ရှုတိုင်းထွေလည်-ချီ ရတု

From Wikisource
Jump to navigation Jump to search
ရှုတိုင်းထွေလည်-ချီ ရတု
by နတ်သျှင်နောင်

ရှုတိုင်းထွေလည် ကိုးမျက်ရည်တည့် ရစ်ခြည်စီသန်း ထွေထွေစွန်းသား သိုက်နန်းပျော်ရာ ဝတိံသာမှ သူဇာကြင်ဘက် သလှာဆက်သည် စိမ်းရွက်လျှံပြေး မြင်းမိုရ်ကျေး ။ မြှေးမြှေးတိမ်ယံ သည်ကပျံ၍ နိုင်ငံတလွှား ပျော်ဘွယ်ငြားမူ နည်းများပန်းဖြေ သင့်ရုံနေမှ အောင်မြေနန်းဘုံ သာမျိုးစုံသည် မြစ်ဆုံသန်လျက် မင်းဝံချက်ဝယ် စံထက်တံဆိပ် လှခေါင်ထပ်မူ လွမ်းရိပ်ခြည်ထွေး မိန့်နှင့်မေးသော် မင်းရေးအောင်မြင် ရန်လုံးစင်၍ ဝါမဝင်မီ ပြန်လေပြီဟု မိုးဆီတိမ်ကျူး လျှောက်ချေဦးလော့ ထွန်းမြူးသော်တာ လနှင့်သာလျှင် စံရာနှိုင်းမျှ မွတ်မွတ်လှသည် ဆွတ်မျှရွှင်တော်မူလိမ့်မည် ။

နုကျိုင်းဝေမည် စုံတလည်လည်း ရွက်ရှည်မြမြ ရွရွရွန့်ရွန့် ပုံညွန့်တပြိုင် ချစ်ဆိုင်တပြီ ပွင့်ညီတရုံး သီ၍ကုံးသို့ တောင်လုံးပျံ့လှောင်း မကြိုင်တောင်းတွင် ရွက်ညောင်းပေါ်သစ် လက်ျာရစ်လျက် ကျစ်လျစ်ပွင့်သေး ခိုင်လုံးမွှေးကို ရွေး၍ချီလေ စစ်မြေဝေးခေါင် ရှမ်းတောင်ဆီးရွှမ်း ချမ်းလည်းထပ်ချုံ မလုံသည်နှင့် ထစ်ရစ်သွန်းလောင်း မိုးလည်းပြောင်းသော် လွမ်းပျောင်းစဟန် ပြန်လတော့မည် လွန်လာသည်ဟု ရိပ်ခြည်ဖော်ပြ ယုယဆည်တား ဖျော်ဖြေဖြားသည် ရွှေနားချင်တော်မူလိမ့်မည် ။

တုနှိုင်းဖွေနှည် လှမောသည်မူ လူ့ပြည်အထွတ် လှခေါင်မှတ်သား မိုးနတ်ယှဉ်စံ ပြိုင်သော်လံလိမ့် မြလျှံလိုလို မဆိုစသာ ကလျာပြစ်လွင့် ရှုတိုင်းတင့်သား စိန်ပွင့်ခြူးကြာ သလွန်သာထက် မလ္လာခြည်မောင်း သတောင်းဘုံမြင့် အုံးဆင့်မှီမြဲ နွှဲလည်းယုယ လက်သင်မ၍ စေ့မျှပြန်ခေါက် ကျွန်ုပ်လျှောက်သား ဝမ်းမြောက်ရွှင်ပျော် မိန့်မှာသော်မူ မောင်မြော်တိုင်းပြန် ခက်သန်မဉ္ဇူ ပန်းကိုမူကား နံတူနှစ်ရက် တောင်ထိပ်ထက်ဝယ် ပြိုးပြက်ရောင်လွှတ် မိုးလုံးပတ်သား လူနတ်ကြည်ညို မွေတော်ကိုလျှင် ကုသိုလ်မျှဝေ စုံလျှင်းစေဟု လှနေများထွတ် ရှင့်သက်မှတ်သည် ညွတ်၍တင်တော်မူလိမ့်မည် ။