မြန်မာအမျိုးသားလေကြောင်းဥပဒေ

From Wikisource
Jump to navigation Jump to search

မြန်မာအမျိုးသားလေကြောင်းဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၂။)

၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ


၁။ ဤဥပဒေကို မြန်မာအမျိုးသားလေကြောင်းဥပဒေ ဟုခေါ်တွင်စေရမည်။


၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်-

(က) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနကို ဆိုသည်။
(ခ) မြန်မာအမျိုးသားလေကြောင်း ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာအမျိုးသားလေကြောင်းကို ဆိုသည်။
(ဂ) စီမံခန့်ခွဲရေးအဖွဲ့ဆိုသည်မှာ ဤဥပဒေပုဒ်မ ၈ အရဖွဲ့စည်းသော မြန်မာအမျိုးသားလေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ကို ဆိုသည်။
(ဃ) လေကြောင်းလုပ်ငန်း ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၇ ပါမြန်မာအမျိုးသားလေကြောင်းက လုပ်ကိုင်ဆောင် ရွက်သည့် လုပ်ငန်းများ ကိုဆိုသည်။
(င) အမှုဆောင်အရာရှိချုပ် ဆိုသည်မှာ မြန်မာအမျိုးသားလေကြောင်း၏ အကြီးအမှူးကိုဆိုသည်။
(စ) ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ၊ အဖိုးစားနား သို့မဟုတ် သဘောတူညီချက်ဖြင့် ဆောင်ရွက်ပေးသည့်လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် လေကြောင်းဖြင့် ခရီးသည်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း၊ ဖျော်ဖြေမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့က ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်ဟုအခါအားလျော်စွာ သတ်မှတ် သည့် လုပ်ငန်းများလည်းပါဝင်သည်။

အခန်း(၂)

ရည်ရွယ်ချက်များ


၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြန်မာအမျိုးသားလေကြောင်းလုပ်ငန်းကို နည်းလမ်းတကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအမျိုးသား လေကြောင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့အား လုပ်ပိုင်ခွင့်များ အပ်နှင်းနိုင်ရန်၊
(ခ) မြန်မာအမျိုးသားလေကြောင်းလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လေကြောင်းခရီးသွားလာမှုတွင် ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုရှိစေရန်၊
(ဂ) မြန်မာအမျိုးသားလေကြောင်း၏ စီမံအုပ်ချုပ်မှုနှင့် ငွေကြေးသုံးစွဲမှု စနစ်များကိုစျေးကွက်စီးပွားရေးစနစ်နှင့် အညီ စီးပွားရေး ဆန်ဆန်လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်၊
(ဃ) မြန်မာအမျိုးသားလေကြောင်းလုပ်ငန်းများကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြုပ်နှံသူများအား စည်းကမ်းချက်များ သတ်မှတ်၍ စနစ်တကျလုပ်ကိုင်ခွင့် ပြုနိုင်ရေးအတွက် မြန်မာအမျိုးသားလေကြောင်းကို ပြောင်းလဲဖွဲ့စည်းရန်၊
(င) မြန်မာအမျိုးသားလေကြောင်းကို အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ပါဝင် ဆောင်ရွက် နိုင်ရန်။

အခန်း(၃)

မြန်မာအမျိုးသား လေကြောင်းဖွဲ့စည်းခြင်း


၄။ (က) မြန်မာအမျိုးသားလေကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသည့် ဖွဲ့စည်းပုံအတိုင်းဖွဲ့စည်း တည်ထောင်ထားရှိရမည်။

(ခ) မြန်မာအမျိုးသားလေကြောင်းသည် ဤဥပဒေအရ သတ်မှတ်ပေးသည့်လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။


၅။ ဝန်ကြီးဌာနသည်-

(က) ဤဥပဒေအာဏာမတည်မီက ဖွဲ့စည်းခဲ့သည့်မြန်မာ့လေကြောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ဤဥပဒေအရ ဖွဲ့စည်းသောမြန်မာအမျိုးသားလေကြောင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့်အခါ ယင်းဝန်ထမ်း များ ယခင်ကမြန်မာ့လေကြောင်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရရှိခဲ့သည့်ရာထူးတာဝန်နှင့် ရပိုင်ခွင့်အောက် လျော့နည်းခြင်း မရှိစေရန် ညှိနှိုင်းဆောင်ရွက် ပေးရမည်။
(ခ) ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် ဆန္ဒမပြုသော ဝန်ထမ်းများကို ဝန်ကြီးဌာနလက်အောက်ရှိ သင့်လျော်သည့်ဌာန၊ အဖွဲ့အစည်း တစ်ခုခုသို့ လွှဲပြောင်းပေးနိုင်သည်။
(ဂ) ဤဥပဒေအရ ဖွဲ့စည်းသည့်မြန်မာအမျိုးသားလေကြောင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော ဝန်ထမ်းများ အတွက် ကရုဏာ ကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်၊ အငြိမ်းစားယူမှုဆိုင်ရာ ကိစ္စရပ်များအား ယင်းတို့တာဝန်ထမ်းဆောင်ခဲ့သော အချိန်ကာလအတိုင်း တွက်ချက်၍ ခွင့်ပြုပေးရမည်။


၆။ မြန်မာအမျိုးသားလေကြောင်းသည်-

(က) စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ဆောင်ရွက်ရန်တရားဝင်လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း ဖြစ်သည်။
(ခ) နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကိုလည်းကောင်း၊ ဝန်ကြီးဌာနကပိုင်ဆိုင်သော ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့်ပေးရန် တာဝန်များ ကိုလည်းကောင်းဆက်ခံရမည်။
(ဂ) မိမိပိုင်ဆိုင်သည့် သို့မဟုတ် ဆက်ခံရရှိသည့်ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်း နိုင်သောပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်ကလွှဲအပ်ပေးသော သို့မဟုတ် လုပ်ကိုင်ခွင့်ရရှိသောမြေ၊ အဆောက် အအုံ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ လေယာဉ်နှင့် သက်ဆိုင်သည့်ယာဉ်၊ ယန္တရား၊ စက်ပစ္စည်းကိရိယာတန်ဆာပလာများ၊ ကုန်ပစ္စည်းစသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်းရယူခွင့်၊ လက်ဝယ် ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိသည်။
(ဃ) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲ ဆိုခံနိုင်ခွင့် ရှိသည်။

အခန်း(၄)

မြန်မာအမျိုးသားလေကြောင်း၏ လုပ်ငန်းအမျိုးအစားများ


၇။ မြန်မာအမျိုးသားလေကြောင်းသည် သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အောက်ပါလုပ်ငန်းများကို ဆောင်ရွက် နိုင်သည်-

(က) ပြည်တွင်းပြည်ပလေကြောင်းခရီးစဉ်နှင့် စင်းလုံးငှားခရီးစဉ်များ ပြေးဆွဲခြင်း၊
(ခ) ပြည်တွင်းပြည်ပ လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း၊ အခြားသောဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုးတို့ကို ဆောင်ရွက်ခြင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) လေယာဉ်ဆီ၊ စက်ဆီ၊ ချောဆီများဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊
(ဃ) လေယာဉ်တင် အစားအစာလုပ်ငန်းဆောင်ရွက်ခြင်း၊
(င) ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများနှင့် လက်မှတ်အရောင်းကိုယ်စားလှယ် လုပ်ငန်းဆောင်ရွက်ခြင်း၊
(စ) ပြည်တွင်းပြည်ပလေကြောင်းလိုင်းများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူတို့နှင့်သီးခြား လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆို၍ ဖက်စပ်ကုမ္ပဏီ ထူထောင်ဆောင်ရွက်ခြင်း၊
(ဆ) ပြည်တွင်းပြည်ပမှ လေယာဉ်နှင့်လေယာဉ်၏ ဆက်စပ်ပစ္စည်များငှားရမ်းလုပ်ကိုင်ခြင်း၊
(ဇ) ပြည်တွင်းပြည်ပမှ လေကြောင်းလိုင်းများ၏ လေယာဉ်များ အကြီးစားနှင့် အသေးစားပြုပြင်ထိန်းသိမ်းခြင်း၊
(ဈ) လေယာဉ်မှူး၊ လေယာဉ်သား၊ စက်မှုအင်ဂျင်နီယာ၊ စက်ပြင်နှင့်ကျွမ်းကျင်ဝန်ထမ်းများ စုဆောင်းခြင်း၊ ငှားရမ်း ခြင်းလုပ်ငန်း များဆောင်ရွက်ခြင်း၊
(ည) လေကြောင်းဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ်၍ နိုင်ငံသားသို့မဟုတ် နိုင်ငံခြားသားလေယာဉ်မှူး၊ လေယာဉ်သား၊ စက်မှုအင်ဂျင်နီယာ၊ စက်ပြင်နှင့် ကျွမ်းကျင်ဝန်ထမ်းများလေ့ကျင့်မွေးထုတ်ပေးသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဋ) လေယာဉ်အရန်ပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဌ) လေယာဉ်စီး ခရီးသည်များကို မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဍ) လေဆိပ်ဟိုတယ် လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဎ) မြန်မာအမျိုးသားလေကြောင်း၏ မတည်ငွေများနှင့် အများပြည်သူတို့၏ အစုရှယ်ယာများဖိတ်ခေါ်ထည့်ဝင်စေပြီး အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်း အဖြစ် တည်ထောင်ပြီးလုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း၊
(ဏ) လေကြောင်းအာမခံလုပ်ငန်းများကို သင့်လျော်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(တ) ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်ပေးသည့် လေကြောင်းလုပ်ငန်းများကိုဆောင်ရွက်ခြင်း။

အခန်း(၅)

စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း


၈။ ဝန်ကြီးဌာနသည် မြန်မာအမျိုးသားလေကြောင်းက လေကြောင်းလုပ်ငန်းများကို စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ဆောင်ရွက်ရာတွင် ကြီးကြပ်လမ်းညွှန်ဦးဆောင်မှုပေးနိုင်ရန် စီမံခန့်ခွဲရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကိုးဦးထက် မပိုသောအောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(က) ဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးသူ ဥက္ကဋ္ဌ
(ခ) အမှုဆောင်အရာရှိချုပ် အဖွဲ့ဝင်
(ဂ) ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ ဥပဒေပညာရှင်တစ်ဦး အဖွဲ့ဝင်
(ဃ) စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦး အဖွဲ့ဝင်
(င) စီမံခန့်ခွဲရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦး အဖွဲ့ဝင်
(စ) ဝန်ကြီးဌာနက ရွေးချယ်တာဝန်ပေးသည့် ကိုယ်စားလှယ်များ အဖွဲ့ဝင်
(ဆ) ဥက္ကဋ္ဌက ခန့်အပ်သူတစ်ဦး အတွင်းရေးမှူး

၉။ စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးကျင်းပခြင်းကိစ္စများနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။


၁၀။ စီမံခန့်ခွဲရေးအဖွဲ့သည် အစည်းအဝေးသို့ တင်ပြသည့်ကိစ္စရပ်အားလုံးကို အစည်းအဝေးတက်ရောက်လာသည့် အဖွဲ့ဝင်အများစု၏ မဲဆန္ဒဖြင့် ဆုံးဖြတ်ဆောင်ရွက်ရမည်။


၁၁။ (က) ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ်ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးသည် ယင်းအား မခန့်ထားမီကာလက ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်းကို ထိခိုက်ဖွယ်ရာရှိသည့် ငွေရေးကြေးရေး အကျိုးခံစားခွင့် သို့မဟုတ် အခြားအကျိုး သက်ဆိုင်ခွင့်များနှင့် ကင်းရှင်းသူဖြစ်ရမည်။

(ခ) ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးသည် စီမံခန့်ခွဲရေးအဖွဲ့က ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် ပဋိညာဉ်တွင်သော် လည်းကောင်း၊ ရောင်းမှု၊ ဝယ်မှု သို့မဟုတ် ငှားရမ်းမှုတစ်ခုခုတွင် သော်လည်းကောင်း တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် အကျိုးသက်ဆိုင်နေပါက မိမိမည်သို့အကျိုးသက်ဆိုင်ကြောင်းကို စီမံ ခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ထုတ်ဖော်ပြောဆိုချက်ကို စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးမှတ်တမ်းများတွင် ရေးမှတ်ထားရ မည်ဖြစ်ပြီး သက်ဆိုင်သည့်အဖွဲ့ဝင်သည် ယင်းသို့ပဋိညာဉ်နှင့်သော်လည်းကောင်း၊ ရောင်းမှု၊ ဝယ်မှု သို့မဟုတ် ငှားရမ်း မှုနှင့်သော်လည်းကောင်း စပ်လျဉ်း၍ စီမံခန့်ခွဲရေးအဖွဲ့က ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းပြုရာတွင် မပါဝင်ရ။
(ဃ) ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးနှင့် စပ်လျဉ်း၍ ငွေရေးကြေးရေးအကျိုးသက်ဆိုင်ခွင့် သို့မဟုတ် အခြားအကျိုး သက်ဆိုင်ခွင့် ရှိ မရှိ ဆုံးဖြတ်ရန် အကြောင်းပေါ်ပေါက်ပါက အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ် သည်။


၁၂။ (က) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။

(ခ) ယင်းရာထူး သက်တမ်းကုန်ဆုံးသော်လည်း ဝန်ကြီးဌာနက အသစ်ရွေးချယ်ခန့်ထားပြီးသည့် အချိန်အထိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် မိမိတို့၏ လုပ်ငန်းတာဝန်များကိုဆက်လက် ထမ်းဆောင်ရမည်။
(ဂ) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ။
(ဃ) ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အဖြစ်ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူးသက်တမ်းတစ်ခုဟု သတ်မှတ်ခြင်း မပြုရ။
(င) အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်ရာထူးနေရာလစ်လပ်သည့်အတွက် အစားထိုးခန့်ထားပါက ယင်းဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၏ရာထူးသက်တမ်းသည် မူလရာထူး၏ ကျန်ရှိသည့်သက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်စေရမည်။


၁၃။ ဝန်ကြီးဌာနသည် သတ်မှတ်ထားသည့် အကြောင်းတစ်ရပ်ရပ်နှင့် ငြိစွန်းသော ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်။


၁၄။ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်ပြီး ဝန်ကြီးဌာနက သဘောတူခွင့်ပြုသည့် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ခံစားခွင့်ရှိသည်။


၁၅။ (က) ဝန်ကြီးဌာနသည် အကြောင်းတစ်ခုခုကြောင့် အဖွဲ့ဝင်ရာထူး နေရာလစ်လပ်လျှင် လစ်လပ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း အဖွဲ့ဝင်အသစ်ကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြည့်စွက်ခန့်ထားရမည်။

(ခ) စီမံခန့်ခွဲရေးအဖွဲ့က စီမံဆောင်ရွက်သည့် ကိစ္စရပ်များသည် အဖွဲ့ဝင်ရာထူးလစ်လပ်သည့် အကြောင်းကြောင့် သော်လည်းကောင်း၊ အဖွဲ့ဝင်တစ်ဦးဦး ခန့်ထားရာတွင် ချို့ယွင်းချက်တစ်ခုခုရှိသည့် အကြောင်းကြောင့်သော်လည်း ကောင်း မပျက်ပြယ်စေရ။

အခန်း(၆)

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ


၁၆။ စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများကို အလေအလွင့်၊ အဆုံးအရှုံး၊ အပျက်အစီး၊ အပျောက်အရှ အနည်းဆုံး ဖြစ်အောင် ထိန်းသိမ်းခြင်း၊
(ခ) ဝင်ငွေနှင့် အကျိုးအမြတ်တိုးတက်စေရေးအတွက် သင့်လျော်သော နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း၊
(ဂ) ဝန်ထမ်းများ၏ ရပိုင်ခွင့်များကို ရရှိစေခြင်း၊
(ဃ) ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊
(င) မိမိလုပ်ငန်းတစ်ခုလုံး၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို တာဝန်ခံခြင်း၊
(စ) လေကြောင်းလုပ်ငန်းဌာနများရှိ တာဝန်ခံဝန်ထမ်းများက ယင်းတို့တာဝန်ယူသည့် လုပ်ငန်း၏အောင်မြင်မှု၊ ဆုံးရှုံးမှုကိုတာဝန်ခံ စေရန် စီမံကြီးကြပ်ခြင်း။


၁၇။ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြန်မာအမျိုးသားလေကြောင်းသည် ဤဥပဒေအရ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သော ငွေကြေး အရင်းအနှီးများကို ဝန်ကြီးဌာန၏ ကြိုတင်သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ဥပဒေနှင့်အညီ ငွေချေးယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်း၊ ငွေထုတ်ချေးခြင်း၊ ပြန်လည်ရယူခြင်းနှင့် အထောက်အပံ့များ ရယူခြင်း၊
(ခ) မြန်မာအမျိုးသားလေကြောင်းသည် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် အရေးပေါ်ကိစ္စရပ်များတွင် ငွေကြေးအကျိုးအမြတ်မယူသော နိုင်ငံတော်အလံတင်လေကြောင်းလိုင်းဖြစ်သည့်အားလျော်စွာသင့်လျော်သည့် အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိရန် ဝန်ကြီးဌာနမှတဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ခွင့်ရှိခြင်း၊
(ဂ) သင့်လျော်သည့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊
(ဃ) လိုအပ်ပါက အကြံပေးပုဂ္ဂိုလ်များကို သတ်မှတ်ချက်နှင့်အညီ ခန့်အပ်ခြင်း၊ ချီးမြှင့်ငွေနှင့် စရိတ်များကို သတ်မှတ် ပေးအပ်ခြင်း၊
(င) နိုင်ငံတော်က လွှဲအပ်သည့် သို့မဟုတ် လုပ်ပိုင်ခွင့်ပေးအပ်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း များကို ရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့် နှင့် လေကြောင်းလုပ်ငန်းများတွင် အသုံးပြုပိုင်ခွင့်ရှိခြင်း၊
(စ) ကုန်စည်များ လက်ခံတင်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို ကိုယ်စားလှယ်လုပ်ငန်းအသွင်ဖြင့် ဆောင်ရွက်ပိုင်ခွင့် ရှိခြင်း၊
(ဆ) လုပ်ငန်းဆိုင်ရာဝန်ဆောင်ခနှုန်း၊ လုပ်ခနှုန်း၊ ထုတ်လုပ်မှုနှုန်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်ခနှုန်းများကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ခွင့်၊ ပြင်ဆင်ခွင့်ရှိခြင်း၊
(ဇ) အလုပ်ချိန်များ အလုပ်ခွင်စည်းမျဉ်းနှင့်စည်းကမ်းများကိုတည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ဆောင်ရွက်ခွင့် ရှိခြင်း၊
(ဈ) ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့်သော်လည်းကောင်း၊ ငှားရမ်း လုပ်ကိုင်ခြင်း စနစ်ဖြင့်သော်လည်းကောင်း၊ အကျိုးတူစနစ်ဖြင့်သော်လည်းကောင်း၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း စနစ်ဖြင့်သော်လည်းကောင်း ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊
(ည) စက်ပစ္စည်း၊ စက်ကိရိယာ၊ မြေ၊ အဆောက်အအုံ၊ လေယာဉ်နှင့် အခြားပိုင်ဆိုင်ခွင့်များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ ငှားရမ်းနိုင်ခြင်း၊
(ဋ) အခနှုန်းထားများ နှင့် ငှားရမ်းခသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း နှင့် လျှော့ပေါ့ခွင့်ပြုခြင်း၊
(ဌ) လေယာဉ်၊ ရဟတ်ယာဉ်၊ ယာဉ်နှင့် အသုံးမလိုတော့သည့် ပစ္စည်းများ၊ လေယာဉ်နှင့် စက်ယန္တရားများကို ပြင်ဆင်ရာမှ ရရှိသည့် အသုံးမလို ပိုလျှံပစ္စည်းများကို ထုခွဲရောင်းချခြင်းနှင့် လဲလှယ်ခြင်း၊
(ဍ) ကျွမ်းကျင်သော ဝန်ထမ်းများလေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ပြည်တွင်းပြည်ပသင်တန်းများသို့ စေလွှတ်ခြင်း။


၁၈။ စီမံခန့်ခွဲရေးအဖွဲ့သည်-

(က) မြန်မာအမျိုးသားလေကြောင်းရှိ အရာထမ်းများ၊ အမှုထမ်းများ၊ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများကို တည်ဆဲဥပဒေ၊ နည်း ဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့်အညီခန့်ထားခြင်း၊ တာဝန်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူ အပြစ်ပေးခြင်းနှင့် အငြိမ်းစားပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ အရာထမ်းများ၊ လေယာဉ်မှူးများနှင့် အင်ဂျင်နီယာများကို အသက် ၆၀ ပြည့်ပါက သက်ပြည့် အငြိမ်းစားယူခွင့်ပေးခြင်း သို့မဟုတ် လုပ်ငန်းလိုအပ်ချက်အရ ကျန်းမာရေးကောင်းမွန်ပြီး ဆက်လက်တာဝန်ထမ်း ဆောင်လိုသော အရာထမ်းများ၊ လေယာဉ်မှူးများနှင့် အင်ဂျင်နီယာများကို အသက် ၆၅ နှစ် ပြည့်သည့်အချိန်ထိ တစ်နှစ်လျှင်တစ်ကြိမ်သက်တမ်းတိုးမြှင့်၍ ဆောင်ရွက်စေနိုင်သည်။


၁၉။ စီမံခန့်ခွဲရေးအဖွဲ့သည်-

(က) ဤဥပဒေအရဖွဲ့စည်းသည့် မြန်မာအမျိုးသားလေကြောင်း သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော ဝန်ထမ်း များအတွက် ယင်းတို့ ခံစားခွင့်ရှိသော လစာ၊ စရိတ်၊ ကရုဏာကြေး၊ နစ်နာကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်နှင့် အငြိမ်းစား ယူမှုဆိုင်ရာ ကိစ္စရပ်များကို ယင်းတို့ စတင်ပြောင်းရွှေ့သည့် နေ့ရက်မှစ၍ အချိန်ကာလတွက်ချက်ပြီးခံစားခွင့်ပြုရမည်။
(ခ) မြန်မာအမျိုးသားလေကြောင်းလုပ်ငန်းစီမံကိန်း လျာထားချက်အတိုင်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်သော ဝန်ထမ်းများအား ဆုကြေးငွေချီးမြှင့်နိုင်သည်။

အခန်း(၇)

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စာရင်းများ


၂၀။ မြန်မာအမျိုးသားလေကြောင်းသည်-

(က) မြန်မာအမျိုးသားလေကြောင်းက လွှဲပြောင်းရယူမည့် နိုင်ငံတော်ပိုင် ပုံသေပိုင်ပစ္စည်းများအား ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ကာလပေါက်စျေးဖြင့် တန်ဖိုးတွက်ချက်သတ်မှတ်၍ နိုင်ငံတော်၏ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးအဖြစ် ဖော်ပြ ထားရမည်။
(ခ) နှစ်စဉ်လုပ်ငန်းစီမံချက်နှင့် အရအသုံးခန့်မှန်းခြေငွေစာရင်းတို့ကို ရေးဆွဲ၍ စီမံခန့်ခွဲရေးအဖွဲ့က အတည်ပြုပြီး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။
(ဂ) ဘဏ္ဍာရေးနှစ်အလိုက် စုစုပေါင်းရငွေသုံးငွေများအား ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်း တွင် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ သီးခြားဖော်ပြ၍ ထည့်သွင်းရေးဆွဲရမည်။
(ဃ) ရငွေသုံးငွေများကို စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်သည့် ပြည်တွင်းပြည်ပဘဏ်များတွင် ငွေစာရင်းများကို ဘဏ္ဍာရေးစည်းမျဉ်း နှင့် စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရမည်။
(င) မိမိရရှိသော နိုင်ငံခြားဝင်ငွေကို စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ထုတ်ယူ သုံးစွဲပိုင်ခွင့်ရှိသည်။
(စ) မိမိလက်အောက်ရှိ လုပ်ငန်းအုပ်စုအလိုက်လည်းကောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက်လည်းကောင်း ရငွေသုံးငွေ အခြေအနေများ ပေါ်လွင်စေရန် သီးခြားငွေစာရင်းများဖွင့်လှစ် ထားရှိရမည်။
(ဆ) ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်စဉ်သတ်မှတ်ပေးသည့် နိုင်ငံတော်သို့ ထည့်ဝင်ငွေနှင့် တည်ဆဲဥပဒေအရ ကျသင့် သည့်အခွန်အခ များကို ပေးသွင်းရမည်။
(ဇ) မိမိ၏ ဝန်ထမ်းများအတွက် ပင်စင်ရန်ပုံငွေကို သီးခြားထားရှိရမည်။
(ဈ) စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါရန်ပုံငွေများကို ထားရှိရမည်-
(၁) ဆုကြေး ရန်ပုံငွေ၊
(၂) သက်သာချောင်ချိရေး ရန်ပုံငွေ၊
(၃) ဖွံ့ဖြိုးမှု ရန်ပုံငွေ၊
(၄) တန်ဖိုးယုတ်လျော့မှု ရန်ပုံငွေ၊
(၅) အခြားလိုအပ်သော ရန်ပုံငွေ။
(ည) ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု စနစ်ထားရှိပြီး ဌာနတွင်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရမည်။
(ဋ) အောက်ပါ စာရင်းများကို စီမံခန့်ခွဲရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်-
(၁) ဝန်ထမ်းအင်အားစာရင်း၊
(၂) ငွေသားအခြေအနေ၊
(၃) ကုန်ပစ္စည်းထုတ်လုပ်သည့်၊ ရောင်းဝယ်သည့် သို့မဟုတ် ဝန်ဆောင်သည့်စာရင်း၊
(၄) အရှုံးအမြတ် စာရင်း၊
(၅) လက်ကျန်ရှင်းတမ်း။
(ဌ) မြန်မာအမျိုးသားလေကြောင်း၏ လုပ်ငန်းနှင့် စာရင်းများကိုပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သို့မဟုတ် မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသော စာရင်းစစ်အဖွဲ့ သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြုစာရင်းစစ်အဖွဲ့၏ စစ်ဆေးမှု ခံယူရမည်။

အခန်း(၈)

ဆုကြေးငွေချီးမြှင့်ခြင်း


၂၁။ မြန်မာအမျိုးသားလေကြောင်းသည် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရေးအတွက် လုပ်ငန်းရပ်တစ်ခုချင်း အလိုက် သတ်မှတ် စံချိန်စံနှုန်းဖြင့် တွက်ချက်ထားသည့် အပိုကြေးကိုခံစားခွင့်ပြုနိုင်သည်။


၂၂။ ဝန်ထမ်းများသည် သီးခြားတာဝန်ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ သို့မဟုတ် အခကြေးငွေကို သက်ဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်းများနှင့် အညီခံစားခွင့်ရှိသည်။


အခန်း(၉)

အထွေထွေ


၂၃။ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် မြန်မာအမျိုးသားလေကြောင်း၏ အရာထမ်း၊ အမှုထမ်းအားလုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်သောအခါ သို့မဟုတ် ဆောင်ရွက်သည့်သဘောသက်ရောက်သောအပြုအမူကို ပြုသောအခါ ရာဇသတ်ကြီးပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်ဟုမှတ်ယူရမည်။


၂၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။
(ခ) ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် မြန်မာအမျိုးသားလေကြောင်းသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကို ထုတ်ပြန်နိုင်သည်။


၂၅။ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့အက်ဥပဒေ (၁၉၅၂ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၉) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်