ရက်လခါကျော်-ချီ ရတု

From Wikisource
Jump to navigation Jump to search
ရက်လခါကျော်-ချီ ရတု
by နတ်သျှင်နောင်
ရွှေဆံတော် ဘုရားတိုင်ရတု

၁။ ရက်လခါကျော်၊ နတ်စက်ပျော်သား၊ မည်ခေါ်သန်ဦး၊ ဝါသို့ကူးက၊ ပျံ့ပျူးမိုဃ်းစည်၊ လျှပ်စက်ခြည်နှင့်၊ ခြောက်ပြည်မက၊ အစိုးရသား၊ သူဇာ့သက်မှတ်၊ မြရည်ဆွတ်၍၊ မွတ်မွတ်လိမ်းချေ၊ ထုံးနေတိုင်းမြဲ၊ သင်းတွဲစိန့်ပြည်၊ စုံခြည်ကွက်ကတ်၊ တုလွတ်မျက်နှာ၊ သိင်္ဂခြယ်သန်း၊ စိန်ပန်းပွင့်ညီ၊ သရီကိုယ်ထည်[1]၊ ရစ်လည်သတောင်း၊ ပန်းပေါင်းကြိုင်မြဲ၊ အုံးဆင်နွဲလျက်၊ မြခဲတန်းဆောင်[2]၊ မတော်ခေါင်ကြောင့်၊ လက်ဆောင်ရှိအုပ်၊ ထိပ်ထက်ရုပ်၍၊ ကျွန်ုပ်သာပျော်၊ တိုင်လျှောက်ဖော်အံ့၊ မည်ခေါ်ပတ်ဝန်း၊ သောင်းလုံးမွှမ်းသည်။ ။ ဆံပန်းကေသာမြ တကား။

၂။ မြွက်ဟသာပျော်၊ လျှောက်သည်သော်မူ၊ ရာကျော်ထောင်သောင်း၊ ဘဝပေါင်းလည်း၊ မပြောင်းရွှေရင်[3]၊ စုံကြချင်ဟု၊ မြေပြင်ပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ကြော့လန်းရည်တူ၊ တင့်မျိုးဟူက၊ မည်သူမျှ၊ ဘက်မရသား၊အမျာ့းသက်ခန့်၊ နောင်ဘုန်းညွန့်လျှင်၊ မတန့်လွန်ကျူး၊ ဆိုစဦးက၊ ပျံ့ပျူးချိုပြား၊ နာသူနားဝယ်၊ ပျော်ပါးဘွယ်တိ၊ ကြားသော်ရှိလိမ့်[4]၊ မျက်စိစိတ်ဝမ်း၊ ခွဲခြမ်းထွေပြား၊ ချစ်သူများကြောင့်၊ တိမ်းပါးတွန့်တို့၊ မည်သို့ကျိုးနေ[5]၊ မရှိလေဟု၊ ရိုသေထိပ်တက်၊ စုံသည်လက်ဖြင့်၊ ငယ်ဘက်ရန်ဝန်း၊ မြွက်ဆိုမှန်းသည်။ ။ စံခန်းလေသာက တကား။

၃။ တွက်ဆရှာသော်၊ သုံးရွေဘော်နှင့်၊ မြဲတော်နေကျ၊ မမှတ်ရတည့်၊ ကျိုင်းမြညိုရောင်၊ ညီများနောင်လျှင်၊ ယုံအောင်ချိုသာ၊ နှုတ်ပျူဟာနှင့်၊ မယ့်မှာလှည်ဖြား၊ ဆိုသည်များကို၊ မှတ်သားပေဘွယ်[6]၊ သူတို့ဝယ်လည်း၊ သည်နှယ်သို့ချည်း၊ ဝမ်းနည်းမပြေ၊ ကျိုးနေမဲ့ဘိ၊ တွေးခေါ်ရှိ၏၊ မျက်စိစိတ်တွင်၊ လူတို့ထင်ခဲ့၊ သောင်းခွင်ရပ်သူ[7]၊ နတ်လူညွတ်ခ၊ တောင်းတိုင်းရသည်၊ လောကထွတ်တင်၊ မြတ်ချစ်ရှင်လျှင်၊ ဆံမျှင်မြူရှိ၊ ကြွင်းမဲ့သိလော့၊ ဂတိဖြူထွတ်၊ ကျွန်ုပ်မှတ်ကား၊ လွမ်းဆွတ်ချစ်ပန်း၊ ညှိုးမမြန်းသည်။ ။ ရံဝန်းနေသာစွ တကား။

မူကွဲ[edit]

  1. သရီးကိုယ်ထည် [မ]
  2. မြခဲဆင်းရောင် [ရ]
  3. မညောင်းရွှေရင် [ရ]
  4. ကြာသော်ရှိလိမ့် [ရ]
  5. မည်သို့ထွေထွေ [မ]
  6. မှတ်မှားပေဘွယ် [မ]
  7. သုံးခွင်ရပ်သူ [ရ]


မှတ်ချက်

  • [ရ] - နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ် မူတည် ရတု
  • [မ] - မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူ
  • တောင်ငူမြို့အနောက် နန်းတော်ရာကုန်း၏ တောင်ဘက်တွင်ရှိသော ရွှေဆံတော်ဘုရားကို ဆိုလိုဟန်တူ၏၊ တောင်ငူရာဇဝင်သမိုင်းတွင် ၎င်းကို မဟာ သီဟ သူရ ဓမ္မရာဇာ တည်သည်ဟု ဆို၏၊ လုံးပတ်သံတောင် (၁၅၄၀) ရှိ၏။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.