ရုက္ခဓမ္မဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၇၄။ ရုက္ခဓမ္မဇာတ်

ဧကကနိပါတ်-ဝရုဏဝဂ်

၄။ ရုက္ခဓမ္မဇာတ်

ညီညွတ်သည်ရှိသော် သစ်ပင်ကိုသော်လည်း သူမညှဉ်းဆဲနိုင်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် သာဓူ သမ္ဗဟုလာ ဉာတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆင်အပ်သော ဤ ရုက္ခဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရေ၏အကြောင်းကြောင့် ခိုက်ရန်ဖြစ်သောအခါ၌ ကိုယ်တော်၏ ဆွေတော်မျိုးတော်တို့အား ဖြစ်လတ္တံ့သော ကြီးစွာသောပျက်စီးခြင်းကိုသိတော်မူ၍ ကောင်းကင်ခရီးဖြင့်ကြွသွားတော်မူ၍ ရောဟိဏီမြစ်၏အထက်၌ ထက်ဝယ်ဖွဲ့ခွေသဖြင့်နေတော်မူပြီးလျှင် ညိုသောရောင်ခြည်ကိုလွှတ်တော်မူ၍ ဆွေတော် မျိုးတော်တို့ကို ထိတ်လန့်စေ၍ ကောင်းကင်မှသက်တော်မူပြီးလျှင် မြစ်နား၌နေတော်မူလျှက် ထိုခိုက်ရန် ဖြစ်ခြင်း ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုသို့ ဆိုအပ်ခဲ့ပြီးသောစကားသည် ဤရုက္ခဓမ္မဇာတ်၌ အကျဉ်းသလျင်ကည်း၊ အကျယ်ကား ကုလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။

ထိုအခါ၌ကား မြတ်စွာဘုရာသည် ဆွေမျိုးမည်ကုန်သော သင်တို့သည် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည်ဖြစ်ခြင်းငှါ သင့်၏။ ထိုစကားသည်မှန်၏။ ဆွေမျိုးတို့၏ ညီညွတ်ခြင်းသည်ရှိသော် ရန်သူတို့သည် အခွင့်မရကုန်၊ ရှေးဦးစွာ လူဖြစ်သောသူတို့ကို ထားဘိကုန်ဦးလော၊ စိတ်စေတနာမရှိကုန်သော သစ်ပင်တို့အားလည်း ညီညွတ်ခြင်းကိုရခြင်းငှါ သင့်၏။ ထိုစကားသည်မှန်၏။ လွန်လေပြီးသောအခါ ဟိမဝန္တာတောအရပ်၌ လေကြီးသည် အင်ကြင်းတောကိုတိုက်၏။ ထိုအင်ကြင်းတော၏ကား အချင်းချင်း သစ်ပင်ကြီးသစ်ပင်ငယ် ချုံနွယ်တို့ဖြင့် စပ်သည်၏အဖြစ်ကြောင့် တခုသော သစ်ပင်မျှကိုလည်း လဲစိမ့်သောငှာမတတ်နိုင်၊ သစ်ပင်တကာတို့၏ ထိပ်ဖျားဖြင့်သာလျှင် သွားရ၏။ လွင်ပြင်၌ရောက်သော အခက်အခွနှင့်ပြည့်စုံသော တခုသောသစ်ပင်ကြီးကို တပါးသောသစ်ပင်နှင့် မစပ်သည်၏အဖြစ်ကြောင့် အမြစ်ကိုနုတ်၍ မြေ၌ လဲစေ၏။ ဤအကြောင်းကြောင့် သင်တို့သည် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည်ဖြစ်ခြင်းငှာ သင့်၏ဟုမိန့်တော်မူ၍ ထိုဆွေတော်မျိုးတော်တို့သည် တောင်းပန်အပ်ကုန်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ရှေးဦးစွာဖြစ်သော ဝေဿဝဏ်နတ်မင်းကြီးသည် စုတေ၍ သိကြားမင်းသည် တဦးသောဝေဿဝဏ်ကိုလဲ၍ နောက်မှဖြစ်သော ဝေဿဝဏ်သည် သစ်ပင်ကြီးသစ်ပင်ငယ်ချုံနွယ်တို့၌ ဗိမာန်ကို မိမိမိမိတို့၏နှစ်သက်ရာအရပ်၌ ယူစေကုန်လောဟု သတင်းစကားကို စေလိုက်၏။ ထိုအခါ ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ တခုသောအင်ကြင်းတော၌ ရုက္ခဇိုဝ်းနတ်၏အဖြစ်ဖြင့် ဖြစ်၏ ထိုဘုရားလောင်းသည် ဆွေမျိုးတို့ကို သင်တို့သည် ဗိမာန်တို့ကိုယူကုန်သည်ရှိသော် လွင်ပြင်၌ရောက်သောသစ်ပင်တို့ကို မယူကြကုန်လင့်၊ ဤအင်ကြင်းတော၌ ငါသည်ယူအပ်သောဗိမာန်ကို ခြံရံ၍တည်သော ဗိမာန်တို့ကို ယူကုန်လောဟု ဆို၏။ ထိုနတ်အပေါင်းတို့တွင် ဘုရားလောင်းစကားကို နားထောင်ကုန်သော ပညာရှိနတ်တို့သည် ဘုရားလောင်းဗိမာန်ကိုခြံရံ၍ရောက်သော ဗိမာန်ကိုယူကုန်၏။ ပညာမရှိသောနတ်တို့သည်ကား တောဗိမာန်ဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့သည် လူ့ပြည်၌သာလျှင် ရွာ နိဂုံးမင်းနေပြည်တံခါး၌ ဗိမာန်တို့ကိုယူကုန်အံ့၊ ထိုစကားသည် မှန်၏။ လူ့ရွာ အစရှိသည်တို့ကို မှီ၍နေကုန်သောနတ်တို့သည် လာဘ်လာဘ အအခြံအရံအစုကို ရကုန်သည်ဖြစ်ကုန်၏ဟု လူ့ပြည်၌ လွင်ပြင်အရပ်၌ဖြစ်သော သစ်ပင်ကြီးတို့၌ ဗိမာန်တို့ကို ယူကုန်၏။

ထိုအခါ တနေ့သ၌ ကြီးစွာသောလေနှင့်တကွသော မိုဃ်းရွာခြင်းသည်ဖြစ်၏။ ထိုလေ၏ အလွန်အားရှိသည်၏အဖြစ်ကြောင့်သာလျှင် မြဲသောအမြစ်ရှိသော သစ်ပင်ကြီးတို့သည်လည်း ကျိုးသော အခက်အခွရှိကုန်သည်ဖြစ်၍ အမြစ်နှင့်ကကွ လဲကုန်၏။ အချင်းချင်းစပ်ကြသဖြင့်တည်သော ထိုအင်ကြင်းတောသို့ကားရောက်၍ ထိုမှဤမှတိုက်သည်ရှိသော် တခုသောသစ်ပင်ကိုသော်လည်း လဲစေခြင်းငှာ မတတ်နိုင်၊ ပျက်စီးသောဗိမာန်ရှိသောနတ်တို့သည် ကိုးကွယ်ရာမရှိကုန်သည်ဖြစ်၍ သူငယ်တို့ကိုလက်ဆွဲကုန်လျက် ဟိမဝန္တာသို့သွား၍ ထိုအကြောင်းကို အင်ကြင်းတောနတ်တို့အား ပြောဆိုကြကုန်၏။ ထိုအင်ကြင်းတောနတ်တို့သည် နတ်တို့လာသောအဖြစ်ကို ဘုရားလောင်းရုက္ခဇိုဝ်းနတ်အား ကြားကုန်၏။ ထိုဘုရားလောင်းနတ်မင်းသည် ပညာရှိတို့၏ စကားကိုမယူမူ၍ အထောက်အပံ့မရှိသောအရပ်သို့ သွားကုန်သောသူတို့မည်သည်ကား ဤသို့သဘောရှိသည် ဖြစ်ကုန်၏ဟု ဆို၍ တရားဟောလိုရကား-

၇၄။ သာဓူ သမ္ဗဟုလာ ဉာတီ၊ အပိ ရုက္ခာ အရညဇာ။
ဝါကော ဝဟတိ ဧကဋ္ဌံ၊ ဗြဟန္တံပိ ဝနပ္ပတိံ။

ဟူသော ဤဂါထာကို ဆို၏။

၇၄။ ဉာတီ၊ ဆွေးမျိုးတို့သည်။ သမ္ဗဟုလာ၊ များကုန်မူကား။ သာဓူ၊ ကောင်းကုန်၏။ အရညဇာ၊ တော၌ဖြစ်ကုန်သော။ ရုက္ခာ အပိ၊ သစ်ပင်တို့သည်လည်း။ သမ္မဟုလာ၊ များကုန်မူကား။ သာဓူ၊ ကောင်းကုန်၏။ ဧကဋ္ဌံ၊ တပင်တည်းသာ တည်သော။ ဗြဟန္တံ၊ ကြီးစွာသော။ ဝနပ္ပတိမ္ပိ၊ တောစိုး သစ်ပင်ကိုလည်း။ ဝါတာ၊ လေသည်။ ဝဟတိ၊ လှည်းနိုင်၏။

ထိုသို့ ဘုရားလောင်းရုက္ခဇိုဝ်းနတ်မင်းသည် ဤအကြောင်းကို ဆိုပြီး၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း မင်းကြီးတို့ ဤသို့လျှင် ရှေးဦးစွာ ဆွေမျိုးတို့၏ညီညွတ်ခြင်းကိုသာလျှင် ရခြင်းငှာသင့်၏။ ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကုန်သည်ဖြစ်၍ ချမ်းသာနေခြင်းဖြင့်သာလျှင်နေကြကုန်လောဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ နတ်တို့သည်ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသောနတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ညီညွတ်သည့်အား၊ ဆောင်၍ထား၊ အများအမြောင်ရန်ကိုအောင်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ရုက္ခဓမ္မဇာတ်သည် ပြီး၏။

*****