ရွှေဘုံနိဒါန်း

From Wikisource
Jump to navigation Jump to search
ရွှေဘုံနိဒါန်း  (၁၇၈၄) 
by ဇေယသင်္ခယာ

ပြာသာဒ်[edit]

ဘုံငါးဆင့်ရှိသော ပြာသာဒ်၊ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၊ ဘုံကိုးဆင့်ရှိသော ပြာသာဒ်ကို ရမ္မ၊ သုဘ၊ သုရမ္မဟူ၍ ပြာသာဒ်သုံးဆောင်ရှိသော အကြောင်းမှာ ကျမ်းဂန်ထင်ရှားလာသောကြောင့် သိသာရသည်။ ပါသာဒသဒ္ဒါသည် ရှုဘွယ်ကြည်ညိုဘွယ်ကို ဆိုသည်။ မဇ္ဈိမဒေသ ရာဇဌာနီမင်းနေပြည်၌ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်တွင် တတိယဘုံ၌ အပေါက်ဘောက်သည်။ ထိုအပေါက်ကို သိကြားပေါက် ခေါ်ဝေါ်သည်။ မင်းဘုန်းပေါက်လည်း ခေါ်ဝေါ်သည်။ သိကြားပေါက် မင်းဘုန်းပေါက် ခေါ်ဝေါ်ကြောင်းမှာ ရသေ့ သိကြား နဂါး ဂဠုန် ပရမေသုရာ မဟာဗိန္နဲ လူမင်း သူမြတ် ခုနစ်ပါးတို့ စောင်မ၍ သရေခေတ္တရာပြည် တည်သည့်ကာလ သိကြား ပန်းလည်တိုင်ပြုသည်။ နဂါးကို စက်ကြိုးအမှတ်လှည့်သည်။ ဂဠုန်အာနုဘော်ကြောင့် နဂါးသုံးရစ်တွန့်သည်။ မြို့လည်း သုံးချက်တွန့်ရှိသည်။ သိကြား ပန်းလည်တိုင်ပြု၍ စက်လှည့်သည့်အရာတွင် ဘုရားတည်သည်။ ထိုဘုရားကို စက်ရာဘုရားဟူ၍ ယခုတိုင်ရှိသည်။ သည်ကိုရည်၍

မေရုဗဟိုရ် မြင်းမိုရ်ဦးကိုင် ပန်းလည်တိုင်ကို ကြံ့ခိုင်စွာနိုး ပွတ်ကောင်းကြိုးဟု ရေမျိုးဇာတိ မဟိဒ္ဓိဖြင့် တရိဝင်္ကော် သုံးရစ်ပေါ်မှ

ဟူ၍၎င်း၊

ဘိုးဦးထိပ်၌ တံဆိပ်ပြညွန် ငါလွန်မြင့်ကြာ တရာနှစ်စေ့ ဘုန်းဟေ့ခုနစ်ပါး တည်ထားရသေ့

ဟူ၍၎င်း၊

မြင်ဟန်မျက်စိ တထောင်ရှိသား မြင့်ဘိဦးခေါင်း ထောင်လည်းကောင်းတည့် ခေါ်သောင်းမည်ပင် ထောင်နေစင်တိ ကိုယ်ပင်လက်ခြေ နှစ်ထောင်နေနှင့် ပရမေသုရာ ဘန်ဆင်းလာ၍ သိင်္ဂါဘုံမြင့် ဥကင်ဘွင့်သား ဆိုသည်အကြောင်း စန္ဒီပရမီသွာ မဟာဗိန္နဲ ကျော်သဲဝန်းလည် ညီညာတည်သည် ရွှေပြည်ခေတ္တ

ဟူ၍ စပ်ဆိုလေသည်။

ပြာသာဒ်ဆောင်တွင် ရှစ်မျက်နှာထောက်ခံသည်ကိုလည်း ကတံ ခေါ်ဝေါ်သည်။ ပညာရှိတို့ စပ်ဆိုသည်လည်း

လက်ပင့်မြှောက်၍ အထောက်ကတံ ရှစ်ချက်ရံသည် ဘုံစံသာထွေ ရိပ်ရဝေက

ဟူ၍ စပ်ဆိုလေသည်။

ပြာသာဒ်ဘုံခုနစ်ဆင့်အနက် တတိယဘုံတွင် မြောက်မျက်နှာက အနောက်သို့ယွန်း၍ အပေါက်ဘောံသည်မှာ သိကြားနေရာ မြင်းမိုရ်တောင်သည် ဇမ္ဗူဒီပါကျွန်းမြောက်ဖြစ်၍ သိကြားစောင်မမည့်လာသည်ကာလ၊ ဘုန်းငွေ့လွှတ်ရာအပေါက်ကို သိကြားအပေါက် ဘောက်သည်ဆိုသည်။ သိကြားနေရာဘောက်သည်ကို အကြောင်းပြု၍ ထိုအပေါက်ကို သိကြားပေါက် ခေါ်ဝေါ်သည်။ မင်း၏ ဘုန်းငွေ့လွှတ်ရာအပေါက်ဖြစ်၍လည်း မင်းဘုန်းပေါက် ခေါ်ဝေါ်သည်။ အကြောင်းနှစ်ချက်ကိုထောက်လျှင် မြေနန်းပြာသာဒ်တော်သည် မင်္ဂလာကြီး ပွဲသဘင်ကြီး မင်းတို့ထွက်စံရာအရပ်ဖြစ်၍ အရှေ့နှာယောင်ခန်းတွင် မာရဘင်ကန့်သည်။ တကြောင်းလည်း ပြာသာဒ်ဆောင်အလယ် မာရဘင်ကန့်၍ ပြာသာဒ်ထီးနှင့်တည့်တည့် မှန်တုပ်ချိန်ပြီးလျှင် ရာဇပလ္လင် ဥကင်တည်ထားသည်လည်း ဆိုသည်။ သို့ဖြစ်၍ မာရဘင်ဥကင်အတွင်းနေအောင် မင်းဘုန်းပေါက်သည် အနောက်သို့ယွန်း၍ထားသည် ဆိုသည်။

ပလ္လင်[edit]

သီဟာ ဘမရာ ဟံသာ အစရှိသော ရာဇပလ္လင်ရှစ်မျိုး လုပ်ရိုးရှိသည်တွင်

  • တပါးသော ရန်မာန်တို့သည် မအောင်နိုင်သောကြောင့် ဘုရားသခင်နေတော်မူသည့်ပလ္လင်ကို အပရာဇိတပလ္လင် ဆိုသည်။
  • နတ်တို့နေရာပလ္လင်ဖြစ်၍ ဒိဗ္ဗပလ္လင် ဆိုသည်။
  • မင်းတို့နေရာပလ္လင်ဖြစ်၍ ရာဇပလ္လင် ဆိုသည်။

ပလ္လင်ခံခြင်းအနက်ကို ဟောသည် ဥက္ကံသသဒ္ဒါသည် မြတ်သောအနက်ကို သမ္ဗန်သည်ဖြစ်၍ ဥကင်ဆိုသည်။

သိကြားရုပ်နှင့် မှန်တိုင်[edit]

ရာဇပလ္လင် ဥကင်မုတ်ထွတ်အထက် ရင်တုဗိမာန်တွင် သိကြားရုပ်နှင့် မှန်တိုင်ထားသည်မှာ သာသနာတော်ကို စောင့်ထိန်း၍ မကောင်းသသူကို မကောင်းလျောက်၊ ကောင်းသသူကို ကောင်းလျောက်၊ ချီးမြှောက်နှိမ့်ချခြင်း၌ မှန်ကန်တော်တည့်ဖြောင့်မတ်စွာ အကျွန်ုပ်ကဲ့သို့ ပြုတော်မူ အမှတ်ပေးခြင်းငှါ

မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီသဖြင့်။ နဂရံ၊ ပြည်ကို။ သမ္ပာလေတု၊ ကောင်းစွာစောင့်ရှောက် နိစ္စ မတော်မူလော့။ မယှံ၊ အကျွန်ုပ်၏။ နလာဋေ ၊ နဖူးပြင်၌။ သုဝဏ္ဏဥဇုဒဏ္ဍံ၊ ရွှေမှန်တိုင်ကို။ ပဿထ၊ ရှုတော်မူလော့။

ဟူ၍ ဆုံးမပေးခြင်း နိမိတ်ပြုသောကြောင့် တုရင်ဗိမာန်တွင် သိကြားရုပ်၏ နဖူးနှင့်အမျှ ရှေ့က မှန်တိုင်စိုက်ထားလေသည်။ ကုသိနာရုံ၌ သဗ္ဗညုဘုရားသခင်အား သာသာနာတော်ကို သိကြားနတ် စောင့်ထိန်းလို၍ လျှောက်ချက်အတိုင်း အပ်တော်မူသည်ဖြစ်၍ ရှေးစာဟောင်းများတွင်

ရှင်တော်ပွဲဝယ် လွန်ကဲကြံစည် လျှောက်ဖူးသည်နှင့် ကျင့်ရည်တခြား မိုးသိကြားသည် စကားမညီ မရှိလော

ဟူ၍၎င်း၊

ကောင်းချီးပေးတင့် နတ်ဘုန်းမြင့်လည်း ငါနှင့်တူရည် ဖြစ်ပြီးသည်ကို လူ့ပြည်ရပ်မှာ သာသနာလျှင် ရောင်ဝါရွှန်းရွှန်း လနှယ်ဆန်းလိမ့်

ဟူ၍၎င်း၊

ထင်ရှားသာသနာ ယခုခါဝယ် သမ္မာနတ်မွန် စောင့်သည်မှန်မူ

ဟူ၍၎င်း၊

ဘုန်းလျှံကုသိန် စံပယ်ချိန်ဝယ် မုနိန်ဗျာဒိတ် မိန့်နိမိတ်ကြောင့် ဒေဝိဿရာ တေဇာပထင် မြင်းမိုရ်ရှင်လျှင် လူ့ခွင်မျှော်ကြည့် စောင့်ဆောင်ပြည့်ဟု

ဟူ၍၎င်း စပ်ဆိုလေသည်။ သာသနာတော်ကို သိကြားစောင်မသည်ကို ရည်၍ နေ့ရက်လနှစ် စွဲမှတ်သည့်အရာများတွင် သက္ကရာဇဟူ၍ ရေးသားလေသည်။ သက္ကရာဇာပင် ဖြစ်သည်။

တုရင်ဝမ်းရှိ နဝရတ် ၉ ပါး[edit]

တုရင်ဝမ်းတွင် နဝရတ်ကိုးပါး နှံထားသည်မှာ ပုလဲသန္တာ နီလာစိန်ကြောင် ဂေါ်မိတ်ဥဿဖယား ပတ္တမြားမြ ကျောက်ကိုးပါးသည် ဘေးအန္တရာယ်ကို ပယ်စေတတ်သည်။ နဝရတ်ကိုးပါးကို ချီးမွမ်းလိုသည်ဖြစ်၍ ဗေဒင်ကျမ်း ဟိတကာရီလင်္ကာတွင်

ပတ္တမြားစိန်ခဲ ပုလဲသန္တာ ဂေါ်မိတ်ဖြာသား နီလာကြောင်ဟုတ် ဥဿဖယား မြကိုးပါးတွင် ပတ္တမြားလယ်ချက်

ဟူ၍၎င်း၊ တနည်းလည်း

သန္တာဒိတျ စန္ဒကားစိန် မူးချိန်ပြည့်ခဲ ပုလဲဘောမ ဗုဒ္ဓကြောင်မှာ သောရာဂေါ်မိတ် လျှံဖိတ်တောက်ပ ဂုရုမြနှင့် ဥဿဖယား ရာဟုထားမှ ထူးခြားရောင်ဝါ နီလာသောကြ ထွန်းပချက်ဗွေ လျှံဝေပတ္တမြား ထွတ်ဖျားကေတု မှန်ကင်းပြု၍

ဟူ၍၎င်း၊ နဝရတ်ကျောက် အကျိုးကိုလည်း

ကြီးထွေရောဂါ ဖျားနာကင်းဝေး ရန်ဘေးမလာ တရာသက်လွန် နေရမှန်သည် ကျမ်းဂန်ဤသို့ လာသတည်း

ဟူ၍ စပ်ဆိုလေသည်။

မဏိဇောတိရသ်ကျောံမြတ်ရတနာသည် လိုရာဆန္ဒကို ပြည့်စုံစေနိုင်သည်။

ဣစ္ဆိတံ တ္ထိပတံတုယှံ ခိပ္ပမေဝ သမိဇ္ဈတု။ သဗ္ဗေ ပုရေန္တုသင်္ကပ္ပါ။ မဏိဇောတိရ သောယထာ။ ယံ ယံ ဝရံပတ္ထေတွာန။ ပုညံ ပရိပုရေန္တု။ ကျမ်းဂန်ရှိသည်ကို ထောက်၍ သိရာသည်။

သီဟာသနပလ္လင်[edit]

ရာဇပလ္လင်အောက်ခုံတွင် ကေသရာခြင်္သေ့ရုပ် ထားသည်မှာ မဏ္ဍု ကာဠ တိဏ ခြင်္သေ့သုံးမျိုးထက် တန်ခိုးအာနုဘော်ကြီး၍ အရပ်ကိုးမျက်နှာကို မြူးတူးခုန်လွှား ကြုံးဝါးလျက် ရန်ကို နှိမ်နင်းနိုင်သည့်နိမိတ်ကို ထောက်၍ ထုလုပ်ထားလေသည်။

ကေသရာခြင်္သေ့မင်း ကြုံးဝါးခြင်း သန်မြန်ခြင်းကိုလည်း ရှေးပညာရှိတို့ စပ်ဆိုသည်မှာ

ရတနာဂူ နန်းမဉ္ဇူက ထွက်ပြူကွန့်ထူး သံရှင်ကျူး၍ ရွှင်မြူးထွေးသာ ပျော်ရာရာ၌ ဘယ်ညာကြွားကြွား ကြုံးသံလွှားသော် နွားလားတထွန် လျင်သန်မြန်၏

ဟူ၍၎င်း၊

တိုင်းမှန်သန်တောင် ထောင်လည်းမက ကောင်းကင်ဝသို့ ခုန်ထမြောက်စွာ

ဟူ၍၎င်း၊

မြေညီမှာမူ လေးရာတာထောက် စွန်းစွန်းရောက်လျက်

ဟူ၍၎င်း၊

ကုန်းမြင့်ထက်မှာ ဆင်းသက်စုတ်စုတ် ပြေးအားထုတ်သော် ဂါဝုတ်တိုင်အောင် ဆောင်သားဇဝန စွမ်းထာမဖြင့်

ဟူ၍၎င်း၊

ပေါက်ပြသုံးခါ ဟောက်ကြားရာသို့ လိုက်နာမှီလျှင်း ခြင်္သေ့မင်းလျှင် ရန်ခွင်းတောလုံး စိုးသောထုံးသို့

ဟူ၍၎င်း စပ်ဆိုလေသည်။ တကြောင်းလည်း

တောင်မြင်းသီလာ နေရာဂူထဲ ကျိန်းပြီးရဲမှ ထွက်မြဲဘာသာ အခါလေးပါး ကြုံလာငြားမူ ရွှေဂူဝ၌ သုံးယူဇနာ ရပ်ရာကြားလောက် မြည်သံဟောက်၍

ဟူ၍၎င်း၊

ခြိမ်းချောက်လန့်ကြား တောဝယ်သားကို ဖမ်းစားမြည်ရုတ် သွေးသံတုတ်၍ တဖြုတ်မညံ ပဲ့တင်သံဖြင့် ခုန်ပျံနားဝဲ နေရာမြဲသို့ မစဲမိခင် ရောက်လာလျင်လျက် စွမ်းအင်ထကြွ တတ်အားလှသည် သီဟရာဇာ ကေသရာဟု

ဟူ၍၎င်း စပ်ဆိုသည်များကို ထောက်သဖြင့် ကေသရာခြင်္သေ့မင်းဂုဏ်ကို သိရသည်။

ပလ္လင်အထွတ် တံခါးတိုင်[edit]

ရာဇပလ္လင် ဥကင်မုတ်ထွတ် လက်ဝဲလက်ျာတံခါးတိုင် တည်ထားသည်မှာ ဥကင်မုတ်တံခါးဦးရှိသည် တကြောင်း၊ တရာ့ရှစ်ကွက် စက်လက္ခဏာတော်၌လည်း တံခါးတိုင်ပါသည် တကြောင်းကြောင့် ထားသည်။ တောရဏံ - တံခါးတိုင် ဟူ၍ ပါဠိ ရှိသည်။ ပါဒနက်သနလင်္ကာတွင်လည်း

ရောင်မောင်းပြာသာဒ် အထွတ်မြင့်ခိုင် တံခါးတိုင်နှင့်

ဟူ၍၎င်း စပ်ဆိုလေသည်။