ရုပ်ပုံတော်ဖွင့် ဘုရားပင့်

From Wikisource
Jump to navigation Jump to search
ရုပ်ပုံတော်ဖွင့် ဘုရားပင့်
by အမည်မသိ

ပစ္ဆိမံ ဖလဒါနေန၊ ဗဟုံ ပစိတပါရမီ။

ယဿ ဝေသံ သုမာပေန္တိ၊ ကေနာပိ အသမံ သမံ။

အနုကမ္ပံ ဥပါဒါယ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ။

ဗဟုံ- ဤရွေ့ဤမျှ, ဂဏန်းချ၍, မရနှိုင်းညှိ, အတိုင်းမရှိရလေအောင်။

ပစိတပါရမီ- လေသချေင်္ကိန်း, ကပ်တသိန်းက, ထိန်းသိမ်းစုဆောင်း, ပါရမီတော်အပေါင်းတို့သည်။

ပစ္ဆိမံ ဖလဒါနေန- ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန်အကျိုးပေးသောအားဖြင့်။

ယဿ ဘဂဝတော- အကြင်ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏။

ဝေသံ- ရွှေမျက်နှာတော်, လက်ခြေတော်နှင့်, ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို။

ကေနာပိ- လူမင်း- နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတယောက်နှင့်မျှ။

အသမံ- လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ်ဝယ်တိုင်းတာ, မနှိုင်းသာ သည်ဖြစ်၍။

သမံ- တကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရစ်သိင်္ဂီ, နာရဏီမျှ, သာကီစင်သွေး, အယဉ်ကျေးဆုံးဖြစ်ရလေအောင်။

သုမာပေန္တိ- တက်သစ် နေဝန်း, ထွန်းသစ်- လစန်း, ပွင့်သစ်- ပန်းသို့, ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။

ဗုဒ္ဓေါ- လူတွင်အမြတ်, နတ်တွင်အမှူး, ချီးကျူးမကုန်, သုံးဘုံသခင်, ရှင်တော်မြတ်ဘုရားသည်။

အနုကမ္ပံ- အစဉ် ထောက်ထား, ညှာသနားသည်ကို။

ဥပါဒါယ- ငဲ့စောင်းရည်မှု, အကြောင်းပြု၍။

မေ(မမ)- ရုပ်နှင့် နာမ်သာ, ထိုနှစ်ဖြာကို, သက္ကာယစွဲ, အထင်လွဲ၍, ငါပဲသမုတ်,အကျွန်ုပ်၏။

သီသကေ- ဦးခေါင်းရတနာ, မြတ်ရာထားတင်, ဦးထိပ်ပြင်၌။

ဌာတု- ဘေးရန်ခပ်သိမ်း, ကင်းငြိမ်းစေမှု, မေတ္တာပြု၍, ကြည့်ရှုကိုယ်တိုင်, ခိုင်ခိုင်မတ်မတ်, ရပ်တန့်တည်နေတော်မူလှည့်ပါ, အသရေမဆုံး, နေတနှုန်းကဲ့သို့, ရွှေဘုန်းတော်သခင်, အရှင်မြတ်ကြီးဘုရား။

ကြည့်ရှုမှတ်သားဖွယ်[edit]

ဘုရားရှင်၏ ရူပကာယတော်[edit]

ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် လေးအသေချင်္နှင့် ကမ္ဘာတသိန်း ကာလပတ်လုံး စုဆောင်းဆည်းပူးတော်မူခဲ့သောကြောင့် ဤရွေ့ဤမျှရှိ၏ဟု ဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များပြားလှပေ၏။ ကမ္ဘာလောက၌ ရှိရှိသမျှ သတ္တဝါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတရာမြှောက်ပြီးလျှင် တဆူသောဘုရားရှင်၏ ပါရမီကုသိုလ်တော်နှင့် ပြိုင်ယှဉ်သည်ရှိသော် ဘုရားတဆူ၏ ကုသိုလ်ကောင်းမှုများကပင် သာလွန်ဖွယ်ရှိပါသည်။

ထိုမျှလောက် များပြားသော ပါရမီကုသိုလ်တော်များသည် ဘုရားရှင်၏ ရူပကာယတော်အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်များကို တံဆိပ်ခတ်နှိပ်လျက် တကိုယ်တော်လုံး ရွှေတုံးရွှေနှစ်သဖွယ် အလွန်တင့်တယ်သပ္ပာယ်စွာ ပြိုင်ဖက် ကင်းအောင် အယဉ်ကျေးဆုံး ကျက်သရေအရှိဆုံး ဖန်ဆင်းတော်မူထားပေသည်။ တက်သစ်စ,နေဝန်း ထွန်းသစ်စ,လစန်း ပွင့်သစ်စ,ပန်းကဲ့သို့ လောက၌ ဆန်းဆိုသမျှ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းထားသောကြောင့် ဘုရားရှင်၏ ရူပကာယတော်သည် ဖူးမြော်၍မဝ အားမရနိုင်အောင် ဖြစ်ကြရပေသည်။

ရွှေမျက်နှာတော် လက်ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန်[edit]

ချဲ့ဦးအံ့၊ ရှင်တော်မြတ်ဘုရား၏ မျက်နှာတော်ဝယ် ညိုမှောင်သော မျက်ခုံးနှစ်သွယ်၏ အလယ်အကြား၌ “ဥဏ္ဏလုံ”ခေါ် ဆွတ်ဆွတ်ဖြူသော မွေးရှင်တော် မြတ်သည် ဆန့်၍ထားလျှင် နှစ်တောင်ခန့်ရှည်လျား၍ ပင်ကိုယ်အတိုင်း ထားလျှင် ငွေနန်းချည်မျှင် ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် စိန်အစစ်တင်ထားသည့်ပမာ လွန်စွာကျက်သရေရှိလှပေသည်။ ရွှေဝါရောင် အသားအရေပေါ်ဝယ် မျက်ခုံးတော်နှစ်သွယ်၏ ညိုမှောင်မည်းနက်သော အရောင်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤ“ဥဏ္ဏလုံ”ခေါ် မွေးရှင်တော်မြတ်သည် မျက်နှာတော်ကို ပေါ်လွင်အောင် ဆင်ထားသကဲ့သို့ အများတကာ ဖူးမြင်မဝအောင် အထူးပင်ထင်ရှားလှပေသည်။

“ဥဏ္ဏလုံ”ခေါ် မွေးရှင်တော်မြတ်၏ အောက်နား၌ ဝဲယာနှစ်ဘက်က မျက်တောင်တော်များကလည်း အထက်သို့ အဖျားများကော့လျက် မွေးရှင်တော်မြတ်ကို မော်၍ဖူးမြော်သကဲ့သို့ ထင်ရပေသည်။ ပတ္တမြားလုံး တင်ထားသကဲ့သို့ ခပ်မို့မို့ ထင်လင်းသည့် မျက်လုံးတော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူတော်၏ အလယ်အချက်က မျက်နက်ဝန်းတော်မှာမူ ကုမုဒြာကြာဖြူပန်းအတွင်းမှ ပိတုန်းကလေးများ ထွက်ပြူနေသည့်ပမာ ရှိနေပါသည်။

မျက်လုံးတော်နှစ်ဘက် အလယ်မှ အောက်သို့သက်သော နှာတံတော်သည်ကား မပိမပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သည့်ပမာ ရှိနေပါသည်။ နှုတ်းခမ်းတော်အစုံအထွက်မှာ ဟင်္သာပြဒါးရည်ဖျန်းပက် သကဲ့သို့ ရက်ရက်စက်စက် နီးမြန်းတော်မူပြီးလျှင် စိန်အစဉ်စီထားသလို ထင်မှားလောက်သော သွားတော် အစဉ်၏ ဖြူဆွတ်ပုံကိုပင် ပြုံးတော်မူသည့်အခါ ကျက်သရေချင်းပြိုင်ယှဉ်မည်ကဲ့သို့ ထင်ပေသည်။ ဤသို့ အမြွက်မျှပြအပ်သော ရွှေမျက်နှာတော်နှင့်တကွ ပြေပြစ်ညက်ညောသော လက်တော်ခြေတော် ညီညွတ်ခန့်ညားသော အလုံးအရပ်တော်စသည့် ဘုရားရှင်၏ ရူပကာယအနေ ကျက်သရေတော်သည် နတ်ဗြဟ္မာအပေါင်း၏ မျက်လုံးကို စုရုံးဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍ မဝနိုင်အောင် ရှိလှပေသည်။

တလံမျှလောက် အမြဲထွန်းတောက်ပနေသော ရောင်ခြည်တော်ဝန်းရှိ၍ ဦးထိပ်ဆံဖျားပေါ်၌ ရောင်ခြည်တော်တွေ စုတက်ကာ ထွန်းဖြာလျက်ရှိသော “ကေတုမာလာ”ခေါ် ရောင်လျှံတော်တမျိုးကလည်း ရှိသေးသည်။ ကွန့်မြူးစံပယ်လိုသောအခါ အိမ်လုံးတောင်လုံးခန့်မျှမက ကြီးမားလှစွာ ကွန့်မြူးဖြာထွက် လာသော ရောင်ခြည်တော်ခြောက်သွယ်တို့မှာလည်း ရှုမဝဖွယ် တင့်တယ်သောကျက်သရေကို ဆောင်တော်မူလျက် ရှိပေသည်။

ဤသို့လျှင် ဘုရားရှင်သည် လွန်စွာကြီးမား ထင်ရှားသိသာလှသော အရောင်အလင်း အဆင်းတော်အားဖြင့်သာ တင့်တယ်ခြင်း အသရေတော်ကို ဆောင်နိုင်တော်မူသည် မဟုတ်သေး။ ရပ်တော်မူပုံ လှမ်းကြွတော်မူပုံ ထိုင်တော်မူပုံ လျောင်းတော်မူပုံနှင့် တရားဓမ္မဟောပြောဆုံးမတော်မူပုံ စသည်တို့မှာလည်း ရှုကြည့်မဝ နားထောင်၍ အားမရနိုင်လောက်အောင် တင့်တယ်ခြင်း အသရေကို ဆောင်တော်မူနိုင်ပေသည်။

ခန္ဓာကိုယ်အရေးနှင့်စပ်၍ နောက်ထပ်အကျိုးပေးစရာ မကျန်အောင် အစွမ်းကုန် အဆုံးစွန် အကျိုးပေးထားသည်ဖြစ်သောကြောင့် နတ်လူဗြဟ္မာ မည်သူနှင့်မျှ မယှဉ်သာအောင် အတင့်တယ်ဆုံး အသပ္ပာယ်ဆုံး အယဉ်ကျေးဆုံး ကျက်သရေအရှိဆုံး ဖြစ်တော်မူရပေသည်။ ဤသို့ ဖူးမြော်၍ မဝနိုင်အောင် လွန်စွာသပ္ပာယ်သော ဘုရားရှင်၏ ကျက်သရေတော်များကား “သီရိဘုန်းတော် ဂုဏ်တော်” များပင် ဖြစ်ပေသည်။

ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ[edit]

“ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်” စီးဖြန်းပွားများရာ၌ ဘုရားရှင်၏ ပုံတော်ဒြပ်တော်ကို အာရုံပြု၍ မစီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်ဟု ပြောကြသည်၊ ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပယ်ပုံသည် ဘဂဝါဂုဏ်တော်၌ ပါဝင်သော“သီရိဘုန်းတော်”ပင်တည်း။ ထို့ကြောင့် ရုပ်ပုံတော်ဖွင့်ကို စဉ်းစားသောအခါ ဘုရားရှင်၏ အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန်တင့်တယ်တော်မူပုံ တခါတရံ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် သာ၍သပ္ပာယ်တော်မူပုံ ထိုမျှလောက် တင့်တယ်သပ္ပာယ်သော ကိုယ်တော်ဖြင့် အားလပ်ခွင့်မရအောင် သတ္တဝါများ၏ အကျိုးကို ပရိနိဗ္ဗာန်စံတော်မူချိန်အထိ ဆောင်ရွက်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာထင်မြင်လာပါလိမ့်မည်။ ယင်းသို့ ထင်မြင်လာသော ဘုရားအာရုံကို ပျောက်ကွယ်မသွားစေပဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမှုကို “ဗုဒ္ဓါနုဿတိ=ဘုရားကို အဖန်ဖန် အထပ်ထပ် အမှတ်ရနေသော ကမ္မဋ္ဌာန်း”တမျိုးဟု မှတ်ပါလေ။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse