ကြံ့ခိုင်စေ့စပ်၊ ပရိသတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၁၈) သူ့နားမချမ်း၊ ကြမ်းကြမ်းကြုတ်ကြုတ်၊ အယုတ် တမာ၊ မဆိုပါပဲ၊ ချိုသာအေးကြည်၊ ဆိုခဲ့သည်ကြောင့်၊ လျှာရှည် ကြီးပြန့်၊ လျှာနူးညံ့လျက်၊ ရှင်းသန့်ချိုသာ၊ သိသာနာဖွယ်၊ ပွဲလယ် မထွက်၊ လုံးနက်ပဲ့တင်၊ အင်္ဂါရှစ်တန်၊ ဗြဟ္မာကရဝိတ်၊ ကောင်း ဟိတ်သံသာ၊ လက္ခဏာဖြင့်၊ ဆိုခါရင့်ကျူး၊ စကားစူး၍၊ အထူး လိုက်နာ၊ သြဇာပြန့်လှိုင်၊ အာဏာထူး ပိုင်တော်မူပါသော မြတ်စွာ ဘုရား မြတ်စွာဘုရား။

(၁၉) အနှစ်မဆံ၊ ယူရန်ကင်းလျှော၊ အသောအဖျင်း၊ ပြောခြင်းမလေ့၊ ကုသိုလ်ငွေ့ကြောင့်၊ ခြင်္သေ့မင်းလို၊ ရွန်းစိုပုံ့ပုံ့၊ ဖြိုးစုန့်စုန့်လျှင်၊ ပြုံးတော့မည့်ပုံ၊ ဆန်းတုံဆယ့်နှစ်ရက်၊ စန်းယုန် စက်သို့၊ ရောင်ယှက်ထွန်းပေါ်၊ မြတ်မေးတော်ဖြင့်၊ ကျူးကျော် ဘယ်သူ၊ တစ်ယောက်လူမျှ၊ ကလူနိုင့်ထက်၊ မချိုးဖျက်နိုင်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။

(၂၀) ကြီးငယ်တောင်းလျှင်၊ ချိန်ခွင်တိုရှည်၊ လိမ်လည်လုယက်၊ ခိုးနှိပ်စက်၍၊ အသက်မွေးခြင်းကင်းခဲ့သောကြောင့်၊ မခေါမသီ၊ စိန်ကိုစီသို့၊ ပြေညီသွားတော်၊ စွယ်တော်လေးဆူ၊ ဆွတ်ဆွတ် ဖြူသား၊ ကိုယ်တော့သွား၏၊ နှစ်ပါးခြင်းရာ၊ လက္ခဏာဖြင့်၊ ယုတ်မာ ကောက်ကျစ်၊ ဆိုးညစ်သောသူ၊ မပါမူ၍၊ ဖြောင့်ဖြူး သပ္ပါယ်၊ လ၌ကြယ်သို့၊ စင်ကြယ်သော အခြံအရံရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။ ဤသို့ကောင်းမှု၊ ကိုယ်တော်ပြု၍၊ ယခုခါဝယ်၊ သုံးဆယ် နှစ်ပါး၊ ယောကျ်ားအင်္ဂါ၊ လက္ခဏာဖြင့်၊ စကြာသခင်၊ ဖြစ်မည် လျှင်တည့်၊ စက်-ဆင်-မြင်း-မြ၊ မ-ဌေး-သား-ဟု၊ ခုနှစ်ပါးရတနာ၊ သားမှာတစ်ထောင်၊ လေးကျွန်းဘောင်ဝယ်၊ ဘုန်းခေါင်စက္ကဝတ်၊ မချွတ်ဖြစ်မည်၊ လျှောက်တင်သည်ကို၊ မထီမလေး၊ တံတွေးပေါက် နှယ်၊ စွန့်ပစ်ပယ်၍၊ သောင်းနယ်လောကဓါတ်၊ လွှံ့ပတ်ကျေညာ၊ မဟာဓမ္မရာဇ်၊ မင်းဆုံးဖြစ်လျက်၊ ရေစစ်တွက်ကျုံး၊ အံ့မဆုံး အောင်၊ ဘုန်းတော်ခြောက်စုံ၊ ဂုဏ်တော်အနန်၊ ဉာဏ်တော်ဖြာဖြာ၊ လက္ခ ဏာနိသင်၊ အမြဲဆင်သော၊ ရှင်ပင်ဘုရား၊ ကိုယ်တော် အားကို၊ ကိုးစားကြပ်ကြပ်၊ မြဲဆည်းကပ်လျက်၊ တုံ့ဝပ်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။