ရေချမ်း ကပ်လှူမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၀။ ရေချမ်း ကပ်လှူမယ်
326977ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၀။ ရေချမ်း ကပ်လှူမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂ဝ)

ရေချမ်း ကပ်လှူမယ်

[edit]

ရွှေလှေစီးနတ်သမီးလေး ဘုရားရှင်လက်ထက်တော်အခါက ရဟန်း ၁၆ ပါးတို့သည် ဘုရားရှင်ကို ဖူးမြော်ပြီး တရားနာယူ လိုကြသည်ဖြစ်၍ မြတ်စွာဘုရား သီတင်းသုံးရာ သာဝတ္ထိပြည်သို့ ကြွလာကြသည်။ ခရီးဝေးမှ လာရ သဖြင့် ရဟန်းတို့သည် ပင်ပန်းနွမ်းနယ်လျက် ရှိကြသည်။ ရေလည်း ဆာနေကြသည်။ ထို့ကြောင့် ရေရနိုင် မည့်ရွာသို့ ကြွသွားကြသည်။ လမ်းခုလတ်တွင် ရေအိုးရွက်လာသော အမျိုးသမီးတစ်ဦးကို တွေ့သဖြင့် ထိုအမျိုးသမီးအနီး၌ ရပ်လိုက်ကြသည်။

အမျိုးသမီးသည် ရဟန်းတော်များ ရေဆာနေသည်ကို ရိပ်မိသဖြင့် ရဟန်းတော်များအား ကြည်ညို စိတ်ဖြင့် ရေကို ရိုရိုသေသေ ဆက်ကပ်လှူဒါန်းလိုက်သည်။ ရဟန်းတော်တို့သည်လည်း ထိုအမျိုးသမီးအား ရေလှူရခြင်း၏ အကျိုးတရားများကို ဟောကြားပြီး သာဝတ္ထိပြည်သို့ ဆက်လက်ကြွလာခဲ့ကြသည်။

ရေလှူခဲ့သည့် အမျိုးသမီးသည် သူ၏ ရေအလှူကို မကြာမကြာ ပြန်တွေးပြီး ပီတိဖြစ်နေမိ၏။ ထိုအမျိုးသမီး ကွယ်လွန်သောအခါ ရေလှူဒါန်းခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်၌ နတ်သမီး ဖြစ်၍ ကြီးကျယ်ခမ်းနားသော ဘုံဗိမာန်ကြီး၌ စံစားရလေသည်။ ထိုဗိမာန်ကြီးဘေးတွင် အလွန်သာယာ၍ ညင်ညင်သာသာ စီးဆင်းနေသည့် မြစ်တစ်စင်းလည်းရှိ၏။ ဥယျာဉ်ဗိမာန် တံခါးဝတွင် ပဒုမ္မာကြာများ | ဖွေးဖွေးလှုပ်ပွင့်နေသော လေးထောင့်ရေကန်ကြီးလည်း ရှိသည်။ နတ်သမီးသည် ထိုရေကန်ကြီးထဲ၌ ရွှေလှေကြီးကို စီးကာ နတ်သမီး အခြံအရံများနှင့်အတူ မြူးတူးကစားလျက် နေလေသည်။

ရေတော်ကပ်

[edit]

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူ သော မဟာကရုဏာသခင် ရှင်တော်မြတ်ဘုရားအား ဤကြည်လင်သန့်ရှင်း အေးမြသော ရေချမ်းတော် ကို လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။ ဤရေလှူရသောကောင်းမှုကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

ဆုတောင်း

[edit]

ကြည်လင်အေးမြ၊ ရေလှူရ၍၊
ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊
ကိုယ်ဝယ်တွင်းပြင်၊ ညစ်ကြေးစင်၊
ကြည်လင်အေးမြရပါလို၏ အရှင်ဘုရား။

ရေလှူရကျိုး

[edit]

သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊ စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ၊ ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။ ။