မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေ

From Wikisource
Jump to navigation Jump to search
မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေ  (2020) 
by ဝင်းမြင့်

မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေ

(၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄။)

၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥ‌ပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[edit]

၁။ ဤဥပဒေကို မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေ ရမည်-

(က) ဘူမိသိပ္ပံပညာ ဆိုသည်မှာ ကမ္ဘာဂြိုဟ်နှင့် စကြဝဠာဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းထားပုံ၊ အချိန်နှင့်အမျှ လှုပ်ရှားပြောင်းလဲဖြစ်ပေါ်နေပုံ၊ သက်ရှိများ ရှင်သန်ပျံ့နှံခဲ့ပုံ၊ မြေမျက်နှာအသွင်အပြင်အမျိုးမျိုးဖြစ်တည် လာပုံအစရှိသည့် ကမ္ဘာဂြိုဟ်နှင့် သက်ဆိုင်သည်များကို လေ့လာသောပညာရပ်ဖြစ်ပြီး ၎င်းလေ့လာတွေ့ ရှိချက်များကို အခြေခံ၍ ပိုမိုသိရှိနားလည်ရန် ဆက်လက်လေ့လာခြင်းဖြင့်ရရှိလာသော အသိပညာများ ကို အသုံးပြုကာ လူ့လောက ကောင်းကျိုးအတွက် အသိဉာဏ်နှင့်ယှဉ်၍ အသုံးချရသော သိပ္ပံပညာရပ်ကို ဆိုလိုသည်။

(ခ) အသုံးချဘူမိသိပ္ပံအထူးပြုပညာရပ် ဆိုသည်မှာ ဘူမိသိပ္ပံပညာရပ်ကို အခြေခံပြီး အခြားသက်ဆိုင် သော သိပ္ပံပညာရပ်များနှင့်ပေါင်းစပ်၍ လူသားတို့အကျိုးအတွက် သတ္တုနှင့် တွင်းထွက်သယံဇာတများ၊ စက်မှုကုန်ကြမ်းများ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘူမိအပူစွမ်းအင်ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းနှင့် သုတေသနပြုခြင်း၊ စီးပွားဖြစ်မြေအောက်ရေ ရှာဖွေဖော်ထုတ်အသုံးချခြင်းနှင့် ထိန်းသိမ်းစီမံခန့်ခွဲခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ဘူမိဆိုင်ရာလေ့လာစစ်ဆေး အကြံပေးခြင်း၊ အဆောက်အအုံ၊ လမ်းတံတားနှင့် ဆည်မြောင်းတာတမံများ တည်ဆောက်ရေးတွင် အင်ဂျင်နီယာ ဘူမိဗေဒပညာနှင့် ဘူမိနည်းပညာဆိုင်ရာ ဆန်းစစ်စမ်းသပ်တိုင်းတာခြင်း စသည့်လုပ်ငန်းများတွင် အသုံးပြုသော လက်တွေ့အသုံးချဘူမိသိပ္ပံပညာရပ်များကို ဆိုသည်။ ယင်းစကားရပ်တွင် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာလုပ်ငန်းများ ပါဝင်ခြင်းမရှိစေရ။

(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည်။

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ဘူမိသိပ္ပံဆိုင်ရာ လုပ်ငန်းတာဝန်များထမ်းဆောင်ရန် ဘူမိသိပ္ပံပညာရှင်များအား ခန့်အပ်တာဝန်ပေးသည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို ဆိုသည်။

(င) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသည့် မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီကို ဆိုသည်။

(စ) ကောင်စီဝင် ဆိုသည်မှာ မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဝင်တစ်ဦးဦးကို ဆိုသည်။

(ဆ) အလုပ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဆိုသည်။

(ဇ) မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်ရရှိသူကို ဆိုသည်။

(ဈ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်အလုပ်သင် ဘူမိသိပ္ပံပညာရှင်လက်မှတ်၊ မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ်၊ မှတ်ပုံတင်ကျွမ်းကျင် ဘူမိသိပ္ပံ ပညာရှင်လက်မှတ်၊ နိုင်ငံခြားသားမှတ်ပုံတင် ဘူမိသိပ္ပံပညာရှင်လက်မှတ်၊ နိုင်ငံခြားသားမှတ်ပုံတင် ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင်လက်မှတ်တို့ကို ဆိုသည်။

အခန်း (၂) ရည်ရွယ်ချက်[edit]

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဘူမိသိပ္ပံပညာနှင့် အသုံးချဘူမိသိပ္ပံအထူးပြုပညာရပ်များ စဉ်ဆက်မပြတ်ခေတ်မီ ဖွံ့ဖြိုးတိုးတက် လာစေရန်၊

(ခ) ဘူမိသိပ္ပံပညာရှင်များ၏ ကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းကြပ်မတ်မြှင့်တင်ရန်၊

(ဂ) နိုင်ငံတော်၏ ဓာတ်သတ္တုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် ရေအရင်းအမြစ်ရှာဖွေ ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းရေးကဏ္ဍ စသည်များ တွင် ခေတ်မီဘူမိသိပ္ပံ ပညာများကို ထိရောက်မှန်ကန်စွာ စနစ်တကျ အသုံးချလာစေခြင်းဖြင့် နိုင်ငံသား တို့၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊

(ဃ) ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရနှင့် အစိုးရမဟုတ်သော လုပ်ငန်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဘူမိသိပ္ပံပညာဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊

(င) နိုင်ငံတကာအဆင့်မီ မှတ်ပုံတင် ဘူမိသိပ္ပံပညာရှင်များ ပေါ်ထွန်းလာစေရန်နှင့် ဘူမိသိပ္ပံပညာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာစေရန်၊

(စ) နိုင်ငံတကာရှိ ဘူမိသိပ္ပံပညာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ပညာရှင်များအား အပြန်အလှန် အသိအမှတ်ပြုမှု ရယူနိုင်ရန်၊

(ဆ) ဘူမိသိပ္ပံပညာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ထောက်ပံ့ကူညီရန်။

အခန်း (၃) မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဖွဲ့စည်းခြင်း[edit]

၄။ ဝန်ကြီးဌာနသည် ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း နှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါဝင်သည့် ခုနစ်ဦးထက်မပိုသော ကောင်စီ၏ နာယကအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်။

၅။ နာယကအဖွဲ့သည်-

(က) ကောင်စီကို သတ်မှတ်ချက်များနှင့်အညီ အဖွဲ့ဝင် ၅၅ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်း ပေးရမည်-

(၁) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သင့်လျော်သည့် ကျွမ်းကျင် ဘူမိ သိပ္ပံပညာရှင်များ၊ ၁၅ ဦး
(၂) ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများမှ ဘူမိသိပ္ပံပညာ ပါမောက္ခ အဆင့်ထက်မနိမ့်သော တာဝန်ရှိသူများ၊ ၁၅ ဦး
(၃) ပြည်တွင်းရှိအစိုးရမဟုတ်သော ဘူမိသိပ္ပံပညာအသင်းအဖွဲ့များနှင့် လုပ်ငန်း အဖွဲ့အစည်းများက အဆိုပြုသော နိုင်ငံသား ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင်များ။ ၂၅ ဦး

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ကောင်စီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၆။ နာယကအဖွဲ့သည် ကောင်စီ၏ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတစ်ဦးနှင့် တွဲဖက်အတွင်းရေးမှူးတစ်ဦး တို့ကို ပုဒ်မ ၁၁ ပါ အရည်အချင်းများနှင့်အညီ ကောင်စီဝင်များထဲမှ ရွေးချယ်ခန့်အပ် တာဝန်ပေးရမည်။ ကောင်စီဝင်များသည် ဒုတိယဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတစ်ဦး၊ ဘဏ္ဍာ ရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ရှစ်ဦးတို့ကို သတ်မှတ်ချက်များနှင့်အညီ မိမိတို့ထဲမှ လျှို့ဝှက် ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည်။

၇။ ကောင်စီနှင့် ကောင်စီဝင်များ၏ သက်တမ်းသည် အောက်ပါအတိုင်းဖြစ်သည်-

(က) ကောင်စီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ငါးနှစ် ဖြစ်သည်။

(ခ) ကောင်စီဝင်များ၏ သက်တမ်းသည် ကောင်စီ၏ သက်တမ်းနှင့်အညီ ဖြစ်သည်။

(ဂ) ကောင်စီဥက္ကဋ္ဌသည် ကောင်စီသက်တမ်းတစ်ဆက်တည်း နှစ်ကြိမ်ထမ်းဆောင်ခြင်း မပြုရ။

(ဃ) ကောင်စီဝင်တစ်ဦးသည် ကောင်စီသက်တမ်းတစ်ဆက်တည်း နှစ်ကြိမ်သာ ဆောင်ရွက်ခွင့်ရှိသည်။

(င) ကောင်စီဝင်တစ်ဦး၏ နေရာလစ်လပ်သည့်အခါ သတ်မှတ်ထားသည့်နည်းလမ်းနှင့်အညီ ကောင်စီဝင် အသစ်ကို ဖြည့်စွက်ခန့်ထားရမည်။ ထိုသို့ ဖြည့်စွက်ခန့်ထားခြင်းခံရသည့်ကောင်စီဝင်၏ တာဝန်ယူ ရသည့်ကာလကို သက်တမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းမပြုရ။

(စ) ကောင်စီသည် သက်တမ်းကုန်ဆုံးသည့်အခါ ကောင်စီအသစ်ဖွဲ့စည်းပြီးသည့်အချိန်ထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

အခန်း (၄) အလုပ်အမှုဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးခြင်း[edit]

၈။ ကောင်စီသည် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) ကောင်စီ၏ ဥက္ကဋ္ဌ ဥက္ကဋ္ဌ
(ခ) ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌများ
(ဂ) ကောင်စီ၏ အတွင်းရေးမှူး အတွင်းရေးမှူး
(ဃ) ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူးများ
(င) ကောင်စီ၏ ဘဏ္ဍာရေးမှူး ဘဏ္ဍာရေးမှူး
(စ) ကောင်စီ၏ အလုပ်အမှုဆောင် ရှစ်ဦး အဖွဲ့ဝင်

၉။ ကောင်စီ၏ သက်တမ်းအတွင်း အလုပ်အမှုဆောင်အဖွဲ့ဝင် လစ်လပ်ပါက အနီးကပ်ဆုံး ကျင်းပသည့် ကောင်စီအစည်းအဝေးတွင် အစားထိုးရွေးချယ်ရမည်။

၁၀။ အလုပ်အမှုဆောင်အဖွဲ့သည်-

(က) ကောင်စီကို တာဝန်ခံရမည်။

(ခ) ကောင်စီ၏ သက်တမ်းနှင့်အညီဖြစ်သည်။

(ဂ) မိမိ၏ဆောင်ရွက်ချက်များကို ကောင်စီ၏ အနီးကပ်ဆုံးကျင်းပသည့် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

(ဃ) အလုပ်အမှုဆောင်အဖွဲ့၏ ပုံမှန်နှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ခေါ်ယူကျင်းပရမည်။

၁၁။ အလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) နိုင်ငံသား ဖြစ်ရမည်။

(ခ) ကောင်စီ၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဂ) ကောင်စီ၏ လုပ်ငန်းတာဝန်များကို စိတ်ဝင်စားမှုရှိပြီး ဦးဆောင်စီမံခန့်ခွဲနိုင်သူ ဖြစ်ရမည်။

(ဃ) ဘူမိသိပ္ပံပညာ လုပ်ငန်းများကို ကျွမ်းကျင်၍ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။

(င) ပြည်တွင်းပြည်ပရှိ အစိုးရအသိအမှတ်ပြုတက္ကသိုလ်ကောလိပ်တစ်ခုခုက အပ်နှင်းသည့် ဘူမိသိပ္ပံ ပညာဘွဲ့ရရှိသူဖြစ်ရမည်။

၁၂။ ကောင်စီသည် မိမိ၏လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ပါ လုပ်ငန်းကော်မတီများကို သတ်မှတ်ချက်များနှင့်အညီဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေး ရမည်-

(က) မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရေး လုပ်ငန်းကော်မတီ၊

(ခ) ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊

(ဂ) ဘူမိသိပ္ပံပညာနှင့် အသုံးချဘူမိသိပ္ပံအထူးပြုပညာရပ်များ စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ၊

(ဃ) ဘူမိသိပ္ပံပညာနှင့် အသုံးချဘူမိသိပ္ပံအထူးပြုပညာရပ်ဆိုင်ရာ စံချိန်စံညွှန်းများ၊ လုပ်ငန်းအခြေခံ နှုန်းများ စိစစ်ရေးလုပ်ငန်းကော်မတီ၊

(င) ကျင့်ထုံးများ ပြုစုရေးဆွဲပြဋ္ဌာန်းရေးလုပ်ငန်းကော်မတီ၊

(စ) ဘူမိသိပ္ပံပညာနှင့် အသုံးချဘူမိသိပ္ပံအထူးပြုပညာရပ်ဆိုင်ရာလုပ်ငန်းများ အရည်အသွေးစစ်ဆေး အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ၊

(ဆ) ခေတ်မီဘူမိသိပ္ပံပညာများနှင့် အသုံးချဘူမိသိပ္ပံအထူးပြုပညာရပ်များ သင်ကြားရေးနှင့် သုတေသန ပြုရေး လုပ်ငန်းကော်မတီ၊

(ဇ) အခြားလိုအပ်သောလုပ်ငန်းကော်မတီများ။

၁၃။ ကောင်စီသည် လုပ်ငန်းကော်မတီများကို ကောင်စီဝင်များနှင့် ပြင်ပမှ သင့်လျော်သည့် ပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းတာဝန်ပေးနိုင်သည်။

၁၄။ လုပ်ငန်းကော်မတီများသည် အလုပ်အမှုဆောင်အဖွဲ့မှတစ်ဆင့် ကောင်စီကို တာဝန်ခံရမည်။

အခန်း (၅) ကောင်စီ၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ[edit]

၁၅။ ကောင်စီ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မှတ်ပုံတင်လက်မှတ်အမျိုးအစားအလိုက် လိုအပ်သည့်အရည်အချင်းများသတ်မှတ်ခြင်း၊ သတ်မှတ် သည့် အရည်အချင်းပြည့်မီရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကျွမ်းကျင်မှုနှင့် အရည်အချင်း စစ်ဆေးခြင်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

(ခ) မှတ်ပုံတင်လက်မှတ် အမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ပြုသည့် ဘူမိသိပ္ပံပညာလုပ်ငန်းများ သတ်မှတ်ခြင်း၊ လိုက်နာရမည့်တာဝန်နှင့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဂ) ဘူမိသိပ္ပံပညာရှင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာရင်းပြုစုထားရှိခြင်းနှင့် အခါအားလျော်စွာ ထုတ်ပြန်ခြင်း၊

(င) ဘူမိသိပ္ပံပညာရှင်များ၏ စွမ်းဆောင်ရည်နှင့် ကျင့်ဝတ်သိက္ခာ မြင့်မားလာရေးအတွက် စီမံ ဆောင်ရွက်ခြင်း၊

(စ) အရည်အသွေးနှင့် အဆင့်အတန်း ထိန်းသိမ်းမြှင့်တင်နိုင်ရန်အလို့ငှာ ဘူမိသိပ္ပံပညာ စံချိန်စံညွှန်း၊ လုပ်ငန်းဆိုင်ရာ အခြေခံစံနှုန်းနှင့်ကျင့်ထုံးများကို ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏အကူအညီ ရယူ ရေးဆွဲသတ်မှတ်ခြင်း၊

(ဆ) ပြည်ထောင်စုအစိုးရ၏ တာဝန်ပေးချက်အရ အစိုးရနှင့် အစိုးရမဟုတ်သော လုပ်ငန်းဌာန အဖွဲ့အစည်းများက ဆောင်ရွက်နေသော ဘူမိသိပ္ပံပညာလုပ်ငန်းများကို လိုအပ်သလို စိစစ်ကြီးကြပ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ အကြံဉာဏ်ပေးခြင်းနှင့် ကူညီဆောင်ရွက်ခြင်း၊

(ဇ) ဘူမိသိပ္ပံပညာ စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာတွေ့လက်တွေ့သင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ညီလာခံများကို အခါအားလျော်စွာ ကြီးမှူးကျင်းပပေးခြင်း၊

(ဈ) သင့်လျော်သည့် နိုင်ငံသား ဘူမိသိပ္ပံပညာရှင်များကို ရွေးချယ်၍ နိုင်ငံတကာအစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ကျင်းပပြုလုပ်သော ဘူမိသိပ္ပံပညာ သင်တန်းများ၊ အစည်းအဝေးများ နှင့် ညီလာခံများသို့ ပါဝင်တက်ရောက်နိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊

(ည) နိုင်ငံတကာအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကောင်စီသို့ ကမ်းလှမ်းလာပါက သင့်လျော်သည့် နိုင်ငံသားဘူမိသိပ္ပံပညာရှင်များအား နိုင်ငံခြားပညာတော်သင်အဖြစ် ရွေးချယ်စေလွှတ် ခြင်း၊ ပြည်တွင်း ပညာတော်သင်ဆုများ ရွေးချယ်ပေးအပ်ခြင်း၊

(ဋ) နိုင်ငံ့ဝန်ထမ်းမဟုတ်သော နာယကအဖွဲ့ဝင်များ၊ ကောင်စီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကောင်စီက တာဝန်ပေးအပ်သည့် ပြင်ပပုဂ္ဂိုလ်များအား ကောင်စီကအခါအားလျော်စွာ သတ်မှတ်သည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အခြားခံစားခွင့်များကို ဝန်ကြီးဌာန ၏ သဘောတူညီချက်ဖြင့် ခံစားခွင့်ပြုခြင်း၊

(ဌ) ကောင်စီသည် မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဝန်ကြီးဌာနသို့ အခါအားလျော် စွာ အစီရင်ခံစာနှင့် အကြံပြုချက်များကို တင်ပြခြင်း၊

(ဍ) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း၊

(ဎ) နိုင်ငံတကာရှိ ဘူမိသိပ္ပံပညာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်း၍ အဆင့်တူ မှတ်ပုံတင် ဘူမိသိပ္ပံပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း။

၁၆။ ကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကောင်စီ၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက် သင့်လျော်သည့် ပြင်ပပုဂ္ဂိုလ်များကို လိုအပ်ချက်များနှင့်အညီ ခန့်အပ်တာဝန်ပေးခြင်း၊

(ခ) လုပ်ငန်းကော်မတီများ၏ စစ်ဆေးတွေ့ရှိချက်များအပေါ်အခြေခံပြီး စိစစ်သုံးသပ်၍ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းလမ်းအရ အရေးယူခြင်း၊

(ဂ) လုပ်ငန်းကော်မတီများအား လိုအပ်သော ကူညီပံ့ပိုးမှုများပေးခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်း၊ ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ကာလ ကန့်သတ်ချက်ဖြင့် ရုပ်သိမ်းခြင်း၊ စိစစ်၍ ပြန်လည်ထုတ်ပေးခြင်းနှင့် အပြီးအပိုင်ပယ်ဖျက်ခြင်း၊

(င) မှတ်ပုံတင်လက်မှတ်များကို အဆင့်တိုးမြှင့်ခြင်း၊ အဆင့်လျှော့ချခြင်း၊ သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်း တိုးမြှင့်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်း၊

(စ) မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ကြေး၊ ရက်လွန်ကြေး၊ ဒဏ်ကြေး၊ စာမေးပွဲကြေးနှင့် အထွေထွေဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်း၊

(ဆ) ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ဘူမိသိပ္ပံပညာ ကိစ္စရပ်များအတွက် နိုင်ငံတကာအစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ နှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဇ) ကောင်စီ၏ ရုံးအဖွဲ့ဝန်ထမ်းများကို ကာလသတ်မှတ်ချက်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း၊

(ဈ) ကောင်စီ၏ ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ကို ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုသော ကောင်စီဝင်ကို နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ကောင်စီဝင် အဖြစ်မှ ရပ်စဲခြင်း။

၁၇။ ကောင်စီသည် ဤဥပဒေပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မိမိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလုပ်အမှုဆောင်အဖွဲ့သို့ တာဝန်လွှဲအပ်ပေးနိုင် သည်။

၁၈။ ကောင်စီသည် ကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မှတ်ပုံတင်အရာရှိချုပ် ဦးဆောင်သော ရုံးအဖွဲ့ကို ခန့်အပ်ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်။ လိုအပ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတွင် မှတ်ပုံတင်အရာရှိ ဦးဆောင်သည့် ရုံးအဖွဲ့ခွဲများကို သင့်လျော်သလို ခန့်အပ်ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

၁၉။ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် နာယကအဖွဲ့ဝင်များ၊ ကောင်စီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကောင်စီက တာဝန်ပေးအပ်သည့် ပြင်ပပုဂ္ဂိုလ်များသည် ကောင်စီက အခါအားလျော်စွာ သတ်မှတ်သည့်ချီးမြှင့်ငွေ၊ စရိတ်နှင့် အခြားခံစားခွင့်များကို ခံစားခွင့် ရှိသည်။

အခန်း (၆) ကောင်စီဝင်အဖြစ်မှရပ်စဲခြင်း[edit]

၂၀။ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ ကောင်စီသည် နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် ကောင်စီဝင်တစ်ဦးဦးအား ကောင်စီဝင်အဖြစ်မှ ရပ်စဲနိုင်သည်-

(က) မိမိသဘောဆန္ဒအလျှောက် နုတ်ထွက်ခွင့်တောင်းခံခြင်း၊

(ခ) ကောင်စီ အစည်းအဝေး သို့မဟုတ် အလုပ်အမှုဆောင် အစည်းအဝေးများ တက်ရောက်ရန် ခွင့်ပန်ကြားခြင်းမရှိဘဲ တစ်ဆက်တည်း နှစ်ကြိမ်ပျက်ကွက်ခြင်း၊

(ဂ) ကောင်စီက ထုတ်ပေးထားသည့် မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးကို ကာလအကန့်အသတ်နှင့် ရုပ်သိမ်းခံရခြင်း သို့မဟုတ် အပြီးအပိုင်ပယ်ဖျက်ခံရခြင်း၊

(ဃ) ကောင်စီက ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန် ခြင်း၊

(င) အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း၊

(စ) ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း ကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊

(ဆ) ကောင်စီက ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မှုမရှိခြင်း၊

(ဇ) ကွယ်လွန်ခြင်း။

အခန်း (၇) အစည်းအဝေးများကျင်းပခြင်း[edit]

၂၁။ ကောင်စီအစည်းအဝေးများကို အောက်ပါအတိုင်းကျင်းပရမည်-

(က) ကောင်စီ၏ ပုံမှန်အစည်းအဝေးကို ခြောက်လလျှင် တစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက နာယကအဖွဲ့၏ သဘောတူညီချက်ဖြင့် အထူးအစည်းအဝေးများ ခေါ်ယူကျင်းပနိုင်သည်။

(ခ) ကောင်စီအဖွဲ့ဝင်အားလုံး၏ အနည်းဆုံး လေးပုံတစ်ပုံသော ကောင်စီဝင်များက စာဖြင့်ရေးသား တောင်းဆိုလျှင် ကောင်စီသည် အထူးအစည်းအဝေး ခေါ်ယူကျင်းပရမည်။

(ဂ) အလုပ်အမှုဆောင်အဖွဲ့၏ ပုံမှန်အစည်းအဝေးကို နှစ်လလျှင် တစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

၂၂။ အလုပ်အမှုဆောင်အဖွဲ့သည် မိမိ၏ဆောင်ရွက်ချက်များကို အနီးကပ်ဆုံး ကျင်းပပြုလုပ်သည့် ကောင်စီအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၂၃။ ကောင်စီသည် မိမိ၏ ဆောင်ရွက်ချက်များကို ဝန်ကြီးဌာနသို့ ခြောက်လလျှင်တစ်ကြိမ် တင်ပြရမည်။ အထူးကိစ္စရပ်များရှိပါက အခါအားလျော်စွာ တင်ပြအစီရင်ခံရမည်။

အခန်း (၈) မှတ်ပုံတင်အလုပ်သင်ဘူမိသိပ္ပံပညာရှင်လက်မှတ် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း[edit]

၂၄။ ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ် ကောလိပ်တစ်ခုခုက အပ်နှင်းသည့် ဘူမိသိပ္ပံပညာ ဘွဲ့ရရှိထားသူ နိုင်ငံသားသည် မှတ်ပုံတင်အလုပ်သင်ဘူမိသိပ္ပံပညာရှင် လက်မှတ်ရယူလိုပါက သတ်မှတ်ချက်များ နှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

၂၅။ ပုဒ်မ ၂၄ အရ လျှောက်ထားချက်ကို ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး မှတ်ပုံတင်အလုပ်သင် ဘူမိသိပ္ပံပညာရှင် လက်မှတ် ထုတ်ပေးခြင်း၊ ထုတ်ပေးရန် ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

အခန်း (၉) မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း[edit]

၂၆။ ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ်ကောလိပ်တစ်ခုခုက အပ်နှင်းသည့် ဘူမိသိပ္ပံပညာ ဘွဲ့ရရှိထားသူ နိုင်ငံသားသည် မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ် ရယူလိုပါက သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

၂၇။ ပုဒ်မ ၂၆ အရ လျှောက်ထားချက်ကို ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ်ထုတ်ပေးခြင်း၊ ထုတ်ပေးရန် ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

အခန်း (၁၀) မှတ်ပုံတင်ကျွမ်းကျင် ဘူမိသိပ္ပံပညာရှင်လက်မှတ်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း[edit]

၂၈။ ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ်ကောလိပ်တစ်ခုခုက အပ်နှင်းသည့် ဘူမိသိပ္ပံပညာ ဘွဲ့ရရှိထားသူ နိုင်ငံသားသည် မှတ်ပုံတင်ကျွမ်းကျင် ဘူမိသိပ္ပံပညာရှင်လက်မှတ် ရယူလိုပါက သတ်မှတ်ချက် များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

၂၉။ ပုဒ်မ ၂၈ အရ လျှောက်ထားချက်ကို ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် သတ်မှတ် ချက်များနှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး မှတ်ပုံတင်ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင်လက်မှတ် ထုတ်ပေးခြင်း၊ ထုတ်ပေးရန် ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

အခန်း (၁၁) နိုင်ငံခြားသားမှတ်ပုံတင် ဘူမိသိပ္ပံပညာရှင်လက်မှတ်နှင့် နိုင်ငံခြားသား မှတ်ပုံတင်ကျွမ်းကျင် ဘူမိသိပ္ပံ ပညာရှင်လက်မှတ်များ လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း[edit]

၃၀။ မြန်မာနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိသော နိုင်ငံခြားသား ဘူမိသိပ္ပံပညာရှင်သည် နိုင်ငံတော်အတွင်း ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ဘူမိသိပ္ပံလုပ်ငန်းတစ်ရပ်တွင် တာဝန်ခံပညာရှင်အဖြစ် လုပ်ကိုင်လိုပါက နိုင်ငံခြားသားမှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ်ကိုဖြစ်စေ၊ နိုင်ငံခြားသားမှတ်ပုံတင် ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင် လက်မှတ်ကိုဖြစ်စေ ရယူရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

၃၁။ ပုဒ်မ ၃၀ အရ လျှောက်ထားချက်ကို ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့က သတ်မှတ်ချက် များနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ပြီး ညီညွတ်ပါက ကောင်စီသည် လျှောက်ထားသူ နိုင်ငံခြားသား၏ အရည်အချင်းနှင့် ကိုက်ညီသည့် နိုင်ငံခြားသား မှတ်ပုံတင် ဘူမိသိပ္ပံပညာရှင် လက်မှတ်ကိုဖြစ်စေ၊ နိုင်ငံခြားသားမှတ်ပုံတင် ကျွမ်းကျင်ဘူမိသိပ္ပံပညာရှင်လက်မှတ်ကိုဖြစ်စေ လျှောက်ထားသူ နိုင်ငံခြားသား ဘူမိသိပ္ပံပညာရှင်အား ထုတ်ပေးရမည်။

၃၂။ ကောင်စီသည် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိသည့် လျှောက်ထားချက်အပေါ် နိုင်ငံခြားသား မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင်လက်မှတ်ကိုဖြစ်စေ၊ နိုင်ငံခြားသားမှတ်ပုံတင်ကျွမ်းကျင် ဘူမိသိပ္ပံပညာရှင် လက်မှတ်ကိုဖြစ်စေ ထုတ်ပေးရန်ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

အခန်း (၁၂) မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့် ရပိုင်ခွင့်များ[edit]

၃၃။ မှတ်ပုံတင်လက်မှတ်ရရှိသူသည်-

(က) ဤဥပဒေအရ သတ်မှတ်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

(ခ) ကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရမည်။

(ဂ) မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ကြေးနှင့် ရက်လွန်ကြေး၊ ဒဏ်ကြေး၊ စာမေးပွဲကြေးနှင့် အထွေထွေဝန်ဆောင်ခများကို ပေးဆောင်ရမည်။

(ဃ) မိမိရရှိသည့် မှတ်ပုံတင်လက်မှတ်တွင် ခွင့်ပြုထားသည့် ဘူမိသိပ္ပံပညာရှင်ဆိုင်ရာ လုပ်ငန်းရပ်များ ကို တရားဝင်အခကြေးငွေရယူ၍ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

(င) မိမိရရှိသည့် မှတ်ပုံတင်လက်မှတ်တွင် မိမိအမည်နှင့် ယှဉ်တွဲအသုံးပြုနိုင်သော အခေါ်အဝေါ်များကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခွင့်ရှိသည်။

(စ) စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ကျေနပ်မှု မရှိပါက‌ ကောင်စီသို့ အယူခံဝင်ပိုင်ခွင့်ရှိသည်။

(ဆ) မိမိ၏နစ်နာချက်များကို ကောင်စီသို့ တင်ပြခွင့်၊ တိုင်ကြားခွင့်ရှိသည်။ ထို့ပြင် ကောင်စီသို့ အကြံဉာဏ်ပေးခွင့်နှင့် ကောင်စီထံမှအကြံဉာဏ် ရယူပိုင်ခွင့်ရှိသည်။

၃၄။ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခြင်းကို သတ်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ နှင့် သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်နိုင်သည်။

အခန်း (၁၃) စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ အရေးယူခြင်း[edit]

၃၅။ မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို ပုဒ်မ ၃၃၊ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့ပါ တာဝန်တစ်ရပ်ရပ်ကို ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းများကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်အမှုဆောင်အဖွဲ့သည် ထိုသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) သင့်လျော်သော ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊

(ဂ) မှတ်ပုံတင်လက်မှတ်အဆင့်လျှော့ချခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(င) မှတ်ပုံတင်လက်မှတ်ကို အပြီးအပိုင် ပယ်ဖျက်ခြင်း။

အခန်း (၁၄) အယူခံဝင်ခြင်း[edit]

၃၆။ အလုပ်အမှုဆောင်အဖွဲ့က ပုဒ်မ ၂၅၊ ၂၇၊ ၂၉၊ ၃၁ နှင့် ၃၂ တို့အရ ချမှတ်သည့် ဆုံးဖြတ်ချက်ကို လည်းကောင်း၊ ပုဒ်မ ၃၅ အရ ချမှတ်သည့် အမိန့်ကိုလည်းကောင်း ကျေနပ်မှုမရှိသူသည် ယင်းဆုံးဖြတ် ချက် သို့မဟုတ် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကောင်စီသို့ အယူခံဝင်နိုင် သည်။

၃၇။ ပုဒ်မ ၃၆ အရ အယူခံလျှောက်ထားလာလျှင် ကောင်စီသည် အလုပ်အမှုဆောင်အဖွဲ့၏ စီမံခန့်ခွဲရေး ဆိုင်ရာနည်းလမ်းအရ ချမှတ်သည့် ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်းပြုနိုင်သည်။

၃၈။ ပုဒ်မ ၃၇ အရ ချမှတ်သော ကောင်စီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

အခန်း (၁၅) ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်း[edit]

၃၉။ ကောင်စီသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အောက်ပါ ရငွေများဖြင့် ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်သည်-

(က) မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ကြေးနှင့် ရက်လွန်ကြေး၊ ဒဏ်ကြေး၊ စာမေးပွဲကြေးနှင့် အထွေထွေဝန်ဆောင်မှုများမှ ကောက်ခံရရှိငွေများ၊

(ခ) ပြည်တွင်း၊ ပြည်ပရှိ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စေတနာရှင် များက ကောင်စီသို့ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများ၊

(ဂ) ရန်ပုံငွေမှ တရားဝင်တိုးပွားငွေများ။

၄၀။ ကောင်စီသည် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရမည်။

၄၁။ ကောင်စီသည် ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့၊ ရုံးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့၏ ကုန်ကျ စရိတ်များကို ကျခံရမည်။

၄၂။ ကောင်စီသည် မိမိပိုင်ရန်ပုံငွေဖြင့် သီးခြားရပ်တည်နိုင်ရန် ဆောင်ရွက်ရမည်။ မိမိပိုင်ရန်ပုံငွေဖြင့် လုံလောက်မှုမရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရန် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြတောင်းခံနိုင်သည်။

အခန်း (၁၆) တားမြစ်ချက်များ[edit]

၄၃။ မည်သူမျှ ဤဥပဒေအရကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးကို ရယူထား ခြင်းမရှိဘဲ မည်သည့်ဘူမိသိပ္ပံပညာဆိုင်ရာလုပ်ငန်းကိစ္စရပ်ကိုမျှ တာဝန်ခံအဖြစ် လုပ်ကိုင်ဆောင်ရွက် ခြင်းမပြုရ။ အဆိုပါကိစ္စရပ်သည် အစိုးရဌာနများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် မသက်ဆိုင်စေရ။

၄၄။ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီမျှ ဘူမိသိပ္ပံပညာဆိုင်ရာလုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် မှတ်ပုံတင်ဘူမိသိပ္ပံပညာရှင် မဟုတ်သူကို မိမိတို့၏ လုပ်ငန်းများတွင် ဘူမိသိပ္ပံပညာဆိုင်ရာတာဝန်ခံ အဖြစ် ခန့်အပ်တာဝန်ပေးခြင်းမပြုရ။

၄၅။ မည်သည့်မှတ်ပုံတင်လက်မှတ်ရရှိသူမျှ-

(က) မိမိရရှိသည့် မှတ်ပုံတင်လက်မှတ်တွင် ခွင့်ပြုထားသည့် ဘူမိသိပ္ပံပညာလုပ်ငန်းကိစ္စရပ်များထက် ပိုမိုကျော်လွန်လုပ်ဆောင်ခြင်းမပြုရ။

(ခ) မိမိအား ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းပေးခြင်း သို့မဟုတ် အသုံးပြုခွင့်ပေးခြင်းမပြုရ။

(ဂ) သက်တမ်းကုန်ဆုံးနေသော မှတ်ပုံတင်လက်မှတ်ဖြင့် မည်သည့်ဘူမိသိပ္ပံပညာလုပ်ငန်း ကိစ္စရပ်များ ကိုမျှ ဆောင်ရွက်ခြင်းမပြုရ။

(ဃ) မှတ်ပုံတင်လက်မှတ်ပါ သတ်မှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ခြင်းမပြုရ။

၄၆။ မည်သည့်မှတ်ပုံတင်လက်မှတ်ရရှိသူမျှ မိမိရရှိသည့် အဆင့်အတန်းနှင့် ညီညွတ်သက်ဆိုင်မှုမရှိ သော အခေါ်အဝေါ်စကားရပ်များကို မိမိ၏အမည်နှင့် ယှဉ်တွဲ၍ သုံးနှုန်းခြင်းမပြုရ။

၄၇။ မည်သည့်မှတ်ပုံတင်လက်မှတ်ရရှိသူမျှ ကောင်စီက စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ အပြီးအပိုင်ပယ်ဖျက်ခြင်းခံရသည့် မှတ်ပုံတင်လက်မှတ်ကို ရုပ်သိမ်း၊ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ချက် ချမှတ်သည့် နေ့မှရက်ပေါင်း ၃၀ အတွင်း ကောင်စီသို့ ပြန်လည်အပ်နှံရန် ပျက်ကွက်ခြင်းမရှိစေရ။

အခန်း (၁၇) ပြစ်ဒဏ်များ[edit]

၄၈။ မည်သူမဆို ပုဒ်မ ၄၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၄၉။ မည်သူမဆို ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၅၀။ မည်သည့် မှတ်ပုံတင်လက်မှတ်ရရှိသူမဆို ပုဒ်မ ၄၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ပုဒ်မ ၃၅ ပါ စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်း တစ်ရပ်ရပ်ဖြင့် အရေးယူဆောင်ရွက်ရမည်။ အဆိုပါ တားမြစ်ချက်ကို ထပ်မံဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၅၁။ မည်သည့်မှတ်ပုံတင်လက်မှတ်ရရှိသူမဆို ပုဒ်မ ၄၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၅၂။ မည်သည့်မှတ်ပုံတင်လက်မှတ်ရရှိသူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၅၃။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ထပ်မံဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသော အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ရမည်။

အခန်း (၁၈) အထွေထွေ[edit]

၅၄။ ပြည်တွင်း၊ ပြည်ပအစိုးရ အသိအမှတ်ပြုတက္ကသိုလ်၊ ကောလိပ်တစ်ခုခုက အပ်နှင်းသည့် ဘူမိသိပ္ပံ ပညာဘွဲ့ရရှိထားသူ သို့မဟုတ် ဘွဲ့ရရှိပြီးအစိုးရ သို့မဟုတ် အစိုးရမဟုတ်သော လုပ်ငန်းအဖွဲ့အစည်း တစ်ရပ်ရပ်တွင် ဝန်ထမ်းအဖြစ်လည်းကောင်း၊ တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း၊ ဘူမိသိပ္ပံပညာရှင် အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသူ သို့မဟုတ် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေဆဲ နိုင်ငံသားများ၊ ပြည်တွင်းတွင် လုပ်ကိုင်နေသူ နိုင်ငံခြားသားများက မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးကို လျှောက်ထား လာပါက ဤဥပဒေနှင့်အညီ စိစစ်ပြီး လျှောက်ထားသူ၏ အရည်အချင်းနှင့်ကိုက်ညီသည့် မှတ်ပုံတင် လက်မှတ်ကို ကောင်စီက ထုတ်ပေးနိုင်သည်။

၅၅။ ကောင်စီသည်-

(က) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသည်။

(ခ) ဥပဒေနှင့်အညီ လွတ်လပ်စွာရပ်တည်ဆောင်ရွက်ဆုံးဖြတ်နိုင်သော အဖွဲ့အစည်းဖြစ်သည်။

၅၆။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါက ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုချက်ရယူရမည်။

၅၇။ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် နာယကအဖွဲ့ဝင်များ၊ ကောင်စီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကောင်စီကခန့်အပ်တာဝန်ပေးသည့် ပြင်ပပုဂ္ဂိုလ်များသည် ဤဥပဒေအရ လုပ်ငန်းတာဝန်ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၅၈။ ဤဥပဒေသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေပါ အင်ဂျင်နီယာပညာရှင်များအတွက် ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ထိခိုက်မှုမရှိစေရ။

၅၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။

(ဂ) ကောင်စီသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်