ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၃

From Wikisource
Jump to navigation Jump to search
ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၃
by အမည်မသိ

၁။ နက္ခတ္တေဟိ ပရိဝါရော၊ သိနေရုဂိရိမုတ္တမော။

ဝိရောစတိ သကာဘာယ၊ ဩဘာသယံ သမန္တတော။

၂။ တတောပိ အတိက္ကန္တောဝ၊ ဆဟိ ရသ္မီဟိ ယော ဇိနော။

ဧဝမာဒိဂုဏောပေတော၊ ဌာတု မေ ဝရသီသကေ။

နက္ခတ္တေဟိ- ရောင်ခြည်တထောင် အလင်းဆောင်သည့် ထွန်းပြောင်ပဝင်း ရှင်နေမင်းမှ စသည်များစွာ နက္ခတ်တာရာအပေါင်းတို့ဖြင့်။

ပရိဝါရော- ခြံရံအပ်သော။

သိနေရုဂိရိမုတ္တမော- လောကတွင် ရှိရှိသမျှ တောင်တကာ တို့ထက် ဆတက်လွန်ကျူး တောင်ထူးတောင်မြတ် ဆတ်ဆတ်ဖြစ်လျှင်း မြင်းမိုရ်မင်းသည်။

သကာဘာယ- မိမိဝဲယာ ခြံရံကာ၍ ရောင်ဝါတင့်ထူး နက္ခတ်စုံဝင့်ကာမြူးသဖြင့် တင့်ထူးကျက်သရေ လက်လက်ဝေသော မိမိရောင်ခြည်ပန်းဖြင့်။

ဩဘာသယံ- ဩဘာသယန္တော- ရောင်ဝါရွှန်းအိ ထွန်းလင်းဘိလျက်။

သမန္တတော- ဝန်းကျင်ဒိသာ ရပ်မျက်နှာမှ။

ဝိရောစတိ- တောင်မင်းကျက်သရေ ပီပြင်လေအောင် ထွန်းပြောင်ရွှန်းမြ တင့်တယ်တောက်ပပါပေ၏။

တတောပိ- တောင်တကာထွတ်မှူး လွန်ကျူးမြင့်ပို ထိုမြင်းမိုရ်တောင်မင်း၏ တင့်တယ်ခြင်းထက်လည်း။

အတိက္ကန္တောဝ- ဤ၍ဤမျှ ဂဏန်းချ၍ မမှန်းဆနိုင်အောင် ကဲလွန်၍သာလျှင်။

ယောဇိနော- အကြင်ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။

ဆဟိ ရသ္မီဟိ- ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင်အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းအဝါအရောင် သလင်းအဝါအရောင် သလွဲအဝါအရောင် ရွဲအဝါအရောင်ကဲ့သို့ ဝါဝင်းသော ပီတရောင်ခြည် တော်,တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင်အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘောသာခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲ အဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ဝရဇိန်အဖြူရောင် ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းသော ဩဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်း မှိုင်းအုံ ရည်မှုန်သော အဆင်းရှိသော မဉ္ဖိဋ္ဌရောင်ခြည်တော်,မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုန်းကြူးသဏ္ဌာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ဝဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ ကူးကာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်ပါးသော ရောင်ခြည်တော်တို့ဖြင့်။

ဝိရောစတိ- ဖူးမြင်ရသူ နတ်လူဗြဟ္မာ သတ္တဝါဟူသမျှ ဖူးမြော်၍မဝအောင် ခြောက်ရောင်ခြည်စုံဖြာလင်း၍ ထွန်းလင်း တောက်ပတော်မူပါပေ၏။

ဧဝမာဒိ ဂုဏောပေတော- ဤသို့ ဆိုအပ်ခဲ့ပြီး ရောင်ခြည်ခြောက်လီ တင့်ထူးစည်သည့် များဘိလုံးစုံ ဂုဏ်ကျေးဇူးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။

မေ- မမ- ရှင်ပင့်ကိုးဂုဏ် ကြယ်ယုံမပြတ် ပွားများအပ်သော အကျွန်ုပ်၏။

ဝရသီသကေ- ကိုယ်အင်္ဂါတွင် အမြတ်တင်သည့် ဥတ္တမင်္ဂ ဦးသီသ၌။

ဌာတု- မယိမ်းမယိုင် ကျောက်စာတိုင်သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်ရွှင်ပြုံး သီတင်းသုံးတော်မူလှည့်ပါ ရောင်ခြည်တော် နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော် အလျှံကြွပါသည့် အောင်တော်မူသခင် အရှင်မြတ်ကြီးဘုရား။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse