ရောင်ခြည်တော်ဖွင့် ဘုရားပင့်

From Wikisource
Jump to navigation Jump to search
ရောင်ခြည်တော်ဖွင့် ဘုရားပင့်
by အမည်မသိ

(ပဋ္ဌာန်းအမွှန်း အနေနဲ့လည်း ပူဇော်နိုင်ပါသည်။)

နီလာ နီလာ နိစ္ဆရန္တိ ပီတာ ပီတာ စ ရံသိယော။

လောဟိတာ လောဟိတာ စာဘာ သြဒါတော ဒါတရံသိယော။

ပဋ္ဌာနံ၊ နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။

သမ္မသန္တဿ၊ အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန်အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။

နီလာ၊ ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနမှ။

နီလာ၊ ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော် တို့သည်။

နိစ္ဆရန္တိ၊ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ပီတာ စ၊ သိင်္ဂီရွှေလှော် အရေတော်မှလည်း။

ပီတာ၊ မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်းပပဝင်းကုန်သော။

ရံသိယော၊ ဝါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်။

နစ္ဆရန္တိ၊ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လောဟိတာ၊ အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖဝါးတော် လက်ဖဝါးတော်စသောကိုယ်တော်အစိတ်စိတ်မှ။

လောဟိတာ၊ ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော။

အာဘာ၊ နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်။

နိစ္ဆရန္တိ၊ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

သြဒါတာ၊ စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော် ဓါတ်မှ။

သြဒါတ ရံသိယော၊ စံပယ်ကြက်ရုံး ဇွန်ပန်းကုန်းနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ဝတ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်း အသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓါတ်တို့သည်။

နိစ္ဆရန္တိ၊ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

တမှာ တမှာ စ မဥ္ဇိဋ္ဌာ ပဘာသန္တိ ပဘဿရာ

ဧဝံ ဆဗ္ဗဏ္ဏရံသိယော ဌာတု မေ ဘဂဝါ သိရေ

တမှာ တမှာ၊ အထက်ဆံဖျားတော် တစ်လျှောက်မှ အောက်ခြေဖဝါးတော် တခို ထိုထိုကိုယ်တော်အစိတ်မှ။

မဥ္ဇိဋ္ဌာ စ၊ ခရမ်းသွေးအရောင်မရမ်းသွေးအရောင် တဝေဝေ တပြောင်ပြောင်သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်လည်းကောင်း။

ပဘဿရာ စ၊ နတ်မီးရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပျံ စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တို့သည်လည်းကောင်း။

ပဘာသန္တိ၊ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ဧဝံ၊ ဤသို့ ရောင်ခြည်တော်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွဲ့ဆိုခဲ့သည့်အတိုင်း။

ဆဗ္ဗဏ္ဏရံသိယော၊ အညိုတစ်ဖြာ အဝါတစ်လီ အနီတစ်ဆူ အဖြူတစ်ကြောင်း အမောင်းတစ်ချက် ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော။

ဘဂဝါ၊ ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွှတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော။

သော၊ ထို သုံးလောကညွန့်ဖူး နိဗ္ဗာန်မှူး ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်။

မေ၊ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓါတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။

သိရေ၊ ဦးခေါင်းပေါ်၌။

ဌာတု၊ ပဋ္ဌာန်းဉာဏ်သွား စျာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီး ဘုရား...

ဂမ္ဘီရာနန္တ ပဋ္ဌာနံ၊ မဟေသက္ခေဟိ မာနိတံ။

သဒ္ဓမ္မပါလကံ သဗ္ဗသုခဒံ တံ ဘဏာမ ဟေ။

ယံ ပဋ္ဌာနံ- လေးကြိမ်မြောက်လာ ရတနာဃရ သတ္တာဟ၌ ဓမ္မရှေ့ထား လွန်လေးစား၍ ဘုရားသခင် ဉာဏ်တော်မြင်ဖြင့် ဆင်ခြင်ကြည်နူး အထူးထူးလျှင် ရှေးဦး အဘိဓမ္မာ ကျမ်းခြောက်ဖြာဝယ် ရောင်ဝါမသန်း မထူးဆန်းဘဲ ပဋ္ဌာန်းရွှေစာ ဆင်ခြင်ကာမှ ရောင်ဝါခြောက်သွယ် ကြည်ညိုဖွယ်ဖြင့် ရပ်ဆယ်မျက်နှာ လွှမ်းလျက်သာလျှင် ဝေဖြာစေတတ် အကြင်ပဋ္ဌာန်း ဒေသနာတော်မြတ်သည်။

ဂမ္ဘီရံ- မြေထုတည်ရာ ရေပမာသို့ လွန်စွာခက်ခဲ နက်နဲလှပါပေ၏။

အနန္တံ- ပင်လယ်သမုဒ္ဒရာ ကြီးကျယ်ပါလည်း ဘေးမှာကမ်းခြေ ကာပေစကြဝဠာ ထက်မှာကောင်းကင် အောက်တွင်မြေထု ပိုင်းခြားပြု၏။ အထုနက်ဝှမ်း မြတ်ပဋ္ဌာန်းကား ဆုံးခန်းမမြင် အလွန်လျှင် ကြီးကျယ်လှသဖြင့် မက ပင်လယ် နက်ကျယ်ကြီးမား အဆုံးအပိုင်းအခြားမရှိ ဖြစ်တော်မူပါပေ၏။

မဟေသက္ခေဟိ- တန်ခိုးကြီးမား နတ်ဗြဟ္မာအများတို့သည်။

မာနိတံ- ရိုသေဆည်းကပ် မြတ်နိုးအပ်ပါပေ၏။

သဒ္ဓမ္မပါလကံ- သာသနာစခန်း၊ အစဉ်လန်းဖို့ ရှေ့တန်းခံတပ် လွန်မြင့်မြတ်သဖြင့် သုံးရပ် မှန်စွာ သာသနာကို မကွာမပျောက်အောင် စောင့်ရှောက်တတ်ပါပေ၏။

သဗ္ဗသုခဒံ- စိတ်လက်ချမ်းသာ ကိုယ်ချမ်းသာနှင့် ဖြာဖြာဆုလာဘ် ရစေတတ်၍ လူနတ် နိဗ္ဗာန် သုံးတန်ဆက်ကာ မြတ်ချမ်းသာကို ကောင်းစွာမသွေ ပေးတတ်ပါပေ၏။

တံပဋ္ဌာနံ- ပင်လယ်မက ကြီးကျယ်လှသည့် အနန္တခေါ်မှတ် အဆုံးအပိုင်းအခြား မရှိသော ထိုပဋ္ဌာန်း ဒေသနာတော်မြတ်ကို။

ဟေ- သဒ္ဓါရှေ့ရှု အလေးပြု၍ ယခုရောက်လာ ညီတညာဖြင့် များစွာစုပေါင်း အို သူတော်ကောင်း သူမြတ်လောင်းတို့။

မယံ- ရတနာသုံးပါး လေးစားမချို့ အကျွန်ုပ်တို့သည်။

ဘဏာမ- စေတနာစွမ်း သဒ္ဓါလန်း၍ အေးချမ်းခေမာ ရစေငှာဟု ကြည်သာစိတ်ဓာတ် အရှိန်ဟပ်လျက် မပြတ်မှန်စွာ ရွတ်ဖတ်သရဇ္ဈာယ်ကြပါကုန်စို့တကား။

ဘဏာမ- ရောင်ခြည်တော်ဖူးညွန့် ထွေးယှက်လိမ်လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်း သမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသောဉာဏ်ကသိုဏ်း သမာဓိဖလ်တံတိုင်းဖြင့် ဌာန်ကရိုဏ်းပီသစွာ စေတနာထွတ်အမြတ်ဖြင့် ရွတ်ဖတ်ကာ သရဇ္ဈာယ်ကြပါကုန်စို့။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse